အခန်း (၃၉၇-၄၀၀)
Vol. 25 Ch. 397-400
အခန်း ၃၉၇ ထျန်းကျင်းတောင်ထိပ်ပေါ်မှ အရာတစ်ခု
"ငါဒီနည်းလမ်းကို အစင်းလေးနဲ့ တခြားသားရဲတွေဆီမှာပါ သုံးလိုက်ရင် သူတို့ရဲ့အဆင့်မြှင်တင်မှုတွေ ပိုမြန်လာနိုင်မလားမသိဘူး" ကောင်းဖန်သည် အဆင့်တက်ရန် နှေးကွေးသော သားရဲများအတွက် စိတ်ပူပန်နေခဲ့ရာမှ မျက်လုံးများ တောက်ပလာလေသည်။
ခြင်္သေ့က ၎င်း၏ဦးခေါင်းကို ခါယမ်းလေသည်။ "ဒီနည်းလမ်းက သူတို့နဲ့ အလုပ်မဖြစ်လောက်ဘူး.. စွမ်းအားတွေကို မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ဖြည့်စွမ်းနိုင်တဲ့ သားရဲတွေသာ ဒီနည်းလမ်းကို အသုံးပြုလို့ရမှာ.. တစ်ခါတုန်းက ငါဧကရာဇ်အဆင့်လောက်ကပေါ့... ရေတွေကတူးမြောင်းထဲမှာစီးဆင်းနေသလိုနဲ့ တကယ်တမ်း တူးမြောင်းက ခမ်းခြောက်နေတာ.. ဒါပေမဲ့လည်း ထွက်ပေါက်ကပွင့်နေတုံးပဲ..အဲဒီအချိန်မှာရေရှိနေဖို့ပဲ လိုအပ်ခဲ့တာ" ခြင်္သေ့က လက်သည်းများကိုဆန့်ထုတ်ကာ သူ၏အတွေးထဲမှအတိုင်း လေထဲတွင်ရေးဆွဲပြနေသကဲ့သို့ သေချာစွာရှင်းပြနေလေသည်။
"ငါ့မှာကအခြေခံရှိပြီးသား..အဲဒါကြောင့် ငါက ဘယ်လိုအဖိုးတန်ဓါတ်တွေပါ၀င်တဲ့ ဘယ်လိုမြူနှင်းမှုန် တွေကိုမဆို စုပ်ယူနိုင်စွမ်းရှိတယ်..အဲဒီအရာတွေက ငါရဲ့သွေးအခြေအနေကိုပုံမှန်ဖြစ်အောင် ပြန်ထိန်းညှိပေးနိုင်ပြီး စွမ်းအားတွေကိုလည်း ပြန်ရစေတယ်"
ကောင်းဖန်က ခေါင်းညိတ်ကာ ရှင်းပြသည်ကို ပို၍သဘောပေါက်နားလည်လာလေသည်။
"မင်းဆိုလိုချင်တာက သူတို့က အခုရေဖြည့်ထားတဲ့တူးမြောင်းလိုပဲပေါ့.. တခြားစွမ်းအင်အပိုတွေ ထပ်ပေါင်းထည့်တာက သူတို့ကိုနာကျင်စေဖို့ပဲရှိမယ်..သူတို့ရဲ့ထုထည်ကို ကြီးမားလာစေချင်တယ်ဆိုရင် တူးမြောင်းကိုတဖြည်းဖြည်းချင်း ကျယ်လာအောင်လုပ်ရမယ်ပေါ့"
"ငါပြောချင်တာအဲဒါပဲ" ခြင်္သေ့ကစိတ်ကြီး၀င်နေဟန်ဖြင့် ခေါင်းကိုမော့ကာပြောလေသည်။ "မကြာခင်မှာ ငါရဲ့စွမ်းအားတွေက ပိုပြီးကြီးသထက်ကြီးလာတော့မှာ..နောက်ဆုံးမှာ ငါကမင်းရဲ့သားရဲတွေအားလုံးထဲ စွမ်းအားအကြီးဆုံးဖြစ်လာမှာ" ကောင်းဖန်စိတ်ထဲတွင်တော့ နောင်တရလျက်သာရှိသည်။
ကောင်းဖန်သည် တာ့ဇီနှင့်အခြားသားရဲများအား ဤနည်းလမ်းကို အမြန်မသုံးပေးခဲ့နိုင်၍ အပြစ်ရှိစိတ်ဖြင့် ခေါင်းအားခါယမ်းလိုက်သည်။ ထိုနည်းလမ်းသည် ယခုအချိန်တွင် အသုံးမ၀င်တော့ပေ။
ကောင်းဖန်သည် အနောက်အရပ်သို့ခရီးစဉ်အား ဆက်သွားလေသည်။ ထျန်းကျင်းတောင်ထိပ်ကရှုခင်းများအား ကြည့်လိုက်တိုင်း ကောင်းဖန်၏စိတ်ထဲတွင် တမူထူးခြားသော ခံစားမှုကို ခံစားရလေသည်။ မည်သို့သောခံစားချက်မှန်း ဝေခွဲ၍မရပဲ ထူးဆန်သောခံစားချက်ကို ခံစားမိလေသည်။
အဖြူရောင်တိမ်တိုက်များနှင့် အပြာရောင်ကောင်းကင်အောက် အစိမ်းရောင်မြက်ခင်းနှင့် မြစ်ချောင်းတစ်ခုအနီးတွင်ရှိသော ကောင်းဖန်တို့အုပ်စုသည် ယခုအချိန် အန္တရယ်တစ်စုံတစ်ရာနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ပြေးစရာ၊ ပုန်းစရာ မြေမရှိချေ။
"ခြင်္သေ့ရေ..တစ်ခုခုမှားနေတယ်လို့မခံစားရဘူးလား" ကောင်းဖန်ကမေးလေသည်။
ခြင်္သေ့လည်း နားလည်ရခက်နေသော အကြည့်များဖြင့်ကြည့်ကာ "ငါလည်းဘာမှန်းတော့မသိဘူး တစ်ခုခုတော့တစ်ခုခုပဲ"
တာ့ဇီက ကောင်းဖန်တို့ပြောနေကြသည်ကို ကြားကာ စိတ်လှုပ်ရှားလျက်ရှိပေသည်။ "နောက်ဆုံးတော့ ငါ့အတွက်အခွင့်အရေးပေါ်လာပြီ ..ဒီလိုအခွင့်အရေးမျိုးဆိုတာ ငါ့လိုအမျှော်အမြင်နဲ့ ကြိုတင်ပြင်ဆင်တတ်တဲ့ ကင်းခြေများအတွက်ပဲ..ငါကဒီလိုအခြေအနေမျိုးမှာသက်သေပြဖို့အတွက် စာတွေရောအလုပ်တွေရောကြိုးစားလာခဲ့တာ..ငါကသေချာပေါက်ကို ကောင်းဖန်ရဲ့သဘောကျဆုံး ကိုယ်ပိုင်သားရဲဖြစ်လာစေရမယ်"
"ငါသိတယ် ငါသိတယ်" တာ့ဇီကကောင်းဖန်နားသို့အလျင်အမြန်သွားလိုက်သည်။
"မင်းက ဘာအကြောင်းကြောင့် ခုလိုထူးဆန်းနေတာလဲကို သိတယ်ပေါ့" ကောင်းဖန်ကသံသယဖြစ်စွာ မေးလေသည်။
"အဲဒါက သေချာပေါက် မင်းအားနည်းနေလို့ပဲ" တာ့ဇီက ကောင်းဖန်၏အားနည်းချက်ကိုထောက်ပြလိုက်ပြီး ကျေနပ်သွားသည်။
ကောင်းဖန်သည် ကြောင်သွားလေသည်။
"ဘာလို့လဲဆိုတော့ မင်းမှာက သွေးအားနည်းရောဂါရှိတယ်လေ.. အဲဒါကြောင့်အမြင့်ကိုရောက်ရင် မင်းနေမကောင်းသလိုခံစားရနိုင်တယ်.. တောင်ထိပ်ကိုရောက်လာလို့ဖြစ်မယ် ..ဟုတ်တယ် အဲဒါကြောင့်ပဲဖြစ်နိုင်တယ်..သေချာသလောက်ပဲ"တာ့ဇီက အကျိုးအကြောင်းသင့်စွာ သုံးသပ်ပြလေသည်။ ၎င်း၏သေးငယ်သောခြေထောက်နှစ်ဖက်အားယှက်ထားကာ သေးငယ်သော မျက်လုံးများကလည်း စိတ်အားထက်သန်မှုကိုပြနေသည်။
"မင်းရဲ့ ထက်မြက်မှုအတွက် ချီးကျုးပေးသင့်လား" ကောင်းဖန်ကပြုံးကာဆိုလေသည်။
"အဲဒီအတွက် မလိုပါဘူး" တာ့ဇီကအတည်ပေါက်နှင့်ပြောလိုက်သော်လည်း ပျော်ရွှင်ကျေနပ်မှုကို မျက်နှာတွင် အတိုင်းသားတွေ့ရလေသည်။
"ငါ့ကို အနာဂတ်မှာ အရင်ကထက် ပိုသဘောကျပေးရင် ငါအတွက်ပိုပြီးပျော်ရွှင်စေမှာ" တာ့ဇီကပြောပြီး သူ၏အသိုက်ထဲသို့ပြန်၀င်သွားလေသည်။
ဖလိန်မီသည် ထိုမြင်ကွင်းကို ခြေထောက်တစ်ဖက်ထဲဖြင့် အမိုးပေါ်တွင်မတ်တတ်ရပ်လျက်ကြည့်ကာ တစ်စုံတစ်ခုမှားယွင်းနေသလို ခံစားမိလေသည်။၊"တာ့ဇီက အရူးလိုလုပ်နေတာပဲ..သူပြောလိုက်တာက ကောင်းဖန်ကိုစော်ကားရာရောက်နေတယ်..အမှန်ကိုသိအောင် ဘယ်လိုပြောရမလဲ..ကောင်းဖန်ကစိတ်သဘောထားကျဉ်းမြောင်းတယ် အဲဒါကို ဟိုခြင်္သေ့ကအခွင့်ကောင်းယူပြီး သူ့အတွက် အကျိုးအမြတ်ရအောင် ဖန်တီးမဲ့ကောင်မျိုး"
"ကောင်းဖန်ရေ မြေကြီးအောက်မှာ တစ်ခုခုရှိနေသလိုပဲ" အစင်းလေးက ရုတ်တရက်ပြောလိုက်သဖြင့် အားလုံးရပ်တန့်သွားကြလေသည်။
"ဒီမြေကြီးရဲ့အောက်မှာ တစ်ခုခုရှိနေတာလား" ကောင်းဖန်ကအံ့ဩသွားပြီး သူ့ခြေထောက်အောက် ကွင်းပြင်မှ မြေကြီးအား လှမ်းကြည့်လိုက်သည်။
"အဲဒါကဘာလဲ" ကောင်းဖန်သည် မျက်မှောင်ကျုံ့ကာ သတိထားလိုက်လေသည်။
ချောင်းမြောင်းတိုက်ခိုက်ခံရခြင်းသာမဟုတ်လျှင် အခြားအရာများဖြစ်လျှင်လည်းအဆင်ပြေနိုင်သည်။ အစင်းလေးသည် အထူးအခြေအနေတွင် ရှိနေသေးသောကြောင့်ဖြစ်သည်။ ထိန်းချုပ်နိုင်စွမ်းထက် ပိုမိုကျော်လွန်သောဒဏ်ရာရမည်ဆိုလျှင် အစင်းလေးသည် ၎င်း၏မူလအခြေအအနေသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်လေသည်။
အယောင်ဆောင်အသွင်သစ်သီးသည် သုံးလုံးမျှကျန်ရှိလေသည်။ ၎င်းတို့သည် ထိုသစ်သီးကို မပျောက်ပျက်ပဲသိမ်းဆည်းထားနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။
"ကြည့်ရတာမြွေနဲ့တူတယ်..အင်း..အဖြူရောင်နဂါးနဲ့ပိုတူတယ်"
အစင်းလေးကစက္ကန့်အနည်းငယ် စဉ်းစားကာ အတည်ပြုလေသည်။
အဖြူရောင်နဂါး..
