← Chapters

အခန်း (၃၂၉-၃၃၂)

Vol. 21 Ch. 329-332

အခန်း (၃၂၉-၃၃၂)

Vol. 21 Ch. 329-332

အခန်း ၃၂၉ မိုးကြိုးအတောင်ပံများ

ပြောစရာမလိုအောင်ပဲ သူ ဒီလူတွေကိုဘာမှချက်ချင်းလုပ်ပစ်၍မရ။ လူသားတွေက ခံနိုင်ရည်ရှိသော မျိုးစိတ်မဟုတ်။ ဒဏ်ရာလေးတစ်ချက်လောက်နဲ့ အဆုံးသတ်လိုက်နိုင်ပေမယ့် လူသားရဲ့ အသတ်ကို သတ်လိုက်တာက အကျိုးဆက်တွေနဲ့ ဖြစ်လာမယ့် တုံ့ပြန်ချက်တွေက ပြင်းထန်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဒီလူတွေက သူ့ရဲ့ကိုယ်ပိုင် ကျွန်အစေခံတွေမဟုတ်ပဲ သူ့ရဲ့ဝန်ထမ်းတွေဖြစ်သည်။

ကောင်းဖန်စဥ်းစာနေတုန်း တာ့ဇီနှင့် ဂိုဒီရောက်လာပြီး သူ့အမိန့်အရ ကျန်တဲ့ ဂိတ် ၂ခုကို အကူအညီပေးဖို့ ထွက်သွားကြသည်။

အရှေ့ဂိတ်လို ရေသားရဲများမဟုတ်ပဲအနောက်ဂိတ်တွင်က အနက်ရောင်အခွံ၊ သမင်ဂျိုလို ဂျိုများနဲ့ ခြေထောက် ၆ချောင်းလိပ်ကဲ့သို့ သားရဲကြီးတွေ ရှိနေသည်။ သူတို့က မျက်ခုံးအလယ်တွင် မျက်လုံး ၁ လုံးနှင့် မျက်လုံး ၃ လုံးပါကြသည်။

ဒီလိပ်ကြီး ၁ကောင်စီက ထမင်းစားစားပွဲအရွယ်လောက်ကြီးသည်။ ပါးစပ်ထဲတွင် သွားများအပြည့်ဖြစ်နေပြီး လျှာကပင်သွားများနဲ့ ဖုံးနေကာ ကြောက်စရာအသွင်အပြင်ဖြစ်နေသည်။ “အဖွဲ့သုံးကလူတွေအားလုံး အဖွဲ့နှစ် နဲ့အစားထိုးလိုက်ပါ၊ ဒီကောင်တွေကို အထဲအဝင်မခံနဲ့…သူတို့က ဦးနှောက်မရှိဘူး… ကြောက်စရာဘာမှမလိုဘူး” နေလောင်နေသော အသားရောင်နဲ့ အနောက်ဂိတ်ကိုကာကွယ်နေသော လူထွားကြီးတစ်ယောက်က သေနတ်ပစ်ရင်း အော်ပြောနေသည်။

ကျည်ဆန်များက လိပ်အခွံကို တောင်ကနဲမြည်အောင်ထိသွားသည်။ ဂျိုနဲ့ ခြေ ၆ချောင်လိပ်ကြီးများက အရေအတွက်များသော်လည်း အသိဥာဏ်တော့မြင့်ပုံမပေါ်… အသံကြားသည်နှင့် အနောက်ဂိတ်ကို ပြုံပြီး ပြေးသွားကြသည်။ အနောက်ဂိတ်က အလွန်ကြီးသောကြောင့် သားရဲများ တစ်ချိန်တည်း စုပြီး လာတိုက်ခိုက်ကြသည်။

အရှေ့ဆုံးတွင် သွေးဆာနေသော မျောက်ဝံအကောင် ၃၀ခန့် ရှိနေသည်။ သူတို့အားလုံး ချပ်ဝပ်တန်ဆာများ ဝတ်ထားကြပြီး အမြီးတွေက ၁၀ပေခန့် ရှည်ကြသည်။

သူတို့ရဲ့ဘယ်ဖက်လက်ထဲတွင် စွမ်းအင်မြင့် ဒိုင်းကာများ ကိုင်ထားကြပြီး ညာဖက်တွင် အသန့်စင်ဆုံး သံမဏိကနေ လုပ်ထားသည့် ခက်ရင်းခွများကိုင်ထားကြသည်။ တခြားမျောက်ဝံများအမြင်တွင်တော့ သူတို့က ခက်ထန်ပြီး သတ္တိရှိတဲ့ စစ်သည်တော်များပုံပေါက်နေသည်။

လိပ်ကြီးများက မျောက်ဝံတွေကို အပိုင်းပိုင်းကိုက်ပစ်ဖို့ ရည်ရွယ်ကြသည်။ ဒါပေမယ့် ဒိုင်းကာဖြင့် ကာပြီး သူတို့ရဲ့ ဦးခေါင်းခွံများကိုဖြတ်၍ လျှင်မြန်လှသော ခက်ရင်းခွဖြင့် ထိုးချက်များကို ခံလိုက်ရသည်။ ပြင်းထန်လွန်း သောကြောင့် သူတို့ ဦးခေါင်းခွံများတွင် ချက်ချင်း အပေါက် ၃ပေါက်ဖြစ်သွားသည်။

“ဟား ဟား ဟား” မျောက်ဝံက ကျေနပ်စွာ ရယ်မောလိုက်သည်။ ဒိုင်းကာများဖြင့် ခံထားရသော်လည်း လိပ်တစ်ကောင်က ဒိုင်းကာအောက်က လျှောဝင်ပြီး မျောက်ဝံ၏ ခြေထောက်ကို အကြီးကြီး ကိုက်ချလိုက် သည်။ အသားစပဲ့ထွက်လာပြီး သွေးများနေရာအနှံ့ပြန့်ကျဲသွား၍ အရွတ်များတွဲလောင်းကျလာသည်။ မျောက်ဝံသာ ခြေထောက်ကို အနောက်ပြန်မဆုတ်လိုက်ရင် အရိုးထိအောင် ကိုက်ခံလိုက်ရမည်ဖြစ်သည်။

အပေါ်က အသံကြားလိုက်ရသည်။ မှောင်မိုက်နေသော ကောင်ကင်ပြင်တွင် ခရမ်းရောင် အလင်းတန်း ပြူထွက်လာသည်။ အလွန်ကြီးမားသော မိုးကြိုးတီကောင်များ ကောင်းကင်မှ ဆင်းသက်လာသည်။ မိုးချိန်းသံနဲ့အတူ မိုးကြိုးနတ်ဘုရားက စေလွှတ်လိုက်သလို ခရမ်းရောင်အလင်းတန်းများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ပေါက်ကွဲသံများက ပေါင်းစည်းသွားပြီး မိုးကြိုးတီကောင်များ အဆက်မပြတ်အော်ဟစ်ကြရင်း လျှပ်စစ်ကွန်ယက်တစ်ခု ဖြစ်ပေါ်လာသည်။ ခရမ်းရောင်လျှပ်စစ်ကွန်ယက်က အဆက်မပြတ် ပေါက်ကွဲနေပြီး မိုးကြိုးလျှပ်စီးချက်များက လိပ်ကြီးများ၏ဂျိုကို အမှုန့်ဖြစ်သွားအောင် ပစ်ခတ်နေကြသည်။ မိုးကြိုးသွားတစ် ချက်က လိပ်တစ်ကောင်၏ကျောခွံကို လူလက်မအရွယ်အစားလောက်ထိ အက်ကွဲသွားစေပြီး ညှော်နံ့ထွက်လာသည်။

