အခန်း (၃၂၅-၃၂၈)
Vol. 21 Ch. 325-328
အခန်း ၃၂၅ ယင်ယန်ဒုဓလီပန်း
၀မ်မုကျီသည် ရှိုးပွဲ၏ ဇာတ်ညွှန်းကို ထိုညက ပင်ဂွင်းစာပို့ app ကနေ ပို့လိုက်သည်။
ကောင်းဖန်ကစာကို ဖွင့်ဖတ်လိုက်သောအခါ အထဲတွင် နာမည်စာရင်းကို တွေ့လိုက်ရသည်။ ထိုစာရင်းထဲတွင် ပစ္စည်းများ၏ ပုံများနှင့် အမျိုးအစားများ ပါ၀င်သည်။
သူသည် သူ၏ အမြင်အာရုံထဲတွင် ပေါ်လာသော ပုံများနှင့် အချက်အလက်များကို ကြည့်လိုက်သည်။ ထို့နောက် စာရင်းထဲက အချက်များနှင့် ကိုက်ကြည့်လိုက်သည်။ သားရဲများနှင့် ပစ္စည်းများ၏ အချက်အလက်အများစုကတော့ တူညီကြပြီး အချို့ကတော့ မှားနေသည်။ စာရင်းထဲတွင် ရေးထားသော အမျိုးအစားများသည် အကြမ်းဖျင်းသဘော ဖြစ်နေသည်။
သူသည် စာရင်းထဲမှ ပုံတစ်ပုံကိုကြည့်ပြီး တွေဝေသွားသည်။
ထိုပုံသည် လေးလက်မလောက်သာ ရှိသော ဒုဓလီပန်း၏ ပုံဖြစ်သည်။ ပန်း၏ ထိပ်ပိုင်းသည် ထျန်းရှန်းတောင်ပေါ်မှ ကြာပန်းကဲ့သို့ စွတ်စွတ်ဖြူနေသည်။ ထိုပန်းသည် ဖြူလွန်းသောကြောင့် မျက်စိပင် စူးနေသည်။
သူ့ကို အမျိုးအစားခွဲထားသော ပုံစံမှာ တာလင်းရှန် ဒုဓလီပန်းဟူ၍ ဖြစ်သည်။ သူ၏ ပွင့်ဖက်တွင် ဆေးကုသနိုင်သည့် အစွမ်းရှိပြီး မျိုးစိတ်သစ်တစ်ခုဟု ဆိုသည်။
သို့သော် ကောင်းဖန်မျက်လုံးထဲတွင် မြင်နေရသည့် အချက်ကတော့ ကွဲပြားမှု ရှိနေသည်။
[သားရဲအမည်] - ယင်းယန်မေရီဂိုးလ်ပန်း
[သားရဲစွမ်းရည်] - အလွန်ကောင်း
[သားရဲအဆင့်] - ၃
[သားရဲအမျိုးအစား] - အလင်းဖြာ/ အမှောင်
[သားရဲအခြေအနေ] - ကျန်းမာ (တုန်ယင်နေ)
[သားရဲဖော်ပြချက်] - ရဲရင့်ပြီး အကြောက်အလန့်ကင်းသော အပင်အမျိုးအစား သားရဲဖြစ်ပြီး စွန့်စားရှာဖွေခန်းထွက်ရတာတွေကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ သူသည် အခြားသော သားရဲများကို ဒဏ်ရာကုသပေးပြီး အစွမ်းထုတ်နိုင်အောင် ကူညီနိုင်စွမ်း ရှိသည်။ သူသည် ယခု အဆင့်နိမ့်နေသေးသောကြောင့် သူ၏ အစေ့ကို သုံးကာ စွပ်ပြုတ်လုပ်လို့သာ ရသေးသည်။
ရဲရင့်တယ်.. တုန်နေတယ်..
ကောင်းဖန်သည် ၂ စက္ကန့်လောက် အတွေးပွားသွားသည်။ အချက်အလက်များသည် ထင်သလောက် မတိကျပါပေ။
ကောင်းဖန်သည် ဇာတ်ညွှန်း၏ အနောက်ဆုံးသို့ လှန်ကြည့်လိုက်သည်။ အထူးတလည်တော့ သိပ်မရှိပါချေ။ ပုံမှန်တွေ့နေကျ ရှိုးပွဲပုံစံမျိုးသာ ဖြစ်သည်။ စာသားများသည် အူကြောင်ကြောင်နိုင်ကာ ကြိမ်ဖန်များစွာ တွေ့ဖူးနေကျ စာသားမျိုး ဖြစ်သည်။ သူသည် ဖတ်နေရင်းနှင့်ပင် ငြီးငွေ့လာသည်။
သို့သော် သူသည် လဲ့ယင်းလျို မျက်နှာဖြင့် လျစ်လျူရှုထားလိုက်သည်။
ထားလိုက်ပါတော့.. ရုပ်သံအစီအစဉ်လေးပဲဟာ.. ကောင်းဖန်သည် သူများကို အပြစ်မတင်နေတော့ပဲ သူ့ကိုယ်သူပဲ ကောင်းကောင်း ပြင်ဆင်လိုက်သည်။ သူသည် ဖြစ်နိုင်လျှင်တော့ အိမ်ကိုသာပြန်ပြီး မိုးကြိုးခွံဘုရင်၏ အဆင့်မြှင့်ခြင်းကိုသာ ဆက်လုပ်ချင်နေသည်။
ကောင်းဖန်သည် ခဏစဉ်းစားလိုက်ပြနောက် ၀မ်မုကျိကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။
“ဦးလေး၀မ်.. ဒီရှိုးမှာပါတဲ့ ပစ္စည်းတွေ၊ သားရဲတွေကို အကုန်ပိုင်တာလား”
ဦးလေး၀မ်သည် ခဏတွေဝေသွားသည်။ “အကုန်လုံးကို ပိုင်တယ်လို့တောင် မပြောနိုင်ပါဘူး.. ငါတို့သုံးတဲ့ ပိုက်ဆံတွေက အထက်အရာရှိတွေရဲ့ ပိုက်ဆံလေ.. ရှိသမျှ အသုံးစရိတ်တွေလည်း အပါအ၀င်ပေါ့.. ဒါပေမယ့် မင်းစိတ်၀င်စားတာ ရှိရင်တော့ ဦးလေး နည်းနည်းပြောကြည့်..”
