အခန်း (၄၆၅-၄၆၈)
Vol. 30 Ch. 465-468
အခန်း ၄၆၅ ရေခဲပြင်၏ ဧည့်သည်များ
“ကိစ္စမရှိပါဘူး.. ထားခဲ့လိုက်လေ” ဦးနှောက်ကြီးက ပြောလိုက်သည်။ သူသည် သူ့သခင်၏ အသံထဲမှ ဒေါသအငွေ့အသက်ကို ခံစားနေရသည်။ သူသည် ထို ၂ ယောက်က ကောင်းဖန်ကို ဘာများလုပ်ထားလို့လဲ မသိနိုင်ဖြစ်နေသည်။
ဦးနှောက်ကြီးသည် မြေပြင်တွင် လဲနေသော လူ ၂ ယောက်ကို သနားကြင်နာစွာ ကြည့်လိုက်သည်။ ထို့နောက် သူသည် တုံ့ဆိုင်းခြင်း မရှိပဲ သူတို့မှတ်ဉာဏ်ထဲသို့ ၀င်လိုက်သည်။
မခံမရပ်နိုင်အောင် ကြီးမားသော စိတ်စွမ်းအင်ကြီးသည် သူတို့ စိတ်ထဲသို့ ထိုးဖောက်၀င်ရောက်နေပြီး မှတ်ဉာဏ်များကို ဓားသွားတစ်ခုလို ဖြတ်ယူနေသည်။ သူတို့၏ ဘ၀ခရီးတစ်ခုလုံး၏ မှတ်ဉာဏ်များသည် ဦးနှောက်ကြီးရှေ့တွင် ရုပ်ရှင်တစ်ခုပြသလို စီကာစဉ်ကာ ပေါ်လာသည်။ အသံများ၊ အရောင်များ၊ ခံစားချက်များ အားလုံး ထိုထဲတွင် ပါ၀င်နေသည်။
လက်တွေ့ကမ္ဘာတွင်တော့ ဦးနှောက်ကြီး၏ ကိုယ်သည် တစ်ချက်တောက်ပသွားပြီးနောက် မလှုပ်မယှက် ငြိမ်သက်သွားခြင်း ဖြစ်သည်။ သူ့တွင် ကြီးမားသော စိတ်စွမ်းအင် ရှိသော်လည်း သူသည် အသုံး၀င်သော မှတ်ဉာဏ်များကို ဆွဲထုတ်ဖို့အတွက်တော့ အချိန်ယူရဦးမည် ဖြစ်သည်။
ရုတ်တရတ် ဦးနှောက်ကြီး၏ အသံသည် ကောင်းဖန်ခေါင်းထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ “သခင်.. ရှာခိုင်းတဲ့ဟာကို တွေ့ပါပြီ..သူတို့က ယင်လျဲ့ဒေသကနေ နိဟွန်းဒေသကို ထိုးဖောက်၀င်ရောက်ဖို့ စေလွှတ်ခံထားရတဲ့ သူလျှိုတွေပါ.. နောက်တော့ သူတို့က နင့်ကိုသတ်ဖို့ နိဟွန်းဒေသက အမိန့်တစ်ခုကို ရခဲ့တယ်.. သူတို့က သူတို့ကိုယ်သူတို့ အမည်မရှိ အဖွဲ့အစည်းတစ်ခုကနေ ဟန်ဆောင်ပြီး နေနေကြတာ”
“သူတို့နောက်ကြောင်းက အရှုပ်သားပဲ.. အဲဒီတော့ သူတို့က ယင်လျဲ့ဒေသက လာတာ.. ပြီးတော့ နိဟွန်းဒေသက သူတို့ကို သစ္စာဖောက်ပြီး ငါကို သတ်ခိုင်းဖို့ ပြောရင်း အမိန့်ပေးတယ်ပေါ့.. အဲဒီလိုလား” ကောင်းဖန်က မျက်မှောင်ကြုံ့ရင်း မေးလိုက်သည်။ “ပိုသေချာတဲ့ ရှင်းလင်းချက် မရှိတော့ဘူးလား”
“မရှိတော့ဘူး” ဦးနှောက်က ကောင်းဖန်ကို မလုံမလဲကြည့်ပြီး ဖြေလိုက်သည်။
ကောင်းဖန်သည် ပြောစရာစကား မရှိတော့ပေ။ ခဏကြာသောအခါ သူသည် လှည့်ပြန်လိုက်သည်။ “ဟုတ်ပါပြီ ကျေးဇူးပါ.. မင်းကလေးတွေ သေချာပြန်ခေါ်သွားဦး”
…
မြောက်၀င်ရိုးစွန်းတွင် သွေးနီမျက်လုံး လင်းတသည် အေးခဲနေသော လေထဲတွင် ပတ်ပျံနေပြီး အဆောက်အအုံ တစ်ခုရှေ့တွင် ဆင်းသက်လိုက်သည်။ သူသည် သူ့ခြေထောက်နှင့် တွဲချည်ထားသော ချိန်းကြိုးများကို နှုတ်သီးဖြင့် ထိုးကာ ဖြည်လိုက်သည်။ ထိုအခါ သူ့ခြေထောက်ထံမှ အစိမ်းရင့်ရောင် ဗူးလေးတစ်ခု ထွက်ကျလာသည်။ သူသည် ထိုဗူးလေးကို နန်းတော်တံခါးရှေ့တွင် ဂရုတစိုက် သွားထားလိုက်သည်။
ခဏကြာသောအခါ ရေခဲသူရဲကောင်းသားရဲသည် နန်းတော်ထဲမှ ထွက်လာသည်။ သူသည် လင်းတကြီးထံတွင် ချိတ်ဆွဲထားသော သံလိုက်သားရဲအထီးကို တစ်ချက်ကြည့်လိုက်ပြီး ဗူးလေးကို ကောက်ယူလိုက်ကာ နန်းတော်ထဲသို့ ပြန်၀င်သွားသည်။
လင်းတကြီးသည် ခေါင်းတစ်ချက်ညိတ်လိုက်ပြီးနောက် ကောင်းကင်သို့ ပြန်လည် ပျံသန်းသွားလိုက်သည်။ သူ့တွင် ထိုပစ္စည်းကို သယ်ယူပို့ဆောင်ပေးခြင်းအပြင် အခြားတာ၀န်တစ်ခုလည်း ရှိသေးသည်။ သူနောက်တစ်ဆင့်မြှင့်ရန် အေးခဲရှုရှိုက်ခြင်းများကို ရှာဖွေရန် ဖြစ်သည်။
သူသည် ၆ လကြာပြင်းထန်စွာ လေ့ကျင့်ပြီးနောက် သူ့ကိုယ်တွင် အမာရွတ်များ ပိုတိုးလာခဲ့ပြီး ပို၍ပင် အကျည်းတန်လာခဲ့သည်။
“ဒီလိုအသွင်ရှိတဲ့ သားရဲမျိုးတောင် မတွေ့ရတာကြာပြီ” ပဲ့ကျင်းယန်က ပြတင်းပေါက်မှ ပြန်မခွာခင် ပြောလိုက်သည်။ သူမသည် သူမလက်ထဲမှ အစပ်မုန့်ချောင်းထုပ်လေးကို ကြည့်လိုက်ပြီး တစ်ကိုက်စားကြည့်လိုက်သည်။
၂ ချောင်းလောက်စားပြီးသောအခါ သူမမျက်နှာသည် နီရဲလာသည်။ သူမ နှာခေါင်းများသည်လည်း နီရဲလာပြီး တရှူးရှူး တရှဲရှဲ ဖြစ်လာသည်။ သူမသည် လျှာကိုထုတ်ပြီး ယပ်တောင်ခတ်နေရသည်။
ရေခဲသားရဲသည် သူ့သခင်မ၏ အဖြစ်ကို တွေ့သောအခါ လန့်ဖြပ်သွားသည်။ “သွားပြီ.. သခင်မ အဆိပ်မိနေပြီ.. အခြေအနေကို သုံးသပ်ချက်အရ.. ဘာအဆိပ်ပါလိမ့်..”
