အခန်း (၄၄၁-၄၄၄)
Vol. 28 Ch. 441-444
အခန်း ၄၄၁ ပါ၀င်ပစ္စည်းသစ်
ကျောက်စိမ်းစကို ဖယ်ပြီးသောအခါ ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲများနှင့်အတူ တက္ကလာမာကန် ကန္တာရမှ ထွက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် ရတနာအနံ့ခံကြွက်သည် ကျောက်စိမ်းစကို သေချာကိုင်ထားပြီး ကျောက်မျက်နှာပြင်ကိုလည်း သူ့ခေါင်းနှင့် ပွတ်သပ်နေကာ လောဘတကြီးဖြင့် အနံ့ကိုလည်း ရှူရှိုက်နေလေသည်။
ကြွက်သည် သူ့ကို ဘယ်သူမှ မကြည့်နေမှန်း သေချာသွားသောအခါ ကျောက်ကို လျက်ကြည့်လိုက်သည်။ ကျောက်သည် ဘာအရသာမှတော့ မရှိချေ။ သူသည် နားမလည်နိုင် ဖြစ်သွားပုံဖြင့် မျက်တောင် တစ်ချက် နှစ်ချက် ခတ်လိုက်သည်။ ထို့နောက် ဆေးစွဲနေသူတစ်ယောက်လို အရှည်ကြီးဆွဲ၍ ထပ်မံရှူရှိုက်လိုက်ပြန်သည်။
ကောင်းဖန်က အခုငါ့ကို ကြည့်နေဘူး.. တက်တူးတွေနဲ့ ဘဲရော.. ကောင်းဖန်ကို ကပ်ဖားနေတဲ့ ကင်းခြေများလည်း ကြည့်မနေဘူး.. ဒါငါ့အတွက် အခွင့်အရေးပဲ..
သူသည် ကျောက်စကို သွားဖြင့်ကိုက်ချလိုက်သည်။ ထိုအခါ ပုလဲလို ဖြူဆွတ်နေသော သွားတစ်ချောင်းသည် ပါးစပ်ထဲမှ ထွက်ကျလာသည်။
ထို့ကြောင့် ကြွက်သည် သူ့အသံလူကြားမည်လည်း စိုး၍ နှုတ်ခမ်းကို ကိုက်ကာ အသံတိတ် အော်လိုက်သည်။
သူတို့သည် ချန်အန်းမြို့ကို တန်းမပြန်ကြပေ။ ထိုအစား ဟန့်ကျောင်းမြို့ကို သွားလိုက်ကြသည်။ ကျီဟန့်ဝူသည် နဂါးဖြူကြီးကို ဆင်းသက်ရန် အမိန့်ပေးလိုက်သည်။
“မင်းရှာနေတဲ့ ပါ၀င်ပစ္စည်းကို ရဖို့ ဆင်းကြည့်ကြတာပေါ့” ကျီဟန့်ဝူက ပြောလိုက်သည်။
ဟန်ကျောင်းမြို့သည် ရှေးယခင်ကတည်းက ထိုနာမည်ပဲ ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်ပေါင်း များစွာတိုင် ထိုနာမည်ကို မှတ်မိကြပြီး မပြောင်းမလဲ ထားရှိခဲ့ကြသည်။
ထိုမြို့၏ သမိုင်းကြောင်းကလည်း နာမည်ကြီး စစ်ဗျူဟာ ပညာရှင်များနှင့် ပြည့်နှက်နေမှုကြောင့် လူသိများ ထင်ရှားခဲ့သည်။ ဟန်ကျောင်းမြို့သည် ကြီးမားသော အစဉ်အလာ ရှိခဲ့သော မြို့ဖြစ်သည်။ ဟန်မင်းဆက်၏ ပထမ ဘုရင်ဖြစ်သူ လျူပန်းသည် သူ၏ စစ်သူကြီး ဟန်ရှင်းကို ထိုနေရာကို သိမ်းပိုက်ရန် အမိန့်ပေးခဲ့ဖူးသည်။ စစ်သူကြီး ကျားဟောင်သည် ရှူတိုက်ပွဲတွင် အောင်နိုင်ပြီးနောက် ရှုပြည်နယ်ကို စစ်သူကြီး ဟွမ်ကျောင်းက တင့်ကျွန်းတောင်တွင် ပိုင်းခြားခဲ့ဖူးသည်။ စစ်ဘုရင် လျူပဲ့သည်လည်း ဟန်ကျောင်း၏ ပထမဆုံး ဘုရင်အဖြစ် ကြေညာခဲ့ဖူးသည်။ အထင်ကရ စစ်ဗျူဟာမှူး ကျုလျန်သည်လည်း သူ၏ တပ်ဖွဲ့များကို ဟန်ကျောင်းတွင် စခန်းချပြီး တင့်ကျွန်းတောက်ခြေတွင် အနားယူခဲ့ဖူးသည်။
ထို့ကြောင့် ထိုနေရာတွင် များပြားလှသော ဒဏ္ဍာရီများ နှစ်ပေါင်းထောင်ချီ ကတည်းက တည်ရှိနေခဲ့သည်။ ကပ်ကြီး ပြီးနောက်တွင်တော့ ထိုနေရာတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီး တစ်ခါတစ်ရံ တင့်ကျွန်းတောင်မှ တိုက်ခိုက်သံများ ကြားရသည်ဟူ၍ သတင်းကြားရတတ်သည်။ တစ်ခါတစ်ရံ တောင်အနီးတဝိုက်တွင် စစ်တပ်သုံး တဲများ၊ အလံများလည်း တွေ့ရတတ်သည်။
တစ်ခါက နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူတစ်ယောက်ကို ဟန်ကျောင်း အခြေစိုက်မြို့သို့ ပို့ပြီး စုံစမ်းစစ်ဆေးခိုင်းခဲ့ဖူးသော်လည်း ဘာသတင်း အစအနမှ မရခဲ့ချေ။
“အနည်းဆုံးတော့ အဲဒီလို တရား၀င် ထုတ်ပြန်ထားတာပဲ.. လက်တွေ့မှာတော့ တောင်နားမှာ အလံတွေ့တယ်တော့ ပြောတာပဲ”
“အလံ”
“ဟုတ်တယ်”
“အဲဒီအလံက အသက်များ၀င်လာတာလား”
တင့်ကျွန်းတောင်နားတွင် အလံပေါင်း မြောက်များစွာ ရှိနေသည်။ တချို့သောအလံများသည် မင်မင်းဆက်ကတည်းက စိုက်ထူခဲ့သော အလံများ ဖြစ်သည်။
“ဟုတ်တယ်.. အဲဒီအလံက သားရဲဖြစ်နေတာ” ကျီဟန့်ဝူက ရယ်မောရင်း ပြောလိုက်သည်။
“အခု တင့်ကျွန်းတောင်မှာ ရှိနေသေးလား” ကောင်းဖန်က မေးလိုက်သည်။
“မဟုတ်ဘူး မရှိတော့ဘူး.. လေ့ကျင့်သူတစ်ယောက်က ခေါ်သွားတယ် ကြားတယ်” ကျီဟန့်ဝူက ခေါင်းကိုယမ်းရင်း ပြောလိုက်သည်။
“နောက်တော့လည်း အဖိုးတို့ အလံသားရဲတစ်ကောင်ကောင်နဲ့ ထပ်တွေ့ချင် တွေ့ဦးမှာပေါ့” ကျီဟန့်ဝူက ထိုသို့ ပြောပြီး အတွေးတစ်ခုဖြင့် ငြိမ်သက်သွားသည်။
ခေတ္တကြားပြီးနောက် သူသည် ဟန်ကျောင်းအခြေစိုက်မြို့၏ မြောက်ဘက်တွင်ရှိသော တောင်ဗီလာတစ်ခုနားသို့ ဆင်းသက်ရန် နဂါးဖြူကြီးကို အမိန့်ပေးလိုက်သည်။
တောင်ဗီလာသည် တောင်ကုန်းတစ်ခုထိပ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ဘေးတွင် တဲအလွတ်လေး ၂ ခု ရှိနေသည်။ ထိုတဲများသည် လေဝှေ့လိုက်တိုင်း မိုးပျံဖူးဖောင်းများလို ဖောင်းလိုက် ပိန်လိုက် ဖြစ်နေသည်။ ထိုနေရာတွင် လူသူနေသည့် ပုံတော့ မပေါ်ပေ။ ထိုတဲများသည် ဗီလာဘေးတွင် အလှဆင်ရုံသက်သက် ထားထားပုံပေါ်သည်။
“သတ်ပစ်.. အကုန်လုံးကို သတ်ပစ်” တစ်စုံတစ်ယောက်သည် တောင်ကုန်းထိပ်မှနေ၍ အော်နေသည်။
“ဟန်လူမျိုးတို့ရဲ့ ဘုရင်မင်းမြတ်ကတောင် ငဲ့ညှာမှုကို ပြနေတာ.. ကျုပ်က ဘာလို့ ဒါကို သစ္စာဖောက်ရမှာလဲ.. ဘုရင်မင်းမြတ်ရဲ့ အလိုတော်ကို ဖီဆန်ဝံ့တဲ့သူ ဘယ်သူရှိလို့လဲ..” နောက်ထပ် အသံတစ်ခု