တာ့ဇီ၏ သူ့စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းက ပိုမြင့်လာသည်။ အရင်ကလိုသာဆို ဒါမျိူးလုပ်နိုင်လိမ့်မည် မဟုတ်။ ဂိတ်အနားဝန်းကျင် ပေတစ်ထောင်လောက်က လိပ်အားလုံး လျှပ်စစ်ကွန်ယက်ကြောင့် ဖျက်စီးခံလိုက်ရပြီး တဝက်လောက်က ချက်ချင်းပင် တိုက်ခိုက်လိုစိတ်မရှိကြတော့ချေ။

ခဏတွင်းချင်းတွင်ပဲ တာ့ဇီက ဓားလိုထက်ပြီး ပါးလွှာသော တောင်ပံများကိုဖြန့်၍ အောက်သို့ဆင်းလာသည်။ အတောင်ကို ဖြည်းဖြည်းခတ်လိုက်ရုံနဲ့ပင် လေပွေအသေးလေးဖြစ်ပေါ်လာပြီး ရှေ့နားက လိပ်တစ်ကောင်ကို ၂ပိုင်းပြတ်သွားစေသည်။ ထိတ်လန့်သွားသော လိပ်တစ်ကောင်က ဘေးဖက်သို့ လဲကျသွားပြီး ဘေးက အခွံကွဲနေသောနောက်တစ်ကောင်ကို တွန်းမိ၍ အတွင်းကလီစာများ မြေကြီးပေါ်ထွက်ကျလာသည်။

သို့သော်လည်း လိပ်များက အရိုင်းဆန်သည်ဟုပြောနိုင်သည်။ တိုက်ခိုက်ခံရတာတောင် ထွက်မပြေးကြ။ သူတို့က တာ့ဇီကို စိုက်ကြည့်ပြီး ပြေးလာကြသည်။ ဒါပေမယ့် လိပ်တွေက မြင့်မြင့်မခုန်နိုင်ကြ။ မြေပြင်ပေါ် ခပ်နိမ့်နိမ့်သာ ခုန်နိုင်ကြသည်။ လည်ပင်းများကို တတ်နိုင်သလောက်ဆန့်ပြီး သွားများကို လေထဲတွင်သာ ကိုက်ရန်ကြိုးစားကြသည်။

လိပ်အုပ်ကြီး၏နောက်တွင် ပုံမှန်မဟုတ်အောင် ကြီးမားသည့် လိပ်ကြီးတစ်ကောင်ရှိနေသည်။ တခြားကောင်တွေ နဲ့မတူဘဲ သူ့ရဲ့ ဂျိုများက ကျွဲဂျိုကဲ့သို့ ကွေးနေပြီး နက်မှောင်နေသည်။ လှဲနေတာတောင် ၁၀ပေလောက် အရှည်ရှိပြီး သူ့အခွံတွင် အဖြူရောင်ကွဲကြောင်းများဖြစ်နေသည်။ အသက်ရှူလိုက်တိုင်း အဖြူရောင် အငွေ့များထွက်နေပြီး အစိမ်းရောင်မျက်ဝန်းများနဲံဖြစ်သည်။

သူက တာ့ဇီဆင်းလာသည်ကို မြင်သွားပြီးနောက် သူ့လိပ်အခွံထဲသို့ မြန်မြန်ဝင်သွားခဲ့သည်။ တာ့ဇီ၏ နောက်ကျောက တောင်ပံက ပြောင်းပြန်ဖိထားသည်။ ကောင်းကင်မှ ခရမ်းရောင်လျှပ်စီးကြောင်း ထွက်ပေါ် လာပြီး လိပ်ကြီး၏ကျောခွံ ကွဲအက်သွားသည်။ သူ့အမြီးက အခွံကနေ ထွက်ကျလာသည်။ လိပ်ခွံက ကာကွယ်မှု အားကောင်းပေမယ့် အခွံအောက်တွင်တော့ သွေးနဲ့အသားပဲရှိတာဖြစ်သည်။ အက်ကွဲကြောင့်အပေါက်က ပြန်ပျောက်သွားမည် မဟုတ်ပေ။

တာ့ဇီက ကောင်းကင်ပေါ်ခုန်သွားပြီး နောက်ကျောက တောင်ပံများက ပြင်းထန်စွာ ခတ်နေသည်။ တာ့ဇီရဲ့ထူးခြား သောစွမ်းရည်ဖြစ်သည့် မိုးကြိုးအတောင်ပံများက တာ့ဇီကို မိုးကြိုးသွားကို စီးနင်းနိုင်စေသည်။ မိုးချိန်းသံများထွက်လာပြီး အဓိကပစ်မှတ်ဖြစ်သည့် ဧရာမလိပ်ကြီးမှာ ဆူညံသံကို နားမခံနိုင်တော့ပဲ ထွက်လာသည်။

တာ့ဇီ၏ခန္ဓာကိုယ်အောက်က ခရမ်းရောင်အလင်းလုံးထွက်လာပြီး ပေါက်ကွဲသွားကာ အရပ်မျက်နှာအနှံ့ကို လွင့်ပျံ့သွားသည်။ နတ်ဘုရားအဆင့်သားရဲ၏ အရှိန်အဝါနဲ့ အံသြစရာစွမ်းအားက တခြားသားရဲအားလုံးကို ဖိနှိပ်ထားလိုက်သည်။

လိပ်ကြီးအားလုံးနေရာတွင်ပင် ထွက်ပြေးကြတော့သည်။ တချို့က အချင်းချင်းပင် ပြန်ရန်လိုနေကြသည်။ ဒါကို မြင်လိုက်ရသော အနောက်ဂိတ်က လုံခြုံရေးအရာရှိများ အံ့သြလွန်း၍စကားတောင်မပြောနိုင် ဖြစ်သွားကြသည်။ အပြင်က လိပ်များကတော့ ကမောက်ကမတွေ ဖြစ်ကုန်ကြသည်။ အနောက်နားက လိပ်များဆို ထွက်ပါပြေးကုန် ကြသည်။ “အဲ့ဒါ နတ်ဘုရားအဆင့်သားရဲကောင်ပဲ! တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းရဲ့ နတ်ဘုရားအဆင့်သားရဲကြီး!”

အနောက်ဂိတ်က အလုပ်သမားများ အောင်ပွဲခံသည့်ဟန်ဖြင့် အော်ဟစ်လိုက်ကြသည်။ ပြီးတော့ အနောက်ဖက်ဂိတ်တစ်ခုထဲတွင်သာမဟုတ် မြောက်ဖက်နဲ့တောင်ဖက်ဂိတ်တွေတွင်ရောပါ အောင်ပွဲခံသံများကို ကြားနေရသည်။ ရှင်သန်ကျန်ရစ်ခြင်း၏ ပျော်ရွှင်မှုက သူတို့ကို ဖုံးလွှမ်းသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၃၀ အသစ်တစ်ဖန် စတင်ခြင်း

အရှေ့ဘက်ဂိတ်သည် အနည်းငယ်တော့ ကြည့်ရဆိုးနေပြီ ဖြစ်သည်။ သံတံခါးကြီးသည် လက်ကိုင်များ ပြုတ်ထွက်နေပြီ ဖြစ်ပြီး သံကြေးများပင် အထပ်ထပ် တက်နေပြီ ဖြစ်သည်။

ကြမ်းပြင်တွင် ခြောက်သွေ့နေသော သွေးများနှင့် စေးကပ်နေပြီး ‌ညနေခင်း၏ နေရောင်သည် ကြီးမားသော ပေ ၃၀ ရှည်သည့် ဘဲကြီးပေါ်ကို ကျရောက်နေသည်။

ထိုနေရာတွင် ကြီးမားသော တိုက်ပွဲကြီး တစ်ခု ဖြစ်ထားခဲ့သည်။ ဂိတ်ကြီးဆီကို ဦးတည်နေသော လမ်းသည် ပွစာကြဲနေပြီး သွေးများသည် သတ္တုနံ့များနှင့် ရောထွေးနေသည်။