ကောင်းဖန်သည် မည်သို့သော သားရဲအမျိုးအစားဖြစ်မည်ကိုစဉ်းစားကာ စိတ်ရှုပ်ထွေးလျက်ရှိလေသည်။ သိဖူးသမျှကို ပြန်လည်စဉ်းစားမိလျှင် အဖြူရောင်နဂါးကဲ့သို့သော ပုံသဏ္ဍာန်မျိုးနှင့် သားရဲများမှာ ရှားပါလှပေသည်။
အဘယ်ကြောင့်ဆိုသော် အဖြူရောင်နဂါးကဲ့သိုသော ပုံသဏ္ဍာန်မျိုး တစ်ကောင်မျှသာရှိပြီး ၎င်းမှာ ဒဏ္ဍာရီဟွာရှားနဂါးဖြစ်သည်။
အသေးစိတ်နှိုင်းယှဉ်ကြည့်လျှင် ကွဲပြားလေသည်။ လက်သည်းသုံးချောင်းပါရှိခြင်း၊ ဦးချိုအစုံနှင့် သွေးလိုင်း များခြင်းနည်းခြင်းစသည်တို့သည် ကွဲပြားခြားနားချက်များဖြစ်ပေသည်။ ထိုအချက်များမှလွဲလျှင် အဖြူရောင်နဂါးနှင့် အလွန်တူလေသည်။
ထျန်းကျင်းတောင်ထိပ်နက်ရှိုင်းသောအောက်ခြေတွင် ပုန်းအောင်းနေသော နဂါးတစ်ကောင်ရှိနေသည်။
ကောင်းဖန်သည် ထိုနဂါးက သူတို့အား သတိထားမိခြင်းရှိမရှိကို သိချင်မိပေသည်။ သို့သော်လည်း ထိုနဂါးသည် နက်ရှိုင်းသောမြေကြီး၏ အတွင်းဆီမှ ပေါ်ထွက်လာခြင်းမရှိပဲ ၎င်းတို့အား ပုန်းအောင်းလျက်ရှိပေသည်။ ၎င်းရှိရာနေရာတွင် ကောင်းဖန်က လမ်းလျှောက်ခြင်းကိုရပ်လိုက်သော်လည်း မည်သည့်တုန့်ပြန်မှုမှ ပြုလုပ်ခြင်းမရှိချေ။
လမ်းခရီးတစ်လျှောက်တွင် ကောင်းဖန်သည် အနီရောင်သံမြစ်၏ မြစ်နတ်ဘုရားနှင့်သော်လည်းကောင်း သတ္တုစားသူသားရဲနှင့်သော်လည်းကောင်းရင်ဆိုင်ကြုံတွေခဲ့ရပြီး ယခု ထျန်းကျင်းတောင်ထိပ်တွင် ကြုံတွေ့ရသော နဂါးမျိုးနွယ်သည် အိပ်စက်ခြင်းအတွင်းတွင်နစ်မြောလျက်ရှိပေသည်။
ကောင်းဖန်သည် ကံကောင်းသည်လော ကံဆိုးသည်လောဟု ခွဲခြားမရနိုင်အောင်ရှိနေလေသည်။
"ဒါကလုံး၀ကို ပုံမှန်ပါပဲ..မင်းပြောသလိုဆိုရင် မင်းရဲ့ကမ္ဘာက ခုမှပြန်ပြီးဖွံ့ဖြိုးတိုးတက်လာတုန်းပဲ
ရှိနေသေးတယ်..ဒါကအဆင့်ဆင့်ပြောင်းလဲဖို့အတွက် အလျင်မြန်ဆုံးအချိန်ပဲ..မင်းတို့ရဲ့ကမ္ဘာက မရိုးရှင်းဘူး..အရင်ကစွမ်းအားကြီးတဲ့ မျိုးနွယ်တွေအများကြီး ကျန်နေလောက်တယ်..ဒါပေမဲ့သူကအခုဘာလို့ နှုတ်ဆိတ်နေလဲမသိဘူး"
"မင်းသိမှဖြစ်မယ်..ခေတ်အဆက်ဆက်က သားရဲတွေရဲ့အကြောင်းကိုပေါ့..နှစ်တွေအများကြီးကြာအောင် သိုသိပ်ချုပ်တီးခံထားရာက ခုမှပြန်ထွက်လာရင် ပိုပြီးကြောက်စရာကောင်းလိမ့်မယ်..ငါတော့မမျှော်လင့်ပဲ အခွင့်ရေးကောင်းနဲ့ တွေ့တာပဲဟေ့..ငါမင်းတို့ကမ္ဘာက နတ်ဘုရားအဆင့် ဒါမှမဟုတ်လည်း အဲဒီအဆင့်ထက် ကျော်လွန်တဲ့အရာကို အနိုင်ယူပြမယ်"ခြင်္သေ့က ထိုသို့ ပြောလေသည်။
"ဒါပေမဲ့ ချွမ်းဖူအခြေစိုက်စခန်းမြို့တော်က ယွီရှီ လို့ခေါ်တဲ့ သံစားသုံးသားရဲကလည်း တကယ်ကိုသန်မာတယ်..ငါ့အဖိုးနဲ့ငါရဲ့ ကိုယ်ပိုင်းသားရဲတွေနဲ့ ပေါင်းစပ်လိုက်ရင် အဲဒီသားရဲက ငါတွေ့ဖူးသမျှထဲမှာ အသန်မာဆုံး သားရဲတစ်ကောင် ဖြစ်လာလိမ့်မယ်"
"အရှက်မရှိ" ခြင်္သေ့ကစိတ်ကြီးဝင်နေသောပုံစံဖြင့် မကျေမနပ်ဆိုလေသည်။
ကောင်းဖန်က နားမလည်စွာဖြင့် သေးငယ်သော ခြင်္သေ့၏လက်ဖဝါးနှစ်ခုအားကြည့်ကာမေးသည်မှာ "ငါအတွက်ထူးဆန်းတယ်လို့ခံစားနေရတာက မင်းကနတ်ဘုရားအဆင့်ဖြစ်နေပြီး ဘာဖြစ်လို့ မင်းရဲ့အရွယ်အစားကဒီလောက်သေးပြီးကျန်နေရတာလဲ"
"အဲဒီလိုခန္ဓာကိုယ်သေးသေးအောက်မှာ ဖုံးကွယ်ထားတဲ့ အင်အားကြီးမားတဲ့ စိတ်ဝိဉာဉ်တွေရှိနေတယ်လေ" ခြင်္သေ့ကတည်ငြိမ်စွာဖြေလေသည်။
၎င်းတို့ဘေးနားတွင် ဆောင့်ကြောင့်ထိုင်နေသော အဖြူရောင်သတ္တုအသွားနှင့်သားရဲက ထိုစကားအား ကျေနပ်အားရသော အကြည့်ဖြင့်ထောက်ခံလေသည်။
စကားပြောနေရင်းပင် ကောင်းဖန်သည် ထျန်းကျန်းတောင်ခြေသို့ သူ၏သားရဲများနှင့်အတူ ရောက်ရှိလာခဲ့ကြသည်။
တောင်၏အပေါ်တွင် တိမ်များဖြင့် အုပ်မိုးလျက်ရှိသည်။ တောင်ရိုးတစ်လျှောက်သည် ခြောက်သွေ့လျက်ရှိကာ ထူးခြားသောမျဉ်းကြောင်းများရှိလေသည်။
တောင်၏အပေါ်မှကြည့်လျှင် တိမ်များနှင် ပင်လယ်ကို မြင်တွေ့နိုင်ပေသည်။ ထိုတောင်သည်ကြီးမားလွန်းလှသဖြင့် ကမ္ဘာတစ်ခုလုံးအား ထိန်းချုပ်ထားသလိုပင် ထင်မှတ်ရလေသည်။
"ဒီတောင်လောက်ဆို အနက်ရောင်မြူခိုးကမ္ဘာရဲ့ တစ်ကတစ်ဆယ်ထိစာရင်းထဲ ပါလောက်လား"ကောင်းဖန်က ခြင်္သေ့အားစပ်စပ်စုစုမေးလေသည်။
"မင်း အနက်ရောင်မြူခိုးကမ္ဘာနဲ့ပါတ်သတ်ပြီး အဲလောက်လေးတောင်မသိတာလား" ခြင်္သေ့ကပြောလေသည်။
"ဒီတောင်လောက်ဆိုရင် အနက်ရောင်မြူခိုးကမ္ဘာမှာ ထိပ်ဆုံးသုံးခုစာရင်း ၀င်လောက်တယ်.. ငါ မင်းတို့ကမ္ဘာမှာ ဒီလောက်ကြီးမားတဲ့တောင်မျိုး ရှိနေမယ်လို့တောင် မထင်ထားမိဘူး" ခြင်္သေ့ကသက်ပြင်းချကာ ဆိုလေသည်။
ထျန်းကျန်းတောင်သည် ကပ်ကြီးအပြီးတွင် အလွန်ပင် ကြီးမားလာကာ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်လာလေသည်။
နတ်ဘုရားအဆင့်သားရဲလေ့ကျင့်သူတစ်ဦး၏အဆိုအရ ၎င်းကိုယ်တိုင် တိုင်းတာကြည့်ခဲ့သည်မှာ ထိုတောင်သည် အနည်းဆုံး ၁၃၁၀၀၀ ပေ အမြင့်ရှိမည်ဟု ဆိုလေသည်။
"မင်းရဲ့စွမ်းအားတွေကို အလျင်အမြန်ပြည့်၀ဖို့ အဖိုးတန်ပစ္စည်းတွေရှိမယ်လို့ထင်လား" ကောင်းဖန်က စိတ်လှုပ်ရှားကာ ရှာဖွေရန်စဉ်းစားမိလေသည်။
