အခန်း (၂၈၅-၂၈၈)
Vol. 18 Ch. 285-288
အခန်း ၂၈၅ ရွှေရောင်အမြီး တန်ခိုးရှင် ပုစွန်
“တာ့ဇီ ဘာလုပ်တာလဲ.. ချက်ချင်း ပြန်လာခဲ့စမ်း” ကောင်းဖန်က ငေါက်ငမ်းလိုက်သည်။
ခရမ်းရောင် အလင်းလေးသည် တောင်တန်းများကြား ဖြတ်သန်းသွားပြီးနောက် ကောင်းဖန်ရှေ့သို့ ထိုးကျလာသည်။
တာ့ဇီသည် ကောင်းဖန်ကို တစ်ချက်စွေ ကြည့်လိုက်ပြီးနောက် မသိမသာ ပြန်လစ်ထွက်သွားသည်။
“အဲဒီမှာပဲ နေစမ်း” သူချက်ချင်း ရပ်သွားပြီး ဦးမျှင်များကတော့ လှုပ်ရှားနေသည်။ ကောင်းဖန်များ သတိထားမိသွားမလား..
“မင်းအခုဘာလုပ်တာလဲ” ကောင်းဖန်က ဒေါသတကြီး မေးလိုက်သည်။
တာ့ဇီက လှည့်ကြည့်လိုက်ပြီးနောက် “ဘယ်သူ့ကို ပြောတာလဲ.. ငါ့ကို ပြောတာလား” ဟူသော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
ကောင်းဖန်သည် တာ့ဇီ၏ လက်သည်းတစ်ခုကို မလိုက်သည်။ “ရှင်းပြစမ်းပါဦး” သူသည် လက်သည်းကြားထဲမှ အညစ်အကြေးများကို ပြရင်း ပြောလိုက်သည်။
“အရသာရှိလို့ပါ” တာ့ဇီသည် အပြစ်ကင်းသော အပြုံးလေးဖြင့် ပြောရင်း သူ၏ လက်သည်းများကို သန့်ရှင်းနေလိုက်သည်။
ကောင်းဖန်က စိတ်ပျက်သည့်ပုံ လုပ်ပြလိုက်သည်။ အစင်းလေး ပြန်လာပြီးကတည်းက တာ့ဇီသည် သူနှင့် နေ့တိုင်းသွားဆော့နေသည်။ အစင်းလေးသည် ငပျင်းအနှေးကောင်လေးနှင့်တူလျှင် ဂိုဒီသည် တက်ကြွလက်ဆပြင်းသော ဘဲတစ်ကောင် နှင့်တူပြီး တာ့ဇီကတော့ အလွန်အဆော့သန်သော မျောက်တစ်ကောင်နှင့် တူပေမည်။
“လွှတ်စမ်းပါဟ” တာ့ဇီသည် ရုန်းရင်းဆန်ခတ်ဖြင့် လှုပ်ရှားနေသည်။
“မင်းအမြဲတမ်း အစင်းလေးကို သွားသွားရှုပ်နေတာပဲ.. သူ့ကျောပေါ်မှာ အပင်ထပ်သွားစိုက်နေပြန်တာမလား”
တာ့ဇီသည် ချက်ချင်းရပ်သွားသည်။ ထို့နောက် မျက်လုံးကို ပိတ်လိုက်ပြီး မကြားချင်ယောင် ဆောင်နေသည်။
“အပင်ကတော့ ထားပါတော့.. ဒါပေမယ့် ဘာလို့ လိမ္မော်ပင်တွေပါ သွားစိုက်နေရတာလဲ”
တာ့ဇီက မျက်လုံးပြူးကြီးဖြင့် ပြန်ကြည့်လိုက်သည်။ “လိမ္မော်သီးက အရသာ ရှိတယ်လေ.. ခူယားတွေက လိမ္မော်သီး ကြိုက်တယ်ဆိုတာ မသိဘူးလား”
ထိုစကားကို ကြားပြီးနောက် ကောင်းဖန်သည် တာ့ဇီကို လွှတ်ပေးလိုက်ပြီး လှည့်ထွက်လိုက်သည်။
“ခဏနေဦး ကောင်းဖန်.. လိမ္မော်သီး ယူခဲ့မယ်..”
ကောင်းဖန်သည် ရယ်ရမလား ဒေါသထွက်ရမလားပင် မသိတော့ပါချေ။ တာ့ဇီသည် အင်တာနက် သုံးပြီးသွားကတည်းက ထူးဆန်းတာတွေ လျှောက်လုပ်နေခြင်း ဖြစ်သည်။
အခြေအနေများသည် အနည်းငယ် တည်ငြိမ်စပြုလာသော်လည်း တောင်ပင့်ကူကြီးနှင့် ဧကရာဇ်အဆင့် သားရဲအကြောင်းသည် ပျံနှံ့နေတုန်း ဖြစ်သည်။
အများစုကတော့ အသေးစိတ်ကို မသိကြပါချေ။ သို့သော် တစ်ဦးတစ်ယောက်က စပြီးဖြန့်လိုက်သည်နှင့် အားလုံး သိသွားကြမည်မှာ အနှေးနှင့်အမြန်ပင် ဖြစ်သည်။
ထို့ကြောင့် ကောင်းဖန်နှင့် ကျီဟန့်ဝူတို့သည် တစ်နေ့တစ်နေ့ အလည်အပတ် လာသူများနှင့် ကြုံတွေ့နေရသည်။ သူတို့ထဲမှ တော်တော်များများသည် သူစိမ်းများ ဖြစ်ကြပြီး သူတို့ နှစ်ယောက်ကို လာတွေ့ကြခြင်း ဖြစ်သည်။
တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း၏ အင်အားသည် တဖြည်းဖြည်း မြင့်တက်လာသည်ဟု ဆိုရမည်။ သူတို့သည် ယခင်ကလည်း ကြီးမားသော အင်အားရှိသော်လည်း ယခုတော့ ဧကရာဇ်အဆင့် ကိုယ်ပိုင်သားရဲ နှစ်ကောင်တောင် ရှိနေပြီ ဖြစ်သောကြောင့် သူတို့၏ အရှိန်အဝါသည် ကြီးသထက် ကြီးလာနေသည်။
အချို့သောသတင်းများတွင် တောင်ပိုင်းကောင်းကင်အဖွဲ့၏ “အဆင့်မြှင့် ဆေးရည်” ကို ကိတ်မုန့်ပူပူများအဖြစ် ရောင်းချနေကြောင်း ပြောနေကြသည်။ သူတို့၏ ကြော်ငြာပုံစံမှာ ဥက္ကဌကျီ၏ ဧကရာဇ်အဆင့် သားရဲကြီးသည် ထိုဆေးရည်ကို သောက်ပြီး အဆင့်မြင့်သွားသည်ဟု ဆို၏။ ထို့ကြောင့် ၀ယ်ယူသူ အများအပြား ရှိလာပြီး ချက်ချင်းပင် ကုန်သွားလေသည်။ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းသည် အလွန်ပင် နာမည်ကြီးနေသည်။
”သခင်လေး.. လင်ရှင်းရွယ်လို့ ခေါ်တဲ့ မိန်းကလေးက တွေ့ချင်လို့တဲ့”
“အထဲပို့လိုက်ပါ”
လင်ရှင်းရွယ်သည် သူမ၏ ကိုယ်ပိုင်သားရဲနှင့်အတူ ဓာတ်ခွဲခန်းသို့ ၀င်လာသည်။
“ရှင်ကတော့ ခွင်ကောင်းကောင်း ရသွားတာပဲ” သူမသည် သူ့ကို စကားစပြောသောကြောင့် လှည့်ကြည့်လိုက်သော်လည်း သူမ၏ လွှသွားသဖွယ် ထက်မြက်စူးရှသော မျက်လုံးများကြောင့် မအံ့ဩမိတော့ပါချေ။
ကောင်းဖန်သည် ဘာပြောရမှန်း မသိပုံဖြင့် ပြုံးလိုက်သည်။
သူမ၏ နောက်တွင် ပါလာသော ကိုယ်ပိုင်သားရဲသည် ၁၀ ပေခန့် ရှိသော ရှည်လျားသည့် ပုစွန်ကြီး ဖြစ်ကာ ရွှေအစစ်များဖြင့် ရှိနေသည်။
