← Chapters

အခန်း (၄၅၃-၄၅၆)

Vol. 29 Ch. 453-456

အခန်း (၄၅၃-၄၅၆)

Vol. 29 Ch. 453-456

အခန်း ၄၅၃ နတ်ဘုရားမတောင်ထိပ်

“မဆိုးပါဘူး” ကောင်းဖန်က ခပ်တိုးတိုးပြောသည်။

သူ့ရှေ့တွင်ရပ်နေသော ဟွမ်းယာက မေးသည် “ဘယ်သူက မဆိုးတာလဲ သခင်လေး”

“သူ့ရဲ့ အချက်အလက်တွေလေ” ကောင်းဖန်ကပြောသည်။

ပြိုင်ဖက်ကင်းသားရဲဝိသေသလက္ခဏာတစ်ခု ရှိနေခြင်းက ဒီသားရဲက အရင်တုန်းတည်းက ထိပ်တန်းအရည်အသွေးကို ရောက်ရှိအောင်မြင်ခဲ့ပြီးသားဆိုတာ ပြနေသည်။ သူရဲ့ အဆင့်တိုးတက်ခြင်းကြောင့်ပဲ အကောင်းဆုံးအရည်အသွေးသို့ကျသွားတာလား.. အခုက မှန်ကန်တဲ့အရည်အသွေးကို ပြန်ရောက်သွားပြီလား ဆိုတာတော့ ကောင်းဖန် မပြောတတ်ပေ။

ပြီးပြည့်စုံသော ဘုရင်အဆင့် သားရဲက သာမာန်နဲ့အကောင်းဆုံးအရည်အသွေး သားရဲများကို ကျော်တတ်နိုင်သေးသောကြောင့် လုံးဝ အားမနည်းပေ။

အာရှုရာရဲ့ အချက်အလက်များကိုဖတ်ကြည့်ပြီးနောက် သူက နဂါးဖြူကဲ့သို့ပင် အမှောင်အမျိုးအစားအနီးကပ် တိုက်ခိုက်သူ ဖြစ်ရမည်ဆိုတာ တွေးမိသွားသည်။ သားရဲ ၂ မျိုးလုံးက အနီးကပ်တိုက်ပွဲနဲ့ သတ်မှတ် ပစ္စည်းတွေမှာ အထူးပြုဖြစ်ပြီး သတိထားရလောက်သည့် အားနည်းချက်မျိုး မရှိပေ။

အာရှုရာ၏ ကြယ်တံခွန်နက်က တန်ပြန်သက်ရောက်မှု မရှိပေ။ သက်ရောက်တစ်ခုမှုသာ ရှိသည်။ ဖော်ပြချက်တွင် ရိုးရိုးရှင်းရှင်းပဲ ရုပ်ပိုင်းဆိုင်ရာတည်ဆောက်မှုကို တိုးတက်စေနိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။

ဘယ်လောက်ထိ တိုးတက်သွားမည်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မရှင်းပြထားပေ။ သို့သော် သက်ရောက်မှု တစ်ခုသာရှိသော စွမ်းရည်ရှိတာတွေ့ရတာ ထင်တာထက် ပိုပြီး ရှိနေဦးမည်ဟု ကောင်းဖန် တွေးမိသည်။

“သခင်လေး ဒီ ဟွာလွန်းဆိုတဲ့လူက မနေ့က ဝိုင်ပါတီမှာ သူ့ သားရဲက ကမ္ဘာပေါ်မှာ စွမ်းအားအကောင်းဆုံး သားရဲဆိုပြီး အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတယ်… သခင်လေးနဲ့ သခင်လေးအဖိုးရဲ့ သားရဲတွေထက် ပိုကောင်းတယ်တဲ့… ဒီလူက သေချာပေါက် သခင်လေးကို မမြင်ဖူးဘူးပဲ… မဟုတ်ရင် ဒီလို ပေါက်ကရတွေကို လူကြားထဲ ပြောမှာ မဟုတ်ဘူး” ဟွမ်းယာက ပြောသည်။ သူ့အတွက်တော့ သေချာပေါက်ကို သခင်လေးက ကမ္ဘာပေါ်တွင် အရည်အချင်းအရှိဆုံး သားရဲလေ့ကျင့်သူဖြစ်သည်။

“သိပြီ… အင်း သူက နံပါတ် ၁ သိပ်ဖြစ်ချင်နေတာဆိုတော့ လုပ်ပါစေ… ငါ သူနဲ့ လုနေမှာ မဟုတ်ဘူး” ကောင်းဖန်က အာရုံမစိုက်ဟန်ဖြင့် ပြောသည်။

သူရယ်လိုက်သည်။ နံပါတ် ၁… ဒါက နာမည်တစ်ခုသက်သက်ပါပဲ… ငါ့ကိုသာ လာမရှုပ်သ၍ မင်းကို ငါဘာမှ မလုပ်ဘူး… လေလုံးထွားနေတာအတွက်ကတော့… အင်း ဘယ်သူမဆို လေလုံးထွားခွင့်ရှိပါတယ်…

ကောင်းဖန် စိတ်မဆိုးပေ။ ဟွာလွန်း ဒီစကားတွေပြောတုန်းက မူးနေတာဖြစ်သည်။ အရက်က လူတွေကို ပုံမှန် မမူးနေတဲ့အချိန် ပြောမထွက်တဲ့ စကားတွေ၊ အပြုအမူတွေကို လုပ်မိစေသည်လေ။

“သခင်လေးက သဘောထားကြီးလိုက်တာ… အမှိုက်လိုကောင် အဆင့်ကို ဆင်းမသွားဘဲ သဘောထားကြီးတဲ့သူပဲ” ဟွမ်းယာက ပြောသည်။ သူဒီနေ့အတော်လေးကို အလွန်အကျွံ ကပ်ဖားရပ်ဖားလုပ်နေသည်။

“ဟားဟား” ကောင်းဖန်က ရယ်ပြီး ခေါင်းယမ်းလိုက်သည်။ “ဟုတ်သားပဲ ဟွမ်းယာ… မင်း အာရုံစိုက်မှု ကျောက်တုံးရဲ့ တည်နေရာနဲ့ပတ်သက်ပြီး သဲလွန်စ တွေ့ထားတယ်ဆို” ကောင်းဖန်က လေးနက်စွာမေးလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက် တာ့ဇီကို အဆင်မြင့်ပေးဖို့ လိုအပ်သော ကျန်နေသည့် ပါဝင်ပစ္စည်းများကို ရှာရန် သူတွေ့သမျှသူတိုင်းကို လှုပ်ရှားခိုင်းခဲ့သည်။ သူ့ကြိုးစားမှုက အလကားတော့ မဖြစ်ပေ။ လွန်ခဲ့တဲ့ ၂ ရက်ကပဲ ပဟေဠိ၏နောက်ဆုံးအပိုင်းအစလေးနဲ့ ပတ်သက်သည့် အချက်အလက်ကို သူ့လက်ထဲတွင် ရခဲ့သည်။ သံသယ ဖြစ်စရာကောင်းသောကြောင့် ဟွမ်းယာကို လူတွေခေါ်သွားခိုင်းပြီး အစစ်ဟုတ် မဟုတ် စစ်ဆေးခိုင်းခဲ့သည်။

“ဟုတ်ကဲ့ပါ သခင်လေး… ကျွန်တော့်ရဲ နတ်ဘုရားအဆင့်သားရဲတွေကို သွားကြည့်ဖို့ လွှတ်လိုက်ပါပြီ… မကြာခင် ကောလေဟာလတွေက တကယ်အမှန်လားဆိုတာ သိရတော့မှာပါ” ရုတ်တရတ် ဟွမ်းယာ၏ ဖုန်းမြည်လာသည်။ သူ့မျက်လုံးများ တောက်ပသွားပြီး ဝင်လာသည့် စာကို ဖတ်လိုက်သည်။

“သခင်လေး အတည်ပြုချက်ရပါပြီ… အာရုံစိုက်မှုကျောက်တုံးနဲ့ပတ်သက်တဲ့ ကောလဟာလတွေက အမှန်ပါပဲ... တစ်စုံတစ်ယောက်က ကျောက်တုံးက ညဖက်ဆို သားရဲအဖြစ်ပြောင်းသွားပြီး နေ့ဖက်ဆို နတ်ဘုရားမတောင်ထိပ်ရဲ့ ခြေရင်းမှာ ကျောက်တုံးအဖြစ် ပြန်ပြောင်းသွားတာ မြင်ခဲ့ပါတယ်တဲ့… ကျွန်တော်တို့ သတင်းပေးကတော့ တောင်ပေါ် ခြေတစ်လှမ်းတောင် မချဝံ့ပါဘူး… အရမ်းအန္တရာယ်.များတယ်လို့ ထင်လို့ပါတဲ့… အဲဒါကြောင့် ကျွန်တော်တို့လူတွေကို သူပြောတဲ့နေရာမှာ ကင်းပုန်းချထားခဲ့တာ သူတို့ ဒီဆန်းကြယ်တဲ့ ဖြစ်ရပ်ကို မြင်တွေ့ခဲ့ရပါတယ်တဲ့ … ကောလဟာလတွေက အမှန်ပါပဲ သခင်လေး”

“ကောင်းပြီ… ဒီနေ့က တာ့ဇီကို ဖွံ့ဖြိုးအောင်လုပ်ပေးဖို့ ကောင်းတဲ့နေ့ပဲ… တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့က နှစ်သစ် အစလည်းဖြစ်တယ်… နိမိတ်ကောင်းဖြစ်မယ်ထင်တယ်… ဘယ်လိုထင်လဲ တာ့ဇီ” ကောင်းဖန်က လက်ထဲက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်သည်။

ကောင်းဖန်ပြောတာကို ကြားလိုက်ရသောအခါ ကောင်းဖန်၏ခြေရင်းတွင် ခွေနေသော တာ့ဇီက ခေါင်းကို မော့ပြီး ရင်ကိုကော့လိုက်သည်။ ကြားလိုက်ကြလား… ငါ မကြာခင်ပဲ အဆင့်တိုးတော့မှာ… ကောင်းဖန်က အဲလိုပြောတယ်…

တာ့ဇီမျက်နှာပေါ်က စပ်ဖြဲဖြဲအပြုံးကို ထိန်းချုပ်ဖို့ကြိုးစားသော်လည်း မအောင်မြင်ပေ။ သူ အခု ဘယ်လောက် ပျော်နေလဲဆိုတာ စကားလုံးတွေနဲ့ပင် မဖော်ပြနိုင်ပေ။

သူကောင်းဖန်ခြေထောက်ကနေခွာပြီး လမ်းလျှောက်ပုံက ကင်းခြေများနဲ့မတူပေ။ ကောင်းဖန် တာ့ဇီရဲ့ တွန့်တွန့်လိမ်လိမ်ပုံလေးကို ချစ်ခင်စွာ ကြည့်လိုက်သည်။ သူ ပြတင်းပေါက်ဖက်သို့ လှည့်ပြီး အော်လိုက်သည်။ “အစင်းလေး”