ပဲ့ကျင်းယန်သည် ရေခဲသားရဲကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ခဏစဉ်းစားလိုက်ပြီးနောက် နောက်ထပ် တစ်ထုပ်ကိုဖောက်လိုက်ပြီး ရေခဲသားရဲကို အနည်းငယ် ပေးလိုက်သည်။ “ရော့ စားကြည့်.. အဆိပ်မဟုတ်ပါဘူး.. သူ့အရသာက တကယ်ထူးခြားတယ်.. တစ်ခါမှ ဒါမျိုး မစားဖူးဘူး”
ရေခဲသားရဲသည် ပဲ့ကျင်းယန်ကို မျက်စိဒေါက်ထောက်လိုက်ကြည့်နေပြီး သူ့သခင်မ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေဟန် ဖြစ်နေသည်။ “သဘောထားကြီးမှုကို ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ကျွန်တော်က အစားအသောက်ကိုတော့ မစွန့်စားရဲဘူး” သူသည် ရေခဲများကို စားရသည်ကိုသာ ကြိုက်နှစ်သစ်သူ ဖြစ်သည်။ သူသည် ရေခဲ၏ အအေးဓာတ်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံနှံ့သွားသည်ကို သဘောကျသူဖြစ်သည်။
“ကောင်းပြီလေ.. ငါကလည်း ငါအဆိပ်တကယ် မိမမိကို ကိုယ်တိုင်စမ်းသပ်ကြည့်ခိုင်းမလို့ပါ” ပဲ့ကျင်းယန်က သက်ပြင်းချရင်း ပြောလိုက်သည်။
ရေခဲသားရဲသည် ခဏတွေဝေနေပြီးနောက် “ခဏလေးပါ သခင်မ” ဟုပြောလိုက်သည်။
ခဏကြာသောအခါ ရေခဲသားရဲ၏ မျက်နှာသည် ပြူးပြူးပျာပျာ ဖြစ်လာသည်။ “ဒါက.. ဒါက ဘာကြီးလဲ.. အရသာက တစ်မျိုးကြီးပဲ” သူသည် အစပ်ချောင်းတစ်ခုကို ဝါးရင်းပြောလိုက်သည်။
သူသည် ထိုသို့ပြောနေရင်းဖြင့်ပင် နောက်တစ်ချောင်းကို ပါးစပ်ထဲကောက်ထည့်လိုက်ပြန်သည်။ သူ့သခင်မက ကြည့်နေသည်ကို မြင်သောအခါ သူသည် ချက်ချင်း ရှင်းပြလိုက်သည်။ “ကျွန်တော်ဒီလိုအရသာ တစ်ခါမှ မစားဖူးလို့ ကျေးဇူးပြုပြီး နားလည်ပေးပါ သခင်မ.. ကျွန်တော်က အဆိပ်ရှိမရှိ အစမ်းသပ်ခံပေးနေတာပါ”
ပဲ့ကျင်းယန်ကတော့ ပြုံး၍သာ ကြည့်နေလိုက်သည်။
…
သွေးနီမျက်လုံး လင်းတကြီးသည် ရေခဲတောင်ကြား၏ အေးခဲနေသော လေထုထဲတွင် ပျံသန်းနေရင်း မျက်တောင်မခတ်တမ်း ပျံသန်းနေသည်။ ထို့နောက် သူသည် ရေခဲနံရံတစ်ခုကို ၀င်တိုက်လိုက်သောအခါ ကြီးမားသော အပေါက်ကြီး ဖြစ်သွားသည်။
သူသည် တောင်ကြားထဲမှ အေးခဲအသက်ရှုခြင်း တိမ်တိုက်ကို မျိုချလိုက်သည်။ ထိုအခါ လင်းတကြီးသည် တောင်ပေါ်မှ ရုတ်တရတ်ပြုတ်ကျလာသည်။ သူသည် အေးခဲတောင့်တင်းနေပြီး သူ၏ သွေးကြောများသည် စီးဆင်းမှု နှေးကွေးလာသည်။ အေးစက်သော အငွေ့အသက်သည် သူ့ကို တဖြည်းဖြည်း လွှမ်းခြုံလာသည်။
လင်းတကြီးသည် ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ၏ နှလုံးသည် ရေစက်တစ်လုံးလို ခုန်ပေါက်နေသည်။ ထို့နောက် လေထဲတွင် အသံတိုးတိုးလေး ထွက်ပေါ်လာသည်။ နောက်တော့ ထိုအသံသည် တဖြည်းဖြည်း ကျယ်လာသည်။
လင်းတကြီး၏ ကိုယ်သည် ရုတ်တရတ် လှုပ်ခါသွားပြီး သူ့ကိုယ်ပေါ်တွင် ဖုံးလွှမ်းနေသော ရေခဲလွှာများ ကွာကျလာသည်။ သူ့မျက်လုံးသည် ယခင်ကထက် ပိုပြီး စူးရဲလာသည်။ သူသည် လည်ကို ဆန့်လိုက်ပြီး ရေခဲပြင်တွင် ပဲ့တင်ထပ်သွားအောင် တစ်ချက်အော်မြည်လိုက်သည်။
“ကောင်းလိုက်တဲ့ ငှက်ကြီးပါလား” တောင်ကြားအောက်ခြေတစ်နေရာတွင် ဝိဉာဉ်ဖောင်တစ်ခု ပွင့်လာသည်။ ထိုဖောင်သည် တစ်ခုခု ထွက်လာတော့မလို ဖွင့်ချည် ပိတ်ချည် ဖြစ်နေသည်။ ထို့နောက် ဖောင်ထဲမှ လူအချို့ ထွက်လာသည်။
သူတို့ထဲမှ အချို့သည် အထူးပြုလုပ်ထားသော သားရဲအရေခွံများပါ၀င်သည့် ၀တ်စုံများကို ၀တ်ဆင်ထားသည်။ အချို့ကတော့ သားရဲခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် တန်ဆာဆင်ထားသော အရာများ ပါလာကြသည်။ ထို၀တ်စုံများ ပစ္စည်းများသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပဲ လှပခန့်ညားလွန်းလှသည်။
စကားပြောလိုက်သောသူသည် လူအိုတစ်ယောက် ဖြစ်ပြီး အနီရောင်၀တ်စုံကို ၀တ်ဆင်ထားကာ လည်ပင်းတွင်တော့ အပြာရောင်အဆင်များပါသည့် မာဖလာကို ပတ်ထားသည်။ သူသည် လင်းတကြီးကို သဘောကျစွာကြည့်လိုက်သည်။ “ခန့်ညားလိုက်တာ.. တကယ်စိတ်ဓာတ်ပြင်းထန်တဲ့ သားရဲပဲ”
“သူ့ကို ထိခိုက်အောင်မလုပ်နဲ့ ပဲ့ကူးလောင်.. ထားထားလိုက်ပါ” သူသည် လူငယ်တစ်ယောက်က ရှေ့တိုးလာပြီး သူ့ကိုယ်ပိုင်သားရဲနှင့် လင်းတကြီးကို ဖမ်းရန် ပြင်ဆင်နေသည်ကို မြင်သောကြောင့် သတိပေးလိုက်သည်။ ဘုန်းတော်ကြီး၏ စကားကို ကြားသောအခါ လူငယ်သည် သူ့သားရဲကို ချက်ချင်း တားလိုက်သည်။
သူ့နောက်တွင် ၂၂ ပေရှိသော ခပ်ရုပ်ဆိုးဆိုး ပုံစံရှိသည့် လက်လေးဖက် နှင်းလူသား ရှိနေသည်။ သူ့အမွှေးများသည် အဖြူရောင်ဖြစ်ပြီး မျက်နှာတွင် နှာခေါင်း မရှိချေ။ မျက်လုံး ၁ လုံးနှင့် ပါးစပ်သာရှိသည်။
လင်းတကြီးသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူ့နားသို့ လူများနှင့်သားရဲများ ချဉ်းကပ်လာသည်ကို တွေ့သောအခါ လင်းတကြီးသည် တုံ့ဆိုင်းခြင်း မရှိပဲ ချက်ချင်း ပျံတက်လိုက်သည်။
နာရီ၀က်ခန့်ကြာသောအခါ ထိုသူများသည် ရေခဲနန်းတော် နားသို့ ရောက်သွားကြသည်။ ဘုန်းတော်ကြီးသည် ဒူးထောက်လိုက်ပြီး ကြေညာလိုက်သည်။ “ ကျုပ်က ဘုန်းတော်ကြီးချုပ်ပါ.. လာရောက်ခစားခြင်း ဖြစ်ပါတယ်”
ကျန်သူများကလည်း လိုက်လုပ်လိုက်ကြသည်။ “လာရောက်ခစားခြင်း ဖြစ်ပါတယ်”
ရေခဲသားရဲသည် အစပ်ချောင်းကို ဝါးစားနေရင်းဖြင့် နန်းတော်အပြင်ကို ထွက်ကာ ဘုန်းတော်ကြီးကို ကြည့်ပြီးမေးလိုက်သည်။ “ဘယ်လိုဘုန်းတော်ကြီးလဲ”
ဘုန်းတော်ကြီးက ခေါင်းကို မော့လိုက်သောအခါ သူ့မျက်လုံးများသည် ကြည်လင်နေသည်။ “မြင့်မြတ်လှစွာသော ရေခဲသူရဲကောင်း.. ကျုပ်က အာတိတ်မျိုးနွယ်စုရဲ့ အယောက် ၅၀ မြောက် ဘုန်းတော်ကြီးချုပ်ပါ”
