အခန်း (၃၄၉-၃၅၂)
Vol. 22 Ch. 349-352
အခန်း ၃၄၉ ပြီးပြည့်စုံသောစွမ်းရည်
ကောင်းဖန်ဖော်စပ်ခဲ့သော ဆေးများက ထောင်ချီနေပြီဖြစ်သည်။ သာမာန်အဆင့်ဆေးလေး ဖော်စပ်တာလောက်က သူ့အတွက် ဘာမှမဟုတ်ချေ။ သူလက်များက ကျွမ်းကျင်တိကျစွာ လှုပ်ရှားနေကြသည်။ အကယ်၍ကောင်းဖန်သာ အရည်အသွေးကို အဓိကမထားဘဲ အရေအတွက်ကိုပဲ ဦးစားပေးလုပ်မည်ဆိုရင် ပိုတောင် မြန်လိမ့်ဦးမည်။
၁၁ မိနစ်နဲ့ ၅၅ စက္ကန့် ကုန်သွားပြီဖြစ်သည်။ ဆေးဖော်စပ်ပြင်ဆင်ခြင်းလုပ်ငန်းစဥ်က နောက်ဆုံးတော့ ပြီးဆုံးသွားချေပြီ။ ကောင်းဖန်သူ့လက်ထဲက မီးခိုးရောင်ဆေးရည်ဓာတ်ပေါင်းကို ကြည့်လိုက်သည်။ ပါဝင်ထားသော ပစ္စည်းများ၏အရောင်က ညီမျှစွာပျံ့နှံ့နေသည်။ လုံးဝ ပြီးပြည့်စုံတာပဲ..
ကောင်းဖန်ဖြည်းဖြည်းလေး လှုပ်လိုက်သောအခါ ဆေးပုလင်းမှ အမွှေးနံ့ဖျော့ဖျော့ထွက်လာသည်။ ကောင်းဖန် ဆေးရည်ပျစ်လားဆိုတာ စစ်ဆေးကြည့်နေသည်။ အရည်များက ပုလင်းအောက်ခြေတွင် ဝေ့ဝဲသွားပြီး မျက်နှာပြင်က မှန်ကဲ့သို့ တလက်လက်တောက်ပနေသည်။
ထို့နောက် ကောင်းဖန်က ဆေးရည်ကို ဆေးထိုးအပ်ထဲဖြည့်လိုက်ပြီး ကောင်တာပေါ်က ယင်ယန်ပန်းကို လက်ဟန်ပြလိုက်သည်။ “ဆေးထိုးဖို့အချိန်ရောက်ပြီ”
ပန်းက ၂ ခါပြောစရာမလိုပေ။ ကောင်းဖန်လက်ထဲက ဆေးရည်၏ရနံ့နောက်ကို လိုက်ရင်း ကောင်တာပေါ်ကနေ ကောင်းဖန်ဆီကို လာနေသည်။ နွယ်များကို ကောင်းဖန်လက်တွင် ရစ်ပတ်ရင်း ဖြည်းဖြည်း ပွတ်သပ်နေသည်။
ကောင်းဖန်က ပင်စည်ထဲသို့ ဆေးထိုးထည့်လိုက်သည်။ ဆေးထိုးလိုက်ဖို့ ၁၂ စက္ကန့် အချိန်ယူလိုက်ရသည်။ ဘယ်လောက်အချိန်ယူလိုက်ရလဲ သိဖို့ ကောင်းဖန် နာရီကြည့်ဖို့ပင် မလိုချေ။
သူဝိဉာဉ်စွမ်းအား အားကောင်းလာတာနဲ့အမျှ မှတ်ဥာဏ်လည်းပိုကောင်းလာသည်ကို ကောင်းဖန် သတိပြုမိသည်။ သူအခု စက္ကန့်တွေကိုတောင် နာရီကဲ့သို့ အတိအကျ တွက်ချက်နေနိုင်ပြီဖြစ်သည်။ ဆေးထိုးလို့အပြီးတွင် ယင်ယန်ပန်းက အားအင်ကုန်ခမ်းသလို ဖြစ်သွားသည်။ ပွင့်ချပ်က ငိုက်ကျသွားပြီး အရွက်များက အသက်မဲ့သလို ကွေးသွားသည်။
ဆင့်ကဲပြောင်းလဲခြင်းက ချက်ချင်းအဆင်သင့်ကြီးဖြစ်သည်မဟုတ်။ ကြာရှည်ပြီး ပင်ပန်းခက်ခဲသော ဖြစ်စဥ်ဖြစ်သည်။ ကောင်းဖန်က အပင်လေးကို ဖန်အိမ်ထဲထည့်ပြီး သူနဲ့အတူသယ်သွားသည်။ ယင်ယန်ပန်းရဲ့ မူလနာမည်က ရှောင်ဟွာဖြစ်သည်။ သို့သော်ထိုနာမည်က ဒန်ဘီရဲ့ သမီးနာမည်နဲ့ တူနေသည်။ ဒန်ဘီရဲ့သမီးက ရှောင်ဟွားလို့အရင်နာမည်ပေးထားသည်မို့ ဘာမှမတတ်နိုင်ဘဲ ပန်းကို တခြားနာမည် ရှောင်ကော ဆိုပြီးပေးလိုက်ရသည်။
ဓာတ်ခန်းခွဲထဲက ထွက်လာသည့်အချိန်တွင် အချို့ ဓာတ်ခွဲခန်းလက်ထောက်များက ကင်းမွန်ဥများကို ဒယ်အိုးထဲမှ ယူထည့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့က သူကိုကြည့်ပြီး လန့်သွားဟန်ဖြင့် “ဆရာ ဗိုက်ဆာလား.. ကျွနတော်တို့ ကင်းမွန်ဥတွေချက်ထားတယ်” ဟု ပြောလိုက်သည်။
“တော်ပါပြီ… စမ်းသပ်မှုလုပ်လို့ပြီးပြီ မင်းတို့အခုပြန်ဝင်လို့ရပြီ” ကောင်းဖန် အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်ပြီး ဓာတ်လှေကားထဲ ဝင်သွားသည်။ “သူအထဲမှာ ၁၀ မိနစ်လောက်ပဲကြာတယ်…” လက်ထောက်တစ်ယောက်က သူ့လက်ထဲက ကင်းမွန်ဥပန်းကန်ကို ကြည့်ရင်းပြောလိုက်သည်။
ကင်းမွန်ဥချက်တာက အနည်းဆုံး ၁၀ မိနစ်ပဲကြာသည်။ သူတို့ချက်နေတဲ့ ၁၀ မိနစ်အတွင်းမှာ ကောင်းဖန်က သူ့ဟာသူတစ်ယောက်တည်း စမ်းသပ်မှုလုပ်လို့ ပြီးသွားခဲ့သည်။ ဓာတ်ခွဲခန်းလက်ထောက်ငယ်လေးများက တစ်ယောက်ကို တစ်ယောက် စိတ်အားငယ်စွာ ကြည့်လိုက်ကြသည်။
ပထမထပ်တွင်တော့ အဆောက်အဦးရဲ့အဓိကဝင်ပေါက်တွင် ငါးအသေကောင်ပုံပေါ်ထိုင်နေသော ဂိုဒီကို ကောင်းဖန်တွေ့လိုက်ရသည်။ သူ့ရဲ့ ငါးပုံကြီးက ဝင်ပေါက်ကိုပိတ်ထားပြီး ဖြတ်သွားဖို့ ခက်နေသည်။ အပေါ်က်ဝက အစောင့်များက သူတို့ရှေ့က မြင်ကွင်းကို ဘာလုပ်ရမှန်းမသိ၊ မတတ်နိုင်ပဲကြည့်နေကြရသည်။ ကောင်းဖန်ဓာတ်လှေကားက ထွက်လာတဲ့မြင်သောအခါ သူ့ဆီပြေးလာကြပြီး ပြောစရာရှိပေမယ့် ပြောမထွက်ပုံ ဖြစ်နေကြသည်။
“ကိုယ့်နေရာ ကိုယ်ပြန်သွားကြ ဒါကို ငါဖြေရှင်းလိုက်မယ်” ကောင်းဖန် ပြောလိုက်သည်။
ထို့နောက်သူ ဂိုဒီကို ရယ်ရမလား ငိုရမလား မသိတဲ့ပုံနဲ့ “မင်း အတော်လေး ကြိုးစားတာပဲ… “ ဟုပြောလိုက်သည်။
ဂိုဒီက ကျေနပ်စွာ ခေါင်းညိမ့်ပြီး “၁ ကောင်ကို ဒေါ်လာ ၅၀၀ လို့ပြောလိုက်သည်။
ကောင်းဖန် ခေါင်းညိမ့်ပြပြီး “ကောင်းပြီ ၁ကောင်ကို ၅၀၀” ဟု ပြောလိုက်သည်။
သူ အပေါက်ဝတွင် ထိုင်ချလိုက်ပြီး ဂိုဒီဘေးတွင် ငါးစိမ်းသည်လို ငါးများကို စတင် ရေတွက်လိုက်သည်။ ငါးအသေကောင်ပုံကြီးက ညှီစော်နံ့နေသည်။ သို့သော် ကောင်းဖန်က လုံးဝစိတ်ထဲရှိပုံ မပေါ်။ “၁၅၀၀, ၂၀၀၀, ၂၅၀၀…”
ကောင်းဖန် ရုတ်တရတ် ရပ်တန်ပြီး ၃ ပေရှည်သော ဂဏန်းကို ကောက်ကိုင်လိုက်သည်။ ”ဒါက ငါးလား”
“ဒါက ဘာလို့ ငါးမဟုတ်ရမှာလဲ” ဂိုဒီက ပြန်ပြောသည်။ “ဒါ ဂဏန်းငါး ငါစားဖူးတယ်”
စိတ်လှုပ်ရှားမှုကြောင့် သူ့တောင်ပံက “ဂဏန်းငါး” ရဲ့ ကိုယ်ထည်ကို တိုက်မိသွားပြီး ဂဏန်းငါး တစ်စစီဖြစ်သွားသည်။ ဂဏန်းခွံတစ်စစီဖြစ်သွားတာကိုကြည့်ပြီးဂိတ်ပေါက်က အစောင့်များ တွန့်ကနဲဖြစ်သွားကြသည်။
