အခန်း (၂၉၃-၂၉၆)
Vol. 19 Ch. 293-296
အခန်း ၂၉၃ အစင်းလေး၏ ကျောကုန်း
ရက်အနည်းငယ် အကြာတွင်တော့ အသက်၀င်လာသော ရုပ်တုများဘေးတွင် ရစ်သီ ရစ်သီ လုပ်နေသူများ တဖြည်းဖြည်း ပပျောက်ကုန်ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့နှင့် သွေးစာချုပ်ချုပ်ခြင်းသည် အလွန်ခက်ခဲကြောင်း သိသွားကြ၍ ဖြစ်သည်။
အချို့သူများသည် ထိုရုပ်တုများကိုပင် အတင်းဖမ်းယူကြကာ သွေးစာချုပ်ချုပ်ရန် လုပ်ကြသော်လည်း အချည်းနှီးပင်ဖြစ်သည်။
ထိုရုပ်တုများသည် အလွန်ပင် စိတ်ခိုင်မာကြသည်။
သူတို့သည် တစ်စုံတစ်ယောက်အတွက် ပေးဆပ်ရမည့်အစား သူတို့ကိုယ်သူတို့ပင် အပျက်ဆီးခံလိုက်ကြမည် ဖြစ်သည်။
လေ့ကျင့်သူအများစုသည် သူတို့၏ ကိုယ်ပိုင်သားရဲများကို အပေးအယူနည်းများဖြင့် လေ့ကျင့်ကြသည်။ အချို့ကတော့ ငယ်ရွယ်စဉ်ကတည်းက မွေးထားလိုက်ကာ ရင်းနှီးများကို ရယူကြသည်။ ထိုသို့ လုပ်ခြင်းက သွေးစာချုပ် ချုပ်ရာတွင် ပို၍ လွယ်ကူစေသည်ပင်။
ဉာဏ်ရည်မြင့်သောသားရဲများသည် ထိန်းကျောင်းရတာ ပိုလွယ်ကူကြသည်။ သူတို့သည် အကြောက်တရားလည်း မရှိကြပေ။
ညစာစားပြီးသောအခါ ကောင်းဖန်နှင့် သူ့အဖိုးတို့က ကန်နံဘေးတွင် ထိုင်ကာ တိတ်ဆိတ်အေးချမ်းမှုကို ခံစားနေရသည်။
ခဏတွေဝေနေပြီးနောက် ကောင်းဖန်က အဖိုးကို ပြောလိုက်သည်။ “အဖိုး.. ကျွန်တော့်မှာ အကြံတစ်ခုတော့ ရှိတယ်.. အလုပ်ဖြစ်ပါ့မလားတော့ မသေချာဘူး”
“မင်းစိတ်ထဲအကြံကောင်းလို့ ထင်ရင် လုပ်ကြည့်ပေါ့” ကျီဟန့်ဝူက နွေးထွေးစွာ ပြုံးရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့..” ကောင်းဖန်က ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။
သူသည် သူ၏ အကြံအား အဖိုးကို ပြောပြလိုက်သည်။ “ယွီကျိုးမြို့ရဲ့ အပြင်ဘက်က တောင်တွေထဲမှာ မရေတွက်နိုင်အောင် ရှိတယ်လေ.. ဒီတစ်ခေါက်သွားရှာရင် ရွှေရနိုင်ချေ များတယ်.. ဒါပေမယ့် တောင်ပိုင်းကောင်းကင်ရဲ့ အရှိန်အဝါတွေ ချည်းပဲနဲ့တော့ အဲဒီနေရာကို ပိုင်ဆိုင်ဖို့ လုံလောက်မယ် မထင်ဘူး.. အဲဒါကြောင့် အကုန်အပိုင်မစီးပဲနဲ့ အားလုံးမျှဝေကြမလားလို့ပါ”
“လုပ်ပေါ့” ကျီဟန့်ဝူကပြောလိုက်သည်။
“တောင်ဝိဉာဉ်ဘုရင်ရဲ့ အစွမ်းတွေကို စုပ်ယူပြီးနောက်ပိုင်း အစင်းလေးဆီမှာလည်း တောင်ဝိဉာဉ်အငွေ့အသက်တွေ ရှိလာတယ်.. အဲဒါကြောင့် သူ့ကို တောင်ဝိဉာဉ်တွေကို စုခိုင်းပြီး ကင်းစခန်းတစ်ခု ဆောက်ကြည့်မလားလို့ပါ”
“တောထဲမှာဆိုတာက အထူးသဖြင့် ညဘက်တွေဆိုရင် အန္တရာယ်များတယ်လေ.. ပြီးခဲ့တဲ့ နှစ်တွေကတောင် ယွီကျိုးရဲ့ သားရဲမုဆိုးအဖွဲ့က သူတို့အတွက် ရတနာသိုက်ကြီးကို စွန်ခွာခဲ့တာဆိုတော့ အခုဆိုရင် တော်တော်သတ္တိရှိတဲ့သူမှပဲ တောနက်ထဲထိ သွားရဲကြတော့တယ်.. အဲဒီတော့ သွားရဲတဲ့သူတွေကလည်း ဈေးတွေတင်ကြတော့တယ်”
“အဲဒါကြောင့် တောင်တန်းတွေကြားထဲက စခန်းလေး ရှိနေမယ်ဆိုရင် အဖွဲ့အစည်းတွေနဲ့ပဲ လာလာ၊ တစ်ယောက်ချင်းစီပဲလာလာ စိတ်ချလက်ချ အနားယူလို့ရတဲ့ နေရာလေးတစ်ခု ရှိသွားတာပေါ့.. အဲဒီနေရာကို တောင်ဝိဉာဉ်တွေအပေါ်မှာ ထားလို့လည်း ရတယ်.. သေချာသာ လုပ်နိုင်ပြီး အဲဒီမှာ ဈေးကွက်ထိုးဖောက်နိုင်ရင် ပုံမှန်ဈေးကွက်မှာ ရောင်းနေတာတွေထက် ၅ ဆလောက်တောင် တင်လို့ရနိုင်မယ်.. ကျွန်တော်ကတော့ ဈေးသင့်တယ်လို့ထင်တယ်.. သူတို့ရဲ့ သွားလာမှုကို ကျွန်တော်တို့က ကိုင်တွယ်ပေးရမှာကိုး.. အဲဒီအခါမှ လာတဲ့ ဧည့်သည်တွေကိုနေထိုင်ဖို့လည်း စီစဉ်ပေးမယ်.. မနက်ပိုင်းဆိုရင်လည်း ပုံသေဈေးနှုန်း သတ်မှတ်ထားတာ ဖြစ်ဖြစ်ပေါ့”
“အကြံမဆိုးပါဘူး.. တောင်ဝိဉာဉ်တွေဆီရော သွားပြီးပြီလား.. မင်းအကြံက အရမ်းကြီး ခက်ခဲတဲ့ အပိုင်းတော့ သိပ်မပါပါဘူး.. ဒေသခံတောင်ဝိဉာဉ်တွေကို မင်းဘက်ပါလာအောင် ဆွဲဆောင်မယ့်အပိုင်းပဲ ခက်ခဲနိုင်မှာ”
ခဏစဉ်းစားပြီးနောက် ကောင်းဖန်က ပြန်ပြောလိုက်သည်။ “ကြိုးစားကြည့်ပါမယ်”
ပြောရလျှင် အစင်းလေးသည် တောင်ဝိဉာဉ်ဘုရင် ဖြစ်နေသော်လည်း တရား၀င်မဖြစ်သေးသည်သာ ရှိသည်။ အလုပ်ဖြစ်နိုင်မည်ဟု ကောင်းဖန်က တွေးလိုက်သည်။
အစင်းလေးသာ အခြားတောင်ဝိဉာဉ်များကို အကူအညီတောင်းနိုင်မည် ဆိုပါက ကျန်တဲ့အပိုင်းကို သူဆက်လုပ်နိုင်မည်ပင်။
