အခန်း (၃၀၁-၃၀၄)
Vol. 19 Ch. 301-304
အခန်း ၃၀၁ အပြန်ခရီး
ကောင်းဖန်သည် သတို့သား၏ နောက်ကျောကို ကြည့်ရင်း ဆီလီကို ခဏငှားလိုက်ရင် ကောင်းမလားဟု တွေးမိလိုက်သည်။
ကောင်းဖန်သည် နွေဦးအမာရွတ် သားရဲကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။ ထိုသားရဲ၏ ခန္ဓာကိုယ် သွင်ပြင်သည် ဆန်းကြယ်လှပြီး ကောင်းဖန်သည် ရင်းရင်းနှီးနှီးသိသလို ဖြစ်နေသည်။
သို့သော် ကောင်းဖန်သည် ထိုသားရဲကို တစ်ခါမှ မမြင်ဖူးခဲ့သည်ကိုလည်း သေချာသိနေသည်။ သူစာအုပ်တစ်အုပ်အုပ်တွင် ဖတ်ခဲ့ဖူးသည် ဆိုလျှင်လည်း မေ့စရာ အကြောင်း မရှိပါချေ။
ကောင်းဖန်၏ အမြင်အာရုံထဲတွင် အချက်အလက်များ ပေါ်လာသည်။
[သားရဲအမည်] - နွေဦးအမာရွတ်သားရဲ
[သားရဲအဆင့်] - အဆင့် ၁၆
[သားရဲစွမ်းရည်] - ပုံမှန်
[သားရဲအမျိုးအစား] - လေ
[သားရဲပျော့ကွက်] - ပြင်းထန်သော အနံ့များကို မခံနိုင်
[သားရဲဖော်ပြချက်] - အနံ့ခံသော သားရဲအမျိုးအစား ဖြစ်သည်။ သူ့တွင် အနံ့ခံအာရုံပျောက်ဆုံးထားသော်လည်း မတူညီဟော်မုန်းများကို ခွဲခြမ်းစိတ်ဖြာရာတွင်တော့ အလွန်တော်သည်။ တိုက်ခိုက်ရသည်ကို မနှစ်သက်ပေ။
အနံ့ခံသားရဲ.. ကောင်းဖန်သည် ထိုနာမည်ကို ကြားဖူးနေသည်။ အချက်အလက်များကို ကြည့်ပြီးသောအခါ သားရဲကို ထပ်ကြည့်လိုက်ပြန်သည်။ သူမည်မျှပင် ကြည့်ကြည့် သူ့ထံတွင် အနံ့ခံသားရဲ၏ အငွေ့အသက်များကို မြင်နေရသည်။
အဲဒါကြောင့် သူ့ကို ကြည့်ရတာ ထူးဆန်းနေတာကိုး..
ကောင်းဖန်သည် အချို့ကုမ္ပဏီများမှာ သားရဲများအပေါ် အလွန်ရက်စက်သည့် စမ်းသပ်မှုများ လုပ်သည်ကို သိထားသည်။ သူတို့သည် ထိုစမ်းသပ်မှုများကို လုပ်ခြင်းက သားရဲများ၏ အလားအလာကို တိုးတက်စေသည်ဟု ယုံကြည်ထားကြသည်။
တကယ်တမ်းတွင် ဓာတ်ခွဲခန်းများသည် သားရဲများကို ကိုယ်စီ စမ်းသပ်နေကြတာချည်းပင်။ လူတို့၏ သဘာ၀အရ ပို၍ သန်မာချင်ကြသည်။ ထို့ကြောင့် စည်းမျဉ်းဥပဒေ သတ်မှတ်ထားခြင်း မရှိသော ဓာတ်ခွဲခန်းများတွင် ဖြစ်ချင်တိုင်း ဖြစ်နေကြခြင်းပင်။
သို့သော် အချိူ့သော ဓာတ်ခွဲခန်းကြီးများတွင်တော့ စည်းမျဉ်းများ သတ်မှတ်ထားကြသည်။ အနည်းဆုံးတော့ သူတို့စမ်းသပ်သည့် အဆင့်များတွင် သားရဲများကို နာကျင်မှု များများစားစား မပေးခိုင်းခြင်းများ ပါ၀င်သည်။
ကောင်းဖန်သည် ကြွက်ကိုသယ်ကာ ဆက်လျှောက်သွားလိုက်သည်။ တောသားကလည်း မြင်မြင်သမျှကို စိတ်လှုပ်ရှားနေသည်။
ကောင်းဖန်ကတော့ ကြားထဲက ရှက်နေလေသည်။
ထိုကြွက် စိတ်လှုပ်ရှားစွာ လိုက်ကြည့်သောအရာများမှာ နေ့စဉ်တွေ့မြင်နေကျ အရာများ ဖြစ်သည့် လက်ရွေးစင်အဆင့် သားရဲအမြုတေ ကျောက်များ၊ လက်ရွေးစင်အဆင့် သားရဲများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ကောင်းဖန်အမြဲသုံးနေကျဖြစ်သော ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ဖြစ်သည်။
“ဒီကြွက်ကတော့ တော်တော်လေး အဆင့်မရှိတာပါလား” ကောင်းဖန်က ရေရွတ်လိုက်သည်။
ထိုကြွက်သည် သူ၏ ပထမဆုံးနေ့တွင် ကောင်းဖန်၏ မကျေမနပ် အပြောခံနေရသည်ကိုလည်း သဘောမပေါက်ပါချေ။
“သူ့အဆင့်မြင့်သွားရင်တော့ နည်းနည်းပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်” ကောင်းဖန်သည် စိတ်ညစ်နေသည်။ ဥစ္စာဓနကြွက်၏ အဆင့်သည် အလွန်ပင် နိမ့်နေပြ သူမြင်မြင်သမျှကို ရတနာဟု ထင်နေလေသည်။
“ခေါင်းဆောင် ခေါင်းဆောင်.. အများကြီးပဲနော်.. လူတွေမှာ ရတနာတွေက ဒီလောက်တောင် အများကြီးရှိတာလား” ကြွက်သည် လှောင်အိမ်ကို မှီနေရင်း သူ၏ မျက်လုံးများသည် လမ်းတစ်ဖက်တစ်ချက်မှ ဆိုင်များကို ပြူးပြဲကြည့်နေသည်။
“ရတနာ..” ကောင်းဖန်သည် ပြောစရာစကားများပင် ပျောက်ဆုံးနေသည်။
ဒီကြွက်ရုပ်ဆိုးက ရတနာတွေကို ဒီလောက်တောင် ကြိုက်တာလား.. ဆီလီသည် သတိအနေအထားဖြင့် နေလိုက်ကာ သူ၏ အသီးဖျော်ရည်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
ကြွက်က ဖျော်ရည်ကို ကြည့်လိုက်သောအခါ ဆီလီသည် စိတ်လှုပ်ရှားသွားသည်။ “သတိပေးထားတယ်နော်.. သိပါတယ် ကောင်းဖန်”
ထိုကြွက်သည် ရတနာများကို အာရုံခံနိုင်သည်။ အနီးအနားတွင် ရတနာရှိနေသရွေ့ သူ၏ အာရုံများသည် နိုးကြားနေမည် ဖြစ်သည်။
သူနောက်ဆုံးအကြိမ် စိတ်လှုပ်ရှားခဲ့ရသော အချိန်သည် လွန်ခဲ့သော ဆောင်းတွင်း နှစ်ခုကျော်က ဖြစ်သည်။ သူသည် အချိန်အတိအကျကိုတော့ မမှတ်မိတော့ပေ။ ထိုကာလသည် သူ့လို ကြွက်ကလေးတစ်ကောင်အဖို့ အလွန်ရှုပ်ထွေးသော ကာလဖြစ်သည်။
သူ့သခင်က အိမ်ပြန်မည်ဟုပြောလိုက်သောအခါ သူသည် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ရတနာများကို သူပိုင်ဆိုင်ရမည် မဟုတ်ပဲ အပြင်ထွက်လမ်းလျှောက် ခြင်းသာ ဖြစ်နေသည် မဟုတ်ပါလား။
သူသည် လက်သည်းများကို သွားဖြင့် ကိုက်လိုက်ပြီး သွားကို သွေးလိုက်သည်။ သူသည် လက်သည်းမှ မလိုအပ်သော အပိုင်းများကို ဖယ်ထုတ်ရင်း သွားအရွယ်အစားကိုလည်း ညှိနေလိုက်သည်။
သူ၏ သွားများသည် အလွန်မြန်ဆန်စွာ ပေါက်လေ့ရှိသည်။ တစ်ပတ်ကို ၂ လက်ခန့် ဖြစ်သည်။
ဥစ္စာဓနကြွက်တွင် အဆင့်မြှင့်ဖို့ နည်းလမ်း ၃ သွယ်ရှိသည်။ ကောင်းဖန်သည် တိတ်တဆိတ်စဉ်းစားလိုက်သည်။ ကောင်းဖန်တွေ့ဖူးသမျှ သားရဲများထဲတွင် သူ၏ အဆင့်မြှင့်နိုင်သော နည်းလမ်းများသည် အနည်းဆုံးဖြစ်သည်။
သူသည် ထူးခြားသော သားရဲအမျိုးအစား ဖြစ်သောကြောင့် ဖြစ်နိုင်သလို ကြွက်တစ်ကောင် ဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်တယ်။
မည်သို့ပင်ဆိုစေ ကောင်းဖန်သည် အခြားဆုံးဖြတ်ချက်များ မချမိခင် ထိုကြွက်ကိုတော့ အဆင့်မြှင့်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
ကောင်းဖန်သည် ဥစ္စာဓနကြွက်၏ စွမ်းရည်များကို တိကျစွာ ခန့်မှန်းနိုင်ခဲ့ပြီး ဖြစ်သည်။ သူသည် ရတနာများ၏ ယေဘုယျတည်နေရာများကို အာရုံခံနိုင်ပြီး နီးလာလေလေ ပိုအာရုံခံနိုင်လေဖြစ်သည်။
ကောင်းဖန်က လေချွန်လိုက်သောအခါ တာ့ဇီက သူ့ဆီပျံလာသည်။ သူက ကောင်းဖန်ကို ၀င့်ကြွားစွာ ကြည့်လိုက်သည်။ “ငါ့ကို သတိရနေတာလား”
“…”
“အိုး ရှင်းပြနေစရာတောင် မလိုပါဘူး.. ငါ့ကိုလွမ်းနေတာ သိပါတယ်” တာ့ဇီက ခေါင်းကို မော့ပြီး ပြောလိုက်သည်။
သူက ကြွက်ဆီကို တစ်ချက်ကြည့်လိုက်သည်။ ဒီတိုင်း ကြွက်လေးတစ်ကောင်ပါပဲ.. ဘာမှအရေးစိုက်စရာမလိုဘူး.. သူ့ကို တစ်ကိုက်တည်း စားလိုက်ရင်တောင် ဘာမှကျန်မှာ မဟုတ်ဘူး”
“ကောင်းဖန်.. ညစာကို ကြွက်ကင်စားရအောင်” တာ့ဇီက တမင်သက်သက်ပင် အမြင်ကတ်ဖွယ်လေသံဖြင့် ပြောလိုက်သည်။
လှောင်အိမ်ထဲက ကြွက်သည် တာ့ဇီကို ကြောက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“တော်စမ်းပါကွာ” ကောင်းဖန်က ခေါင်းကိုယမ်းလိုက်ပြီး သူ၏ ကိုယ်ပိုင်သားရဲများကို စုဆောင်းကာ အိမ်ပြန်လိုက်သည်။
သူတို့သည် ဆိုင်တစ်ဆိုင်ကို ဖြတ်လျှောက်လာပြီးနောက် ကောင်းဖန်က ဆိုင်ထဲ၀င်ဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် ဆိုင်နာမည်ကို ခေါင်းမော့ကြည့်လိုက်သည်။
ဪ ငါတို့ဆိုင်ပါလား..