ဦးလေး၀မ်သည် အလွန်နားလည် တတ်သူ ဖြစ်သည်။ သူသည် ကောင်းဖန်က ဒီညအချိန်ကြီးဆက်တာကို အကြောင်း မရှိပဲ ဆက်မည်မဟုတ်မှန်း သိလေသည်။
ကောင်းဖန်သည် ရှက်မနေတော့ပဲ ပွင့်လင်းစွာ ပြောလိုက်သည်။ “ဦးလေးပေးတဲ့ အချက်အလက်တွေကို ကျွန်တော်ကြည့်ပြီးပြီ.. အဲဒီထဲမှာ ကျွန်တော် သဘောကျတဲ့ တစ်ခုတော့ ရှိတယ်.. ဒုဓလီပန်း ဆိုတဲ့ဟာပါ.. သူ့ရဲ့အရောင်နဲ့ ပုံစံကို သဘောကျလို့.. ပြီးတော့ သူ့ကို ပြောထားတာလောက်လည်း မရိုးရှင်းဘူးလို့ ထင်မိလို့ပါ.. ဈေးလေး သတ်မှတ်ပေးပါဦး”
၀မ်မုကျိသည် တွေဝေသွားသည်။ ကောင်းဖန်က တိုက်ရိုက်ပြောလာသည် ဖြစ်သောကြောင့် သူသည် ငြင်းလို့လည်း မကောင်းပါချေ။ ထိုပန်းသည် ထူးခြားသည်ဆိုသော်လည်း ဆေးပညာဆိုင်ရာ အကူအညီတော့ သိပ်ရမည် မထင်ချေ။ ဓာတ်ခွဲခန်း စစ်ဆေးချက်အရလည်း ပုံမှန်ဆေးပင်တစ်ခုဟုသာ အဖြေထွက်ထားသည်ပင်။
ထို့ကြောင့်လည်း ကောင်းဖန်ကို မငြင်းချင်တော့ခြင်း ဖြစ်သည်။ သို့သော် သူသည် လက်ထောက်ဒါရိုက်တာသာ ဖြစ်နေသည်။ သူသည် ဒါရိုက်တာချုပ်ကိုတော့ အခြေအနေကို တင်ပြရဦးမည်ဖြစ်သည်။
“ကိစ္စမရှိပါဘူး.. ဒါရိုက်တာချုပ်နဲ့ ထုတ်လုပ်သူကို ပြောထားလိုက်မယ်.. ဈေးကတော့ သိပ်လည်း တန်ဖိုးမရှိတာမို့လို့ ထားလိုက်ပါတော့” ၀မ်မုကျိက ပြောလိုက်သည်။ ကောင်းဖန်သည် သာမာန်သူ မဟုတ်နေသည်ပင်။ ထို့အပြင် နဂါးဖြူကြီးကို ပိုင်ဆိုင်ထားသော တောင်ပိုင်းကောင်းကင် အဖွဲ့အစည်း ဥက္ကဌကျီဟန့်ဝူ၏ မြေးလည်း ဖြစ်နေသေးသည်။
ထိုနောက်ဆုံးအချက် နှစ်ခုကြောင့်လည်း ၀မ်မုကျိ၏ ဆုံးဖြတ်ချက်က ပိုခိုင်မာသွားခြင်း ဖြစ်သည်။
၀မ်မုကျိသည် ကောင်းဖန်နှင့် ဆက်နွယ်ရမည့် အလုပ်မျိုးကိုဆိုလျှင် အလွယ်တကူ လက်လွှတ်မည့် လူစားမျိုး မဟုတ်ချေ။
ကောင်းဖန်ကလည်း ထိုအဆိုက်ု မငြင်းလိုက်ပါချေ။ လူများသည် လူမှုဆက်ဆံရေးကောင်းများ ရှိထားသင့်သည်ပင်။
ထိုသို့ဖြင့် ဒုဒလီပန်းကို ရွှေရောင်သစ်သားဘူးလေးဖြင့် ထုတ်ပြီး ကောင်းဖန်ဆီကို ချက်ချင်း ပို့လိုက်သည်။ ထိုဘူးသည် အနည်းငယ် ရှေးဆန်သလို ဖြစ်နေသော်လည်း ထုလုပ်ထားပုံကတော့ ထူးခြားသည်။ လက်ဖြင့် ထွင်းထုထားတာ သိသာလှသည်။
သူသည် ဘူးကို ဖွင့်လိုက်သည်။ အောက်ခြေတွင် အနီရောင် ပိုးသား အခင်းတစ်ခု ရှိနေသည်။ ထိုပေါ်တွင်တော့ တစ်ပေခန့်ရှည်သော ပန်းကို ထည့်ထားသည်။ သူ၏ ပင်စည်သည် အမည်းရောင် ဖြစ်ပြီး အရှည်တစ်ခုလုံး၏ နှစ်ပုံတစ်ပုံစာလောက် ရှိသည်။ ထိပ်ပိုင်းတွင်သာ အဖြူရောင်စွတ်စွတ်လေး ဖြစ်နေသည်။
ကောင်းဖန်သည် အပင်ကို မကြည့်လိုက်သည်။ ကြည့်ရတာတော့ ပုံမှန်အပင်လိုပါပင်။
ကောင်းဖန်က မှုတ်ကြည့်လိုက်သည်။ ပုံမှန်အပင်သာဆိုပါက အဖတ်လေးများသည် လေနှင့်အတူ လွင့်ပါသွားမည် ဖြစ်သည်။ သို့သော် ထိုအပင်ကတော့ အဖတ်လေးများသည် လေနှင့်အတူ ယိမ်းသွားသော်လည်း လွင့်သွားခြင်း မရှိပေ။
ကောင်းဖန်က လက်ဖြင့်တောက်ကြည့်လိုက်သော်လည်း ထူးခြားမှု မရှိပါချေ။
နံရံသို့ ပစ်ပေါက်လိုက်သော်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။
ထို့ကြောင့်လည်း လူတွေက ထိုအပင်ကို သာမာန်အပင်ဟုသာ ယူဆပြီး အပင် အမျိုးအစား သားရဲဟု မထင်ကြခြင်း ဖြစ်ပေမည်။
စိတ်၀င်စားစရာ ကောင်းသည်က ကောင်းဖန် စမ်းသပ်ကြည့်တိုင်းတွင် သူ၏ စိတ်ခံစားချက်များသည် တုန်ယင်ရာမှ၊ ကြောက်လန့်မှု၊ ထိုမှတစ်ဆင့် စိတ်ပူပန်မှုအဖြစ် ပြောင်းလဲနေခြင်း ဖြစ်သည်။
ကောင်းဖန်သည် တစ်ချက်စဉ်းစားလိုက်ပြီး ဆစ်လီ၏ အိတ်ထဲမှ ရောင်ခြည်အမျိုးအစား သားရဲအမြုတေကို ထုတ်လိုက်သည်။ ထို့နောက် ပန်းပင်၏ အဖတ်များပေါ် တင်ကြည့်လိုက်သည်။
ထူးဆန်းသည်။ ထိုအမြုတေသည်ပင် ပန်းပင်၏ အဖတ်များလောက် မလင်းထိန်ပါချေ။ ထို့အပြင် ပွင့်ဖတ်များပေါ် တင်ထားသောအခါ လုံး၀မလှုပ်ပဲ ကော်ဖြင့် ကပ်ထားသလို ဖြစ်နေသည်။
သူသည် အမြုတေကို လက်ချောင်းဖြင့် မကြည့်သော်လည်း ပန်းပင်က ဆွဲထားသလို ဖြစ်နေသည်။ ကောင်းဖန်သည် သဘောကျနေသည်။
ကလေးတစ်ယောက်က သူ့ဆီက မုန့်လုစားသည့် လူကြီးအား မုန့်ကို မပေးချင်သည့်ပုံ ပေါက်နေသည်။
ကောင်းဖန်သည် ထို့နောက် အမြုတေကို ဖယ်လိုက်ပြီး ကွန်မန်ဒါအဆင့် အမှောင် အမျိုးအစားသားရဲ၏ အမြုတေကို ထုတ်လိုက်ကာ တင်ကြည့်ပြန်သည်။
ထိုအခါ ပန်းပင်၏ ကိုယ်ထည်မှ အလွန်စိတ်ကျေနပ်သည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။
တော်တော်အညှာလွယ်တဲ့ကောင်ပဲ..
