အခန်း (၂၈၁-၂၈၄)
Vol. 18 Ch. 281-284
အခန်း ၂၈၁ တောင်တန်းများ၏ အရှင်သခင် (ပင့်ကူ)
“တောင်.. တောင်ဝိဉာဉ်” သူသည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
သူသည် ထိုကဲ့သို့ အရာကို တစ်ခါမှ အနီးကပ် မမြင်ဖူးခဲ့သောကြောင့် ထိတ်လန့်သွေးပျက်စွာ အော်ဟစ်လိုက်သည်။ တောင်ဝိဉာဉ်ကြီး၏ ကြီးမားသော သဏ္ဍာန်ကြီးနှင့် ယှဉ်လျှင် တောင်ခြေရင်းတွင် ရပ်နေသော သူမှာ ဖုန်မှုန့် တစ်မှုန့် စာလောက်ပင် ရှိနေသည်။
“သွားသို့” သားရဲမုဆိုးခေါင်းဆောင်သည် သူ၏ ကျောက်ရုပ်လို ဖြစ်သွားကြသော အဖွဲ့သားများကို တရွတ်ဆွဲခေါ်သွားလိုက်သည်။ သူတို့သည် ကိုယ်ပိုင်သားရဲများပေါ်သို့ တက်လိုက်ကာ ပျံပြေးသွားကြသည်။
အမြင့်ကြောက်သောကြောင့်လည်း ပါမည် ထင်သည်။ အစင်းလေးသည် ဖြေးညင်းစွာ လှုပ်ရှားနေသည်။
တောင်ဝိဉာဉ်ကြီး လျှောက်လိုက်သော ခြေလှမ်းတိုင်းတွင် ကမ္ဘာမြေကြီးသည် သိမ့်သိမ့်တုန်သွားသည်။
ကောင်းဖန်ကို အဝေးကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး တာ့ဇီနှင့် အခြားသူများသည်လည်း နှေးသွားလိုက်သည်။ သူသည် သူတို့ရှေ့တွင် ရှိနေသော တောင်ကြီး၏ နောက်ကွယ်မှ တစ်စုံတစ်ခု ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအရာကြီး လျှောက်သွားနေရာ လမ်းတစ်လျှောက်တွင် ကြီးမားသော စွတ်ကြောင်းကြီး ဖြစ်နေပြီး အပင်များသည် လဲပြိုကုန်ကြသည်။
ကြီးမားသော သဏ္ဍာန်ကြီးသည် ပေ ၁၅၀၀ လောက်ရှိပြီး သူ၏ ကိုယ်ကြီးသည် လုံးပတ်အကြီးကြီး ဖြစ်နေသည်။ သူ၏ ကိုယ်သည် နက်မှောင်နေပြီး သံချပ်ကာကြီးလို ဖြစ်နေသည်။ မီးခိုးနက်ရောင် တိမ်များသည်။ သူ၏ အခွံကြီးနားတွင် ဖြစ်ပေါ်နေပြီး သူ၏ ခေါင်းပိုင်းနားတွင်လည်း ဝန်းရံထားကြသည်။ သူ့တွင် ပင့်ကူလက်များ ၃၆ ခုတောင် ရှိနေပြီး မိုးမျှော်တိုက်ကြီးလို မြင့်မားလှသည်။ သူသည် ကောင်းဖန်ရှိရာသို့ အလျင်အမြန်ပင် ရောက်လာသည်။
တောင်ဝိဉာဉ်၏ အငွေ့အသက်သည် အလွန်ပင် စွမ်းအင်မြင့်လွန်းလှသည်။ ထို့ကြောင့် ငှက်များနှင့် သားကောင်များသည် သူလာရာ လမ်းတစ်လျှောက်မှ ရှောင်ဖယ်သွားကြသည်။
သူသည် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ထိုအသံသည် မိုင်တစ်ရာ ပတ်လည်အတွင်းမှ သက်ရှိများအားလုံးပင် ကြားနိုင်လေသည်။
“ကောင်းဖန်.. ပြေးကြရအောင်လေ” တာ့ဇီသည် သူ့ပေါ်သို့ တက်လာကာ ဆွဲခေါ်နေလေသည်။
ဂိုဒီသည် ခြေကို အမြစ်တွယ်ထားသည့်အလား နေရာမှာပင် ရပ်နေပြီး လက်သီးကို တင်းကြပ်စွာ ဆုပ်ထားသည်။ သူ၏ ကြွက်သားများသည် အလွန်ပင် တက်လာသောကြောင့် အဝတ်များပင် ပြဲတော့မလိုပင်။
ကြောက်လန့်စွာပင် ဆီလီသည် ကောင်းဖန်၏ ဆံပင်များကို ဆုပ်ကိုင်လိုက်သည်။
“ဒီကောင်ကြီးက အကြီးကြီးပဲ.. ဒီကနေ ထွက်ပြေးရအောင်” သို့သော် ကောင်းဖးန်သည် သူ့ကို ကိုင်လိုက်ကာ ကြီးမားသော သဏ္ဍာန်ကြီး ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ကြည့်စမ်း မင်းဘာမြင်ရလဲ”
ပြန်ဖြေသံမကြားရပဲ ဆီလီသည် ကျောက်ရုပ်တစ်ရုပ်လို ဖြစ်နေသည်။ ကောင်းဖန်သည် ဆီလီတစ်ကောင် ကြောက်လွန်းသောကြောင့် သတိများလစ်သွားပြီလားဟု လှည့်ယူပြီး ကြည့်လိုက်သည်။ သူသည် စိတ်ပျက်လက်ပျက် ငြီးတွားလိုက်သည်။ သတ္တိရှိလိုက်တဲ့ ကောင်ကွာ..
သူသည် အကောင်ကြီးကို ပြန်လည် မျက်နှာမူလိုက်သောအခါတွင်လည်း အလွန်ပင် အံ့ဩသွားသည်။ သူသည် မျှော်လင့်ထားပြီး ဖြစ်သော်လည်း သူရင်ဆိုင်နေရသော အရာကြီးအတွင် အဆင်သင့် မဖြစ်သေးသလို ခံစားနေရသည်။
[သားရဲအမည်]: ဘေးအန္တရာယ် တောင်ပင့်ကူ
[သားရဲအဆင့်]: ၅၁ (ဧကရာဇ်အဆင့်)
[သားရဲစွမ်းရည်]: အဆင့်မြင့်
[သားရဲအမျိုးအစား]: မြေကြီး၊ ကျောက်ဆောင်၊ ကျောက်ရည်ပူ
[သားရဲစွမ်းအင်]: ကြီးမားသော ခန္ဓာကိုယ် အဆင့် ၁၊ မြေကြီးထိန်းချုပ်မှု အဆင့် ၅၊ ကျောက်ရည်ပူ ထိန်းချုပ်မှုအဆင့် ၂၊ မာကျောသော ကျောက်ဆောင် အဆင့် ၃
[ထူးခြားသော ဝိသေသ လက္ခဏာ]: ကမ္ဘာမြေ၏ နှလုံးသား (ကမ္ဘာမြေစွမ်းရည်များကို စုပ်ယူနိုင်ခြင်း၊ ကမ္ဘာမြေထိန်းချုပ်မှု နည်းစနစ်များကို စွမ်းအင် တိုးမြှင့်နိုင်ခြင်း)
သက်ရောက်မှု ၁ - ကမ္ဘာမြေထိန်းချုပ်မှုအဆင့်များ တဖြည်းဖြည်း တက်နိုင်သည်။
သက်ရောက်မှု ၂ - ကမ္ဘာမြေကာကွယ်မှု (ကမ္ဘာမြေနှင့် ထိတွေ့နေသရွေ့ ကမ္ဘာမြေစွမ်းအင်ကို စုပ်ယူနိုင်ပြီး အလွန်အစွမ်းမြင့်ကာ ဖောက်ထွင်းမရသော သံချပ်ကာကြီးကို ဖွဲ့စည်းနိုင်) ထိုစွမ်းအင်သည် ကမ္ဘာမြေထိန်းချုပ်မှု စွမ်းအင်နှင့် ချိတ်ဆက်မှု ရှိနေသည်။
ဖြိုဖျက်မှု တိမ်တိုက် (သူ၏ စွမ်းအင်ရင်းမြစ်သည် ကမ္ဘာမြေကြီးနှင့် ကမ္ဘာမြေအောက်မှ ကျောက်ရည်ပူများသာ မဟုတ်ပေ။ များပြားလှသော ကျောက်ရည်ပူစွမ်းအင်များသည် စုဆောင်းများပြားလာသောအခါ မီးခိုးပြာများအဖြစ်ပြောင်းလဲသွားပြီး ထိုအငွေ့များသည် ဖြိုဖျက်မှု တိမ်တိုက် ဖြစ်ပေါ်လာကာ သူ၏ ခေါင်းပေါ်တွင် သရဖူသဖွယ် ဖြစ်သွားသည်)
သက်ရောက်မှု ၁ - ထိုတိမ်တိုက်များတွင် အစွမ်းမြင့်သော
ကျောက်ရည်ပူစွမ်းအင်များပါဝင်နေကာ ထိုစွမ်းအင်များကို စုပ်ယူနိုင်သည်။
