အခန်း (၄၁၃-၄၁၆)
Vol. 26 Ch. 413-416
အခန်း ၄၁၃ မသေခြင်း နှလုံးသားကျောက်
တာ့ဇီသည် သူ၏ မိုးကြိုးစွမ်းအင်များကို အစွမ်းကုန် ထုတ်ပြနေသည်။ ကြောက်မက်ဖွယ် မိုးကြိုးများသည် ကျယ်လောင်သော ပဲ့တင်ထပ်သံများနှင့် ထွက်ပေါ်နေသည်။
ခြင်္သေ့ဖြူသည် လုပ်စရာမရှိသောကြောင့် တာ့ဇီကို စွမ်းအင် ထိန်းချုပ်ဖို့ လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။
မတူညီသော ဓာတ်စွမ်းအင်များမှ စွမ်းအင်ထုတ်သုံးခြင်းသည် အခြေခံကျသော အပိုင်း ဖြစ်သည်။ ပို၍ အဆင့်မြင့်လာလျှင်တော့ ထိုစွမ်းအင်များကို သက်ဆိုင်ရာနှင့် အချိုးကျပေါင်းစပ်ပြီး ထုတ်လွှတ် နိုင်မည် ဖြစ်သည်။
တူညီသော ဓာတ်စွမ်းအင်များတွင် ဓာတ်အစဉ်က မတူပါက စွမ်းအင်သည် ၁၀ ဆပိုထွက်နိုင်သည်။ ဥပမာ အနေဖြင့် ပြောရလျှင် ကာဗွန် အက်တမ်များသည် စိန်မှစ၍ မီးသွေးအထိ ပုံစံမျိုးစုံ ဖြစ်နိုင်သည်ကို ကြည့်ခြင်း အားဖြင့် သိနိုင်သည်။ မာကျောမှုပါ ကွာခြားသွားခြင်း ဖြစ်သည်။
ခြင်္သေ့ဖြူ၏ အတွေ့အကြုံသည် တာ့ဇီနှင့် ယှဉ်၍ပင် မရချေ။ တာ့ဇီသည် မိုးကြိုးစွမ်းအင်များ မြင့်မားစွာ ပိုင်ဆိုင်ထားသော်လည်း ခြင်္သေ့ဖြူကတော့ အပုံကြီး သာနေသေးသည်။
ကြီးမားသော မိုးကြိုးသွားကြီးသည် ပုဆိန်ကြီးတစ်ချောင်းလို အရာအားလုံးကို အပိုင်းပိုင်း ပြတ်သွားစေနိုင်လေသည်။
နာကျင်မှုကို ခံနိုင်ရည်ရှိသော အဖြူရောင်သားရဲများသည် ကောင်းဖန်ဆီသို့ တဟုန်ထိုး ပြေးလာသည်။ သူတို့သည် ပြေးလာသည့်လမ်းတွင် မိုးကြိုးပစ်ချလိုက်မှုကြောင့် အပိုင်းပိုင်း ဖြစ်သွားသည်။ သူတို့လက်များသည် ကျိုးကုန်ပြီး ရင်ဘတ်များလည်း ပွင့်ထွက်ကာ လဲကျသွားကြသည်။
ခဏတွင်းချင်းပင် အဖြူရောင်သားရဲ ၄ ကောင်သည် ကျသွားကြပြီး ကျန်သော ၁၆ ကောင်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။
ကျောက်ရုပ်တုကို အနိုင်မယူနိုင်သေးသော အဖြူရောင်ဓားသွား သားရဲကတော့ အနည်းငယ် စိတ်ပူနေသည်။ ငါအခုထိ ဒီကောင်ကို မနိုင်သေးပါလား.. ကောင်းဖန်က ငါ့ကို အသုံးမကျသေးဘူးလို့ ထင်သွားရင် ဒုက္ခပဲ..
အဖြူရောင်ဓားသွားသားရဲသည် ထိုသို့ပူပန်နေမှူဖြင့် အမှောင်ထု၏ ကူးစက်ခြင်းကို ခံလိုက်ရကာ သူ၏ သံမဏိ မျက်နှာပြင်ပေါ်တွင် ကြီးမားသော အမဲရောင်အကွက်ကြီး ဖြစ်ပေါ်လာသည်။ ထိုအမည်းရောင် အကွက်ကြီးတွင် မကောင်းဆိုးဝါး အလင်းရောင်များ ထွက်ပေါ်နေသည်။ ထို့ကြောင့် အဖြူရောင် ဓားသွားသားရဲသည် ထိုအမည်းကွက်ကြီး ပို၍ ကျယ်ပြန့်မလာခင် သူ့ကိုယ်ထဲမှ လေဓာတ်စွမ်းအင်ကို စုပ်ယူရမည် ဖြစ်သည်။
အဖြူရောင်ဓားသွားသားရဲသည် အသွင်ပြောင်းသစ်သီးကို ခိုးယူခံခဲ့ရသည့် နေ့တုန်းကလို ဒေါသအလွန်ထွက်နေသည်။
“မဆုံးမရှိသော ဟာရီကိန်း ၃၀၀၀” ထိုသို့အော်လိုက်ပြီးနောက် အဖြူရောင်ဓားသွားသားရဲသည် ထိုနေရာမှ ချက်ချင်း ပျောက်သွားကာ သူရှိနေကြောင်းကို လေအဝှေ့များတွင်သာ သိရှိနိုင်တော့သည်။
လေထဲတွင် အလွန်လျင်မြန်စွာ ရွေ့လျားနေသော အသံများက ပဲ့တင်ထပ်ကာ ထွက်ပေါ်နေသည်။ ထိုအသံများသည် တစ်မိနစ်ကြာ ထွက်ပြီးနောက် ရပ်တန့်သွားသည်။
ထိုအချိန်တွင် ကျောက်ရုပ်တုကတော့ မလှုပ်မယှက် ရှိနေသည်။ သို့သော် အဖြူရောင်သားရဲတစ်ကောင်က သူ့ကို ပြင်းထန်စွာ မတော်တဆ ၀င်တိုက်မိသွားသောကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ကွဲကြေသွားသော အစိတ်အပိုင်းများသည် တိကျပြီး အရွယ်တူကြသည်။ ထိုအစိတ်အပိုင်းများသည် ထောင့်မှန်စတုဂံပုံရှိပြီး လူတစ်ယောက်၏ ပုံမှန် လက်မ အရွယ်အစားခန့် ဖြစ်သည်။
ထိုအစိတ်အပိုင်းများကြားထဲတွင် အမည်းရောင် အမြုတေကျောက် ရှိနေသည်။ ထိုကျောက်သည် အမည်းရောင် မကောင်းဆိုးဝါး အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
အဖြူရောင်ဓားသွား သားရဲသည် စစ်သူကြီး တစ်ယောက်လို ဂုဏ်မောက်ပြနေသည်။ သူသည် မတ်တပ်ရပ်လိုက်ကာ ရင်ဘတ်ကိုကော့၍ လက်ကို ဆန့်တန်းထားသည်။
“အရူးကောင်.. မင်း အမြုတေကိုပါ ဖျက်ဆီးလိုက်တာလား” ကောင်းဖန်က သူ့ကို နရင်းအုပ်လိုက်သည်။ အဖြူရောင်ဓားသွားသားရဲသည် သူ့ခေါင်းကို ကိုင်ကာ ဒေါသတကြီး လှည့်ထွက်သွားသည်။
“သွား.. အမြုတေကို သွားကောက်ချေ”
အဖြူရောင်ဓားသွားသားရဲသည် အမြုတေကျောက်ကို ပြန်သွားကောက်လိုက်ရသည်။ သူ့အတွက် ထိုကျောက်သည် စိတ်၀င်စားစရာ မရှိပါပေ။
သို့သော် ဒန်ဘီ၏ ခေါင်းပေါ်တွင် ရှိနေသော ရှောင်ကောင်းကတော့ အလွန်ပင် ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားနေသည်။ သူသည် အရွက်လေးများကို ခါရမ်းကာ စပ်စလူးထနေသည်။
ထိုနတ်ဘုရားအဆင့် အမြုတေကျောက်ကို စားလိုက်ပြီးနောက် ပန်းပင်လေးသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။ သူသည် ဒန်ဘီခေါင်းပေါ်တွင် အဖြူရောင် သရဖူးလေးလို ကွေးကွေးလေး အိပ်နေသည်။
တစ်ဖက်တွင် တာ့ဇီ၏ မိုးကြိုးတိုက်ကွက်ကြောင့် အဖြူရောင်သားရဲများသည် အကုန် ပျောက်ကွယ်ကုန်ကြသည်။ သူတို့သည် အမှောင်ထုစွမ်းအင်၏ သက်ရောက်မှုကြောင့် နဂိုတည်းက မည်းနေကြပြီ ဖြစ်ရာ ယခုတာ့ဇီလက်ချက်ဖြင့် ပို၍ပင် မည်းသွားကြသည်။ အချို့သော နေရာများတွင်တော့ အဖြူရောင်နှင့် အစိမ်းရောင်လေးများ ကျန်ခဲ့သည်။
အဖြူရောင်သားရဲ အကောင် ၂၀ ဆီမှ အမြုတေကျောက်များကို ထုတ်လိုက်ပြီးနောက် ကောင်းဖန်သည် ဒန်ဘီကို တံခါးခေါက်ခိုင်းလိုက်သည်။ သို့သော် တံခါးကြီးသည် အနည်းငယ် တွန်းလိုက်ရုံနှင့် ပွင့်သွားသည်။
၀င်လိုက်သောအခါ ကောင်းဖန်သည် အဖြူရောင် အလင်းတန်းက မြေကြီးပေါ် ဖြာကျနေပြီး အဖြူရောင်နွေဦးနှင်းက ပွင့်ဖတ်လေးတွေပေါ် ကျနေသလို ဖြစ်နေတာကို တွေ့လိုက်ရသည်။
သူသည် မျက်တောင်ခတ်လိုက်ပြီး ပွင့်သွားသော တံခါးကို ပြန်ကြည့်လိုက်သည်။ တံခါးသည် သာမာန်တံခါး ဖြစ်သည်။
ဂိတ်ပွင့်သွားပြီးနောက် ဒေါင်လိုက်ကျောက်တုံး လှေကား ၃ ဆင့် ရှိနေသည်။ အဖြူရောင် ပန်းအိုးများသည် ဂိတ်၏ တစ်ဖက်တစ်ချက်စီတွင် ရှိနေသည်။ ပန်းအိုးကြီးများသည် ကြီးမားပြီး ရှားစောင်းပင်များကို စိုက်ထားသည်။
ကောင်းဖန်သည် ရှားစောင်းပင်ကို သေချာကြည့်လိုက်သည်။ ထိုအပင်သည်လည်း သာမာန်အပင်သာဖြစ်ပြီး သားရဲအပင် မဟုတ်ချေ။
