အခန်း (၃၈၅-၃၈၈)
Vol. 25 Ch. 385-388
အခန်း ၃၈၅ အနက်ရောင်ဖီးနစ်တောင်ကြား
"ငါ့နာမည်က မန်ဒီ ပြီးတော့ငါအသက်ရှင်နေသေးတယ်"
သက်လတ်ပိုင်းအရွယ်လူမည်းက အသက်ကိုပြင်းထန်စွာရှုရင်းဖြင့် ကြောက်ရွံ့ခြင်းပြည့်လျှက်ရှိသောမျက်လုံးများဖြင့် မြေပေါ်တွင်ထိုင်ချလိုက်လေသည်။
အနီရောင်အမွှေးနှင့်သားရဲများ၏ခြေသလုံး အရွယ်အစားမျှသာရှိသော အမွှေးကင်းမဲ့နေသည့်အဝါရောင်ဘဲသည် ထိုသားရဲနောက်မှ လိုက်လာလေသည်။ နောက်ဆုံးတွင် အနီရောင်အမွှေးနှင့်သားရဲ၏ကုပ်ပေါ်သို့ ခုန်တက်လိုက်နိုင်ပြီး အပေါ်မှနေ၍ လက်သီးနှင့်တစ်ချက်ပြီး တစ်ချက်ထိုးလေသည်။ တစ်လှမ်း နှစ်လှမ်းအကွာအဝေး ပြေးပြီးသောအခါ အနီရောင်သားရဲကောင်သည် နောက်ဆုံးတွင် မြေကြီးပေါ်သို့ ဆူညံစွာဖြင့် ပြိုကျသွားလေတော့သည်။
"ငါအခုထိတကယ်အသက်ရှင်နေသေးတာပဲ..ကောင်းကင်ဘုံကိုကျေးဇူးတင်ပါတယ်..ကောင်းကင်ဘုံကနေလှမ်းပြီး စောင့်ရှောင့်ကာကွယ်ပေးတဲ့ အဘွားကိုလည်း ကျေးဇူးတင်ပါတယ်" သူ့နံဘေးမှ လူမည်းသည် သက်ပြင်းချကာစိတ်ကိုလျှော့ချလိုက်ပြီး ရင်ဘတ်အားလက်ဖြင့်ပုတ်လေသည်။
"ဒါက ရှေးတိုင်းရင်းသားတွေလား?" ကောင်းဖန်သည် အံ့ဩကာ အသက်ရှင်လျှက်ရှိသော ရှေးတိုင်းရင်းသားလူသားမျိုးနွယ်ဆီသို့ သွားရောက်တွေ့ဆုံလေသည်။
ခြင်္သေ့လေးက ငါ့ကိုဘာလို့ အနက်ရောင်မြူခိုးကမ္ဘာက လူတွေအားလုံး ထွက်ပြေးကုန်ကြပြီလို့ ပြောတာလဲ.. "ဟေး ..မင်းပြောတော့ အနက်ရောင်မြူခိုးကမ္ဘာမှာ လူသားတစ်ယောက်မှမရှိဘူးဆို ဒါတွေကဘာလဲ"
ထိုအချိန်တွင် တာ့ဇီက ကောင်းဖန်နားသို့ တိတ်တဆိတ်ပြေးသွားလေသည်။ ထို့နောက်လှောင်ပြောင်ချင်သော မျက်နှာထားနှင့် အေးစက်စွာပြုံးလေသည်။ "မင်းက ကောင်းဖန်ကိုများ လိမ်ရဲတယ်ပေါ့.. ငါထင်တာတော့ ဒီခြင်္သေ့က မကောင်းတဲ့ရည်ရွယ်ချက်နဲ့လုပ်တာပဲဖြစ်ရမယ်"
"တာ့ဇီပြောတာဟုတ်နိုင်တယ်" ဖလိန်မီက ထောက်ခံလေသည်။ ထို့နောက် ရီကာ ပွဲထိုင်ကြည့်ရန် နေရာရှာပြီး အေးဆေးနားနေလေသည်။
"အဲဒီလူတွေက အနက်ရောင်မြူခိုးကမ္ဘာကလူတွေမှမဟုတ်တာ" ခြင်္သေ့က တည်ငြိမ်စွာဖြင့်ပြောလေသည်။
"ငါကဘယ်လောက်အကွာအဝေးကနေပဲဖြစ်ဖြစ် အလွယ်တကူအနံ့ခံနိုင်တယ်..သူတို့ရဲ့အနံ့က မင်းလာတဲ့ကမ္ဘာဆီက အနံ့နဲ့တူတူပဲ"
ကောင်းဖန်သည် တွေဝေသွားသည်။ "ကမ္ဘာတစ်ခုထဲက..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
၀င်္ကပါဘက်တွင် အပေါက်၀ကိုတင်းကြပ်စွာပိတ်ဆို့မှုများ ပြုလုပ်ထားလေသည်။ သာမာန်လူများ ထိုနေရာကို ဖြတ်သန်းသွားလာရန်မဖြစ်နိုင်ပေ။ မည်သူက ထိုလူမဲအုပ်စုအား သွားခွင့်ပြုသည်မသိချေ။ အစောင့်များသည် မျက်လုံးကန်းနေသည်မဟုတ်လျှင် ထိုလူစုအား ပေးသွားရန် မည်သို့မျှမဖြစ်နိုင်ပေ။
"ထွက်ပေါက်နောက်တစ်ခုကနေ ၀င်လာတာလည်းဖြစ်နိုင်တယ်" ခြင်္သေ့၏ အမူအရာမှာ ခက်ထန်နေသည်။ "၀င်္ကပါမှာရှိတဲ့ အာကာသကွက်လပ်က မင်းတို့ကမ္ဘာနဲ့ အနက်ရောင်မြူခိုးကမ္ဘာကြားပဲရှိတာမဟုတ်ဘူး"
ခြင်္သေ့ထံမှ ထိုစကားကိုကြားပြီး တစ်စုံတစ်ခုကို စဉ်းစားမိကာ ကောင်းဖန်၏ အမူအရာသည် ပြောင်းလဲသွားလေသည်။
"အာကာသကွက်လပ်က အာဖရိကက လူဆာကာမြို့မှာလည်း တည်ရှိနေနိုင်တာလား" ကောင်းဖန်ကမျက်စိများကို မှေးထားပြီး ဖြစ်နိုင်ချေရှိသည်ကို စဉ်းစားရင်းပြောလေသည်။
အာဖရိကနဲ့ ဟွာရှားဒေသတို့သည် မိုင်းပေါင်းတစ်သောင်းအကွာအဝေးခန့်ရှိလေသည်။ ထိုအကွာအဝေးမှာ ကပ်ကြီးမဖြစ်ခင်အခြေအနေတွင်ဖြစ်သည်။ ၎င်းနောက် ကမ္ဘာသည် ပိုမိုကြီးမားလာကာ အကွာအဝေးတို့သည်လည်းပိုမိုကျယ်ပြန့်လာကြပြီး အနည်းဆုံးအကွာအဝေးသည်ပင် မိုင်ပေါင်းတစ်သောင်းခန်ရှိမည်ဖြစ်သည်။
သို့သော် အာကာသကွက်လပ်အတွင်းတွင်မူ ဤမျှလောက်သည် အလွန်ဝေးသည်ဟုမဆိုနိုင်ပေ။ ပြောရမည်ဆိုလျှင် အာကာသကွက်လပ်ထဲမှ ဖြတ်သန်းသွားလျှင် လူဆာကာနှင့် ဝင်္ကပါကြားအကွာအဝေးသည် ဘယ်လောက်မျှပင် မရှိတော့ချေ။ ထိုသို့သောကိစ္စမျိုးရှိခဲ့လျှင်...