“ငါ ဘယ်နှခါပြောရမလဲ… ဒီမှာအားလုံးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိတဲ့ လူယဥ်ကျေးတွေပါဆို” ကောင်းဖန်က စိတ်ရှည်စွာပြောသည်။ “အကြမ်းဖက်တာက အဖြေမဟုတ်ဘူး… သူများနဲ့ဆို ဆင်ဆင်ခြင်ခြင် ပြုမှုရတယ်… လူမိုက်တွေလို သူများတွေကို ရိုက်နှက်တာမျိုး မလုပ်ရဘူး”
“ကောင်းပြီ ဒီတစ်ခါတော့ မင်းရဲ့ ဂဏန်းငါးကို ယူလိုက်မယ် ဒေါ်လာ ၃၀၀၀ နော် ဟုတ်တယ်မလား” ကောင်းဖန်က ပြောသည်။ ဂိုဒီက စုစုပေါင်း ငါး ၁၃ ကောင်ယူလာခဲ့သည်။ ခရုခွံငါး ကျောက်ပုစွန်ငါး စသည်ဖြင့် ဂိုဒီပေါက်ကရနာမည်ပေးထားသော တချို့ငါးများကိုလည်း ကောင်းဖန် ဘာမှငြင်းခုံမှု မလုပ်တော့ပေ။
ထို့နောက် သူ ဂိုဒီကို ဒေါ်လာ ၆၅၀၀ ပေးလိုက်သည်။ သူထွက်သွားသောအခါ ကောင်းဖန်က ငါးများကို လာယူခိုင်း၍ သန့်စင်ပြီး ဒီည ဝန်ထမ်းတွေ ညစာဘူဖေးအတွက် ချက်ဖို့ ပြောလိုက်သည်။ ဂိုဒီယူလာသည်များအတွက် သူပေးလိုက်သော ပိုက်ဆံမှာ ကန်တင်းတွင် ပြင်ဆင်ထားပြီးသားဖြစ်သော အမဲသား၊ ဆိတ်သားများ၏ကုန်ကျစရိတ်ထက် အများကြီး ပိုများသည်။
နာရီဝက်ကြာသောအခါ ယင်ယန်ပန်း ဖြည်းဖြည်းချင်းနိုးလာပြီး ဖန်လှောင်အိမ်ထဲကနေ ကောင်းဖန်ကို ကြည်လိုက်သည်။ ကောင်းဖန်က ဖန်လှောင်အိမ်ကို ဖွင့်ပေးလိုက်သည်။ ယင်ယန်ပန်းက သူ့လက်တွင် နွယ်လိုက်ပြီး ကောင်းဖန်၏လည်ပင်းပေါ်သို့ တက်လာသည်။
ဆစ်လီက ပန်းရှေ့သို့ လက်ချောင်း ၁ ချောင်းဆန့်ထုတ်လိုက်ပြီး သူ့၏လက်ချောင်းများကို အပင်အား သတိပေးဟန်ဖြင့် လှုပ်ယမ်းပြလိုက်သည်။ ယင်ယန်ပန်းက စိတ်ပျက်စွာဖြင့် မြေပေါ်သို့ ပြန်လျောဆင်းသွားသည်။ ထို့နောက် ဒန်ဘီ၏ ကိုယ်ပေါ်တွယ်တတ်ပြီး သူ့ဦးခေါင်းခွံပေါ်တွင် အမြစ်ချလိုက်သည်။
[သားရဲအမည်] - ယင်ယန်ပန်း
[သားရဲစွမ်းရည်] - ပြီးပြည့်စုံအဆင့်
သူက တခြားအရာတွေ တိုးတက်မသွားပဲ သားရဲစွမ်းရည်က အဆင့်တတ်သွားခဲ့သည်။ အခုဆို ကွန်မန်ဒါအဆင့်ကို တိုးဖို့ အလားအလာ ရှိနေပြီဖြစ်သည်။ ကောင်းဖန်က ပန်း၏ သားရဲအဆင့်ကို မြှင့်ဖို့အတွက် အလျင်မလိုချေ။ လက်ရွေးစင်စွမ်းရည်သို့ တိုးပြီးမှသာ သားရဲအဆင့်ကို အာရုံစစိုက်မည် ဖြစ်သည်။
ယန့်ချန့်မြို့တွင် သူ့ကိစ္စတွေက ပြီးသလောက်ဖြစ်နေပြီ ဖြစ်သည်။ တိုက်ပွဲနဲ့ ပြည်နယ်တွေကို လေ့လာစူးစမ်းခြင်းက ကုမ္ပဏီအတွင်းပိုင်းပြောင်းလဲမှုနဲ့ပတ်သတ်ပြီး သူ့ရဲ့ပထမဆုံး ကြိုးပမ်းချက်၏ရလဒ်များ ဖြစ်သည်။ ရလဒ်က စိတ်ကျေနပ်ဖွယ်ကောင်းပါက ကုမ္ပဏီ၏တခြား ရုံးခွဲများကိုပါ ထိုကဲသို့ ပြောင်းလဲမှုများ လုပ်ဖို့ စဥ်းစားမှာဖြစ်သည်။
“သခင်လေးကောင်း စိတ်မပျက်စေရပါဘူး” ကျန်းထိုက်ကျောင်းက အော်လိုက်သည်။
လျိုချန်းဟောင်၏မျက်လုံးအကြည့်များက ပြတ်သားသန်မာသည်။ စစ်သားဟောင်းတစ်ယောက်အနေနဲ့ သူက အဓိပ္ပါယ်မရှိတာတွေ မလုပ်တတ်သော စကားနည်းသူဖြစ်သည်။
“ကျုပ်အတွက် မလုပ်ပါနဲ့… ကုမ္ပဏီအတွက်လုပ်ပါ” ကောင်းဖန်က ရီရင်း ပြောသည်။ သူက သူတို့ကို လက်ဝှေ့ယမ်းပြပြီး ထွက်သွားသည်။
ကြီးမားသော ထရပ်ကားကြီးက လေဆိပ်ကို ဦးတည်သွားနေသည်။
ကောင်းဖန်နောက်ဆုံးတော့ ယွိကျိုးကို ရောက်ပြီ။ အကောက်ခွန်ကို ဖြတ်ပြီးပြီးချင်းပဲ ကောင်းဖန် ရုံးချုပ်သို့သွားလိုက်သည်။ ငါးရှဥ့်ဘုရင်၏အရိုးစုကို ဒန်ဘီ၏အစွမ်းဖြင့် အသက်ပြန်သွင်းထားသည်။ သို့သော် အရင် အသွေးနဲ့အသားနဲ့အသက်ရှင်နေတုန်းကလိုတော့ အင်အားမကောင်းတော့ချေ။ ကောင်းဖန်မြင်ဖူးသမျှထဲတွင် အားအနည်းဆုံး နတ်ဘုရားအဆင့်သားရဲဖြစ်သည်။
ငါးရှဥ့်ဘုရင်၏အရိုးစုက ခွန်အားသိပ်မကောင်းတာတော့ မဟုတ်။ သူက အသက်ရှင်နေတုန်းကတောင် အနီးကပ်တိုက်ခိုက်ရသည့် တိုက်ပွဲများတွင် မကျွမ်းကျင်ပေ။ ဒန်ဘီပြန်တည်ဆောက်ထားတဲ့ ငါးရှဥ့်ဘုရင်၏ အရိုးစုက ဒြပ်စင်စွမ်းအားများမရှိတော့တာကိုလည်း ကောင်းဖန် သတိထားမိသည်။ ဒါတကယ်ကို နှမြောစရာပဲ။
သို့သော် အားနည်းတယ်ဆိုပေမယ့် သူက နတ်ဘုရားအဆင့်သားရဲဖြစ်နေတုန်းပဲဖြစ်သည်။ ၆၅ ပေလောက်ရှည်သည့်အတွက် တခြားသူတွေ ကြောက်သွားအောင်တော့ စွမ်းနိုင်သေးသည်။ ယခုအခြေအနေတွင် ကောင်းသည့်အချက်က ငါးရှဥ့်ဘုရင်က အခု ခြောက်သွေ့သည့်ကုန်းပေါ်တွင် ဘာမှမဖြစ်ပဲ နေထိုင်နိုင်ပြီဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၅၀ ပိုင်ယဲ့ခရိုင်
ကားထဲတွင် နေရာသိပ်မရှိသောကြောင့် အချို့သော ကိုယ်ပိုင်သားရဲများသာ စီးနင်းလိုက်ပါနိုင်ကြသည်။ အချို့သော ကြီးမားသည့် သားရဲများကတော့ ကားဘေးမှ ပျံသူပျံ ပြေးလိုက်သူလိုက် ဖြစ်နေကြသည်။
ကားလမ်းတွင် ကိုယ်ပိုင်သားရဲများအတွက် အထူးပြုလုပ်ထားသော နေရာရှိသည်။ ထိုနေရာတွင် ငါးရှဉ့်ဘုရင်သည် ကျည်ဆန်ရထားကြီးကဲ့သို့ သွားနေသည်။ အခြားသော သားရဲများသည် သူ့ကို အလျင်အမြန် လမ်းဖယ်ပေးနေရသည်။
ဖုန်များသည် သူသွားရာ လမ်းတစ်လျှောက် အလုံးလိုက် ထနေသည်။ မြေကြီးများသည်လည်း တုန်ခါနေသည်။
“ဘာကြီးလဲဟ” လမ်းသွားလမ်းလာ ၂ ယောက်သည် ငါးရှဉ့်ကြီးကို သတိထားမိသွားကြသည်။ သူ၏ အရိုးငေါငေါ ဖြစ်နေသောကြောင့် အသံများလည်း ဆူညံနေသည်။ သူဖြတ်သွားသည်နှင့် လေများကလည်း ပြင်းထန်စွာ ဟပ်သွားသည်။
သူ့နောက်တွင်တော့ ကင်းခြေများဘုရင်၏ အရိုးစုကြီး ပါလာသည်ာ သူ၏ ခြေထောက်များကလည်း မြေကြီးနှင့် ဆူညံစွာ ရိုက်ခတ်နေသည်။