အထဲကို၀င်လိုက်သောအခါ အလည်တွင် ကြီးမားသော အဖြူရောင် ရုပ်တုကြီး ရှိနေသည်။ ထိုရုပ်တုကြီးသည် ၁၆ ပေရှိပြီး အရှေ့တွင် ရေကန်တစ်ကန် ရှိသည်။ ထိုရေကန်သည် ချောမွတ်တောက်ပနေပြီး အလင်းရောင်ကလည်း နူးညံ့စွာ ရေမျက်နှာပြင်တွင် တောက်ပနေသည်။
ရုပ်တုနောက်တွင် ရှည်လျားပြီး တည့်တည့်သွားသော လျှောက်လမ်းတစ်ခုက အနောက်ဘက်ကို ဦးတည်နေသည်။
ကောင်ဖန်သည် သူရပ်နေသော ကြမ်းပြင်က ရေပြင်ညီ မဖြစ်နေပဲ အနည်းငယ် စောင်းနေတာကို သတိပြုမိလိုက်သည်။ အလွန်စောက်မနက်သော်လည်း ကောင်းဖန်သည် ကြမ်းပြင်အနေအထားကို သေချာခံစားနေရသည်။
[သားရဲအမည်] - ပြစ်ဒဏ်ရုပ်တု
[သားရဲအဆင့်] - အဆင့် ၄၃
[သားရဲစွမ်းရည်] - ပုံမှန်
[သားရဲအမျိုးအစား] - အမှောင်
…
“အသွင်ယူတာတော်သားပဲ” ကောင်းဖန်က ရုပ်တုကို ကြည့်ကာ ပြောလိုက်သည်။ “ဂိုဒီရေ… သွားပြီး ပညာပေးလိုက်ပါဦး” ဂိုဒီအတွက် စွမ်းရည် သက်ရောက်မှုကို လေ့ကျင့်ရမည့် အချိန်ရောက်ပြီ ဖြစ်သည်။
ဂိုဒီသည် ပုဆိန် ၂ ချောင်းကို ကောက်ကာ ဒေါသတကြီး လျှောက်သွားသည်။ မလှုပ်မယှက် ရှိနေသော အဖြူရောင် ရုပ်တုသည် ရုတ်တရတ် တုန်လှုပ်သွားသည်။ သူ့မျက်နှာပြင်မှ အဖြူရောင်ဆေးများသည် အရည်ပျော်လာပြီး အဖြူရောင် ဖယောင်းပါပျော်လာကာ အထဲမှ အမည်းရောင် ကိုယ် ထွက်လာသည်။
၃ မိနစ်ကြာသောအခါ ကြမ်းပြင်သည် သားရဲ အပိုင်းအစများဖြင့် ညစ်ပတ်ပေရေသွားသည်။
ဂိုဒီသည် အမည်းရောင် သားရဲ အမြုတေကို ကောက်ပြီး ကောင်းဖန်ကို ပေးလိုက်သည်။ ကောင်းဖန်သည် ထိုကျောက်ကို အိပ်နေသည့် ရှောင်ကောင်းရှေ့တွင် ထားလိုက်သည်။ ကောင်းဖန်က ကျောက်ကို ရွှေ့လိုက်လျှင် ရှောင်ကောင်းသည် ကောင်းဖန်ရွှေ့သည့်နားသို့ ရွေ့လာနေသည်။
နောက်ဆုံးတော့ ကောင်းဖန်သည် အမြုတေကို သူ့သစ်ရွက်များပေါ် တင်ပေးလိုက်သည်။ သစ်ရွက်လေးများသည် အမြုတေကို ဘောလုံးလေးလို ဖက်ထားလိုက်သည်။
ရှောင်ကောင်း၏ အဆင့်သည် နိမ့်သေးသော်လည်း နတ်ဘုရားအဆင့်သို့ မြှင့်ပြီးနောက်တွင်တော့ အခြားအရာများလည်း လုပ်လာနိုင်တော့မည် ဖြစ်သည်။
သားရဲများအတွက် အဆင့်ကို မြန်မြန်မြှင့်ရန်နည်းလမ်းသည် အမျိုးအစားတူညီသော သားရဲအမြုတေများကို များများစုပ်ယူခြင်း ဖြစ်သည်။ သီအိုရီအရ နတ်ဘုရားအဆင့် အမြုတေကို များများ စုပ်ယူနိုင်လေ အချိန်တိုအတွင်း အဆင့်မြှင့်ရန် လွယ်ကူလေ ဖြစ်သည်။
ရှောင်ကောင်း၏ အဆင့်သည် ၃၆ ဖြစ်သည်။ သူသည် နောက်ထပ် အမြုတေကျောက် ၂ ခုကို စုပ်ယူနိုင်ပါက နတ်ဘုရားအဆင့်ကို တက်နိုင်တော့မည် ဖြစ်သည်။ ကောင်းဖန်သည် ဒန်ဘီအား ရှောင်ကောင်းကို ဂရုစိုက်ဖို့ မှာထားသည်။ ဒန်ဘီသည် ရှောင်ကောင်းကို ခေါင်းပေါ်တင်လျက် ဘုရားကျောင်း အတွင်း နက်နက်ထဲသို့ ၀င်သွားသည်။
ကျန်သော ခရီးစဉ်တွင်တော့ သူတို့သည် အခြားသားရဲများနှင့် မတွေ့တော့ချေ။ သို့သော် ပတ်၀န်းကျင်သည် စိတ်မသိုးမသန့် ဖြစ်စရာကောင်းလာသည်။ ဘာကြောင့်မှန်း မသိ ပတ်ပတ်လည်မှ နံရံများသည် အမည်းရောင် ပြောင်းသွားသည်။ အထဲမှ အမည်းရောင် နံရံများသည် မကောင်းသည် အရိပ်အယောင်ကို ပြနေသည်။
အပြင်ဘက်တွင် ဘုရားကျောင်းသည် သိပ်ကြီးသည်ဟု မထင်ရသော်လည်း အထဲတွင်တော့ အတော်ကျယ်၀န်းသည်။ အနက်ရောင် နံရံများနှင့် ခေါင်မိုးများသာ ရှိပြီး အလင်းရောင် လုံး၀မရှိချေ။ ထို့ကြောင့် ဖလိန်မီ၏ အလင်းရောင်ကိုသာ အားကိုးနေရသည်။
ပုံမှန်အားဖြင့် ဆိုလျှင်တော့ ဘယ်သူမှ ဘုရားကျောင်းထဲ ၀င်ရဲကြမည် မဟုတ်ချေ။ သူတို့ကတော့ အထဲပင် ၀င်လိုက်ကြသေးသည်။ သူတို့သည် မြေအောက်ထဲ ရောက်နေကြပြီ ဖြစ်သည်။
ထို့နောက် ကောင်းဖန်သည် ခြေလှမ်းများကို ရပ်လိုက်ပြီး ဘေးကို ကြည့်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသောအရာမှာ ဟင်းလင်းပြင် တစ်ခု ဖြစ်ပြီး လေထဲတွင် အလင်းတစ်၀က်ဖောက်နေသော အဖြူရောင်ကျောက်များသည် လေထဲတွင် လွင့်နေကြသည်။
[ပစ္စည်းအမည်] - မသေခြင်းနှလုံးသား၏ ကျောက်
[ပစ္စည်ဖော်ပြချက်] - မသေခြင်းနှလုံးသား၏ အဆီအနှစ်မှ ဖြစ်ပေါ်လာသော ကျောက် ဖြစ်သည်။ ထိုအဆီအနှစ်မှ တဆင့် လေထဲမှ မပြီးပြည့်စုံသော ဝိဉာဉ်စွမ်းအား အမျိုးမျိုးကို စုပ်ယူကာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ဖလိန်မီ အလင်းကို မြှင့်ပေး”
“ဖလိန်မီသည် ခေါင်းညိတ်လိုက်ပြီး မီးတောက်အားကို ၃ ဆ တိုးလိုက်သည်။ ထိုအခါ မီးသည် ခန်းမတစ်ခုလုံးကို ပြည့်သွားသည်။ ထိုအရာ အရာအားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၁၄ [ဒဏ္ဍာရီလာ] အရိုးစုလွှမ်းမိုးသူ
တစ်ခုနှင့် တစ်ခု ထပ်နေသော အရိပ်များသည် ခန်းမထဲတွင် ရပ်နေကြပြီး မရေမတွက် နိုင်အောင် ရှိနေကြသည်။ မီးခိုးရောင်ကိုယ်လုံးသည် အထပ်ပေါင်းများစွာ ဖြစ်နေသလိုပင်။
ကောင်းဖန်သည် စေ့စေ့ကြည့်လိုက်သည်။ သူတို့မှာ သားရဲ အမျိုးအစား မရှိဘူးလား..
ကောင်းဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။ အမျိုးအစား ရယ်လို့ မရှိတာ ထူးဆန်းတယ်.. ကျောက်တုံးဆိုရင်လည်း ကျောက်အမျိုးအစား ဆိုပြီး ရှိရမှာပဲလေ..
ထို အရိပ်များ၏ အလယ်တွင် အမှောင်လုံးကြီး တစ်ခု ရှိနေသည်။ အစကတော့ ကောင်းဖန်သည် ထိုအရာကို သေချာမကြည့်မိသော်လည်း ၂ ခါ ၃ ခါ ကြည့်လိုက်မှ ကိုယ်လုံးတစ်ခု ဖြစ်နေမှန်း သိလိုက်သည်။
ထိုအရာသည် မြေကြီးတွင် ညပ်နေသော အမည်းရောင် ဘောလုံးတစ်လုံးနှင့် တူသည်။ သူသည် တစ်ချက်တုန်ခါလိုက်တိုင်း ဘေးမှ အရိပ်များသည် လိုက်အသက်ရှူနေသလိုပင်။
[ပစ္စည်းအမည်] - မသေခြင်း နှလုံးသား၏ ဝိဉာဉ်
[ပစ္စည်းဖော်ပြချက်] - ထူးခြားသော ရှားပါးပစ္စည်း ဖြစ်ပြီး သေခြင်းတရားကို စစ်မှန်သက်၀င် ယုံကြည်မှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဝိဉာဉ်အကြွင်းအကျန်များကို သန့်စင်သွားအောင် စစ်ထုတ်နိုင်စွမ်း ရှိသည်။
ကောင်းဖန်သည် အချို့သော ဝိဉာဉ်အကြွင်းအကျန်များ ဘေးဘက်မှ နေရာများဆီသို့ အဆွဲချခံနေရသည်ကို မြင်နေရပြီး ရည်ရွယ်ချက် မရှိသော ဝိဉာဉ်များကတော့ မသေခြင်း နှလုံးသား ဝိဉာဉ်ထဲသို့ အစုပ်ယူခံနေရသည်။
ဖန်ပြွန်တစ်ခုလိုပင် ထိုအရာသည် ဝိဉာဉ်၏ အညစ်အကြေးများကို စစ်ထုတ်လိုက်ပြီး သန့်စင်သော ဝိဉာဉ်သာ ကျန်ရှိတော့သည်။
ဒါဆိုရင် အညစ်အကြေးတွေကရော..