က ထပ်ထွက်လာပြန်ကာ သတ္တုရိုက်ခတ်သံ ၂ ခု ပေါ်နေသလို ပဲ့တင်ထပ်နေသည်။
ငယ်ရွယ်သော အသံနှင့် အသက်ကြီးသူ၏ အသံ ၂ သံတို့သည် တောင်ကုန်းလေးကြားတွင် တုန်ခါထွက်ပေါ်နေသည်။
“ဟွမ်ကျောင်းရဲ့ အောင်မြင်မှုက ငါတို့ပေါ်မှာ မူတည်နေတယ်.. နိမ့်ကျတဲ့ ကျားဟောင်က မကြာခင် ငါတို့ဓားချက်ရဲ့အောက်မှာ ကျဆုံးစေရမယ်”
“စိတ်မပျက်စေရပါဘူး.. အရှင်မင်းမြတ်.. ဟန်မင်းဆက်အတွင် အောင်ပွဲကို ကျွန်တော်မျိုး ယူဆောင်ခဲ့ပါမယ်”
ကျီဟန့်ဝူသည် ရယ်ချင်ပက်ကျိ ဖြစ်နေသည်။
သူတို့သည် တောင်ထိပ်ကို ရောက်သွားသောအခါ တောင်ထိပ်အလယ်တွင် ရှိနေသော ဗီလာကို တွေ့လိုက်ရသည်။ ထိုအရှေ့တွင် ကွင်းပြင်ကျယ်တစ်ခု ရှိနေပြီး အစွန်းတစ်ခုတွင်တော့ ကြီးမားသော လိပ်ကြီး တစ်ကောင် ရှိနေသည်။ သူ၏ အကြေးခွံများသည် ခေါင်းမှ ခြေဖျားအထိ တောက်ပနေသည်။
ထိုလိပ်ကြီးသည် ကပ်ကြီးမတိုင်မှီကတည်းက ရှိနေခဲ့သော လိပ်ကြီး ဖြစ်သည်။ သူ၏ လက်သည်းများသည် ဒဏ္ဍာရီလာသားရဲကြီးများ၏ လက်သည်းများနှင့်ပင် တူနေသည်။
သို့သော် ကောင်းဖန်၏ စိတ်ကို ဆွဲဆောင်လိုက်သော အရာမှာ ထိုနတ်ဘုရားအဆင့် လိပ်ကြီး မဟုတ်ပဲ ကွင်းအလယ်တွင် တဖျတ်ဖျတ် လွင့်နေသော အလံတစ်ခု ဖြစ်သည်။ ထိုအလံကြီးသည် ရုပ်ရှင်ရုံများ၏ ပိတ်ကားကြီးလောက်ပင် ကြီးမားပြီး အောက်ခြေတွင် အဖြူရောင် ကွတ်ထားကာ ပတ်ပတ်လည်တွင် အမည်းရောင် အဆင်များ ရှိနေသည်။ အလံအလယ်တွင်တော့ ကြီးမားသည့် ဝိဉာဉ်ချုပ်စာလုံးကြီးကို ရေးသားထားသည်။
အလံရှေ့တွင် ပိတ်ကားတစ်ခု ရှိနေကာ စစ်ပွဲရုပ်ရှင်တစ်ခုကို ပြသနေသည်။
အလံသည် ထိုရုပ်ရှင်ကို စိတ်၀င်တစား နစ်မြော ကြည့်ရှုနေသည်။ သူသည် တစ်ခါတစ်ရံ ထထပြီးလည်း “ချီတက်” ဆိုသည့် စစ်ပွဲသုံးစကားများကို ထအော်နေသည်။
သူသည် ရုပ်ရှင်တွင် နစ်မြောနေပြီး ပြနေသည့် ဇာတ်၀င်ခန်းအလိုက် ဆူညံစွာ ပြောဆိုနေသည်။
“ဟားဟားဟား.. ကြည့်ရတာ ဧည့်သည်တွေ ရောက်နေပုံပဲ.. ဒါကြောင့် ဒီနေ့ ရာသီဥတု သာယာနေပါတယ်လို့.. ၀င်ကြလေ ၀င်ကြပါ” အသက် ၃၀ အရွယ်ခန့်ရှိ လူတစ်ယောက်သည် ဗီလာထဲမှ ထွက်လာကာ ကောင်းဖန်တို့ မြေးအဖိုးကို နှုတ်ဆက်လိုက်သည်။
ကောင်းဖန်သည် အလံကို တစ်ချက်ကြည့်လိုက်သည်။
[သားရဲအမည်] - စစ်မှုရေးရာအလံ
[သားရဲအဆင့်] - အဆင့် ၄၆ (နတ်ဘုရားအဆင့်)
[သားရဲစွမ်းရည်] - အလွန်ကောင်း
[သားရဲအမျိုးအစား] - သတ္တု
[သားရဲစွမ်းအင်] - စစ်သည်တော်သွေး အဆင့် ၃၊ စစ်ပွဲအငွေ့အသက် အဆင့် ၂
[သားရဲဖော်ပြချက်] - အလံသည် တင့်ကျွန်းတောင်ပေါ်တွင် နှစ်ထောင်ချီ သွေးစွန်းမှုများမှ တဆင့် အသက်၀င်လာခဲ့ခြင်း ဖြစ်သည်။ သူသည် စစ်ပွဲ၏ ပြင်းထန်သော စွမ်းအင်များမှ ပေါက်ဖွားလာခြင်း ဖြစ်ရာ စစ်ချီတေးများကို ကြိုက်နှစ်သက်ပြီး စစ်ပွဲရုပ်ရှင်များလည်း ကြည့်ရတာ ကြိုက်ကာ မိန်းမလျာများကိုတော့ မုန်းတီးသည်။
[ပြီးပြည့်စုံအဆင့်သို့ မြှင့်တင်ရန် လမ်းကြောင်းများ] - ၁။ ဗိုလ်ချုပ်ကတိအလံ ၂။ စံမဏိသွေးသတ်ဖြတ်မှူအလံ
[သားရဲအမည်] - ကုန်းမိချောင်းခေါင်းတိုလိပ်
[သားရဲအဆင့်] - အဆင့် ၄၅
[သားရဲစွမ်းရည်] - ပုံမှန်အဆင့်
[သားရဲအမျိုးအစား] - မြေ/ရေ
[သားရဲစွမ်းအင်] - လိပ်ခွံခိုင်မာမှု အဆင့် ၂၊ ကိုက်ဖြတ် ခိုင်မာမှု အဆင့် ၂
[သားရဲဖော်ပြချက်] - ဘိုးဘွားပိုင်သွေးမှ တဆင့် နိုးထလာခြင်း ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းအောင် ကိုက်ဖြတ်နိုင်သော စွမ်းရည်ရှိသည်။ သူ၏ အခွံသည်လည်း ထိုးဖောက်၍မရသော ကာကွယ်မှုကို ပိုင်ဆိုင်ထားသည်။ ငါးစားရသည်ကို ကြိုက်နှစ်သက်သည်။ သူ့ကို လာထိတာကိုတော့ မကြိုက်ပေ။
“ခုတလောအေးအေးဆေးဆေး ရှိနေပုံပဲ..” ကျီဟန့်ဝူက ဘေးပတ်၀န်းကျင်ကို လေ့လာရင်း ပြောလိုက်သည်။ အငြိမ်းစားယူပြီး နေဖို့သင့်တော်သော နေရာကောင်းလေး ဖြစ်သည်။ “ဒါနဲ့ ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဖိုးအိုလို နေနေရတာလဲ”
“အင်း.. ပြောရရင်တော့ ကျွန်တော့်အနေနဲ့ အစိုးရပိုင်းမှာ အလုပ်လုပ်ပေးနေမယ့်အစား ကိုယ့်ဘာသာကိုယ်ပဲ နေတော့မယ်ဆိုတဲ့အတွေးပေါက်သွားလို့ပေါ့ဗျာ” လု၀မ်က ရယ်မောရင်း ပြောလိုက်သည်။ သူသည် သားရဲ ၂ ကောင်၏ လေ့ကျင့်သူ ဖြစ်သည်။
ကောင်းဖန်သည် ထိုသူ၏ ကိုယ်ပိုင်သားရဲ ၂ ကောင်ကို ထပ်ကြည့်မိလိုက်ပြန်သည်။ ၂ ကောင်လုံးသည် အတန်ငယ်တော့ အဆင့်မြင့်ကြသည်။
သို့သော် ကောင်းဖန်တို့ မြေးအဖိုးတွင် ဘုရင်အဆင့်သားရဲများပင် ပိုင်ဆိုင်ထားကြပြီး ဖြစ်သည်။ ဘုရင်အဆင့်ထက်နိမ့်သော သားရဲများပင် မရှိကြတော့ချေ။
ထို့အပြင် ဘုရင်အဆင့်သားရဲ တစ်ကောင်အတွက် အဆင့် ၄၁ ရှိသော သားရဲနှင့် အဆင့် ၄၉ ရှိသော သားရဲသည် ကွာခြားမှု သိပ်မရှိပါချေ။ ပင့်ကူတစ်ကောင်အတွက် ပိုသေးသော ယင်ကောင်တစ်ကောင်နှင့် ပိုကြီးသော ယင်ကောင်တစ်ကောင် မကွာခြားတော့သလိုပင် ဖြစ်သည်။