ကောင်းဖန်သည် တစ်ခါသုံး သွေးဖောက်ကိရိယာကို ထုတ်ကာ သွေးဖောက်ဖို့ လုပ်လိုက်သည်။ သို့သော်အပ်သည် ကောင်းဖန်၏ လက်ကို ထိလိုက်သော်လည်း ကြံ့အရေပြားကို ထိုးနေရသကဲ့သို့ ထိုးမဖောက်နိုင် ဖြစ်နေသည်။
ကောင်းဖန်သည် သူ၏ သားရဲများ အဆင့်မြင့်လာသည်နှင့် အမျှ ရုပ်ပိုင်းဆိုင်ရာများလည်း တိုးတက်လာခဲ့ခြင်းပင်။
ကောင်းဖန်သည် သူ၏ လက်ချောင်းကို ဒဏ်ရာနတစ်ခု ဖြစ်သွားအောင် လုပ်ရန် ဖလိန်မီကို အကူအညီတောင်း လိုက်သည်။ ထို့နောက် သူ၏ သွေးထွက်နေသော လက်ချောင်းကို ပွင့်ဖက်ပေါ် တင်လိုက်သည်။
ထိုအခါ သွေးများသည် ချက်ချင်းခြောက်သွားပြီး ပွင့်ဖတ်သည် နီသွားသည်။ ပန်းပင်သည်လည်း အနည်းငယ် တုန်ယင်သွားသည်။
ထိုအချိန်မှာပင် အားပျော့သော ဝိဉာဉ်လေးတစ်ခုသည် ကောင်းဖန်၏ အသိစိတ်ထဲတွင် လာရောက်ချိတ်ဆက်သွားသည်။
ထိုပန်းပင်သည် မုန်တိုင်းကြားထဲ အသက်ရှင်သော အပင်ကဲ့သို့ ထိခိုက်ရှလွယ်သော်လည်း သန်မာသည့် အမျိုးအစား ဖြစ်သည်။
ကောင်းဖန်သည် ထိုပန်းပင်ကို သူ့ဆီလာရန် စိတ်ရှည်စွာ အားပေးနေရသည်။ သူသည် ခြိမ်းခြောက်မှုများ လုပ်သလို ကတိများလည်း ပေးရသည်။ သူသည် ကလေးကို သကြားလုံး ပေးပြီး မြှူဆွယ်နေသော လူယုတ်မာနှင့်ပင် တူနေသည်။
ရိုးရှင်းသော ပန်းပင်လေးသည် ဉာဏ်ရည်မြင့်မားမှုလည မရှိသေးသောကြောင့် နောက်ဆုံးတွင် ကောင်းဖန်ဆီသို့ ရောက်လာခဲ့သည်။
ထိုအပင်သည် ကောင်းဖန်၏ ပထမဆုံးပိုင်ဆိုင်သော အပင်အမျိုးအစား ကိုယ်ပိုင်သားရဲ ဖြစ်သည်။ ဆစ်လီ၏ ကုသမှုစွမ်းရည်နှင့် ယှဉ်ပါက ထိုပန်းပင်သည် ပို၍ အသုံး၀င်နိုင်ပေမည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၂၆ ပရိုဂရမ်၏ အဆုံးသတ်
ထိုပန်းပင်သည် ရှေးဟောင်း အပင်အမျိုးအစား ဖြစ်ကာ ရွှေရောင် မေရီဂိုးလ် အမျိုးအစားများ ရှိသောနေရာတွင် ရှာဖွေနိုင်သည်။
ကောင်းဖန်သည် ထိုကဲ့သို့ အညတရ ပန်းပင်လေးက ရွှေရောင်မေရီဂိုးလ် ပန်းပင်အဖြစ် အမည်တွင်သွားကြောင်းကို နားမလည်နိုင် ဖြစ်နေသည်။
သွေးစာချုပ်ချုပ်ပြီးသောအခါ ပန်းပင်လေးသည် ကောင်းဖန်ကို ပို၍ ရင်းနှီးသလို ဖြစ်လာသည်။ သူသည် အပင်လေး ဖြစ်သော်လည်း အရင်လို ကောင်းဖန်ကို လျစ်လျူမရှုနေတော့ပဲ အသက်၀င်လာသည်။
သူသည် ကောင်းဖန်၏ ဆံပင်ထဲသို့ ၀င်ဖို့ ကြိုးစားသည့်အခါတွင်တော့ ဆစ်လီက ဦးမှင်ဖြင့် တောက်ထုတ်လိုက်သည်။
ပန်းပင်လေးသည် အနည်းငယ် တုန်ယင်သွားပြီးနောက် နောက်ထပ် နားခိုရာနေရာ အနေဖြင့် ဒန်ဘီ၏ တောက်ပနေသော ဦးပြည်ပြောင်ပြောင်ပေါ်တွင် နေရာယူလိုက်သည်။
ထိုမြင်ကွင်းသည် အလွန်ရယ်စရာ ကောင်းနေသည်။ အဖြူရောင် ဝိဉာဉ်မီးတောက်များ တောက်လောင်နေသော မျက်လုံးများနှင့် ကြောက်စရာ ဖုတ်ကောင်ကြီး ဦးခေါင်းပေါ်တွင် ပန်းပင်လေးက ရှိနေသည် မဟုတ်ပါလား။
သူသည် ရယ်ရမှာကိုပင် အားနာသောကြောင့် မျိုချလိုက်ရသည်။
“ဒန်ဘီ.. ရှောင်းဟွာကို အပ်လိုက်ပြီနော်”
ထိုအမည်သည် ကောင်းဖန်က ပန်းပင်လေးကို ပေးလိုက်သော နာမည်ပြောင် ဖြစ်သည်။
သူသည် ပန်းပင်လေးကိုလည်း နာမည်ကို ကြိုက်မကြိုက် မေးလိုက်သည်။ “မင်းဘာမှမပြောရင် ကြိုက်တယ်လို့ပဲ မှတ်လိုက်တော့မယ်နော်” ထိုအခါ ပန်းပင်လေးက အရွက်များကို တွန့်ယှက်ပြလိုက်သည်။ “ဒါဆိုရင်တော့ မင်းကြိုက်တယ်လို့ပဲ သတ်မှတ်လိုက်ပြီ”
ထိုညတွင် ယန်ချန်းမြို့နှင့် မိုင် ၅၀ ခန့်အကွာတွင် ရှိသော အမည်မသိ ကမ်းစပ်တစ်ခု ပေါ်သို့ မြင့်မားသော ရေလှိုင်းကြီးများ ရောက်လာခဲ့သည်။ ထိုရေများသည် မှင်များကဲ့သို့ နက်မှောင် တောက်ပြောင်နေရာ ကြောက်စရာ အငွေ့အသက်များ ခံစားနေရသည်။
သမုဒ္ဒရာကြီးဆိုသည်မှာ ကပ်ဆိုးကြီး မတိုင်ခင်ကရော ပြီးနောက်ရောတွင် လူသားများ၏ စူးစမ်းရှာဖွေမှုများ မကုန်ဆုံးနိုင်သည့် နေရာ ဖြစ်နေသည်ပင်။
ရေများပြန်ကျသွားသောအခါ အလွန်များပြားပြီး ထူးဆန်းသော အဖြူရောင်အရည်များသည် ကမ်းစပ်တွင် တင်ကျန်ခဲ့သည်။ နှင်းလိုစွတ်ဖြူနေသော ဥများသည် ထိုအရည်များမှတစ်ဆင့် ဖြစ်ပေါ်လာသည်။
နေထွက်လာသောအခါ နေရောင်သည် ထိုဥများကို ရွှေရောင်အလွှာတစ်ခု ထပ်အုပ်ပေးထားသလို ဖြစ်နေသည်။ နွေးထွေးသော နေရောင်ခြည်ကြောင့် ဥများသည် တစ်ခုခု ဖြစ်လာတော့မလို ဖြစ်နေသည်။