မှောင်မဲနေသော အရာများကို မသေခြင်း နှလုံးသား ဝိဉာဉ်ဆီမှ စွန့်ထုတ်လိုက်ပြီး မြေကြီးမှ တဆင့် စီးဆင်းသွားကာ နံရံများထဲ ၀င်သွားသည်။
ထိုအရာများသည် မည်းမှောင် ညစ်ပေနေပြီး ရွံစရာကောင်းသလို ကြောက်စရာလည်း ကောင်းလှသည်။
ဝိဉာဉ်စွမ်းအင် အများစုကတော့ မသေခြင်း နှလုံးသား ဝိဉာဉ်၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး အညစ်အကြေးများကို စွန့်ပစ်လိုက်သော်လည်း အချို့သော ဝိဉာဉ်စွမ်းအင်များကတော့ စုပ်ယူ၍ မရပဲ ကျန်ရှိကြလေသည်။ ထိုစွမ်းအင်များသည် အရေအတွက် နည်းပါးသော်လည်း နည်းသည့်အရာများ စုလာသည့်အခါ များပြားလာကြသည်။ ထိုအရာများသည် လေထဲတွင် အဖြူရောင် ကြယ်လေးများလို လွင့်ပျံနေကြခြင်း ဖြစ်သည်။ လပတ်လမ်းကြောင်းပေါ်မှ ဥက္ကာခဲလေးများနှင့်ပင် တူသေးသည်။
ဒါဆို အဆိပ်အတောက် ဖြစ်စေတဲ့အရာတွေက ဒီနေရာကနေ ထွက်ပေါ်နေကြတာပေါ့.. ဒါနဲ့ ဒီလိုရတနာက ဘာအစောင့်အကြပ်မှ မရှိဘူးလား.. ကောင်းဖန်သည် အလွန်အံ့ဩနေသည်။ သူသည် ဘုရင် အဆင့်သားရဲ တစ်ကောင် ဒါမှမဟုတ် နတ်ဘုရားအဆင့် သားရဲများလောက်တော့ တွေ့မည်ဟု ထင်ထားခဲ့သည်။ ထို့ကြောင့်လည်း သေချာကြိုးစားပြီး တစ်လမ်းလုံး အခက်အခဲများကို ရင်ဆိုင်လာခဲ့ရသည်။
ကောင်းဖန်သည် ပျင်းပင် ပျင်းသွားသည်။
သို့သော် သူသည် ဒီကို လာသည့်လမ်းတွင်တော့ နတ်ဘုရားအဆင့် သားရဲ ၂ ကောင်နှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် မသေခြင်း နှလုံးသားကို နတ်ဘုရားအဆင့် သားရဲ ၂ ကောင်၊ ကွန်မန်ဒါအဆင့်သားရဲ အကောင် ၂၀ က စောင့်ကြပ်ထားသည်ဟုတော့ ဆို၍ရသည်။ ထိုစွမ်းအင်များသည် အားတော့ မပျော့ပါချေ။ သာမာန် နတ်ဘုရားအဆင့်သားရဲ တစ်ကောင်လောက်နှင့် ဒီနေရာကို ရောက်လာနိုင်မည် မဟုတ်ပေ။
“ဒန်ဘီ.. မသေခြင်းနှလုံးသားကို ယူလာခဲ့”
ကောင်းဖန်သည် ဝိဉာဉ်စွမ်းအင်နှင့် သက်ဆိုင်သည့် ရတနာမျိုးကို ကြာကြာ မကြည့်ချင်သဖြင့် ဒန်ဘီကို သွားယူခိုင်းလိုက်သည်။
ဒန်ဘီသည် လျှောက်သွားလိုက်ပြီး ညာလက်ကို ဆန့်လိုက်သည်။ ထို့နောက် ညင်သာစွာပင် ရတနာကို တန်းယူလိုက်သည်။
ကြီးမားသော အမည်းရောင် ဘောလုံးကြီးသည် ဒန်ဘီ၏ လက်ထဲတွင်လှုပ်ရှားနေသည်။ ဒန်ဘီသည် ဂြိုလ်ကြီး တစ်ခုကို ကိုင်ထားရသလို ခံစားနေရသည်။
ဂိုဒီသည် ဒန်ဘီ၏ ခပ်မိုက်မိုက် ပုံစံကို ကြည့်ပြီး သဘောကျနေသည်။
ရတနာကို ယူပြီးနောက် ကောင်းဖန်သည် အချိန်မဆွဲတော့ပဲ ဒန်ဘီ၏ အဆင့်မြှင့်ခြင်းအတွက် ဘုရားကျောင်းကို မှီတည်ပြီး ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ကောင်းဖန်သည် ဒန်ဘီကို အဆင့်မြှင့်ရန် လိုအပ်သော အရာများကို သွားလေရာ ယူလေ့ရှိသည်။ ထို့ကြောင့် မသေခြင်း နှလုံးသားကို ရသောအခါ ကောင်းဖန်သည် ချက်ချင်း အဆင့်မြှင့်ဖို့ လုပ်နိုင်ခြင်း ဖြစ်သည်။
သို့သော် စိတ်ချရရန်အတွက် ကောင်းဖန်သည် ဘုရားကျောင်း တစ်ခုလုံးကို မသင်္ကာစရာ ရှိမရှိ အကြိမ်ကြိမ် စစ်ဆေးလိုက်ပြီး စိတ်ချရပြီဆိုမှ ဆေးဖော်စပ်ရန် ပြင်ဆင်လိုက်သည်။
အရင်ဆုံး မြေစနစ်ကို အစင်းလေး အားဖြည့်နိုင်ရန်အတွက် ကြမ်းပြင်ကို အပေါက် တစ်ခု ဖောက်လိုက်သည်။ ထို့နောက် ယင်စွမ်းအင် ၊ အမှောင်ဓာတ်နှင့် မသေခြင်း စနစ်၏ အရိုး ၃၇ တို့ကို အချိုးကျ ပေါင်းစပ်လိုက်သည်။ ထိုအရာ ၃၇ ခုသည် တောင်ပိုင်းကောင်းကင်မှာကတည်းက ရောစပ်ထားပြီး ဖြစ်ရာ ဖော်စပ်ထားသော ဆေးထဲသို့ ထိုအရိုးများကို ထည့်လိုက်ရုံသာ ရှိတော့သည်။
အရိုးများကို ထည့်ပြီးသောအခါ တပွက်ပွက် အသံများ ထွက်ပေါ်လာပြီး များပြားလှသော အဖြူရောင်အမှုန့်များသည် အရိုးမျက်နှာပြင်တွင် ထွက်ပေါ်လာကာ ရေထဲတွင် ပျော်၀င်သွားသည်။ ထိုအခါ အမြှုပ်များ ထွက်ပေါ်လာသည်။
၁၅ မိနစ်ခန့် ကြာသောအခါ ကောင်းဖန်သည် အမှောင်မီးတောက်ကို ထိုထဲသို့ ပစ်ထည့်လိုက်သည်။ ထိုအခါ မီးတောက်အရက်လိုပင် မီးတစ်ခု ထတောက်သွားကာ လေထဲတွင် သိပ်သည်းသည့် အနံ့များဖြင့် ပြည့်လာသည်။
ထို့နောက် အရည်များပေါ်တွင် ခရမ်းရောင် မီးတောက် တစ်ခု ထွက်ပေါ်လာသည်။
ဒန်ဘီ၏ဘယ်ဘက်လက်ထဲတွင် မသေခြင်း နှလုံးသားကို ကိုင်ထားပြီး ညာဘက်လက်တွင်တော့ အထူးစီမံထားသော နှစ်တစ်ထောင် အမှောင်နှလုံးသားကို ကိုင်ထားသည်။
သူသည် ထိုအရာများကို ကိုင်ထားရင်း ကြိုထားသော အရည်ထဲသို့ တစ်လှမ်းချင်း တိုးဝင်သွားသည်။ ထို့နောက် မီးတောက်ကြီးက ဝါးမြိုသွားသည်။
“ဒန်ဘီ နာနေလား” အစင်းလေးက စိုးရိမ်စွာ မေးလိုက်သည်။
“မနာပါဘူး.. ဒန်ဘီက အဆင့်မြှင့်ပြီးရင် အရမ်းစွမ်းအားကြီးသွားတော့မှာ” ကောင်းဖန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
အဝေးတစ်နေရာတွင် အဖွဲ့တစ်ဖွဲ့သည် ဘုရားကျောင်းဆီသို့ ဦးတည်လာနေသည်။
“ဘုရားကျောင်းဝင်ပေါက်က အပင်တန်းကြီး ၂ ခုက အသွင်ပြောင်းသွားပြီး ရှားပါးအပင် သားရဲတွေ ဖြစ်နေတယ်.. အပင်သားရဲတွေက ကိုင်တွယ်ရတာ ခက်ခဲတယ်.. ဒါပေမယ့် ဒီတစ်ခါတော့ လက်သည်း ၆ ချောင်းသိမ်းငှက်ကို ပိုင်ဆိုင်ထားတဲ့ သခင် ဟာဆန်ကို ခေါ်ထားပြီဆိုတော့ အဲဒီအပင်တွေလောက်က အေးဆေး ဖြစ်သွားပါပြီ”
