← Chapters

အခန်း (၃၆၅-၃၆၈)

Vol. 23 Ch. 365-368

အခန်း (၃၆၅-၃၆၈)

Vol. 23 Ch. 365-368

အခန်း ၃၆၅ မြူခိုးမည်း

ပိုင်ယဲ့ခရိုင်သည် မြို့တွင်းတွင် ကင်ဆာရောဂါ ပြန့်ပွားနေသကဲ့သို့ ပွက်လောရိုက်နေသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုခရိုင်သည် မြူခိုးများအူတက်လာပြီး သေအံ့ဆဲဆဲ လူနာတစ်ယောက်လို ဖြစ်လာသည်။

လမ်းဘေးရှိ မြောင်းများတွင် အမှိုက်သရိုက်များနှင့် ပြည့်နှက်နေပြီး ပုပ်အဲ့နေသော အနံဆိုးကြီးများ ထွက်ပေါ်နေသည်။

“၀ိဉာဉ်ဖောင် ပေါ်လာကတည်းက ပိုင်ယဲ့ခရိုင်ရဲ့ အနံ့က ပိုပိုဆိုးလာတယ်” မြို့ခံတစ်ယောက်က စိုးရိမ်နေသော လေသံဖြင့် ပြောလိုက်သည်။

“ဘယ်လိုပိုဆိုးတာလဲ” ကောင်းဖန်က မေးပြီး ပတ်၀န်းကျင်ကို အကဲခတ်လိုက်သည်။ သူသည် သူ့ကို အချို့သော အဆောက်အအုံပြတင်းပေါက်များမှ တဆင့် စောင့်ကြည့်ခံနေရသလို ခံစားနေရသည်။

“အရှေ့မှာသာ ကြည့်တော့” မြို့ခံလူက တိုးတိတ်စွာ ပြောလိုက်သည်။

အရှေ့တွင် လမ်းတစ်ခုကို ပိတ်ထားသည်ကို တွေ့လိုက်ရသည်။

ထိုနေရာတွင် ပါးစပ်ကို တင်းတင်းစေ့ထားသော စစ်သားများသည် များပြားစွာ စောင့်ကြပ်နေကြသည်။ ဘေးတွင် ‌သားရဲလေ့ကျင့်သူနှင့် ကိုယ်ပိုင်သားရဲများလည်း ရှိနေကြသည်။

ကိုယ်ပိုင်သားရဲ ၂ ကောင်သည် သူတို့၏ နားရွက်များလို ရေဒါလို ထောင်ထားကြကာ ပြူးကျယ်စိုစွတ်နေသော မျက်လုံးကြီးများက ပတ်၀န်းကျင်မှ အရာအားလုံးကို သတိအနေအထားဖြင့် ကြည့်နေသည်။ သူတို့၏ သေးသွယ်သော ကိုယ်များသည် ယိမ်းယိုင်နေကြသည်။ တစ်ခါတစ်ရံ ပါးစပ်တွင်းမှ မီးတောက်များ ထွက်ထွက်လာသည်။

စစ်သားများသည် ကောင်းဖန်တို့ ရောက်လာသောအခါ အရိုအသေပြုလိုက်ကြသည်။

ကောင်းဖန်သည် သတ္တုတံခါးကြီး ၃ ချပ်နှင့် သတ္တုခြံစည်းရိုး ၂ ခုကို ဖြတ်၀င်လာသည်။ နောက်ဆုံးတော့ သူတို့သည် ကောင်းဖန်အမြင်တွင် ဆောက်လုပ်၍ မပြီးသေးဟု ထင်ရသော အဆောက်အအုံတစ်ခုဆီသို့ ရောက်လာခဲ့သည်။

ထိုအဆောက်အအုံသည် ထူထဲမဲမှောင်နေသော မြူခိုးများဝိုင်းရံနေသည်။ မြူခိုးများ၏ ပိတ်နေမှုကြောင့် တစ်ချက်တစ်ချက်သာ အထဲမှ အဆောက်အအုံကို မြင်ရသည်။

ထိုအချိန်တွင် တောက်တဲ့လို အကောင်ကြီးများသည် မြူခိုးများကြားထဲမှ ထွက်လာသည်။ သူတို့၏ လက်များသည် ဝါးပင်များကဲ့သို့ သေးသွယ်ပိန်လှီနေသည်။

ကောင်းဖန်သည် ထိုတောက်တဲ့များကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ချက်ချင်းပင် သူ့မျက်စိရှေ့တွင် အချက်အလက်များ ပေါ်လာသည်။

[သားရဲအမည်] - အနက်ရောင်ဂျာကင်၀တ် တောက်တဲ့

[သားရဲအဆင့်] - အဆင့် ၂၀

[သားရဲစွမ်းရည်] - သာမာန်

[သားရဲအမျိုးအစား] - အရိပ်

[သားရဲစွမ်းအင်] - အရိပ်စွမ်းအင် အဆင့် ၁

[သားရဲဖော်ပြချက်] - ၀တ်ရုံနက်တောက်တဲ့ဟု အမည်ရဿာ သားရဲသည် အမြဲတစေ မည်းမှောင်နေလျက်ရှိသည်။ သူသည် သေးသွယ်သော ကိုယ်ဖြင့် လျှောက်သွားနေလေ့ ရှိကာ လတ်ဆတ်သော အသားများ စားရသည်ကို ကြိုက်တတ်သည်။

“သူတို့ကို မြင်ရလား.. ဒီကောင်တွေက မြူခိုးမည်းတွေမှာ အဓိကနေတဲ့ ကောင်တွေပဲ.. သေနတ်တွေ တခြားလက်နက်တွေက သူတို့ အပေါ် သက်ရောက်မှုလည်း မရှိနေဘူး” မြို့ခံလူက သူ့မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်သည်။

“ဟုတ်လား” ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။

“၀ိဉာဥ်‌ဖောင်ကရော ဒီမှာ ရှိတာလား”

“ဟုတ်တယ်.. မြူခိုးမည်းတွေက နေ့ဘက်ဆို အားပျော့တတ်ပြီး နည်းနည်းအတွင်းဘက်ကို မြင်ရတယ်.. ညဘက်ဆိုရင်တော့ အဆောက်အအုံတစ်ခုလုံးကို ဖုံးသွားပြီး ဘာမှမမြင်ရတော့ဘူး”

“အထဲမှာ နတ်ဘုရားအဆင့်သားရဲ ရှိတယ်တော့ မထင်ဘူး” ကောင်းဖန်က ဘေးတွင်ရပ်နေသော ဂိုဒီပေါ် လက်တင်၍ ပြောလိုက်သည်။

ဂိုဒီကလည်း ထောက်ခံလိုက်သည်။ သူ၏ အာရုံခံနိုင်စွမ်းမှာလည်း အလွန်ကောင်းနေပြီ ဖြစ်ရာ တစ်မိုင်ခန့်အကွာက အန္တရာယ်ကိုပင် သိနေနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် အဆောက်အအုံထဲတွင် တစ်ခုခုရှိနေပါက သူချက်ချင်း သိနိုင်မည်ဖြစ်သည်။

ဂိုဒီသည် လှည့်ကြည့်လိုက်သောအခါ ကောင်းဖန်လက်က သူ၏ကျောပေါ်တွင် တင်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် သက်ပြင်းတချက်ချပြီးနောက် ကောင်းဖန်ခေါင်းပေါ်သို့ သူ၏တောင်ပံကြီးကို ပြန်တင်ထားလိုက်သည်။

ကောင်းဖန်ခေါင်းပေါ်တွင် ထိုင်နေသော ဆစ်လီသည် ဂိုဒီ၏ တောင်ပံကို ဖယ်ထုတ်လိုက်သည်။ ဘာတွေကြံစည်နေတာလဲ.. လာမထိနဲ့..

