← Chapters

အခန်း (၃၄၁-၃၄၄)

Vol. 22 Ch. 341-344

အခန်း (၃၄၁-၃၄၄)

Vol. 22 Ch. 341-344

အခန်း ၃၄၁ အသိအမှတ်ပြုလက်မှတ်

“ကျားဘုရင်.. စိတ်လျှော့ထားပါ.. ဒီမှာ ခံတပ်တွေ လုပ်ထားတာဆိုတော့ အန္တရာယ်ကို တွက်ချက်ချိန်ဆလို့ ရပါသေးတယ်” စစ်တပ်အရာရှိ တစ်ယောက်က ပြောလိုက်သည်။

အမဲရောင်ကုတ်နှင့်လူက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။ “ရပါတယ်.. ကမ်းစပ်ရှုခင်းတွေကလည်း လှတာပဲ.. အားလပ်ရက် အပန်းဖြေတယ်လို့ပဲ တွေးလိုက်ပါမယ်” သူသည် ထို့သို့ပြောပြီး ရယ်မောနေသည်။

“သခင်လေးကောင်း.. သူက အရှေ့မြောက်ပိုင်းက ကျားဘုရင်တဲ့.. နာမည်ကြီး ကမ္ဘာ့မုဆိုး တစ်ယောက်ပေါ့” ကျန်းထဲဟွမ်က တိုးတိုး ပြောလိုက်သည်။ “ကျားဘုရင်က စိတ်ထားကောင်းပြီး လူတွေကို ကူညီတတ်တယ်ဆိုပေမယ့် သူက စိတ်တော့ သိပ်ရှည်တဲ့သူမဟုတ်ဘူး”

ကောင်းဖန်က ခေါင်းညိတ်လိုက်ပြီး ထိုလူနောက်တွင် ရပ်နေသော ကြီးမားသည့် အနီရောင်ကျားကြီးကို ကြည့်လိုက်သည်။ ကျားကြီး၏ အောက်ခံအရောင်သည် အဖြူရောင်ဖြစ်သော်လည်း မျက်နှာပြင်တွင် အနီရောင် အစင်းကြောင်းများ ဖြစ်ပေါ်နေကာ သူ၏ အရေပြားအောက်မှ မီးတောက်မီးလျှံများ ထွက်လာသလို ဖြစ်နေသည်။

[သားရဲအမည်] - ဓားသွားကျားရိုင်း

[သားရဲအဆင့်] - ၄၃ (နတ်ဘုရားအဆင့်)

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲအမျိုးအစား] - မီး

[သားရဲစွမ်းအင်] - ချွန်ထက်သော လွှသွား အဆင့် ၃၊ ကြီးမားသော ခွန်အား အဆင့် ၂၊ မီးတောက်စွမ်းရည် အဆင့် ၂

[သားရဲဖော်ပြချက်] - ဓားသွားကျားသွေးနှင့် မီးအမျိုးအစား ရတနာများကို စားသုံးလိုက်ပြီးနောက် အသွင်ပြောင်းသွားခြင်း ဖြစ်သည်။ မီးကို ထိန်းချုပ်သူ ဖြစ်သောကြောင့် ဒေါသကြီးတတ်ပြီး တိုက်ခိုက်ရသည်ကို ကြိုက်နှစ်သက်သည်။

ကောင်းဖန်က ခေါင်းညိတ်လိုက်ပြီးနောက် ကျားဘုရင်ဆီသို့ သွားလိုက်သည်။

“သခင်လေးကောင်း ကျားဘုရင်က နည်းနည်းစိတ်ဆတ်..” ထိုစကားများသည် ကောင်းဖန်တစ်ယောက် ကျားဘုရင်ကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်လိုက်သည်ကို တွေ့လိုက်ရသော‌အခါ တစ်၀က်တစ်ပျက် ရပ်တန့်သွားသည်။

“မတွေ့‌တာတောင် ကြာပြီ ကျားဘုရင်”

“ဘာကိုပြောတာလဲ.. မနေ့ညကပဲ တွေ့ထားတာလေ” ကျားဘုရင်က ပြန်ဖြေလိုက်သည်။

ကျန်းထဲဟွမ်သည် သခင်လေးကောင်းကို အခြား သားရဲလေ့ကျင့်သူ‌များနှင့် စကားပြောနေသည်ကို မြင်နေရသည်။ သူတို့သည် အချင်းချင်း အဆင်ပြေနေကြပုံပါပင်။

သားရဲလေ့ကျင့်သူများနှင့် သခင်လေးကောင်းတို့သည် သူနှင့် ဝေးရာတွင် စကားပြောနေကြသောကြောင့် ကျန်းထဲဟွမ်သည် သူတို့ပြောနေသောစကားများကို သေချာမကြားရပဲ ဖြစ်နေသည်။

ခဏကြာသောအခါ ကောင်းဖန်သည် ကျန်းထဲဟွမ်နှင့် သားရဲလေ့ကျင့်သူ အချို့ကို စစ်တပ်မှနေ၍ အခြားနေရာတစ်ခုကို ဦးဆောင် ခေါ်သွားသည်။

ကောင်းဖန်သွားတာ အနည်းငယ်ကြာသွားသောကြောင့် သားရဲလေ့ကျင့်သူအချို့သည် စုဝေးကာ စကားပြောနေလိုက်ကြသည်။

သူတို့သည် ကောင်းဖန်က စကားပြောထားသောကြောင့် ရင်းနှီးသွားကြခြင်း ဖြစ်နိုင်သလို အချင်းချင်း ရင်းနှီးနေသောကြောင့်လည်း ဖြစ်နိုင်သည်။

“ဟားဟား.. ငါကတော့ အဟားခံရမှာမကြောက်ဘူး.. ငါက အသက် ၄၀ ကျော်နေပြီ ဖြစ်ပေမယ့် ကျော်ကြားမှုနဲ့ ကြွယ်၀မှုကိုတော့ လက်မလွှတ်နိုင်သေးဘူးကွ” ကျားဘုရင်က ကျယ်လောင်စွာ ရယ်မောပြောဆိုလိုက်သည်။

“ဟေး.. ဘယ်သူကရော ဒီအခွင့်အရေးကို လက်လွတ်ခံမှာလဲ.. ကျော်ကြားမှုနဲ့ ကြွယ်၀မှုကိုက လူတိုင်းရဲ့ ရည်မှန်းချက်ပဲလေ” တောင်ပိုင်း ရှင်းကျန်မှ အင်းဆက်ဘုရင်က ပြောလိုက်သည်။

ကောင်းဖန်ကို မကြာသေးခင်က အောင်မြင်စွာ စိန်ခေါ်ထားသော အဘီဂေးလ်က နေရာတွင်သာ ရပ်နေကာ ရှက်ရွံ့စွာပြုံးလျက် ဘာမှ၀င်မပြောပေ။

“မနေ့က နေ့လည်က ပုလဲတာဝါကို သွားပြီး ကောင်းဖန်ကို စိန်ခေါ်ခဲ့တယ်.. သူကတကယ် ကတိတည်တဲ့ လူငယ်လေးပဲ.. ငါတောင် တော်တော်လေးကြိုးစားလိုက်မှ အနိုင်ရလိုက်တာ.. မင်းတွေ့တဲ့အတိုင်းပဲ သူက ဂုဏ်ပြုလက်မှတ်တောင် ပေးလိုက်သေးတယ်” ကျားဘုရင်က အားပါးတရ ရယ်မော ပြောဆိုလိုက်ကာ သူ၏ ၀တ်ရုံထဲမှ အနီရောင်စာအုပ်လေးကို ထုတ်လိုက်သည်။

အဘီဂေး၏ မျက်နှာအနေအထားသည် ပြောင်းလဲသွားပြီး သူ၏ အိတ်ထဲမှ ဂုဏ်ပြုလက်မှတ်ကို လက်ချောင်းထိပ်ဖြင့် စမ်းကြည့်လိုက်သည်။ သူသည် အလွန်စိတ်ရှုပ်ထွေးသွားသည်။

“အိုး တိုက်ဆိုင်လိုက်တာ.. ကျုပ်မှာလည်း ဂုဏ်ပြုလက်မှတ်ရှိတယ်” အင်းဆက်ဘုရင်ကလည်း အံ့ဩသွားကာ သူ၏ အိတ်ထဲမှ ဂုဏ်ပြုလက်မှတ်ကို ထုတ်ပြလိုက်သည်။

“ဘာ.. ကျုပ်မှာလည် တစ်ခုရှိတယ်” သူတို့ဘေးမှ သားရဲလေ့ကျင့်သူတစ်ယောက်ကလည်း အော်ပြောလိုက်သည်။

အဘီဂေးလ်သည် မျက်စိများပင် လည်သွားသည်။ နောက်ဆုံးပြောလိုက်သောတစ်ယောက်တွင် ကွန်မန်ဒါအဆင့် ကိုယ်ပိုင်သားရဲ တစ်ကောင်သာ ရှိသည်။ သူသည် ကောင်းဖန်ကို နိုင်စရာအကြောင်း မရှိပါပေ။

“ခင်‌ဗျားတို့က ကျုပ်ကို မယုံကြဘူးလား.. ပြမယ်.. ဒီမှာလေ ဟုတ်တယ်မလား” သူသည် ပြောလိုက်ရင်း သူ့အိတ်ထဲမှ အနီရောင် ဂုဏ်ပြုလက်မှတ်စာအုပ်လေးကို ထုတ်ပြလိုက်သည်။ အဘီဂေးလ်သည် ထိုအနီရောင်ကိုပင် မြင်ရတာ မျက်စိနောက်လာသည်။