အစင်းလေးက အပြင်ဖက်က သစ်ပင်ပေါ်မှ အသီးများကို ရေတွက်နေသည်။ ကောင်းဖန်၏အသံကို ကြားသောအခါ ကောင်းဖန်ဆီသို့ အမြန်ပြေးလာသည်။ “လာပြီ”

“လာခဲ့…ငါတို့ တာ့ဇီကို ဆင့်ကဲတိုးတက်အောင်လုပ်ပေးဖို့ နောက်ဆုံးပါဝင်ပစ္စည်းကို သွားယူမလို့… ပစ္စည်းက ယွိကျိုးရဲ့တစ်နေရာရာမှာပဲ ရှိတယ်..တစ်ရက်ထက်တော့ ပိုကြာမှာ မဟုတ်ပါဘူး”

“ကောင်းပြီ” အစင်းလေးက ပျော်ရွှင်စွာပြောသည်။ ကောင်းဖန်နဲ့သာ တူတူ လမ်းလျှောက်ထွက်နိုင်သ၍ သူပျော်သည်။ ကောင်းဖန်က သူ့သားရဲများနဲ့ ရှိနေချိန်တိုင်း သက်တောင့်သက်သာရှိပုံပေါ်သည်။

“ငါတို့ လမ်းလျှောက်ထွက်ရတော့မယ်” အစင်းလေးက သူ၏ ခြေချောင်း ၁၆ ချောင်းလုံးကို ဖြန့်ကားလိုက်သည်။ သူ့ခေါင်းပေါ်က ညိုးရော်နေသော လိမ္မော်ပင် ၂ ပင်က ဦးမှင်တံအစုံကဲ့သို့ ယိမ်းနေသည်။

နတ်ဘုရားမတောင်ထိပ်က ယွိကျိုးရှိ ဝူရှန်ခရိုင်တွင် တည်ရှိသည်။ ဝူချောက်ကြားကမြစ်က မတ်စောက်သော တောင်ကြား ၂ ခုကြားတွင် အရှိန်ပြင်းပြင်း စီးဆင်းနေသည်။ မြစ်လယ်တွင် ပြင်းထန်သော ရေဝဲဂယက်တစ်ခုရှိသည်။

ပုံမှန်အရွယ်အစားသို့ ပြန်ပြောင်းပြီး အစင်းလေး ဝူချောက်ထဲသို့ဆင်းလိုက်သည်။ ပေ ၂၀၀၀ အမြင့်ရှိသော်လည်း သူ့ခန္ဓာကိုယ်ကရေထဲတွင်တော်တော်မြုပ်ပြီး အနည်းငယ်သာပေါ်နေသည်။

အဝေးကကြည့်ပါက အစင်းလေးက ကျောပေါ်တွင် လူတစ်ယောက်ကိုတင်ထားပြီး မြစ်ထဲတွင် ပျင်းရိစွာ မျောနေသော မြစ်သားရဲဟု ထင်ရသည်။ ထိုလူက မြစ်သားရဲ၏ကျောပေါ်တွင် ဝါးဦးထုပ်ဆောင်းထားပြီး ကောက်ရိုးဝတ်ရုံနှင့် ဖြစ်၍ အစိမ်းရောင် ငါးမျှားတံကိုကိုင်ထားသည်။

“အမ ဟိုလူရဲ့ အူကြောင်ကြောင် အဝတ်အစားကို ကြည့်လိုက်ပါဦး” မိန်းမငယ်လေးတစ်ယောက်နှင့် အမဖြစ်သူတို့ အနီးက လှေပေါ်ကနေ မြစ်ထဲ ဖြတ်သွားကြသည်။ ကောင်မလေးက မြစ်သားရဲပေါ်က လူကိုမြင်ပြီး အရူးကဲ့သို့ရီနေသည်။

“ရှုး… သူများကို လှောင်ပြောင်တာ ရိုင်းပြတယ်” သူ့အမက ပြောသည်။

လှေပေါ်တွင် ဆူညံနေသည်။ အသက် ၁၀ နှစ်နဲ့ ၁၂ နှစ်ကြား ကောင်လေး၊ ကောင်မလေးတစ်စု ဝူမြစ်ထဲတွင် လှေစီးထွက်နေခြင်းဖြစ်သည်။

သူတို့အတွက် အခုက ဆောင်းရာသီပိတ်ရက်ဖြစ်သည်။ ဒီလိုအချိန်ကာလတွင် ကလေးအများစုက အိမ်ထဲမှာ ဝမ်းကွဲ ညီအကို မောင်နှမတွေနှင့် ဗီဒီယိုဂိမ်းကစားမည့်အစား အပြင်ထွက်၍ သားရဲများကို တွေ့ရခြင်းဖြင့် အားလပ်ရက်ကို ပိုကုန်ဆုံးချင်ကြသည်။ ဒီအချိန်က ခရီးသွားလုပ်ငန်းတွေ ဖောက်သည်တွေဆီ အမြတ်ရသောအချိန်လည်းဖြစ်သည်။

ဒီလို အလွန်အကျွံဖြုန်းတီးရာကျတဲ့ အားလပ်ရက်အပန်းဖြေပုံမျိုးကိုတော့ သူဌေးများသာတတ်နိုင်သည်။ ဒီလို လှေစီးဖို့ ကုန်ကျစရိတ်က သာမာန်လူတွေအတွက် များပြားလွန်းသည်။

အစင်းလေး၏ကျောပေါ်က ကောင်းဖန်ကိုမြင်တော့ ခေါင်းတုံးနဲ့ နားဖောက်ထားသော ကောင်လေးတစ်ယောက်က လက်ညိုးထိုး၍ တခြားသူများကို ပြောလိုက်သည်။ “ဒီလူက ရေစိုခံတာလည်း ဘာမှ မဝတ်ထားဘူး… ဒီလို သူ့သားရဲပေါ်မှာ ဒီတိုင်းထိုင်နေတော့ သူတင်ပါးတွေ မစိုကုန်ဘူးလား”

“သူသာရေထဲ ပြုတ်ကျသွားရင် ခဲသေသွားလိမ့်မယ်”

ခေါင်းတုံးနဲ့ကောင်လေးက ကောင်းဖန်အား အော်ပြောသည်။ “ဟေး ဘော်ဒါရေ ကျွန်တော်တို့ လှေပေါ် မှာ ခဏလောက်လာနားပါလား”

“ဆရာ အားနာပေမယ့်ဒါက စည်းမျဥ်းနဲ့ ဆန့်ကျင်နေလို့ပါ” ကပ္ပတိန်က ရှေ့သို့တိုး၍ သူ့အား တားဆီးဖို့ လုပ်လိုက်သည်။

သူ့အတွက် လတ်မှတ်ခ ကျွန်တော်ပေးမယ်” ကောင်လေးက ကပ္ပတိန်ကို စောင်းကြည့်ပြီး ပါးစပ်ပိတ်စေလိုက်သည်။

ကောင်းဖန်က ငါးမျှားတံကို ဆွဲတင်လိုက်သည်။ ချိတ်တွင် ဘာမှ မပါလာပေ။ “ထူးဆန်းတယ် ဘာလို့ ငါးစာတွေက ကုန်သွားရတာလဲ”

သူ့နောက်က အော်သံထားတော့ ကောင်းဖန်လှည့်ကြည့်လိုက်ပြီး လှေပေါ်ကနေ သူ့ကို လက်ပြနေသော လူတစ်စုကို တွေ့လိုက်သည်။ “တော်ပါပြီ မလာတော့ပါဘူး”

ကောင်းဖန် ပြန်ဖြေသည်ကို ကြားသောအခါ ကောင်လေးက ပုခုံးတွန့်ပြီး လက်ပြန်ပြလိုက်သည်။

ကောင်းဖန်သူ့ဘေးရှိ ဘူးထဲက ဖက်ထုပ်တစ်ခု ယူလိုက်ပြီး ချိတ်တွင် တပ်လိုက်ကာရေထဲသို့ ပြန်ပစ်ချလိုက်သည်။

ရေထဲတွင် ကောင်းဖန်၏ချိတ်က သူ့ရှေ့သို့ကျလာပြီးမြောနေတာကို မြင်သောအခါ အစင်းလေး၏ မျက်လုံးများ တောက်ပသွားကြသည်။ သူပါးစပ်ကို တိတ်တိတ်လေးဟလိုက်သည်။ အရသာရှိလိုက်တာ…

အစင်းလေး၏ မာကျောသော ခန္ဓာကိုယ်ဘေးတွင် အက်ကွဲကြောင်းတစ်ခု ပွင့်လာပြီး ကြီးမားသော ဆူးချွန်များနဲ့လျှာတစ်ခုက ဖက်ထုတ်ကို လိပ်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ကောင်းဖန်စိတ်ညစ်နေပြီး အစင်းလေးက ကောင်းဖန်ရဲ့ စားစရာကို ပျော်ရွှင်စွာ အရသာခံရင်းနဲ့ပဲ အချိန်မြန်ဆန်စွာ ကုန်သွားခဲ့သည်။

“အစ်မ ဟိုလူက ဘာလို့ ငါတို့နောက် လိုက်နေသေးတာလဲ… စိတ်ရှုပ်စရာပဲ” ကောင်မလေးက စိတ်မကြည်ပုံနဲ့ ပြောသည်။ “ငါ့နောက်တကောက်ကောက်လိုက်နေကြတဲ့ ကျောင်းက ကောင်လေးတွေလိုပဲ”

သူ့အစ်မက လှေ၏လက်ရန်းပေါ်တွင် မှီ၍ ဆံပငကို နောက်လှန်သပ်လိုက်ပြီး “နင် လုဟန်နဲ့ ပြီးခဲ့တဲ့ ၂ ရက်ကပဲ လမ်းခွဲလိုက်ပြီမဟုတ်ဘူးလား”

“ဟုတ်တယ်… ငါ ဖြတ်လိုက်တာ” ကောင်မလေးက ခေါင်းညိမ့်သည်။

“ဘာလို့လဲ… သူ့ကြည့်ရတာ လူကြီးလူကောင်းပုံပေါက်ပါတယ်”

“ငါ တခြားကောင်လေးနဲ့ ခရီးသွားမယ်လို့ ပြောလိုက်တော့ သူစိတ်ဆိုးသွားတယ်လေ… ငါတို့ရန်ကြတယ်.. ဒါနဲ့ပဲ ပြီးသွားရော” ကောင်မလေးက ခါးသက်သက်ပြုံးရင်းပြောသည်။ “ငါ့ဘဝမှာ သူ့လောက် စိတ်သဘောထား သေးသိမ်တဲ့လူ မတွေ့ဖူးဘူး”

ရုတ်တရတ် လှေကို လှိုင်းလုံးကြီးတစ်လုံး ရိုက်ခတ်သွားပြီး လှေက ကြမ်းတမ်းစွာ လှုပ်သွားသည်။ ကောင်မလေးက ယိုင်သွားပြီး ခေါင်းကို လက်ရန်းနဲ့တိုက်မိသွားသည်။

သူ့အစ်မက ထိုနားတွင်ပင် မျက်လုံးပြူးနှင့် ထိုင်နေပြီး မအော်မိအောင် ပါးစပ်ကို လက်နဲ့ ပိတ်ထားသည်။