ကောင်းဖန်၏ စိတ်ထဲတွင်ခံစားနေရသည်မှာ သူမသိသောကမ္ဘာသစ်တစ်ခုက သူ့အားလာရောက်စူးစမ်းရှာဖွေရန် စောင့်စားနေကြသကဲ့သို့ ခံစားရလေသည်။ သို့သော်လည်း ကောင်းဖန်ထံတွင် နတ်ဘုရားအဆင့်သားရဲများနှင့် အစင်းလေးကဲ့သို့သော ဘုရင်အဆင့်သားရဲများ ရှိနှင့်ပြီးဖြစ်လေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၉၈ မျှော်လင့်ထားသော သူငယ်ချင်းဟောင်းတစ်ဦး
"အဲဒါပဲဖြစ်ရမယ်" ခြင်္သေ့က တွေးဆကာ ပြောလေသည်။ ထိုအချိန်တွင် သားရဲများနှင့် လူများသည် တစ်ဦးမျက်နှာတစ်ဦးကြည့်လျက် တပြိုင်ထဲပြုံးမိကြလေသည်။
တောင်သို့သွားရာလမ်းသည် ကြမ်းတမ်းလျက်ရှိလေသည်။ ထျန်းကျုးတောင်သည် အားလုံးထဲတွင် အကြမ်းတမ်းဆုံးတောင်တစ်ခုဖြစ်ပေသည်။ ကပ်ကြီးမဖြစ်ပေါ်မီအချိန်တွင် ထိုတောင်၌ လူအနည်းစုနေထိုင်ကြသည်။ သို့သော်လည်း ကပ်ကြီးအပြီးတွင် သွားလာရန် တားမြစ်ထားသော နေရာတစ်ခုဖြစ်လာခဲ့လေသည်။
အသက်ရှင်နေထိုင်ရန် ခက်ခဲကြမ်းတမ်းသောနေရာတစ်ခုအဖြစ် တည်ရှိနေပေသည်။ ထို့ကြောင့် ထျန်းကျူးတောင်သည် လူများ၏ စွန့်ပစ်ခံနေရာဒေသတစ်ခုဖြစ်လာသည်။
ထိုနေရာ၏နောက်ကွယ်တွင် အဓိပ္ပါယ်များစွာရှိနေပြီး ထူခြားသောနယ်မြေတစ်ခုအသွင်တည်ရှိကာ သန်မာသောသားရဲများပေါက်ဖွားရာနေရာတစ်ခုဖြစ်လေသည်။
ဥပမာအနေဖြင့် နေနှင့်လတောင်ပေါ်တွင် ရွှေရောင်ငန်းဘုရင်သည်ပုန်းကွယ်နေထိုင်သကဲ့သို့ပင် ဖြစ်လေသည်။
နေနှင့်လတောင်အနီးတွင် ချင်းဟိုင်အမည်ရှိ ရေကန်တစ်ခုတည်ရှိလေသည်။ ထိုရေကန်သည် ဟွာရှားဒေသတွင်ပထမဦးဆုံး သားရဲများဖြစ်သော ပိုက်ငါးများအား စတင်တွေ့ရှိရာနေရာဖြစ်သည်။ ထိုကန်တွင် နတ်ဘုရားအဆင့်ပိုက်ငါးများ ဆယ်ကောင်ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြလေသည်။ ကောလဟာလများအရ ပိုနက်သောပင်လယ်ထဲတွင် ဧကရာဇ်အဆင့် ပိုက်ငါးများနေထိုင်ကြသည်ဟုဆိုသည်။
အဲဒီတောင်၏ထိပ်တွင် မျောက်တစ်ကောင်သည် သားရဲများအားစောင့်ရှောက်ကြီးကြပ်လျက်ရှိလေသည်။
သန်မာသောသားရဲများရှိသည်ဟု အဓိကနာမည်ကြီးသောတောင်များမှာ ထိုက်တောင်၊ ဟွမ်တောင်နှင့် ဟွာတောင်တို့ဖြစ်ကြသည်။
ကံအားလျော်စွာ အချို့သောသားရဲများသည် လူသားများနှင့်အလွန်နီးစပ်ကြပေသည်။ ၎င်းသားရဲများသည် လူသားများအပေါ်ကြင်နာမှုအား ပြသသောအနေဖြင့် လူများပူဇော်ကြသော ဖယောင်းတိုင်များ၏ အမွှေးနံ့သာများကို စားသုံးကာ ၎င်းတို့အားပူဇော်ပသသော ထိုပတ်၀န်းကျင်မှလူသားများအား ကာကွယ်စောင့်ရှောက်ကြလေသည်။
တစ်ဘက်တွင်လည်း အေးစက်သောစိတ်နှလုံးရှိသောသားရဲများက လူများ၎င်းတို့အနားသို့ကပ်လာမည်ကို ကြောက်ရွံ့ငြင်းဆန်ကြလေသည်။ ထို့ကြောင့် ထိုသို့နာမည်ကျော်တောင်များတွင် လူသားများနှင့် သားရဲများ တိုက်ခိုက်မှုတစ်စုံတစ်ရာဖြစ်ပေါ်ခြင်းမျိုး မရှိဘူးချေ။ ထိုနည်းလမ်းအားဖြင့် အလွန်စွမ်းအားကြီးသောသားရဲများသည် ထျန်းကျူးတောင်တွင်နေထိုင်ကြသည်။
"အကျင့်သိက္ခာရှိသောသူသည် ရတနာကဲ့သို့ တန်ဖိုးရှိလေသည်.. ငါ လူတွေရဲ့အဲဒီ စကားပုံကို သဘောကျတယ်" ခြင်္သေ့ကကောင်းဖန်အားဆိုလေသည်။ "ငါတို့ဒီကိုလာရတာက သူတို့ရဲ့ရတနာတွေကို ထိန်းသိမ်းပေးနိုင်ဖို့အတွက်ပါ..ဒါပေမဲ့ အဲဒီရတနာတွေကို သူတို့ဆီမှာဖေါ်ပြမထားဘူး..အဲဒါက ပထမဆုံးရောက်လာသူပဲ အရင်ဆုံးရမယ် အဲလိုသဘောလား..ငါအဲလိုစည်းမျဉ်းမျိုးတော့ တစ်ခါမှမကြားဖူးပါဘူး"
ကောင်းဖန်ကတစ်ချက်ကြည့်ကာ "ငါစဉ်းစားနေတာက ငါတို့ဒီတောင်ပေါ်မှာရှိတဲ့သားရဲတွေနဲ့ တိုက်ခိုက်ပြီးရှုံးနိမ့်သွားခဲ့ရင် ဒီလိုနှင်းထူထူနေရာကနေ ဘယ်လိုပြန်သွားကြရမှာလဲ"
"မင်းဘာလို့ အဲလောက်ယုံကြည်ချက်နည်းရတာလဲ..ငါကတစ်ချိန်ကဘုရင်ဖြစ်ခဲ့တာပါ" ကောင်းဖန်ပြောသည်ကို ခြင်္သေ့ကထိုသို့ဆိုလေသည်။
သုံးရက်ကြာပြီးနောက် ကောင်းဖန်သည် သူ၏သားရဲများနှင့်အတူ ထန်းကျူးတောင်အား ဖြတ်ကျော်ခဲ့နိုင်လေသည်။ ထူးဆန်းသည်မှာ တောင်ပေါ်တွင် မည်သည့်သားရဲနှင့်မျှ မကြုံတွေ့ခဲ့ခြင်းပင်ဖြစ်လေသည်။ တောင်သည် တိတ်ဆိတ်ခြောက်ကပ်စွာဖြင့်ရှိနေခဲ့လေသည်။
ထိုတောင်ပေါ်တွင် အဖိုးတန်သောရတနာများအမှန်တကယ်ပင် တည်ရှိနေလောက်ပေသည်။ သို့သော်လည်း ထိုရတနာများသည် ကောင်းဖန်မျှော်လင့်ထားသကဲ့သို့ ရေခဲခြင်္သေ့၏စွမ်းအားများပြန်လည်ရရှိနိုင်အောင် လုပ်ဆောင်နိုင်စွမ်းမရှိချေ။ သို့ရာတွင် ထိုရတနားများသည် ဈေးကောင်းရနိုင်ပေသည်။
ကောင်းဖန်က အောက်မှအဆင့်နိမ့်သောရတနာတစ်ခုအားကောက်ကာ ရတနာအနံ့ခံကြွက်ဆီသို့ပေးလိုက်လေသည်။ ကောင်းဖန်သည် ထိုအဆင့်နိမ့်သောရတနာများအားသိုလှောင်ထိန်းသိမ်းရန်နေရာမရှိသဖြင့် ရတနာအနံ့ခံကြွက်များအား ထိုအရာများကို သိုလှောင်လာစေသည်။
ထိုကြွက်များ၏သိုလှောင်ထိန်းသိမ်းရာနေရာသည် ထူးဆန်းပေသည်။
လွန်ခဲ့သောအချိန်တစ်ခုက ကောင်းဖန်သည်ဆိုဖာပေါ်သို့ ထိုင်ချလိုက်ချိန်တွင် သူ၏တင်ပါးသည်တစ်စုံတစ်ခုနှင့်ထိမိသဖြင့် ဆိုဖာကူရှင်အား မ ကြည့်လိုက်ရာ အောက်တွင်အပေါက်တစ်ခုဖြစ်နေပြီး အထဲတွင် ထိုကြွက်များဖွက်ထားသော သားရဲအမြုတေတစ်ဒါဇင်ကျော်အား တွေ့ရှိရပေသည်။
"မင်းအဲဒါကို ထပ်ရှာဦးမလို့လား" ခြင်္သေ့ကမေးလေသည်။
"မဟုတ်ပါဘူး" ကောင်းဖန်ကာခေါင်းခါရင်းဖြေလိုက်သည်။ "ငါတို့ရဲ့အဓိက ရည်ရွယ်ချက်က မသေဆုံးတဲ့နှလုံးသားရဲ့အဆီအနှစ်ပဲ အဲဒါရမှ ဒန်ဘီကို ဒဏ္ဍာရီအဆင့်ကိုရောက်အောင် အဆင့်မြှင့်ပေးနိုင်မှာ"