ကျားဘုရင်နှင့် အင်းဆက်ဘုရင်တို့လည်း အံ့ဩသွားကြသည်။ သူတို့ ၃ ယောက်သည် စာအုပ်များကို ယှဉ်ကြည့်လိုက်ကြရာ နာမည်နှင့် ကိုယ်ပိုင်သားရဲများမှ လွဲ၍ ကျန်နေရာများအားလုံး တစ်ပုံစံတည်း ဖြစ်နေလေသည်။

ကျားဘုရင်က ဂိုဒီကို အနိုင်ရခဲ့ပြီး အင်းဆက်ဘုရင်က ဖလိန်မီကို အနိုင်ရခဲ့ကာ သားရဲလေ့ကျင့်သူ အငယ်တစ်ယောက်ကမိုးကြိုးမျောက်အရိုးစုကြီးကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။

“ကျုပ်ရဲ့ကိုယ်ပိုင်သားရဲက ကွန်မန်ဒါအဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် သူက အရမ်း တော်တာ.. သူ့ထက် အဆင့်မြင့်တဲ့ သားရဲတွေကိုတောင် တိုက်ခိုက်နိုင်တယ်.. ပုံမှန် နတ်ဘုရားအဆင့်ကတောင် သူ့ရဲ့ ပြိုင်ဖက် ဖြစ်မလာတာကို ကြည့်တော့” ငယ်ရွယ်သော သားရဲလေ့ကျင့်သူက သူ့‌အနောက် မလှမ်းမကမ်းတွင် ရပ်နေသော ကိုယ်ပိုင်သားရဲကို ညွှန်ပြပြီး ပြောလိုက်သည်။

၆၅ ပေခန့်အကွာတွင် အပြာရောင် တိဘက်တန် အိမ်စောင့်ခွေးကြီးတစ်ကောင်က စိုက်ကြည့်နေသည်။ သူ့ပုံစံသည် အလွန်ခံ့ညားနေပြီး သူ၏ မျိုးနွယ်ကို ဘယ်သူမှ မခန့်မှန်းနိုင် ဖြစ်နေသည်။

“တိုက်ဆိုင်လိုက်တာ” ကျားဘုရင်က သူ့နဖူးကို ပွတ်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဒါဆို အဲဒီခုနှစ်ကောင်လုံးကို ဘယ်သူအရင် စုဆောင်းနိုင်မလဲ ပြိုင်ကြမလား”

အင်းဆက်ဘုရင်ကတော့ ရိုးရှင်းသော အတွေးရှိသည့် ကျားဘုရင်ထက် ပိုပြီး အတွေးနက်နဲနေပြီး ခပ်မဆိတ် ရှိနေသည်။ သူသည် ထိုစိန်ခေါ်ပွဲကို မသင်္ကာ ဖြစ်နေလေသည်။

သူသည် စပြီးစိန်ခေါ်ခဲ့စဉ်က ခရက်ဒစ်များကို ထောင်ချီသုံးခဲ့သည်။ သူသည် အောင်မြင်မှုကို ပိုသေချာစေရန် Package ကိုပင် ၀ယ်ခဲ့‌သေးသည်။ ထိုမှသာ နတ်ဘုရားအဆင့်ကို တက်စဖြစ်သော သူ၏ ပေတစ်ထောင် ရေပုတ်သင်နီသည် ခြေတစ်ဖက်ကြိုးကြာကို တိုက်ခိုက်နိုင်မည် ဖြစ်သည်။

စိန်ခေါ်ကြေးသည် ထောင်ဂဏန်းဖြစ်ပြီး ထိုကောင်လေးသည်လည်း စိန်ခေါ်ကြေးကို ပေးရပေမည်။ သူကတော့ ထိုကောင်လေးကို သူနှင့် တူညီသည့် package ကို ၀ယ်ခဲ့မလားဟု သံသယဖြစ်မိနေသည်။ အကယ်၍ သူသည်လည်း ၀ယ်ခဲ့ပါလျှင်.. ထိုသို့သိုလျှင် ရက်အနည်းငယ် အတွင်းမှာပင် ကောင်းဖန်သည် ခရက်ဒစ် သောင်းချီရနေလောက်ပြီ ဖြစ်သည်။

ထိုကဲ့သို့ ငွေရှာနည်းသည် အလွန်လွယ်ကူသည်ဟု ထင်ရသည်။ ပွင့်လင်းစွာ ပြောရလျှင် အင်းဆက်ဘုရင်သည် အနည်းငယ်တော့ မနာလို ဖြစ်မိသည်။

သူတို့ထွက်သွားသောအခါ အဘီဂေးလ်သည် သူ၏ ဂုဏ်ပြုမှတ်တမ်းလေးကို တိတ်တဆိတ် ထုတ်ကြည့်လိုက်သည်။ သူသည် ပြောစရာစကားပင် မရှိတော့ပါချေ။ ဒီဂုဏ်ပြုမှတ်တမ်းက တန်ဖိုးမရှိဘူးလား..

“ဟေး မင်းမှာလည်း ရှိတာပဲလား” သူ့ဘေးမှ လူက မေးလိုက်သည်။

အဘီဂေးလ်သည် သူ၏ အသိအမှတ်ပြု လက်မှတ်ကို ဖွက်လိုက်ကာ လှည့်ကြည့်လိုက်ချိန်တွင် သူ့ကို စကားပြောလိုက်သည့် လူငယ်တစ်ယောက်ကို မချိုမချဉ် အပြုံးနှင့် တွေ့လိုက်ရသည်။

အဘီဂေးလ်သည် ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောလိုက်ပါချေ။

“ဟေး ညီနောင် ပွင့်ပွင့်လင်းလင်း ပြောရအောင်.. ခင်ဗျားလည်း ဒီဂုဏ်ပြုလက်မှတ်ကို ကျုပ်လိုပဲ ဝယ်ခဲ့တာ မလား” လူငယ်က ပြောလိုက်သည်။

အဘီဂေးလ်သည် ထိုလူငယ်ကို ဂရုမစိုက်သော်လည်း ထိုလူငယ်က တောက်လျှောက်လိုက်ပြောနေသည်။ “ကဲပါ.. ကျုပ်သိပါတယ်.. ခင်ဗျားက ကျုပ်နဲ့ အသက်အတူတူလောက်ပဲ ထင်ပါတယ်.. ခင်ဗျားရဲ့ ကိုယ်ပိုင်သားရဲကလည်း ကွန်မန်ဒါအဆင့်လောက်ပဲ ရှိဦးမှာပါ.. ကျုပ်၀ယ်ခဲ့ရတဲ့ အသိအမှတ်ပြုလက်မှတ်ကတော့ တော်တော်လေး ထိုက်တန်တယ်‌ဗျို့.. ခရက်ဒစ် ၃၀၀၀ လောက်ပဲ ထပ်ပေးလိုက်တာ သူက အနိုင်ပေးလိုက်တယ်လေ.. သရုပ်ဆောင်တာတော့ တော်တယ်ဗျ” ထိုလူငယ်က လက်မပင် ထောင်ပြလိုက်သေးသည်။

“နှစ်ရက်လောက်အတွင်းမှာ ကျုပ်ကတော့ မိဘတွေဆီက ရတဲ့ မုန့်ဖိုးကို သုံးပြီး နောက်ထပ် အသိအမှတ်ပြု လက်မှတ်ကို ရအောင်လုပ်ရမယ်.. ဒါမှ ကျုပ်ဆိုတဲ့ စွန်းမောက်ခိုင်က အရမ်းတော်တဲ့ သားရဲလေ့ကျင့်သူဆိုတာကို မို့တူတို့ သိသွားကြမှာ” လူငယ်သည် စိတ်ကူးများပင် ယဉ်လိုက်သေးသည်။

“မင်းမရှက်ဘူးလား.. မင်းနဲ့ အဲဒီ လက်မှတ်အတုနဲ့ ဘာကွာသေးလဲ.. ဒါက လှည့်စားတာပဲ.. ကျုပ်ကတော့ ကောင်းဖန်ကို ဉာဏ်ကြီးရှင်လို့ ထင်ထားတာ လတ်စသတ်တော့ လူလိမ်ဖြစ်နေတာပဲ” အဘီဂေးလ်သည် သည်းမခံနိုင်တော့ပါချေ။

စွန်းမောက်ခိုင်က သူ့ကို ထူးဆန်းသလို ကြည့်နေပြီးမှ ခေါင်းကို ယမ်းခါကာ ရယ်မောလိုက်သည်။ “ဒါဆို မင်းကရော မင်းလက်မှတ်ကို ဘယ်လိုရလာတာလဲ..ထားလိုက်ပါတော့ ဘယ်လိုရလာလဲတော့ မမေး‌တော့ဘူး.. ကျုပ်ကတော့ သူ့ကို ပိုက်ဆံပေးတယ်.. သူကပူးပေါင်းပေးတယ်.. ဒီတော့ ကျုပ်အတွက်တော့ လှည့်စားတာတွေ ဘာတွေမရှိဘူး.. ပြီးတော့ ကျုပ်ကတော့ သူ့ကို အရမ်းတော်တယ်လို့ ထင်မိတယ်.. စိန်ခေါ်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေ ပျံ့သွားတဲ့ အထိသာ စောင့်ကြည့်လိုက်ပါ.. သူနဲ့စိန်ခေါ်ချင်တဲ့သူတွေ ပိုတောင်နည်းသွားဦးမယ်”