နောက်တစ်နေ့တွင် ကောင်းဖန်သည် အစင်းလေးနှင့်အတူ တောင်များဆီ သွားလိုက်သည်။
အရွယ်အစားကြီးမား သွားသော်လည်း အစင်းလေး၏ အရှိန်သည် လျော့ကျမသွားပါချေ။ သူ၏ ခြေတစ်လှမ်းသည် အခြားသော သားရဲများ၏ ခြေလှမ်း ၁၀၀ စာနှင့် ညီမျှသည်။ သို့သော် အစင်းလေးသည် လေယာဉ်ပျံ သို့မဟုတ် ရဟတ်ယာဉ်ဖြင့် လိုက်ပါဖို့တော့ မဖြစ်နိုင်ပေ။ သူသည် မည်သည့်နေရာကိုပင် ဖြစ်စေ ခြေလှမ်းများဖြင့်သာ သွားလာနိုင်မည် ဖြစ်သည်။
ကောင်းဖန်နှင့် သူ၏ သားရဲများအားလုံးသည် အစင်းလေး၏ ကျောပေါ်တွင် လိုက်ပါလာကြသော်လည်း ကျောပေါ်မှ တောင်ကုန်းများ အပင်များနှင့် ကွယ်နေကြသည်။ တစ်နေရာလေးသာ ကွက်လပ်ကျန်လေသည်။
အချို့သော လိမ္မော်ပင်များသည် လျှိုမြောင်များကြားမှ ပေါက်ရောက်နေကြသည်။ အရွက်များသည် ဝါနေပြီး အချို့လိမ္မော်သီးတွေကတော့ အရွယ်အစား သေးနေသယောင်ယောင်ပင်။
ထိုအပင်များအားလုံးကို တာ့ဇီစိုက်ထားခြင်း ဖြစ်သည်။
အပင်များနားတွင်တော့ အပေါက်များ တန်းစီ ရှိနေသည်။ အမည်းရောင်မီးခိုးများသည် ထိုအပေါက်များမှ အတန်းလိုက်ထွက်နေကြပြီး အပေါ်ဘက်ရှိ အမည်းရောင်တိမ်များဆီ ရောက်သွားသည်။ တိမ်များကြားတွင် အနီရောင်အလင်းတန်းများ တစ်ချက် တစ်ချက် လင်းသွားရာ ကောင်းကင်မှ တစ်စုံတစ်ရာသည် သူတို့ကို အပေါ်စီးမှ စောင့်ကြည့်နေသလို ဖြစ်နေသည်။
“ဟား ဒီပေါ်မှာပူတယ်ဟ” ကောင်းဖန်က မျက်နှာမှ ချွေးများကို သုတ်ရင်း ပြောလိုက်သည်။
အမည်းရောင်မီးခိုးများ၏ အပူငွေ့များသည် ကမ္ဘာ့မျက်နှာပြင်မှ ပါလာခြင်း ဖြစ်သည်။ ကောင်းဖန်သည် ထိုအငွေ့များဖြင့်ပင် အသားကို မီးခိုးကြပ်တိုက်ရင် ကောင်းမည်ဟု တွေးနေမိသည်။
“နောက်တစ်ခါကျရင် အစင်းလေးရဲ့ ကျောပေါ်ကို သူ့ခွင့်ပြုချက်မရပဲ ဘာမှမတင်နဲ့နော်.. မယဉ်ကျေးရာကျတယ်ကွ” ကောင်းဖန်က တာ့ဇီ၏ ခေါင်းကို လက်ချောင်းဖြင့် တောက်ရင်း ပြောလိုက်သည်။
“ဟုတ်ပါပြီ ဒါပေမယ့် ကောင်းဖန်.. မင်းလည်း အစင်းလေးရဲ့ ကျောပေါ်မှာ အိမ်ဆောက်တာပဲ မဟုတ်ဘူးလား”တာ့ဇီက ကောင်းဖန်၏ အနောက်ဘက်တွင် ရှိနေသော အိမ်ငယ်လေးတစ်လုံးကို ညွှန်ပြရင်း ပြောလိုက်သည်။ ထိုအိမ်လေးတွင် အမည်းရောင် အမိုး၊ အဖြူရောင်နံရံများ ရှိကာ အ၀င်၀တွင် ကြီးမားသော ထီးကြီးရှိသည်။
ကောင်းဖန်က ခေါင်းတစ်ချက်ဟန့်လိုက်သည်။ “ငါက အစင်းလေးကို အရင်ခွင့်တောင်းတယ်ကွ”
“ငါလည်း တောင်းတယ်လေ”
ကောင်းဖန်က သူ့ပါးစပ်ကို ချက်ချင်းသွားပိတ်လိုက်သည်။ “မင်းဒီနေ့ လုပ်စရာတွေပြီးပြီလား”
ထိုစကားကို ကြားပြီးသောအခါ တာ့ဇီ၏ခေါင်းသည် အနည်းငယ် ပုသွားသည်။ ထို့နောက် လေ့ကျင့်ရေးပစ္စည်းများ ရှိရာနေရာသို့ အမိန့်နာခံစွာ လျှောက်သွားလိုက်သည်။
“အစင်းလေး.. မင်းကျောပေါ်မှာ ငါတို့ လာလာလုပ်ကြတဲ့ အရာတွေအတွက် မင်းအနှောင့်အယှက်ဖြစ်လား” ကောင်းဖန်က မေးလိုက်သည်။
အစင်းလေးက ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။ “ဘာမှမဖြစ်ပါဘူး ကောင်းဖန်.. ငါ့ကျောက ကျောက်တွေနဲ့ လုပ်ထားတာပဲဟာ.. ဘာမှကို မခံစားရပါဘူး.. ပြီးတော့ ဒီလို လုပ်ထားတော့ မင်းလည်း ငါ့ကျောပေါ်မှာ အမြဲနေနိုင်ပြီး အဖော်ပြုပေးနိုင်တာပေါ့”
ရုတ်တရတ် မြေကြီးက အက်ကွဲသွားပြီး မျက်လုံးကြီး တစ်စုံပေါ်လာကာ ကောင်းဖန်ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
ကောင်းဖန်က သဘောကျကာ ပြုံးလိုက်မိသည်။
အစင်းလေးသည် အလွန်ပင်တည်ငြိမ်သည်။ သူသည် အနိမ့်အမြင့် မညီသောနေရာတွင် လျှောက်နေသော်လည်း ကောင်းဖန်သည် ငြိမ့်ညောင်းစွာပင် ခံစားနေရသည်။
ကောင်းဖန်သည် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်ကာ သူ၏ သားရဲများ လေ့ကျင့်နေကြသည်ကို ပျင်းရိစွာ ကြည့်နေလိုက်သည်။
သူတို့က သူတို့သခင်လိုစိတ် ရှိကြသားပဲ.. ကောင်းဖန်က ဂုဏ်ယူစွာ တွေးလိုက်သည်။
ရုတ်တရတ် ကောင်းဖန်သည် အပေါ်ဘက်ဆီမှ စူးရှသော အော်သံကြီးကို ကြားလိုက်ရသည်။ ကြိုးကြာကြီးသည် အစင်းလေး၏ ကျောပေါ်တွင် ကျော့ရှင်းစွာ နားလိုက်ကာ သူ့ ပါးစပ်တွင်းမှ ငါးတစ်ကောင်သည် လူးလွန့်နေသည်။ “ကောင်းဖန်.. ငါဘာရှာတွေ့ခဲ့လဲ သိလား”
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၉၄ တွဲဖက်လုပ်ဆောင်ခြင်း