ထိုကမ်းစပ်နှင့် သိပ်မဝေးသောနေရာတွင် နာမည်မရှိပဲ သေးငယ်သော ရွာလေးတစ်ရွာ ရှိနေသည်။ တစ်ခါက ရွာသားတစ်ယောက်သည် ကမ်းစပ်ဆီမှ ကျောက်လေးတစ်ခုကို ကောက်ရပြီး မိန်းမတစ်ယောက် ရသွားသည့် အဖြစ် ရှိခဲ့ဖူးသည်။ ထိုအချိန်မှစ၍ ရွာသားများသည် အားရင် အားသလို ကမ်းစပ်တွင် ရတနာ ရှာပုံတော် ထွက်လေ့ရှိကြသည်။ ထိုရွာသားသည် ရရှိခဲ့သော မိန်းမတွင် ကလေးပါလာသည့်အခါတွင်လည်း ချစ်ခင်ပေးကာ မျိုးရိုးနာမည်ပင် ပေးလိုက်သေးသည်။ အချိူ့သော မကောင်းသည့် ရွာသားများကတော့ “တစ်ခု၀ယ် တစ်ခုရ” ဟူသော စကားမျိုးနှင့် လှောင်ပြောင်လေ့ ရှိကြသည်။
အိမ်ထောင်မရှိသေးသော အမျိုးသားများသည် နေ့စဉ်နေ့တိုင်း ကမ်းစပ်သို့သွားကာ မိန်းမတစ်ယောက် ရလိုရငြား သွားတတ်ကြသည်။
ထို့ကြောင့်လည်း ထိုကမ်းခြေသည် ရွာသားများနှင့် မစိမ်းသော နေရာ ဖြစ်နေသည်။
“ဥတွေ.. ဥတွေ.. ကမ်းခြေမှာ ဥတွေ အများကြီးပဲ” ကလေးတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် တစ်ရွာလုံးကြားကာ အော်ဟစ်လိုက်သည်။
…
တစ်ညနားပြီးသောအခါ ကောင်းဖန်သည် နေ့လည် ၂ နာရီ ခန့်၍ အသံသွင်းစတူရီယိုသို့ သွားလိုက်သည်။ သူရောက်သွားသောအခါ စင်နောက်တွင် လူအချို့ကို တွေ့လိုက်ရသည်။ သူသည် စောစောထွက်လာခဲ့သော်လည်း ကားပိတ်နေခဲ့ခြင်း ဖြစ်သည်။
သူသည် လူအုပ်ကို စူးစမ်းလိုက်သောအခါ ဆူညံသံအချို့ကို ကြားလိုက်ရသည်။ ပစ္စည်းများသည် ကြမ်းပြင်တွင် ကြဲပြန့်နေပြီး ဗရုတ်သုတ်ခ ဖြစ်နေသည်။
၀မ်မုကျိသည် စာရွက်စာတမ်းများကို စစ်ဆေးကာ အနေအထားကို အကဲခတ်နေသည်။
“မီးဆရာ.. စတိတ်စင်က မီးတွေကို ချိန်ပေးပါဦး”
“ဇာတ်စင်အဖွဲ့ကရော အဆင်သင့်ပဲလား.. မင်းတို့ အချိန်တော်တော် ပေါနေကြပုံပဲ.. သွားလေ့ကျင့်ကြဦး.. နောက်မှ တလွဲတွေ ဖြစ်နေဦးမယ်”
“အသံဆရာ.. စနစ်က တစ်ခုခု ဖြစ်နေတယ်.. စတိတ်စင်အနောက်မှာ သေချာမကြားရဘူး ဖြစ်နေတယ်”
သူသည် ကောင်းဖန်ကို မြင်လိုက်သောအခါ စာရွက်ကို ချထားပြီး လာနှူတ်ဆက်လိုက်သည်။
“အလုပ်များနေပုံပဲ” ကောင်းဖန်က ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
၀မ်မူကျိက မချိပြုံးပြုံးလိုက်သည်။ သူသည် လက်ထောက် ဒါရိုက်တာ ဖြစ်သော်လည်း အစစ အရာရာ တာ၀န်ယူနေရသည်ပင်။
သူ့တွင် ရွေးချယ်စရာလည်း မရှိပါချေ။ သူသာ ကောင်းကောင်မလုပ်ပါက ပရိုဂရမ်အတွက် ရန်ပုံငွေများသည် တစ်မုဟုတ်ချင်း ပျောက်သွားနိုင်သည်ပင်။
ကောင်းဖန်သည် ၀မ်မုကျိတစ်ယောက် သိပ်မဟန်မှန်း သိသောကြောင့် စကားများများ မပြောလိုက်ပေ။ “စောင့်ဆိုင်းခန်းကိုပဲ ညွှန်ပေးပါလား.. လုပ်စရာ ရှိတာ လုပ်ပါ.. ကျွန်တော် သွားထားလိုက်မယ်”
“လိုက်ပို့ပေးမယ်လေ” ၀မ်မုကျိက ပြောလိုက်သည်။
ထိုနေရာကတော့ အဆင်ပြေသည်။ အခန်းကောင်းကောင်း တစ်ခုကို သက်သောင့်သက်သာ ဖြစ်အောင် ပြင်ဆင်ထားပြီး အဲကွန်းကို စိမ့်နေအောင် ဖွင့်ထားသည်။ အလင်းအနေအထားကလည်း အဆင်ပြေသည်။
အထဲတွင်တော့ လူနှစ်ယောက် ရောက်နှင့်နေပြီ ဖြစ်သည်။ တစ်ယောက်သည် ဆံပင်ဖြူဖြူ မျက်လုံးပြာပြာနှင့် လူကြီးတစ်ယောက် ဖြစ်သည်။ သူသည် ၀င်လာသူတိုင်းကို စူးစိုက်ကြည့်နေသည်။
ကောင်းဖန်နှင့် အကြည့်ချင်းဆုံသွားသောအခါ သူသည် အသိအမှတ်ပြုစွာ ခေါင်းညိတ်ပြလိုက်သည်။
“ချန်အန်းရဲ့ အထင်ကြီးစရာ လူငယ်လေးအကြောင်း ကြားဖူးပါတယ်.. လူတွေက အနာဂတ်ရဲ့ သားရဲ မျိုးဖောက်သူလို့တောင် ပြောနေကြတယ်.. ချန်အန်းကို အပိုပြောတယ် ထင်ခဲ့တာ အခုကြည့်တော့ သူတို့ ပြောတာ မှန်နေတာပဲ”
ကောင်းဖန်သည် တစ်ချက်ကြောင်သွားသည်။ သူ့အကြောင်းကို ဘယ်လိုသိတာပါလိမ့်.. ယန်ချန်းအထိတောင် ပြန့်နေတာလား.. ထို့နောက် ထိုလူကြီးက တစ်ချက်ပြုံးလိုက်ကာ ကောင်းဖန်ကို “ထိုင်လေ” ဟု ပြောလိုက်သည်။
ကောင်းဖန်သည် မနေတတ်ဖြစ်နေသည်။ လူကြီးက တဈ်က် ရယ်မောလိုက်သည်။ “လက်ထောက်ဒါရိုက်တာ ပြောထားလို့ပါ.. စိတ်ထင့်မနေပါနဲ့”
သူသည် အခန်းထဲမှ ကင်မရာများကို ညွှန်ပြလိုက်သည်။ “နည်းနည်းလေးတော့ တည်းဖြတ်ရမှာပေါ့”
ကောင်းဖန်သည် ကြက်သေသေနေသည်။ သူသည် မည်ကဲ့သို့ တုံ့ပြန်ရမှန်းပင် မသိတော့ချေ။
ခဏကြာသောအခါ နောက်ဆုံးဗီအိုင်ပီ ရောက်ရှိလာသည်။
ထို့နောက် ၀မ်မုကျိသည် အခန်းထဲသို့ ၀င်လာကာ အချင်းချင်း မိတ်ဆက်ပေးလိုက်သည်။ သူသည် ကောင်းဖန်ကို နတ်ဘုရားအဆင့် လေ့ကျင့်သူနှင့် ဉာဏ်ကြီးရှင် သားဖောက်သူ အဖြစ် မိတ်ဆက်ပေးလိုက်သည်။
အချိူ့သည် အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်ကတော့ ထိုအကြောင်းကို သိသွားပြီးနောက် ကောင်းဖန်ကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။
