← Chapters

အခန်း (၃၂၁-၃၂၄)

Vol. 21 Ch. 321-324

အခန်း (၃၂၁-၃၂၄)

Vol. 21 Ch. 321-324

အခန်း ၃၂၁ ယန့်ချန်းမှ ဖိတ်ခေါ်မှု

“သူ့ရဲ့ခွန်အားကို တိုးစေဖို့ အသားလက်ဆတ်တာတွေကို စားနေဖို့ပဲ လိုတော့တယ်” ကောင်းဖန်က ဦးလေးလျူကို ပြောလိုက်သည်။

“ဒါပေါ့.. သူလေ့ကျင့်နိုင်လေ ပိုပြီး အကျိုးသက်ရောက်မှု ရှိလေ ဖြစ်မှာပဲ”

ဦးလေးလျူသည် ကောင်းဖန်ကို ကျေးဇူးတင်စွာ ပြောလိုက်သည်။

“သူကအခု “အလွန်ကောင်း” အဆင့်ပဲ ရှိသေးတယ်.. သူ့ကို “ပြီးပြည့်စုံ” အဆင့်ရောက်ဖို့အထိ ကျွန်တော်တွေးထား‌တာလေးတွေ ရှိပါတယ်” ကောင်းဖန်က ပြောလိုက်သည်။

ဦးလေးလျူက ခေါင်းညိတ်လိုက်သည်။ “မင်းကစိတ်ပူနေလို့ပါ.. ဒီအဆင့်ကတောင် အခုအနေနဲ့ အဆင်ပြေပါတယ်.. သူ့မှာ ပြဿနာ မရှိတော့ဘူးဆိုရင်ကို နောက်ပိုင်းအဆင့်တွေ တောက်လျှောက် တက်သွားမှာပါ”

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် သံသယအနည်းငယ် ဖြစ်မိသည်။ စာအုပ်ထဲတွင် နောက်အဆင့်တက်ရန်အတွက် သားရဲတစ်ကောင်သည် ပြီးပြည့်စုံအဆင့်သို့ ရောက်နေရမည်ဟု ဆိုထားသည်။ ထိုသို့ဆိုလျှင် လင်းတကြီးက ထိုစည်းမျဉ်းကို ချိုးဖောက်ခဲ့လေသလား..

စာအုပ်သည် မတိကျတာလည်း ဖြစ်နိုင်သည်။ စာအုပ်များကို လူက ရေးသောကြောင့် တစ်ခုခု အမှားပါတာ ဖြစ်မည်။

ကောင်းဖန်သည် လင်းတကြီး၏ နောက်အဆင့်မြှင့်ဖို့အတွက် လိုအပ်သည့် အရာများကို ကြည့်လိုက်သည်။ ရေခဲအသက်ရှုခြင်း.. ရေခဲအသက်ရှူခြင်းသည် အလွန်အေးသော နေရာများတွင်သာ လုပ်နိုင်မည် ဖြစ်သည်။ အခြားသော အသက်ရှူနည်းများကိုလည်း လိုအပ်သော နေရာအသီးသီးတွင် လုပ်ဆောင်ရမည် ဖြစ်သည်။ ထိုနေရာများကလည်း တစ်နေရာစီ ဖြစ်နေသည်။

သို့သော် ကောင်းဖန်သည် ယခုတော့ ဓာတ်ခွဲကျွမ်းကျင်ရှင် ဖြစ်နေပြီ ဖြစ်သည်။ အရင်လို ငချွတ်လေး မဟုတ်တော့ပေ။

လင်းတကြီးကို ပြီးပြည့်စုံအဆင့်ကိုရောက်ဖို့က အစားများများ စားဖို့ပဲလိုတာလား..

လင်းတကြီး၏ နောက်အဆင့်မြှင့်ခြင်းထဲတွင် အသက်ရှူနည်းများလည်း ပါ၀င်နေရာ အာဟာရမျိုးစုံကို စားသုံးခြင်းကလည်း သူ့အစာအိမ်ကို အဆင်ပြေစေနိုင်သည်။

လင်းတကြီးအတွက်တော့ နေ့တိုင်းလေ့ကျင့်နေရသလိုပဒ ဖြစ်မည်။ သူသည် အရင်က လေ့ကျင့်မှုမျိုးစုံလုပ်၍ ကြွက်သားများပင် ထိခိုက်ခဲ့ဖူးသော်လည်း သူ၏ ကုစားစွမ်းရည်ကြောင့် ပြန်ကောင်းခဲ့သည်။ သူသည် အရင်ကထက်ပင် ပိုသန်မာနေပြီ ဖြစ်သည်။

သူ၏ အစာအိမ်တွင်လည်း ထိုနည်းလည်းကောင်းပဲ ဖြစ်မည်။ သို့သော် သားရဲများသည် တစ်ကောင်နှင့်တစ်ကောင်တော့ မတူကြပါချေ။

ကောင်းဖန်သည် သူ၏ နည်းလမ်းကို ဦးလေးလျူထံ ပြောပြလိုက်သည်။ ထိုနည်းလမ်းများထဲတွင် ထိုပစ္စည်းများကို သုံးကာ အစာအိမ်ကို ကုစားမည့်နည်းလမ်းလည်း ပါ၀င်သည်။ ထိုနည်းလမ်းများသည် မခက်ခဲသော်လည်း အသက်ရှူနည်းများကတော့ အချိန်ယူရပေမည်။ ဦးလေးလျူက လုပ်ဆောင်ရမည့် အရာများလည်း ရှိနေသည်။ ကံကောင်းသည်က လင်းတကြီးသည် စားသုံးနေရင်း အသက်ရှူနည်းများကို လေ့ကျင့်နေဖို့သာ လိုခြင်း ဖြစ်သည်။

သူတို့သည် ထိုကျင့်စဉ်များကို အချိန်အတန်ကြာတော့ လုပ်ဆောင်ရပေလိမ့်မည်။

ကောင်းဖန်သည် လင်းတကြီး၏ အဆင့်မြင့်တင်ရမည့် အချိန်များအတွက်သာ စိတ်ပူနေမိသည်။ အစပိုင်းတွင် ဦးလေးလျူက သူ့အပေါ်ကောင်းခဲ့သောကြောင့် သူကလည်း ပြန်ကျေးဇူးဆပ်ချင်ခြင်း ဖြစ်သည်။ သူသည် ယခင်က လင်းတကြီးအတွက် ပစ္စည်းများစုံအောင် မရှာပေးနိုင်သောကြောင့် အားနာနေခဲ့ရာ ယခုတော့ အဆင်ပြေသွားပြီ ဖြစ်သည်။

ကောင်းဖန်သည် ရုတ်တရတ် တစ်ခုခုကို သတိရသွားသည်။ သူပြန်လာစဉ်က စိတ်ထဲတွင် လင်းတကြီးအတွက် လိုအပ်သည်များကို အာရုံရောက်နေခဲ့ရာ သူသေချာမှာထားသည့် ဆိုဖာတွင် ဂိုဒီထိုင်နေသည်ကို သတိမပြုမိခဲ့ပေ။

အခုတော့ သတိရသွားသောအခါ ကောင်းဖန်သည် မကျေမနပ် ဖြစ်သွားသည်။

သူသည် စံအိမ်ကို အမြန်ပြန်ပြေးသွားပြီး တံခါးကို ဖွင့်လိုက်သောအခါ တီဗီသံကို ကြားနေရသည်။

ဂိုဒီသည် တံခါးသံကို ကြားလိုက်သကဲ့သို့ တီဗီသံသည် ချက်ချင်း ပြောင်းသွားခြင်း ဖြစ်သည်။

ကောင်းဖန်သည် မဲ့ပြုံးပြုံးလိုက်သည်။ သူသည် ဖိနပ်ကို လဲစီးလိုက်ပြီး ဧည့်ခန်းထဲသို့ တည်ငြိမ်စွာလျှောက်လာသည်။

ဂိုဒီသည် ဆိုဖာတွင် ထိုင်နေရင်း တီဗီကို မမှိတ်မသုန်ပင် ကြည့်နေသည်။ သူ၏ ကိုယ်သည် တောင့်တောင့်ကြီး ဖြစ်နေသည်။

ဂိုဒီသည် ကောင်းဖန်လျှောက်လာနေသည်ကိုပင် မြင်နေရသည့်တိုင်အောင် မျက်လုံးများက လုံး၀မရွေ့ပေ။ ကောင်းဖန်က တစ်ချက်ရယ်လိုက်သည်။ ‌ဒီကောင် သရုပ်ဆောင်ကောင်းလိုက်တာ.. ငါလည်း ငယ်ငယ်က ကွန်ပြူတာဂိမ်းဆော့နေတုန်း အဖေတို့ အမေတို့၀င်လာရင် အဲလိုလုပ်နေကျသာ မဟုတ်ခဲ့ရင် ငါလည်း ယုံမိမှာပါကွာ..

ဂိုဒီဘေးတွသ် ကောင်းဖန်က ရပ်လိုက်ပြီး ဆိုဖာကို ပုတ်လိုက်သည်။ “ဆိုဖာက သိပ်ပြီး သက်သောင့်သက်သာ မရှိဘူးထင်တယ် ဟုတ်လား”

ဂိုဒီသည် ကြက်သေသေသွားသည်။ ဟာ.. ငါမေ့နေတာ..

“မတ်တပ်ရပ်စမ်း”

ဂိုဒီက နာခံစွာပင် ထရပ်လိုက်သည်။

သူထိုင်ထားသော ဆိုဖာသည် အတွင်းသို့ပင် နစ်၀င်နေပြီး ပြန်ကြွမလာတော့ပေ။ ကောင်းဖန်သည် စိတ်ညစ်သားသည်။ ဒီဆိုဖာ၀ယ်တုန်းက စပရိန်ပါပါတယ်..