ဖလိန်မီသည် ငါးကို မျိုချပြီး ပြောလိုက်သည်။ “ကောင်းကင်မှာ ဝေလငါးကြီးတစ်ကောင် ပျံနေတာ တွေ့လိုက်တယ်.. မြောက်ဘက်ကို ပျံသွားတယ်”
“ဝေလငါး..” ကောင်းဖန်၏ ခေါင်းပေါ်တွင် အိပ်နေသော ဆီလီသည် လန့်ဖြပ်သွားကာ ဘေးကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်သည်။ “ဘယ်မှာလဲ ဘယ်မှာလဲ”
“မရှိတော့ပါဘူး” ကောင်းဖန်က ဆီလီ၏ ခေါင်းကို ဆိတ်ပြီး ပြောလိုက်သည်။
“အိုး တော်သေးတာပေါ့” သူက သက်ပြင်းချရင်း ပြောလိုက်သည်။
ထို့နောက် သူသည် ကောင်းဖန်၏ဆံပင်များကို ထိုးဖွလိုက်ပြီး ခြေပစ်လက်ပစ် လှဲချလိုက်သည်။
ဖလိန်မီသည် မျက်လုံးထောင့်နားမှနေ၍ အပေါက်များမှ ထွက်နေသော မီးခိုးများကို မြင်နေရသည်။ သူသည် မီးအမျိုးအစား ကိုယ်ပိုင်သားရဲ ဖြစ်သောကြောင့် ထိုမီးခိုးများမှ ထွက်နေသော အပူကို စိတ်၀င်စားနေသည်။
သူသည် မီးခိုမည်းများကို ရှူလိုက်သောအခါ ထိန်းမနိုင်သိမ်းမရအောင် ချောင်းဆိုးသွားပြီး သူ့အတောင်ပံများနှင့် နှာခေါင်းပေါက်ကို အုပ်လိုက်သည်။
ရုတ်တရတ် အရိုးငေါငေါထွက်နေသော လက်မည်းကြီးသည် ဖလိန်မီ၏ ပုခုံးကို ပုတ်လိုက်သည်။ ဒန်ဘီသည် ဖလိန်မီနောက်မှ ထွက်လာကာ သူ့မျက်နှာကို ပျော်ရွှင်စွာကြည့်နေသည်။
“မီးခိုးတွေကို အဲဒီလိုရှူတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးကွ” ဒန်ဘီက မီးခိုးမွှန်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
ဆီလီက သူ့ကိုလှည့်ကြည့်လိုက်သည်။
ဒန်ဘီသည် ထိုသို့ပြောပြီး မီးခိုးများနားသို့ လျှောက်သွားလိုက်သည်။ ရုတ်တရတ် ဒန်ဘီသည် မီးခိုးများကို အားဖြင့် ရှူသွင်းလိုက်ကာ သူ၏ မျက်လုံးထဲမှ မီးတောက်သည် ပို၍ တောက်လောက်လာပြီး သူ၏ နှာခေါင်းမှနေ၍ မီးခိုးများ ပြန်ထွက်လာသည်။
ဒန်ဘီက ဖလိန်မီဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ “အနံ့ကတော့ သိပ်ပြီး ထိန်းရတာမလွယ်ဘူး.. မင်းလို အပျော်တမ်းအဆင့်လေးဆို ပိုဆိုးတာပေါ့ကွာ.. ငါနဲ့လိုက်ခဲ့”
ဖလိန်မီသည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူသည် တစ်ခုခုတော့ မှားနေပြီဟု တွေးလိုက်မိသည်။
ဒန်ဘီသည် ဖလိန်မီတစ်ယောက် ရပ်နေဆဲဖြစ်သည်ကို တွေ့လိုက်သောကြောင့် ပြန်လှည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “အေးဆေးပေါ့.. ငါလည်း ဒါမျိုးတွေကို မစွဲလမ်းပါဘူးကွ.. ငါနဲ့ အကြိုက်တူတဲ့ သူငယ်ချင်းတစ်ယောက်က မလာတာကြာလို့ပါ”
ဘာတွေဖြစ်နေမှန်း မသိလိုက်ခင်မှာပင် ဖလိန်မီသည် ဒန်ဘီဘေးသို့ ဒယီးဒယိုင်လျှောက်သွားသည်။
ဒန်ဘီသည် အောက်သို့ ကုန်းလိုက်ကာ သစ်သားသေတ္တာ တစ်ခုကို ဖွင့်လိုက်ပြီး အထဲတွင် အရှည် ၂ ပေနှင့် အကျယ် ၇ လက်မခန့် ရှိသော သေတ္တာလေးများ အတန်းလိုက် ရှိနေသည်။ သေတ္တာတစ်ခု ချင်းစီတိုင်တွင် ငွေရောင် အစင်းကြောင်းများ ရှိနေကာ ကိုင်ကြည့်ပါက ကြမ်းတမ်းနေသည်။
ဒန်ဘီသည် သေတ္တာတစ်ခုကို ယူကြည့်လိုက်ပြီး လုံးပတ်ရှည်ရှည် အရာတစ်ခုကို လှုပ်ထုတ်လိုက်သည်။
“ရော့ ဒါကို ယူထား.. ဒါက သစ်ကတိုးအမှုန့်ကို ဝိဉာဉ်အသီးရည်နဲ့ ရောထားတာ.. ဒါကို ရေရှည်သုံးနိုင်ရင် မင်းရဲ့အာရုံခံနိုင်စွမ်းတွေ ပိုကောင်းလာပြီး ပိုတည်ငြိမ်လာလိမ့်မယ်.. သုံးကြည့်လိုက်” ဒန်ဘီက ပြောလိုက်ရင် ဖလိန်မီထံသို့ ကမ်းပေးလိုက်သည်။
ဖလိန်မီသည် မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး ခေါင်းကို ခါရမ်းလိုက်သည်။
ဒန်ဘီသည် ဖလိန်မီကို အတင်းမတိုက်တွန်းတော့ပေ။ “ရပါတယ်.. ငါလည်း အိမ်မှာတော့ အမြဲမသောက်မနေပါဘူး.. အပြင်ရောက်မှ နှစ်လိပ်လောက် သောက်တာ”
“ဘာလို့ အိမ်မှာ မသောက်တာလဲ” ဖလိန်မီက စပ်စုလိုက်သည်။
“ရှောင်ဟွာက အဲဒီအနံ့ကို မကြိုက်လို့လေ” ဒန်ဘီက ဖုန်မှုန့်များကို ခါရင်း ပြောလိုက်သည်။ “စိတ်မရှိရင် ငါ့ကို ဒါလေး မီးညှိပေးပါလား”
ဖလိန်မီသည် ဒန်ဘီလက်ထဲမှ အချောင်းကို မီးအနည်းငယ် မှုတ်ပေးလိုက်သည်။
မကြာခင် အစိမ်းရောင်အငွေ့များ ထွက်ပေါ်လာသည်။
ဒန်ဘီသည် ကျောက်နံရံတစ်ခုကို မှီလိုက်သောအခါ သူ၏အနက်ရောင် ၀တ်ရုံရှည်သည် လေနှင့်အတူ လွင့်ပါနေသည်။ သူသည် ဘေးမှ ရှုခင်းများကို ကြည့်ရင်း အေးအေးလူလူ ရှိုက်နေသည်။
“ဂိုဒီ.. ဘာလို့ အမွှေးပွကုတ်ကို မ၀တ်ထားတာလဲ” ဖလိန်မီက အမွှေးပြောင်နေသော ဘဲကြီး ဖြတ်သွားသည်ကို မြင်လိုက်ရသောအခါ ဖမ်းမေးလိုက်သည်။