တောင်ပိုင်းကောင်းကင်သို့ ပြန်ရောက်သောအခါ သူတို့သခင်လေး ပြန်လာပြီ ဖြစ်သောကြောင့် အစောင့်များက ဂိတ်ကို ဖွင့်ပေးလိုက်သည်။ လျှပ်စစ်လွှတ်ထားသော ဂိတ်ကြီးပွင့်လာသောအခါ ကိုယ်ပိုင်သားရဲများနှင့် အရိုးစုများသည် အတွင်းသို့ ၀င်လိုက်ကြသည်။
သားရဲအုပ်စုသည် စံအိမ်ကြီးရှေ့မှ ရေကန်တွင် ရပ်လိုက်ကြသည်။ ထိုနေရာတွင် ဆူညံသံများနှင့် ပြည့်နှက်သွားသည်။
ထိုအချိန်တွင် ရေကန်ဆီမှ မကျေမချမ်း မြည်သံကြီး တစ်ခု ထွက်ပေါ်လာသည်။
အားလုံးသည် ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။ ထို့ကြောင့် ရေကန်ကြီးဘေးတွင် အရင်လို ပြန်လည် အေးချမ်းဆိတ်ငြိမ်သွားသည်။
ကျောက်စိမ်းသံချပ်ကာ မိကျောင်းကြီးကတော့ ရေကန်ဘေးမှ သူ၏ ကန်လေးထဲတွင် ထူးဆန်းသော ယောဂပို့စ်တစ်ခု ကျင့်နေသလို အနေအထားနှင့် ရှိနေသည်။ သူသည် ခန္ဓာကိုယ်ကို ကွေးကောက်ထားကာ သူ၏ ခေါင်းနှင့် အမြီးကို ကြမ်းပြင်တွင် ထောက်လျက် သူ၏ ဗိုက်ကြီးကို မြှောက်ထားသည်။ သူ၏ မျက်လုံးများကတော့ တစ်နေရာရာကို ငေးစိုက်ကြည့်နေသလိုပင်။ ထို့နောက်သူသည် ရေထဲချက်ချင်း ပြန်၀င်လိုက်ကာ သူ၏ ပါးစပ်ကြီးကို ဟလျက် ကိုယ်ထဲမှ အပူများကို ပြန်ထုတ်လိုက်သည်။
သိပ်မဝေးလှသော နေရာတွင်တော့ လျှပ်စစ်သိုလှောင်ရန် ပြုလုပ်ထားသော လေ့ကျင့်ရေး နေရာတစ်ခု ရှိသည်။ မိုးကြိုးခွံဘုရင်သည် ထိုအပေါ်တွင် လှဲလျောင်းနေလျက် သူ၏ လေ့ကျင့်မှုကို ပုံမှန်အတိုင်း လေ့ကျင့်စွာ လုပ်ဆောင်နေသည်။
အပြာရောင်လျှပ်စီးများသည် သူ၏ ကိုယ်ပေါ်တွင် ဖြတ်ပြေးနေကြသည်။ ဘေးနားမှ မြက်ပင်များကတော့ တွန့်လိမ်နေကြသည်။
အဖိုးပြန်ရောက်လာသောအခါ ကောင်းဖန်သည် Thor ၏ ကျောက်တုံးကို ပေးလိုက်ကာ အသုံးပြုနည်းကို ပြောပြလိုက်သည်။
မိုးကြိုးခွံဘုရင်ကို အဆင့်မြှင့်တင်ရသည့် လုပ်ဆောင်ချက်သည် သိပ်မရှုပ်ထွေးပေ။ လွယ်ကူသည်ဟုပင် ပြော၍ရသည်။ သူသည် Thor ၏ ကျောက်တုံးကို မျိုချကာ ယုဝိဉာဉ်ရေများထည့်ထားသည့် ကန်ထဲတွင် အချိန်တစ်ခုကြာအောင် စိမ်နေရုံပဲ ဖြစ်သည်။
ကျီဟန့်ဝူသည် သူ့မြေးပေးသည့် ကျောက်စိမ်းဘူးကို ဖွင့်လိုက်သည်။ အလင်းပေါက်နေသော ၆ မြှောင့် ခရမ်းရောင် ကျောက်တုံးလေးသည် အထဲတွင် ရှိနေသည်။ ကျောက်တုံး၏ အလယ်တွင်တော့ ခရမ်းနီရောင်လေးတစ်ခု ရှိနေသည်။ သူသည် သေချာမကြည့်ပါက ထိုအရာလေးကို မြင်ရမည် မဟုတ်ချေ။
သူသည် ကျောက်တုံး၏ မျက်နှာပြင်ကို လက်ချောင်းထိပ်နှင့် ထိကြည့်လိုက်သည်။ ထိုအခါ သူ၏ လက်ချောင်းထိပ် ထုံကျဉ်သွားသော ခံစားချက်လေးကို တစ်ချက်ရလိုက်သည်။
ကျီဟန့်ဝူကပြုံးလိုက်ပြီးနောက် ကျောက်တုံးကို ဗူးထဲပြန်ထည့်ကာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပြီ.. နဂါးဖြူကြီးနဲ့ မိုးကြိုးခွံဘုရင်ကို ထျန်းချိရေကန်ကို မနက်ဖြန်ကျရင် စိမ်ဖို့ ခေါ်သွားလိုက်မယ်.. သွားနားလိုက်ဦး”
“ဂရုစိုက်သွားပါ” ကောင်းဖန်က ပြောလိုက်သည်။ နဂါးဖြူကြီးရှိလျှင်တော့ သူ့အဖိုးဘေးကင်းမည်မှန်း သူသေချာ သိနေပါသည်။
“ပဲ့ဒုတောင်ရဲ့ ထျန်းချိမြွေက ပြည်တွင်းအစိုးရနဲ့ မကြာခင်ကပဲ ရိုးရာတင်ခြင်းဆိုင်ရာ သဘောတူညီချက် လုပ်ထားတယ်.. အဲဒီကိုသွားပြီး မြွေဘုရင်ဆီက ယုဝိဉာဉ်ရေစင်နည်းနည်းလောက် တောင်းမလို့.. ဘာမှတော့ ဖြစ်မှာ မဟုတ်ပါဘူး” ကျီဟန့်ဝူက လက်ပြပြီး ပြောလိုက်သည်။
တောင်ပိုင်းကောင်းကင် ဌာနချုပ်တွင် တစ်ယောက်ယောက်ကတော့ ရှိနေရမည် ဖြစ်ရာ ကောင်းဖန်သည် သူ့အဖိုး ပြန်အလာကို စောင့်ပြီးမှသာ ချန်ပင်းရွာကို သွားဖို့ခွင့်တောင်းရမည် ဖြစ်သည်။ သူသည် ခရီးတော့ပန်းနေပြီ ဖြစ်သည်။ သူသည် ဒီယုကျိုးမြို့တွင် အနားယူမည်ဟု တွေးလိုက်သည်။
နောက်တစ်နေ့ရောက်သောအခါ အဖိုးသည် နဂါးဖြူကြီးနှင့် မိုးကြိုးခွံဘုရင်တို့နှင့်အတူ ပဲ့ဒုတောင်ကို ထွက်သွားသည်။ သူသညါ အနည်းဆုံး အသွားအပြန်ပင် တစ်ပတ်လောက်တော့ ကြာမည် ဖြစ်သည်။ ဒါတောင် မိုးကြိုးခွံဘုရင် အဆင့်မြှင့်ရမည့် အချိန်မပါသေးပေ။
“စိတ်မပူပါနဲ့.. အဖိုးပြန်ရောက်တာနဲ့ မင်းရဲ့ မွေးရပ်ကို ပြန်ပို့ပေးမယ်နော်” ကောင်းဖန်က ဖလိန်မီကို ပြောလိုက်သည်။
ကိုယ့်ကိုကိုယ်ထိုင်သနေသော ထလန်မီသည် ရုတ်တရတ် ရပ်သွားသည်။ သူသည် ထိုအကြောင်းကို မေ့ပင်နေပြီ ဖြစ်သည်။ သူသည် ခဏတိတ်ဆိတ်သွားပြီးနောက် ပြန်သနေပြန်သည်။
“အင်းပါ”
…
ယုကျိုးမြို့၊ ပိုင်ယဲ့ခရိုင်
ခရိုင်ထဲတွင် မဲမှောင်နေသော စွန့်ပစ်အဆောက်အအုံ ရှိနေပြီး ကြမ်းပြင်တွင် အမှိုက်သရိုက်များ ပေပွနေသည်။ စည်ပိုင်းကြီး ၃ ခုသည် အဆောက်အအုံ၏ ထောင့်တစ်နေရာရှိ ကွပ်ပျစ်တစ်ခုပေါ်တွင် ရှိနေသည်။
ယခင်ပိုင်ရှင်သည် ငွေကို အပြီးမရှင်းသွားသောကြောင့် ထိုနေရာသည် မည်သူမျှ အသုံးမပြုကြပဲ ဖြစ်နေသည်။
ထိုသို့ဖြင့် လူအလေအလွင့်တို့၏ စုဝေးရာ နေရာတစ်ခု ဖြစ်လာသည်။
အဆောက်အအုံ၏ စတီးသံတိုင်များသည် သံကြေးများ ထပ်နေကြပြီး နံရံထဲမှ ထိုးထွက်နေကြသည်။ လျှပ်စစ်ဝိုင်ယာကြိုးများသည် စတီးတိုင်များဆီမှ တွဲလောင်းကျနေပြီး လက်ရှိနေထိုင်သူများအတွက် အ၀တ်တန်းများလို ဖြစ်နေသည်။ သူတို့၏ အ၀တ်အစားများ၊ အတွင်းခံများကို ထိုတန်းများတွင် လှမ်းထားကြသည်။
