အခန်း (၃၁၇-၃၂၀)
Vol. 20 Ch. 317-320
အခန်း ၃၁၇ ကျဆုံးခန်း
ကောင်းကင်ထက်တွင် ရွှေရောင်နတ်ဘုရားသည် ဒေါသထွက်စွာ ပျံသန်းနေသည်။ သူသည် အခြားသော သားရဲများ၏ ထိုကဲ့သို့ လှောင်ပြောင်ခံရမှုကို မရခဲ့ဖူးပါချေ။
သူသည် အေးစက်သော မျက်လုံးများဖြင့် အတောင်ပံကြီးကို ခတ်လိုက်သည်။ ထိုအခါ လင်းထိန်နေသော ရွှေရောင်ဓားကြီးသည် ကောင်းကင်ကို ထက်ပိုင်းဖြတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး ဓားအစင်းရေပေါင်းများစွာ ထွက်ပေါ်လာသည်။
ထို့နောက် ထိုဓားများသည် မိုးရေများကဲ့သို့ ရွာသွန်းလာတော့သည်။ နျူကလီးယား အုပ်ချုပ်သူသည် ထိုနေရာမှ ဆုတ်ခွာဖို့ကြံသော်လည်း သူ့ကို ကြီးမားသော အရာကြီးတစ်ခုက ကာဆီးထားသည်။ နျူကလီးယား အုပ်ချုပ်သူသည် ထိုအရာကို တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် လုပ်နိုင်စွမ်း ရှိသော်လည်း သူသည် လှုပ်ရှားရတာ နှေးကွေးနေသည်။
ရွှေရောင်နတ်ဘုရားသည် တောင်ပံကို တစ်ချက်ခတ်လိုက်ပြီး နျူကလီးယား အုပ်ချုပ်သူကို ဦးတည် တိုက်ခိုက်ဖို့ ထိုးဆင်းလာသည်။
နျူကလီးယားအုပ်ချုပ်သူက သူ၏ ညာလက်ကို မြှောက်လိုက်ကာ ထိုတိုက်ခိုက်မှုကို ကာလိုက်သည်။
သူသည် ထိုကဲ့သို့ ကြိုးစားလိုက်သော်လည်း ရွှေရောင်နတ်ဘုရား၏ တောင်ပံကြီးသည် သူ၏ လက်ကို ထုတ်ချင်းဖောက်၀င်သွားကာ လက်ကို ဖြတ်ဖို့ ကြိုးစားလိုက်သည်။
ထိုအခါ နျူကလီးယားအုပ်ချုပ်သူက သူ၏ ဘယ်လက်ကို သုံး၍ သိမ်းငှက်ကို ချိုးလိမ်လိုက်သည်။ သိမ်းငှက်၏ အမွှေးအတောင်များသည် လိမ်ပြီး ကျွတ်ထွက် ကုန်သည်။ အချို့အတောင်များသည်လည်း ပြုတ်လုနီးနီး ဖြစ်သွားသည်။
သိမ်းငှက်ကြီးသည် ဒဏ်ရာရသွားသောကြောင့် ပျံပြေးဖို့ ကြိုးစားသော်လည်း ပြင်းထန်သော ထိုးနှက်ချက်ကြီးတစ်ခုကြောင့် မြေပေါ်သို့ ပြန်လဲကျသွားသည်။
ကင်းခြေများဘုရင်သည် နျူကလီးယား အုပ်ချုပ်သူထံသို့ ပြေးသွားသည်။ သူသည် နျူကလီးယားအုပ်ချုပ်သူ၏ ခြေထောက်များကို အစွယ်များဖြင့် ထိုးကာ မြွေဟောက်တစ်ကောင်လို တိုက်ခိုက်နေသည်။
သူသည် နျူကလီးယား အုပ်ချုပ်သူလောက်နီးပါး အရွယ်အစားကြီးသောကြောင့် ရုန်းထွက်ခက်နေသည်။
နျူကလီးယားအုပ်ချုပ်သူသည် အလွန်ဒေါသထွက်နေပြီ ဖြစ်သည်။ သူသည် ခွန်အားကို ထုတ်သုံးဖို့ကြိုးစားတိုင်း သူ့ကိုယ်ထဲမှ စီးဆင်းနေသော သွေးများကို မမြင်ရသော အားတစ်ခုက နှေးကွေးအောင် လုပ်နေသလို ခံစားနေရသည်။
သူသည် ကင်းခြေများကြီးကို ကိုင်လိုက်ပြီး သူ့ကိုယ်ထဲမှ ပြဒါးနှင့်တူသော သွေးများသည် သူ၏ နျူကလီးယား အမြုတေစွမ်းအင်ထဲမှ အလွန်အရှိန်မြန်စွာ ပန်းထွက်လာသည်။ ထိုအသံကြီးသည် ကြီးမားသော မြစ်ရေစီးသံကြီးနှင့်ပင် တူနေသည်။ သူ၏ ကိုယ်ထဲမှနေ၍ ကြီးမားသော ငွေဖြူရောင် မီးခိုးများ ဖြည်းညင်းစွာ ထွက်လာနေသည်။
သူသည် ကင်းခြေများကြီးကို ဆွဲဆန့်ကာ ဆွဲဖြဲလိုက်သည်။
ကင်းခြေများကြီးသည် နှစ်ပိုင်းပြတ်သွားသည်။ နျူကလီးယား အုပ်ချုပ်သူသည် ကင်းခြေများကြီး၏ ခေါင်းကို ဦးတည်ပြီး ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဦးခေါင်းခွံကြီးသည် အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး အထဲမှ ဝိဉာဉ်မီးတောက် ပျော့ပျော့ပင် မြင်လိုက်ရသည်။
ထိုအချိန်တွင် မီးကြိုးကြာကြီးတစ်ကောင်သည် နျူကလီးယားအုပ်ချုပ်သူထံသို့ ရောက်လာကာ ကြီးမားသော မီးတောက်ထောင်ကြီးတစ်ခုဖြင့် ဖုံးအုပ်လိုက်သည်။
ထို့နောက် ကင်းခြေများကြီး၏ အရိုးများကိုကောက်ကာ ထိုအရိုးများကို ဦးခေါင်းခွံနားတွင် ထားလိုက်သောအခါ အရိုးများသည် ပေါင်းစည်းသွားသည်။
ဖလိန်မီသည် မီးတောက်များထွက်လျက် အတောင်ပံများကို ဖြန့်ကာ ပျံသန်းလိုက်သည်။
နျူကလီးယား အုပ်ချုပ်သူသည် စွမ်းအင်များတိုးသွားသည် ဆိုသော်လည်း မီးအမျိုးအစား နတ်ဘုရားအဆင့်သားရဲ၏ တိုက်ခိုက်မှုကို ခံရသည်ကတော့ ပြင်းထန်လှပေသည်။
နျူကလီးယား အုပ်ချုပ်သူသည် အနောက်ကို ပြန်ဆွဲနေသည်။ ဖလိန်မီသည် သူ၏အောက်တွင် ကြီးမားသော အလေးချိန်ကြီးကို ခံစားနေရပြီး သူ့ပုခုံးတွင် ကြီးမားသောတောင်ကြီးကို ထမ်းထားရသကဲ့သို့ ဖြစ်နေသည်။ သူသည် တဖြည်းဖြည်း နိမ့်ဆင်းလာသည်။
ထိုအချိန်တွင် ဒန်ဘီသည် တစ်ချက်ပျောက်သွားကာ နျူကလီးယား အုပ်ချုပ်သူဘေးတွင် ပြန်ပေါ်လာသည်။ ထို့နောက် သူ၏ နောက်စေ့ကို လက်သီးတစ်ချက် ကျွေးလိုက်သည်။
နျူကလီးယားအုပ်ချုပ်သူ၏ ခေါင်းသည် ရှေ့သို့စိုက်ကျသွားသည်။ သူသည် ဟန်ချက်ပျက်သွားသောကြောင့် အပေါ်မှ ဖလိန်မီအပေါ် ဖိအားအနည်းငယ် လျော့သွားသည်။
