← Chapters

အခန်း (၂၈၉-၂၉၂)

Vol. 19 Ch. 289-292

အခန်း (၂၈၉-၂၉၂)

Vol. 19 Ch. 289-292

အခန်း ၂၈၉ ပညာရှိဘုရင်နှင့် မိုးကြိုးခွံဘုရင်

မြေကြီးသည် ကြီးမားစွာ အက်ကွဲသွားသည်။ ခြောက်ခြားစရာ အငွေ့အသက်သည် ထိုနေရာမှ ထွက်ပေါ်လာနေသည်။

မိုးကြိုးခွံဘုရင်သည် ထိုအက်ကွဲကြောင်းထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီး သူ၏ ဘေးတွင် အလင်းတန်းများ ကွန့်မြူးနေသည်။ ထိုအရာသည် နေရောင်ခြည်ဟု ထင်ရသော်လည်း အလင်းများ၏ ပုံစံသည် ဆန်းကြယ်လွန်းလှသည်။ ထို့ကြောင့် အနီးအနားမှ အရာရှိများက သတိထားမိသွားကြသည်။

“နေဦးလေ”

“ဘာဖြစ်တာလဲ”

“ကိုယ့်သားရဲကိုယ်ထိန်းကြပါဦး”

ရဲအရာရှိများသည် သူတို့၏ ကိုယ်ပိုင်သားရဲများနှင့်အတူ မိုးကြိုးခွံဘုရင်ကြီးဘေးတွင် ဝိုင်းပြီး သတိပေးနေကြသည်။

“အရာရှိများခင်ဗျာ.. ကျွန်တော်က ဥပဒေကိုလိုက်နာတဲ့ မဟာမိတ်ပြည်သူ တစ်ယောက်ပါ.. ရန်သူ မဟုတ်ပါဘူး..” ကောင်းဖန်သည် လက်ကိုမြှောက်ထားလိုက်ပြီး ရန်မလိုသည့် အနေအထားကို ပြလိုက်သည်။

“ဘာဖြစ်ပြန်ပြီလဲ” လော့ကျန်းက တစ်ခုခုကို ကြားနေရသည်။ သူသည် လက်ရှိအခြေအနေတွင်ပင် အလွန်အလုပ်ရှုပ်နေပြီ ဖြစ်ရာ ထိုကဲ့သို့ အရာများအတွက် အချိန်မရှိနေပါချေ။ သူသည် အမြင်ကတ်ကတ်နှင့်ပင် ထိုသူကို ထောင်ထဲနှစ်လလောက် ပစ်ထည့်ထားလိုက်ချင်တော့သည်။

“ဆရာ.. အမှောင်လမ်းကြားက ကိုယ်ပိုင်သားရဲနဲ့ သူတစ်ယောက်က တွေ့ချင်လို့တဲ့”

“ဘယ်သူလဲကွ” သူက ဒေါသတကြီးမေးလိုက်သည်။ “ဒီကို ပို့လိုက်” သူသည် စိတ်ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ တကယ်လို့ ထိုသူသည် သူ့ကို အချိန်ကုန်အောင် လာလုပ်တာဆိုပါက တကယ်ပင် ထောင်ထဲသို့ ၂ လခန့် ထည့်လိုက်တော့မည်ပင်။

ကောင်းဖန်ရောက်လာသောအခါ လော့ကျန်းသည် မိုးကြိုးခွံဘုရင်ထံမှ အကြည့်မခွာနိုင် ဖြစ်သွားသည်။ သူသည် မကြာသေးခင်က တွေ့ဖူးထားသလိုလည်း ရင်းနှီးနေလေသည်။

“နေပါဦး.. ဒါက…” သူသည် မျက်လုံးပြူးသွားပြီး တစ်ချက်ပျော်သွားသည်။ သူသည် ထိုသားရဲကို မှတ်မိသွားပြီ ဖြစ်သည်။

အချိန်ကွက်တိပါပင်။

“ပြီးတော့ မင်းက…?” လော့ကျန်းသည် တီဗီကြည့်ခဲလှသည်။ ထို့ကြောင့် သူသည် ပြိုင်ပွဲများကိုလည်း မကြည့်ဖူးသောကြောင့် ကောင်းဖန်ကိုမည်သူမှန်း မသိဖြစ်နေသည်။

“ကောင်းဖန်လို့ ခေါ်လို့ရပါတယ်” ကောင်းဖန်က ပြောလိုက်သည်။

“အိုး.. ဟုတ်ပါပြီ ကောင်းဖန်” သူသည် နာမည်ကို လိမ်ပြောသည်ဟု ထင်လိုက်သောကြောင့် စိတ်ထဲသိပ်မထားပဲ နေလိုက်သည်။ “ကောင်းဖန်.. မင်းရဲ့ သားရဲကြီးကို မကောင်းဆိုးဝါးကြီး နှိမ်နှင်းဖို့အတွက် ငှားပေးနိုင်မလား.. ဒီမြို့နဲ့ ပြည်သူတွေအတွက်ပါ.. တောင်းဆိုပါတယ်”

“ကိစ္စမရှိပါဘူး” ကောင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ “နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ပါပဲ”

‘မိုးကြိုးခွံဘုရင်” ကောင်းဖန်က သူ့ဘက်သို့ လှည့်လိုက်သည်။

နာမည်ကြားလိုက်သောကြောင့် လော့ကျန်းသည် ပိုပြီးသေချာသွားသည်။ ထိုသို့ဆိုလျှင် ဒီသားရဲကို ပိုင်ဆိုင်သူမှာ နာမည်ကြီးသူ ဖြစ်ရမည်။ သို့သော် သူသည် “ကောင်းဖန်” ကို မည်သူမှန်းမသိပဲ ဖြစ်နေသည်။

သူက တီဗီမကြည့်သော်လည်း အခြားအရာရှိများကတော့ ကြည့်ကြသည်။ ထို့ကြောင့် အချို့အရာရှိများသည် ကောင်းဖန်ကို သိကြပြီး သူကမည်သူဖြစ်ကြောင်း ပြောလိုက်ကြသည်။

ကောင်းဖန်သည် နတ်ဘုရားအဆင့် သားရဲ၏ လေ့ကျင့်သူ ဖြစ်သည့်အတွက် နာမည်ကြီးပုဂ္ဂိုလ်၏ မြေးဖြစ်ကြောင်း သိလိုက်ရသောအခါ လော့ကျန်းသည် မျက်ခုံးများပင် ပင့်တက်သွားသည်။

သူသည် ကောင်းဖန်၏ လက်ကို ချက်ချင်းကိုင်လိုက်သည်။ “ကျေးဇူးတင်ပါတယ် သခင်လေးကောင်း”

“ကောင်းဖန်လို့ပဲ ခေါ်ပါ” ကောင်းဖန်က လက်ကာပြရင်း ပြောလိုက်သည်။

လော့ကျန်းသည် တစ်ခုတော့ သိချင်နေမိသည်။ တကယ်လို့ ထိုသတင်းသာ ထွက်သွားခဲ့ပါက ကောင်းဖန်သည် အလွန်နာမည်ကြီးသွားမည် ဖြစ်သည်။ သို့သော်သူသည် သိုသိုသိပ်သိပ်နေချင်သည့် ပုံစံ ဖြစ်နေသည်။

“လောလောဆယ်တော့ ကျွန်တော်က နိုင်ငံတာဝန်ကူထမ်းပေးတဲ့ ပြည်သူတစ်ယောက်ပါပဲ.. ဒီနတ်ဘုရားအဆင့် မကောင်းဆိုးဝါးကြီးကို ရှင်းပစ်နိုင်ခဲ့ရင်တောင် ကွန်မန်ဒါလော့ကပဲ ရှင်းလိုက်တယ်လို့ နာမည်ခံပေးလိုက်ပါ”

လော့ကျန်းသည် အရမ်းတော့ မပျော်သွားပါချေ။ တိတိကျကျပြောရလျှင် သူသည် အခံရပင် ခက်သွားသေးသည်။ ကောင်းဖန်သည် ထိုထက်ကြီးမားသော အရာကို ရယူချင်နေသည် မဟုတ်ပါလား။