“ငါ့ဆိုဖာပေါ်မထိုင်နဲ့လို့ သတိပေးခဲ့တယ်မလား” ကောင်းဖန်က မျက်နှာကို ပုတ်ပြီး ပြောလိုက်သည်။ “မင်းမုန့်ဖိုးတွေထုတ်.. ငါ့ကို အသစ်တစ်ခု ပြန်၀ယ်ပေးရမယ်”

ဂိုဒီသည် တစ်ဖက်သို့လှည့်ကာ မကြားချင်ယောင် ဆောင်နေသည်။ ကောင်းဖန်က ထပ်ခါ ထပ်ခါ ပြောတော့မှ ဂိုဒီသည် သူ၏ အိတ်ထဲမှ မှတ်စုများကို ထုတ်လိုက်ကာ ဆိုဖာပေါ် ပစ်တင်လိုက်သည်။ သူသည် အိတ်လေးကိုတော့ တစ်ပြားတစ်ချပ်မှ မထုတ်ချင်ပုံဖြင့် သေချာကိုင်ထားသည်။

ဒီလောကကြီးမှာ ငါ့ဆီက ပိုက်ဆံယူနိုင်မယ့်သူတွေ လျော့ကျနေပြီ..

ထိုစာသားသည် ဂိုဒီ၏ စိတ်ထဲတွင် စွဲနေသည်။

ဂိုဒီ၏ မျက်လုံးများသည် နီရဲနေသည်။ သူသည် ခေါင်းကို ၄၅ ဒီဂရီစောင်းလိုက်ပြီး ကျလာသော မျက်ရည်များကို ခက်ခဲစွာ ထိန်းနေသည်။

စံအိမ်မှ ထွက်လာသောအခါ ဂိုဒီသည် လူသူကင်းမဲ့သော နေရာသို့ သွားလိုက်ကာ အိတ်လေးကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်သည်။ ထို့နောက် ကျန်သော ပိုက်ဆံလေးများကို ထုတ်ကာ အကြိမ်အနည်းငယ် ရေတွက်နေလိုက်သည်။

နောက်ဆုံးတွင် သူသည် ပိုက်ဆံလေးများကို လိပ်လိုက်ကာ အိတ်ထဲသေချာပြန်ထည့်လိုက်သည်။ လိပ်ထားခြင်းသည် ပိုက်ဆံများ ပိုများနေသကဲ့သို့ ထင်ရစေသည်။

ကောင်းဖန်သည် ဂိုဒီပေးသော ပိုက်ဆံကို ယူလိုက်ကာ အိုဟောင်းနေသော စက္ကူများဖြင့် ပြည့်နေသည့် သံသေတ္တာလေးထဲ ထည့်လိုက်သည်။ ကောင်းဖန်သည် ထိုသေတ္တာလေးကို အိပ်ရာအောက်ထဲထည့်လိုက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

သူပြန်လာစဉ်က ကင်းခြေများဘုရင်၏ အရိုးစုကို သယ်လာခဲ့သည်။ ကင်းခြေများသည် ပုံမှန်စွမ်းရည်သားရဲ ဖြစ်သော်လည်း နတ်ဘုရားအဆင့် ရှိနေသည်။

သူ့တွင် မိုးကြိုးမျောက်ဝံကြီးနှင့် သစ်သားဒေါင်းတို့၏ အရိုးပြာလည်း ရှိသည်။ ဒန်ဘီသည် ထိုသုံးကောင်လုံးကို အသက်ပြန်သွင်းထားပြီး ဖြစ်သည်။ သူ၏ အစွမ်းသည် ကြောက်ခမန်းလိလိပါပေ။

ဒန်ဘီသည် အချိန်ကြာလာသည်နှင့်အမျှ ကပ်ဆိုးကြီးကိုပင် ပြန်လည်အသက်သွင်းချင် သွင်းနိုင်မည်ပင်။

သူသည် ဒဏ္ဍာရီအဆင့်စွမ်းရည် ရှိနေသောကြောင့် ထိုကဲ့သို့ အစွမ်းထက်နေခြင်းလည်း ဖြစ်သည်။ လူများသည် သူနှင့် တွေ့ပြီးလျှင်လည်း သတင်းစကားများ ဖြန့်ပေးကြသောကြောင့်လည်း ဒဏ္ဍာရီလာသားရဲကြီးလို ဖြစ်နေသည်။

ဒန်ဘီ၏ နဂိုစွမ်းရည်အဆင့်သည်လည်း ဒဏ္ဍာရီအဆင့် ဖြစ်သော်လည်း သူသည် တစ်ဆင့်ကျထားသေးသည်။ သို့သော် သူသည် ဖုတ်ကောင်အမျိုးအစားများကို စားသုံးနေသရွေ့ ဒဏ္ဍာရီအဆင့်သို့ ပြန်ရောက်နိုင်သည်။

အကယ်၍ ဒန်ဘီသည် တောထဲမှ သားရဲတစ်ကောင်ဖြစ်နေလျှင်တော့ သူ၏ စွမ်းရည်တစ်ခုတည်းဖြင့်ပင် ဘေးအန္တရာယ်များစွာကို ပေးနိုင်မည် ဖြစ်သည်။ သူသည် ဖုတ်ကောင်စစ်တပ်ကြီးကို ဖန်တီးပြီး မြို့ကို တိုက်ခိုက်လာနိုင်သည်။

သို့သော်အခုတော့ သူနှင့်အတူရှိနေသည်။

ကောင်းဖန်သည် ရေကန်ဘေးမှ သစ်ပင်အိမ်လေးကို ကြည့်လိုက်သည်။ ဒန်ဘီသည် ခန့်ညားစွာထိုင်နေရင်း သူ၏ သမီးလေးကို စိတ်ရှည်စွာ စာသင်ပြနေသည်။

ကောင်းဖန်သည် အတွေးများကို ခေါင်းခါရမ်းကာ မောင်းထုတ်လိုက်သည်။

ကောင်းဖန်သည် ဒန်ဘီအား သူ၏ ဖုတ်ကောင်များကို လွတ်လပ်စွာ လျှောက်သွားခွင့် မပေးထားသင့်ခဲ့ပေ။ သူသည် စံအိမ်အနောက်ဘက်ရှိ တောင်များထဲမှ တစ်နေရာတွင် သူတို့အတွက် တစ်နေရာဆောက်ကာ ထားထားမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုအခါမှသာ ဧည့်သည်များလာလျှင် မကြောက်ကြမှာ ဖြစ်သည်။

“သခင်လေးကောင်း.. ယန့်ချန်းရုပ်သံဌာနက သူတို့လုပ်မယ့် ပွဲကို ဧည့်သည်အနေနဲ့ လာဖို့ဖိတ်ထားပါတယ်” ဟွမ်းယာက ကောင်းဖန်ကို ဖုန်းဆက်ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၂၂ သားရဲများကိုနားလည်နိုင်စွမ်းအတန်း

"ငါ စိတ်မဝင်စားဘူး"

ကောင်းဖန်က ဒီလို ရုပ်သံအစီအစဥ်မျိုးမှာ ပါဝင်ဖို့ တစိုးတစိလေးမှစိတ်မဝင်စားပေ။ ကျော်ကြားသူ တစ်ယောက်ဖြစ်လာပြီး အကာအကွယ်မဲ့သလိုခံစားရမှာကို သူမကြိုက်ပါ။ “ယန့်ချန်းရုပ်သံဌာနက လဲ့ယင်းလျိုကို ဆုအနေနဲ့ပေးဖို့ ဆန္ဒရှိနေတယ်တဲ့” ဟွမ်းယာက တီးတိုးပြောသည်။

တာ့ဇီကိုပွတ်ပေးနေတဲ့ ကောင်းဖန် ၂စက္ကန့်လောက် ငြိမ်သက်သွားပြီးမှ တွန့်ဆုတ်ဆုတ်ဖြင့်ပြောလိုက်သည်။ “ဒါဆိုလည်း ကောင်းပြီလေ၊ အစီအစဥ်က ဘယ်တော့စမှာတဲ့လဲ”

“လာမယ့် တနင်္လာနေ့ကနေစပြီး ယန့်ချန်းမှာ ရိုက်ကူးရေးစမှာပါ”

လေးရက်အချိန်ရသေးသည်။ အရမ်းအရေးတကြီးလည်း မဟုတ်။ ကောင်းဖန် သဘောတူဟန်နဲ့ ခေါင်းညိမ့်လိုက်သည်။

လဲ့ယင်းလျိုဆိုတာ အဲ့ဒီလူတွေ ခေါ်ကြတဲ့နာမည်တစ်ခုသာဖြစ်သည်။ တကယ်တော့ ကောင်းဖန် လဲ့ယင်းလျိုရဲ့ပုံ ကို သူ့ရဲ့ ဒေတာဖရိန်ကနေ တစ်ခါမြင်ဖူးသည်။ အဲ့ဒါရဲ့ မူလနာမည်အစစ်က မိုးကြိုးနတ်ဘုရားရဲ့ကျောက်တုံး ဖြစ်သည်။ ဒီမိုးကြိုးနတ်ဘုရားရဲ့ကျောက်တုံးက မိုးကြိုးခွံနတ်ဘုရားကို နတ်ဘုရားအဆင့်သို့ အဆင့်မြှင့်ရာတွင် လိုအပ်သော ပစ္စည်းဖြစ်သည်။ မိုးကြိုးခွံနတ်ဘုရားကို အဆင့်မြှင့်ဖို့အတွက် ပစ္စည်း ၂ခုလိုအပ်သည်။ အဲ့ဒီထဲက တစ်ခုက မိုးကြိုးနတ်ဘုရားရဲ့ကျောက်တုံးဖြစ်ပြီး ကျန်တစ်ခုက ယွီဝိဉာဉ်ရေစင် တန်ချိန် ၃၀ဖြစ်သည်။

ကောင်းကင်တောင်တန်းပေါ်က ဝိဉာဉ်ရေကန်တွင် ယွီဝိဉာဉ်ရေစင်များရှိသည်။ သို့သော် ယွီဝိဉာဉ်ရေစင်က အကြာကြီး သိမ်းထား၍မရပေ။ ဝိဉာဉ်ရေကန်၏အဝေးတွင် အချိန်အတော်ကြာသိမ်းထားမည်ဆိုပါက ရေစင်ရဲ့ ဝိဉာဉ်အနှစ်သာရများပျောက်ဆုံးသွားမည်ဖြစ်သည်။ ဒါပေမယ့်အခု မိုးကြိုးနတ်ဘုရားရဲ့ကျောက်တုံး လက်ထဲရောက်လာပြီဆိုလျှင် မိုးကြိုးခွံနတ်ဘုရားကို အဆင့်မြှင့်ဖို့ ဆက်လုပ်ဆောင်နိုင်ပြီဖြစ်သည်။