"ဒဏ္ဍာရီအဆင့်!..ဒီအရိုးစုကအဲဒီအဆင့်လား" ခြင်္သေ့ကစိတ်လှုပ်ရှားစွာဆိုလေသည်။ ခြင်္သေ့သည် ၎င်းသိထားသလောက်အရ ထိုအရိုးစုသည် ယခင်က ဤမျှလောက်အင်အားမရှိလှပေ။ ဘဲနှင့်ယှဉ်လျှင်များစွာအားနည်းလေသည်။
ထို့ကြောင့်သူသည် ထိုအရိုးစုအား ဒဏ္ဍာရီအဆင့်မဟုတ်နိုင်ပဲ အကောင်းဆုံးအဆင့်လောက်မျှပင်ဖြစ်မည်ဟု ထင်မှတ်ထားခြင်းဖြစ်လေသည်။
"ဒန်ဘီရဲ့အဓိကစွမ်းရည်က တိုက်ခိုက်စွမ်းရည်မဟုတ်ဘူး..သူ့မှာပြန်လည်အသက်သွင်းနိုင်ခြင်းဆိုတဲ့ ထူးခြားတဲ့စွမ်းရည်ရှိတယ်"
"ပြန်လည်အသက်သွင်းခြင်း.. ဒါကတော်တော်ရှားပါးတဲ့စွမ်းရည်မျိုးပဲ..တော်တော်အဆင့်မြင့်တဲ့ သားရဲမျိုးတွေသာ ဒီလိုစွမ်းရည်မျိုးပိုင်ဆိုင်ကြတာ" ခြင်္သေ့ကကြည့်ပျော်ရှုပျော်မရှိသော အရိုးခြောက်၏မျက်နှာကိုကြည့်ကာ ထိုကဲ့သို့သောအရည်အချင်းမျိုးရှိလိမ့်မည်ဟု ခန့်မှန်းမိခြင်းမရှိခဲ့ချေ။
"ဒါက ရှားပါးစွမ်းရည်ပဲ..အဆင့်မြင့်သားရဲတွေမှာတောင် ရှိဖို့ခဲယဉ်းတယ်..မင်းကဒီလိုသားရဲမျိုးကို ဘာလို့မင်းနဲ့အတူနေ့တိုင်းခေါ်သွားရတာလဲ" ခြင်္သေ့ကအံ့ဩစွာမေးလေသည်။
"မင်းကတော်တော်အသုံးမကျတာပဲ.. မင်းရဲ့ကိုယ်ပိုင်သားရဲတွေမှာရှိတဲ့အစွမ်းတွေကို ဘယ်လိုပိုတိုးတက်လာအောင်လုပ်ရမလဲလဲ မတွေးဘူး" ခြင်္သေ့သည် ကောင်းဖန်၏ ဒန်ဘီ့အားဒဏ္ဍာရီအဆင့်သို့မြှင့်တင်ပေးမည့်အခြေအနေတွင် ကောင်းဖန်၏လုပ်ဆောင်နိုင်စွမ်းကို သံသယ၀င်လာမိလေသည်။ "ပြီးရင်ရော.. ဒဏ္ဍာရီအဆင့်ပြီးရင် တစ်ဆင့်ပြီးတစ်ဆင့် နတ်ဘုရားအဆင့်ရောက်ဖို့ဖြစ်လာမှာနော်"
ဒန်ဘီသည်သူ့အတွက် လိုအပ်သောပါ၀င်ပစ္စည်းများလိုက်ပါစုဆောင်းလျှက်ရှိသော ကောင်းဖန်အားကြည့်ရင်း "သခင်..ကျွန်တော်ကအလျင်မလိုပါဘူး..ရတနာကိုပဲရအောင်အရင်ရှာရင်လည်းရှာပါ..ကျွန်တော်က သခင့်ကိုလိုက်စောင့်ရှောက်နေနိုင်တာနဲ့တင် ကျေနပ်ပါတယ်"
"မင်းအတွက်က မသေဆုံးတဲ့အသည်းနှလုံးအဆီအနှစ်တစ်ခုပဲလိုတော့တာ..ဒါပေမဲ့ တာ့ဇီနဲ့ကျန်တဲ့သူတွေအတွက်က ပါ၀င်ပစ္စည်းအတော်များများကျန်နေသေးတယ်လေ" ကောင်းဖန်ကဒန်ဘီ့ကို စိတ်သက်သာစေရန်ဆိုလေသည်။
"ဟုတ်ကဲ့" ဒန်ဘီက သူ့သခင်အား ခေါင်းညိတ်ရင်းဆိုလေသည်။ ဒန်ဘီက နှင်းထင်းရှုးစီးကရက်အားခဲထားရင်း ခြင်္သေ့ဘက်သို့တစ်ချက်ကြည့်ကာ မေးလေသည် "မင်းရောသောက်ကြည့်မလား"
ခြင်္သေ့လည်း ခုတလောတွင် ဒန်ဘီစီးကရက်သောက်သည်ကိုသတိထားမိလေသည်။ ၎င်းကိုကြည့်ရသည်မှာ စတိုင်ကျသည်ဟုထင်မိပြီး စမ်းကြည့်ချင်သော်လည်း သူ့အားစီးကရက်မျှရန် မမေးရဲသောကြောင့်ဖြစ်သည်။
ဒန်ဘီကထိုကဲ့သို့မေးလာသောအခါ ငြင်းဆန်ရန်ခက်ခဲလေသည်။
နှင်းထင်းရှုးစီးကရက်အား သူ၏လက်သည်းများဖြင့်အလျင်အမြန်ယူကာ ပါးစပ်ထဲသို့ထည့်လေသည်။ ဒန်ဘီက ခြင်္သေ့ထံသို့ မီးညှိပေးလေသည်။ ခြင်္သေ့သည်သူ၏နှာခေါင်းနားတွင်ပုတ်ဟောင်ဟောင် အနံ့တစ်ခုရရှိလေပြီး ထိုအနံ့သည် လေထဲမှလာသည့်အနံ့ သို့မဟုတ် ဒန်ဘီ၏ညစ်ပါတ်သောလက်ချောင်းများကအနံ့မှန်း မသဲကွဲချေ။
စီးကရက်အခိုးအငွေ့များသည် နှုတ်ခမ်းမှတဆင့် အဆုတ်ထဲသို့စီး၀င်သွားကြလေသည်။ ခြင်္သေ့သည် အသက်ကိုပြင်းပြင်းရှုလေသည်။
စီးကရက်အား ရှိုက်လိုက်သောကြောင့် ခြင်္သေ့သည် အပြင်းအထန်ချောင်းဆိုးလာကာ မျက်ရည်များပင် ကျဆင်းလာလေသည်။ ထို့နောက်၎င်းသည် စီးကရက်အား မြွေသို့မဟုတ်ကင်းမြီးကောက်ကဲ့သို့သော သားရဲကဲ့သို့ ကြောက်လန့်ကာ မြေပေါ်သို့ ပစ်ချလိုက်လေသည်။
"ဒါကဘာကြီးတုန်း..သေမလိုပဲ" ခြင်္သေ့သည် ကောင်းဖန်ထံ၌ကြီးပြင်းလာကာ အရွယ်အစားသေးငယ်ရာမှ အဆင့်ဆင့်ပြောင်းလဲလာသော တာဇီနှင့်အခြားသားရဲများနှင့်ယှဉ်လျှင် အလွန်ကွာခြားလေသည်။
ခြင်္သေ့သိထားသည်မှာ အနက်ရောင်မြူခိုးကမ္ဘာမှလူသားများသည် သူတို့နည်းသူတို့ဟန်ဖြင့် ၎င်းတို့၏ကိုယ်ပိုင်သားရဲများအား အဆင့်မြှင့်တင်ကြခြင်းဖြစ်သည်။သို့သော် ထိုသားရဲလေ့ကျင့်သူတို့၏န ည်းလမ်းများမှာ တသတ်မတ်တည်းဖြစ်ကြလေသည်။
ထိုနည်းလမ်းအများစုမှာ ဘိုးဘွားများထံမှ လက်ဆင့်ကမ်းလာကြခြင်းဖြစ်သည်။ မျိုးဆက်တစ်ဆက်ချင်းစီ အလိုက် မိသားစုအတွင်းတွင် လက်ဆင့်ကမ်းကာ အချက်အလက်များကိုသယ်ဆောင်လာကြခြင်းဖြစ်ပေသည်။
အချို့သောသားရဲလေ့ကျင့်သူများသည် ပူးပေါင်းကာ အင်အားကြီးမားအောင်ချဲ့ထွင်ကြလေသည်။
ထိုနည်းလမ်းများတွင် ကောင်းကျိုးနှင့်ဆိုးကျိုးများတွဲလျက်ရှိလေသည်။ ကောင်းကျိုးအနေဖြင့် တရား၀င်ကိုယ်ပိုင်သားရဲများအား အဆင့်မြှင့်တင်ရန် လိုအပ်သောပါ၀င်ပစ္စည်းများအား မိသားစုများအဆက်ဆက် သိမ်းဆည်းသိုလှောင်ထားတတ်ကြပြီး အဆင့်မြှင့်တင်ရန် လွယ်ကူအဆင်ပြေစေသည်။ ထို့ကြောင့် ၎င်းတို့ချမှတ်ထားသောနည်းလမ်းများအရ သားရဲများအဆင့်မြှင့်တင်ခြင်းကို အဆင်ပြေစွာ အကောင်အထည်ဖော်နိုင်ပေသည်။
သို့သော် ထိုနည်းလမ်းသည် ရှေးရိုးစွဲနည်းလမ်းဖြစ်လေသည်။ အချို့သောသားရဲများသည် ထိုနည်းလမ်းနှင့်ကိုက်ညီမှုမရှိပေ။
"သားရဲလေ့ကျင့်သူတစ်ယောက်က သူ့သားရဲကို တစ်ခြားသားရဲလေ့ကျင့်သူတစ်ယောက်ဆီကိုလက်ဆင့်ကမ်း ထိန်းသိမ်းခိုင်းဖို့က ဖြစ်နိုင်ပါ့မလား.. အထီးကျန်ခြင်္သေ့ကလည်း အဲဒီလိုလက်ဆင့်ကမ်းလာတာများလား.."