သို့သော် လော့ကျန်းတွင် ရွေးချယ်စရာ မရှိတောပါချေ။ သူသည် အရာရှိများကို ခဏထွက်ခိုင်းလိုက်ပြီး ကောင်းဖန်နှင့် တိတ်တဆိတ် ဆွေးနွေးလိုက်သည်။ “တစ်ခုခုလိုချင်တာရှိရင် ပွင့်ပွင့်လင်းလင်းပြော—”

“ခင်ဗျားက အောင်မြင်ချင်တယ်.. ကျုပ်က ဆုရချင်တယ်.. ကျုပ်က ဒီကိစ္စနဲ့ပတ်သက်ပြီး နာမည်မယူပေမယ့် အနိုင်ရတယ်ဆိုတဲ့ ဂုဏ်ကိုပဲ လိုချင်တာ.. နားလည်ပေးနိုင်မယ် ထင်ပါတယ်”

လော့ကျန်းသည် အနည်းငယ် ရှုပ်ထွေးသွားသော်လည်း ရွေးချယ်စရာ မရှိသောကြောင့် သဘောတူလိုက်ရသည်။ “ကောင်းပြီလေ.. ဘာထပ်လိုသေးလဲ”

“အခုတော့ မလိုသေးဘူး.. ဒါပေမယ့် တစ်ခုခု လိုအပ်ခဲ့ရင် ပြောပါ့မယ်” ကောင်းဖန်သည် ထိုရုပ်တုကြီး၏ ပျော့ကွက်မှာ လျှပ်စီးဖြစ်ကြောင်း သိထားသော်လည်း ဘာမှမပြောလိုက်ချေ။

ရုပ်တုကြီးသည် သူ့ကိုတားထားသောအရာများကို ဖြတ်တောက်ပြီး ထွက်သွားဖို့ ပြင်နေသည်။

ရုတ်တရတ် သူ၏နောက်မှ လျှပ်စစ်စီးသံကြီးကို ကြားလိုက်ရသည်။ လျှပ်စီးများသည် လေထဲတွင် အသံကျယ်ကြီးများဖြင့် လွင့်ပျံနေကာ သူ၏ ခြေထောက်မှနေပြီး အခိုးအငွေ့များ ထွက်နေသည်။

ရုပ်တုကြီးသည် မိုးကြိုးခွံသားရဲဘက်သို့ ဖြေးညင်းစွာ လှည့်လိုက်သည်။ သူသည် စိတ်တိုနေပြီ ဖြစ်ပြီး ထွက်သွားလို့လည်း မရသေးချေ။

ထို့ကြောင့် သတိပင်မပေးပဲ မိုးကြိုးခွံသားရဲဆီသို့ တစ်ဟုန်ထိုး တိုက်ခိုက်လိုက်သည်။ သူသည် ဓားကြီးကို မြေကြီးတွင် တရွတ်ဆွဲလိုက်သောကြောင့် မြေပြင်တွင် အလင်းပွားကြီးများ ဖြစ်ပေါ်နေသည်။ သူသည် ပိုပြီးပင် မြန်ဆန်လာကာ မိုးကြိုးခွံသားရဲကြီးဆီသို့ ဟာရီကိန်းမုန်တိုင်းကြီးနှယ် တိုက်ခိုက်လိုက်သည်။ လေပြင်းများတိုက်ခိုက်လာသောကြောင့် အမှိုက်သရိုက်များသည် လေထဲတွင် လွင့်ပျံနေသည်။

မိုးကြိုးခွံသားရဲကြီးသည် တည်ငြိမ်စွာပင် ရှိနေကာ ကောင်းဖန်၏ မျက်လုံးထဲတွင် လျှပ်စီးတိုင်ကြီး နှစ်တိုင်လို တည်ရှိနေသည်။ ထို့နောက် သန့်စင်သော လျှပ်စီးလုံးကြီးသည် သူ၏ လက်သည်းများကြားမှ ဖြစ်ပေါ်လာသည်။ လေများတိုက်ခတ်နေသည့် ကြားထဲမှပင် ထိုအလုံးကြီးသည် လည်ပတ်လာသည်။ ထိုအလုံး၏ ကိုယ်ထည်မှ တစ်ဆင့် အားပြင်းသော လျှပ်စစ်များ ထွက်ပေါ်လာသည်။

သူသည် အလွန်မြန်သော အလျင်ဖြင့် စပြီး တိုက်ခိုက်လိုက်သည်။ လျှပ်စီးစွမ်းအင်များသည် မြေပြင်ပေါ်တွင် မြွေကြီးများလို တွန့်လိမ်ကာ ရုပ်တုဆီသို့ ဦးတည်နေကြသည်။

ရုပ်တုဘုရင်က ဘာမှမလုပ်လိုက်ရသေးခင်မှာပင် မြင်းကြီးသည် လေထဲသို့ ပေ ၃၀ ကျော် ခုန်လိုက်သည်။ အလွန်မြန်ဆန်လွန်းသောကြောင့် အရိပ်ဟုပင် ထင်ရသည်။

မြေပြင်ဆီမှ လျှပ်စစ်မြွေကြီးများသည် လေထဲသို့ ချက်ချင်းခုန်တက်သွားသည်။ သူတို့သည် သံလိုက်နောက်သို့ လိုက်နေသည့် သံများနှင့်ပင် တူသေးသည်။ စက္ကန့်ပိုင်းအတွင်းတွင် သူတို့သည် မြင်း၏ခြေထောက်များနှင့် တွဲဆက်သွားသည်။

ချက်ချင်းပင် ခြေထောက်သည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

ထို့နောက် လျှပ်စစ်မြွေများသည် ပေါင်းစည်းသွားပြီး ကွန်ယက်တစ်ခု ဖန်တီးလိုက်ကာ ရုပ်တုကြီးကို လှုပ်မရအောင် လုပ်လိုက်သည်။

ရုပ်တုကြီးကို ချုပ်လိုက်ပြီးသောအခါ မိုးကြိုးခွံသားရဲကြီးသည် မြေကြီးဆီသို့ ကြီးမားသော အားအင်ကြီးဖြင့် ဆွဲယူလိုက်သည်။

ရုပ်တုကြီးသည် ပလာဇာ၏ အလယ်တွင် အသံကျယ်ကြီးဖြင့် ပြုတ်ကျလာသည်။

မီးခိုးများကင်းစင်သွားသောအခါ ရုပ်တုကြီးသည် မြေပြင်ပေါ်တွင် လူးလိမ့်နေကာ ထွက်ပြေးဖို့ ကြိုးစားနေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။

မိုးကြိုးခွံသားရဲကြီးသည် အစွမ်းကို ထပ်မြှင့်လိုက်သည်။ မရေမတွက်နိုင်အောင် များပြားသော လျှပ်စီးကွန်ယက်များသည် ရုပ်တုကြီးဘေးတွင် ထပ်ပေါ်လာကာ သန့်စင်သောစွမ်းအင်များဖြင့် ရုပ်တုကြီးကို ထပ်ရစ်ပတ်လိုက်သည်။

ရုပ်တုကြီးသည် မည်မျှပင် သန်မာပါစေ ယခုတော့ မလှုပ်နိုင်တော့ပြီ ဖြစ်သည်။ ပညာရှိဘုရင်ကြီးသည် ယခုတော့ သောင်တင်နေသော ဝေလငါးကြီးလို ဖြစ်နေသည်။

သူသည် နောက်ဆုံးကြိုးစားသည့်ပုံစံဖြင့် ဓားကြီးကို မြှောက်လိုက်သေးသည်။ သို့သော် ဓားကြီးသည် လေထဲတွင် ရပ်တန့်သွားပြီး လက်ကြီးသည် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျလာသည်။

“တိုက်ပွဲပြီးပြီ”

ကောင်းဖန်သည် အံ့ဩနေသည်။ သူ့ကို ဒီလောက်ထိ စွမ်းအားပြင်းမှန်း မသိခဲ့ပါချေ။

***

သားရဲလေ့ကျင့်သူ ။ အခန်း ၂၉၀ ချုပ်နှောင်ခြင်း

ကြေးနီသည် အကောင်းဆုံး လျှပ်ကူးနိုင်သော လျှပ်ကူးပစ္စည်း ဖြစ်သည်။ ထို့ကြောင့် ရုပ်တုကြီးသည် လျှပ်စစ်စီးနေပြီး လှုပ်မရတော့ခြင်း ဖြစ်သည်။ လျှပ်စီးများသည် အလွန်ပင် စွမ်းအားပြင်းကာ သိပ်သည်းမှုများသောကြောင့် ရုပ်တုကြီးကို မြေပြင်ပေါတွင် ထူထဲသော ချိန်းကြိုးကြီးများနှင့် ချုပ်ထားသည့်နှယ် ဖြစ်နေခြင်းပင်။