“အရမ်းမမြှောက်ပါနဲ့..” သခင်ဟာဆန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းတို့ပြောသလိုဆိုရင် အပြင်ဘက်မှာ ကာကွယ်နေတာ ကွန်မန်ဒါအဆင့်သားရဲတွေဖြစ်ပြီး အထဲက သားရဲတွေကတော့ တကယ်စွမ်းအားကြီးမှာပဲ.. အဲဒါကြောင့် သေချာနိုးနိုးကြားကြားရှိပြီး နေမှ ဖြစ်မယ်.. ကိုယ်ပိုင်သားရဲက တိုက်ခိုက်ဖို့ လိုလာပြီဆိုရင်တော့ တိုက်ခိုက်ခိုင်းမယ်.. ဒါပေမယ့် ယှဉ်လို့ မရလောက်ဘူးဆိုရင်တော့ ချက်ချင်း ထွက်သွားမှာပါ” သခင်ဟာဆန်သည် သူနှင့် ပြောနေသူများမှာ အဆင့်မြင့်အစိုးရ အရာရှိများ၏ သားသမီးများ ဖြစ်သော်လည်း ကြောက်ရွံ့နေခြင်း မရှိပါချေ။
ဒီတစ်ကြိမ်တွင်လည်း သူလိုက်ခဲ့ခြင်းမှာ သူ့ဂျူနီယာများက အကူအညီ တောင်း၍ပါသလို ထိုဘုရားကျောင်းကို ရှင်းပေးခြင်းကြောင့် ရရှိနိုင်မည့် ငွေကြေးပမာဏကြောင့်လည်း ပါသည်။
“တော်တော်တော့ နီးနေပြီ.. အားလုံး ဒီမှာနေခဲ့ကြပါ.. အစိုးရပိုင်းက စုံစမ်းထားတဲ့ အချက်အလက်တွေသာပေး.. မင်းတို့က ဘွဲ့ယူ စာတမ်းအတွက် ပြီးစီးဖို့ ပြင်ဆင်နေကြတာ မလား.. ကျုပ် ကင်မရာယူသွားပြီး ဓာတ်ပုံလည်း ရိုက်ခဲ့ပေးမယ်”
“နားလည်ပါပြီ.. ကျေးဇူးတင်ပါတယ် သခင်ဟာဆန်” လူငယ်များသည် ချက်ချင်း ကျေးဇူးတင်စကားဆိုလိုက်ကြသည်။ သူတို့သည် သူ့တို့အကြောင်းကို ကောင်းကောင်း သိသည်မို့ အတင်းလိုက်မည် ဟုလည်း ဘယ်သူမှ မပြောကြပါချေ။
နတ်ဘုရားအဆင့်သားရဲ အများစုသည် တောင်နက်ထဲတွင် နေလေ့ရှိကြသည်။ သို့သော် ထိုနေရာသည် ကြီးမားသောကြောင့် ခြေရာခံဖို့တော့ ခက်ခဲလေသည်။
သို့သော် သမိုင်းကြောင်း ရှိသည့် သန့်စင်သောအလင်း ဘုရားကျောင်းကဲ့သို့ နတ်ဘုရားအဆင့်သားရဲများကို ရှာရလွယ်ကူသည့် နေရာများလည်း ရှိလေသည်။
ထိုဘုရားကျောင်းသည် စိန့်ဂျီလန် ဘုရားကျောင်းနှင့် ကီလိုမီတာ ၂၀၀ လောက်သာ ကွာသောကြောင့် မနီး မဝေးတွင် ရှိနေသည်ဟု ဆိုနိုင်သည်။
စိန့်ဂျီလန်ကို ဆက်လက်တိုးမြှင့် လုပ်ဆောင်ဖို့အတွက် ထိုကဲ့သို့ အန္တရာယ်ရှိသည့် ဘုရားကျောင်းကို ဖယ်ရှားဖို့ လိုအပ်နေသည်။ ထိုဘုရားကျောင်းကို ရှင်းပေးပါက သူသည် ငွေအမြောက်အမြား ရမည့်အပြင် သားရဲများကို သတ်နိုင်ပါက ပို၍ပင် ရမည် ဖြစ်သည်။ တကယ်တော့ အရင်ကလည်း ထိုဘုရားကျောင်းကို အခြားသော သားရဲလေ့ကျင့်သူများ အမြောက်အများ လာခဲ့ဖူးသည်။
သူသည် မိုးဆွေငှက်ကြီး၏ ကျောပေါ်တက်လိုက်ပြီးနောက် သူ့နောက်မှ သူ၏ နတ်ဘုရားအဆင့်သားရဲက လိုက်ပါလာသည်။
သိမ်းငှက်ကြီး၏ တောင်ပံကြီးကို ဖြန့်လိုက်လျှင် ၁၀ မီတာခန့် ရှိကာ သူ၏ အနီရောင် အမွှေးအတောင်များသည် မီးတောက်များလို ဖြစ်နေသည်။ ချွတ်ထက်သော လက်သည်းများသည် ၀မ်းဗိုက်အောက်တွင် ရှိနေကြကာ နှုတ်သီးသည် အမည်းရောင် သံမဏိချွန်ကြီးလို ဖြစ်နေသည်။
ထိုအချိန်တွင် အမည်းရောင် မီးခိုးများသည် ကောင်းကင်သို့ ပျံတက်လာပြီး တိမ်ထုထဲကို ထိုးဖောက်လာသည်။ ဟာဆန်သည် သွေးစာချုပ်မှ တဆင့် သိမ်းငှက်ကြီး၏ ကြောက်ရွံ့သွားမှုကို ခံစားလိုက်ရသည်။
သိမ်းငှက်ကြီးသည် ရှေ့ကို ဆက်ပျံဖို့ တွန့်ဆုတ်နေသည်။ သူသည် အရှေ့မှ တစ်စုံတစ်ရာကို ကြောက်လန့်နေပုံပင်။
ဟာဆန်သည် စိတ်မသက်မသာ ဖြစ်နေသည်။ ထိုမီးခိုးများသည် ဘုရားကျောင်း ရှိရာမှ လာနေသည်ဟု ထင်ရသည်။
သူသည် သိချင်စိတ်ဖြင့် သွားကြည့်ချင်နေသော်လည်း အသိစိတ်ကတော့ အန္တရာယ်ကို ဝေးဝေးရှောင်ဖို့ ပြောနေသည်။
သူသည် အံတစ်ချက်ကြိတ်လိုက်ကာ မျက်လုံးများကို ပိတ်လိုက်သည်။ “ကဲ.. ပြန်ကြရအောင်”
သူသည် အလှောင်ခံရနိုင်သော်လည်း စိတ်ချရရန်အတွက် သင့်တော်မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်ခြင်း ဖြစ်သည်။
ကျင်းထဲမှ မီးတောက်များသည် လုံး၀ငြိမ်းသွားပြီ ဖြစ်ပြီး သဏ္ဍာန်တစ်ခုသည် တွင်းပေါက်ထဲတွင် ငြိမ်သက်စွာ ရပ်နေသည်။ မှောင်မဲပြီး ကြောက်မက်ဖွယ် မြူခိုးများသည် ထိုသဏ္ဍာန်၏ ကိုယ်မှ အဆက်မပြတ်ထွက်လာနေပြီး ကြီးမားသော အမည်းရောင် မြူခိုးထုကြီး ထွက်ပေါ်လာကာ ကောင်းကင်သို့ ပျံတက်နေခြင်း ဖြစ်သည်။
ထိုမြင်ကွင်းသည် အလွန်ပင် ထူးခြားသည်။
ကောင်းဖန်သည် ထိုအချင်းအရာကြောင့် အခြားသော သားရဲများက အနံ့ခံမိပြီး ရောက်လာကြမည်ကို ရတက်မအေး ဖြစ်နေသည်။
သို့သော် ကောင်းဖန် မသိသည်က ထိုအငွေ့အသက် စတင် ထွက်ပေါ်လာကတည်းက အနီးအနားမှ သားရဲများ ချက်ချင်း ထွက်ပြေးသွားကြပြီ ဆိုတာကို ဖြစ်သည်။
ကောင်းဖန် မျက်လုံးထဲတွင် အချက်အလက်များ ပေါ်လာသည်။
[သားရဲအမည်] - အရိုးစုလွှမ်းမိုးသူ
[သားရဲအဆင့်] - အဆင့် ၄၇ (နတ်ဘုရား)
[သားရဲစွမ်းရည်] - ဒဏ္ဍာရီအဆင့်
[သားရဲအမျိုးအစား] - မသေခြင်း/ ယင်စွမ်းအင်
[သားရဲစွမ်းအင်] - သေခြင်း၏ ယင်အရိုးစု အဆင့် ၅၊ မသေခြင်း ထိန်းချုပ်မှု အဆင့် ၄၊ အမှောင်မီးတောက် စွမ်းအင် အဆင့် ၃၊ ခိုင်မာသော ဝိဉာဉ်အဆင့် ၃
[ထူးခြားသော လက္ခဏာများ] - ယင်ဝိဉာဉ် နှလုံးသား
သက်ရောက်မှု ၁ - မသေခြင်း၏ စွမ်းအင်များကို စုပ်ယူပြီး ယင်ဝိဉာဉ်နှလုံးသားကို ဖန်တီးသောအခါ အရိုးစုလွှမ်းမိုးသူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်သည် အထူးမြင့်တက်လာပြီး ဝိဉာဉ်အမျိုးအစား တိုက်ခိုက်မှုကသာ ယင်ဝိဉာဉ်နှလုံးသားကို ဖျက်ဆီးနိုင်သည်။
သက်ရောက်မှု ၂ - ယင်ဝိဉာဉ်နှလုံးသားကို နိုးကြားအောင် လုပ်ပြီးလျှင် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည် မြင့်မားပြီး ဝိဉာဉ်ဆိုင်ရာ တိုက်ခိုက်မှုများ ပိုင်ဆိုင်လာမည်။