အဝါရောင်သတင်းစာများကို နံရံများတွင် ကပ်ထားကြသည်။ ဘယ်ဘက်နံရံတွင် ဆွဲဆောင်မှု ရှိသော အမျိုးသမီးတစ်ဦး၏ ပိုစတာ ရှိနေသည်။
လူပုံစံတစ်ခုသည် စည်ပိုင်းကြီးများ၏ အနောက်တွင် ရှိနေပြီး သူ၏ ဖြီးသင်မထားသော ဆံပင်များသည် စည်ပိုင်းများပေါ်မှ ထိုးထွက်နေသည်။ ထိုသူသည် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ရေမချိုးတာကြာပြီ ဖြစ်ကြောင်း သိသာလှသည်။
နေ့လည်ခင်းနေသည် ကောင်းကင်တွင် တောက်ပနေသည်။ သို့သော် ထိုအဆောက်အအုံထဲတွင်တော့ စိတ်ဓာတ်ကျဖွယ်ကောင်းအောင် မည်းမှောင်နေပြီး အမဲရောင် မြူခိုးများဖြင့် ပြည့်နေသလိုပင်။
စည်ပိုင်းများနောက်တွင် အိပ်နေသော အိမ်ခြေရာမဲ့ လူတစ်ဦးသည် ရုတ်တရတ် နှာထချေလိုက်သည်။ သူသည် မျက်လုံးကို အတင်းဖွင့်လိုက်ပြီးနောက် တစ်ချက်ပွတ်လိုက်သည်။
နေ၀င်သွားပြီလား.. သူသည် တစ်ချက်သမ်းဝေလိုက်သည်။ ညပိုင်းသည် သူ့အတွက် အစားအစာရှာဖို့ အကောင်းဆုံး ဖြစ်သည်။
သူသည် စောင်ပုံထဲမှ ထွက်လိုက်ကာ ခေါင်းအုံးကို ခါလိုက်သည်။ ခဏကြာသောအခါ ဒင်္ဂါးပြားအနည်းငယ်နှင့် ဘဏ်စာရွက် ၂ ရွက်တို့ ထွက်လာပြီး သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထိုအရာများသည် တလောကလုံးတွင် သူ့အတွက် တန်ဖိုးအရှိဆုံး ကျန်ခဲ့သည် အရာများ ဖြစ်သည်။ သူသည် ထိုအရာများကိုထားခဲ့ပြီး ဘယ်မှ ထွက်မသွားနိုင်ပါချေ။
ထို့နောက်သူသည် တစ်ချက်သတိထားမိသွားသည်။ ဒင်္ဂါးပြားက ဘာလို့ ဒီလောက်အေးနေတာလဲ.. သူသည် မျက်မှောင်ကြုတ်လိုက်ကာ ကွန်ကရစ်ကြမ်းပြင်ကို ထိလိုက်သည့်အခါတွင်လည်း အလွန်အေးနေသောကြောင့် သူသည် ကြက်သီးထသွားသည်။ သူသည် ထိုမျှလောက်အေးသော ထိတွေ့မှုကို မခံစားခဲ့ရဖူးပေ။ အဆောက်အအုံထဲမှာ လေပေါက်များ ဖြစ်နေတာလား..
သို့သော်သူသည် တစ်ခုခုမှားနေပြီမှန်း သိလိုက်သည်။ သူသည် ချက်ချင်းပင် အဆောက်အအုံထဲမှ ထွက်လိုက်သည်။
သူသည် ခြေလှမ်းအနည်းငယ်ပင် လှမ်းရသေးချိန်တွင် အမည်းရောင် သဏ္ဍာန်တစ်ခုသည် သူ့ရှေ့မှ ဖြတ်ပြေးသွားသည်။ ထို့နောက် အရာအားလုံး မှောင်အတိကျသွားသည်။
…
“ဆရာ.. စွန့်ပစ်အဆောက်အအုံတစ်ခုမှာ အိမ်ခြေရာမဲ့ လူ ၃ ယောက် သေနေကြတယ်” ဟန်ယွိသည် ဖိုင်တွဲများကို သူ၏ အထက်အရာရှိအား ပေးရင်း ပြောလိုက်သည်။
“ဟုတ်လား” အရာရှိသည် ဖိုင်တွဲများကို လှန်ကြည့်လိုက်သည်။ သေဆုံးသူများသည် အိမ်ခြေရာမဲ့များ ဖြစ်ကြသည်။ ထို့ကြောင့် သူသည် သိပ်တော့ ဂရုမစိုက်မိပါချေ။
“သူတို့ ၃ ယောက်လုံးက တစ်ချိန်တည်း နီးပါးမှာ သေဆုံးသွားကြတာပါ.. သူတို့အားလုံး တောင့်တင်းနေကြပြီး သွေးတွေကပါ ခဲနေကြတာ.. အဆောက်အအုံထဲမှာ လျှပ်စစ်မီးလည်း မရဘူး.. ပြီးတော့ အဲဒီနေ့က မိုးလည်း မရွာဘူး.. ကြည့်ရတာ သားရဲတစ်ကောင်ကောင်ကြောင့် လို့တော့ ထင်တာပဲ” ဟန်ယွိကဆက်ပြောလိုက်သည်။
အရာရှိသည် စာရွက်များကို လှန်နေရာမှ မျက်မှောက်ကြုတ်လိုက်သည်။
ထိုကိစ္စသည် သာမာန် လူသတ်မှုတစ်ခုခု ဖြစ်နေပါက သူသည် လက်အောက်မှ အရာရှိကို လွှဲလိုက်နိုင်သော်လည်း ယခုတော့ ထိုကိစ္စတွင် သားရဲက ပတ်သက်နေဟန် ရှိသောကြောင့် သူသည် စိတ်၀င်စားသွားသည်။
“သွားပြီး စုံစမ်းကြည့်လေ.. အထူးသတင်းရရင် ပြောပေါ့..” အရာရှိက သက်ပြင်းချရင်း ပြောလိုက်သည်။
ပိုင်ယဲ့ခရိုင်တွင် ရာဇ၀တ်မှုများ မကြာခဏ ဖြစ်လေ့ရှိသည်။ နေ့စဉ်နေ့တိုင်း ပုံမှန်မဟုတ်သည့် သေဆုံးမှုများ ဖြစ်ပေါ်နေလေ့ရှိသည်ပင်။ ထို့ကြောင့် သိပ်တော့ အထူးအဆန်း ဖြစ်မနေပါချေ။
အဆောက်အအုံကို ပိတ်လိုက်ပြီးနောက် ပိုင်ယဲ့ခရိုင်မှ ရဲအရာရှိများသည် အထဲသို့ ၀င်လာကြကာ စုံစမ်းစစ်ဆေးလိုက်ကြသော်လည်း ဘာမှရှာမတွေ့ပေ။
ထိုသူ ၃ ယောက်၏ ခြေရာများမှလွဲ၍ တရားခံ၏ ခြေရာများကို လုံး၀ကို မတွေ့ရချေ။ နံရံများတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်သည့် အရိပ်အယောင်များ မတွေ့ရပါချေ။
ထိုနောက် ထိုအမှုကို ရဲများက ပိတ်သိမ်းလိုက်ကြပြီး အဆောက်အအုံကိုလည်း ပိတ်လိုက်ကြသည်။ အခွင့်မရှိသော သူများမှအပ မည်သူမျှ ၀င်ခွင့်မရတော့ချေ။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၅၁ မိုးကြိုးခွံနတ်ဘုရား
ထိုအတောအတွင်း ကောင်းဖန်သည် သူ၏ ကျောင်းကို ခဏအလည်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ကျောင်းသားများသည် ကြိုးစားသင်ယူရင်း စာသင်ခန်းထဲ ရှိနေကြသည်။ စာသင်ယူခြင်းသည်လည်း ပါရမီပါမှ ဖြစ်မည်။ ငယ်ရွယ်သော အတန်းကတည်းမှစ၍ ကျောင်းသားတစ်ယောက်သည် ကြိုးစားလိုစိတ်ရှိပါက ပညာရေးသည် သူတို့အတွက် အလွယ်လေး ဖြစ်ပေမည်။
ကျောင်းသားတစ်ယောက်၏ အားထုတ်မှုသည် သူတို့၏ ရလဒ်အပေါ်တွင် များစွာ သက်ရောက်နိုင်ပေသည်။
ကျောင်းသားအများစုသည် စာသင်ယူကြရာတွင် ထူးချွန်သည်ဟု ဆိုနိုင်သည်။ သူတို့အတိတ်က ခက်ခဲခဲ့ရသော အခြေအနေများကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့၏ ဘ၀ကို တိုးတက်စေမည့် အခွင့်အလမ်းများကို စာသင်ယူခြင်းဖြင့် ကြိုးစားပမ်းစား ရယူနေကြခြင်းလည်း ဖြစ်နိုင်သည်။
ကောင်းဖန်သည် ကျောင်းသားများ၏ လပတ်စာရင်းများကို ကြည့်လိုက်သည်။ အတော်များများကတော့ ရလဒ်ကောင်းကြသည်။ အချို့ကမူ ထိပ်ဆုံးစာရင်းများတွင်ပင် ပါ၀င်နေကြသည်။