ထိုဆိုင်သည် သေချာပင် မွမ်းမံထားသည်။ ကြမ်းပြင်ကို အထူးအမျိုးအစား ဖန်ဖြင့် ပြုလုပ်ထားပြီး မျက်နှာကျတ်မှ အဖြူရောင်မီးအလင်းရောင်ကြောင့် တောက်ပလျက် ရှိနေသည်။ ဖန်ကြမ်းပြင်၏ အောက်တွင်တော့ ကမ်းခြေတွင် တွေ့နိုင်သော သဲများနှင့်တူသော ရွှေရောင်သဲများရှိနေသည်။
ဆိုင်အတွင်း ဆယ်ပေခန့် အကွာတိုင်းတွင် စင်တစ်ခုစီ ထားထားသည်။ ထိုစင်တစ်ခုစီတိုင်းကို ဖန်အကာများဖြင့် ပြုလုပ်ထားပြီး တန်ဖိုးရှိသော အရာများ အထဲတွင် ရှိနေသည်။
“မင်္ဂလာပါဆရာ.. ဘာပစ္စည်းများ ရှာနေတာပါလဲ.. ကျွန်မတို့ တောင်ပိုင်းရေဆိုင်ကနေ ဈေးကွက်မှာ ရနိုင်တဲ့ ပစ္စည်းတွေရဲ့ ၉၉ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်”
ကောင်းဖန်က လက်ကာပြလိုက်သည်။ “မန်နေဂျာကို ခေါ်ပေးပါ”
လှပသော ၀န်ထမ်းမလေးသည် နောက်သို့ ဆုတ်လိုက်သည်။ ထို့နောက် နူးညံ့ညင်သာစွာဖြင့် ချိုသာစွာ ပြောလိုက်သည်။ “ဆန္ဒရှိတဲ့အတိုင်းပါပဲရှင်”
သူမသည် တစ်ဖက်သို့ လှည့်လိုက်ကာ မန်နေဂျာကို သွားခေါ်လိုက်သည်။
ကောင်းဖန်သည် လိုအပ်သော ပစ္စည်းများကို မှာယူလိူ့ရသော်လည်း ရောက်ဖို့အချိန်စောင့်ရဦးမည် ဖြစ်သောကြောင့် ရောက်တုန်းရောက်ခိုက် လိုအပ်တာတွေ ၀ယ်ယူချင်ခြင်း ဖြစ်သည်။
ဆိုင်မန်နေဂျာသည် အဖြူရောင်ရှပ်ကို အပြာရောင် နက်တိုင်ဖြင့် စည်းကာ ထွက်လာသည်။ သူသည် ကောင်းဖန်ကို ချက်ချင်း မှတ်မိသွားသည်။
ကောင်းဖန်က အောက်ခြေ၀န်ထမ်းများကို မသိသော်လည်း အောက်ခြေ၀န်ထမ်း အားလုံးနီးပါးကတော့ သူ့ကို သိကြသည်။
သူတို့သည် ကောင်းဖန်ကို ကြည့်လိုက်တာနှင့်ပင် သိကြသည်။
မန်နေဂျာက အ၀တ်ကို သပ်ရပ်သွားအောင် ပြင်ဆင်လိုက်ပြီး ကောင်းဖန်နားသို့ အလျင်အမြန်လျှောက်သွားလိုက်သည်။
ကောင်းဖန်က ခေါင်းကိုယမ်းလိုက်သည်။ “အထဲမှာ စကားပြောမယ်”
မန်နေဂျာသည် နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ကောင်းဖန်ကို အစက မသိသော ၀န်ထမ်းမလေးသည် ကောင်းဖန်ကို သိချင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူမသည် ကောင်းဖန်ကို မသိသေးသော်လည်း မန်နေဂျာ၏ အပြုအမူကို ကြည့်ပြီး ကောင်းဖန်က အရေးကြီးသည်ဆိုတာကိုတော့ သိလိုက်သည်။
သူမသည် ကောင်းဖန်ကို စိုက်ကြည့်မိနေသည်။
သူမသည် နှမြောနေသလို အနည်းငယ် စိတ်ဓာတ်ကျနေပုံပေါ်သည်။
တာ့ဇီက သူမကို ကြည့်ကာ ခေါင်းကို မော့လိုက်သည်။
၀န်ထမ်းမလေးသည် သူမဆီသို့ ခူယားတစ်ကောင် လာနေသည်ကို တွေ့လိုက်ရသညါ။ သူမ မျက်လုံးများ မှားနေသလား..
“ဒီမှာ ရွှေရောင်ငွေသစ်သီးတွေ၊ ဟွမ်းမင်ပန်းတွေ၊ လင်ရှင်းဇီ၊ ဘုရင်မြက်၊ လက်သည်းကိုးခုရှိတဲ့ ဒေါင်းရဲ့ ခေါင်းမွှေး.. အဲဒါတွေရှိလား” ကောင်းဖန်က ရွတ်ပြပြီး မေးလိုက်သည်။
ထိုပစ္စည်းများသည် ဥစ္စာဓနကြွက်ကို တစ်ခါတည်း အဆင့်မြှင့်ရာတွင် သုံးနိုင်သော ပစ္စည်းများ ဖြစ်သည်။ ထိုပစ္စည်းများထဲတွင် သူ၏ ကျောက်ကပ်အတွက် ကောင်းစေနိုင်သော ပစ္စည်းများလည်း ပါ၀င်သည်။
မန်နေဂျာသည် ထိုပစ္စည်းများအားလုံးနှင့် ရင်းနှီးပြီး ဖြစ်သောကြောင့် ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။ “ဆရာ ပြောတဲ့ ပစ္စည်းတွေ အားလုံး ရှိပေမယ့် ဒေါင်းမွှေးတော့ မရှိပါဘူး.. ဒါပေမယ့် လက်သည်း ခြောက်ခုဒေါင်းရဲ့ အမွှေးတော့ ရှိပါတယ်.. အခုသုံးခုကျန်သေး..”