လှေအရှေ့ပိုင်သို့ ရေများတတ်လာသည်။ ရေစက်ရေမှုန်များကြားတွင် အဖြူရောင်အကြေးခွံများက တောက်ပနေပြီး ကြောက်ရွံ့ဖွယ် မိကျောင်းခေါင်းတစ်ခုကို ဖော်ပြလာသည်။ တစ်ခဏတွင်းပင် မြစ်တစ်ခုလုံး သတ္တဝါကြီး၏ နတ်ဘုရားအဆင့် အရောင်အဝါများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၅၄ ဝူချောက်ကမ်းပါး၏ တောင်ထိပ် ၁၂ ခု

“အဖြူရောင် မိကျောင်းဘုရင်က ဘာလို့ ဒီရောက်နေတာလဲ… ဒီနှစ်သူ့ကို ငါတို့ ပူဇော်ငွေပေးပြီးပြီးမဟုတ်ဘူးလား” ကပ္ပတိန်က ဖြူဆုတ်နေသော မျက်နှာဖြင့်ပြောသည်။

မြစ်ကိုဖြတ်ပြီး ခရီးထွက်ချင်သူတိုင်း မြစ်အုပ်ချုပ်သူကို ရေစီးကြောင်းမတည်ငြိမ်တာမျိုး၊ သားရဲတိုက်ခိုက်တာမျိုးကနေ ကာကွယ်မှုရအောင် အဖိုးအခပေးရသည်။ သံမဏိနဲ့လုပ်ထားသည့် သင်္ဘောဆိုရင်တောင် မြစ်ထဲတွင် ပုန်းကွယ်နေသော အန္တရာယ်များရန်မှ အပြည့်အဝစိတ်ချရမှု မရှိနိုင်ပေ။

မိကျောင်းဘုရင်က ဒီမြစ်၏ အုပ်ချုပ်သူဖြစ်သည်။ သူက မတော်တဆမှု ဘယ်တုန်းကမှ မဖြစ်စေခဲ့ပေ… အနည်းဆုံးတော့ ဒီနေ့အထိ မဖြစ်ခဲ့ဖူးပေ။

“အစ်မ အဲဒါဘာကြီးလဲ… ဘာလို့ ဒီလောက်ကြီးရတာလဲ” ကောင်မလေးက မေးသည်။ သူမျက်နှာလည်း ဖြူဖျော့နေသည်။ သူက လက်ရန်းကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည်။ ထို့နောက် အေးစက်မာကျောသော သတ္တုကို စိတ်မချသေးဟန်ဖြင့် ပြန်လှည့်ပြီး သူ့အစ်မ လက်ကို မြန်မြန်ကိုင်လိုက်သည်။

သူအစ်မလည်း တုန်လှုပ်နေပုံပေါ်သည်။ သို့သော်လည်း ကောင်းမလေး တဆတ်ဆတ်တုန်နေတာ ကြည့်ပြီး သူက သတ္တိရှိပုံပေါက်အောင် ကြိုးစားလိုက်သည်။ ကောင်မလေး၏လက်ကိုကိုင်ပြီး ပြောလိုက်သည်။ “စိတ်မပူပါနဲ့… ငါရှိတယ်”

မိကျောင်းဘုရင်က အပေါ်သို့တက်လာပြီး ရေထဲတွင် သူ၏ မီးခိုးဖျော့ရောင် ဝမ်းဗိုက်ကို ဖော်ပြနေသည်။

“ဘာလို့ ရုတ်တရတ်ကြီးပေါ်လာတာလဲ… ငါတို့ လွန်ခဲ့တဲ့ တစ်လခွဲလောက်တည်းက ပူဇော်ငွေပေးပြီးပြီးလေ… မကျေနပ်သေးဘူးလား” ကပ္ပတိန်က မျက်မှောင်ကျုံ့ရင်း ပြောသည်။ ပူဇော်ငွေက ခရက်ဒစ်ထောင်ချီပေးရ ခြင်းဖြစ်သည်. ဒီသားရဲတွေက တစ်နေ့တစ်ခြားပို ပို လောဘကြီးလာသလိုပဲ။

ရုတ်တရတ်ကြီး ရေတွေတတ်လာပြီး လှေဆီသို့ နောက်ပြန်စီးလာသည်။ ကျောက်တုံးကြီးများက တကျွိကျွိမြည်သံ ပြင်းပြင်းထွက်ပေါ်နေပြီး မြစ်ဘေးက တောင် ၂ လုံးဆီက အသံတိုးတိုးထွက်နေသည်။ အညိုရောင်ညစ်ညစ်စွမ်းအင်က မြစ်တစ်ခုလုံးဆီ ပြန့်လာပြီး မြစ်ကမ်းနားက ရွံ့နဲ့ရေတွေကို ပုံပျက်သွားစေသည်။ ခဏတွင်းချင်းပင် ကြည်လင်နေသော မြစ်ရေစိမ်းစိမ်းက ဝါညစ်ညစ်သို့ ပြောင်းသွားသည်။

မိကျောင်းဘုရင် မကြာသေးခင်ကလုပ်ခဲ့တဲ့ အနှောက်အယှက်က အခုဖြစ်လာမှာနဲ့ ယှဥ်ရင် အသေးအဖွဲလောက်သာဖြစ်သည်။

သတိပေးခြင်းမရှိဘဲ ရေက ကြီးမားသော အညိုရောင်သဏ္ဍာန်အဖြစ် ကောင်းကင်ဘုံထိထောင်တတ်သွားသည်။

ကောင်လေး၊ ကောင်မလေးများ ထိုင်ခုံပေါ်တွင် နောက်ပြန်လဲကျသွားသည်။ မိုးထိုးနေသော သဏ္ဍာန်ကြီးပေါ်လာသည်ကို တအံ့တသြ ကြောက်ရွံ့စွာ စိုက်ကြည့်နေကြသည်။ သတ္တဝါကြီးက မယုံနိုင်လောက်အောင်ပင် ကြီးမားသည်။

သူခန္ဓာကိုယ်ကနေ အညိုရောင်တောက်ပမှု ဖြာထွက်နေသည်။ ထိုအရာက ပြင်းထန်လွန်ပြီး အနီးအနားက လူတိုင်း အရာတိုင်းအပေါ် ဖိထားသလိုဖြစ်နေသည်။ ထို့နောက် မြစ်ရေက ငြိမ်သက်သွားပြီး လှိုင်းများ ငြိမ်သွားသည်။ မြစ်လယ်တွင် ထိုကြီးမားသော တောင်ကဲ့သို့သားရဲကြီးသား အုပ်မိုး၍ ရပ်နေသည်။

ဒါက အစင်းလေး၏ ခန္ဓာကိုယ် အစစ်အမှန်မဟုတ်ပေ။ ဒြပ်စင်စွမ်းရည်၏ ရလဒ်ဟုခေါ်ရနိုင်သည်။ သူ့အနီးက မြေဒြပ်စင်ကို လိုသလို ထိန်းချုပ်နိုင်စွမ်းရှိသည်။ အစင်းလေးက သူ့ကိုယ်သူ ပေ ၃၀၀၀ ရှည်အောင်လုပ်ပြီး ယာယီ သံချပ်ကာကို တည်ဆောက်နိုင်စွမ်းရှိသည်။

ထိုတောင်ထိပ်တွင် ထိုင်နေသော ကောင်းဖန်က သမ်းလိုက်သည်။ သူ အစင်းလေးကျောပေါ်တွင် ပြင်ဆင်ထားခဲ့သော တဲအိမ်လေးက လုံးဝပျက်စီးသွားပြီဖြစ်သည်။ အသွင်ကူးပြောင်းခြင်းတွင် သူ့ခေါင်းပေါ်က လိမ္မော်ပင်လေး ၂ ပင်သာ ရှင်ကျန်ရစ်ခဲ့သည်။

သူ့ရဲ့ ငါးမျှားတံကိုချလိုက်ပြီး ကောင်းဖန် ကမ်းပါးအစွန်းကနေ အောက်ကမြစ်ကို ငုံ့ကြည့်လိုက်သည်။

မိကျောင်းဘုရင်က ဧရာမကြီးမားလှသော်လည်း အစင်းလေးနဲ့ ယှဥ်လိုက်ပါက ခွေးပေါက်လေးကဲ့သို့ ဖြစ်နေသည်။ မိကျောင်းက တောင်ကဲ့သို့ သတ္တဝါကြီးကို တုန်လှုပ်စွာမော့ကြည့်လိုက်သည်။

အစင်းလေး၏ အရှိန်အဝါကြောင့် အနီးကပ် အပြည့်အဝ လောင်ကျွမ်းခံလိုက်ရပြီး မိကျောင်းမှာ တိုက်ခိုက်လို စိတ်များ လုံးဝပျောက်ဆုံးသွားသည်။ သူ့တစ်ဘဝလုံးတွင် ဒီလောက်ကြီးမားသော သတ္တဝါမျိုး မမြင်ခဲ့ဖူးပေ။

ခုနက မြစ်ထဲတွင် အားကောင်းသော အရှိန်အဝါတစ်ခု တည်ရှိနေတာကို သူခံစားမိခဲ့သည်။ အဲဒါကြောင့် ဒေါသထွက်ပြီး သူ ရေပေါ်ထွက်ပြီး ကျူးကျော်သူကို ကိုယ်တိုင် ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့မြစ်ထဲတွင် ဒီလောက်ကြီးသောအရာကြီး မျောနေမည်ဟု သူမမျှော်လင့်ခဲ့ပေ။

“အဲဒါဘာကြီးလဲ… သူ့ကျောပေါ်မှာ လူတစ်ယောက်ရှိနေတယ်” လူတချို့က အော်ဟစ်ပြီး အစင်းလေးရဲ့ထိပ်က လူပုံသဏ္ဍာန်ကို လက်ညိုးထိုးပြနေသည်။ ထိုပုံရိပ်က သူ့ငါးမျှားတံကို သိမ်းနေသော ကောင်းဖန်ဖြစ်သည်။

“ဒါကြီးက…ဒါကြီးက သူ့သားရဲတော့ မဟုတ်လောက်ပါဘူးနော်”

“မဟုတ်တာ… သားရဲဆို ဒီလောက်မကြီးဘူး… ရေပေါ်ပေါ်နေတာက သူ့ခေါင်းပဲရှိသေးတယ်ဆိုရင် သူ့ခန္ဓာကိုယ်တစ်ခုလုံးဆို တောင်ထက်တောင် ပိုကြီးမယ်ထင်တယ်”

လှေပေါ်တွင် လူတိုင်းတစ်ယောက်နဲ့တစ်ယောက် တိုးတိုးနေရန် အချက်ပြလိုက်ကြသည်။ ဆူညံသံကြောင့် သတ္တဝါကြီးကို စိတ်ဆိုးအောင် လုပ်မိသွားမှာ ကြောက်နေကြသည်။

“ဒီတစ်ခုလိုပဲ အရမ်းကြီးမားတဲ့ တောင်ဝိဝိဉာဉ်ပေါ်မှာ ဆောက်ထားတဲ့ တောင်ဝိဝိဉာဉ် ရပ်နားစခန်းတစ်ခုကို ငါရောက်ဖူးတယ်… ဒါကြီးကလည်း ဒါဆို တောင်ဝိဝိဉာဉ်များလား… ဒီလိုသတ္တဝါမျိုးကို ယဥ်ပါးအောင်လုပ်နိုင်တဲ့သူ ရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး”