ကောင်းဖန်၏မျက်လုံးများ တောက်ပလာလေသည်။ ၎င်းအာကာသကွက်လပ်ကို အသုံးပြုကာ ကုန်သွယ်ရေးလမ်းကြောင်းသစ်များရှာဖွေနိုင်ပေသည်။
ကပ်ကြီးအပြီးတွင် အကွာအဝေးများရှည်လျားလာခြင်းကြောင့် နိုင်ငံအသီးသီး၏ ကုန်သွယ်မှုများသည် သိသိသာသာလျော့ကျလာကြသည်။ ရှိခဲ့လျှင်လည်း ဗီဒီယိုများဖြင့်သာ အဆက်အသွယ်ပြုလုပ်ကြလေသည်။
ထို့အပြင် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံကြား သွားလာလည်ပတ်ရန်မှာ အလွန်အဆင့်မြင့်သော သားရဲလေ့ကျင့်သူများသာ တတ်နိုင်လေသည်။ သာမာန်ပြည်သူများအနေဖြင့် ထိုသို့သွားနိုင်ရန် အလွန်အဖိုးတန်သောအရာရှိမှ ဖြစ်နိုင်မည်။ ထိုသို့ရှိလျှင်ပင် ထိုအရာနှင့်လဲလှယ်သွားရောက်ရန် ကန့်သတ်ချက်များစွာ ကျန်ရှိနေသေးသည်။
သို့သော် အာကာသကွက်လပ်အတွင်းမှအကွာအဝေးသည် အနက်ရောင်မြူခိုးကမ္ဘာနှင့် အကွာအဝေးအနည်းငယ်ပင်ရှိခဲ့သော် စီးပွားရေးဖလှယ်ရန် နည်းလမ်းကောင်းများကို ပြန်လည်တည်ဆောက်နိုင်ပေလိမ့်မည်။ တောင်ပိုင်းကောင်းကင်အုပ်စုမှပစ္စည်းများကို အာဖရိကသို့အလွယ်တကူ ပို့ဆောင်ရောင်းချနိုင်ပေမည်။
ထိုအရာကိုမမျှော်လင့်ပဲ ၎င်းတို့၏ခရီးစဉ်အတွင်းတွင် သိလိုက်ရလေသည်။ ကောင်းဖန်သည် ထိုလူအားမသိသောလည်း အလွန်ပင် ဖော်ရွေပြီး ကြင်နာတတ်သောပုံစံဖြင့် အနားသို့ချဉ်းကပ်သွားလေသည်။
"ညီအစ်ကိုတို့ ဒဏ်ရာရထားကြတာလား" အင်္ဂလိပ်လို မေးမြန်းလိုက်လေသည်။
လူမဲများ၏မျက်နှာတို့သည် သိချင်စိတ်ဖြင်အံ့ဩသွားပြီး ကောင်းဖန်သည်လည်း ၎င်းတို့ကဲ့သို့ ထိုနိုင်ငံမှ ရှေးတိုင်းရင်းသားဟုပင်ထင်မှတ်ကြလေသည်။
"အို.. ဘုရားရေ.. အင်္ဂလိပ်စကားက အများသုံးဘာသာစကားပြန်ဖြစ်သွားပြီလား..” ၎င်းတို့ထဲမှတစ်ယောက်က တည်ငြိမ်သောအသံဖြင့်မေးလေသည်။ ထိုသူ၏မျက်နှာသည် အံ့ဩနေကာ မယုံကြည်နိုင်သည့်ပုံစံဖြစ်နေသည်။
ကောင်းဖန်သည် မျက်နှာတစ်ချက်တွန့်ကာ "ကျွန်တော်က အင်္ဂလိပ်စကားတင်မကပါဘူး တရုတ်လိုလည်းပြောတတ်ပါတယ်"
၎င်းတို့အုပ်စုအားကယ်တင်ပြီး ကောင်းဖန်သည် ၎င်းတို့အား ဤနေရာကိုမည်သို့ရောက်လာကြောင်းမေးမြန်းလေသည်။ ဝင်္ကပါနှင့် မိုင်ပေါင်းထောင်ချီဝေးသောနေရာသည် မြို့ပျက်ကြီးတစ်ခုဖြစ်ပြီး ၎င်းတို့ထင်သည့်အတိုင်းပင် ထိုအပျက်အစီးများကြားတွင်ရှိသောအာကာသကွက်လပ်ဆီမှ ရောက်ရှိလာခြင်းပင်ဖြစ်သည်။
အာကာသကွက်လပ်မှနေ၍ လူဆာကာမြို့တော်သို့ ကူးသန်းနိုင်မည်။
"မိုင်တစ်ထောင်" ကောင်းဖန်ကရေရွတ်လိုက်သည်။ ဤအကွာအဝေးကနီးတော့မနီးပေ သို့သော်လည်း ဝေးသည်ဟုမဆိုနိုင်ပေ။ အနည်းဆုံး ကမ္ဘာပေါ်တွင်မိုင်ပေါင်းသောင်းချီနှင့် ယှဉ်ပါက အလွန်ပင်နီးသည်ဟုဆိုရပေမည်။
၎င်းတို့၏အစီအစဉ်ဖြစ်သော အနက်ရောင်ဖီးနစ်တောင်ကြားသို့သွားရန်ပင် မစောင့်နိုင်တော့ပဲ ထိုအစီအစဉ်အားအမြန်ကောင်အထည်ဖော်ကာ ပြီးလျှင် လူဆာကာမြို့ဆီသို့သွားရန်လမ်းကြောင်းကို စီစဉ်ထားလိုက်ကြလေသည်။
ထိူလူစုက ကောင်းဖန်အား ၎င်းတို့မပြန်ခင်အထိ အထပ်ထပ်ကျေးဇူးတင်ကာ ကောင်းဖန်အားအခွင့်အရေးရှိလျှင် ၎င်းတို့နှင့်အတူ လူဆာကာအားလိုက်ပါလည်ပတ်ရန် ဖိတ်ခေါ်လေသည်။ ထိုရောက်လျှင်လည်းကောင်းစွာ ကျေးဇူးပြန်လည်ဆပ်မည့်အကြောင်း ပြောလေသည်။
"အဲဒီနားမှာရှိတဲ့မြို့ပျက်အကြောင်းကို မင်းတို့သိကြလား..အဲဒီနေရာအနီးတစ်ဝိုက်မှာ သန်မာတဲ့သားရဲတွေရော ရှိလား"
"ငါသိတယ်.. အရင်ကတော့လူနေတဲ့မြို့ပဲ..နောက်တော့ပျက်စီးသွားတယ်..မင်းအဲဒီကိုသွားချင်တယ်ဆို လမ်းကြောင်းကသိပ်မခက်ခဲပါဘူး..အဲဒီနေရာမှာ သန်မာတဲ့သားရဲတွေတော့သိပ်မရှိလောက်ဘူး..ဒီနားမှာဆိုရင်တော့ အလွန်သန်မာတဲ့သားရဲတွေက အနက်ရောင်ဖီးနစ်တောင်ကြားနဲ့ သွေးကန်နားမှာစုဝေးနေထိုင်ကြတယ်"
တကယ်တော့ ဒီ ဝင်္ကပါကလည်း အတော်ကို အန္တရာယ်များလွန်းတဲ့နေရာပဲ" ခြင်္သေ့ကဂုဏ်ယူသောဟန်ဖြင့်ပြောလေသည်။
"ဒီလူတွေက မရူးတာ သေချာတယ်ဆိုရင်တော့..အနီးအနားမှာ အန္တရာယ်ရှိတဲ့နေရာ ရှိနေမယ်ဆိုရင် သူတို့အဲဒီနေရာကို မြို့သစ်တည်ဖို့ရွေးချယ်ကြမယ်ထင်ဘူး"
ကောင်းဖန်က အတွေးဖြင့် တိတ်ဆိတ်စွာ ခေါင်းကိုညိမ့်လိုက်သည်။ ထိုမြိုပျက်သည် လျစ်လျူရှုခံရလေ အဆင်ပြေလေဖြစ်သည်။ ကောင်းဖန်ကသူ တွေးထားသည်ကို အကောင်အထည်ပေါ်ရန်ဆုံးဖြတ်လိုက်လေသည်။
ကောင်းဖန်သည် မြေပေါ်မှ ဝင်္ကပါစောင့်ကြည့်သူများ၏ အလောင်းတို့ကို ဆီလီ၏ကိုယ်ပိုင် သိုလှောင်ခန်းထဲသို့ထည့်လိုက်လေသည်။ ဤအရာများမှာသူ၏ ရည်ရွယ်ချက်မဟုတ်သော်လည်း ဆုံးရှုံးမခံနိုင်ပေ။
လတ်တလောတွင် ဆီလီ၏ကိုယ်ပိုင် သိုလှောင်ခန်သည် အနည်းဆုံး တစ်ထောင်မှထောင့်သုံးရာ စတုရန်းပေရှိပြီး သေးငယ်သော ဂိုဒေါင်ငယ်ပုံစံဖြစ်သည်။ ထိုတိရစ္ဆာန်အသေကောင်များထားရန်ထက်ပင် ပို၍ကျယ်၀န်းလေသည်။
ဝင်္ကပါမှထွက်ပြီးလျှင် အနက်ရောင်ဖီးနစ်တောင်ကြားဆီသို့ရောက်ရန် တောင်ဘက်သို့မိုင်တစ်ထောင်ခန့်သွားရပေမည်။ ဝင်္ကပါ၏မြောက်ဘက်တွင် အဖြူရောင်မြက်ခင်းလွင်ပြင်ရှိသည်။ မြက်ပင်များသည် ခြောက်ပေခန့်အမြင့်ရှိပြီး လေထဲတွင်ယိမ်းနွဲ့ကာကနေသကဲ့သို့ပင်ရှိလေသည်။ ၎င်းတို့သည် ထိုမြက်ပင်လယ်ကြီးအား ရိတ်ကြလျှင် မြက်များသည်ဓါးကဲ့သိုချွန်ထက်နေသောကြောင့် အရေပြားပွန်းပဲ့ဒဏ်ရာများရရှိကြလေသည်။
အရှေ့မှခပ်အုပ်အုပ်အသံကိုကြားနေရသည်။ မြက်ပင်လယ်သည် ဖွာလန်ကြဲလျှက်ရှိပြီး ၎င်းတို့ဆီသို့ တစ်စုံတစ်ခုဦးတည်ကာလာနေလေသည်။
"တာ့ဇီ" ကောင်းဖန်တွင် တာ့ဇီထံမှလွှင့်ထုတ်လိုက်သော နတ်ဘုရားအဆင့် ရောင်လျှံစက်၀န်းရှိလေသည်။