နတ်ဘုရားအဆင့်နဲ့ ဧကရာဇ်အဆင့်သားရဲများကို အဆင့်မြှင့်ရန်အတွက်လိုအပ်သည့်ပစ္စည်းများက ရှာဖွေရန် ပို၍ခက်ခဲလာပြီဖြစ်ကြောင်း ကောင်းဖန်သိခဲ့ရသည်။ ထိုပစ္စည်းများက လူသားအသိုက်အဝန်းရဲ့ ဈေးကွက်ထဲတွင် လက်ရှိရောင်းဝယ်ဖောက်ကားနေကြသော ပစ္စည်းများထဲမှ အကောင်းဆုံးများဖြစ်ပြီး အများစုက ရောင်းဖို့အလုံအလောက်မရှိပဲ ဝယ်လိုအားသာများနေကြသော ပစ္စည်းများဖြစ်သည်။

ဒီလိုဝယ်လိုအားဆက်မြင့်တက်နေမယ်ဆိုလျှင် အဆင့်မြင့်ပစ္စည်းတွေကို ရဖို့အတွက် ကမ္ဘာပေါ်က ကန့်သတ်နယ်မြေတွေကို သွားရောက် ရှာဖွေမှသာရလိမ့်မည်။ ဒါမှမဟုတ်လည်း ဝိဉာဉ်ဖောင်ကိုစီးပြီး တခြားကမ္ဘာတွေဆီသွားရှာရလိမ့်မည်။

ကံကောင်းသူတစ်ယောက် တခြားကမ္ဘာဆီသွားပြီး ရတနာတွေနဲ့ အဲ့ဒီကမ္ဘာကသားရဲများကို ယူလာနိုင်ခဲ့သည့် အကြောင်းကို ကောင်းဖန်ကြားဖူးသည်။ ဒါပေမယ့် အဲ့ဒါက ယာယီဝိဉာဉ်ဖောင်ကိုစီးပြီးသွားခဲ့ခြင်းဖြစ်ပြီး အဲ့ဒီဖောင်က နောက်ရက်အနည်းငယ်နေတော့ ပျောက်ကွယ်သွားခဲ့သည်။

ကမ္ဘာပေါ်မှာ ထွက်ပေါ်လာတဲ့ ဝိဉာဉ်ဖောင်တွေက များသောအားဖြင့်အချိန်အကန့်အသတ်ရှိသည်။ အဲ့ဒါကြောင့် အမြဲတည်မြဲနေမည့် ဝိဉာဉ်ဖောင်ကိုတွေ့ဖို့က အလွန်ရှားပါးသည်။ လက်ရှိအချိန်ထိ ကမ္ဘာပေါ်တွင် အဲ့ဒီလို ဝိဉာဉ်ဖောင် သုံးခုသာ တွေ့ရှိဖူးသေးသည်။

“ဖတ်” တာ့ဇီက ကောင်းဖန်ရဲ့ပေါင်ကို စိတ်ဆိုးမာန်ဆိုးဖြင့်ရိုက်လိုက်သည်။ ဒီလူက ငါ့ကို ပွတ်သပ်ပေးနေ တဲ့အချိန်မှာတောင် အာရုံစူးစိုက်မှုမရှိဘူး။ ဘာတွေများတွေးနေလို့လဲ။ ဘယ်သားရဲကောင်အကြောင်း သူတွေးနေတာလဲ။

ကောင်းဖန် ပြောစရာစကားမရှိဖြစ်သွားသည်။ သို့သော် တာ့ဇီထပ်ပြီး ဒေါသထွက်လာတာမြင်တော့ သူ့ရဲ့ ဦးမျှင် ၂ခုကိုဆက်ပြီး ပွတ်သပ်ပေးနေလိုက်သည်။

ခဏလောက်ကြာတော့ တာ့ဇီ အိပ်ငိုက်လာသည်။ ကောင်းဖန်က သူ့ကို အိပ်ယာပေါ် ဂရုတစိုက်ချပေးလိုက်ပြီး တံခါးကို တိုးတိုးပိတ်ကာ အခန်းထဲက ထွက်သွားသည်။

ကောင်းဖန်ထွက်သွားပြီး တစ်မိနစ်လောက်နေတော့ တာ့ဇီမျက်လုံးများကို သတိကြီးစွာနဲ့ဖွင့်လိုက်သည်။ အိပ်ယာပေါ်ကနေ လျှောဆင်းပြီး ပြတင်းပေါက်ဆီသွားကာ ကောင်းဖန်ကားပေါ်တက်ပြီးထွက်သွားတာကို ကြည့်ခဲ့သည်။

တာ့ဇီသံသယရှိသလို ခံစားရသဖြင့် ပြတင်းပေါက်ပေါ်တက်လိုက်သည်။ အတောင်တွေကိုဖြန့်လိုက်သည်နဲ့ ရွှေခရမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။

ကောင်းဖန်က လေ့ကျင့်ရေးကျောင်းသို့သွားနေခြင်းဖြစ်သည်။ ပထမဆုံးတစ်ရက်ကလွဲပြီး ကျောင်းကိုတစ်ခါမှမသွားဖြစ်သေးပေမယ့်လို့ ဘာပဲဖြစ်ဖြစ် သူက ဒီကျောင်းရဲ့ကျောင်းအုပ်ပဲဖြစ်သည်လေ။ ကျောင်းဂိတ်ဝတွင် သားရဲတစ်ကောင်ကို အစောင့်၂ယောက်က မြေကြီးပေါ် တရွတ်တိုက်ဆွဲ ခေါ်လာသည်။ နောက်တစ်ယောက်က သွေးကွက်အစွန်းအထင်းတွေကို ရေပုံး၊ ကြမ်းတိုက်တံတို့ဖြင့် ဆေးကြော နေသည်။

သူတို့ဆီဦးတည်လာနေတဲ့ကားကို မြင်သောအခါ လုပ်နေတာတွေနှေးသွားသည်။ “ကျောင်းအုပ်ကြီး” “ကျောင်းအုပ်ကြီးကောင်း”... သူတို့လုပ်လက်စတွေကိုချထားပြီး ကောင်းဖန်ကို လျှင်လျှင်မြန်မြန်ပဲ နှုတ်ဆက်လာကြသည်။

“လုပ်စရာရှိတာဆက်လုပ်ကြပါ၊ ကျွန်တော်ကို အာရုံစိုက်ဖို့မလိုပါဘူး” ကောင်းဖန်ပြုံးပြီး လက်ပြလိုက်သည်။ သားရဲကောင်ရဲ့ခန္ဓာကိုယ်ကိုမြင်သောအခါ ကောင်းဖန် မထိန်းနိုင်ပဲ ပြောလိုက်မိသည်။ “ဒီနေ့ညစာတော့ စားစရာ ပိုများတော့မယ်ထင်တယ်”

“ဟီးဟီး”

လူစုက အရယ်အတောမသတ်နိုင်ဖြစ်နေသည်။ ဆရာကွမ်သတ်လိုက်သော စားလို့ရသည့် သားရဲကောင်များကို ဌာနနဲ့ကျောင်းသားများအတွက် အပိုစားစရာအဖြစ် ထောက်ပံ့ပေးရမည်ဆိုသော စည်းမျဥ်းမှာ ကျောင်းအုပ်ကြီး ကောင်းကိုယ်တိုင် အကြံပြုထားခြင်းဖြစ်သည်။

“ဒီညတော့ ကျောင်းကစားဖိုမှူးရဲ့လက်ရာကိုမြည်းဖို့ ဒီမှာနေရမယ်။ အမှန်ပြောရရင် အခုထိမမြည်းကြည့် ဖူးသေးဘူး” ကောင်းဖန်ကပြောသည်။

“အရသာ တကယ်ကောင်းတယ်”အစောင့်က လက်မထောင်ပြရင်းပြောသည်။ “ကျောင်းအုပ်ကြီး တစ်ခါစားကြည့်ပြီးရင် သိသွားလိမ့်မယ်။ ကျွန်တော်တို့ သွားလိုက်ဦးမယ်”

“သွားကြပါ” ကောင်းဖန်ခေါင်းညိမ့်ပြလိုက်သည်။

အစောင့်တွေထွက်သွားတော့ ကောင်းဖန် ကျောင်းအဝင်ရှေ့က ကွမ်ယုရဲ့ရုပ်ထုဆီလျှောက်ခဲ့သည်။

“ဆရာကွမ် ပင်ပန်းသွားရပြီ” ကောင်းဖန် ဦးညွတ်ရင်းပြောလိုက်သည်။

ရုပ်ထုက လုံးဝမလှုပ်ပေ။ မျက်လုံးများက တဝက်ဖွင့် တဝက်ပိတ်ဖြစ်နေသည်။ ဒါပေမယ့် နည်းနည်းလေးတောင် အဖတ်လုပ်ပုံမပေါ်။ ကောင်းဖန် စိတ်မဆိုးပါ။ သူ အမွေးတိုင် ၃ချောင်းကို မီးညှိပြီး ကြေးခွက်ထဲစိုက်လိုက်သည်။ အမွေးတိုင်မှအငွေ့များတက်လာပြီး ကွမ်ယုရဲ့ကြေးရုပ်ထုနား မှာ ဝေ့ဝဲနေကြသည်။ ကောင်းဖန် ရုတ်တရတ် သူ့ခြေလှမ်းတွေကိုရပ်လိုက်သည်။ ကွမ်ယုရဲ့ရုပ်ထုက လျို့ဝှက်စွာနဲ့ အဆင့် ၄၂ ထိ အဆင့်တတ်သွားခဲ့သောကြောင့်ပင်။