မသေခြင်း မီးတောက် သက်ရောက်မှု ၁ - မသေခြင်း မီးတောက်ကို ပြီးပြည့်စုံသည့် အရိုးစုတစ်ခုထဲသို့ ထည့်လိုက်ပါက ထိုအရိုးစုကို အသက်သွင်းနိုင်ပြီး အရိုးအမျိုးအစား သို့မဟုတ် ဝိဉာဉ်အမျိုးအစား မသေခြင်းသားရဲ အဖြစ်သို့ ပြောင်းလဲ နိုင်သည်။ သူ၏ စွမ်းအင်သည် မသေခင်က ရှိခဲ့သော စွမ်အင် အတိုင်း ပြန်ဖြစ်နိုင်သော်လည်း အရိုးစုလွှမ်းမိုးသူထက်တော့ ကျော်နိုင်မည် မဟုတ်ပေ။
သက်ရောက်မှု ၂ - မသေခြင်း မီးတောက်မှ ပြန်လည်ရှင်သန်လာသူသည် ဆက်လက် ဖွံ့ဖြိုးနိုင်သော်လည်း အရိုးစု လွှမ်းမိုးသူကို ကျော်နိုင်မည် မဟုတ်ပေ။ အရိုးစုလွှမ်းမိုးသူသည် မသေခြင်း ဝိဉာဉ်များကိုလည်း ဖွံ့ဖြိုးမှုအတွက် စုပ်ယူနိုင်သည်။
သက်ရောက်မှု ၃ - မသေခြင်း စွမ်းရည်ကို ထိန်းချုပ်ခြင်း + ၁
ပြင်းထန်သော ယင်ဝိဉာဉ် (အသက်သွင်း ထားသော ဝိဉာဉ်သည် အရိုးစုလွှမ်းမိုးသူမှ သတ်လိုက်သော သားရဲ၏ ဝိဉာဉ်ကို စုပ်ယူပြီး ထာ၀ရ ဆက်လက် စွမ်းအားကြီးနိုင်သည်)
[သားရဲအားနည်းချက်] - ဝိဉာဉ်နတ်ကျောက်သည် အရိုးစုလွှမ်းမိုးသူ၏ စွမ်းအင်ကို လျော့ကျစေနိုင်သည်။
[ထာ၀ရအဆင့်သို့ ရောက်နိုင်သည့် လမ်းကြောင်း] - ဝိဉာဉ်စွမ်းအင် မလုံလောက်သေးသောကြောင့် ကြည့်၍ မရပါ။
ကောင်းဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။ ယခုအကြိမ်သည် သူ၏ စွမ်းအင်နှင့် ဝိဉာဉ်စွမ်းအားကို အဆင့်မြှင့်ဖို့ သိရသည့် ပထမဆုံးအကြိမ် ဖြစ်နေသည့်အတွက် ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၁၅ ဒဏ္ဍာရီအဆင့်၏ စွမ်းအင်
ဒန်ဘီ၏ သန်မာမှု စွမ်းအင် မြင့်တက်မှုသည် အဆင့် ၅ အထိ တကယ်ရောက်မရောက်တော့ မသေချာပေ။
အနည်းဆုံးတော့ ကောင်းဖန်တွင် ယခုထိ ဘုရင်အဆင့်အောက်တွင် ရှိသော သားရဲများထဲမှ အဆင့် ၅ သန်မာမှုကို ရောက်သော သားရဲမရှိသေးချေ။ ဒန်ဘီက ပထမဆုံး ဖြစ်သည်။
ထို့နောက် ဒန်ဘီ၏ စွမ်းရည်သည် ဘုရင်အဆင့်ထက်တော့ မနိမ့်ပါးဘူးဟု ဆိုနိုင်လေသည်။
အကယ်၍ ဒန်ဘီ၏ မသေခြင်း မီးတောက် စွမ်းရည်ကိုသာ ပေါင်းစပ်လိုက်လျှင် ဒန်ဘီတွင် အဆင့် ၅ စွမ်းအင် ၂ ခု ရှိသွားမည် ဖြစ်သည်။ သူ၏ ဝိဉာဉ်အစွမ်းများနှင့်လည်း ထပ်မံပေါင်းစပ်လိုက်မည်ဆိုပါက ဒန်ဘီတွင် စွမ်းအားများ အကန့်အသတ်မဲ့ ရှိနေတော့မည် ဖြစ်သည်။
ဒန်ဘီ၏ ဝိဉာဉ်အစွမ်းများတွင် အခြားသော အသက်သွင်းစွမ်းရည်များလည်း တိုးလာပြီ ဖြစ်ရာ ထိုစွမ်းရည်များကိုတော့ စမ်းသပ်ရဦးမည် ဖြစ်သည်။
တစ်ဖက်တွင်တော့ မီးခိုးမည်းများကြောင့် ပြန်လှည့်လာသော ဟာဆန်သည် သိမ်းငှက်ကြီးပေါ်မှ တုန်တုန်ယင်ယင် ဆင်းလာသည်။
“သခင်ဟာဆန်.. ဒီမီးခိုးမည်းတွေက ဘာတွေလဲဟင်” အဖြူရောင် ပိုးသား၀တ်စုံ၀တ်ထားသည့် မိန်းကလေးက တောက်ပသော မျက်လုံးများဖြင့် မေးလိုက်သည်။
သခင်ဟာဆန်သည် အီလည်လည်ကြီး ဖြစ်နေသည်။ ဘာပြောရမလဲ.. မီးခိုးမည်းတွေကို တွေ့တာနဲ့တင် လမ်းတစ်၀က်ကနေ လှည့်ပြန်လာတယ်လို့ ပြောရမလား..
ခဏတိတ်ဆိတ်သွားပြီးနောက် သခင်ဟာဆန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “အရမ်းကြောက်စရာကောင်းတဲ့ အရာပေါ့”
“ဟင် ဘာကြီးလဲဟင်” လူငယ်တစ်ယောက်သည် အလွန်ထိတ်လန့်သွားပြီး မျက်နှာပင် ဖြူဖျော့သွားသည်။ သူသည် အလွန်ငယ်ရွယ်သေးပြီး ထိုကဲ့သို့ ထိတ်လန့်မှုမျိုးကို ရင်မဆိုင်ရဲသေးချေ။
“ကြောက်စရာ မကောင်းဆိုးဝါး မွေးဖွာလာလို့လား”
“ဘုရင်အဆင့်သားရဲကို တွေ့ခဲ့လို့လား”
“သခင်ဟာဆန် ဘာဖြစ်လို့လဲ” လူငယ်များသည် သခင်ဟာဆန်ကို စာကလေးများလို ဝိုင်းပြီး မေးမြန်း စပ်စုနေကြသည်။
စိတ်လှုပ်ရှားနေကြသော လူငယ် အုပ်စုကို ကြည့်ပြီး သခင်ဟာဆန်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် အရင် လုပ်လိုက်သည်။ ထို့နောက် လည်ချောင်းကို တစ်ချက်ရှင်းပြီး စတိုင်မိမိနေလိုက်သည်။
“အရမ်းလည်း စိတ်မလှုပ်ရှားကြပါနဲ့. အဲဒါက အန္တရာယ်များတယ် ဆိုပေမယ့် လောလောဆယ်တော့ အရမ်းမစိုးရိမ်ရသေး…”
“သူ့စကားမဆုံးခင်မှာပင် သူတို့အောက်မြေပြင်သည် ရုတ်တရတ် ကြွတက်လာသည်။
ရုတ်တရတ် အဖြူရောင် အရိုးခေါင်းတစ်လုံးသည် မြေကြီးထဲမှ ခံစားချက်မဲ့စွာ ထွက်လာသည်။ ချွန်ထက်သော သွားများသည် လွှသွားပုံ ဖြစ်နေပြီး ဘက်ဘက်မျက်လုံးအိမ်တွင် အမာရွတ်ကြီး ရှိနေသည်။ အဖြူရောင် ဝိဉာဉ်မီးတောက်ကတော့ ဦးခေါင်းခွံထဲတွင် တောက်လောင်နေသည်။
ချွန်ထက်သော အရိုးများသည် ကျောရိုးထက်တွင် ရှိနေကြသည်။
သခင်ဟာဆန်၏ မျက်လုံးထဲတွင် သူ့မြေကြီးအောက်မှ ဖြူကောင် အရိုးစုကြီးကို မြင်ယောင် ကြည့်နေမိသည်။
သခင်ဟာဆန်သည် ဘာကိုမှ အလျင်စလို မလုပ်ရဲချေ။ သူ့မျက်စိရှေ့တွင်ပင် အသေကောင်များ သက်၀င်လှုပ်ရှား ထွက်ပေါ်နေကြသည် မဟုတ်ပါလား။
ထိုအဖြူရောင် အရိုးများသည် သူတို့ကို စတင် မတိုက်ခိုက်သောကြောင့် သူကလည ဘာမှ စမလုပ်သေးပေ။
လူငယ်အချို့သည် ဟာဆန်ကို ကြည့်ပြီး မေးလိုက်ကြသည်။ “သခင် ခုနက ဘာပြောလိုက်တာလဲ”
ကယ်ရင်ချန်သည် အနည်းငယ် စိတ်ပျက် လက်ပျက် ဖြစ်သွားသည်။ အဝါရောင်ကန္တာရ ဒေသက သူတွေက အားကိုးလို့ မရဘူးပဲ..
ဒီနေရာမှာဘာတွေ ဖြစ်ခဲ့လဲ မသိဘူး.. အခုပေါ်လာတဲ့ သားရဲတွေက တဖြည်းဖြည်း များလာတယ်.. အခု အကောင်းဆုံး အစီအစဉ်ကတော့ ထွက်ပြေးဖို့ပဲ..