ပုံမှန်အခြေအနေတွင် နတ်ဘုရားအဆင့်သားရဲများသည် ထိုရောင်လျှံစက်၀န်းကိုထုတ်လွှတ်လေ့မရှိပေ။ ထိုအရာကို ခန္ဓာကိုယ်အတွင်းမှအခြေခံစွမ်းအင်များ သုံးစွဲချိန်ရန်လိုအပ်သောအချိန်တွင်ဖြစ်စေ ရန်သူနှင့်ထိပ်တိုက်တွေ့ဆုံနေရသောအခြေအနေကို အဖွဲ့အစည်းအား သတိပေးချက်ပို့ရန်ဖြစ်စေ ပြုလုပ်လေ့ရှိကြသည်။
ရောင်လျှံစက်၀န်းဆီမှ ခရမ်းရောင်ရင့်ရင့်သည် အချင်းကိုက်တစ်ရာလောက်ထိစွန်းထင်သွားသည်။ အဖြူရောင်ချွန်ထက်သော မြက်များသည် ခရမ်းရောင်ဆေးဆိုးပြီးဖြစ်သွားလေသည်။ လေထဲတွင် ပါးလွှာသော လျှပ်စစ်အခြေခံစွမ်းအားလွှာတည်ရှိနေပြီး နတ်ဘုရားများ၏ အရောင်အဝါကိုအာရုံခံကာ အနီးအနားရှိသားရဲများအား လျှင်မြန်စွာရှောင်ရှားစေပြီး ဖြစ်နိုင်ချေရှိသောပဋိပက္ခများကို ရှောင်ရှားစေရန်ဖြစ်သည်။
ရတနာအနံ့ခံကြွက်များသည် မြေကြီးကိုစိတ်လှုပ်ရှားစွာနမ်းရှုံ့လျှက်ရှိသည်။ ၎င်းတို့၏ ကြီးမားသောနှာခေါင်းများသည် အင်္ဂတေကိုဖောက်ထွက်ကာ တရွရွတူးဖော်နေကြသည်။ ထိုအချိန်တွင် ၎င်းတို့ထဲမှတစ်ကောင်ကပြေးလာကာ အနီရောင်သစ်သားဘလောက်တုံးတစ်တုံးကို ပါးစပ်ထဲမှနေပြီး ကောင်းဖန်ရှေ့သို့ချပေးလိုက်လေသည်။
ခဏအကြာတွင် ထပ်မံတူးဖော်ပြန်သည်။ နောက်တစ်ခါတွင် အဝါရောင်ကျောက်တုံးတစ်တုံး ပါးစပ်တွင်ကိုက်ချီလာသည်။
မြောက်ဘက်သို့ဦးတည်သွားပြီး သုံးရက်သည် မျက်စိတစ်မှိတ်အတွင်းတွင် ကုန်ဆုံးသွားလေသည်။ အဖြူရောင်မြက်ပင်လယ်ကို ဖြတ်ကျော်အပြီးတွင် ချောင်းတိုလေးများ ထောင်နှင့်ချီရှိသောနေရာကို ဖြတ်ကျော်ကြရသည်။ အနက်ရောင်တောင်ကြားကို မိုးကုတ်စက်ဝိုင်းဆီမှနေမြင်တွေ့နေရပြီဖြစ်လေသည်။
တောင်တစ်၀ိုက်တွင် တောင်ထိပ်၊ တောင်ကြားများအလွန်ထူထပ်နေသည်မှာ ကြီးမားသောအနက်ရောင်နဂါးတစ်ကောင်၏ကျောပြင်ကဲ့သို့ပင် ဖြစ်နေသည်။
တောင်ထိပ်မှနေကြည့်လိုက်လျှင် ပါးလွှာသောမီးတောက်အလွှာတစ်ခု လောင်ကျွမ်းနေသည်ကိုတွေ့မြင်ကြရသည်။ ၎င်းသည် မီးတောင်တစ်ခုနှင့်တူပေသည်။ ထို့ကြောင့်ပင် အနက်ရောင်ဖီးနစ်တောင်ကြားဟုခေါ်ဆိုခြင်းဖြစ်နိုင်သည်။
"ငါကဒီတောင်ကြားမှာ အသီးရှိတယ်လို့ပဲသိတာ..ဒါပေမဲ့အတိအကျဘယ်နေရာမှာရှိသလဲ မသေချာဘူး" ခြင်္သေ့ကနောင်တရသောပုံစံဖြင့် နှုတ်ခမ်းသပ်ရင်းပြောလေသည်။
"အဆင်ပြေပါတယ်..ဒီမှာနေတဲ့ ဒေသခံတွေကတော့ ဘယ်နားရှိလဲသေချာပေါက်သိလောက်မှာပါ" ကောင်းဖန်ကရယ်လျက်ပြောသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၈၆ စာချုပ်
လူမည်းသုံးယောက်နှင့် ၎င်းတို့မိသားစုသည် ယခုအခါ မြို့ပျက်ဆီသို့ ပြန်လည်ရောက်ရှိလာကြလေသည်။ သူတို့အားလုံးသည် သေကံမရောက်ခဲ့ကြသော်လည်း သူတို့၏ရဲဘော်ရဲဘက်များသည် ရေခဲတုံးအဖြစ်ပြောင်းလဲသွားကြသည်ကို တွေ့မြင်ခဲ့ကြရသောကြောင့် တစ်ယောက်နှင့်တစ်ယောက် စကားပြောချင်စိတ်မျှပင် ရှိမနေကြချေ။
အလောင်းများကို အလုံးစုံအေးခဲထားပြီး ကားအောက်ထဲတွင်မမြင်ရအောင် ကာကွယ်၍ ဖုံးကွယ်ကာ သယ်လာခဲ့သော်လည်း ညှီစို့စို့အနံ့သည် လေထဲတွင်ပျံ့လွင့်နေသည်။
"ငါတို့တွေအသက်ရှင်နေသေးတာပဲ ကံကောင်းပါတယ်" ၎င်းတို့ထဲမှတစ်ယောက်ကပြောပြီး သက်ပြင်းချလေသည်။ "ဒီလောက်စွမ်းအားကြီးတဲ့ သားရဲလေ့ကျင့်သူ ဟွာရှားမှာရှိနေတယ်လို့ ဘယ်သူသိမှာလဲ.. အာဖရိကတစ်ဝိုက်မှာ ဒီလိုစွမ်းအားရှိတဲ့သူမျိုး ရှိလိမ်မယ်လို့ငါတော့မထင်ဘူး"
"ဒါဆိုရင် ကိုကန် ခြင်္သေ့ဘုရင်ကရော”
"ငါအထင်တော့ ခြင်္သေ့ဘုရင်လည်း သူနဲ့ယှဉ်ပြိုင်နိုင်လောက်တဲ့အထိတော့ ရမယ်မထင်ဘူး" ဟု စီဝေက ယတိပြတ်ပင်ပြောလေသည်။
"ငါတို့ဘက်ကအရှုံးကြီးပဲတော့မဟုတ်ပါဘူး" စီဝေကပြောကာ ရုတ်တရက်တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ကုန်သည်ရေးလမ်းကြောင်းအသစ်တစ်ခုကိုဖွင့်ပြီး အာကာသကွက်လပ်ဆီမှနေ ဟွာရှားပြည်နယ်ဆီမှအဖိုးတန်အရင်းအမြစ်များကို လူဆာကာသို့ တင်ပို့နိုင်ပေသည်။ သူ့အစ်ကိုအား ထိုကိစ္စကို အသိပေးတိုင်ပင်ရန် လိုအပ်သောအချက်အလက်များကို ပြင်ဆင်ရမည်။
စီဝေက သူ့ဘေးမှလိုက်ပါစီးနင်းလာသည့် ဇင်ဘာဘွေမှရောက်ရှိလာသော ရဲဘော်ကို တစ်ချက်ကြည့်လိုက်လေသည်။ "အာကာသကွက်လပ်ကနေပြီး လူဆာကာနဲ့ ဟွာရှားကြားမှာကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုပ်နိုင်ရင် အကျိုးအမြတ်အများကြီးရမှာ ကျိန်းသေပဲ..ငါကတော့မင်းရဲ့ ဇင်ဘာဘွေမှာရှိတဲ့ အနက်ရောင်ဝံပုလွေအုပ်စုက ဒီအကျိုးအမြတ်ကို သူတို့တစ်အုပ်စုတစ်စုထဲကိုင်တွယ်နိုင်မယ်မထင်ဘူး"
"မင်းဘာပြောတာလဲ.. ငါတို့အားလုံး တူတူလုပ်ကြဖို့ စီစဉ်ထားကြတာပဲလေ"
"အဲဒါကအကောင်းဆုံးဖြစ်မှာပါ" ဇင်ဘာဘွေမှလူက သက်ပြင်းချရင်းပြောပြီး စီဝေအားသူ၏သန့်စင်သောသွားများဖြင့် သွားပေါ်အောင်ပြုံးပြလေသည်။
စီဝေကအကြည့်ကိုလွှဲလိုက်လျှင် ထိုလူကသက်ပြင်းခိုးချလေသည်။ စီဝေသည်ဒီကိစ္စအတွက် လူသတ်ရမည်ဆိုလျှင်တောင် သတ်ပြီး သူ၏ကုန်သွယ်ရေးလမ်းကြောင်းအားပြုလုပ်မည့်သူဖြစ်လေသည်။
"စိတ်မပူပါနဲ့ မင်းကိုမထိခိုက်စေရပါဘူး" ဟု ကောင်းဖန်က အနက်ရောင်ဖီးနစ်တောင်ကြား၏အောက်ခြေတွင် တွေ့ရသော လိပ်နှင့်တူသောသားရဲကောင်အား ပြောလေသည်။
ကောင်းဖန်ကရှေ့သို့လျှောက်သွားပြီး သားရဲ၏ရှေ့တွင်ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ပြီးနောက် ၎င်း၏အခွံအားလက်ဆစ်ဖြင့်ခေါက်ကြည့်လိုက်ရာ အထဲတွင်လှိုဏ်ခေါင်းကဲ့သို့ဖြစ်ပြီး သတ္တုသံထွက်ပေါ်လာလေသည်။
ရွှေရောင်အစင်းကြောင်းများနှင့်လိပ်သည် ခေါင်းမာစွာဖြင့်အခွံထဲမှ ဦးခေါင်းအားမထုတ်ချေ။ အထဲမှနေ၍မည်းနက်သောမျက်လုံးများဖြင့် ကောင်းဖန်အားရန်လိုစွာကြည့်လေသည်။