အကွက်ကောင်းပေါ်လာသောကြောင့် သိမ်းငှက်ကြီးသည်လည်း သူ့ပါးစပ်ထဲမှ ရွှေရောင်ဓားသွားများကို နျူကလီးယားအုပ်ချုပ်သူ၏ ဒူးပိုင်းသို့ ပစ်လိုက်သည်။ နျူကလီးယား အုပ်ချုပ်သူသည် အော်ဟစ်လိုက်ပြီး သူသည် မခံရပ်နိုင်စွာ ဒူးထောက်ညွတ်ချရင်း မြေပြင်သို့ ထိုးကျသွားသည်။
သူသည် သိမ်းငှက်ကြီးထံသို့ ဖြည်းညင်းစွာ မော့ကြည့်လိုက်ပြီး သိမ်းငှက်ကြီးကတော့ ထိပ်တိုက်မဆုံချင်သည့် ပုံစံဖြင့် လှည့်ပြန်သွားသည်။
နျူကလီးယားအုပ်ချုပ်သူသည် ခေါင်းကို လှည့်လိုက်သောအခါ ဒန်ဘီ၏ သွေးဆာနှလုံးသည် ပြင်းထန်စွာ လှုပ်ရှားသွားသည်။ သူသည် ကြီးမားသော စွမ်းအင်ရင်းမြစ်ကြီး တစ်ခုကို ဖန်တီးလိုက်ပြီး အမျှင်များ ထွက်လာကာ ၀တ်ရုံကြီးပင် လွင့်ထွက်သွားသည်။ အနီရင့်ရောင် သွေးမီးတောက်များသည် အသက်၀င်လာကာ သူ့လက်သီးတွင် လာစုသည်။ ထို့နောက် အလင်း၏ အမြန်နှုန်းဖြင့် နျူကလီးယား အုပ်ချုပ်သူ၏ ကျောကို ထိုးချလိုက်သည်။
နျူကလီးယား အုပ်ချုပ်သူသည် လေထဲတွင် ပျံသန်းသွားသည်။
သူ၏ နောက်ကျောတွင် ကြီးမားသော အက်ကွဲသံကြီး ထွက်လာသည်။ နျူကလီးယား အုပ်ချုပ်သူသည် အခြေအနေမကောင်းတော့မှန်း ရိပ်စားမိလိုက်သည်။
အသက်ပြန်သွင်းထားသော ကင်းခြေများအပါအ၀င် သူ့ကို နတ်ဘုရားအဆင့်သားရဲ လေးကောင် ဝိုင်းထားကြသည်။ ပုံမှန်အားဖြင့်ဆိုလျှင်တော့ သူ၏ အစွမ်းနှင့်ဆိုလျှင် ပြဿနာမရှိသော်လည်း ယခုတော့ သူ၏ ပြန်လည် ကုသစွမ်းရည်သည် ကျဆင်းနေပြီ ဖြစ်သည်။ သူ၏ ကံသည် အဆိုးဘက်သို့ ဦးတည်လာသည်။
နျူကလီးယား အုပ်ချုပ်သူသည် ဦးနှောက်မရှိသူတော့ မဟုတ်ပေ။ သူသည် ချက်ချင်းပင် ထွက်ပြေးလိုက်သည်။
“ငါတို့သူ့ကို တားရမယ်” လူတစ်ယောက်က အော်လိုက်သည်။
ဟွမ်းချွမ်သည် မြင်ကွင်းများကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူသည် သူ့အဖေအတွက် အမြဲဂုဏ်ယူနေသော်လည်း အောက်ခြေလွတ်နေသူတော့ မဟုတ်ပေ။ သူသည် သူ့မျက်လုံးနှင့် မြင်ရသော အရာကိုသာ ယုံကြည်သူဖြစ်သည်။ ထို့ကြောင့်လည်း သူ့အဖေက လောကတွင် အတော်ဆုံး သားရဲလေ့ကျင့်သူဟု ထင်နေခဲ့ခြင်း ဖြစ်သည်။
ယခုတော့ သူသည် သံသယများ ၀င်နေပြီ ဖြစ်သည်။
နတ်ဘုရားအဆင့် သားရဲနှစ်ကောင်..
ဖလိန်မီသည် သူ၏ နတ်ဘုရားအဆင့် အငွေ့အသက်များကို မထုတ်လျှင်တောင် သူ၏ သွင်ပြင်ကတော့ အထင်မှားစရာ မရှိပါချေ။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. လူတစ်ယောက်အတွက် နတ်ဘုရားအဆင့် သားရဲတစ်ကောင်ကို လေ့ကျင့်ရတာတောင် တော်တော် အားစိုက်ထုတ်ရတာ.. သူက နှစ်ကောင်တောင် ရှိနေတာလား..
ဟွမ်းချွမ်အတွေ့ပွားနေစဉ်တွင် သိမ်းငှက်ကြီးနှင့် အခြားသားရဲများသည် နျူကလီးယားအုပ်ချုပ်သူကို ဖမ်းလိုက်ကြသည်။
ဒဏ်ရာရနေသောသားရဲသည် ထိုကဲ့သို့သားရဲများ ကြားထဲ၌ ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်း မရှိပါချေ။
ဖလိန်မီနှင့် သိမ်းငှက်ကြီးတို့သည် နျူကလီးယားအုပ်ချုပ်သူကို မတိုက်ခိုက်နိုင်အောင် ပိုသေချာသွားစေရန် မီးမိုး၊ ဓားမိုးများ ရွာသွန်းနေကြသည်။
“သွားရအောင်” ကောင်းဖန်က တာ့ဇီကို ပြောလိုက်သည်။
ခရမ်းရောင် အလင်းတန်းတစ်ခုနှင့်အတူ တာ့ဇီသည် မြို့ရိုးပေါ်မှ ဆင်းချသွားသည်။
အခြားသော သားရဲလေ့ကျင့်သူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ပျံသန်းနိုင်သော သားရဲများနှင့်အတူ လိုက်သွားကြသည်။
ဟွမ်းချွမ်၏ သူငယ်ချင်းတစ်ယောက်က ပုခုံးကို ပုတ်လိုက်သည်။ “သွားရအောင် ဒါမျိုးက မြင်ရခဲ့တယ်”
နျူကလီးယားအုပ်ချုပ်သူနှင့် တိုက်ပွဲသည် နာရီ၀က်ခန့် ကြာသွားသည်။ ဖလိန်မီသည် သွေးစာချုပ်မှ တစ်ဆင့် ညည်းညူနေသည်ယ “ကောင်းဖန်.. ငါလည်ချောင်းတွေ ခြောက်လိုက်တာ.. ပင်ပန်းနေပြီ”
“ခဏလောက်တောင့်ခံလိုက်ပါဦး.. ရေဆာရင် ငါ့မှာ အအေးလေး ပါတယ်” သူက ဖလိန်မီကို ညင်သာစွာ ကိုင်ရင်း ပြောလိုက်သည်။
ဆစ်လီသည် မကျေမနပ် ဖြစ်နေသည်။ သူသည် ကောင်းဖန်၏ ဆံပင်ကို ဆွဲကာ ရေရွတ်လိုက်သည်။ “အဲဒါ ငါ့အအေးလေ.. သူ့ကို ၃ ခွက်ပဲပေး.. မဟုတ်ဘူး ၂ ခွက်ပဲပေး”
ဖလိန်မီသည် စိတ်လေသွားသည်။ သူသည် နောက်တစ်လလုံး ဆစ်လီဆီမှ မြည်တွန်တောက်တီး ခံနေရမည့်အစား ရေငတ်ပင် ခံလိုက်တော့မည် ဖြစ်သည်။
နျူကလီးယား အုပ်ချုပ်သူကတော့ ကျဆုံးသွားပြီ ဖြစ်သည်။ သူ၏ ကိုယ်အပြင်ပိုင်းတွင် ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး အချို့နေရာများတွင် အရည်ပင် ပျော်နေသည်။