လု၀မ်သည် ကောင်းဖန်တို့ကို ဗီလာထဲခေါ်လိုက်ပြီးနောက် အိပ်ခန်းထဲကို ပြေး၀င်လိုက်ကာ ဗူးတစ်ခုကို ယူလာသည်။ သူဖွင့်လိုက်သောအခါ ရွှေနီရောင်ရတနာတစ်ခု ရှိနေပြီး အထဲတွင် သွေးစက်လေးတစ်စက်ရှိနေသည်။
“ကျွန်တော်ဒါကို စစ်မှုရေးရာ အလံကို အပိုင်သိမ်းနေတုန်း ရှာတွေ့ခဲ့တာ.. အဲဒါက ဘာလဲမသိပေမယ့် ကျွန်တော့်ကိုယ်ပိုင်သားရဲတွေကတော့ သိပ်မကြိုက်ကြတဲ့ပုံပဲ.. ခင်ဗျားတို့က ပါ၀င်ပစ္စည်းတစ်ခု ရှာနေတယ် ကြားတာနဲ့ ကျွန်တော်လည်း ဒါကို သတိရသွားပြီး လာပြတာ” လု၀မ်က ဗူးကို ကျီဟန့်ဝူလက်ထဲ ထည့်လိုက်သည်။
“ကျုပ်မြေးက အဲလိုဟာတွေကို စုဆောင်းရတာ သိပ်ကြိုက်တာ.. ကျုပ်လိုအဖိုးကြီးကတော့ သူတို့လို လူငယ်တွေ စိတ်ထဲ ဘာတွေ ရှိနေလဲ လိုက်မမှီတော့ပါဘူး” ကျီဟန့်ဝူက ပြုံးကာပြောရင်း ဗူးကို ကောင်းဖန်ဆီ ပေးလိုက်သည်။
ကောင်းဖန်သည် ဗူးကိုယူလိုက်ပြီး တစ်ချက် ကြည့်လိုက်သည်နှင့် ထိုပစ္စည်းသည် သူလိုနေသော ပစ္စည်း အတိအကျ ဖြစ်မှန်း သိလိုက်ရသည်။ “ကျေးဇူးပါ ဦးလေးလု.. တစ်ခုခု လိုအပ်တာရှိရင် ဆက်သွယ်လိုက်ပါ”
***
သားရဲလေ့ကျင့်သူ
အခန်း ၄၄၂ ထပ်ဆောင်းကူညီမှု
လု၀မ်သည် သူ့ကို လက်ပြလိုက်သည်။ “ဘာမှသိပ်ပြီး ၀န်လေးမနေပါနဲ့.. ဒီလိုပစ္စည်းတွေဆိုတာက လိုအပ်တဲ့သူလက်ထဲမှာမှ တန်ဖိုးရှိတာလေ.. ကျုပ်နဲ့ဆိုရင် ဒါက အပိုပစ္စည်း သက်သက် ဖြစ်နေမှာ”
“ဒါပေမယ့်လည်း ကျွန်တော့်ကို အကြီးကြီး ကူညီထားတာ ဆိုတော့ ပြန်ပြီး ကျေးဇူးဆပ်ရမှာပေါ့.. ဒါက ကျွန်တော်တို့ မိသားစုရဲ့ စည်းမျဉ်းပဲ.. ဦးလေးလု.. ကျွန်တော် ကူညီရမှာ တစ်ခုခု ရှိရင် လုံး၀တွေဝေမနေပဲ ဆက်သွယ်လိုက်ပါ” ကောင်းဖန်က ပြောလိုက်သည်။ ထို့နောက် သူသည် တာ့ဇီခေါင်းပေါ်သို့ ဗူးကို တင်လိုက်သည်။ “ပြုတ်မကျစေနဲ့နော်”
“ဟမ်” တာ့ဇီသည် ကောင်းဖန်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
“အဲဒါက မင်းကို အဆင့်မြှင့်ပေးဖို့ လိုအပ်တဲ့ ပါ၀င်ပစ္စည်းလေ” ထိုအခါကျမှ တာ့ဇီသည် သူ၏ လက်လေးများဖြင့် သစ်သားဗူးကို ပိုက်လိုက်ပြီး ဂိုဒီနားတွင် သွားခွေနေတော့သည်။ သို့သော် သူ၏ လက်လေးများက ထိုဗူးကို ကြာကြာကိုင်ထား၍ အဆင်မပြေကြောင်း သိလိုက်သောကြောင့် တာ့ဇီက ဂိုဒီကို ပြောလိုက်သည်။ “ဂိုဒီ.. မင်းဒီဗူးကို ကိုင်ထားပေးရင် မင်းကို ၃၀၀၀ ပေးမယ်.. အိမ်ပြန်ရောက်တဲ့အထိ မပျက်ဆီးပဲ ယူလာနိုင်ပေးမယ်ဆိုရင် နောက်ထပ် ၇၀၀၀ ထပ်ပေးမယ်”
ထိုအခါ ဂိုဒီသည် တာ့ဇီ၏ ကမ်းလှမ်းချက်ကို ချက်ချင်းပင်လက်ခံလိုက်ပြီး ဗူးကို ယူလိုက်သည်။ တာ့ဇီကို ကောင်းဖန်က အလိုလိုက်လွန်းအားကြီးတယ်.. ကြည့်ရတာ ဒီကောင့်ကို ပိုက်ဆံတွေ အများကြီး ပေးထားပုံပဲ.. ငါဒီကောင်နဲ့ သင့်မြတ်အောင် နေပေးရင် သူ့ဆီကနေ ငွေညှစ်ထုတ်လို့ ရနိုင်တယ်.. လောလောဆယ်တော့ ဒီဗူးကို သေချာထိန်းသိမ်းထားမှ..
တာ့ဇီသည် ဂိုဒီသည် ဂိုဒီ့ကို ပြန်ချောင်းကြည့်လိုက်သည်။ ဒီဘဲကတော့ ငွေနဲ့မျှားရင် ဘာမဆို ရသားပဲ.. ငါ့မှာတော့ ၁၀၀၀၀ မရှိတာ သေချာတယ်.. ဟာ.. ဘာပဲ ဖြစ်ဖြစ် ကောင်းဖန်ဆီက တောင်းလိုက်ရင် ရတာပဲ.. သူကငါ့ကို လိုချင်တာ လုပ်ပေးနေကျပဲဟာ.. ငါစားတဲ့ အစားအစာ ဆိုတာလည်း တကယ်တော့ ကုန်ကျစရိတ်က နည်းနည်းလေးပါ.. ကောင်းဖန်အတွက် ၁၀၀၀၀ ဆိုတာလောက်က ဘာမှဖြစ်သွားမှာ မဟုတ်ပါဘူး.. တာ့ဇီက တွေးလိုက်သည်။
ဟန်ကျောင်းမြို့သည် ယွိကျိုးမြို့နှင့် သိပ်မဝေးပေ။ မြို့ ၂ မြို့ကြား အကွာအဝေးသည် မိုင်တစ်ရာလောက်သာ ရှိရာ ယွိကျိုးမြို့နှင့် ချွန်းဖူမြို့တို့ကြား အကွာအဝေးထက် အနည်းငယ်သာ ပိုသည်။
လက်ရှိလောကကြီးတွင် ရှင်သန်နိုင်ဖို့ဆိုလျှင် အဆက်အသွယ်ကောင်းများ များစွာ ရှိထားရန်လိုသည်။ ထိုဆက်သွယ်မှုကောင်းများကလည်း ကောင်းသော အစပြုခြင်း ရှိထားဖို့ လိုသည်။ ထို့ကြောင့် အဆက်အသွယ်ကောင်းများ ရှိသင့်သလောက် ရှိထားသောသူသည် တစ်ခုခု ဖြစ်လာခဲ့ပါက အားကိုးရာအတွက် စိတ်ပူစရယ မလိုတော့ပေ။
လု၀မ်သည် တစ်ချက်ရယ်မောလိုက်သည်။ ကောင်းဖန်နှင့် သူ့ကြားဆက်ဆံရေးသည် လက်ဆောင်လေး တစ်ခုမှစ၍ အစပြုခဲ့သည်။ ကပ်ဆိုးကြီးပြီးနောက်တွင် လု၀မ်လို သန်မာသည့် လေ့ကျင့်သူတစ်ယောက်ပင် အခက်အခဲ ရှိလာပါက တစ်ယောက်တည်း ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ထိုညက လု၀မ်သည် ကောင်းဖန်တို့ မြေးအဖိုးကို ညစာဖိတ်ကျွေးလိုက်သည်။ “လွန်ခဲ့တဲ့ ၂ ရက်က ကျုပ် ကျင်းလင်တောင်မှာ အမဲလိုက်နေတုန်း နတ်ဘုရားအဆင့် တစ္ဆေမီး ကျီးကန်းနဲ့ တွေ့ခဲ့တယ်.. အဲဒီကောင်က အရိုးများပေမယ့် သူ့အသားကတော့ အတော်စားကောင်းသားဗျ”
ကျီးကန်း.. ကောင်းဖန်သည် ကျီးကန်းသားကို တစ်ခါမှ မစားဖူးချေ။ သို့သော် တောကြီးမျက်မည်းတွင် နေထိုင်သူများအတွက်တော့ ကျီးကန်းသားသည် သိပ်ပြီး ထူးဆန်းကြသည် မဟုတ်ကြောင်းကိုတော့ သူကြားဖူးသည်။
ကောင်းဖန်သည် ဗိုက်ကိုပွတ်ရင်း ပြောလိုက်သည်။ “ကျွန်တော်တို့အပေါ် ကျေးဇူးကြွေးတွေ များနေပါပြီဗျာ.. တစ်ခုခု ပြန်မလုပ်ပေးနိုင်သရွေ့တော့ ထပ်ပြီး ဘာမှ လက်မခံရပါစေနဲ့တော့.. ဟာ.. ဒါနဲ့ ဒီလိုဆိုရင်ရော..”