ခဏကြာသောအခါ မိန်းမငယ်လေးတစ်ယောက်သည် နန်းတော်ထဲမှ ခြေဗလာနှင့် ထွက်လာသည်။ သူမမျက်နှာတွင် အမည်မသိနိုင်သော ခံစားမှု ပေါ်လွင်နေသည်။ “၅၀ လို့ ပြောလိုက်တာလား”
သူသည် ဒူးထောက်နေသော ဘုန်းတော်ကြီးကို တစ်ချက်စစ်ဆေးလိုက်သည်။ ထို့နောက် “အားလုံး ထကြပါ” ဟု ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်” အသက် ၇၀ ခန့်အရွယ် ခန့်ညားသော လူကြီးတစ်ယောက်က အသက် ၂၀ အရွယ် မိန်းမငယ်လေးတစ်ယောက်ကို ခစားနေသည်မှာ အနည်းငယ်သော ထူးဆန်းသည့် မြင်ကွင်းဖြစ်သည်။ သို့သော် သူတို့ထဲမှ မည်သူမှတော့ ထိုအခြင်းအရာကို ထူးဆန်းသည်ဟု မထင်ကြပါချေ။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၆၆ ဒန်ဘီ၏ တိုးတက်မှု
သူတို့မှတ်ဉာဏ်တွေကို ပြင်းထန်စွာ ဖယ်ရှားပစ်ခံလိုက်ရသော လူ ၂ ယောက်မှာ အရူးငတုံးများဖြစ်သွားကြသည်။ သူတို့က မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရွှံ့များနဲ့ ကစားနေကြသည်။ မကြာခဏ ခေါင်းကို မော့ပြီးတော့လည်း တုံးအစွာ ပြုံးနေကြသည်။ သူတို့ ၂ ယောက် ရူးချင်ယောင်ဆောင်နေတာလား မသိပေမယ့် ကောင်းဖန် သူတို့ကို မြစ်ထဲသို့ ပစ်ချ၍ ငါးစာကျွေးလိုက်ပြီး သူတို့ကို အရာအားလုံးကနေ လွတ်မြောက်သွားစေချင်နေသည်။
ကောင်းဖန် သူ့နားထင်ကို နှိပ်နယ်လိုက်ပြီး သူ့ဟာသူ ခပ်တိုးတိုးရေရွတ်မိသည် “အရာ အားလုံးက ရှုပ်ထွေးနေတာပဲ… ထူးထူးဆန်းဆန်းသားရဲတွေအကုန်လုံးက ရုတ်တရတ်ကြီး ဘယ်ကမှန်းမသိ ပေါ်လာသလိုပဲ … ငါ့ကိုများ စိတ်ရှည်လက်ရှည်နဲ့ သူတို့ကို လက်ခံပေးမယ်လို့ ထင်နေကြတာလား”
“မင်းမြစ်ထဲမှာ နေခဲ့လိုက်ဦး… ငါ ခဏအပြင်ထွက်ရဦးမယ်” ကောင်းဖန်က ဦးနှောက်အား ပြောလိုက်သည်။
ဦးနှောက်က မြစ်ထဲသို့ ပြန်နစ်ဝင်သွားသည်။ ဒီမြစ်ဝှမ်းက ဦးနှောက်၏ အိမ်ဖြစ်လာခဲ့သည်။ ဒီရေလှိုင်းပေါ်၊ လှိုင်းအောက်ကြား နယ်နမိတ်ကို ဖြတ်သွားချင်သော သားရဲတိုင်း ဖြတ်သန်းခ ပေးဆောင်ရသည်။ ဦးနှောက်က မြစ်တစ်ခုလုံးကို အပိုင်စီးထားသော လူဆိုးကဲ့သို့ ဖြစ်နေသည်။
စံအိမ်သို့ရောက်သောအခါ ကောင်းဖန်က နေရောင်အောက်က ရေအိုင်ထဲတွင် အပန်းဖြေနေသော မှန်လိပ်ကို ကန်လိုက်သည်။ “အိပ်မနေနဲ့တော့… ငါ့အိမ်မှာ အကြာကြီးလာအိပ်နေတာ မင်းအိမ်ငှားခတောင် ပေးသင့်နေပြီ… လာပြီးတော့ ငါ့အတွက် အနာဂါတ်ကို ကြည့်ပေးဦး”
လိပ်က အိုင်ထဲကနေ တက်လာဖို့ သူ့လက်သည်းအစွယ်များနဲ့ ၂ ကြိမ်လောက် တွန်းထွက်ပြီး နောက်ဆုံးမှ ထွက်လာနိုင်သွားသည်။ လိပ်အခွံက နေရောင်အောက်တွင် ငွေရောင် ရောင်ပြန်ဟပ်ကာ တောက်ပနေသည်။
“အကူအညီပေးဖို့ လာနေပါပြီ သခင်” ဂါထာတစ်ခုကို ရွတ်ဆိုနေရင်း လိပ်၏မျက်လုံးများက အလေးအနက် ဖြစ်နေသည်။ လိပ်ခွံက မီးလုံးကြီးတစ်လုံးကဲ့သို့ စတင်တောက်ပလာသည်။
ထိုမြင်ကွင်းက တခြားသားရဲများကို ဆွဲဆောင်သွားသည်။ မြင့်မြတ်သော သားရဲတစ်အုပ်စုက လိပ်၏ ပတ်ပတ်လည်တွင် ဝန်းရံလာသည်။ ငွေရောင်နဂါးက သူ့ခေါင်းကို စောင်း၍ လိပ်ကိုကြည့်ပြီး စဥ်းစားနေသည်။ ထို့နောက် သူအခိုင်အမာပြောလိုက်သည် “ဒီလိပ်က ငါ့ဟာပဲ..” သူက အာဏာအပြည့်နဲ့ ကျိန်ဆိုသကဲ့သို့ ဒီလိပ်က သူ့အပိုင်ဆိုသည့်ပုံ ပြောလိုက်သည်။ အမှန်ကတော့ အတိတ်တုန်းကဆိုသော်လည်း လိပ်က တကယ်ပဲ သူ့လက်အောက်ငယ်သားဖြစ်ခဲ့သည်။
နဂါးဖြူက တွေဝေသွားသည်။ “ဒါပေမယ့် အခု သူ့မှာ သခင်ရှိနေပြီဆိုတော့ သူက မင်းအပိုင်မဟုတ်တော့ဘူးလေ…”
ငွေရောင်နဂါး မျက်မှောင်ကျုံ့ပြီး စိတ်တိုသွားသည်။ ဒီလိပ်က တောက်ပနိုင်တယ်ဆိုတာ သူဘာလို့ မသိခဲ့ရတာလဲ… သူ တန်ဖိုးရှိတဲ့ ရတနာကို ဆုံးရှုံးလိုက်ရပြီ…
အရမ်းတောက်ပပြီး… အရမ်းလှတာပဲ
ငွေရောင်နဂါးက လိပ်၏အခွံကို ဆွဲချွတ်ပြီး သူ့ရဲ့လျို့ဝှက်ခန်းထဲတွင် ဖွက်ထားလိုက်ချင်မိသည်။ သူသည် သူ့ရဲ့ ရတနာသိုက်ကို အပြည့်ဖြည့်ဖို့ ရည်ရွယ်ထားသည်။
နဂါးဖြူကတော့ ငွေရောင်နဂါးနဲ့ သဘောထားချင်းမတူပေ။ သူ့မျက်လုံးထဲတွင်တော့ အခွံက တောက်ပသည့် လိပ်တစ်ကောင်ထက် မပို… သူသာလိုချင်ရင် ဘယ်လိုတောက်ပသော အရာမျိုးကိုမဆို ရနိုင်သည်။
ငွေရောင်နဂါး၏ အတွေးများက ဆင်းရဲမှုကြောင့် ကန့်သတ်ခံထားရတာဖြစ်နိုင်သည်။ နဂါးဖြူ၏အမြင်တွင်တော့ ဘယ်လို ကျောက်၊ စိန်၊ ဖန်မျိုးမဆို ခေတ်သစ်နည်းပညာဖြင့် အမြောက်အမြားထုတ်လုပ်နိုင်သည်။ ကောင်းနေသ၍တော့ သဘာဝအရည်အသွေးဆိုတာ သိပ်မထင်ရှား အရေးမပါလှပေ။
“ဆိုးတဲ့အတိတ်နမိတ်ပဲ… အရမ်းကို ဆိုးဝါးလွန်းတဲ့ အတိတ်နမိတ်ပဲ” လိပ်က ရုတ်တရတ် မျက်လုံးကို ဖွင့်၍ သူ့သခင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
လိပ်ပြောတာကို နားထောင်ပြီးနောက် သားရဲအုပ်စု ရုတ်တရတ်ပဲ စိတ်မအေးဖြစ်သွားကြသည်။ ဂိုဒီက ဒေါသမထွက်ပဲ မနေနိုင်ဖြစ်သွားသည်။ သူ့ရှေ့က လိပ်အိုကြီးကို တစ်စစီလုပ်ပစ်ချင်သွားသည်။ “ဟေး အဖိုးကြီး ငါ့သခင်ကို ဒီလိုအဓိပ္ပါယ်မရှိတာတွေ ပြောဝံ့တယ်ပေါ… အတိတ်နမိတ်ဆိုးတဲ့လဲ… မဟုတ်တာတွေ ထပ်ပြောကြည့်… မင်းကို ဒီနေ့ ငါ သွေးထွက်အောင် လုပ်ပစ်မယ်”
လိပ်က သူ့ခေါင်းကို အခွံထဲပြန်ဝင်ပုန်းလိုက်ပြီး လက်လေးချောင်းက မြက်ခင်းပေါ်ကို ဆုပ်ထားသည်။ “ဟေး ငါပြောတာ မပြီးသေးဘူးလေ… စိတ်မဆိုးပါနဲ့… ပြီးအောင်ပြောပါရစေဦး”
လိပ်က သူတို့ကို သံသယတတန်းတန်းနဲ့ ဖြစ်နေအောင် မထားဝံ့တော့ပေ။ သူနည်းနည်းလေးတော့ စိတ်တိုနေသည်။ သူက အစက သူ့သခင်သူ့အပေါ် ကောင်းလာအောင် လူတိုင်းကို မပြောပဲ ဆန့်တငံ့ငံ့ဖြစ်အောင် လုပ်ဖို့ စိတ်ကူးထားတာပေမယ့် ဒီအမွှေးတုံး ဘဲစုတ်ကြောင့် ပျက်စီးသွားပြီဖြစ်သည်။ တကယ် စိတ်တိုဖို့ကောင်းတယ်…