ခုနှစ်ပေမြင့်သော ဘဲကြီးသည် သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး သူ့လည်ပင်းတွင် စွပ်ထားသော စိပ်ပုတီးစမှ အစေ့များကို ပွတ်ကာ “မလိုပါဘူး” ဟု ပြောလိုက်သည်။ ထို့နောက် မကျေမနပ် လှည့်ထွက်သွားသည်။
သူ့မှာ အမွှေးရှိတာ ကျနေတာပဲ.. ဖလိန်မီက တွေးလိုက်သည်။
…
တောင်ဝိဉာဉ်သည် အစင်းလေးရှေ့မှ မြေကွက်လပ်တစ်ခုတွင် မလှုပ်မယှက်ရပ်နေသည်။
တောင်ဝိဉာဉ်သည် အိပ်ပျော်နေရာမှ အစင်းလေး၏ ခြေသံကြီးများကို ကြားလိုက်ရသောအခါ လန့်နိုးသွားသည်။ တစ်လှမ်းပြီး တစ်လှမ်းတွင် သူ၏ ကိုယ်ပေါ်မှ အပေါက်မည်းကြီးများသည် အသက်၀င်လာသည်။
“ပြောပါဦး ခရီးသွား.. ဘာကိစ္စများ ရှိလို့လဲ” တောင်ဝိဉာဉ်က ဖြေးညင်းစွာ ပြောလိုက်သည်။
အစင်းလေးသည် တိတ်ဆိတ်စွာ ရပ်နေသည်။
ကောင်းဖန်က ပြောလိုက်သည်။ “တစ်ခုခု ပြောလေ အစင်းလေး”
“င..ငါကလား.. ငါကဘာကို..” အစင်းလေးသည် စိတ်လှုပ်ရှားနေပုံပေါ်သည်။
“မင်းပဲ မင်းက ငါ့ရဲ့ အတော်ဆုံးကိုယ်ပိုင်သားရဲဆိုပြီး လူတွေကို လိုက်ပြောနေတာမဟုတ်ဘူးလား”
“အဲဒီဘွဲ့ကို တာ့ဇီကိုပဲ ပေးလိုက်တော့မယ်.. ငါကတော့ ဒုတိယ သတ္တိအရှိဆုံးပဲ လုပ်တော့မယ်” အစင်းလေးက ပြောလိုက်သည်။
ငါ့က်ုဘာလို့ဆွဲထည့်တာလဲဟ.. ထောင့်နားတွင် ကုပ်ကုပ်လေး နေနေသော တာ့ဇီက တွေးလိုက်သည်။ ငါ့ကို နောက်ကျောဓားနဲ့ ထိုးတဲ့ကောင်.. မင်းဖင်ကြီးကို နောက်မှ ပိတ်ကန်ဦးမယ်..
“ငါပြောတဲ့အတိုင်းသာ လိုက်ပြော” ကောင်းဖန်က ပြောလိုက်သည်။
တောင်ဝိဉာဉ်သည် အစင်းလေး၏ပုံစံကို ကြည့်ကာ စိုးရိမ်နေသည့်ပုံ ပေါ်နေသည်။ သူသည် အခြားသူများနှင့်တော့ စကားပြောချင်ပုံမရှိပါပေ။
တောင်ဝိဉာဉ်များသည် အခြားသူများနှင့် အပေးအယူများ လုပ်လေ့မရှိကြပါပေ။
“ငါတို့မင်းရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်” အစင်းလေးက ပြောလိုက်သည်။
တောင်ဝိဉာဉ်သည် ခေတ္တတွေဝေသွားသည်။
“မင်းအတွက် သွေးတွေကိုလည်း ထောက်ပံ့ပေးနိုင်တယ်.. အဲဒါဆိုရင် နေ့တိုင်းအစာရှာစရာလည် မလိုတော့ဘူး.. ကြိုက်တဲ့နေရာမှာလည်း အိပ်နိုင်တယ်”
“ငါတို့မှာ ဧကရာဇ်အဆင့် သားရဲတွေရှိတယ်.. ငါတို့တွေ တခြားတောင်ဝိဉာဉ်ဆယ်ကောင်နဲ့လည်း စကားပြောပြီးပြီ… အဲဒါကြောင့် တခြားကောင်တွေ လာတိုက်ခိုက်မှာကို စိတ်မပူတော့ပဲ မင်းတို့အဆင့်မြှင့်ဖို့သာ အာရုံစိုက်ကြ”
တောင်ဝိဉာဉ်သည် ဖြေးညှင်းစွာ ခေါင်းညိတ်လိုက်သည်။ သူသည် ကောင်းဖန်၏ အစီအစဉ်တွင် ပါ၀င်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ အစင်းလေး၏ တောင်ဝိဉာဉ်ဘုရင် အငွေ့အသက်ကလည်း ထိုသို့ သဘောတူအောင် တွန်းအားပေးနိုင်ခြင်းပင်။
“ကောင်းပြီလေ.. လက်ခံပါတယ်” တောင်ဝိဉာဉ်က ပြောလိုက်သည်။ “ဒါပေမယ့် မင်းတို့ကတိမတည်ရင်တော့ စိတ်ဆိုးမှာပါ”
“ကတိပေးပါတယ်” အစင်းလေးက ပြောလိုက်သည်။
ထို့နောက် ကောင်းဖန်သည် အစင်းလေးကို အခြား တောင်ဝိဉာဉ်နှစ်ကောင်ကို ထပ်ပြီး သိမ်းသွင်းခိုင်းလိုက်သည်။
ကောင်းဖန်သည် မျက်မှောက်ကြုတ်ကာ ၀င်ခါနီးနေကို ကြည့်လိုက်သည်။ အချိန်တောင် တော်တော်ကုန်သွားပြီပဲဟု တွေးလိုက်သည်။
အမှန်တွင်တော့ သူတို့၏ လုပ်ဆောင်ချက်များသည် အဆင်ပြေပြေ ပြီးဆုံးသွားခဲ့သည်။ အစင်းလေး၏ အစွမ်းကလည်း တစ်ထောင့်တစ်နေရာမှ ပါ၀င်နေလေသည်။
သို့သော် တောင်ဝိဉာဉ်များသည် နေရာအနှံ့တွင် ပြန့်ကျဲစွာ ရှိနေသောကြောင့် တစ်ကောင်နှင့် တစ်ကောင်ဆီသို့ သွားရာတွင် အချိန်ကြာနေခြင်း ဖြစ်သည်။
“အစင်းလေး.. အနီးဆုံးတောင်ဝိဉာဉ်ကို ခြေရာခံလို့ရလား”
အစင်းလေးသည် မျက်လုံးကို ပိတ်လိုက်သောအခါ သူ့ခြေထောက်အောက်မှ မြေကြီး တုန်ခါနေသည်ကို သတိပြုမိသည်။
ရုတ်တရတ် စွမ်းအားကြီးသော တစ်စုံတစ်ရာက မဝေးလှသော တစ်နေရာမှ လာနေသည်က်ု သတိပြုမိသည်။ တစ်ယောက်ယောက်က မြေကြီးကို တုတ်ကြီးဖြင့် ရိုက်နေသလိုပင်။
“သခင်.. တစ်ခုခုလာနေတယ်” သူက ပြောလိုက်သည်။”
ဒါဆိုလည်း ရှောင်ကြတာပေါ့.. နောက်မှ ဒီကို ထပ်လာကြတာပေါ့” ကောင်းဖန်က ရေရွတ်လိုက်သည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၉၅ ဓားသွားပျားများ