သက်ရောက်မှု ၂ - ဖြိုဖျက်မှု တိမ်တိုက်၏ ထူးခြားမှု (အလွန်အစွမ်းထက်သော စွမ်းအင်များသည် ကောင်းကင်မှနေပြီး မိုးများသဖွယ် ကျောက်ရည်ပူများအဖြစ် ရွာကျနိုင်)
[သားရဲပျော့ကွက်]: ထိုးဖောက်လို့မရသော ကာကွယ်မှုရှိပြီး ကြီးမားသော ကိုယ်ကြီးရှိကာ မြေကြီးနှင့် ထိနေသရွေ့ သူ၏ စွမ်းအင်ကို တိုးမြှင့်နိုင်သော်လည်း လှုပ်ရှားမှုနှေးကွေးကာ တိုက်ပွဲစွမ်းရည်မြင့်တက်နိုင်ရန် မြေကြီးနှင့် ထိထားမှ ရပေမည်။
[သားရဲဖော်ပြချက်]: ကမ္ဘာမြေဒိုင်းကာ ပင့်ကူကြီးသည် တောင်ဝိဉာဉ်ဘုရင်၏ နှလုံးသားမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သူသည် အလွန်ရှားပါးသော ဘေးအန္တရာယ်တောင်ပင့်ကူကြီး အဖြစ် ဖြစ်တောင့်ဖြစ်ခဲ ပေါ်ပေါက်လာသည်။
[ဒဏ္ဍာရီလာသားရဲ ဖြစ်ရန် လိုအပ်ချက်များ]: …
အစင်းလေးသည် ထီအကြီးကြီးပေါက်သွားခြင်း ဖြစ်သည်။ ကောင်းဖန်သည်ပင် သူ၏ ကံကို ချီးကျူးမိနေသည်။
အစင်းလေးသည် အလွန်စွမ်းအားမြင့်နေပြီ ဖြစ်သည်။ သူသည် ဧကရာဇ် အဆင့် ဖြစ်နေသောကြောင့် ဒဏ္ဍာရီလာသားရဲ အဖြစ်သို့ပင် ကူးပြောင်းနိုင်သည် အနေအထား ရှိနေသည်။
ကံမကောင်းတာတစ်ခုကတော့ အစင်းလေးသည် အရင်လို သူနဲ့ လျှောက်သွားလို့ မရတော့ခြင်းပင်။ သူသည် ယခုတော့ တံတိုင်းကြီးသဖွယ် ဖြစ်နေသောကြောင့် နေရာတစ်ခုခုကို ကာကွယ်ဖို့သာ အသုံးဝင်နိုင်တော့မည်ပင်။
ကောင်းဖန်သည် ခံစားချက်များ ပြည့်သိပ်နေသည်။ သူသည် အစင်းလေးအတွက် ဝမ်းသာမိသော်လည်း စိတ်နှင့်လူနှင့် မကပ်သလို ဖြစ်နေသည်။
“အစင်းလေး” ကောင်းဖန်သည် လက်များကို ဖြန့်ကျက်လျက် ကြိုဆိုလိုက်ကာ ပြုံးရွှင်လျက် ပြောလိုက်သည်။ “ပြန်လာတာကို ဂုဏ်ပြုပါတယ်”
အစင်းလေး၏ ကြီးမားသော ကိုယ်ကြီးသည် တဖြည်းဖြည်း နီးကပ်လာသည်။ ကောင်းဖန်သည် အနည်းငယ်စိတ်လှုပ်ရှားနေသည်။ ထိုအရာကြီးနှင့် တိုက်မိလျှင် တစ်ခုခုတော့ ဖြစ်နိုင်လောက်သည်။ ဂိုဒီသည်ပင် အမှုန့်ဖြစ်သွားနိုင်သည်။
သူတို့၏ ရှေ့တွင် တောင်ကြီးတစ်လုံးရောက်လာသလို ဖြစ်သွားသည်။ သူ၏ ရောက်လာသော အရှိန်ကြောင့် သစ်ပင်များသည်ပင် လေနှင့်အတူ ပြားကပ် လွင့်ပါကုန်သည်။
ခေါင်းကြီးသည် အလွန်ပင် မြင့်မားသော နေရာတွင် ရှိနေသည်။ ကောင်းဖန်သည် အစင်းလေးဆီသို့ အပြုံးလေးတစ်ခုဖြင့် လျှောက်သွားလိုက်သည်။ သူသည် မျက်လုံးအကြည့်ကို မလွှဲလိုက်ပဲ သူလက်လှမ်းမီသလောက် ကိုယ်လုံးအစိတ်အပိုင်းများကို ညင်သာစွာ ပွတ်ပေးလိုက်သည်။ ကိုင်ရတာ အလွန်ပင် နွေးထွေးလှသည်။
“လိမ္မာတဲ့ကောင်လေး.. အကြီးကြီး ဖြစ်နေပြီပဲ.. အရင်လိုတော့ လျှောက်သွားလို့မရတော့ဘူး.. မင်းသိလား”
ထိုအချိန်တွင် ကြီးမားသော အသံကျယ်ကြီးထွက်ပေါ်လာပြီး အက်ကြောင်းရာကြီး တစ်ခု ပွင့်လာသည်။ ထိုမည်းမှောင်နေသော အက်ကြောင်းရာကြီး အတွင်းတွင် ပြဒါးလုံးတစ်ခုတည်ရှိနေပြီး စွမ်းအင်လှိုင်းများ ဂယက်ထနေသည်။ ထိုအရာကြီးသည် အစင်းလေး၏ မျက်လုံးဖြစ်သည်။
“သခင်.. အရင်လို ပြန်ဖက်ထားချင်လိုက်တာ …” ကောင်းဖန်ကို ငုံ့ကြည့်ရင်း သူ၏ စိတ်သည် ဗလာဟင်းလင်း ဖြစ်နေသည်။ သူ၏ သံသယစိတ်များ၊ ကြောက်စိတ်များသည် ကောင်းဖန်ကို တွေ့လိုက်သောအခါ လေနှင့်အတူ လွင့်ပါသွားသည်။
သူသည် သူ့ရှေ့မှ လူသားကို ချစ်ခင်နေသည့် စိတ်သာ ဖြစ်ပေါ်နေတော့သည်။
“ဒါပေမယ့်.. အရင်လို ဖက်ထားလို့မရတော့ဘူးနော်” အစင်းလေးက ကြေကွဲစွာ ပြောလိုက်သည်။ သူ၏ အသံသည် တိုးညင်း နက်နဲသော်လည်း တောတောင်ကြီး တစ်ခုလုံးကြားရလောက်အောင်ပင် ပဲ့တင်ထပ်သွားသည်။
“မင်းစကားပြောလို့ရတာလား” ကောင်းဖန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အစင်းလေးသည် သူ့ကို သွေးစာချုပ်မှတစ်ဆင့် ဆက်သွယ်နေခြင်း မဟုတ်ပေ။ သူ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုမှ တဆင့် ကြည်လင်ပြတ်သားသောအသံ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ကောင်းဖန်သည် ထိုအရာကို ဂရုစိုက်နေရမည့် အချိန်မဟုတ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။
အစင်းလေး၏ ကိုယ်ပေါ်မှ ကျောက်တုံးကြီးများသည် အရွယ်အစား မတူညီကြပဲ ကြီးသည့်ကျောက်တုံးကကြီး သေးသည့် ကျောက်တုံးကသေးဖြစ်နေသည်။ ကောင်းဖန်သည် သူ၏ ကိုယ်ပေါ်မှ ကျောက်တုံးလေးတစ်ခုကို ယူလိုက်ကာ သူ့လက်ထဲတွင် ညင်သာစွာ လှိမ့်ကြည့်လိုက်သည်။
“တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းရဲ့ အနောက်က တောင်တန်းဆီ လာလိုက်နေပါလား.. ကျန်တာတွေ စိတ်မပူနဲ့နော်.. မင်းကငါ့ရဲ့ ကိုယ်ပိုင်သားရဲပဲ.. မင်းကို ဘယ်သူမှ ဒုက္ခမပေးနိုင်အောင် ငါစောင့်ရှောက်မယ်”
“ကောင်းပါပြီ…” အစင်းလေးသည် ဖြည်းညင်းစွာ မျက်တောင်ခတ်ပြလိုက်သည်။ သူသည် ကောင်းဖန်အတွက်ဆိုလျှင် ကမ္ဘာအဆုံးထိပင် သွားမည့်သူ ဖြစ်သည်။
“မင်းက တောင်ဝိဉာဉ်ရဲ့ စွမ်းအင်ကို စုပ်ယူလိုက်ပြီဆိုတော့ အခုကစပြီးမင်းက တောင်တန်းတွေရဲ့ အရှင်သခင် ဖြစ်သွားပြီ”
“တောင်တန်းတွေရဲ့ အရှင်သခင်တဲ့လား.. တောင်တန်း.. တွေရဲ့.. အရှင်သခင်” ပင့်ကူကြီး၏ အသံကြီးသည် လေနှင့်အတူ လွင့်ပါလျက် အနီးအနားမှ တောင်များဆီသို့ပင် လွင့်ပျံသွားတော့သည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၈၂ အဖိုး၏ ရှာဖွေတွေ့ရှိမှု