“ဒါပေမယ့် နမိတ်ဆိုးချည်းပဲ တွေ့တာမဟုတ်ပါဘူး… နမိတ်ကောင်းလည်းရှိနေတယ်… ကိုယ်ယောင်ဖျောက် ထားတဲ့ ကောင်းချီးပေးခြင်းပဲ… ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံခြင်းဆိုတာ မရှိဘူး.. ငါလည်း ဘုရားသခင် မဟုတ်ဘူးလေ”
“အဲဒီတော့ မင်းက ငါ့ကို လိမ်နေတာလား” ကောင်းဖန် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
“မဟုတ်ပါဘူး… ငါ လိမ်တာမဟုတ်ဘူး… ငါ့ရဲ့ ဟောပြောချက်တွေက အဲလိုပဲ… ဘာတွေပဲ ဖြစ်လာ ဖြစ်လာ ဖြစ်နိုင်ချေက ၂ ခုရှိတယ်… အန္တရာယ်အများဆုံး ကပ်ဘေးဆိုးတွေမှာလည်း ကောင်းတဲ့အရာလေးတွေ အမြဲရှိနေတာပဲ… မင်းတို့လူသားတွေမှာ စကားပုံရှိတယ်လေ… လူဆိုတာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာ ဆိုလား… ငါက အနာဂတ်ရဲ့ ဖြစ်နိုင်ချေ နည်းနည်းလေးကိုပဲ မြင်ရတာ… အနာဂတ်မှာ လမ်းကြောင်းတွေ အများကြီး ရှိနေနိုင်တာပဲ… ငါက အဲဒါတွေကို ကြည့်တယ်ဆိုရုံလေး ကြည့်လိုက်တာ… ဆုံးဖြတ်ချက်က မင်းလက်ထဲမှာ ရှိနေတုန်းပဲ…”
လိပ်က စကားပြော၍ ပြီးသွားသောအချိန်တွင် ထိတ်လန့်နေသည်။ ကောင်းတာတော့ မဖြစ်နိုင်ဘူး… ငါ ဒီနေ့ အများကြီး ဖော်လိုက်မိသွားပြီ… ထပ်ဖော်လို့ မဖြစ်တော့ဘူး…
“ဒါဆို ဟောတာနဲ့ မဟောတာက ဘာမှမကွာတော့ဘူးပေါ့ မထူးဘူးလေ” ကောင်းဖန် ပြောစရာစကားမရှိ ဖြစ်သွားသည်။
“အဲလိုတော့ မဟုတ်ပါဘူး… မင်းဆီမှာ ဘာတွေဖြစ်လာနိုင်သေးလဲဆိုတာ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ငါမြင်နိုင်သေးတယ်… အဲဒီဖြစ်နိုင်ခြေတွေကတော့ အတိအကျမဟုတ်ဘူး..အကိုးအကားယူလို့ရရုံပေါ့”
“ဒါဆို ငါ အန္တရာယ်ရှိနိုင်ခြေက ဘယ်လောက်လဲ… ငါ ကျိန်စာကို ကောင်းချီးအဖြစ် ပြောင်းလဲလိုက်နိုင်ခြေကရော…”
“၅၀-၅၀ လောက်ပဲ”
ကောင်းဖန် ပါးစပ်က မဲ့သွားသည်။ သူ့ လိပ်အိုကြီးကို ရိုက်ပြီး လှည့်ထွက်သွားချင်စိတ်ကို ထိန်းထားရသည်။ ဒီသတ္တဝါဆီက အဖြေကို မျှော်လင့်မိတာ အချိန်ဖြုန်းလိုက်မိသလိုပဲဟု ခံစားလိုက်ရသည်။ အနည်းဆုံးတော့ ဒီလိပ်အပေါ် ယုံကြည်လို့မရနိုင်ကြောင်း အခု သူ သဘောပေါက်သွားပြီဖြစ်သည်။
တခြား စိတ်စွမ်းအင်အမျိုးအစား သားရဲများလည်း လိပ်၏ ပြောဆိုချက်များက အသုံးမဝင်ဟု တွေးမိကြသည်။ အဲဒါက လိပ်၏နိမ့်နေသော အဆင့်နဲ့ ပတ်သက်နေမည်ထင်သည်။
တိုက်ခိုက်သူများ၏ သရုပ်မှန်ကို သတိထားမိသော်လည်း တိုက်ခိုက်မှု၏ နောက်ကွယ်က အဖွဲ့ကို ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ကောင်းဖန်က ဂရုမစိုက်ဘဲထားထားတာတော့ မဟုတ်၊ သူ ရန်သူ၏ထောက်ချောက်ထဲကျပြီး သူတို့ရဲ့ ညစ်ပတ်တဲ့ ကစားပွဲမှာ ချက်စ်ရုပ်တစ်ခုအနေနဲ့ အသုံးချမခံချင်၍ ဖြစ်သည်။
“ကောင်းဖန်… တစ်ခုခု ဒုက္ခပေးနေတာရှိလို့လား… အဆင်ပြေပါတယ်… ငါ့ကိုပြောပြ… ငါ မင်းနဲ့အတူ ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းပေးမယ်” ဂိုဒီက သူ့ရင်ဘတ်ကို သူပုတ်ပြီးပြောသည်။
ကောင်းဖန် သူ့ကိုတချက်ကြည့်လိုက်သည်။ သူ ဒီဘဲနဲ့ စနောက်ချင်စိတ်မျိုး ရှိမနေပေ။
ကောင်းဖန်က သူ့ကို လျစ်လျူရှုနေကြောင်း ဂိုဒီသိသွားသောအခါ သူရုတ်တရတ် စိတ်မအေးဖြစ်သွားသည်။ “ငါ့ကို ဘာလို့မယုံတာလဲ… ငါက ဗလပဲရှိပြီး ဦးနှောက်မရှိဘူးလို့ မင်းထင်နေတာလား”
ကောင်းဖန် ခေါင်းခါလိုက်သည်။ သူခဏလောက် စဉ်းစားလိုက်ပြီး ဂိုဒီကို အဖြစ်အပျက်အား ပြောပြလိုက်သည်။
ဂိုဒီက သူ့ခေါင်းကို ပုတ်လိုက်သည်။ “ဒါကလွယ်ပါတယ်… နိဟွန်းခရိုင်ကိုပဲ သွားကြည့်လိုက်”
“ဒီလူက နိဟွန်းက ဆိုတာ မင်းကဘာလို့ အရမ်းသေချာနေရတာလဲ”
“မင်းပဲ သူတို့က နိဟွန်းကလို့ ပြောတာမဟုတ်ဘူးလား” ဂိုဒီက ပြန်ပြောသည်။
ကောင်းဖန် အံ့အားသင့်သွားသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ “မင်းပြောတာမှန်တယ်”
ဒီလူတွေက ဘယ်ကလာတယ်ဆိုတာ အရေးမကြီးဘူး… အရေးကြီးတာက တိုက်ခိုက်သူတွေက နိဟွန်းကနေ အစပြုလာတယ်ဆိုတာပဲ… ဒါကိုပဲ သူသိထားရင်ရပြီ… ကောင်းဖန်လိုအပ်နေတာ အမှန်တရားမဟုတ်ပဲ ဘာလို့လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ပင်ဖြစ်သည်။
ခြင်္သေ့တစ်ကောင်းတည်းကိုပဲ ခေါ်သွားရင် စိတ်မချရပေ။ တစ်နေရာရာကနေ ဘုရင်အဆင့် သားရဲတစ်ကောင်ကောင် ပေါ်မလာဘူး လို့ အာမခံနိုင်ဖို့ ခဲယဥ်းသည်။ ကြီးထွားခြင်းဦးနှောက်က မြစ်ကို သိမ်းပိုက်ဖို့ ကျန်နေခဲ့သည်။ သူက မြစ်ထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သော်လည်း မြစ်ကနေ ထွက်လာလိုက်လျှင် သူ့ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်ကုန်လိမ့်မည်။
ဒါ့အပြင် ဒန်ဘီလည်း အပြင်မထွက်ရတာကြာပြီဖြစ်သည်။ သူ့ရဲ့ ရလဒ်တွေကို စမ်းသပ်ဖို့ အချိန်ကျပြီဖြစ်သည်။
အနက်ရောင်မြူခိုးကမ္ဘာ၊ စမ်းချောင်းတစ်ထောင်ဒေသ
စမ်းချောင်းတစ်ထောင်ဒေသက ဖုတ်ကောင်တို့၏ သုခဘုံဖြစ်လာခဲ့တာ အချိန်တွေကြာပြီဖြစ်သည်။
စမ်းချောင်းတစ်ထောင်ဒေသတွင် နေထိုင်းသော သားရဲမျိုးစုံကို မသတ်ရသေးပေ။ ထိုနေရာတွင် လုပ်ဆောင်နိုင်သော တိုးတက်မှုများကို ဒန်ဘီကောင်းကောင်း သတိထားမိသည်။ ရွှေဥဥပေးနေသော ငန်းကို သတ်လို့မရကြောင်း သူသိသည်။ ထို့ကြောင့် စမ်းချောင်းတစ်ထောင်ဒေသက သားရဲများကို ဖမ်းချုပ်ထားသည်။ သူတို့ကို အစာကောင်းကောင်းကျွေးပြီးမှ သတ်သည်။ ထိုမှသာ သူတို့က ဒန်ဘီအတွက် အကန့်အသတ်မဲ့ ဝိဝိဉာဉ်စွမ်းအားကို ဆတိုးထုတ်ပွား ထောက်ပံ့ပေးမည်ဖြစ်သည်။