ခြင်္သေ့၏မျက်နှာသည် အကူအညီကင်းမဲ့လျက် တစ်စုံတစ်ခုအားသတိရသွားဟန်ရှိလေသည်။
ထျန်းကျူးတောင်ကိုကျော်ဖြတ်ပြီး ၁၂ မိုင်ခန့်လမ်းလျှောက်လာခဲ့ကြအပြီးတွင် ကျင်းရှာမြို့အ၀င်ကိုရောက်ရှိလာကြလေသည်။ လေထုထဲတွင် အပူချိန်သည် မြင့်မားလှခြင်းမရှိပေ။
ပါတ်၀န်းကျင်ပတ်ပတ်လည်သည် စိမ်းစိုလျက်ရှိသည်။
"ရွှေရောင်လက်များ.."ကောင်းဖန်ကပြုံးလေသည်။ "သူငယ်ချင်းဟောင်းကြီးရေ မကြာခင်တွေ့ကြတာပေါ့"
***
သားရဲလေ့ကျင့်သူ
အခန်း ၃၉၉ အဖြူရောင်မျောက်
ကျင်းရှာပြည်နယ်အပြင်ဘက်ပိုင်းတွင်ရှိသော ရွှေရောင်ပင်လယ်သဲကန္တာရသည်လည်း ယခင်ကပ်ကြီးမဖြစ်မီအချိန်တွင် ကျင်းရှာပြည်နယ်၏ အုပ်ချုပ်မှုအောက်တွင်သာရှိပေသည်။
သဲပင်လယ်ကဲ့သို့သော ရွှေရောင်ပင်လယ်သဲကန္တာရသည် နာမည်ကြီးသော ရင်သပ်ရှုမောဖွယ်ရာ အလည်အပတ်နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသောနေရာဖြစ်ပေသည်။ ရွှေရောင်သဲများသည် နူးညံ့ချောမွေ့လျက်ရှိပြီး ရွှေအဆင်းသဏ္ဍာန်ကဲ့သို့ပင် ဖြစ်လေသည်။
ထိုရွှေရောင်ပင်လယ်သဲကန္တာရသည် ကျင်းရှာဒေသ၏ သုံးခုမြောက်ခရိုင်အနီးတွင်တည်ရှိလေသည်။ ထို့ကြောင့် ထိုဒေသသည် ခရီးသွားလုပ်ငန်းများထွန်းကားရာဒေသ ဖြစ်ခဲ့လေသည်။
သို့သော် ကပ်ကြီးအပြီးတွင် ခရီးသွားများ သိသိသာသာပင် လျော့ကျသွားလေသည်။ တစ်ဘက်တွင်မူ များစွာသော သားရဲလေ့ကျင့်သူများနှင့် သားရဲမုဆိုးများသည် အုပ်စုလိုက်လာကာ ရွှေရောင်ပင်လယ်သဲကန္တာရသို့ လာရောက်လေ့လာရင်း နယ်မြေသစ်ချဲ့ထွင်ကြလေသည်။
သတင်းများအရ ကျင်းရှာဒေသတွင် အဓိကအုပ်စုသုံးစုရှိနေသည်။ အစိုးရဖွဲ့စည်းထားသော ကိုယ်ပိုင်စစ်တပ်အုပ်စု၊ ဘာသာရေးအထွတ်အမြတ်ထားသောအုပ်စုနှင့် ရွှေရောင်လက်များအုပ်စု စသည့်အုပ်စုသုံးခုတို့ ဖြစ်ကြသည်။
ထိုအုပ်စုသုံးခုအနက် တရား၀င်အစိုးရအုပ်စုနှင့် ဘာသာရေးအုပ်စုတို့သည် နီးစပ်ပေသည်။ အစိုးရအုပ်စုထဲမှသူအများစုတွင် ဘာသာရေးအား အမှန်တကယ်ယုံကြည်သူများနှင့် အတုအယောင်ယုံကြည်သူများ ရောထွေးလျက်ရှိသည်။ သို့သော်လည်း အယူသည်းသောယုံကြည်သူများ များပြားလေသည်။ ထိုသို့အယူသည်းသောသူများအား အစိုးရ၀န်ထမ်းအဖြစ်လုပ်ကိုင်ရန် ခွင့်မပြုကြပေ။
ယုံကြည်သူများနှင့် အယူသည်းသူများ၏ လုပ်ဆောင်ချက်များသည် ကွာခြားကြသဖြင့် ထိုသို့ခွဲခြားထားရခြင်း ဖြစ်လေသည်။
ဘာသာရေးအုပ်စု၏ ဂုဏ်အရှိန်ဝါကျော်ဇောမှုနှင့်ယှဉ်လျှင် ရွှေရောင်လက်များအုပ်စုသည် ပို၍အားနည်းလေသည်။ ကပ်ကြီးအပြီးတွင် ဘာသာရေးအုပ်စု၏ ထိန်းချုပ်နှိမ်နင်းထားမှုကြောင့် ရွှေရောင်လက်များသည် အုပ်စုအတွင်း အခက်အခဲများစွာကို ရင်ဆိုင်ကြရလေသည်။
ရွှေရောင်လက်များအား တရား၀င်အုပ်စုသုံးခုအတွင်းမှထုတ်ပယ်ခံရရန် နည်းလမ်းများစွာသုံးကာ ကြိုးပမ်းလာကြသည်။ ထိုသို့သော ထိန်းချုပ်ဖိနှိပ်မှုများကြောင့် မြို့အတွင်းတွင် ရွှေရောင်လက်များအုပ်စုသည် များစွာဒုက္ခရောက်ကြရသည်။ ထို့ကြောင့်၎င်းတို့သည် အနီးအနားနေရာများသို့ ဖြန့်ကျက်ကာ ရသလိုပင် နေရာယူထားကြရလေသည်။
၎င်းတို့သည် ထိုပတ်၀န်းကျင်များတွင်လည်း များစွာသော မုန်းတီးသူများကြောင့် ပြဿနာများစွာကို ကြုံတွေ့ကြရလေသည်။ ထို့ကြောင့် ရွှေရောင်လက်များအုပ်စုတွင် အဓိကလူခံအနည်းစုသာကျန်ရစ်ပြီး အမာခံအကြီးအကဲများသည် နောက်ကွယ်တွင်ပုန်းအောင်းနေကြရလေသည်။
"ဒါပေမဲ့ သူတို့ကဘယ်လိုများ အကုန်လုံးလက်ထဲကနေပြီး ပုန်းအောင်းနေနိုင်ကြတာလဲ..ဒီလိုလူတွေအများကြီးဆီကနေ ပုန်းအောင်းနိုင်ဖို့က မဖြစ်နိုင်တဲ့ကိစ္စပဲ.. လူတစ်ဒါဇင်လောက်ပဲရှိတဲ့ မာကတ်တင်းအဖွဲ့လည်းမဟုတ်ပဲနဲ့ ဘယ်လိုများပုန်းနိုင်ရတာလဲ"
သတင်းအချက်အလက်များအရ ဟာရင်တန်မြို့တွင် ထူးဆန်းသောနောက်ကြောင်းကိုယ်စီနှင့် သံသယရှိဖွယ် များပြားသောလူများကို တွေ့ကြရသည်ဟုဆိုသည်။ စပိုင်တစ်ယောက်၏ အသေးစိတ်အတွင်းပိုင်းထိ စုံစမ်းစစ်ဆေးချက်များအရ မြို့တစ်ခုလုံးသည် မှားယွင်းနေကြောင်းသိရလေသည်။ ထိုမြို့သည် ရွှေရောင်လက်များအုပ်စု၏ အရေးကြီးဌာနတစ်ခုဖြစ်လိမ့်မည်ဟု သံသယရှိလေသည်။
သို့သော်လည်း တစ်မြို့လုံးရှိလူအားလုံးသည် ရွှေရောင်လက်များအုပ်စုမှပင်မဟုတ်ပဲ မြို့ခံသာမာန်လူများလည်း နေထိုင်ကြလေသည်။
ရွှေရောင်လက်များအသင်းမှလူများသည် မြို့ခံများနှင့်ရောနှောကာ နေထိုင်နေကြခြင်းဖြစ်ပေသည်။ ထိုနည်းအားဖြင့် ၎င်းတို့အား လက်နက်ကြီးဖြင့် လာရောက်တိုက်ခိုက်မည့် အရေးအား ကာကွယ်ထားခြင်းဖြစ်ပေသည်။
ကောင်းဖန်သည် ဆီလီ၏သိုလှောင်ခန်းမှ ကမ္ဘာ့မြေပုံအားထုတ်ကြည့်လေသည်။ ကောင်းဖန်သည်မြေပုံနှင့် ယခုသူတို့ရောက်ရှိနေသာ ဟာရင်တန်မြို့အား နှိုင်းယှဥ်၍ သေချာစွာကြည့်လေသည်။
"အဲဒါပဲဖြစ်ရမယ်..." ကောင်းဖန်သည် စိတ်ထဲမှ အဖြေကိုရရှိသွားလေသည်။
"ကောင်းဖန်..ငါတို့ ဒီမြို့ကသူတွေအားလုံးကို သတ်ရမှာလား ..ငါကတော့ ငါတစ်ယောက်နဲ့တင် အကုန်နိုင်အောင်လုပ်နိုင်မယ်ထင်တယ်" ဂိုဒီက ဂုဏ်ယူစွာ ခေါင်းမော့လျက် ပြောလေသည်။
"ဟူး..." ကောင်းဖန်ကစိတ်ညစ်သွားသည့်ပုံကို ဖော်ပြလေသည်။
"မင်းဘာလို ဒီလောက်ရက်စက်ရတာလဲ"ကောင်းဖန်က ဂိုဒီ့ခြေထောက်အားပုတ်၍ဆိုလေသည်။ "ဒီမှာကအပြစ်မဲ့တဲ့ နယ်ခံလူတွေလည်းရှိသေးတယ်..အဲလိုစကားမျိူး နောက်ထပ်ဘယ်တော့မှမပြောနဲ့"
ဂိုဒီကခေါင်းညိတ်လေသည်။
"ငါတို့ ဒေသခံတွေထဲကနေ ရွှေရောင်လက်များအဖွဲ့၀င်တွေကို ခွဲထုတ်ပစ်ရမယ်"
ကောင်းဖန်သည် သူ့ကိုယ်ပိုင်သားရဲများအား သူ၏ဒဿနိကအမြင်များကို သင်ကြားပေးရန်ကြိုးစားလေသည်။
"မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး..အဲဒါကငါတို့ကောင်းမိသားစုရဲ့ လက်ကိုင်ထားတဲ့ဆောင်ပုဒ်ပဲ"
သူ၏သားရဲများက ပန်းသီးစားရင်း သူပြောသည်ကို ကလေးများကဲ့သို့ ထိုင်နားထောင်ကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြပေသည်။ ကောင်းဖန်သည်လည်း ပို၍စိတ်၀င်တစား သေချာစွာရှင်းပြလျက်ရှိပေသည်။
အရှေ့တန်းတွင်ထိုင်နေသော တာ့ဇီသည် သူ၏သေးငယ်သော ခြေထောက်တစ်ရာခန့်နီးပါးကို အငြိမ်မနေချေ။ "ကောင်းဖန်ရဲ့ ကိုယ်ပိုင်စွမ်းအင်တွေတော့ လာပြန်ပြီ.."