ကောင်းဖန်သည် လေးကောင်မြောက် တောင်ဝိဉာဉ်နှင့် ညအချိန်တွင် အပေးအယူလုပ်နိုင်လိုက်သည်။ သူသည် သူ့ကျောပိုးအိတ်ထဲမှ နေစွမ်းအင်သုံး တက်ဘလက်ကို ထုတ်လိုက်ကာ သူနှင့် အပေးအယူလုပ်ထားပြီးသော တောင်ဝိဉာဉ်များကို မှတ်ထားလိုက်သည်။ တကယ်တမ်း အစီအစဉ်စလုပ်မည်ဆိုမှ ဘယ်နေရာမှာ လိုက်ရမှန်း မသိပါက အဆင်မပြေဖြစ်မည် မဟုတ်ပါလား။
ကောင်းဖန်သည် တောင်ဝိဉာဉ်များနှင့် ပိုပြီး ထိထိရောက်ရောက် ဆက်သွယ်နိုင်မည့် နည်းလမ်းကို ကြိုးစားကြည့်ချင်သော်လည်း သူတို့တွင် ဖုန်းများ မရှိကြသောကြောင့် တစ်ကောင်ချင်းစီနှင့်သာ လိုက်တွေ့နေရသည်။
ကောင်းဖန်သည် တောင်ဝိဉာဉ်များနှင့် ပတ်ပြီး ညှိနှိုင်းနေရတာနှင့်ပင် တစ်လလုံး ကုန်သွားသည်။
သူသည် အဖိုးကိုတော့ ဖုန်းဖြင့် ပြောပြထားပြီး ဖြစ်သည်။
ထိုအတောအတွင်းတွင် ကောင်းဖန်သည် အသားပိုမည်းသွားပြီး ဝိတ်လည်းကျသွားသည်။
တာ့ဇီ၊ ဂိုဒီနှင့် အစင်းလေးတို့သည်ပင် အနည်းငယ် ပိန်ကျသွားပြီး ဖလိန်မီကတော့ အနည်းငယ် ပြည့်လာသည် ။
“ကဲ.. ငါတို့ ဖလိန်မီကို စွတ်ပြုတ်လုပ်သောက်ရအောင်ဟေ့” ကောင်းဖန်က ပြောလိုက်သည်။
“ဘာလို့လဲ” ဖလိန်မီက ကြောက်လန့်တကြား မေးလိုက်သည်။
“မင်းတစ်ယောက်တည်း ပြီးခဲ့တဲ့တစ်လလုံးမှာ ဝိတ်တက်လာတာလေ”
ခဏစဉ်းစားပြီးသောအခါ ဖလိန်မီက အသက်ရှုအောင့်ကာ ကိုယ်ကို ပြားကပ်အောင် လုပ်ရင်း ပြန်ပြောလိုက်သည်။ “အထင်လွဲနေတာ နေမှာပါ.. ငါက ၀လွယ်တယ်လေ.. ရေသောက်ရင်တောင် ၀နေတဲ့ဟာ”
“ဆင်ခြေတွေ လာပေးမနေနဲ့.. တာ့ဇီကို ကြည့်လိုက်ဦး.. သူဆိုရင် ငါတို့အားလုံးကို တစ်နေကုန် ထမ်းထားရတဲ့ အစင်းလေးကို အားနာလို့ဆိုပြီး နေ့ရောညပါ လေ့ကျင့်နေတာ” ကောင်းဖန်က ထောင့်လေးတွေ အိပ်နေသော တာ့ဇီကို ကြည့်ကာ ပြောလိုက်သည်။
“သခင်ပဲ တာ့ဇီကို လေ့ကျင့်ဖို့ ထိုင်တွန်းနေရတာမဟုတ်ဘူးလား” ဖလိန်မီက ပြောလိုက်သည်။
“ငါ့ကို ပြန်ခံပြောမနေနဲ့” ကောင်းဖန်က ဟန့်လိုက်သည်။
ရုတ်တရတ် ဖလိန်မီက သတိရသွားသည်။ “ကောင်းဖန်.. ငါနေ့တိုင်း မင်းတို့အတွက် အစာယူလာပေးရမလား”
ဖလိန်မီသည် မနက်တိုင်း ထပျံသွားကာ အမြဲတမ်း ဗိုက်ပြည့်မှ ပြန်လာတတ်သူ ဖြစ်သည်။
ထို့ကြောင့် သူသည် စားသလောက် ၀ဖြိုးနေခြင်း ဖြစ်သည်။
“ကောင်းပြီလေ.. ငါ့အတွက် အသီးတွေ ယူလာခဲ့.. ငါလည်း နေ့တိုင်း အသားစားနေရတာ ငြီးငွေ့လာပြီ” ကောင်းဖန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်ပြီ” ဖလိန်မီက ပျော်ရွှင်စွာ ပြောလိုက်သည်။
တာ့ဇီသည် စကားသံများကြောင့် နိုးလာပြီး ကောင်းဖန်၏ ခြေချင်း၀တ်ကို ဖက်လိုက်သည်။ “ကောင်းဖန်.. ကောင်းဖန်.. ငါတို့ ပြန်ရောက်ရင် ငါ့ကို အသားတွေ အများကြီး စားခွင့်ပေးနော်”
“ဟုတ်ပါပြီ.. မင်းက အများကြီးကြိုးစားနေတာဆိုတော့ ပြန်ရောက်ရင် စားချင်တာ စားခွင့် ပေးရမှာပေါ့” ကောင်းဖန်က တာ့ဇီ၏ ခေါင်းကို ညင်သာစွာ ပုတ်ရင်း ပြောလိုက်သည်။
“အစင်းလေး.. နောက်တစ်နေရာ ဆက်သွားရအောင်” ကောင်းဖန်က အနီးနားမှ ကျောက်တုံးတစ်ခုကို ပုတ်ပြီး ပြောလိုက်သည်။
ပြီးခဲ့သည့် တစ်လလုံးတွင် ကိုယ်ပိုင်သားရဲအများစုသည် ဝိတ်များ ကျသွားကြသော်လည်း အစွမ်းတော့ အနည်းငယ် မြင့်သွားကြသည်။
ဖလိန်မီ၊ တာ့ဇီနှငိ့ ဂိုဒီတို့သည် အဆင့် ၃၉၊ ၄၀ လောက်ထိ ရောက်သွားကြပြီ ဖြစ်သည်။ သူတို့သည် နတ်ဘုရားအဆင့်ရောက်ဖို့ ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။
အရာအားလုံးသည် စီစဉ်ထားသည့်အတိုင်းသာ ဖြစ်ခဲ့ပါက သူတို့ ၃ ကောင်လုံးသည် အိမ်ပြန်မရောက်ခင်ပင် အဆင့်တက်သွားနိုင်မည် ဖြစ်သည်။
သူတို့ ၃ ကောင်လုံးသည် နောက်တစ်ဆင့်သို့ ရောက်သွားပါက ကောင်းဖန်တွင် နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲ ၄ ကောင်နှင့် ဧကရာဇ်အဆင့် ကိုယ်ပိုင်သားရဲတစ်ကောင် ပိုင်ဆိုင်သွားတော့မည် ဖြစ်သည်။
အစင်းလေးသည် သူ၏ကြီးမားသော အရွယ်အစားကြီးကြောင့် ကောင်းဖန်၏ ပြင်ပစွန့်စားခန်းများတွင်တော့ ပါ၀င်လိုက်ပါနိုင်မည် မဟုတ်ပေ။ သူသည် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းတွင်သာ နေခဲ့ရမည် ဖြစ်သည်။
သို့သော် ကောင်းဖန်တွင် နတ်ဘုရားအဆင့် သားရဲ ၄ ကောင်ပင် ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သောကြောင့် သူ့ကို မည်သူမျှရပ်တန့်နိုင်တော့မည် မဟုတ်ပေ။ သူသည် ကမ္ဘာကြီး၏ နေရာအနှံ့ကို ရှာဖွေဖော်ထုတ်ဖို့ ခြေလှမ်းတစ်ခု ထပ်တိုးနိုင်တော့မည်ပင်။