သက်ညှာခြင်းမရှိစွာပင် ဂိုဒီသည် ရေသားရဲနှစ်ကောင်ကို ခြေထောက်နှင့် တက်နင်းကာ နုပ်နုပ်စဉ်းလိုက်သည်။ လမ်းတွင် ကြီးမားသော ကျောက်တုံးကြီး နှစ်တုံးလည်း ရှိနေရာ ဂိုဒီသည် တစ်ချက်တည်း ကန်လိုက်ရင်း ကျောက်တုံးသည် မိုင်ပေါင်းများစွာ လွင့်ထွက်သွားသည်။

ဂိုဒီ၏ ကိုယ်တွင် ကြွက်သွားများ အ‌မြှောင်းလိုက် ထနေသည်။ သူ၏ ရင်ဘတ်မှ တတ်တူးများသည် အသက်ရှူလိုက်တိုင်း ကျယ်ပြန့်သွားပြီး နေရောင်အောက်တွင် တောက်ပနေသည်။

အပြင်ဘက်တွင် ရေသားရဲအချို့ ရှိသေးသော်လည်း သူတို့အားလုံးသည် ဂိုဒီကို ကြောက်လန့်စွာ ကြည့်နေကြသည်။

သူတို့ထဲမှ အချိူ့သည် ဂိုဒီနှင့် အကြည့်ချင်း ဆုံးသွားချိန် ဒူးများပင် တုန်နေကြသည်။

အရှေ့ဘက်ဂိတ်တံခါးကြီးတွင် လူများသည် ပိုပို၍ စုဝေးလာကြပြီး ထိတ်လန့်နေကြသည်။ သူတို့သည် ကပ်ဆိုးကြီး အပြီးတွင် ထိုအရာများ ကြုံခဲ့ရတာ များသောကြောင့် သိပ်တောင် မမှုတော့ပါချေ။

သူတို့သည် တောကောင်များနှင့် မနေကြဖူးသော်လည်း မြင်လိုက်တာနှင့် ဂိုဒီ၏ခွန်အားကို သိလိုက်သည်။ သူတို့သည် ဂိုဒီ၏အစွမ်းမှာ အစစ်အမှန် ဖြစ်ကြောင်း အ‌ရိုးထဲစိမ့်အောင် သိလိုက်ကြသည်။

ဂိုဒီ၏ဘေးတွင် သားရဲပေါင်းထောင်ချီ၍ ဝိုင်းထားသည်။ သူတို့သည် တိုက်ခိုက်လေ အရေအတွက် ပိုများလာလေဖြစ်သည်။ ယခုတော့ တစ်ကောင်တစ်မြီးမှပင် မရှိတော့ပါချေ။

‌အဝေးမှနေ၍ ကောင်းဖန်သည် မျက်လုံးထောင့်နားမှ ဖုန်ထုတိမ်တိုက်ကြီးကို တွေ့လိုက်သည်။ သူသည် ကားဟွန်းသံများနှင့် သားရဲများထောင်ချီ၍ အော်ဟစ်သံကိုလည်း ကြားလိုက်ရသည်။ သူသည် သေချာစေ့ငုလိုက်သောအခါ သူတို့ထံသို့ ကားအချို့နှင့် ကိုယ်ပိုင်သားရဲ စစ်တပ်ကြီး လာနေသည်ကို တွေ့လိုက်ရသည်။

ကျားသစ်အရွယ်ရှိသော ငွေရောင်ကြွက်များ၊ လှံပုံစံ လက်များနှင့် ပေ ၃၀ ရှည်သော အင်းဆက်ကောင်ကြီးများ၊ ခေါင်းနှစ်လုံး လက်လေးဘက်ပါသော ရွှေရောင်အမွှေးရှိ မျောက်ဝံကြီးများ၊ တစ်ချက်ခုန်လိုက်တာနှင့် လမ်းတစ်ခုစာ ရောက်သွားသော လွှသွားနှံကောင်ကြီးများ စသည်တို့ ဖြစ်ကြသည်။

အပေါ်မှ တိမ်ထုကြီးထဲတွင်တော့ ပို၍ပင် အမည်မဖော်နိုင်သော သားရဲများ ရှိနေသည်။

အလယ်နားတွင်တော့ အဖြူရောင်အလံသည် ဂုဏ်ယူဝံ့ကြွားစွာ တစ်လူလူ လွင့်နေသည်။ ထိုအလံသည် မဟာမိတ်သင်္ကေတ ဖြစ်သည်။

“ယန့်ချန်းစစ်တပ်ထင်တယ်” တစ်ယောက်ယောက်က ခေါင်းစောင်းကြည့်ရင်း ပြောလိုက်သည်။

“ဟုတ်မယ်ထင်တယ်.. ယန့်ချန်းစစ်တပ်ကတော့ အချိန်ကိုက်ပဲနော်.. တိုက်ပွဲပြီးမှပဲ ရောက်လာတော့တယ်” နောက်တစ်ယောက်က သရော်သလို ပြောလိုက်သည်။

ကားများသည် စက်ရုံနှင့် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သည်။ လူနှစ်ယောက်သည် ရှေ့ဆုံးကားထဲမှ ထွက်လာသည်။

ဘယ်ဘက်မှ လူသည် ဟာဝေယံတီရှပ်ကို ၀တ်ထားသည်။ သူ၏ ခါးတွင် အညိုရောင် သားရေ ခါးပတ်ကို ပတ်ထားပြီး စစ်တပ်သုံး ဘွတ်ဖိနပ်ကို စီးထားသည်။ သူ၏ တင်ပါးနောက်တွက်တော့ ဓားတစ်လက်ကို ထိုးထားသည်။ သူသည် မျက်ခုံးများကို ပင့်လိုက်သည်။ “ကျုပ်တို့ နောက်ကျသွားပြီ ထင်တယ်”

“သားရဲတွေက ၀င်လာကြပြီလား” သူ၏ ညာဘက်မှလူကတော့ အနည်းငယ် ပိုငယ်ပုံရပြီး အံ့ဩနေသည်။ “မဖြစ်နိုင်ဘူး.. ဒီနားတစ်ဝိုက်မှာ ဒီလောက်အများကြီး ရှိနေတာ မသိထားမိပါဘူး”

“သားရဲတွေက ၀င်လာပြီးပြီလို့ ပြောသားပဲ” ဟာဝေယံရှပ်နှင့် သူက ပြောလိုက်သည်။ ဂိုဒီကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အလောင်းကောင်များသည် တောင်လိုပုံနေပြီး အခြေအနေကို ရိပ်စားမိပြီး ဖြစ်သည်။ သူသည် ဘေးမှ လူငယ်ကို ပြောလိုက်သည်။ “ကျုပ်တို့ ဒီမှာ ရှိနေဖို့ မလိုတော့ဘူး.. နောက်ထပ် စက်ရုံကို သွားရအောင်”

သူတို့နှစ်ယောက်သည် ကားပေါ်ပြန်တက်လိုက်ကြကာ မောင်းထွက်လိုက်သည်။ သူတို့၏ သားရဲများလည်း လိုက်ပါသွားကြသည်။

ကောင်းဖန်သည် ကားငါးစီးကို မြင်နေရသည်။ တစ်စီးစီတွင် ၅ ယောက်မှ ၇ ယောက်အထိ ဆန့်သောကြောင့် အားလုံးပေါင်း ၂၅ ယောက်မှ ၃၅ ယောက်ထိ လေ့ကျင့်သူများ ပါနိုင်လောက်သည်။

သူတို့ထွက်သွားသည်ကို ကြည့်ပြီး ကောင်းဖန်သည် အတွေးနက်နေခဲ့သည်။ တကယ်တော့ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းသည်လည်း ထိုကဲ့သို့ စစ်တပ်ကြီး ဖွဲ့စည်းလို့ ရသည်ပင်။ ထိုသို့ လုပ်ပါက လုံခြုံရေးတပ်များသည် ပြည်သူလုံခြုံရေးအတွက် အာရုံစိုက်နိုင်မည် ဖြစ်ပြီး တိုက်ခိုက်မှုကိုတော့ ကျွမ်းကျင်သူများကို လွှဲလို့ရမည် ဖြစ်သည်။