ကောင်းဖန်နှင့် ဂိုဒီသည် အရပ်ကွာသောကြောင့် ကောင်းဖန်သည် ဘဲကြီး၏ ဖင်ပိုင်းကိုသာ မှီသည်။

“ဂိုဒီ.. အထဲဝင်ကြည့်ပါလား”

ဂိုဒီက ခေါင်းညိတ်လိုက်ကာ မြူခိုးမည်းထဲ ၀င်သွားသည်။

“အဖွဲ့ ၂.. အသင့်ပြင်ထား” ပြည်သူ့ဝန်ထမ်းတစ်ယောက်က ကော်လံတွင် တပ်ထားသော မိုက်ဖြင့် ပြောလိုက်သည်။ သူသည် သူ့ကိုယ်သူ အဆင့်မြင့်အရာရှိကြီး တစ်ဦးနှယ် ထင်မှတ်နေသည်။

“မလိုပါဘူး ခင်များတို့ ဘာမှလုပ်ဖို့မလိုဘူး.. ဂိုဒီတစ်ယောက်တည်းနိုင်တယ်” ကောင်းဖန်က ပြောလိုက်သည်။

ထိုသူသည် ကောင်းဖန်ကို ကြည့်လိုက်ကာ ကြက်သေသေသွားသည်။ ထို့နောက် ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ရုတ်တရက် ကျယ်လောင်သောအသံကြီးသည် မြူခိုးမည်းများဆီမှ ထွက်ပေါ်လာသည်။ ထို့နောက် ထူးဆန်းသောအသံတခု ထပ်ပြီးထွက်ပေါ်လာသည်။ ထိုအသံသည် သစ်သားတုံးကို မြေပြင်ဆီသို့ ရိုက်ခတ်နေသော အသံနှင့်တူနေသည်။

ပြည်သူ့ဝန်ထမ်းသည် အမှောင်ထုထဲသို့ ခြောက်ခြားစွာကြည့်နေသည်။ သူသည် ဘဲကြီးကို တခုခုဖြစ်နေပြီဟု ထင်နေလေသည်။

“အိမ်မြှောင်တွေ နာပြီး အော်နေတဲ့ အသံထင်တယ်” ဘေးမှတစ်ယောက်က တီးတိုးပြောလိုက်သည်။

ပြည်သူ့၀န်ထမ်းသည် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

အမှောင်ထုထဲတွင် ထူးဆန်သော ပဲ့တင်ရိုက်သံများ ထွက်ပေါ်နေပြီး အဆောက်အအုံအတွင်းမှ နံရံများသည် ကျိုးကြေနေသလိုပင်။

ထိုအသံများသည် မိနစ်ပိုင်းအတွင်း ပို၍ပင် ကျယ်လောင်လာသည်။

နောက်ဆုံးတော့ ထိုအသံများရပ်သွားသည်။ မြူခိုးမည်းများကြားမှ ကြီးမားသော အမည်းရောင် သဏ္ဍာန်ကြီး ထွက်ပေါ်လာသည်။

အပြင်ဘက်မှလူများသည် ရန်သူအသစ်ကို ရင်ဆိုင်ရတော့မည်ဟု ထင်မှတ်နေကြသည်။

သူတို့ရှေ့မှ ကြီးမားသောအရာကြီးသည် အနည်းဆုံး ပေ ၂၀ ခန့် ရှိလောက်သည်။ ထိုအရာသည် လူနှင့်ပင် တူနေသည်။ သားရဲအသစ်များ ပေါ်လာတာလား.. လူတိုင်းသည် ထိုအတွေးများ ဖြစ်နေကြသည်။

ဂိုဒီသည် ခပ်ချေချေအကြည့်ဖြင့် မြူခိုးမည်းများကြားမှ ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးလည်း မည်းနေသည်။

သူ့လည်ပင်းမှ စိပ်ပုတီးများသည် ပြုတ်ထွက်တော့မလို ဖြစ်နေကြသည်။ ပုတီးလုံးများကြားတွင် လက်တစ်ဖဝါးစာလောက်စီ လွတ်နေကြသည်။ မပြုတ်ထွက်သွားသည်ကပင် တော်သေးတော့သည်။ ပုတီးလုံးများကို သတ္တုအမျိုးအစားအပင်မှ ရသော ပစ္စည်းဖြင့် သီထားခြင်း ဖြစ်ရာ ၁၀ ဆ လောက်ထိပင် ဆန့်ထုတ်နိုင်စွမ်းရှိသည်။

ဂိုဒီသည် ပုတီးစေ့များကို ချစ်မြတ်နိုးစွာ ကိုင်လိုက်သည်။ မပြုတ်ထွက်ပဲ ရှိနေသေးသည်ကို သိလိုက်ရသောအခါ ‌စိတ်ကျေနပ်သွားသည့် အသံပြုလိုက်သည်။

“ကောင်းဖန်ရေ.. ငါအထဲက ကောင်တွေကို ဆော်လိုက်ပြီ” သူသည် တစ်ချက် တွေဝေသွားပြီးနောက် ဆက်ပြောလိုက်သည်။ “သူတို့က ငါးတွေဟ.. ခြေလေးချောင်းပါတဲ့ ငါးတွေ”

ထိုသို့ပြောပြီးနောက် ဂိုဒီသည် နောက်ပြန်လှည့်လိုက်ကာ မြူခိုးမည်းထဲ ပြန်၀င်လျက် ၁၃ ပေရှည်သော တောက်တဲ့ကြီး တစ်ကောင်ကို ဆွဲထုတ်လိုက်သည်။ ထိုတောက်တဲ့သည် မသေးလှသော်လည်း ‌ဂိုဒီ၏ တောင်ပံကြားတွင်တော့ အရုပ်ကလေးလို ဖြစ်နေသည်။

“တောက်တဲ့‌ပါဟ” ကောင်းဖန်သည် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

ဂိုဒီက ခဏရပ်သွားသည်။ ထို့နောက် တောက်တဲ့ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ “ဘာလို့ ငါးမဖြစ်ရတာလဲ”

“‌ငါးတွေမှာ ခြေထောက်မရှိဘူးလေ.. အများအားဖြင့်ပေါ့” ကောင်းဖန်က ရှင်းပြလိုက်သည်။

ဂိုဒီက ခေါင်းကို ဖြေးညင်းစွာ ညိတ်လိုက်သည်။ သူသည် ညာတောင်ပံဖြင့် တောက်တဲ့လည်ပင်းကို ကိုင်ကာ ဘယ်တောင်ပံဖြင့် တောက်တဲ့ ခြေထောက်များကို တစ်ချောင်းပြီး တစ်ချောင်းချိုးလိုက်သည်။ ပြီးသွားသောအခါ ထိုခြေထောက်‌များကို မြူခိုးမည်းထဲ ပြန်ပစ်ထည့်လိုက်သည်။ “ငါးဖြစ်သွားပြီ”

တောက်တဲ့ကြီးသည် ဂိုဒီက ထိုသို့လုပ်နေစဉ်အတွင်း နာကျင်မှုမခံစားရသလို ဒေါသဖြစ်နေပုံလည်းမရပေ။ ဂိုဒီကိုသာ စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

“တွေ့လား.. ခြေထောက်တွေက အတုတွေ.. အခုတောင် ပြုံးနေတာ ကြည့်ပါလား” ဂိုဒီသည် တောက်တဲ့ကို ဆော့ကစားရင်း ပြောလိုက်သည်။

“အဲဒီတော့ သူကငါးပဲ” ဂိုဒီက အဆုံးသတ်လိုက်သည်။

ကောင်းဖန်က တိတ်ဆိတ်စွာကြည့်လိုက်သည်။ ဒီကောင်လောက်ဆို ၅၀၀ တော့ ပေးရမှာပဲ..

“ကောင်းပြီးလေ.. မင်းကို ၅၀၀ ပေးမယ်” ကောင်းဖန်က လက် ၅ ချောင်းထောင်လျက် ညစ်ကျယ်ကျယ်ပြုံးကာ ပြောလိုက်သည်။

ကောင်းဖန်နှင့် ဂိုဒီတို့ လုပ်ရပ်သည် သူတို့ ၂ ဦးကြားသာ သိကြသည် ဖြစ်ရာ ပြည်သူ့၀န်ထမ်းသည် သူတို့ကို နားမလည်စွာ ကြည့်နေမိသည်။ သူတို့ဘာတွေ ပြောနေကြတာလဲ.. အထဲမှာ နောက်သားရဲ ၅ ကောင် ထပ်ရှိသေးတာလား.. သူတွေးနေမိသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၆၆ အဝါရောင်ဂျာကင်ဝတ် သားရဲရေဘဝဲ

“အထဲကမိစ္ဆာတွေအကုန်လုံးကိုရှင်းလင်းသုတ်သင်ပြီးပြီ….ငါတို့သွားကြစို့” ကောင်းဖန်ကပြောရင်း အ‌မှောင်ထဲကိုအမြန်၀င်သွားသည်။

၀န်ထမ်းတွေကတော့ သူကိုဆက်မသွားစေချင်တဲ့အတွက် တားဆီးကြ သည်။ သို့သော်လည်း သူတို့နောက်ကျသွားခဲ့ပြီ။ သူနှင့်အတူ တပ်ဖွဲ့နှစ်ဖွဲ့နှင့် အစွယ်ရှိသားရဲတွေလည်း နောက်ကလိုက်ပါသွားကြသည်။