ကောင်းဖန် ကျောင်းသားအားလုံးကို ဆရာကွမ်အတွက် အမွေးတိုင်ထွန်းပေးဖို့ ပြောခဲ့တုန်းက ကျောင်းက ကျောင်းသားပေါင်း ထောင်ချီက သူတို့ရဲ့အတန်းအချိန်ဇယားအတိုင်း သူတို့ကို ညွှန်ကြားထားသလို အတိအကျ လုပ်ခဲ့ကြသည်။ အဆင့်တက်လာခြင်းက အမွေးတိုင်ကြောင့်ပဲလားဆိုတာတော့ မသိနိုင်ပေ။

အဆင့်တက်ဖို့လိုအပ်ချက်တွေထဲမှာ အမွှေးတိုင်နဲ့ပတ်သက်တဲ့တစ်စုံတစ်ခုကို ကောင်းဖန်တွေ့ခဲ့သည်။ ဒါကြောင့်ပဲ ဒီအကြံရလာခဲ့ခြင်းဖြစ်သည်။ အခုကြည့်ရသည်မှာ အတိုင်းအတာတစ်ခုထိတော့ ဒါက အကျိုးသက်ရောက်မှု ရှိသည်ထင်ရသည်။ အခုလက်ရှိကောင်းဖန်အတွက်တော့ ရိုးရိုးနတ်ဘုရားအဆင့်၊ သာမာန်အဆင့် သားရဲများကို စိတ်မဝင်စားတော့ပေ။

ဒန်ဘီရဲ့စွမ်းရည်နဲ့ဆို နတ်ဘုရားအဆင့် ဖုတ်ကောင်သားရဲများကို အများကြီး မွေးထုတ်ပေးနိုင်လိမ့်မည်။ တကယ်လို့ ကံကောင်းရင်တော့ တစ်နေ့ ဒီကျောင်းက ကျောင်းသားတစ်ယောက်လောက်များ ကွမ်ယုရုပ်ထုနဲ့ သွေးစာချုပ်ချုပ်နိုင်မလား၊ အဲ့လိုဆိုရင် ကောင်းကင်ဘုံကို ခြေလှမ်းတစ်လှမ်းတည်းနဲ့ တက်နိုင်သလို ဖြစ်လိမ့်မည်။

လေ့ကျင့်ရေးကျောင်းကို မော့ကြည့်ရင်း ကောင်းဖန် ဝမ်းနည်းစွာနဲ့ ပြောလိုက်သည်။ ကလေးတို့ရေ ဒါ ငါ ကျောင်းအုပ်ကြီးကောင်းက မင်းတို့အားလုံးအတွက်ထားခဲ့တဲ့ ရတနာပဲ။ ဘယ်ကံကောင်းတဲ့ကလေးကများ ကံကောင်းခြင်းနတ်ဘုရားမရဲ့ ကာကွယ်ပေးခြင်းကို ခံရတဲ့တစ်ယောက်ဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။

အတန်းနားချိန်ခေါင်းလောင်းမြည်လာခဲ့ပြီး တိတ်ဆိတ်နေသည့် အဆောက်အဦးက တဖြည်းဖြည်း ဆူညံလာသည်။ ကလေးတွေ ပြေးလွှား၊ ကစားနေသည့်အသံများကို ကြားနေရသည်။ ကိုယ်ကာယပညာနှင့် သားရဲများကိုနားလည်နိုင်စွမ်းအတန်းချိန်တက်ခဲ့ရသည့် ကျောင်းသားတချို့ အဆောက်အဦးထဲကထွက်လာပြီး ကွင်းပြင်ဆီသွားကြသည်။

ပုံရိပ်အသေးလေးတစ်ခု အဆောက်အဦးထဲမှထွက်လာသည်။ သိပ်မဝေးသည့်နေရာတွင် ရပ်နေသော ကောင်းဖန်ကို သူ ရုတ်တရက် မြင်ပြီး ခေတ္တတွေဝေနေပြီးနောက် သူ့ဆီလျှောက်လာခဲ့သည်။ “အကိုကြီး” ပထမနှစ်ကျောင်းသားဝတ်စုံဝတ်ထားသော ကောင်လေးတစ်ယောက် ကောင်းဖန်ကို လာပြီး မော့ကြည့်နေခဲ့သည်။

ကောင်းဖန် ကောင်လေးကို ရင်းနှီးနေသလိုထင်၍ ခဏစဥ်းစားပြီးနောက် နာမည်ကိုမှတ်မိသွားခဲ့သည်။ “လိကျူးကျုံ ငါမှတ်မိပြီ၊ ကျောင်းတတ်ရတာ အသားကျပြီလား”

ကောင်းဖန် သူ့နာမည်ကို မှတ်မိတာမြင်တော့ လိကျူးကျုံ မျက်နှာရဲသွားသည်။ သူစိတ်လှုပ်ရှားနေပုံပေါ်သည်။ “ကျွန်တော် အရမ်းသဘောကျပါတယ်။ ကျွန်တော်ရော ကျွန်တော့်မှာရှိတဲ့ သူငယ်ချင်းနည်းနည်းရော အားလုံး ဒီနေရာကို အရမ်းကြိုက်ကြတယ်”

ဒီကကျောင်းသားအားလုံးရဲ့ အခြေအနေက အတူတူနီးပါးပဲဖြစ်သည်။ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း ဝန်ထမ်းတွေရဲ့ သားသမီးတွေနဲ့ မိဘမဲ့ကလေးတွေကို အတန်းများ သီးခြားခွဲထားပေးသည်။ ဘယ်သူကမှ တစ်ယောက်ယောက်အပေါ် အထင်အမြင်သေးတာမျိူးမဖြစ်အောင် ခွဲထားပေးသောအတန်းတစ်ခုစီက ကျောင်းသားများရဲ့ အခြေအနေတွေက လုံးဝတူတူပဲဖြစ်သည်။

ဒါ့အပြင် အတွေ့အကြုံတူကြသူချင်းဖြစ်၍ ဒီကျောင်းသားများ ပိုပြီး လွယ်လွယ်ကူကူ သူငယ်ချင်းဖြစ်လာ ကြသည်။ တချိန်တည်းမှာပဲ ကျောင်းတွင် တင်းကြပ်သော စည်းမျဥ်းများရှိသည်။ တခြားကျောင်းသားများအပေါ် စော်ကားခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။ ပြိုင်ဆိုင်မှုရှိသော်လည်း မျှတပြီး ကူညီတတ်ရမည်။ ဘာသာရပ်အများစုတွင် ရလဒ်ကောင်းရရန်အတွက် လေ့ကျင့်ရေးပြိုင်ပွဲများတွင် ပါဝင်ကြရသည်။

ကျောင်းက ကောင်းဖန်ရဲ့ စံနှုန်းနဲ့ကိုက်ညီသည်။ “အိုကေ ကောင်းပါတယ်။ မင်းက အခု ကိုယ်ကာယပညာအတန်းသွားဖို့လား သားရဲများကိုနားလည်နိုင်စွမ်းအတန်းလား”

“သားရဲများကိုနားလည်နိုင်စွမ်းအတန်းပါ ”လိကျူးကျုံက ရိုးသားစွာဖြေသည်။

အဝေးကနေဆို အဆင်ပြေသော်လည်း အခု အနားနီးနေသည့်အတွက် လိကျူးကျုံမှာ သူ့ရှေက သားရဲများကိုနားလည်နိုင်စွမ်းအတန်းတွင် မြင်ခဲ့ရသော ကွန်မန်ဒါအဆင့်သားရဲလို ကျောင်းအုပ်ကြီးကောင်းဆီမှ ထွက်နေသည့် ပြင်းထန်သော ဖိအားကိုခံစားနေရသည်။

“ငါလည်း ဝင်ပြီး ခဏနားထောင်မယ်” ကျောင်းကိုရောက်တုန်း အတန်းကိုသွားနားထောင်သင့်သည်လို့ ကောင်းဖန်စဥ်းစားလိုက်သည်။ ကိုယ်ကာယပညာအတန်းက ကျောင်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုနဲ့ တိုက်ရည်ခိုက်ရည်၊ အပြင်လောကမှာ ရှင်သန်နေထိုင်ဖို့ စွမ်းရည်များကို သင်ကြားပေးခြင်းဖြစ်သည်။

ကောင်းဖန်က အဆင့် ၁ သားရဲများအနည်းငယ်ပါသော တောရိုင်းကဲ့သို့နေရာတစ်ခုကို ကျောင်းထဲတွင် တည်ဆောက်ထားခဲ့သည်။ သားရဲများ၏ သွားနှင့်လက်သည်းများကိုမူ ဖယ်ထုတ်ထားသည်။ ထိုနေရာကို ကြီးကြပ်ဖို့ ဆရာများနဲ့ အစောင့်များကိုလည်း တာဝန်ပေးထားသည်။

ထိုနေရာက ကျောင်းသားများကို တောရိုင်းထဲတွင် ရှင်သန်နေထိုင်ဖို့ စွမ်းရည်များကိုအဓိက လေ့ကျင့်ပေးရာဖြစ်သည်။ ဖန်လုံအိမ် ပန်းပွင့်များစိုက်ရန်မဟုတ်ပေ။ သားရဲများကိုနားလည်နိုင်စွမ်းအတန်းက သားရဲ အရှင်သို့ အသေကောင်ကို ယူလာပြီး သားရဲ၏ အားနည်းချက်နှင့် တိုက်ခိုက်ပုံအကျင့်ကို ရှင်းပြခြင်းဖြစ်သည်။

စာအုပ်ထဲကသင်ရသည်များက စာရွက်ထဲတွင်ပဲ ရှိသည်လေ။ တကယ့်လက်တွေ့ တွေ့ရသည်က ပိုအကျိုးရှိပြီး မှတ်ဥာဏ်ထဲ ပိုစွဲနေမည်ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၂၃ ကျောင်းအုပ်ကြီးကောင်းရဲ့ စာသင်ကြားခြင်း