“စာမေးပွဲကအရေးကြီးတော့ ကျောင်းသားတွေက စာအုပ်ထဲကနေ ခေါင်းမဖော်နိုင်တော့ပဲ အပြင်ဘက်လောကကြီးနဲ့ အဆက်ပြတ်နေကြတယ်.. ဒါပေမယ့် အဲဒါက မကောင်းဘူး.. ကျွန်တော်ကတော့ တခြားကျောင်းတွေနဲ့လည်း ချိတ်ဆက်ကြည့်ရင် ကောင်းမလားလို့.. ကျွန်တော်တို့ဘယ်လို အခြေအနေမှာ ရှိနေလဲ သိရတာပေါ့” ကောင်းဖန်က ပြောလိုက်သည်။
ဒုကျောင်းအုပ်က ပြန်ပြောလိုက်သည်။ “ကျောင်းအုပ်ကောင်း.. ယုကျိုး အလယ်တန်းကျောင်း အမှတ် ၂၊ ၃၊ ၈ ရယ်၊ ရှုပါး အလယ်တန်းကျောင်းရယ်၊ ပြီးတော့ တခြား လက်ရွေးစင်ကျောင်း ၃ ကျောင်းရယ်က ယုကျိုးမှာ လပတ်တိုင်း ကျင်းပတဲ့ စာမေးပွဲရှိတယ်.. အဲဒီစာမေးပွဲမှာရတဲ့ ရလဒ်အတိုင်းလည်း ကျောင်းသားတွေကို အဆင့်ပြန်ခွဲကြတယ်.. အဲဒါကြောင့် ကျုပ်တို့ကျောင်းသားတွေကိုလည်း အဲဒီစာမေးပွဲတွေမှာ ဖြေခိုင်းရင် ကောင်းမလားလို့.. ဒါပေမယ့် ၀င်ခွင့်ရဖို့ကျတော့လည်း အရမ်းမြင့်လွန်းတယ်.. ကျုပ်တို့လို သာမာန်ကျောင်းလေးက အဲဒီလိုကျောင်းတွေနဲ့တော့ ပါ၀င်ပတ်သက်နိုင်မယ် မထင်ပါဘူး”
ကောင်းဖန်က လက်ကာပြလိုက်သည်။ “စိတ်မပူပါနဲ့.. အဲဒီကျောင်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်.. တစ်ကျောင်းစီမှာ စာကြည့်တိုက်တစ်ခုစီလောက် လုပ်ပေးလိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်”
“ဒါပေမယ့် အလယ်တန်းကျောင်း အမှတ် ၁၊ ၃ နဲ့ ၈ တို့မှာက ကိုယ်ပိုင်စာကြည့်တိုက်တွေ ရှိပြီးသားဆိုတော့ သူတို့ ထပ်မလိုလောက်တော့ဘူးထင်..”
“ဒါဆိုလည်း ကျောင်းအဆောက်အအုံ ၂ ခုလောက် ဆောက်ပေးလိုက်တာပေါ့”
“…”
ကျောင်းတစ်ကျောင်းသည် အခြေကျဖို့၊ အောင်မြင်ကျော်ကြားဖို့၊ ကျောင်းသားလာဖို့ စသည်တို့အတွက် အနည်းဆုံးတော့ ၂ နှစ်ခန့်အချိန်ယူရသည်။
ကောင်းဖန်ကတော့ ၄ နှစ်ခွဲ အတောအတွင်း ကပ်ဆိုးကြီးအပြီး အကျိုးသက်ရောက်မှုများကို လိုက်လျောညီထွေ နေခဲ့ရသည်။ ၂ နှစ်အတွင်း သူသည် တိုက်ပွဲစွမ်းရည် အတော်အတန် မြှင့်တင်နိုင်ခဲ့သည်။
ကောင်းဖန်သည် တျန်းကျဲ့အကယ်ဒမီကို လာမည့် ၂ နှစ်အတွင်း တိုးချဲ့ဖို့ ရည်ရွယ်ထားပြီး လိုအပ်ပါက ကျောင်းသားများ၏ အရည်အသွေးကို မြှင့်တင်ပြီး ကျောင်း၏ ဂုဏ်ရှိန်ဂုဏ်ဝါကိုပါ ဖြည့်ဆည်းဖို့ ရည်ရွယ်ထားသည်။
သူကျောင်းမှ ပြန်ထွက်သောအခါ တောင်တန်းများကြားတွင် နဂါးကြီးတစ်ကောင် အိပ်စက်နေသော ပုံစံရှိသည့် ကျောင်းကြီးကို လည်ပြန်ကြည့်လိုက်သည်။
ဒါက ငါ့ရဲ့ အနာဂတ်ပဲ.. ကောင်းဖန်က တွေး၍ ပြုံးလိုက်သည်။
…
ညသည် ပိုင်ယဲ့ခရိုင်သို့ ချဉ်းနင်း၀င်ရောက်လာသည်။
စွန့်ပစ်အဆောက်အအုံ၀င်ပေါက် အရှေ့တွင် အဝါရောင်ကြိုးများဖြင့် တားထားသည်။ အဆောက်အအုံထဲရှိ ကွန်ကရစ် ကြမ်းပြင်တွင် သေဆုံးသူများ၏ အလောင်းအနေအထားများကို မှတ်သားထားသည့် မြေဖြူရာများကတော့ လတ်ဆတ်နေဆဲ ဖြစ်သည်။
အဆောက်အအုံ၏ ရှေ့မှ လမ်းသည် ထိုကိစ္စဖြစ်ပြီးနောက်တွင် ပိုပင် ရှင်းလင်းသွားသည်။ အချို့သာ မဖြစ်မနေ ဖြစ်သောကြောင့် ဖြတ်လျှောက်ရဲကြသည်။ ဖြတ်လျှောက်သွားသူတိုင်းသည်လည်း အဆောက်အအုံရှေ့ရောက်တိုင်း ကြက်သီးမွှေးညင်းများ ထသွားကြသည်။
အဆောက်အအုံနားရှိ လမ်းမီးတိုင်များသည် အလွန်မှိန်နေပြီး လမ်းပေါ်သို့ ခပ်ပျပျသာ ကျရောက်နေသည်။
အမည်းရောင်မြူခိုးသည် အဆောက်အအုံထဲမှ ထွက်လာပြီး အရှေ့သို့ သဲများဖြင့် ဖြန်းပက်လိုက်သည့်ပမာ ကျလာသည်။
ညအမှောင်ထဲတွင် တစ်ခုတည်းသော လှုပ်ရှားမှုမှာ အပေါ်ပိုင်းဗလာနှင့် ဒယီးဒယိုင် လျှောက်လာနေသော အမူးသမားဆီမှာသာ ဖြစ်သည်။
စွန့်ပစ်အဆောက်အအုံထဲမှ သံဗူးခွံကျသံလို အသံတစ်ခုသည် ရုတ်တရတ် ထွက်ပေါ်လာသည်။
အမူးသမားသည် တစ်ချက်နားစွင့်လိုက်သည်။ သူသည် လေတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက် အဆောက်အအုံဘက်သို့ လှည့်လိုက်သည်။ သူ့မျက်လုံးများသည် မီးသီးများလို ဖြစ်နေသည်။
“ငါ့ကို လာခြောက်လှန့်နေတာလားကွ” သူက ပြောလိုက်သည်။ ထို့နောက် လေချဉ်တစ်ချက် တက်လိုက်သည်။
ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး တစ်ဖက်ပြန်လှည့်ကာ အိမ်ပြန်လိုက်သည်။
ထိုအချိန်တွင် အဆောက်အအုံတွင်းမှ အသံထပ်ထွက်လာပြန်သည်။
အမူးသမားက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဟေး တော်ပါတော့” ထို့နောက် သူသည် အရူးတစ်ယောက်လို သွေးရူးသွေးတန်း ပြေးလိုက်သည်။
ထိုအချိန်တွင် လေက သူ့မျက်နှာကို ဝှေ့တိုက်လိုက်ရာ သူသည် ကမ္ဘာ့အလွတ်လပ်ဆုံး သူတစ်ဦးအလား လရောင်အောက်တွင် ပြေးလွှားနေတော့သည်။
ထို့နောက် သူသည် ခွေးမစင်ပုံကို တက်နင်းမိပြီး လျှောသွားသည်။
သူသည် ချက်ချင်းဟန်ချက်ထိန်းလိုက်သည်။ သူသည် အနည်းငယ်တော့ အသိစိတ်ပြန်၀င်နေပြီ ဖြစ်သည်။ သူမော့ကြည့်လိုက်သောအခါ သူသည် စွန့်ပစ်အဆောက်အအုံ၏ အဝါရောင်ကြိုးတန်းများကို မြင်လိုက်ရသည်။
“ဟမ်.. ငါအိမ်ပြန်ရောက်တော့မှာ မဟုတ်ဘူးလား” သူသည် အဝါရောင်ကြိုးများကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
သူ့ဘေးတွင် အမဲရောင်မြူခိုးများက ဝိုင်းရံထားသည်။ သူသည် မြူခိုးများကြားတွင် လင်းနေေသာ အနီရောင် မီးတစ်စုံကို မြင်လိုက်ရသည်။
သူသည် မျက်လုံးကို ပွတ်ကြည့်လိုက်သည်။ ထို့နောက်..