အစွယ်ရှိသားရဲတွေကအလွန်ကို အနံ့ခံကောင်းကြသည်။ သူတို့အနားမှာ အန္တရာယ်အငွေ့အသက်ရတာနှင့် တပြိုင်နက် ချက်ချင်းသတိထားမိသူတွေဖြစ်ကြသည်။ ထို့ကြောင့်လည်း ရဲနဲ့စစ်တပ်က အစွယ်ရှိ သားရဲတွေကို သူတို့တပ်ဖွဲ့တွေအတွက် အထူးအားကိုးကြသည်။

သူတို့၀င်လာသည်နှင့် အစွယ်ရှိ သားရဲတွေက တစ်ခုခုကို ခံစားမိသွားသည်။ အနံ့ဆိုးတစ်ခု လေထဲမှာ ပျံ့လွင့် လာသည်။ လေထုထဲကသားရဲအငွေ့အသက်တွေက အစွယ်ရှိသားရဲတွေကိုမာန်ဖီလာစေသည်။

ကောင်းဖန်သည် မြူထုထဲ‌တွင်လမ်းလျှောက်နေရင်းနှင့် တဖြည်းဖြည်းလေထုအပူချိန်လျော့ကျလာမှုကို သတိပြုမိလာသည်။ တဖြည်းဖြည်းမှုန်မှိုင်းလာပေမဲ့ သူခြေလှမ်းအနည်းငယ်ရှေ့ဆက်လိုက်သည်။

မြူတွေက ပိုပြီးထူထပ်လာခဲ့သည်။ တဖြည်းဖြည်းနဲ့ တိမ်အမှောင်တိုက်ကဲ့သို့ဖြစ်လာလေသည်။ ရုပ်ရှင်တွေထဲတွင် နောက်‌ကြောင်းပြကွက်ပြန်ပြလျှင် အနည်းငယ် မှောင်‌နေသကဲ့သို့ပင် ထင်ရလေသည်။

တောက်တဲ့များ၏ အလောင်းတချို့ကို မြင်လိုက်ရ‌သည်။ တချို့တွေက ပြားနေပြီး တချို့တွေကအစိတ်စိတ် အမွှာမွှာ ပင်ဖြစ်နေကြသည်။

ဂိုဒီက သနားချင်းအလျှင်း မရှိပဲ ထိုအ‌‌လောင်းများကို တစ်ချက်ကြည့်လိုက်သည်။ ဒါတွေအကုန်လုံးက ငါးတွေဖြစ်သင့်တာပဲ…. အဲဒါမှ‌ကောင်းဖန်ကို ရောင်းနိုင်မှာ။

အစွယ်ရှိသားရဲတွေက တရှုံ့ရှုံ့နဲ့မြေပြင်ကို နမ်းရင်း ရှေ့ဆက်သွားကြသည်။ သူတို့အနံ့တချို့ကို ခံစားမိသလိုရှိကြသည်။

တစ်နေရာအ‌ရောက်မှာရပ်လိုက်ကြပြီး ထိုနေရာကို သေချာအနံ့ခံနေကြသည်။ သူတို့ထဲကတစ်ကောင်က အလောင်းကောင်ကို ကိုက်ဖြဲလိုက်ပြီး အသားတွေကို အငမ်းမရမျိုချလိုက်သည်။

သားရဲလေ့ကျင့်သူက “ဟေး အဲဒီလိုမလုပ်နဲ့စမ်း” ဟုအော်ပြောလိုက်သည်။ အစွယ်ရှိသားရဲကတော့ သူ့စကားကို နားမထောင်ပဲ တောက်တဲ့ရဲ့ အလောင်းကိုဆွဲဖြဲပြီး အထဲက အူကလီစာ တွေကိုပါ ဝါးမျိုစားသောက်နေလေသည်။

“ဒီအသားတွေက စစ်ဆေးထားရသေးတာမဟုတ်ဘူး.. စားလို့ရပါ့မလား” ခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ “အဲဒါတွေကိုမစားကြနဲ့” ဟု တဆက်ထဲ ပြောလိုက်သည်။

“ဆရာရယ် ဘာလို့မှန်းမသိတော့ပါဘူး ဒီနေ့ သားရဲတချို့က ကျွန်တော့်စကားကို သေချာနားမထောင်ကြဘူး” သားရဲလေ့ကျင့်သူက စိတ်ပျက်စွာငြီးညူပြီးပြောသည်။

တကယ်တော့ ထိုတောက်တဲ့၏ အသားကို စားမိလျှင် တဖြည်းဖြည်းနှင့် ထိုအသားကို ပို၍စွဲလမ်းလာခြင်းဖြစ်စေနိုင်သည်။

သူ့လက်ထဲမှာရှိတဲ့အသား‌ကို‌ကြည့်ပြီး ကောင်းဖန်က ပြောလိုက်သည် “သားရဲတွေကို ဒီအသားတွေကိုဆက်မစားစေနဲ့တော့”

တာ့ဇီက တစ်လုပ်ခိုးစားလိုက်သည်ကို ကောင်းဖန်က မြင်လျှင် ပိတ်ကန်လိုက်ပြီး “မစားစမ်းနဲ့” ဟု ဆိုလေသည်။

“မင်းအများကြီးစားမိရင် ဖလိန်မီလို ၀တုတ် ဖြစ်လာလိမ့်မယ်”

တာ့ဇီ ရုတ်တရက်လန့်သွားပြီး စားတာရပ်လိုက်သည်။

…

သူတို့တွေလှေကားပေါ် တက်လိုက်လျှင် ခြေသံတွေရဲ့ပဲ့တင်သံကိုပြန်ကြား‌နေရသည်။ အဆောက်အအုံကဆောက်လက်စအဆောက်အအုံတစ်ခုဖြစ်သောကြောင့် အထပ်တိုင်း‌တွင် အပေါက်များ ဖြစ်နေသည်။

ကောင်းဖန်စိတ်ထဲတွင် တစ်ယောက်ယောက်‌ နောက်မှကြည့်နေသည်ဟု ခံစားမိသည်။ သို့သော် မည်သူကြည့်နေလဲ သူရှာမတွေ့။

သုံးထပ်တွင် ဝိဉာဥ်ဖောင် တစ်ခုလေထဲတွင် လွင့်နေသည်။ အနက်ရောင် ဝိဉာဥ်ဖောင်က ဘယ်ကမှန်းမသိပဲ လျို့ဝှက်ဆန်းကြယ်စရာဖြစ်နေသည်။

၀ိဉာဥ်ဖောင်သည် ဘဲဥပုံဖြစ်ပြီး အမြင့်ခြောက်ပေမှ ဆယ်ပေလောက်ထိရှိသည်။

“အဲဒါက ဝိဉာဥ်ဖောင်ပေါ့” ကောင်းဖန်က ထူးဆန်းစွာကြည့်ရင်းဆိုသည်။ “ဒီတစ်ခုက ငါတို့တီဗီမှာ ကြည့်နေကြဟာနဲ့တော့ သိပ်တူမနေဘူးပဲ”

ဖောင်ရဲ့ဘေးတဝိုက်မှာ အမဲရောင် မြူခိုးတွေက ရစ်ဆိုင်းလျှက်ရှိနေသည်။ မြူခိုးတွေက ရိုက်ခတ် နေသောကြောင့် ဖောင်သည် တစ်ချက်တချက် လှုပ်ခတ်လျက်ရှိလေသည်။

ထိုစဉ်အဝါဖျော့ရောင် ဦးမှင်တစ်စုံကို‌တွေ့လိုက်ရသည်။ ထိုဦးမှင်များက လေထဲတွင် ဝှေ့ယမ်းလျှက် ရှေ့ကိုစူးစမ်းနေကြသည်။ ထို့နောက်၎င်းအရာသည် ကွန်ကရစ်ကြမ်းပြင်နှင့်ထိမိပြီး ကြမ်းပြင်ပေါ်တွင် ရပ်တန့်သွားသည်။

ကွန်ကရစ်ကြမ်းပြင်ကို ခြစ်လိုက်ပြီးထွက်လာသော ကွန်ကရစ်အမှုန်များကို မျိုချလိုက်သည်။

၁မိနစ်၊ ၂မိနစ်…

၃မိနစ်ကုန်သွားပြီးနောက် ကွန်ကရစ်အရသာက ပျင်းဖို့ကောင်းလာသည်။ ဦးမှင်က တစ်ခြားနေရာသို့ ဆက်လက် စူးစမ်းရန် ဦးတည်လိုက်သည်။

သူမသိလိုက်ပဲ ဖောင်ရှေ့က လူစုက သူ့ကို ကြည့်နေကြစဉ် ဒီအရာတွေ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