“တောင်ဝိဝိဉာဉ်တွေက တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက ပိုင်တာမဟုတ်လား… ဒီလူက သူတို့နဲ့ ပတ်သက်နေတာများလား”

ဝူချောက်ကြားကမြစ်ထဲတွင် အပန်းဖြေလှေစီးထွက်ဖို့တတ်နိုင်လောက်အောင် ချမ်းသာသူများအနေဖြင့် ဒီလူအများစုက အထက်တန်းလွှာက အတွင်းသတင်းများကို သိကြသူများဖြစ်သည်။ တချို့က ဒီသတ္တဝါကြီးနဲ့ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းကို မြန်မြန်ပဲ ချိတ်ဆက်စဥ်းစားနိုင်စွမ်းရှိသည်။ သို့သော်လည်း အဖွဲ့အစည်းနဲ့ ဒီသတ္တဝါကြားက ဆက်နွယ်မှု အစစ်အမှန်ကိုတော့ ဘယ်သူမှ မသိကြပေ။

အစင်းလေး စိတ်ရှုပ်လာပြီဖြစ်သည်။ အစာစားချိန်ကို လာနှောက်ယှက်တာပဲ… သူခြေထောက်တစ်ချောင်းကို ကြွလိုက်သည်။

မြစ်ရေက ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ လှိုင်းများကြားတွင် ပေ ၁၀၀ လောက်ရှည်သော ပင့်ကူလက်တစ်ချောင်း ရေထဲက ထွက်လာတာ တွေ့လိုက်ကြရသည်။

လှေပေါ်သို့ အရိပ်မည်းတစ်ခု ကျလာသည်။ မိကျောင်းဘုရင်က ခုန်ပြီး ရေထဲသို့ ပြန်ဝင်သွားသည်။

သို့သော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။ ပင့်ကူခြေထောက်က စွန်းဝူခုံး၏ ပုံပြောင်းမှော်တုတ်တံကဲ့သို့ ကောင်းကင်ပေါ်ကနေကျလာပြီး ရေထဲသို့စိုက်ကျသွားသည်။

လှိုင်းများက လှေကို အဝေးသို့ လွင့်သွားစေသည်။ တောင်သဏ္ဍာန် ပင့်ကူကြီး အဝေးသို့ ဖြည်းဖြည်းချင်း ရွေ့သွားသည့်အခါမှ လှိုင်းများက ငြိမ်ကျသွားသည်။ ပြင်းပြင်းထန်ထန်ပျက်စီးနေသော အလောင်းတစ်လောင်း ရေပေါ်တွင်မျောနေပြီး ထိုနားကရေများမှာ အနီရောင်စွန်းထင်းနေသည်။

လှေပေါ်မှ ခရီးသည်များက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အလောင်းကို ၁ စက္ကန့် ၂ စက္ကန့်မျှ စိုက်ကြည့်နေမိကြသည်။ လှေက မိကျောင်းဘုရင်၏အလောင်းစီ အရှိန်တင်မောင်းသွားပြီး သားရဲအသေကောင်ဆီမှ ကိုယ်တွင်းအင်္ဂါများကို ခရီးသည်များယူလို့ရနိုင်ရုံအကွာအဝေးတွင် ရပ်လိုက်သည်။

…

ဝူချောက်ကို သူ့ဘေး ၂ ဖက်ရှိ မတ်စောက်မြင့်မားသော တောင် ၂ တောင်ကြောင့် ထိုကဲ့သို့ ခေါ်တွင်ကြခြင်း ဖြစ်သည်။ ဖြတ်သန်းစီးဆင်းနေသော မြစ်ရေက အချိန်အများစုတွင် လှိုင်းထန်ပြီး အန္တရာယ်များသည်။ တောင် ၂ ခုကြားရှိ မြစ်ရေစီးရာ ချောက်က ကြီးမားသလောက် ဘာမှမရှိပဲ အလွတ်ဖြစ်နေသည်။ ရှေးခေတ် ကဗျာဆရာများက ဝူချောက်ကမ်းပါး၏ ကြီးကျယ်ခမ်းနားပုံကို ကဗျာစပ်ဆို၍ပင် သီဆို ချီးကျူးခဲ့ကြသည်။

ကောင်းဖန်နဲ့ အစင်းလေးက ဝူမြစ်၏ နယ်နမိတ်အစွန်သို့ ချဥ်းကပ်သွားကြသည်။ သူတို့အနီးတွင် မြူများထူထပ်စွာ ဝန်းရံနေပြီး ၃၂ ပေလောက်မျှသာ မြင်ရနိုင်တော့သည်။

“အပေါ်ကဟာက ဝူရှန်တောင်နဲ့ နတ်ဘုရားမတောင်ထိပ်အပါအဝင် သူ့ရဲ့တောင်ထိပ် ၁၂ ခုပဲ…” ကောင်းဖန်က သူ့လက်ထဲက မြေပုံကို ကြည့်ရင်း ခပ်တိုးတိုးရေရွတ်သည်။

ဝူချောက်နဲ့အတူ အဓိက ဆွဲဆောင်မှုရှိနေသည့်အရာများမှာ ချောက်ကိုဖြတ်ပြီးဆောက်ထားသော တံတား ၃ ခု၊ ရှုခင်း ၈ ခုနဲ့ တောင်ထိပ် ၁၂ ခုဖြစ်သည်။

ချောက်ကူးတံတား ၃ ခုမှာ ချူမင်းဆက်၏ ဟွိုင်ဘုရင် အိမ်မက်ထဲတွင် ဝူရှန်တောင်နတ်ဘုရားမနဲ့ တွေဆုံရာ ချူယန်တံတား၊ ယွီဘုရင်ကို နတ်ဘုရားကိုယ်တိုင် လျို့ဝှက်ဆန်းကြယ်စာအုပ်ပေးရာ ရှိုရှုတံတားနဲ့ ချောက်ကို တစ်ခါက ကျူးကျော်သိမ်းပိုက်ခဲသော နဂါးကို ယွီဘုရင်ခေါင်းဖြတ်ခဲ့ရာ ကျန်းလုံတံတားတို့ဖြစ်သည်။

တောင်ထိပ် ၁၂ ခုကတော့ ဒန်လုံတောင်ထိပ်၊ ရှန်ကွမ်တောင်ထိပ်၊ ချောင်ယွမ်တောင်ထိပ်၊ နတ်ဘုရားမတောင်ထိပ်၊ ဆုန်လွမ်တောင်ထိပ်၊ မြောက်ဖက်ကျီရှန်းတောင်ထိပ်၊ ဖေးဖန်တောင်ထိပ်နဲ့ တောင်ဖက် ရှန်းရှန်တောင်ထိပ်တို့ ဖြစ်ကြသည်။

တောင်ထိပ် ၁၂ ခုက ချောက်ကမ်းပါး ၂ ဖက်လုံး၏ တလျှောက်တွင် မညီမညာ ပြန့်ကျဲနေသည်။ နတ်ဘုရားမ တောင်ထိပ်က ဧရိယာ၏ အလယ်တည့်တည့်တွင် တည်ရှိသည်။ မြူထဲသို့ ပိုတိုးဝင်သွားလေ ကောင်းဖန် ထူးဆန်းသော ခံစားချက်တစ်ခုဖြစ်လာသည်။

သို့သော် ကောင်းဖန် မကြောက်ပေ။ သူအရာတိုင်းအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

သူတို့ မြူထု၏တဖက်ဆီသို့ ထွက်လာသောအခါ အနောက်ဖက်ပိုင်း တောင်ထိပ်တွေဆီက ပဲ့တင်လာသော ကြောက်မက်ဖွက် ဟိန်းသံကိုကြားလိုက်ရသည်။ ချောက် ၂ ဖက်လုံးက တောင်များကို ထူထပ်သော တောအုပ်များက ဖုံးလွှမ်းနေပြီး နေရာတစ်ခုလုံးက လက်တွေ့အစစ်အမှန်လို့ မထင်ရပေ။

“ဂရုမစိုက်နဲ့” ကောင်းဖန်က အစင်းလေးကို ရှေ့ဆက်သွားဖို့ အမိန့်ပေးသည်။

၁၀ မိနစ်ခန့်ကြာပြီးနောက် သူ့အောက်က တဝေါဝေါစီးနေသော မြစ်ရေသံနဲ့ ဖုံးကွယ်ထားခံရသည့် အနီးအနားရှိ စမ်းချောင်းတစ်ခုဆီက ကြည်လင်သော ရေစီးသံကို ကြားလိုက်ရသည်။

ကောင်းဖန် ရေစီးသံကြားရာဖက်ကို တစ်ချက်ကြည့်လိုက်ပြီး အစင်းလေးအား ရှေ့သို့ဆက်သွားဖို့ အမိန့်ပေးလိုက်သည်။ သူတို့ ဒန်လုံတောင်ထိပ်၊ ရှန်ကွမ်တောင်ထိပ်နဲ့ ချောင်ယွမ်တောင်ထိပ်တို့ကို ဖြတ်ကျော်လာခဲ့သည်။

နတ်ဘုရားမတောင်ထိပ်က ရှေ့နားက မြစ်၏ဘယ်ဖက်ကမ်းတွင်ဖြစ်သည်။ ရုတ်တရတ် ကောင်ဖန် ချောက်၏ ညာဖက်ခြမ်းတွင် စာအုပ်လှန်သော အသံမျိုးကို ကြားလိုက်ရသည်။

သူလှည့်ကြည့်လိုက်သောအခါ တောင်များကို ထူထပ်သောမြူထုက ဖုံးလွှမ်းနေတာ မြင်လိုက်ရသည်။ ခဏတွင်းချင်းတွင်ပင် အပေါ်က တိမ်ထူတွေဆီက မတ်စောက်သော ချောက်ကမ်းပါးပေါ်သို့ သည်းထန်သောမိုးရွာချလာသည်။ မိုးရေများကြားတွင် အစစ်အမှန်နဲ့မတူသော တောင်နဲ့သစ်ပင်များ၏ ပုံရိပ်ကို မြင်နေရသည်။

နတ်ဘုရားမတောင်ထိပ်ရှိရာ ချောက်၏ဘယ်ဖက်တွင်မူ ဘာပြောင်းလဲမှုမျိုးမှ မဖြစ်နေပေ။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၅၅ နဂါးခေါင်းဖြတ်ခြင်းအပိုင်း (ရေ)

ညာဖက်တွင် ရှေးခတ်တရုတ်ပြည်ကြီးကို ရေကြီးမှု လျော့ပါးအောင် ဆောင်ရွက်ပေးခဲ့သဖြင့် အသိမှတ်ပြုခံခဲ့ရသော ယွီဘုရင်ကို ရေကြီးမှုကို ထိန်းချုပ်ရမည့် နည်းလမ်းများကို သင်ကြားပေးခဲ့သော လျို့ဝှက်ဆန်းကြယ်စာအုပ်အား ဝူရှန်တောင်နတ်ဘုရားမ ယောင်ဖေး ဆီမှ ရရှိခဲ့ရာ ဖေးဖန်တောင်ထိပ် ရှိသည်။