"ငါတို့ကမင်းကို ရန်ပြုဖို့မဟုတ်ပါဘူး..မေးစရာတစ်ခုရှိလို့ပါ" ကောင်းဖန်ကပြောလိုက်သည်။
ရွှေရောင်အစင်းကြားနှင့်လိပ်သည် ကျောက်တုံးကဲ့သို့လှုပ်ရှားခြင်းမရှိချေ။ကောင်းဖန်တို့အုပ်စုသည် မည်မျှပင်ချိုသာသောစကားများကိုပြောသည်ဖြစ်စေ အခွံထဲမှမထွက်လာပေ။
၎င်းလိပ်သည် အခြားလိပ်ငယ်များနှင့်မတူပေ။ ထိုလိပ်သည် ရှေးဟောင်းကျပြီး ဤကမ္ဘာတွင် များစွာမြင်ခဲ့ကြားခဲ့ဖူးသောပုံရှိသည်။
ဂိုဒီကကောင်းဖန်သည် လိပ်အား အခွံထဲမှထွက်လာရန်ချော့မော့နေခြင်းကိုနားထောင်ပြီး သန်းလေသည်။ သုံးကြိမ်လောက်သန်းပြီး စိတ်မရှည်တော့သဖြင့် ရှေ့သို့တိုးသွားပြီး ကန်ချလိုက်ရာ လိပ်သည်ပက်လက်လန်သွားလေသည်။
"ထွက်လာစမ်း ကောင်စုတ်.. ဒီမှာငါ့သခင်က မင်းကိုစကားပြောနေတယ်" ဂိုဒီကဒေါသနှင့်အော်ဟစ်လိုက်ပြီး တောင်ပံနှင့်လိပ်ခွံအားရိုက်လေသည်။ လိပ်သည် နှလုံးခုန်ရုတ်တရက်မြန်လာသည်။ သူ့အခွံထဲထိ ထိုဘဲကောင်က ရောက်လာမည်ကိုထိတ်လန့်ကာ ခေါင်းကိုအခွံထဲမှထုတ်လိုက်လေသည်။
ထိုကောင်သည် ရက်စက်ကြမ်းကြုတ်သော ဘဲတစ်ကောင်ဖြစ်မည်ဟု ထင်မိသည်။
"အိုး..ဂိုဒီ တော်စမ်း" ကောင်းဖန်ကပြောလိုက်ပြီး "ငါတို့ကလူကောင်းတွေ..အဲဒီလိုရိုင်းပြတဲ့အပြုအမူတွေကို မလုပ်ရဘူး"
"ကောင်းဖန်..သူကအရင်မင်းကို မလေးမစားလုပ်တာ..အဲဒါက ငါတို့ကိုအားလုံးကို မလေးမစားလုပ်တာနဲ့တူတူပဲ" ဂိုဒီကထိုသို့ပြောသည်။
"အေးပါဂိုဒီရယ်..မင်းကဒေါသကြီးလွန်းတယ်..ငါတောင် တစ်ခါတစ်လေ မင်းဒေါသကိုထိန်းလို့မနိုင်ဘူး" ကောင်းဖန်ကသက်ပြင်းချကာပြောလေသည်။ "ငါတို့က မင်းကိုသိချင်တာတစ်ခုမေးမြန်းရုံပါ..အယောင်ဆောင်အသွင်သစ်သီးက အနက်ရောင်ဖီးနစ်တောင်ကြားရဲ့ဘယ်နေရာမှာရှိတာလဲ မင်းသိလား.. အဲဒီအသီးက အပင်တစ်ခုကပေါက်တဲ့အသီးပဲ.. အဖြူရောင်တောက်ပတဲ့မျက်နှာပြင်ရှိပြီး စားလိုက်တဲ့သူမှန်သမျှရဲ့ ကိုယ်ခန္ဓာကို ကျုံ့စေတယ်"
ခဏမျှတိတ်ဆိတ်သွားကာ အခွံထဲမှညည်းညူသံတစ်ခုထွက်ပေါ်လာလေသည်။
"ကောင်းဖန်ရေ ကောင်းဖန်..သူကပြောတယ်..အသီးကတောင်ကြားရဲ့အရှေ့ဘက်ခြမ်းမှာရှိပြီးတော့ ဒီကနေ တောင်ကုန်းငါးလုံးကိုဖြတ်ကျော်ပြီးမှ ရောက်လိမ့်မယ်တဲ့" တာ့ဇီကစိတ်လှုပ်ရှားစွာဆိုလေသည်။
"မင်းကငါတို့ကိုသစ်သီးရှိတဲ့နေရာကို ပြောပြတဲ့သူဆိုတော့ ငါတို့နဲ့လိုက်ပြီး လမ်းပြပေးစေချင်တယ်" ကောင်းဖန်ကတက်ကြွစွာပြောလေသည်။ တာ့ဇီပြန်ပြောသည်ကိုကြားပြီး လိပ်သည်ရီဝေသော မျက်လုံးများဖြင့်တုန်လှုပ်သွားလေသည်။
"ကျေးဇူးပြု၍ ငါတို့ကို အရှေ့ဘက်တောင်ကြားဆီကိုခေါ်သွားပေးပါ"ကောင်းဖန်ကလိပ်၏ကျောပေါ်တက်ပြီးပြောလိုက်သည်။ "ငါသိပါတယ်..တောင်ကြားရဲ့သခင်က စေတနာကောင်းတဲ့ အိမ်ရှင်ဖြစ်တယ်ဆိုတာ"
အဖော်မဲ့ခြင်္သေ့ကလိပ်အခွံပေါ်သို့ လွှားကနဲ တာ့ဇီဘေးနားနေရာသို့ ခုန်တက်လိုက်သည်။
ထိုခဏတွင် လိပ်၏ဖုထစ်နေသော ခြေထောက်များကလိပ်ခွံထဲမှ တစ်ချောင်းပြီးတစ်ချောင်း တုန်တုန်ယင်ယင်နှင့်ထွက်လာကြလေသည်။ ထို့နောက် သူ၏ခေါင်းအားထုတ်ကာ ပတ်၀န်းကျင်ကိုကြည့်ရှုလေသည်။ သူ့အခွံပေါ်တွင် ကျကျနနထိုင်နေသောကောင်းဖန်အား မျက်နှာကိုရှုံ့မဲ့ကာ စိတ်မကြည်လင်စွာဖြင့်ကြည့်လေသည်။
လိပ်သည်ထိုသူများအား ကျောပေါတွင်လိုက်ပါခွင့်မပေးချင်ပေ။ သို့သော်လည်း ထိုအုပ်စုနှင့်ရင်ဆိုင်ရန်မှာမလွယ်ကူသည့်ကိစ္စဖြစ်လေသည်။
"ငါမင်းကို ငါတို့လိုချင်တဲ့ပန်းတိုင်ကိုပို့ပေးနိုင်ရင် ဒါကိုပေးမယ်" ကောင်းဖန်ကပြောပြီး ကော်မန်ဒါအဆင့်သားရဲ အမြုတေကို ဆီလီ၏ ကိုယ်ပိုင်သိုလှောင်ခန်းမှထုတ်ပြီး လိပ်၏ရှေ့တွင်လှုပ်ယမ်းပြလိုက်သည်။
ဘယ်လမ်းကြောင်းမှ သွားရမည် ဆိုသည်ကို သေချာသတ်မှတ်ကာ ရွှေရောင်အစင်းကြားနှင့်လိပ်သည် သူ၏ဖုထစ်နေသောခြေထောက်များကို တတ်နိုင်သလောက်မြန်သည်ထက်မြန်အောင် လှုပ်ရှားလေသည်။ သူ့စိတ်ထဲတွင် ယခုရှိသည်က ၎င်းလူရမ်းကားတစ်စုအား လိုရာသို့အမြန်ပို့ကာ သူ့ကျောပေါ်မှအမြန်ဆင်းသွားစေလိုခြင်းပင်ဖြစ်ပေသည်။
လိပ်အားလမ်းညွှန်အဖြစ်ထားလိုက်သောကြောင့် ကောင်းဖန်နှင့်သူ၏အပေါင်းအပါများသည် လမ်းခရီးတစ်လျှောက်ပုန်းအောင်းနေကြသောသားရဲများ အန္တရာယ်မှလွတ်ကင်းကြလေသည်။ တောင်ကြားတစ်လျှောက် အတော်အတန် ခရီးဆက်ပြီးလျှင် လိပ်သည် နောက်ဆုံးတွင် ရပ်လိုက်လေသည်။ နေရောင်သည် မိုးကုတ်စက်ဝိုင်းမှနေ၍တဖြည်းဖြည်း ပျောက်ကွယ်လုဖြစ်လာသည်။
၎င်းတို့အားလုံးသည် မှောင်မိုက်ပြီး အနက်ရောင်သစ်ပင်များဖြင့် ပြည့်နှက်နေသော အနက်ရောင်တောင်ရှေ့တွင် မတ်တတ်ရပ်နေကြသည်။ ထိုတောင်သည် နေ၀င်ခါနီး နေမင်းစီမှ အနီရောင် ရောင်ခြည်များစွန်းထင်လျှက်ရှိသည်။ ထိုခဏကို မြင်ရသည်မှာ ကြီးမားသောသားရဲကောင်ကြီးမှ သွေးရောင်အစွယ်များအား ကောင်းဖန်နှင့်အပေါင်းအပါတို့အား ထုပ်ပြနေသကဲ့သို့ပင် ထင်မှတ်ရလေသည်။
"အင်း.." လိပ်သည် ခေါင်းကိုခါယမ်းကာ ရပ်တန့်လိုက်လေသည်။
"အသီးက ဒီတောင်ပေါ်မှာတဲ့..သူတော့ အဲဒီထဲကိုဆက်မသွားနိုင်ဘူးလို့ပြောတယ်..အဲဒီတောင်မှာကြောက်စရာကောင်းတဲ့ သားရဲတွေနဲ့ ပြည့်နှက်နေတယ်တဲ့" တာ့ဇီကဘာသာပြန်ပေးသည်။
လိပ်အား ကော်မန်ဒါအဆင့် အမြုတေကိုပေးပြီး ကောင်းဖန်တို့အုပ်စုသည် တောင်ဆီသို့ ဆက်လက်ခရီးဆက်လာခဲ့ကြသည်။
အမြုတေအား လျင်မြန်စွာ မြိုချပြီး လိပ်သည် ထိုနေရာမှလှည့်ထွက်ကာ တရွရွဖြင့်အလျင်အမြန်ပြေးလေတော့သည်။ သူအလိုရှိသည့်တစ်ခုထဲသောအရာသည် ထိုဆိုးသွမ်းလူငယ်အုပ်စုလက်မှ အလျင်အမြန်လွတ်ကင်းရန်ပင်ဖြစ်လေသည်။