နျူကလီးယား အုပ်ချုပ်သူသည် တစ်ချက်ရပ်လိုက်သည်။ သူသည် ဖလိန်မီနှင့် သိမ်းငှက်ကြီးကို စိုက်ကြည့်လိုက်ကာ အတန်ငယ်လှမ်းသော နေရာတွင် ရှိနေသည့် ဒန်ဘီနှင့် ကင်းခြေများကြီးကိုလည်း ကြည့်လိုက်သည်။ ထို့နောက် တစ်ချက်အော်ဟစ်လိုက်ကာ ဒန်ဘီဆီသို့ ဒုန်းစိုင်းပြေးလိုက်သည်။
ဒန်ဘီ၏ မျက်လုံးအိမ်ထဲမှ မီးတောက်သညိ ခါတိုင်းထက်ပင် ပို၍ တောက်လောင်နေသည်။
မီးတောက်နှင့် အလင်းရောင်များသည် ထိုနေရာတစ်ဝိုက် ပြည့်နှက်သွားသည်။
ဖုန်များရှင်းသွားသောအခါ နျုကလီးယား အုပ်ချုပ်သူသည် ဒူးထောက်နေကာ လှုပ်ရှားမှုမရှိတော့ပဲ နှလုံးသည် ဖြည်းဖြည်းချင်း ခုန်နေရာမှ ရပ်တန့်သွားတော့သည်။
သူသည် ကျရှူံးသွားပြီ ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၁၈ အသားတိုးဆေးပြား
“သူသေသွားပြီ.. နောက်ဆုံးတော့ သေသွားခဲ့ပြီ” မြေအောက်ခန်းတစ်ခုထဲတွင် ဗိုလ်ချုပ်ကြီးတစ်ယောက်သည် အရှေ့မှ ဖန်သားပြင်ကို ကြည့်ပြီး ရေရွတ်နေသည်။
ထိုအရာသည် သူ့အတွက် နောက်ဆုံးရည်မှန်းချက် ဖြစ်နေသော်လည်း သူသည် တစ်ခုခု ဆုံးရှုံးလိုက်ရသလို ခံစားမှူမျိုးလည်း ဖြစ်နေသည်။
သူသည် လက်သီးကို ဆုပ်ချည် ဖြန့်ချည် လုပ်ပြီး စိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူသည် မတ်တပ်ရပ်လိုက်ကာ သူ၏ စစ်၀တ်စုံကို ချွတ်လိုက်သည်။ ထို့နောက် သေချာခေါက်လိုက်ကာ အရှေ့က စားပွဲပေါ် သပ်ရပ်စွာ တင်လိုက်သည်။
ခဏတိတ်ဆိတ်သွားပြီးနောက် သူသည် လေးနက်စွာ ဦးညွတ် အလေးပြုလိုက်သည်။
သူအပြင်ထွက်သွားသောအခါ အပြင်ဘက်တွင် သူ့ကို တိတ်ဆိတ်စွာစောင့်နေသော အဖွဲ့တစ်ခုကို တွေ့လိုက်ရသည်။
“ဗိုလ်ချုပ်” သူ၏ ဘယ်ဘက်တွင် ရှိနေသော စစ်သားတစ်ယောက်သည် သူ့ကို စိတ်မကောင်းသော မျက်နှာဖြင့် ကြည့်နေသည်။ “နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ဆရာ”
သူက တည်ငြိမ်သော မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ထိုအခြေအနေအတွက် အမိန့်ကို ရရှိကတည်းမှစ၍ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
သူသည် ခဏရပ်သွားပြီးနောက် ပြောလိုက်သည်။ “ရန်လင်အပါအ၀င် ကန္တာရမှာ အသက်ပေးသွားခဲ့တဲ့ သူတွေကို ကျုပ်တောင်းပန်ချင်လို့ ကူညီပေးကြပါ.. ကျုပ်သူတို့ အပေါ်မှာ အကြွေးတင်နေတယ်”
“ကောင်းပါပြီ”
“ကျုပ်ငယ်ငယ်တုန်းကတော့ အရာအားလုံးကို ပိုင်ဆိုင်ခဲ့ရပေမယ့် အခုတော့ ဘာမှကို မကျန်တော့ပါဘူး.. ဒါလည်း ကျုပ်ရဲ့ ကံကြမ္မာပဲ ဖြစ်ပါလိမ့်မယ်” သူသည် ကြေကွဲစွာ ပြောလိုက်သည်။
…
လူစုလူဝေးကြီးသည် နျူကလီးယား အုပ်ချုပ်သူ၏ ဘေးတွင် စုဝေးနေကြသည်။
သူတို့သည် ကြီးမားသည့် သားရဲကြီးအနားကို ကပ်ဖို့ မဝံ့မရဲ ဖြစ်နေကြသည်။ သူသည် သေသွားပြီး ဖြစ်သော်လည်း ကြောက်ခမန်းလိလိ အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ သားရဲကြီးသည် အချိန်မရွေး ထလာနိုင်သည်ဟူသော အတွေးများဖြင့် အနည်းငယ်သော လေ့ကျင့်သူများသာ အနားတိုးရဲ ကြသည်။
“သဘောတူညီချက်လုပ်ထားပြီးပြီလေ.. တိုက်ပွဲပြီးသွားရင် ကျုပ်ကပဲ ဆုံးဖြတ်မှာပါလို့.. ခင်ဗျားတို့က စည်းမျဉ်းဥပဒေတွေဆိုတာလည်း မသိ၊ လိမ်ညာတတ်ပြီး မရိုးသားတဲ့သူတွေပဲ”
ကောင်းဖန်သည် ခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်။ သူသည် နျူကလီးယား အုပ်ချုပ်သူပေါ်သို့ ခုန်တက်လိုက်ပြီး ငြင်းဆန်နေလိုက်သည်။
စစ်တပ်မှသူများသည် ရယ်ရမလား၊ ငိုရမလားပင် မသိတော့ပါချေ။ နျူကလီးယားအုပ်ချုပ်သူကို တိုက်ခိုက်နိုင်ခြင်းသည် ပူးပေါင်းလုပ်ဆောင်မှုပင် မဟုတ်ပါလား။
“ဒါဆိုရင် ဒီလိုရော… ကျုပ်မှာ နတ်ဘုရားအဆင့်သားရဲ ၃ ကောင်ရှိတယ်.. ခင်ဗျားတို့မှာ ၁ ကောင်ရှိတယ်.. ဆိုတော့ ၃ ပုံ ၁ ပုံ ဖြစ်နေတယ်.. ကျုပ်က ၇၅ ရာခိုင်နှုန်းကို ယူမယ်.. ကျန်တာ ခင်ဗျားတို့ယူလိုက်ကြ.. ဘယ်လိုလဲ” ကောင်းဖန်သည် လက်ဟန်ခြေဟန်များဖြင့် ပြောလိုက်သည်။
ကောင်းဖန်သည် စစ်တပ်အရာရှိမှာ သူပြောတာကို သဘောမပေါက်သေးတာကို သိလိုက်သည်။ ကောင်းဖန်သည် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ကာ ထပ်ပြောလိုက်သည်။ “ခင်ဗျားတို့ ဒီကောင်ကြီးကို ဘာလုပ်ဖို့ ကြံစည်ထားလဲဆိုတာ ကျုပ်သိတယ်.. ခင်ဗျားတို့ သူ့ကို အသက်ပြန်သွင်းပြီး နျူကလီးယား လက်နက် ထုတ်မလို့မလား”
စစ်တပ်အရာရှိ၏ မျက်နှာသည် ဖြူဖပ်ဖြူလျော်ပင် ဖြစ်နေသည်။ သူဘယ်လိုလုပ်သိတာလဲ..