ကောင်းဖန်သည် သူ့အဖိုးနားကို တိုးတိုးကပ်ပြောလိုက်သည်။ အဖိုးကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ ခဏကြာသောအခါ နဂါးဖြူကြီးသည် ကျင်းလန်တောင်တန်းဆီသို့ ခြင်္သေ့ဖြူလေးကို တင်ခေါ်ပြီး ထွက်သွားလိုက်သည်။
ကျင်းလန်တောင်တွင် ရှိသော ဟွေ့မြစ်သည် ဟွားရှားဒေသတစ်ဝှမ်း မြောက်မှတောင်သို့ စီးဆင်းနေသည်။ ထိုမြစ်ကြီးသည် ကျင်မင်းဆက်ရှိစဉ် ရှေးယခင်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။
တောင်တန်းကြီးသည် ကပ်ဆိုးကြီး မတိုင်မီကပင် သားရဲပေါင်းစုံတို့ ကျက်စားမွေ့ပျော်ရာ နေရာဖြစ်သည်။ ကပ်ဆိုးကြီး ဖြစ်ပြီးနောက်တွင်တော့ ထိုနေရာသည် သားရဲတို့၏ ကမ္ဘာဖြစ်လာပြီး သားရဲမြောက်များစွာ ကျက်စားနေလျက်ရှိသည်။ နတ်ဘုရားအဆင့်သားရဲပင် ထိုတောထဲတွင် တစ်ကောင်တည်း မသွားရဲပေ။
ထိုအချိန်တွင် မိုးထစ်ချုန်းသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သားရဲများစွား၏ အသံများသည် တောင်တစ်ခုလုံး ပြည့်နှက်သွားသည်။ ထို့နောက် ခြင်္သေ့ဟိန်းသံတစ်ခု ထွက်လာသည်။ ဝံပုလွေတစ်ကောင်ကလည်း ပြန်အူ၍ တုံ့ပြန်သည်။ ရုတ်တရတ် တောင်ပေါ်မှ သစ်ပင်များသည် ကြီးမားသော အရာကြီးတစ်ခုက ဖြတ်သန်းသွားသကဲ့သို့ ယိမ်းထိုးလှုပ်ရှားသွားသည်။ သေးငယ်သော သားရဲများသည် နေရာအနှံ့သို့ ထွက်ပြေးနေကြသည်။
“အဲဒီမှာ..” ခြင်္သေ့ဖြူသည် ကြီးမားသော မီးခိုးရောင်မြွေကြီးတစ်ကောင်ကို ညွှန်ပြလိုက်သည်။ ထို့နောက် သူသည်သည် ပါးစပ်ကို ဟလိုက်ပြီး သူ့ပစ်မှတ်ရှိရာဆီသို့ ရေခဲတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ထိုအလင်းတန်းသည် သူနှင့် ထိသမျှ လမ်းကြောင်းပေါ်မှ အရာအားလုံးကို ခဲသွားစေပြီး မီးခိုးရောင် မြွေကြီးပါ ခဲသွားသည်။ ခြင်္သေ့ဖြူ၏ စွမ်းအင် အငွေ့အသက်သည် တစ်တောလုံးကို ငြိမ်၀မ်ပိပြားနေစေကာ သားရဲလေးများသည် မြေကျင်းများထဲတွင်ပင် ပုန်းနေကြသည်။
အဲဒါ ဘုရင်အဆင့်လို့ ခေါ်တယ်ကွ.. ငါ့ကို ဘယ်သူမှ လာမရှုပ်ကြနဲ့..
ထိုစဉ်ရုတ်တရတ် ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုသည် ကျင်းလင်တောင်၏ နက်ရှိုင်းသော တစ်နေရာမှ ထွက်ပေါ်လာသည်။ ကောင်းကင်မှတိမ်များသည်ပင် ရုတ်တရတ် အေးခဲသွားသည်။
နဂါးဖြူသည် မျက်လုံးကို မှေးစင်းလိုက်သည်။ သူသည် မာနကြီးပြီး စိတ်မြန်လက်မြန် ရှိသူဖြစ်သည်။ ကျီဟန့်ဝူကြောင့်သာ သူသည် စိတ်ကို ချိုးနှိမ်ထားခြင်း ဖြစ်ရာ ယခုတော့ အမည်မသိ အရာတစ်ခုက သူ့ကို စိန်ခေါ်နေလေပြီ။ ကျီဟန့်ဝူလည်း အနားမှာ မရှိသောကြောင့် နဂါးဖြူသည် သူ၏ စွမ်းအင် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။
ထိုအခါ တောင်တစ်ခုလုံးရှိ သက်ရှိအားလုံး ငြိမ်သက်သွားတော့သည်။ ဘုရင်အဆင့်သားရဲ ၂ ကောင် ရှိနေသောကြောင့် မည်သူမှ တုပ်တုပ်မလှုပ်ရဲကြပေ။
ခြင်္သေ့ဖြူတစ်ကောင်တည်းသာ ထီးထီးကြီး ကျန်ခဲ့သည်။ သူသည် နဂိုက ဧကရာဇ်အဆင့်သားရဲ ဖြစ်လေရာ သူ၏ အဆင့် လျော့ထားသော်လည်း သူသည် ဘ၀မမေ့သူဖြစ်သည်။ သူသည်လည်း တောင်ထဲမှ အမည်မသိစိန်ခေါ်သူကို ငြိမ်ကျသွားအောင် သူ၏ စွမ်းအင် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။
တစ်ဖက်မှ သားရဲသည် အသက်ရှူပင် ရပ်သွားသည်ထင်သည်။ သူ၏ အငွေ့အသက်လည်း အစအနေ ပျောက်သွားသည်။ သူသည် တစ်ကောင်တည်းတောင် မဟုတ်ပဲ ဘုရင် အဆင့် သားရဲ ၂ ကောင်၏ အငွေ့အသက်ကို ရင်ဆိုင်နေရသည် မဟုတ်ပါလား။
သူသည် အငွေ့အသက်သည် မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
နဂါးဖြူးကြီးသည် ညစ်ကျယ်ကျယ်ပြုံးလိုက်သောအခါ သူ၏ ချွန်ထက်သော အဖြူရောင် သွားကြီးများ ထွက်ပေါ်လာသည်။ သူသည် စိန်ခေါ်သူကို သူ၏ စွမ်းအင်အငွေ့အသက်ဖြင့်ပင် အညံ့ခံအောင် လုပ်နိုင်လိုက်သည် မဟုတ်ပါလား။
တောင်တစ်ဖက်ခြမ်းရှိ အခြားသော သားရဲသံများသည်လည်း တိတ်ဆိတ်နေကြသည်။ ဘုရင်အဆင့်သားရဲ ၂ ကောင် ရှိနေသရွေ့ သူတို့သည် တုပ်တုပ်မှ မလှုပ်ဟု ဆုံးဖြတ်ထားကြပုံပေါ်သည်။
ခြင်္သေ့ဖြူက နှာခေါင်းရှူံ့လိုက်သည်။ “တော်လောက်ပါပြီ.. ပြန်ကြရအောင်.. တခြားသူတွေ စောင့်နေကြတယ်.. နောက်မှ ငါတို့ကို စိန်ခေါ်ရဲတဲ့ကောင်ကို ပြန်လာပြီး ပညာပေးကြတာပေါ့”
ထိုအခါမှ နဂါးဖြူကြီးသည် သူ့သခင်ကို သတိရသွားဟန်ဖြင့်ငြိမ်ကျသွားသည်။ ထို့နောက်သူသည် မြေကြီးပေါ်ဆင်းချလိုက်ကာ အေးခဲနေသည့် မြွေကြီးကို ကောက်ယူပြီး ပျံသန်းလိုက်သည်။
နဂါးဖြူနှင့် ခြင်္သေ့ဖြူတို့ ထွက်သွားသောအခါမှ တောနက်ထဲတွင် အငွေ့အသက်ကို ချုပ်တည်းပြီး တိတ်ဆိတ်နေသော သားရဲသည် စိတ်သက်သာရာ ရသွားတော့သည်။
ခြင်္သေ့ဖြူသည် နဂါးဖြူခေါင်းပေါ်တွင် တက်ထိုင်နေပြီး အူမြူးနေသည်ယ သူသည် ထိုခံစားမှုကို မရတာကြာပြီဖြစ်သည်။ အုပ်စုဖွဲ့အနိုင်ကျင့်ရသလို ခံစားမှုမျိုး ဖြစ်သည်။
ခြင်္သေ့ဖြူသည် အရင်က အတော်လေး အထီးကျန်ခဲ့သည်။ အရင်က သူနေခဲ့ဖူးသော နယ်ပယ်ထဲတွင် အုပ်စုအနေဖြင့် နေခဲ့ရတာမျိုး သိပ်မရှိခဲ့ချေ။
သူသည် တစ်ကောင်တည်းနေခဲ့ရတာ မလွယ်ကူခဲ့ပေ။ အရင်က သူသည် အခြားသော သားရဲအုပ်စုများနှင့် မကြာခဏ ထိပ်တိုက်တွေ့ခဲ့ရဖူးသည်။ ထိုအခါတိုင်း သူသည် အစားခံရမည်စိုး၍ အမြဲတမ်း ထွက်ပြေးခဲ့ရသည်။