ကျန်သူများကတော့ ခပ်မဆိတ်ပင် ရှိနေကြပြီး ပုံမှန်အတိုင်းပင် ဆက်ဆံကြသည်။ ထိုအခန်းထဲတွင် ရှိနေသောသူများသည် သာမန်မဟုတ်ကြပေ။ သူတို့သည် အချင်းချင်း မတည့်ရင်းစွဲ ရှိခဲ့လျှင်တောင် ဒီနေရာတွင်တော့ အလုပ်ကို အလုပ်လိုသာ သဘောထားပြီးနေကြသည်။
ရိုက်ကူးရေးသည် နှစ်နာရီခွဲအကြာတွင် ပြီးသွားသည်။ ကောင်းဖန်သည် တစ်ချက်ခိုးကာ သန်းဝေလိုက်သည်။
ရှိုးတစ်၀က်ခန့် ရောက်ချိန်တွင် သူသည် ပြောနေရတာကို ပင် ရှက်သလို ဖြစ်နေခဲ့သည်။ သူသည် လယ်ရင်းလော့နှင့် ပန်းပင်ကြောင့်သာ အံကိုကြိတ်၍ ပြီးသွားသည်ထိ သည်းခံခဲ့ခြင်း ဖြစ်သည်။
သူသည် စတိတ်စင်မှ ပြန်လာပြီးနောက် သူ၏ ပစ္စည်းများထားရာ နေရာသို့ ပြန်လာလိုက်သည်။ သူသည် ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ ၁၀ ကြိမ်ထက် မနည်းပဲ ဖုန်းများ၀င်ထားသည်ကို တွေ့လိုက်ရသည်။
သူသည် မျက်မှောင်ကြုတ်လိုက်သည်။
သူ့ကို အဖိုးနှင့် ရှုဟတ်ထီတို့က ခေါ်ထားခြင်းဖြစ်ပြီး အခြားသောအမည်မသိ နံပါတ်များလည်း ရှိနေသည်။
ထိုအချိန်တွင် ဖုန်း၀င်လာပြန်သည်။ သူကတော့ လောင်ကျိ ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၂၇ စစ်ကူ
သူ့အဖိုး၏အသံက ပီသကျယ်လောင်စွာ ထွက်လာသည် “မင်းခုထိ ယန့်ချန်းမှာပဲလား”
“အခုပဲ ရိုက်ကူးရေးပြီးတာ ဘာဖြစ်လို့လဲ”
“တောင်ပိုင်းကောင်းကင် အခုပဲတိုက်ခိုက်ခံရတယ်။ ငါတို့ဆက်သွယ်ရေးတွေ ပြတ်သွားပြီ… အဲ့ကိုသွားပြီး မင်းတတ်နိုင်သလောက် အခြေအနေကိုထိန်းထား… ငါ ရသလောက်မြန်မြန်လာခဲ့မယ်”
ကောင်းဖန် ခပ်တိုးတိုးရယ်လိုက်သည်။ “စိတ်မပူပါနဲ့… အဖိုး ဒီကိုမရောက်ခင် ကျွန်တော် အားလုံးအဆင်ပြေအောင် လုပ်ထားလိုက်မယ်”
ဖုန်းချပြီးနောက် ကောင်းဖန် အခြေအနေကို မြန်မြန်ပဲဆန်းစစ်လိုက်သည်။ လာတိုက်သူတွေထဲ နတ်ဘုရားအဆင့်သားရဲ အတော်များများပါသော်လည်း ဧကရာဇ်အဆင့်သားရဲ တစ်ကောင်မျှမပါပေ။ ဧကရာဇ်အဆင့်သားရဲ တစ်ကောင်ပါလျှင်ပင် ရုံးချုပ်က အခုလောက်ဆို ရစရာရှိတော့မည်မဟုတ်မှန်း သူသိသည်။
ဒါပေမယ့် ယန့်ချန်းစစ်တပ်က ဘာလို့ ဘာမှမလုပ်တာလဲ။ သူတို့အခြေအနေကို အရင်ဆုံးသိမှာပဲကို။ ကောင်းဖန် ပဟေဠိဖြစ်နေသည်။ သားရဲကောင်တွေက တစ်ခါတည်း နေရာတွေဖြန့်ပြီးတိုက်တာမဟုတ်ရင် စစ်တပ်က ဝင်ပါသင့်ပြီလေ။
ယန့်ချန့်က တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက မြို့စွန်နားတွင်တည်ရှိသည်။ တကယ်တော့ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက ဘယ်မြို့တွင်မဆို မြို့စွန်တွင်သာဖြစ်သည်။ မြို့စွန်နေရာက ဆောက်ခဈေးပေါပြီး တိုးချဲ့ဖို့လွယ်ပေမယ့် ကံမကောင်းစွာပဲ သားရဲကောင်တွေ လာတိုက်ခိုက်နိုင်တဲ့ အန္တရာယ် လည်းပိုများသည်။
တွေးနေရင်းနဲ့ပဲ မြေအောက်ကားပါကင်ကိုသွားပြီး သူ့သားရဲကောင်တွေကို လွှတ်ပေးလိုက်သည်။ “အရှေ့တောင်ပိုင်းကို သွားကြစို့…ဖလိန်မီ ဂိုဒီကိုခေါ်သွား…ငါတို့အရင်သွားနှင့်မယ်… ဒန်ဘီနဲ့ တာ့ဇီ ငါတို့နဲ့ အဲ့မှာတွေ့မယ်”
တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက ယ့န့်ချန်းရဲ့ မြို့သစ် တောင်ဖက်ပိုင်းမှာရှိသည်။ မြို့သစ်က တောင်ပိုင်း ကောင်းကင်အဖွဲ့အစည်းလိုပဲ ရုံးခွဲများစုနေတဲ့နေရာဖြစ်သည်။ လူဦးရေသိပ်မရှိ။ ထို့ကြောင့် ရဲဦးရေ ၁၀၀ ပင်မပြည့်သော ရဲစခန်းတစ်ခုသာရှိသည်။ တောင်ပိုင်းကောင်းကင်အဖွဲ့လို ကိုယ်ပိုင်လုံခြုံရေး အားကောင်းသော အဖွဲ့အစည်းကြီးများရှိသောကြောင့် ရဲများကလည်း ကင်းလှည့်တာနဲ့ တခါတရံ သားရဲအရိုင်း ကောင်များကို ထိန်းသိမ်းရတာကလွဲလို့ ဘာမှလုပ်စရာမရှိပေ။
ရဲစခန်းက လုံးဝပျက်စီးနေသည်။ တံခါးများပြုတ်ထွက်နေပြီး သွေးနဲ့အညစ်အကြေးများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ပြတင်းပေါက်အကွဲက တကျွိကျိမြည်နေပြီး နေ့ခင်းကြောင်တောင်တွင်တောင် မကောင်းတာ တစ်ခုခုဖြစ်တော့မည့် ခံစားချက်မျိုးဖြင့်ပြည့်နေသည်။
နားကွဲမတတ်အသံကျယ်ကြီးကို ကြားလိုက်ရသည်။ တစ်ယောက်ယောက် သို့ တစ်ခုခုက စခန်းထွက်ပေါက်နားသို့ နီးကပ်လာသကဲ့သို့ ကွန်ကရစ်ကို ထိခတ်လာသောခြေသံများကို ကြားနေရသည်။
တစ်ဝက်ပိတ်နေတဲ့တံခါးက ပွင့်သွားပြီး အန္တရာယ်ပြုမည့် အငွ့အသက်များနဲ့ပြည့်နေသော စိုစွတ်စွတ် ပုံရိပ် တစ်ခုကိုတွေ့လိုက်ရသည်။ ပုံရိပ်သည် ဆူညံသံထွက်လာသည့်နေရာကို စိုက်ကြည့်ရင်း သူရဲ့ နီရဲနေသော နှုတ်ခမ်းများကို မျှော်လင့်တကြီးဟန်ဖြင့် လျက်လိုက်သည်။