“ဟုတ်ပါတယ်.. ချန်အန်းစစ်တပ်မှာက သုတေသန ဓာတ်ခွဲခန်းများစွာအပြင် အဆင့်မြင့်သားရဲလည်း ငါးကောင် ရှိထားပါတယ်.. အဲဒါကြောင့် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ဝေမျှသွားမှာပါ”
တကယ်တော့ ကောင်းဖန်သည် ထိုအလောင်းကောင်ကြီးအား စိတ်သိပ်မ၀င်စားပါချေ။ သူသည် ၀န်ပင်ကြီးသေးသည်။ ကောင်းဖန်သည် တစ်ချက်တွေဝေသွားပြီး ပြောလိုက်သည့် စကားများကို ရုတ်သိမ်းဖို့ တွေဝေမိသွားသေးသည်။ သူသည် ထိုကောင်ကြီး၏ တိုးတက်နိုင်သော အလားအလာကို သိသော်လည်း ကျန်သူများကတော့ သိချင်မှ သိမည်။ သို့သော် သူတို့သည် ထိုကောင်ကြီးကို ကိုင်တွယ်နိုင်ကြမည် မဟုတ်ပေ။
သူ၏ အစွမ်းသည် အလွန်ကြီးမားနေနိုင်သည် မဟုတ်ပါလား။
ကပ်ဆိုးကြီးအပြီးတွင် လူသားတို့၏ နည်းပညာသည် အဆုံးသတ်သွားသလို ဖြစ်ခဲ့သည်။ သူတို့သည် ကိုယ်ပိုင်သားရဲများကိုသာ အာရုံစိုက်လာကြသည်။ သို့သော် နျူကလီးယား အုပ်ချုပ်သူ ပေါ်လာသောအခါ နည်းပညာသည် ပစ်ထားလို့ရသည့် အရာ မဟုတ်ကြောင်း သတိထားမိသွားကြသည်။
တကယ်လို့ သူသည် ထိုအလောင်းကောင်ကြီးကို သူနှင့်အတူ ယူသွားဖို့ အတင်းတောင်းလျှင်လည်း အချင်းများစရာသာ ဖြစ်လာတော့မည်။
သူသည် စိတ်ဆုံးဖြတ်လိုက်သည်။ “ခင်ဗျားတို့ အလောင်းကောင်ကြီးကို ယူလိုက်ပါ.. ဒါပေမယ့် ခင်ဗျားတို့ သုတေသန လုပ်သမျှအားလုံးရဲ့ အချက်အလက်တွေကို ကျုပ်သိချင်တယ်”
စစ်တပ်မှသူများ၏ မျက်လုံးသည် မည်မျှပင် ထိန်းထားသော်လည်း အရောင်တောက်သွားကြသည်။ သူတို့ထဲမှ တစ်ယောက်ကတော့ သက်ပြင်းချလိုက်ပြီး “မင်းလည်း သိသင့်ပါတယ်.. ဒါပေမယ့် ကျုပ်တို့မှာ အဲဒါကို အခု ကတိပေးနိုင်ဖို့တော့ အာဏာရှိမနေဘူး”
နောက်တစ်ယောက်ကလည်း ၀င်ပြောလိုက်သည်။ “ပြောထားတဲ့အတိုင်း အတတ်နိုင်ဆုံး ဖြစ်အောင် ကြိုးစားပေးပါမယ်.. ပြဿနာရှိမယ် မထင်ပါဘူး”
ဒီလောက်ဆိုရင် သူတို့ ပြဇာတ် ဇာတ်သိမ်းသင့်ပြီ ထင်သည်။ ကောင်းဖန်က တွေးလိုက်သည်။
“ကျုပ်ထပ်တောင်းဆိုချင်တာ ရှိသေးတယ်.. သဘောတူမယ်ဆိုရင်တော့ ဒီကောင်ကြီးကို ချက်ချင်းသာ ယူသွားလိုက်တော့”
“ပြောကြည့်လိုက်ပါ”
“ကျုပ်ဒီကောင်ကြီးရဲ့ အမြုတေကို လိုချင်တယ်.. ပြီးတော့ ခင်ဗျားတို့မှာ အသားတိုးဆေးပြား ၂ ခုရှိတယ်ဆိုတာလည်း သိထားတယ်.. ကျုပ်တစ်ခုလိုချင်တယ်”
သူတို့သည် မျက်နှာများ ပုပ်သိုးသွားကြသည်။ အမြုတေကျောက်တစ်ခုတည်းကပင် ထိုကောင်ကြီး တန်ဖိုး၏ ထက်၀က်လောက်ကို အဖိုးတန်နေပြီပင်။ ထိုကျောက်ထဲမှ ထူးခြားသော စွမ်းအင်များသည် နည်းပညာပိုင်းတွင်လည်း အလွန်အသုံး၀င်နိုင်သည်။ ထို့အပြင် ကိုယ်ပိုင်သားရဲများက ထိုကျောက်ကို စားသုံးလျှင်လည်း သူတို့၏ အစွမ်းများ တိုးလာနိုင်သေးသည်။
အသားတိုးဆေးပြားသည် သားရဲ၏ အသွေးအသားအဆင့်ကို အလွန်ကောင်းစွာ တိုးမြှင့်ပေးနိုင်သည်။ ထိုဆေးပြားသည် အလွန်တန်ဖိုးရှိသည့် အပြင် စစ်တပ်၏ အဆင့်မြင့် ဓာတ်ခွဲခန်းအရာရှိများသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
“တစ်ခုပဲ တောင်းတာပါ.. ဒီလိုအကောင်ကြီးတစ်ကောင်လုံးကိုတောင် ပေးထားပြီးပြီပဲဟာ.. မျှတပါတယ် ဟုတ်တယ်မလား” ကောင်းဖန်က ပြောလိုက်သည်။
ဘေးလူများသည် ရယ်သွမ်းသွေးလိုက်ကြသည်။ တကယ်တော့ ကောင်းဖန်သည် အစကတည်းက ထိုနှစ်ခုကိုသာ လိုချင်ခဲ့ခြင်းဖြစ်ပြီး အလောင်းကောင်ကြီးကို စိတ်မ၀င်စားပါချေ။
နောက်ဆုံးတွင်တော့ သူ့ကို သဘောတူပေးလိုက်ရသည်။ ကောင်းဖန်သည် သူတောင်းဆိုသော ၂ ခုကို ယူပြီး ယုကျိုးမြို့မှ ပျော်ပျော်ကြီး ပြန်လာလိုက်သည်။
ကောင်းဖန်သည် ၁ ပေခန့်ရှိသော ကျောက်ပြားရှည်နှင့်တူသော ဆေးပြားကို ကြည့်လိုက်သည်။
ဒါက အသားတိုးဆေးပြားပေါ့..