“အား”
သူ၏ အော်သံသည် ညလေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
…
တစ်ပတ်ကြာသောအခါ ကျီဟန့်ဝူသည် ထျန်းချိရေကန်မှ ပြန်ရောက်လာပြီ ဖြစ်သည်။
နဂါးဖြူကြီးသည် ကောင်းကင်မှ ဆင်းလာပြီးနောက် ရေကန်ထဲသို့ လှပစွာ ပြန်၀င်သွားသည်။ သူသည် ဘုရင်အဆင့်ကို အဆင့်မြှင့်ထားပြီး ဖြစ်သောကြောင့် ဟိုဟိုဒီဒီလမ်းသလားကာ အင်အားအကုန်မခံချင်ပေ။ သူသည် ရေကန်ထဲတွင်သာ နားနေလေ့ရှိသည်။
အဖိုးပြန်ရောက်ပြီဟု ကြားသောအခါ ကောင်းဖန်သည် အိမ်ကို အမြန်ပြန်လာသည်။ ထိုအခါ သူ၏သားရဲများ ရေကန်နားတွင် ဝိုင်းအုံနေသည်ကို တွေ့လိုက်ရသည်။
ကောင်းဖန်သည် ခရမ်းရင့်ရောင်ခွံသားရဲကြီးဘေးတွင် သူ၏ ကိုယ်ပိုင်သားရဲများက ဝိုင်းစပ်စုနေသည်ကို မြင်လိုက်သည်။
မိုးကြိုးခွံဘုရင်သည် အခြားမျိုးစိတ်တစ်ခုအဖြစ် ပြီးပြည့်စုံစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။
သူ၏အခွံကြီးသည် အထပ်အလွှာပေါင်းများစွာနှင့် ပြည့်နေသည်။ ကောင်းဖန်သည် အခွံကြီး၏ အပေါ်ဆုံးအလွှာတွင် နွားဂျိုလို အချွန်ကြီး ၂ ခု ထွက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအချွန် ၂ ခုသည် အခွံကြီးနှင့် ယှဉ်လျှင်တော့ အနည်းငယ် သေးသည်ဟု ဆိုနိုင်သည်။
လျှပ်စစ်များကို မိုးကြိုးခွံနတ်ဘုရား၏ အခွံထဲတွင် သိုလှောင်ထားသည်။ တစ်ချက်တစ်ချက် ထိုအခွံကြီးထဲတွင် တောက်ပသော အလင်းများ ဖြတ်ပြေးသွားသည်။
တာ့ဇီသည် ပိုမိုသန်မာလာသော မိုးကြိုးခွံနတ်ဘုရားကို ကြည့်ကာ မနာလို ဖြစ်နေသည်။
မိုးကြိုးခွံနတ်ဘုရားသည် ဉာဉ်အလွန်ကောင်းသော သားရဲ ဖြစ်သည်။ သူသည် ထိုကဲ့သို့ ဝိုင်းအုံကြည့်ခံနေရသည်ကို စိတ်ရှုပ်မနေရုံသာမက စကားများပင် ပြန်ပြောနေသေးသည်။
[သားရဲအမည်] - မိုးကြိုးခွံနတ်ဘုရား
[သားရဲအဆင့်] - အဆင့် ၄၅
[သားရဲစွမ်းရည်] - ဒဏ္ဍာရီအဆင့်
[သားရဲအမျိုးအစား] - လျှပ်စစ်
[သားရဲအခြေအနေ] - ကျန်းမာမှုရှိ (ပျော်ရွှင်နေ)
[သားရဲစွမ်းအင်] - မိုးကြိုးစွမ်းအင် အဆင့် ၅၊ အခွံမာကျောမှု အဆင့် ၄
[အထူးဝိသေသ လက္ခဏာများ] - မိုးကြိုးခွံ (ထူးခြားသော အခွံကြီးသည် မိုးကြိုးခွံနတ်ဘုရား လျှပ်စစ်စွမ်းအင်များ၏ အရင်းအမြစ်ဖြစ်သည်။)
အကျိုးသက်ရောက်မှု ၁ - မိုးကြိုးအစွမ်းအဆင့် + ၁
တန်ပြန်သက်ရောက်မှု ၁ - မိုးကြိုးခွံနတ်ဘုရားသည် သူ့အခွံထဲမှ သိုလှောင်ထားသော လျှပ်စစ်အားလုံးကို ထုတ်လွှတ်ပြီး ကြီးမားသော မုန်တိုင်းကြီးကို ဖန်တီးနိုင်သည်။
လျှပ်စစ်ဂလင်း (မိုးကြိုးခွံနတ်ဘုရား၏ ကိုယ်အတွင်းတွင် ရှိသော အထူးဂလင်းရည်ဖြစ်ပြီး တိမ်တိုက်များကို ဆင့်ခေါ်ခြင်း၊ ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
သက်ရောင်မှု ၁ - ထိုအရာနှင့်ဆိုလျှင် မိုးကြိုးခွံနတ်ဘုရားသည် ကောင်းကင်တွင်ရှိသော တိမ်များအားလုံးကို စုစည်းကာ မိုးကြိုးတိမ်အဖြစ် ပြောင်းလဲနိုင်ပြီး ထိုမှအစွမ်းများကို စုပ်ယူနိုင်သည်။
[ဒဏ္ဍာရီအဆင့် မြှင့်တင်နိုင်ရန်နည်းလမ်း] - ၁။ ကံဆိုးမိုးမှောင် အဆင့်မြှင့်ခြင်း (ကံဆိုးမိုးမှောင် မိုးကြိုးခွံနတ်ဘုရား) ၂။ လျှပ်စစ် အဆင့်မြှင့်ခြင်း (တိမ်သတ်ဖြတ်သူ မိုးကြိုးသားရဲ)
မိုးကြိုးခွံ၏ အပိုမိုးကြိုးအဆင့်မြှင့်တင်ခြင်းသည် မိုးကြိုးခွံနတ်ဘုရား၏ မိုးကြိုးအဆင့်ကို သက်ရောက်မှု မရှိပေ။ ထို့ကြောင့် သူ၏ ပကတိ မိုးကြိုးစွမ်းအင်အဆင့်သည် အဆင့် ၆ ဖြစ်သည်။ ကောင်းဖန်သည် ထိုမျှလောက် အဆင့်မြင့်သည့် ကိုယ်ပိုင်သားရဲကို မတွေ့ဖူးချေ။ နဂါးဖြူကြီး၏ ရေနှင့်တိမ်ထိန်းချုပ်မှု အဆင့်သည်ပင် အဆင့် ၅ လောက်သာ ရှိသည်။ နဂါးဖြူကြီးသည် ဓာတ်စွမ်းအင် ထိန်းချုပ်သည့် အမျိုးအစားမဟုတ်တာလည်း ပါသည်။ သူ၏ တိုက်ခိုက်သည့် ပုံစံသည် အနီးကပ်တိုက်ပွဲများနှင့် ပို၍ သင့်လျော်သည်။
ကောင်းဖန်သည် မိုးကြိုးခွံနတ်ဘုရားကြီးမှာ သူ၏ ရေအမျိုးအစား ထိန်းချုပ်မှု စွမ်းရည် ပျောက်သွားပြီး လျှပ်စစ်အမျိုးအစား ဖြစ်သွားသည်ကိုလည်း သတိပြုမိလိုက်သည်။
အကယ်ဿ နဂါးဖြူကြီးသည် အနီးကပ်တိုက်ပွဲ ကျွမ်းကျင်သူဆိုပါက မိုးကြိုးခွံနတ်ဘုရားသည် လျှပ်စစ်လွှတ်ထားသော သံချပ်ကာ အမြှောက်ခံတပ်ကြီးလို ဖြစ်နေလိမ့်မည်။
“အဖိုး.. ဦးလေးလျူက ပြောတယ်.. ဖလိန်မီကို အဖိုးက ယူလာခဲ့တာတဲ့.. သူ့ကို ဘယ်ကနေ ယူလာတာလဲ အဖိုးမှတ်မိလား” ကောင်းဖန်က မေးလိုက်သည်။
ကျီဟန့်ဝူက ခေါင်းညိတ်လိုက်သည်။ သူသည် မီးဖိုချောင်ထဲတွင် သူတို့ မြေးအဖိုး စားဖို့ ချက်ပြုတ်နေခြင်း ဖြစ်သည်။ “အင်း တစ်နှစ်လောက်တော့ရှိပြီ.. စဉ်းစားလိုက်ဦးမယ်..”