ယွီကျိုးမြို့၏ စစ်တပ်ကို ခြောက်လှန့်မှု မဖြစ်စေခြင်းအလို့ငှာ ကောင်းဖန်သည် အစင်းလေးကို အပြန်လမ်းတွင် မခေါ်သွားခဲ့ချေ။ ကောင်းဖန်သည် ထိုအခြင်းအရာများကို အဖိုးနှင့် ချက်ချင်း ဆွေးနွေးရမည် ဖြစ်သည်။
အစင်းလေးသည် တစ်ကောင်တည်း နေခဲ့ရပါက တစ်ခုခု ဒုက္ခရောက်မည်လည်း စိုးသောကြောင့် ဖြစ်သည်။ သို့သော် ကောင်းဖန်သည် အစင်းလေးကို သူ့ထက် အားနည်းသော အခြားသက်ရှိများကိုတော့ အနိုင်မကျင့်စေလိုပါချေ။
အစင်းလေးက နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် အနည်းငယ်တော့ မူးဝေနေလေသည်။
အမြင့်ကြောက်စိတ်သည် အရမ်းတော့ ထူးဆန်းသောအရာမဟုတ်ပဲ အလွယ်တကူ ကျော်သွားနိုင်သော အရာဖြစစ်သည်။ ထို့ကြောင့် မြင့်မားသောနေရာများတွင် ဖန်တံတားများလုပ်ကြပြီး ထိုစိတ်ကို ပြေပျောက်အောင် လုပ်လာကြသည်များ ခေတ်စားလာခြင်း ဖြစ်သည်။
အစင်းလေးအတွက်တော့ သူ၏ အရွယ်အစားကြီးအတွက် နေသားကျအောင် နှစ်နာရီခန့် အချိန်ယူလိုက်ရသည်။ သူသည် ယခုတော့ အောက်သို့ ငုံ့ကြည့်ရာတွင် ခေါင်းမမူးတော့ပဲ တဖြည်းဖြည်း အဆင်ပြေလာသည်။
အစင်းလေးဆိုတဲ့ ငါက အမြင့်မကြောက်ဘူးကွ..
အစင်းလေးဆိုတဲ့ ငါက သတ္တိရှိတယ်ကွ..
ကောင်းဖန် ပြန်သွားသောအခါ အစင်းလေးသည် ထီးထီးကြီးဖြင့် ထိုနေရာတွင်သာ ကျန်ခဲ့သည်။ သူသည် မြေကြီးကို ကုတ်ခြစ်နေရင်း သူ့ကိုယ်သူ ကျေနပ်နေသလို ဖြစ်နေသည်။
ထိုအချိန်တွင် အရိပ်လို သဏ္ဍာန်များသည် တောအုပ်ထဲတွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုအရာများသည် အစင်းလေးကို အဝေးကကြည့်ရင်း အံ့ဩလေးစားနေသည့် ပုံစံမျိုး ဖြစ်နေသည်။
အစင်းလေး၏ အရွယ်အစားခန့်ရှိသော တောင်ဝိဉာဉ်များသည် အလွန်ပင် ရှားပါးလေသည်။ တောင်ဝိဉာဉ်များသည် တောင်ပုံစံမျိုးလို ရှိသည်က များသည်။ သူတို့သည် အသက်ရှိနေသော တောင်ကြီးများလို ဖြစ်နေသော်လည်း အစင်းလေးလို ပုံစံမျိုးတော့ မရှိကြချေ။ အစင်းလေးကတော့ ထူးခြားသော ပုံစံ၊ ရှည်လျားမြင့်မားသော ခြေထောက်ကြီးများနှင့် အလွန်မာကျောသော အခွံကြီးများ ရှိနေသည်။
အစင်းလေးသည် သူ့ကို စပ်စုသောပုံံစံဖြင့် ကြည့်နေသော အလင်းပွင့်လေးများကို ခံစားနေရသောကြောင့် စိတ်မသက်မသာတော့ ဖြစ်နေသည်။
အစင်းလေးထလိုက်သောအခါ မြေကြီးသည် သိမ်သိမ့်တုန်သွားပြီး အသံကျယ်ကြီးများ ထွက်လာသည်။
မီးခိုးပြာရောင်တိမ်များက သူ့ပါးစပ်ပေါက်မှ ထွက်လာပြီး တောင်တန်းများကို ဖုံးလွှမ်းသွားသည်။
သူသည် သူ့ကိုကြည်နေသော အရာများကို အနည်းငယ်စိတ်အနှောင့်အယှက် ဖြစ်ကြောင်း ပြလိုက်ပြီးနောက် စက္ကန့် ၃၀ အကြာတွင် ထိုအရာများကို မတွေ့ရတော့ပေ။ သူသည် ထိုအခါကျမှ စိတ်ကျေနပ်သွားပြီး သူမူလနေထိုင်ကြာ တောင်များကြားသို့ သွားလိုက်သည်။
“သူများတွေကို ဒီလို စိတ်ဒုက္ခပေးရတဲ့ ခံစားချက်က ဒီလိုပါလား.. မိုက်တော့မိုက်သား.. တာ့ဇီတစ်ကောင် ငါ့ဆီက အစာတွေလာခိုးခဲ့တာ အဲဒါကြောင့် ဖြစ်မယ်…”
အစင်းလေးသည် မြေပြင်ပေါ်တွင် ကျေနပ်စွာ လှဲချလိုက်သည်။ သူ၏ ခန္ဓာကိုယ်နှင့် ထိစပ်နေသော မြေနေရာတိုင်းတွင် သူသည် သစ်ပင်၏ အမြစ်များကဲ့သို့ မြေစွမ်းအင်များကို စုပ်ယူနေသည်။ စွမ်းအင်သည် သူ့ကိုယ်ထဲတွင် ဖြစ်ထွန်းလာသည်။ သူကဲ့သို့ ကြီးမားသော သက်ရှိများသည် သွေးသားများကို စားရုံဖြင့် အသက်မရှင်နိုင်ချေ။ သူသည် မြစ်များ၊ တောင်တန်းများကဲ့သို့ သဘာဝဆီမှ စွမ်းအင် ဖြင့်သာ အသက်ရှင်နိုင်မည် ဖြစ်သည်။ သူ့အတွက် အသွေးအသားများကိုစားခြင်းသည် အဆာပြေစာလောက်သာ ရှိလေသည်။
အိမ်အပြန်လမ်းတွင် တာ့ဇီသည် ငေးငိုင်နေသည်။
ကောင်းဖန်က သူ၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။ “အစင်းလေးကို မတွေ့ရတာ ကြာပြီမလား.. ဘာလို့ ဒီလောက်တောင် ငိုင်တွေနေတာတုန်း”
တာ့ဇီသည် ခေါင်းကို မော့လိုက်ကာ ကောင်းဖန်နှင့် မျက်လုံးချင်း ဆုံသွားပြီးနောက် ပြန်လည် ငေးငိုင်သွားသည်။ ခေတ္တကြာသောအခါ သူသည် ခပ်တိုးတိုးရေရွတ်လိုက်သည်။ “အခုသူကအကြီးကြီး ဖြစ်သွားပြီဆိုတော့ သူနဲ့အတူတူ ဆော့လို့မရတော့ဘူးပေါ့”
ကောင်းဖန်သည် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။ သူ့ကိုသာ နောက် ၂ ရက်နေရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါစေဟု မျှော်လင့်မိသည်။ မည်သို့ပင် ဖြစ်စေ အစင်းလေးသည် သူ၏ လက်ရှိအရွယ်အစားကြီးနှင့် တာ့ဇီတင်မဟုတ်ပဲ မည်သူနှင့်မျှ ဆော့ကစားနိုင်တော့မည် မဟုတ်ပါပေ။
လူသားများသည် ပုရွက်ဆိတ်များနှင့် စကားထိုင်ပြောနေလို့ မရသကဲ့သို့ အစင်းလေးသည်လည်း တဖြည်းဖြည်း အထီးကျန်သွားတော့မည် ဖြစ်သည်။ ကောင်းဖန်သည် ထိုကဲ့သို့တော့ မဖြစ်စေချင်ပါပေ။ သူသည် ထိုပင့်ကူကြီးမှာ အခြား ကိုယ်ပိုင်သားရဲ ဖြစ်နေလျှင်တော့ သိပ်ဂရုစိုက်မည် မဟုတ်သော်လည်း အစင်းလေးဖြစ်နေခြင်းကြောင့် သူသည် အစင်းလေးအတွက် အလွန်ပင် ခံစားမိနေသည်။
ကောင်းဖန်သည် အတွေးနက်နေမိသည်။
တခြား တောင်ဝိဉာဉ်တွေက အစင်းလေးနဲ့ သူငယ်ချင်း ဖြစ်နိုင်ပါ့မလား.. နဂါးဖြူကြီးကလည်း ဘယ်သူမှ မသိပဲ အထီးကျန်နေခဲ့တာလား..