အစောပိုင်း ပရမ်းပတာ အခြေအနေများပြီးနောက် စမ်းချောင်းတစ်ထောင်ဒေသက တဖြည်းဖြည်း ဒန်ဘီ၏ စည်းမျဥ်းများနှင့် နေသားကျလာသည်။ တချိန်တည်းတွင်ပင် အဆမတန်တိုးပွားနေသော ဖုတ်ကောင်ဦးရေ ကုန်သွားအောင် ဒန်ဘီက တဖက်အရပ်က တောအုပ်နဲ့ စစ်ပွဲစဖို့ ရွေးချယ်လိုက်သည်။ ထိုတောအုပ်တွင် ဘုရင်အဆင့် မြေကြီးအမျိုးအစားသားရဲတစ်ကောင်နဲ့ သားရဲများ အများအပြားရှိသည်။ အဆုံးမသတ်နိုင်သော သတ်ဖြတ်ခြင်းများနဲ့စစ်ပွဲများက ဒန်ဘီအတွက် ကြီးမားသော ဝိဝိဉာဉ်စွမ်းအင်ကို ထောက်ပံ့ပေးသည်။
တောအုပ်၏အစွန်တွင် ဖုတ်ကောင်အစေခံ သောင်းချီက တောအုပ်ဆီပြေးသွားနေကြသည်။ လမ်းတလျှောက်က သက်ရှိမှန်သမျှ သူတို့ရန်သူဖြစ်သည်။
ဖုတ်ကောင်သားရဲစစ်သည်များက စည်းကမ်းတင်းကြပ်ပြီး တညီတညာတည်းဖြစ်နေသည်။ နောက်လိုက်အားလုံးက သူတို့ခေါင်းဆောင်များ၏အမိန့်ကို နာခံသည်။
ယေဘုယျအားဖြင့်တော့ ခေါင်းဆောင်က ပြန်လည်အသက်သွင်းပေးထားသော ဖုတ်ကောင်က သေဆိုသေ ရှင်ဆိုရှင် ခေါင်းဆောင်၏အမိန့်ကို အပြည်အဝနာခံသည်။
တောင်ကုန်းလျှောဖက်တွင် ဒန်ဘီက လက်ပိုက်ထားပြီး သူ့ဘေးတွင် ဖုတ်ကောင်းအုပ်စုကြီး ဝိုင်းနေသည်။ အနိမ့်ဆုံး ဝိဝိဉာဉ်ကပင် နတ်ဘုရားအဆင့်ဖြစ်ပြီး နတ်ဘုရားအဆင့်ကောင်သာ သူ့နောက်တွင် ရပ်ဖို့အရည်အချင်းရှိသည်။
သစ်ပင်များ ပြင်းထန်စွာ ယိမ်းသွားပြီး ကြီးမားသော အနက်ရောင် ဝက်ဝံကြီးပေါ်လာသည်။ သူ့မျက်နှာပေါ်တွင် ဒေါသအပြည့်ဖြစ်နေသည်။ “မိုက်မဲတဲ့ အရိုးစုတွေ ငါတို့နဲ့ စစ်ဖြစ်ဖို့ လာဆွနေတယ်ပေါ့”
ပင်စည်က ကျိုးသွားပြီး သူ့ခန္ဓာကိုယ်ကြီး ထိုအောက်ကနေ တိုးထွက်လာသည်။ သူ့လက်တစ်ချက် ယမ်းလိုက်ရုံဖြင့် အရိုးစုအများအပြား တစ်စစီ ဖြစ်သွားသည်။
ဒန်ဘီက သူ့လက်ချောင်းအရိုးကို ညင်သာစွာ ပွတ်လိုက်သည်။ သူမျက်လုံးထဲမှ ဝိဝိဉာဉ်မီးတောက်က အလွန်တည်ငြိမ်နေသည်။ နောက်ဆုံးတော့ ထွက်လာခဲ့ပြီ… လေထုက တင်းမာနေသည်။
ရုတ်တရတ် ဒန်ဘီ ယိုင်သွားပြီး မျက်လုံးအခေါင်းပေါက်ထဲက ဝိဝိဉာဉ်မီးတောက်က ၂ ကြိမ် မှိတ်တုပ် မှိတ်တုပ် ဖြစ်သွားသည်။ ထို့နောက် ချက်ချင်းပင် ခေါင်းကိုတောင် မလှည့်ပဲ နောက်ပြန်ဆုတ်လိုက်သည်။ “သွားကြစို့”
တိုက်ပွဲအတွက် အသင့်ဖြစ်နေကြသော ဖုတ်ကောင်လက်အောက်ငယ်သားများမှာ သူတို့ခေါင်းဆောင် ရုတ်တရတ်ထွက်သွားတာကိုကြည့်ရင်း အံ့အားသင့်နေကြသည်။
တောအုပ်အစွန်းတွင်ရပ်နေသော ဝက်ဝံမှာ ဒန်ဘီ မိုးကုပ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေခဲ့သည်။ ဝက်ဝံက မြေပေါ်တွင် ထိုင်ချလိုက်ပြီး သူ့ရင်ဘတ်က အမွှေးများကို လက်ဖြင့် သပ်နေလေတော့သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၆၇ အရိုးစုသခင်ကြီး ပြန်လာပြီ
ဒန်ဘီ စမ်းချောင်းတစ်ထောင်ဒေသသို့ပြန်သွားခဲ့သည်။ သူ့နောက်တွင်ရပ်နေသော လက်အောက်ငယ်သားများမှာ ကြောက်လွန်း၍ တုန်နေကြပြီး အတွေးထဲတွင် ခုထိ နစ်နေသော သူတို့ခေါင်းဆောင်ကို မနှောက်ယှက်ဝံ့ပေ။ အတိတ်တုန်းက ထိုသို့ သွားနှောက်ယှက်ဝံ့သူ ဘယ်သူမဆို မြေထဲသို့မြှုပ်ခံလိုက်ရသောကြောင့် ဖြစ်သည်။
ဒန်ဘီ ဘေးပတ်လည်သို့ ကြည့်လိုက်ပြီး နာမည်စာရင်းစခေါ်တော့သည်။ “ကျောက်စိမ်းပဲ့ မကောင်းဆိုးဝါးဝိဝိဉာဉ်၊ အမြီး ၆ ချောင်း ကောင်းကင်မြေခွေးအရိုးစု၊ ကျောက်တောင်ဆင်အရိုးစု…” သူစုစုပေါင်း သားရဲ ၁၈ ကောင်၏ နာမည်ကို ခေါ်ခဲ့သည်။ “...မင်းတို့အားလုံး ရှေ့ထွက်ခဲ့ကြ”
သားရဲ ၁၈ ကောင်လုံး ထွက်လာကြသည်။ တချိန်က ကြမ်းတမ်းခဲ့ကြသော ဖုတ်ကောင်များက အခုတော့ စိုးရိမ် ပူပန်နေကြပုံ ပေါ်နေသည်။ သူတို့ကို ကြည့်ရတာ ကံကြမ္မာ၏ အဆုံးအဖြတ်ကို ခံယူဖို့ ပြင်ဆင်နေကြသည်နဲ့ တူသည်။
ဒန်ဘီက သူ့ညာလက်ကို မြှောက်လိုက်သည်။ “ငါ ပြန်သွားရတော့မယ်ဆိုတော့ ဒီမှာ ဖုတ်ကောင်တွေကို ထားခဲ့လည်း မထူးဘူး…” သူ့လက်သီးဆုပ်လိုက်သည်။
လေထဲတွင် အသေးစားပေါက်ကွဲမှုလေး ဖြစ်သွားသကဲ့သို့ ထင်လိုက်ရသည်။
အသံက နှုတ်ခမ်းစူနေသော ကလေးလေးတစ်ယောက် ပါးစပ်ကို ညင်သာစွာ ဖွင့်လိုက် သကဲ့သို့ပင် အလွန်နူးညံ့နေသည်။ တချိန်တည်းတွင်ပင် စမ်းချောင်းတစ်ထောင်ဒေသ၏ မိုင်းတစ်သောင်းအကွာလောက်တွင် ရှိသော မရေမတွက်နိုင်လောက်သည့် ဖုတ်ကောင်များသေဆုံးသွားကြသည်။ များပြားလှသော မသေဆုံးခြင်းမီးတောက်များ ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး အဖြူရောင် အငွေ့အဖြစ် ပေါင်းဆုံသွားကြကာ ထိုအငွေ့များက အရပ်မျက်နှာစုံကနေ ဒန်ဘီ၏ ဦးခေါင်းခွံထဲသို့ စိမ့်ဝင်သွားကြသည်။
ဒန်ဘီ၏ မျက်လုံးအခေါင်းပေါက်က မသေဆုံးခြင်း မီးတောက်ဖြူများနှင့် ပြည့်လုနီးပါးဖြစ်သွားသည်။ သူ့မျက်လုံးထောင့်စွန်းတွင် မီးတောက်များ စီးကျနေသည်။
မသေဆုံးခြင်းမီးတောက်က ဝိဝိဉာဉ်စွမ်းအား၏ ကြားခံဖြစ်ပြီး ဖုတ်ကောင်အမျိုးအစား သားရဲများ အကောင်းဆုံး စုပ်ယူနိုင်သော ကြားခံလည်းဖြစ်သည်။ ဒန်ဘီ၏ တကိုယ်လုံး တုန်ယင်နေပြီး သူ့အရိုးများကလည်း တဂတ်ဂတ် ရိုက်နေကြသည်။
နောက်ဆုံးတွင်တော့ အရိုင်းဆန်သော ဝိဝိဉာဉ်စွမ်းအားက ငြိမ်သက်သွားတော့သည်။ ဒန်ဘီလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သို့သော် သူ့မျက်လုံးထဲက မသေဆုံးခြင်းမီးတောက်က ပိုပြီး တောက်ပလာပုံပေါ်သည်။ သူ့ပတ်လည်က အယောင်အဝါက အတိုင်းအဆမသိအောင် သိပ်သည်းလာသည်။
ဖုတ်ကောင် ၁၈ ကောင်မှာ သေခြင်းတရားကနေ သူတို့ ရှောင်ဖယ်နိုင်လိုက်သောကြောင့် စိတ်အေးသွားကြပြီး တစ်ယောက်ကို တစ်ယောက်စိတ်သက်သာရာရစွာ ကြည့်လိုက်သည်။
…
အဖော်မဲ့ ဝင်္ကပါ