သူတို့ ဒီဆေးပြားကို ဘယ်လိုရတာပါလိမ့်.. ချန်ရွှေ့ဟယ်နှင့်သာ စကားမပြောဖြစ်ခဲ့လျှင် သူသည် ထိုအရာကို စစ်တပ်တွင်ရှိထားမှန်း သိပင် သိမည် မဟုတ်ပါချေ။
အစပိုင်းတွင် သူသည် ချန်အန်းစစ်တပ်ကို လူလွှတ်ပြီး ညှိနှိုင်းကြည့်သေးသည်။ သို့သော် စစ်တပ်သည် သူတို့တွငိ မရှိကြောင်းပြောပြီး ငြင်းဆန်ခဲ့သည်။ ထိုဆေးပြားသည် ချန်အန်းစစ်တပ်၏ အဆင့်မြင့် သားရဲသားဖောက် အရာရှိက ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
သို့သော် အလောင်းကောင်ကြီးကို သုတေသန လုပ်ခွင့်ရဖို့ရာ ထိုအရာရှိက လက်ခံခဲ့ခြင်း ဖြစ်သည်။
ကောင်းဖန်သည် လတ်ဆတ်သော အသားဖတ်တစ်ခုကို ဆေးပြားပေါ် တင်ကြည့်လိုက်သည်။ ချက်ချင်းပင် မီးခိုးရောင် ဆေးပြားသည် အသားထဲမှ သွေးများကို စုပ်ယူလိုက်သည်။ သွေးများသည် စုပ်ယူခံလိုက်ရသောကြောင့် အသားသည် အနီဖျော့ရောငိ ဖြစ်သွားသည်။
ထို့နောက် အပြားထဲမှ တစ်ခုခု ထွက်လာသည်။ ထိုအရာသည် သွေးများနီရဲနေပြီး အသားများစင်းထားသလို ဖြစ်နေသည်။
သူအစကတင်လိုက်သောအသားသည် သူ့လက်ဝါးအရွယ်ခန့်ရှိသည်။ သို့သော် အခုတော့ သူ၏လက်သည်းအရွယ်လောက်သာ ရှိသော ငွေရောင်အသားလေးသာ ကျန်ရှိတော့သည်။
သူသည် ထိုအရာကို ဝါးကြည့်လိုက်သောအခါ အလွန်ထူးကဲသည့် အရသာကို ခံစားလိုက်ရသည်။ အနည်းငယ်လည်း ချိုသောကြောင့် ကောင်းဖန်ပင် သဘောကျသွားသည်။
အသားသည် သူ့လည်လည်ချောင်းမှ အစာအိမ်ထဲသို့ ရောက်သွားသောအခါ နွေးထွေးသော ခံစားမှုတစ်ခုကို ခေါင်းအစ ခြေအဆုံး ခံစားလိုက်ရသည်။
“နောက်ဆုံးတော့ သွေးမျက်လုံးမုတ်ဆိတ်လင်းတကို အဆင့်မြင့်ဖို့ လိုတာကို ရခဲ့ပြီ” ကောင်းဖန်က ဆေးပြားကို ပုတ်၍ လေဆိပ်ထဲမှ ထွက်လာလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၁၉ ဖောင်းပွနေသော ဂိုဒီ
တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း၏ သေချာစွာ ပိတ်ထားသော မြေအောက်ခန်းတစ်ခုထဲတွင် တစ်လလုံး ခိုအောင်းနေခဲ့သော ဂိုဒီသာ် နိုးထလာပြီ ဖြစ်သည်။
သူသည် အပျင်းဆန့်လိုက်သောအခါ ကြည်လင်သော အရည်တစ်ခုသည် သူ့နောက်ကျောမှ ကျလာသည်။ သူ၏ အတောင်ပံအောက်တွင် သူသည် မလှုပ်မရှားနေခဲ့သောကြောင့် တက်နေသည့် ဖုန်၊ အညစ်အကြေးများကို လက်မောင်းဖြင့် ခါလိုက်သည်။ သူ၏ အဝါရောင်အရေပြားသည် အနည်းငယ်ပင် တွန့်ခေါက်နေသည်။
သူ့ကိုယ်ပေါ်မှ တွန့်နေသော အပြာရောင် အမှတ်အသားများသည် ပို၍ပင် တွ့န်လာသော်လည်း လည်ပင်းမှ အမှတ်အသားများကတော့ ပိုနည်းသွားသည်။ သူ၏ ကတုံးခေါင်းကြီးပေါ်တွင်တော့ သရဖူလို အမှတ်အသားကြီး ပေါ်လာသည်။ သူသည် အတောင်ပံများကို ပြန်သိမ်းလိုက်ကာ သူရဲကောင်းတစ်ယောက် အသစ်တစ်ဖန် ပြန်မွေးလာသလို ဖြစ်နေသည်။
ငါသန်မာလာပြီ…
ငါ့ကို အနိုင်ကျင့်နိုင်တဲ့သူ ပိုနည်းသွားပြီ..
သူသည် မျက်လုံးကိုး မှေးစင်းလိုက်ပြီး လေထဲတွင် လက်သီးတစ်ချက်နှစ်ချက် ထိုးလိုက်သည်။
သူသည် လက်သီးကို ဆုပ်လိုက်သောအခါ လေသည် လက်ချောင်းများကြားထဲတွင် ရေကဲ့သို့ပင် စီးဆင်းသွားသည်။ ပိုပြီး တိတိကျကျပြောရလျှင် သူသည် လေကိုပင် ချေမွနိုင်ပြီး လေကျည်ဆန်များကိုပင် ထုတ်နိုင်လောက်အောင် အားကြီးသွားသည်။ လူနှင့်တူသော လက်မောင်းကြီးသည် တောက်ပနေသည်။
သူ၏ စိတ်ထဲတွင် အမည်မသိသော ခံစားချက်တစ်ခု ၀င်လာသည်။ ပျော်ရွှင်မှုပင် ဖြစ်မည်။
မဟုတ်ဘူး.. ငါ့ရဲ့ ရင်ဘတ်ထဲက ခံစားချက်က ပျော်ရွှင်မှု မဟုတ်ဘူး.. အဲဒါက စကြ၀ဠာကြီးပဲ..
ဂိုဒီသည် သူမကြာသေးမှကမှ ကြည့်ခဲ့သော ရုပ်ရှင်ကို ပြန်စဉ်းစားမိသည်။ သံချပ်ကာ ၀တ်ထားသော လူတစ်စုသည် စကြ၀ဠာပေါက်ကွဲမှုအကြောင်းလို အရာမျိုးကို ပြောနေကြသည်။ ငါ့ခန္ဓာကိုယ်ထဲမှာလည်း စကြ၀ဠာကြီး ရှိနိုင်တယ်.. အခုငါ ဘယ်လောက်တောင် သန်မာနေလဲ ကြည့်ပါဦး.. ဂိုဒီက တွေးလိုက်သည်။
သူသည် လှေကားတက်လိုက်သောအခါ သံမဏိကြီးများဖြင့် သေချာပိတ်ထားသော တံခါးကို တွေ့လိုက်ရသည်။
သူသည် ချွေးတစ်စက်မထွက်ပဲနှင့်ပင် ဖွင့်ချလိုက်သည်။ ထိုသံမဏိတံခါးကြီးသည် လွယ်ကူစွာပင် စက္ကူတစ်ချပ်ကဲ့သို့ ပွင့်ထွက်သွားသည်။
ဂိုဒီသည် အခန်းထဲမှ ထွက်လိုက်သော်လည်း အရပ်ရှည်နေသောကြောင့် သူ့နဖူးနှင့် တံခါးဘောင်နှင့် တိုက်မိသွားသည်။ သူသည် မျက်တောင် တစ်ချက်နှစ်ချက် ခတ်လိုက်ပြီးနောက် တံခါးဘောင်ကို ခေါင်းနှင့် တိုက်လိုက်သည်။ ထိုအခါ ခေါင်းပုံစံ အပေါက်ကြီး တံခါးဘောင်ပေါ်တွင် ဖြစ်သွားလေသည်။