သူသည် ထိုအတွေးများဖြင့် တောင်ပိုင်းကောင်းကင်ဆီသို့ ပြန်လိုက်သည်။
သူ၏အဖိုးသည် စာဖတ်ခန်းထဲတွင် စာဖတ်နေသောကြောင့် သူက မဝင်ခင် တံခါးခေါက်လိုက်သည်။ ကျီဟန့်ဝူသည် သူ့ကို တစ်ချက် မှေးကြည့်လိုက်သည်။ ထို့နောက် သူ၏ ဘယ်လက်ဖြင့် ကောင်းဖန်ကို ရုတ်တရတ် ထထိုးလိုက်သည်။
ဝှစ်..
တိတိကျကျ ပြောရလျှင် ထိုထိုးချက်သည် အလွန်ပင် မြန်ဆန်သောကြောင့် ကောင်းဖန်သည် လေထဲမှ ရိပ်ခနဲ လှုပ်ရှားမှုကိုသာ မြင်လိုက်ရသည်။
အဖိုးသည် သံမဏိကဲ့သို့ လက်သီးကို ကျွေးလိုက်ခြင်း ဖြစ်သည်။
သို့သော် သူ့အား၏ ၂၀ ရာခိုင်နှုန်းလောက်ကိုသာ သုံးလိုက်ခြင်း ဖြစ်သည်။
အဖိုး၏ အင်္ကျီလက်သည် စုတ်ပြဲသွားသည်။ သူသည် ပြင်းထန်သော ထိုးချက်ကြောင့် ထိုင်နေသော ခုံပေါ်မှ မြောက်ချင်ချင်ပင် ဖြစ်သွားသည်။
ထို့နောက် အနေအထားကို ထိန်းလိုက်ရင်း ဖြေးညှင်းစွာ ခေါင်းညိတ်လိုက်သည်။ “မဆိုးပါဘူး.. မင်းတောင် သန်မာလာပြီပဲ… ဗိုက်ဆာနေရောပေါ့.. တစ်ခုခု ပြင်ပေးမယ်” အဖိုးသည် အခန်းထဲမှ ခန့်ညားဝင့်ကြွားစွာ ထွက်သွားသည်။
သူသည် အောက်သို့ဆင်းလာနေရင်း သူ့လက်မောင်းမှာ အနည်းငယ်တုန်ယင်နေဆဲ ဖြစ်သည်ကို သတိထားမိလိုက်သည်။
“ငါသူ့ကို စမ်းသပ်မယ်ဆိုတာ ဒီလောက်သိသာနေတာကို ဒီကောင်လေး မရှောင်လိုက်တာ ယုံတောင်မယုံနိုင်ဘူး.. ငါသာဆိုရင် သိသိကြီးနဲ့တော့ ငြိမ်နေမှာမဟုတ်ဘူး.. အရူးကောင်လေး”
ကောင်းဖန်အခန်းထဲဝင်လာကတည်းက ကျီဟန့်ဝူသည် တစ်ခုခုကို အာရုံခံမိခဲ့သည်။ သူ၏ ဇကရာဇ်အဆင့် စွမ်းရည်သည် ကောင်းဖန်၏ နှလုံးသား ပြင်းထန်စွာ ခုန်နေခြင်းကို အာရုံခံမိနေခြင်းပင်။ သူသည် အံ့ဩသွားပြီး ကောင်းဖန်ကို စမ်းသပ်လိုက်ခြင်း ဖြစ်သည်။
“ကောင်စုတ်လေး…” ကျီဟန့်ဝူသည် ကောင်းဖန်တစ်ယောက် တောင်ဝိဉာဉ်များ၏ နှလုံးသားကို တောင်ဝိဉာဉ်ဘုရင်ရှိရာသို့ ပစ်ခိုင်းခဲ့သည်ကို ပြန်အမှတ်ရနေမိသည်။ သူသည် ကောင်းဖန်တစ်ယောက် ကြီးပြင်းလာသည်ကို ထိုင်ကြည့်နေရသလိုပင်။ သူသည် ဝမ်းနည်းမှုနှင့် ပျော်ရွှင်မူတို့ ပြိုင်တူဖြစ်နေသည်။
သို့သော် ကောင်းဖန်သည် ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်နေပြီ ဖြစ်သောကြောင့် အနည်းနှင့် အများတော့ လွှတ်ထားလို့ ရနေပြီပင်။
သူ့အတွက် ယခုလက်ရှိအရေးကြီးဆုံးမှာ ညစာအတွက် ဝက်သားနှစ်ခါပြန်ကြော် လုပ်ရမလား.. ဆားပြားရိုက်ကြော် လုပ်ရမလားဆိုသော ကိစ္စပင်။
ကျီဟန့်ဝူသည် အေပရွန်ကို ဝတ်ကာ မီးဖိုချောင်ဝင်လိုက်သည်။
ညစာစားပြီးသည့်နောက်တွင် ကောင်းဖန်က အစင်းလေးအကြောင်း ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။ “စိတ်မပူပါနဲ့.. အဖိုးကြည့်လုပ်လိုက်မယ်” အဖိုးက ဖြေးညင်းစွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။
…
“ဥက္ကဌကျီ သစ်သားဒေါင်းကြီးက အဆုံးထိ အလျှော့မပေးမယ့် ပုံပဲ.. သူပြီးခဲ့တဲ့ ၂ ပတ်လုံး ဘာမှ မစားပဲ အာဟာရပြတ် အသေခံတော့မယ် ထင်တယ်” ဓာတ်ခွဲခန်း အမှတ် ၅ ၏ တာဝန်ရှိသူက သူ့ကို သစ်သားဒေါင်းကြီး၏ အချက်အလက်များပါဝင်သော ဖိုင်အား ကမ်းပေးရင်း ပြောလိုက်သည်။
ကျီဟန့်ဝူက ဖြေးညင်းစွာ ခေါင်းညိတ်လိုက်သည်။ သူသည် မအံ့ဩမိပါချေ။
သူသည် လွန်ခဲ့သော ရက်ပိုင်းကတည်းက သစ်သားဒေါင်းကြီး၏ အခြေအနေကို သိထားခဲ့ပြီး ဖြစ်သည်။ သူသည် သူ့ကိုယ်သူ မည်ကဲ့သို့ အငတ်ခံနေကြောင်း သူ့ကို ချုပ်ထားသော အခန်းထဲတွင် မည်ကဲ့သို့ ဖြစ်နေကြောင်းတို့ကို သိထားပြီး ဖြစ်သည်။
ကျီဟန့်ဝူသည် သူ့ကို အတင်းအစာမကျွေးခိုင်းခင်က နဂါးဖြူကြီးကို သတ်ခိုင်းလိုက်ဖို့ စဉ်းစားလိုက်သေးသော်လည်း မလုပ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ကိုယ်ပိုင်သားရဲများ၏ စွမ်းရည်များကို လေးစားမှုရှိသော ရှေးရိုးဆန်သူ ဖြစ်သောကြောင့် ထိုကဲ့သို့ မလေးမစား မလုပ်ချင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ဒေါင်းကြီး၏ သေချင်သော ဆန္ဒကို ဖြည့်ဆည်းလိုက်တော့မည်ဖြစ်သည်။
“ဓာတ်ခွဲခန်းမှာ တခြားဟာတွေကိုပဲ ဆက်ပြီး သုတေသနလုပ်လိုက်ပါ.. သူ့ကိုတော့ လွှတ်ထားပေးလိုက်တော့” သူသည် ဖိုင်ကို ပိတ်လိုက်ပြီးနောက် ဓာတ်ခွဲခန်းတာဝန်ခံကို ကြည့်ရင်း ပြောလိုက်သည်။
“နားလည်ပါပြီ”
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၈၃ မျောက်ကလေး
စက်ကြီး၏ အသံသည် အတွင်းတွင် ပဲ့တင်ထပ်သွားသည်။ သတ္တုသွေးနဲ့များနှင့် ချိုအီသော အနံ့များသည် လေထုထဲတွင် လွင့်ပျံနေသည်။
အမှောင်ထုထဲတွင် ဒန်ဘီသည် အရိုးပုံထဲမှ ထွက်လာကာ သံမဏိတံခါးကြီးကို အလွယ်တကူ တွန်းဖွင့်လိုက်သည်။
အချိန်သည် ၁၀ နာရီနီးပါး ဖြစ်နေပြီ ဖြစ်သောကြောင့် အပြင်ဘက်တွင် မှောင်မှိတ်နေသည်။