လူကာဆာ၏ အဖော်မဲ့ဝင်္ကပါ ဖွံဖြိုးတိုးတက်ရေးက ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် စွန့်ပစ်ခြင်းခံလိုက်ရသည်။
ဘုရင်အဆင့်ထက်အတော်လေးမြင့်သော သားရဲ ရုတ်တရတ် ဘယ်တော့ပြန်လာပြီး ဖျက်စီးခြင်းတွေ လုပ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ သို့သော်လည်း အရင်က ဆောက်ထားခဲ့သော အဆောက်အအုံများကို ခုထိ မဖျက်ချရသေးပေ။ ထို့အပြင် ပြင်ပ ပတ်ဝန်းကျင်အပေါ် ဝင်္ကပါ၏ သက်ရောက်မှုများအား သူတို့အမြဲတမ်း စုံစမ်းစစ်ဆေးနေကြသည်။ တချိန်တည်းမှာပင် တခြားကမ္ဘာက အပင်နဲ့သားရဲများကို စုဆောင်း ဖမ်းစီးပြီး ထိန်းသိမ်းထားကြသည်။ ထို့နောက် ထိုအရာများကို ဟွာရှားဒေသသို့ ပြန်ပို့ပေးသည်။
ဒါက ဟွာရှားဒေသတွင် ပထမဆုံး ရှာဖွေတွေ့ရှိသော ထာဝရတည်မြဲသည့် ဝိဝိဉာဉ်ဖောင်ဖြစ်သည်။ ထို့ကြောင့် အလွန်ကို တန်ဖိုးရှိပြီး အန္တရာယ်များတယ်ဆိုတာ သိသော်လည်း လွယ်လွယ်နဲ့ လက်မလျော့လိုက်နိုင်ပေ။
“ကွန်မန်ဒါကို သတင်းပို့ပါတယ်… တပ်သားနံပါတ် ၁၁၅၆ ပါ… မြောက်ပိုင်းကနေလာနေတဲ့ သားရဲတစ်ကောင် ရှိနေပါတယ်… အန္တရာယ် အဆင့်က…” တပ်သားက သူ့ဘေးက ကြောက်လန့်နေသော သူ့သားရဲကို ကြည့်ရင်း ပြောသည်။ သူ အသက်တစ်ချက် ဝဝရှူသွင်းလိုက်ပြီး “အရမ်းအန္တရာယ်ရှိတဲ့အဆင့်ပါ” ဟု ပြောလိုက်သည်။
ကွန်မန်ဒါက တုံ့နှေးခြင်းမရှိဘဲ ချက်ချင်းပင် စခန်းက သားရဲများနှင့် မောင်းသူမဲ့ တိုက်လေယာဥ်များကို အခြေအနေစုံစမ်းရန် လွှတ်လိုက်သည်။
ဖုတ်ကောင်သားရဲတစ်စုက ဖုန်းဆိုးမြေ၏အဆုံး မိုးကုပ်စက်ဝိုင်းတွင် ထွက်ပေါ်လာသည်။ ဖုတ်ကောင်အများစုက အရင်က သားရဲများအား တစ်ခါမှ မမြင်ဖူးကြသော်လည်း သူတို့၏ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်နဲ့တင်ပဲ လာရှုပ်လို့မရကြောင်း အသိပေးထားသလို ဖြစ်နေသည်။
ထိုဖုတ်ကောင်များ၏ပုံကို ရိုက်ကူးပြီး အုပ်ချုပ်ရေးအဆင့်တိုင်းကို တင်ပြထားကြသည်။ နောက်ဆုံးတွင် အဆင့်တစ်ခုစီသို့ရောက်သွားသောအခါ တုံပြန်ချက်ရှိလာသည်။ “သတိပေးချက်ကို ရပ်လိုက်တော့… ဒုတိယအဆင့် စောင့်ကြည့်ရေးကို ပြန်လုပ်ထား”
ဒုတိယအဆင့် စောင့်ကြည့်ရေးသည် သာမာန်စောင့်ကြည့်ရုံမျှဖြစ်သည်… စစ်တပ်ထဲက သားရဲများကလွဲပြီး မြင်နိုင်သော အတိုင်းအတာတစ်ခုအတွင်းရှိ ကျန်သားရဲအားလုံးက ပုံမှန် စောင့်ကြည့်ခံကြရသည်။
ဒန်ဘီက ဝင်္ကဘာ၏ ရှေ့သို့ရောက်လာပြီဖြစ်ရသည်။ စစ်သားက ဖွင့်ပေးဖို့ အမိန့်ကို လက်ခံရထားသောကြောင့် တံခါးကို ဖွင့်ထားပေးတာ ကြာပြီဖြစ်သည်။
ဝင်္ကပါ၏တစ်ခုတည်းသော ဝင်ပေါက်ကို ကြီးမားသော သံမဏိတံခါးနှင့် တည်ဆောက်ထားပြီး အပြင်ဖက်နံရံတွင် နွယ်ပင်အတုဖြစ်များ ဆင်ထားသည်။ ပုံမှန်အားဖြင့်တော့ လူများက ဝင်ပေါက်အသေးလေးကနေပဲ စခန်းထဲသို့အဝင်အထွက်လုပ်ကြသည်။ ဝင်ပေါက်ကြီးက ဖွင့်လေ့မရှိပေ။
သို့သော် ဒီမနက်တုန်းက ဝင်ပေါက်ကြီးကို ဖွင့်ထားဖို့ အမိန့်လက်ခံရထားသည်။ ဝင်ပေါက်ကြီးကို ဖွင့်ပေးဖို့ တာဝန်ယူရသော စစ်သားနဲ့ ဒန်ဘီတို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။
ဒန်ဘီက စိတ်ရှည်နေပြီး စိတ်မအေးဖြစ်နေဟန် လုံးဝမပေါက်ပေ။ စစ်သားက တုန်ယင်သွားပြီး ခေါင်းကို မြန်မြန် ငုံ့ချလိုက်သည်။
၁၆ ပေလောက် ရှည်သော ဧရာမ အဖြူရောင် အရိုးစု ဝံပုလွေကြီးက စစ်သားဘေးက ဖြတ်သွားသောအခါ သူ့ခေါင်းကို ငုံ့လိုက်သည်။ သူ၏ ဆိုးဝါးသော အာပုတ်နံ့က စစ်သား၏ မျက်နှာပေါ် ရိုက်ခတ်မိသွားသည်။
ဝင်္ကပါက ဒန်ဘီနဲ့ အနည်းဆုံး နတ်ဘုရားအဆင့်ရှိသော ဖုတ်ကောင် ၁၈ ကောင်တို့ ရောက်လာချိန်တွင် တိတ်ဆိတ်သွားသည်။
သားရဲအကုန်လုံး မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး ခေါင်းငုံ့ထားကြသည်။ ပုံမှန်အားဖြင့် တက်ကြွနေလေ့ရှိသော သားရဲများပင် အမြီးကုပ်သူကုပ်ပြီး တောင့်တင်းသော ခန္ဓာကိုယ်များနှင့် ဝင်ပေါက်အကြီးဖက်ကိုပဲ မျက်လုံးများက စိုက်ကြည့်နေကြသည်။
“ကျားဝတုတ် ဘာဖြစ်လို့လဲ” အမွှေးများထောင်နေသော သူ့ရဲ့သားရဲကို နှစ်သိမ့်ဖို့ လုပ်နေသော အမျိုးသမီးစစ်သားက မေးသည်။ သားရဲက အရှေ့ဖက်ကိုကြည့်ရင်း တုန်ယင်နေသည်။ သူ့ရဲ့သားရဲက ပုံမှန်အားဖြင့် သတ္တိရှိပြီး ဘာကိုမှ မကြောက်တတ်ပေ။ အဲဒီနေ့က သူ ဒီလောက်ကြောက်နေတာကို မြင်ရတာ မယုံနိုင်စရာပင်ဖြစ်သည်။
မိနစ်ပိုင်းအတွင်းမှာပင် အကြောင်းအရင်းကို သူသိသွားသည်။ ခေါင်းပေါ်တွင် အရိုးများက သရဖူကဲ့သို့ ဖြစ်နေသည့် ရွှေညိုရောင် အရိုးစုတစ်ခု ရှေ့တန်းကနေ လျှောက်လာနေသည်။ သူ့နောက်တွင် ဧရာမသားရဲများ လိုက်လာနေသည်။ အမျိုးသမီးစစ်သား၏ ပင်ကိုသိိစတ်အရ ထိုသားရဲများက ဘယ်လောက်ပဲ ကြီးမားပြီး ကြမ်းတမ်းပုံပေါ်ပါစေ ရွှေညိုရောင် အရိုးစုလောက်တော့ မသန်မာဘူးဟု ထင်ရသည်။
ဖုတ်ကောင်များက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဒန်ဘီနောက်က လိုက်လာကြသည်။ ထိုဖုတ်ကောင်များ၏ မျက်လုံးထဲတွင် ဒီဝင်္ကပါထဲက လူသားရော သားရဲရော အားလုံးက သူတို့ပြိုင်ဖက်ဖြစ်ဖို့ အတွက် အားနည်းလွန်းသည်။ ထို့ကြောင့် စိုးရိမ်စရာ ဘာမှ မရှိပေ။
သူတို့ခန္ဓာကိုယ်က အမှတ်တမဲ့ ထုတ်လွှတ်နေသည့် အယောင်အဝါကပင် သူတို့နားက သက်ရှိများကို ခြောက်လှန့်ဖို့ လုံလောက်နေပြီဖြစ်သည်။
အနည်းဆုံး နတ်ဘုရားအဆင့်ရှိသော ဖုတ်ကောင် ၁၈ ကောင်လုံး ဒန်ဘီနောက်ကို လိုက်ခဲ့ကြသည်။ ဒီ ဖုတ်ကောင် ၁၈ ကောင်ထဲက အားအနည်းဆုံးကောင်ပင် ဝင်္ကပါစောင့်ကြည့်သူများ၏ ခေါင်းဆောင်ထက် ပို၍ သန်မာသည်။ သူတို့က နတ်ဘုရားအဆင့်သားရဲများထဲတွင် အကောင်းဆုံးထဲက အကောင်းဆုံးဖြစ်သည်။။