သူသည် ကြွက်က်ု အဆင့်မြှင့်တင်ရန်အတွက် လိုအပ်သောအရာများ ရပြီး ဖြစ်သောကြောင့် တစ်ခါတည်း အကုန်၀ယ်လိုက်သည်။ သူသည် မန်နေဂျာကို ထိုပစ္စည်းများအပြင် အခြားသော အရာများပါ မှာပြီး နာရီ၀က်ခန့်စောင့်နေလိုက်သည်။ နာရီ၀က်ခန့် ကြာပြီးနောက် သူသည် တောင်ပိုင်းကောင်းကင်ဆီသို့ ပစ္စည်းများဖြင့် ပြန်သွားလိုက်သည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၃၀၂ သံမဏိအိုးနည်းလမ်း ပြန်သုံးခြင်း
ဓာတ်ခွဲခန်းထဲတွင် ရှုချင်းကျီသည် သူမ၏လက်တွင်းမှ သွေးရဲသားသတ်ဓာတ်စမ်းပစ္စည်းကို အခန်းတစ်ခုထဲသို့ ဂရုတစိုက်ပစ်ထည့်လိုက်သည်။ သွေးဆာနေသော ဓာတ်စမ်းပစ္စည်းကို ထည့်ထားသည့် ပုလင်းသည် ကြမ်းပြင်ပေါ်တွင် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားသည်။
ထိုပုလင်းကွဲကြေမှုသည် နမိတ်တစ်ခုလို ဖြစ်နေသည်။
အမည်းရောင်ဒေါသမျောက်ဝံကြီးသည် အိမ်ထဲတွင် ပျင်းရိစွာ လှဲလျောင်းနေရာမှ ရုတ်တရတ်ထလာကာ အမြန်ပြေးလာလျက် ဓာတ်စမ်းပစ္စည်းရှိရာသို့ ခုန်အုပ်လိုက်ကာ ကြမ်းပြင်တွင် ပြန့်ကျဲနေသော အရာများကို လျက်နေလိုက်သည်။
ခဏကြာလျက်ပြီးသောအခါ ထိုဓာတ်စမ်းပစ္စည်းသည် သိပ်ပြီး အစွမ်းမထက်ဘူးဟု ထင်ရသော ပုံစံဖြစ်နေသည်။ သူသည် လက်ကို ထောက်ပြီး ထလိုက်သောအခါ သူ၏ရင်ဘတ်တွင် ဖန်ကွဲစလေးအချို့က ကပ်ပြီး ပါလာသည်။
မျောက်ဝံကြီး၏ အသက်ရှုသံသည် မြန်လာပြီး သူ၏ မျက်လုံးများမှာ အနီရောင်သို့ ပြောင်းသွားသည်။ သူသည် ဒေါသတကြီး အော်ဟစ်နေသည်။
ကောင်းဖန်က တံခါးကို ဆောင့်ဖွင့်လိုက်ပြီး ရှုချင်းကျီက ထိတ်လန့်စွာ လှည့်ကြည့်လိုက်သည်။
“ပါဝင်ပစ္စည်းတွေ လုပ်ဖို့ ကူညီပေး” ကောင်းဖန်က ထိုသို့ ပြောပြီး လှည့်ထွက်သွားသည်။
ရှုချင်းကျီက မျောက်ဝံကြီး၏ ဖြစ်ပျက်နေပုံကို ပြန်လှည့်ကြည့်လိုက်သည်။ သူမ၏ စမ်းသပ်မှုမှာ အောင်မြင်လား မအောင်မြင်လား သူမ မသိပါချေ။
သို့သော် သူမခေါင်းဆောင်က ကူညီဖို့ ပြောထားသောကြောင့် အမိန့်နာခံစွာပင် ဓာတ်ခွဲခန်းသို့ ပစ္စည်းများကို ပြန်သယ်လာလိုက်ရသည်။
မကြာမီ ဓာတ်ခွဲခန်းဆီသို့ ရောက်သွားသည်။ ထို့နောက် သူတို့နှစ်ယောက်သည် လုပ်ဆောင်ချက်နှုန်းကို ပိုမြန်ဆန်စေဖို့ ပါဝင်ပစ္စည်းများကို ပြင်ဆင်နေကြသည်။
ပါဝင်ပစ္စည်းများအားလုံးကို ပြင်ဆင်ဖို့ ကြာချိန်သည် နာရီဝက်မျှပင် မရှိလိုက်ပါချေ။
ကောင်းဖန်သည် လုပ်ဆောင်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ကိုက်ဖြတ်တတ်တဲ့ သားရဲအမျိုးအစားတွေက တကယ်ပဲ ဒီအဆင့်ကို ကျော်ဖြတ်ရတာလား.. သူသည် ထိုအဆင့်ကို ပြုလုပ်ဖို့အတွက် တွေဝေမိနေသည်။
ကောင်းဖန်သည် အသက်ဝဝရှုလိုက်ပြီးနောက် ရှုချင်းကျီကို ထွက်သွားဖို့ ပြောလိုက်သည်။ ထို့နောက် ဗီရိုကြီးတစ်ခုဆီသို့ သွားလိုက်ကာ တံခါးကို ကုန်းဖွင့်လိုက်ပြီး အိုးကြီးတစ်လုံးကို ထုတ်လိုက်သည်။
ပါဝင်ပစ္စည်းများအားလုံးကို ပြင်ဆင်ပြီး ဖြစ်သည်။ သူသည် အိုးထဲသို့ အချိန်အဆများကို မှန်ကန်စွာ တိုင်းပြီး ထည့်လိုက်သည်။
အိုးထဲမှ အရည်များသည် ဆူပွက်လာသည်။
ကောင်းဖန်သည် ခေါင်းကို ပြင်းထန်စွာ ခါရမ်းလိုက်သည်။ ငါထင်ယောင်ထင်မှား ဖြစ်နေလို့ မဖြစ်ဘူး.. ဒါက ဓာတ်စမ်းပစ္စည်းအိုးပဲလေ..
အိုးထဲမှ အရည်များသည် ပိုပြီးပင် ဆူပွက်လာကာ ထူးဆန်းသော အငွေ့အသက်များသည် ဓာတ်ခွဲခန်းထဲတွင် ပြည့်နှက်သွားသည်။ ထိုအနံ့သည် အကျက်လွန်သွားသော ရွှေဖရုံသီးနံ့နှင့်ပင် တူနေသည်။ ချိုအီနေသော အနံ့သည် ကောင်းဖန်နှာခေါင်းထဲတွင် ပြည့်နှက်နေသည်။
ကောင်းဖန်က ဥစ္စာဓနကြွက်ဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။
ကြွက်သည် ကောင်းဖန်ဆီသို့ အမိန့်နာခံစွာ ကြည့်နေသည်။ သူသည် ကောင်းဖန်ကို ခေါင်းညိတ်ပြလိုက်ပြီး စားပွဲပေါ်သို့ ခုန်တက်လိုက်သည်။
“လိမ္မာတဲ့ကောင်လေး” ကောင်းဖန်က ကြွက်၏ ကျောကို ညင်သာစွာ ပွတ်ပေးနေသည်။
ထို့နောက် သူသည် အိုးဆီသို့ ညွှန်ပြလိုက်သည်။ “အထဲဝင်လိုက်”
ကြွက်သည် ကောင်းဖန်ကို အေးစက်ပြီး ခံစားချက်မဲ့သော မျက်လုံးများဖြင့် မော့ကြည့်နေသည်။
“ကဲ.. အထဲဝင်နော်”
ကြွက်သည် တံတွေးတစ်ချက်မြိုချလိုက်သည်။ သူ၏ မျက်လုံးများသည် ပြူးကျယ်လာနေသည်။ သို့သော် သူ့မျက်လုံးထဲတွင်တော့ ဘာမှ မြင်မနေပါချေ။
အိုးထဲတွင်တော့ ထူပျစ်သော အဝါရောင်အရည်များဖြင့် ပြည့်နေသည်။
အရသာသည် အနည်းငယ် ထူးဆန်းသော်လည်း ကျန်သောအရာများကတော့ အဆင်ပြေလေသည်။
ကောင်းဖန်သည် ထိုကြွက်မှာ အနည်းငယ်ကြောက်နေကြောင်းကို တွေ့သောကြောင့် အနည်းငယ် ကူညီပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် ညာလက်ဖြင့် ကြွက်ကို အနည်းငယ် တွန်းလိုက်သည်။
ကြွက်သည် ဘာမှ မလုပ်နိုင်ခင်မှာပင် စွပ်ပြုတ်အိုးထဲ ပြုတ်ကျသွားသော ဖက်ထုပ်လေးတစ်ခုလို ပြုတ်ကျသွားသည်။
ထို့နောက် ကောင်းဖန်သည် အိုးအဖုံးကို ချက်ချင်းပိတ်လိုက်သည်။
ထူးဆန်းသော အသံလေးများသည် အတွင်းမှ ထွက်ပေါ်နေသည်။
၁၀ မိနစ်ခန့်ကြာသောအခါ ကောင်းဖန်က အဖုံးကို ဖွင့်လိုက်သည်။ ထို့နောက် ရှည်လျားသော ဖန်တူနှစ်ချောင်းဖြင့် အတွင်းမှ ကြွက်ကို ထုတ်လိုက်ကာ အိုးတွင်းတွင် ဆက်ပေါင်းထားလိုက်သည်။
လေထဲတွင် ထူးဆန်းသော အနံ့များဖြင့် ပြည့်နေသည်။
ကြွက်၏ မျက်လုံးများသည် အဖြူရောင်သို့ ပြောင်းသွားပြီး ဗိုက်သည် လုံးသွားကာ အမြီးက အပေါ်သို့ ထောင်နေသည်။ ကောင်းဖန်သည် ကြွက်ကို အိုးထဲမှ ထုတ်လိုက်ကာ ဗိုက်ကို ထိကြည့်လိုက်သည်။ ဓာတ်စမ်းပစ္စည်းများသည် သူ၏ ပါးစပ်တွင်းမှ ရေတံခွန်ကဲ့သို့ ကျဆင်းလာသည်။
ကြွက်သည် အနားမယူရသေးခင်မှာပင် ကောင်းဖန်က အိုးထဲသို့ ထပ်ပစ်ထည့်လိုက်သည်။
ထူးဆန်းသော အော်သံများသည် ဓာတ်ခွဲခန်းထဲ ပျံ့နှံသွားပြန်သည်။
ဒီတစ်ကြိမ်တွင်တော့ နာရီဝက်ခန့် ထားထားလိုက်သည်။ ထို့နောက် အဝါရောင်အရည်များသည် ရေကဲ့သို့ ကြည်လင်စပြုလာသည်။
ကြွက်၏ ပုံစံကလည်း ပြောင်းလဲလာသည်။ သူ၏ ခန္ဓာကိုယ်သည် ရွှေရောင်မှ အဝါရောင်သို့ ပြောင်းသွားပြီး အနည်းငယ်လည်း ပိန်သွယ်သွားသည်။
ရုပ်ဆိုးလိုက်တာ.. ကောင်းဖန်က ရှုံ့မဲ့ပြီး ကြည့်လိုက်သည်။ ဒီကောင်က အဆင့်မြှင့်သွားပြီးတော့မှ ဘယ်လိုတောင် ပိုရုပ်ဆိုးသွားတာလဲဟ..