ကယ်ရင်ချန်သည် သူမပတ်၀န်းကျင်ကို စေ့ငုလိုက်ပြီး သူမ၏ ကိုယ်ပိုင်သားရဲများကို သူမနားသို့ တိတ်တဆိတ်စုလိုက်ကာ ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးကို ရှာနေသည်။
“ကြည့်လေ ကျုပ်တို့ကို မတိုက်ခိုက်ဘူး တွေ့လား” သခင်ဟာဆန်သည် အခုထိ အရှုံးကို ၀န်မခံပဲ ခေါင်းမာနေတုန်း ဖြစ်သည်။ “အဲဒီကောင်တွေက ကျုပ်တို့နဲ့ နီးနေပေမယ့် မတိုက်ခိုက်ဘူး.. ဘာလို့လဲဆိုတော့ သူတို့ကို တစ်ခုခုက ထိန်းချုပ်ထားပြီး သူတို့စွမ်းရည်ကို သေချာထုတ်သုံးလို့ မရလို့ပဲ”
တောထဲတွင် သတ်ဖြတ်မှုများက အမြဲရှိနေတတ်ကြသည်။ လူသားများနှင့် ကိုယ်ပိုင်သားရဲများက အခြားသားရဲများကို တိုက်ခိုက်၍ ဖြစ်စေ၊ သားရဲအုပ်စု အချင်းချင်း တိုက်ခိုက်ကြ၍ ဖြစ်စေ ရှိတတ်ကြသည်။ မုဆိုးနှင့် သားကောင်၊ အသက်ရှင်ဖို့ ရုန်းကန်ရမှု၊ အငြိုးအတေးများ ထိုအရာများ အားလုံးသည် သတ်ဖြတ်မှုတို့၏ အကြောင်းရင်းများ ဖြစ်ကြသည်။
ထို့ကြောင့်လည်း ထိုတောနက်ထဲတွင် သေဆုံးထားသည့် သားရဲများသည် အရေအတွက် မနည်းနေခြင်း ဖြစ်သည်။
ထိုဖုတ်ကောင်များသည် ဒန်ဘီ၏ သီးသန့်ရွေးချယ်ထားသော စာရင်း ဖြစ်သည်။ သူသည် အလွန်ကောင်းအဆင့်၏ အထက် ဖုတ်ကောင်များကိုသာ ပြန်အသက်သွင်းထားရသေးခြင်း ဖြစ်ရာ အကုန်မဟုတ်သေးပေ။
အသက်၀င်လာသော ဖုတ်ကောင်များသည် မြေကြီးထဲမှ တိုးထွက်လာကြပြီး သူတို့ကိုယ်များကို ခါလိုက်ကြသည်။ သူတို့သည် အရိုးများထဲတွင် ညပ်နေကြသော မြေကြီးများကို ခါထုတ်နေကြပြီးနောက် သူတို့၏ ဘုရင်ရှိရာဆီသို့ ဦးတည်ကာ သွားနေကြသည်။
“သူတို့သွားနေတဲ့နေရာက မီးခိုးတွေ ထွက်နေတဲ့ဆီပဲ” ကယ်ရင်ချန်က စဉ်းစားလိုက်ပြီး အတွေးများသွားသည်။ သူမသည် ထူးချွန်သော ကျောင်းသူတစ်ယောက် ဖြစ်သည်။ သူမသည် ဘွဲ့ကို တိတ်ဆိတ်ယူပြီး ဟွာရှားပြည်နယ်သို့ ပြန်ကာ ၀မ်းကွဲတစ်ယောက်ဆီသို့ အားကိုးတကြီး သွားချင်နေသူ ဖြစ်သည်။
ဒန်ဘီ၏ ထိန်းချုပ်မှုအောက်တွင် ဖုတ်ကောင်များသည် တုန်ယင်နေသော ကွန်မန်ဒါအဆင့်သားရဲ ၂ ကောင်ကို အရှင်ဖမ်းလာပြီး သူ့ရှေ့သို့ ချပေးလိုက်သည်။
ဒန်ဘီသည် အရှေ့ကို တိုးလာသည်။ သူ၏ အသွင်အပြင်သည် အဆင့်မမြှင့်မီကနှင့် အတော်လေး ပြောင်းလဲသွားပြီ ဖြစ်သည်။
သူ၏ အရပ်ကတော့ ယခင် ၅ မီတာ ရှိခဲ့ရာမှ ၄ မီတာသာ ရှိတော့သည်။
နဂိုက ရှိသော အမည်းရောင် အရိုးများသည် ရွှေရင့်ရောင် ဖြစ်သွားပြီး ရင်ဘတ်ရိုးများကတော့ ပိုထူလာသည်။ အရိုးများပေါ်တွင် ကနုတ်လို အရာများ ပေါ်လာပြီး ရွှေရင့်ရောင် သံချပ်ကာကြီးကို ၀တ်ထားသလို ဖြစ်နေသည်။
သူ၏ ပုခုံး ၂ ဖက်မှ ထွက်နေသော ရွှေရင့်ရောင် ချိုကြီး ၂ ခုသည် အနောက်ကို ပြန်ကွေးသွားကာ ဒန်ဘီ၏ ခေါင်းပေါ်တွင် သရဖူတစ်ခုလို ဖြစ်နေသည်။
သူ၏ မျက်လုံးအိမ်ထဲတွင်တော့ လှပသော မသေခြင်း မီးတောက် တောက်လောင်နေပြီး မီးခိုးရောင် အငွေ့များသည် ဒန်ဘီ၏ ကိုယ်နားတစ်ဝိုက်တွင် ၀န်းရံထားကြသည်။
သူ၏ ရွှေရင့်ရောင် အရိုးလက်ချောင်းများသည် နည်းနည်းလေး ထိလိုက်တာနှင့်ပင် ထောပတ်ကို မီးပူပေးထားသော ဓားနှင့် လှီးလိုက်သလို တိခနဲ ပြတ်သွားနိုင်သည်။
ဒန်ဘီသည် အသက်ကို ပြင်းပြင်းရှူလိုက်သောအခါ သူ၏ အောက်မေးရိုးကြီး ပွင့်လာပြီး သေဆုံးနေသော သားရဲ၏ ကိုယ်ထဲမှ ဝိဉာဉ်ကို မီးခိုးမည်းများ အဖြစ် စုပ်ယူလိုက်သည်။
မသေခြင်း မီးတောက်သည် တစ်ချက် တောက်သွားပြီးနောက် ပြန်ငြိမ်သွားသည်။
“သခင်.. ကျွန်တော် ငါးပုံတစ်ပုံလောက်တော့ စုပ်ယူပြီးပြီ ထင်တယ်” ဒန်ဘီသည် သူ့ဘာသာသူ ကြိုးစားသင်ယူနေရာ အပေါင်း အနုတ် အမြှောက် အစားများကို အတော်လေး သိနေပြီ ဖြစ်သောကြောင့် ကောင်းဖန်ကို အကြမ်းဖျင်း တွက်ပြလိုက်သည်။
ထို့နောက် ဒန်ဘီ၏ နောက်မှနေ၍ ကွန်မန်ဒါအဆင့် ဖုတ်ကောင်သားရဲ ထွက်လာသည်။ ထိုသားရဲသည် အိုမင်းပိန်လှီနေသော ဝံပုလွေတစ်ကောင် ဖြစ်သည်။ သူသည် မီးခိုးဖြူရောင် ရှိပြီး မျက်လုံးများသည်ပင် အဖြူရောင် ဖြစ်သည်။ သူ၏ နံရိုးများသည် အမွှေးများကြားထဲမှပင် တိုးထွက်နေကာ လက်သည်းတစ်ချောင်းကလည်း ၂ ခြမ်းကွဲနေသည်။
ထိုဝံပုလွေ ဖုတ်ကောင်သည် မြေပြင်မှ မီတာ၀က်လောက် ပျံတက်နေပြီး ဒန်ဘီ အသက်သွင်းထားသော ဖုတ်ကောင်များထဲတွင် စွမ်းအားအကြီးဆုံး ဖြစ်သည်။
သို့သော် ဘုရားကျောင်းထဲတွင် အသတ်ခံထားရသော ရုပ်တုကိုတော့ အသက်ပြန်သွင်း၍ မရပါချေ။
သက်၀င်ရုပ်တုလို သားရဲအမျိုးအစားကိုတော့ ဖုတ်ကောင် လုပ်၍ မရပုံပေါ်သည်။
ဖုတ်ကောင် ဝံပုလွေသည် သူ့ရှေ့မှ ကွန်မန်ဒါအဆင့်သားရဲများကို တစ်ချက်တည်းနှင့် ရှင်းပစ်လိုက်သည်။ ထို့နောက် ပါးစပ်ကြီးကို ဟလိုက်ပြီး မီးခိုးရောင် ရေခဲစွမ်းအင်များကို စုပ်ယူလိုက်သောအခါ သားရဲတစ်ကောင်သည် ခေါင်းတစ်ခုလုံး အေးခဲသွားသည်။
၁၀ မိနစ်ခန့်ကြာသောအခါ သူသည် တစ်ကိုယ်လုံး အေးခဲပြီး အသက်မဲ့သွားသည်။
ဝိဉာဉ်အကြွင်းအကျန်လေးသည် လေထဲတွင် လည်ပတ်နေပြီးနောက် ဖုတ်ကောင် ဝံပုလွေဆီသို့ ဖြည်းဖြည်းချင်း ပျံသွားသည်။
ဝံပုလွေသည် ဝိဉာဉ်အကြွင်းအကျန်လေးကို စုပ်ယူလိုက်ပြီးနောက် ဒန်ဘီထံသို့ မသေခြင်း မီးတောက်မှ တဆင့် ဆက်သွယ်ပြီး ပို့ပေးလိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ဒန်ဘီက မျက်လုံးများကို ပိတ်ကာ သေချာစဉ်းစားလိုက်သည်။ “၁၀ ပုံတစ်ပုံလောက်တော့ တက်သွားတယ် ထင်တယ်.. ကျွန်တော်စုပ်ယူတဲ့ ဝိဉာဉ်စွမ်းအင် ပမာဏအတိုင်း ဒီဖုတ်ကောင်ကလည်း စုပ်ယူလိုက်သည်။
ကောင်းဖန်သည် ဘ၀င်မကျ ဖြစ်သွားသည်။ ဒန်ဘီ၏ စွမ်းအင်သည် ဒန်ဘီ့ကိုပင် မဟုတ်ပဲ အသက်သွင်းထားသော ဖုတ်ကောင်ကိုပါ တူညီသည့် ဝိဉာဉ်စွမ်းအင် ပမာဏကို စုပ်ယူနိုင်စွမ်း ပေးနေသည်။ ၁၀ ပုံတစ်ပုံပင် ဖြစ်နေလင့်ကစား ကြာလာသည်နှင့် အမျှ တဖြည်းဖြည်း များလာနိုင်သည်။ သို့သော် ဒန်ဘီ၏ စွမ်းအင်သည် တိုက်ရည်ခိုက်ရည် တော်သော စစ်သားများကို ဖန်တီးရန်မဟုတ်ပဲ အရေအတွက် များများနှင့်သာ ရန်သူများကို ချေမှုန်းပစ်ရန် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အဆင့်မြှင့်ပြီးနောက် တိုးတက်လာသည့် စွမ်းအင်များကို ပိုင်ဆိုင်ထားသော ဒဏ္ဍာရီအဆင့် သားရဲကြီးသည် မှန်းဆ၍ပင် မရနိုင်သော စွမ်းအင်များကို ဖော်ထုတ်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၁၆ ဒန်ဘီ၏ ဦးတည်ချက်
“ဒါဆိုရင်…” ကောင်းဖန်က ရေရွတ်လိုက်သည်။ ဒန်ဘီ၏ စွမ်းအင်သည် ဖုတ်ကောင်များကို အသက်သွင်းပြီးနောက် ဖုတ်ကောင် တပ်မဟာကြီးပင် ဖြစ်လာနိုင်သည်။ သူ၏ အမိန့်အောက်တွင် ဖုတ်ကောင်တပ်ကြီးသည် ရန်သူများကို အလွယ်တကူ ချေမှုန်းနိုင်ပြီး ဝိဉာဉ်များကို စုဆောင်းကာ စွမ်းအားများ ပိုမိုကြီးမားလာနိုင်သည်။
ဒန်ဘီသာ ငါ့ရဲ့ ကိုယ်ပိုင်သားရဲ မဟုတ်ပဲ တောထဲက တခြားသားရဲတစ်ကောင်သာ ဖြစ်နေခဲ့ရင် ဖုတ်ကောင်တွေ ထိုင်ခေါ်နေတာနဲ့ပဲ တော်တော် ဖရိုဖရဲ ဖြစ်နေမှာပဲ..