တောင်ပေါ်တွင် အရာရာကို ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းမရှိပေ။ သစ်ပင်များက ပေါင်းမိုးကဲ့သို့အုပ်မိုးထားသောကြောင့် နေရောင်ကိုမမြင်ရပေ။ ညရောက်လေ ယခင်ထက်ပို၍ မြင်နိုင်စွမ်းများကျဆင်းလာလေဖြစ်သည်။
"ဖလိန်မီ ရှေ့ကနေပျံသွားပြီးတော့ ပုံမှန်မဟုတ်တဲ့အခြေအနေတွေ သံသယဖြစ်စရာကောင်းတာတွေရှိရင်သတင်းပို့ပေး" ကောင်းဖန်ကပြောလိုက်သည်။
ဖလိန်မီကခေါင်းညိမ့်ကာ ကောင်းကင်ပေါ်သို့ပျံသန်းသွားလေသည်။
တောင်ပေါ်တွင် ထူးဆန်းသောအပင်တစ်ချို့က တောင်ထိပ်နားတွင်ပေါက်ရောက်နေသည်ကိုတွေ့မြင်ကြရသည်။ အရွက်မျာသည် အပြာရောင်ဖြစ်ပြီး အသီးသည် အဖြူရောင်ဖြစ်သည်။
ကျောက်ထရံသည် ဆန်ခါပေါက်ကဲ့သို့အခေါင်းပေါက်များရှိနေပြီး ၎င်းတို့သည် တောင်တွင်နက်ရှိုင်းစွာထွင်းထုထားသကဲ့သို့ တည်ရှိနေလေသည်။
ရုတ်တရက် ထိုအခေါင်းပေါက်များထဲမှ အဖြူရောင်သားရဲတစ်ကောင်ထွက်ပေါ်လာလေသည်။ မျက်နှာပြင်သည် အခွံမာ ရေနေသတ္တဝါကဲ့သို့သော ပုံစံမျိုးဖြစ်လေသည်။ ၎င်း၏လှုပ်ရှားမှုသည်ဖျတ်လတ်သန်မာပြီး ကိုယ်ခန္ဓာမှာ ဓါးခုတ်ကောင်ကဲ့သို့ဖြစ်သည်။ သို့သော်ဓါးခုတ်ကောင်နှင့်တူရန် ၎င်းသည်အနည်းငယ်၀နေပြီး ၎င်း၏အောက်ခြေထောက်များမှာ ကြွက်သားများနှင့် သစ်လုံးကဲ့သို့တုတ်ခိုင်လေသည်။
၎င်းသည်သစ်ပင်တစ်ခုဆီသို့ ပျံသန်းကာ အပင်ပေါ်မှအဖြူရောင်သစ်သီးအား စားသုံးလေသည်။
ထိုအခါ ဘောလုံးအား လေထိုးလိုက်သကဲ့သို့ ဖောင်းတက်လာလေသည်။ ခဏအကြာတွင် ၎င်းသည် ပေ ၃၀ အမြင့်ရှိသော ဧရာမသားရဲကြီးအသွင်သို့ကြီးထွားလာလေသည်။ ပြီးလျှင် ခုန်ဆွခုန်ဆွဖြင့် ကျောက်ထရံမျက်နှာပြင်ထက်သို့တက်သွားလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၈၇ အဖြူရောင်သတ္တုအသွားနှင့်သားရဲ
သားရဲသည်ပျော်ရွှင်စွာဖြင့် ကျောက်ထရံမျက်နှာပေါ်သို့တက်သွားပြီး ရုတ်တရက် သူ၏လမ်းကြောင်းတွင် တစ်စုံတစ်ခုကို ခံစားမိကာ ရပ်တန့်သွားလေသည်။ ၎င်းသားရဲသည် ခေါင်းကို ၁၈၀ ဒီဂရီစောင်း၍လှည့်ကြည့်လိုက်လေသည်။
၎င်း၏မျက်လုံးများက သူ့အနီးအနားရှိ လေထဲတွင်လှည့်ပတ်ကာ ပျံသန်းလျက် တစ်စုံတစ်ခုအားရှာဖွေနေပုံရှိသော ဖလိန်မီထံတွင် ရပ်တန့်နေလေသည်။
ထိုအခိုက်တွင် ဖလိန်မီသည် ပေသုံးဆယ်ခန့်အမြင့်ရှိသည့် ခြေကားယားလက်ကားယားနှင့် ကျောက်ထရံမျက်နှာပြင်ပေါ်ရှိအကောင်က သူ့အားကြည့်နေသည်ကို အလိုလို ခံစားမိသောကြောင့် ၎င်းအားအဝေးမှပင်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မှောင်မိုက်နေသောတောထဲတွင်မဟုတ်ပဲ အပေါ်စီးမှကြည့်သောကြောင့် မြင်နိုင်စွမ်းပို၍ကောင်းလေသည်။
ဖလိန်မီသည် အဖြူရောင်အခွံရှိသောသားရဲ၏ အနီးရှိ အပင်ပေါ်မှအသီးများအား ဖျတ်ခနဲကြည့်လိုက်လေသည်။ အပင်မှအသီးများသည် အဖြူရောင်ဖြစ်ပြီး အသီးပေါ်တွင် အမဲရောင်အစက်အပျောက်လေးများပါရှိသည်။ "ဒါငါတို့ရှာနေတဲ့အသီးပဲ"
"ကောင်းဖန်ရေ ငါရှာတွေ့ပြီ" ဖလိန်မီက၀မ်းသာစွာအော်လေသည်။ "မင်းလိုချင်နေတဲ့အသီးကို ငါရှာတွေ့ထားပြီ..အသီးတွေကတောင်ထိပ်မှာ" ကောင်းဖန်အား အလျင်အမြန်ပြောလိုက်သည်။
ထိုအခွံအဖြူနှင့်သားရဲသည် ခေါင်းမော့ကာ ဖလိန်မီအားကြည့်လိုက်သည်။ သူ့အကြည့်များကပို၍ပင်ကြောက်စရာကောင်းလာပြီး "ဒီအနီရောင်ငှက်ကိုကြည့်ရတာ ထူးဆန်းတယ်..ဒီနားကနေထွက်သွားဖို့ ရည်ရွယ်ချက်ရှိပုံမပေါ်ဘူး" ဟု တွေးနေသည်။
သို့သော် ထိုသားရဲသည် ဖလိန်မီအနီးအနားသို့ရောက်မလာပေ။ ထိုအစား အောက်မှသစ်ကိုင်းဆီသို့ခုန်ချပြီး မြေပေါ်သို့ဆင်းသွားလေသည်။ ထို့နောက်တောင်ထိပ်သို့ရောက်အောင်တက်သွားပြီး ဖလိန်မီ့ကိုစိတ်တိုစွာဖြင့် စူးစူးဝါးဝါးအော်မြည်လေသည်။
ကောင်းဖန်သည် ရပ်လိုက်သည်။ သူသည် ထိုအဖြူရောင်ထူးဆန်းသောသားရဲက တောင်ထိပ်မှနေပြီး တစ်စုံတစ်ခုအားအော်နေသည်ကို အောက်မှတွေ့မြင်ရလေသည်။
[သားရဲ အမည်]: အဖြူရောင်သတ္တုအသွားနှင့်သားရဲ
[သားရဲ အဆင့်]: အဆင့်၄၉ (နတ်ဘုရားအဆင့်)
[သားရဲ စွမ်းရည်]: ပြီးပြည့်စုံ
[သားရဲ အမျိုးအစား]: လေ
[သားရဲ လုပ်ဆောင်နိုင်စွမ်း]: အခွံများအား မာကျောစေခြင်း အဆင့် ၃၊ ချွန်ထက်သောအသွား အဆင့် ၄၊ လေကိုထိန်းချုပ်နိုင်ခြင်း အဆင့်၃
[ထူးခြားသော လက္ခဏာ]: လေချပ်၀တ်တန်ဆာ( ၎င်းလေချပ်၀တ်တန်ဆာသည် အခြေခံချပ်၀တ်တန်ဆာဆီမှ လေနှင့်အတူ ကိုယ်ပေါ်တွင်ပေါ်ပေါက်လာနိုင်သည်။
တန်ပြန် သက်ရောက်မှု ၁: ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာအတွက် လုံလောက်သော ခုခံနိုင်စွမ်းရည်ကိုပေးနိုင်ခြင်း။
တန်ပြန် သက်ရောက်မှု ၂: အရှိုန်အဟုန်ပြင်းစွာဖြင့်ရွေ့လျားနေစဉ်တွင် ပို၍မြန်ဆန်မှုကို မြှင့်တင်နိုင်ခြင်းနှင့် လေ၏ပြင်းထန်သောအရှိန်အား အခွံထဲမှပင် ဖျတ်လတ်စွာဖြင့်ထိန်းချုပ်နိုင်ခြင်း။
[သားရဲအားနည်းချက် ]: ရေခဲအမျိုးအစား တိုက်ခိုက်မှု
[သားရဲဖော်ပြချက်]: အခွံများရှိသော်လည်း အလွန်ပင်ပေါ့ပါးခြင်း။ မြင့်မားသောအရှိန်ဖြင့်ရွေ့လျားနိုင်ခြင်းနှင့် ပြင်းထန်သော ပေါက်ကွဲမှုများထုတ်လွှတ်ကာ တိုက်ခိုက်နိုင်ခြင်း။ အဖြူရောင်သတ္တုအသွားများပါရှိသောလည်း ပုတိုသောအရပ်အမောင်းရှိခြင်းကြောင့် ထူးဆန်းရှုပ်ထွေးသောပုံသဏ္ဍာန်ရှိခြင်း။
၎င်းသည် သူ၏ အရွယ်အစားကြောင့် မလုံမခြုံဖြစ်ခြင်းကို ခံစားနေရသည်။
ကောင်းဖန်သည် တောင်ပေါ်တွင် ဖလိန်မီ့အား ကြည့်ကာ မြည်ဟိန်းလျှက်ရှိသော အရပ်ပေ ၂၀ ခန့်ရှိသားရဲအား အံ့ဩစွာကြည့်နေလေသည်။ "ဒီလောက်ကြီးမားတဲ့ကောင်က အရွယ်အစားနဲ့ပတ်သတ်ပြီး ဘာကြောင့်စိတ်မလုံခြုံဖြစ်နေရတာလဲ..ဒါဆို တာ့ဇီသာဆိုရင် ဘယ်လိုများခံစားရမလဲမသိဘူး"