သေချာကြည့်မည်ဆိုပါက သူသည် သံချပ်ကာများနှင့် ပုစွန် မဟုတ်ပဲ စာကလေးအမြီးရှိသည့် ရှိခိုးကောင်ပုံစံ ပုစွန် ဖြစ်သည်။ သူတို့သည် အနည်းငယ် ဆက်နွယ်မှု ရှိသလို ဖြစ်သော်လည်း သူတို့၏ ခွန်အားများကတော့ ကွာခြားလှသည်။
ကပ်ဆိုးကြီး မတိုင်မီက စာကလေးအမြီးရှိသည့် ရှိခိုးကောင်ပုံစံ ပုစွန်သည် သူ၏ လက်များဖြင့် တစ်နာရီလျှင် မိုင် ၅၀ အရှိန်ဖြင့် တိုက်ခိုက်နိုင်ပြီး သေနတ်တစ်လက်လောက်ကို မြန်ဆန်သည်။ သူ၏ လက်များကို ပွတ်လိုက်လျှင် ထွက်လာသော အပူသည် အနီးနားရှိ ရေများကို ဆူပွက်လောင်မြိုက်စေနိုင်ပြီး သူ၏ မှော်ဆန်သော မျက်လုံးများသည် အလင်းပေါင်းများစွာကို ကြည့်နိုင်စွမ်း ရှိလေသည်။
ထိုကဲ့သို့ သားရဲမျိုးသည် ကပ်ဆိုးကြီး မတိုင်မီကပင် ရှိနေခဲ့ပြီး ဖြစ်ရာ ကပ်ဆိုးကြီးက သူ့ကို အဆင့်မြှင့်ပေးလိုက်သလို ဖြစ်သွားခြင်းပင်။
[သားရဲအမည်] - ရွှေရောင်အမြှီး တန်ခိုးရှင် ပုစွန်
[သားရဲအဆင့်] - ၄၀
[သားရဲစွမ်းအင်] - အလွန်ကောင်း
[သားရဲစွမ်းရည်] - ကြွက်သားကြီးထွားမှု အဆင့် ၂
[သားရဲအမျိုးအစား] - ရွှေ
[သားရဲပျော့ကွက်] - ၁။ မီး ၂။ သူ့အမြီးရှိ ၃ ခုနှင့် ၄ ခုမြောက် တွယ်ဆက်ကြွက်သားသည် အလွန်အားနည်းသည်။
[အကောင်းဆုံးအဆင့်သို့ ရောက်နိုင်သော နည်းလမ်းများ] - ၆ ခု ရှိ
သူ၏ စွမ်းရည်များသည် သာမာန်ဟု ထင်ရသော်လည်း ကောင်းဖန်သည် သူ၏ လက်သည်းများ၊ ကိုယ်၏အောက်တွင် ဖုံးကွယ်ထားသော လွှသွားပုံဓားများ၊ ဓားရှည်များနှင့်တူသော ခန္ဓာကိုယ် အချိုးအစားတို့ကို သတိထားမိနေသည်။ ထို့ကြောင့် ထိုခန္ဓာကိုယ်ကြီးနှင့် လက်သည်း အရှိန်တို့ပေါင်းစပ်လိုက်လျှင် သူသည် မည်သည့်အရာကို မဆို လျှပ်စီးလို ဖြတ်လိုက်နိုင်မည်မှာ အမှန်ပင်။
သူ၏ အပြင်ပိုင်းမှာလည်း စိန်ကဲ့သို့ မာကျောလှသောကြောင့် ကာကွယ်မှုစွမ်းရည်မှာလည်း ဟာကွက်ရှိမနေပါချေ။ ကောင်းဖန်သည် တိတ်တဆိတ် ချီးကျူးပြီး လက်ခံလိုက်သည်။ ပုစွန်ကြီးသည် တိုးတက်လာနိုင်ချေ ရှိသည်။ သူသည် အဆင့် တစ်ဆင့် မြှင့်လိုက်လျှင်ပင် အတော်လေး ပြည့်စုံသွားနိုင်သည်။
ကံမကောင်းသည်ကတော့ သူသည် အဆင့်အမြင့်ဆုံးဖြစ်ရန် အလားအလာ ရှိသော်လည်း သူ၏ အနေအထားအရ အနည်းငယ် ခက်ခဲနေခြင်းပင်။
ကောင်းဖန်သည် သူ၏ နည်းလမ်း ၆ ခုကို ကြည့်ပြီးနောက် မျက်လုံးကို ပိတ်ပြီး စဉ်းစားနေလိုက်သည်။
သူ့တွင် ပစ္စည်းအချို့တော့ လက်ထဲရှိထားသည်။ အချို့ပစ္စည်းများကိုတော့ အခြား ဓာတ်ခွဲခန်းများတွင် လိုက်ရှာရမည် ဖြစ်သည်။
ကောင်းဖန်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူသည် ကံမကောင်းလှရှာပေ။
“တချို့ပစ္စည်းတွေတော့ မရှိဘူးဖြစ်နေတယ်” သူက စိတ်မကောင်းစွာ ပြောလိုက်သည်။
“တကယ်လို့ အလျင်မလိုဘူးဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေအတွက် လူလွှတ်ပြီး ရှာခိုင်းထားလို့ ရတယ်.. ကံကောင်းမယ်ဆိုရင် တစ်ပတ်အတွင်းလောက် ရနိုင်တယ်.. ကံမကောင်းရင်တော့.. “ သူက ဆက်မပြောပဲ ရပ်လိုက်သည်။။
လင်ရှင်းရွယ်က နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သားရဲများနှင့် ပတ်သက်လျှင် မည်သည့်အရာမျှ မသေချာပါချေ။
“စိတ်မပူပါနဲ့.. မင်းကို ပေးခဲ့တဲ့ ကတိကို သေချာပေါက်တည်မှာပါ” သူက ပြောလိုက်သည်။
“ဒါဆိုရင်လည်း သေချာအပ်ပါတယ်”
…
“သခင်လေးကောင်း.. ပြောတဲ့အတိုင်း လုပ်ထားပြီးပါပြီ” ဟွမ်းယာက ဖုန်းထဲမှ အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
ကောင်းဖန်သည် ကျေနပ်သွားပြီး အခြားညွှန်ကြားချက်များ ထပ်ပေးလိုက်သည်။
သူ၏ ညွှန်ကြားချက်ဖြင့် ဟွမ်းယာသည် ပိုင်ယဲ့ဒေသမှ မိဘမဲ့များကို ခေါ်ဆောင်ကာ ပြည်တွင်းစက်ရုံများတွင် သမာအာဇီ၀ အလုပ်များ သွင်းပေးနေခြင်း ဖြစ်သည်။ ထို့အပြင် ဟွမ်းယာကို သူ့အမည်ဖြင့် ကျောင်းဆောက်ခိုင်းပြီး ကျောင်းလည်း ထားပေးစေသည်။ ထိုကျောင်းကို တောင်ပိုင်းကောင်းကင် အုပ်စုနှင့် နီးရာတွင် ဆောက်ထားသောကြောင့် မိဘမဲ့ကလေးများ၏ လုံခြုံရေးအတွက်လည်း အဆင်ပြေလေသည်။ ကလေးများအတွက် လွတ်လပ်ခွင့်ကို အပြည့်အ၀ပေးထားသည်။ ထိုကျောင်းတွင် ဘာသာရပ်များစွာကို သင်ကြားပေးနေသော်လည်း သူတို့အားလုံးသည် တူညီသော ဘာသာရပ်တစ်ခုကိုတော့ သေချာတတ်မြောက်သွယးကြသည်။ ကောင်းဖန်နှင့် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကို သစ္စာစောင့်သိရန် ဖြစ်သည်။
ခေါင်းဆောင်အနေဖြင့် ကောင်းဖန်သည် အကုန်လုံးကို အာမ မခံနိုင်သော်လည်း သူသည် အကောင်းဆုံး ကြိုးစားမည် ဖြစ်သည်။