အခုချိန်တော့ ဒီတောင်တစ်တောင်တောင်ထဲက စာအုပ်တစ်အုပ် ပျံပြီးထွက်လာရင်တောင် ငါ မအံ့သြတော့ဘူး… ကောင်းဖန် သူ့ဟာသူတွေးပြီး ရီမိရင်း ခေါင်းခါလိုက်သည်။

ထို့နောက် စာရွက်လှန်သံက ပို ပိုကျယ်လာကြောင်း သူသတိထားလိုက်မ်သည်။ အသိပေးချက်မရှိဘဲ ဖန်းဖေး တောင်ထိပ်ကနေ အဖြူရောင်အဖုံးနဲ့စာအုပ်တစ်အုပ် ပျံထွက်လာသည်။ ကောင်းဖန် အဲဒါကို စိုက်ကြည့်ပြီး ပြောစရာစကားမရှိသလိုဖြစ်သွားသည်။

စာအုပ်က ဖန်းဖေးတောင်ထိပ်ကနေ ပျံထွက်လာပြီး နတ်ဘုရမတောင်ထိပ်ပေါ်တွင် ပျောက်ကွယ်သွားသည်။ ကောင်းဖန် မျက်မှောင်ကျုံ့လိုက်ရင်း တောင်တွေဆီသို့ ဆက်သွားလိုက်သည်။

သူ အစင်းလေးအား ကျုံ့သွားပြီး တောင်တက်နိုင်အောင် အသွင်ပြောင်းသစ်သီး ကျွေးခဲ့သည်။ မြူများက သူတို့အနီးတွင် ဝေ့ဝဲနေသည်။ သူ့ရဲ့ထက်သိသော အာရုံခံချက်ကြောင့် တောအုပ်၏ထောင့်တိုင်းဆီက သားရဲများ၏ မျက်လုံးများက သူတို့အပေါ်စိုက်ကြည့်နေကြတာကို ကောင်းဖန် ခံစားနိုင်သည်။ သို့သော် သူတို့က လောလောဆယ်တော့ သူ့ကိုအဝေးကနေ စောင့်ကြည့်ရုံနေပဲ ကျေနပ်နေကြဟန်တူသည်။

နတ်ဘုရားမတောင်ထိပ်က ဒေသတွင်းက တခြားတောင်များနဲ့ ယှဉ်လျှင် သေးငယ်သည်။ ကမ္ဘာပျက်ကပ်အပြီးတွင်တောင် ၆၅၀၀ ပေ အမြင့်ထိသာ ရောက်ခဲ့သည်။

သူတို့ဆက်သွားခဲ့ရင်း ကောင်းဖန် မျက်လုံးထောင့်ကနေ အနက်ရောင်နဂါးငယ်လေးတစ်ကောင် လေပေါ်ကနေ အမြန်နှုန်းနဲ့ ပျံသန်းလာနေတာကို မြင်လိုက်ရသည်။ ပျံသန်းလာရင်းနဲ့ သူရဲ့ လှုပ်ရှားမှုများက ပြောင်းလာသည်။ တဖြည်းဖြည်းနဲ့ သူ့ရဲပုံသဏ္ဍာန်ကပါ ရွှေရောင်ကတ်ကြေးတစ်ခုအဖြစ်သို့ပြောင်းသွားသည်။

[ပါဝင်ပစ္စည်းအမည်] - အာရုံစူးစိုက်မှု ကျောက်တုံး

[ဖော်ပြချက်] - တခြားသားရဲများ၏အရိပ်ကို သူ့အပေါ်တွင် အမှတ်အသားလုပ်နိုင်ရုံသာမက သားရဲများ၏ ယင်ယန်စွမ်းအားကိုလည်း စုပ်ယူနိုင်သည်။ ဒြပ်စင်စွမ်းအင်ကြွယ်ဝသောနေရာများတွင် သားရဲအရိပ်များကို ဆင့်ခေါ်နိုင်စွမ်းရှိသည်။

အာရုံစူးစိုက်မှု ကျောက်တုံးပဲ… ကောင်းဖန်မျက်လုံးများ လက်သွားသည်။ “သွားရအောင် အစင်းလေး”

သူတို့ တောင်ကိုဆက်တက်ခဲ့ကြပြီး ကျောက်ဂူတစ်လုံးဆီရောက်သွားခဲ့ကြသည်။ မတ်စောက်၍ အန္တရာယ်များသော ခရီးလမ်းကို အချိန်တစ်ခုလောက်လျှောက်လာခဲ့ပြီးနောက် သူတို့ ဂူထဲကထွက်လာပြီး တောင်ကြားဆီသို့ ရောက်သွားသည်။ ပုံပြောင်းသစ်သီးစားပြီးတာတောင် အစင်းလေးက တောင်ပေါ်တွင်နေသော တောရိုင်းကောင်များနဲ့ ယှဥ်ရင် သိသိသာသာကို ကြီးနေသေးသည်။ သူ့ရဲ့ခန္ဓာကိုယ်ကြီးက ကမ်းပါးစွန်းပေါ်ကနေ စိတ်မချရစွာ တွဲလောင်းဖြစ်နေသည်။

ကြက်မည်းတစ်ကောင်က မထိန်းချုပ်နိုင်တော့ပဲ ဆာလောင်မှုကြောင့် တောက်နေသော မျက်လုံးများနဲ့ တောထဲက သစ်ပင်တစ်ခုပေါ်ကနေ ခုန်ထွက်လာသည်။ သူ့ခြေထောက်ကို အစင်းလေးပေါ်တွင် ဆောင့်ချလိုက်ပြီး ကမ်းပါးစွန်းကနေ ကန်ချဖို့ကြိုးစားလိုက်သည်။

သူက ကောင်းဖန်အား အာသာငမ်းငမ်းဖြင့် စိုက်ကြည့်နေသည်။ ဒီ ပင့်ကူကြီးကိုသာ တောင်ပေါ်က ကန်ချနိုင်လိုက်ရင် ဒီလူသားက ငါ့ဟာဖြစ်ပြီ… ဒီညတော့ ဗိုက်ဝဝနဲ့ အိပ်နိုင်တော့မယ်…

အစင်းလေးခေါင်းပေါ်က တိမ်မည်းတွေဆီကနေ အပူရှိန်တချက် ဖျတ်ခနဲထွက်လာပြီး ကြက်မည်းအား နေရာတွင်ပင် ကြွပ်ရွသွားအောင် ကင်လိုက်ပြီးသားဖြစ်သွားသည်။ ကြက်မည်းဘာဖြစ်သွားလဲဆိုတာကို မြင်လိုက်ပြီးနောက် ပင့်ကူကြီးနဲ့သူလေ့ကျင့်သူကို ဘယ်သားရဲမှ သွားမရှုပ်ဝံ့တော့ပေ။

တောင်ကြားကို တိတ်ဆိတ်ခြင်းနဲ့ သစ်ပင်ရိုင်းများ၏ရနံ့တို့က လွှမ်းခြုံထားသည်။ အလယ်တွင် ကျောက်တုံးကြီးတစ်တုံး ရှိနေသည်။ ကောင်းဖန် သူ့မျက်လုံးများကို ပွတ်လိုက်သည်။ သူရှေ့တွင် ကျက်သရေရှိသော နတ်ဘုရားမရပ်နေသည်။

သို့သော်လည်း သူမျက်တောင်ခတ်လိုက်ချိန်တွင် နတ်ဘုရားမ ပျောက်သွားသည်။ သူ့နေရာတွင် ကျောက်တုံးတစ်တုံးသာ ရှိနေသည်။ ကောင်းဖန်ကျောက်တုံးအား မျက်လုံးကျဥ်း၍ ကြည့်လိုက်သည်။

[သားရဲအမည်] - ဝူချောက်ကမ်းပါးနတ်ဘုရားကျောက်တုံး

[သားရဲအဆင့်] - အဆင့် ၅၁ (ဘုရင်အဆင့်)

[သားရဲအမျိုးအစား] - ကျောက်တုံး/ စိတ်စွမ်းအင်

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲ စွမ်းအင်] - ရာသီဥတုထိန်းချုပ်ခြင်းအဆင့် ၄၊ ခန္ဓာကိုယ်မာကြောခြင်း အဆင့် ၄

[သားရဲဖော်ပြချက်] - လူများ၏ ယုံကြည်သက်ဝင်မှုကြောင့် အသက်ဝင်လာခဲ့သော နတ်ဘုရားမတောင်ထိပ်၏ ထိပ်က ကျောက်တုံးတစ်တုံးဖြစ်သည်။ ရာသီဥတုကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။

ဝူချောက်နတ်ဘုရားမကျောက်တုံးက တစ်ကယ် သားရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကောင်းဖန် ဒါကို လုံးဝမအံသြပေ။ အနီးအနားတွင် အသက်ဝင်နေသော ရှေးဟောင်းပစ္စည်းတို့၊ ရုပ်ထုတို့ ရှိနိင်မည်ဟု သူ သံသယ ရှိထားပြီးသားဖြစ်သည်။ သူသံသယရှိသည့်စာရင်းထဲတွင် နတ်ဘုရားမကျောက်တုံးက ထိပ်ဆုံးကဖြစ်သည်။ ထိပ်ဆုံးကဖြစ်လောက်အောင်လည်း ထိုအရာက ရှားပါးသော ရာသီဥတုထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

ကောင်းဖန် အနီးပတ်ပတ်လည်ကို အကဲခတ်လိုက်သည်။ သူ အာရုံစူးစိုက်မှုကျောက်တုံးအား လိုချင်သည်။

ကျောက်တုံးက သူ့ပေါ်တွင် အမှတ်အသားလုပ်ထားသော အရိပ်များကို ဆင့်ခေါ်နိုင်သော်လည်း ကျောက်တုံးတစ်တုံးဖြစ်နေဆဲပင်ဖြစ်သည်။ သားရဲအဖြစ်ပြောင်းသွားတာ မဟုတ်သ၍ ကိုယ်တိုင် လှုပ်ရှားနိုင်မည် မဟုတ်ပေ။

စာရွက်တဖျပ်ဖျပ်သံကို သူ့နောက်က ကြားလိုက်ရသည်။ ကောင်းဖန်အနောက်ကနေ စာအုပ်တစ်အုပ်ဖြတ်ပျံ သွားပြီး သူနဲ့ နတ်ဘုရားမကျောက်တုံးကြားတွင် ကျသွားသည်။

ကောင်းဖန်က မျက်ခုံးပင့်လိုက်ပြီး “ရန်ဖြစ်ချင်နေတာလား” ဟု မေးလိုက်သည်။

သူ ရန်ပွဲကနေ ဘယ်တုန်းကမှ ရှောင်ပြေးသူတစ်ယောက် မဟုတ်ခဲ့ပေ။ တစ်ယောက်ယောက် သို့ တစ်ခုခုက သူ့ကို ရန်လာစတိုင်း သူအမြဲတမ်း စိုးရိမ်မိသည်က စိတ်အရမ်းပါသွားပြီး မတော်တဆ ပြိုင်ဖက်ကို သေအောင် ချလိုက်မိမှာကိုဖြစ်သည်။