"မဟုတ်ဘူးလား"ကောင်းဖန်က တာ့ဇီ၏ခေါင်းအား အမှတ်မထင် ပွတ်သပ်၍ မေးလေသည်။
တာ့ဇီက ကောင်းဖန်အား ထူးဆန်းစွာကြည့်လေသည်။ "ငါကိုဘာလို့ အဲလိုအကြည့်နဲ့ကြည့်နေရတာလဲ..ကောင်းဖန်ကနောက်ဆုံးတော့ ခြင်္သေ့ကိုမဟုတ်ပဲ ငါ့ကို သူ့ရဲ့ သဘောအကျဆုံးသားရဲအဖြစ် လက်ခံသွားပြီလားမသိဘူး"
တာ့ဇီကခေါင်းထဲတွင် အတွေးများလျက်ရှိပြီး သူ့အတွေးနှင့်သူကျေနပ်လျက်ရှိသည်။
အဖြူရောင်သတ္တုအသွားနှင့်သားရဲသည် အဆင့်၄၉ ရှိပြီး နတ်ဘုရားအဆင့် ပြီးပြည့်စုံသော သားရဲအမျိုးအစားဖြစ်သော်လည်း ဂိုဒီနှင့် ဒန်ဘီထက် အဆင့်နှစ်ဆင့်မျှနိမ့်လေသည်။ သို့သော်လည်း သားရဲအဆင့်အရဆိုလျှင် နှစ်ကောင်ပေါင်းလိုက်လျှင် ၎င်းသားရဲသည် အဆင့်လေးဆင့်မျှပိုနိမ့်သည်ဟုဆိုနိုင်သည်။
အဆင့်လေးဆင့်ကွာခြားခြင်းက အဆင့်နှစ်ဆင့်ကွာခြားခြင်းကဲ့သို့အစားထိုး၍မရသော်လည်း ၎င်းသားရဲသည် စွမ်းအင်အရာတွင် ဒန်ဘီနှင့်ဂိုဒီတို့နောက်တွင် နောက်ကျကျန်ခဲ့မည်ဟု မဆိုလိုနိုင်ပေ။
ပိုအရေးကြီးသောအချက်သည် ထိုသားရဲတွင် ထူးခြားသောဝိသေသလက္ခဏာများပိုင်ဆိုင်လေသည်။ ကောင်းဖန်သည် ထိုလက္ခဏာက မွေးရာပါဖြစ်သည်လော လေ့ကျင့်၍ရထားသော လက္ခဏာဖြစ်သည်လောကို မသိနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ကောင်းဖန်သည် မကောင်းသောအချက်များအား မစဉ်းစားသည်မှာ အကောင်းဆုံးဖြစ်မည်ဟုတွေးမိလေသည်။ သို့သော်လည်း သူသည် အစင်းလေးအတွက် အယောင်ဆောင်အသွင်သစ်သီးယူရန်ရှိပေသေးသည်။ သူသည် အစင်းလေး့အားပေးထားသည့်ကတိကို ဖောက်ဖျက်ရန် စိတ်ကူးမရှိပေ။
"တာ့ဇီ..ဂိုဒီဆီကိုလျှပ်စစ်စွမ်းအင်တွေကို ထုတ်လွှတ်လိုက်"
ကောင်းဖန်၏သားရဲအားလုံးနီးပါးသည် ဂိုဒီ၏ တန်ပြန်တိုက်ခိုက်မှုအကြောင်းသိကြလေသည်။ ထို့ကြောင့်ပင် တာ့ဇီ၏ တိုက်ခိုက်မှုကြောင့် မည်သို့ဖြစ်မည်ကိုသိရှိကြလေသည်။
တာ့ဇီသည် လျှပ်စစ်စွမ်းအင်များကိုထုတ်လွှတ်လိုက်ပြီး ဂိုဒီကိုယ်ခန္ဓာအား ထိုစွမ်းအင်ဖြင့်နွယ်ပင်များကဲ့သို့ရစ်ပတ်ထားလိုက်သည်။ ထို့နောက် တာ့ဇီသည် ရှိသမျှစွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်လေသည်။
လျှပ်စစ်စီးဆင်းနေမှု၏ ပဲ့တင်သံများ လေထဲတွင်ပျံ့နှံ့နေသည်။ ဂိုဒီသည် ကြွက်သားများပူပြီး ဖောင်းလာကာ အကြောဆွဲသလို ဆန့်ငင်ဆန့်ငင်ဖြစ်လျှက်ရှိလေသည်။ ထူးဆန်းသောအသံများဂိုဒီ့ဆီမှထွက်ပေါ်လာကာ ဂိုဒီ့ခန္ဓာကိုယ်သည် ပို၍ကြီးမားလာပြီး ခရမ်းဖျော့ဖျော့အရောင် အလင်းတန်းများ လင်းလက်လာသည်။
"ငါ့ထက်ကြီးတဲ့သားရဲတွေရှိရင် ငါ့ရဲ့ဒေါသကိုသိစေရမယ်" အဖြူရောင်အသွားနှင့်သားရဲက အောက်သို့ကိုယ်ကိုနှိမ့်ကာထိုင်ပြီး မာန်ဖီလေသည်။ ထို့နောက် သတိပေးခြင်းမရှိပဲ ကောင်းဖန်နားသို့အလျင်အမြန်ရောက်ရှိလာသည်။ ပြင်းထန်သော လေစွမ်းအားက အခွံထဲမှထွက်လာလေသည်။
၎င်း၏အနီးတစ်ဝိုက်တွင် လှည့်ပါတ်နေသောလေများသည် ပိုမိုအရှိန်ပြင်းထန်လာကာ အစိမ်းရောင်အလင်းလွှာတစ်ခုဖြစ်ပေါ်လာလေသည်။
သတ္တုအသွားနှင့်သားရဲ၏ခန္ဓာကိုယ်သည် ၎င်း၏မူလအနေအထားထိတိုင်အောင် တဖြည်းဖြည်းနှင့် ကျုံ့၍၀င်လာလေသည်။ ယခင်ကပေ ၃၀ ခန့်ရှည်သောသဏ္ဍန်သည် ပုံရိပ်ယောင်ကဲ့သို့ပင်ဖြစ်လေသည်။ အယောင်ဆောင်အသွင်သစ်သီး၏အစွမ်းသည် သူ၏အခြေခံလေစွမ်းအင်နှင့်တွေ့သောအခါပျက်ပြယ်သွားခြင်းဖြစ်လေသည်။
အစိမ်းရောင်အလင်းလွှာသည် လေထုထဲသို့ ဖြတ်သန်းသွားလေသည်။ လျှင်မြန်လှသောအရှိန်ကြောင့် ၎င်းသားရဲသည် ထောင့်နားတွင်ရှိသော ဖလန့်မီဘေးသို့ရောက်ရှိလာလေသည်။
ဖလန့်မီအား ၎င်းသားရဲကပိတ်ဆို့၀န်းရံလိုက်လေသည်။ ထိုအချိန်တွင် ဖလိန်မီသည် စိတ်အားငယ်မှုနှင့် ကြောက်ရွံမှုကိုခံစားလိုက်ရလေသည်။
ဖလိန်မီသည် သူ့ခန္ဓာကိုယ်မှအမွှေးများအားခါချလိုက်သည်။ ထိုအမွှေးများက ရဲရဲတောက်လာကာ မီးဒိုင်းကာတစ်ခုကဲ့သို့ဖြစ်လာလေသည်။ မထင်မှတ်ထားပဲ အစိမ်းရောင်အလင်းတန်းသည် ဖလန့်မီ၏မီးဒိုင်းကာအား အချွန်နှင့်ထိုးခွဲလိုက်သကဲ့သို့ဖြစ်သွားလေသည်။
မီးဒိုင်းကာက အဖြူရောင်သတ္တုအသွားသားရဲ၏တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသွားလေတော့သည်။
မီးတောင်များကနေရာအနှံ့တွင် အနီရောင်မီးကြာပန်းများပွင်နေသကဲ့သို့ ပေါက်ကွဲလျက်ရှိသည်။ ထိုပေါက်ကွဲမှုမှ ဂယက်လှိုင်းပြင်းများထွက်လာခြင်းကြောင့် ဖလိန်မီသည် ဆန့်ကျင့်ဘက်အရပ်သို့ပျံသန်းလေသည်။ သတ္တုအသွားသားရဲသည် မြေကြီးပေါ်သို့တစ်ရစ်ပြီးတစ်ရစ်တိုးကာဆင်းလာသည်။
အစိမ်းရောင်လျှပ်စစ်စက်၀န်းသည် မီးတောက်များကိုထိုးဖောက်၍ ရုတ်ချည်းလျင်မြန်စွာဖြင့် လေထဲတွင်မီးမုန်တိုင်းကဲ့သို့ဖြစ်ပေါ်လာစေသည်။
"ဖလိန်မီကိုသွားကယ်..မြန်မြန်" ကောင်းဖန်က ဂိုဒီနှင့်ဒန်ဘီကို တုံ့ဆိုင်းမနေရန်လျင်မြန်စွာပြောလိုက်သည်။
"သတိထားဦး..ဒီကောင်ရဲ့ ပေါက်ကွဲမှုစွမ်းအင်က အင်မတန်ကြောက်စရာကောင်းတယ်" ရေခဲခြင်္သေ့က ကောင်းဖန်အားတတွတ်တွတ်ပြောလေသည်။
အချက်အလက်ဘောင်အတွင်းတွင် ဖော်ပြထားသည့်အတိုင်း အဖြူရောင်သတ္တုအသွားနှင့်သားရဲ၏ ဖောက်ခွဲနိုင်စွမ်း စွမ်းအင်က အမှန်စင်စစ်ပင်ဖြစ်လေသည်။ ကောင်းဖန်သည် ထိုအချက်အလက်ဘောင်အတွင်းမှအချက်အလက်များသည် ဤမျှလောက် အမှန်တကယ်တွင် တိကျလိမ့်မည်ဟု မည်သည့်အခါတွင်မျှ မထင်မိခဲ့ချေ။
ဥပမာအားဖြင့် သားရဲသည်ခုခံကာကွယ်နိုင်စွမ်းတွင်အထူးပြုသည်ဟု အချက်အလက်ဘောင်ထဲတွင် ဖော်ပြထားလျှင်လည်း ဂိုဒီနှင့်ကြာအောင်ပင် တိုက်ခိုက်နိုင်စွမ်းမရှိခဲ့ကြပေ။