အချိန်ခဏအကြာတွင် နောက်ထပ် အဝါဖျော့ရောင် ဦးမှင်တစ်ခု ဖောင်ထဲမှ ထပ်မံထွက်ပေါ်လာပြန်သည်။ နောက်ထပ် နှစ်ခုမြောက်၊ သုံးခုမြောက်၊ လေးခုမြောက် … နောက်ဆုံးတွင် ကြီးမားသောဦးခေါင်းတစ်ခု လူးလွန့်ကာ ဖောင်အတွင်းမှ ထွက်ပေါ်လာလေသည်။

ထိုဦးခေါင်းပေါ်တွင် အားလုံး၏ မျက်လုံးများ စုဆုံသွားကြသည်။ ထိုအရာသည် ခေတ္တမျှကြောင်ကာ ဖောင်ထဲမှ ထွက်လာခြင်းကို တ၀က်တပြတ် ရပ်တန့်လိုက်လေသည်။

၎င်းသည် ခေတ္တမျှရပ်ဆိုင်းသွားသော်လည်း ခဏတွင်းပင် လှုပ်လှုပ်ရှားရှားပြန်၍ ဖြစ်လာပြန်သည်။

သူ၏အစွယ်များကိုထုတ်ပြကာ တွားသွား၍ ထွက်လာလေသည်။ သူထွက်လာပုံမှာ ခက်ခက်ခဲခဲနှင့် သွားတိုက်ဆေးဘူးထဲမှ သွားတိုက်ဆေး ညှစ်ထုတ် သည်နှင့်ပင် တူနေ‌သည်။

ဂိုဒီက အရှေ့ကိုအလျှင်အမြန် ပြေးထွက်လာသည်။ ထို့နောက် ထိုဦးခေါင်းကိုရိုက်ချလိုက်ပြီး အော်ပြော လိုက်သည် “ငါးပဲ…..” ဂိုဒီက ထိုဦးခေါင်းကိုကိုင်ကာ အပြင်သို့ရောက်အောင် ဆွဲထုတ်လိုက်လေသည်။

ထို အ၀ါ‌ဖျော့ရောင်အရာသည် နာကျင်စွာ အော်ဟစ်ရင်း ဘေးမှရှိသောအရာများကို အစွယ်ဖြင့်ကုတ်၍ ယက်ကန်ယက်ကန်ဖြင့် ရုန်းကန်လျက်ဖြစ်နေတော့သည်။

[သားရဲအမည်] : အဝါရောင်ဂျာကင်၀တ် သားရဲရေဘဝဲ

[သားရဲအဆင့်]: အဆင့် ၂၆ (ကွန်မန်ဒါ)

[သားရဲ စွမ်းရည်]: ပုံမှန်

[သားရဲ အမျိုးအစား]: စိတ်အမျိုးအစား

[သားရဲအခြေအနေ]: ကျန်းမာ (ကြောက်လန့်)

[သားရဲ ဖော်ပြချက်]: ရန်သူ၏စိတ်ကို ရှုပ်ထွေးလာအောင်ဖမ်းစားကာ နောက်ဆုံးတွင် သားကောင်ကိုအငမ်းမရဖမ်းယူစားသောက်တတ်သည်။

အဝါရောင်ဂျာကင်၀တ် သားရဲ ရေဘဝဲသည် ကြောက်လန့်စွာဖြင့် လွတ်မြောက်ရန် ကြိုးစား လေသည်။ သို့သော်လည်း ဂိုဒီက ပြင်းထန်စွာ ဆောင့်ချနေသောကြောင့် အကြံအစည် မအောင်နိုင် ဖြစ်‌နေသည်။

ထိုသားရဲသည် ဂိုဒီ၏စိတ်ကို လွှမ်းမိုးရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း အကြိမ်တိုင်းမအောင်မြင်ပေ။ ဂိုဒီ၏စိတ်သည် ဖမ်းစားရန် အလွန်ပင် ခက်ခဲလှပေသည်။

ထို့အပြင် သားရဲအဆင့်ကလည်း ကွာလှပေသည်။ အကယ်၍ ဂိုဒီ၏စိတ်ကို အမှန်တကယ်ပင် ဖမ်းစား နိုင်ခဲ့သည်ဆိုလျင်လည်း ထူးဆန်းစရာဖြစ်နေပေမည်။

အမဲရောင် တောက်တဲ့.. အဝါရောင် ရေဘဝဲ ..

ကောင်းဖန် ဘ၀င်မကျစွာတွေးမိလေသည်။ “ဒီနှစ်‌ကောင်က စပ်ဆက်မှု တစ်ခုခုတော့ရှိရမယ်..”

“ဒါပေမဲ့ အဝါရောင်နဲ့အနက်ရောင်ဂျာကင်‌တွေက ဘာအဓိပ္ပါယ်များလဲ? သူတို့ရဲ့အရည်အချင်း အလိုက်ခွဲထားတာလား? အနက်ရောင်က အရိပ်ဖြစ်ပြီး အဝါရောင်က စိတ်ပဲလား….”

ကောင်းဖန် စိတ်ထဲမှာ တွေးတောနေမိသည်။

ရေဘဝဲကို အရှင်ဖမ်းမိထားသည်။ မတော်တဆမှုများမှ ကာကွယ်ရန်အတွက် ကောင်းဖန်သည်ထိုအရာကို ဓါတ်ခွဲခန်းသို့စစ်‌ဆေးရန်ယူဆောင်သွားသည်။ ထို့နောက် ထိုအကောင်အား သေချာစွာ ထုတ်ပိုးပိတ်နှောင်ကာ ဓါတ်ခွဲခန်းတွင်ထားပြီး ရှုချင်းကျီကို ထိုအရာနှင့်ဝေးဝေးတွင်နေရန် သတိပေးထားသည်။

စိတ်စွမ်းအင် အမျိုးအစား သားရဲကို ကောင်းဖန် ယခုအကြိမ်မှ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ထိုသားရဲသည် ကမ္ဘာကြယ် မှ ပေါက်ဖွားဆင်းသက်လာသည်လည်း ဖြစ်နိုင်သလို ဝိဉာဉ်ဖောင်နှင့်အတူ အခြားဂြိုလ်တစ်ခုမှ ရောက်လာသော ရှားပါးသားရဲတစ်ကောင်လည်းဖြစ်နိုင်သည်။

ကမ္ဘာကြယ်ရှိ သားရဲကောင်များတွင် ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဓါတ်ငါးမျိုးကို အဓိကပင်ကိုယ်အရည်အချင်းအဖြစ် အခြေတည်၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သားရဲအများစုသည် ထိုငါးမျိုးကိုသာ အခြေခံပြီး ဆင်းသက်လာကာ အဆင့်ခွဲကြခြင်း ဖြစ်သည်။

ဝိဉာဥ်ဖောင်ကိုခဏငေးကြည့်အပြီးတွင် စိတ်ထဲတွင်ထိုအရာများပေါ်လာလေသည်။

[အရာ၀တ္ထု အမည်]: ဝိဉာဉ်ဖောင်

[အရာ၀တ္ထု အသုံး၀င်သောနေရာ]: ကမ္ဘာနှစ်ခုအကြားဆက်သွယ်ပေးနိုင်ခြင်း …..

***

သားရဲလေ့ကျင့်သူ

အခန်း ၃၆၇ သွေး၀တ်စုံများ

ဝိဉာဉ်ဖောင်က ပစ္စည်းတစ်ခုလား..

ကောင်းဖန်သည် အံ့ဩမှင်သက်နေသည်။ အကယ်၍ ထိုအရာသည် ပစ္စည်းဆိုပါက သူ့ဟာသူနေမည်ဖြစ်သည်။ ဒီဝိဉာဉ်ဖောင်ကို ငါနဲ့ ယူသွားလို့ရပါ့မလား.. ရနိုင်ရင် ဝိဉာဉ်ဖောင် ၂ ခုလောက်ဖမ်းပြီး အိမ်အနောက်ပေါက်တံခါး လုပ်ရမှာလား..