“ကျန်းနမ်အခြေမြို့ရဲ့ အနောက်ဘက် ရွှံ့တောထဲက ထင်တာပဲ.. အဲဒီနေရာက အဲဒီတုန်းက လူလည်းမနေပဲ တောကြီးလိုဖြစ်နေတာဆိုတော့ နေရာအတိအကျတော့ မမှတ်မိတော့ဘူး.. အဲဒီမှာ အစ်ကိုဟယ်ဆိုတဲ့ အသိတစ်ယောက်တော့ရှိတယ်.. အဲဒီတုန်းက အဲဒီဒေသမှာ ဖြစ်တဲ့ ကိစ္စတစ်ခုကို ဖြေရှင်းပေးဖို့ ဆင့်ခေါ်ခံလိုက်ရတာ.. အဲဒီမှာ ခြေတစ်ဖက်ကြိုးကြာကို ရှာတွေ့ခဲ့တာပဲ.. အစ်ကိုဟယ်ကို ဖုန်းဆက်ကြီး သူမှတ်မိမလား မေးကြည့်ပါဦးမယ်.. အဲဒီကိုရောက်ရင်သာ သူ့ကို ဖုန်းခေါ်လိုက်ပေါ့” ကျီဟန့်ဝူက ကြော်လှော်နေရင်း ပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၅၂ ကျင်းနန်၏အဓိကမြို့တော်
သားရဲတစ်ကောင်ကို အဆင့်အသစ်ရောက်ပြီးနောက် ကျသွားသော အရည်အသွေးပြန်ရောက်အောင် လုပ်ရန်လိုမှသာ တူညီသောဒြပ်စင်၏ ဒြပ်စင်ကျောက်တုံးအများအပြားကို ကျွေးရန်လိုအပ်သည်။ မိုးကြိုးခွံနတ်ဘုရားက လက်ရွေးစင်အရည်အသွေးဖြစ်နေပေမယ့် ကွန်မန်ဒါ သားရဲအဆင့်သာ ဖြစ်နေသေးသည်။ နတ်ဘုရားအဆင့်ကိုရောက်လျှင် ပြီးပြည့်စုံသော အရည်အသွေးသို့ ပြန်ကျသွားမည် ဖြစ်သည်။
လွန်ခဲ့သော လအနည်းငယ်က သူသည် လက်ရွေးစင်စွမ်းရည်ပြန်ရောက်ဖို့ လျှပ်စီးအမျိုးအစား ဒြပ်စင်ကျောက်တုံး များကို အများကြီးစားခဲ့ရသည်။ မိုးကြိုးနတ်ဘုရား၏ကျောက်တုံးနဲ့သာဆို ဒဏ္ဍာရီစွမ်းရည်ထိခုန်တတ်သွားနိုင်မည်ဖြစ်သည်။
“မိုးကြိုးနတ်ဘုရားရဲ့ကျောက်တုံးကို မိုးကြိုးခွံနတ်ဘုရားအတွက် သုံးဖူးတယ်… ချက်ချင်းကို ဒဏ္ဍာရီအရည်အသွေးဖြစ်သွားတယ်” ကျီဟန့်ဝူက စားပွဲပေါ် ဟင်းပွဲတွေချရင်းပြောလိုက်သည်။
ထို့နောက် သူ့မြေးကို ချစ်ခင်စွာ လှမ်းကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။ သူက တစ်ခုခုပြောမည့်ဟန်ဖြင့် ပါးစပ်ဟပြီးမှ ပြန်ပိတ်လိုက်သည်။ သူက ကောင်းဖန်၏ပခုံး ဖွဖွပုတ်ပေးလိုက်ပြီး “ဒီလမ်းကြောင်းကို ကောင်းကောင်းလျှောက် ကောင်းဖန်… မင်းအဝေးကြီးထိ သွားနိုင်တယ်ဆိုတာ အဖိုးသိတယ်” ဟု ပြောလိုက်သည်။
အမှန်တော့ သူ့မြေးက သူ့ကိုအတော်အံ့အားသင့်စေသည်။ သူသိသလောက် ကောင်းဖန်၏သားရဲ တချို့က ဒဏ္ဍာရီအရည်အသွေးဖြစ်နေကြပြီ ဖြစ်သည်။ အဲ့ဒါအပြင် သူ၏မိုးကြိုးခွံနတ်ဘုရားကိုလည်း ဒဏ္ဍာရီအရည်အသွေး ရောက်အောင်တောင် ကူညီခဲ့သည်။
သားရဲတစ်ကောင်ကို ဒဏ္ဍာရီအရည်အသွေးရောက်အောင် မွေးမြူရသည်က ဖြစ်နိုင်လှသည့် ကိစ္စမဟုတ်။ ဒါကို ကောင်းဖန်က မဖြစ်နိုင်တာကို ရအောင် လုပ်နိုင်ခဲ့သည်။ ကျီဟန့်ဝူသည် ကောင်းဖန်က သူ့ကိုတောင် ကျော်တတ်နိုင်သွားပြီလားဟု သံသယဝင်မိသည်။ သို့သော် သူ့မြေးကို ဘယ်လိုလုပ်ခဲ့လဲတာဟုတော့ သူမမေးခဲ့ချေ။ လူတိုင်းမှာ ကိုယ်ပိုင်လျို့ဝှက်ချက်တွေရှိကြတာပဲလေ။ ကိုယ်ရေးကိုယ်တာတွေကို အတင်းကြီး လိုက်မေးနေဖို့ မလိုပေ။
“အဖိုး ကျွန်တော်ပြောဖူးတဲ့ ရွှေလက်တွေ ဆိုတာ မှတ်မိသေးလား” ကောင်းဖန်က မေးသည်။ “တစ်ခုခု ပြဿနာရှိလို့လား… သူတို့ ခုထိ မင်းကိုဒုက္ခပေးနေတုန်းလား” ကျီဟန့်ဝူက မျက်လုံးများကို မှေးကျဥ်းလိုက်ရင်း ပြောလိုက်သည်။
“အင်း သူတို့ ကျွန်တော် ယန့်ချန်းမှာတုန်းက ရောက်လာကြတယ်” ကောင်းဖန်က အပြုံးနဲ့ပြောလိုက်သည်။ “သူတို့ထဲကတစ်ယောက်က ကျွန်တော့ခေါင်းကို စနိုက်ပါနဲ့တောင် ပစ်လိုက်သေးတယ်… နာလိုက်တာ သေမလိုပဲ”
ကျီဟန့်ဝူမျက်လုံးများကို ပိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူအတော်ကြာကြာ အသံတိတ်နေသည်။ “သူအခု ဘယ်မှာလဲ”
“ဖန်ဆင်းရှင်နဲ့တွေ့ဖို့ ပို့ပေးလိုက်တယ်”
“ကံကောင်းတာပေါ့… သွားနားတော့ ဒါတွေဘာမှထပ်မစဥ်းစားနဲ့တော့”
“မရပါဘူး… ရွှေလက်တွေက ကျွန်တော့်ကို တွေ့ဖို့ ဒီထိတောင်လာထားကြရှာတာ ဒီလိုကြင်နာမှုမျိုးကို ဆုမချီးမြင့်လို့ ဘယ်ဖြစ်မလဲ” ကောင်းဖန်က ခေါင်းခါရင်းပြောလိုက်သည်။
ကျီဟန့်ဝူက ခေါင်းညိမ့်ပြီး “သွားနားတော့” ဟုပြောလိုက်သည်။
“ကျွန်တော် အစင်းလေးနဲ့ ဒီညတူတူနေမလို့… ဒီညအိမ်မှာ အိပ်ဖြစ်မှာ မဟုတ်ဘူး” ကောင်းဖန်ကပြောသည်။ ထို့နောက် စတိုခန်းထဲက ရွက်ဖျင်တဲကိုယူပြီး အဖိုးကိုနှုတ်ဆက်၍ တံခါးကနေအမြန်ထွက်သွားသည်။ တံခါးပိတ်သံကြားပြီးနောက် ကျီဟန့်ဝူက သူ့လက်ကို အဝတ်စိုနဲ့သုတ်လိုက်ပြီး ဆိုဖာသို့သွားခဲ့သည်။ ထို့နောက် ပြတင်းပေါက်ကနေ ညကောင်းကင်ကိုငေးကြည့်လိုက်သည်။
သူ့ကိုယ်ထဲတွင် သွေးဆာနေသည်။
ကောင်းဖန်တောင်လမ်းလေးအတိုင်း လျှောက်သွားလိုက်သည်။ ထိပ်သို့ရောက်သောအခါ မလှမ်းမကမ်းတွင် နည်းနည်း ပိုသေးသော တောင်တစ်လုံးကို တွေ့နေရသည်။ သူ့ခြေထောက်အောက်က မြေကြီးက စတင် တုန်ခါလာသည်။ တောင်အသေးလေးက သူ့ရှေ့တွင် မြင့်တတ်လာခဲ့သည်။
အစင်းလေးက ကောင်းဖန်နားသို့ စိတ်လှုပ်ရှားစွာဖြင့် တိုးကပ်လာသည်။ “ကောင်းဖန် ကောင်းဖန် မင်း ငါ့ကို လာတွေ့တာလား”
အရွယ်အလွန်ကြီးသွားခြင်းကြောင့် အစင်းလေးတစ်ယောက်တည်းဖြစ်နေရတာကို ကြည့်ရင်း ကောင်းဖန် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ “အင်း ငါ မင်းကိုထပ်လာတွေ့တာ… ဒီမှာမင်းနဲ့ တစ်ညလုံးနေမလို့” ကောင်းဖန်က ပြုံးရင်းပြောသည်။