ကောင်းဖန်သည် ထိုတိုက်ပွဲတွင်ပါ၀င်နိုင်ပါက အချို့သားရဲများကိုပင် တိုက်ပွဲအတွင်း အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

ကောင်းဖန်သည် ထိုတိုက်ခိုက်မှုကို သံသယဖြစ်နေသည်။ သားရဲများသည် လူသားများကို အကြောင်းမရှိပဲနှင့်တော့ မတိုက်ခိုက်တတ်ကြချေ။ သူသည် ထိုပြဿနာကို အဖြေရှာရမည် ဖြစ်သည်။

“ခင်ဗျားက ကျန်းထိုက်ကျောင်းလား” ကောင်းဖန်က လူတစ်ယောက်၏ ရင်ဘတ်မှ နာမည်ပြားကို ဖတ်ကာ မေးလိုက်သည်။

“ဟုတ်ပါတယ် ကျုပ်ပါပဲ”

“လူနည်းနည်းစုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ.. တိုက်ပွဲမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ သူတွေကို အဓိက ခေါ်ခဲ့ပေးပါ”

ထိုသူသည် အခွင့်အလမ်းကောင်းကို နားလည်သူဖြစ်သောကြောင့် ခေါင်းတစ်ချက် ညိတ်လိုက်ကာ ထွက်သွားသည်။ သူသည် လက်ခုပ်တစ်ချက်တီးလိုက်သောအခါ သူ့အနောက်တွင် အသင့်ပြင်ထားကြသော လူ ၁၀ ယောက်သည် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။

သူတို့သည် ခုနက အကောင်းဆုံး တိုက်ခိုက်ခဲ့သော လေ့ကျင့်သူများ ဖြစ်သည်။

“ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်သားရဲတွေရော” ကောင်းဖန်က မေးလိုက်သည်။

သူတို့သည် ကိုယ်ပိုင်သားရဲများကို ခေါ်လိုက်သောအခါ ၂၀ ထက်မနည်းသော သားရဲများ ထွက်လာကြသည်။ အချို့ကတော့ လတ်ဆတ်သော ဒဏ်ရာများ ရထားကြသည်။ အချို့ကတော့ ဒဏ်ရာရထားတာ ကြာပြီ ဖြစ်၍ သွေးများပင် ခြောက်နေကြပြီ ဖြစ်သည်။

သူတို့ထဲတွင် ထူးခြားသော တစ်ကောင်ရှိသည်။ သူကတော့ အဝါရောင်သွားကြီးများဖြင့် ဝံပုလွေကြီး ဖြစ်သည်။ သူသည် တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်မှ အချို့နေရာများသည် အရိုးများပေါ်သည်အထိ အကိုက်ခံထားရသည်။ သူ့တွင် မျက်လုံးတစ်ဖက်လည်း ဆုံးရှုံးထားပြီး အမြှီးပင် တစ်၀က်ပျက်နေပြီ ဖြစ်သည်။ သူ၏ ညာဘက်ခြေထောက်တွင်တော့ တရွတ်ဆွဲကာပါနေသော ခြေချောင်းတစ်ခု ရှိနေသည်။

သို့သော် သူသည် အဆိုးဆုံး မဟုတ်သေးပေ။ သူ၏ ဘေးတွင် နောက်တစ်ကောင်သည် လဲကျနေသည်။

ကောင်းဖန်သည် ခေါင်းကို ဖွဖွကုတ်လိုက်သည်။

“တကယ့်ကို စစ်သည်တော်ပါပဲ” ကောင်းဖန်က နူးညံ့စွာ ရေရွတ်လိုက်သည်။

“စစ်သည်တော်ဆိုတာ သူတို့ရဲ့ ရဲရင့်မှုအတွက် ဆုချီးမြှင့်ခံရမှာ ဖြစ်တယ်.. သူ့ရဲ့ ကိုယ်ပေါ်က အမာရွတ်တစ်ခုက ရဲရင့်ခြင်းရဲ့ သက်သေတွေပဲ”

“ဒီတိုက်ပွဲပြီးသွားရင် တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေပေါ် မူတည်ပြီး ဆုပေး ဒဏ်ပေး စနစ်ရှိမှာ ဖြစ်တယ်.. ကျွန်တော်က မျှတစွာ အကဲဖြတ်မှာပါ.. ဒါပေမယ့် အားလုံးကို ဘာမှမစတင်ခင် ကြိုအသိပေးထားချင်တာတွေ ရှိတယ်” ကောင်းဖန်က အပြင်ဘက်မှ ရေသားရဲများကို လက်ညိုးညွှန်ပြီး ပြောလိုက်သည်။

“ခင်ဗျားတို့ တစ်ကောင်အရှင် ဖမ်းမိတိုင်း တစ်မှတ်ရမယ်.. အကုန်လုံးကို မှတ်တမ်းတင်ထားမှာပါ” ကောင်းဖန်က အဆောက်အဦးများ၊ လမ်းများမှ ကင်မရာများကို ထပ်ညွှန်ပြပြီး ပြောလိုက်သည်။

ထိုသို့ဖြင့် ခုနက မတိုက်ခိုက်ခဲ့ရသေး သူများ၊ တွေဝေခြင်း မရှိသူများသည် သူတို့၏ သားရဲများနှင့်အတူ ထွက်သွားကြသည်။

အချို့ကတော့ သိပ်ဂရုမစိုက်ပါချေ။ သူတို့သည် သွေးစာချုပ်များ ချုပ်ထားကြပြီး ဖြစ်ရာ ကောင်းဖန်ကို တွေ့ချင်၍ လာကြခြင်း ဖြစ်သည်။

လူတိုင်းအမှားလုပ်နိုင်ကြပေမည်။ ကောင်းဖန်သည် သူတို့ကို ကြိုးစားကြည့်ဖို့ အခွင့်အရေးပေးချင်၍ ထိုကဲ့သို့ စီစဉ်ခြင်း ဖြစ်သည်။

ပြောင်းလဲဖို့ ငြင်းဆန်နေသူများကိုတော့.. ကောင်းဖန်သည် မျက်လုံးများကို မှေးစင်းလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၃၁ ကမ်းရိုးတန်းရေညှိ သိုးထိန်းခွေး

ထိုနေရာတစ်ခုလုံးကို ရှင်းလင်းရန် ၃ နာရီခန့် ကြာသွားသည်။ ကြမ်းပြင်တွင် သားရဲများသည် အပုံလိုက် ရှိနေကြပြီး သူတို့၏ အမျိူးအစားအလိုက် ရေခဲခန်းထဲ ထည့်လိုက်ကြသည်။ ဒဏ်ရာပြင်းထန်စွာ ရထားသော သားရဲများကတော့ သွေးရူးသွေးတန်း ဖြစ်နေကြပြီး ခြေလက်ပြတ်ထားသော သားရဲများကို သေချာစွာ ထိန်းသိမ်းပေးထားသည်။

အနည်းငယ် ဒဏ်ရာရရှိထားသော သားရဲများကိုတော့ လှောင်အိမ်များဖြင့် ထည့်ထားကြသည်။

ထိုသားရဲများသည် တိုက်ခိုက်ချင်စိတ် ကုန်ခမ်းနေကြပြီ ဖြစ်သည်။

ကောင်းဖန်သာ် ထိုသားရဲများကို သနားနေမိသည်။ ခြေခြောက်ချောင်းပါ လိပ်ကြီးများ၊ ရွှေရောင် ကျောက်ပုစွန်များ စသည့် သနားစဖွယ် သားရဲကြီးများကိုလည်း တောင်ပိုင်းကောင်းကင်က ပိုင်ဆိုင်ထားသည့် ယန့်ချန်းမြို့ရှိ အခန်းငယ်များတွင် ထည့်ထားလိုက်သည်။