ကပ်ဆိုးကြီးအပြီးရင် မိဘမဲ့ များစွာ ဖြစ်ပေါ်ခဲ့သည်။ မဟာမိတ်အဖွဲ့များ ပေါ်ပေါက်ခဲ့သော်လည်း သူတို့အားလုံးကို စောင့်ရှောက်နိုင်ဖို့တော့ မလွယ်ကူခဲ့ပေ။ သူတို့သည် မီဒီယာများတွင်တော့ မကြာခဏ ပါ၀င်ကြလေ့ရှိသော်လည်း သူတို့ဘ၀သည် ခက်ခဲနေကြဆဲ ဖြစ်သည်။
ကောင်းဖန်သည် မည်သူ့ကိုမှ အတင်းကျောင်းမတကမခိုင်းပေ။ သူ့အတွက်လည်း ထိုအရင်းသည် ကြီးမားလှသည်။ သူသည် အတန်းများကို ထိပ်တန်းပညာရေးစနစ်များ၊ ကိုယ်ပိုင်သားရဲများဖြင့် အကောင်းဆုံး ထောက်ပံ့မည် ဖြစ်ပြီး ထိုအထဲကမှ သူတို့၏ သစ္စာစောင့်သိမှုကို ပြန်လည် ရယူမည် ဖြစ်သည်။
သူသည် အချုပ်ပြောရပါက သစ္စာစောင့်သိမှုကိုသာ အဓိက လိုချင်ခြင်း ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၈၆ စီးပွားရေးခရိုင်မှ ခြောက်လှန့်မှု
ကောင်းဖန်သည် သူနှင့်ပတ်သက်သော ကေယလဟာလများနှင့် ပတ်သတ်၍ သက်ရောက်မှု တစ်စုံတစ်ရာတော့ မခံစားရပါပေ။ သူသည် ယခုရက်ပိုင်း ပျော်ပင် ပျော်နေသေးသည်။ သူသည် တာ့ဇီကို အစင်းလေးအား သွားသွား မရှုပ်စေချင်သော်လည်း အစင်းလေးသည် စိတ်ထဲပင် မရှိသလို သူသည်ပင် ပျော်နေသော ပုံစံရှိနေလေသည်။
ယခုတောင် တာ့ဇီမရှိသောကြောင့် အစင်းလေးမှာ ပျင်းနေသာ် ထင်သည်။ “ကောင်းဖန်.. တာ့ဇီ ဘယ်မှာလဲ.. ဘာလို့ လာမဆော့တာလဲ” သူသည် မြေပြင်တွင် ပျင်းရိစွာ လဲလျောင်းရင်း မေးနေသည်။
သူသည် တာ့ဇီကို သူနှင့် ဝေးဝေးနေရန် ပြောထားမိကြောင်းကို ပြန်အတိုင်မခံရခင် အမှန်အတိုင်း ပြောလိုက်မည်ဟုတော့ တွေးလိုက်သေးသည်။
“သူက မင်းအတွက် စပရိုက်အကြီးကြီး ပြင်ဆင်နေတာတဲ့”
“ဟုတ်လား” အစင်းလေး၏ ခေါင်းကြီးထောင်သွားသည်။
“ဟုတ်ပ”
“ကောင်းတာပေါ့” သူသည် စိတ်ကျေနပ်သွားပြီး စံအိမ်ကြီးဆီသို့ မျှော်လင့်စွာ ကြည့်လိုက်သည်။ တာ့ဇီသည် ယခုပင် သူ့ရှေ့ပေါ်လာမည့်အလား သူသည် စူးစိုက်ကြည့်နေသည်။
အစင်းလေးသညိ တရေးလောက်အိပ်ဖို့ ကြိုးစားလိုက်သော်လည်း သူသည် တာ့ဇီတစ်ကောင် သူ့အတွက် ဘာများချက်လာမလဲဟုတွေးရင်း လူးလိမ့်နေသည်။
“ငါက သူများ ငါနဲ့ မဆော့ချင်တော့လို့လားလို့ ထင်နေတာ” သူသည် ရှက်ပြုံးပြုံးလိုက်သည်။ မြေကြီးသည် သူ၏ ကိုယ်လုံးကြီး တစ်ချက်လှုပ်လိုက်သောကြောင့် သိမ့်သိမ့်တုန်သွားသည်။
ကောင်းဖန်သည် တောင်ပေါ်မှ ဆင်းလာရင်း အစင်းလေးဘက်သို့ စိတ်မကောင်းစွာ လှည့်ကြည့်လိုက်သည်။
သူသည် ယခုမှပင် ထိုကဲ့သော ကြီးမားသော အကောင်ကြီးများမှာ သူတို့၏ သက်တမ်းအများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးကြကြောင်း နားလည်သွားမိသည်။ သူတို့တွင် လုပ်စရာ ထွေထွေထူးထူး မရှိသည် မဟုတ်ပါလား။
အထီးကျန်ခြင်းက အဆိုးဆုံး ဖြစ်သည်။
သူသည် သူတို့အားလုံးကို နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ အထီးကျန်မှုများ မဖြစ်စေချင်ပါ။
ကောင်းဖန်သည် နဂါးဖြူကြီးနှင့် အစင်းလေးတို့ကို တွေးရင်း အကြံရသွားသည်။ ထိုအကြံသည် ဖြစ်နိုင်ချေနည်းသောကြောင့် သေချာစဉ်းစားရပေမည်။
…
ယွီကျိုးမြို့၏ အက်ဒမန်တီယန် တံတား စီးပွားရေးခရိုင်တွင် ဖြစ်သည်။
ကပ်ဆိုးကြီး မဖြစ်ခင်က ထိုနေရာသည် ယွီကျိုးမြို့၏ အောင်မြင်တိုးတက်မှု အရှိဆုံး စီးပွားရေး ခရိုင်ဖြစ်သည်။ ယခုတော့ ထိုအရာများသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ခရိုင်၏ အလည်ဗဟိုတွင် ပညာရှိဘုရင်၏ ပေ ၅၀ မြင့်သော ကြေးရုပ်တုကြီး ရှိသည်။
အောက်ခြေသည်ပင် ၁၀ ပေ ရှိသောကြောင့် တစ်ခုလုံး၏ အမြင့်သည် ပေ ၆၀ မြင့်သည်။ သူသည် လှပသော မြင်းကြီးပေါ်တွင် ဓားကြီးကို ၀င့်လျက် ကြက်သီးထဖွယ် သဏ္ဍာန်ကြီး ရှိနေပြီး ထိုနေရာသည် ဒေသ၏ အထိမ်းအမှတ်နေရာတစ်ခု ဖြစ်သည်။ ထိုရုပ်တုကြီးသည် နေ့စဉ်နေ့တိုင်း ဖြတ်သွားဖြတ်လာများ၏ အာရုံစိုက်မှုကို ရလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှတွင်တော့ လူများသည် ထိုမြင်ကွင်းကို ကျင့်သားရလာကြသည်။ သူတို့သည် တွေ့ခါစလောက်တော့ ရင်သတ်ရှုမော မဖြစ်ကြတော့ပေ။
မနက်စောစောတွင် အေးမြသော မြူမှုန်များသည် လမ်းကြိုလမ်းကြားများထိ ကျဆင်းနေသောကြောင့် မြင်မြင်သမျှသည် ဖွေးလှုပ်နေသည်။ လမ်းသွယ်များတွင် သစ်ရွက်ခြောက်များ ဘီယာဘူးခွံများနှင့် အမှိုက်ပွနေသည်။
သန့်ရှင်းရေး ၀န်ထမ်းတစ်ယောက်သည် တိတ်ဆိတ်စွာ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်နေသည်။
ကျန်းချန်ရှိုသည် သူ၏မျက်နှာမှ ချွေးများကို ပင့်သုတ်လိုက်သည်။ အောက်တိုဘာလ၏ မနက်ခင်းများတွင် ယွီကျိုး၏ လေထုသည် စိုထိုင်းနေတတ်သည်။
သူသည် ရုပ်တုကြီးကို မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူပဲ အမြင်မှားတာလား..တစ်ခုခုပဲ ထူးဆန်းနေတာလား..