သူသည် လုံလောက်သော စွမ်းအင်များ ပိုင်ဆိုင်သွားပြီ ဆိုပါက ကမ္ဘာ့ နာမည်ကြီး မုဆိုးတစ်ယောက် အဖြစ် အလုပ်လုပ်နိုင်တော့မည် ဖြစ်သည်။ သူသည် ကပ်ဆိုးကြီးအပြီး ကျန်ရှိသော နေရာအနှံ့သို့ သွားရောက်ချင်သူ ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်ရန် သူကိုယ်တိုင်က လုံလောက်အောင် ကြိုးစားရဦးမည်ပင်။
ထိုအချိန်တွင် ကောင်းဖန်နားထဲ၌ ပုံမှန်မဟုတ်သော အသံတစ်ခုကို ကြားမိလိုက်သည်။
ထိုအသံသည် သန်းချီသော အကောင်များ၏ တောင်ပံခတ်သံနှင့် တူသည်။
ရုတ်တရတ် ကောင်းကင်ကြီးသည် မည်းမှောင်သွားကာ တောင်ပံခတ်သံများနှင့် တိမ်မည်းကြီးတစ်ခုပေါ်လာကာ နေကိုကွယ်သွားသည်။
[သားရဲအမည်] - ဓားသွားပျားများ
[သားရဲအဆင့်] - အဆင့် ၁၁-၂၀
[သားရဲစွမ်းရည်] - ပုံမှန်၊ ကောင်း၊ ပြီးပြည့်စုံ
[သားရဲအမျိုးအစား] - ရွှေ/အဆိပ်/လေ
[သားရဲစွမ်းအင်] - သံချပ်ကာဖောက်ထွင်း ထိုးဆိတ်နိုင်မှု အဆင့် ၂၊ မေ့ဆေးအဆိပ် အဆင့် ၁
[အထူးဝိသေသ လက္ခဏာများ] - အသံလှိုင်း (အကောင်အရေအတွက် အနည်းဆုံး ၁ သိန်း ရှိလာပါက ထိုစွမ်းရည်ပေါ်လာနိုင်၊ သက်ရောက်မှု - အနီးအနားမှ သားရဲများ၏ အကြားအာရုံကို ထိခိုက်စေ)
[သားရဲပျော့ကွက်] - ဓားသွားပျားများ၏ ပျော့ကွက်ငည် သူတို့ကိုယ်တိုင်ပင် ဖြစ်သည်။
[ဖော်ပြချက်] - ပိတုန်းမျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်ပြီး ဓားသွားပျားများသည် သွေးဆာကြသော အကောင်များ ဖြစ်သည်။ သူတို့သည် တစ်ကောင်တည်းဆိုလျှင်တော့ ကြောက်တတ်ကြသည်။ သို့သော် အုပ်စုလိုက်ဆိုလျှင်တော့ ဘာကိုမျှမကြောက်ပဲ နဂါးတစ်ကောင်ကိုပင် ရင်ဆိုင်နိုင်ကြသည်။
ကောင်းဖန်သည် ထိုအကောင်များအကြောင်းကို ကြားဖူးသည်။ တောင်များတွင် သတိထားရမည့် အရာနှစ်ခုပဲ ရှိသည်။ တောင်ဝံပုလွေငှက်နှင့် ဓားသွားပျားတို့ပဲ ဖြစ်သည်။
ထိုကဲ့သို့ အကောင်များသည် အဆင့်နိမ့်သော်လည်း အုပ်စုဖွဲ့တတ်ကြသောကြောင့် သတိထားရသည်။
ဓားသွားပျား၏ ဆူးသည် ထုံဆေးကဲ့သို့ အဆိပ်ပါ၀င်သောကြောင့် ထိခိုက်ခံရသူသည် လှုပ်ရှားလို့ မရနိုင်တော့ပေ။ ထို့နောက် သွေးဆာနေသော ပျားများ၏ စားသုံးခြင်းကို ခံရမည် ဖြစ်သည်။ ထိုအရာသည် အဆိုးဆုံးပင် ဖြစ်သည်။
ဆူညံသံများသည် ကောင်းဖန်နှင့် သူ၏ ကိုယ်ပိုင်သားရဲများထံသို့ နီးကပ်လာသည်နှင့် အမျှ ပို၍ ကျယ်လောင်လာသည်။
အဆင့်နိမ့်သားရဲများသည် အုပ်စုတောင့်သောကြောင့် အကြောက်အလန့်ကင်းစွာပင် လွတ်လပ်စွာ ပျံသန်းနေကြသည်။
ဂိုဒီက ပျားများကို စိုက်ကြည့်ရင်း အသင့်ပြင်ထားလိုက်သည်။
“အစင်းလေး.. အကူအညီတောင်းပါတယ်” ကောင်းဖန်က ပြောလိုက်သည်။
အစင်းလေးသည် သွားနေရင်းက ရပ်လိုက်ပြီး မည်းမှောင်နေသော ပျားအုပ်ဘက်ကို လှည့်လိုက်သည်။
ချက်ချင်းပင် ပိုက်ကွန်လိုအရာတစ်ခုက အနောက်တွင် ကြီးမားစွာ ပေါ်လာပြီး အနီရောင် အလင်းတန်း ထွက်ပေါ်လာသည်။
ထို့နောက် မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး အမည်းရောင် မီးခိုးများသည် အစင်းလေး၏ ကျောဘက်မှ ထွက်ပေါ်လာသည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၂၉၆ ပြန်လည် ရှင်သန်ခြင်း
တိမ်မဲများသည် ပျားအုပ်ကြီးဆီသို့ ရွေ့လျားလာသည်။
အလွန်ပူပြင်းသော တိမ်များသည် ပျားအုပ်ကြီးကို ဝန်းရံလိုက်ပြီး ဝါးမျိုတော့မည့် ပုံစံ ရှိနေသည်။
ထိုအချိန်တွင် စူးရှသော အသံကြီး ထွက်ပေါ်လာပြီး ဆီပူထဲကို တန်ပူရာ ထည့်ကြော်လိုက်သလို အသံမျိုးနှင့် တူကာ ပျားများကို ဆီပူနှင့်ကြော်သလို ဖြစ်နေလေသည်။
ထို့နောက် ပျားများက မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။
ပြုတ်ကျလာသော ပျားများသည် ရွှေရောင်သန်းအောင် ကြော်ထားသကဲ့သို့ ဖြစ်နေသည်။ သူတို့၏ အတောင်ပံများသည် တွန့်ခေါက်နေပြီး သူတို့နောက်ကျောမှ အဖြူရောင် အမွှေးများသည် မီးကျွမ်းနေသည်။
သူတို့သည် အရှင်လတ်လတ် အကြော်ခံလိုက်ရခြင်းပင်။
အဝေးမှနေပင် ကြော်လှော်ထားသည့် အနံ့များသည် လှိုင်နေအောင် ရနေသည်။
ကောင်းဖန်သည် သူတို့အုပ်စုကို နောင်တရစွာ ကြည့်လိုက်မိသည်။
နှမြောစရာပဲ..