မိုးကုတ်စက်ဝိုင်းအစွန်းမှ ခေါင်မိုးဖြူဖြူအိမ်များဖြင့် မြို့တစ်မြို့ ပေါ်ထွက်လာလေသည်။
"ကောင်းဖန် အရှေ့မှာအိမ်တွေအများကြီးပဲ" ဖလိန်မီက ကောင်းဖန်အားပြောသည်။
"အနည်းဆုံးတော့ ဒီမှာတခြားသူတွေလည်းရှိနေနိုင်တယ်" ကောင်းဖန်က ၀မ်းနည်းကာနှုတ်ဆိတ်နေသည်။ သူသည် လည်ချောင်းတစ်ချက်ရှင်းက ယခင်ကသင်ထားသော သဲကန္တာရဘာသာစကားကို ပြန်လည်သတိရလာစေရန် ကြိုးစားလိုက်သည်။
ကျင်းရှာဒေသနှင့် ရွှေရောင်သဲပင်လယ်ဒေသတို့တွင် သဲကန္တာရဘာသာစကားကို အသုံးပြုကာ ဆက်သွယ်ကြလေသည်။ ကောင်းဖန်သည် တက္ကသိုလ်တက်စဉ်တွင် လူတော်တစ်ယောက်ဖြစ်ကာ မှတ်ဉာဏ်အလွန်ကောင်းလေသည်။ သူသည် ဘာသာရပ်ပေါင်းများစွာအား ကိုယ်တိုင်လေ့လာထားခြင်းဖြစ်သည်။
မြိုနားသို့နီးကပ်လာကြချိန်တွင် ကောင်းဖန်သတိထားမိသည်က မြို့သည်မည်သူမှမရှိပဲ တိတ်ဆိတ်ခြောက်ကပ်နေသည်။ နံရံအဖြူပေါ်တွင် အကွက်များထနေပြီး စိုထိုင်းစများခြင်းကြောင့် ရေညှိများလည်းတက်နေကြသည်။
ကောင်းဖန်သည် အိမ်တစ်ခုအရောက်တွင် အိမ်ရှင်ကြားအောင် တံခါးအားခေါက်လိုက်လျှင် မျောက်ဖြူတစ်စုသည် ထိတ်ထိတ်ပျာပျာဖြင့် ပြတင်းပေါက်များ တံခါးများဆီမှ ပြေးထွက်လာကြလေသည်။
၎င်းတို့သည် အဝေးသို့ ထွက်ပြေးသွားကြပြီး ထိုထဲမှမျောက်အချို့က ကောင်းဖန်အားလှည့်ကာငေးကြည့်ကြလေသည်။ ၎င်းတို့သည် ကောင်းဖန်နှင့် ဘေးမှပါလာသော အစင်းလေးတို့ကိုကြည့်ကာ ပို၍ကြောက်လန့်စွာဖြင့် အမြန်ပြေးကြလေသည်။
အချို့သောမျောက်များသည် အောက်ခံဘောင်းဘီများ ၀တ်ဆင်ထားလေသည်။ သို့သော်လည်း အမြီးများခံနေသောကြောင့် ဘောင်းဘီသည် နေရာတကျရှိမနေပဲ ၎င်းတို့ကိုကြည့်ရသည်မှာ ပို၍ထူးဆန်းသောပုံပေါက်စေသည်။ အချို့သောမျောက်များက ရောင်စုံပါသောရှပ်အင်္ကျီများကို ၀တ်ဆင်ထားသဖြင့် ရီစရာကောင်းသောပုံသဏ္ဍာန်ပေါက်လျက်ရှိကြသည်။
[သားရဲ အမည်] - အဖြူရောင်အစက်အပျောက်များပါရှိသောအပင်စားသတ္တဝါ မျောက် (အုပ်လိုက်)
[သားရဲ စွမ်းရည်] - သာမာန်( ပြီးပြည့်စုံ )
[သားရဲ အမျိုးအစား] - ရေ
[သားရဲ အဆင့်] - ၅-၁၉
[သားရဲ ဖော်ပြချက်] - ထိုသားရဲအမျိုးအစားသည်လူတို့၏ ပုံစံကို အတုခိုးနေထိုင်တတ်ပြီး အကြိုက်ဆုံးအရာမှာ လူတို့၏အ၀တ်အစားများအား ၀တ်ဆင်ရခြင်းဖြစ်သည်။ ပုံမှန်ဉာဏ်ရည်ကိုပိုင်ဆိုင်ကြပြီး သွက်လက်ကာ စွမ်းအင်ပြည့်၀သည်။
"အိမ်ထဲကနေ မီးခိုးတွေထွက်လာနေတယ်" ကောင်းဖန်က အစိမ်းရောင်အငွေ့များထွက်နေသော မီးခိုးခေါင်းတိုင်ကိုကြည့်ကာ ဆိုလေသည်။
"ဒီမျောက်တွေက တစ်စုံတစ်ယောက်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေများလား" ကောင်းဖန်သည် အစင်းလေးကျောပေါ်မှဆင်းကာ အိမ်ဆီသို့ ဦးတည်၍ ကိုယ်ပိုင်သားရဲတချို့နှင့် လမ်းလျှောက်ကာ သွားလေသည်။
မျောက်များက ကောင်းဖန်သည် အိမ်နှင့်တဖြည်းဖြည်းနီးလာသည်နှင့် အော်ဟစ်၍ ၎င်းတို့ဆီသို့ပြေးလာကြလေသည်။ ထိုမျောက်များသည် ခေါင်မိုးအစွန်းများကို ၎င်းတို့၏ ခြေလက်လေးဖက်လုံးဖြင့် တွယ်ဖက်ထားလျက် ကောင်းဖန်ကို စူးစူးဝါးဝါး အော်ဟစ်ကြလေသည်။
ထိုထဲမှ ဒေါသကြီးသောမျောက်များက ကြောက်စိတ်ကိုထိန်းချုပ်၍ အုတ်ခဲများယူကာ ကောင်းဖန်ဆီသို့ပစ်ပေါက်ကြလေသည်။
ခြင်္သေ့ကခေါင်းမော့လိုက်လျှင် ပတ်၀န်းကျင်လေထုသည် အေးစက်သွားကာ အုတ်ခဲသည် လမ်းတစ်၀က်တွင် ရုတ်တရက်ရပ်တန့်ပြီး ခဲသွားလေသည်။
အပြာရောင်အလင်းတန်းနှင့်အတူ အုတ်ခဲသည် အပိုင်းပိုင်းအစစဖြစ်သွားကာ မျောက်များဆီသို့ မြင့်မားသောအရှိန်ဖြင့် ပြန်လည် ဦးတည်သွားကြလေသည်။
ထိုအုတ်ခဲအားပစ်လိုက်သောမျောက်သည် ချက်ချင်းပင် ကြောက်လန့်ကာ မချိတင်ကဲအသံဖြင့် အော်ဟစ်လေသည်။ ထိုမျောက်သည် သူ၏သွေးထွက်နေသောဦးခေါင်းကို ကိုင်ကာ ကပျာကယာထွက်ပြေးလေသည်။
ကြောက်လန့်တကြားဖြင့်ပြေးသည်မှာ အောက်သို့ပင်ပြုတ်ကျလေသည်။
ကောင်းဖန်သည် ထိုမျောက်ကိုအာရုံစိုက်ခြင်းမရှိပဲ ရှေ့သို့သာ ဆက်လျှောက်သွားလေသည်။
အိမ်ထဲမှ မီးခိုးများသည် ပြတင်းပေါက်များ၊ တံခါးများနှင့် သော့ဂလောက်အပေါက်မှပါ ပြည့်လျှံကာထွက်လာကြသည်။
ရေညှိများသည်လည်း အိမ်တံခါးရှေ့တွင်ဖုံးလွှမ်းလျက်ရှိပေသည်။
ထိုဒေသတွင်မိုးမရွာသည်မှာအလွန်ကြာပြီဖြစ်သော်လည်း လေထုထဲရှိ ရေငွေ့များကြောင့် ရေညှိများသည် ပို၍စိမ်းမှောင်လျက်ရှိပေသည်။
ကောင်းဖန်သည် တံခါးကို သုံးခါဆက်တိုက်ခေါက်လိုက်လေသည်။
အိမ်ထဲဆီမှမည်သည့် တုံ့ပြန်သံမျှမကြားရပေ။
အိမ်ရှင်သည်အပြင်ထွက်သွားခြင်းဖြစ်ပေလိမ့်မည်။ ကောင်းဖန်သည် စိတ်တိုလာလေသည်။ အိမ်ပိုင်ရှင်သည်တံခါးမဖွင့်ပေးသောကြောင့် အိမ်ထဲသို့လည်းချိုးဖျက်၀င်၍မကောင်းသောကြောင့်ဖြစ်သည်။
”ဒီအိမ်ကပိုင်ရှင်မရှိတဲ့ အိမ်ဆိုရင်တော့ ချိုးဖျက်ပြီး၀င်လည်း ဘာမှမဖြစ်လောက်ဘူးထင်တယ်..ဒါပေမဲ့ တစ်ယောက်ယောက်ရှိနေခဲ့ရင်ရော.."
"ဟယ်လို..အိမ်ထဲမှာလူရှိလား" ကောင်းဖန်သည် စိတ်ရှည်စွာမေးလေသည်။
အချိန်ခဏအကြာတွင် အသက်ကြီးကြီးလူတစ်ယောက်အသံ အိမ်ထဲမှထွက်ပေါ်လာလေသည်။ "ဘယ်သူမှမရှိဘူး.."
ကောင်းဖန်သည် ခဏရပ်တန့်သွားသည်။
"အိုး..ဘယ်သူမှမရှိဘူးထင်နေတာ..ကျေးဇူးတင်ပါတယ်" ကောင်းဖန်က အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် အိမ်ထဲမှအသံထပ်မံ ထွက်ပေါ်လာလေသည်။ "ရပါတယ်.."