ကြွက်သည် အိုးထဲမှ ရွဲနစ်ပြီး ထွက်လာသည်။ သူ၏ အမွှေးများသည် ရေဖြင့်ကပ်နေကာ အမြီးကတော့ ကြမ်းပြင်တွင် ချထားသည်။
သူသည် စားပွဲပေါ်တွင် အားအင်ကုန်ခမ်းသွားသော ပုံစံဖြင့် လဲနေကာ ကောင်းဖန်ကို ကြောက်လန့်စွာ ကြည့်နေသည်။
[သားရဲအမည်]: ရတနာကို အနံ့ခံနိုင်သော ကိုက်ဖြတ်ကောင်
[သားရဲအဆင့်]: အဆင့် ၁၈
[သားရဲစွမ်းအင်]: အလွန်ကောင်း
[သားရဲအမျိုးအစား]: လျှို့ဝှက်နက်နဲ
[သားရဲအခြေအနေ]: ကျန်းမာမှုရှိ
[သားရဲဖော်ပြချက်]: ဥစ္စာဓနကြွက်မှ တစ်ဆင့်မြှင့်ထားခြင်းဖြစ်သည်။ သူသည် ရတနာများ၏ အနံ့ကို အလွန်ပင် အနံ့ခံနိုင်သည်။ သူသည် ဖြတ်သွားရုံမျှနှင့်ပင် ရတနာများ၏ အနံ့ကို ရနိုင်သည်။
[အကောင်းဆုံးအဆင့်ကို မြှင့်ရန် လိုအပ်ချက်များ]: …
သူသည် အလွန်ကောင်းသောအဆင့်ကိုသာ တက်သွားခြင်း ဖြစ်သောကြောင့် အကောင်းဆုံးအဆင့်ကို ရောက်ရန် လိုသေးသည်ဟု ဆိုရမည်။ သို့သော် ကြီးကြီးမားမား အဆင့်မြှင့်တင်ဖို့လည်း မလိုသေးပါချေ။
ကောင်းဖန်သည် ပြီးပြည့်စုံသော အဆင့်သို့ မြှင့်နိုင်ရန် နည်းလမ်းများကို ကြည့်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ နည်းလမ်း ၂ ခုသာ ကျန်တော့သည်။
နောက်ဆုံးအကြိမ်ကြည့်ခဲ့တုန်းက နည်းလမ်း ၃ ခုရှိသော်လည်း ယခုတော့ ၂ ခုသာ ရှိတော့သည်။ ဒီလိုအမျိုးအစားတွေက တကယ်ပဲ ရှားပါးတာလး.. အဆင့်မြှင့်ဖို့ နည်းလမ်းတွေကတောင် တော်တော် ကန့်သတ်ထားတာပဲ..
ယခုတစ်ခေါက် အဆင့်မြှင့်တင်ရန် နည်းလမ်းတစ်ခုကတော့ သူ၏ ရတနာရှာဖွေမှု စွမ်းရည်ကို မြှင့်တင်ရန်ဖြစ်သည်။ နောက်နည်းလမ်းတစ်ခုကတော့ ရတနာများကို စားသုံးကာ ရတနာဝါးမြိုခြင်း ကိုက်ဖြတ်ကောင်အဖြစ် အဆင့်မြှင့်ရန် ဖြစ်သည်။ ဒုတိယနည်းလမ်းကတော့ ထိုကြွက်၏ စွမ်းရည်ကို အတော်အတန် မြှင့်တင်နိုင်မည် ထင်သည်။
နည်းလမ်း ၂ ခု လုံးသည် အဆင်ပြေသောကြောင့် ကောင်းဖန်သည် ဆက်လုပ်ဆောင်ဖို့ စဉ်းစားလိုက်သည်။
ကောင်းဖန်၏ မိသားစုသည် ချမ်းသာသောကြောင့် သူ၏ အိမ်တွင် ရတနာများစွာရှိလေသည်။ သူသည် ထိုရတနာများကို အသုံးချမည်မှာ အသေအချာပင်။
သူသည် ထိုကြွက်ကိုတော့ တိုက်ခိုက်ရေးတွင် အားကိုးလို့ ရမည် မဟုတ်ပေ။ သူ၏ ရတနာရှာဖွေရေး အစွမ်းကိုသာ အသုံးချရမည် ဖြစ်သည်။ ထို့အပြင် ထိုကြွက်သည် ရတနာရှာဖွေရေးမှ လွဲပြီး ဘာတစ်ခုမှ အသုံးမကျသောကြောင့် ကောင်းဖန်၏ အခြေအနေနှင့်လည်း နည်းနည်းလေမျှပင် မကိုက်ညီပါချေ။
သူသည် ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်လိုက်ကာ ကုန်လှောင်ဌာနကို ဆက်သွယ်လိုက်ပြီး ဂိုထောင်မှ ပစ္စည်းအချို့ကို ပို့ရန် ပြောလိုက်သည်။
ထိနေရာတွင် ဧကရာဇ်အဆင့်သားရဲ၏ သွေးမှလွဲပြီး ပစ္စည်းများအစုံရှိသော်လည်း ထိုအရာသည် ကြီးမားသော အဆင်မပြေခြင်းတော့ မဟုတ်ပါချေ။
ကောင်းဖန်သည် ကုန်လှောင်ရုံသို့ ပစ္စည်းများပို့ရန် ဆက်သွယ်ပြီးနောက် ဧကရာဇ်အဆင့်သားရဲ၏ သွေးကိုတော့ သူကိုယ်တိုင် စုဆောင်းရမည် ဖြစ်သည်။
သူသည် အစင်းလေးကို အရင်ဆုံး စဉ်းစားကြည့်လိုက်သည်။ အစင်းလေးသည် သူ၏ ကိုယ်ပိုင်သားရဲ ဖြစ်သောကြောင့် အဆင်လည်း ပြေလေသည်။ သို့သော် ခဏစဉ်းစားလိုက်ပြီးနောက်တွင် အစင်းလေး၏ သွေးကို ထုတ်ဖို့သည် ခက်ခဲနိုင်မည်ဟု တွေးမိလိုက်သည်။
ဒါဆိုလျှင်တော့ နဂါးဖြူကြီးသာ ရှိတော့သည်။
“နဂါးဖြူကြီးရေ” ကောင်းဖန်က ရေကန်နားတွင် သွားအော်ခေါ်လိုက်သည်။
တည်ငြိမ်နေသောရေသည် စတင်လှုပ်ရှားလာပြီး ခေါင်းဖြူကြီးတစ်ဝက်သည် ရေထဲမှ ထွက်ပေါ်လာသည်။ သူသည် ကောင်းဖန်ကို စူးစမ်းကြည့်နေသည်။
“နဂါးဖြူကြီရေ.. ဒီကိုလာပါဦး.. တစ်ခုလောက် ချေးစရာ ရှိလို့” ကောင်းဖန်က လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
ကြီးမားသော သားရဲကြီးသည် ရေထဲမှ ထွက်ပေါ်လာကာ သူ၏ နှင်းဖြူလို လက်သည်းကြီးများသည် နေရောင်အောက်တွင် တောက်ပနေသည်။ နဂါးဖြူကြီးသည် ကောင်းဖန်၏ အထက်မှငုံ့ကြည့်နေရင်း ရေများကို မှုတ်ထုတ်လိုက်သောအခါ နေရောင်အောက်တွင် သက်တံ့တစ်ခု ပေါ်လာသည်။
ကောင်းဖန်က အရှေ့တိုးလိုက်ကာ သူ့လက်ထဲမှ ကြီးမားသော ပုံးကြီးကို မြှောက်ပြလိုက်သည်။
“နောင်တော် နဂါးကြီး.. သွေးနည်းနည်းလောက် ချေးပါရစေ.. ဒီတစ်ပုံးစာပဲ လိုတာပါ”
နဂါးဖြူကြီးသည် မျက်လုံးများပြူးကျယ်သွားကာ လည်ချောင်းတွင်းမှ အသံတစ်ခု ပြုလိုက်သည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ အဖိုးကို ပြောပြီးသွားပါပြီ.. အဖိုးက မပြောထားဘူးလား”
နောက်ဆုံးတွင်တော့ နဂါးဖြူကြီးသည် သူ၏ ဘက်လက်ကို မမြှောက်ချင် မြှောက်ချင် မြှောက်လိုက်သည်။ ထို့နောက် သူ၏ ညာလက်သည်းကို အသုံးပြုကာ ဒဏ်ရာအသေးစားလေးတစ်ခု ဖြစ်အောင် လုပ်လိုက်သည်။
လတ်ဆတ်သော သွေးများသည် ထိုဒဏ်ရာမှ ကျဆင်းလာသည်။ အချို့သော သွေးများသည်ပင် ပုံးမှ ပြန်ပြီး ကောင်းဖန်လက်သို့ လာစင်ကြသည်။
နဂါးဖြူကြီး၏ သွေးသည် ပူသောကြောင့် အစပိုင်းတွင်တော့ သူ၏လက်တွင် နွေးထွေးမှုကို ခံစားရသည်။ သို့သော် အပူချိန်သည် ရုတ်တရတ် ကျဆင်းသွားပြီး သူ၏ လက်သည် အေးသထက် အေးလာသည်။ ထို့နောက် ရေခဲများပေါ်လာသည်။ အေးစိမ့်မှုသည် အတွင်းပိုင်းထိ စိမ့်လာပြီး သူ၏လက်သည် ပိုခဲလာသည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၃၀၃ ထျန်းကွတ် အကယ်ဒမီ
ဒဏ္ဍာရီလာ နဂါးရဲ့ သွေးက ဒီလိုပဲလား..