ထိုအချိန်တွင် တိမ်မဲများမှ ပျားလေး ၂ ကောင် ၃ ကောင် လွတ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ခုနကမှ ကောင်းကင်တွင် ဒေါသတကြီး အုပ်စုဖွဲ့ တိုက်ခိုက်ဖို့ ကြံစည်နေကြပြီး ယခုတော့ ထွက်ပြေးနေကြသည်မှာ ရယ်စရာတော့ ကောင်းသည်။
ပျားကိစ္စရှင်းသွားသောအခါ သူသည် ဖလိန်မီကို ခေါ်လိုက်ကာ ကျောပေါ်တက်လိုက်သည်။ “သွားရအောင်”
အောက်ဘက်နားတွင် သားရဲအမြုတေကျောက် ၂ ခုလောက်တော့ ရှိလိမ့်မည်။ ထိုပျားများသည် လက်ရွေးစင်အဆင့်ရှိသော်လည်း သားရဲအမြုတေအနည်းငယ်တော့ ရနိုင်ပေမည်။
သူသည် ရှားပါးအမြုတေများကိုတော့ စိတ်၀င်စားသော်လည်း သူတို့ရှာရမှာ ထောင်ချီပင် ရှိနေသည်။
ကြီးမားသောတောင်ပံကြီးကို ခတ်ရင်း ဖလိန်မီက ကောင်းကင်ကို ကြည့်လိုက်သည်။
သူတို့အောက်တွင် ကြီးမားသော တောအုပ်ကြီး ရှိနေသည်။ လေညင်းလေးက သူ့နှာခေါင်းနားကို တိုးဝှေ့သွားသည်။
တောင်ကြားလမ်းလေးနားတွင် အနက်ရောင် ပျားများ၏ အလောင်းများကို မြေကြီးပေါ်နှင့် သစ်ပင်များပေါ်တွင် တွေ့လိုက်ရသည်။
အနီးကပ်ကြည့်လိုက်သောအခါတွင် ပျားများ၏ ပုံစံအမှန်ကိုပင် မနည်း ဖမ်းယူနေရသည်။ သူတို့သည် ၃ ပေခန့် ရှိပြီး ဖောင်းနေသော ၀မ်းဗိုက်နေရာတွင် အနီရောင်နှင့် အဝါရောင် အစင်းကြားများ ရှိနေသည်။ ခန္ဓာကိုယ်အောက်ပိုင်းတွင်တော့ အလွှာတစ်ခုရှိပြီး ထိုနေရာသည် ကြော်ထားသလို ကြွပ်ရွနေသည်။ အနောက်ဘက်တွင်တော့ ရှည်လျားသော ငွေရောင်ဓားသွား ရှိသည်။ ညဘက်တွင် အလွန်တောက်ပြောင်စွာ မြင်နိုင်သော ဓားများဖြစ်ပြီး အလွန်ပြင်းသော အပူချိန်ကိုပင် ခံနိုင်ရည်ရှိသောကြောင့် ကြံ့ခိုင်သည်ဟု ဆိုရမည်။
ပျားသေတစ်ကောင်ရှေ့တွင် ကောင်းဖန်သည် ဒူးထောက်ထိုင်ချလိုက်ပြီး ပျားကို ညင်သာစွာ ကိုင်ကြည့်လိုက်သည်။ ကိုင်ရသည်မှာ ဆူးချွန်လေးများကို ယားစိစိ ဖြစ်နေပြီး အနည်းငယ် ဖိကိုင်လိုက်သည်နှင့်တောင် သူ၏ လက်ဖဝါးတွင် အမည်းရောင် ပြာများပေသွားသည်။
ဖလိန်မီ၏ ဗိုက်သည် တကြုတ်ကြုတ်မြည်နေသည်။ ပျားများ၏ အနံ့သည် သွားရည်ယိုစရာ ဖြစ်နေသည်။
ဖလိန်မီသည် မစောင့်နိုင်တော့ပေ။ သူသည် နှုတ်သီးဖြင့် ပျား၏ဗိုက်ကို ထိုးဆွလိုက်ပြီး အသားစကို စားကြည့်လိုက်သည်။
ဖလိန်မီ၏ မျက်ခုံးများ မြင့်တက်သွားသည်။ အရသာရှိလိုက်တာ..
ကောင်းဖန်က ဒန်ဘီကို ခေါ်လိုက်သည်။ သူ့အနောက်မှ တောင်ပေါ်မှ အရိပ်တစ်ခုဆင်းလာပြီး သူ့ဆီသို့ ခုန်ဆွ ခုန်ဆွ လာနေပြီး အနက်ရောင်၀တ်ရုံရှည်သည် လေနှင့်အတူ လွင့်ပါနေသည်။
“သခင်” ဒန်ဘီ၏ မျက်လုံးထဲမှ ဝိဉာဉ်မီးတောက်သည် တောက်ပစွာ ရှိနေသည်။
“ပျားတွေကို ပြန်အသက်သွင်းကြည့်” ကောင်းဖန်က ပျားသေများကို လက်ညိုးထိုး၍ ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဒန်ဘီသည် သူ၏ ညာလက်ကို မြှောက်လိုက်သောအခါ မီးတောက်များ ထွက်လာပြီး သူ့ခြေရင်းတွင် ရှိနေသော ပျားသေ၏ ကိုယ်တွင်းသို့ရောက်သွားသည်။
ပျားသေသည် မြေပေါ်တွင် တွန့်လိမ်ကောက်ကွေးနေသည်။ အဝါရောင်နှင့် အမည်းရောင် အငွေ့အသက်များသည် သူ၏ ကိုယ်တွင်းမှ ထွက်လာနေသည်။ သူ၏ ဖောင်းနေသောဗိုက်သည် လေပူဖောင်း လေလျော့သွားသလို တွန့်ပိန်သွားသည်။ သူ၏ မျက်လုံးများသည် တစ်ခုခုဖြင့် အညှစ်ခံထားရသလို ပြူးထွက်နေသည်။ သူ၏ မျက်လုံးအိမ်ထဲတွင် အဖြူရောင်မီးတောက်က တောက်ပစွာ လောင်လာသည်။
ပျားသေစပြီး တုန်ခါလာသည့် အချိန်တွင် အသွေးအသား လွှာများသည် ခန္ဓာကိုယ်မှ ကွာကျလာပြီး ပုလဲဖြူရောင် အရိုးစုသာ ကျန်ခဲ့သည်။ ထို့နောက် ချက်ချင်းပင် လေထဲသို့ မြောက်တက်သွားပြီး ပေါက်ကွဲသွားသည်။ အရိုးစုအကြွင်းအစများသာ မြေကြီးပေါ်သို့ ပြန်ကျလာပြီး ခဏတာ လည်ပတ်နေပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
သူ၏ မျက်လုံးထဲမှ ထွက်လာသော ဝိဉာဉ်မီးတောက်သည် ဒန်ဘီဆီသို့ ပြန်ရောက်သွားသည်။
“သခင်.. ဒီကောင်ရဲ့ အကြွင်းအကျန်တွေက မပြည့်စုံဘူး.. ပြန်အသက်သွင်းလို့မရ..”