တိုက်ပွဲသည် လော့ကျန်းတစ်ယောက် တိုက်ပွဲဗျူဟာအတွက် ဘာမှအကြံမထုတ်လိုက်နိုင်ခင်မှာပင် ပြီးဆုံးသွားသည်။

သူသည် ကောင်းဖန်နှင့် မိုးကြိုးခွံသားရဲကြီးကို မယုံစွာဖြင့် ကြည့်မိလိုက်သည်။ သူသည် တစ်ခုခု ပြောဖို့ ကြိုးစားနေသော်လည်း ဘာစကားမှ ထွက်မလာပဲ ဖြစ်နေသည်။

အရာအားလုံးသည် အလွန်ပင် လွယ်ကူမြန်ဆန်လွန်းလှသည်။

သူသည် လေးနက်စွာ တွေးလိုက်ပြီး သိလိုက်သည်။ ရုပ်တုကြီးသည် ပျော့ညံသောကြောင့် ရှုံးနိမ့်သွားခြင်း မဟုတ်ပဲ မိုးကြိုးခွံသားရဲကြီးက အစွမ်းထက်ခြင်း ဖြစ်သည်။ ကောင်းဖန်၏ ကိုယ်ပိုင်သားရဲ ဖြစ်သောကြောင့် ကြိုတင်ခန့်မှန်းနိုင်သည် ဆိုသော်လည်း ထိုကဲ့သို့ ဘုရင်ရုပ်တုကြီးကို မျက်စိတစ်မှိတ်အတွင်း ရှင်းလိုက်နိုင်သည် မဟုတ်ပါလား။

[သားရဲအမည်]: သက်ရှိကြေးရုပ်တုကြီး (ပညာရှိဘုရင်)

[သားရဲအခြေအနေ]: အနည်းငယ် ထိခိုက်ထား (မေ့မြောလျက်ရှိ)

ရဲအရာရှိတစ်ယောက်က သူ၏ နားနားသို့ ကပ်ပြောလိုက်သည်။ “ဆရာ.. ရုပ်တုကြီးက ခုနက ကျွန်တော်တို့နဲ့ တိုက်ခိုက်ထားလို့ အားကုန်သွားတာများလား”

လော့ကျန်းက တစ်ချက်ပြုံးလိုက်သည်။ “အဲဒါဆိုလည်း ကောင်းဖန်နေရာမှာ မင်းသွားနေလေ”

ထိုသူသည် တစ်ချက်တွန့်သွားသည်။ သူသည် ကောင်းဖန်နှင့် ယှဉ်လျှင်တော့ အစွမ်းချင်းကွာလှကာ သူသည် နားလည်သဘောပေါက်စွာဖြင့် ပါးစပ်ပိတ်လိုက်သည်။

ကောင်းဖန်တွင် အလွန်ကောင်းသော အကြားအာရုံရှိသည်။ သူသည် လော့ကျန်းနှင့် ၆၅ အကွာခန့်တွင် ရှိနေသော်လည်း ပြောနေသည့်စကားများကို ကြည်လင်ပြတ်သားစွာ ကြားနေရသည်။

သူသည် လော့ကျန်းကို လေးစားသွားသည်။ သူသည် လူတော်တစ်ယောက်ပါပင်။ လော့ကျန်းသည် သဘောတူညီချက်ကို ဖျက်လျှင်တောင် ကောင်းဖန်သည် ဘာမှဖြစ်မည် မဟုတ်ပေ။ မိုးကြိုးခွံသားရဲသည် လျှပ်စီးထုတ်လုပ်မှုကို ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ရုပ်တုကြီးသည် ချက်ချင်းလှုပ်ရှားလာသည်။

ကောင်းဖန်သည် ရုပ်တုကြီး၏ အံ့ဩဖွယ် ကာကွယ်မှုကြီးကို မလေးစားပဲ မနေနိုင် ဖြစ်သွားသည်။ ရုပ်တုကြီးသည် လျှပ်စစ်တိုက်ခိုက်မှုပေါင်းများစွာကို ခံထားရပြီးသည့်တိုင် ခြစ်ရာလေးတစ်ခုပင် ဖြစ်မသွားချေ။ သူသည် လျှပ်စီးတွင် ပျော့ကွက်ရှိသော်လည်း မာကျောမှုမှာတော့ အလွန်မြင့်မားပုံရသည်။

သူ့တွင် ပျော့ကွက်များ မရှိသည်တော့ မဟုတ်ပါချေ။ လျှပ်စီးများကို ပျော့ကွက်ရှိခြင်းကြောင့်သာ သူသည် ယခုလို ရှုံးနိမ့်ရခြင်း ဖြစ်သည်။ ထို့ကြောင့် အခြားသော ပျော့ကွက်များသာ ထပ်ပေါ်ပေါက်လာပါက သူသည် ယခုလောက်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ကောင်းဖန်သည် ထိုကဲ့သို့ ပျော့ကွက်သိသာသော နတ်ဘုရားအဆင့် မကောင်းဆိုးဝါးများကို အထင်မကြီးပါပေ။

နတ်ဘုရားအဆင့်သားရဲကို ဧကရာဇ်အဆင့်သို့ မြှင့်မည်ဆိုပါက အချိန်များစွာ ကြာမည် ဖြစ်သည်။ သူကဲ့သို့ ရုပ်တုများသည် ကမ္ဘာအနှံ့ရှိသည်ဖြစ်ရာ သူ့အတွက် ပို‌အဆင်ပြေနိုင်မည့် သားရဲကို ထပ်ရှာ၍ ရသေးသည်ပင်။

ထို့အပြင် ထိုကဲ့သို့ ကြီးမားသော ရုပ်တုကြီးကို တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းထိ သယ်ဖို့ကလည်း အဆင်မပြေနိုင်ပေ။ သူ့ကို လျှပ်စီးများဖြင့် တောက်လျှောက် ဖမ်းချုပ်ထားမှ ရမည်ဖြစ်သောကြောင့် ပုံမှန်ကားနှင့်လည်း သယ်၍ မရနိုင်ပေ။ ကားက လျှပ်စစ်ဒဏ်ကို ခံနိုင်သည် ဆိုလျှင်တောင် သာမာန်သူကတော့ ကားကိုမောင်းနိုင်မည် မဟုတ်ပေ။

ထိုသို့ဖြင့် တောင်ပိုင်းကောင်းကင်သည် ရုပ်တုကြီးကို သယ်ရန် အထူးပြုပြင်ထားသော ကားကို ပြင်ဆင်လိုက်ရသည်။ ကွန်တိန်နာကြီးကို အထူးပြုလုပ်ထားသော အစိတ်အပိုင်းများ ထည့်သွင်းထားပြီး အထဲတွင်တော့ ဒဏ်ခံနိုင်သော ဂုဏ်သတ္တိများပါသည် အခံများ ထည့်ထားရသည်။

ရုပ်တုကြီးကို ကွန်တိန်နာထဲထည့်လိုက်ပြီးသည်နှင့် မိုးကြိုးခွံဘုရင်က အနောက်မှ ကပ်၍ လျှပ်စီးစွမ်းအင်များဖြင့် ချုပ်ကာ လိုက်လာသည်။

တစ်နာရီကြာပြီးနောက် အိမ်ပြန်ရောက်ခါနီးပြီ ဖြစ်သည်။ ထိုအချိန်တွင် မိုးကြိုးခွံသားရဲ၏ ကျောမှ ခရမ်းရောင်အလင်းသည် အတော်ပင် အရောင်ဖျော့နေပြီ ဖြစ်သည်။ သူ၏ လက်သည်းများသည် ကြမ်းပြင်ကို ခပ်ဖွဖွ တောက်လျက် “နားချင်နေပြီ” ဟုပြောလိုက်သည်။

ကောင်းဖန်သည် သူ၏ ပင်ပန်းမှုကို နားလည်လေသည်။ နတ်ဘုရားအဆင့်သားရဲကို တောက်လျှောက်ချုပ်နှောင်ထားဖို့မှာ လွယ်ကူသော ကိစ္စ မဟုတ်ပါပေ။