ဝင်္ကပါ၏အလည်တွင် အချင်းဝက် ပေ ၃၀ လောက်ရှိသော ဝိဝိဉာဉ်ဖောင်က လည်ပတ်နေပြီး ဝင်္ကပါ၏ အလည်တည့်တည့်တွင် ထောင်မတ်သွားသည်။ ဒန်ဘီက ဝိဝိဉာဉ်ဖောင်ကနေဖြတ်၍ ပိုင်ယဲ့ခရိုင်ကို သွားခဲ့သည်။
မှန်လိပ်က ရုတ်တရတ်သူ့ခေါင်းကို ဆန့်ထုတ်ပြီး လှည့်၍ ဝင်ပေါက်ကြီးဖက်သို့ ဦးတည်ကာ ပတ်လည်သို့ လိုက်ကြည့်လိုက်သည်။
“ဘုရားရေ… ငါတို့ဆီလာနေတာ ဘာကြီးပါလိမ့်… ကြမ်းတမ်းမယ့်ပုံပဲ” လိပ်က ခပ်တိုးတိုးရေရွတ်သည်။
ရွှံ့ထဲတွင် လှိမ့်နေသော ကျောက်စိမ်းမိကျောင်းက အပေါ်မော့ကြည့်ပြီး သူ့ပါးစပ်အားပိတ်လိုက်သည်။
အနားတဝိုက်တွင် ဆော့နေကြသော သားရဲများက လုပ်နေသည်များကို ရပ်လိုက်သည်။ သူတို့၏ ဆဌမအာရုံအရ အနားကပ်လာအရာက အန္တရာယ်ရှိသော သတ္တဝါဖြစ်ကြောင်း သိလိုက်သည်။
“သခင် ကျွန်တော်ပြန်ရောက်ပြီ” ဟင်းလင်ပြင်ကနေ ပုံသဏ္ဍာန်မဲ့ ဝိဝိဉာဉ်တစ်ခု ထိုးဖောက်သွားသည်။ ဝိဝိဉာဉ်မှ လှိုင်းပြောင်းလဲမှုက အလွန်ကို ပြင်းထန်ပြီး ဘုရင်တစ်ပါးရောက်လာသကဲ့သို့ဖြစ်နေသည်။ ထိုသို့ဖြစ်အောင် ဒန်ဘီ အသိစိတ်နဲ့လုပ်မိတာ မဟုတ်ဘဲ အချိန်အတိုင်းအတာ တစ်ခုအတွင်း ဖုတ်ကောင်သန်းချီကို ခေါင်းဆောင်ခဲ့သည့်အတွက် ဘုရင်ကဲ့သို့အယောင်အဝါက သဘာဝကျစွာပင်ဖြစ်ပေါ်လာတာဖြစ်သည်။ ဒန်ဘီပင် ဒီလိုပြောင်းလဲမှုများဖြစ်သည်ကို သတိမထားမိပေ။
ငွေရောင်နဂါးလေးက မကျေမနပ်ဖြစ်နေပုံရသည်။ ဒန်ဘီက အားနည်းသော ပြိုင်ဖက်မဟုတ်ကြောင်း သူသိသော်လည်း ဒန်ဘီအားစမ်းသပ်ရန် သူ၏ နဂါးစွမ်းအင်ကို ခေါင်းမာစွာ ထုတ်လွှတ်လိုက်သေးသည်။
ဒန်ဘီ ခဏကြောင်သွားပြီး ရေကန်ဆီက ရန်စမှုကို ဆက်ပြီး အားရုံမစိုက်တော့ပေ။ ဘာပဲဖြစ်ဖြစ် ဒါက သခင်၏ အိမ်ပဲလေ… ဒီမှာ အငြင်းပွားတာတစ်ခုခုဖြစ်ရင် သခင်ကျေနပ်မှာ မဟုတ်ဘူး။
ဒန်ဘီ ရန်စဖို့ မလုပ်ပေ။ ငွေရောင်နဂါးလေး၏ အားထုတ်မှုက လေကို လက်သီးနဲ့ ထိုးသလို အလကားဖြစ်သွားသည်။
“ဖေဖေ ဖေဖေ” ပုံရိပ်အသေးလေးက သစ်ပင်အိမ်ပေါ်ကနေ ခုန်ချလာပြီး ဒန်ဘီဆီ ခုန်ပျံသွားသည်။
“အဲဒါ သခင်ရဲ့ သမီးလား” ဒန်ဘီ၏နောက်တွင်ရပ်နေသော ဖုတ်ကောင်၏ မျက်လုံးများ တောက်ပသွားသည်။ သူ ခေါင်းကိုငုံပြီး သခင်မလေးအား ကြည့်ဖို့လုပ်လိုက်သည်။ သို့သော် သူ့အကြည့်က ချက်ချင်းပင် ဒန်ဘီ၏ အေးစက်သော အကြည့်နဲ့ ဆုံသွားသည်။
ဒန်ဘီ့နောက်က ဖုတ်ကောင်များက ရှက်ပြုံး ပြုံလိုက်ပြီး သူတို့ကိုယ်သူတို့ ပေ ၃၀၀ အကွာလောက် ခွာနေလိုက်သည်။
“ဒန်ဘီ ပြန်ရောက်လာပြီလား… မင်းအပြင်မှာနေရတာကို အသားကျနေပြီထင်တယ်” ဒန်ဘီပြန်လာတာကို ကြိုဆိုနေသော ကောင်းဖန်က ပြောသည်။
“စိတ်ပူပေးလို့ ကျေးဇူးပါ သခင်… ဒန်ဘီ ပိုသန်မာလာပြီး သခင်ပေးသမျှ အမိန့်ကို ဖြည့်ဆည်းဖို့ အသင့်ပါပဲ” ဒန်ဘီက လေးနက်စွာ ပြောသည်။
ကောင်းဖန်က ဒန်ဘီ၏ အခြေအနေပြ ဒေတာကို ကြည့်လိုက်သည်။ သူ အဆင့် ၅၉ ရောက်သွားပြီဖြစ်သည်။ ကောင်းဖန် သူ၏ အဆင့်တတ်နှုန်းကို ကျေနပ်သွားသည်။ “လာ… အပြင်မှာ ရပ်မနေနဲ့ အိမ်ထဲဝင်ပြောရအောင်...”
***
သားရဲလေ့ကျင့်သူ
အခန်း ၄၆၈ အရှေ့အရပ်သို့ ခရီးသွားခြင်း- နိဟွန်း
“သခင် ထပ်ပြီး ချိန်းခြောက်ခံရပြန်ပြီ” ဆိုဖာပေါ်တွင် ဒန်ဘီက တည်ငြိမ်သောအသံဖြင့်ပြောလိုက်သည်။ “ဂိုဒီ ဖလိန်မီ တာ့ဇီ… ငါ့မရှိတုန်း မင်းတို့ သခင်ကို ဒီလို ကာကွယ်နေကြတာပေါ့”
ဒန်ဘီ အသံက ခပ်ရှရှနှင့် အေးစက်နေသည်။ တဖျတ်ဖျတ်လက်နေသော သူ့မျက်လုံးထဲမှ မသေဆုံးခြင်းမီးတောက်က ဒေါသဖြင့် တောက်ပနေသည်။ အခန်းထဲမှ လေထုက တင်းမာပြီး အသက်ရှုကြပ်သလိုဖြစ်လာသည်။
ကြမ်းပြင်ပေါ်တွင် လှဲနေသော ခြင်္သေ့က ဒန်ဘီကို ခိုးကြည့်ပြီး ကျောရိုးတလျှောက် စိမ့်ကနဲဖြစ်သွားသည်။
ဒီအရိုးခြောက်ရဲ့ မကောင်းဆိုးဝါးဆန်တဲ့ အယောင်အဝါက ပိုပြီးတိုးလာတာပဲ။ ဒန်ဘီက အခုလောက်ဆို ဘုရင်အဆင့်ထိ တိုးတက်သွားလောက်ပြီ.. ဒါပေမယ့် ခြင်္သေ့အတွက် ဧကရာဇ်အဆင့်သားရဲနဲ့ ရင်ဆိုင်နေရသလို ခံစားနေရသည်။
စိတ်ထင်နေတာဖြစ်မယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… သိပ်မကြာသေးခင်ကပဲ ဒန်ဘီက နတ်ဘုရားအဆင့်သာရှိသေးတာကို ခြင်္သေ့ မှတ်မိနေသည်။ ဒန်ဘီဘယ်လောက်ပဲ သူ့ခွန်အားကို မြန်မြန်တိုးအောင် ကြိုးစား ကြိုးစား ဒီလောက် အချိန်တိုလေးအတွင်း ဧကရာဇ်အဆင့်ထိ တိုးသွားဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် ဒန်ဘီဘေးတွင် ဝန်းရံနေသော အယောင်အဝါက ခြင်္သေ့အတွက် အဆင်မပြေဖြစ်နေသေးသည်။ ခြင်္သေ့က သူ့ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်သည်။
“ငါ သားရဲတွေ အကုန်လုံးကို သတ်လိုက်ပါတယ်” တာ့ဇီက ပြန်ပြောသည်။ “ကောင်းဖန် မထိခိုက်သွားပါဘူး”
“သခင် မထိခိုက်သွားတာပဲ ကျေးဇူးတင်လိုက်… မဟုတ်ရင် မင်းရဲ့သခင်ကို ကာကွယ်နိုင်စွမ်းကို ငါ ပြန်စဥ်းစားရလိမ့်မယ်” ဒန်ဘီ့အသံက အလေးအနက်ဖြစ်နေသည်။
တာ့ဇီက နှာမှုတ်လိုက်သည်။ သူ ပြန်ပြောဖို့ ကို ပျင်းနေပြီး ဒန်ဘီနဲ့ အငြင်အခုံမလုပ်ချင်ပေ။ တာ့ဇီက ခေါင်းကို ကြွပြီး သူများတွေထက် မြင့်အောင့် သူ့လည်ပင်းကိုမော့ထားသည်။
အပေါ်က ကောင်းကင်က ပြာလွင်နေသည်။ ဟိုဂျပုကောင် ဒန်ဘီ ငါ့မျက်နှာကိုတောင် မြင်ရမှာ မဟုတ်ဘူး… တာ့ဇီ သူ့ဟာသူ တွေးလိုက်သည်။
“ဒန်ဘီ ဒီတစ်ခါ ငါတို့ သမုဒ္ဒရာဆီသွားရမယ်”
“သခင့် အမိန့်အတိုင်းပါပဲ”