“ဆုံးရှူံးသွားခဲ့တဲ့ သားရဲရဲ့ တန်ဖိုးအတိုင်း လျော်ကြေးပေးပေးပါမယ်” ကောင်းဖန်က ယန့်ချန်း၏ တာ၀န်ရှိသူ မန်နေဂျာ ဟုန်မုကို ပြောလိုက်သည်။

“သခင်လေး ဒီသားရဲတွေက အရမ်းလည်း တန်ဖိုး မရှိလှပါဘူး.. သူတို့ကို ဈေးကွက်မှာ ရောင်းနေတယ်ဆိုတာတော့ မှန်ပါတယ်.. ဒါပေမယ့် အရမ်းကြီးလည်း ၀ယ်လိုအား မကောင်းလှပါဘူး.. တချို့သူတွေက အသွင်အပြင်လှတဲ့ သားရဲတွေမို့လို့သာ ဈေးတင်ကြတာပါ” ဟုန်မုက ပြောလိုက်သည်။

သူပြောတာမှန်သည်။ ထိူသားရဲကြီးများသည် အရမ်းကြီး ဆွဲဆောင်မှု ရှိလှသည် မဟုတ်ချေ။ သိုးထိန်းခွေးဆိုလျှင် ရုပ်ပင်ဆိုးသေးပြီး မျောက်နှင့်ပင် ‌တူနေသည်။ သူ့ကို ထူးဆန်းသော အကြိုက်ရှိသူများကသာ ၀ယ်လောက်မည် ထင်၏။ သူ၏ လှုပ်ရှားပုံ၊ ချွန်ထက်သော လက်သည်း၊ ရေထဲတွင် ကောင်းကောင်းသွားလာနိုင်မှု စသည်တို့ကလွဲလျှင် သိပ်ပြီး မက်လောက်စရာ မရှိပါချေ။

သူ၏ စွမ်းရည်များသည် ဈေးကွက်အတွင်းရှိ အခြားသားရဲများတွင်လည်း တွေ့နိုင်သော စွမ်းရည်များဖြစ်ပြီး သူ့ထက်ပင် ပို၍ ကြည့်ကောင်းကြသေးသည်။

ကောင်ဖန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဖြူဖျော့စွာ ထိုင်နေသော သိုး‌ထိန်းခွေးကို ထည့်ထားရာ ငွေလှောင်အိမ်ဆီသို့ လျှောက်သွားလိုက်သည်။

ကောင်းဖန်ကို အာရုံခံမိသောအခါ သားရဲသည် ကြမ်းပြင်ကို လက်သည်းများဖြင့် ကုတ်ခြစ်လိုက်ပြီး ပိုနီးလာသည်နှင့် တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

ကောင်းဖန်၏ လက်သည် လှမ်းကိုက်၍ ရသော အနေအထားကို ရောက်လာသောအခါ သိုးထိန်းခွေးသည် ရုတ်တရတ် ထကိုက်လိုက်သည်။

ကောင်းဖန်ကမူ လက်ကိုပင် ပြန်မရုတ်ပဲ သိုးထိန်းခွေးကို ကရာတေးလက်ဖျံ တစ်ချက်ကျွေးလိုက်သည်။

သိုးထိန်းခွေးသည် သူ၏ ခေါင်း ပွင့်ထွက်သွားပြီဟု ရုတ်တရတ် ထင်မိသွားသည်။

‌သိုးထိန်းခွေးသည် ခေါင်းကို လက်ဖြင့် အုပ်ကိုင်လျက် အတွင်းထဲသို့ ပြန်၀င်သွားသည်။ သူသည် ကောင်းဖန်ကိုတော့ မျက်လုံးမလွှဲပဲ ကြည့်နေလေရာ မျက်လုံးချင်းဆုံသွားသည်နှင့် ခွေးကြီးသည် ပို၍ပင် ထောင့်ကပ်သွားသည်။

[သားရဲအမည်] - ကမ်းရိုးတန်းရေညှိသိုးထိန်းခွေး

[သားရဲစွမ်းရည်] - သာမာန်

[သားရဲအဆင့်] - အဆင့် ၁၄

[သားရဲအမျိုးအစား] - ရေ/ အမှောင်

[သားရဲအခြေအနေ] - အနည်းငယ် ဒဏ်ရာရထား/ ခြေထောက်ထိထား

[အကောင်းဆုံးအဆင့်သို့ ရောက်နိုင်ရန် နနည်းလမ်းများ - ၁။ ပင်လယ်နက်ရေညှိ သိုးထိန်းခွေး (ရေအဆင့်မြှင့်ခြင်း) ၂။ မြူခိုး ရေညှိ သိုးထိန်းခွေး (မြူခိုးအဆင့်မြှင့်ခြင်း) ၃။ ကြောက်မက်ဖွယ် ရေညှိသိုးထိန်းခွေး (ထိတ်လန့်မှု အဆင့်မြှင့်ခြင်း ၄။ အရိပ်ရေညှိ သိုးထိန်းခွေး (အရိပ်အဆင့်မြင့်ခြင်း) ၅။..

[သားရဲဖော်ပြချက်] - ကမ်းရိုးတန်းပိုင်းတွင် နေထိုင်ကာ ရေထဲမှ အားပျော့သည့် အကောင်များနှင့် စားသုံးသည်ထက် ရေအတူကူးရတာကို နှစ်ခြိုက်တတ်

သိုးထိန်းခွေး၏ အကောင်းဆုံး အဆင့်ကို မြှင့်တင်နိုင်ရန် အချက်များသည် ကောင်းဖန် မျက်လုံးထဲတွင် အသေးစိတ်ပေါ်လာနေသည်။

ကောင်းဖန်သည် သေချာစဉ်းစားနေသည်။ သူ၏ အချက်အလက် ကြည့်သည့် စွမ်းရည်သည အနည်းငယ် တိုးတက်လာနေသည်ဟု ထင်ရသည်။

‌သိုးထိန်းခွေးတွင် အဆင့်မြှင့်တင်နိုင်သည့်နည်းလမ်း ၆ ခုရှိသည်။ တစ်ခုချင်းစီကို သုံးသပ်ကြည့်လိုက်ပြီးနောက် ကောင်းဖန်က ‌သိုးထိန်းခွေးကို ကြည့်လိုက်သည်။ “သေပြီးသား ကောင်တွေကိုပဲ ရောင်းပေးပါ.. ရှင်နေသေးတဲ့ ကောင်တွေက ထားလိုက်ပါ” ကောင်းဖန်က ဟုန်မုကို ပြောလိုက်သည်။

ဟုန်မုက ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကောင်းဖန်သည် အသက်ရှိနေသေးသည့် သိုးထိန်းခွေးများကို သူမစစ်ဆေးရသေးခင် တန်းမရောင်းလိုက်ရန် မှာကြားလိုက်သည်။

ခြေခြောက်ချောင်းလိပ်ကြီးသည် နောက်ထပ် လှောင်အိမ်တစ်ခုထဲတွင် ထိုင်နေသည်။ သူ၏ အခွံများသည် ကွာကျနေကြသည်။ သူ၏ နောက်ကျောသည် စုတ်ပြတ်သတ်နေသည်။ လိပ်ကြီးသည် ကောင်းဖန်ကို အကဲခတ်နေသည်။

[သားရဲအမည်] - ခြေခြောက်ချောင်း သမင်ဂျိုလိပ်

[သားရဲစွမ်းရည်] - သာမာန်

[သားရဲအဆင့်] - အဆင့် ၁၈

[သားရဲအမျိုးအစား] - မြေကြီး/ သစ်

[သားရဲအခြေ‌အနေ] - ထိခိုက်မှုရှိထား/ ကိုယ်တွင်းသွေးယိုစိမ့်မှုရှိ

[အကောင်းဆုံး အဆင့်သို့ရောက်ရန် နည်းလမ်းများ] - ၁။ သစ်တောစိမ်း သမင်ဂျိုလိပ် (သစ်အဆင့်မြှင့်ခြင်း ၂။ ခြေခြောက်ချောင်း နွားသိုးဂျိုလိပ် (မြေအဆင့်မြှင့်ခြင်း) ၃။….