ဘေးကဖြတ်သွားသော ဟွမ်းယာသည် ထိုအခြင်းအရာများကို မြင်လိုက်သည်။ သူသည် ဂိုဒီ၏ အနည်းငယ် ကြမ်းလာမှုကို စိတ်ပူသွားမိသည်။
ဂိုဒီသည် မြေအောက်ခန်းထဲမှ ထွက်လာသောအခါ ကောင်းဖန် မရှိတော့သည်ကို သတိပြုမိလိုက်သည်။ သူသည် ကောင်းဖန်၏ အနံ့ကို စံအိမ်တစ်ခုလုံးတွင် မနည်းရှာနေရသဖြင့် ထွက်သွားတာ အနည်းဆုံးတစ်ပတ်လောက် ရှိပြီဟု သိလိုက်သည်။ မဟုတ်လျှင် ပို၍ အနံ့ရနေမှာပင်။
သူသည် သိပ်တော့ စိတ်မပူပါချေ။ သွေးစာချုပ်အရ ကောင်းဖန်အသက်ရှင်နေသေးသည်ကို သူသိနေသည် မဟုတ်ပါလား။
ဂိုဒီသည် အလွန်ပျင်းနေပြီး ဘာလုပ်ရမှန်းလည်း မသိပေ။ ထို့နောက် အကြံတစ်ခုရသွားသည်။
ကောင်းမိသားစုစံအိမ်၏ ၀င်ပေါက်ကြီးသည် အလွန်ပင် ကြီးမား ခမ်းနားလှသည်။ သူသည် တံခါးကို တွန်းလိုက်ပြီး ဧည့်ခန်းထဲသို့၀င်ကာ ဆိုဖာပေါ်တွင် အိခနဲ ထိုင်ချလိုက်သည်။ ထို့နောက် ကျင့်သားရနေပုံဖြင့် တီဗီကို ဖွင့်ကာ ကြည့်နေလိုက်သည်။
ကောင်းဖန်သည် ယခုဂိုဒီ၏ ပုံစံကိုသာ မြင်ပါက သူသည် အလွန်ပင် ဖောင်းတုတ်တုတ်ကြီး ဖြစ်နေသည်ကို သတိပြုမိပေလိမ့်မည်။
ဂိုဒီသည် စိတ်ကျေနပ်စွာ ဖင်ကြီးကို လှုပ်ရမ်းနေသည်။ ထိုခုံသည် ကောင်းဖန်၏ ဆိုဖာခုံဖြစ်သည်။
“ဒီနေ့တော့ ငါလည်း ဒီမှာထိုင်မယ်”
“ဟင်.. ဒါနဲ့ ကောင်းဖန်က ဘယ်အချိန်ပြန်လာမယ်မှန်းမှ မသိတာ.. သူ့ခုံကို နွေးနေအောင် လုပ်ထားရမယ်” သူသည် ခုံကို မှီထိုင်နေကာ တိမ်တိုက်ကြီးလို ထွေးထွေးပိုင့်ပိုင့်ကြီး ဖြစ်နေသည်။
ဂိုဒီသည် မျက်လုံးကို မှိတ်ကာ ဇိမ်ခံနေလိုက်သည်။ ကောင်းဖန် ဒီဆိုဖာမှာ ထိုင်ရတာကြိုက်တာလည်း မဆန်းပါဘူးလေ..
ထို့နောက် ကောင်းဖန်သောက်နေကျ မတ်ခွက်ကို သတိထားမိလိုက်ပြီး သူ၏ မျက်လုံးများသည် အရောင်တောက်သွားသည်။ သူသည် ကောင်းဖန်၏ ဆိုဖာပေါ်တွင်ပင် ထိုင်ပြီးမှတော့ ရောက်လက်စနဲ့..
ထိုအချိန်တွင် တီဗီက ထစ်သွားသည်။ ဂိုဒီသည် တီဗီအသံ ထစ်သွားသည်ကို သတိပြုမိလိုက်သည်။
မတ်ခွက်တစ်ခွက်ကတော့ ရုပ်ရှင်တစ်ကားထက် စိတ်၀င်စားဖို့ ပိုကောင်းစရာ မရှိပါပေ။ ထိုရုပ်ရှင်ကို သူလည်း ရင်းနှီးလေသည်။ လူသုံးယောက်သည် အတူတကွ ရပ်နေကြသည်။ သူတို့ထဲမှ တစ်ယောက်သည် စီးကရက်ကို ကိုင်ထားကာ ပြောလိုက်သည်။ “ဘ၀မှာအောင်မြင်ချင်ရင် သုံးမျိုးပဲလိုတယ် ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ”
ဂိုဒီ၏ မျက်လုံးများသည် အဝိုင်းသားဖြစ်သွားသည်။ ဒီလူပြောတာ ဟုတ်တာပေါ့..
ဂိုဒီသာ် အစကလိုင်းပြောင်းဖို့ စဉ်းစားထားသော်လည်း စိတ်ပြောင်းသွားသည်။
“အားလုံးက မင်းအပြောပဲ.. ဒါပေမယ် မင်း အပြောကိုတော့ တည်ရလိမ့်မယ်.. မင်းက သူ့ရဲ့ တစ်မိသားစုလုံးကို သတ်မယ်လို့ ပြောထားရင် တစ်ယောက်မကျန် သတ်ကို သတ်ရမှာပဲ”
“ပိုက်ဆံကို လွယ်လွယ်ရတယ်များ ထင်နေလား.. မင်းလူကောင်းတွေကို ဆုံးရှူံးထားရတာ မဟုတ်ဘူးလား”
ဂိုဒီသည် စိတ်၀င်စားစွာကြည့်နေမိပြီး ကောင်းဖန်ပြန်ရောက်လာသည်ကိုပင် သတိမထားလိုက်မိပါချေ။
ကောင်းဖန်သည် ဂိုဒီကို အနှောင့်အယှက် မပေးချင်သောကြောင့် အသံမပြုလိုက်သော်လည်း ဂိုဒီဘာတွေများ စိတ်ဝင်စားနေလည်းဟူ၍ တီဗီကို ကြည့်ကြည့်လိုက်သည်။
ရုပ်ရှင်နာမည်ကို တွေ့လိုက်ရသောအခါ ကောင်းဖန်သည် စိတ်ထဲတစ်မျိုး ဖြစ်သွားသည်။ သူသည် အနီးမှ ရီမုတ်ကို လှမ်းယူလိုက်ကာ ကလေးချန်နယ်သို့ ချက်ချင်း ပြောင်းလိုက်သည်။
ဂိုဒီသည် အံ့ဩသွားပြီး ကောင်းဖန်ကို လှည့်ကြည့်လိုက်သည်။
“ဟမ်”
“ဒီဂန်းစတာရုပ်ရှင်တွေကြည့်ပြီး ဘာလုပ်နေတာလဲ.. ကလေးလိုင်းသာကြည့်နေ” ကောင်းဖန်က ပြောလိုက်သည်။
ဖန်သားပြင်တွင် အရုပ်လေးများသည် ပြေးတမ်းလိုက်တမ်း ဆော့နေသည်။ တစ်ကောင်က ကင်မရာဘက်သို့လှည့်ကာ ဖင်ရမ်းပြနေသည်။
“…”
“သခင်ကြီးလျူ.. သွေးမျက်လုံးမုတ်ဆိတ်လင်းတအတွက် လိုအပ်တာတွေ အကုန် ပြင်ဆင်ပြီးပါပြီ” ကောင်းဖန်က ဖုန်းထဲတွင် ပြောလိုက်သည်။
“သခင်ကြီးလျူသည် အနည်းငယ် အံ့ဩသွားသော်လည်း ကောင်းဖန်၏ အရည်အချင်းကိုတော့ ကောင်းကောင်း သိလေသည်။ သူသည် အကုန်ပြင်ဆင်ပြီးပြီဟု ပြောထားပြီး ဖြစ်သည်။ “နားလည်ပြီ.. လင်းတကို ပြန်ခေါ်ထားလိုက်မယ်.. သူအခု တောင်တွေဘက်မှာ လေ့ကျင့်နေမယ် ထင်တယ်”
တောင်ထိပ်သည် တောင်ပိုင်းကောင်းကင်နှင့် သိပ်မဝေးပေ။ ထိုနေရာတွင် ဂိုဒီထက်ပင်ကြီးမားသော အကောင်ကြီးသည် အတောင်ပံတစ်ဖက်တည်းနှင့် ရပ်နေသည်။