သူတို့တောင်ပိုင်းကောင်းကင် ဆီသို့ရောက်သောအခါ ရုပ်တုကို စစ်ဆေးလိုက်ကြသည်။ ရုပ်တုကြီးသည် အနည်းငယ် တိုက်ခိုက်ချင်နေသေးသလို ရှိသော်လည်း ရုတ်တရတ် တိတ်ဆိတ်‌သွားသည်။

နောက်ဆုံးတွင် ရုပ်တုကြီးကို ရေကန်နားတွင် ချလိုက်သည်။ ထရပ်ကားမောင်းသူသည် မချလိုက်ခင် ရုပ်တုကြီးကို စူးစမ်းကြည့်လိုက်သေးသည်။

ယ‌ခုတော့ အားလုံး ရှိနေပြီ ဖြစ်သောကြောင့် မိုးကြိုးခွံသားရဲလည်း အနားယူနိုင်တော့မည် ဖြစ်သည်။

သူ့ကို ချုပ်နှောင်ထားသော လျှပ်စီးချိန်းကြိုးများ ပြေလျော့သွားသည်ကို သတိပြုမိလိုက်သောကြောင့် ရုပ်တုသည် ထထိုင်လိုက်သည်။ သူ၏ ခြေထောက်များသည် မြင်း၏ ဘေးတွင် ကော်နှင့် ကပ်ထားသည့်အလား ရှိနေသည်။

သူသည် ဓားကို မြဲစွာကိုင်လိုက်ပြီး မိုးကြိုးသားရဲဆီ တစ်ချက်ကြည့်လိုက်သည်။ သူသည် မျက်လုံးများကို မှေးစင်းလိုက်ပြီးနောက် ကောင်းဖန်ရှိရာသို့ ရုတ်တရတ် လှည့်ခုတ်လိုက်သည်။

ကောင်းဖန်သည် ဓားကို ဘယ်လက်ဖြင့် အေးအေးဆေးဆေးပင် ကာဆီးလိုက်သည်။

ထို့နောက် ဓားကို ပြန်တွန်းထုတ်လိုက်ကာ ရုပ်တုသည် နောက်သို့ပင် ပြန်လဲတော့မလို ဖြစ်သွားသည်။

ရုပ်တုသည် နားကွဲမတတ် အော်သံကြီးကို ပြုလိုက်ပြီး ထပ်တိုက်လိုက်ပြန်သည်။ ထိုအော်သံကြီးသည် အဝေးမှ တောင်တန်းများဆီသို့ပင် ပဲ့တင်ထပ်သွားသည်။

ထိုအချိန်တွင် ကြေးနီရုပ်တုကြီးသည် အသားအရေများသည် တွန့်လာပြီး သူသည်လည်း လဲပြိုတော့မလို ဖြစ်သွားသည်။ သူသည် ရုတ်ချည်းပင် အားနည်းလာပြီး သူ့ကို တစ်ယောက်ယောက်က စုတ်ဖြဲနေသလို ခံစားနေရသည်။

တောင်တန်းများကြားတွင် ကြီးမားသော ခေါင်းကြီး ထွက်လာပြီး ရုပ်တုကြီးကို စိုက်ကြည့်လိုက်သည်။

ကြီးမားသော အပေါက်ကြီးသည် ရုပ်တု၏ ခြေရင်းနားတွင် ပေါ်ပေါက်လာသည်။ သူသည် အချိန်မီ မထွက်ပြေးလိုက်နိုင်ပဲ သူ၏ ခြေချင်း၀တ်မှ စ၍ မြေကြီး၏ ဝါးမျိူမှုကို ခံလိုက်ရသည်။ မြေဆီလွှာများသည် ရုပ်တုကြီးကို တစ်ဆင့်ပြီး တစ်ဆင့် ဝါးမျိုနေသည်။ ကြီးမားသော အသားလုံးကြီးကို မြင်နေရသလိုပင်။

အက်ကွဲကြောင်းများသည် မြေပေါ်တွင် ပေါ်ပေါက်လာပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်။ ‌မြေဆီလွှာများသည် ထပ်ဝါးမျိုနေပြန်သည်။

တဖြည်းဖြည်းနှင့် ရုပ်တုကြီးသည် ပေ ၆၀ အကျယ်ရှိသော မြေလုံးကြီးထဲတွင် အလုံးစုံ ဝါးမျိုခံလိုက်ရသည်။

ထိုမြေလုံးကြီးသည် အစင်းလေးရှိရာသို့ လိမ့်သွားကာ တဖြည်းဖြည်းနှင့် သူ့အနီးနားတွင် ရပ်သွားသည်။ အစင်းလေးသည် ထိုမြေလုံးကြီးပေါ်တွင် ကြက်မများ ဥ၀ပ်သကဲ့သို့ ထိုင်လိုက်သည်။

မဟာမိတ်အစိုးရနှင့် တောင်ပိုင်းကောင်းကင်တို့၏ ပူးပေါင်းလုပ်ဆောင်မှုဖြင့် ထိုအခြေအနေကြီးသည် မြန်မြန် အဆုံးသတ်သွားသည်။

ပုံမှန်အားဖြင့် မဟာမိတ်အစိုးရအဖွဲ့သည် ထိုအကြောင်းကို သိပ်ပြီး လူသိမခံလိုပေ။ တောင်ပိုင်းကောင်းကင်အဖွဲ့သည် နတ်ဘုရားအဆင့်သားရဲကို ထပ်ရသွားပြန်ပြီ မဟုတ်ပါလား။

သို့သော် ဧကရာဇ်အဆင့် သားရဲအကြောင်းများသည် တောမီးလို ချက်ချင်း ပျံ့သွားသည်။ ထိုကဲ့သို့ သတင်းများကို လူများကလည်း စိတ်ဝင်စားကြသည် မဟုတ်ပါလား။

ကောင်းဖန်သည် တစ်ချက်စုံစမ်းကြည့်လိုက်သောအခါ ကမ္ဘာပေါ်ရှိ ရုပ်တုအားလုံးသည် အသက်၀င်နေသည်ကို တွေ့လိုက်ရသည်။ ရုပ်တုကို ပြုလုပ်ထားသော ပစ္စည်းပေါ်မူတည်ပြီး စွမ်းရည်များလည်း ကွဲပြားကြလေသည်။

ကောင်းဖန်တွင် ကြီးမားသော စိုးရိမ်မှုတစ်ခု ရှိနေသည်။ ဟွမ်ရှန်ဗုဒ္ဓရုပ်တုကြီးသည် သက်၀င်လှုပ်ရှားတော့ လက္ခဏာများ ပြနေသောကြောင့် ဖြစ်သည်။ ထိုရုပ်တုကြီးသည် ပါ့ရှူးတွင် တည်ရှိပြီး ယွီကျိုးနှင့် စုကျိုး မြို့ခြေများနှင့် နီးကပ်မှု ရှိသည်။

ထိုရုပ်ထုကြီးသည် ဟွာရှားဒေသတွင် အကြီးဆုံး မဟုတ်သော်လည်း အကြီးဆုံး ၅ ခုထဲတွင် ပါ၀င်သည်။ ပိုအရေးကြီးသည်မှာ ထိုရုပ်တုတွင် အခြားသော ဗုဒ္ဓရုပ်တုများနှင့် မတူညီသည့် သမိုင်းကြောင်း ရှိနေခြင်း ဖြစ်သည်။ ထိုရုပ်တုကို ထန်မင်းဆက်တွင် ထုလုပ်ခဲ့ပြီး နှစ်ပေါင်းထောင်ချီကတည်းက ရှိနေခဲ့ရာ ကမ္ဘာလှည့် ခရီးသွားများ၏ အထင်ကရ အလည်အပတ်နေရာ ဖြစ်ခဲ့သည်။

တင်ပြချက်များအရ ထိုရုပ်တုသည် မင်မြစ်၊ ကျင်ယီမြစ်နှင့် တာ့တုမြစ်တို့ ဆုံစည်းရာတွင် တည်ရှိခြင်း ဖြစ်သည်။

ဒဏ္ဍာရီများအရ ထိုနေရာသည် ရုပ်တု မရှိခင်ကတည်းက ရှိနေခြင်း ဖြစ်ပြီး ရေစီစအလွန်သန်သည်ဟု ဆို၏။ ထိုရုပ်တုထုလုပ်ပြီးနောက်တွင် ရေစီးမသန်တော့ဟု ဆို၏။