ကောင်းဖန်က စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
“ဒါဆိုလည်း မြေအောက်မှာ မြှုပ်ထားတဲ့ အလောင်းတွေ အကုန်လုံးကို အသက်သွင်းကြည့်ကွာ”
ဒန်ဘီသည် ရှေ့ကို တစ်လှမ်းတိုးလိုက်ကာ လက်ကို ဆန့်တန်းလိုက်သည်။ အလင်းကွင်းလေးသည် သူ့ခြေထောက်နား မြေကြီးမှနေ၍ ထွက်ပေါ်လာသည်။
တောကြီးသည် အလွန်ပင် ခြောက်ကပ်လှသည်။ သေချာထိန်းသိမ်းမည့်သူ မရှိသောကြောင့် သစ်ရွက်ခြောက်များ၊ သစ်ရွက်စိမ်းများပင်လျှင် ထပ်ပြီး ကျနေသည်။ ထိုသစ်ရွက်များသည် လက်အရိုးစုကြီး မြေကြီးထဲမှ ထွက်လာသောအခါ တုန်ခါသွားကြသည်။ တဖြည်းဖြည်းနှင့် အရိုးစုကြီး၏ ခန္ဓာကိုယ် ဆက်ထွက်လာသည်။
အနီးအနားမှ တောထဲတွင် ထိုကဲ့သို့ တူညီသောအရာများ ဖြစ်ပျက်နေသည်။
နက်နဲသော တောကြီးထဲတွင် လူများ၊ သားရဲများ၏ အရိုးစုများသည် အဖြူရောင်ဝိဉာဉ်မီးတောက်များနှင့်အတူ အလျှိုလျှိုထွက်လာကြသည်။
လူပုံစံရှိသော အရိုးစုကြီးတွင် ညစ်နွမ်းနေသော အဝါရောင် အ၀တ်စပင် ဘောင်းဘီကဲ့သို့ ၀တ်ထားသေးသည်။ သူသည် ဒယီးဒယိုင်လျှောက်နေရင်း ပြုတ်ပြုတ်ကျနေသည်။
“ဒီကောင့်ကိုတော့ အေးအေးချမ်းချမ်း အနားယူခိုင်းလိုက်တာ ကောင်းမယ်ထင်တယ်” သူသည် မသေခင်က စွန့်စားသူတစ်ယောက် ဖြစ်ခဲ့နိုင်သည်။
ချက်ချင်းပင် အရိုးစုကြသည် အပုံလိုက်လဲကျသွားသည်။
အသက်ရှင်လာသော ဖုတ်ကောင်များသည် ရာချီရှိနေကာ အရွယ်အစားများလည်း မတူညီကြပေ။ အကြီးဆုံးမှာ ပေ ၁၆၀၀ ရှည်သော ပုတ်သင်ညိုကြီးဖြစ်သည်။
ဒန်ဘီ၏ အမိန့်ဖြင့် ဖုတ်ကောင်များသည် ပျားသေများကို တစ်နေရာထဲတွင် စုဆောင်းပေးကာ တစ်ချက်တည်းရှင်းနိုင်အောင် အလယ်တွင် ပုံပေးလိုက်ကြသည်။
မကြာခင်ပင် တောင်ကုန်းတစ်ခုစာလောက် ပုံသွားသည်။
ရုတ်တရတ် အဝေးမှ အသံကျယ်တစ်ခုကြားလိုက်ရပြီး သူ့ဖုတ်ကောင်များ၏ ဒေါသတကြီး အော်သံများကိုပါ ကြားလိုက်ရသည်။
ဒန်ဘီက လှည့်ပြောလိုက်သည်။ “သခင်.. တစ်ခုခုတော့ ဖြစ်နေပြီ.. ဖုတ်ကောင်တွေက သားရဲနဲ့ တွေ့နေကြတယ်ထင်တယ်”
အခြားဖုတ်ကောင်များသည်လည်း ထိုနေရာသို့ စုရုံးလိုက်ကြသောကြောင့် ထိုနေရာတွင် အစုအဝေးကြီး ဖြစ်သွားသည်။
ရွှေရောင်အရာတစ်ခုသည် သူတို့အနားသို့ကောက်လာသည်။ ကောင်းဖန်နှင့် ဒန်ဘီတို့ကို တွေ့လိုက်သောအခါ သူသည် ဆန့်ကျင်ဘက်သို့ ချက်ချင်းပင် ပျံပြေးသွားသည်။
ကောင်းဖန်က ထိုအရာကို ၂ ခါပြန်ကြည့်လိုက်သည်။
“ဒန်ဘီ၊ ဖလိန်မီ သူ့နောက်လိုက်”
တုံ့ဆိုင်းခြင်းမရှိပဲ ဒန်ဘီသည် ထိုအရာနောက်သို့ အလွန်မြန်သော အရှိန်နှုန်းဖြင့် လိုက်သည်။ သူသည် လေးဖက်ထောက်ပြေးနေသော်လည်း လေနှင့်အတူ လွင့်ပါနေသည်ဟု ထင်ရအောင် ဖြစ်နေသည်။
ဖလိန်မီက ထိုအရာဆီသို့ မီးတောက်လုံးကြီးကို ပစ်လိုက်သောအခါ ထိုအရာသည် ဟန်ချက်ပျက်သွားသည်။
ထိုအရာသည် ချက်ချင်း ပြန်လှည့်ပြေးမည် လုပ်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
ဒန်ဘီသည် သူ့ကို ဖမ်းထားလိုက်ပြီဖြစ်သည်။ သူသည် ထိုအရာကို အလွယ်တကူပင် ကိုင်မြှောက်လိုက်သောအခါ သူ၏ ဘက်လက်တွင်း၌ ရုန်းရင်းဆန်ခတ်ပါလာသည်။
သေးသွယ်သော ရွှေရောင်အမြီးလေးတွင် နူးညံ့သော အကြေးခွံများ ရှိနေပြီး နေရောင်အောက်တွင် အလွန်တောက်ပနေသည်။ သေးငယ်သော နားလေးနှစ်ဖက်သည် တဖျပ်ဖျပ်ခါနေပြီး မျက်လုံးလေးများသည် စူးစမ်းစွာဖြင့် လျှောက်ကြည့်နေလေသည်။