သူသည် ၀တ်ရုံရှည်ထဲမှ ခြောက်တန်း ဖတ်စာအုပ်ကို ထုတ်လိုက်ပြီး သူ၏ မျက်လုံးထဲမှ ဝိဉာဉ်မီးတောက် အလင်းရောင်ကို သုံးပြီး ဖတ်နေလိုက်သည်။
သားသတ်ရုံတွင် အလုပ်လုပ်ရခြင်းသည် ထပ်ကာတလဲလဲ လုပ်ရသော ပုံစံမျိုး ဖြစ်သည်။ နာရီအနည်းငယ်ပြီးတိုင်းတွင် တူညီသောအလုပ်ကို ထပ်ခါထပ်ခါ ပြန်လုပ်နေရသည်။ သူသည် ထိုနေရာသို့ ပို့ထားသော အလောင်းကောင်များထံမှ ဝိဉာဉ်မီးတောက်များကို စုပ်ယူရခြင်း ဖြစ်သည်။
ဝိဉာဉ်မီးတောက်များသည် ဝိဉာဉ်များနှင့်မတူပဲ တခြားစီဖြစ်သည်။
တိတိကျကျပြောရလျှင် ဝိဉာဉ်မီးတောက်များသည် ဝိဉာဉ်များ၏ သေအံ့နီးနီး အကြွင်းအကျန်များ ဖြစ်သည်။
ထိုနေရာတွင် လုပ်နေရင်း ဒန်ဘီသည် အလွန်ပင် ပျင်းလာသည်။ သူသည် ရှောင်ဟွာကို စာပြချင်သောကြောင့် ကောင်းဖန်ကို ဖတ်စာအုပ်၀ယ်ခိုင်းထားပြီး သူကိုယ်တိုင်က အရင် စာများနှင့် အကျွမ်းတ၀င်ဖြစ်အောင် ဖတ်နေခြင်း ဖြစ်သည်။ သူသည် ဖတ်စာအုပ်ကို စိတ်ပါ၀င်စားစွာ ဖတ်နေသည်။
ဝိဉာဉ်မီးတောက်များကို ပမာဏများပြားစွာ စုပ်ယူထားသောကြောင့် သူသည် သူ၏ ဝိဉာဉ်ကို သန်မာစေရုံသာမက မှတ်ဉာဏ်စွမ်းရည်လည်း ကောင်းမွန်စေသည်။
အဆင့်နိမ့်သားရဲများသည် သိမြင်နိုင်မှုစွမ်းရည် နည်းပါးကြသည်။ သူတို့သည် အဆင့်မြင့်လာပြီးမှသာ တဖြည်းဖြည်း အသိဉာဏ်မြင့်လာခြင်း ဖြစ်သည်။ အသိဉာဏ်မြင့်သော နတ်ဘုရားအဆင့် သားရဲများသည် လူတစ်ဦး၏ အသိဉာဏ်လောက်ပင် ရှိသည်။ သူတို့တွင် မရှိသည်မှာ လူတို့၏ အတွေးအခေါ်နှင့် အတွေ့အကြုံများသည် ဖြစ်သည်။
ထို့ကြောင့် ဒန်ဘီသည် အသိဉာဏ်မြင့်မားသော သားရဲဖြစ်သည်။ သူသည် ထိုအတွက်ကြောင့်လည်း ဖတ်စာအုပ်ကို စမ်းဖတ်ကြည့်နေခြင်း ဖြစ်သည်။ သူသည် ရှောင်ဟွာကို တစ်ယောက်တည်း အခက်မတွေ့စေချင်ပဲ အဖေတစ်ယောက်အနေနှင့် အရင်ဦးဆောင်လမ်းပြ လိုခြင်း ဖြစ်သည်။
သူသည် မကြာမီပင် ဖတ်လို့ပြီးခါနီးနေပြီ ဖြစ်သည်။ သူသည် စာအုပ်ကို အိတ်ထဲ ဂရုတစိုက်ထည့်လိုက်ပြီးနောက် စိတ်ပျော်ရွှင်နေလေသည်။ သူ၏ သခင်သည် ရှောင်ဟွာကို အဆင့်မြှင့်ပေးရန်အတွက် ဆေးရည်ကို ပေးမည် ဖြစ်ကြောင်းကိုလည်း သူ့ကို ကတိပေးထားလေသည်။
မြစ်နီမျောက်ဝံများသည် အလွန်ပင် ကောင်းသည်။ ဒန်ဘီသည် သူတို့ထံသို့ တစ်ခါရောက်ဖူးသည်။ သူတို့သည် အလွန်ပင် အထင်ကြီးစရာပင်။ သို့သော် မြစ်နီမျောက်ဝံများသည် အသက်တော့ မရှည်ကြပေ။ ထိုအရာကို သူက စိတ်ပူခြင်း ဖြစ်သည်။ ဖုတ်သရဲအမျိုးအစား သားရဲများကတော့ အလွန်အသက်ရှည်ကြသော်လည်း ထိုအရာသည် ကောင်းကွက် ကြီးကြီးမားမား မရှိပေ။ ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းမှာ ရှောင်ဟွာကို ကွန်မန်ဒါအဆင့် သို့မဟုတ် နတ်ဘုရားအဆင့်သို့ တိုးပေးဖို့သာ ရှိတော့သည်။
သို့သော် ရှောင်ဟွာသည် ထိုဆေးရည်ကို သောက်လျှင် မည်သို့ ဖြစ်မည်နည်း.. သူသည် စိတ်ပူပန်သွားသည်။ ထို့နောက် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
“ဒန်ဘီ” သူ့ကို အနောက်မှနေ၍ တစ်ယောက်ယောက်က ခေါ်လိုက်သည်။
သူသည် အနောက်သို့ ကြည့်လိုက်သောအခါ သူ့ကို လမ်းကြားလေးထဲမှနေ၍ လက်ပြနေသော ကောင်းဖန်ကို တွေ့လိုက်ရသည်။
“သခင်” ဒန်ဘီသည် ကောင်းဖန်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် သွားလိုက်သည်။
“စိတ်မပူပါနဲ့.. ရှောင်ဟွာအတွက် လိုအပ်တဲ့ အဆင့်မြှင့်ဆေးရည်ကို ဖော်ပြီးပါပြီ.. မင်းကို တစ်ခုလောက် ပြန်ပြီး တောင်းဆိုချင်တာ ရှိလို့”
သူသည် ချက်ချင်းခေါင်းညိတ်လိုက်သည်။ “ဘာများလဲ သခင်”
“မင်းကူညီပြီး သိမ်းယူပေးရမယ့် ဝိဉာဉ် နှစ်ခုရှိနေလို့ပါ” ကောင်းဖန်က လျှို့ဝှက်စွာ ပြုံးရင်း ပြောလိုက်သည်။
ဒန်ဘီသည် ဘာမှထပ်မမပဲ ကောင်းဖန်နှင့်အတူ တောအုပ်ထဲသို့ လိုက်သွားသည်။ မကြာခင် သူတို့သည် ထူထဲသော သစ်ပင်များ ချုံပုတ်များနှင့် ဝန်းရံထားသည့် မြေကွက်လပ် တစ်ခုဆီသို့ ရောက်သွားသည်။ လ၏ အလင်းရောင် အောက်တွင် သားရဲနှစ်ကောင်၏ အရိုးစုများကို တွေ့လိုက်ရသည်။ တစ်ကောင်က နည်းနည်းပိုကြီးသည်။
ပိုကြီးသောအရိုးစုကြီးသည် အနည်းဆုံး ဆယ်ကိုက်ခန့်ရှိပြီး အရိုးများသည် အလွန်ပင် သေးငယ်လှသည်။ တစ်ခုတည်းသော ကြီးမားသည့် အရိုးကတော့ ပေါင်ရိုးကြီး ဖြစ်ပြီး အလွန်ထူထဲကာ အစွမ်းကြီးလှသည်။ သူ့တွင် အတောင်ပံတစ်စုံလည်း ရှိသည်။ အံ့ဩစရာအကောင်းဆုံးမှာ သူ့အမြှီး၏ အရိုးများ ဖြစ်သည်။ သူ၏ အမြှီးမှ အရိုးများသည် ယပ်တောင် ပုံသဏ္ဍာန်မျိုး ရှိနေသာကြောင့် သူ၏ ပုံစံကြီးမှာ တွေးကြည့်လျှင်ပင် ကြက်သီးထဖွယ် ဖြစ်သည်။ အချို့သော အရိုးများသည်လည်း ယုံချင်ဖွယ်ပင် မရှိသော ပုံစံများဖြင့် လိမ်ကောက်နေပြီး အချို့အရိုးများကတော့ အရင်းထိ အက်ကွဲနေသည်။