သားရဲများကိုနားလည်နိုင်စွမ်းအတန်းက သာမာန်အတန်းချိန်မဟုတ်ပေ။ ဟွာရှားပြည်နယ်တစ်ခုလုံးတွင်တောင် ဒီလိုအတန်းမျိုးတွေ့ရရန် ရှားပါးပေသည်။ အဓိကအကြောင်းရင်းကတော့ ဒီလိုအတန်းမျိုးက လူအများအပြားလိုသလို ငွေရင်းများများလည်းလိုအပ်သောကြောင့်ဖြစ်သည်။

သားရဲကောင်အလောင်းများက ရရန်လွယ်ကူသည်။ သို့သော် အသက်ရှိနေသော သားရဲကောင်အမျိုးအစား အစုံအလင်ကိုရရှိဖို့က မလွယ်ချေ။ အကောင်းဆုံး ပြည်သူပိုင်တက္ကသိုလ်များတွင်သာ ဒီလိုအတန်းမျိုးကို သင်ကြားပေးနိုင်သည်။ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုက ဒါမျိုးအတန်းကို သင်ပေးခြင်းမှာ အထူးအခွင့်အရေးဟုပင် သတ်မှတ်၍ရသည်။

ကျယ်ပြန့်သော ကွင်းပြင်ထဲတွင် အနက်ရောင်အဝတ်စများနဲ့ဖုံးအုပ်ထားသော သံလှောင်အိမ်များရှိနေသည်။ သံလှောင်အိမ်အချို့မှ သားရဲကောင်များ၏စိတ်ဆိုးမာန်ဆိုး ဟိန်းဟောက်သံများထွက်ပေါ်နေကြသည်။ သားရဲများကိုနားလည်နိုင်စွမ်းအတန်းက အဓိကဘာသာရပ်ဖြစ်သည့်အလျှောက် အတန်း၃တန်းပေါင်းပြီး သင်ကြားရသည်။ ကျောင်းသားများက ဆရာရောက်လာတာကိုစောင့်ရင်း ခုံတန်းပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။

အပြာရောင်ဂျက်ကတ်၊ အနက်ရောင် ဘောင်းဘီရှည်နှင့် မျက်မှန်တပ်ထားသော သက်လတ်ပိုင်းအရွယ်လူ တစ်ယောက် ကွင်းပြင်ကနေ လျှောက်လာနေသည်။ သူ့လက်ထဲတွင် အပူထိန်းခွက်တစ်ခုကိုင်ထားသည်။ သူက ကောင်းဖန်ကိုမြင်သောအခါ လက်ယမ်းပြီး ပြုံးပြလာသည်။

“အတန်းကစနေပြီ ကျောင်းသား သွားပြီး ခုံမှာထိုင်ပါ”

“...”

သက်လတ်ပိုင်းအရွယ်လူနဲ့အတူလျှောက်လာသော အစောင့်က ကောင်းဖန်ကို မှတ်မိသွားပြီး ချက်ချင်း ထအော်လာသည်။ “ကျောင်းအုပ်ကြီးကောင်းကို နှုတ်ခွန်းဆက်ပါတယ်”

သက်လတ်ပိုင်းအရွယ်လူက နိုင်ငံခြားသားဆရာဖြစ်သည်။ သူက ကောင်းဖန်အကြောင်းကြားဖူးသော်လည်း ကိုယ်တိုင်တစ်ခါမှမမြင်ဖူးပေ။ ထို့ကြောင့် အစောင့်ထံမှ ကောင်းဖန်ကို “ကျောင်းအုပ်ကြီး”ဟု ခေါ်သံကြားသောအခါ မျက်မှန်ကိုပင့်ပြီး သူ့အား နောက်တစ်ကြိမ်ထပ်ကြည့်လာသည်။ ဒီကျောင်းအုပ်က တော်တော်လေး ငယ်ရွယ်သေးတာပဲ။

သူကကောင်းဖန်ကို အထက်တန်းကျောင်းသားထင်နေခဲတာဖြစ်သည်။ သက်လတ်ပိုင်းအရွယ်ဆရာက ရှိုးတိုးရှန်းတန်းပြုံးလိုက်ပြီး “ဆောရီးပါ ကျောင်းအုပ်ကြီးကောင်း ကျွန်တော်ခုနက မမှတ်မိလိုက်လို့”

“ရပါတယ်၊ ဒီလိုအထင်လွဲတာမျိုးက ပုံမှန်ပါပဲ။ ကျွန်တော်က အတော်လေး ငယ်တဲ့ပုံပေါက်မှန်း ကျွန်တော်လည်း သိပါတယ်” ကောင်းဖန် ရယ်ရင်းပြောလိုက်သည်။ သက်လတ်ပိုင်းအရွယ်ဆရာက ခေါင်းညိမ့်လိုက်ပြီး အတန်းစရန် ပြင်ဆင်လိုက်သည်။ ကောင်းဖန် ရုတ်တရက် အကြံရသွားသည်။ “ဒီအတန်းချိန်ကို ကျွန်တော်သင် ပေးလိုက်လို့ ရမလား”

သက်လတ်ပိုင်းအရွယ်ဆရာ လန့်သွားသည်။ သူခုနက ကျောင်းအုပ်ကြီးကို စော်ကားမိလိုက်သလို ဖြစ်သွားတာ

များလားလို့ တွေးလိုက်မိသည်။ သူ ဒီကျောင်းကို ရောက်လာရတဲ့အကြောင်းရင်းက သူ့မိန်းမက မကြာသေးခင်ကပဲ အမွှာလေးတွေ မွေးထားလို့ဖြစ်သည်။ ဒီကိုလာဖို့ သူ တက္ကသိုလ်ကအလုပ်ကို ထွက်ခဲ့ရ သည်။ လောလောဆယ် သူစိတ်ပူမိသည်။ တကယ်လို့ ဒီအလုပ်လည်း ပြုတ်သွားမယ်ဆိုရင်…

“ကျွန်တော်က အဲလို စိတ်သဘောထား သေးသိမ်တဲ့သူမဟုတ်ပါဘူး။ ဒီကျောင်းသားတွေက ကျွန်တော် ကျောင်းတက်တုန်းက အချိန်ကို ပြန်သတိရမိစေလို့ ရုတ်တရတ် စိတ်ကူးပေါ်လာလို့ပါ။ စိတ်မပူပါနဲ့ ဒီ သင်ခန်းစာပြီးရင် ခင်ဗျားသူတို့ကို ဆက်သင်ပေးရမှာပါ” ကောင်းဖန် ဆရာကို နှစ်သိမ့်ပေးလိုက်သည်။

ဆရာက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ပြီး “ကောင်းပါပြီ ဒါဆို ကျွန်တော် အရင်သွားနှင့်တော့မယ်”

ကောင်းဖန် စင်ပေါ်တက်ပြီး ကလေးတွေဆီက အာရုံစိုက်မှုရအောင် လက်ခုပ်တီးလိုက်သည်။ လိကျူးကျုံ ကောင်းဖန်ကို သတိပြုမိသွားသည်။ ဒါ ဆရာဝမ်ရဲ့ အတန်းချိန်မဟုတ်ဘူးလား။

“ဆရာဝမ်က အိမ်မှာကိစ္စတချို့ရှိလို့ ဒီနေ့ ငါ သူ့အစား အစားထိုးသင်ပေးမှာ” ကျောင်းသားတွေ အချင်းချင်းစပြီး တီးတိုးဆွေးနွေးနေကြသည်။ တချို့က ကောင်းဖန် ဘယ်လိုပုံဆိုတာ မေ့သွားပြီဖြစ်ပြီး တချို့ကတော့ မှတ်မိနေကြသည်။ ခဏကြာတော့ စင်ပေါ်မှာ ရပ်နေတဲ့သူက ကျောင်းအုပ်ကြီးကောင်းဆိုတာ အားလုံးသိသွားကြသည်။

ကျောင်းသားအားလုံးက သူတို့အတွက် ကောင်းဖန်လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်ကြပြီး သူ့ကို လေးစားကြသည်။ “ဒါ သားရဲများကိုနားလည်နိုင်စွမ်းကို ငါ ပထမဆုံး သင်ကြားပေးခြင်းပဲ။ ငါ့သင်ကြားမှုက လိုအပ်ချက်ရှိနေရင် ခွင့်လွှတ်ပေးကြပါ”

ကျောင်းသားများက အလွန်နာခံကြပြီး သူ့ကို လက်ခုပ်အကျယ်ကြီးတီးပေးကြသည်။ ကောင်းဖန် ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်ပြီး ကြင်ကြင်နာနာပြုံးပြလိုက်သည်။ သူဘယ်ဖက်အစွန်ဆုံးက သံလှောင်အိမ်ပေါ်က အနက်ရောင် ပိတ်စကို ဖယ်လိုက်သည်။ ရုတ်တရက်နေအလင်းရောင်က လှောင်အိမ်ထဲမှ ဆူးလက်သည်းနီ တောဝက်ဖြူကို လန့်သွားစေသည်။ ညည်းတွားသံနဲ့အတူ သူ့ရဲ့ခွာတွေကို ကွေးလိုက်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည်။

“ကျောင်းသားတို့ ဒီဟာဘာလဲ သိလား” ကောင်းဖန် လှောင်အိမ်ထဲက သားရဲကိုလက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ “ငါတို့ နူးညံ့ယဥ်ကျေးတဲ့ ဆူးလက်သည်းနီ တောဝက်ကို ရှာတွေ့ခဲ့တယ်။ အဲ့ဒါက အဖြူရောင်မျိူးစိတ်တွေထဲက အရှားပါးဆုံးတစ်ခုပဲ”

ပြောရင်းနဲ့ သူလှောင်အိမ်ကို ဖွင့်လိုက်သည်။ ကျောင်းသားများ ရုတ်တရတ် အော်ဟစ်လိုက်ကြသည်။ ရှေ့ဆုံးတန်းတွင် ထိုင်နေသူများ ထပြီး နောက်ဖက်သို့ ပြေးကြသည်။ ထိပ်ဆုံးတန်းတွေထိုင်နေသော လိကျူးကျုံလည်း ထပြေးချင်မိသည်။ သို့သော် ကောင်းဖန်အပေါ် သူ့ရဲ့ယုံကြည်မှုက ကြောက်ရွံ့မှုကို ဖိနှိပ်ထားပြီး ဆက်ထိုင်နေမိသည်။