နောက်ပိုင်းတော့ သူသည် ဘုရင်အဆင့် သားရဲများလောက်ကို သူတစ်ကောင်တည်း ရင်ဆိုင်နိုင်လာသည်။ သို့သော် သူသည် အဆင့်ကျသွားခဲ့သောအခါ ရွေးချယ်စရာ မရှိတော့ပဲ ဆင်ဆင်ခြင်ခြင် နေခဲ့ရသည်။
ယခုတော့ သူသည် နဂါးဖြူနှင့်အတူ သူတို့၏ အငွေ့အသက်ကို ထုတ်ပြရုံဖြင့် အခြားသားရဲကို ခြောက်လှန့်နိုင်ခဲ့ပြီ ဖြစ်သည်။ ခြင်္သေ့ဖြူလေးသည် ထိုအဖြစ်ကို မကြာခဏ ပြန်စဉ်းစားမြင်ယောင် မိနေသည်။ သူနှင့် အဆင့်သိပ်မကွာသော သားရဲတစ်ကောင်နှင့် ပေါင်းပြီး သူများကို အနိုင်ကျင့်ရတာ သူသည် အလွန်ပင် ပျော်နေမိသည်။
ထို့နောက် သူသည် သူ့သခင် ကောင်းဖန်ထံတွင် ဘုရင်အဆင့်သားရဲများ တိုးပွားလာခြင်း အပေါ်လည်း အံ့ဩနေမိသည်။
လု၀မ်သည် ကျီးကန်းကို အမဲဖျက်နေပြီး ကိုယ်တွင်းကလီစာတွေ မထုတ်ရသေးခင် သူ့ခေါင်းပေါ်မှ မိုးချုန်းသံတစ်ခုကို ကြားလိုက်ရသည်။
ထို့နောက် အမည်းရောင် သဏ္ဍာန်ကြီးတစ်ခုသည် သူ့ရှေ့သို့ ကျလာသည်။ ထိုအခါ မြေပြင်သည် သိမ့်သိမ့်တုန်အောင် ခါရမ်းသွားသည်။
သူ့ရှေ့တွင် အေးခဲနေသော တောင်မြွေကြီး ပြုတ်ကျလာခြင်း ဖြစ်သည်။
“ကျီးကန်းက ကျွန်တော်တို့ ၃ ယောက်အတွက် လုံလောက်နိုင်ပေမယ့် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်သားရဲတွေကကတော့ ၀ကြမှာ မဟုတ်ဘူး.. ဒီမြွေကြီးကို သူတို့ကို ကျွေးလိုက်ကြတာပေါ့” ကောင်းဖန်က ထောင့်တစ်နေရာမှ ပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၄၃ ရောဂါအခြေအနေများ
လု၀မ်သည် ကြီးမားသော မြွေကြီးက သူ့ရှေ့ကျလာသည့်အတွက် အလွန်ပင် လန့်သွားသည်။ သူသည် မြွေကြီးကို အမျိုးအမည် မခွဲခြားနိုင် ဖြစ်နေသည်။ သို့သော် သေသွားပြီးသည့်တိုင် မကွယ်ပျောက်သေးသည့် မြွေကြီး၏ စွမ်းအားကြီးသော အငွေ့အသက်ကိုတော့ ခံစားမိနေသည်။
မြွေတစ်ကောင်ကို ညစာအဖြစ် လုပ်စားခြင်းသည် သိပ်တော့ ခက်ခဲသည့် အရာမဟုတ်ပေ။ သေသပ် တိရိသော လေးထောင့်တုံးလေးများအဖြစ် တုံးလိုက်ရန်ပင် ဖြစ်သည်။ ကိုယ်ပိုင်သားရဲများသည် မြွေသားကို မြိန်ရည်ရှက်ရေ စားသုံးနေကြသည်။
တစ်ဖက်တွင်တော့ တစ္ဆေမီး ကျီးကန်းကို ပြင်ဆင်နေရတာ နည်းနည်း အလုပ်ရှုပ်နေသည်။ ထိုကျီးကန်းသည် နတ်ဘုရားအဆင့်သားရဲ ဖြစ်နေခဲ့သည် မဟုတ်ပါလား။ ကျီးကန်းသည် သေထားတာ ၂ ရက်လောက် ကြာပြီ ဖြစ်သော်လည်း လု၀မ်သည် ခက်ခက်ခဲခဲ ကိုင်နေရသည်။
ဓားသုံးထားလျက်နှင့်ပင် လု၀မ်သည် ကျီးကန်းကို အမွှေးနှုတ်ရတာ အဆင်မပြေ ဖြစ်နေသည်။ နောက်ဆုံးတော့ လေဆာဖြတ်စက်ကိုပင် သုံးလိုက်ရသည်။
လု၀မ်ချွေးပြန်နေသည်ကို ကြည့်ပြီး ကောင်းဖန်က ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။ “ကျွန်တော် လုပ်ကြည့်မယ်”
လု၀မ်သည် နောက်ကိုဆုတ်လိုက်ပြီး ကောင်းဖန်လုပ်တာကို ကြည့်နေလိုက်သည်။ ကောင်းဖန်သည် တာ့ဇီကို ငှက်၏ လက်သည်းကို ချိုးခိုင်းလိုက်သည်။ ထို့နောက် ထိုလက်သည်းကို သုံး၍ ငှက်၏ ၀မ်းဗိုက်ကိုခွဲလိုက်ကာ ကိုယ်တွင်း ကလီစာများကို ဆွဲထုတ်လိုက်သည်။
လု၀မ်သည် ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူသည် ကောင်းဖန်၏ ဉာဏ်ရည်ကို အံ့ဩခြင်းမဟုတ်ပဲ ငှက်၏ ထူထဲလှသော အရေပြားကို အလွယ်တကူ ဆွဲစုတ်လိုက်နိုင်ခြင်းအပေါ် အံ့ဩနေခြင်း ဖြစ်သည်။ ထိုကဲ့သို့ လုပ်နိုင်ရန်မှာ နည်းနည်းနောနော အားအင်မဟုတ်ချေ။
အတွင်းကလီစာတွေ ထုတ်ပြီးသော အခါ ကျီးကန်းကို တံစို့ကင်လိုက်သည်။ ဘေးနားတွင် လု၀မ်ပြင်ဆင်ထားသော ဟင်းခတ်အမွှေးအကြိုင်များ ရှိနေသည်။
ကျီးကန်းသား၏ အရသာရှိကာ မွှေးကြိုင်နေသည့် အနံ့သည် တစ်အိမ်လုံး ပျံ့နှံ့နေသည်။ မြွေသားကို ဝါးရင်း အလုပ်ရှုပ်နေသော တာ့ဇီသည် မျက်လုံးလှန်ကြည့်လိုက်ကာ ကောင်းဖန်လက်ထဲမှ အငွေ့တထောင်းထောင်းထနေသော အသားတုံးကို မြင်သွားသည်။ ထို့နောက် သူသည် အေးစက်နေပြီး ဝါးလို့မကောင်းသည့် မြွေသားကို ပြန်ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးသည် နီရဲသွားသည်။ ကောင်းဖန်တို့က အစားကောင်းစားနေကြတဲ့ အချိန်မှာ ငါကတော့ ဒါစားနေရတယ်..
တစ်ဖက်တွင်တော့ တောင်ကုန်းထိပ်တစ်ခုတွင် လူတစ်စုသည် ရုတ်တရတ် ထွက်ပေါ်လာသည်။ သူတို့အားလုံးသည် ပါးစပ်ကာ မက်စ်များ တပ်ထားကြပြီး ဖြူဖျော့သော အသားအရေ ရှိကြသည်။ အချို့သူတို့သည် မျက်လုံးများသည် သွေးနီရောင် ဖြစ်နေပြီး မျက်ခုံးများကို တွန့်ကွေးထားကြသည်။
သူတို့တောင်ထိပ်ရောက်သောအခါ ပထမဆုံးမြင်လိုက်ရသောအရာမှာ သူတို့ကို နောက်ကျောပေးထားသော နဂါးဖြူကြီးကို ဖြစ်သည်။ သိပ်မဝေးသော တစ်နေရာတွင်တော့ ထူးဆန်းသော အသံများထွက်နေသည့် ဦးနှောက်တစ်ခုကို လေထဲတွင် ဝဲနေတာကို တွေ့လိုက်ရသည်။
“ငါတို့ နေရာများမှားလာတာလား” တစ်စုံတစ်ယောက်က မေးလိုက်သည်။ သားရဲများ၏ အငွေ့အသက်များသည် သူတို့အတွက် ခေါင်းပင်မူးလာစေသည်။
“ဟိုဟာကတော့ လု၀မ်ရဲ့ အလံလိုပါပဲ” သူတို့ အုပ်စု၏ အရှေ့ပိုင်းနားမှ မိန်းကလေးက စစ်မှုရေးရာ အလံကို ညွှန်ပြရင်း ပြောလိုက်သည်။
အလံသည် သူအကြိုက်ဆုံး စစ်ပွဲရုပ်ရှင်ကို ကြည့်နေတုန်း ဖြစ်သည်။ သူသည် တစ်ခါတစ်ရံ သူ့ကိုသူ လှည့်လိုက်၊ တဖျတ်ဖျတ် လွင့်လိုက်နှင့် ရုပ်ရှင်ထဲကို စိတ်လွတ်လက်လွတ် မျောပါနေသည်။
“မစ္စတာလု၀မ်.. ကျွန်တော်တို့က ဟန်ကျောင်း အခြေစိုက်မြို့ကပါ” တည်ကြည်သော ပုံစံရှိသည့် သူတစ်ယောက်က ပြောလိုက်သည်။