ဒန်ဘီသည် ပို၍ အသိဉာဏ်မြင့်မားလာပြီး သူ၏ အဆုံးမရှိနိုင်သော စွမ်းအင်ဖြင့် တဖြည်းဖြည်း အဆင့်မြင့်သထက် မြင့်လာလျှင်..ကောင်းဖန်သည် စိတ်ကူးဖြင့်ပင် မတွေးရဲတော့ပါချေ။
တကယ်တော့ ငါနဲ့ အတူတူနေနေရင် ငါက သူ့ရဲ့စွမ်းအင်တွေကို ကန့်သတ် ထိန်းချုပ်ထားမိနေတော့ နှမြောစရာကောင်းတယ်.. ကောင်းဖန်သည် တစ်ချက်ငြိမ်သွားပြီး ထပြောလိုက်သည်။ “ဒန်ဘီ.. ငါတို့ ပြန်ရောက်ရင် မင်းရဲ့ လူယုံတွေကို ခေါ်ပြီး အမည်းရောင် မြူခိုးကမ္ဘာကို ပြန်သွားတော့”
ဒန်ဘီသည် ဆတ်ခနဲ မော့ကြည့်လိုက်သည်။ “သခင်.. ကျွန်တော့်ကို စွန့်ပစ်တော့မလို့လား”
“မဟုတ်ပါဘူး.. ငါကမင်းတို့ကို စွန့်ပစ်ရက်မလားကွ.. မင်းကို ငါ့နားမှာ ထားထားတာက ငါများတစ်ကိုယ်ကောင်းဆန်ရာ ကျနေလားလို့ပါ.. မင်းရဲ့ အလားအလာကောင်းတွေကို ငါ့နားမှာနေပြီး အဆုံးရှုံးမခံစေချင်ဘူး”
ဒန်ဘီက အဆုံးမရှိနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နိုင်တယ်.. ငါလည်း တောင်ပိုင်းကောင်းကင်သွားလိုက် အနက်ရောင် မြူခိုးကမ္ဘာကိုသွားလိုက် အဆင့်မြှင့်ဖို့ ပစ္စည်းတွေကို ရှာလိုက်လုပ်နေတာဆိုတော့ အတည်တကျက ရှိတာမဟုတ်ဘူး..
ဒန်ဘီကတော့ ငါ့နောက် အမြဲလိုက်နေနိုင်တယ် ဆိုပေမယ့် သူ့ရဲ့ ဖုတ်ကောင်တွေကရော..
ကောင်းဖန်သည် ထိုကဲ့သို့ မဆုံးဖြတ်ချင်သော်လည်း လက်တွေ့ကျကျ စဉ်းစားလိုက်လျှင်တော့ ဒန်ဘီကို လွှတ်ထားတာ အကောင်းဆုံး ဖြစ်မည်ဟု ထင်သည်။
တိတ်ဆိတ်ခြင်းသည် ရုတ်တရတ် ကြီးစိုးသွားသည်။
ဒန်ဘီသည် သူ၏ အရိုးလက်ချောင်းကြီး များဖြင့် တစ်ချက် အရိုအသေပြုလိုက်သောအခါ ရွှေရင့်ရောင် လက်ဖဝါးကြီးသည် နေရောင်အောက်တွင် တောက်ပသွားသည်။
“နားလည်ပါပြီ.. စိတ်မပူပါနဲ့ သခင်.. ကျွန်တော်တို့ အတူရှိရဖို့ ဘယ်သူကမှ လာတားလို့ မရတဲ့အထိ ကျွန်တော် ပိုပြီး သန်မာလာအောင် ကြိုးစားမှာပါ”
ဒန်ဘီသည် ဒူးတစ်ချောင်းကို ထောက်လိုက်ပြီး ညာလက်က နှလုံးသားနေရာကို ကိုင်လိုက်ကာ ဦးညွတ်လိုက်သည်။
ဒန်ဘီက ဦးညွတ်လိုက်သောအခါ တောင်ကုန်းများ၊ မြေပြန့်များ၊ တောတောင်များတွင် ရပ်နေသော ဖုတ်ကောင်များအားလုံးကလည်း အကုန်လုံးလိုက်ပြီး ဒူးထောက်ဦးညွတ်လိုက်ကြသည်။
ဖလိန်မီသည် အူကြောင်ကြောင်ဖြစ်သွားသည်။ ဒါတွေ အကုန်လုံး ဖြစ်ပြီးတော့ ချက်ချင်းကြီး ထွက်သွားတော့မယ်တဲ့လား..
ဖလိန်မီသည် စိတ်ပျက်သွားပြီး အတောင်ပံကို ချထားကာ ဒန်ဘီဆီ ခြေဆောင့်၍ လျှောက်သွားပြီး ခေါင်းကို မော့ကာ စိုက်ကြည့်လိုက်သည်။ “မင်းအဆင့်မြင့်သွားပြီး ဖြစ်သွားတဲ့ အရောင်ကို ငါကြိုက်တယ်.. အရင်က အမည်းရောင်ကြီးထက်တော့ ပိုကောင်းသွားပြီ”
ကောင်းဖန်သည် ရင်ထဲနင့်နေသည်။ အစင်းလေးတုန်းကလည်း သူ့ကိုယ်ကြီးက ကြီးလွန်းသဖြင့် သွားလေရာ ခေါ်သွားလို့ မရသောကြောင့် တစ်ကောင်တည်း ထားထားရသည်။ ဒန်ဘီကျတော့လည်း သူ့အတွက် ကောင်းကောင်းအဆင့်မြှင့်နိုင်ဖို့ လွှတ်ပေးထားရတော့မည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါ့နားမှာ ၂ နှစ်လုံးလုံး ရှိနေပေးခဲ့တဲ့ အဖော်မွန်တွေပါပဲ.. နောက်ပိုင်း သူတို့ပိုပြီး အဆင့်မြင့်လာခဲ့ရင် ငါနဲ့အတူ ဒီလိုလိုက်ပေးနိုင်မယ့် ကိုယ်ပိုင်သားရဲတွေရော ရှိပါဦးတော့မလား.. တခြား လေ့ကျင့်သူတွေရော ဒီကိစ္စကို ဘယ်လို ရင်ဆိုင်ကြပါလိမ့်..
ကောင်းဖန်သည် ထိုပြဿနာမှာ သူတစ်ယောက်တည်း ဖြစ်နေတာ မဟုတ်မှန်း သိလေသည်။ အဖြေရှာစရာ တစ်ခုခုတော့ ရှိမှာသေချာသည်။
အစင်းလေးတွင် ရုပ်ပိုင်းဆိုင်ရာ၌ အသန်မာဆုံး စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း ဝိဉာဉ်စွမ်းအားတွင်တော့ အစင်းလေးသည် ဘုရင်အဆင့်လောက်ပင် ရှိဦးမည်။ ဒန်ဘီကတော့ ဝိဉာဉ်စွမ်းအားပိုင်းတွင် အစင်းလေးထက် ကျော်သွားနိုင်ချေ ရှိနေသည်။
ကောင်းဖန်သည် ဘုရင်အဆင့် သားရဲနှင့် သွေးစာချုပ်ချုပ်ထားပြီး ဖြစ်သောကြောင့် လေ့ကျင့်သူအနေဖြင့် ဝိဉာဉ်ချိန်းကြိုးစွမ်းရည်ကို ရရှိထားပြီး ဖြစ်သည်။ သူသည် သူ၏ ဝိဉာဉ်နှင့် သားရဲဝိဉာဉ်တို့ကို ပေါင်းစည်းနိုင်ပြီး ဝိဉာဉ်တိုက်ခိုက်မှုကို ခံစားရသည့်အခါ တူညီသည့် ထိခိုက်မှုများ ဖြစ်လာအောင် လုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ကောင်းဖန်သည် အစင်းလေးနှင့် ပေါင်းစည်းထားပြီး ဖြစ်သော်လည်း ဝိဉာဉ်ချိန်းကြိုးကိုတော့ တစ်လအထိ အသုံးမပြုရသေးပေ။
ကောင်းဖန်က ဝိဉာဉ်ချိန်းကြိုးကို လွှတ်လိုက်သောအခါ အစင်းလေးသည် အပြစ်ကင်းစွာဖြင့် မြေကြီးတွင် ထိုင်နေပြီး ကောင်းဖန်ကို ကြည့်လိုက်သည်။
ကောင်းဖန်ကတော့ အစင်းလေးကို တောင်းပန်သော အကြည့်နှင့် ပြုံးပြလိုက်သည်။
ကောင်းဖန်သည် ဒန်ဘီဘက်သို့ လှည့်၍ ထွက်သွားသည်ကို ကြည့်နေမိသည်။ သူသည် ဝိဉာဉ်ချိန်းကြိုးကို ဒန်ဘီနှင့် ချိတ်ဆက်လိုက်သည်။
ကောင်းဖန်သည် သူ့ကိုယ်ထဲမှ အလင်းဖောက်နေသော ချိန်းကြိုးတစ်ခု ထွက်လာကာ ဒန်ဘီ၏ မျက်လုံးထဲသို့ ၀င်သွားသည်ကို မြင်နေရသည်။
ရုတ်တရတ် ကောင်းဖန်၏ စိတ်ဝိဉာဉ်ထဲတွင် အေးစက်သော အငွေ့အသက်များ စီးဆင်းသွားသည်။ သူသည် မျက်လုံးများကို ပိတ်လိုက်သောအခါ သေးသွယ်သော မီးတောက်လေးကို မြင်နေရသည်။
“ကဲ.. ငါတို့ရဲ့ ပထမဆုံး စစ်ဆင်ရေး ခရီးကတော့ ပြီးပြည့်စုံစွာ အောင်မြင်သွားခဲ့ပြီ.. ပြန်ကြရအောင်” ကောင်းဖန်က ပြောလိုက်သည်။
ကောင်းဖန်သည် ဖြစ်သမျှ အရာအားလုံးကို သိပ်ပြီး မမှုတော့ချေ။ ဘာတွေပဲ ဖြစ်လာလာ အလိုက်သင့်နေသွားပြီး ရင်ဆိုင်သွားတော့မည် ဖြစ်သည်။
သူသည် အပြန်ခရီးတွင်ဖြစ်ပေါ်လာနိုင်သည့် အရာများအကြောင်းကိုတော့ တွေးပင် မတွေးတော့ချေ။