သူတို့စကားပြောနေချိန်တွင် ဒုံးကျည်အချို့သည် ကောင်းကင်တွင် ပျံလာကာ မိုးကုတ်စက်ဝိုင်းထိ မီးခိုးများကျန်ကာ ကျဆင်းလာပြီး ပင်လယ်ထဲသို့ ကျသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၄၂ ကြီးမားသော ရေလှိုင်းများ

ဒုံးကျည်များသည် ပုဆိန်များလို ပင်လယ်ထဲသို့ ရွာသွန်းနေသည်။ အခြားသော လက်နက်များသည်လည်း ပင်လယ်ထဲသို့ ကျဆင်းနေသည်။ လှိုင်းလုံးကြီးများသည် ရေမျက်နှာပြင် အတော်ဝေးဝေးထိ မြောက်တက်လာကြသည်။

ပေါက်ကွဲနေသော ဒုံးကျည်များနှင့်အတူ အချို့သော ရောစပ်ထားသည့် ဆေးဝါးများကလည်း ပင်လယ်ထဲသို့ ကျဆင်းနေသည်။ ပင်လယ်ထဲတွင် အနီရင့်ရောင်များ ပြည့်နှက်သွားသည်။

အချို့သော ငါးများသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိသောအခါ ကူးခတ်ထွက်ပြေးသွားကြသည်။ အချို့သော ငါးအမျိုးအစား သားရဲများကတော့ ထိုအငွေ့အသက်ကို ရှူရှိုက်မိသောအခါ သွေးရူးသွေးတန်း ဖြစ်ကုန်ကြသည်။ ကြီးမားသော မီးသီးများလို မျက်လုံးများရှိသည့် ပန်းရောင် ရေသားရဲများကတော့ အရှေ့သို့သာ ကူးခတ်နေကြသည်။ အနီရောက်မြူခိုးသည် ပင်လယ်ထဲတွင် ပျံ့နှံ့စီးဆင်းနေသည်။

“ဟပ်ချိုး” သားရဲတစ်ကောင်သည် ကျယ်လောင်စွာ နှာချေလိုက်သည်။ ထို့နောက် သူ့အမြီးကို ယမ်းကာ အဝေးဆုံးသို့ အလျင်အမြန် ကူးခတ်သွားလိုက်သည်။

ပေါက်ကွဲမှာများကြားတွင် ကြီးမားသော အမည်းရောင် အရိပ်များသည် အလင်း၏ အလျင်ဖြင့် ထွက်ပေါ်လာကြသည်။ ရေအောက်တွင်တော့ မငြိမ်မသက်မှုများ ဖြစ်ပေါ်နေပြီး အမှိုက်သရိုက်များနှင့် ပေပွနေသည်။

ပန်းရောင်ရေသားရဲအုပ်စုကတော့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထိုအချိန်တွင် ကြီးမားသော အသံအုပ်အုပ်ကြီးနှင့်အတူ တဂျွတ်ဂျွတ်မြည်သံများသည် ပင်လယ်အောက်ခြေမှ ထွက်လာသည်။ “တစ်ခုခုပဲ.. တချို့ပုစွန်တွေ ထွက်ပြေးကုန်ကြတယ်”

အသံလှိုင်းများသည် တစ်ခုနှင့် တစ်ခုပဲ့တင်ထပ်ကာ ထွက်နေကြသည်။ “ခေါ်ထားတဲ့ အနီးအနားက ရေသားရဲတွေကတော့ ရောက်လာပြီ.. လူသားတွေက ဘာများဖြစ်ချင်နေတာလဲ”

“ပြီးတော့ ငါတို့က ဘာလို့ လူသားတွေကို တိုက်ခိုက်ရမှာလဲ.. ငါးစားရတာ မလုံလောက်ကြသေးဘူးလား.. ဒါမှမဟုတ် အစာရေစာတွေ မလုံမလောက် ဖြစ်နေကြလို့လား” အသံများသည် ပဲ့တင်ထပ်ကာ ထွက်ပေါ်နေသည်။

“အတောင်ပံပါတဲ့ သဲတီကောင် တစ်ကောင်က ငါ့ကို ကိုက်ထားတယ်.. ဒီတစ်ခါတော့ ငါသူ့ကို စားပစ်မယ်” ထို့နောက် ကြီးမားသော ပင်လယ်ငါးလိပ်ကျောက်ကြီး ထွက်ပေါ်လာပြီး မြင်ကွင်းများ ‌မှောင်မဲသွားသည်။

“သဲတီကောင် မဟုတ်ပါဘူး.. သဲတီကောင်တွေက ရေထဲမှာပဲနေတာ.. အဲဒါက ကင်းခြေများပါ” နောက်ထပ်အသံကြီးတစ်ခုက လှောင်ပြောင်သလို ပြောလိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း တီကောင်စုတ်.. နင့်ကိုလည်း မစားပစ်ဘူး မထင်နဲ့” ငါးလိပ်ကျောက်ကြီးသည် စိမ်းတောက်သော မျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။

“ဒါဆိုလည်း လာစမ်းပါ လင်းနို့ကောင်ရဲ့” ထိုအသံကြီးများသည် ပဲ့တင်ထပ်နေကြသည်။ ထို့နောက် ကြီးမားချောမွတ်ပြီး ရှည်လျားသော သတ္တဝါကြီး ထွက်ပေါ်လာသည်။ ခရမ်းရောင်နှင့် အပြာရောင် လျှပ်စစ်ကြောင်းများသည် သူ၏ ကိုယ်ပေါ်တွင် ရောင်ပြန်ဟပ်နေသည်။ သူသည် ပင်လယ်ကြမ်းပြင်တွင် တည်ငြိမ်စွာ သွားလာနေသည်။ ‌ပင်လယ်အောက်ခြေရှိ အဖြူရောင်သဲများကတော့ လျှပ်စစ်နှင့်ထိသောအခါ ဖွာသွားကြသည်။

“ရန်ဖြစ်နေတာ တော်ကြတော့ မင်းတို့တွေ ဒီလောက်တောင် တော်ကြတယ်ဆိုရင် မင်းတို့ ကုန်းပေါ်တက်ပြီး လူသား ဘယ်နှစ်ယောက်စားနိုင်လဲ သွားပြိုင်ကြည့်ကြလေ” ကြီးမားသော အသံကြီးက ပင်လယ်အောက်ခြေမှ ထွက်ပေါ်လာပြန်သည်။

ထို့နောက် ပြန်ငြိမ်ကျသွားသည်။

“သူလာနေပြီ အားလုံးပဲ အသင့်ပြင်ထားကြ”

အဝေးမှနေ၍ ပင်လယ်ရေမျက်နှာပြင်မှ အဖြူရောင် မျဉ်းတစ်ခုသည် နီးကပ်လာနေသည်။

ဒီရေတက်သံသည် တဖြည်းဖြည်းနီးကပ် ကျယ်လောင်လာသည်။ ကောင်းဖန်သည် လှိုင်းများကြားထဲတွင် ပါလာသော ပင်လယ်သားရဲများကို မြင်နေရသည်။

ပင်လယ်သားရဲအများစုသည် ရေကိုထိန်းချုပ်နိုင်စွမ်းများ ပိုင်ဆိုင်ထားကြသည်ာ။ ထို့ကြောင့် သူတို့အားလုံးသာ စုဝေးလိုက်ပါက ဆူနာမီကဲ့သို့အရာကြီးကိုပင် ဖန်တီးနိုင်စွမ်း ရှိလေသည်။

“ငါတို့ ဒီရေလှိုင်းတွေကို ဒီထက်ပိုပြီး အတက်ခံလို့ မဖြစ်တော့ဘူး.. မဟုတ်ရင် ခံတပ်တွေပြိုကုန်လိမ့်မယ်” ယန့်ချန်းစစ်တပ်ဒေသ၏ အရာရှိတစ်ယောက် ဖြစ်သော ယန်ခုကပြောလိုက်သည်။

“ဒီမှာရှိတဲ့ သူတွေထဲက အဝေးပစ်တိုက်ခိုက်မှုလုပ်နိုင်တဲ့ ဘယ်သူမဆို တက်လာတဲ့ လှိုင်းတွေကို တိုက်ခိုက်ကြပါ.. ဒုံးကျည်တွေ အမြှောက်တပ်တွေက ရေလှိုင်းရဲ့ အလယ်ဗဟိုကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားပါ”

ကောင်းဖန်က မျက်လုံးကို မှေးစင်းပြီး ကြည့်နေသည်။ သူ့ဘေးတွင်တော့ တာ့ဇီနှင့် ဖလိန်မီတို့ ရှိနေသည်။ သူတို့သည်လည်း စိတ်အားထက်သန်နေကြပြီး မျက်လုံးများသည် တိုက်ပွဲနေရာသို့ ရောက်နေကြသည်။

ကောင်းဖန်က ဖလိန်မီ၏ တင်ပါးကို ပုတ်လိုက်သည်။ “တခြား ကိုယ်ပိုင်သားရဲတွေနဲ့အတူ ‌ရေလှိုင်းတွေကို သွားတိုက်ခိုက်ပေးလိုက်ပါ”