ကောင်းဖန် သူ့ ရှေ့က စာအုပ်ကို ဝေ့ကြည့်လိုက်သည်။ စာအုပ်က အဖြူရောင်အဖုံးနဲ့ဖြစ်ပြီး အမြင့်က အရွယ်ရောက်ပြီးသား လူ၂ ယောက်ထပ်ရပ်နေလောက် မြင့်သည်။ စာရွက်များက ပါးသည်။ စာအုပ်က ကောင်းဖန်ကို ခြိမ်းခြောက်ဟန်ဖြင့် စာမျက်နှာ အဆုံးကနေ အစ၊ တဖန် အစကနေအဆုံး တဖျပ်ဖျပ် လှန်ပြနေသည်။

[သားရဲအမည်] - နဂါးခေါင်းဖြတ်ခြင်းအပိုင်း (ရေ)

[သားရဲအဆင့်] - အဆင့် ၅၀ (နတ်ဘုရားအဆင့်)

[သားရဲအမျိုးအစား] - ရေ

[သားရဲစွမ်းရည်] - ဒဏ္ဍာရီအဆင့်

[သားရဲစွမ်းအင်] - ရေကျွမ်းကျင်မှုအဆင့် ၄၊ အရှိန်မြင့် ပြန်လည်ဖန်တီးခြင်း အဆင့် ၃

[အထူးဝိသေသလက္ခဏာ] - လျို့ဝှက်နဂါးနိုင်အမှတ်အသား (မယုံနိုင်လောက်အောင် စွမ်းအားရှိသည့် ဆန်းကြယ် မွေးရာပါအမှတ်)

သက်ရောက်မှုအစွမ်း ၁ - နဂါးအမျိုးအစားသားရဲများ၏ စွမ်းအားကို အချိန်အတိုင်းအတာ တစ်ခုထိ ကြီးမားစွာ လျှောချနိုင်သည်။ ပြိုင်ဖက်၏ အဆင့်က နဂါးခေါင်းဖြတ်ခြင်းအပိုင်းအောက် နိမ့်နေပါက ပြိုင်ဖက်၏ ဒြပ်စင်စွမ်းအား က လုံးဝအကျိုးသက်ရောက်ခြင်း မရှိတော့ပေ။

ရေဖိနှိပ်ခြင်း (နဂါးခေါင်းဖြတ်ခြင်းအပိုင်းတွင် စာမျက်နှာအသစ်ထပ်တိုးထားသည်)

သက်ရောက်မှု ၁ - သူ့စက်ကွင်းအတွင်ဝင်နေသော ဘယ်လို ရေအမျိူးအစားသားရဲမဆို အတိုင်းအတာ တစ်ခုထိ အားနည်းသွားပြီး နဂါးခေါင်းဖြတ်ခြင်းအပိုင်း၏ ထိန်းချုပ်ခြင်းကို ခံရမည်။ အဆင့်နိမ့် ရေအမျိုးအစား သားရဲများက စာအုပ်၏စွမ်းရည်ကြောင့် ပိုပြီး ပြင်းပြင်းထန်ထန် သက်ရောက်မှုကို ခံစားရမည်။)

[သားရဲဖော်ပြချက်] - ဆန်းကြယ်သောစာအုပ်မှ ဆုတ်ဖြဲထုတ်ခံထားရသော အပိုင်းတစ်ပိုင်း

တောရိုင်းထဲက ဒဏ္ဍာရီအရည်အသွေး သားရဲ… ကောင်းဖန်မျက်လုံးများ ပြူးသွားသည်။

“ရှေ့က ဖယ်ရင်ဖယ် မဖယ်ရင် ငါ ကိုယ်တိုင်လာပြီး ဖယ်ရလိမ့်မယ်” ကောင်းဖန်က အော်ပြောလိုက်သည်။

နဂါးခေါင်းဖြတ်ခြင်းအပိုင်း (ရေ) က စာမျက်နှာများကို လှန်လိုက်ပြီး အပြာရောင်စာမျက်နှာတစ်ခုတွင် ရပ်လိုက်သည်။ ထို့နောက်သူ့ဆီသို့ ဓားကဲ့သို့ ပျံပြီး ဦးတည်ဝင်လာသည်။ စာမျက်နှာက ကန်ရေပြင်ပေါ်က လှိုင်းများကဲ့သို့ လေထဲကနေ ရွက်လွှင့်လာပြီး ကောင်းဖန် နဖူးအား အသံကျယ်ကျယ်ဝင်တိုက်လိုက်သည်။

တချိန်တည်းတွင်ပင် အစင်းလေး၏ခေါင်းတွင်လည်း အက်ကွဲကြောင်းတစ်ခုပေါ်လာသည်။ အစင်းလေးသူ့ခေါင်းကို ပွတ်လိုက်သည်။ ယားတယ်ဟ…

“ကောင်းပြီ… မင်းလာတေင်းဆိုတာနော်” ကောင်းဖန်က အော်ဟစ်လိုက်သည်။ “အစင်းလေး သူ့ကိုတိုက်… ဒါပေမယ့် မသတ်လိုက်နဲ့”

ရုတ်တရတ် ကောင်းဖန် အနားတွင် ရေစီးသံကို ကြားလိုက်ရသည်။ လေထဲတွင် ရေအိုင်တစ်အိုင် ပြောင်းပြန် တွဲလောင်းဖြစ်နေသည်။ သူ့အောက် မြေကြီးပေါ်တွင် နောက်ထပ် ရေအိုင်တစ်အိုင် ပေါ်လာသည်။

[သားရဲအမည်] - မြင့်မြတ်သော စမ်းရေဝိဝိဉာဉ်

[သားရဲအဆင့်] - အဆင့် ၅၀ (နတ်ဘုရားအဆင့်)

[သားရဲစွမ်းရည်] အလွန်ကောင်း

[သားရဲအမျိုးအစား] - ရေ

[သားရဲစွမ်းအင်] - အရှိန်မြင့် ပြန်လည်ဖန်တီးခြင်း အဆင့် ၃၊ နတ်ဘုရားစမ်းရေဝဲဂယက် အဆင့် ၄

[အထူးဝိသေသလက္ခဏာ] - မြင့်မြတ်သော စမ်းရေရောင်ပြန်ဟပ်ခြင်း (မြင့်မြတ်သော စမ်းရေက သူ့မျက်နှာပြင်ပေါ်တွင် ရောင်ပြန်ဟပ်သော အရာမှန်သမျှကို ဆင့်ခေါ်နိုင်စွမ်းရှိသည်။

သက်ရောက်မှု ၁ - မြင့်မြတ်သောစမ်းရေက သူ့မျက်နှာပြင်ပေါ်တွင် ရောင်ပြန်ဟပ်သော တခြားသားရဲများ၏ ပုံရိပ်ယောင်ကို ဖမ်းထားနိုင်သည်။ အများဆုံး ပုံရိပ်ယောင် ၃ ခုထိ ထိန်းသိမ်းထားနိုင်သည်။ သူကြိုက်တဲ့အချိန်တွင် ထို ပုံရိပ်ယောင်များကို အစားထိုးနိုင်သည်။

သက်ရောက်မှု ၂ - မြင့်မြတ်သောစမ်းရေက သူ့ပစ်မှတ်၏ ပုံရိပ်ယောင်ပြန်ကို သက်ရှိအဖြစ် အသက်သွင်းနိုင်သည်။ ထိုပုံရိပ်ယောင်တွင် ပစ်မှတ်၏ တိုက်ခိုက်စွမ်းအား ၉၀% ရှိပြီး စွမ်းရည်များလည်း သူ့အတိုင်းပင် ရှိလိမ့်မည်။ သို့သော် ပုံရိပ်ယောင်က ဒဏ္ဍာရီအရည်အသွေးနဲ့အထက် သားရဲများ၏ အထူးဝိသေသလက္ခဏာကိုမူ ပုံတူကူးနိုင်မည်မဟုတ်ပေ။ တချိန်တည်းတွင်ပဲ ပုံယောင်ရိပ် ၃ ခုအထိ ဆင့်ခေါ်နိုင်သည်။ ပစ်မှတ်၏ ပုံရိပ်ယောင်ကို ထိန်းသိမ်းဖို့အတွက် သူ၏ ကိုယ်ပိုင်စွမ်းအားကို အသုံးပြုရန် လိုသည်။

[သားရဲဖော်ပြချက်] - မြင့်မြတ်သောစမ်းရေက ရေအိုင်ထဲက လကဲ့သို့ ဖြစ်သည်။ လက်တွေ့အစစ်အမှန်နဲ့ ပုံရိပ်ယောင်တို့က ဒင်္ဂါးတစ်ခု၏ မျက်နှာပြင် ၂ ဖက်ကဲ့သို့ပင်ဖြစ်သည်။

ဒါက တကယ်ကို ရှားပါးသော သတ္တဝါဖြစ်သည်။ တခြားသားရဲများကို ပုံတူပွားပြီး သူ့အစား တိုက်ခိုင်းသည်။ မြင့်မြတ်သောစမ်းရေ၏ စွမ်းအင်များကို ကြည့်ပြီးနောက် ကောင်းဖန် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

နဂါးခေါင်းဖြတ်ခြင်းအပိုင်းနဲ့ မြင့်မြတ်သောစမ်းရေက အဆင့် ၅၀ ပဲ ရှိလို့ တော်သေးသည်။ အဲထက်သာ ပိုမြင့်ရင် ငါ ဘုရင်အဆင့်သားရဲ ၃ ကောင်ကို တစ်ခါတည်းတိုက်ခိုက်နေရမှာ…

အစင်းလေးအပေါ် ကောင်းဖန် ယုံကြည်ချက်ရှိသော်လည်း သူတို့ အသက်ရှင်ရက် ပြန်နိုင်ပါ့မလားဆိုတာ မသိနိုင်ပေ။ သို့သော်လည်း အစင်းလေးနဲ့ သူ့ပြိုင်ဖက်များကြားတွင် အဆင့်ကွာဟချက် အတော်ရှိနေသည်။ ကောင်းဖန်က အသာစီးရနေသည်… အခု ဒါ သူ့အတွက်အခွင့်အရေးပဲ။

ကောင်းဖန် အရင်ဆုံးစပြီးတိုက်ခိုက်ဖို့ အစင်းလေးကို အမိန့်ပေးလိုက်သည်။ ဒီလိုအခြေအနေရောက်မှတော့ တိုက်ခိုက်ခံရသူထက် တိုက်ခိုက်သူသာ ဖြစ်လိုက်ပြီး ဒီသားရဲများကို တတ်နိုင်သလောက် မြန်မြန် အဆုံးသတ် ရမည်ဟု သူတွေးလိုက်သည်။