ညစာစားနေဆဲဖြစ်သော လု၀မ်သည် ခဏရပ်လိုက်ပြီး အပြင်ဖက်မှ လူတစ်စုကို ကြည့်လိုက်သည်။ ထို့နောက်သူသည် ကောင်းဖန်တို့ မြေးအဖိုးကိုကြည့်လိုက်ပြီး သူ့လက်ထဲမှ အသားတုံးကို ပန်းကန်ထဲ ပြန်ထည့်လိုက်ကာ ပါးစပ်သုတ်လိုက်သည်။ “ကျုပ်ကို ခဏလောက် ခွင့်ပြုပါဦး”
လု၀မ်သည် ကြည့်ကောင်းသော ရုပ်ရည်ရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် အနည်းဆုံး အရပ် ၆ ပေခန့်ရှိပြီး မျက်ခုံးထူထူနှင့် ဖြစ်ကာ ကြွက်သားတောင့်တင်း ခိုင်မာသူ တစ်ဦးဖြစ်သည်။ သူလမ်းလျှောက်လိုက်တိုင်း ခြေထောက်ကြွက်သားဖ ပုခုံးကြွက်သားများသည် စွမ်းအင်အပြည့်နှင့် ဖြစ်နေသည်။
“ဘာများကူညီပေးရမလဲ” လု၀မ်က အသံဩဩဖြင့် မေးလိုက်သည်။
အုပ်စု၏ အရှေ့ဆုံးမှ မိန်းကလေးသည် အရှေ့ကို တိုးလာသည်။ သူမအမည်သည် လျူရှောင်လုဖြစ်သည်။ သူမက အလောတကြီး လေသံဖြင့် ပြောလိုက်သည်။ “မစ္စတာလု.. ကျွန်မတို့ မြို့ထဲမှာ ပုလိပ်ရောဂါ ပျံနေပါတယ်.. ဟန်ကျောင်း အခြေစိုက်မြို့တစ်ခုလုံး သီးသန့်ခွဲပြီး နေနေရပါတယ်”
“ဒါဆိုလည်း ပုလိပ်ရောဂါတွေဘာတွေ ကုသနိုင်မယ့်သူကို ရှာလေ.. ကျုပ်က ဘာဆိုင်လို့တုန်း.. ဆရာ၀န်လည်း မဟုတ်” လု၀မ်က သူ့ရှေ့မှ မိန်းကလေးကို ပြန်ပြောလိုက်သည်။ သူမသည် ဂျက်ကတ်အနွေးထည်နှင့် သားရေဘောင်းဘီရှည်ကို ၀တ်ဆင်ထားသည်။
လု၀မ်သည် သူ့ဧည့်သည် ၂ ယောက်နှင့် ညစာစားပွဲကို အနှောင့်အယှက် မဖြစ်လိုဟန်နှင့် အနောက်ကို တစ်ချက်ကြည့်လိုက်သည်။ “သတ်ဖို့ လိုအပ်တဲ့ သားရဲရှိရင်တော့ ကျုပ်ကို ပြောပါ.. ကျုပ်ကူညီနိုင်တယ်.. ဒါပေမယ့် ပုလိပ်ရောဂါကတော့ ကျုပ်လည်း မကုတတ်ဘူး”
“ကူးစက်ခံရတဲ့သူတွေအားလုံး မြို့ထဲမှာ သွေးရူးသွေးတန်း လျှောက်ပြေးနေကြတယ်.. အခုချိန်မှာ အခြေအနေတွေကို ငြိမ်သက်အောင် လုပ်ပေးနိုင်တာ ရှင်တစ်ယောက်ပဲ ရှိလို့ပါ” လျူရှောင်းလုက မျက်ရည်စများဖြင့် ပြောလိုက်သည်။
လု၀မ်သည် ဟန်ကျောင်းမြို့၏ တစ်ဦးတည်းသော လက်ရွေးစင် သားရဲလေ့ကျင့်သူဖြစ်သည်။ သူသည် ထိုဂုဏ်ထူးရထားတာ သိပ်မကြာသေးပေ။
သူသည် ထိုသူများကို ကူညီဖို့ တွန့်ဆုတ်နေပုံရသည်။ ကပ်ဆိုးကြီး မတိုင်မီက သူသည် သာမာန် လက်သမား တစ်ယောက်ဖြစ်သည်။ သူ၏ ပထမဆုံး သားရဲသည် လိပ်ကြီးဖြစ်ပြီး အဲဒီတုန်းက သာမာန်အတိုင်း မွေးစားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ လု၀မ်သည် သူ၏ ဂုဏ်ကို မြင့်တက်စေနိုင်သော ကိစ္စရပ်များနှင့် ကြုံတွေ့ခဲ့ရသည်။ သူသည် ကံကောင်းစွာဖြင့် စစ်မှုရေးရာ အလံကိုလည်း လေ့ကျင့်ထိန်းကျောင်း နိုင်ခဲ့သည်။
ထိုသို့ဖြင့် သူ့တွင် နတ်ဘုရားအဆင့်သားရဲ ၂ ကောင် ရှိလာခြင်း ဖြစ်သည်။
သူသည် အခြားသူများကိစ္စတွင်လည်း တော်ရုံ၀င်ပါလေ့ မရှိပေ။ ထို့ကြောင့်လည်း သူသည် တစ်ကိုယ်တည်း နေနေခြင်း ဖြစ်သည်။
သူသည် သူ့ကို အကူအညီ ခဏခဏ လာတောင်းသူများကို ရှောင်ရှားရန် တောင်ပေါ်တွင် သွားနေဖို့ ဆုံးဖြတ်ခဲ့ပြီး တစ်ခုခု အရေးကြီး ကိစ္စ ရှိမှသာ သူ့ကို ဆက်သွယ်ဖို့ ဟန်ကျောင်း၏ အာဏာပိုင်များကိုလည်း မှာခဲ့သည်။
မြို့ထဲမှာ ပုလိပ်ရောဂါဖြစ်တာ ငါနဲ့ဘာဆိုင်လို့လဲ.. သူသည်အတွေးပွားနေမိသည်။
“ကျွန်တော်တို့ သွားကြည့်လိုက်ကြတာပေါ့.. ကျွန်တော်တို့ မရှိတုန်း နတ်ဘုရားအဆင့်သားရဲတွေကို ထားခဲ့လို့ရတာပဲ.. ပုလိပ်ရောဂါက ကျွန်တော်တို့အပေါ်တော့ သက်ရောက်မှု ရှိမယ် မထင်ပါဘူး” ကောင်းဖန်က အနောက်ကနေ၍ ရုတ်တရတ် ၀င်ပြောလိုက်သည်။
လျူရှောင်းလုသည် လု၀မ်အနောက်က ပေါ်လာသော သူကို ကြည့်လိုက်သည်။ သူမဘ၀တွင် လု၀မ်ကို ရင်းနှီးစွာ စကားပြောသောသူ မတွေ့ခဲ့ဖူးပေ။ လု၀မ်သည် လူ့ဂွစာတစ်ယောက် မဟုတ်ပါလား။
သူမပိုအံ့ဩရသည်မှာ လု၀မ်သည် ထိုသူ၏ စကားကို မကန့်ကွက်ပဲ ခေါင်းညိတ်လိုက်ခြင်းကို ဖြစ်သည်။ “ကောင်းပြီလေ”
…
“သူတို့တွေက ရောဂါကူးစက်ခံထားရတဲ့ သူတွေပဲ” ဆေးရုံထဲတွင် ကောင်းဖန်သည် ဆိုးရွားလှသော အခြေအနေများကို လိုက်လံကြည့်ရှုနေသည်။
“သူတို့ ၃ ယောက်က ဆေးရုံကို လွန်ခဲ့တဲ့ တစ်လကတစ်ယောက်၊ လွန်ခဲ့တဲ့ ၂ ပတ်က တစ်ယောက်၊ လွန်ခဲ့တဲ့ ၃ ရက်ကတစ်ယောက် ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတာ” ဆရာက ထူထဲသော ၀တ်စုံကို ၀တ်ထားရင်း ရှင်းပြလိုက်သည်။
ဆရာ၀န်သည် ကောင်းဖန်ကို ထူထဲသော ဆေးမှတ်တမ်းတစ်ထပ်ကြီးကို ပေးလိုက်သည်။
ပထမဆုံးစာမျက်နှာတွင် မိန်းကလေးတစ်ယောက်ပုံ ရှိနေသည်။ သူမ၏ စိတ်အခြေအနေသည် ပုံမှန်မဟုတ်သလို ဖြစ်နေပြီး သူမတစ်ကိုယ်လုံးသည် အလွန်ပိန်လှီနေသည်။
“သူမက ကျွန်တော်တို့ဆီမှာ ရောက်နေတာ ၃ ရက်လောက်ရှိပြီ” ဆရာ၀န်က ပြောလိုက်သည်။ “သူ့လို အခြေအနေ တစ်ခါမှ မတွေ့ဖူးဘူး”
သူမပုံဘေးတွင် သူမ၏ ရောဂါအခြေအနေကို ရေးသားထားသည်။
[လူနာအမည်] - ကျိုးယွမ်ယွမ်
[အသက်] - ၂၁
[ရောဂါကူးစက်ခံရချိန်] - ၇၆ နာရီ
[အခြေအနေ] - အဖျားတက်၊ သတိလစ်၊ အစားမစား၊ သွေးဆာတတ်၊ အားပိုသန်နေ၊ ဆံပင်ကျွတ်၊ အခြားသူများကို ကူးစက်နိုင်၊ သွေးလှည့်ပတ်မှု မြန်နေ
အခြားသော ဆရာ၀န်များသည် ထိုစာမျက်နှာ၏ အနောက်တွင် သူတို့၏ စစ်ဆေးမှုမှတ်တမ်းများကို ချရေးထားသည်။
[လူနာသည် စိတ်ကြွပြီး ရန်လိုနေသည့် ပုံတော့ မရှိပါ။ သို့သော် မှတ်ဉာဏ်ချို့ယွင်းမှုတွေဖြစ်နေပြီး သူမနှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ဖြစ်နေသည်]
[လူနာသည်...]