သူသည် ခဏစဉ်းစားလိုက်ပြီးနောက် တာ့ဇီ၏ တင်ပါးကိုလည်း ပုတ်လိုက်သည်။ ထိုအခါ အမြီးမှ အပ်နှစ်ချောင်းက သူ့လက်ဖဝါးကို ထိုးမိသောကြောင့် အနည်းငယ်တော့ နာသွားသည်။ “ဖလိန်မီနဲ့ လိုက်သွားလိုက်.. အဖွဲ့လိုက်လုပ်နော် တစ်ယောက်တည်း လျှောက်လျှောက် အတင့်မရဲနဲ့”

တာ့ဇီက ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီးနောက် ဖလိန်မီနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားသည်။

ဂိုဒီသည် ခေါင်းကိုစောင်းလိုက်ကာ ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကောင်းဖန်ကို ကျောပေးကာ တင်ပါးကို မြှောက်ပေးလိုက်သည်။

သူသည် ခဏစောင့်နေသော်လည်း ကောင်းဖန်က ဘာမှမတုံ့ပြန်ပေ။ ထို့ကြောင့် ‌သူသည် မကျေမနပ်ဖြင့် ခေါင်းကို လှည့်လိုက်သည်။ “ဂွတ်”

“မင်းလုပ်တဲ့အသံက မှားနေတယ်.. ဂတ် လို့ ဖြစ်ရမှာ” ကောင်းဖန်က ဂိုဒီ၏ တင်ပါးကို ပုတ်ပေးရင်း ပြောလိုက်သည်။ ထိုအခါ ဂိုဒီသည် ကျေနပ်သွားပြီး လှည့်ထွက်သွားသည်။

ဂိုဒီသည် သူ၏ လက်ကို လှုပ်ရှားလိုက်ကာ သူ့လည်ပင်းမှ ပုတီးကြိုးကို ကိုင်လိုက်သည်။ ထို့နောက် ဂိုဒီသည် ပိုမိုနီးကပ်လာသော ရေသားရဲများကို ကြည့်နေလိုက်သည်။ သူသည် လည်ပင်းကို တစ်ချက်ချိုးလိုက်သောအခါ တဂျွတ်ဂျွတ်သံများ မြည်သွားသည်။

ထောင်ချီသော ကိုယ်ပိုင်သားရဲများသည် ကောင်းကင်တွင် ပျံသန်းနေကြသည်။ အဝေးမှ တိုက်ခိုက်နိုင်သော သားရဲအများစုသည် ကွန်မန်ဒါအဆင့် သို့မဟုတ် ထိုထက်မြင့်သော အဆင့်များ ဖြစ်ကြသည်။ သူတို့ထဲတွင် အများစုမှာ ပန်းချန်း၊ ယန့်ချန်းနှင့် အခြားဒေသမှ သားရဲများ စုဝေးနေကြခြင်း ဖြစ်သည်။ ထိုထဲတွင် နတ်ဘုရားအဆင့် သားရဲ ၅ ကောင်သည်သာ လေထဲတွင် ပျံသန်းပါ၀င်နေကြသည်။ မပျံသန်းနိုင်သော သားရဲများကတော့ မြေပြင်မှသာ ကာကွယ်နေကြသည်။

ကောင်းဖန်သည် လွန်ခဲ့သည့် နှစ်၀က်ကမှသာ နတ်ဘုရားအဆင့်သားရဲများ အများစု ပေါ်ပေါက်လာခြင်းကို သတိထားမိခဲ့သည်။ ထို့အပြင် ထိုသားရဲများ၏ အဆင့်သည် အဆင့် ၄၀ တွင်သာ တစ်နေကြသည်ကိုလည်း ရှာဖွေတွေ့ရှိထားခဲ့သည်။ သူတို့၏ စွမ်းရည်ကန့်သတ်ချက်များကြောင့် နောက်တစ်ဆင့်ကို မတက်နိုင်ကြခြင်း ဖြစ်သည်။

သားရဲများ၏ အလားအလာကို သူ၏ စွမ်းရည်ဖြင့် သတ်မှတ်လေ့ရှိကြသည်။ ဒိုင်နိုဆောတစ်ကောင်နှင့် ကျားတစ်ကောင်ကိုပင် ဥပမာ ထားကြည့်နိုင်သည်။ သူတို့ နှစ်ကောင်လုံးသည် အဆင့် ၁၀ ရှိကြသည် ဆိုလျှင်တောင် ဒိုင်နိုဆောကတော့ ပြီးပြည့်စုံအဆင့်သို့ရောက်ရန် အလားအလာပိုကောင်းနိုင်သည်။ ကျားကတော့ ပုံမှန်အဆင့်လောက်သာ ရောက်ရှိနိုင်သည်။

ကျားသည် အဆင့် ၁၀ ရှိနေပါက သူ၏ မျိုးနွယ်တွင် ထိုအဆင့်က ထိပ်ဆုံးဖြစ်နေသောကြောင့် ကန့်သတ်ချက်ကို ရောက်သွားပြီဟု ပြော၍ရသည်။ သို့သော် ကံကောင်းထောက်မ၍ အသွင်ပြောင်းခြင်း ဖြစ်ခဲ့ပါက အဆင့် ၁၀ ထက်လည်း ကျော်နိုင်ပေသည်။

ဒိုင်နိုဆောတစ်ကောင်ကတော့ အနည်းဆုံး ကွန်မန်ဒါအဆင့်ထိ ရောက်နိုင်သည်။ ကွန်မန်ဒါအဆင့်သို့ ရောက်သွားသောအခါတွင်တော့ သူ၏ အဆင့်သည် ပြီးပြည့်စုံအဆင့်မှ အလွန်ကောင်းအဆင့်သို့ ပြန်ကျသွားနိုင်သည်။ သို့သော် သူသည်လည်း ကံမကောင်းပါက ကျားကဲ့သို့ပင် ထိုအဆင့်တွင် တစ်သွားပြီး အဆင့်ဆက်မြှင့်နိုင်တော့မည် မဟုတ်ချေ။

အကယ်၍ အလွန်ကောင်းအဆင့် သားရဲတစ်ကောင်ကို ကောင်းကောင်းလေ့ကျင့်နိုင်လျှင်တော့ နောက်တစ်ဆင့်တက်ဖို့ ဖြစ်နိုင်သည်။ သို့သော် သာမာန်အဆင့် သားရဲအတွက်တော့ မည်မျှပင် လေ့ကျင့်ပါစေ အဆင့်ဆက်တက်နိုင်မည်မဟုတ်ဟု ကောင်းဖန် ထင်မိသည်။ သူသည် အတွေးဇာချဲ့မိနေသည်။

အခုချိန်သည် ကပ်ဆိုးကြီးအပြီး လေးနှစ် ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် အမှန်တရားအတွက် စာအုပ်များကိုသာ အားကိုး၍ မရတော့ပေ။ ထိုအမှန်တရားများသည် ဆယ်စုနှစ်တစ်ခုအတွင်း သီအိုရီအသစ်များအဖြစ် ပြောင်းလဲသွားတော့မည် ဖြစ်သည်။

ပင်လယ်ထဲတွင် သေးငယ်သော မျက်လုံးလေးတစ်စုံသည် သူတို့ အထက်တွင် ပျံသန်းနေသော တာ့ဇီသည် စိုက်ကြည့်နေသည်။ ထို့နောက် ထိုမျက်လုံးပိုင်ရှင် သားရဲလေးတစ်ကောင်သည် အောက်သို့ ဖြည်းဖြည်းချင်း ဆင်းချသွားကာ ရေသားရဲအုပ်ကြားတွင် ပုန်းနေလိုက်သည်။

တာ့ဇီသည် ကောင်းဖန်၏ မုန့်များကို ခိုးစား၍ မိသွားသကဲ့သို့ တုန်လှုပ်သွားသည်။ သူသည် ခေါင်းကို ရမ်းလိုက်ကာ သူ၏ အောက်မှ သားရဲအုပ်များဆီ စိုက်ကြည့်နေလိုက်သည်။ တစ်စုံတစ်ယောက်ကတော့ ဉာဏ်ကောင်းသော တာ့ဇီကို ပစ်မှတ်ထားလိုက်ပြီပင်။

တာ့ဇီသည် မသိမသာ အမြင့်ကို ပျံလိုက်သည်။ သူ၏ တောင်ပံတွင် လျှပ်စစ်လုံးတစ်ခု ဖြစ်လာကာ ရေသားရဲများထံ လှံတံတိုများအဖြစ် စိုက်ချတော့မည့်ပုံ ပြောင်းလဲသွားသည်။

ထိုလှံတံများသည် စွမ်းအင်များ ပိုပြည့်လာသောအခါ တာ့ဇီသည် အနည်းငယ် ပိုတိုသော လှံတံများအဖြစ် ဖန်တီးလိုက်သည်။

မြေပြင်နှင့် ဝေဟင်ဆီမှ တိုက်ခိုက်မှုများသည် အကျိုးသက်ရောက်မှုတော့ များစွာ ရှိနေသည်။ ရေသားရဲ အတော်များများသည် လှိုင်းများနှင့်အတူ ချီတက်နေရာမှ အရှိန်အတော်လေး လျော့ကျသွားသည်။ ဒုံးကျည်များဒဏ်ဖြင့် သေကျေပျက်စီးသွားကြသော ရေသားရဲများလည်း ရှိနေသည်။ အချို့ကတော့ ဒဏ်ရာများ ပြင်းထန်စွာ ရသွားကြသည်။ သူတို့၏ အလောင်းများသည်ပင် ထူးဆန်းသော ပုံပန်းသဏ္ဍာန်ရှိနေကြသည်။