ဘယ်ဖက်တွင် စမ်းရေဝိဝိဉာဉ်ဆီမှ တောက်ပသော အလင်းတစ်ခု ထွက်လာပြီး အစင်းလေးအား ခေါင်းကနေ ခြေအဆုံး ဖုံးသွားသည်။ မြေပေါ်က ရေအိုင်ထဲကနေ အဖြူရောင်အလင်း ပွင့်လာသည်။ အဖြူရောင်အလင်းက တစ်ဖြည်းဖြည်းဖျော့သွားပြီး အစင်းလေးအသေးစားအရွယ်လေး ပေါ်လာသည်။

လေထဲကနေ ပေ ၁၆၀ အမြင့်ထက် မပိုသော အစင်းလေး၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်ခြင်းခံလိုက်ရသည်။ ပုံယောင်ရိပ်က မူလအစင်းလေးအား ပြင်းထန်စွာ စိုက်ကြည့်နေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၅၆ အစင်းလေး၏ ကာကွယ်မှု

သားရဲ သုံးကောင်က ကောင်းဖန်အား ဝန်းရံထားသည်။ လေထုက ကြောက်မက်ဖွယ်ဖြစ်လာသည်။

စမ်းရေဝိဝိဉာဉ်က သူတို့အနီးကပ်လာသည်။ အစင်းလေးအသေးစား ၂ ကောင် သူ့ရှေ့တွင် ပေါ်လာသည်။ အစင်းလေး ၃ ကောင်က ကောင်းဖန်၏ ဘယ်ဖက်ကို လုံးဝ ဝိုင်းထားလိုက်သည်။

“ကျုးကျော်လာရင် သေရမယ်” စမ်းရေဝိဝိဉာဉ်က အမိန့်သံဖြင့်ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ဒီလူသားနဲ့ သူ့သားရဲက သေရမည်။ သူနဲ့အဆင့်တူ သားရဲနဲ့ ရင်ဆိုင်ရချိန်တွင် စမ်းရေဝိဝိဉာဉ်က တစ်ခါမှ မရှုံးခဲဖူးပေ။

သူသည် စွမ်းအင်၏ ၉၀ % ကိုသာ ပွားယူနိုင်သော်လည်း တစ်ချိန်တည်းမှာ အများဆုံး ပုံရိပ်ယောင် သုံးခုကို ဖန်တီးနိုင်သည်။

အစင်းလေးတစ်ကောင်တည်းဆိုရင်တော့ ဘာမှမဟုတ်ပေမယ့် စွမ်းရည်တူ သုံးကောင်တူတူ တိုက်ခိုက်လာတာ ခံရရင် ပုံမှန်အားဖြင့်တော့ သားရဲများ ရှုံးနိမ့်သွားကြသည်။ စမ်းရေဝိဝိဉာဉ်က ကျူးကျော်သူကို သူကိုယ်တိုင်တောင် အနိုင်ရအောင် လုပ်နိုင်သူဟုပင် တွေးမိသည်။

စာအုပ်က စာရွက်များ စပြီး တဖျပ်ဖျပ်လန်လာသည်။ မိုင်အနည်းငယ်ထိကို ဖုံးလွှမ်းသွားသော မမြင်ရသည့် လှိုင်းများ ပေါ်လာသည်။

ကောင်းဖန် သူ့ခန္ဓာကိုယ်တွင် အပိုအလွှာတစ်ခု ရှိလာသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို ပလတ်စတစ် အလွှာနဲ့ ပတ်ထားသလိုဖြစ်နေသည်။ စာအုပ်၏ ဆန်းကြယ်ရေအကာအရံစွမ်းအင်ကြောင့် ဖြစ်မည်ထင်သည်။ သို့သော် ထို စွမ်းအားက ကောင်းဖန်ရော အစင်းလေးရောကို လုံးဝ မထိခိုက်ပေ။ သူတို့၏ ရေဒြပ်စင်ကို ထိန်းချုပ်နိုင်စွမ်းကိုသာ အနည်းငယ် အားပျော့သွားစေတာ ဖြစ်သည်။

အစင်းလေး၏စွမ်းရည်က မြေ၊ ကျောက်နဲ့ ချော်ရည်ဖြစ်သည်။ ထိုအကာအရံက သူ့အပေါ် လုံးဝ သက်ရောက်ခြင်း မရှိပေ။

[သားရဲအမည်] - အသေးစားကပ်ဘေး တောင်ပင့်ကူပုံရိပ်ယောင်

[သားရဲအဆင့်] - အဆင့် ၅၀ (နတ်ဘုရားအဆင့်]

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲစွမ်းအင်] …

ပုံရိပ်ယောင် ၃ခုလုံးက အဆင့် ၅၀အောက် ရှိကြပြီး ဘယ်ကောင်မှ ဘုရင်အဆင့်ထက်မကျော်ပေ။ ဒါ့အပြင် ပုံရိပ်ယောင် ၃ကောင်လုံးက အစင်းလေး ပုံပြောင်းထားသေ ပုံစံကို အခြေခံထားကြသည်ဟု ကောင်းဖန် ခံစားရသည်။

အကယ်၍ အစင်းလေး့စွမ်းအားအကုန်လုံး၏ ၉၀ % သာဆိုရင် သူတို့ရဲ့ စွမ်းအားအဆင့်တွေက ဒီလောက် နိမ့်နေမှာ မဟုတ်ပေ။ ဒါ့အပြင် အစင်းလေးသာ စွမ်းအားပြည့်အခြေအနေဖြစ်နေလျှင် ဘာကိုမှ ပုံတူပွား၍ ရနိုင်မည်မဟုတ်ဟု ကောင်းဖန်ယုံကြည်သည်။

ကောင်းကင်တွင် မိုးခြိမ်းသံဟိန်းသွားသည်။ မိုးကြိုးမုန်တိုင်းက သူတို့အပေါ်စတင်ကျရောက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လှပသောရှုခင်းက မုန်တိုင်းထန်သွားသည်။ လျှပ်စီးသံနဲ့အတူ မိုးကြိုးများပါ ပစ်ချနေသည်။

အစင်းလေးအသေးသုံးကောင်နဲ့ အစင်းလေးတို့ တိုက်မိသွားကြသည်။ တောင်များ လှုပ်ခါယမ်းသွားပြီး သူတို့နင်းခဲ့သော မြက်ခင်းပြင်က ပြားကပ်သွားသည်။ အစင်းလေးက သူ့ရဲ့ ညာဖက်အစွယ်ကိုထုတ်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ပုံပြောင်းသစ်သီး၏ အစွမ်းသက်ရောက်မှု ပျောက်ကွယ်သွားသည်။

ကောင်းကင်က မှောင်သွားပြီး တောင်များ လှုပ်ခါသွားသည်။ အပေါ်ကတိမ်များ အစိတ်စိတ် အမွှာမွှာဖြစ်သွားသည်။ တောင်ကုန်းအောက်ခြေကနေ တောင်ထိပ်ကို မမြင်နိုင်ပေ။

ပုံရိပ်ယောင်သုံးခုမှာ အစိတ်စိတ် အမွှာမွှာကွဲနေသော ကျောက်တုံးအပိုင်းအစများအဖြစ်ပြောင်းသွားပြီး အမှိုက်ပုံထဲသို့ ထည့်ခြင်းခံလိုက်ရသည်။

စာအုပ်က သူတို့ကြားတွင် အကွာအဝေးတစ်ခုရောက်သည်အထိ အမြန်ထွက်ပြေးသွားခဲ့သည်။ သူက မူလအရွယ်အစားထက် အစပေါင်း ထောင်ချီကြီးသွားသော အစင်းလေးအား ကြောက်ရွံ့စွာကြည့်နေသည်။

စမ်းရေဝိဝိဉာဉ်မှာ ဘာမှပင် အချိန်မှီ မတုံ့ပြန်နိုင်ပေ။ ပုံရိပ်ယောင်သုံးခု ဖန်တီးဖို့ သူ့ရဲ့ ဝိဝိဉာဉ်စွမ်းအားကို အတော် ထုတ်သုံးခဲ့ရသည်။ သို့သော်လည်း သူက တိုက်ပွဲကို အရသာခံကြည့်ဖို့ အစင်းလေး၏ အနိားတွင် နေချင်ခဲ့သည်။ မတော်တဆပဲ အစင်းလေး၏တိုက်ခိုက်မှုကြောင့် သူ ထိခိုက်သွားခဲ့သည်။

ချက်ချင်းပဲ သူ့ခန္ဓာကိုယ်က ကောင်းကင်ကနေ ပြုတ်ကျလာသလို ကျိုးကြေသွားသည်။ သူက လေထဲတွင် အပြာရောင် ပန်းကန်လုံးလေးအဖြစ်ပြောင်းသွားပြီး မြေပေါ်သို့ကျလာသည်။ ပန်းကန်လုံးက အချိန်ခဏလောက် လည်နေပြီးနောက် ရပ်သွားသည်။ ထိုအရာက အရင်းအမြစ်များကို အလွန်အကျွံသုံးစွဲလိုက်သဖြင့် အိပ်ပျော်သောအခြေအနေသို့ရောက်သွားသည့် စမ်းရေဝိဝိဉာဉ်ဖြစ်သည်။

ကောင်းဖန်က စမ်းရေဝိဝိဉာဉ်ကို ကောက်ယူလိုက်သည်။ သူ့မျက်နှာတွင် အံ့သြဟန်ပေါ်နေသည်။ စမ်းရေဝိဝိဉာဉ်၏ အခြေအနေပြဘားတန်းအောက်ခြေတွင် တစ်ဝက်တပျက် ဖောက်ထွင်းမြင်နိုင်သော စာလုံးများပေါ်လာသည်။

[သားရဲတစ်ကောင်နှင့် ပေါင်းစပ်နိုင်သည်။]

ပေါင်းစပ်နိုင်တယ်တဲ့လား… ကောင်းဖန် သားရဲပေါငးစပ်ခြင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားသွားသည်။ ဒီလိုအရာမျိုးကို သူကြားဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကောင်းဖန် ခေါင်းငုံ့ပြီး အစင်းလေးကို ကြည့်လိုက်သည်။ သူ အမြင်မှားတာ မဟုတ်မှန်း သေချာအောင် အစင်းလေး၏ အခြေအနေပြဘားတန်းကို စုစုပေါင်း ၃ ကြိမ်ကြည့်ပြီး စစ်လိုက်သည်။ အစင်းလေး၏အခြေအနေပြဘားတန်း အောက်တွင် တခြားသားရဲများနဲ့ ပေါင်းစပ်လို့ရသည်ဟု ဖော်ပြသော တဝက်တပျက်ဖောက်ထွင်းမြင်နိုင်တဲ့ စာလုံးမျိုး ရှိမနေပေ။

ဆိုလိုတာက သားရဲအားလုံးက ပေါင်းစပ်၍ရတာ မဟုတ်ပေ။ သူတို့ကို ပေါင်းစည်းဖို့ လိုအပ်ချက်များ ပြည့်စုံရန် လိုအပ်သည်။

စမ်းရေဝိဝိဉာဉ် ရှုံးနိမ့်သွားပြီးနောက် နတ်ဘုရားမကျောက်တုံးနဲ့ နဂါးခေါင်းဖြတ်ခြင်းအပိုင်းတို့ စိတ်ပူပန်လာကြသည်။ ချက်ချင်းပင် ကောင်းဖန်ဆီသို့ ခုန်ဝင်လာပြီး သူ့လက်ထဲက စမ်းရေဝိဝိဉာဉ်ကို လုဖို့ ကြိုးစားသည်။