သူသည် စိတ်ထဲတွင် တစ်ခုခုမှားနေသည်ဟု ထင်လိုက်မိသည်။ သို့သော် သူသည် လမ်းကျင်း ရှင်းလင်းစရာ လမ်းများကျန်နေသေးပြီး အလုပ်များသော မနက်ခင်းတွင် အာရုံမများချင်သောကြောင့် အလုပ်ကိုသာ အာရုံစိုက်လိုက်သည်။
မနက်ခင်းနေသည် တဖြည်းဖြည်း မြင့်တက်လာပြီ ဖြစ်ပြီး နေရောင်ခြည်သည် လမ်းကြားလေးများတွင် လှပစွာ ဖြာကျနေသည်။ ပညာရှိ ဘုရင်ကြီး၏ ရုပ်တုသည်လည်း ရွှေဝါရောင် တောက်ပနေသည်။
“အဲဒီအတိုင်းနေနော် တစ် နှစ် သုံး ပြုံးထားမယ်”
ခရီးသွားများသည် ရုပ်တုကြီးနှင့် ဓာတ်ပုံရိုက်နေကြသည်။
“ဟင် လျူအိုက်ရေ.. ဓာတ်ပုံက ဘာလို့ နင်နောက်ဆုံးပြတုန်းကပုံနဲ့ မတူရတာလဲ” လုဖန်းသည် ပုံကိုထောက်၍ ပြောလိုက်သည်။
“ဘာတွေထင်ယောင် ထင်မှား ဖြစ်နေတာလဲ.. ပုံတွေကို ရှုထောင့်တစ်ခုတည်းက ရိုက်ထားတာပါ.. ငါ့ရဲ့ စကေးကို အထင်သေးတာလား” လျူအိုက်ဆိုသော မိန်းကလေးက မကျေမနပ် ပြန်ပြောလိုက်သည်။
“ငါလည်း ဘယ်လိုရှင်းပြရမလဲ မသိဘူး” လုဖန်းသည် အရင်က ဓာတ်ပုံကို အမြန်ရှာလိုက်သည်။ “ကြည့်လေ မတူဘူး ဟုတ်တယ်မလား”
လျူအိုက်က အနီးကပ်ကြည့်လိုက်သည်။ ထိုပုံသည် ထိုနေရာတွင်ပင် ထိုရှုထောင့်မှ ရိုက်ယူထားသော ပုံဖြစ်သည်။
သူမသည် ကျောရိုးထဲစိမ့်အောင် ကြက်သီးထသွားသည်။
ပထမပုံသည် လွန်ခဲ့သော တစ်နှစ်က ရိုက်ခဲ့သော ပုံဖြစ်သည်။ ပညာရှိဘုရင်ကြီးသည် ခေါင်းကို မော့ထားကာ သူ၏ ဘယ်လက်က မုတ်ဆိတ်ကို သပ်လျက် ညာဘက်က ဓားကြီးကို ကိုင်ထားခြင်း ဖြစ်သည်။
ဒုတိယပုံတွင်တော့ ဆင်တူသလို ရှိသော်လည်း ဘုရင်ကြီး၏ ခေါင်းသည် အနည်းငယ်ငုံ့နေကာ လုဖန်းကို စိုက်ကြည့်နေသည်။
လူဖန်းသည် သတ္တိရှိသူ ဖြစ်သည်။ သူသည် လျူအိုက်၏ ပုခုံးကို ပုတ်လိုက်သည်။ “ထိန်းသိမ်းမှု အားနည်းလို့ ပျက်စီးယိုယွင်းတာ ဖြစ်မှာပေါ့ဟာ”
လျူအိုက်က ဘာမှ ပြန်မပြောပဲ ဘုရင်ကြီး ရုပ်တုကို ပြန်လှည့်ကြည့်လိုက်သည်။
နေရောင်အောက်တွင် ဘုရင်ကြီး၏ ခေါင်းသည် မော့နေကာ ၀င့်ကြွားနေသည်။
လုဖန်းသည် လျူအိုက်က သူ့စကားကို မယုံကြောင်း သိသောကြောင့် သူမသည်လည်း ရုပ်တုကြီးကို ပြန်ကြည့်လိုက်သည်။
သူတို့နှစ်ဦးသည် တိတ်ဆိတ်သွားပြီး ထိုနေရာမှ ချက်ချင်း ထွက်လာလိုက်ကြသည်။
…
“ခေါင်းဆောင် ကြားပြီးပြီလား.. အက်ဒမန်တီယန် တံတားနားမှာ သရဲခြောက်လို့တဲ့” ရှုချင်းကျီက ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို သယ်လာရင်း ပြောလိုက်သည်။
“အဲဒီတော့ ဘာဖြစ်လဲ.. ဒီနေရာမှာတောင် သရဲလေးနှစ်ကောင် ရှိနေတာပဲဟာ”
ကောင်းဖန်သည် ခြောက်ကပ်စွာ ပြောလိုက်ပြီး ပစ္စည်းများနှင့် အလုပ်ရှုပ်နေသည်။
“…”
သေချာစဉ်းစားကြည့်တော့မှ ခေါင်းဆောင်ပြောလိုက်သော စကားသည် အဓိပ္ပါယ်ရှိနေသည်။
“ခေါင်းဆောင် ပြောတာမှန်တယ်”
“မင်းမှာ ဒါတွေအတွက် အချိန်ရှိသေးတာလား.. အခုသုံးလတောင် ရှိနေပြီ.. အခုထိ ငါမှာထားတဲ့ ဆေးရည် မရသေးဘူးမလား.. အဲဒီအတွက် အချိန်ပိုပေးလိုက်ပါတော့လား” ကောင်းဖန်က စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူမသည် ဒေါသထွက်သွားသည်။ သူမ၏ ခေါင်းဆောင်သည် မညှာမတာ ပြောတတ်သူ ဖြစ်သည်။
သူမသည် သေချာစဉ်းစားလိုက်ပြီး ထိုကဲ့သို့သူကို စကားမပြောတော့ဖို့ စဉ်းစားလိုက်သည်။
…
နောက်တစ်နေ့တွင် တံတားနားတစ်ဝိုက်ကို ပိတ်ချလိုက်သည်။ အနီးအနားတွင် ကင်းလှည့်ရဲကားတွေရှိနေပြီး ကြိုးအဝါများလည်း တားထားသည်။
စည်းတားထားသည့် အလယ်တွင် အနက်ရောင်ဖြင့် ဖုံးလွှမ်းထားသော အလောင်းများလည်း တန်းစီနေသည်။
“သက်သေဘယ်မှာလဲ” ရဲအရာရှိ ချန်းလော့ကျန်းသည် ခေါင်းများပင် ကိုက်လာသည်။ သူတာ၀န်ယူထားသော လက်အောက်ခံနယ်မြေတွင် ထိုကဲ့သို့ ဖြစ်လာခြင်းက သူ့အထက်အရာရှိများ၏ အပြောအဆိုကို ခံရဦးမည့် သဘောဖြစ်နေသည်။
“သက်သေက ကားထဲမှာပါ” သူ၏ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က နားနား ကပ်ပြောလိုက်သည်။
လော့ကျန်းသည် ခေါင်းညိတ်ပြလိုက်သည်။ “ငါလုပ်လိုက်မယ်”
သေမှုသေခင်းအရာရှိ၏ စကားအရ သေဆုံးသူများသည် ခေါင်းဖြတ်ခံထားရခြင်း ဖြစ်သည်။ သူတို့၏ ခေါင်းများသည် လည်ပင်းနေရာမှစ၍ ဆိုးရွားစွာ ပျက်စီးထားသည်။ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် တုံးသော အရာတစ်ခုခုဖြင့် ပြုလုပ်ထားကြောင်း သိသာသည်။
“တုံးတဲ့လက်နက်ကိုသုံးပြီး လူသတ်တယ်”
သံသယရှိသူသည် အလွန်သန်မာမည်ဟု ယူဆရသည်။
“လူတစ်ယောက်ရဲ့ ခွန်အားတောင် မဟုတ်ဘူး”
“မကောင်းဆိုးဝါးကများ သတ်တာလား”
ထိုကိစ္စသည် ရဲအရာရှိများအတွက် အကြီးအကျယ် ဆွေးနွေးစရာ ဖြစ်လာသည်။
“ပြီးတော့ ဟိုရုပ်တုကရော ဘယ်ပျောက်သွားတာလဲ.. သူ့ဟာသူ ထွက်ပြေးသွားတာတော့ မဟုတ်ဘူးမလား”
အခင်းဖြစ်ရယ အနီးတစ်ဝိုက်တွင် ကင်မရာများ မရှိသော်လည်း ဘေးနားတစ်ဝိုက်မှ ဆိုင်များတွင်တော့ ကင်မရာများတပ်ထားသည်။ ထို့ကြောင့် စုံစမ်းရေးအဖွဲ့သည် ထိုဗီဒီယိုများကို ကြည့်ပြီး သဲလွန်စကို ရှာဖွေရမည် ဖြစ်သည်။
အစည်းအဝေးခန်းအပြင်ဘက်တွင် ခြေသံများကြားလိုက်ရသည်။ “အရာရှိ.. တင်ပြချက် ထွက်လာပါပြီ”
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၈၇ လှုပ်ရှားနေသော ရုပ်တု
လော့ကျန်း၏ မျက်နှာသည် တင်ပြချက်ကို ကြည့်လိုက်ပြီး ပျက်ယွင်းသွားသည်။
သူ့ရှေ့တွင် ရှိနေသော အဖြူအမည်း ဓာတ်ပုံတွင် မြင်းစီးထားသော ကြီးမားသောသူကြီးက အခင်းဖြစ်ရာနေရာမှ ထွက်သွားသည်ကို မြင်နေရသည်။ သူသာ အမှတ်မမှားဘူးဆိုပါက ထိုသူသည် ရင်ပြင်မှ ကြေးရုပ်တုကြီး ဖြစ်သည်။
ရုပ်တုက.. အသက်ဝင်လာတာလား..