ကောင်းဖန်သည် အခြားသော စာပိုဒ်များကို ဖတ်ရင်း နားမလည်နိုင်ဖြစ်နေသည်။ ထိုအရာသည် ရုပ်ရှင်ဇာတ်ကားတစ်ခုလို ဖြစ်နေသည်။ သူသည် နောက်တစ်မျက်နှာကို လှန်လိုက်သည်။
[လူနာအမည်] - ချန်ဝေ့ကျောင်း
[အသက်] - ၃၂
[ရောဂါကူးစက်ချိန်] - ၃၆၁ နာရီ
[ရောဂါအခြေအနေ] - ဆံပင်များသည် လုံးလုံးကျွတ်သွားခဲ့ပြီ ဖြစ်သည်။ အရေပြားများတွန့်လာသည်။ သွားများကျိုးလာသည်။ အခြေအနေသိပ်မကောငိးပေ။ အလွန်သွေးဆာနေသည်။ သွေးလှည့်ပတ်မှု တိုးနေသည်။ နှလုံးခုန်မြန်နေသည်။
ပုံထဲမှလူ၏ မျက်နှာသည် အတော်ပင် ပျက်ယွင်းနေပြီ ဖြစ်သည်။
သူ၏ ကတုံးပြောင်ပေါ်တွင် အရေပြားများတွန့်နေသည်။ သူ၏ မျက်တွင်းများသည် ချိူင့်နေသည်။ သူ့နှာခေါင်းကလည်း ရှုံ့နေသည်။ အပြာရောင်လူနာ၀တ်စုံကို ၀တ်ထားပြီး သွားမရှိသောကြောင့် အဖိုးအိုတစ်ယောက်လို ဖြစ်နေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၄၄ တစ်မြို့လုံးပြန့်နေသော ရောဂါကပ်
ကောင်းဖန်သည် ထိုလူကို ၃၂ နှစ်သာ ရှိသေးသည်ဆိုတာကို မယုံနိုင်ဖြစ်နေလေသည်။ သူ့ပုံစံသည် လေညင်းလေးက ဖြတ်တိုက်လိုက်လျှင်တောင် လဲကျသွားတော့မည့်ပုံ ဖြစ်နေလေသည်။
ဆေးမှတ်တမ်းထဲတွင် သူရောဂါမဖြစ်ခင်က သာမာန်ပုံစံကို ကပ်ထားသည်။ သူသည် တည်ကြည်သောရုပ်ရည် ရှိသူဖြစ်သည်။ သူ၏ ပျော်ရွှင်နေသေယ မျက်နှာကို ကြည့်ခြင်းအားဖြင့် သူသည် ပျော်ရွှင်စရာ မိသားစုမှ လာကြောင်း သိသာ လှသည်။
သူသည် နောက်ဆုံးလူနာ မှတ်တမ်းကို လှန်ကြည့်လိုက်သည်။ သူသည် လူနာ၏ ရုပ်ကို တွေ့တွေ့ချင်း ကြက်သေသေသွားမိသည်။ “ဒါ.. ဒါက လူနာလား”
ကောင်းဖန်သည် ပုံထဲမှသူကို လူရော ဟုတ်ရဲ့လားဟုပင် တွေးနေမိသည်။
ထိုလူ၏ ကိုယ်သည် အလွန်ကိုင်းနေပြီး ကျောရိုးသည် အမြှောင်းလိုက်ဖြစ်နေသည်။ သူ၏ ချိုင့်နေသော မျက်တွင်းများသည် မဲမှောင်နေပြီး အရိုးစုကြီးလိုပင် ဖြစ်နေသည်။ သူ၏ ပါးစပ်ကြီးသည် ဟနေပြီး အထဲတွင် သွားများ မရှိတော့ချေ။ ကောင်းဖန်သည် ထိုပါးစပ်တွင်းမှ ထွက်လာသော ညီးညူသံများကိုပင် ကြားနေရသလို ခံစားနေရသည်။
ထိုသူသည် လူထက် အင်းဆက်တစ်ကောင်နှင့်ပင် ဆူနေသည်။
[လူနာအမည်] - ကျင်ရှန်းမင်း
[အသက်] - ၁၈
[ရောဂါကူးစက်ချိန်] - ၇၂၆ နာရီ
[ရောဂါလက္ခဏာများ] - ဆံပင်များအားလုံး ကျွတ်ကုန်ပြီ ဖြစ်သည်။ အမြင်အာရုံလည်း ပျောက်ဆုံးနေပြီး အခြားသော အာရုံခံအစိတ်အပိုင်းများကတော့ တိုးတက်နေပုံပေါ်သည်။ ထူးခြားသော လှုပ်ရှားမှုများ ရှိပြီး ခွန်အားတိုးတက်လာသည်။ အရိုးသိပ်သည်းဆလည်း တိုးလာသည်။ သွေးမြင်လျှင် စိတ်လှုပ်ရှားတတ်သည်။ အလုံးစုံကူးစက်ခံလိုက်ရပုံ ပေါ်သည်။ အခြားသူများကိုတော့ မကူးစက်နိုင်တော့ချေ။
ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ “တခြားသူတွေကို မကူးစက်နိုင်တော့ဘူးတဲ့လား..” တစ်ခုခုတော့ မှားနေပြီဟု တွေးလိုက်မိသည်။
“ဟုတ်တယ်.. ဒီလူနာက တခြားကျန်းမာတဲ့ လူတွေကို မကူးစက်နိုင်တော့တာ တွေ့ရတယ်” ဆရာ၀န်တစ်ယောက်က ပြောလိုက်သည်။
ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “သူ့ကို တွေ့လို့ရမလား”
သူ၏ တောင်းဆိုမှုကို ကြိုတင်ခန့်မှန်းထားသကဲ့သို့ပင် ဆရာ၀န်သည် ချက်ချင်းလှည့်လိုက်ပြီး လူနာဆောင်ကို ခေါ်သွားလိုက်သည်။ လျှောက်လမ်းတစ်ခုကို ဖြတ်ပြီးသောအခါ ကောင်းဖန်သည် ထိုလူနာကို ပုံစံပျက်ယွင်းစွာ တွေ့လိုက်ရသည်။ သူရှိရာ အခန်းကို ကျည်ကာမှန်များဖြင့် ကာရံထားသည်။
သူအနီးကပ်သွားကြည့်လိုက်သောအခါ မှန်ကို တစ်စုံတစ်ခုက ပြင်းထန်စွာ ရိုက်လိုက်သံကြီး ထွက်ပေါ်လာသည်။ မှန်တွင် မျက်နှာတစ်ခုကပ်နေပြီး အဝါရောင် အချွဲရည်များဖြင့် ပေကျံနေသည်။
ကျီရှန်းမင်းသည် မှန်ကို ဒေါသတကြီး ထုပြီး သူ့ကို လာကြည့်သူများကို မာန်ဖီသလို အော်ဟစ်နေသည်။
“သူက.. လူမဟုတ်တော့ဘူး..” ကောင်းဖန်၏ မျက်လုံးထဲတွင် အချက်အလက်များ ပေါ်လာသည်။
[သားရဲအမည်] - အစိမ်းရောင် ပုလိပ်ပိုး ကူးစက်ရောဂါရှင်
[သားရဲအဆင့်] - အဆင့် ၃
[သားရဲစွမ်းရည်] - သာမာန်
[သားရဲအမျိုးအစား] - အဆိပ်
[သားရဲအားနည်းချက်] - မီး
[သားရဲဖော်ပြချက်] - အစိမ်းရောင် ပုလိပ်ပိုး ကူးစက်ရောဂါရှင်သည် သူ၏ ပတ်၀န်းကျင်တွင် သူ့ကိုယ်မှ အပိုင်းအစများကို ထုတ်လွှတ်ပြီး မျိုးဆက်ပွားခြင်းကို ပြုလုပ်သည်။ ထိုအပိုင်းအစများကို ကူးစက်ခံရသူသည် အစိမ်းရောင် ပုလိပ်ပိုးများ၏ ခြယ်လှယ်ခြင်းကို ခံရတော့မည် ဖြစ်သည်။ ထိုပုလိပ်ပိုးများသည် ကြမ်းတမ်းခက်ခဲသောနေရာများတွင်လည်း အသက်ရှင်နိုင်ချေ များသည်။ သူ၏ သေးငယ်သော အရွယ်အစားကြောင့် ခြေရာခံရလည်း ခက်ခဲသည်။ မြင့်မားသောအပူချိန်တွင်တော့ မနေနိုင်ချေ။
ကောင်းဖန်သည် မျက်လုံးပြူးသွားသည်။ ဒါက ပုလိပ်ရောဂါ မဟုတ်ဘူးပေါ့.. ဒါဆိုရင်..