“သခင်လေးကောင်း.. မကြာသေးခင်က ဗုဒ္ဓရုပ်တုနားမှာ ရိုက်ထားတဲ့ ပုံတစ်ပုံ ရှိပါတယ်” ဟွမ်းယာက ကောင်းဖန်ကို ပြလိုက်သည်။ ပုံထဲတွင် ဗုဒ္ဓရုပ်တုသည် တည်ငြိမ်အေးချမ်းစွာပင် ပြုံးနေသည်။ မြစ်ရေပြင်ကလည်း မှန်တစ်ချပ်လို ချောမွတ်နေသည်။

***

သားရဲလေ့ကျင့်သူ ။ အခန်း ၂၉၁ ရုပ်တုက ဘာကြိုက်လဲ

ကောင်းဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဓာတ်ပုံကို မည်မျှပင် ကြည့်နေကာမူ မသင်္ကာစရာ တစ်စုံတစ်ရာ မတွေ့မိပေ။ ဗုဒ္ဓရုပ်တုသည် သာမာန် ကျောက်ရုပ်တုကြီးသာ ဖြစ်သည်

ဒေသ၏ ပထဝီအနေအထားသည် ကပ်ဆိုးကြီးအပြီးတွင် အများကြီး ပြောင်းလဲသွားခဲ့သည်။ ယန်ကျဲမြစ်သည် မငြိမ်မသက် ဖြစ်လာကာ၊ တောင်များကလည်း ပိုမတ်စောက်လာပြီး အတော်များများ ပုံစံပြောင်းသွားခဲ့သည်။

မင်မြစ်နှင့် တာ့တုမြစ်မှ မြစ်ရေများသည်ပင် ကပ်ဆိုးကြီးအပြီးတွင် ပိုများလာသလို ဖြစ်နေသည်။

တည်ငြိမ်နေသော မြစ်သုံးစင်း၏ ပုံစံသည် ကောင်းဖန်စိတ်ထဲတွင် မသင်္ကာစရာ ဖြစ်နေသည်။

သူသည် ဓာတ်ပုံကို ချလိုက်ကာ ဆက်ပြီး စုံစမ်း ရှာဖွေနေလိုက်သည်။

ဗုဒ္စရုပ်တု၏ နိုးထလာခြင်းသည် ဟွာရှားဒေသတစ်ခုလုံးတွင် ပျံ့နှံခဲ့သော သက်ရောက်မှုတစ်ခုဖြစ်ပေါ်စေသည့် အဖြစ်အပျက် တစ်ခုကြောင့် ဖြစ်သည်။

ထိုအဖြစ်အပျက်သည် ပင်စီရင်စုရှိ ယွန်းချမ်အခြေမြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယွန်းချမ်မြို့သည် ကျင်းယန်မြို့တော်၏ မြောက်ပိုင်းတွင် တည်ရှိကာ ဟွာရှားဒေသ၏ မြို့ခြေအငယ်များတွင် တစ်ခု အပါအ၀င်ဖြစ်သည်။

ယွန်းချမ်မြို့၏ အနောက်ဘက် မိုင်အနည်းငယ်ကွာဝေးသော နေရာတွင်ရှိပြီး ယွန်းကန်လှိုဏ်ဂူဟု နာမည်ကြီးသည်။

ထိုနေရာသည် ဆန်းကြယ်သော ဗုဒ္ဓရုပ်တုများကြောင့် နာမည်ကြီးခြင်း ဖြစ်သည်။

ထိုနေရာတွင် လှိုဏ်ဂူ ၅၃ ခုရှိပြီး ဗုဒ္ဓရုပ်တုပေါင်း အနည်းဆုံး ၅၀၀၀၀ ကျော် ရှိသည်။

ထိုသို့ဖြင့် တစ်ညတွင် ဗုဒ္ဓရုပ်တုများအားလုံး အသက်၀င်လာသည်။

ရွှေရောင်အလင်းတန်းသည် လှိုဏ်ဂူများထံမှ မိုင်ပေါင်းများစွာထိ ဖြန့်ကျက် ပေါ်ထွက်လာသည်။ ထိုသို့ဖြင့် ဂူများထဲမှာ ရုပ်တုများသည် အသက်၀င်လာခြင်စ ဖြစ်သည်။

ထိုနေရာတွင် ဘာဖြစ်သွားသည်ကို မည်သူမျှ မသိကြပါချေ။ သို့သော် ထိုကဲ့သို့ ထူးခြားသည့် သဘာ၀လွန် အဖြစ်အပျက်သည် ဟွာရှားဒေသတစ်ခွင်ကိုတော့ တုန်လှုပ်သွားစေခဲ့တာ အသေအချာဖြစ်သည်။

ကောင်းဖန်ရရှိလိုက်သော အချက်အလက်အရ ဟွာရှားဒေသ၏ မဟာမိတ်အစိုးရသည် ထိုလှိုဏ်ဂူဒေသမှ အသက်၀င်လာသော ရုပ်တုများအကြောင်းကို စုံစမ်းရန် အဖွဲ့တစ်ဖွဲ့အား စေလွှတ်ခဲ့ပြီး ဖြစ်သည်။

အခြားသောဒေသများတွင်လည်း ထိုကဲ့သို့အလားတူ ကိစ္စများ ဖြစ်နေကြသည်ဖြစ်ရာ ဟွာရှားဒေသသည်လည်း ထိုကိစ္စကို ကိုယ့်ဟာကိုယ် ဖြေရှင်းရမည်ဖြစ်သည်။

ရုပ်တုများသည် ကမ္ဘာအဝှမ်း အသက်၀င်လာကြပြီ ဖြစ်ရာ သမိုင်းကြောင်းကြီးမားသည် ရောမနှင့် အီဂျစ်တို့တွင် ပို၍ဆိုးလေသည်။

မဟာမိတ်အစိုးရအဖွဲ့သည် အခြေအနေကို မထိန်းချုပ်နိုင်တော့သောအခါ ကောင်းဖန်ကို တွေးမိကြသည်။ တကယ်တော့ ကမ္ဘာပေါ်ရှိနိုင်ငံများအားလုံးသည် ကမ္ဘာသစ် မဟာမိတ် အစိုးရအဖွဲ့ကို အတူတကွ ဖွဲ့ပြီး လူသားများကို ကာကွယ်ရန် ဆုံးဖြတ်ထားခဲ့ကြသော်လည်း ကမ္ဘာကြီးသည် အလွန်မြန်ဆန်စွာ ပြောင်းလဲနေသောကြောင့် လိုက်မမှီနိုင် ဖြစ်နေကြသည်။

လူသားများသည် အစားအစာ ရင်းမြစ် မရှိမဖြစ်ခြင်း၏ အဓိက အကြောင်းရင်းများလည်း ဖြစ်ကြသည်။ ထို့ကြောင့် ထို့ကြောင့် ကမ္ဘာ‌ကြီးပြောင်းလဲလာနေမှုသည် ထိုကိစ္စကို ခြိမ်းခြောက်လာနေသည်။

ကောင်းဖန်သည် ထိုအတွေးများဖြင့် နစ်‌မွန်းနေမိသည်။

“တော်တော်ဆိုးတာပဲ.. ရုပ်တုတွေက ဘာကိစ္စ အသက်၀င်လာရတာလဲ” ကောင်းဖန်က ရေရွတ်လိုက်သည်။

သို့သော် ထိုကိစ္စကို ညည်းညူနေလို့လည်း အကျိုးမထူးပါချေ။ ကောင်းဖန်သည် ထိုကိစ္စကို လက်ခံပြီး ကိုယ့်ကိုကိုယ် ပိုသန်မာလာအောင် လုပ်ဖို့သာ ရှိတော့သည်။

သူသည် အစွမ်းကုန် ကြိုးစားနေသရွေ့တော့ သူချစ်ရသော သူများကို ကာကွယ်နိုင်မည် ဖြစ်သည်။

“လုပ်ထားကြဦးပေါ့ကွာ.. ငါ့ရဲ့ ကိုယ်ပိုင်သားရဲတွေက မင်းတို့ထက် ပိုပြီးမြန်မြန် တိုးတက်သွားနိုင်မလား ကြည့်ကြသေးတာပေါ့” ကောင်းဖန်က ရေရွတ်လိုက်သည်။