လော့ကျန်းသည် တွေးရခက်နေသည်။
ကပ်ဆိုးကြီးအပြီးတွင် ထိုကဲ့သို့ သဘာဝလွန် ဖြစ်ရပ်များသည် မဆန်းတော့သော်လည်း သူသည် အလွန်ပင် ထိတ်လန့်မိသည်။ ယခုကိစ္စသည် အနည်းငယ် ခြောက်ခြားဖွယ်ကောင်းနေသည် မဟုတ်ပါလား။
“ရနိုင်သလောက် သက်သေတွေစုထား.. အဲဒီရုပ်တုကို ရှာရမယ်” လက်ထောက်တစ်ယောက်သည် အခန်းထဲသို့ အမောတကော ပြေးဝင်လာသည်။ “ဆရာ.. ရုပ်တုကို ခြေရာခံမိပါပြီ.. ချန်ရှီ သံလိုက်ပါးစပ် ပလာဇာမှာ ရှာတွေ့ထားပါတယ်
လော့ကျန်းက ခေါင်းကို ပွတ်လိုက်သည်။ “ဘာ.. သူ့ကို ရှာတွေ့ပြီ ဟုတ်လား”
“ဆရာ.. ချန်ရှီ သံလိုက်ပါးစပ် ပလာဇာမှာ ရှာတွေ့တာပါ.. အဲဒီမှာက အစကတည်းက လူစည်ကားတဲ့ နေရာပါ”
သူသည် အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။ “ပြည်သူတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ပြင်.. နေဦး..” အဲဒီလိုလုပ်တာက ရုပ်တုကို လှန့်လိုက်သလို ဖြစ်သွားမလား။
သူသည် ထိုရုပ်တုကို ဘာလုပ်ရမှန်းမသိပါချေ။ ရုပ်တုသည် လူသတ်ကောင် အစစ်ဟုတ်မဟုတ် မသေချာသေးသော်လည်း ဖြစ်နိုင်ချေကများနေသည်။ အဲဒီရုပ်တုက ချန်ရှီပလာဇာအထိ ဘာသွားလုပ်တာလဲ.. ဖြစ်နိုင်ပါ့မလား..
လော့ကျန်းသည် ဘာလုပ်ရမှန်းမသိသော်လည်း ပြည်သူများကိုတော့ ဦးစားပေးစဉ်းစားရမည် ဖြစ်သည်။ ထိုရုပ်တုသည် တကယ်လို့ သတ်ဖြတ်ဖို့အတွက် ရောက်နေတာ ဆိုပါက သူသည် ချက်ချင်းလှုပ်ရှားရတော့မည် ဖြစ်သည်။
“သိုသိုသိပ်သိပ်နဲ့ မြန်မြန်လုပ်.. ရုပ်တုကို သတိမထားမိစေနဲ့.. ပြည်သူတွေ အပါအဝင် ရဲနဲ့ စစ်တပ်မဟုတ်တဲ့ သူတွေကို ဘယ်သူမှ ပလာဇာထဲ မဝင်စေနဲ့”
“ဟုတ်ကဲ့ဆရာ”
သူသည် စိတ်ရှုပ်ထွေးစွာဖြင့် အပြင်ဘက်ရှိ ဥယျာဉ်သို့ သွားလိုက်သည်။
ထိုဥယျာဉ်သည် ရဲဌာန၏ ထိပ်ပိုင်းအရာရှိများသာ ဝင်ရောက်နိုင်သော လျှို့ဝှက်နေရာ ဖြစ်သည်။ ထိုနေရာနှင့် ပတ်သက်ပြီး ကောလဟာလများလည်း များစွာရှိသေးသည်။ အချို့က ထိုအထဲတွင် အလွန်စွမ်းအားကြီးသော ကိုယ်ပိုင်သားရဲ ရှိသည်ဟု ဆိုသည်။ အချို့ကတော့ ထိုအထဲတွင် အလွန်ထူးချွန်သော ရဲအရာရှိ အဖွဲ့များ ရှိသည်ဟု ဆိုသည်။
တကယ်တော့ ရှုခင်းများကို ကြည့်ရန် ထားထားသော ရှင်းလင်းထားသည့် နေရာတစ်ခုသာ ဖြစ်သည်။ သူသည် ဥယျာဉ်အနောက်မှ အဆောက်အအုံဟောင်းထဲသို့ ဝင်လိုက်ပြီးနောက် လှေကားများကို ဆင်းလိုက်ကာ လျှို့ဝှက်တံခါးများစွာကို ဖြတ်သန်းပြီးနောက် နောက်ဆုံးပေါ်နည်းပညာများဖြင့် ပြည့်နေသော လျှို့ဝှက်အခန်းတစ်ခုဆီကို ဝင်လိုက်သည်။
သံလိုက်ပါးစပ်သည် ယွီကျိုးမြို့တော်၏ နာမည်ကြီးသော ကြော်ငြာခရိုင် ဖြစ်သည်။ ထိုနေရာနှင့် အန်ဒမန်တံတားခရိုင်တို့၏ ကွာခြားချက်မှာ သံလိုက်ပါးစပ်၏ အဓိက စီးပွားရေးမှာ သားရဲများ သယ်ယူပို့ဆောင်ရေးနှင့် ရှားပါးပစ္စည်းများ တင်ပို့ရောင်းချခြင်းတို့ကို အဓိကလုပ်ဆောင်ခြင်း ဖြစ်သည်။
ယခုနောက်ပိုင်းတွင်တော့ စီးပွားရေးသည် ယခင်ကလောက် မတွင်ကျယ်တော့ပါချေ။
ကောင်းဖန်သည် သူစမ်းသပ်ချင်သည့် သားရဲများကို ဒီနေရာတွင် လာဝယ်နေသည်။ သူသည် စီစဉ်ထားသည့်အတိုင်း ဖြစ်ရန်အတွက် ကိုယ်တိုင်ဝယ်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တရားဝင်ဆိုင်များသည် တရားဝင်ပစ္စည်းများ သားရဲများကို ရောင်းချသော်လည်း တရားမဝင်ရောင်းချမှုများလည်း ရှိကာ ထိုသားရဲအများစုသည်။
ကောင်းကောင်းမွေးမြူထားခြင်း မရှိသော သားရဲများဖြစ်သည်။ အချို့သော ကံကောင်းသူများကတော့ ပြီးပြည့်စုံသော သားရဲများကို ရရှိနိုင်ကြသည်။ ထိုနေရာသည် အလွန်စျေးချိုသောကြောင့် လူများသည် မီးရှိရာသို့လာသော မီးပိုးကောင်များလို စိတ်ဝင်တစား လာရောက်ကြည့်ရှုတတ်ကြသည်။
တရားဝင်ဆိုင်များ၏ စျေးများကတော့ ပြင်မရသော စျေးများဖြစ်သည်။ မီးထွက်ကျောက်မှ တစ်ဆင့် စမ်းသပ်မှုများ၊ အရည်အသွေး အသိအမှတ်ပြု လက်မှတ်များသည် သားရဲများ တရားဝင်ရောင်းချမှုတွင် ထည့်သွင်းပေးထားသည်။ မီးထွက်ကျောက်များသည် တန်ဖိုးကြီးသောကြောင့် တရားဝင်ရောင်းချသော သားရဲများသည် စျေးပိုကြီးခြင်း ဖြစ်သည်။
သူတို့သည် အာမခံလည်း ပေးထားသည်။ အကျိုးအကြောင်း သင့်လျော်ပါက ရောင်းချပြီးမှ တစ်ခုခုဖြစ်ခဲ့လျှင်တောင် ကျွမ်းကျင်သူများဖြင့် ပြန်လည် ကုသပေးမည် ဖြစ်သည်။
ပုံမှန်အားဖြင့် ကောင်းဖန်သည် ထိုဆိုင်များကို ရှောင်လေ့ရှိသည်။ သူသည် ထိုကဲ့သို့ အညတရများကို မလိုအပ်ပါချေ။