အရာအားလုံးသည် လျှပ်တပြတ်အတွင်းတွင်ပဲ ဖြစ်ပျက်သွားခဲ့သည်။
တောင်ပိုင်းကောင်းကင်ရုံးချုပ်၏ အဝင်ဂိတ်က လုံးဝရှုပ်ထွေးနေသည်။ သားရဲများက ကွန်ကရစ်တံတိုင်းကို ကုတ်ခြစ်ပြီး အထဲဝင်ရန်ကြိုးစားနေကြသည်။ ဒေါသတကြီး ဟိန်းဟောက်နေကြသည်မှာ ကြည့်ရသည်ပင် ကြောက်စရာကောင်းသည်။ တချို့သားရဲများက တံတိုင်းကိုတွယ်တတ်ဖို့ကြိုးစားနေကြပြီး တံတိုင်းတွင် အပေါက်များ ဖြစ်သွားသည်။ ကံမကောင်းစွာနဲ့ပဲ ထိပ်က လျှပ်စစ်အကာတံတိုင်းကြောင့် သူတို့ အောက်သို့ ပြင်းထန်စွာ ပြန်ပြုတ်ကျကြသည်။
“ဝေါင်း” လူပုံစံ မည်းနက်နေသည့်အရေပြား၊ ရေညှိလိုဆံပင်များနဲ့ ကိုယ်ဝန် ၈လရှိနေပုံပေါက်သည့် ဧရာမ သားရဲကောင်ကြီးက နာကျင်စွာ ဒေါသတကြီး အော်ညည်းလိုက်သည်။ ရုတ်တရတ် အနက်ရောင်မြူများ လမ်းမတွင် ဖုံးလွှမ်းလာသည်။ မြူထုထဲတွင် မရေမတွက်နိုင်အောင်များသည့် နတ်ဆိုးဆန်ဆန် ကြက်သွေးရောင်မျက်လုံးများကို တွေ့ရသည်။
မြူအနက်ရောင်ထဲတွင် သားရဲကောင်အသေးလေးများက အရင်ထက်ပိုမြန်မြန်လှုပ်ရှားနိုင်ပုံပေါ်နေသည်။
“မပူပါနဲ့စစ်ကူတွေ မကြာခင်ရောက်တော့မှာပါ…ငါတို့သေရင်တောင် သူတို့ကို ပေးမဝင်ဘူး… အနောက်ထဲမှာ ငါတို့မိသားစုတွေရှိတယ်” လုံခြုံရေးအရာရှိက အော်ဟစ်လိုက်သည်။
တချို့အနက်ရောင်မြူများက သိပ်သည်းသွားပြီး သေလောက်တဲ့မြားတစ်စင်းအဖြစ် အရာရှိဆီ အရှိန်ပြင်းပြင်း ပျံသန်းသွားသည်။ သူ့ရှေ့က အကာက မြားကိုချော်ထွက်သွားစေသည်။ အကာက မြားကို မီးတောက်ဖြင့်ဖုံးအုပ်လိုက်ပြီး စုပ်ယူလိုက်သည်။ ကျန်းထိုက်ကျောင်းရဲ့ ညာဖက်မျက်လုံးသည် စိတ်လှုပ်ရှားစွာ တွန့်သွားသည်။ ဒါက အရမ်းနီးလွန်းတယ်။
သူ့နောက်က ကြက်သွေးရောင်မြေခွေး တိုးတိုးတိတ်တိတ်ထွက်လာသည်။ သူ့ရဲ့အနီရောင် သားမွှေးများက လောင်ကျွမ်းနေတဲ့မီးတောက်ကဲ့သို့ဖြစ်ပြီး မျက်လုံးများက ပတ္တမြားကဲ့သို့တောက်နေသည်။ အမြီး ၃ချောင်းက လေထဲတွင် ပျင်းရိပျင်းတွဲ ယမ်းနေကြသည်။
“တောင့်ထားကြ နောက် ၁၀မိနစ်ပဲ” ကျန်းထိုက်ကျောင်း အော်လိုက်သည်။
“နောက်ထပ် ၁၀မိနစ်… ငါတို့စောင်နေတာ ၂နာရီလောက်ရှိနေပြီ” လုံခြုံရေးအရာရှိတစ်ယောက်က ပြန်ပြောသည်။
အဲ့ဒါကိုကြားတော့ သိသိသာသာ စိတ်ဓာတ်ကျသွားကြသည်။ “သေစမ်းကွာ” ကျန်းထိုက်ကျောင်း ဆဲရေး လိုက်သည်။ “အမြီး၃ချောင်းရေ သူတို့ကို ငရဲခံရအောင်လုပ်လိုက်စမ်းပါ”
အမြီး ၃ချောင်း မြေခွေးက လျှတ်တပြတ်အတွင်း လေပေါ်ခုန်လိုက်သည်။ အံကိုကြိတ်ပြီး မုန်းစရာသတ္တဝါများ ဆီ မီးလုံးများပစ်သွင်းလိုက်သည်။
အရှေ့နားက သားရဲများ မီးလုံးကို အချိန်မီမရှောင်နိုင်ပဲ ချက်ချင်းအငွေ့ပျံသွားကြသည်။
“ငါ့ကို ယုံစမ်းပါ… အတည်ပြောနေတာ…”
မြူထဲမှ အနက်ရောင်အရိပ်များ မြားလို ပျံထွက်လာကြသည်။ မရေမတွက်နိုင်သော အနက်ရောင် သတ္တဝါများ အမြီး ၃ချောင်း မြေခွေးပေါ်ကျလာပြီး အသားတစ်များပါလာအောင် ကိုက်ကြတော့သည်။
အမြီး ၃ချောင်းမြေခွေးသည် အသည်းခိုက်အောင်နာကျင်သည့် အော်သံဖြင့် အော်လိုက်သည်။ ဒီတိရိစ္ဆာန်ကောင်တွေမှာ လွှစာလိုချွန်ထက်တဲ့အစွယ်တွေ ရှိနေသည်။ အရိုးနဲ့အသားစလေးများ လွင့်ထွက်သွားပြီး မြေပေါ်တွင် သွေးများပွစာကြဲနေသည်။
ကျယ်လောင်စွာ အော်ရင်း မြေခွေးဆီမှ မီးတောက်ထွက်ပေါ်လာပြီး သူအပေါ်တွယ်နေသော အနက်ရောင်သတ္တဝါများ ပြာဖြစ်ကုန်သည်။ အသက်ရှူချိန်ပင် မရလိုက်ပဲ သူ့ဆီ မြူထဲမှ ခြေလေးချောင်း ခွေးကြီးတစ်ကောင် လက်သီးများကို ဝှေ့ယမ်းရင်း လာနေသည်။
သူ့ရဲ့လက်သီးများက အပြာရောင်စွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး ခွေးကြီးက မြေခွေးရဲ့ ခုခံချက်များကို ထိုးချက်များဖြင့် အလွယ်တကူ ထိုးဖောက်လာသည်။ မြေခွေးက နောက်သို့လွင့်သွားပြီး မြေကြီးပေါ် အသံအကျယ်ကြီးဖြင့် ပစ်လဲသွားသည်။ သူ၏ ပါးစပ်နဲ့ နှာခေါင်းမှ သွေးများစီးကျလာသည်။
“အမြီး ၃ချောင်း!” ကျန်းထိုက်ကျောင်း အလွန်ဒေါသထွက်သွားသည်။ အစပိုင်းက ပေါက်ကွဲထွက်လာသော ဟော်မုန်းနဲ့ သတ္တိများကြောင့် ဦးဆောင်နေကြသော အရာရှိများမှာ စပြီး အားလျော့လာသည်။ တချို့က ထွက်တောင် ပြေးကြတော့သည်။
“အရမ်းသန်မာလွန်းတယ်…” တစ်စုံတစ်ယောက်က ငိုရှိုက်ရင်းပြောသည်။
ခြေလေးချောင်းခွေးက ကောက်ကျစ်စွာ ပြုံးလိုက်သည်။ လျှပ်စီးလို လျှင်မြန်စွာနဲ့ သူက နောက်ပြန်ဆုတ် နေကျသော လေ့ကျင်သူများနဲ့ သူတို့သားရဲများဆီ ဦးတည်သွားသည်။
သွေးများဖြန်းလိုက်သလိုထွက်လာခဲ့သည်။