သိပ်မဝေးလှသော နေရာတွင်တော့ ပိုသေးသော အကောင်၏ အရိုးစုရှိနေပြီး ၁၃ ပေခန့် ရှည်လေသည်။ သူ့တွင်တော့ စွမ်းအားကြီးသည် ပုံသဏ္ဍာန်ရှိပြီး အထူးသဖြင့် သူ၏ လက်မောင်းပိုင်းသည် မြို့ရိုးဖြိုတုံးမောင်းကြီးနှင့်ပင် တူနေသည်။ သူ၏ ကျောဘက်တွင်မူ ကြီးမားသော အရိုးကြီး ထွက်နေပြီး ပြန်သိမ်းနိုင်သည့် ပုံစံမျိုးလည်း ရှိသည်။
သေဆုံးသွားပြီး ဖြစ်သော်လည်း ထိုသဏ္ဍာန်နှစ်ခုသည် အလွန်ကြီးမားသော စွမ်းအင်များထွက်နေဆဲ ဖြစ်သည်။ ပုလဲဖြူရောင် အရိုးကြီးများသည် လရောင်အောက်တွင် တောက်ပနေသည်။
ဒန်ဘီသည် ဘာမှမပြောပဲ ထိုအရိုးများအကြောင်းကိုလည်း မမေးပါချေ။ သူသည် ညာဘက်လက်ကို မြှောက်လိုက်ပြီး ဝိဉာဉ်မီးတောက်သည် သူ၏ လက်ဖဝါးမှ ပေါ်ထွက်လာသည်။
ထို့နောက် လည်ပတ်နေသော အကွင်းများ သဏ္ဍာန် မီးတောက်များသည် ပိုကြီးသေ အရိုးစုကြီးဘေးတွင် ပေါ်ထွက်လာပြီးနောက် ခေတ္တကြာ တည်ရှိနေပြီး ပျောက်ကွယ်သွားသည်။ ဒန်ဘီသည် ခေါင်းကိုယမ်းလိုက်သည်။ သူသည် ထို အရိုးစုကြီးကို အသက်သွင်းရန် စွမ်းအင် လုံလောက်မှု မရှိသေးပါချေ။ သူသည် သစ်သားဒေါင်းကြီးထက်ပင် တစ်ဆင့်နိမ့်သောကြောင့် ထိုအဆင့်ထက် နိမ့်သော သားရဲများကိုသာ အသက်ပြန်သွင်း နိုင်လေသည်။
အဆင့် ၄၂ ရှိထားသော အတောင်ပံပါသည့် မိုးကြိုးမျောက်ဝံကြီးကတော့ တစ်မျိုး ဖြစ်သည်။ သူသည် မသေခြင်း၏ မီးတောက်များက ရေများကဲ့သို့ စီးဆင်းနေပြီး အရိုးစုများထဲတွင် ဖြစ်တည်နေကာ အဖြူရောင် စက်လုံးကြီးအဖြစ် ဖုံးလွှမ်းသွားခြင်း ဖြစ်သည်။
မိုးကြိုးမျောက်ဝံကြီး၏ အရိုးစုအကြွင်းအကျန်များတွင် ကျန်ရှိနေသော ဝိဉာဉ်မီးတောက်များကိုတော့ ဒန်ဘီ၏ မသေခြင်းမီးတောက်များမှ တစ်ဆင့် စုပ်ယူနိုင်လေသည်။
ဒန်ဘီ၏ နားထဲတွင် မြည်တွန်သောအသံအချို့ကို ကြားနေရသည်။ တစ်ချိန်တည်းမှာပင် အချို့သော မှတ်ဉာဏ်များသည် သူ၏ ရှေ့တွင်ဖြစ်နေသကဲ့သို့ တဖျတ်ဖျတ် ပေါ်လာနေသည်။ သူစုပ်ယူသော ဝိဉာဉ်မီးတောက်တိုင်းတွင် ထိုကဲ့သို့ ပေါ်လာလေ့ ရှိခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုမှတ်ဉာဏ်များကို ရှောင်ပြီး စုပ်ယူနိုင်ပါက သူ၏ ဦးနှောက်ထိခိုက်မှုကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
ခွဲစိတ်ဆရာ၀န်တစ်ယောက်၏ တိကျမှုမျိုးဖြင့် ဒန်ဘီသည် မလိုအပ်သော မှတ်ဉာဏ်များကို ကင်ဆာဆဲလ်တစ်ခုကဲ့သို့ ဖြတ်ထုတ်လိုက်သည်။
ထိုမှတ်ဉာဏ်များသည် မီးပုံနားမှ နှင်းများလို အရည်ပျော်ပြီး၊ ညရောက်လာချိန်ပျောက်ကွယ်သွားသော သက်တံ့လို ပျောက်ကွယ်သွားသည်။
ငွေရောင်ရှိသော လရောင်အောင်တွင် ပျက်စီးသွားသော မှတ်ဉာဏ်များသည် အပြင်ဘက်သို့ ဖြည်းညှင်းစွာ ထွက်လာသည်။
မှတ်ဉာဏ်ပုံရိပ်များတွင် မျောက်အညိုရောင်လေးသည် ခုန်ပေါက်မူးထူးနေပြီး သူ၏ အရှေ့မှ လှောင်အိမ်၏ ဘားတန်းများနောက်တွင် ရှိနေသော ခြေနှစ်ချောင်းအကောင် တစ်ကောင်ကို ချောင်းကြည့်နေသည်။
သစ်ရွက်များသည် လေနှင့်အတူ လှုပ်ရှားနေသည်။ နေရောင်ခြည်သည် သစ်ရွက်များကြားထဲမှ ရွှေရည်စက်များလို ဖြာကျနေသည်။ မျောက်ညိုလေးသည် အတန်ငယ် ကြီးလာပြီ ဖြစ်ပြီး ထိုအလင်းရောင်များကို လိုက်ဖမ်းနေသည်။ သူ၏ ရယ်သံလေးသည် ထိုနေရာတစ်ဝိုက်တွင် ပဲ့တင်ထပ်နေသည်။
ထို့နောက် ကပ်ဆိုးကြီးဖြစ်နေပုံ ပေါ်လာသည်။ တိရိစ္ဆာန်များသည် ၀ရုန်းသုန်းကာ အော်ဟစ်နေကြသည်။ သော့အတွဲလိုက်ကိုင်ထားသော ထိန်းသိမ်းသူသည် ကြီးမားသော တံခါးကြီးကို ဖွင့်လိုက်သည်။ “ပြေးကြ အားလုံး ထွက်ပြေးကြ”
အခြားသော မျောက်များသည် အလျင်အမြန် ထွက်ပြေးနေကြသည်။
မျောက်ညိုလေးတစ်ကောင်သာ ကျန်ခဲ့ပြီး သူတို့ကို နေ့တိုင်းအစာကျွေးနေသော လူကို လိုက်ရှာနေသည်။ သူသည် ခေါင်းလေးကို တစ်ချက်ကုတ်လိုက်ပြီး ခဏစဉ်းစားပြီးနောက်တွင် ထိုလူ၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ ထိုသူ အံ့ဩသွားသည်ကို တွေ့ရပြီးနောက် မျောက်လေးသည် တစ်ချက် ရယ်မောလိုက်သည်။
မှတ်ဉာဏ်သည် ထိုနေရာတွင် အဆုံးသတ်သွားသည်။
ထိုမှတ်ဉာဏ်သည် မိုးကြိုးမျောက်၏ အရေးအပါဆုံး မှတ်ဉာဏ်များ ဖြစ်သည်။ သေဆုံးသွားပြီးသည့် တိုင်အောင် အရေးကြီးသော အရာများသည် ကျန်ရှိနေသေးသည်ပင်။
ကောင်းဖန်သည် သက်ပြင်းမောကြီးချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၈၄ တုန်ခါမှု
လူတိုင်းတွင် ထူးခြားသော ဘ၀ဇာတ်ကြောင်းများ ရှိကြသည်။
မိုးကြိုးမျောက်ကြီးအတွက် တိရိစ္ဆာန်ရုံ ၀န်ထမ်း ကျားယုသည် အလွန်ပင် အရေးကြီးသည်။ သူသေသွားပြီး နောက်တွင်ပင် ကျားယုနှင့် မှတ်ဉာဏ်များသည် သူ၏ ဝိဉာဉ်ထဲတွင် နက်နဲစွာ စွဲကပ်နေသည်။