ကောင်းဖန်သည် နတ်ဘုရားအဆင့်သားရဲကိုတော့ တစ်ခါမှ စမ်းသပ်မှု မလုပ်ခဲ့ဖူးပေ။ ကြေးရုပ်တုကြီးက သူ့အတွက် ပထမဆုံး ဖြစ်သည်။

ကြေးရုပ်တုကြီးသည် ဟိတ်ဟန်ကြီးမားသည့်ပုံ ရှိသော်လည်း တကယ်တမ်းတော့ အရမ်း စွမ်းအားမကြီးပါချေ။

သူသည် သူ့ကို သွားမဆွပါက မည်သူ့ကိုမျှ တိုက်ခိုက်မည် မဟုတ်ပေ။ သူ၏ သည်းခံနိုင်စွမ်းကို ကောင်းဖန်က စိတ်၀င်စားနေမိသည်။

သုတေသန လုပ်ပြီးသောအခါ ကောင်းဖန်သည် ရုပ်တုကြီးက စီးပွားရေးခရိုင်မှ သူတစ်ယောက်ကို သတ်ခဲ့ကြောင်း သိလိုက်ရသည်။ ထိုသူကိုတော့ ကြွေထည်ဆိုင်ထဲတွင် ပြန်ရှာတွေ့ခဲ့သည်။

ထိုအချက်များမှာ ကောင်းဖန်တစ်ယောက် ရုပ်တုအကြောင်း သိထားသမျှ အချက်များဖြစ်သည်။ လော့ကျန်းကတော့ ထိုရုပ်တုသည် အလွန်ဒေါသကြီးသော နတ်ဘုရားအဆင့် သားရဲကြီး ဖြစ်ကြောင်း သတိပေးခဲ့သေးသည်။

“မင်းမထိန်းချုပ်နိုင်တော့ဘူးဆိုရင် ရဲဘက်ကို အချိန်မရွေးအပ်နိုင်ပါတယ်” လော့ကျန်းက အကြံပေးခဲ့သည်။

“ကျေးဇူးပါ.. မှတ်ထားလိုက်ပါမယ်” ကောင်းဖန်က ထိုသို့ ပြောပြီး ဖုန်းချလိုက်သည်။ ထိုနောက် သူသည် ကြေးရုပ်တုကြီးကို ထိန်းသိမ်းထားရန် ပြုလုပ်ထားသော ကျောက်ခေါင်းတလားကြီးကို လှည့်ကြည့်လိုက်သည်။

သူသည် ရုပ်တုကို စောင့်ကြည့်ခိုင်းထားရန် အစောင့်ထားဖို့ မလိုပေ။ အစင်းလေးသည် ရုပ်တုကြီးနှင့် နေ့တိုင်းနေပေးနေသည် မဟုတ်ပါလား။ အစင်းလေးပျင်းနေလျှင် ကောင်းဖန်က ရုပ်တုကြီးနှင့် ဆော့ခွင့်လည်း ပေးထားသေးသည်။

အဆောက်အအုံထဲတွင် ကြေးရုပ်တုကြီးသည် ငြိမ်သက်စွာပင် ရှိနေသည်။ သူသည် သူ့ကိုယ်သူ ကောင်းဖန်၏ အကျဉ်းသား ဖြစ်ကြောင်း လက်ခံလိုက်သည့် ပုံပင်။

[သားရဲအမည်] - သက်၀င်နေသော ကြေးရုပ်တု

[သားရဲအခြေအနေ] - ကျန်းမာမှုရှိ [တည်ငြိမ်]

[ကြိုက်နှစ်သက်မှု] - ၁။ ငြိမ်သက်စွာ ရပ်နေကာ ပုံမှန်ရုပ်တုကဲ့သို့ ဟန်ဆောင်ခြင်း ၂။ မကောင်းသူများကို ခေါင်းဖြတ်သတ်တတ်။

သက်၀င်နေသော ရုပ်တုသည် ပုံမှန် ရုပ်တုကဲ့သို့ တစ်နေကုန် ရပ်နေတာကို ကြိုက်ခြင်း.. ထိုအချက်သည် ဘာမှသံသယ၀င်စရာ မရှိပါချေ။ ကောင်းဖန်က တွေးလိုက်သည်။

ကောင်းဖန်သည် ကျောက်ခေါင်းတလားကြီးထဲသို့ ၀င်လိုက်ကာ ရုပ်တုကြီးကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။

ရုပ်တုကြီးသည် သူ၀င်လာသည်ကို ကြားဟန်မတူချေ။ သူသည် ဂုဏ်ယူ၀င့်ကြွားသော ဟန်ပန်ဖြင့် မြင်းပေါ်တွင်သာ ထိုင်နေသည်။

“ကျုပ်ပြောတာကြားလား” ကောင်းဖန်က မေးလိုက်သည်။

“…”

ကောင်းဖန်က ခေါင်းကို ရမ်းလိုက်သည်။ ထိုရုပ်တုသည် ဒေသအတွက် အလှထုလုပ်ထားခြင်း ဖြစ်သော်လည်း သူ့တွင် ရှေးကဘုရင်များ၏ ထီးနန်းဆန်သော အငွေ့အသက်များ ရှိနေသည်။

“လုပ်စရာ ရှိတာ လုပ်ပါ” ကောင်းဖန်က ထိုသို့ ပြောပြီး အဆောက်အအုံထဲမှ ထွက်သွားသည်။

နောက်တစ်နေ့တွင် ကောင်းဖန်သည် ကျောက်ခေါင်းတလားထဲသို့ ကြက် ၂ ကောင်ယူလာရန် အစေခံတစ်ယောက်ကို မှာထားလိုက်သည်။ နောက်တစ်ယောက်ကိုတော့ အစာရေစာ ခွက်များနှင့်အတူ ကြက်ခြံများ လုပ်ထားရန် မှာလိုက်သည်။

ကြေးရုပ်တုကြီးသည် မလှုပ်မယှက်ပင် ရှိနေသေးသည်။

ထိုရက်အတွင်းမှာပင် မြေပြင်သည် ကြက်ချေးများဖြင့် ညစ်ပေကုန်သည်။

ဆိုးဝါးသော အနံ့များသည် ရက်အနည်းငယ်အတွင်း မခံရပ်နိုင်အောင်ပင် ဆိုးဝါးလာသည်။ အချိူ့ကြက်များသည် ရုပ်တုခြေထောက်နားတွင်ပင် ‌အလေးစွန့်ထားကြသည်။

တစ်ပတ်ကြာသောအခါ မြေကြီးသည်ပင် ကြက်ချေးများနှင့် ပြည့်လာသည်။ ကြက်များသည် ရုပ်တုကြီး၏ ခြေထောက်တစ်ခုလုံးတွင် ပေပွနေအောင် အလေးစွန့်ထားကြသည်။ ထိုကြက်များအားလုံး အသက်ရှင်နေသေးသည်ကို ကောင်းဖန်က သတိထားမိလိုက်သည်။

ကြေးရုပ်တုကြီးသည် တစ်ပတ်လုံး မလှုပ်မယှက် ရှိနေသည်။

“ဒီရုပ်တုကြီးရဲ့ သည်းခံနိုင်စွမ်းကတော့ ငါတောင် အရှူံးပေးရတော့မယ် ထင်တယ်” ကောင်းဖန်က ရေရွတ်လိုက်သည်။

ထို့နောက်သူသည် ကြက်များကို ပြန်ထုတ်ခိုင်းလိုက်ပြီး ခေါင်းတလားကြီးအတွင်းကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်သည်။

‌ကောင်းဖန်သည် သူ၏ ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို ခေါင်းတလားကြီးအတွင်း ယူလာပြန်သည်။ သူသည် စမ်းသပ်နေစဉ်အတွင်း ရက်ပိုင်းလောက် ရုပ်တုကြီးနှင့် နေမည်ဟု ဆုံးဖြတ်လိုက်သည်။

အစင်းလေးကတော့ ပျော်နေလေသည်။

“ခွေးမည်းကြီးတွေရဲ့ သွေးနဲ့တောင် ဘာမှမဖြစ်ဘူးပေါ့..” ကောင်းဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် စမ်းသပ်မှုလုပ်နေစဉ်အတွင်းမှာတော့ ရုပ်တုကြီးနှင့် ပတ်သက်ပြီး မာကျောနိုင်စွမ်း၊ ခုခံမှု၊ လျှပ်စစ်ဒဏ်ခံနိုင်မှု စသည့် အချက်အလက်များကို စုဆောင်းနိုင်လိုက်သည်။