[သားရဲဖော်ပြချက်] - ဘ၀တစ်သက်တာလုံးနီးပါး ရေထဲတွင်သာနေသည်။ နှစ်တိုင်း ရောက်လျှင် ကမ်းခြေပေါ်တက်ပြီး ဥချတက်သည်။ သူ၏ အခွံပေါ်မှ သမင်ဂျိုသည် ခန္ဓာကိုယ်အပူချိန် ပုံမှန်လည်ပတ်အောင် ကူညီပေးသည့်အပြင် သွေးစီးဆင်းမှုကိုလည်း ထိန်းညှိပေးပြီး အာဟာရများ၏ ရင်းမြစ်ဖြစ်သည်။

လိပ်ကြီး၏ အဆင့်မြှင့်တင်ခြင်း နည်းလမ်းများသည်လည်း ကောင်းဖန် မျက်လုံးထဲတွင် ပေါ်လာသည်။ ကောင်းဖန်သည် ဂျိုများအကြောင်းကို စိတ်၀င်စားနေမိသည်။

ကောင်းဖန်သည် လိပ်ကြီးကို ပြန်ကြည့်လိုက်ရာ အချို့သော ဂျိုများသည်ပင် ပြန်ပေါက်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။

“ဒီလိပ်တွေကို မွေးမယ်.. သူတို့ရဲ့ ဂျိုတွေကို သေချာဂရုစိုက်ပေးလိုက်ကြပါ” ကောင်းဖန်က မြေကြီးပေါ်တွင် ကျနေသော ဂျိုပဲ့တစ်ခုကို ကောက်ယူပြီး ပြောလိုက်သည်။ ထိုဂျိုသည် မဲမှောင်နေသည်။

နောက်ဆုံးတွင် ကောင်းဖန်သည် ရွှေရောင်လက် အစက်အပြောက် ပုစွန်၏ လှောင်အိမ်ဆီသို့ သွားလိုက်သည်။ ပုစွန်ကြီးသည် သူ၏ ရှည်လျား လက်ကြီးများအပါအ၀င် ၇ ပေခန့်ရှည်သည်။

ရေဘူးအဖုံးအရွယ်ခန့်ရှိသော ရွှေရောင်အစက်အပြောက်များသည် သူ၏ အညိုရောင် အကြေးခွံပေါ်တွင် ရှိနေသည်။ ကောင်းဖန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ပုစွန်သည် သွေးဆူတတ်သည့် အမျိုးအစားမှန်း သိလိုက်သည်။

“ပုစွန်တွေကို ဓာတ်ခွဲစမ်းသပ်ဖို့ ပြင်ပေးထားပါ.. မဟုတ်ဘူး နေဦး.. ထားလိုက်ဦး သူတို့ကို.. အခု အလယ်အလတ်ပိုင်း စီမံမန်နေဂျာတွေကို စုပေးပါ.. ကျွန်တော့်ကို အစည်းအဝေးခန်းထဲမှာ တစ်နာရီအတွင်း လာတွေ့ပေးပါလို့” ကောင်းဖန်က ပြောလိုက်သည်။

“ပြီးတော့ ဆေးရုံကို ဆက်သွယ်ထားပါ.. ဒဏ်ရာရထားတဲ့ ဘယ်သူကို မဆို တောင်ပိုင်းကောင်းကင်က ဆေးစရိတ် ကုန်ကျခံပေးမယ်လို့.. ဒဏ်ရာရတဲ့ အလုပ်သမားတွေအားလုံးကို အသေးစား လျော်ကြေးပေးမယ်”

“နားလည်ပါပြီ”

ထို့နောက်ကောင်းဖန်သည် ကြီးမားသော သစ်သားတိုင်လုံးကြီးများ ရှိရာ မြေညီထပ်ရှိ ခန်းမကျယ်ဆီ ဆင်းသွားလိုက်သည်။ ကော်ဇောနီကြီးကို ခန်းမကြီးတွင် ခင်းထားပြီး လျှောက်လမ်းအဆုံးထိ ရှိနေသည်။

အလှမီးများကိုတော့ မျက်နှာကြက်တွင် ဆင်ထားသည်။

ကောင်းဖန်သည် သန့်ရှင်းသော အဖြူရောင်၀တ်စုံကို ၀တ်ကာ ဆံပင်ကို သေသပ်စွာ နောက်လှန်ဖြီးထားလျက် ကျော့ရှင်းသော ဟန်ပန်ဖြင့် အပေါ်ကို တက်လိုက်သည်။ “အားလုံးပဲ ကျွန်တော့်ကို ဓာတ်ပုံထဲမှာပဲ မြင်ဖူးမယ်ဆိုရင်တောင် ဘယ်သူလဲတော့ သိကြမှာပါ”

“တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းရဲ့ လုံခြုံရေး ဌာနခွဲက ပြင်ပက ၀င်လာတဲ့ သားရဲတွေကို နှိမ်နင်းပေးဖို့ အဓိက တာ၀န်ယူခဲ့ပါတယ်” ကောင်းဖန်က သူ၏ ဘေးဘက်တွင် ထိုင်နေကြသူများကို ညာဘက်လက်ဖြင့် ညွှန်ပြရင်း ပြောလိုက်သည်။

သူတို့အားလုံးသည် အနက်ရောင်၀တ်စုံများ ၀တ်ထားကြပြီး အနီရောင်အမှတ်အသားများပါသည့် လက်ခေါက်များ ၀တ်ဆင်ထားကြသည်။ သူတို့၏ မျက်နှာများသည် တည်ကြည်နေကြပြီး ပြီးခဲ့သောတိုက်ပွဲက သူတို့အသွင်အပြင်ကို ပြောင်းလဲပေးလိုက်သလို ဖြစ်နေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၃၂ သနားညှာတာမှု

လုံခြုံရေးဌာန၏ အထက်ပိုင်းနှင့် အောက်ပိုင်းတွင် အဖွဲ့၀င် ၃၂ ဦးပါ၀င်သည်။ သူတို့ထဲမှ အယောက် ၃၀ သည် ခန်းမထဲတွင် ရှိနေကြသည်။ မလာနိုင်သူ ၂ ယောက်ကတော့ အရေးပေါ် ကုသမှုအတွက် ဆေးရုံရောက်နေ၍ ဖြစ်သည်။ ခန်းမထဲရှိနေသူ အချို့ကလည်း အနည်းအကျဉ်းတော့ ထိခိုက်ဒဏ်ရာ ရထားသူချည်းပင်။

သူတို့ထဲမှ အချို့ကသာ ကောင်းကောင်း ၀တ်စားထားနိုင်ကြသည်။

ကောင်းဖန်က သူတို့ကို ရည်ညွှန်းလိုက်သောအခါ အခြားသူများ၏ အကြည့်က သူတို့ဆီသို့ ကျရောက်လာသည်။

အချို့သောသူများကတော့ ဖင်တကြွကြွပင် ဖြစ်ကုန်ကြသည်။

“ကျွန်တော်ပြောပြီးသား ဆိုပေမယ့်.. လုပ်ဆောင်ရည်ပေါ်မူတည်ပြီး ဆုပေး ဒဏ်ပေး စနစ်ရှိမှာ ဖြစ်ပါတယ်” ကောင်းဖန်က တစ်ချက်ပြုံးပြီး ပြောလိုက်သည်။

“ဒါဆို ဆုပေးတာက စလိုက်ရအောင်”