သို့သော် ကောင်းဖန်သည် ထိုအတွေးကို ချက်ချင်စ မေ့ပစ်လိုက်သည်။ ဒေတာတွင် ဝိဉာဉ်ဖောင်၏ အမျိုးအစားသာ ပါရှိလေရာ သူ့ကို ဖမ်းဆီးနိုင်ဖို့ ညွှန်ကြားချက်တော့ မပါ၀င်ချေ။

သို့သော် တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းသည် ယွိကျိုးအစိုးရနဲ့အတူ ဝိဉာဉ်ဖောင်ကို တိုးတက်အောင်လုပ်ဖို့ ကတိပေးထားပြီး ဖြစ်သည်။ ပြောရလျှင် ထိုပစ္စည်းသည် ပိုင်ရှင်မဲ့မဟုတ်ပဲ တောင်ပိုင်းကောင်းကင်က စတင်ရှာတွေ့ထားတာ မဟုတ်သောကြောင့် အခွင့်မရှိပဲ ယူဆောင်ခြင်းသည် ခိုးရာတော့ကျမည် ဖြစ်သည်။

“ဝိဉာဉ်ဖောင်ရဲ့ တစ်ဖက်ခြမ်းကို တစ်ခုခု ပို့ထားပြီးပြီလား” ကောင်းဖန်က မေးလိုက်သည်။

“ပို့ပြီးပြီ.. ဒါပေမယ့် ဘာသတင်းမှ ပြန်မရသေးဘူး.. လျှပ်စစ်ပစ္စည်းတွေက ဝိဉာဉ်ဖောင်ကို မဖြတ်သန်းနိုင်ကြဘူး.. ဝိဉာဉ်ဖောင်ထဲကို လျှပ်စစ်ပစ္စည်း စမ်းပစ်ထည့်ကြည့်သေးတယ်.. ဒါပေမယ့် ဘာမှ မတုံ့ပြန်လာဘူး”

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ သူသည် ဒါကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။

မတူညီသော ကမ္ဘာ ၂ ခု ဖြစ်နေသောကြောင့် တုံ့ပြန်ချက်မရခြင်းသည် မထူးဆန်းပါချေ။

“သက်ရှိတစ်ခုခုကို ချိန်းကြိုးတပ်ပြီး ဝိဉာဉ်ဖောင်ရဲ့ တစ်ဖက်ကို ပစ်ကြည့်ပြီးတော့ ခဏနေတော့မှ ပြန်ဆွဲကြည့်ရင်ရော”

အစိုးရ၀န်ထမ်းက ခေါင်းညိတ်ပြလိုက်သည်။ “ကျုပ်တို့ ၃ ကြိမ်တိတိစမ်းသပ်ပြီးပါပြီ.. ကြက်တစ်ကောင်၊ ပုံမှန်အဆင့်သားရဲနဲ့ လက်ရွေးစင်အဆင့်သားရဲတွေနဲ့ပါ.. ဒါပေမယ့် တစ်ခုခုက သူတို့ကို သတ်လိုက်ကြတယ်”

အဝါရောင်ဂျက်ကတ်၀တ်သားရဲ ရေဘဝဲပဲဖြစ်မည်။ သူသည် ကွန်မန်ဒါအဆင့်သားရဲ ဖြစ်လေရာ ထိုသတ်ဖြတ်မှုများ၏ နောက်ကွယ်တွင် သူပဲ ရှိနိုင်သည်။

အစိုးရ၀န်ထမ်းသည် ရေဘဝဲကို ကြည့်လိုက်သည်။ သူ့ပုံစံသည် ကလေးတစ်ယောက်ကို အနိုင်ကျင့်နေသည့် အရွယ်ရောက်ပြီး သူတစ်ယောက်နှင့် တူနေသည်။ သို့သော်သူတို့သည် ပုံမှန်အဆင့်နှင့် ကွန်မန့်ဒါအဆင့်သားရဲ များသာ ဖြစ်သည်။

ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲကိုတော့ အရဲစွန့်ပြီး ဝိဉာဉ်ဖောင်ကို မဖြတ်ခိုင်းချင်ပါချေ။ ကောင်းဖန်က ဒန်ဘီကို ပြောလိုက်သည်။ “ငါးရှဉ့်ဘုရင် အရိုးစုကို ခေါ်ပြီး အဲဒီကို စမ်းဖြတ်ခိုင်းကြည့်ပါလား”

ငါးရှဉ့်ဘုရင်သည် ရှည်လျားသော်လည်း ခန္ဓာကိုယ်အကျယ်မှာ ၆ ပေခန့်သာရှိသောကြောင့် ဝိဉာဉ်ဖောင်ကို ဖြတ်နိုင်လေသည်။

ငါးရှဉ့်ဘုရင်အရိုးစုသည် တစ်နာရီခန့်ကြာသောအခါ ပိတ်ဆို့ထားသောနေရာဆီသို့ ဖြည်းညင်းစွာ ရောက်ရှိလာသည်။ ကြီးမားသေ။ အရိုးစုကြီးက သူ၏ အရိုးခေါင်းကြီးဖြင့် လိုက်ကြည့်နေသောကြောင့် အားလုံးတိတ်ဆိတ်သွားကြသည်။

နတ်ဘုရားအဆင့်သားရဲကြီး၏ အရှိန်အဝါကြောင့် အစွယ်ရှိသားရဲများသည် ကြောက်လန့်နေကြသည်။ သူတို့သည် အမြီးမှားကုတ်၍ ထောင့်တွင် ကပ်နေကြသည်။ တစ်ကောင်မှ ထမဟောင်ရဲကြချေ။

သို့သော် အစိုးရအရာရှိကတော့ စိတ်သက်သာရာရသွားသည်။ ထိုကဲ့သို့ ကြီးမားသော အဆင့်မြင့်သားရဲကြီးသည် သူတို့၏ မဟာမိတ်ဘက်မှ ဖြစ်နေသည် မဟုတ်ပါလား။

ငါးရှဉ့်ဘုရင်ကြီးသည် အလွန်ကြီးမားသော်လည်း ဒန်ဘီ၏ လမ်းပြမှုနှင့်အတူ ဝိဉာဉ်ဖောင်ထဲသို့ တိုးညှစ်၍ ရအောင်၀င်သွားသည်။

ဒန်ဘီသည် သူရရှိထားသော အရိုးစုများနှင့် အဆင့်မြှင့်ကာ ဆက်သွယ်နိုင်ပြီ ဖြစ်သောကြောင့် ဒီတစ်ကြိမ်တွင်လည်း ကောင်းကောင်းဆက်သွယ်နိုင်နေသည်။

“သခင်.. ဖောင်တစ်ဖက်ခြမ်းမှာ အမည်းရောင်ဂျာကင် တောက်တဲ့တွေ အများကြီး ရှိနေသေးပေမယ့် အခုတော့ မရှိတော့ဘူး.. ဒါပေမယ့် သွေးစာချုပ်ကတော့ ဖြတ်သန်းဖို့ အချိန်ယူရမယ်ထင်တယ်” ဒန်ဘီက ပြောလိုက်သည်။

“တခြားအဆင့်မြင့်သားရဲတွေရော ရှိသေးလား”

“ဘာမှမရှိဘူး” ဒန်ဘီက ခေါင်းကိုယမ်း၍ ပြောလိုက်သည်။

ငါးရှဉ့်ဘုရင်သည် တစ်ဖက်ခြမ်းသို့ ရောက်နေပြီဖြစ်သောကြောင့် ဒန်ဘီက လိုက်သွားလိုက်သည်။

သို့သော် သွေးစာချုပ်ကို ဘာမှအကျိုးသက်ရောက်မှု မရှိသောကြောင့် ကောင်းဖန်က ဒန်ဘီနောက်ကို လိုက်သွားလိုက်သည်။

ဖောင်ကို ဖြတ်သန်းနေချိန် ခံစားမှုသည် ထူးခြားလှသည်။ ဖလင်ပြားတစ်ခု ရှိနေသလို ဖြစ်နေပြီး အမျိုးအမည်ဖော်ရခက်လှသည်။ အတိအကျ ပြောရလှတင် ကြီးမားသော ရေလိုက်ကာကြီးလိုဖြစ်နေသည်။ ဖောင်ကိုဖြတ်နေစဉ် အရာအားလုံး မှုန်ဝါးနေသော်လည်း အဲဒိနောက်တွင်တော့ ကြည်လင်လာသည်။

တစ်ယောက်ယောက်က တခြားကမ္ဘာတစ်ခုဆီသို့ တံခါးဖွင့်ပေးလိုက်သလိုပင်။

ထိုကမ္ဘာသည် ကောင်းဖန်ထင်ထားသလို မြူများတော့ ဆိုင်း‌မနေချေ။ လေထဲတွင် မြူခိုးမည်းများမနည်းငယ်တော့ ရှိနေသော်လည်း မြင်ကွင်းပိတ်ရလောက်အောင် မဟုတ်ချေ။