သူသည် သက်၀င်လှုပ်ရှားလာသော ရုပ်တုများအားလုံးတွင် တူညီသော ပျော့ကွက်များ ရှိကြောင်းကိုလည်း သိလိုက်ရသည်။

သူသည် ကြေးရုပ်တုကြီးကို လှုပ်ရှားလာနိုင်အောင် အမျိုးမျိုး ကြိုးစားမည်ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ ။ အခန်း ၂၉၂ ဗုဒ္ဓရုပ်တုများ

ရုပ်တုကြီးကို အနှောင့်အယှက်ပေးပြီး အသက်ဝင်နိုင်အောင် လုပ်နိုင်သည့်အရာတွင် ဒီကမ္ဘာတွင် မရှိတာလည်း ဖြစ်နိုင်သည်။ သူ့ကို အသက်သွင်းခဲ့သူမှာ ကပ်ဆိုးကြီးသာ ဖြစ်မည်ဟု ကောင်းဖန်က တွေးလိုက်သည်။

သူသည် ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို ယူလိုက်ကာ အစင်းလေးကို ပြောလိုက်သည်။ “အစင်းလေး.. မင်းကို ရုပ်တုကြီးနဲ့ ခဏထားခဲ့မယ်.. မင်းပျင်းရင် သူနဲ့ ခဏဆော့ချင် ဆော့နေနော်”

အစင်းလေးက ခေါင်းညိတ်လိုက်ပြီး ကောင်းဖန်ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

ကောင်းဖန်ထွက်သွားသောအခါ အစင်းလေးသည် ရုပ်တုကြီးကို ပုတ်လိုက် တို့လိုက် လုပ်လိုက်သည်။

ကောင်းဖန်သူ့ကို ပေးထားသော အရုပ်ကြီးသည် ပျော်စရာသိပ်မကောင်းပေ။ အစင်းလေးက ဘယ်လောက် ဆော့ဆော့ တုပ်တုပ်မှပင် မလှုပ်ပါချေ။

ထိုရုပ်တုကြီး၏ ပုံပန်းသွင်ပြင်ကြီးနှင့်ဆိုလျှင် အခြားသူများသည် ထိုကဲ့သို့ ထိပင်ထိရဲမည် မဟုတ်ပေ။

ကြေးရုပ်တုကြီးသည် အစင်းလေးကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ၏ တောင်ကြီးသဖွယ် ကြီးမားသော သဏ္ဍာန်ကြီးကို တိတ်တဆိတ် ကြည့်လိုက်သည်။

ငါ့ကို လာမစနဲ့ ပင့်ကူစုတ်..

အရုပ်အသစ်နှင့် ခဏတာဆော့ပြီးနောက်တွင် အစင်းလေးသည် သူ၏ ကြီးမားသော ခြေထောက်ကြီးဖြင့် ညင်သာစွာ ခေါင်းပုတ်လိုက်ပြီး အရုပ်ကို လှဲချလိုက်သည်။

“ဟေး.. ငါပြောတာကို ကြားရလား” အစင်းလေးက ပျော်ရွှင်စွာမေးလိုက်သည်။

မျိုးနွယ်တူသော သားရဲများသည် အချင်းချင်း ဆက်သွယ်လို့ ရကြသည်။

အစင်းလေးသည် ပင့်ကူဖြစ်သော်လည်း အခြားသော ကျောက်တုံးအမျိုးအစား သားရဲများနှင့် ဆက်သွယ်နိုင်လေသည်။ ထိုစွမ်းရည်သည် တောင်ဝိဉာဉ်ဘုရင်၏ အစွမ်းများကို စုပ်ယူပြီး ရရှိထားခြင်း ဖြစ်သည်။

ရုပ်တုကြီးကတော့ ပင့်ကူနှင့် ပတ်သက်ချင်ပုံမရပါပေ။

“ငါပြောနေတာတွေကို မင်းကြားနေရတယ်ဆိုတာ သိတယ်.. ငါက အပြင်က လူသားတွေရဲ့ ချီးကျုးတာကို မကြာခင်က တော်တော်လေး ခံခဲ့ရတယ်ကွ.. သူတို့က ငါ့ကို ကမ္ဘာပေါ်မှာ အကောင်းဆုံး ကိုယ်ပိုင်သားရဲတဲ့.. သူတို့ကိုလည်း အပြစ်မတင်နိုင်ပါဘူး.. အမှန်တွေပဲ မို့လို့လေ” အစင်းလေးသည် စကားပြောစရာအဖော်ရှိသောကြောင့် အလွန်ပင် ပျော်ရွှင်နေသည်။ သူသည် ရုပ်တုကြီးနားသို့ တိုးကပ်ပြီး ပျော်ရွှင်စွာ စကားပြောနေသည်။

သို့သော် ထိုစကားဝိုင်းသည် တစ်ဖက်သတ်သာ ဖြစ်ပြီး ကြေးရုပ်တုကြီးကတော့ တစ်ခွန်းပင် မဟပါချေ။

“သတ္တုကောင်ကြီး မင်းသိလား.. အဲဒီအချိန်က ငါ့ဘဝရဲ့ အကောင်းဆုံးအချိန်ပဲ” အစင်းလေးသည် ရုပ်တုကြီး၏ ခေါင်းကို ပုတ်ရင်းဖြင့် စိတ်အားထက်သန်စွာ ပြောနေလိုက်သည်။

ရုပ်တုကြီးကတော့ ငြိမ်သက်နေတုန်းပင် ဖြစ်သည်။

“ဟေး.. မင်းသိလား ကောင်းဖန်တစ်ခါတုန်းက ချန်အန်းမြို့ကနေ ယူလာပေးတဲ့ တီကောင်တွေက ငါစားဖူးသမျှထဲမှာ အရသာ အရှိဆုံးပဲ.. တစ်ခါမှ ဒီလောက်စားမကောင်းဖူးဘူး” အစင်းလေးက ဆက်ပြောလိုက်သည်။

“မင်းရော တီကောင်စားဖူးလား.. ဪ.. မင်းက သတ္တုလူသားဆိုတာ မေ့သွားတယ်.. မင်းက အစားအစားစရာ မလိုဘူးပေါ့နော်.. နှမြောစရာပဲ မင်းက အရသာ ဆိုတာကို ဘာမှန်းမသိဘူးပေါ့နော်”

ရုပ်တုကြီးသည် ဘာမှမပြောသေးပါချေ။

“မင်း ချန်အန်းမြို့ကို ရောက်ဖူးလား.. မင်းကတော့ တစ်ခါမှ ရောက်ဖူးမယ်မထင်ဘူး.. အဲဒီမြို့က ယွီကျိုးမြို့လောက်ကို ကြီးတယ်” အစင်းလေးက ပြောလိုက်သည်။

နောက်ဆုံးတော့ ရုပ်တုကြီးဆီမှ အသံထွက်လာသည်။ “မင်းပါးစပ်ပိတ်ထားပါတော့လား”

အစင်းလေးက ရုပ်တုကြီးကို အံ့ဩစွာကြည့်လိုက်သည်။ “မင်းကစကားပြောတတ်တာလား”

…

ထိုညတွင် ကောင်းဖန်သည် အခြားဒေသများမှ ရုပ်တုများအကြောင်းကို ရှာဖွေနေတုန်း အစင်းလေး၏ အသံကို ကြားလိုက်ရသည်။ “ကောင်းဖန်.. ငါ ရုပ်တုကို အနှောင့်အယှက် ပေးတာအောင်မြင်တယ်”

“ဘယ်လိုလုပ်လိုက်တာလဲ” ကောင်းဖန်သည် အလွန်အံ့ဩသွားသည်။ အစင်းလေးသည် သူတစ်ပတ်လုံးကြိုးစားနေသောအရာကို တစ်ရက်အတွင်း အောင်မြင်နိုင်ခဲ့သည် မဟုတ်ပါလား။

“ဘာမှမလုပ်ပါဘူး..နည်းနည်းပါးပါး စကားပြောရုံပါ” အစင်းလေးသည် ပျော်ရွှင်စွာပြောလိုက်သည်။ “သူကငါနဲ့ သူငယ်ချင်း ဖြစ်ချင်လို့ နေမှာပေါ့”