ကောင်းဖန်သည် သူ၏ အေးခဲနေသော လက်များကို ကြည့်ကာ ထိုသို့တွေးလိုက်သည်။
သို့သော် ထိုသွေးသည် အလွန်ပင် အေးလှသည်။ ဒါပေမယ့် သူက ဧကရာဇ်အဆင့် သားရဲပဲလေ.. ကောင်းဖန်က ဆက်တွေးလိုက်သည်။
နဂါးဖြူကြီး၏ ဒဏ်ရာသည် ချက်ချင်းပင် ပြန်ကောင်းသွားသည်။ အရင်ဆုံး ပြတ်ရှနေသော အသားများသည် ကြွတက်လာသည်။
ထိုအသားများသည် အချင်းချင်း ပွတ်တိုက်နေပြီး အသားအသစ်တစ်ခုက ထွက်ပေါ်လာကာ ၁၀ မိနစ်အတွင်း ပြန်လည် စေ့ပိတ်သွားခြင်း ဖြစ်သည်။ မျက်နှာပြင်တွင် ခြစ်ရာလေးတစ်ခုသာ ကျန်ခဲ့တော့သည်။
သွေးပုံးသည် ပြဒါးများပါသကဲ့သို့ လေးပင်နေပြီး ရေထက်ပင် အစပေါင်းများစွာ လေးနေသည်။ ကောင်းဖန်က ပုံးကို မလိုက်သောအခါ မျက်နှာပြင်တွင် တုန်လှုပ်သွားခြင်းပင် မရှိပေ။ တည်ငြိမ်လှသည်။ မျက်နှာပြင်သည် မှန်ကဲ့သို့ ချောမွတ်နေသည်။
သွေးအစစ်ရော ဟုတ်ရဲ့လား.. ကောင်းဖန်သည် တွေဝေနေသည်။
ထို့နောက်ကောင်းဖန်သည် သွေးပုံးကို ကိုင်ကာ ကန်ဘေးမှ ပျော်ရွှင်စွာ ထွက်သွားသောကြောင့် နဂါးဖြူကြီးလည်း ရေကန်ထဲသို့ လှည့်ပြန်သွားသည်။
စိမ်းပြာရောင် မိချောင်းကြီးကတော့ အနီးမှ ကန်ထဲတွင် စူးစမ်းကြည့်နေသည်။ သူ၏ အသိဉာဏ်အရ နဂါးဖြူကြီးသည် သူတွေ့ဖူးသမျှထဲတွင် အသန်မာဆုံးနှင့် အစွမ်းအမြင့်ဆုံး သားရဲကြီး ဖြစ်သည်။
အားနည်းသူများသည် အားကြီးသူတို့ဘက်သို့ ယိမ်းယိုင်တတ်ကြသည်မှာ လောက သဘာဝ ဖြစ်သည်။
သူသည် နဂါးဖြူကြီးက သူ၏ သွေးကို အားနည်းသော လူသားထံသို့ ပေးလိုက်ခြင်းအပေါ် အံ့ဩနေသည်။
ထူးဆန်းလိုက်တာ..
သူသည် မည်မျှပင် စဉ်းစားကြည့်သော်လည်း အဖြေရှာမတွေ့နိုင် ဖြစ်နေသည်။ သူသည် ရေအေးအေးထဲတွင် ဇိမ်ခံကာ စိမ်နေရင်း ကန်ထဲတွင် လှဲလျောင်း စဉ်းစားနေကာ မကြာခင် အိပ်ပျော်သွားတော့သည်။
ကောင်းဖန်သည် ဓာတ်ခွဲခန်းသို့ ပြန်လာပြီး သူ၏ စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်လိုက်သည်။ ထို့နောက် နာရီဝက်ခန့်အကြာတွင် ပြီးဆုံးသွားသည်။
သူ၏ အသွင်အပြင်သည် ပြီးပြည့်စုံစွာ ပြောင်းလဲသွားသော်လည်း နာမည်ကတော့ မပြောင်းသေးပေ။ ထို့ကြောင့် ကြွက်သည် ပြီးပြည့်စုံသော အဆင့်သို့ ပြောင်းလဲသွားသော်လည်း ပုံစံအနေအထားကတော့ မပြောင်းလဲဘူးဟု ဆိုနိုင်ပေသည်။
သူ၏ အရောင်သည် အဝါရောင်မှသည် အဝါဖျော့ရောင်ပြောင်းကာ အဖြူရောင် အရိပ်လေးများလည်း ပါဝင်နေသည်။
သူ၏ မျက်လုံးများကတော့ ပိုသေးသွားပြီး ပဲစေ့လေးအရွယ်လောက်သာ ရှိတော့သည်။ နှာခေါင်းမွှေးများကတော့ တစ်ဖက်တစ်ချက် မည်းနက်စွာ ရှိနေသည်။
သူက တစ်ခါတည်း အဆင့် ၂ ခုတောင် ကျော်တက်သွားတာဆိုတော့ သူ့ရဲ့ ရတနာရှာဖွေတဲ့ အာရုံခံနိုင်စွမ်းက နည်းနည်းတော့ တိုးတက်လာမည်ဟု ထင်မိသည်။
ကောင်းဖန်သည် လက်ရွေးစင်အဆင့် သားရဲ၏ အမြုတေကျောက်ကို သူ့ရှေ့တွင် ထားလိုက်သည်။ ကြွက်၏ တုံ့ပြန်မှုသည် ဘာမှဖြစ်မလာချေ။ သူသည် စိတ်ဝင်စားဟန်လည်း မပြချေ။
ဟာ.. ဒီကောင်ကတော့..
ကောင်းဖန် တော်တော်ပျော်သွားသည်။ ကြွက်သည် အဆင့်မမြှင့်ခင်ကတော့ ထိုကဲ့သို့ အမြုတေကျောက်ကို တွေ့လျှင် အလွန်စိတ်လှုပ်ရှားကာ ယောက်ယက်ခတ်နေခဲ့သည်။
ယခုတော့ သူသည် အေးအေးဆေးဆေးပင် တုံ့ပြန်နိုင်သွားသည်။
“မင်းကြည့်ကြည့်ပါဦး.. ဒါလေးကို မကြည့်ချင်ဘူးလား” ကောင်းဖန်က ကြွက်၏ နှာခေါင်းအောက်နားတွင် အမြုတေကျောက်ကို ထားကြည့်လိုက်သည်။
ကြွက်သည် အသက်တစ်ချက် ဝဝရှုလိုက်ကာ ကောင်းဖန်၏ လက်ကို သူ့ညာဘက်လက်နှင့် ကိုင်ထားလိုက်ပြီး အမြုတေကျောက်ကို မကိုက်ချင် ကိုက်ချင်ကိုက်လိုက်သည်။
ငါဒါကြီးကို တကယ်မစားချင်ပါဘူး.. ကြွက်က မျက်လုံးလှန်ကြည့်လိုက်သည်။ သခင်က ဘာလို့ မလွှတ်ပေးတာလဲ..
“မင်းကို ကြည့်ပဲကြည့်ခိုင်းတာလေ.. မစားခိုင်းဘူး” ကောင်းဖန်က ပြောလိုက်သည်။
ကြွက်သည် တော်တော်အသည်းပေါက်သွားသည်။
သူသည် ကျောက်ကို မလွှတ်ပေးတော့မည့် ပုံဖြင့် တင်းကြပ်စွာ ကိုင်ထားလိုက်သည်။ သို့သော် ကောင်းဖန်က အားဖြင့် ပြန်ဆွဲယူလိုက်သည်။
ကောင်းဖန်သည် လက်ရွေးစင်အဆင့် သားရဲ၏ အမြုတေကျောက်ကို ဘေးမှာချထားလိုက်ကာ ကွန်မန်ဒါဆင့် သားရဲ၏ အမြုတေကျောက်ကို ထုတ်လိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ကြွက်သည် အနည်းငယ် တုံ့ပြန်မှုလေးဖြစ်သွားသည်။ သူသည် ကောင်းဖန်လက်ထဲမှ ကျောက်ကို စိုက်ကြည့်နေသည်။ သို့သော် သူသည် ကောင်းဖန်လုပ်ထားတာကို မှတ်မိနေပုံဖြင့် အခြား တုံ့ပြန်မှု မပေးချေ။ သူသည် မကြည့်တော့ပဲ ခေါင်းကို လှည့်လိုက်သည်။
ကွန်မန်ဒါဆင့် သားရဲ၏ အမြုတေကျောက်သည် ကြွက်ကို အနည်းငယ် ဆွဲဆောင်နိုင်သော်လည်း စိတ်လှုပ်ရှားအောင်တော့ လုပ်နိုင်သေးပုံမရပေ။
ကောင်းဖန်က တစ်ချက်တွေးလိုက်သည်။ ဒီလောက်ဆို ခန့်မှန်းလို့ရပါပြီ..
သိပ်မဆိုးပါ။ ထို့အပြင် ကြွက်သည် မကြာခင် ကွန်မန်ဒါအဆင့် ရောက်ရှိတော့မည် ဖြစ်သည်။ သူသည် ကွန်မန်ဒါအဆင့် ရောက်သွားသည်နှင့် အစွမ်းလည်း တိုးတက်လာတော့မည် ဖြစ်သည်။
ငါ့ဘဝမှာ တခြား ကံမကောင်းတဲ့အဖြစ်အပျက်တော့ ကြုံလာစရာ မရှိတော့ပါဘူး။
…
ကောင်းဖန်သည် ကြွက်ကို အဆင့်မြှင့်ပြီးသောအခါ နာရီကိုကြည့်လိုက်သည်။ အချိန်သည် နေ့လည် ၃ နာရီသာ ရှိသေးသည်။
သူသည် ရုတ်တရတ် ဟွမ်းယာ၏ ကျောင်းရက်များပြီးသွားသည်ကို သတိရလိုက်သည်။ ကျောင်းတွင် ကျောင်းသားခန့်ထားရေး ကိစ္စများတော့ ပြီးသွားပြီ ဖြစ်သည်။ ဟွမ်းယာသည် ကောင်းဖန်ကို ကျောင်းဖွင့် အခမ်းအနားကို တက်ရောက်ရန်ပင် ဖိတ်ထားသေးသည်။
ဟုတ်တာပေါ့.. ငါတက်ရမှာပေါ့..