အချို့ရေသားရဲများကတော့ အရေခွံများလန်နေကြပြီး သွေးများစီးကျနေကြသည်။ သွေးများစီးကျနေသည့် ဒဏ်ရာများသည် အေးမြသော ပင်လယ်ရေနှင့် ထိတွေ့သောအခါ ဝါညစ်ညစ် အရောင်များ ဖြစ်နေကြသည်။

ထက်မြက်သော လက်နက်များနှင့် အဖြတ်ခံထားရသော ရေသားရဲများလည်း ရှိနေကြသည်။ သူတို့၏ ဒဏ်ရာများကတော့ ရေစီးဆင်းအားနှင့် ချောမွတ်နေကြသည်။

အချို့သားရဲများကတော့ မီးသွေးရောင်အသွင် လောင်ကျွမ်းထားကြပြီး အသားစိုင်များ ပေါ်နေကြသည်။

ပင်လယ်ရေ မျက်နှာပြင်သည် မြင့်တက်နေဆဲ ဖြစ်ပြီး လှိုင်းများကလည်း ကြီးမားနေဆဲ ဖြစ်သည်။ ပေ ၂၀ ခန့်ရှိသော လှိုင်းကြီးများသည် ရေများကျဆင်းနေသော နံရံကြီးလို ဖြစ်နေသည်။ ရေမျက်နှာပြင် မြင့်တက်လာသောကြောင့် ပင်လယ်ကြီးသည်ပင် စောင်းနေသလို ဖြစ်နေသည်။ များပြားလှသော ရေသားရဲများကတော့ ရေလှိုင်းများကို ဖန်တီးနေကြဆဲ ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၄၃ ငါးရှဉ့်ဘုရင်

ဆူနာမီက တာတမံကို ရိုက်ခတ်လာပြီး မြေပြင်ကြောက်မက်ဖွယ်တုန်လှုပ်သွားတာကို ခံစားလိုက်ရသည်။ ထိုအရာသည် အလွန်ကြီးမားသော ကမ္ဘာတိုက်ကြီး ၂တိုက်က ဖြည်းညင်းစွာနဲ့ ပြင်းပြင်းထန်ထန် တိုက်မိသွားသည်နဲ့ ဆင်တူသည်။ ဂိုဒီက ဘိလပ်မြေခင်းထားတဲ့မြေထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မြှုပ်နေတဲ့ သူရဲ့ဘယ်ခြေထောက်ကို ဆောင့်လိုက်သည်။ သူလက်များကို ခိုင်မာစွာတွဲထားပြီး ၁၀ပေရှည်ကာ စွမ်းအားအလင်တန်းများဖြာထွက်နေသော သူ့ခန္ဓာကိုယ်နှင့် ကောင်းဖန်ကို သူ့နောက်တွင် ကာကွယ်ပေး ထားသည်။

ပြင်းထန်သော လှိုင်းလုံးများကြောင့်ပင်လယ်သားရဲအတော်များများ ကမ်းခြေပေါ်ရောက်လာကြသည်။ သန်မာတဲ့ခရုကွေးတစ်ကောင်က သံမဏိရထားလုံးလို ဂိုဒီရပ်နေတဲ့နေရာကို ပြေးလာနေသည်။ ဂိုဒီ့လက်များက မလှုပ်ရှားပေ။ သူက ဘယ်ဖက်အတောင်ဖျားကို ဆုပ်ကိုင်ထားပြီး အတောင်ဖြင့်လှမ်းတိုက်လိုက်သည်။

ပြင်းထန်သောလေက ပင်လယ်လှိုင်းဖြင့် တိုက်ခတ်မိသွားသည်။ ခရုကွေး ရုတ်တရတ် ရပ်သွားပြီး ခဏအကြာတွင် အပိုင်းပိုင်းပေါက်ကွဲထွက်သွားသည်။ ဂိုဒီသူ့ရဲ့အတောင် ၂ဖက်လုံးကို ဖြန့်ထုတ်လိုက်သည်။ ၂၅ပေလောက်ရှည်သော ဧရမအစိမ်းရောင်ဂဏန်းကြီးက လက်များကို ယမ်းရင်း ဂိုဒီ့ကို ခပ်ပြင်းပြင်းဝင်တိုက် လိုက်သည်။ ဂိုဒီ၏ညာလက်မောင်းက ဂဏန်းရဲ့ လက်မ ၂ခုကြားအဟလေးကနေ ထွက်သွားပြီး ဂဏန်း၏မျက်နှာ ကို အားပြင်းပြင်းထိုးချလိုက်သည်။

မျက်လုံး၊နှာခေါင်းနဲ့ ခြေလက်များက ထိုးချက်ကြောင့် ကြိတ်ထားသောအသားလို တစစီဖြစ်သွားသည်။ ထို့နောက်ကျန်လက်တစ်ဖက်ဖြင့် ဂဏန်းလက်မကို ကိုင်ပြီး တခြား ပင်လယ်သားရဲများကို လိုက်ရိုက်တော့သည်။ အရွယ်အစားအရ ဂိုဒီက သိပ်မကြီးပေ။ သို့သော် ကြောက်စရာစွမ်းအားများ အပြည့်ဖြစ်သည်။ မြင်ရသည့်မြင်ကွင်းက ရယ်စရာလိုဖြစ်နေပြီး အမှန်ဖြစ်နေတာလို့ မထင်ရချေ။

ပုဇွန်က လှိုင်းများကိုဖြတ်၍ ဒိုင်ဗင်အားကစားသမားလို ကူးခတ်ရင်း ဂိုဒီမမြင်နိုင်သည့်ထောင့်ကနေ ကောင်းဖန်ကို တိုက်ခိုက်ရန် ကြံရွယ်နေသည်။

ကောင်းဖန်၏နောက်တွင် တိတ်တိတ်ဆိတ်ဆိတ်ရပ်နေသော ဒန်ဘီက ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီးပုဇွန်ခေါင်းကို ပေါက်ထွက်သွားအောင် ထိုးဖောက်လိုက်သည်။ ထို့နောက် အရေးမပါသောကိစ္စလေးကို လုပ်လိုက်သလို လက်ကို မူလနေရာပြန်ထားလိုက်သည်။

ချက်ချင်းဆိုသလိုပင် ၂ထပ်တိုက် အမြင့်လောက်ရှိသော ပေ၂၀ခန့် လှိုင်းလုံးတစ်လုံးပေါ်လာသည်။ ဂိုဒီမျက်လုံး များ တောက်ပသွားသည်။ ဒါသူ့ရဲ့ လျို့ဝှက်စွမ်းအင်၊ လျို့ဝှက်ပုံစံ၊ အခြေခံလေဟာနယ်နေရာပင်။

အပြာရောင်ပုံစံကွက်က စက္ကန့်ပိုင်းအတွင်း အသက်ဝင်လာပြီး အလင်းရောင်နဲ့ အလင်းတန်းများကို ထုတ်လွှတ် နေသည်။ ရေစက်အချို့ လှိုင်းထိပ်နားတွင် ဝေ့ဝဲနေပြီး ခဏတွင်းချင်းတွင်ပင် မမြင်ရသော အားတစ်ခုက ဆွဲလိုက်သလို ရပ်တန့်သွားသည်။ မြေဆွဲအားနဲ့ တွန်းကန်အားတို့တွေ့သောအခါ ရှုပ်ထွေး၍ဆန့်ကျင်ဖက် ဖြစ်နေသောအားက ရေစက်များကို ဘာမှန်းမသိဖြစ်သွားစေသည်။ ထို့ကြောင့် မြူအဖြစ် ရေစက်များက ပေါက်ကွဲကုန်ကြသည်။

လှိုင်းများပြန်ဆုတ်သွားပြီးပြီးချင်းတွင်ပဲ ကျန်နေသောလှိုင်းများ၏ လှုပ်ရှားမှုမရှိခြင်းက တဖက်ကအားနဲ့ တိုက်မိပြီး အချိန်တွေ ရပ်တန့်သလိုဖြစ်သွားသည်။ သို့သော်ဒါက မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်းမျိုးသာ ဖြစ်သည်။

ကြီးမားသောရေလှိုင်းများက ကောင်းကင်သို့ မြင့်တတ်လာသည်။ ဂိုဒီနဲ့ပတ်လည် ပေ၃၀အတွင်း ရှိသော လေဟာနယ်နေရာတွင် ရှိသော ဒြပ်စင်အားလုံးဖယ်ရှားခံလိုက်ရသည်။ ပင်လယ်ရေက ပင်လယ် သားရဲများ၏ ထိန်းချုပ်ခြင်းခံနေရပြီး ရေဒြပ်ဆင်များ ဖြန့်ကျက်ကူးစက်ခံနေရသည်။ ရေက ရေဒြပ်ဆင်ဖြစ်လာပြီ ဖြစ်သည်။