သူတို့အောက်မှ မြေပြင် အမဲရောင်ဖြစ်နေသည်။ မှိုနှင့်တူသော အပင်များလည်း ပေါက်ရောက်နေပြီး အပင်တိုင်းရဲ့ အပေါ်မှာတော့ နီရဲနေသော ပုပုပြားပြား အရာလေးများ ရှိနေသည်။

[အပင်အမည်] - မြစ်မှို

[အပင်ဖော်ပြချက်] - စားလို့‌ရသော်လည်း အနည်းငယ်တော့ အဆိပ်ရှိသည်။ ကြာကြာစားမိလျှင် အစာအိမ်က မာကျောလာနိုင်သည်။

များပြားလှသော ကျောက်တုံးနံရံများကို အဝေးမှ မြင်နေရသည်။ ထိုနံရံများတွင်း နွယ်ပင်များ အမြစ်များ တွယ်ကပ်ပေါက်ရောက်နေသည်။

နံရံထောင့်စွန်းများတွင်တော့ နေရာလွတ်များရှိနေပြီး အက်ကွဲနေကာ နွယ်ပင်များက ထိုးဖောက်နေသည်။

ထိုကျောက်တုံးနံရံက ထိုနေရာတစ်ခုလုံးကို ပိတ်ဆို့ထားသည်။ လေးဖက်လေးတန်လုံးသည် ကျောက်တုံးနံရံကြီး ဖြစ်နေပြီး အချို့နေရာများတွင် အက်ရာများပင် မရှိချေ။

ကောင်းဖန်သည် ထိုနံရံများက သဘာ၀မဟုတ်ပဲ လူလုပ်ထားသည်ကို သတိပြုမိသည်။

ခေါင်းတစ်လုံးသည် ကျောက်နံရံနောက်မှ ပြူထွက်လာသည်။ ကောင်းဖန်ကတော့ တောက်တဲ့တစ်ကောင်မှန်း သိလိုက်သည်။

သူ၏ မျက်လုံးများသည် သတိရှိနေပြီး ကြောက်လန့်နေသည်။

ကောင်းဖန်သည် မျက်မှောက်ကြုတ်လိုက်ကာ သူ့အောက်ကို ကြည့်လိုက်မိသည်။ ထိုနေရာသည် ၀င်္ကပါလိုပင်။

သူတို့နောက်တွင် ခြေသံများကြားနေရသည်။ အစိုးရ၀န်ထမ်းများ ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့သည် အိမ်ထဲခိုး၀င်လာသော ကြွက်များလိုပင် မြင်တွေ့သမျှတိုင်းကို ထိကိုင်စူးစမ်းနေကြသည်။

သူတို့တွင် အချက်အလက်စုဆောင်းဖို့ ကိရိယာများပင် ကိုင်လာကြသည်။

“တစ်ဖက်ကမ္ဘာက ဒီလိုပုံပေါ့” တစ်ယောက်က ပြောလိုက်သည်။

ကောင်းဖန်သည် အပေါ်ကို မော့ကြည့်လိုက်သောအခါ မှုန်မှိုင်းပြီး အဆုံးအစမရှိသော ကောင်းကင်နီကြီးကို တွေ့နေရသည်။

ထိုအချိန်တွင် ကြီးမားသော ခြေသံကြီးသည် ၀င်္ကပါတစ်ဖက်မှလာနေသည်ကို ကြားလိုက်ရသည်။ ပိုနီးလာလေ အသံပိုကျယ်လာလေ ဖြစ်သည်။

ထို့နောက် လက်ဝါးမည်းကြီးသည် ကျောက်နံရံပေါ်မှ ပေါ်လာသည်။

ခေါင်းကြီးတစ်လုံးကလည်း ကျောက်နံရံနောက်မှ ထွက်လာရင်း လူတိုင်းကို သွေးဆာစွာ စိုက်ကြည့်နေသည်။

“လာလှည့်စားမနေနဲ့” ဖလိန်မီသည် တောင်ပံကို ဖြန့်ကာ ပျံလိုက်သည်။ သို့သော်သူသည် ၆၅ ပေအမြင့်ထိ မရောက်ခင်မှာပင် မမြင်ရသော မျက်နှာကျက်တစ်ခုကို တိုက်မိပြီး ပြန်ပြုတ်ကျလာသည်။

သူသည် ခေါင်းပင်မူးသွားသည်။

သားရဲကြီးက ဖလိန်မီကို ကြည့်ကာ တစ်ချက်ရယ်လိုက်သည်။

ခဏကြာပြီးနောက် နံရံနောက်မှသားရဲကြီးသည် ခေါင်းကို ငုံ့ကာ သူတို့နားသို့ ချဉ်းကပ်လာသည်။ ကောင်းဖန်သည် သူ့ကို အနီးကပ်မြင်လိုက်ရသည်။

သားရဲကြီးသည် ၆၅ ပေရှိသော်လည်း ဒါက သူ၏ အရပ်အပြည့်မဟုတ်သေးပေ။ သူ၏ ပုခုံးကို ကိုင်းထားပြီး မျောက်ခေါင်းနှင့်တူကာ ခေါင်းပေါ်တွင် ဂျိုကလည်း ပေါက်နေသေးသည်။ ဂျိုကိုတော့ ငွေရောင်ချိန်းကြိုးများဖြင့် တင်းကြပ်စွာ ချည်နှောင်ထားသည်။ သွေးနီရောင်၀တ်စုံကိုလည်း မြေပြင်ထိရောက်အောင် ၀တ်ထားသည်။ ထို၀တ်စုံသည် နေရောင်အောက်တွင် တောက်ပနေရာ သွေးပင်လယ်ကြီးလို ဖြစ်နေသည်။

သူ၏ ဘယ်လက်တွင် ရှည်လျားသော ပုဆိန်ကို ကိုင်ထားသည်။ ပုဆိန်၏ တစ်ဖက်ထိပ်တွင် တူလိုလက်နက်တစ်ခုရှိပြီး ဆူးများဖြင့် ၀န်းရံထားသည်။ နောက်တစ်ဖက်ထိပ်တွင်တော့ ချွန်ထက်သော ဓားတစ်ချောင်းရှိသည်။

ပုဆိန်၏ အောက်ခြေတွင်တော့ ရှည်လျားသော ချိန်ကြိုးတစ်ခုရှိကာ သူ့ပုခုံးထိရစ်ပတ်ထားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၆၈ ဝူရှူးတတ်သောဒန်ဘီ

[သားရဲအမည်] - သွေး၀တ်ရုံလွှမ်း ၀င်္ကပါစောင့်ကြည့်သူ

[သားရဲအဆင့်] - အဆင့် ၄၉ (နတ်ဘုရားအဆင့်)

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲအမျိုးအစား] - အရိပ်

[သားရဲစွမ်းအင်] - အရိပ်ခွန်အားအဆင့် ၃၊ စွမ်းအားမြင့်ကြွက်သား အဆင့် ၃၊ အကြားအာရုံ အဆင့် ၃၊ ပြန်လည်ကုသနိုင်စွမ်း အဆင့် ၃

[အထူးဝိသေသ လက္ခဏာများ] - သွေးအတတ် (သူ၏ တိုက်ခိုက်မှုက ပစ်မှတ်နှင့် ထိသွားပါက ၁၀ စက္ကန့်အတွင်း သတ်မှတ်နယ်ပယ်တစ်ခုတွင်းရှိ ၀င်္ကပါ စောင့်ကြည့်သူများအားလုံး ထိုပစ်မှတ်ကို အချိန်နှင့်တစ်ပြေးညီ ကြည့်နိုင်သည့် အမြင်အာရုံကို ရရှိနိုင်သည်)

[သားရဲပျော့ကွက်] - အလင်းဖြာခြင်း

[သားရဲဖော်ပြချက်] - အမှောင်ကမ္ဘာ၏ သီးခြား၀င်္ကပါထဲရှိ ထူးခြားသော သားရဲဖြစ်သည်။ သူသည် ၀င်္ကပါထဲတွင် လမ်းပျောက်သော ခရီးသွားများကို လှည့်စားရတာကို ကြိုက်နှစ်သက်သည်။ နာကျင်ထိခိုက်မှုကို ခံစားရလျှင်တော့ အလွန်ပြင်းထန်စွာ ပေါက်ကွဲဒေါသကြီးတတ်သည်။ ရာသက်ပန် အငြိုးအတေးလည်း ထားတတ်သည်။ နှစ်ရာချီကြာပြီးသည့်တိုင်အောင် သူ့ကို တိုက်ခိုက်သူများကို မှတ်မိနေတတ်သည်။