သူ့စကားဆုံးသွားသည်နှင့် မီးခိုးရောင်၀တ်စုံ၀တ်ထားသော ဟောင်မုသည် အပေါ်သို့ တက်လာကာ ကောင်းဖန်ဘေးတွင် ရပ်လိုက်သည်။ ထို့နောက် ကောင်းဖန်ကို စာရွက်တစ်ရွက် ကမ်းပေးလိုက်သည်။

“သခင်လေး.. တောင်းထားတဲ့ ဖိုင်တွေပါ” ဟောင်မုက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကောင်းဖန်က ဟောင်မုထံမှ ယူလိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

“ကျွန်တော်အခု လုံခြုံရေးဌာနကို အသစ်နှစ်ခု အနေနဲ့ ပြန်ပြီးတော့ ဖွဲ့စည်းချင်ပါတယ်.. တစ်ခုက တိုက်ပွဲ၀င်ဖို့ နောက်တစ်ခုက ကင်းထောက်ဖို့ပါ”

“တိုက်ပွဲဌာနကတော့ တကယ့်မြေပြင်မှာ အရေးပေါ်ကိစ္စတွေ ဖြစ်လာရင် တိုက်ပွဲ၀င်ပေးရမယ်.. ထောက်လှမ်းရေးအဖွဲ့ကတော့ တောထဲမှာသွားပြီး ထောက်လှမ်းတဲ့ ကိစ္စကို လုပ်ပေးရမယ်.. လုံခြုံရေးဌာနတစ်ခုလုံးကတော့ ကုမ္ပဏီရဲ့ လုံခြုံရေးကိစ္စ အ၀၀မှာ တာ၀န်ယူရမှာ ဖြစ်ပါတယ်”

ဌာန ၂ ခုလုံးသည် မူရင်း လုံခြုံရေးဌာနတွင် အကျုံး၀င်နေဦးမည်ပင်။ ထို့ကြောင့် ကောင်းဖန်သည် တာ၀န်ခွဲအပ်ဖို့အတွက် လုပ်ဆောင်ရတော့မည် ဖြစ်သည်။

“အခုကျွန်တော်က လက်ရှိ ရှိနေတဲ့ အဖွဲ့သားတွေထဲကပဲ တာ၀န်ပြန်ခွဲမှာ ဖြစ်ပါတယ်.. ကျန့်ထျဲဟွမ်က တိုက်ပွဲဌာနကို ဦးဆောင်ပေးပါ.. လျူချန်းဟောင်က ထောက်လှမ်းရေးဌာနကို ဦးဆောင်ပေးပါ” ကောင်းဖန်က ပြောလိုက်သည်။

ကျန့်ထျဲဟွမ်နဲ့ လျူချန်းဟောင်တို့သည် နဂိုတည်းက လုံခြုံရေးဌာန၏ အထက်တန်း အရာရှိကြီးများ ဖြစ်ကြသည်။ သူတို့သည် တိုက်ပွဲတွင် ကောင်းကောင်း လုပ်ဆောင်ခဲ့သောကြောင့် ကောင်းဖန်က သဘောကျမိခြင်း ဖြစ်သည်။ သူတို့ ၂ ယောက်လုံးနှင့် စကားပြောကြည့်ရာတွက်လည်း ကောင်းဖန်က သူတို့ ၂ ယောက်ကို ရင်းနှီးသည်ဟု ခံစားမိနေသည်။

ကျန့်ထျဲဟွမ်သည် လုပ်ဆောင်ရာတွင် ရက်စက်မှုပို ရှိပြီး လျူချန်းဟောင်ကတော့ နည်းဗျူဟာ ကျကျ လုပ်ဆောင်တတ်ကာ ဦးဆောင်နိုင်စွမ်း ရှိသည်။ သူ၏ ဦးဆောင်မှုကြောင့်သာ တောင်ပိုင်းဂိတ်မှ သားရဲများကို နှိမ်နှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

လျူချန်းဟောင်၏ ခေါင်းဆောင်မှုအောက်တွင် ရွှေရောင်ပုစွန်ကြီးသည်ပင် မလှုပ်နိုင် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

လုံခြုံရေးဌာနမှ အဖွဲ့၀င်များကတော့ တိုက်ပွဲအတွင်း စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ရာထူးတိုးခံရပြီ ဖြစ်သည်။

ထိုရာထူးတိုးခြင်းသည် သူတို့၏ တိုက်ပွဲအတွင်း ရဲရင့်မှုကို အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။

အခြားသောဌာနများမှ ၀န်ထမ်းများသည်လည်း ထိုကဲ့သို့ အရေးပေါ် အခြေအနေများတွင် ကောင်းစွာကိုင်တွယ်နိုင်မှုပေါ် မူတည်ပြီး အသီးသီး ချီးမြှောက်ခံရမည် ဖြစ်သည်။

တောင်ပိုင်းကောင်းကင်၏ ယန့်ချန်းဌာနခွဲတွင် ကြီးကြီးမားမား ရာထူးများမရှိသေးသောကြောင့် ထိုသူများသည် ရာထူးတိုးမည့်အစား ဘောနပ်စ်ကောင်းကောင်း ရကြမည်ပင်။

ကောင်းဖန်သည် ဘောနပ်စ်ရမည့်သူ စာရင်းကိုရွတ်ပြပြီးနောက် ခဏရပ်လိုက်သည်။

သူသည် ပြောရမည့်စာရွက်ကို လှန်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် စာရွက်ကို ထက်အောက် စုန်ဆန်ကြည့်လိုက်သည်။

“ကျန်းယွဲ့၊ ဟန့်ဖူ၊ ချန်းကျန့်၊ လိကျားရှန်” ကောင်းဖန်က နာမည်ခေါ်လိုက်သည်။ “သူ‌တို့တွေဟာ လုံခြုံရေးဌာနရဲ့ အဆင့်မြင့် အရာရှိတွေ ဖြစ်ကြပါတယ်.. သူတို့အခု ဒီမှာ တာ၀န်ထမ်းဆောင်လျက် ရှိနေပါတယ်”

ကောင်းဖန်က နာမည်ခေါ်လိုက်သောအခါ သူတို့ ၄ ယောက်သည် ခုံတွင် မတ်မတ်ထိုင်လိုက်ကာ ကောင်းဖန်က်ြ ကြည့်လိုက်ကြသည်။

သူတို့၏ ရင်ဘတ်များသည် ပေါက်ကွဲထွက်တော့မလို ဖြစ်နေကြသည်။

“ဒီ‌ ၄ ယောက်ဟာ တိုက်ပွဲမှာ ကောင်းကောင်း လုပ်ဆောင်နိုင်ခြင်း မရှိကြပါဘူး.. သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ အဖွဲ့သားတွေအပေါ်လည်း အားလျော့သွားခဲ့ပါတယ်.. သူတို့တွေဟာ လုပ်ဆောင်ရည်ကောင်းကို မပြနိုင်ခဲ့တဲ့အတွက် သူတို့ရဲ့ ကိုယ်ပိုင်သားရဲတွေကို မြေအောက်ဓာတ်ခွဲခန်းမှာ ပိတ်ထားတော့မှာ ဖြစ်ပြီး သူတို့လေးယောက်ကတော့ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကနေ ချက်ချင်းနှုတ်ထွက် ရမှာ ဖြစ်ပါတယ်”

“ကျုပ်ကို အလုပ်ဖြုတ်လည်း ကိစ္စမရှိဘူး.. ဒါပေမယ့် ကျုပ်ရဲ့ ကိုယ်ပိုင်သားရဲတွေကိုတော့ အပိုင်စီးလို့ မရဘူး.. မင်းမှာ သူတို့ကို ပိတ်လှောင်ထားစရာ အခွင့်မရှိဘူး” လိကျားရှန်က အော်ပြောလိုက်သည်။ “မဟာမိတ်အစိုးရက ကိုယ်ပိုင်သားရဲဆိုတာ တစ်ဦးတစ်ယောက်တည်းပိုင်ဆိုတာကို ကြေညာထားပြီးသား”