ကောင်းဖန်သည် အဖြူရောင်သတ္တုသားရဲကို မျက်လုံးဖြင့်အချက်ပြလိုက်လေသည်။ ၎င်းသည် အချက်ပြသည်ကိုနားလည်သောသဘောဖြင့် ခေါင်းညိတ်ပြလေသည်။
အချိန်ခဏအကြာတွင် အဖြူရောင်သတ္တုသားရဲသည်ပျောက်ကွယ်သွားကာ သော့ဂလောက်တံခါးဂိတ်သည် အပိုင်းပိုင်းကျိုးကြေသွားလေသည်။ အပေါက်တစ်ခုပြုလုပ်ကာ တံခါးကိုဖြတ်သန်းကြပြီးလျှင် ကောင်းဖန်သည် ၀တုတ်တုတ်အဖြူရောင်မျောက်တစ်ကောင်ကို ဆိုဖာပေါ်တွင် ပျင်းရိစွာ လှဲလျောင်း နေသည်ကို တွေ့ရလေသည်။ ၎င်း၏ခန္ဓာကိုယ်သည် လိမ္မော်ရောင်ကြောင်တစ်ကောင်ကဲ့သို့ ၀၀ဖိုင့်ဖိုင့်ဖြစ်လေသည်။
မျက်မှောင်ကျုံ့ရာမှမျက်လုံးများသည် ပြူးကျယ်လာကာ ကောင်းဖန်တို့အုပ်စုအားမြင်လိုက်သဖြင့် အံ့ဩတုန်လှုပ်သွားလေသည်။ သူ၏မျက်လုံးများသည် သက်၀င်လှုပ်ရှားလျက် အံ့အားသင့်သောပုံသဏ္ဍာန်ကိုတွေ့လိုက်ရလေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၀၀ အမှန်တရား
“ဒါကြောင့်ကို… သာမာန်လူက ဒီလို ရူးကြောင်ကြောင် စကားမျိုးဘယ်ပြောပါ့မလဲ.. မင်းက ရူးကြောင်ကြောင် မျောက်ပဲ” ကောင်းဖန်က မျောက်ဝတုတ်အားမြင်သောအခါ ပါးစပ်ကို ပိတ်မထားနိုင်တော့ချေ။
[သားရဲအမည်] - အဖြူရောင်သားမွှေး အစုံစားမျောက် (ဝတုတ်)
[သားရဲအဆင့်] - အဆင့် ၂၅ (ကွန်မန်ဒါ)
[သားရဲ စွမ်းရည်] - ပြီးပြည့်စုံ
[သားရဲအမျိုးအစား] - ရေခဲ
[သားရဲ အားနည်းချက်] - အဆီများမှုကြောင့် လှုပ်ရှားမှုနည်း
[သားရဲ ဖော်ပြချက်] - ရှားပါး အဖြူရောင်အစက်အပျောက် အပင်စားမျောက်မျိုးနွယ်မှ ဆင်းသက်လာသည်။ အစုံစားမျောက်တိုင်းက အရွက်စားမျောက်အုပ်စု၏ ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားလာခြင်းဖြစ်သည်။ အဖြူရောင်သားမွှေး အစုံစားမျောက်များက သိမ်မွေ့သော အဖြူရောင်အစက်အပျောက် အပင်စားမျောက်မျိုးနွယ်များထက် ပိုကြမ်းတမ်းပြီး ဒေါသကြီးသည်။
အဖြူရောင်သားမွှေး အစုံစားမျောက်က ဘောလုံးတစ်လုံးလို ဝတုတ်လုံးဝိုင်းနေပြီး အန္တရာယ်မပေးနိုင်ပုံပေါက် သည်။ သူက ခေါင်းကို ငုံ့ထားပြီး သူ့ပန်းကန်လုံးထဲက အစာများကို ကြည့်လိုက်ပြီး အဖြူရောင်သတ္တုအသွားနဲ့ သားရဲအား ပြုံးရင်း ကမ်းပေးလိုက်သည်။
အဖြူရောင်သတ္တုအသွားနဲ့သားရဲက သံသယဖြစ်ဟန်နဲ့ မျက်လုံးကို ပုတ်ခတ် ပုတ်ခတ်လုပ်နေသည်။ အစုံစားမျောက်၏ ကြင်နာမှုကြောင့် ပြောစရာစကားမရှိဖြစ်နေသည်။ သူ့အတွေးထဲတွင် ပြိုင်ဖက်နဲ့ သားကောင်ဆိုတာပဲ ရှိသဖြင့် ထိုအခိုက်အတံ့တွင် ဘယ်လိုတုံ့ပြန်ရမလဲမသိဖြစ်သွားသည်။ ပြိုင်ဖက်နဲ့ တွေ့ရင် သူထွက်ပြေးမည်၊ သားကောင်ကတော့ သူ ကြီးထွားဖို့ အစာမျှသာဖြစ်သည်။
ဒါပေါ့… ကောင်းဖန်ကတော့ ချွင်းချက်ဖြစ်သည်။ သူကတော့ သားကောင်ရော ပြိုင်ဖက်ရောမဟုတ်… အရေးကြီးဆုံးအချက်ကတော့ ကောင်းဖန်က သူ ကောင်းဖန်ဘေးတွင် ရပ်သောအခါ သူက အရပ်ပိုရှည်သည်ဟု ထင်ရအောင်လုပ်ပေးနိုင်သည်။
ပုံမှန်အခြေအနေတွင်တော့ ဒီမျောက်ဝတုတ်က သေချာပေါက်သားကောင်လိုက်သူဖြစ်လိမ့်မည်။ သူက စကားသိပ်မပြောပဲ သတ်ပစ်ပြီးသာ သူ့အသိုက်ဆီသို့ ပြန်ပြီး စားမည်ဖြစ်သည်။
ဒါပေမယ့်အခုတော့ သူ့ကိုအရပ်ပိုရှည်သည်ဟု ထင်ရအောင်လုပ်ပေးသော လူသား၏ စိတ်ခံစားချက်ကို ထည့်တွက်ရပေဦးမည်။
သားရဲလေးက အစာကိုငြင်းပြီး နောက်လှည့်၍ လူသား၏အမိန့်ကိုစောင့်နေတာကို တွေ့သောအခါ မျောက်၏ အမူအရာက တဖြည်းဖြည်းပြောင်းသွားသည်။
မျောက်က ပန်းကန်ထဲက အစာကိုကြည့်လိုက်သည်။ ဒီလူသားက သူ့ပန်းကန်ထဲက အစာကို ကြိုက်လိမ့်မည် မဟုတ်ကြောင်း သူ့ပင်ကိုအသိစိတ်က ပြောနေသည်။
ထို့နောက်သူက ဆိုဖာပေါ်က ကြိုးစားဆင်းလာပြီး မီးဖိုချောင်ထဲတွင် ခဏ အလုပ်ရှုပ်နေသည်။ ခဏကြာတော့ သူက မီးဖိုချောင်ထဲက နောက်ထပ်စွပ်ပြုတ်ပန်းကန်လုံးတစ်လုံးကို ကိုင်ပြီးထွက်လာသည်။ သူက ပန်းကန်အား ကောင်းဖန်ကို ပြုံးရင်းပေးလိုက်သည်။
ထိုမျောက်ကိုင်ထားသော ပန်းကန်လုံးက အရည်အသွေးနိမ့်သော အရောင်ဒီဇိုင်းများနဲ့ဖြစ်သည်။ အဲဒါက ဟွာရှားဈေးတွင် ၅ ဒေါ်လာလောက်နဲ့ ဝယ်သော ပလတ်စတစ်ဇလုံးနဲ့တူသည်ဟု ကောင်းဖန် ခံစားရသည်။
ပန်ကန်လုံးက ခပ်ပျစ်ပျစ်စွပ်ပြုတ်များပြည့်နေသည်။ အထဲကအရာများက ကြေနေသည်။ မှို၊ အသီးများနဲ့ တီကောင်ကဲ့သို့ ပိုးကောင်များပါဝင်သည်။
ကောင်းဖန်က မျောက်ဝတုတ်၏မျက်လုံးကို ကြည့်လိုက်သည်။ မျောက်က အန္တရာယ်ပေးမည့်ပုံမပေါ်ပဲ ပန်းကန်လုံးကို ခုထိ ခပ်တင်းတင်းကိုင်ထားသည်။
သူမျက်လုံးများကိုတောင် ကြာကြာ မဖွင့်နိုင်ပေ။ သူ့မျက်လုံးသေးသေးလေးများက ကျယ်ကျယ်ဖွင့်ဖို့ ကြိုးစားရင်း မျက်တောင် တဖျတ်ဖျတ်ခတ်နေသည်။ တဖြည်းဖြည်းနဲ့ အတော်အားထုတ်လိုက်ပြီး ဖွင့်နိုင်သွား သည်။
သို့သော် မျောက်က တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း ကောင်းဖန်သိနေသည်။ သူက အိမ်အတွင်းထဲသို့ဝင်လိုက်သည်။ မျောက်ဝတုတ်က သူ့ကို လမ်းပိတ်ဖို့ ကြိုးစားသည်။
“ငါ့ ရှေ့ကဖယ်စမ်း”
မျောက်က ခဏတော့ ကြောင်သွားပြီး မတုန်မလှုပ်နဲ့ငြင်းလိုက်သည် “လုံးဝပဲ”
ထိုသို့ ငြင်းခုန်နေတုန်း ကောင်းဖန်နဲ့ မျောက်က အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်ပိုနီးကပ်လာသည်။ ပန်းကန်လုံးကိုင်ထားသော မျောက်က ရုတ်တရတ် ရူးသွပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပဲ သူ့ရဲ့ ဝတုတ်ခန္ဓာကိုယ်နဲ့ ဆန့်ကျင်ဖက်ဖြစ်နေသော လှုပ်ရှားမှုကို ပြလာသည်။ သူက ကျတ်ကျတ်ပူနေသော စွပ်ပြုတ်ကို အဖြူရောင် သတ္တုအသွားနဲ့သားရဲဆီ ပစ်ပေါက်လိုက်ပြီး သူ့ကိုယ်သူ ကောင်းဖန်ဆီသို့ လျှောတိုက်သွားလိုက်သည်။ ဓားမြောင်ထက် ချွန်ထက်သော သူ့လက်သည်းများကို ထုတ်လိုက်သည်။
သူ၏လှုပ်ရှားမှုမှာ အလွန်လျင်မြန်သည်။ သူ့ရဲ့အရှိန်ကို ကောင်းဖန်ပင် အနည်းငယ် အံ့အားသင့်သွားရသည်။ တကယ်ကို မြန်တယ်..