သစ်သားဒေါင်းကြီးအတွက်ကတော့ အညံ့ခံသည်ထက် သေလိုက်သည်က ပို၍ သာသည်ဟု တွေးကယ အသေခံခဲ့သောကြောင့် သူသည် အလွန်အဖိုးတန်သော သားရဲဖြစ်ကြောင်းကို သက်သေပြနေသည်။
ရန်သူဖြစ်ရတာပင် နှမြောဖို့ ကောင်းလှသည်။
မိုးကြိုးမျောက်ကြီး၏ အလောင်းကြီးသည် ရုတ်တရတ် ထအော်ဟစ်မြည်တမ်းလိုက်ပြီးနောက် တဖြည်းဖြည်း ထရပ်လာသည်။ ပူပြင်းသည့် အဖြူရောင် မီးတောက်များသည် သူ၏ အမည်းရောင်မျက်ဆံထဲတွင် တောက်ပစွာ ရှိနေသည်။ ပြာဖြူရောင် အရိုးများ၏ ရိုက်ခတ်သံသည် တောအုပ်ထဲတွင် ခြောက်ခြားစရာ ပေါ်ထွက်နေသည်။
ပထမဆုံး မြင်တွေ့ဖူးခြင်း မဟုတ်သော်လည်း ကောင်းဖန်သည် အံ့ဩမှင်သက်မိနေသည်။
သေသူကို ရှင်အောင် ပြန်လုပ်နိုင်သော အစွမ်းကို မျက်ဝါးထင်ထင် မြင်နေရခြင်း မဟုတ်ပါလား။
[သားရဲအမည်] - အတောင်ပံပါသော အရိုးစု မျောက်ဝံ
[သားရဲအဆင့်]- အဆင့် ၄၁
[သားရဲစွမ်းရည်] - ပုံမှန်
[သားရဲအမျိုးအစား] - ဖုတ်ကောင်/ အရိုး
[သားရဲပျော့ကွက်] - တန်ခိုးရှင်/ အလင်းရောင်
သူ၏ အဆင့်နှင့် စွမ်းရည်များသည် အရင်ကထက်တော့ နိမ့်သွားသည်။
ပြန်လည်အသက်သွင်းထားသော ဖုတ်ကောင်သည် အသက်ရှင်စဉ်ကလောက်တော့ စွမ်းအင် အပြည့်အ၀ ပြန်လည် ရရှိနိုင်မည် မဟုတ်ပေ။ ပြန်လည် အသက်သွင်းထားသော ဖုတ်ကောင်များ၏ ခွန်အားများသည်လည်း ကွာခြားမှုရှိကြပြီး တစ်မျိုးနှင့် တစ်မျိုး မတူညီကြပါချေ။
ဒန်ဘီသည် မိုးကြိုးမျောက်ကြီးကို သစ်သားဒေါင်းကြီး၏ အကြွင်းအကျန်များအား သူ့သခင်၏ဓာတ်ခွဲခန်းဆီသို့ သယ်လာရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ကောင်းဖန်နောက်သို့ လိုက်သွားလိုက်သည်။
“ရှောင်ဟွာက ဒီနေ့လည်ခင်းပဲ အဆင့်မြှင့်တာ အောင်မြင်သွားပြီ.. အခုတော့ သူ့အိမ်လေးထဲမှာ ငါထွက်လာတဲ့ထိ အိပ်နေတုန်းပဲ.. သူနိုးလာပြီလား သွားကြည့်လိုက်ပါဦး” ကောင်းဖန်က ပြောလိုက်သည်။
ဒန်ဘီက ခေါင်းတငြိမ့်ငြိမ့်လုပ်လိုက်သည် ။ သူသည် ကောင်းဖန်ထွက်သွားသည်ကို မလှုပ်မယှက် ကြည့်နေသည်။ ထို့နောက် သူ၏ ညာဘက်လက်သီးကို ရင်ဘတ်ကို ထုလိုက်လျက် ကောင်းဖန်ထွက်သွားသည့်ဘက်ဆီ လေးနက်စွာ ဦးညွတ်အရိုအသေပြုလိုက်သည်။
…
ယွီကျိုးရှိ လူတိုင်း၏ ပါးစပ်ဖျားတွင် သတင်းတစ်ခုသည် နာမည်ကြီးနေသည်။
ထိုသတင်းမှာ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းတွင် နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲကြီးဖြစ်သည့် ဘေးအန္တရာယ် တောင်ပင့်ကူကြီး ရှိနေပြီဆိုသည့် သတင်းဖြစ်သည်။
ထိုသတင်းသည် ယွီကျိုး၏ အဆင့်မြင့် အသိုင်းအဝိုင်းများဆီကိုပါ ပျံနှံ့သွားပြီး အခြားသော မြို့ခြေဒေသများဖြစ်သည့် ဟွာရှားအထိပါ ရောက်သွားသည်။
လူများသည် မမြင်ရမချင်းတော့ ထိုအရာကြီးကို တကယ်ဟု မထင်ကြပေ။ မြင်လိုက်ရသော အခါတွင်တော့ သူတို့သည် လိပ်ပြာလွင့်မတတ်ပင် အံ့သားသင့်သွားကြသည်။ သူတို့၏ နှလုံးသားများတွင် မနာလိုစိတ်၊ အထင်ကြီးစိတ်၊ အံ့ဩစိတ်များဖြင့် ရှုပ်ထွေးကုန်ကြသည်။
“ကျီဟန့်ဝူမှာ နတ်ဘုရားအဆင့် နဂါးဖြူကြီး ရှိတယ်ဆိုတာတော့ ကြားဖူးတယိ.. အခုတော့ နောက်ထပ် နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲကို ထပ်ရသွားပြန်ပြီ.. တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက အရမ်းကြီးမားလာတော့မှာ မဟုတ်ဘူးလား” မိုဒုမြို့ခြေ၏ မြို့တော်၀န်က အားလုံးကြအောင် ပြောလိုက်သည်။
ထိုညတွင် ယွီကျိုးစစ်တပ်နှင့် အစိုးရအဖွဲ့သည် သုံးနာရီကြာအောင်ပင် အရေးပေါ် အစည်းအဝေး လုပ်ဖြစ်ကြသည်။
ကမ္ဘာစစ်မဟာမိတ် အစိုးရအဖွဲ့တွင် စစ်တပ်နှင့်အစိုးရအဖွဲ့သည် သီးခြားတာ၀န်များ ခွဲထားကြသည်။ သူတို့သည် တည့်ကြသည်က ရှားသောကြောင့် ထိုသို့အစည်းအဝေးမျိုး လုပ်ခြင်းသည် ရှာမှရှားဟု ဆိုရမည်။
“ကောင်းပြီ.. အစည်းအဝေးရဲ့ အနှစ်ချုပ်တွေကို ဟွာရှားဒေသက ဖက်ဒရယ်အစိုးရအဖွဲ့ကို တင်ပြလိုက်ပါ.. လောလောဆယ်တော့ ဘာမှ မလှုပ်ရှားသေးကြရအောင်.. တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းက ဘာမှ ထူးထူးခြားခြား မလှုပ်ရှားသေးသရွေ့ သူတို့ကို ကောင်းကောင်းထားပေးလိုက်ပါ”
ထိုသို့ပြောပြီးနောက် ယွီကျိုးမြို့ခြေမှ မြို့တော်၀န်သည် အစည်းအဝေးကို အဆုံးသတ်လိုက်သည်။
ထိုအစည်းအဝေး၏ ရည်ရွယ်ချက်သည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကို ဆန့်ကျင်ဖို့တော့ မဟုတ်ပေ။ သူတို့သည် ပွထနေသော သတင်းများကြောင့် အစည်းအဝေးကို ရိုးရိုးရှင်းရှင်း လုပ်လိုက်ကြခြင်း ဖြစ်သည်။ လောလောဆယ်တော့ အဓိကဒေသများ၌ ဆိုင်ရာ ဆိုင်ရာ ကိုယ်ပိုင်သားရဲများကို ထားသင့် မထားသင့်ကို မဆုံးဖြတ်ကြရသေးပေ။ ကမ္ဘာသစ်မဟာမိတ် အစိုးရအဖွဲ့ ဖွဲ့စည်းမှုတွင် ထိုဒေသများနှင့် အနည်းငယ်သော တင်းမာမှုများသည် ရှိနေဆဲဖြစ်သည်။ အချို့သော ရှယ်ယာဌာနများနှင့် ပရောဂျက်များမှ လွဲ၍ သူတို့သည် ထိုဒေသများတွင် ဖြစ်နေသောအကြောင်းများကို လုံး၀မသိဘူး ဖြစ်နေလေသည်။