“ဟုတ်ပါပြီ ဒါနဲ့ သူအဲဒီနေ့က ဘာလို့ လူသတ်ခဲ့တယ်ဆိုတာရော မေးပြီးပြီလား”

“အဲဒီညတုန်းက လူရမ်းကားနှစ်ယောက်က အနီးအနားက လူတွေကို ဒုက္ခပေးနေတာတွေ့လို့ ဝင်ပါခဲ့တာတဲ့”

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “ဒါဆိုဘာလို့ သူတို့ကို သတ်ပြီး ယွီကျိုးကနေ ချက်ချင်း မထွက်သွားတာလဲ.. ဘာလို့ ကြွေထည်ဆိုင်ထဲမှာ ပုန်းနေတာတဲ့လဲ”

အစင်းလေးသည် ခဏတိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်သည်။ “သူကပြောတယ်.. သူက ယွီကျိုးမြို့အနောက်ဘက်ကနေ ထွက်သွားဖို့ လုပ်သေးပေမယ့် လမ်းပျောက်သွားတာတဲ့.. အဲဒါနဲ့ နေ့ခင်းဘက်မှာ ကြွေထည်ဆိုင်ထဲ ပုန်းနေပြီး ညဘက်ရောက်မှ ထွက်ပြေးမလို့တဲ့”

အစက ကောင်းဖန်တွေးခဲ့သည်မှာ ထိုရုပ်တုသည် မြို့ကို တိုးတက်စေရေးအတွက် ရှားပါးပစ္စည်းများကို ရှာဖွေနေသည်ဟု ထင်ခဲ့မိသည်။

ယခုကြားသောအခါမှ သူသည် လမ်းပျောက်သွားပြီး ကြွေထည်ဆိုင်တွင် ပုန်းနေခဲ့ကြောင်း သိလိုက်ရသည်။

မည်သို့ပင်ဆိုစေ ကြေးရုပ်တုကြီးသည် မကောင်းဆိုးဝါးပင် ဖြစ်သည်။

…

ဟွာရှားဒေသအပြင်ပိုင်းမှာတော့ လှိုဏ်ဂူများသတင်းက ပျံနှံ့နေသည်။

ဟွာရှားအစိုးရသည် ထိုကိစ္စကို တိတ်တဆိတ်နှင့် မြန်မြန်ဖြေရှင်းပြီးသွားအောင် လုပ်သော်လည်း သတင်းများသည် ပျံ့နေဆဲဖြစ်ရာ လူတိုင်းပါးစပ်ဖျားတွင် ရောက်နေကြသည်။

သတင်းဌာနများသည်လည်း လှိုဏ်ဂူများ၏ ပုံရိပ်များကို ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးပြသနေကြသည်။

ထိုဗီဒီယိုများထဲမှ တစ်ခုတွင် ယခင်က မီးခိုးရောင်ခပ်မှိုင်းမှိုင်းရှိနေသော လှိုဏ်ဂူများမှာ ရွှေရောင်အဆင်းများ ဖြစ်သွားသည်ကို မြင်နေရသည်။ သေးငယ်သော ကျောက်ရုပ်တုများသည် သူတို့၏ ပလ္လင်များပေါ်မှနေပြီး သတင်းထောက်များကို စူးစမ်းကြည့်နေကြသည်။ အချို့သော ရုပ်တုများကတော့ ကင်မရာတွင် မပါချင်သည့် ပုံစံများ ဖြစ်နေကြသည်။

ထိုအရာများသည် ကျောက်ရုပ်တုများမှတစ်ဆင့် ပြောင်းလဲလာသော မကောင်းဆိုးဝါးမျိုးစိတ်သစ် ဖြစ်မည် ထင်သည်။ ထိုဗုဒ္ဓရုပ်တုများသည် ကလေးများကဲ့သို့ ဖြစ်နေကာ ကမ္ဘာကြီးကို အံ့ဩတကြီး ကြည့်ရှုနေကြသည်။ သို့သော် ရင့်ကျက်တည်ငြိမ်သောအသွင်ဖြင့် လူတစ်ယောက်အရွယ် ရုပ်တုများလည်း ရှိနေသည်။

အချို့သောရုပ်တုများကတော့ တပလ္လင်ခွေထိုင်ကာ သတင်းထောက်များကို လျစ်လျူရှုထားကြသည်။

ကမ္ဘာသစ်တစ်ခု ရောက်ရှိလာသလိုပါပင်။

“ဒီဗုဒ္ဓရုပ်တုတွေက တကယ်ကို သက်ဝင်နေတာပဲ.. အံ့ဩစရာကောင်းလိုက်တာ.. အရင်က ဒီလှိုဏ်ဂူကို ငါရောက်ဖူးသေးသည်.. အဲဒီတုန်းကတော့ ကျောက်ရုပ်တွေလိုပါပဲ”

“သေချာစဉ်းစားကြည့်စမ်း.. ငါတို့လူသားတွေများ မျိုးသုန်းတော့မှာလား”

“ကိုယ့်လူရာ ဒီကမ္ဘာကြီးက ငါတို့လူသားတွေအတွက်ပါ …”

လူများသည် သတင်းများကို ကြည့်ပြီး တစ်ယောက်တစ်ပေါက် ပြောနေကြသည်။

အချို့သူများသည် ထိုရုပ်တုများကို ကိုယ်ပိုင်သားရဲများအဖြစ် ကမ်းလှမ်းရန်ပင် ပြောနေကြသည်။

“မဟာမိတ်အစိုးရအဖွဲနဲ့ လှိုဏ်ဂူထဲရှိ ဗုဒ္ဓရုပ်တုများရဲ့ သဘောတူညီချက်အရ မဟာမိတ်အစိုးရအဖွဲ့သည် ရုပ်တုများအတွက် မိုင် ၂၀ ပတ်လည်ရှိနေရာများကို သီးသန့်ထားပေးပြီး သူတို့ကို အနှောင့်အယှက်မပေးရန်၊ လာမဖမ်းရန် အပြင်သူများကို ဝင်ရောက်ခွင့် ပိတ်ပေးရမည် ဖြစ်သည်.. အပေးအယူအနေဖြင့် ရုပ်တုများသည် ထိုဒေသတစ်ဝိုက်ရှိ မြို့ခြေများတွင် ဖြစ်ပေါ်နိုင်သော မကောင်းဆိုးဝါးများ ဝင်ရောက်စီးနင်းမှုကို ကာကွယ်ရာတွင် ကူညီရမည် ဖြစ်သည်…”

ကောင်းဖန်က တီဗီကို ပိတ်လိုက်သည်။

သူသည် သတင်းမှတစ်ဆင့် အချက်အလက်များကို မြင်နေရသည်။

[သားရဲအမည်]: ဗုဒ္ဓရုပ်တာ

[သားရဲအဆင့်]: အဆင့် ၆ - ၄၀

[သားရဲစွမ်းရည်]: ပုံမှန်၊ အလွန်ကောင်း၊ ပြီးပြည့်စုံ

[သားရဲအမျိုးအစား]: မြေကြီး၊ ကျောက်တုံး

သတင်းများတွင် အများဆုံးပြထားသော ရုပ်တုများသည် အများအားဖြင့် ပုံမှန်အဆင့်မှ ကွန်မန်ဒါအဆင့် ရှိကြသည်။ အဆင့်အမြင့်ဆုံး သားရဲကတော့ ပြီးပြည့်စုံသည့် စွမ်းရည်ရှိနေသည်။ ကောင်းဖန်သည် အဆင့်အလွန်မြင့်သော သားရဲများကို မတွေ့မိပေ။ သတင်းထောက်များက လှိုဏ်ဂူအတွင်းထဲထိ နက်နက်နဲနဲ မဝင်ရသေးသောကြောင့်လည်း ဖြစ်နိုင်သည်။

ကောင်းဖန်သည် သတင်းမှတစ်ဆင့် နတ်ဘုရားအဆင့်ရှိသော ရုပ်တုကို မတွေ့မိသော်လည်း ဂူထဲတွင်တော့ သေချာပေါက်ရှိလိမ့်မည်ဟု ထင်နေသည်။ မဟုတ်လျှင်တော့ ဟွာရှားအစိုးရသည် ထိုလောက် လျှို့ဝှက်နေမည် မဟုတ်ပါပေ။

All Chapters