သို့သော် သူ့ရဲ့လှုပ်ရှားမှုက အဖြူရောင်သတ္တုအသွားနဲ့ သားရဲ၏မျက်လုံးထဲတွင်တော့ ခရုလိုပဲနှေးကွေးသည်။ အဖြူရောင်သတ္တုအသွားနဲ့ သားရဲတွင် သမ်းပြီး ပျင်းကြောဆန့်ဖို့ အချိန်တောင် ရလိုက်သေးသည်။ ထို့နောက် သူရပ်နေရာကနေ ပျောက်သွားသည်။
မျောက်ဝတုတ်က သူ့ရင်ဘက်တွင် နာကျင်မှုကို ခံစားလိုက်ရပြီး လေထဲသို့ ပစ်ထုတ်ခံလိုက်ရသည်။ ပြင်းထန်စွာနံရံပေါ်သို့ နောက်ကျောဖြင့် ပြန်ပြုတ်ကျလာပြီး နံရံကို လှုပ်သွားစေသည်။ နံရံကနေ ပြာမှုန့်များ ကျလာသည်။ သူကနံရံပေါ်ကနေ ချိတ်ထားတဲ့ပန်းချီကားတစ်ချပ်လို တစ်ဖြည်းဖြည်း လျှောကျလာပြီး အစင်းရာအရှည်ကြီး ဖြစ်သွားစေသည်။
ထိုအချိန်တွင် မျောက်ဝတုတ်ပစ်လိုက်သော ပန်းကန်လုံးက ခုမှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။ ခဏလောက် လိမ့်သွားပြီး အထဲက စွပ်ပြုတ်များနေရာအနှံ့ ပြန့်ကျဲကုန်တော့သည်။
အေးစက်စက် ကြမ်းပြင်ပေါ်တွင် အငွေ့များထွက်လာသည်။
“အထဲဝင်ပြီး ကြည့်ကြည့်ရအောင်” ကောင်းဖန်က အခန်းထဲသို့ ခြေလှမ်းကျဲကျဲနဲ့ ဝင်သွားရင်း တည်ငြိမ်စွာ ပြောသည်။
မျောက်ဝတုတ်ဖုံးကွယ်ထားတဲ့အရာက တိုက်ခိုက်ခံပြီး စွန့်စားရလောက်အောင်ထိုက်တန်တယ်… ကောင်းဖန် ဒါနဲ့ပတ်သတ်၍ မကောင်းသော ခံစားချက်ဖြစ်နေသည်။
သန့်ရှင်းနေသော ဧည့်ခန်းနဲ့ ယှဥ်ရင် မီးဖိုချောင်က ညစ်ပတ်ရှုပ်ပွနေသည်။ နံရံနဲ့ မီးဖိုတွေက အချဥ်ရည်တွေ၊ ပါဝင်ပစ္စည်းတွေနဲ့ ပေကျံနေသည်။ အိုးထဲက ခပ်ပျစ်ပျစ်စွပ်ပြုတ်နဲ့ပေါင်းပြီး ထူးဆန်းသော အနံ့ထွက်နေသည်။
မီးဖိုချောင်၏အလယ်တွင် အိုးကြီးတစ်လုံး ရှိနေသည်။ အိုးက ပိတ်ထားပြီး အဖုံးရဲ့အစွန်းကနေ အငွေ့များအဆက်မပြတ် ထွက်နေသည်။
မီးဖိုဘေးတွင် ပန်းကန်လုံးတစ်လုံးချထားသည်။ မျောက်ဝတုတ် ဆိုဖာပေါ်တွင် သုံးနေသော ပန်းကန်နဲ့ အတူတူပဲ ဖြစ်သည်။ စွပ်ပြုတ်၏အရောင်က ခပ်ရင့်ရင့်ဖြစ်ပြီ သူ့ကို ခုနက ကမ်းပေးသည့် စွပ်ပြုတ်နဲ့ ဆင်တူသည်။
ဒါပေမယ့် လက်ချောင်းတစ်ချောင်း ရှိနေသည်။ လူလက်ချောင်းဖြစ်သည်။ ကောင်းဖန် သူမြင်တာကို သေချာသိသည်။
အဲဒါက မျောက်လက်ချောင်းလည်းဖြစ်နိုင်သည်။ ချင်ပန်ဇီတစ်ကောင်၏ လက်ချောင်းလည်းဖြစ်နိုင်သည်။ သို့မဟုတ် လူသားတစ်ယောက်၏ လက်ချောင်းလည်းဖြစ်နိုင်သည်။
ကောင်းဖန်က ပိတ်ထားသော အိုးကို တချက်ကြည့်လိုက်သည်။ အဆုံးတွင်တော့ အထဲက ကြေနေသော အရာများကို ကြည့်ဖို့ သူအိုးကို မဖွင့်ခဲ့ပေ။ သို့သော် မျောက်ဝတုတ်၏ အမူအရာများကို ကြည့်ခြင်းအားဖြင့် ကောင်းဖန်၏ စိတ်ထဲတွင် ခန့်မှန်းချက် ရှိပြီးဖြစ်သည်။
ကောင်းဖန် မီးဖိုချောင်ကနေ ထွက်လာခဲ့သည်။ သူအိမ်ပြင်ကိုထွက်ပြီး မျောက်ဝတုတ်ကို မ လိုက်သည်။ အနည်းဆုံး ပေါင် ၂၂၀ လောက်ရှိသည့် မျောက်ဝတုတ်က ကောင်းဖန်၏ လက်တစ်ဖက်တည်းဖြင့် မ ယူခြင်းကို ခံလိုက်ရသည်။
“အိုးထဲကဟာတွေ စားရတာကြိုက်လား” ကောင်းဖန်က တည်ငြိမ်စွာ ပြောသည်။ သို့သော် သူ့ကို သိသည့်သူဆိုရင်တော့ သူအရမ်းစိတ်ဆိုးနေတယ်ဆိုတာ နားလည်နိုင်လိမ့်မည်။
“အရသာရှိတယ်” မျောက်ဝတုတ်က ဘာဖြစ်တော့မယ်ဆိုတာ သိနေခဲ့သည်။
သိမ်မွေ့သည့် မျက်နှာထားကို ပြရမည့်အစား သူ့မျက်နှာက ဒေါသထွက်ပြီး မနှစ်မြို့ပုံပြောင်းသွားသည်။ ရှုံ့မဲ့နေသော မျက်နှာ၊ ပါးစပ်များနဲ့ မျက်မှောင်ကျုံ့ထားသည်မှာ ငရဲကသတ္တဝါကောင်လိုဖြစ်နေသည်။
“မင်းက ငါတို့ကို စားဝံ့တယ်ဆိုတော့ ငါတို့လည်း မင်းကို စားပစ်မယ်”
“ငါနားလည်ပါတယ်… ငါ့မှာ မင်းကို စွပ်စွဲခွင့်မရှိဘူး… အဲလိုဆို ကြောင်သူတော်ဆန်သလိုဖြစ်သွားလိမ့်မယ်… ငါကလူသားပဲလေ ဒါပေမယ့် ဒီမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မြင်ပြီးသွားတော့ ငါဒီတိုင်းမထားနိုင်တော့ဘူး” ကောင်းဖန်က မျောက်ဝတုတ်၏ မျက်လုံးကို တည့်တည့်ကြည့်ရင်း ပြောသည်။
“မင်းတို့ ဘယ်မျောက်တွေ လူသားကို စားဖူးလဲ… သူတို့ကို ငါ့ကိုပြော ငါသူတို့ကိုပဲ သတ်မယ်… မဟုတ်ရင်တော့ ဒီတောင်ပေါ်က မျောက်အားလုံးကို ငါ သတ်ပစ်မယ်” ကောင်းဖန်၏ အသံက အလွန် အေးစက်နေသည်။
မျောက်က ကောင်းဖန်၏စကားကို လျစ်လျူရှုနေသည်။ သူက လည်ချောင်းထဲက စူးရှသောအသံဖြင့် ဒေါသတ ကြီး အော်ဟစ်နေသည်။ သူ့ရဲ့ခြေလက်များကို ကုန်းပေါ်က သေလုဆဲဆဲငါးတစ်ကောင်လို ရူးသွပ်စွာ ရုန်းကန်နေ သည်။ တစ်ဖြည်းဖြည်းနဲ့သူက သဲကန္တာရဘာသာစကားဖြင့် “သူ ငါ့သားကို စားခဲ့တယ်… အဲဒါကြောင့် ငါသူ့ကို စားမယ်.. သူ့ကိုစားမယ် စားမယ်”
ကောင်းဖန်က အဖြူရောင်အသွားနဲ့ သားရဲအား သူလုပ်နိုင်မယ်ဆိုတာ သိသောကြောင့် သူတို့ကို ရှင်းပစ်ပေးဖို့ပြောလိုက်သည်။ “မြန်မြန်လုပ်လိုက်”
…
အဆုံးတွင်တော့ ကောင်းဖန် ရွာကနေထွက်ခဲ့သည်။ စွန့်ပစ်ခံမြို့က ကောင်းဖန်၏ ဖျက်စီး၊ မြေမြှုပ်ခြင်းကို ခံခဲ့ရသည်။ သွေးနဲ့ အပြစ်၏အနံ့ဆိုးများက ထူထဲသော မြေကြီးများ၏အောက်တွင် ဖုံးကွယ်ခံလိုက်ရသည်။
ကောင်းဖန်က အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး နှာခေါင်းထဲတွင် သွေးနံ့များရလိုက်သည်။ အဲဒါက လူသွေးလား မျောက်သွေးလား သူမသိပေ။
ကောင်းဖန် သက်ပြင်းချလိုက်သည်။ ဒါက ကမ္ဘာပျက်ကပ်ပဲလေ.. အဲဒါက ရက်စက်တဲ့ အမှန်တရားပဲ။ သို့သော် ဟွာရှားမှ မည်သူကမှဒီနေရာတွင် ဘာတွေဖြစ်ခဲ့ကြလဲဆိုတာကိုမသိပေ… ဘာလိုလဲဆိုတော့ ဟွာရှားပြည်နယ် တွင် နိုင်ငံသားတွေကို ကာကွယ်ပေးဖို့က ဦးစားပေးဖြစ်သည်။
ပိုင်နက်အပြင်ကိုရောက်တာနဲ့ သူပထမဆုံးသင်ယူလိုက်ရတဲ့ သင်ခန်းစာကတော့ အမှန်တရား အကြောင်းပင်ဖြစ်သည်။
***
စာစဉ် ၂၅ ပြီး၏။