“ကောင်းတာပေါ့” အစင်းလေးက ပြောသည်။ သူဒီလောက်မပျော်ရတာ ကြာပြီဖြစ်သည်။ သူက မြေကြီးပေါ်တွင်လှဲ ပြီး ကောင်းဖန် အိပ်ပျော်သွားသည်အထိ သူ့ကိုကြည့်နေခဲ့သည်။ မနက်လင်းသည်အထိ ကောင်းဖန်အနားတွင် သူနေနေခဲ့သည်။
“အနောက်အရပ်သို့ ခရီးသွားခြင်း ဆိုတဲ့ဇာတ်လမ်းကို မင်းမှတ်မိသေးလား”
“အင်း မှတ်မိတယ်” အစင်းလေးကသူ့ရဲ့မျက်လုံးနီကြီးများကို အပြစ်ကင်းစွာ ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ဖြေသည်။ “အဲဒီထဲက အရွယ်အစားကို ကြိုက်သလိုပြောင်းလို့ရတဲ့ ကောင်တွေကိုရော မှတ်မိလား… မင်းသာ
ဆင့်ကဲ့ပြောင်းလဲခြင်းလမ်းကြောင်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မင်းလည်း အရွယ်အစားပြန်ချုံ့လို့ရတဲ့ တစ်ရက်ရောက်လာမှာပါ… အဲဒီလိုဖြစ်တဲ့အခါကျ ငါနဲ့အတူထပ်ပြီး ခရီးတွေထွက်နိုင်လိမ့်မယ်” ကောင်းဖန်ကပြောသည်။
အစင်းလေး၏မျက်လုံးများ အရောင်တောက်သွားသည်။
ကောင်းဖန်ပြန်သွားသောအခါ အစင်းလေးက အာရုံခံဦးမျှင်ကို မြေကြီးထဲထိုးစိုက်ပြီး မြေကြီးထဲက စွမ်းအင်များကို စုပ်ယူလိုက်သည်။ ငါ…အစင်းလေးက ကိုယ့်ကိုယ်ကိုယ်ဆက်ပြီး အဆင့်တင်နေမှာ…ငါ ကိုယ့်ကိုယ်ကိုယ် ပြန်ကျုံ့နိုင်တဲ့ အစွမ်းရတာနဲ့ ကောင်းဖန်နဲ့ နေ့တိုင်းကစားနိုင်တော့မှာ”
ယွိကျိူးမှ ကိုယ်ပိုင်လေယာဥ်တစ်စင်း ကျင်းနန်လေဆိပ်သို့ဆိုက်ရောက်လာသည်။ လေယာဥ်တံခါးပွင့်သွားပြီး ဒန်ဘီထွက်လာသည်။ သူ့နောက်က ဂိုဒီ၊ ဖလိန်မီနဲ့ တာ့ဇီတို့ ထွက်လာကြသည်။ ကောင်းဖန်လေယာဥ်ထဲက ထွက်လိုက်သည်နဲ့ ကျင်းနန်လေဆိပ်က ယွိကျိုးကလေဆိပ်နဲ့ ဘယ်လောက်တောင်ကွာတယ်ဆိုတာ သတိထားလိုက်မိသည်။
ကျင်းနန်လေဆိပ်က ဗိသုကာပိုင်းတွင် ပိုလှပသပ်ရပ်သည်။ သူတို့လေဆိပ်က ထွက်လာတော့ ကောင်းဖန်က တာ့ဇီနဲ့တခြားသူတွေကို ကျင်းနန်က တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းရုံးခွဲဆီသို့ ခေါ်သွားသည်။ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက ကျင်းနန်အပါအဝင် တောင်ဖက်က အဓိကမြို့တိုင်းတွင် ရုံးခွဲရှိသည်။
ခဏနားပြီးသည့်နောက် ကောင်းဖန် မြို့နောက်ဖက်ပိုင်းက အပြောင်းအလဲအခြေအနေကို ပိုသိရအောင် ကျင်းနန်ရုံးခွဲ၏ အချက်အလက်ကွန်ယက်ထဲ ဝင်ကြည့်ခဲ့သည်။ ကောင်းဖန်တောင်းထားသော အချက်အလက်အားလုံးကို စုရတာ ၂ ရက်တိတိကြာခဲ့သည်။
ဟဲ့ဝေက ကျင်းနန်မြို့တော်ဝန်ဖြစ်သည်။ တခြားအဓိကမြို့များက မြို့တော်ဝန်များနဲ့ ယှဉ်လျှင်သူက အတော်ငယ်သေးသည်… အသက် ၄၀ပင် မကျော်သေးချေ။
အခုလက်ရှိ ကျင်းနန်တွင် နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ ၁၂ ယောက်ရှိသည်။ ၃ ယောက်က တရားဝင်အလုပ်လုပ်သည်၊ ၂ ယောက်က စစ်တပ်ထဲတွင်၊ ၅ ယောက်က ဒေသတွင်းက ထိပ်တန်းမိသားစု ၄ စု (ကျောင်း၊ ချန်၊ ဆန်း၊ လီ) ထဲကဖြစ်ပြီး ကျန်တဲ့ ၂ ယောက်က အလွတ်တန်း လေ့ကျင့်ထိန်းကျောင်းသူများဖြစ်သည်။
ကျင်းနန်မြို့က ဟွာရှားတစ်ခုလုံးက တခြားမြို့တွေထက် နတ်ဘုရားအဆင့် သားရဲထိန်းကျောင်းသူ ပိုများသော်လည်း ဒီဒူနဲ့ မိုဒူ မြို့တွေကတော့ သူ့ထက်ပိုများသည်။
ဘာကြောင့်လဲဆိုတော့ ကျင်းနန်က ကမ္ဘာပျက်ကပ်မတိုင်ခင်က ဟွာရှား၏ စီးပွားရေးအချက်အချာဖြစ်သည်။ လူဦးရေများပြီး တိုးတက်မှုမြန်ဆန်သည်။ တိရိစ္ဆာန်နဲ့ အပင်အမျိူးအစားတော်တော်များများ ကျင်းနန်၏ အပူပိုင်းရာသီပတ်ဝန်းကျင်တွင် ဖြစ်ထွန်းနေထိုင်ကြသည်။ ကျင်းနန်က ကမ္ဘာပျက်ကပ်အတွင်း ပျက်စီးမှုဒဏ် သိပ်မခံလိုက်ရခြင်းကလည်း မြို့၏ရှေ့ဆက်တိုးတက်မှုကို ထောက်ပံ့အားပေးနေသည်။
ကျင်းနန်က တရားဝင် သားရဲလေ့ကျင့်သူ ၂ယောက်မှာ မြို့တော်ဝန် ဟဲ့ဝေ၊ ဘဏ္ဍာရေးဝန်ကြီး ပိုင်လိကွမ်းနဲ့ ဘဏ္ဍာထိန်း လိချန်းမင်းတို့ဖြစ်ကြသည်။
မြို့ထဲက အဓိက မိသားစုလေးခုထဲမှ နတ်ဘုရားအဆင့်သားရဲလေ့ကျင့်သူ ၂ ယောက်က ချန်မိသားစုမှဖြစ်သည်။
ကျန်တဲ့ အလွတ်တန်း လေ့ကျင့်ထိန်းကျောင်းသူ ၂ယောက်က သားရဲလေ့ကျင့်ထိန်းကျောင်းသူအဖွဲ့ကို ဝင်ခဲ့ကြသည်။ ပြောရရင် ကျင်းနန်က နတ်ဘုရားအဆင့် ထိန်းကျောင်းသူဘယ်တစ်ယောက်ကမှ တကောင်ကြွက် မဟုတ်ပေ။ တစ်ယောက်ချင်းစီတိုင်းက သူတို့ဟာနဲ့သူတို့ သြဇာလွှမ်းမိုးမှု ရှိကြသည်။ ဘာ သြဇာလွှမ်းမိုးမှုမှ မရှိသည့် လေ့ကျင့်ထိန်းကျောင်းသူတောင် အစကနေ ဖြည်းဖြည်းချင်း တည်ဆောက်ယူလို့ရသည်။ သူတို့ဟာသူတို့ လေ့ကျင့်ပေးနေမယ့်အစား ဒီသားရဲလေ့ကျင့်သူတွေက သူများတွေကို ကူညီခြင်းဖြင့် ပိုပြီးမြန်မြန် အားကောင်းလာခဲ့သည်။
ကောင်းဖန်တောင်းဆိုထားသော အချက်အလက်များက မျိူးရင်းကြိုးကြာအမျိူးအစားသားရဲ၊ မိကျောင်းအမျိူးအစား သားရဲစသည်တို့နဲ့ဆိုင်သည်။ ပြည်နယ်တွင်းတွင် နေထိုင်သော ကြိုးကြာအမျိူးအစား သားရဲအနည်းငယ်ရှိသည်။ သို့သော် သူမြင်ခဲ့ရသည့်ပုံတွေအရ ဖလိန်မီလို မျိုးစိတ်တော့မဟုတ်။ သူ သေချာအောင် ဖလိန်မီကိုပင် မေး၍အတည်ပြုခဲ့သည်။
ဖလိန်မီရဲ့ မျိုးစိတ်တစ်ခုလုံးက မနှစ်ကတိုက်ပွဲတုန်းက မျိုးသုဥ်းသွားသည်များလား။ ကောင်းဖန် မျက်မှောင်ကျုံ့လိုက်သည်။ မဖြစ်နိုင်ဟု ထင်ရသည်။
တစ်ယောက်ယောက်တော့ အသက်ရှင်ကျန်ရစ်မှာပါ။
မပျံနိုင်တဲ့မျိုးစိတ်က ပျံနိုင်တဲ့မျိုးစိတ်ကို မျိုးသုဥ်းပျောက်ကွယ်အောင် လုပ်လိုက်သည်ဆိုတာက တကယ်ပဲ မဖြစ်သင့်ပေ။
***
စာစဉ် ၂၂ ပြီး၏။