"ဒီကောင်ကတော့ တော်တော်အစွမ်းကြီးတယ်..ငါမြင်ခဲ့ဖူးတဲ့သားရဲလို အဆင့်ချင်းတူတဲ့သားရဲအချင်းချင်းကို တစ်ချက်ထဲနဲ့ အဆုံးသတ်နိုင်တာမျိုးပေါ့" ကောင်းဖန်ကထိုသားရဲအား အလေးအနက်မထားသကဲ့သို့ဖြစ်သဖြင့် ခြင်္သေ့က ထိုသို့ထပ်ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ကောင်းဖန်က ခြင်္သေ့စကားကို အလေးအနက်ထားလေသည်။ ဂိုဒီ၊ ဖလိန်မီနှင့် အခြားသောသားရဲများအား အခြေအနေကိုမျက်ခြေမပြတ်စောင့်ကြည့်ရန် သွေးစာချုပ်မှတစ်ဆင့်ညွှန်ကြားလေသည်။
ထိုအချိန်တွင် ဂိုဒီသည် အဖြူရောင်အသွားနှင့်သားရဲအား ရင်ဆိုင်နေရလေသည်။
တာ့ဇီအစပျိုးပေးသော တန်ပြန်တိုက်ခိုက်စွမ်းအင်ကြောင့် ဂိုဒီသည် ယခုအခါ ပေ၂၀ ကျော်ခန့်အမြင့်ရှိလာပေသည်။ သုံးလက်မလောက်ပင်ရှိသော အဖြူရောင်သားရဲ၏အရပ်သည် သူ၏ ဒူးခေါင်းလောက်ပင်မရှိချေ။ ထိုတိုက်ပွဲက ဒေးဗစ်နှင့် ဧရာမလူကြီး၏တိုက်ပွဲနှင့်ပင်တူပေသည်။ အဖြူရောင်အသွားနှင့်သားရဲက ပိန်ရှုံ့နေသောကောင်လေးကဲ့သို့ဖြစ်ပြီး ဂိုဒီက ကြီးမားပြီး အနုပညာကိုမခံစားတတ်သောသူကဲ့သို့ပင်။
အဖြူရောင်သတ္တုအသွားနှင့်သားရဲသည် မရှုံးနိမ့်နိုင်သောမကောင်းဆိုးဝါးစစ်သည်ကဲ့သို့ ဂိုဒီအားကြောက်လန့်ခြင်းကင်းမဲ့လျက်ရှိသည်။ ဂိုဒီ၏လက်သီးချက်များအား သူ၏ငွေရောင်အသွားများကို ရင်ဘက်ပေါ်တွင် ကြက်ခြေခတ်ပုံသဏ္ဍန်တင်ထားပြီး ရှောင်ရှားလေသည်။ ထို့နောက် အခြေခံလေစွမ်းအင်ကိုစတင်ကာအသုံးချလေသည်။
ခဏအတွင်းပင် ၎င်းသည် ဂိုဒီ၏ ရင်ဘတ်ကို အသွားနှင့်တိုက်ခိုက်လေသည်။
စွမ်းအားပြင်းသည့်အတွက် ဘေးမှသစ်ပင်များပင်အပိုင်းပိုင်းပြတ်ကုန်ကြသဖြင့် ဂိုဒီသည်နောက်သို့ဆုတ်လိုက်သည်။ ကြီးမားသောသစ်ပင်တစ်ပင်သည် ဂိုဒီပေါ်သို့လဲကျလာပြီး မြေကြီးပေါ်တွင်ပိနေလေသည်။
ဂိုဒီရင်ဘတ်သည် လျှင်မြန်စွာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး အသက်ကိုမနည်းရှုနေရသည်။ ရင်ဘက်တွင် ကြက်ခြေခတ်ပုံစံ ဒဏ်ရာဆိုးဆိုးဝါးဝါးရထားသည်။ ဒဏ်ရာသည်အလွန်နက်သဖြင့် အရိုးတစ်ပိုင်းတစ်စပင် တွေ့မြင်နေရလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၈၈ အပိုတွေလုပ်လွန်းသော ဘဲ
ဂိုဒီရဲ့ရင်ဘတ်က ခပ်နက်နက်ဒဏ်ရာကိုမြင်သောအခါ ဒန်ဘီကဘေးကနေ အဖြူရောင်အသွားနဲ့သားရဲဆီ အမြန်လာလိုက်သည်။ သူ့ကို တစ်ချက်တည်းနဲ့ ထိုးနှက်နိုင်လိုက်ပြီး ဂိုဒီကို သတ်ပစ်မှာကနေ တားဆီးနိုင်လိုက်သည်။
မြေပေါ်တွင်တော့ ဂိုဒီ၏ ရင်ဘတ်က မတည်ငြိမ်စွာ နိမ့်ချည် မြင့်ချည်ဖြစ်နေသည်။ သူ့မျက်လုံးများက ကောင်းကင်ကို တည့်တည့်စိုက်ကြည့်နေသည်။ ပန်းရောင်သန်းနေသော ကြွက်သားမျှင်များက လှုပ်ရှားသွားကြပြီး ဂိုဒီ၏ဒဏ်ရာက မယုံနိုင်လောက်စရာ အမြန်နှုန်းဖြင့် ပိတ်သွားသည်။
“ငါ့ကို မသတ်နိုင်တဲ့အရာတွေက ငါ့ကိုပိုပြီးသန်မာလာအောင်လုပ်ပေးတယ်” ဂိုဒီက ဖြည်းဖြည်းချင်းထရပ်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် ကောင်းဖန်အရင်က တစ်ခါမှ မမြင်ဖူးသော လေးနက်ခြင်းကို တွေ့ရသည်။
“မင်းက ခွန်အားတော့ မသေးလှဘူးပဲ… ဒါတော့ငါဝန်ခံတယ်” ဂိုဒီက ရီရင်းပြောသည်။ သူ့ရဲ့ဒဏ်ရာကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။
“ငါ့ရဲ့ စွမ်းရည်သာ အရင်ထဲက မနိုးထထားဘူးဆိုရင် မင်းရဲ့တိုက်ခိုက်တာကို ခံနိုင်မှာ မဟုတ်ဘူး” သူက ဒဏ်ရာကို ချစ်ခင်စွာဖြင့် ပွတ်ရင်းဆက်ပြောသည်။
ဒါပဲလေ… ဒါပဲပေါ့..
သေခြင်းတရာနဲ့ အနီးဆုံးကြုံလိုက်ရချိန်မှာ ဂိုဒီ အေးစက်ပြီး ချွန်ထက်တဲ့အရာတစ်ခု သူ့နှလုံးသားဘေးကနေ ဖြတ်သွားတာကို ခံစားခဲ့ရသည်။ အဲဒီခံစားချက်က သူ့ကို အရမ်းစိတ်လှုပ်ရှားစေသည်။ သူထပ်
ပြီး လိုချင်မိသည်။
“ဒန်ဘီ ငါ သူနဲ့ ၂ ယောက်တည်း တိုက်ခိုက်ပါရစေ” ဂိုဒီက တည်ငြိမ်စွာပြောသည်။ သူ့ရဲ့ ဘယ်ဖက်အတောင်ပံကို လက်သီးလိုဆုပ်လိုက်သောကြောင့် လက်ဆစ်များပင် ငေါထွက်လာသည်။
“ငါ့ဆီလာစမ်းပါ အကောင်ပေါက်လေးရဲ့… ငါ့ကိုဖျက်ဆီးဖို့ မင်းမှာ ရှိသမျှအားလုံးကို သုံးလိုက်စမ်းပါ.. သေခြင်းတရားရဲ့ ချိုမြတဲ့ဝတ်ရည်လေး ငါ့ကိုအရသာခံခွင့်ပေးစမ်းပါ” ဂိုဒီက အော်ဟစ်လိုက်သည်။
အဖြူရောင်အသွားနဲ့သားရဲက မျက်လုံးများကို မှေးကျဥ်းပြီး ဘဲကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က တဝက်ကွေးထားသော ပုံစံဖြစ်နေပြီး ဂိုဒီဘာတွေ ပွစိပွစိပြောနေလဲ သူမသိချေ။
သို့သော် အကောင်ပေါက်လေး ဟူသော အဓိပ္ပါယ်ကိုတော့ သူ သေချာပေါက်သိသည်။ ဒေါသတကြီးဖြင့် သူ့ရဲ့ ဓားသွားသဏ္ဍာန်လက်တံတွေကို ဘဲဆီသို့ ဝှေးယမ်းလိုက်သည်။
ငါ့ကိုများ အကောင်ပေါက်လို့ ခေါ်ဝံ့တယ်ပေါ့။ စူးရှသော အော်မြည်သံနဲ့အတူ ရှေ့သို့ခုန်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က လေဒြပ်စင်စွမ်းအားကြောင့် လေပြင်းဖြစ်ပေါ်လာသည်။ ဂိုဒီက ဒါကိုသူ့ရဲ့ ဘယ်တောင်ပံနဲ့ ရပ်တန့်ဖို့ကြိုးစားပေမယ့် မရပေ။ အဖြူရောင်အသွားနဲ့ သားရဲက ဂိုဒီဘေးကဖြတ်သွားပြီး သူ့ရဲ့ ဓားသွားလက်တံများနဲ့ ဂိုဒီ၏ဒူးခေါင်းအောက်နားကို ပြတ်ရှအောင် လုပ်လိုက်သည်။ သွေးသံရဲရဲနဲ့ ဒဏ်ရာနက်နက်ဖြစ်သွားသည်။
ဂိုဒီ၏မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ သူ့ဒူးခေါင်းက ကြွက်သားမျှင်များက ချက်ချင်းပဲ ဒဏ်ရာကို ပြန်ပိတ်သွားအောင် ချုပ်လိုက်ကြသည်။
အဖြူရောင်အသွားနဲ့ သားရဲ၏ တိုက်ခိုက်ချက်က ဂိုဒီရဲ့အရိုးကို သီသီလေး ကပ်လွဲသွားသည်။ ဒဏ်ရာက ဘဲ၏ဒူးအောက်နားတွင် ၁ လက်မလောက် အနက်ရှိသည်။ သူက ဂိုဒီကို မကျေမနပ်ကြည့်လိုက်သည်။ ငါ့ကိုများ ဖမ်းမိဖို့ တွေးနေတာ နှစ် ၁၀၀လောက် စောင့်လိုက်ဦး။