ဖုတ်ကောင်စစ်တပ်ကြီးသည် တစ်တောလုံးကို တိုက်စားသွားသောကြောင့် ရှင်းလင်းနေသော လွင်ပြင်များသာ ကျန်ခဲ့သည်။
သူတို့သွားရာ လမ်းတစ်လျှောက် မြှုပ်နှံထားသော အရိုးများအားလုံးသည် လိုက်ပါနေသောကြောင့် အရေအတွက်များသည် အလွန်ပင် များပြားလာသည်။ ထိုသားရဲများသည် အဆင့်မမြင့်ကြသော်လည်း အရေအတွက်က အလွန်များလှသောကြောင့် ထိုအရာဖြင့်ပင် ဒန်ဘီသည် အဆင့် ၄၉ သို့ တက်သွားသည်။
ကောင်းဖန်သည် ထိုအရာကိုလည်း ဒန်ဘီဆီမှ တဆင့် သိလိုက်ရသည်။
“ဟုတ်သားပဲ.. မင်းခုနက ပြောတာ မင်းက ရေခဲဝိဉာဉ် ရတနာတွေဆီက ရေခဲစွမ်းအင်ကို စုပ်ယူနိုင်ရင် မင်းရဲ့ အဆင့်မြှင့်မှုကို မြန်ဆန်စေတယ်လို့ ပြောတယ်နော်” ကောင်းဖန်က သူ့ပုခုံးပေါ်မှ ခြင်္သေ့ဖြူကို မေးလိုက်သည်။
“ဟုတ်တယ်.. ဒါပေမယ့် အဲဒါတွေကို နင်ဘယ်မှာရှာရမှန်း မသိဘူးမလား.. ပြောရတာတော့ အားနာပေမယ့် အဲဒီပမာဏက ငါ့အတွက် မလုံလောက်ရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်လို့ လုံလောက်အောင်တော့ လုပ်ဦး” ခြင်္သေ့လေးက ပြန်ပြောလိုက်သည်။
“မနည်းစေရပါဘူး” ကောင်းဖန်သည် သိပ်လည်း ကတိမပေးရဲပေ။ ကမ္ဘာပေါ်တွင် ရေခဲဝိဉာဉ်ရတနာများ အများဆုံး ရှိသောနေရာသည် တောင်၀င်ရိုးစွန်းနှင့် မြောက်၀င်ရိုးစွန်းမှာသာ ရှိနေသည် မဟုတ်ပါလား။
ပထဝီအနေအထားအရ မြောက်၀င်ရိုးစွန်းကတော့ သူတို့အတွက် ပိုအဆင်ပြေနိုင်သည်။ သူတို့သည် မြောက်ဖက်ကို ခရီးဆက်ရဦးမည် ဖြစ်သည်။
ယွိကျိုးမြို့နှင့် ကီလိုမီတာ ၅၀၀ အကွာသို့ရောက်သောအခါ ဒန်ဘီသည် ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ ဖုတ်ကောင် စစ်တပ်ကြီးကို ရပ်ခိုင်းလိုက်သည်။
တစ်ချက်ကြည့်လိုက်လျှင်ပင် ဖုတ်ကောင်များသည် ပင်လယ်ကြီးသဖွယ် များလှပြီး ရေတွက်လို့ရမည်ပင် မဟုတ်ချေ။
“မင်းတို့က အရမ်းတော့ များလွန်းတယ်.. ပြီးတော့ အနက်ရောင်မြူခိုးကမ္ဘာမှာ ကွန်မန်ဒါအဆင့်သားရဲတွေ အမြောက်ဆံလောက်ပဲ အသုံး၀င်မှာ” ကောင်းဖန်က ခေါင်းယမ်းရင်း ပြောလိုက်သည်။ သူတို့သည် ထိုအနေအထားဖြင့် ယွိကျိုးသို့ ၀င်လိုက်ပါက အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြမည် ဖြစ်သည်။
“အဆင့် ၄၀ ထက်မြင့်တဲ့ ဖုတ်ကောင်တွေကိုတော့ ထားခဲ့လိုက်ပြီး ကျန်တဲ့ကောင်တွေကိုတော့ စွမ်းအင်စုပ်ယူလိုက်တော့”
ဒန်ဘီက ခိုင်းသည့်အတိုင်း လုပ်လိုက်သောအခါ ဖုတ်ကောင်များ၏ ၉၉ ရာခိုင်နှုန်းလောက်သည် ပျောက်ကွယ်သွားကြသည်။ ထိုဖုတ်ကောင်များသည် ပူဖောင်းများကို ဖောက်လိုက်သလို အမှုန့်များ ဖြစ်သွားကြသည်။
မရေတွက်နိုင်အောင် များပြားသော ဝိဉာဉ်မီးတောက်များသည် ဒန်ဘီဆီသို့ ပြန်သွားနေကြသည်။ ဒန်ဘီသည် ထိုမီးတောက်များကို စုပ်ယူစားသောက်နေသည်မှာ ဓာတ်မီးတိုင်ကြီးနှင့်ပင် တူနေသည်။
အားလုံးပေါင်း အချိန် ၃ မိနစ်လောက် ကြာသွားသည်။ ဒန်ဘီ၏ အသွင်အပြင်သည် ပြောင်းလဲသွားခြင်း မရှိသော်လည်း အဆင့်ကတော့ ၄၉ ကနေ ၅၀ ကိုတက်သွားသည်။
ဖုတ်ကောင်များ ၉၉ ရာခိုင်နှုန်းလောက် မရှိတော့သော်လည်း ကျန်သေးသော အကောင်များသည်ပင် အရေအတွက် မနည်းလှပေ။
အဆင့် ၄၀ ရှိ ကွန်မန်ဒါအဆင့်သားရဲ အကောင် ၅၀ နှင့် နတ်ဘုရားအဆင့် သားရဲ ၂ ကောင်သည် ဒန်ဘီဘေးတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
သူတို့သည် အမိန့်တစ်ချက်နှင့်ပင် တွေဝေတုံ့ဆိုင်းခြင်း မရှိ သေပေးမည့် အမာခံတပ်သားများ ဖြစ်သည်။
အဆင့်မြှင့်မှု မြန်ဆန်ခြင်းကတော့ ဖြတ်လမ်းနည်းသုံးသလိုပင် ဖြစ်နေသည်။
ကောင်းဖန်သည် တစ်ပတ်အတွင်း ဒန်ဘီတစ်ကောင် အဆင့် ၄၇ မှ ၅၀ ထိ မြင့်တက်သွားသည်ကို အံ့ဩနေမိသည်။ အရင်ကဆိုလျှင် ဒန်ဘီသည် အဆင့် ၃ ဆင့် တက်ဖို့ မြန်သည် ဆိုလျှင်တောင် တစ်လလောက်ကြာသည်။ အခုတော့ တစ်ပတ်ပဲ ကြာတော့သည်။
အခုဆိုလျှင် ဒန်ဘီသည် ဘုရင်အဆင့်ရောက်ဖို့ တစ်ဆင့်သာ လိုတော့သည်။ သူသာ ရောက်သွားပါက ကောင်းဖန်ပိုင်ဆိုင်ထားသည့်ထဲတွင် ဒုတိယမြောက် ဘုရင်အဆင့်သားရဲ ဖြစ်လာမည် ဖြစ်သည်။
ယွိကျိုးတွင်တော့ သစ်သားဒေါင်းအရိုးစု၊ မိုးကြိုးမျောက်အရိုးစု၊ ကင်းခြေများဘုရင်အရိုးစုတို့သည် ဒန်ဘီကို ပို၍ ယုံကြည်လာကြသည်။ ကောင်းဖန်သည် အဆင့် ၄၀ ရှိကွန်မန်ဒါ အဆင့်သားရဲ ၄၅ ကောင်နှင့် နတ်ဘုရားအဆင့် သားရဲ ၅ ကောင်တို့ကို ဒန်ဘီနှင့်အတူ ဝိဉာဉ်ဖောင်ထဲသို့ ၀င်ခွင့်ပေးရန် စစ်တပ်နှင့် ညှိနှိုင်း တောင်းခံလိုက်သည်။
ဝိဉာဉ်ဖောင်ကို စောင့်ကြပ်နေသည့် စစ်သားများသည် ဖုတ်ကောင်များ တစ်ကောင်ချင်းစီ ၀င်သွားသည်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ကောင်းဖန်သည် စိတ်မချ ဖြစ်နေသောကြောင့် သေဆုံးထားပြီး ဖြစ်သော ၀င်္ကပါ စောင့်ကြည့်သူတွေထဲမှ အကောင်းနီးပါး ကျန်ရှိသော ၈ ကောင်က်ု ဒန်ဘီအား ဖုတ်ကောင်များအဖြစ် အသက် ပြန်သွင်းခိုင်းလိုက်သည်။
တစ်ချိန်ချိန်တွင်တော့ သူတို့အားလုံးသည် အသက်များကြီးသွားကြပြီး ကောင်းဖန်ကလည်း အဖိုးကြီးဖြစ်ကာ ၀င်္ကပါ ဂိတ်ပေါက်၀ကြီးတွင်ရပ်ပြီး သူ့ကလေးများကို မလွှတ်ချင် လွှတ်ချင် စွန့်စားသွားလာခွင့်ကို ပေးနေရမည့်အချိန် ရောက်လာဦးမည်ပင်။
ကမ္ဘာကြီးသည် တိုးတက်ပြောင်းလဲနေသောကြောင့် ဖုတ်ကောင်များအတွက် သင့်တော်သောနေရာသည်လည်း ကမ္ဘာကြီးထဲတွင် ရှိမနေပါချေ။
အနက်ရောင်မြူခိုးကမ္ဘာကတော့ ကွာခြားသည်။ ထိုနေရာတွင် အသေကောင်များ မရေတွက်နိုင်အောင် ရှိသည်။ ဒန်ဘီ၏ အစွမ်းသည် အဆင့်တစ်ခုထိ ရောက်သွားပါက ထိုအသေကောင်များအားလုံးသည် သူ့နောက်လိုက်များ ဖြစ်လာကြမည် ဖြစ်သည်။
***