ကောင်းဖန်သည် ထိုသားရဲ၏ ဘယ်လက်နှင့် တွဲထားသော ချိန်းကြိုးများကို သတိထားမိသည်။ သူ့တွင် လက်နက်လည်း ပါရှိနေသောကြောင့် ထိုကမ္ဘာတွင် ကိုယ်ပိုင် လူနေမှုအဖွဲ့အစည်းတစ်ခုလည်း ရှိနေနိုင်သည်။

သူသည် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

၀င်္ကပါစောင့်ကြည့်သူသည် သူတို့နားသို့ ဖြည်းဖြည်းချင်းလျှောက်လာနေရာ မြေပြင်တွင် ကြီးမားသော အရိပ်ကြီး ဖြစ်ပေါ်နေသည်။

ထိုအရိပ်များသည် ကောင်းဖန်ကို ဖုံးလွှမ်းသွားသောအခါ အမှောင်ထုကြီးပင် ဖြစ်သွားသည်။

ကောင်းဖန်သည် ခေါင်းကိုမော့လိုက်ပြီး ၀င်္ကပါစောင့်ကြည့်သူ၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်လိုက်သည်။

၀င်္ကပါထဲတွင် အမျိုးအမည် မသိသော အသံတစ်ခု ထွက်ပေါ်လာသည်။

ကောင်းဖန်သည် ဘာပြောမှန်း နားမလည်နိုင် ဖြစ်နေသည်။

“သူပြောတာကို ဘယ်သူနားလည်ကြလဲ” ကောင်းဖန်က သူ၏ သားရဲများကို သွေးစာချုပ်မှ တဆင့်မေးလိုက်သည်။

တာ့ဇီ၏ မျက်နှာသည် အူစီစီ ဖြစ်နေသည်။ ဂိုဒီက သွေးလေချောက်ချားသလို ဖြစ်နေသည်။ ဖလိန်မီကတော့ နဂိုထဲက ငှက်ဦးနှောက် ဖြစ်သည်။ ဆစ်လီကလည်း ထုံပေပေနှင့် တုံ့ပြန်မှုပင် မရပေ။ ဒန်ဘီခေါင်းပေါ်မှ ဒုဓလီပန်းလေးကလည်း ခေါင်းခါပြလိုက်သည်။

“ငါနည်းနည်းနားလည်သလိုပဲ” ဒန်ဘီက သွေးစာချုပ်မှ တဆင့်ပြောလိုက်သည်။

တကယ်တော့ အရိုးစုများတွင် အသံနှင့်ပတ်သက်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ မပါသောကြောင့် မသေခြင်းရဲ့ မီးတောက်ကနေ ထွက်ပေါ်လာတဲ့ အသံလှိုင်းကနေတဆင့် ဆက်သွယ်ရခြင်း ဖြစ်သည်။

“သူဘာပြောတာလဲ” ကောင်းဖန်ကမေးလိုက်သည်။

“ငါတို့ ဒီကို ဘယ်လိုရောက်လာတာလဲတဲ့.. သူက ၀င်ပေါက်ဂိတ်မှာ အစောင့်အနေနဲ့ ရှိနေတာတဲ့.. အဲဒါကြောင့် သူမသိပဲ ၀င်နေနိုင်တဲ့သူဆိုတာ မရှိဘူးတဲ့.. အဲဒါကြောင့် ဒီကို၀င်လာတဲ့လမ်းကို ပြောပြရင် ထွက်ခွင့်ပေးမယ်တဲ့” ဒန်ဘီက ပြောလိုက်သည်။

“ငါတို့ မပြန်ချင်ဘူးလို့ ပြောလိုက်” ကောင်းဖန်က ပြောလိုက်သည်။

ဒန်ဘီကလည်း တဆင့်ပြောပေးလိုက်သည်။

၀င်္ကပါစောင့်ကြည့်သူ၏ ကိုယ်အပေါ်ပိုင်းသည် အနောက်သို့ ယိုင်သွားကာ မျက်လုံးများက အလွန်အံ့ဩနေပုံနှင့် ပြူးကျယ်နေသည်။

ဒီ၀င်္ကပါထဲက မထွက်ချင်တဲ့ လူသားတွေလည်း ရှိသေးတာပဲလား.. ဟမ်.. လူသားတွေ.. သူတို့က လူသားတွေလေ.. ၀င်္ကပါ အုပ်ချုပ်သူသည် ယခုမှပင် သဘောပေါက်သွားကာ ပို၍ပင် မျက်လုံးပြူးသွားသည်။ လူသားတွေ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..

၀င်္ကပါအုပ်ချုပ်သူသည် သွေးရူးသွေးတန်း ဖြစ်သွားသည်။ သူ၏ ၀တ်ရုံကြီးသည် ရုတ်တရတ် ကြေးသွေးရောင်များ တောက်ပလာကာ နံရံများပင် သွေးရောင်လွှမ်းသွားသည်။

သူသည် ပုဆိန်ကြီးကို မြေတွင်ရိုက်ချလိုက်သောအခါ နားကွဲမတတ် ဆူညံသွားသည်။

မြေကြီးသည် စတင်တုန်ခါလာသည်။ ကောင်းဖန်သည် ၀င်္ကပါထဲတွင် ပဲ့တင်ထပ်နေသော အခြားအသံများကို ကြားနေရသည်။

၀င်္ကပါထဲတွင် ၀င်္ကပါစောင့်ကြည့်သူ တစ်ကောင်ထက်မနည်း ရှိနေတာ သေချာသည်။

ကောင်းဖန်သည် ချက်ချင်း အော်ပြောလိုက်သည်။ “ခင်ဗျားတို့ အားလုံး အရင်ပြန်ထွက်လိုက်ကြပါ”

“မင်းကရော” အရာရှိက မေးရင်း သူ့နောက်မှ အဖွဲ့ကို တပ်ဆုတ်ဖို့ လက်ဟန်ပြလိုက်သည်။

သူသည် တုံ့ဆိုင်းရမည့် အချိန်မဟုတ်မှန်း ကောင်းကောင်းနားလည်ထားသည်။ သူသည် ဒီနေရာတွင် အသုံးမ၀င်သောကြောင့် ကောင်းဖန်အတွက် ၀န်ထုပ်၀န်ပိုးလည်း ဖြစ်စေနိုင်သည်။

“ရပါတယ်.. ကျွန်တော်က ဘယ်ချိန်ဖြစ်ဖြစ် ပြန်ထွက်လို့ ရတယ်.. ခင်ဗျားတို့ အရင်သွားနှင့်လိုက်ပါ” ကောင်းဖန်က ပြောလိုက်သည်။

၀င်္ကပါစောင့်ကြည့်သူသည် အမှောင်ကမ္ဘာထဲမှ ထွက်ပြေးဖို့ ကြံစည်နေကြသည်ကို တွေ့သောအခါ သွေးပျက်သွားသည်။

သူသည် ရှေ့ကို တစ်လှမ်းတိုးလိုက်ကာ သူ၏ ညာလက်မောင်းကို ဆန့်၍ ထွက်ပေါက်ကို ပိတ်ရန် ကြိုးစားလိုက်သည်။

တာ့ဇီသည် တောင်ပံတစ်ချက်ခတ်လိုက်သောကြောင့် မိုးကြိုးသွား ၃ ခု ထွက်ပေါ်လာသည်။

မိုးကြိုးသွားများသည် ၀င်္ကပါစောင့်ကြည့်သူ၏ လက်မောင်းတွင် ပေါက်ကွဲသွားပြီး ထိုအရှိန်ကြောင့် သူသည် လွင့်ထွက်သွားသည်။ သူ၏ လက်တွင် လျှပ်စစ်ရာလေးများ ကျန်ခဲ့သည်။

ဂိုဒီသည် ရှေ့ထွက်တိုက်ချင်နေသော်လည်း ကောင်းဖန်က သူ့ခြေထောက်ကို ဆွဲကာတားလိုက်သည်။

“ရှေ့မတိုးနဲ့”

ဂိုဒီသည် ဇဝေဇဝါနှင့် ပြန်လှည့်လာသည်။

“မင်းပိုကြီးလာလို့ ဝိဉာဉ်ဖောင်နဲ့ မဆန့်တော့ရင် ပြဿနာတက်သွားလိမ့်မယ်” ကောင်းဖန်က ဂိုဒီ၏ မျက်လုံးကို ကြည့်ပြီး ပြောလိုက်သည်။

အကယ်၍ သူတို့သည် တိုက်ခိုက်ကြမည်ဆိုပါက ဂိုဒီက သေချာပေါက် အရွယ်ပိုကြီးလာမည်ပင်။ နေရာကကျဉ်းနေသောကြောင့် အခန့်မသင့်လျှင် သူတို့ထွက်ပေါက် ပိတ်သွားနိုင်သည်။