ထို့နောက်သူသည် ဘေးဘီကိုကြည့်လိုက်ကာ သူ့ကို အားလုံးက ကြည့်နေလားဆိုတာကို ဝေ့ကြည့်လိုက်သည်။ အခြားသုံးယောက်ကတော့ ဘာမှမပြောပဲ တောင့်တောင့်ကြီး ထိုင်နေကြသည်။

“ဘာလို့ ဘာမှမပြောကြတာလဲ.. ထကြလေ.. သူက ကျုပ်တို့ရဲ့ သားရဲတွေကို လုနေတာ.. အဲဒီလို လုပ်စရာ ဘာအကြောင်းမှ မရှိဘူး” လိကျားရှန်က စိတ်ဆိုးမာန်ဆိုးဖြင့် ဟန့်ဖူ၏ ကော်လာကို ဆွဲရင ပြောလိုက်သည်။

လိကျားရှန်က သူ့ကို လှုပ်ခါနေသောကြောင့် ဟန့်ဖူ၏ မျက်နှာသည် ဖြူဖပ်ဖြူလျော် ဖြစ်နေရာမှ ဒေါသဖြင့် နီမြန်းလာသည်။ သူသည် လိကျားရှန်ကို တွန်းထုတ်လိုက်ကာ “တော်ပါတော့” ဟု အော်လိုက်သည်။

“တကယ်ပါပဲ.. မင်းတို့ကတော့--” လိကျားရှန်သည် စကားတောင် မဆုံးသေးခင်မှာပင် ကျန့်ထျဲဟောင်သည် ‌အနောက်မှ ရောက်လာကာ သူ၏ ညာလက်ဖြင့် ဂုတ်မှ ဆွဲမလိုက်သည်။ ထို့နောက် အောက်သို့ဆောင့်ချလိုက်သည်။

လိကျားရှန်သည် ကြမ်းပြင်သို့ ပြုတ်ကျသွားပြီး သတိလွတ်မတတ် ဖြစ်သွားသည်။

ကျန့်ထျဲဟောင်သည် လိကျားရှန်ကို ထဖို့အချိန်ပင် မပေးပဲ မျက်နှာကြီးမဲကာ လျှောက်သွားလိုက်သည်။

“မင်းရဲ့ သောက် ပါးစပ် ကို ပိတ်ထားလိုက်စမ်းပါ” ကျန့်ထျဲဟောင်က အံကိုကြိတ်ကာ တစ်လုံးချင်း ပြောလိုက်သည်။

ကျန့်ထျဲဟောင်၏ ငယ်သူငယ်ချင်းတစ်‌ဦးသည် ခြေထောက် တစ်ချောင်းကို ဆုံးရှူံးထားရကာ ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ သူသည် ကုသမှုပြီးသွားခဲ့လျှင်တောင် ခြေထောက်သည် ပြန်ဆက်၍ ရတော့မည် မဟုတ်ပဲ တစ်သက်လုံးနေသွားရတော့မည် ဖြစ်သည်။

ထို့ကြောင့် ကျန့်ထျဲဟောင်သည် လိကျားရှန်ကို အတိုးချကာ စိတ်ဖြေနေခြင်း ဖြစ်သည်။

“ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်သားရဲတွေကို ကုမ္ပဏီက ထောက်ပံ့ထားတာ ဖြစ်ပါတယ်.. ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်တွေက ကုမ္ပဏီရဲ့ စာချုပ်ကို ဖောက်ဖျက်သလို ဖြစ်နေတဲ့အတွက် ကိုယ်ပိုင်သားရဲတွေကို ပြန်သိမ်းရခြင်း ဖြစ်ပါတယ်” ကောင်းဖန်က စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ဒါ့အပြင် စာချုပ်ဖောက်ဖျက်မှုကြောင့် ဒဏ်ငွေဆောင်ရမယ့် အပိုင်းလည်း ရှိပါတယ်.. အဲဒါနဲ့ ပတ်သက်တဲ့ ဖောင်ကိုတော့ ကုမ္ပဏီရဲ့ ရှေ့နေကနေ ပို့ပေးပါလိမ့်မယ်”

“၀မ်လိအန်” ကောင်းဖန်ရ ခေါ်လိုက်သောအခါ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ချက်ချင်း ထရပ်လိုက်သည်။

“ရှိပါတယ်”

“ကျွန်တော်အခု ဆုံးဖြတ်ထားတဲ့ ကိစ္စတွေအားလုံးကို ကုမ္ပဏီရဲ့ လူ့စွမ်းအားရင်းမြစ်ဌာနကို ပြန်တင်ပြပေးပါ”

“နားလည်ပါပြီ” ၀မ်လိအန်က ပြောလိုက်သည်။

ကောင်းဖန်ကို မျက်လုံးခဏမှိတ်ထားလိုက်သည်။ သူသည် အချို့သော အရည်အချင်း မပြည့်မှီသေးသည့် ၀န်ထမ်းများကိစ္စကိုလည်း ကိုင်တွယ်ရဦးမည် ဖြစ်သည်။ သို့သော် သူတို့ကိုတော့ လိကျားရှန်တို့ကို အပြစ်ပေးသလို မပေးချင်ပါချေ။

ပြန်လည်ပြင်ဆင်ချိန် ပေးရဦးမည် မဟုတ်ပါလား။ အပြစ်ပေးသည်ဆိုတာက ပြန်လှည့်၍ မရတော့သော လမ်းဖြစ်သည်။

သိပ်ပြီးအပြစ်မကြီးသည့် ကိစ္စကို အပြစ်ကြီးကြီးမားမား ပေးလိုက်မိလျှင် မကောင်းသော ပုံရိပ် ဖြစ်သွားနိုင်သည်။ ကောင်းဖန်သည် သူ၏ ဖြတ်သန်းခဲ့ရသော ဘ၀အတွေ့အကြုံအရ ထိုကဲ့သို့ မလိုအပ်ပဲ အပြစ်ပေးခြင်းသည် ဆိုးကျိုးများ ပိုဖြစ်စေသည်ကို သိထားပြီး ဖြစ်သည်။ တစ်ခါတစ်ရံ သက်ညှာမှုများလည်း လုပ်ရပေမည်။

“ဒီတစ်ခေါက် တိုက်ပွဲမှာ ကောင်းကောင်း မလုပ်နိုင်ခဲ့တဲ့သူတွေက ၃ လစာ အဖြတ်ခံရမှာ .. အဲဒါတွေကို တစ်ယောက်ချင်းစီ မှတ်တမ်းတင်ထားမှာပါ.. တိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ သူတွေကတော့ နှစ်၀က်စာ လစာ ကြိုထုတ်ပေးမှာ ဖြစ်ပါတယ်.. သူတို့ရဲ့ ကိုယ်ပိုင်သားရဲတွေကိုလည်း ကုမ္ပဏီက စောင့်ရှောက်ပေးထားမှာ ဖြစ်ပါတယ်. သူတို့ရဲ့ မိသားစု၀င်တွေကိုလည်း ကုမ္ပဏီမှာ အလုပ်လာရောက်လျှောက်ထားဖို့ ကမ်းလှမ်းမှာ ဖြစ်ပြီး၊ ကလေးရှိတယ်ဆိုရင်တော့ ကလေးရဲ့ ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်ကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်”

ပြီးသွားသောအခါ ကောင်းဖန်သည် ဖိုင်ကို ပိတ်လိုက်သည်။ “ဒါဆိုရင် ဒီလောက်ပါပဲ”

အားလုံးသည် ခန်းမထဲမှ ထွက်လာလိုက်ကြသည်။ ကျန်းယွဲ့၊ ဟန့်ဖူ၊ ချန်းကျန့်၊ လိကျားရှန်တို့သာ ရှက်ရွံ့နေသော မျက်နှာများဖြင့် ထိုင်ရင်း ကျန်ခဲ့ကြသည်။

All Chapters