သူ၏ နောက်တောင်ပံတစ်ဖက်သည် သူ့ထက်နှစ်ဆကြီးသော ကျောက်တုံးကြီးကို မထားသည်။ သူ၏ သွေးနီမျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်မှုကို တွေ့နေရသည်။
ရုတ်တရတ် သူသည် ခုန်ဆင်းလာသည်။ သူသည် ကျောက်တုံးကြီးကို တစ်ချက်တည်းနှင့် လှိမ့်ချလိုက်သည်။ သူ၏ လက်သည်းကြီးများက တောင်ဘေးကို ကုပ်ထားပြီး အသက်ကို ၀၀ ရှူလိုက်ကာ တစ်ချက်မြည်တမ်းလိုက်သည်။
သူသည် တောင်ပံကြီးကို တစ်ချက်ခတ်လိုက်ပြီး ဒုံးကျည်ကဲ့သို့ ထိုးဆင်းလာသည်။
…
လင်းတကြီးသည် သခင်ကြီးလျူနားသို့သွားလိုက်သည်။
သူ၏ သခင်ဖြစ်သူ သခင်ကြီးလျူသည် လင်းတကြီး၏ အဆင့်ကို ကြိမ်ဖန်များစွာ မြှင့်ဖို့ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။
လင်းတကို အဆင့်မြှင့်ရတာ အနည်းငယ် ခက်ခဲသည်။ ကိုယ်တိုင်ကလည်း အနှိပ်စက်ခံနိုင်မှသာ အဆင့်မြှင့်ခြင်း အောင်မြင်နိုင်သည့်အတွက်ဖြစ်သည်။
ထိုအရာသည် လင်းတကို ပို၍စွမ်းအားကြီးစေသော်လည်း ထိုအရာကို ပြုလုပ်ခြင်းကကို ခက်ခဲခြင်း ဖြစ်သည်။
လင်းတများအကြောင်း လေ့လာသူများကပင် အံ့ဩခဲ့ကြသည်။ သူတို့သည် လင်းတတစ်ကောင်ကို ထိုလောက် သန်မာမည်ဟု မထင်ခဲ့ပေ။
“ကျွန်တော့်ကို ယုံပါ ဒီတစ်ခေါက်က အကောင်းဆုံး ဖြစ်မှာပါ” ကောင်းဖန်က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
သူသည် လင်းတကြီးကို လေးစားသမှုဖြင့် မော့ကြည့်လိုက်သည်။
“အဆင်သင့်ပဲလား”
လင်းတကြီးသည် သူ၏ မျက်လုံးကို အတန်ကြာပိတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၂၀ သွေးအဆင့်မြှင့်ခြင်း
ကောင်းဖန်သည် ယူလာသောသွေးကို တွေးလိုက်သော်လည်း ထိုသွေးသည် လင်းတကြီးနှင့် ဆက်စက်မှု ရှိမရှိ မသိပါချေ။
သူတို့၏အမည်များသည် ဆင်တူကြသောကြောင့် ဖြစ်နိုင်ချေ ရှိသည်။ မည်သို့ပင်ဆိုစေ လင်းတကြီး အဆင့်မြင့်၍ မပြီးမချင်းတော့ ဘာမှပြောလို့ မရသေးပါချေ။
သခင်ကြီးလျူသည် ကောင်းဖန်တစ်ယောက် ကျောက်ပြားတစ်ခုကို ထုတ်လိုက်ကာ ထိုအပေါ်သို့ သွေးရည်ကို လောင်းချလိုက်သည်ကို တွေ့လိုက်သည်။
ကျောက်ပြား၏ အရောင်သည် မီးခိုးဖြူရောင်မှ တောအုပ်စိမ်းရောင်လို ဖြစ်သွားပြီး စိမ်းစိုနေသည်။
သခင်ကြီးလျူသည် ကောင်းဖန်ဘာလုပ်နေလဲ နားမလည်နိုင်ဖြစ်နေသည်။ ဒီကျောက်က တစ်ခုခု ထူးခြားနေတာလား.. အသက်ရှိနေတာလား..
နာရီ၀က်ခန့်ကြာသောအခါ ကောင်းဖန်သည် ကျောက်ကို ဂရုတစိုက် မလိုက်ပြီး လင်းတကြီးရှေ့တွင် ပြလိုက်သည်။ “မျိူချလိုက်ပါ”
သခင်ကြီးလျူသည် နားမလည်နိုင် ဖြစ်သွားသည်။
လင်းတကြီးသည် အသံတစ်စက်မှ မထွက်ပဲ ကျောက်ပြားကြီးကို တစ်ချက်တည်း မြိုချလိုက်သည်။
သူ၏ အစာအိမ်ကြီးသည် သံမဏိကိုပင် ချေဖျက်နိုင်သောကြောင့် ထိုကျောက်လေးသည် တို့ဖူးတုံးလေးလို ဖြစ်နေပေမည်။
လင်းတကြီးကို အဆင့်မြင့်ရင် အခြားသော နည်းလမ်းများ ရှိသော်လည်း ကောင်းဖန်သည် သွေးအဆင့်မြှ့င့်ခြင်း နည်းလမ်းကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အခြားသော ပါ၀င်ပစ္စည်းများအနေဖြင့် သူသည် လက်ဆတ်သောအသား တန်ချိန် တစ်ရာခန့် ပြင်ဆင်ထားရသေးသည်။ အဆင့်မြင့်လေ ပိုကောင်းလေ ဖြစ်သည်။
သို့သော် သူသည် လိုရမယ်က အနေဖြင့် ကွန်မန်ဒါအဆင့် အသား တန်ချိန် ၂၀၀ ကျော်ကို နေ့လည်ကတည်းက သားသတ်ရုံတွင် သွားယူကာ ပြင်ဆင်ထားပြီး ဖြစ်သည်။ ကွန်မန်ဒါအဆင့်သားရဲများသည် ရှားပါးလာပြီ ဖြစ်ရာ ၂၀၀ တန်ချိန်သည် များသည်ဟု ထင်ရသော်လည်း တကယ်တော့ အကောင် ၁၀ ကောင်မှ ၂၀ လောက်သာ ရှိလေသည်။
လင်းတကြီး၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ သူ၏ ကိုယ်ထဲတွင် တစ်ခုခုက လောင်ကျွမ်းနေပြီး မီးလုံးကြီးကို မျိုချလိုက်ရသလို ဖြစ်နေသည်။
သူသည် အိပ်ထမတင် အခါတစ်ထောင် ထလုပ်ချင်သလိုလို၊ ခြောက်မိုင်လောက်ကို အလေးတုံးကြီးထမ်းပြီး ထပြေးချင်သလိုလို ခံစားချက်မျိုး ဖြစ်နေသည်။
လင်းတကြီးသည် ဒူးခေါင်းကို ကျုံ့၀င်လိုက်ကာ ကိုယ်လုံးကို အတောင်ပံဖြင့် ဖုံးလိုက်သည်။ သူသည် ထိုအချိန်တွင်ပင် ကြည့်လို့ကောင်းနေသည်။ သူသည် တုန်တုန်ရီရီဖြင့် အတောင်ပံကို မကာ ခေါင်းပေါ်မှ အမွှေးအမှိုက်လေးများကို ရှင်းလိုက်သေးသည်။