ဒန်ဘီသည် ရှေ့တက်လိုက်ကာ သူ၏ လက်သီးဖြင့် ပုဆိန်ကို လှုပ်မရအောင် ချုပ်ထားလိုက်သည်။ ပုဆိန်သည် ဒန်ဘီ့လက်နှင့် ထိသွားသောအခါ ကျယ်လောင်သော သတ္တုရိုက်ခတ်သံကြီး ထွက်ပေါ်လာသည်။

ဒန်ဘီသည် ရှေ့ကို ၅ လှမ်းထပ်တိုးလိုက်ကာ မြေကြီးတွင် ထိုင်ချလိုက်သောအခါ ကြီးမားသော ပြာထုကြီး ထွက်ပေါ်လာသည်။

ထို့နောက် ဒန်ဘီသည် အံကိုကြိတ်လိုက်ကာ ဝိဉာဉ်မီးတောက်သည် ပို၍တောက်လောင်လာသည်။ သူ၏ ပုခုံးသည် တုပ်တုပ်ပင် လှုပ်၍မရသော ခိုင်ခံလှသော တောင်ကြီးလို တောင့်ထားသည်။

၀င်္ကပါစောင့်ကြည့်သူသည် ထိုတိုက်ခိုက်မှုများကြားတွင် သူ့ကိုယ်သူ ဟန်ချက်မပျက်သွားအောင် မနည်းထိန်းနေရသည်။ သူသည် အနောက်သို့ တုံ့ခနဲယိုင်သွားသည်။

ဒန်ဘီသည် အခွင့်သာနေသောကြောင့် ထိုအခွင့်အရေးကို လက်လွတ်မခံတော့ပေ။ သူသည် အမိအရ အသုံးချလိုက်သည်။

ဒန်ဘီသည် ရှေ့သို့ ၃ လှမ်းတိုးလိုက်သည်။ ဒန်ဘီသည် ၀င်္ကပါစောင့်ကြည့်သူ၏ ခြေထောက်လောက်သာ မြင့်သောကြောင့် လေထဲကို တစ်ချက်ခုန်လိုက်ကာ ဒူးခေါင်းကြီးကို ထိုးချလိုက်သည်။ ထိုအခါ ကျယ်လောင်သော ရိုက်ခတ်သံကြီး ထွက်ပေါ်လာသည်။

သူ၏ ဒူးခေါင်းကို ဖုံးထားသော သွေး၀တ်ရုံကြီးသည် အထိုးခံလိုက်ရသောအခါ အလင်းတန်းကြီး ထွက်ပေါ်လာသည်။ ထို့ကြောင့် ၀င်္ကပါစောင့်ကြည့်သူသည် ဟန်ချက်မထိန်းနိုင်တော့ပဲ နောက်သို့လန်ကျသွားကာ ကျောက်နံရံပေါ် ကျသွားသည်။ ကျောက်တုံးနံရံများသည် ပြင်းထန်စွာ တုန်ခါသွားကာ လဲပြိုကုန်ကြသည်။

ဒန်ဘီသည် တစ်ချက်ထပ်ခုန်လိုက်ကာ ၀င်္ကပါ စောင့်ကြည့်သူ၏ ဒဏ်ရာရထားသော ဒူးပေါ်သို့ ခုန်တက်လိုက်ကာ အပြီးတိုင်လဲကျသွားအောင် လုပ်လိုက်သည်။ ထို့နောက် ၀င်္ကပါစောင့်ကြည့်သူ၏ မျက်နှာကိုပါ အားပြင်းစွာ တစ်ချက်ခုန်ထိုးလိုက်သည်။

၀င်္ကပါစောင့်ကြည့်သူ လဲကျသွားသည်ကို မြင်လိုက်ရသောအခါ ကောင်းဖန်က ဒန်ဘီကို မေးလိုက်သည်။ “ဒန်ဘီရေ သူဘာလို့ ငါတို့ကို တိုက်ခိုက်တာလဲ မေးပေးပါလား.. ပြီးတော့ ဒီ၀င်္ကပါရဲ့ ပိုင်ရှင်က ဘယ်သူလဲလို့”

ဒန်ဘီက ပြန်မေးလိုက်သောအခါ ၀င်္ကပါစောင့်ကြည့်သူသည် ဒေါသထွက်သွားသည်။

“ငါ့ကို အရင်တိုက်ခိုက်တာမင်းတို့လေ.. ငါက သူတို့ ထွက်သွားတာကိုပဲ တားမလို့လုပ်တာလေ” သူသည် ဒန်ဘီကို ဒေါသအမျက်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ ငါမင်းကို သေချာမှတ်ထားတယ်.. ငါ့ကိုတိုက်ခိုက်ရဲတဲ့ကောင်..

“ပြီးတော့ ဒီ၀င်္ကပါရဲ့ပိုင်ရှင်လား.. ပြောပြရသေးတာပေါ့.. သူက ၀င်္ကပါနတ်ဘုရားသွေးမုဆိုးရဲ့ ကြီးမြတ်လှစွာသော တော်၀င်သခင်ပဲ” သူသည် စိတ်လှုပ်ရှား ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

ဒန်ဘီ၏ ဘာသာပြန်မှုကို နားထောင်ပြီးသောအခါ ကောင်းဖန်သည် ၀င်္ကပါစောင့်ကြည့်သူကို မျက်လုံးမှေးစင်း၍ ကြည့်လိုက်သည်။

အဝေးမှ လာနေသော ခြေသံများသည် တဖြည်းဖြည်း ပဲ့တင်ထပ်ကာ နီးလာသည်။ ကောင်းဖန်က ဒန်ဘီကို ထပ်ပြောလိုက်သည်။ “ဒန်ဘီရေ ပြောပေးပါဦး.. ငါတို့က ဘာမှထိခိုက်အောင် မလုပ်ချင်ပါဘူးလို့.. ရိုးရှင်းတဲ့ ရည်ရွယ်ချက်လေးတစ်ခုတည်းနဲ့ လာတာပါလို့”

ဒန်ဘီကလည်း ပြန်ပြောပေးလိုက်သည်။

၀င်္ကပါစောင့်ကြည့်သူသည် သူ၏ ကျိုးနေသော ခြေထောက်ကို ချက်ချင်းပင် နာကြည်းစွာ ညွန်ပြလိုက်သည်။

“ငါတို့က စစ်ဖြစ်ဖို့ လာတာ မဟုတ်ပါဘူး.. ငါတို့က တခြားကမ္ဘာကနေ ၀င်ပေါက်လေးတစ်ခုပွင့်နေလို့ ၀င်လာရုံပါ.. ငြိမ်းချမ်းစွာ၀င်လာခဲ့ပြီး ရိုးရှင်းတဲ့ ရည်ရွယ်ချက်နဲ့ပဲ လာတယ်ဆိုတာကို သေချာပြောရဲပါတယ်.. မင်းဒူးကို ထိခိုက်အောင် လုပ်မိလို့လည်း တောင်းပန်ပါတယ်.. ငါရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး.. ငါ့ရဲ့ခွန်အားကို မထိန်းချုပ်နိုင်လို့ပါ”

ထိုအချိန်တွင် နံရံများပတ်ပတ်လည်တွင် ၀င်္ကပါစောင့်ကြည့်သူ ၇ ကောင်သည် နေရာပေါင်းစုံမှ လျှောက်လာကြသည်။

ထို့နောက် ၀င်္ကပါစောင့်ကြည့်သူ ၈ ကောင်သည် အတူတစ်ကွ စုစည်းလိုက်ကြရာ ပို၍ပင် အလွန်တောက်ပသော အနီရောင်အလင်းတန်းများ ၀တ်ရုံများမှာ ထွက်ပေါ်နေသည်။

“ဒီတော့ မင်းတို့အားလုံးက တခြားကမ္ဘာကပေါ့” ၀င်္ပါစောင့်ကြည့်သူက မြေကြီးက ကုန်းထကာ မေးလိုက်သည်။ သူ၏ ကျိုးနေသော ဒူးခေါင်းကတော့ ပြန်ကောင်းသွားပြီ ဖြစ်သည်။

“၀င်္ကပါကို ပတ်ပတ်လည် ကာထားပြီး ၀င်ပေါက်ကလည်း တစ်ပေါက်ပဲရှိလို့ ငါတို့မသိတဲ့ ခွေးတိုးပေါက်များ ပေါက်နေတာလားလို့ ထင်နေတာ..လက်စသတ်တော့ ဝိဉာဉ်ဖောင်ဖြစ်နေတာကိုး..”

***

စာစဉ် ၂၃ ပြီး၏။

All Chapters