ခြေလေးချောင်းခွေးကြီး နောက်သို့ယိုင်သွားပြီး ဦးနှောက်နေရာတွင် အပေါက်ဖြစ်လျက် မြေကြီးပေါ် ပုံရက်သား လဲကျသွားသည်။
အနောက်တွင်တော့ ခံစားချက်မရှိတဲ့ မျက်နှာထားနဲ့ ဂိုဒီ ခါးထောက်လျက် ရပ်နေသည်။ “ငကြောက်ကောင်တွေ” ကောင်းဖန်အော်လိုက်သည်။ ဖလိန်မီက မီးကွင်းဖြင့် လူအုပ်အပေါ်က ပတ်နေပြီး ကောင်းဖန်က သူတို့ကို ဘေးကနေ သတိနဲ့ကြည့်နေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း၃၂၈ မကောင်းသောစိတ်ဓာတ်
လူတစ်ချို့၏ မျက်နှာများမဲ့ရွဲ့သွားကြသည်။ ချက်ကောင်းထိသွားမှန်း သိသာသည်။ တချို့က ခံစားချက်ကင်းမဲ့စွာဖြင့် ခေါင်းပင်ထောင် မကြည့်ကြ။ တချို့ကတော့ လက်သီးဆုပ်ထားကြသည်။
“မင်းတို့က အရိုးမပါသလိုအားနည်းတဲ့သတ္တဝါလေးတွေ မဟုတ်လို့ဘာလဲ… မင်းတို့ရဲ့သတ္တိကို ချီးကျူးပေးရ ဦးမလား… ခိုင်ခံ့တဲ့အကာအရံလည်းရှိတယ်၊ လက်ရွေးစင်အဆင့်သားရဲ ရာချီနဲ့ ကွန်မန်ဒါအဆင့်သားရဲအတော်များများကလည်း ကာကွယ်ပေးဖို့ရှိတယ်၊ သေနတ်တွေ၊ ဗုံးတွေအပြည့်အစုံနဲ့ အကောင်းဆုံး လျှပ်စစ်ကိရိယာတွေရော၊ မြေပြင်အနေအထားအရ အသာစီးရော ရှိထားတယ်… ငါအများကြီး တောင်းဆိုတာလည်းမဟုတ်ဘူး ခံတပ်ကို ၂နာရီလောက်လေးပဲ ထိန်းထားပါဆိုတာတောင် မင်းတို့ဘယ်လိုလုပ်ထားတာလဲ” ကောင်းဖန် လှောင်ပြောင်ဟန်ဖြင့်ပြောလိုက်သည်။
“ငါက နတ်ဘုရားအဆင့်ကောင်တွေများ အများကြီးလာတိုက်နေတာလားလို့… လက်ရွေးစင်အဆင့်ကောင် လက်တစ်ဆုပ်လောက်နဲ့ နတ်ဘုရားအဆင့် ၁ကောင်လောက်ကိုများ” ကောင်းဖန် သားရဲအုပ်ဆီ လှမ်းကြည့်လိုက်သည်။ “တကယ်တော့ မင်းတို့ကို ငကြောက်လို့ခေါ်တာတောင် ချီးကျူးသလိုဖြစ်နေသေးတယ်၊ အသုံးမကျတဲ့ အမှိုက်ကောင်တွေဆိုပိုမှန်မယ်”
“အဖွဲ့အစည်းက အရပ် ၄ဖက်လုံးမှာ ဂိတ်ပေါက် ၁ ခုစီရှိတာကို မင်းတို့က အရှေ့ဖက်ဂိတ်ကိုနိုင်အောင် မထိန်းနိုင်ဘူး…ရုံးချုပ်ကအတိုင်းဆို ခံတပ်က နတ်ဘုရားအဆင့်သားရဲမပါတဲ့အုပ်ကို ၁၀ နာရီလောက် ထိန်းထားနိုင်ရမှာ… ဒါကို မင်းတို့က ၂နာရီလေးတောင် တောင့်မခံနိုင်ဘူး”
အဖွဲ့အစည်းမှာက ဂိတ်ပေါက် ၄ခုရှိသည်။ ထို့ကြောင့်ကောင်းဖန်က အကူအညီပေးဖို့ စိတ်မချရဆုံးဖြစ်သော ရှေ့ဆုံးဂိတ်ကိုသာ အမြန်လာခဲ့ခြင်းဖြစ်သည်။ တံခါးရဲ့နောက် စက်ရုံကွင်းပြင်လွတ်တွင် သားရဲကောင်များလဲနေ ကြသည်။ တချို့က ဒဏ်များများဖုံးနေပြီး မျက်လုံးများက ဒေါသဖြင့်တောက်နေသည်။ တချို့က ဖုန်တစက်ပင် မတင်ပဲ အကောင်းပကတိရှိနေကြသည်။ လက်သည်းအစွယ်များပင် ညစ်ပတ်မနေ။ ၂ ဖွဲ့ကြားကွာခြားချက်က လန့်ဖို့တောင်ကောင်းသည်။
ကောင်းဖန်က ဖလိန်မီ၏ကျောပေါ်က ခုန်ဆင်းလိုက်သည်။ “မင်းတို့အားလုံး မှားတယ်လို့တော့ ငါပြောတာ မဟုတ်ပါဘူး… အချောင်ခိုနေတဲ့ကောင်တွေကိုပဲပြောတာ… ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့တဲ့သူတွေကိုတော့ ဆုချရမယ်… မဟုတ်တဲ့ကောင်တွေကိုတော့ အပြစ်ပေးမယ်… ငါက တရားမျှတမှုနဲ့ပတ်သက်လာရင် အရမ်းတိကျတယ်”
“တခြားဂိတ်က သားရဲတွေကို သွားရှင်းလိုက် ငါနဲ့ ဂိုဒီ ဒီနေရာကို တာဝန်ယူလိုက်မယ်” ကောင်းဖန် ဖလိန်မီကို ပြောလိုက်သည်။ ဖလိန်မီခေါင်းညိမ့်ပြီး ပျံထွက်သွားသည်။ ထို့နောက်တွင် အဝေးမှ တိုက်ခိုက်သံများကိုကြား လိုက်ရသည်။
ဂိုဒီက ရှေ့သို့တိုးပြီး မြေခွေးကို နောက်တွင်ချန်ထားလိုက်သည်။ အဲ့ဒီအချိန်တွင်ပဲ ဂိတ်နားက သားရဲများက အပေါက်ကနေ ရှေ့သို့တိုးဝင်လာကြသည်။ ရေသားရဲများက ဘိလပ်မြေသားများကို စိုစွတ်အောင် လုပ်နေကြပြီး အနက်ရောင်မြူများက ပိုပြန့်လာသည်။ ဂိုဒီက မျက်နှာမည်းကနဲဖြစ်သွားပြီး မြေပေါ်ခြေပြင်းပြင့်ဆောင့်လိုကိပြီး သားရဲများဆီ ဒေါသတကြီးပြေးသွားသည်။
ထိုးချက်များက မိုးကြိုးပစ်သလိုထွက်လာပြီး မကောင်းဆိုးဝါးများကို လန့်သွားစေသည်။ လက်သီးချက်တိုင်းက ပြင်းထန်လှသည်။ ဂိုဒီရဲ့ နတ်ဘုရားအဆင့်ထိုးချက်များက ညှာတာမှုမရှိ။ ဘယ်ရေသားရဲမှ သူ့ထိုးချက်ကို မခံနိုင်ပေ။
ထိုးခံလိုက်ရသူတိုင်း တချက်တည်းနဲ့ အပိုင်းပိုင်းဖြစ်သွားသည်။ တချို့က ဂိုဒီကို ဘေးမှနေ၍ သူ့ခြေထောက်များကို တိုက်ခိုက်ဖို့ ကြိုးစားကြသည်။ ဂိုဒီက သူတို့တိုက်ခိုက်ချက်များကို ရှောင်ဖို့တောင် မကြိုးစားချေ။ တင့်ကားကြီးနဲ့ တတ်ကြိတ်လိုက်သလို ထိုးချက် ကန်ချက်များက အားအပြည့်နဲ့ဖြစ်သည်။