ဆိုင်တော်တော်များများသို့ သွားပြီးသောအခါ သူသည် အလွန်ပင် စိတ်ပျက်သွားသည်။ ရောင်းချထားသော သားရဲအများစုမှာ ပုံမှန်အဆင့် သို့မဟုတ် ပုံမှန်အဆင့်ထက်ပင် နိမ့်သေးသည်။ အဆင့်မြင့်သော သားရဲများကျပြန်တော့လည်း အလွန်ပင် စျေးကြီးနေပြန်သည်။ ပြီးပြည့်စုံသော သားရဲများကိုတော့ တစ်ကောင်ပင် ရှာမတွေ့ပါချေ။
ထို့အပြင် သားရဲများသည် ကောင်းမွန်သော အခြေအနေများတွင် မရှိကြချေ။ အများစုမှာ ခွေခေါက်နေကြပြီး မလှုပ်မယှက်နှင့် လှောင်အိမ်ထောင့်လေးများတွင် ငြိမ်သက်နေကြသည်။ အချို့သော သားရဲများသည် သစ်ရွက်များလိုပင် တုန်လှုပ်နေကြသည်။
သူတို့၏ အမျိုးအစားများကို သေချာမသိနိုင်သော်လည်း နာမကျန်းဖြစ်နေကြသည်ကတော့ သေချာသည်။
ကောင်းဖန်သည် စပေါ်တစ်ခုခန့် ချေပြီးနောက်တွင် သူ၏ လိပ်စာကို ပေးထားခဲ့ပြီး မှောင်မိုက်နေသော လမ်းကြားလေးထဲကို ဝင်လာခဲ့သည်။ ထိုလမ်းကြား၏ အဆုံးတွင် လယ်ကွင်းတစ်ခုရှိသော်လည်း ထိုလယ်ကွင်း၏ ဝင်ပေါက်ကိုတော့ ရဲကားများဖြင့် ပိတ်ဆို့ထားသည်။
သူသည် သိပ်တော့ စိတ်မဝင်စားလှသော်လည်း အနည်းငယ် စပ်စုချင်သောကြောင့် ခြေဖျားထောက်ပြီး ကြည့်လိုက်သည်။ သူသည် လယ်ကွင်းကြီးအလယ်တွင် ကြီးမားခန့်ထည်သော ရုပ်တုကြီးကို တွေ့လိုက်သည်။
သူသည် ထိုရုပ်တုကို မြင်ဖူးသလို ဖြစ်နေသည်။ ဒါကြီးက စီးပွားရေးခရိုင်က ဘုရင်ရုပ်တုကြီးများသည်။
သူသည် နောက်တစ်ခေါက်ပြန်ကြည့်လိုက်သည်။
ထိုသို့ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးထောင့်မှ အချက်အလက်များ ပေါ်ပေါက်လာသည်။
[သားရဲအမည်]:…
ဟင်—
သူသည် မျက်လုံးကို မနှစ်မြို့စွာဖြင့် ပိတ်ချလိုက်သည်။ ဘာကြီးလဲဟ..
ဒါကြီးက ပုံမှန်ရုပ်တုကြီးမဟုတ်ဘူးလား.. ဘာကိစ္စ သားရဲအချက်အလက်တွေ လာပေါ်နေတာလဲ..
တောင်တန်းများမှ တောင်ဝိဉာဉ်ပေါ်ပေါက်လာနိုင်သော်လည်း ရုပ်တုကတော့ အသက်ဝင်လာစရာ အကြောင်းမရှိပါပေ။
[သားရဲအမည်]: လှုပ်ရှားသက်ဝင်နေသော ကြေးနီရုပ်တု (ပညာရှိဘုရင်)
[သားရဲအဆင့်]: ၄၁ (နတ်ဘုရားအဆင့်)
[သားရဲစွမ်းရည်]: အလွန်ကောင်း
[သားရဲအမျိုးအစား]: ရွှေ
[သားရဲစွမ်းအင်]: သံမဏိ အရေပြားနှင့် သတ္တုအရိုးအဆင့် ၃၊ ကြာရှည်ခံနိုင်စွမ်း အဆင့် ၁
[သားရဲပျော့ကွက်]: ၁။ မြေကြီး ၂။ လျှပ်စစ် ၃။ မသန့်စင်သော ကျောက်များ
[သားရဲဖော်ပြချက်]: အစကတော့ ပုံမှန် ရုပ်တုဖြစ်သော်လည်း ဆန္ဒစွမ်းအင်များကို ရရှိလိုက်ပြီးနောက် အသက်ဝင်လာခြင်း ဖြစ်သည်။ သူ၏ အသက်စွမ်းအင်ကို အနီးအနားမှ စိတ်ဝိဉာဉ်များ၊ စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည်။ ထို့နောက် သက်ဝင်နေခြင်း ဖြစ်သည်။
ဆန္ဒစွမ်းအင် ဆိုပါလား.. အဲဒါက ယုံကြည်ကိုးကွယ်မှုနဲ့ ဆိုင်တာ မဟုတ်ဘူးလား..
ကောင်းဖန်သည် ထိုခရိုင်တွင် ယုံကြည်ကိုးကွယ်မှုများ၊ ဘာသာရေးသက်ဝင်မှုများမရှိသည်ကို သတိရမိသည်။ အနီးစပ်ဆုံးပင်လျှင် ထိုရုပ်တုနားတွင် ဖြတ်လျှောက်သွားသူများ၏ လေးစားသမှုဖြင့် ဦးညွှတ်တာမျိုးလောက်သာ ရှိသည်။
ယုံကြည်ကိုးကွယ်မှုကြောင့် မဟုတ်ရင်တော့ နောက်တစ်ခုခု ရှိမှာပဲ။
သူသည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကိုယ့်အလုပ်သာ ကိုယ်လုပ်သူ ဖြစ်သော်လည်း သားရဲတစ်ကောင်ကိုတော့ မြို့တော်ထဲ လွှတ်မထားခိုင်းနိုင်ပါချေ။ အထူးသဖြင့် ထိုကိစ္စသည် သူ့တွင်ပင် ပိုပြီး တာဝန်ရှိလေသည်။
သူသည် အဖိုးကို ဖုန်းခေါ်လိုက်ပြီး အခြေအနေကို ရှင်းပြလိုက်သည်။
“ယွီကျိုးအစိုးရက အဖိုးကို ဘာမှမပြောဘူး.. အရင်ကတော့ ပြောပေမယ့် အခုမပြောသေးဘူး ” အဖိုး၏ အသံသည် တည်ငြိမ်ကာ တွေးတွေးဆဆ ပြောနေသည်။
ကောင်းဖန်သည် သူဘာပြောချင်သည်ကို နားလည်လိုက်သည်။ “ပြည်သူတွေကတော့ မသိကြဘူး”
“မိုးကြိုးခွံနတ်ဘုရားက မင်းနဲ့ အနီးအနားမှာ ရှိတယ်.. ငါအမြန်ဆုံးလာခဲ့မယ်”
ရုပ်တုသည် ထိုနေရာတွင်တော့ ကြီးကြီးမားမား ဒုက္ခမပေးနိုင်သော်လည်း အခြားနေရာများတွင် ဒုက္ခပေးမည်ကို ကောင်းဖန်က စိတ်ပူနေမိသည်။
သူသည် ထိုရုပ်တုကဲ့သို့ အခြားသော သက်ဝင်ရုပ်တုများ ရှိမနေဖို့ကိုတော့ မျှော်လင့်နေမိသည်။ အထူးသဖြင့် ယခုလို ဟွာရှားကဲ့သို့ သမိုင်းဝင်နေရာမျိုးတွင် ဖြစ်သည်။ တရကုတ္တစစ်သည်တော်များ ကိစ္စသည်ပင် အတော်ဂယက်ရိုက်သွားခဲ့သည် မဟုတ်ပါလား။ သူသည် အထင်မမှားပါစေနဲ့ဟု ဆုတောင်းနေမိသည်။
ထိုအချိန်တွင် လူများသည် ရုပ်တုကြီးနားတွင် ရှိနေသောသူများသည် တစ်ခုခုမှားနေကြောင်း ခံစားမိလိုက်ကြသည်။
ပတ်ဝန်းကျင်သည် ပြောင်းလဲသွားပြီး အချို့သောသူများသည် ပလာဇာမှ တိတ်တဆိတ် ထွက်သွားကြသည်။