ဖွင့်ပွဲအခမ်းအနားသည် နောက်နေ့မနက် ၁၀ နာရီတွင် ပြုလုပ်မည် ဖြစ်သည်။ ကောင်းဖန်သည် ကျောင်းသွားဖို့ ပြင်ဆင်လိုက်သည်။
ကျောင်းသည် တောင်ပိုင်းကောင်းကင်နှင့် အရမ်းမဝေးသော်လည်း အခြေအနေအချို့ကြောင့် တောင်များအလယ်တွင် တည်ဆောက်ထားရသည်။
အတွင်းပိုင်းတွင် ကျယ်ဝန်းသော်လည်း အပြင်ပိုင်းကတော့ ရိုးရှင်းလှသည်။ ကျောင်းဝင်ပေါက်ရှေ့တွင် ၃ ထပ်မြင့်သော စင်တစ်ခု ရှိနေပြီး စင်၏ အရှေ့တွင်တော့ အမွှေးတိုင်ခွက်ကြီး တစ်ခွက်ရှိသည်။ လူများသည် ထိုအထဲတွင် အမွှေးတိုင်များ လာရောက် ထွန်းညှိကြသောကြောင့် အတွင်းတွင် ညစ်ပေနေသည်။
စင်ပေါ်တွင်တော့ ကွမ်ယုရုပ်တုကြီး ရှိနေသည်။
အစင်းလေးနှင့် အနေကြာလာသောကြောင့် ကွမ်ယုရုပ်တုကြီးသည် တောင်ပိုင်းကောင်းကင်တွင် နေသားကျလာပြီ ဖြစ်သည်။
ထို့ကြောင့် ကောင်းဖန်သည် ရုပ်တုကြီးကို ကျောင်းတွင် ဂိတ်စောင့်အဖြစ် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။ တောင်ပိုင်းကောင်းကင်တွင်တော့ မည်သည့်အစောင့်မှ မလိုအပ်ပါချေ။ အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းကောင်းကင် အဖွဲ့ချုပ်၏ ဂိတ်ကြီးတွင် ကျားများ နဂါးများဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။
ထိုကျောင်းနေရာကို သေချာရှင်းလင်းထားပြီး ဖြစ်သော်လည်း အဆင့်နိမ့်သားရဲများသည် တစ်ခါတစ်ရံ ပေါ်လာတတ်ကြသည်။ ထို့ကြောင့် ရုပ်တုရှိနေပါက သူသည် ကျောင်းကို ကာကွယ်စောင့်ရှောက်နိုင်လိမ့်မည်ပင်။
ကောင်းဖန်သည် အဆောင်များ၊ ကန်တင်း၊ အားကစားရုံ၊ စာသင်ခန်းများနှင့် ရုံးခန်းများကို ပတ်ကြည့်လိုက်ပြီး ကျေနပ်နေလေသည်။
ကျောင်းကို ၂ လအတွင်း ဆောက်လိုက်ရသောကြောင့် ပြီးပြည့်စုံဖို့တော့ မျှော်လင့်လို့မရသော်လည်း အရည်အသွေးကတော့ ကောင်းမွန်လှသည်။ ကောင်းဖန်သည် သန့်ရှင်းပြီး ရိုးရှင်းနေသည်ကို သဘောကျနေသည်။
အဆောင်များတွင် ကျောင်းသားများပင် နေနေကြပြီ ဖြစ်သည်။ ကျောင်းတွင် ကျောင်းသားအမျိုးအစား ၃ မျိုး ရှိသည်။
ပထမအမျိုးအစားကတော့ မိဘမဲ့များ ဖြစ်ပြီး မိဘများ မရှိကြတော့သောကြောင့် ခက်ခဲစွာ နေထိုင်နေကြသူများ ဖြစ်သည်။ ဒုတိယအမျိုးအစားကတော့ ကျောင်းတက်ဖို့ မိဘမဲ့ကျောင်းများမှတဆင့် ထောက်ခံချက်ရထားသူများ ဖြစ်သည်။ သူတို့ကို အတင်းအကြပ်တက်ခိုင်းကြခြင်းတော့ မဟုတ်ပါချေ။ နောက်ဆုံး အမျိုးအစားကတော့ တောင်ပိုင်းကောင်းကင်မှ ဝန်ထမ်းများ၏ ကလေးများ ဖြစ်သည်။
ကျောင်းကို အချိန်ပြည့်ကျောင်းအဖြစ် လုပ်ထားပြီး တစ်လတစ်ခါ လေ့ကျင့်ရေး ကွင်းဆင်းခရီး ရှိမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျောင်းသားများသည် နွေရာသီပိတ်ရက်များတွင် တောင်ပိုင်းကောင်းကင်၏ လက်အောက်တွင်ရှိသော စက်ရုံများနှင့် ဌာနများတွင် အချိန်ပိုင်း လုပ်ကိုင်နိုင်မည် ဖြစ်သည်။ အိမ်ပြန်စရာ မရှိသော ကျောင်းသားများကတော့ နွေရာသီနှင့် ဆောင်းရာသီပိတ်ရက်များတွင် ကျောင်းတွင်သာ နေထိုင်နိုင်မည် ဖြစ်သည်။ ထိုကာလများတွင်တော့ ကျောင်းတွင် စာသင်မည် မဟုတ်သော်လည်း စိတ်ဝင်စားဖွယ် ကျောင်းတွင်းလုပ်ဆောင်ချက်များတွင် ပါဝင်နိုင်မည် ဖြစ်သည်။
ထိုကျောင်းသည် အလယ်တန်းနှင့် အထက်တန်းကို ပေါင်းဖွင့်ထားသော ကျောင်းဖြစ်သည်။ ကျောင်းသားများသည် ဘွဲ့ရပြီးသည်နှင့် သွေးစာချုပ်တွင် ချုပ်ဆိုကာ သားရဲလေ့ကျင့်သူများ တန်းဖြစ်သွားကြမည် ဖြစ်သည်။
မူလတန်းကျောင်းကိုလည်း စီစဉ်ထားသော်လည်း ဆောက်လုပ်ထားဆဲပင် ဖြစ်သည်။ ထိုကျောင်းကိုတော့ အလယ်တန်းနှင့် အထက်တန်းကျောင်းများနှင့် ပူးပေါင်းမည်မဟုတ်ပဲ သီးခြားဖွင့်လှစ်မည် ဖြစ်သည်။
ဒုတိယနေ့တွင်တော့ ကောင်းဖန်သည် အညိုရောင်ဝတ်စုံနှင့် ဖဲပြားကို တပ်ကာ ကျောင်း၏ စင်မြင့်ထက်တွင် ရပ်ပြီး မိန့်ခွန်းပြောနေသည်။ သူ၏ ဆံပင်ပုံစံသည် လူကြီးဆန်နေပြီး သူ၏ သွင်ပြင်မှာလည်း အလွန်ပင် တည်ငြိမ်ရင့်ကျက်နေသည်။
ကောင်းဖန်သည် ထိုသို့ ဝတ်စားလိုက်သောအခါ ငယ်ရွယ်သည့်ပုံမပေါက်တော့ပဲ ၂၆ ၂၇ အရွယ်ခန့်ဟု ထင်နေရသည်။
“အားလုံးကို နှုတ်ဆက်ပါတယ်.. ကျွန်တော်ကတော့ ကျောင်းအုပ် ကောင်းဖန်ပါ.. ကျွန်တော့်ကို ကျောင်းအုပ်ကောင်းလို့ ခေါ်လို့ရပါတယ်.. ဒီနေ့ဟာ ထျန်းကွတ်အကယ်ဒမီရဲ့ ပထမဆုံးနေ့ ဖြစ်တာကြောင့် ထူးခြားတဲ့နေ့ဖြစ်ပြီး အမှတ်ရနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. နောက်အနာဂတ် နှစ်ပေါင်းများစွာကျရင် ဒီကျောင်းရဲ့ ကျောင်းသားဖြစ်ခဲ့ရတဲ့အတွက် ဂုဏ်ယူနေရလိမ့်မယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ် …” ကောင်းဖန်သည် မိန့်ခွန်းအတွက် စကားလုံး ၃၀၀၀၀ ကျော်ပါသော စာများကို ပြင်ဆင်လာခဲ့လေသည်။
ကောင်းဖန်သည် မိန့်ခွန်းကို တစ်လုံးချင်းဖတ်နေသောကြောင့် တစ်ခုလုံးပြီးအောင်ဖတ်ရန် ၁ နာရီခန့် ကြာသွားသည်။
“…အဲဒါကြောင့် အားလုံးကို ကြိုဆိုပါတယ်.. ကျွန်တော်တို့အားလုံး သမိုင်းသစ်ကို တည်ထောင်ကြရအောင်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်”
လက်ခုပ်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
နေရောင်အောက်တွင် ရပ်နေသော ကျောင်းသားများ၏ လက်ခုပ်ခံများကတော့ ပိုကျယ်လေသည်။
ကျောင်းဖန်က ပြုံးလိုက်သည်။ သူသည် ဟွမ်းယာဘက်လှည့်ကာ ပြောလိုက်သည်။ “ကျောင်းသားလေးတွေက တော်တော် တော်ကြတာပဲ.. အရမ်းတက်ကြွတယ်.. ပျော်တတ်ကြတယ်.. အရေးကြီးဆုံးက တော်တော်လေးကို ဂါရဝတရား ရှိကြတာပဲ”
ကျောင်းသားများ၏ အချစ်ကို ရရှိသော ခံစားချက်က ဒီလိုပါလား။ ကောင်းဖန်သည် ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်ယက်လိုက်သည်။ သူသည် ပြောရတာ မဝသေးပေ။
ထားလိုက်ပါတော့.. နောက်တစ်ခေါက်မှ ဆက်ပြောတော့မယ်..