အနားက အစောင့်တွေလည်း ကြောက်လွန်း၍ ရူးမလိုတောင်ဖြစ်သွားသည်။ ကျောင်းအုပ်ကြီးကောင်းရဲ့ သားရဲတွေ ဒီမှာရှိမနေဘူး။ သူတို့ ကျောင်းအုပ်ကြီးကောင်းကို တစ်ခုခုအဖြစ်ခံလို့မရပေ။ မဟုတ်ရင် ကပ်ဘေးဆိုက်သွားလိမ့်မည်။ အစောင့်များ၏ သားရဲများ ဟိန်းဟောက်ပြီး စင်ပေါ်ပြေးတတ်သွားကြသည်။

ယဥ်ပါးအောင် လေ့ကျင့်ပေးထားသော ဆူးလက်သည်းနီ တောဝက်က သားရဲများ၏ ဟိန်းဟောက်သံကြောင့် လန့်ပြီး ရုတ်တရတ် သူ့ခန္ဓာကိုယ်ပေါ်က ချွန်ထက်သော ဆူးများကိုထုတ်လိုက်သည်။ သူက ဧရာမဖြူကောင်ကြီးလို ကောင်းဖန်ဆီပြေးသွားရင်း ဆူးချွန်များကထောင်ထလာသည်။

“မှတ်ထားကြ ကျောင်းသားတို့ ဆူးလက်သည်းနီ တောဝက်က လန့်သွားတဲ့အခါ သူ့ရဲ့ သံမဏိလို ဆူးချွန်တွေကို ဖြူကောင်တွေလို ဆန့်ထုတ်လိုက်လိမ့်မယ်” ကောင်းဖန်က လက်ကိုဆန့်ပြီး လက်ညှိုး ၂ချောင်းကို သုံး၍ တောဝက်၏ နှာခေါင်းပေါက်ကိုဖမ်းကိုင်လိုက်ပြီး အားဖြင့် ဆွဲမလိုက်သည်။

“အား” ဆူးလက်သည်းနီ တောဝက်က သနားဖွယ်ကောင်းစွာ အော်ညည်းလိုက်သည်။ ကောင်းဖန်တွန်းလိုက်တဲ့ နေရာဆီ ခြေထောက်များပျော့ခွေ၍ ကျသွားရသည်။ “နှာခေါင်းပေါက်က သူ့ရဲ့အားနည်းချက်ပဲ။ အားလုံးဒါကို သတိထားရမယ်။ နှာခေါင်းပေါက်ကို တိုက်ခိုက်နိုင်ရင် သူတို့ကို တိုက်ရိုက်ချိန်ပြီး ရိုက်လို့ရတယ်” ကောင်းဖန်က ခေါင်းကို လှည့်ပြီး ပြောလိုက်သည်။ အစောင့်တွေရဲ့ သားရဲများက ခုမှ စင်ပေါ်ရောက်လာကြသည်။ ကောင်းဖန် က သူတို့ကိုကြည့်ပြီး “ဆင်းသွားကြ” လို့ အော်လိုက်သည်။

သားရဲများက နာခံစွာပဲ စင်ပေါ်ကနေ ဆင်းသွားကြသည်။ အစောင့်များက မယုံနိုင်အောင်ဖြစ်နေသည်။ ဆူးလက်သည်းနီ တောဝက်ဆိုတာ လက်ရွေးစင်အဆင့် သားရဲဖြစ်သည်။ အရမ်းကို သန်မာကြံခိုင်ပြီး သူခုန်အုပ်တဲ့အားနဲ့ဆို တန်ချိန်အတော်များနိုင်သည်။ သို့သော်လည်း ကျောင်းအုပ်ကြီးကောင်းက ကလေးကို အနိုင်ကျင့်နေသလို လက်တစ်ဖက်ထဲနဲ့ ရင်ဆိုင်နိုင်လိုက်သည်။

အံ့သြမင်သက်နေသော ကျောင်းသားများက စင်ပေါ်က သေးသွယ်တဲ့ပုံရိပ်လေးကို ဒဏ္ဍာရီတစ်ခုကြည့်နေ ရသလို ကြည့်နေကြသည်။ လူသားတွေက သားရဲတွေကို အနိုင်မတိုက်နိုင်ဘူးဆိုတဲ့ “သံစည်းမျဥ်း” က လူတိုင်းသိကြသော ဥပဒေသတစ်ခုဖြစ်သည်။

နတ်ဘုရားအဆင့်သားရဲထိန်ကျောင်းသူများကတော့ သူတို့သားရဲတွေစီကရတဲ့ တုံ့ပြန်ချက်တွေမှ ခွန်အားတွေကြောင့် သာမာန်အဆင့်သားရဲများကို ထိန်းချုပ်နိုင်ကြသည်ဆိုသော်လည်း ဒါက ချွင်းချက်ရှိပြီး ဖြစ်လေ့ဖြစ်ထ ရှိတာမျိုးမဟုတ်ချေ။ နတ်ဘုရားအဆင့်ထိန်းကျောင်းသူအများစုကလည်း သာမာန်အဆင့် သားရဲတွေကို သူတို့လက်နဲ့ အနိုင်ချနိုင်ပါတယ်ဆိုတာကို ထုတ်ပြနေကြမှာ မဟုတ်ပေ။

“ကျောင်းအုပ်ကြီးကောင်းက သားရဲတစ်ကောင်နဲ့များ အလဲခံလိုက်ရတာလား” ကျောင်းသားတစ်ယောက်က ကြောက်လန့်စွာပြောသည်။ ဒီစကားကိုပြောလိုက်သည်နှင့် ကျောင်းသားများကြား မငြိမ်မသက်ဖြစ်သွားတော့ သည်။ “‘ဒုန်း” ကောင်ဖန် သံလှောင်အိမ်ကို ထိုးလိုက်သည်။ လှောင်အိမ်၏သံချောင်းက သူ့လက်ချက်ကြောင့် အချိုင့်ဖြစ်သွားသည်။ “ငါကလူသားပါပဲ သားရဲမဟုတ်ဘူး။ သင်ခန်းစာကို အာရုံစိုက်ပြီး ကိုယ်နေရာ ကိုယ်ပြန်ထိုင်ကြ” ကောင်းဖန် ကျောင်းသူတစ်ယောက်ကို လက်ညှိုးထိုးလိုက်ပြီး “ကောင်မလေး မင်း အဲဒီကောင်လေးကို လွှတ်လိုက်တော့ သူအသက်ရှူကြပ်နေပြီ”

ကောင်မလေး မျက်နှာရဲသွားပြီး ကောင်လေးကို လွှတ်လိုက်သည်။ ထို့နောက် သူမနေရာသို့ အမြန်သွားပြန်ထိုင် လိုက်သည်။ “ကောင်းပြီး သင်ခန်းစာဆက်သင်ရအောင်” ကောင်းဖန်ပြန်ပြီး တည်ငြိမ်သွားသည်။ သူ့ရဲ့ဘယ်လက်နဲ့ ဆူးလက်သည်းနီ တောဝက်ရဲ့ ဆူးချွန်တစ်ခုကို အားပြင်းပြင်ဆွဲနှုတ်လိုက်သည်။

ဆူးလက်သည်းနီ တောဝက်က ကြေကွဲစွာ အော်ညည်းလိုက်သည်။ ကျောင်းသားတချို့က မကြည့်ရက်ကြချေ။ သားရဲတစ်ကောင် ခုလိုသနားစရာအခြေအနေဖြစ်နေတာတွေ့ရတာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ မြင်ကွင်းတစ်ခုလုံးက လက်တွေ့မဆန်ပေ။

“ဆူးလက်သည်းနီ တောဝက်ရဲ့ အားနည်းချက်က ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ…” အခန်းက မြေကြီးပေါ်က တောဝက်ရဲ့ နာကျင်စွာအော်မြည်နေသော ပဲတင့်ထပ်သံဖြင့် ပြည့်နေသည်။ မိနစ် ၂၀ကြာပြီးနောက် ခြေကုန်လက်ပန်းကျနေတဲ့ ဆူးလက်သည်းနီ တောဝက်ကို ကောင်းဖန် လှောင်အိမ်ထဲပြန်ထည့်လိုက်သည်။ ထို့နောက် လှောင်အိမ်ကို အနက်ရောင်ပိတ်စဖြင့် ပြန်ဖုံးလိုက်ပြီး ဘေးက သံလှောင်အိမ်၏ အနက်ရောင် ပိတ်စကို ဆွဲတင်လိုက်သည်။ လှောင်အိမ်၏ထောင့်မှာ အပြာရောင်အမြီး ခေါင်း၂လုံးမြေခွေး က တစ်ကိုယ်လုံး တုန်နေသည်။

၂နာရီကြာပြီးနောက် ကောင်းဖန်စိတ်ကျေနပ်စွာဖြင့် အတန်းပြီးဆုံးသွားခဲ့သည်။ ကောင်းဖန် ကျောင်းကန်တင်း တွင် ညစာစားခဲ့သည်။ ကျောင်းစားဖိုမှူးက သူ့အဖိုးလောက် လက်ရာမကောင်းဟု ခံစားရသည်။ ထို့ကြောင့် သူနောင်တအနည်းငယ်ရပြီး ကျောင်းကနေ ထွက်လာခဲ့သည်။

အဲ့ဒီနေ့ပြီးတော့ ကျောင်းအုပ်ကောင်းနဲ့ပတ်သက်သော ကောလဟာလပေါင်းစုံ ကျောင်းတွင်ပျံ့နေခဲ့သည်။ တချို့ကသူ့ကို နတ်ဘုရားလို့ပြောသည်။ တချို့က လူပုံစံနဲ့သားရဲကောင်ဟုပြောသည်။ တချို့ဆို သူက လူနှင့် သားရဲအစပ်လို့တောင်ပြောကြသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၂၄ အရည်အချင်းအတွက် မျက်လုံးတစ်စုံ