သားရဲကောင်အုပ်၏အနောက်နားတစ်နေရာတွင် ဧရာမ အကောင်ကြီးတစ်ကောင်က ဂိုဒီကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။ သူ့ပါးစပ်များကို ဟလိုက်ပြီး ဝမ်းဗိုက်ပေါက်ကွဲထွက်သွားကာ အနက်ရောင်အစက်များ မိုးကဲ့သို့ ဂိုဒီအပေါ် စီးကျသွားသည်။ အနီးကပ်ကြည့်လိုက်ပါက အနက်ရောင် သားရဲအသေးစားလေးများ ဖြစ်သည်။ ဂိုဒီ့ကို ချွန်ထက်သောအစွယ်များဖြင့် ကိုက်ကြတော့သည်။
သို့သော် သူတို့ ဘယ်လောက်ကိုက်ကိုက် ဂိုဒီ့ခန္ဓာကိုယ်က ၁လက်မတောင် မပဲ့ချေ။ ဒါပေမယ့် သူတို့ရဲ့ တိုက်ခိုက် မှုကြောင့် ဂိုဒီ့ခန္ဓာကိုယ်တစ်ဖြည်းဖြည်း လေလျှော့လာသည်။ သူ့ရဲ့အတောင်ပံကြီးများကို ဖြန့်လိုက်သောအခါ သားရဲများမှာ ကောက်ရိတ်တံနဲ့ရိတ်လိုက်သော အပင်များလို လဲကျသွားကြသည်။ အနက်ရောင်မြူများလည်း ဂိုဒီ့ ခန္ဓာကိုယ်ကို ထိလိုက်သောအခါ အရည်ပျော်သွားကြသည်။
တချို့သားရဲများက ဂိုဒီကို မျက်နှာချင်းဆိုင် စုမတိုက်ကြပဲ ဘေးဖက်နံကြားကို တိုက်ခိုက်ကြသည်။ ထိုအချိန်တွင် ကောင်းဖန်ကတော့ လက်ညှိုးတစ်ချောင်းပင် မကြွ… တကယ်လို့ သူ့လက်အောက်ငယ်သားတွေ ဒါကိုကိုယ်တိုင် မလုပ်နိုင်ရင် ယန့်ချန်းက တောင်ဖက်ကောင်းကင်အဖွဲ့အစည်းရဲ့ လုံခြုံရေးဌာနတစ်ခုလုံးကို လူစားထိုးဖို့ တကယ် စဥ်းစားရတော့မည်။
ပိုက်ဆံက အပင်ပေါ်မှာ ပေါက်တာမဟုတ်၊ ဒါက သူ့ပုံစံအမှန်ဖြစ်သည်။ ကောင်းဖန်က ဂုဏ်တွေ၊ လေးစားတာတွေ မမက်၊ သူ့မိဘတွေသေသွားပြီးတည်းက သူ ဒီလိုတကိုယ်ကောင်းဆန်တတ်လာတာ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ကောင်းဖန်က အပေးအယူမျှခြင်းကို လေးလေးနက်နက် သဘောထားသည်။ ပိုက်ဆံယူထားရင် တန်ရာတန်ကြေးတော့ လုပ်ပေးနိုင်ရမည်။ သူတို့ကို အဖွဲ့အစည်းအတွက် အကုန်ပေးဆပ်ဖို့ တောင်းဆိုနေတာ လည်းမဟုတ်၊ ဖြစ်သင့်သလောက် လုပ်ပေးနိုင်ဖို့တော့ မျှော်လင့်ထားသည်။
ပြသနာဖြစ်တိုင်း ပုန်းနေဖို့ လုံခြုံရေးကို ပိုက်ဆံပေးခန့်ထားတာဆိုရင် ဘယ်သူဌေးမှတော့ ကျေနပ်မည်မဟုတ်ချေ။ အဲ့လိုသာဆို ပိုက်ဆံအကုန်ခံပြီး ဘာလို့ သူတို့ကို ဆက်ခန့်ထားရမည်လဲ။ ခွေးမွေး ထားလိုက်တာမှ ကောင်းကောင်းကျွေးထားပြီးအမိန့်ပေးရင် ကိုက်ဖို့တွန့်ဆုန့်နေမည်မဟုတ်။
ကုမ္ပဏီတွေအားလုံးထဲမှာ တောင်ဖက်ကောင်းကင်အဖွဲ့အစည်းက ဝန်ထမ်းများကို ဆက်ဆံပုံနဲ့ လစာနှုန်းထားမှာ အကောင်းဆုံးဖြစ်သည်။ စစ်တပ်တွင်တောင် စစ်သားများကို ဒီလောက် ကောင်းကောင်းထားမည်မဟုတ်။ ကောင်းဖန်ဖုန်းထုတ်ပြီးခေါ်လိုက်သည်။ “အဖိုးလာစရာမလိုတော့ဘူး…နတ်ဘုရားအဆင့် ၁ ကောင်တောင်မပါဘူး..ဟုတ်ကဲ့ သိပါတယ်… ဂရုစိုက်ပါ့မယ်… စိတ်မပူပါနဲ့… ကောင်းပါပြီ အဖိုးအစား လုပ်ငန်းကို ဒီမှာ စောင့်ရှောက် လိုက်ပါမယ်”
ဖုန်းချပြီးသည်နဲ့ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူလူတိုင်းကို နောက်ကျောပေးထားပြီး သူ့ရဲ့ လေးနက်နေတဲ့မျက်နှာအမူအရာကို ပြန်လှည့်ပြီးမဖော်ပြချင်။ သူက အမြဲ အပူအပင်မရှိသလို လူတိုင်းကို အပြုံးနဲ့နှုတ်ဆက်နေကြဖြစ်သည်။ ဒါပေမယ့် သူသည်းမခံနိုင်တဲ့အထိ ဘယ်သူမှ လာမဆွဘူးချေ။
သူတို့သာ ဒီအခြေအနေကို မမြင်ခဲ့ရင် ဖြေရှင်းရလွယ်သည်။ အသုံးမကျသည့်အလုပ်သမားများကို အလုပ်ထုတ်လိုက်ရုံသာ။ သို့သော်အခုက သားရဲတွေပါ ပါနေသည်။ သားရဲတွေဆိုသည်က သေနတ်တို့ တုတ်တို့လို အလွယ်တကူ လက်လွှဲပြောင်းပေးလို့ရသည်မဟုတ်။
သားရဲနဲ့ သူတို့ပိုင်ရှင်တွေက သွေးစာချုပ်ချုပ်ထားကြတာဖြစ်သည်။ ခံလည်းအတူတူ၊ စံလည်းအတူတူ ဖြစ်ရမည်။ အရေးကြီးဆုံးက ဒီလုံခြုံရေးအရာရှိတွေရဲ့ သားရဲကောင်တွေကို ကုမ္ပဏီက ထောက်ပံ့ပေးထားတာ ဖြစ်ပြီး လေ့ကျင့်ပေးထားတာဖြစ်သည်။ ကောင်းဖန်စိတ်အတိုဆုံးအချက်က အဲ့ဒါဖြစ်သည်။ ဒီသားရဲကောင်တွေ ကို ကုမ္ပဏီကို ကာကွယ်ပေးဖို့အတွက် ပေးထားတာဖြစ်သည်။ သူတို့ကိုယ်ပိုင်အတွက်မဟုတ်။ တကယ်တော့ ဒီအချက်က အလုပ်သမားအသစ်ခန့်လျှင် စာချုပ်ထဲတွင် လတ်မှတ်ထိုးခိုင်းထားပြီးသားဖြစ်သည်။
ဒါပေမယ့် ကုမ္ပဏီ တကယ်သားရဲတွေကို ကာကွယ်ပေးဖို့နေရာမှာ လိုအပ်လာတော့ တချို့တွေက အချောင်ခိုနေကြသည်။ သားရဲကောင်တွေကို သူတို့ ကိုယ်ပိုင်လို့ သဘောထားပြီး တိုက်ခိုက်ဖို့ မလွှတ်ချင်ကြမှန်း သိသာသည်။
သားရဲတွေကိုသာ ပိုင်ရှင်အသစ်ဆီ လွှဲပြောင်းပေးလို့ရလျှင် တာဝန်မဲ့တဲ့ အလုပ်သမားတွေကို လူစားထိုးဖို့က ကောင်းဖန်အတွက် ပြသနာမရှိချေ။
အဲ့ဒါကြောင့် ကောင်းဖန် စိတ်ဆိုးနေတာဖြစ်သည်။ ဒီကိစ္စနဲ့ ယှဥ်ရင် သားရဲတွေလာတိုက်ခိုက်တဲ့ကိစ္စက ပြောပလောက်အောင်တောင် အရေးမကြီးချေ။