“ကဲပါ.. ကျွန်တော့် မိန့်ခွန်းကတော့ ဒီမှာပဲရပ်လိုက်ပါတော့မယ်.. အခုဆက်ပြီး ဒုကျောင်းအုပ် ဟွမ်းယာကို မိန့်ခွန်းပြောကြားဖို့ ဆက်ပြီး ဖိတ်ခေါ်လိုက်ပါတယ်” ကောင်းဖန်သည် ပျော်ရွှင်စွာ ပြောလိုက်ပြီး ဟွမ်းယာကို ရှေ့တက်စေလိုက်သည်။
နေရောင်အောက်တွင် ရပ်နေသော ကျောင်းသားများသည် လက်ခုပ်သံသည် တဖြည်းဖြည်း နှေးကာ တိုးသွားသည်။ သူတို့သည် လက်ထဲတွင် စာရွက်အထူကြီးကိုကိုင်ကာ မိုက်ခရိုဖုန်းနားသို့ လျှောက်လာသော ဟွမ်းယာကို ထိတ်လန့်စွာ ကြည့်နေကြလေသည်။
***
သားရဲလေ့ကျင့်သူ ။ အခန်း ၃၀၄ ချန်အန်းမှ ဖုန်းကောတစ်ခု
မိန့်ခွန်းကြီးသည် ၂ နာရီအကြာမှ ပြီးသွားသောကြောင့် စင်အောက်မှ ကျောင်းသားများ၏ ခြေထောက်များသည် ထုံကျင်နေကြသည်။
သူတို့သည် မိန့်ခွန်းများအားလုံး ပြောပြီးပြီဆိုတာ သေချာသွားသောအခါ လက်ခုပ်များကို ဖျော့တော့စွာ တီးလိုက်ကြသည်။
ထိုနေ့တွင် အတန်းများအားလုံး တရားဝင်စတင်ကြသည်။ ကျောင်းရှေ့တွင် ကားကြီးတစ်စီးထိုးရပ်လာကြီး ပေ ၅၀ မြင့်သော ကြေးရုပ်တုကြီး ရှိနေသည်။
ရုပ်တုကြီးသည် ကားအနောက်ဘက်မှာ ကိုယ်တိုင်ပင်ဆင်းလာကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ရှုခင်းသည် လှပပြီး လူများဖြင့်လည်း ပြည့်ကျပ်မနေပေ။ သူ့အတွက် လုပ်ပေးထားသော အုတ်ခုံကလည်း ကျောင်းဂိတ်ပေါက်၏ ဘေးတွင် ရှိနေသည်။
သူသည် လူစည်ကားသောနေရာတွင် နေလာရသောကြောင့် သူသည် သူ့အတွက် အုတ်ခုံကြီးကို မြင်လိုက်သောအခါ ကျင့်သားရစွာပင် ရပ်နေလိုက်သည်။ ထိုအုတ်ခုံကြီးသည် သူနှင့် အဆင်ပြေပြီး သက်သောင့်သက်သာလည်း ရှိသောကြောင့် သူသည် အေးဆေးပင် ရပ်နေလိုက်ပြီး ကျောင်းစောင့်တစ်ယောက်လို နေနေလိုက်သည်။
“အမွှေးတိုင်ကို နေ့တိုင်းမီးပူဇော်ပေးနော်.. လုံးဝမီးမငြိမ်းစေနဲ့ ဟုတ်ပြီလား” ကောင်းဖန်က ညွှန်ကြားနေသည်။
“ဟုတ်ကဲ့ နားလည်ပါပြီ”
“စိတ်မပူပါနဲ့ ကျောင်းအုပ်ကောင်း.. သူ့ကို နေ့တိုင်းမီးထွန်းပါ့မယ်”
“အခုကစပြီး သူ လို့ မပြောနဲ့.. အဲဒါက မယဉ်ကျေးရာကျတယ်” ကောင်းဖန်က ခဏစဉ်းစားလိုက်သည်။ “အခုကစပြီး ဆရာကွမ်လို့ ခေါ်နော်”
ဟွမ်းယာနှင့် အခြားဆရာများသည် သဘောပေါက်စွာ ခေါင်းညိတ်လိုက်ကြပြီးနောက် ရုပ်တုကြီးရှိရာသို့ ကြည့်ပြီး “ဆရာကွမ်” ဟု ခေါ်လိုက်ကြသည်။
ကောင်းဖန်က သဘောကျစွာ ရယ်မောပြီး ထွက်သွားသည်။
ညရောက်သောအခါ တောင်တန်းများကြားမှ သစ်ပင်များသည် လေနှင့်အတူ ယိမ်းထိုးနေကြသည်။ ကြီးမားပြီး ဝတုတ်သော ပျားဖွပ်သူ တစ်ဦးသည် ချုံပုတ်များကြားထဲမှ ထွက်လာသည်။ ထိုပျားဖွပ်သူသည် ပုံမှန်ပျားဖွပ်သူများနှင့်တော့ မတူချေ။ သူ၏ မျက်လုံးထဲမှ သူငယ်အိမ်သည် ကျေးသွေးရောင် ရှိနေပြီး အမွှေးများမှာလည်း ထူထဲလှကာ အပ်ချွန်များကဲ့သို့ ဆူးများကလည်း မရေတွက်နိုင်အောင် ခန္ဓာကိုယ်အနှံ့ ထွက်နေကြသည်။ သူ၏ အမြီးကြီးကတော့ မြေပေါ်တွင် တရွတ်ဆွဲကာပါနေပြီး သူ၏ နှာခေါင်းဖြင့် ခေါင်းကို မော့ကာ အနံ့ခံနေသည်။ သူသည် သတိကြီးစွာဖြင့် သွားလာနေသည်။
ထို့နောက် သူ၏ ခေါင်းကို ကျောင်းရှိရာ ဘက်သို့ လှည့်မော့ကြည့်လိုက်သည်။ အထဲတွင် အရသာရှိသော အရာများ ရှိနေဟန်တုသည်။ သွားရည်များသည် သူ၏ ပါးစပ်တွင်းမှ ကျဆင်းနေသည်။ သူသည် ကျောင်း၏ဂိတ်ပေါက်ဝဆီသို့ တွားသွားလိုက်ကာ လမ်းတစ်ဝက်တွင် တစ်ချက်ရပ်သွားသည်။
သူသည် နံရံဘေးတွင် ကပ်ပြီး သွားလိုက်သည်။
အင်း.. ဒီ ဂိတ်ကြီးက တစ်ခုခုတော့ အန္တရာယ်ရှိကာ ခံစားမိနေတယ်.. ဒီနားလေးက ကပ်ဝင်တာကောင်းမယ်..
ကွမ်ယု ရုပ်တုကြီး ဘေးသို့ ဖြတ်သွားလိုက်သောအခါ ပျားဖွပ်သူသည် ကြေးရုပ်တုကြီးကို တစ်ချက်မော့ကြည့်လိုက်သည်။ ထိုရုပ်တုကြီးသည် အသက်ဝင်မနေသည်ကို တွေ့လိုက်သောအခါ သူသည် စိတ်သက်သာရာရသွားသည်။ သူသည် ခဏကြာစဉ်းစားလိုက်ပြီးနောက် ရုပ်တုကြီး ခြေရင်းနားသို့ သွားလိုက်ကာ အပေါ့သွားလိုက်သည်။
သူအပေါ့သွားပြီးသောအခါ သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်သွားသည်။ သူလှည့်ကြည့်လိုက်သောအခါ ရွှေရောင်ဓားကြီးကို သူ့ခေါင်းပေါ်မှ တွေ့လိုက်ရသည်။
သူ၏ ခေါင်းသည် ကောင်းကင်သို့ ပျံတက်သွားသည်။
ထိုခေါင်းကြီးသည် မြေပေါ်တွင် နှစ်လိမ့်ခန့် လိမ့်သွားပြီး ဖုန်များလူးသွားသည်။ သူ့မျက်လုံးများသည် ရုပ်တုကြီးကို စိုက်ကြည့်နေပြီးနောက် သေဆုံးသွားသည်။
အစောင့်တဲထဲမှ လုံခြုံရေးနှစ်ယောက်သည် အသံများကြားလိုက်သောကြောင့် ထွက်ကြည့်လိုက်သည်။ သေဆုံးနေသော ဝက်ဝံသေကြီးကို တွေ့လိုက်ရသောအခါ သူတို့သည် ကြက်သီးများပင် ထသွားကြသည်။
“နည်းတဲ့ကောင်ကြီး မဟုတ်ဘူးဟေ့.. အသားကတော့ တော်တော်လေး နူးညံ့နေမှာပဲ.. ငါတို့ကျောင်းကန်တင်းမှာ မီနူးအသစ်တိုးပြီကွ”
“ကျောင်းအုပ်က ပြောထားတယ်လေ.. ဆရာကွမ်ဖမ်းမိတဲ့ ဘယ်အကောင်ကိုမဆို ကျောင်းကန်တင်းက တာဝန်ယူရမယ်တဲ့.. ငါတို့ မနက်ဖြန်တော့ ဟင်းကောင်းစားရပြီ”
…
သခင်လေးကောင်းဆိုသော နာမည်သည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသောကြောင့် မျိုးဆက်အရ ခေါ်ဆိုရသော နာမည်လို ဖြစ်နေသည်။ ထို့ကြောင့် ကောင်းဖန်သည် ကျောင်းအုပ်ကောင်းဆိုသော နာမည်ကို ပိုပြီး သဘောကျလေသည်။ ထိုနာမည်သည် သူ့အတွက် ပညာရေးနှင့် ပတ်သက်ပြီး သူတစ်ပါးကို မျှဝေရသည့် ကျေနပ်မှုကို ဖြစ်ပေါ်စေလေသည်။
သူသည် စံပြပုဂ္ဂိုလ်တစ်ယောက်လို ဖြစ်နေသည်။
စားပွဲပေါ်တွင် တင်ထားသော သူ့ဖုန်းသည် ထမြည်လာသည်။ ကောင်းဖန်သည် ဖုန်းကို ကြည့်လိုက်သောအခါ ချန်အန်း သားရဲ မျိုးပွားရေး အဖွဲ့အစည်းမှ ဒါရိုက်တာချန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူသည် ယခုတော့ နှုတ်ထွက်လိုက်ပြီ ဖြစ်သည်။
ကောင်းဖန်က ဖုန်းကိုင်လိုက်သည်။ “ဒါရိုက်တာချန်”