ကောင်းဖန်ကျောင်ကထွက်လာတော့ ကောင်းကင်ပေါ်မှာ အဝေးကိုပျံထွက်သွားတဲ ခရမ်းဖျော့ရောင် တစွန်းတစကို တွေ့လိုက်သည်။ ဘာလို့အဲ့ဒါကိုအရမ်းရင်းနှီးနေသလိုခံစားနေရတာလဲ၊ ငါစိတ်ထင်နေတာပဲဖြစ်မှာပါ။

စံအိမ်ရဲ့ရေကန်ဘေးမှာ တစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်ရင်း လက်ဝှေ့ထိုးနေသော အဝါရောင်ပုံရိပ် ၂ခုရှိနေသည်။ ဘယ်ဖက်က အဝါရောင်အရိပ်ဖြစ်ပြီး ညာဖက်က ရွှေဝါရောင်ပုံရိပ်ယောင်ဖြစ်သည်။ အသားကို ထိုးနှက်နေသော အသံများကို ကြားလိုက်ရသည်။

“သခင်လေးကောင်း” ကောင်းဖန်ကားပေါ်ကဆင်းလာသည်နှင့် ရှူဟတ်ထီက နှုတ်ဆက်လိုက်သည်။ “ဦးလေးရှူ” ကောင်းဖန်ခေါင်ညိမ့်ပြလိုက်သည်။ ရှူဟတ်ထီက အမြဲအလုပ်များသောကြောင့် စံအိမ်ကို မကြာခဏလာလေ့ မရှိပေ။ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းရဲ့ လုံခြုံရေးဌာနမှာလုပ်ရသည်က သက်သာလှသည့် အလုပ်တော့မဟုတ်ချေ။

သူသည် ယုကျိုးရှိ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းရဲ့ လုံခြုံရေးဌာနက နေ့စဥ်လုပ်ဆောင်ရမည့် ကိစ္စများအတွက် အမြဲတာဝန်ယူထားရသည်။ ထို့ကြောင့်ရှူဟတ်ထီက အမြဲအလုပ်များသည်။ ပုံမှန်အားဖြင့် ညဖက်နောက်ကျမှ အိမ်သို့ပြန်ရောက်သည်။ ဒီအကြောင်းကို ရှူချင်းကျီက ကောင်းဖန်နဲ့စကားပြောဖြစ်တုန်းက ပြောပြဖူးသည်။

“ဦးလေးရဲ့ရွှေရောင် လက်ဝှေ့ချန်ပီယံ သားပိုက်ကောင်ကို ဂိုဒီနဲ့ လက်ဝှေ့ထိုးဖို့ခေါ်လာတာလား။ သူတို့လက်ဝှေ့ထိုးနေတာ ဘယ်လောက်ကြာပြီလဲ” ကောင်းဖန် ရေကန်ဘေးက အရိပ် ၂ခုကို လှမ်းကြည့်လိုက် သည်။

“၁၀ မိနစ်လောက်ပဲ ရှိပါသေးတယ်” ရှူဟတ်ထီ ဘယ်ဖက်က ၈ပေလောက်မြင့်တဲ့ ဧရာမဘဲကြီးကို ကြည့်ပြီး ရွဲ့တဲ့တဲ့ပုံစံဖြင့် ရယ်မိသည်။ “သခင်လေးကောင်းရဲ့ ဒီသားရဲကောင်က တကယ်ကို ပုံမှန်မဟုတ်ဘူး။ သူ့ကို အနိုင်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ဂိုဒီရော ရွှေရောင်တောက်ပတဲ့ လက်ဝှေ့ချန်ပီယံ သားပိုက်ကောင် ၂ကောင်လုံးက အဆင့် ၄၁ နတ်ဘုရားအဆင့်သားရဲကောင်များဖြစ်ကြပေမယ့် တကယ်တမ်းတွင်တော့ ဂိုဒီက ရွှေရောင်တောက်ပတဲ့ လက်ဝှေ့ချန်ပီယံ သားပိုက်ကောင်ထက် အဆင့် ၂ဆင့်ပိုမြင့်သည်။

ရွှေရောင်တောက်ပတဲ့ လက်ဝှေ့ချန်ပီယံ သားပိုက်ကောင်ရဲ့ ထိုးချက်တွေက ဂိုဒီကို ထိခိုက်အောင် လုံးဝမလုပ် နိုင်ပေ။ လက်ဝှေ့ထိုးသည် ဆိုသော်လည်း တကယ်တမ်းတော့ ဂိုဒီက သားပိုက်ကောင်နှင့် ကစားနေခြင်းသာဖြစ်သည်။

ကောင်းဖန်ပြန်လာသည်ကို ဂိုဒီတွေ့သောအခါ သူ့မျက်လုံးများ အရောင်တောက်သွားသည်။ သားပိုက်ကောင်းနှင့် အချိန်မဖြုန်းချင်တော့ပေ။ ထို့ကြောင့် မြန်ဆန်ပြီးတိကျသော ထိုးချက်ကိုတိုက်ရိုက်ထိုးချလိုက်တော့သည်။

“ဘန်း” ထိုးချက်က ရွှေရောင်တောက်ပတဲ့ လက်ဝှေ့ချန်ပီယံသားပိုက်ကောင်၏ နှာခေါင်းစီ တည့်တည့်ကျ သွားသည်။ သူ့မျက်လုံးများ နီရဲသွားပြီး မျက်ရည်များကျလာသည်။

နှာခေါင်းက သားပိုက်ကောင်တွေအတွက် အထိမခံသော အစိတ်အပိုင်းဖြစ်ပြီး သားရဲအများစုအတွက်လည်း ထိခိုက်လွယ်သော နေရာဖြစ်သည်။ ထိုးချက်က သားပိုက်ကောင်ကို မေ့လဲမတတ်ဖြစ်သွားစေသည်။ သူက နှာခေါင်းကိုကာရင်း အကြင်နာတရားမရှိတဲ့ ဂိုဒီကို မုန်းတီးစွာကြည့်လိုက်သည်။

ဂိုဒီကအလွန်မြန်သည်။ ၁စက္ကန့်ကို ကိုက်၃၀၀နှုန်းဖြင့် ကောင်းဖန်ရပ်နေရာစီ ပြေးလာသည်။ ကောင်းဖန်ရှေ့က မြေပေါ်လှဲချရင်း အိပ်ထမတင် စလုပ်တော့သည်။ အိပ်ထမတင်လုပ်ရင်း ခေါင်းကိုကြွပြီး ပြောလိုက်သည် “ကောင်းဖန် ငါ ဒီနေ့ အိပ်ထမတင် ၃၉၆၆ ခေါက် လုပ်ပြီးပြီ။ ငါတော်တယ်မလား”

ကောင်းဖန် ခေါင်းညိတ်ပြီး ဂိုဒီကို အားပေးလိုက်သည်။ “‘ဒါဆို နောက်လကျရင် မုန့်ဖိုးတိုးပေးမှာလား” ဂိုဒီ မျှော်လင့်တကြီးနဲ့ ကောင်းဖန်ကို ကြည့်လိုက်သည်။ “၅၀ တိုးပေးမယ်” ကောင်းဖန် လက်၅ချောင်းထောင်ပြလိုက်သည်။

ဂိုဒီမျက်လုံးများအရောင်တောက်သွားပြီး အိပ်ထမတင်ကို ပိုပြီး အားပါပါ လုပ်လိုက်သည်။ ရွှေရောင်တောက်ပ တဲ့ လက်ဝှေ့ချန်ပီယံသားပိုက်ကောင် စိတ်ဓာတ်အနည်းငယ်ကျစွာနဲ့ ထလာသည်။ ငါနဲ့စိန်ခေါ်ဖို့ထက် အိပ်ထမတင်သွားလုပ်နေတယ်။ ရွှေရောင်တောက်ပတဲ့ လက်ဝှေ့ချန်ပီယံသားပိုက်ကောင် ရှုံးနိမ့်မှုကို ကြီးစွာ ခံစားလိုက်ရသည်။

ငါ့ရဲ့ စိတ်စွမ်းအင်ကို စမ်းသပ်ဖို့ကြိုးစားနေတာများလား။ ရွှေရောင် လက်ဝှေ့ချန်ပီယံ သားပိုက်ကောင် ဒီလိုတွေးမိသွားသည်။ ထို့နောက်သူ ဂိုဒီရဲ့ရှေ့ကိုသွားပြီး သူလည်း အိပ်ထမတင် စလုပ်တော့သည်။ အိပ်ထမတင် လုပ်နေသော ဂိုဒီက သားပိုက်ကောင်ကို ရူးသွားပြီလားဆိုတဲ့ပုံစံနဲ့ လှောင်ပြောင်စွာကြည့်လိုက်သည်။

“တောင်းပန်ပါတယ် ဦးလေးရှူ ဂိုဒီက ဘာကအရေးကြီးတယ်ဆိုတာ တကယ်မသိဘူး” ကောင်းဖန် တောင်းပန်ဟန်ဖြင့်ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး ဂိုဒီက ဦးလေးသားပိုက်ကောင်နဲ့ အချိန်ကုန်ခံပြီး ဆော့ပေးခဲ့တာ တကယ်တော့ သူတို့ ခွန်အားခြင်းက အတော်ကွာတယ်” ရှူဟတ်ထီက သူနားလည်ကြောင်း ပြောသည်။ သူအခုပဲမြင်ရသလောက် သူ့ရဲ့ ရွှေရောင်တောက်ပတဲ့ လက်ဝှေ့ချန်ပီယံ သားပိုက်ကောင်က စပြီးတိုက်ခိုက်တယ်ဆိုတာ အရှင်းသားပဲဖြစ်သည်။ ဆန့်ကျင်ဖက်အားဖြင့် ဂိုဒီက သေချာတောင် ပြန်မတိုက်ခိုက် ပေ။ သူတို့က လုံးဝကို အဆင့်မတူချေ။