ကောင်းဖန်သည် သူ၏ ဆေးရုံသုံး၀တ်စုံကို ငုံ့ကြည့်လိုက်သည်။
“ဘယ်လ်ဒီ.. ဒီဆေးရုံကို စကန်ဖတ်ပေးပါ” ကောင်းဖန်က ဦးနှောက်ကို အမိန့်ပေးလိုက်သည်။ ဘယ်လ်ဒီဆိုသော နာမည်သည် သူတို့ခရီးစဉ်အတွင်း ဂိုဒီကပေးလိုက်သော နာမည်ဖြစ်သည်။ ထို့ကြောင့် ထိုနာမည်ကို တရားဝင်သတ်မှတ်ပြ ခေါ်လိုက်ကြခြင်း ဖြစ်သည်။
ကောင်းဖန်က ဘာကြောင့် ထိုနာမည်ပေးရသလဲဟု မေးသောအခါ ဂိုဒီက ရိုးသားစွာပင် ဖြေခဲ့သည်။ “ငါ့မှာ အမွှေးအတောင် မရှိပေမယ့် အနည်းဆုံးတော့ ငါက အဲဒီကောင်လို အရေပြားမရှိတဲ့ကောင်တော့ မဟုတ်ဘူးလေ.. အဲဒီကောင်လောင် ပြောင်တဲ့ကောင် ရှိဦးမလား”
ဘယ်လ်ဒီ၏ စိတ်စွမ်းအင်သည် ဆေးရုံတစ်ခုလုံးကို ကိုယ်ပျောက်ရောင်ခြည် တစ်ခုလို ဖြန့်ကျက်လိုက်သည်။ ထို့နောက် ရလဒ်များကို ကောင်းဖန်ဆီ ပို့ပေးလိုက်သည်။ သူသည် ရလဒ်ကို ဖတ်ပြသောအခါ ကျောရိုးထဲပင် စိမ့်သွားသည်။
ဘယ်လ်ဒီ၏ မှတ်တမ်းထဲတွင် အဖြူရောင် အစက်အပျောက်လေးများသည် ဆေးရုံတစ်ခုလုံး နေရာလပ်မရှိ အပြည့်ဖြစ်နေသည်။
ဦးနှောက်သည် သူ့ပတ်၀န်းကျင်တွင် ရှိရှိသမျှ လူသားများ သားရဲများအားလုံးကို စကန်ဖတ်လိုက်ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူ၏ အငွေ့အသက်ကို မည်မျှပင် ဖုံးအုပ်ထားပါစေ ဦးနှောက်၏ စကန်ဖတ်မှုတွင်တော့ ပေါ်နေဦးမည် ဖြစ်သည်။
ထိုအဖြူရောင် အစက်အပျောက်လေးများ၏ အလင်းအမှောင်သည် ထိုသူ၏ စွမ်းအင်အဆင့်ကို ဖော်ပြနေသည်။ ထိုအဖြူရောင်အစက်လေးများသည် ဆေးရုံတစ်ခုလုံးရှိလူများပေါ်တွင် ရှိနေသောကြောင့် အဖြူရောင်အစက်များသည် အပြည့်ပင် ဖြစ်နေခြင်း ဖြစ်သည်။
“အားလုံးကို သတ်ပစ်လိုက်ရမလား” ဘယ်လ်ဒီက မေးလိုက်သည်။
ထိုအရာများ၏ အငွေ့အသက်သည် ပုံမှန်ပိုးစုန်းကြူးလေးတစ်ကောင်ထက်ပင် မှေးမှိန်သေးသည်။ ဘယ်လ်ဒီသည် သူ၏ အတွေးဖြင့်ပင် အကုန်လုံးကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိသည်။
ကောင်းဖန်သည် ခွင့်ပြုလိုက်တော့မလို ဖြစ်ပြီးမှ ရုတ်တရတ် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်သည်။ “နေဦး.. အပြင်ဖက်ကိုလည်း စကန်ဖတ်ကြည့်.. ပြီးရင် တစ်မြို့လုံးကိုပါဖတ်ကြည့်”
ထို့နောက် ဘယ်လ်ဒီသည် ကောင်းဖန်ကို သတင်းပြန်ပို့လိုက်သောအခါ ကောင်းဖန်သည် ကြိုတွေးထားပြီးဖြစ်သည့်တိုင် အလွန်ပင် တုန်လှုပ်သွားသည်။
အစိမ်းရောင်ပုလိပ်ပိုးသည် မြို့တစ်ခုလုံးကိုတော့ မပြန့်သေးသော်လည်း အဆောက်အအုံများ၊ လူများ၏ အ၀တ်အစားများတွင် တွယ်တက်နေသည်ကို မြင်ရသည်မှာ သွေးပျက်ဖွယ်ပင် ဖြစ်သည်။ ကောင်းဖန်သည် ထိုနေရာတွင် ငူငူကြီး ရပ်နေပြီး ဘာလုပ်ရမှန်း မသိတော့ချေ။
ပုံမှန်စဉ်းစားကြည့်လျှင်တော့ သူသည် ထိုအရာများအားလုံးကို မျက်စိတစ်မှိတ်အတွင်း သတ်ပစ်နိုင်သော်လည်း ခဏတာ ပြဿနာ ငြိမ်းသွားသည့်တိုင်အောင် ပိုကြီးသည့် ပြဿနာ ဖြစ်လာမှာလည်း စိုးရသည်။
သူသည် ထိုရောဂါကပ်ကို ဖြန့်သည့်သူအား သွားလှောင်သလို ဖြစ်နိုင်ပြီး ပိုကြီးသည့် ရောဂါကပ်ဖြစ်လာမည်ကိုစိုးရိမ်နေမိခြင်း ဖြစ်သည်။
“ဘာဖြစ်လို့လဲ.. မစ္စတာကောင်း” ဘေးမှ ဆရာ၀န်က မေးလိုက်သည်။
ကောင်းဖန်က ပြန်လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ “တောင်းပန်ပါတယ်.. လူနာကို အနီးကပ် ကြည့်လိုက်မိတော့ လန့်သွားလို့ပါ”
“စိတ်မပူပါနဲ့.. သူက ဒီမှန်တွေကို မချိုးဖောက်နိုင်ပါဘူး.. ဒါနဲ့ ကုသမှုအတွက် အဖြေတစ်ခုခုများ ရှာတြွေမိပါသလား” ဆရာ၀န်က ကောင်းဖန်ကို ကြည့်ပြီးမေးလိုက်သည်။
“ဒီပုလိပ်ရောဂါက ဘာလို့ ဒီလောက်အားပျော့လဲ သိချင်နေတာပါ”
“အားပျော့တယ်..” ဆရာ၀န်က ရေရွတ်လိုက်သည်။ သူသည် ကောင်းဖန်ပြောလိုက်သည်ကို မယုံနိုင်ပင် ဖြစ်သွားသည်။
“ဟုတ်တယ်.. အခုကူးစက်ခံရသူတွေက သာမာန်လူတွေလေ.. ဒါပေမယ့် သားရဲတွေအထိ မကူးစက်ဘူးဆိုတော့ အကျိုးသက်ရောက်မှုက ကန့်သတ်ထားသလို ဖြစ်နေတာပေါ့” ကောင်းဖန်က ဆရာ၀န်ဘက်သို့ လှည့်ကာ လျှောက်လမ်းကို လျှောက်နေရင်း ရှင်းပြလိုက်သည်။
ကောင်းဖန်ထွက်သွားသည်အထိ ဆရာ၀န်သည် ကြည့်နေခဲ့ပြီး ထိုဆရာ၀န်သည် မျက်မှန်အောက်မှနေ၍ အကြည့်တစ်မျိုး ပြောင်းသွားလေသည်။
“ဒါကို ဘယ်လိုလုပ်ရမလဲ အကြံပေးပါဦး” ကောင်းဖန်က ခြင်္သေ့ဖြူကို မေးလိုက်သည်။
“အင်း.. ဒီလိုမျိုး ကပ်ပါးအင်းဆက်တွေကို အမျိုးဖြုတ်ဖို့နည်းလမ်းကတော့ တစ်ခုပဲ ရှိတယ်.. သူတို့ရဲ့ မိခင်အင်းဆက်ကို ရအောင် ရှာပြီး သတ်ပစ်ဖို့ပဲ.. အဲဒါဆို ကျန်တာတွေပါ အကုန်လိုက်သေသွားမှာပဲ” ခြင်္သေ့ဖြူက ပြန်ဖြေလိုက်သည်။
“ငါလည်း အဲဒီလိုပဲတွေးတယ်.. ပြဿနာက အဲဒီပုန်းနေတဲ့ မိခင်အင်းဆက်ကို ဘယ်လို ရှာရမလဲ ဆိုတာပဲ” ကောင်းဖန်က ရေရွတ်လိုက်သည်။
သူသည် ရင်ဆိုင်နေရသော အရာကို ကြောက်နေခြင်းတော့ မရှိပါချေ။ ဒီနေရာသည် အနက်ရောင် မြူခိုးကမ္ဘာလည်း မဟုတ်ပေ။ ကမ္ဘာဖြစ်နေသောကြောင့် သိပ်တော့ ကြောက်စရာကိစ္စ မရှိပါချေ။
သူသည် သူ၏ ဘုရင်အဆင့်သားရဲများ လက်ချက်ဖြင့် အကုန်သေကုန်ကြမှာကိုတောင် စိုးရိမ်နေခြင်း ဖြစ်သည်။
“မစ္စတာကောင်း” သားရေ ဘွတ်ဖိနပ်ကို စီးထားသော လျူရှောင်းလုက သူ့ကို ခေါ်လိုက်သည်။ သူမသည် ယခင်က ကောင်းဖန်တို့ မြေးအဖိုးကို ရုတ်တရတ် မမှတ်မိခဲ့ပေ။ သူမသည် တီဗီအစီအစဉ်များကို မကြာခင်က ကြည့်လိုက်မိပြီးမှ သိလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့ ဘယ်သူဆိုတာကို သိသိချင်း သူမပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ သူမသည် အစက လု၀မ်ကို လာအကူအညီတောင်းသူများဟုပင် ထင်လိုက်မိသေးသည်။
“အိုး.. မေ့တော့မလို့.. ဒီပုလိပ်ရောဂါက ဘယ်ကနေစဖြစ်လဲဆိုတာ ရှာပေးလို့ရမလား.. သိရတာနဲ့ ကျွန်တော့်ကို ပြောပေးပါ” ကောင်းဖန်က ပြောလိုက်သည်။ သူသည် ထိုကိစ္စကြီးနှင့် ပတ်သက်ပြီး ဟန်ကျောင်း အစိုးရလို အဖွဲ့အစည်းကြီးသည် ဘာမှမသိထားစရာ အကြောင်း မရှိနိုင်ဟု တွေးနေမိသည်။