သူသည် နာကျင်လာပြီ ဖြစ်သောကြောင့် အသက်ရှူသံများ ပြင်းထန်နေသည်။ သူသည် တစ်စစီ ပေါက်ကွဲထွက်သွားတော့မလို ခံစားနေရသည်။
ထိုနာကျင်မှုသည် လေ့ကျင့်ခြင်းနှင့်လည်း မတူပဲ တစ်မျိုး ကွဲပြားနေသည်။ သူသည် တဆတ်ဆတ် တုန်ယင်နေသည်။
ထူးဆန်းသည်မှာ လင်းတကြီးသည် နာကျင်နေသော်လည်း တစ်ချိန်တည်းမှာပင် ခံစားမှုကောင်းတစ်ခုကို ရရှိနေခြင်း ဖြစ်သည်။
ထိုထူးဆန်းသော ခံစားချက်သည် နာရီ၀က်ခန့်ကြာပြီးနောက် ရပ်တန့်သွားသည်။
လင်းတကြီးသည် အဆင့်မြှင့်တင်မှု မပြီးသေးခင်မှာပင် မြင်မြင်သမျှ စားချင်နေသည့် ခံစားချက်မျိုး ဖြစ်နေသည်။
သူသည် တုံ့ဆိုင်းမနေပဲ အသားများကို ယူစားလိုက်သည်။ သူသည် တစ်ခုချင်း ယူစားရတာ အားမရသောကြောင့် ခေါင်းကို နှစ်ပြီးပင် စားနေတော့သည်။
သွေးများသည် သူ၏ မျက်နှာတွင် ပေပွနေပြီး တောင်လိုပုံနေသော အသားများသည် ချက်ချင်းပင် ပျောက်ဆုံးသွားသည်။
အသားတန်ချိန်း ၂၀၀ သည် သူ၏ စွမ်းအားမြင့်သော အစာအိမ်ကြီးထဲတွင် လျင်မြန်စွာ ကြေပျက်သွားသည်။ သူသည် အစာဆာလောင်မှု တောက်လျှောက်ရှိနေပြီး အစာမကြေနိုင်သောအရာတစ်ခုကို မစားမိမချင်း ထိုသို့ ဖြစ်နေမည်ပင်။
လင်းတကြီးသည် အကုန်စားလိုက်ပြီးသောအခါ သူ၏ အရိုးနှင့် ကြွက်သားများသည် ယားလာသလို ခံစားရသည်။
သူ၏ ကြွက်သားကြီးများသည် တဖြည်းဖြည်းကြီးလာသည်။
ကောင်းဖန်၏ မျက်လုံးထဲတွင် [အဆင့်မြင့်တင်ခြင်းပြီးဆုံး] ဆိုသော စာတမ်းလေး ပေါ်လာသည်။
[သားရဲအမည်] - သွေးမျက်လုံးမုတ်ဆိတ်လင်းတ
[သားရဲစွမ်းရည်] - အလွန်ကောင်း
[သားရဲအဆင့်] - ၄၃
[သားရဲ အမျိုးအစား] - လေ
[သားရဲစွမ်းအင်] - ပြင်းအားအဆင့် ၃၊ လက်သည်းတိုက်ခိုက်မှု အဆင့် ၁]
[အထူးဝိသေသလက္ခဏာ] - သွေးတိုးမြှင့်အစာအိမ် (အဆင့်မြှင့်ပြီးသောအခါ သူ၏ အစာအိမ်သည် မည်သည့်အာဟာရကိုမဆို အဆင့်ဆက်မြှင့်ရန် ပြောင်းလဲအသုံးချနိုင်သွားမည် ဖြစ်သည်။ အကျိုးသက်ရောက်မှု အနေဖြင့် သူသည် တောက်လျှောက် ဆာလောင်နေမည် ဖြစ်သည်)
အကျိုးသက်ရောက်မှု ၁ - ထိုအစာအိမ်သည် ၀င်လာသမျှ အရာအားလုံးကို ချေဖျက်ကာ အဖိုးတန်သော အာဟာရများ အဖြစ်သို့ ပြောင်းသွားမည် ဖြစ်သည်။
[သားရဲပျော့ကွက်] ၁။ လျှပ်စစ်အမျိုးအစား ၂။ မီးအမျိုးအစား ၃။ သတ္တုအမျိုးအစား
[နောက်အဆင့်တက်ဖို့ လိုအပ်ချက်များ] - အစာအိမ်အတွက် အသီး ၁၀ တန်၊ ပုန်းကွယ်နေသော ရွှေပန်း ၅ တန်၊ ရေခဲအသက်ရှုခြင်း အကြိမ် ၃၀၀၀၊ မီးအသက်ရှုခြင်း အကြိမ် ၃၀၀၀, လျှပ်စီးအသက်ရှူခြင်း အကြိမ် ၃၀၀၀၊ အမှောင်အသက်ရှုခြင်း…
ယခုတော့ လင်းတကြီးသည် အဆင့်မြင့်သွားပြီ ဖြစ်သောကြောင့် သူသည် ယခင်ကမလုပ်နိုင်ခဲ့သည်များကို ပိုလုပ်နိုင်တော့မည်ပင်။
မည်သို့ပင် ဖြစ်စေ ကောင်းဖန်သည် ထိုအစွမ်းများကို ယာယီပဲ ရှိမည်ဟု ထင်နေမိသည်။ သို့သော် လင်းတကြီး၏ လေ့ကျင့်မှုပေါ် မူတည်ပြီးတော့ ဆက်လက်တည်မြဲမှု ရှိနိုင်ပေမည်။
လင်းတတစ်ကောင်အတွက် ကန့်သတ်ချက်များကို မထားကောင်းပါချေ။
သူ၏ ကိုယ်ပိုင်သားရဲများတွင်တော့ လင်းတကြီးကဲ့သို့ ကြိုးစားသူသည် ဂိုဒီသာရှိသည်။ တာ့ဇီနှင့် အခြားကောင်များကတော့ စိတ်ပင် မ၀င်စားပေ။
ကောင်းဖန်သည် ထိုလင်းတကြီး၏ အဆင့်မမြင့်သေးသော်လည်း ထူးခြားသည့် စွမ်းရည်များကို ပြန်စဉ်းစားနေမိသည်။
သူ၏ အစာအိမ်သည် အဆင့်မြှင့်တင်ဖို့ရာ စွမ်းအင်အမြောက်အမြားကို စုပ်ယူရမည် ဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်ရည်ပို၀လေ အစွမ်းမြင့်တင်ရန် လုပ်ဆောင်နိုင်လေဖြစ်သည်။
ယခုတော့ လင်းတကြီးအတွက် လိုအပ်သည်များ လုပ်ပေးပြီးပြီမို့ ကျန်တာတော့ သူ့အပိုင်း ဖြစ်သည်။
လင်းတကြီးသည် သူ၏ ကိုယ်တွင်း စီးဆင်းနေသော စွမ်းအင်များကို ခံစားမိနေသည်။ သူသည် မည်မျှပင် လေ့ကျင့်ခဲ့သော်လည်း ထိုကဲ့သို့ တစ်ခါမှ မခံစားခဲ့ဖူးပေ။ ဒါတွေက တန် ၂၀၀ ရှိတဲ့ အသားတွေကြောင့်လား..
လင်းတကြီးသည် ကောင်းဖန်ဘက်သို့ လှည့်ကာ တောင်ပံကြီးကို ရင်ဘတ်ပေါ်တင်လျက် ဦးညွှတ်အရိုအသေပြုလိုက်သည်။
သူသည် မျက်နှာမှ သွေးများကြောင့် အနည်းငယ်တော့ ခြောက်ခြားစရာကောင်းနေသည်။
လင်းတကြီးက ပိုသန်မာလာသောကြောင့် သခင်ကြီးလျူသည်လည်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပိုသန်မာလာသည်။
“အလုပ်ဖြစ်သွားပြီ” သခင်ကြီးလျူ၏ မျက်နှာမှအပြုံးသည် တစ်မြို့လုံးရှိ မီးများထက်ပင် တောက်ပနေလေသည်။
***
စာစဉ် ၂၀ ပြီး၏။