မဟာမိတ်အစိုးရအဖွဲ့မှ အမည်းရောင်စစ်တပ်သည် ပလာဇာထဲသို့ ဝင်လိုက်သည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၈၈ ပညာရှိဘုရင်
အမည်းရောင်ဝတ်စုံနှင့် သူများ၏ အင်္ကျီလက်များတွင် သေးငယ်သော အနက်ရောင် တံဆိပ်လေးများ ပါရှိကြသည်။ တံဆိပ်များ၏ အလယ်တွင် ကြေးသွေးရောင်အမှတ်အသားလေးရှိပြီး ဘေးကရွှေဖြင့် ကွပ်ထားသည်။
“အနက်ရောင်အလံတွေနဲ့ပါလား” ကောင်းဖန်သည် သူတို့ကိုအဝေးမှပင် မြင်နေရသည်။
သူ၏ အဖိုးသည် မဟာမိတ်အစိုးရအဖွဲ့ လက်အောက်မှ များစွာသော ဌာနများအကြောင်းနှင့် လျှို့ဝှက်ချက်များအကြောင်းကို ပြောပြခဲ့ဖူးသည်။ အလံနက်များသည် မဟာမိတ်အစိုးရအဖွဲ့အောက်မှ လျှို့ဝှက်အဖွဲ့တစ်ခုဖြစ်ပြီး မြို့ခြေများမှ အရေးပေါ် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရသော အဖွဲ့ဖြစ်သည်။
သူတို့နှင့်အတူ အနက်ရောင် အမဲလိုက်ခွေးများလည်း ပါလာသည်။ ထိုခွေးတစ်ကောင်စီသည် ၁၅ ပေခန့်ရှည်ကာ ၁၀ ပေခန့် အမြင့်ရှိလေသည်။ သူတို့၏ ကျောများပေါ်တွင် အရိုးများနှင့်တူသောအရာများ ထိုးထွက်နေပြီး သူတို့၏ အသားများမှ ဖောက်ထွက်နေသလို ဖြစ်နေသည်။
သူတို့၏ အမွှေးများသည် တောက်ပြောင်နေကြပြီး ကြွက်သားများသည် အဝေးကြည့်လျှင်ပင် ထင်းထင်းလင်းလင်း မြင်နေရသည်။
[သားရဲအမည်]: မီးထွက်ကျောက် အမဲလိုက်ခွေး
[သားရဲအဆင့်]: ၂၃-၃၅
[သားရဲစွမ်းရည်]: ပုံမှန်
[သားရဲအမျိုးအစား]: အမှောင်အမျိုးအစား
[သားရဲအခြေအနေ]: ကျန်းမာမှုရှိ (နိုးကြွားတက်ကြွပြီး အဆင်သင့်ဖြစ်နေ)
[သားရဲပျော့ကွက်]:…
အမဲလိုက်ခွေးများ၏ အဆင့်များသည် ၂၃ မှ ၃၅ အထိ အစားစား ရှိကြသော်လည်း တစ်ကောင်မှ ပုံမှန်အဆင့်ထက် မပိုကြပါပေ။ ထိုအမဲလိုက်ခွေးများသည် သေချာလေ့ကျင့်ထားကြောင်း သိသာလှသည်။ သူတို့သည် နတ်ဘုရားအဆင့်သားရဲများကိုပင် ကြောက်လန့်ခြင်းမရှိ ရင်ဆိုင်မည့်ပုံများ ရှိနေရုံသာမက ပိုပြီးပင် တက်ကြွနေသေးသည်။
သူတို့သည် အမှားကင်းကြပြီး တိုက်ခိုက်မှုတွင် ကျွမ်းကျင်သော ကိုယ်ပိုင်သားရဲများ ဖြစ်သည်။
သူတို့သည် အနည်းဆုံး အကောင် ၅၀ ခန့် ရှိနိုင်သည်။ ထို့ကြောင့် အနည်းဆုံး ကွန်မန်ဒါအဆင့်သားရဲ အကောင် ၅၀ လောက်ရှိနေသည်ဟု ဆိုရမည်။ ထို့အပြင် သူတို့သည် သေချာလေ့ကျင့်ထားသော သားရဲများဖြစ်သည်။ သို့သော် ကောင်းဖန်သည် သူတို့အနေဖြင့် နတ်ဘုရားအဆင့် ရုပ်တုကြီးကို မည်ကဲ့သို့ ကိုယ်တွယ်မည်ကို မသိပဲ ဖြစ်နေသည်။
ထိုတိုက်ပွဲသည် စွမ်းအင်များကတော့ အဓိက မကျနိုင်ချေ။ ရန်သူ၏ ကာကွယ်ထားမှုကို မချိုးဖောက်နိုင်သရွေ့ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အရေအတွက်သည် သိပ်တော့ အရေးမကြီးလှပါချေ။
ပုရွက်ဆိတ်များသည် ဆင်တစ်ကောင်ကို ထိခိုက်အောင် လုပ်နိုင်သည် ဆိုဦးတော့ ထိုပုရွက်ဆိတ်သည် ဆင်၏ အရေပြားကိုတော့ အရင်ထိုးဖောက်ရဦးမည်ပင်။
“ဆရာ.. ဒီနေရာကို အပ်ခဲ့ပါမယ်” ငယ်ရွယ်သော ရဲအရာရှိလေးတစ်ယောက်က ယဉ်ကျေးစွာ ပြောလိုက်သည်။
“ခင်ဗျားလည်း ဝေးဝေးနေဦး.. ဒီမကောင်းဆိုးဝါးက တော်တော်စွမ်းအားကြီးတယ်” ကောင်းဖန်ကို ထိုအရာရှိလေးက ပြောလိုက်သောအခါ သူက ပြုံးလိုက်ပြီး လှည့်ထွက်လိုက်သည်။
တကယ်တော့ သူသည် မထွက်သွားပါချေ။ သူသည် ကိုက်အနည်းငယ်လောက်သာ အနောက်သို့ ရွှေ့လိုက်ခြင်း ဖြစ်သည်။
ရဲများ၏ ကိုယ်ပိုင်သားရဲများသည် ပလာဇာထဲသို့ ပိုပြီးပင် ထပ်ရောက်လာကြသည်။ သူသည် စစ်တပ်အရာရှိများကိုပင် မြင်လိုက်ရသည်။
သူတို့သည် သတိအနေအထားဖြင့် ရုပ်တုကို ဝိုင်းလိုက်ကြသည်။
ပလာဇာဘေးတွင် ဝန်းရံထားသော တိုက်ခန်းများမှ သူများသည် ဝရန်တာများတွင် စုဝေးပြီး ပွဲကြည့်သလို ကြည့်နေကြသည်။
သူတို့အားလုံး၏ မျက်လုံးထဲတွင်လည်း ရုပ်တုကြီးသည် တစ်ခုခုတော့ မှားယွင်းနေကြောင်း ခံစားမိနေကြသည်။
ထိုအချိန်တွင် အသံကျယ်ကြီး တစ်ခုနှင့်အတူ ကြေးနီရုပ်တုကြီး၏ ဦးခေါင်းကြီးသည် ဖြည်းညင်းစွာ လည်သွားသည်။ ထို့နောက် သူ၏ ဓားကြီးကို မြှောက်လိုက်သောအခါ နေရောင်အောက်တွင် တောက်ပသွားသည်။
ကြေးနီမြင်းကြီးသည် လူအုပ်ကြားထဲသို့ ဒုန်းစိုင်းပြေးလာသည်။ ကြီးမားသော ဓားကြီးကို အောက်သို့ စိုက်ချထားသည်။
ကြောက်ခမန်းလိလိအသံများသည် လေထုထဲလွင့်ပျံသွားပြီး မြေကြီးမှ အုတ်ခဲများသည်ပင် တုန်လှုပ်ကုန်သည်။