“ဟေး.. ကျုပ်က ဒါရိုက်တာ မဟုတ်တော့တာကြာပါပြီ.. ကျုပ်က စစ်တပ်ထဲဝင်လိုက်တာ မသိတာလည်း မဟုတ်ပဲနဲ့ သခင်လေးကောင်းရယ်.. ဒီအတိုင်း ချန်ရွှေ့ဟယ်လို့သာ ခေါ်ပါ” သူသည် တစ်ဖက်ဖုန်းမှနေပြီး နောက်ပြောင်စကားဆိုလိုက်သည်။
“ဒါဆိုလည်း ကျွန်တော့်ကို အရင်လိုပဲ ကောင်းဖန်လို့ ခေါ်ပါဗျာ.. သခင်လေးကောင်းဆိုတာကြီးက ကြားရတာ အဆင်မပြေဘူး” ကောင်းဖန်က ပြုံးပြီး ပြောလိုက်သည်။
“တကယ်တော့ ကျုပ်အခု ဖုန်းခေါ်ရတာ အားနာလို့ပါ.. ပြောရရင် အကူအညီတစ်ခုလောက် တောင်းစရာ ရှိတယ်ဆိုပါတော့” ချန်ရွှေ့ဟယ်က သက်ပြင်းချကာ ပြောလိုက်သည်။
“ပွင့်ပွင့်လင်းလင်းသာ ပြောပါ ဒါရိုက်တာချန်” ကောင်းဖန်သည် တစ်ဖက်မှ တကယ်အကူအညီလိုနေမှန်း သိသောကြောင့် ပြောလိုက်သည်။ သို့သော် အကြောင်းအရာသည် ထင်ထားတာထက် အနည်းငယ် ကြီးနေသည်။
“မင်းကို လျှို့ဝှက်ထားလို့ မရမှန်းလည်း သိပါတယ်.. ဒေလီကန္တာရက အုပ်ချုပ်သူက အခုတလော ထကြွနေတယ်” ချန်ရွှေ့ဟယ်က ပြောလိုက်သည်။
ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လူသားစား တီကောင် ဘုရင်မှာ နောက်ဆုံးအကြိမ်က အဆင့်မြှင့်တာ အောင်မြင်ကြောင်း သေချာမှတ်မိထားသည်။ သားရဲကြီး နှစ်ကောင်သည် အချင်းချင်း တိုက်ခိုက်ခဲ့ကြရာ ကန္တာရအုပ်ချုပ်က၏ သားရဲက နိုင်ခဲ့သည် ဆိုလျှင်တောင် ဒီလောက်မြန်မြန်နှင့် ပြန်ကောင်းလာစရာ မရှိပေ။
“လူသားစားတီကောင်ဘုရင်က… ကန္တာရ အုပ်ချုပ်သူကိ အညံ့ခံခဲ့တာ” ချန်ရွှေ့ဟယ်က အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။ “သူ့ရဲ့ စွမ်းရည်က ပိုမြင့်သွားတာ.. လူသားစားတီကောင်နဲ့ တိုက်ပွဲမှာ သူ ဒဏ်ရာနည်းနည်း ရသွားပေမယ့် အခုအကုန်လုံးနီးပါး ပြန်ကောင်းနေပြီ.. အဲဒီတော့ လူသားစားတီကောင်ရဲ့ ကူညီပေးမှုနဲ့ ပိုတောင် စွမ်းအားကြီးသွားတယ်လို့ ဆိုရမယ်”
လူသားစားတီကောင်ဘုရင်သည် အဆင့်မြှင့်တင်ထားပြီး ဖြစ်သည်။ သူသည် နတ်ဘုရားအဆင့်သားရဲ အဖြစ်သို့ အောင်မြင်စွာ အဆင့်မြင့်တင်ပြီးနောက် သူ၏ မျိုးနွယ်တစ်ခုလုံးကို သူတို့၏ ပိုင်နက်ဖြစ်သော ဒေလီကန္တာရသို့ ပြန်လည် ခေါ်ဆောင်မည် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကန္တာရ အုပ်ချုပ်သူကို နှင်ထုတ်ခဲ့ပြီး ဖြစ်သည်။ ယခုတော့ သူ့တွင် အင်အားရှိနေပြီ ဖြစ်သောကြောင့် ပြန်တိုက်ခဲ့ခြင်း ဖြစ်သည်။
မည်သူကမှတော့ အိမ်မှ နှင်ထုတ်ခံရသည်ကို လိုလားမည် မဟုတ်ပါချေ။
ယခုဆိုလျှင် နတ်ဘုရားအဆင့် သားရဲ နှစ်ကောင်က တစ်ဖက်တည်းတွင် ရှိနေကြပြီ ဖြစ်သောကြောင့် ကြောက်ခမန်းလိလိ ရင်ဆိုင်ရမည် ဖြစ်သည်။
“ကျွန်တော့်ကို အဲဒီနှစ်ကောင်ကို နှိမ်နှင်းဖို့ လာအကူအညီတောင်းတာတော့ မဟုတ်ပါဘူးနော်.. အဲဒီလို ဆိုရင်တော့ အထင်ကြီးရာ ကျသွားပြီ.. သူ့ဖက်မှာ နတ်ဘုရားအဆင့်သားရဲက နှစ်ကောင်တောင် ရှိနေတာ.. အဲဒါမျိုးဆိုရင် အဖိုးကို အကူအညီတောင်းသင့်တာ မဟုတ်ဘူးလား” ကောင်းဖန်က ချန်ရွှေ့ဟယ်၏ အစီအစဉ်ကို ငြင်းဆိုလိုက်သည်။
ချန်ရွှေ့ဟာ်သည် ကောင်းဖန်နှင့် ရင်းနှီးသည်ဆိုသော်လည်း အဖိုး၏အကူအညီကို ရရန် အတင်းအကြပ် အပူကပ်ဖို့တော့ မလိုပါချေ။
ယခုကိစ္စသည် သာမာန်မဟုတ်ပေ။ ကောင်းဖန်ကိုယ်တိုင်က ဖြေရှင်းနိုင်မည် ဆိုရင်တော့ ကိစ္စမရှိသော်လည်း တကယ်လို့ ကောင်းဖန်ကိုယ်တိုင်သွားမည် ဆိုလျှင်တောင် ထိုနတ်ဘုရားအဆင့် သားရဲနှစ်ကောင်ကို ရင်ဆိုင်နိုင်ဖို့ အာမ မခံနိုင်ပါချေ။ အထူးသဖြင့် ထိုသားရဲနှစ်ကောင်သည် သူတို့၏ ကျက်စားရာနေရာတွင် ရှိနေကြသည်မဟုတ်ပါလား။ ထို့ကြောင့် သူသွားမည်ဆိုပါက ခွေးတစ်ကောင်နှင့် ပြိုင်ရန်ဖြစ်မည့် အသားဖက်ထုပ်လို ဖြစ်နေပေလိမ့်မည်။
အစင်းလေးကို ခေါ်သွားနိုင်မည်ဆိုပါက ကိစ္စသိပ်မရှိနိုင်ပေ။ နတ်ဘုရားအဆင့် သားရဲ နှစ်ကောင်ပင် ရှိနေစေဦးတော့ အစင်းလေးကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
အစင်းလေးသည် ထိုသားရဲနှစ်ကောင်ကို တစ်ချက်တည်းနှင့် အနိုင်ပိုင်းလိုက်နိုင်မည်ပင်။ သူ့အတွက် သန်းနေသလောက်သာ ရှိပေမည်။
သို့သော် ပြဿနာမှာ ထိုဒေလီကန္တာရသည် ယွီကျိုးမြို့နှင့် အနည်းဆုံး မိုင် ၁၈၀၀ ကွာဝေးနေခြင်း ဖြစ်သည်။ ကပ်ဆိုးကြီးနောက်ပိုင်းတွင် ထိုအကွာအဝေးသည် ပိုတိုးသွားခြင်း ဖြစ်သည်။ အစင်းလေး၏ ကိုယ်လုံးကြီးသည် တစ်ခုခုနှင့် သယ်ဆောင်သွားဖို့ရာ အလွန်ကြီးမားနေလေရာ သူသည် ခြေကျင်သွားရမည်သာ ဖြစ်သည်။
“အထင်လွဲနေပြီထင်တယ်.. မင်းကို သူတို့ကို ဖြေရှင်းပေးဖို့ အကူအညီ တောင်းတာ မဟုတ်ပါဘူး.. ဒီတစ်ခေါက်မှာ မင်းအပြင် ရွှေရောင်နတ်ဘုရားကလည်း ကိုယ်တိုင်တိုက်ပွဲဝင်မှာပါ.. တစ်ချိန်တည်းမှာပဲ ကျုပ်တို့ကလည်း အဲဒီနှစ်ကောင်ကို ကန္တာရကနေ မောင်းထုတ်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ.. မင်းတို့လုပ်ပေးရမှာက ရွှေရောင်နတ်ဘုရားက လူသားစား တီကောင်နဲ့ တိုက်ခိုက်နေချိန်မှာ ကန္တာရအုပ်ချုပ်သူကို အချိန်ဆွဲပေးဖို့ပဲ.. သူနဲ့ တီကောင်နဲ့ တိုက်ခိုက်ပြီးသွားရင်တော့ ကန္တာရအုပ်ချုပ်သူကို အတူတူ အဆုံးသတ်ပေးလိုက်ကြတာပေါ့”
အစီအစဉ်သည် ချောမွေ့ဟန်ရှိသော်လည်း ထင်သလောက်တော့ လွယ်ကူမည် မဟုတ်ပါချေ။
“ဒါနဲ့ ဘာလို့ အဲဒီနှစ်ကောင်ကို သတ်ဖို့ လုပ်တာလဲ” ကောင်းဖန်က မေးလိုက်သည်။ နတ်ဘုရားအဆင့် သားရဲများသည် ဉာဏ်ရည်မြင့်မားကြသည်။ ထို့ကြောင့် လူသားများက သူတို့ကို မခြိမ်းခြောက်သရွေ့ သူတို့ကလည်း လူသားများ၏ မြို့ရွာများကို လာရောက် တိုက်ခိုက်လေ့ မရှိကြချေ။
တစ်ဖက်ဖုန်းထဲမှ အသံသည် ခေတ္တတိတ်ဆိတ်သွားပြီးနောက် ချန်ရွှေ့ဟယ်က ပြောလိုက်သည်။ “စစ်တပ်ဒေသအချုပ်ရဲ့ မြေးက ဒေလီကန္တာရထဲမှာ တာဝန်ထမ်းဆောင်နေတုန်း ကန္တာရ အုပ်ချုပ်သူ တိုက်ခိုက်တာကို ခံခဲ့ရတယ်.. ကံမကောင်းစွာနဲ့ သူဟာ ကျဆုံးသွားခဲ့တယ်”
***
စာစဉ် ၁၉ ပြီး၏။