ရေငွေ့များကလှိုင်းပုံစံမြင့်လာပြီး ရေသားရဲများ ဒီနေရာအတွင်းက ဒြပ်ဆင်တွေအပေါ် ထိန်းချုပ်နိုင်စွမ်း ချက်ချင်းပျောက်သွားသည်။ဆန့်ကျင်ဖက်အား၂ခုတွေကြတဲ့အခါ တချို့အားနည်းတဲ့ ပင်လယ်သားရဲအချို့ မေ့မြောကုန်ကြသည်။

အနက်ရောင်ခေါင်းကြီးက ဂိုဒီဆီကို အထိန်းအကွပ်မဲ့နေသော ရထားကဲ့သို့ အရှိန်နဲ့တိုးသွားနေသည်။ ဒန်ဘီက ခံစားချက်မရှိသောမျက်နှာဖြင့် ကြည့်လိုက်သည်။ သို့သော် သူ့နှလုံးသားကတော့ ပြင်းထန်စွာခုန်နေသည်။ သားရဲကြီးက ရုတ်တရတ် ရပ်တန့်သွားပြီး ကြွက်သားများ တောင့်တင်းသွားသည်။ သွေးစီးဆင်းမှု နှေးသွားပြီး အရှိန်လျော့သွားသည်။ ဂိုဒီက သူလက်၂ဖက်ကိုသုံးပြီး သားရဲ၏ခေါင်းကို တားလိုက်သည်။ သို့သော် အရှိန်ပြင်းပြင်းကြောင့် နောက်သို့ယိုင်သွားပြီး မြေပေါ်တွင် လိမ့်သွားသည်။

[သားရဲအမည်] - ငါးရှဉ့်ဘုရင်

[သားရဲအဆင့်] - အဆင့် ၄၃ (နတ်ဘုရားအဆင့်)

[သားရဲစွမ်းရည်] - သာမာန်

[သားရဲအမျိုးအစား] - ရေ/လျှပ်စစ်

[သားရဲ ကျွမ်းကျင်မှု] - ရေကျွမ်းကျင်ခြင်း အဆင့် ၂၊ လျှပ်စစ်ကျွမ်းကျင်ခြင်း အဆင့် ၃၊ အရေပြား အဆင့် ၁

[သားရဲအခြေအနေ] - ကျန်းမာ

[သားရဲဖော်ပြချက်] - ပင်လယ်လျှပ်စစ်ငါးရှဉ့်ကနေ ဆင့်ကဲပြောင်းလဲ၊ကျောက်တန်းများကြားနေထိုင်ရသည်ကို ကြိုက်သည်။ ခန္ဓာကိုယ်၃၂ပေအရှည်ရှိပြီးလျှပ်စစ်ထုတ်နိုင်။

[ပိုကောင်းတဲ့အရည်အသွေးဖြစ်ရန် လိုအပ်ချက်] - ၁.မိုးကြိုးဆင့်ကဲပြောင်းလဲခြင်း (လျှပ်စစ်နတ်ဆိုးအရိုးငါးရှဉ့်) ၂. ပင်လယ်ဆင့်ကဲပြောင်းလဲခြင်း (ရှေးဟောင်းပင်လယ်ငါးရှဉ့်)

ငါး ရှဉ့် ဘုရင်၏ခန္ဓာကိုယ်ကမဲနက်နေပြီး အပြာရောင်အစင်းများနဲ့ ဖုံးအုပ်ထားသည်။ ဆူးတောင်များက ကြီးမားဖွံ့ဖြိုးသည်။ ဒါပေမယ့်အခုတော့ ခေါင်းကနေစလို ပေ ၃၀ လောက်ထိ တခြမ်းက ဘာလျှပ်စစ်အရိပ်အယောင်မှ ရှိမနေ။ သို့သော်ပင်လယ်အောက်က ဖုံးထားတဲ့ ပေ ၃၀ အပိုင်းတွင်တော့ အလင်းတန်းထုတ်လွှတ်နေပြီး ပင်လယ်ဧရိယာအတော်ကြီးကြီးကို လင်းနေစေသည်။

ဘာကြောင့် တဝက်ကပဲ လျှပ်စစ်ထုတ်နိုင်ပြီး ကျန်တဲ့တဝက်က မထုတ်နိုင်တာလဲဆိုတာ ပဟေဠိဖြစ်စရာပုံ ပေါ်နေသည်။ ဒန်ဘီက ကောင်းဖန်ကျော်ပေါ် ခုန်တတ်လိုက်ပြီး အမြီးရိုးဓားကို ညာလက်ဖြင့်ဆွဲထုတ်လိုက်သည်။ ဘယ်လက်ဖြင့် ငါးရှဉ့်ဘုရင်၏ခေါင်းကို ကိုင်ထားပြီး ညာလက်ဖြင့် ခေါင်းကို ဓားနဲ့ဖြတ်ချလိုက်သည်။

သွေးများနေရာအနှံ့သို့ ပက်ဖြန်းလိုက်သလိုဖြစ်သွားသည်။ နာကျင်စွာနဲ့ ငါးရှဉ့်ဘုရင်က အမြီးကိုတွန့်လိုက်ပြီး ထွက်ပြေးရန် ရုန်းကန်သည်။ ဒန်ဘီက ခေါင်းကိုနာကျင်စွာ ယမ်းလိုက်ရင် ရှေ့သို့ ၂လှမ်းမြန်မြန်တိုးလာသည်။ မသိလိုက်စွာနဲ့ပဲ ဂိုဒီက ဆန့်ကျင်ဖက်နားတွင်ရပ်နေသည်။ ဒန်ဘီက ငါးရှဉ့်ဘုရင်၏ ခေါင်းကို ကြမ်းတမ်းစွာ ထိုးလိုက်သည်။ ငါးရှဉ့်ဘုရင်က ခေါင်းကို မလှုပ်နိုင်ပဲ နာကျင်မှုကို ပြင်းထန်စွာခံစားနေရသည်။

သူ့အမြီးနောက်တွင် မိုးကြိုးများဖြစ်ပေါ်လာပြီး ကောင်းကင်ကနေ ဂိုဒီနဲ့ ဒန်ဘီရှိရာဆီ ဦးတည်လာနေကြသည်။ သို့သော် ဂိုဒီနဲ့ ပေ ၃၀ ပတ်လည်နားရောက်လျှင် မိုးကြိုးက နောက်ပြန်ဆုတ်သွားသည်။ ဒြပ်ဆင်ကိုထိန်းချုပ်နိုင် စွမ်း မရှိသည့်အတွက် ငါးရှဉ့်ဘုရင်မှာ သာမာန် ခန္ဓာကိုယ်ကြီးသည့် ပင်လယ်သားရဲမျှသာဖြစ်သွားသည်။

လက်ရွေးစင်အရည်အသွေး နတ်ဘုရားအဆင့်သားရဲ ၂ ကောင်က သာမာန် နတ်ဘုရားအဆင့်ကောင်ကို သူတို့စိတ်ကြိုက် အနိုင်ယူနိုင်သည်။ ကောင်းဖန် နှာချေလိုက်ပြီး ခေါင်းငုံ့ကာ နှာခေါင်းကိုပွတ်လိုက်သည်။ သူပြန်မော့လိုက်သည့်အချိန်တွင် သာမာန် နတ်ဘုရားအဆင့် လျှပ်စစ်ငါးရှဉ့်က သေဆုံးနေပြီဖြစ်သည်။

ပင်လယ်မျက်နှာပြင်က ပြန်ငြိမ်သက်သွားပြန်သည်။ တကယ့် ဆူနာမီအစစ်က ကုန်းပေါ်က အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ တိတိကျကျပြောရရင် ဒါက ဆူနာမီအပြည့်အဝမဟုတ်သေး တစ်ခါတိုက်ခိုက်ခံရရုံ မျှသာဖြစ်သည်။ ဒါပေမယ့် ဒီကြီးမားတဲ့ လှိုင်းက မြေပြင်ကိုတော့ ပြောင်းလဲစေသည်။

ကောင်းဖန်ခေါင်းငုံ့ပြီး သူ့ဒူးနားရောက်နေသည့် ပင်လယ်ရေကို ကြည့်လိုက်သည်။ ဒါက ပင်လယ်သားရဲများကို တိုက်ခိုက်ရန် သင်တော်တဲ့ ပတ်ဝန်းကျင်မဟုတ်ပေမယ့် သူ့ပိုင်နက်အနေနဲ့ မြေပြင်အသာစီးရမှုတော့ရှိသည်။ အရင်ကတည်ဆောက်ထားခဲ့သော ခံတပ်ကတော့ ပျက်စီးနေပြီ ဖြစ်သည်။

တည်ငြိမ်သော ရေမျက်နှာပြင်ထက်တွင် ကြီးမားသော အရိပ်မည်းကြီးသည် ပင်လယ်အောက်ခြေကြမ်းပြင်မှနေပြီး တဖြည်းဖြည်းတက်လာနေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၄၄ ပင်လယ်၏ အပန်းဖြေစခန်း

ထိုသားရဲကြီးသည် ပင်လယ်ကြမ်းပြင်တွင် နှစ်ပေါင်းသန်းချီ မြုပ်နေခဲ့ရာမှ လူသားများရှေ့မှောက်တွင် ပြန်လည် ပေါ်ပေါက်လာပြီးနောက် ပြန်လည် ဆင်းသက်သွားသလိုပင်။

ပင်လယ်သားရဲကြီးသည် နက်ရှိုင်းသော ပင်လယ်ထဲသို့ ဖြည်းဖြည်းချင် ပြန်နစ်မြုပ်သွားသည်။ သူ၏ လှုပ်ရှားမှုကြောင့် ကြီးမားသော လှိုင်းလုံးကြီးများ တစ်ဖန် ဖြစ်ပေါ်လာပြန်သည်။