မြင်းကြီးသည် ခြေကိုဆောင့်လိုက်သည်။ ရွှေနက်ရောင် အကွင်းကြီးသည် သူခြေဆောင့်လိုက်သည့်နေရာတွင် ထွက်ပေါ်လာပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထိုကွင်းကြီးသည် အလွန်ပင်လှပပြီး စူးရှသော အလင်းတန်းများသည် ထိုကွင်းကြီး၏ နေရာလေးခုတွင် ဖြစ်ပေါ်နေသည်။
သို့သော် လူများသည် နတ်ဘုရားအဆင့် သားရဲကြီးကိုသာ ကြည့်နေကြသောကြောင့် ထိုအရာကို သတိမထားမိကြပါချေ။
ပလာဇာဘေးတွင် စပ်စုနေကြသူများသည် ပြတင်းပေါက်များကို အလျင်အမြန်ပိတ်လိုက်ကာ လိုက်ကာများကို ချလိုက်ကြသည်။ သို့သော် ချောင်းတော့ ကြည့်နေကြသေးသည်။
အချို့သော ကြောက်တတ်သူများကတော့ ထွက်ပြေးသွားကြသည်။
“အခြေအနေကို ထိန်းချုပ်ထားမယ်.. နတ်ဘုရားအဆင့် သားရဲက မြို့ထဲမှာ ရှိနေတယ်ဆိုတာကို သတိပေးလိုက်ကြ” ရုပ်တုကြီးထံမှ ထွက်ပေါ်လာသော အလင်းကွင်းကြီးများကို တွေ့ပြီး လော့ကျန်း၏ မျက်နှာသည် ဖြူဖျော့သွားသည်။ သူသည် အပျက်အစီးများထက် သူအလုပ်ပြုတ်မည်ကိုပင် ပိုပြီး တွေးပူမိနေသည်။ “အနီးတစ်ဝိုက်က ပြည်သူအားလုံးကို ကယ်ထုတ်ကြ.. မြို့ရဲ့ ဒီအစိတ်အပိုင်းတစ်ခုလုံးကို အနီရောင်အဆင့် သတ်မှတ်မယ်”
သူသည် ဒေါသလည်း ထွက်နေမိသည်။ ဒီလူတွေ ဘာလာစပ်စုနေကြတာလဲ.. သေနိုင်တာကို နားမလည်ကြဘူးလား..
ပလာဇာမှ တိုက်ပွဲသည် စတင်တော့မည် ဖြစ်သည်။
ဓားကြီးကို ဝှေ့ယမ်းကာ ရုပ်တုကြီးသည် လမ်းကို ရှင်းလိုက်ပြီးနောက် တုံ့ရပ်လိုက်သည်။
ရုပ်တုနှင့် အနီးဆုံးတွင်ရှိနေသော အမဲလိုက်ခွေးသည် အူလှိုက်သည်းလှိုက် ထအူလိုက်ပြီး လက်သည်းကြီးများ ကို မြေကြီးတွင် ကုတ်ခြစ်နေသည်။
သူသည် မြင်းကြီး၏ ကျောပေါ်သို့ ခုန်တက်ဖို့ ကြိုးစားလိုက်သည်။ သူ၏ လက်သည်းများသည် သံမဏိကိုပင် ဆွဲဖြဲနိုင်သော်လည်း မြင်းကြီးတွင်တော့ ခြစ်ရာလေး သေးသေးသာ ထင်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အမဲလိုက်ခွေးကြီးသည် ဓားကြီး၏ လက်ချက်ဖြင့် မရှုမလှ သေဆုံးသွားသည်။ အမဲလိုက်ခွေးကြီးသည် လှီးထားသော အာလူးကဲ့သို့ အပိုင်းပိုင်း ပြတ်နေသည်။ သွေးများသည် သူ၏ နှာခေါင်းနှင့် ပါးစပ်များဆီမှ ထွက်လာပြီး ကျောဘက်မှ အချွန်ကြီးသည်ပင် နှစ်ပိုင်းပြတ်သွားသည်။
ထို့နောက် ကျန်သော အမဲလိုက်ခွေးအုပ်ကြီးသည် သူတို့၏ ရဲဘော်ရဲဘက်အတွက် လက်စားချေတော့မည့်အလား ချီတက်လာကြသည်။
ရုပ်တုကြီးသည် အမဲလိုက်ခွေးအုပ်ကြီးများဘက်သို့လှည့်ကာ သူ၏ ဘယ်လက်ဖြင့် မုတ်ဆိတ်များကိုသာ သပ်နေသည်။
“သေကြ”
ထို့နောက် သူသည် အလွန်မြန်သောအလျင်ဖြင့် အမဲလိုက်ခွေးအုပ်ကြီးများကို ဓားဖြင့် ခုတ်ပိုင်းလိုက်ကာ ခွေးကြီးများသည် တစ်ကောင်ပြီးတစ်ကောင် ကျဆုံးကုန်သည်။
သူ၏ အစွမ်းသည် အလွန်အံ့ဩဖွယ် ကောင်းရုံမက အကျိုးထိရောက်မှုလည်း ရှိပေသည်။ ထို့အပြင်သူ၏ နတ်ဘုရားအစွမ်းကြောင့် တိုက်ပွဲသည် မစတင်ခင်ကပင် ပြီးဆုံးသွားသလို ဖြစ်နေသည်။
“သူတို့ကို တပ်ဆုတ်ခိုင်းလိုက်တော့ တပ်ဆုတ်ကြ” လော့ကျန်းသည် သူ၏ ကိုယ်ပိုင်သားရဲများကို ခြင်ယင်များလို သတ်ဖြတ်နေမှုကို ရပ်မကြည့်နေနိုင်တော့ပါချေ။
ထိုအမိန့်ကြောင့် လှုပ်နိုင်သေးသော အမဲလိုက်ခွေးများသည် ဆုတ်ခွာလိုက်ကြသည်။ သူတို့တွင် အကောင် ၃၀ လောက်သာ ကျန်တော့တယ်။
ကျန်သော ခွေးကြီးများသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲနေကြသည်။ အချို့ကတော့ ရုပ်ပျက်ဆင်းပျက်ပင် ဖြစ်နေပြီး သွေးများသည် အရိုး အသားများကြားထဲမှ မြင်မကောင်းအောင် ထွက်နေကြသည်။ အဆိုးဆုံးများမှာ ခန္ဓာကိုယ်တွင် အပေါက်များ ဖြစ်နေကြပြီး အူများအသည်းများ ထွက်ကျနေကြခြင်းပင်။
ရုတ်တရတ် ကောင်းဖန်သည် သူ့အောက်မှမြေကြီးက တုန်ခါသွားသည်ကို သတိထားလိုက်မိပြီး မြောင်းပေါက်အဖုံးတစ်ခုသည် ကောင်းကင်ဆီသို့ လွင့်ပျံသွားသည်။ မြေကြီးသည် အလွန်တုန်ခါနေပြီး အသံကျယ်ကြီးများ ထွက်နေသည်။
ထို့နောက် အသံကျယ်ကြီးနောက်တစ်ခုကို ထပ်ကြားလိုက်ရသည်။ ညသန်းခေါင်၏ ခရမ်းပြာရောင် အရာကြီးသည် အလွန်အားပြင်းသော လျှပ်စစ်ဓာတ်များနှင့်အတူ မြေကြီးထဲမှ ထွက်ပေါ်လာသည်။
တစ်ချက်တိတ်ဆိတ်သွားပြီးနောက် မြေကြီးထဲမှ လွင့်ပျံလာသော အပိုင်းအစများ ပြန်ပြုတ်ကျလာသော အသံများက ပြန်လည် ဆူညံသွားသည်။ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီးသောကြောင့်သာ တော်သေးသည်။ ကောင်းဖန်မှလွဲပြီး အခြားပြည်သူများ တစ်ယောက်မျှ ရှိမနေပါချေ။
အဝေးတစ်နေရာတွင် အစင်းလေးသည် သူ၏ ကျောဘက်တွင် ခြင်ကိုက်လိုက်သကဲ့သို့ ဆစ်ခနဲ တစ်ချက်ခံစားလိုက်ရသည်။
***