ရှူဟတ်ထီက အဖိုးကို ကုမ္ပဏီကိစ္စတွေ အစီရင်ခံဖို့လာခဲ့ခြင်းဖြစ်သည်။ သူအထဲဝင်ပြီး အဖိုးနဲ့ ခတ္တ စကားပြောပြီးနောက် သားပိုက်ကောင်ကိုခေါ်ပြီးပြန်သွားခဲ့သည်။ သားပိုက်ကောင်က ခုန်ပြီး မျက်ခုံးပင့်ရင်း ထွက်သွားခဲ့သည်။

ညဖက်တွင် ပြတင်းပေါက်အပြင်ရှိ တောင်တန်းများက အမှောင်ထု၏ဝါးမျိုခံထားရသယောင်ဖြစ်နေသည်။ တောင်အောက်ခြေ နေရာလေးတွင်သာ လမ်းမီးက အလင်းပေးထားသလိုဖြစ်နေသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ဖလိန်မီသည် မနက်အစောကြီး ပျံထွက်သွားပြီး ညဖက်နောက်ကျမှပြန်လာသည်။ သူဘာလုပ်နေလဲ ကောင်းဖန်မသိပေ။

အချိန်အတော်များများတွင်တော့ သူက အကောင်းမြင်စိတ်ရှိပြီး တက်တက်ကြွကြွရှိသည်။ ဒါပေမယ့် ခုတလော သူ စိတ်ဓာတ်ကျနေပုံပေါ်သည်။ ကောင်းဖန်အိမ်သာသွားတုန်း သူ သစ်ကိုင်းပေါ်နားနေရင်း အဝေးကိုငေးနေတာ တွေ့သည်။ ကောင်းဖန်အိမ်သာကို ရေဆွဲချလိုက်ပြီး ဘောင်းဘီဆွဲတင်ကာ တံခါးကိုဖွင့်ပြီး ခြံဝန်းထဲသို့သွား လိုက်သည်။ ဖလိန်မီက ကောင်းဖန်အသံကို ကြားသောအခါ နောက်လှည့်ပြီး “ကောင်းဖန်လား” လို့မေးသည်။

“ဟုတ်တယ် ခုတလော တစ်ခုခုဖြစ်နေတာလား” ကောင်းဖန် သစ်ပင်အောက်တွင်ထိုင်လိုက်သည်။ ဖလိန်မီ အောက်ကို ပျံဆင်းလာပြီး ကောင်းဖန်ကို ခေါင်းငဲ့ကြည့်လိုက်သည်။ ထို့နောက် ပြန်မဖြေပဲ ရေကန်ဆီအကြည့်ပြန်လွှဲလိုက်သည်။

“ဝိတ်မကျလို့ စိုးရိမ်နေတာလား” ကောင်းဖန် မထိန်းနိုင်ပဲရယ်ရင်းပြောလိုက်သည်။ ဖလိန်မီ ကောင်းဖန်ကိုကြည့်ပြီး ဒေါသတကြီး သူ့လက်မောင်းကိုဆိတ်လိုက်သည်။ “ကောင်းဖန် နင့်ကို သေအောင်ကိုက်ပစ်မယ်”

ကောင်းဖန်က ဖလိန်မီနှုတ်သီးကိုထပ်လှုတ်မရအောင် ပိတ်ထားလိုက်သည်။ ကောင်းဖန် ရုတ်တရတ် ဖလိန်မီ၏ နောက်ကြောင်းကို စဥ်းစားမိသွားသည်။ သူ ဖလိန်မီ၏နောက်ကျောက်ု ဖွဖွလေးသပ်ပေးရင်း “ငါတို့ ယန့်ချန်းက ပြန်ရောက်ရင် မင်းကို မင်းရဲ့မွေးရပ်ဆီပြန်ခေါ်သွားပေးပါ့မယ်”

ဖလိန်မီ ဆိတ်နေတာကိုရပ်လိုက်ပြီး မျက်လုံးများတောက်ကာ “တကယ်လား” ဟုမေးလိုက်သည်။ “တကယ်ပါ ငါမလိမ်ပါဘူး” ကောင်းဖန်ပြုံးရင်းပြောလိုက်သည်။ ဖလိန်မီ ကြက်အစာကောက်သလို တဆတ်ဆတ် ခေါင်းညိမ့်လိုက်သည်။ “ကောင်းပြီ၊ နောက်ကျနေပြီ မင်းသစ်ပင်ပေါ်ပြန်ပြီနားတော့” ကောင်းဖန် ဖလိန်မီရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

“မစ္စတာကောင်း ရောက်လာပြီလား” သူ ကိုယ်ပိုင်လေယာဥ်ပေါ်ကဆင်းတော့ ကောင်းဖန်ကို တစ်စုံတစ်ယောက်က နှုတ်ဆက်လာသည်။ ကိုယ်ပိုင်လေယာဥ်၏နောက်ခန်းပွင့်လာပြီး ကောင်းဖန်၏ သားရဲများ ထွက်လာကြသည်။

ယန့်ချန်းက တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း၏ပိုင်နက်ထဲက မဟုတ်ပေ။ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း က ဒီမှာ ရုံးခွဲရှိသော်လည်း မြို့အပေါ်တော့ ဘာလွှမ်းမိုးနိုင်စွမ်းမှမရှိဘူးဖြစ်သည်။ လုံခြုံရေးအတွက် ကောင်းဖန်က အစင်းလေးကလွဲ၍ သူရဲ့ သားရဲအားလုံးကို ခေါ်လာဖို့ ဆုံးဖြတ်ခဲ့သည်။ နတ်ဘုရားအဆင့်သားရဲ လေးကောင် သူ့အနားရှိနေခြင်းက သူ့အားလုံခြုံစိတ်ချမှုကို ပေးစွမ်းသည်။ လေယာဥ်သာအရမ်းမကြီးလို့ မဟုတ်ရင် သစ်သားဒေါင်းအရိုးစုနဲ့ တခြားဖုတ်ကောင်များကိုပါ သူနဲ့အတူခေါ်လာမှာဖြစ်သည်။

“ကျုပ်နာမည် ဝမ်မူကျိပါ။ ‘အရည်အချင်းအတွက် မျက်လုံးတစ်စုံ’ အစီအစဥ်ရဲ့ လက်ထောက်အစီအစဥ် ထုတ်လုပ်သူပါ။ ကျုပ်ကို ဦးလေးဝမ်လို့ခေါ်လို့ရပါတယ်” အနက်ရောင်ဦးထုပ်ဆောင်းထားပြီး နှုတ်ခမ်းမွှေးနှင့် အသက် ၄၀ ဝန်းကျင်လူတစ်ယောက် လျှောက်လာပြီး ကောင်းဖန်ကို စိတ်အားထက်သန်စွာ လက်ဆွဲနှုတ်ဆက် လာသည်။ “ကျုပ်တို့ ကားပြင်ထားပြီးပါပြီ။ အရင်ဆုံး ဟိုတယ်ကိုပို့ပေးပါမယ်”

“မလိုပါဘူး။ ယန့်ချန်းမှာ ကျွန်တော့်ဗီလာတစ်လုံးရှိပါတယ်။ အဲ့ဒီကိုပဲ တန်းပို့ပေးပါ” ကောင်းဖန် ငြင်းပယ်လိုက်သည်။

“...”

ကားထဲတွင် ဝမ်မူကျိက စိတ်အားထက်သန်စွာ ကောင်းဖန်ကို စပြီးစကားပြောခဲ့သည်။ “ ကျုပ်တို့ စုစုပေါင်း ဧည့်သည်တော် ၄ယောက်ကို ဖိတ်ခေါ်ထားပါတယ်။ အဲ့ဒီထဲမှာ ခင်ဗျားက အငယ်ဆုံးပဲ”

“ကျုပ်တို့အစီအစဥ်က အရင်တခြားဟာတွေနဲ့မတူဘူး။ တစ်ခါမှ မလုပ်ဖူးတဲ့အသစ်ပါ။ တကယ်တော့ ချန်အန်းမြို့မှာ အငယ်ဆုံး အလယ်အလတ်အဆင့် သားရဲသားဖောက်သူလို့ ကျုပ်တို့ကြားထားတယ်။ လက်ရှိ အစီအစဥ်က သားရဲကောင်သားဖောက်သူတွေနဲ့ စပ်ဆက်မှုရှိတယ်။ ကျုပ်တို့က ယန့်ချန်းရဲ့ တရားဝင် ရုပ်သံချယ်နယ်ဆိုတာ ခင်ဗျားလည်း သိမယ်ထင်ပါတယ်။ အဲ့ဒါကြောင့် ကျုပ်တို့က လူထုနဲ့ သိပ်မရင်းနှီးသေးတဲ့ ပစ္စည်းတွေ၊ သားရဲတွေ အများကြီးကိုလိုက်စုတယ်။ လုံးဝအသစ်ဖြစ်တဲ့ မျိုးစိတ်တွေရော ဘယ်သူမှမတွေ့ဖူးသေးတဲ့ တချိူ့မျိူးစိတ်တွေရောရှိတယ်”

“ဒီအစီအစဥ်အတွက် ကျုပ်တို့ရဲ့အဓိက အားသာချက်က ပစ္စည်းနဲ့ သားရဲတွေရဲ့ ဝိသေသလက္ခဏာနဲ့ အရည်အသွေးကို ဖော်ထုတ်ခွဲခြမ်းစိတ်ဖြာပြမှာ။ ဖျော်ဖြေရေးလည်းဖြစ်သလို ပညာလည်းရမယ်။ ဒီလိုအစီအစဥ်မျိုးက အရမ်းရေပန်းစားတယ်။ အသုံးပြုမယ့် ပစ္စည်းတွေအားလုံးအတွက်လည်း သူတို့ရဲ့ အရည်အသွေးတွေကို စစ်ဆေးဖို့ အဆင့်မြင့်ဓာတ်ခွဲခန်းတွေကို ဖိတ်ကြားထားတယ်။ ခင်ဗျားတို့က ဇာတ်ညွှန်းအတိုင်း လိုက်လုပ်ပြရုံပဲ”

ကောင်းဖန် စဥ်းစဥ်းစားစားနဲ့ ခေါင်းညိမ့်လိုက်သည်။

All Chapters