နတ်ဘုရားမကျေောက်တုံးက ဘုရင်အဆင့်ဖြစ်သော်လည်း သူက တိုက်ပွဲအထူးပြု ဘုရင်အဆင့်မဟုတ်ပေ။ တစ်ယောက်ချင်း ယှဥ်တိုက်ရသည့် တိုက်ပွဲတွင် သူက အစင်းလေးအတွက် ပြိုင်ဖက်ပင် မဟုတ်ပေ။

အစင်းလေးဆီက ၂ ခါအရိုက်ခံရပြီးနောက် နတ်ဘုရားမကျောက်တုံးက ထိတ်လန့်သွားပြီး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်သည်။ အစင်းလေးက စိတ်ဆိုးသွားသည်။ လာချင်တဲ့အချိန်လာပြီး သွားချင်တဲ့အချိန်သွားမယ်ပေါ့… ငါ့ကို ဘာများထင်နေလဲ…

နတ်ဘုရားမကျောက်တုံး၏ ထွက်ပြေးသည့် လမ်းကြောင်းကို သူ့အစွယ်များနဲ့ ပိတ်လိုက်သည်။ သူ့ခြေထောက်ကို နတ်ဘုရားမကျောက်တုံး၏ ပုခုံးပေါ်သို့တင်ထားပြီး ချောင်ပိတ်ထားလိုက်သည်။

နတ်ဘုရားမကျောက်တုံးက ကောင်းဖန်ကို ကြည့်လိုက်သည်။ သူက ကျောက်တုံးဆိုသော်လည်း ကောင်းဖန် သူ့ကို နားလည်သည့် ခံစားချက်ကို ခံစားနိုင်သေးသည်။ သူ့ပေါ်တွင့် မျက်လုံးတစ်စုံရှိနေပြီး ထိုမျက်လုံးများနဲ့ ကောင်းဖန်မျက်လုံးထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေသလို ခံစားရသည်။

နောက်တစ်ခဏတွင် နတ်ဘုရားမကျောက်တုံးက မျက်စိကန်းနိုင်လောက်သည့် အလင်းကို ထုတ်လိုက်သည်။ ကောင်းဖန်မျက်လုံးကို ကာလိုက်ပြီး လက်ကြားထဲကနေ ချောင်းကြည့်လိုက်သည်။ လက်ချောင်းများကြားကနေ အဝါရောင်ဝတ်စုံရှည်ကို ဝတ်ထားပြီး လက်ယမ်းပြနေသော လှပသည့်နတ်ဘုရားမ တစ်ပါးကို တွေ့လိုက်ရသည်။ သူက ကောင်းဖန်ကို အေးစက်စွာနဲ့ ဟင့်ကနဲလုပ်လိုက်ပြီးနောက် ညင်သာသော လှိုင်းနဲ့အတူ လေပွေတစ်ခုကို ဆင့်ခေါ်ကာ တခြားကမ္ဘာက နတ်သမီးတစ်ပါးလို သူမကို သယ်ဆောင်သွားစေသည်။

အစင်းလေးက သူမကို ငုံ့ကြည့်လိုက်သည်။ တိမ်မည်းများသည် နတ်ဘုရားမကျောက်တုံးဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။

တိမ်တိုက်က နတ်ဘုရားမနဲ့ ထိလိုက်မိသည်နှင့် နားကန်းလောက်စရာ ဟိန်းသံကြီးကို ကျယ်လောင် ရှင်းလင်းစွာ ကြားလိုက်ရသည်။ ခဏအကြားတွင် တိမ်မည်းများကြားက ကျောက်တုံးတစ်တုံး လိမ့်ကျလာသည်။ ကျောက်တုံးက မီးသွေးကဲ့သို့ မည်းနက်နေအောင် လောင်ကျွမ်းခံထားရသည်။

နတ်ဘုရားမကျောက်တုံးက မီးသွေးအဖြစ် အဆင့်လျော့ခံလိုက်ရပြီး ညှော်နံ့ထွက်ကာ အစိမ်းရောင်မီးခိုးများထွက်နေသည်။ ကြောက်စရာကောင်းသော မြင်ကွင်းဖြစ်သည်။

တိမ်မည်းများပျောက်သွားသော်အခါ ကျယ်လောင်သော မိုးခြိမ်းသံများကို မကြားရတော့ပဲ ကောင်းကင်က ပြန်လည် ကြည်လင်သွားသည်။

ကောင်းဖန်က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသော နတ်ဘုရားမကျောက်တုံးကို ပြန်ဆွဲယူလိုက်သည်။ သူအသေးစိတ် စစ်ကြည်နေပြီး နတ်ဘုရားမကျောက်တုံး၏ အခြေအနေပြဘားတန်းအောက်ခြေကို သတိထားမိသည်။ သူ့တွင်လည်း တခြားသားရဲများနဲ့ ပေါင်းစပ်နိုင်သည်ဟုပြောထားသော တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နိုင်သည့် စာလုံးများ ရှိနေသည်။

နဂါးခေါင်းဖြတ်ခြင်းအပိုင်းက အားလုံးထဲတွင် အသံအတိတ်ဆုံးဖြစ်သည်။ အခြေအနေမဟန်တော့တည်းက သူထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့စာရွက်များကလန်သွားပြီး စာအုပ်တစ်အုပ်လုံး မြေကြီးထဲသို့ စိမ့်ဝင်ရန်ကြိုးစားနေသော ရေအိုင်လေးအဖြစ် ပြောင်းသွားသည်။

သို့သော် သူက အစင်းလေးနဲ့ အလွန်နီးနေသည်။ သူက အစင်းလေး၏ မြင်နိုင်စွမ်းကို လျှော့တွက်ခဲ့သည်။

နီဝါရောင်အလင်းက နတ်ဘုရားမတောင်ထိပ်၏မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။ မြေပေါ်က မြေလွှာက စိန်ထက်ပင် မာကျောသွားခဲ့သည်။

ရေအဖြစ်ပြောင်းသွားသော နဂါးခေါင်းဖြတ်ခြင်းအပိုင်းက မာကျောသောမြေကြီ၏ တားဆီးခြင်းကို ခံလိုက်ရပြီး ဘယ်လောက်ပဲ ကြိုးစားပြီး စိမ့်ဝင်အောင် လုပ်လုပ် မြေကြီးထဲသို့ ဝင်မရဖြစ်နေသည်။ သူ့ကို အရှင်ဖမ်းလိုက်သည်။

“ဝူချောက်က တကယ်ကိုကောင်းတဲ့နေရာပဲ” ကောင်းဖန်က စိတ်ကျေနပ်စွာ ပြောလိုက်သည်။ သူ တစ်ခါလာရုံနဲ့ ဘုရင်အဆင့်သားရဲတစ်ကောင်နဲ့ ဒဏ္ဍာရီလာအရည်အသွေး နတ်ဘုရားအဆင့်သားရဲတစ်ကောင် ရှာတွေ့ခဲ့သည်။ ကောင်းဖန် တောင်များကို ဆက်ရှာရင်းနဲ့ စိတ်ငြိမ်ကျောက်တုံး ၂ တုံးကို ရှာတွေ့ခဲ့သည်။

ဘယ်ဖက်က စိတ်ငြိမ်ကျောက်တုံးက ၆ ပေမြင့်ပြီး ဘဲဥပုံဖြစ်သည်။ ညာဖက်က စိတ်ငြိမ်ကျောက်တုံးက ၁ ပေခွဲလောက်သာ မြင့်သည်။

ကောင်းဖန်က ကျောက်တုံး ၂ တုံးလုံးကို အစင်းလေး၏ခေါင်းပေါ်တွင်တင်လိုက်သည်။ သားရဲသုံးကောင်ကိုတော့ စိတ်ချရအောင် သူဗိုက်ထဲတွင် မျိုချထားလိုက်သည်။ အစင်းလေးကို ပုံပြောင်းသစ်သီကျွေးလိုက်ပြီးနောက် သူသာမာန်အရွယ်အစားသို့ ပြန်ပြောင်းသွားသည်။

ကောင်းဖန်တောင်ပေါ်က ပြန်ဆင်းလာချိန်တွင် နတ်ဘုရားမတောင်ထိပ်က လုံးဝတိတ်ဆိတ်နေသည်။

ပတ်ပတ်လည်က တောင်များပင် အထူးတိတ်ဆိတ်နေသည်။ ထူးခြားမှု ဘာမှမရှိဘဲ သာမာန်တောင်များလို့ပင် ထင်ရသည်။

အပြန်လမ်းတွင် တောင်ထိပ်များပေါ်မှာ ဘာနဂါးဟိန်းသံမှ မကြားရတော့ပေ။ ရေစီးသံ၊ စာရွက်လှန်သံတို့ကိုလည်း မကြားရတော့ပေ။ တောင်ကြီးများက တိတ်ဆိတ်နေသည်။

သတ္တဝါများက ကောင်းဖန်နဲ့ အစင်းလေးတို့ ထွက်ခွာသွားသည်ကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေကြသည်။

ထိုအချိန် ဝူချောက်ကမ်းပါးတွင် မြူများ ထူထပ်စွာ ဖုံးအုပ်နေသေးသည်။ ကောင်းဖန်က သူ့ကုတ်အင်္ကျီကို ထုတ်ဝတ်လိုက်သည်။ ထို့နောက် ငါးမျှားတံကိုထုတ်ကာ အေးအေးဆေးဆေး ငါးမျှားတော့သည်။

ကောင်းဖန်နဲ့ အစင်းလေးတို့ အဝေးရောက်သွားသောအခါမှသာ ဝူချောက်မှာ ပုံမှန်အတိုင်း ပြန်လည် သက်ဝင်လှုပ်ရှား သွားတော့သည်။

မြစ်ထဲရှိ ရွေ့လျားနေသော ကျွန်းပေါ်တွင် လိမ္မော်ပင် ၂ ပင်၊ ကျောက်တုံး ၂ တုံးနဲ့ ပန်းကန်လုံး ၁လုံးတို့ ရှိနေသည်။

ကျောက်တုံးတစ်တုံးက ရုတ်တရတ်အပိုင်း ၂ ပိုင်းအဖြစ် ပေါက်ကွဲထွက်သွားသည်။ တစ်ပိုင်းက ဘယ်ဖက်က လိမ္မော်ပင်ပေါ်သို့ပျံတတ်သွားပြီး တစ်ခြားတစ်ပိုင်းက ညာဖက်က လိမ္မော်ပင်ပေါ်သို့ ပျံတတ်သွားသည်။

ကောင်းဖန် အံ့အားသင့်စွာ ခေါင်းလှည့်ကြည့်လိုက်ပြီး လိမ္မော်ပင် ၂ ပင်က အဝါရောင်ရှပ်ဝတ်ထားသော ကလေး၂ ယောက်အဖြစ် ပြောင်းသွားကြောင်း သိလိုက်ရသည်။

ဘာတုန်းဟ… လိမ္မော်ပင်က လူသားအဖြစ်ပြောင်းသွားတာလား…

All Chapters