ဟွာရှားဒေသတွင် တစ်ခုတည်းသော နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲ ဖြစ်သည့် နဂါးဖြူကြီးရှိကြောင်းကိုတော့ အားလုံးက သိထားကြလေသည်။ ယခုတော့ နောက်ထပ် တောင်ပင့်ကူကြီးပင် ထပ်ရှိနေပြန်ပြီပင်။ ကျီဟန့်ဝူ၏ အကြံအစည်များကို မည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက မမှားနိုင်ချေ။
ကောင်းဖန်သည် ထိုသတင်းကို နောက်တစ်နေ့တွင် သိလိုက်ရသည်။
“အဖိုး.. သတင်းတွေကို ဒီလိုပဲ လွှတ်ထားတော့မှာလား” ကောင်းဖန်သည် ထို့ကဲ့သို့ သတင်းကျော်စောနေမှုကို မနေတတ် ဖြစ်နေသည်။ သူသည် သိုသိုသိပ်သိပ် အလုပ်လုပ်နေရသည်ကို ပို၍ သဘောကျသူ ဖြစ်သည်။
“ငါလည်း မင်းအတွက် ဖုံးဖိပေးမလို့ပါပဲ.. ဒါပေမယ့် မင်းကိုယ်ပိုင်သားရဲကြီးရဲ့ အရွယ်အစားကိုလည်း ကြည့်ဦးလေ.. ငါဘယ်လို ဖွက်ထားရမှာတုန်း.. လူတွေက ကန်းနေတာလည်း မဟုတ်ဘူး” ကျီဟန့်ဝူက ပြောလိုက်သည်။
ကောင်းဖန်က ရယ်သွမ်းသွေးလိုက်သည်။ သူ့အဖိုးပြောတာလည်း မှန်ပေသည်။ အစင်းလေးကို ဘယ်သူမှ မမြင်အောင် ထားဖို့နည်းလမ်း မရှိပါချေ။
“လူတွေသိသွားတော့ရော ဘာဖြစ်လဲ” ကျီဟန့်ဝူက တည်ငြိမ်စွာ ပြောလိုက်သည်။ “သူတို့ ဘာလုပ်နိုင်မှာ မို့လို့လဲ”
“မှတ်ထား.. အင်အားကြီးတဲ့သူတွေက အင်အားနည်းတဲ့သူတွေကို အမြဲတမ်း အမဲလိုက်သလို လိုက်နေမှာပဲ.. အဖိုး တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကို ပြန်ရောက်လာတုန်းက ဘာဆိုဘာမှ မရှိခဲ့ဘူး.. အဖိုး ပြန်လာတဲ့ ညမှာတုန်းကဆိုရင် စနိုက်ပါတွေ၊ ကိုယ်ပိုင်သားရဲတွေရဲ့ ချုံခိုတိုက်ခိုက်တာကို ၆ ကြိမ်တိတိ ခံခဲ့ရပြီး အဖိုးအခန်းထဲထိ ဗုံးပစ်ခဲ့တဲ့ သူတောင် ရှိတယ်” ကောင်းဖန်သည် နားစိုက်ထောင်လိုက်သည်။ သူသည် အဖိုးတစ်ယောက် အတိတ်အကြောင်း ပြောသည်ကို ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။
ကောင်းဖန်သည် အံ့အားသင့်နေမိသည်။ “ဘယ်သူက ဒါမျိုး လုပ်ရဲရက်တာလဲ”
ကျီဟန့်ဝူက ဆက်ပြောလိုက်သည်။ “အဖိုးက နှစ်အတော်ကြာ သွားနေခဲ့တော့ သူတို့က အဖွဲ့အစည်းကို လုပ်ချင်တိုင်း လုပ်နေခဲ့တာပေါ့.. ပြောရရင် အဖိုး ပြန်လာတာကို မကျေနပ်လို့ပေါ့ကွာ” သူသည် တစ်ချက်ရယ်လိုက်သည်။ “နောက်နေ့လည်းကျရော အဖိုးလည်း နဂါးဖြူကြီးကိုခေါ်ပြီး အကုန်သတ်ပစ်လိုက်တယ်”
ထို့နောက် သူသည် ကောင်းဖန်ဘက်သို့ လှည့်လိုက်ကာ မျက်လုံးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ “အဲဒါမှ သူတို့စိတ်ထဲ အကြောက်တရား ရှိသွားမှာ”
ကောင်းဖန်က မြေကြကို ထိုးဆွနေသော ကြက်ပေါက်ကလေးအလား စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
“အဖိုးလည်း မင်းနဲ့အတူ နောက် ၂ နှစ်လောက်တော့ ဖြတ်သန်းနိုင်ဦးမယ် ထင်ပါတယ်..” ကျီဟန့်ဝူက အဆုံးသတ်လိုက်သည်။ သူသည် သူ၏ မြေးကို ဒီလောက်မြန်မြန် ကြီးပြင်းလာမည်ဟု မတွေးမိခဲ့ချေ။ သူသည် တည်ငြိမ်စွာ ပြုံးလိုက်သည်။ သူအလွန်ပင် ကာကွယ် ပေးချင်နေသော မြေးလေးသည် သူ့ကို မလိုအပ်တော့ပြီလား ဆိုတာကို ဘယ်သူက သိနိုင်မည်နည်း။
“အဖိုးကို အခုကစပြီး ကျွန်တော် စောင့်ရှောက်သွားမှာပါ” ကောင်းဖန်၏ အသံသည် သံမဏိလို ပြတ်သားလှသည်။
“ဟားဟား အဖိုးကို စိတ်မပူပါနဲ့.. အဖိုးမှာလည်း ကိုယ့်အကြံနဲ့ ကိုယ် ရှိပါသေးတယ်” ကျီဟန့်ဝူက ပြောလိုက်သည်။
နက္ခတ် ရွှေ့ပြောင်းခြင်း အတတ်ကို ကျီဟန့်ဝူသည် ယခင်က ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်။ သူသည် ယခင်က လေ့ကျင့်ထားခဲ့သဖြင့် ထိုအစွမ်း၏ စွမ်းအားကိုလည်း ကောင်းကောင်း သိလေသည်။ ထို့ကြောင့် သူသည် ကောင်းဖန်မှာ သူ့ထက် ပို၍ သန်မာကြောင်း၊ ကာကွယ်ပေးရန် မလိုတော့ကြောင်းကို သေချာသိနေပြီ ဖြစ်သည်။
တတိယနေ့တွင် အစင်းလေးသည် ကောင်းဖန်ရှိရာသို့ စတင်ရွေ့လျားလာသည်။ သူသည် စံအိမ်ကြီး၏ အနောက်ဘက်ရှိ တောင်ကြားထဲတွင် အခြေချလိုက်သည်။
ယွီကျိုးအစိုးရသည် ထိုအရာကြီးကို မြင်သော်လည်း မသိချင်ယောင် ဆောင်ထားကြသည်။ ဟွာရှားဒေသသည် ဘာမှမလှုပ်ရှားဖို့ အမိန့်ရထားသည် မဟုတ်ပါလား။
ထိုအရာသည် ယွီကျိုးအစိုးရ၏ တရား၀င် ပြန်တမ်းဖြစ်သည်။ သို့သော် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းမှ ၀န်ထမ်းများသည် သူများနှင့်မတူသော ခံစားချက်ကို ရရှိလိုက်ကြသည်။ သူတို့သည် ကမ္ဘာ့အလုံခြုံဆုံး နေရာတွင် အလုပ်လုပ်နေရသော ခံစားချက်များ ဖြစ်နေကြသည်။