လှိုင်းများသည် တလိမ့်လိမ့်တက်နေသည်။ ကြီးမားသော ရေလှိုင်းကြီးများသည် ရေတံခွန်ကြီးလို ကြောက်မက်ဖွယ်အသံများ မြည်ဟီးနေသည်။

ထိုရေလှိုင်းများတွင် အဝါဖျော့ရောင်၊ အစိမ်းရင့်ရော၊ ပန်းဖြူရောင်များ ပါ၀င်နေပြီး ကြည့်ရသည်ပင် လှပနေသည်။

ထိုသားရဲကြီး ပေါ်လာခဲ့စဉ်က ကြီးမားစူးရှသော အသံကြီး ထွက်လာခဲ့ရာ အချို့သော လူများသည်ပင် နားများကို ပိတ်ကာ မြေတွင် ၀ပ်လိုက်ရသည်။ သူတို့နားတွင် ထောင်ချီသော အော်သံများဖြင့် ပြည့်နေသလိုပင်။

ပင်လယ်ရေသည် မတည်မငြိမ် ဖြစ်နေပြီး လှိုင်းများ ပုံစံမျိုးစုံဖြစ်ပေါ်နေသည်။ တုန်ခါမှုများသည်လည်း အဆုံးမသတ်နိုင်တော့ပေ။ ပင်လယ်ရေ မျက်နှာပြင်ထက်တွင် ရေများရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။

ရုတ်တရတ် ကြည့်လိုက်လျှင် ထောင်ပေါင်းများစွာသော ငါးများသည် ရေပြင်ပေါ်တွင် ခုန်ပေါက် ကူးခတ်နေသလို ဖြစ်နေသည်။

“ဘာကြီးလဲ” တစ်ယောက်က ကြောက်လန့်စွာ ရေရွတ်လိုက်သည်။

“ဒါကြီးကတော့ သားရဲ မဟုတ်လောက်ဘူးမလား”

ကောင်းဖန်သည် အသက်ကို ၀၀ ရှူလိုက်ကာ ပင်လယ်ထဲမှ ထွက်ပေါ်လာသော ကြီးမားသော သားရဲကြီး၏ ခန္ဓာကိုယ်အစစ်ကို စူးစိုက်ကြည့်လိုက်သည်။

ကောင်းဖန်၏ အမြင်အာရုံထဲတွင် အချက်အလက်များ ပေါ်လာသည်။

[သားရဲအမည်] - သန္တာကျောက်တန်းသားရဲဘုရင်

[သားရဲအဆင့်] - အဆင့် ၅၁ (ဘုရင်အဆင့်)

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ

[သားရဲအမျိုးအစား] - ရေ/‌မြေ

[သားရဲစွမ်းအင်] - ကြီးမားသော မျိုးပွားမှု အဆင့် ၃၊ ပြန်လည် ကုစားနိုင်စွမ်း အဆင့် ၂၊ ခန္ဓာကိုယ်မာကျောမှု အဆင့် ၃၊ ကြီးမားသော စိတ်ဝိဉာဉ်အဆင့် ၄၊ ရေစွမ်းရည် အဆင့် ၃၊ မြေစွမ်းရည် အဆင့် ၃

[ထူးခြားသော ဝိသေသ လက္ခဏာများ] - သန္တာရေများ (သားရဲ၏ ကိုယ်သည် သက်ရှိ သက်မဲ့ သန္တာကျောက်တန်းများနှင့် ပြုလုပ်ထားသည်။ အသွင်ပြောင်း သန္တာကျောက်တန်းများ တစ်ခုချင်းစီတိုင်းတွင် ထူးခြားသော တည်ဆောက်ပုံများ ရှိကြသည်။ သူတို့ပတ်၀န်းကျင်တွင် ရှိသော ရေသတ္တဝါများအတွက် အကျိုးရှိသော ဂေဟစနစ်ကို ဖန်တီးပေးနိုင်သည်။

အကျိုးသက်ရောက်မှု ၁ - သန္တာကျောက်တန်းဘုရင်၏ ခန္ဓာကိုယ်နားတစ်ဝိုက်တွင် ရေသတ္တဝါများသည် စုဝေးကြသောကြောင့် လွန်စွာကြီးမားသော သဏ္ဍာန်ကြီး ဖြစ်ပေါ်စေသည်။ သူ၏ နယ်ပယ်အတွင်းတွင် ရှိနေသော ရေသားရဲများအားလုံးသည် ထိခိုက်ဒဏ်ရာ ရခဲ့လျှင်တောက် အလျင်အမြန်ပျောက်ကင်းနိုင်သည်။ တစ်ချိန်တည်းမှာပင် ပျော်ရွှင်ပြီး သက်သောင့်သက်သာ ရှိမှုကို ခံစားရစေသည်။

သက်ရောက်မှု ၂ - အနီးအနားတွင် ရှိနေသော သက်ရှိများကို စားသုံးကာ ကုစားပေးချင်သော အရာကို ကုစားပေးနိုင်သည်။ သို့သော် ထိုအရာသည် သူနှင့် အနီးအနားတွင်သာ ရှိရမည်။

[သားရဲပျော့ကွက်] - ၁။ ကုန်းပေါ်သို့ မတက်နိုင်ပါ ၂။ ရေထဲမှ ထွက်လိုက်သည်နှင့် တဖြည်းဖြည်း အသက်သေဆုံးသွားမည် ဖြစ်သည်။ ၂။ သူသည် အလွန်မနှေးသော်လည်း အရမ်းတော့ ပေါ့ပါးသွက်လက်မှု မရှိပေ ၃။ သူ့တွင် ပစ်မှတ်ကို အရှိန်မြှင့်တိုက်ခိုက်ပြီး အန္တရာယ်ပြုနိုင်စွမ်းတော့ မရှိပေ။

[သားရဲဖော်ပြချက်] - သန္တာကျောက်တန်းများသည် မရေတွက်နိုင်သော သန္တာကောင်များနှင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ရေနေသတ္တဝါများ သေဆုံးသောအခါတွင်လည်း သန္တာကျောက်တန်းများ ဖြစ်သွားကြသည်။ သန္တာကျောက်တန်းများပေါ်မှ ကပ်ပါးကောင်များသည် အချိန်ခြားကာ ငယ်ရွယ်သော အကောင်လေးများကို ထုတ်လွှတ်နေကြသည်။ ထိုအကောင်ငယ်လေးများသည် ရေထဲတွင် သန္တာကောင်အသစ်လေးများ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ မူလသန္တာကျောက်တန်းကြီးတွင် တစ်ဖန်ပြန်လည် တည်ဆောက်ရင်း ပိုပိုကာ ကြီးမားကျယ်ပြန့်လာခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်သည် အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဖြစ်နေကာ နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ အလွှာတစ်လွှာပြီး တစ်လွှာ ထပ်လာကြသည်။ ဖြစ်ပေါ်လာသော အကောင်သစ်များသည် တဖြည်းဖြည်းချဲ့ထွင်လာကြသောကြောင့် ထိုကဲ့သို့ ကြီးမားသော သားရဲကြီး ဖြစ်လာနေခြင်း ဖြစ်သည်။ တစ်နေ့တွင်တော့ ထိုသားရဲကြီးသည် အသိဉာဏ်ရှိသော သက်ရှိတစ်ခု ဖြစ်လာမည်ပင်။ လူသားတို့၏ လုပ်ရပ်‌‌များကြောင့် ရေထုညစ်ညမ်းလာမှုကြောင့်လည်း သန္တာကျောက်တန်း ဘုရင်သည် လူသားများကို မုန်းတီးခြင်း ဖြစ်ပေါ်လာနိုင်သည်။

ကောင်းဖန်သည် ထိုကဲ့သို့ ဆက်လက်တွေးတောမိနေသည်။ ထိုကြီးမားသော အရာကြီးသည် သက်ရှိ သက်မဲ့များပေါင်းစည်းရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။

ထိုကဲ့သို့ သက်ရှိများ ပေါင်းစပ်နေရာမှ ကြီးမားသော ခန္ဓာကိုယ်ကြီး ဖြစ်ပေါ်နေရာ သူ၏ ခွန်အားသည်လည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားနိုင်လေသည်။

ထိုသို့သာဆိုလျှင် သူပင်မက တာ့ဇီအပါအ၀င် အခြားသူများအားလုံး ကမ်းခြေသို့ အသက်ရှင်လျက်ပင် ပြန်လာနိုင်တော့မည် မဟုတ်ပေ။

ထိုအကောင်ကြီး မတ်တပ်တစ်ချက် ထရပ်လိုက်လျှင်ပင် သူတို့အားလုံးသည် ခြင်များရိုက်သတ်ခံလိုက်ရသလို ချက်ချင်း ဖြစ်သွားမည်ပင်။

သန္တာကျောက်တန်းဘုရင်၏ ခွန်အားသည် တိုက်ခိုက်ဖို့အတွက်တော့ မဟုတ်ချေ။ ထို့အပြင် အဆင့် ၃ သာရှိသော ဘုရင်အဆင့်သားရဲသည် ပိုကောင်းသောအဆင့် ရှိသည့် နတ်ဘုရားအဆင့်သားရဲနှင့် ယှဉ်နိုင်မည်ပင် မဟုတ်ချေ။