သူ့ရဲ့အတောင်ပံတွေကို ဖြည်းဖြည်းချင်းဖြန့်လိုက်သည်။ အစိမ်းရောင်အမှတ်များက တောင်ပံပေါ်တွင် အနုပညာလက်ရာတစ်ခုလို ဖြစ်နေသည်။
သူ့ရဲ့ ဓားလို လက်တံတွေကို ဆန့်ထုတ်လိုက်သည်။ နေရောင်ကျနေသောကြောင့် သတ္တုလက်တံက လိမ္မော်ရောင်အလင်းရောင် ဖြာထွက်နေသည်။
“ဒါပဲလေ မင်းရဲ့အမုန်းတရားကို အရှုံးပေးလိုက်တော့.. မင်းခံစားရတယ်မလား… တစ်ယောက်ယောက်ကို ဒီမှာတင် အဆုံးသတ်ပစ်လိုက်ချက်တဲ့ ခံစားချက်မျိုးလေ…ဒါပေမယ့် မင်းဘယ်လောက် ကြိုးစားကြိုးစား သူကမသေနိုင်တာမျိုးပေါ့” ဂိုဒီက တီးတိုးရေရွတ်ရင်း ဖြည်းဖြည်းချင်းထလာသည်။
ဒီအရူးက ဘာတွေ ပွစိပွစိပြောနေတာတုန်း… ဘာလို့ ဒါတွေပြောနေတာလဲ… အဖြူရောင်သတ္တုအသွားနဲ့သားရဲက နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူရူးသွားတာများလား။
ထောင့်မှာရပ်နေတဲ့ ဒန်ဘီက ဂိုဒီကို စိုးရိမ်ဟန်ဖြင့်ကြည့်သည်။ သူရဲ့ဗလာမျက်လုံးပေါက်ထဲက ဝိဝိဉာဉ်မီးတောက်က တိတ်ဆိတ်စွာ မှိတ်တုပ်မှိတ်တုပ် ဖြစ်နေသည်။
ဂိုဒီကတော့ တကယ်ကို အပိုတွေလုပ်ရတာ ကြိုက်တာပဲ…
အဖြူရောင်သတ္တုအသွားနဲ့သားရဲ၏ ခန္ဓာကိုယ်က မှုန်ဝါးသွားသည်။ ထို့နောက် သူ မရှိတော့ပေ။ သူ့နေရာတွင် လေပြင်းသံသာကျန်ခဲ့သည်။ လေက ကျယ်လောင်စွာတိုက်ခတ်နေသည်။
ဆူညံသံအစုံက လေထုထဲတွင်ပြည့်နေသည်။ တစ်ဖြည်းဖြည်းနဲ့ ဒေါသထွက်နေသောအသံတစ်ခုသာ ကျန်ခဲ့သည်။
လေပြင်းလာသည်နဲ့ မြေပေါ်က မြက်ခင်းကွက်များ ကျွတ်ထွက်လာကြသည်။ အနားက သစ်ပင်မှ သစ်ကိုင်းများ လည်း ကျိုးကျလာသည်။ ဂိုဒီထံသို့ အစိမ်းရောင်အလင်းတန်းတစ်ခု အရှိန်ပြင်းစွာလာနေပြီး သူ့ကိုယ်ပေါ်တွင် သွေးသံရဲရဲ ဒဏ်ရာများပေါ်လာသည်။
ဂိုဒီက သူ့ရဲ့မျက်လုံးနဲ့ လည်ပင်းကို ကာကွယ်ဖို့ တောင်ပံ ၂ ဖက်လုံးကို မြှောက်ပြီး မျက်နှာကို ကွယ်ထားလိုက်သည်။ သူ အော်ဟိန်းသံတစ်ချက်ထွက်လာပြီး လေမှုတ်လိုက်သော ဘောလုံးတစ်လုံးလို ပိုကြီးလာသည်။
၁ မိနစ်ကြာသောအခါ အဖြူရောင်သတ္တုအသွားနဲ့သားရဲ မြင်ကွင်းထဲသို့ ပြန်ရောက်လာသည်။ သူက ကျောက်တုံးကြီး တစ်ခုပေါ်တွင်ကိုယ်ကို ကွေးထားပြီး တောအုပ်၏အလယ်တွင် ရပ်နေသော ဂိုဒီကို ကြည့်နေသည်။
သူက ဘာလို့ပိုကြီးလာတာလဲ။ အဖြူရောင်သတ္တုအသွားနဲ့သားရဲ အံ့အားသင့်သွားသည်။ သူ မနာလိုမဖြစ်ဘဲ မနေနိုင်ချေ။ ငါသာ ဒီလို အစွမ်းရှိရင်တော့လား…
ဂိုဒီ၏ အသက်ရှုသံက တောထဲတွင် ပဲ့တင်ထပ်နေသည်။ သူအတောင်ပံများကို မျက်နှာကနေ ဖြည်းဖြည်းချင်း ဖယ်လိုက်သည်။ သူရပ်နေသဖြင့် တောအုပ်ထဲတွင် ကြီးမားသော အရိပ်ကြီး ကျနေသည်။ သူ့ ခန္ဓာကိုယ်ပေါ်က အပြာရောင်အမှတ်များပေါ်သို့ အလင်းဖျော့ဖျော့ ကျနေသည်။
ကောင်းဖန်ကြည့်လိုက်သောအခါ ဒေတာဖရိန်ထဲတွင် ပြင်းထန်စွာ ဒဏ်ရာရ၊ သွေးအလွန်အကျွံဆုံးရှုံးဆိုသော အနီရောင်စာတန်က ဂိုဒီအပေါ်တွင် ပြနေသည်။
ဘဲက ပေ ၅၀ လောက် ကြီးလာသည်။ သူ့ရဲ့စွမ်းရည်က ခဏအားပြနဖြည့်ဖို့ အချိန်မရလိုက်ပေ။ ဂိုဒီက ညာခြေထောက်ကို မပြီး မြေပေါ်ဆောင့်ချလိုက်သည်။ ခြေထောက် အောက်က မြေကြီးက ပြင်းထန်စွာ တုန်ခါသွားသည်။ မြေပေါ်တွင် အက်ကွဲကြောင်းများကို မြင်လိုက်ရသည်။
“ဒါပဲလေ… ဒါပဲပေါ့” ဂိုဒီက အဖြူရောင်သတ္တုအသွားနဲ့သားရဲကို စိုက်ကြည့်လိုက်သည်။ “ထပ်လုပ်စမ်း မင်းရှိသမျှအစွမ်းတွေနဲ့ လုပ်လိုက်စမ်းပါ”
အဖြူရောင်သတ္တုအသွားနဲ့သားရဲက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး သတိပေးခြင်းမရှိဘဲ ဂိုဒီကို နောက်တစ်ကြိမ် တိုက်ခိုက်ပြန်သည်။
ဂိုဒီက သူ့ထံလာနေသော အဖြူရောင်သတ္တုအသွားနဲ့သားရဲကို တည့်တည့်စိုက်ကြည့်နေသည်။
ဂိုဒီက သူ့ရဲ့ညာဖက်အတောင်ပံနဲ့ ပြိုင်ဖက်ကို ဖမ်းလိုက်သည်။ အဖြူရောင်သတ္တုအသွားနဲ့သားရဲ၏ အရှိန်က ဂိုဒီကို နောက်သို့အနည်းငယ် ယိုင်သွားစေသည်။
“နောက်ဆုံးတော့ မင်းကို မိပြီ ကောင်းစုတ်လေး” ဂိုဒီက ငုံ့ကြည့်ရင်းပြောသည်။ “လစ်ထွက်သွားလို့ရမယ် ထင်နေတာလား”
ဂိုဒီက ဖမ်းကိုင်ထားတာကို ပိုတင်းတင်းဆုပ်လိုက်သောအခါ တဂျွတ်ဂျွတ်မြည်သံထွက်လာသည်။
သူ့အတောင်ပံကနေ သွေးများစီးကျလာသည်။ ဒီကောင်လေးက ဘယ်လောက်တောင် မာကျောတာလဲ။ သူ့ရဲ့အတောင်ပံနဲ့ ဖိညစ်လို့မရရုံတင်မကဘူး သူ့ရဲ့ အချွန်တွေကြောင့် သူပါဒဏ်ရာရသွားသေးသည်။
အဖြူရောင်သတ္တုအသွားနဲ့သားရဲက ဂိုဒီ ဖမ်းထားတာကနေ လွတ်ရန် ရုန်းကန်နေရင်း ဒီထူးဆန်းတဲ့ဘဲက ကာကွယ်မှုအား ပိုတိုးလာကြောင်း သတိထားမိသည်။ အရင်က သူ့ကိုယ်ပေါ်တွင် ဖြတ်ရှရာများဖြစ်အောင် လုပ်နိုင်သေးသည်။ အခုတော့ သူ့ရဲ့ ဓားသွားတွေက ခြစ်ရာလေးတောင် မဖြစ်တော့ပေ။
အဖြူရောင်သတ္တုအသွားနဲ့သားရဲက အခု ဘဲ၏သွေးများစွန်းထင်းနေပြီဖြစ်သည်။ “ပြီးသွားပြီ အကောင်ပေါက်လေး… ကြည့်ရတာ ငါနိုင်သွားပြီထင်တယ်” ဂိုဒီကပြောသည်။
ကောင်းဖန် ဂိုဒီအစား ရှက်ရွံမိလေသည်။ ဂိုဒီကို အွန်လိုင်းပေါ်က ဝတ္ထုတွေ သိပ်မဖတ်အောင် လုပ်ရမည်ဟု စိတ်ထဲကနေ မှတ်ထားလိုက်သည်။ အထူးသဖြင့် “ဂန်းခိုင်” ဆိုတဲ့သူ ရေးတဲ့ဟာတွေ။ ကောင်းဖန် သူရေးတာ နည်းနည်း ကြည့်ကြည့်ဖူးသည်။ အပေါစားဆန်သည်လို့ ပြောရမှာတောင် လွန်လှပြီ။ ဒီလိုဟာတွေ ဂိုဒီ ဘာလို့ကြိုက်လဲ သူစဥ်းစား၍မရ။
အခုမှတော့ အဖြူရောင်သတ္တုအသွားနဲ့သားရဲက ဂိုဒီ၏ ဖမ်းချုပ်ထားမှုမှ လွတ်လမ်းမရှိတော့ပေ။ သူပိုရုန်းလေ ဂိုဒီက ပိုသန်မာလာလေ ဖြစ်သည်။
အဖြူရောင်သတ္တုအသွားနဲ့သားရဲက အနားသို့ကပ်လာသည့် ကောင်းဖန်ကို ဂိုဒီ၏လက်ချောင်းများကြားကနေ မုန်းတီးစွာ စိုက်ကြည့်နေသည်။
*