သူ၏ ကြောက်မက်ဖွယ်အကောင်းဆုံးအရာ ကတော့ မျိုးပွားနိုင်မှုစွမ်းရည်နှင့် ဆက်သွယ်နိုင်စွမ်းမြင့်မားမှုတို့ကြောင့် ဖြစ်သည်။ သူသည် ရှေ့တန်းတွင်နေကာ တိုက်ခိုက်မှုကို ဦးဆောင်နိုင်စွမ်း ရှိလောက်သည်။

ထိုသားရဲကြီးကို တစ်ယောက်ယောက်ကများ သတ်နိုင်ခဲ့ပါက သူ၏ ကျောပေါ်တွင် ဌာနချုပ်တစ်ခုဆောက်ကာ ကျွန်းကြီးတစ်ခုသဖွယ်ပင် ဖြစ်သွားနိုင်သည်။ ထိုအခါ များစွာသော ရေသားရဲများကိုလည်း စုဆောင်းနိုင်လိမ့်မည်။ သမုဒ္ဒရာကြီးတစ်ခုလုံးကိုပင် ထိုအပေါ်တွင်စီးကာ ဖြတ်သန်းသွားလာနိုင်လိမ့်မည်။

တိတိကျကျပြောရလျှင် ထိုအရာကြီးသည် သယ်ယူပို့ဆောင်းရေး ယာဉ်ကြီးလို ဖြစ်နေပေမည်။

သူ့ချည်းပဲဆိုလျှင်တော့ တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း တိုက်ပွဲတွင်တော့ ရွေ့လျားခံတပ်ကြီးလို၊ ထောက်ပံ့ရတပ်ကြီးလို စစ်ကူကြီးလို စွမ်းဆောင်နိုင်ပေလိမ့်မည်။

ကောင်းဖန်သည် အနည်းငယ်ပင် မနာလို ဖြစ်မိသည်။ ထိုသားရဲကြီးနှင့် သွေးစာချုပ်ချုပ်မည်ဆိုလျှင်လည်း ထိုသူတွင် ကြီးမားသော ဝိဉာဉ်စွမ်းအင် ရှိရမည် ဖြစ်သည်။

ထိုသားရဲသည် နှမြောစရာလည်း ကောင်းလှသည်။ သူနှင့် သွေးစာချုပ်ချုပ်နိုင်ပါက ရရှိလာနိုင်မည့် စွမ်းအင်သည် လွန်စွာ ကြီးမားနိုင်သည်။ ထိုစွမ်းအားနှင့်ဆိုလျှင် သူ့အပေါ် သစ္စာရှိထားပြီး ဖြစ်သော အင်ပါယာအဆင့် ကိုယ်ပိုင်သားရဲကိုပင် လေ့ကျင့်နိုင်မည် ဖြစ်သည်။ ကောင်းဖန်သည် အတွေးနက်နေမိသည်။

“ဘာကြီးလဲဟ.. ကျွန်းကြီးလား” စစ်သားတစ်ယောက်က ပြောလိုက်သည်။

“မဟုတ်ဘူး သန္တာကျောက်တန်းကြီး ထင်တယ်”

“သန္တာကျောက်တန်း ဟုတ်လား ဒါဆို ဒီသန္တာကျောက်တောင်ကြီးက အသက်ရှိနေတယ်ပေါ့”

“ကျောက်ရုပ်တွေတောင် အသက်ရှိလာသေးတာပဲကွာ.. သန္တာကျောက်တန်းတွေ အသက်ရှိလာတာရော ဘာဆန်းသေးလဲ” အဖြူရောင်ကုတ်နှင့် လူတစ်ယောက်က ပြောလိုက်သည်။

“မင်းပြောတာလဲ ဖြစ်နိုင်ပါတယ်”

“ဒါပေမယ့် သန္တာကျောက်တန်းက အသက်ရှိလာတယ်ဆိုတော့ သူ့စွမ်းအင်က ဘာဖြစ်မလဲ.. အဲဒီအရွယ်အစားနဲ့ဆိုရင် တော်တော်တော့ ကြောက်ဖို့ ကောင်းလောက်တယ်နော်”

“မဆိုင်ပါဘူး” ထိုသူအနားတွင် ကောင်းဖန် ရုတ်တရတ် ရောက်လာသည်ကို သတိမထားမိလိုက်ပါချေ။

“အရွယ်အစားကြီးတိုင်း စွမ်းအားကြီးမယ်ဆိုတာမျိုးတော့ မရှိပါဘူး.. သူသာ တကယ်စွမ်းအားကြီးမယ်ဆိုရင် အနီးအနားက သားရဲတွေကို သုံးပြီး ကျုပ်တို့ကို တိုက်ခိုက်ပါ့မလား.. မဟုတ်ရင် ကုန်းပေါ်ထိ တက်လာပြီး ကျုပ်တို့ သေနေတာ ကြာပြီ.. သူ့အရွယ်အစားကြီးနဲ့ဆိုရင် ကုန်းပေါ်မှာတောင် မင်းမူနေလို့ရတယ်.. ဒါပေမယ့် သူကမ်းခြေထိတောင် ရောက်မလာဘူး.. အဲဒါကိုက သူကုန်းပေါ်မှာ နေလို့ မရလို့ပေါ့”

ယန့်ချန်းစစ်တပ်အရာရှိများသည် ကောင်းဖန်စကားကို ကြားသောအခါ တိတ်ဆိတ်သွားပြီး အချို့မှာမူ အတွေးများ ပွားသွားကြသည်။

“သူ့မှာ ပင်လယ်သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တော့ ရှိနိုင်တယ်” ယန်ခု၏ မျက်ခုံးများ မြင့်တက်သွားသည်။ ထို့နောက် မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။ “သူ့မှာ အဲဒီလို အစွမ်းရှိတယ်ဆိုရင် ရေမျက်နှာပြင်ထိ တက်လာပြီး သူ့ကိုယ်သူ ထုတ်ပြစရာ မလိုဘူးလေ.. လုံခြုံတဲ့တစ်နေရာရာမှာ ပုန်းနေတော့မှာပေါ့.. သူ့မှာ တခြားစွမ်းရည် ရှိရင်ရှိ မဟုတ်ရင် ထင်ထားသလောက် စွမ်းအားမကြီးတာလည်း ဖြစ်နိုင်တယ်”

အချိန်တိုအတွင်းမှာပင် ယန်းခုသည် ထိုကဲ့သို့ အသေးစိတ် မှတ်ချက်ချနိုင်လေသည်။ ယန့်ချန်းစစ်တပ်ဒေသ၏ အရာရှိကြီး တစ်ယောက် ဖြစ်သောကြောင့် တော်ရုံတော့ မဟုတ်ပါချေ။ သူသည် အလွန်ထက်မြက်သူ ဖြစ်သည်။

“သန္တာကျောက်တန်းတွေကို ပင်လယ်ရဲ့ အပန်းဖြေစခန်းလို့ ခေါ်လေ့ရှိကြတယ်.. အသားစားငါးတွေက သန္တာ‌ကျောက်တန်းတွေဆီသွားပြီး အပန်းဖြေလေ့ရှိကြတယ်လေ.. သမုဒ္ဒရာရဲ့ ဖခင်လို့လည်း တင်စားခေါ်ဝေါ်ကြတယ်” ကောင်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ယန်းခုကတော့ ခေါင်းတဆတ်ဆိတ်ညိတ်နေသည်။

“ကျုပ်ရဲ့ ကိုယ်ပိုင်သားရဲတစ်ကောင်က လျှပ်စစ်ငါးရှဉ့်တစ်ကောင်ကို အခုပဲ သတ်လိုက်တယ်.. ငါးလိပ်ကျောက်တွေကလည်း သန္တာကျောက်တန်းတွေဆီမှာသွားပြီး အပန်းဖြေတတ်ကြတယ်.. ပြောရရင် ဆေးဖက်၀င်တဲ့ ငါးတွေလည်း သန္တာကျောက်တန်းတွေဆီမှာ အသက်ရှင်ရပ်တည်ဖို့ မှီခိုကြရတယ်.. ဟိုတစ်နေ့က ကျုပ်တွေ့ခဲ့တဲ့ ငါးလိပ်‌ကျောက်ကြီးဆိုရင်လည်း ဒီလိုပဲ.. အဲဒါကြောင့် ကျုပ်ကတော့ ဒီသန္တာကျောက်တန်း သားရဲကြီးမှာ ရေသတ္တဝါတွေအားလုံးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအင်ရှိမယ်လို့ထင်တယ်”

ယန်းခုသည် ကောင်းဖန်၏ စကားကို ကြားသောအခါ ခေါင်းကို မော့ကြည့်လိုက်သည်။ သူသည် ကောင်းဖန်၏ နောက်တွင် ၆၅ ပေခန့်ရှည်သော လျှပ်စစ်ငါးရှဉ့်ကြီးကို ကြိုးစားဖမ်းနိုင်ခဲ့သော ဘဲကြီးတစ်ကောင်ကို တွေ့လိုက်သည်။ ထိုဘဲကြီးသည် ရှေ့ကို နှစ်လှမ်းလျှောက်လိုက်ပြီးနောက် ပင်ပန်းနေပြီး အသက်တစ်ချက်ရှူကာ ဆက်သယ်နေလေသည်။

All Chapters