“နိဟွန်းမှာ လမ်းဝင်လျှောက်ရအောင်… ကောလဟာလတွေပြောတာတော့ ကမ္ဘာပျက်ကပ်ပြီးတော့ နိဟွန်းမှာ ညဖက်ကြီး သားရဲအကောင် ၁၀၀ ပေါ်လာတဲ့ ဖြစ်ရပ်ဖြစ်ခဲ့တယ်ဆိုပဲ… ဒဏ္ဍာရီတွေအရဆိုရင် နတ်ဘုရားပေါင်း ၈ သန်း ရှိသင့်တာ… အဲဒီ နတ်ဘုရားတွေ ဘယ်လိုပုံစံလဲဆိုတာ သွားကြည့်ကြရအောင်”
နိဟွန်းက သားရဲများက ဒဏ္ဍာရီနဲ့ ရိုးရာပုံပြင်များထဲတွင်တော့ “နတ်ဘုရား” များဖြစ်ကြသည်။ ထို့နောက် နိဟွန်းမှ စာပေပညာရှင်များနဲ့ သုတေသနပညာရှင်များက ဒဏ္ဍာရီနဲ့ ရိုးရာပုံပြင်များထဲက နတ်ဘုရားနဲ့တူသော သားရဲများက တကယ်တော့ မျိုးရင်းတိရစ္ဆာန်မျိုးစုံဖြစ်သည်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
အမှန်ပြောရရင် နိဟွန်းတွင်ပင်မဟုတ်ပဲ တစ်ကမ္ဘာလုံးရှိလူများဟာ မျိုးရင်းတိရိစ္ဆာန်များ၏ တိုးတက်ပြောင်းလဲခြင်း အပိုင်း ၂ ပိုင်းကို သတိပြုမိခဲ့ကြသည်။ ပထမတစ်ခုက မျိုးရင်းတိရိစ္ဆာန်များကနေ ဒဏ္ဍာရီနဲ့ ရိုးရာပုံပြင်များထဲက ဒဏ္ဍာရီလာ သတ္တဝါများနဲ့ သားရဲများအဖြစ်သို့ ဖွံ့ဖြို့ပြောင်းလဲသွားခြင်းဖြစ်သည်။
နောက်တစ်ခုကတော့ မျိုးရင်းတိရိစ္ဆာန်ကနေ ဘာအချက်အလက်မှ မှတ်တမ်းတင်ထားခြင်းမရှိသော အမျိုးအမည်မသိ သားရဲများအဖြစ်သို့ ဖွံ့ဖြို့ပြောင်းလဲသွားခြင်းဖြစ်သည်။
ပထမ ဖွံ့ဖြိုးပြောင်းလဲခြင်းနဲ့မတူပဲ အနောက်ကတစ်ခုက ဧရိယာတစ်ခုအတွင်းတွင်ပဲ ကန့်သတ်ထားခြင်း မရှိဘဲ တစ်ကမ္ဘာလုံးအနှံ့တွင် တွေ့ရနိုင်သည်။ ဥပမာပြောရရင် နိဟွန်းက အမျိုးအမည်မသိ သားရဲကို ဟွာရှားတွင်လည်း တွေ့ရနိုင်သည်။
ဒီထူးခြားသော ပုံစံ ၂ မျိုးလုံးက ပညာရှင်များကို အံ့အားသင့်စေခဲ့သည်။ ဒီနိုင်ငံငယ်လေး၏ ဧရိယာ ဘယ်လောက်ပဲ ကျဥ်းကျဥ်း လူဦးရေ ဘယ်လောက်နည်းနည်း ဒဏ္ဍာရီတွေထဲက ဒဏ္ဍာရီလာသားရဲများကို တွေ့နိုင်သည်။ တချို့ပညာရှင်များက ဒီဖြစ်စဥ်များကို ဒေသဆိုင်ရာ ကူးစက်ရောဂါဟု သရုပ်ခွဲကြသည်။ သို့သော်လည်း အဖြေကို ခုထိ ရှာမတွ့ကြသေးပေ။
ကောင်းဖန်က ဒန်ဘီ၊ ခြင်္သေ့ဖြူ၊ ဆီလီနှင့် ဒန်ဘီနဲ့အတူ အနက်ရောင်မြူခိုးကမ္ဘာကနေပါလာသော လက်အောက်ငယ်သားများအား သူ့ရဲ့ အရှေ့အရပ်ခရီးစဥ်စတင်ရာမှာ ခေါ်သွားခဲ့သည်။ ကောင်းဖန်က ဆုံးဖြတ်ချက် ပြတ်သားသည်။ ထို့နေ့တွင်ပဲ ခရီးစထွက်ခဲ့သည်။
“ငါ မပါဘဲ ကောင်းဖန်ထွက်သွားတာမယုံနိုင်ဘူး” တာ့ဇီ အသိပြန်ဝင်လာသောအခါ ကောင်းဖန်က ထွက်သွားခဲ့ပြီဖြစ်သည်။ ပြင်းထန်သော လေ့ကျင့်မှုကာလအပြီးတွင် ဆီလီက ၆ ပေ ရှည်သော ရေခူအဖြစ် ဖွံ့ဖြို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဆီလီက ကျုံ့ဆန့်နိုင်စွမ်းမြင့်သော ရေခူတစ်ကောင်ဖြစ်၍ သူ့ထုထည်နဲ့ အရွယ်အစားကို သေးသွားအောင်လုပ်နိုင်သဖြင့် အရင်လို အရွယ်အစားဟုပဲ ထင်ရသည်။
ဆီလီမရှိသော လွန်ခဲ့သည့် ရက်အနည်းငယ်က ဆီလီမရှိခြင်းက ဘယ်လောက် ဒုက္ခဖြစ်တယ်ဆိုတာ ကောင်းဖန်အား သဘောပေါက်စေခဲ့သည်။ ခရီးသွားရင်ပဲဖြစ်စေ၊ တခြားတစ်ခုခုလုပ်တာပဲ ဖြစ်စေ ကောင်းဖန် အလွန် အဆင်မပြေဖြစ်ရသည်။ ဘယ်နေရာမဆိုယူသွားလို့ရသည့် သိုလှောင်ခန်းရှိနေတဲ့ ချိုမြိန်သော သက်တောင့်သက်သာရှိမှုကို ခံစားဖူးပြီးမှတော့ အထုပ်အပိုးကြီးတွေ ဆွဲပြီးသွားရတဲ့ ခါးသီးတဲ့ နေ့ရက်တွေကို သူဘယ်လိုလုပ် သည်းခံနိုင်မှာလဲ…
“ငါ့ကို အကြာကြီးပဲ ပစ်ထားတာ… ငါပြောထားလိုက်မယ်… သစ်သီးဖျော်ရည် ၅ ပုလင်းမပါရင် ဘာကို စိတ်ဆိုးပြေအောင်လုပ်လို့ရမှာ မဟုတ်ဘူး” ဆီလီက ဒေါသဖြင့် ပြောလိုက်သည်။
တချိန်တည်းတွင်ပဲ ကောင်းဖန်က အတောင်ပါနဂါးအရိုးစု၏ အချောမွေ့ဆုံးအပိုင်းဖြစ်သည့် အပေါ်လည်ပင်းပေါ်တွင် တက်စီးနေသည်။ ဒန်ဘီက ထိုအပိုင်းက အရိုးတစ်ချောင်းကိုတောင် ဖယ်ထုတ်ပြီး ကောင်းဖန် သက်သောင့်သက်သာ ထိုင်နိုင်အောင် သားရေကူရှင်ထိုင်ခုံတစ်လုံးကို တပ်ပေးထားသည်။
ကောင်းဖန် ပြောစရာစကား မရှိဖြစ်သွားသည်။ “ငါ မင်းကို ခုနကပဲသစ်သီးဖျော်ရည် ၁၀ ပုလင်း ပေးလိုက်တယ် မဟုတ်ဘူးလား… ငါပြောမယ် မင်း ၅ ပုလင်းပဲယူပြီး ကျန်တာတွေ ငါ့ကိုပြန်ပေးတော့… ပုလင်းတွေကို ဖွက်ထားဖို့ မကြိုးစားနဲ့နော်”
ဆီလီ အူကြောင်ကြောင်ဖြစ်သွားသည်။ သူက ကောင်းဖန်ခေါင်းပေါ်တွင် တိတ်တိတ်သာထိုင်နေပြီး သူဘာမှ မပြောလိုက်သလို ဟန်ဆောင်နေလိုက်သည်။
ဆီလီ ဖွံ့ဖြိုးတာ အလွန်နှေးကွေးသောကြောင့် အရင်က ကောင်းဖန် ဆီလီကို အခန်းထဲတွင် သော့ပိတ်ထားဖူးသည်။ အဲလိုဖြစ်တာက မျိုးစိတ်၏ စရိုက်လက္ခဏာကြောင့်မဟုတ်ပဲ ဆီလီကိုက အလွန် အပျင်းကြီးသောကြောင့်ဖြစ်သည်။ ဆီလီ ငပျင်း ဆိုတာ သေချာပေါက်ကို ဆီလီကို ရည်ညွှန်းနိုင်သည့် နည်းလမ်းဖြစ်သည်။
ဒီ ရေခူငပျင်းကောင်းကို ဖော်ပြစရာစကားလုံး ကောင်းဖန်တွင်မရှိပေ။ တာ့ဇီ ဘယ်လောက်ပဲ အပျင်းတစ်တစ် ပိုသန်မာလာချင်စိတ်နဲ့ တက်ကြွမှုတော့ ရှိသေးသည်။ တစ်ခါတစ်လေ ရေသာခိုပေမယ့် ကောင်းဖန်အတွက် လက်ခံလို့ရနိုင်သေးသည်။
ဆီလီကတော့ မတူပေ။ သူက နေ့တိုင်း အပျင်းတစ်နေပြီး လေ့ကျင့်မှုကလည်း မရှိသလောက်ပင် ဖြစ်သည်။ သူ ဆီလီအတွက် နာမည်ရွေးတာ မှားသွားသည်ဟု ကောင်းဖန်တွေးမိသည်။ သူ့ကို ဆီလီဟုခေါ်ရမည်မဟုတ် ဘဲ လေးဇီးဟု ခေါ်သင့်သည်။ ဒီသတ္တဝါနဲ့ ဘယ်လောက်တောင် လိုက်ဖက်လိုက်လဲ…
“လေးဇီး ငါ့ကို စောင်ပေး…” ကောင်းဖန် စကားမှားထွက်မိသွားသည်။
ဆီလီ ဒေါသအလွန်ထွက်သွားသည်။ “ငါ့ကို နာမည်တောင် မှားခေါ်တယ်ပေါ့… ငါ့နာမည် ဆီလီ.. ငါငပျင်းမဟုတ်ဘူး”
ကောင်းဖန် ရယ်လိုက်သည်။ “ဟုတ်ပါပြီ မင်းက ငပျင်းမဟုတ်ဘူး… မင်းက နည်းနည်းလေးပဲ ရူးကြောင်ကြောင်ဖြစ်နေတာ”
ဆီလီက သူ့ရဲ့ သိုလှောင်ခန်းထဲက စောင်ကို ဒေါသတကြီးဆွဲထုတ်လိုက်ပြီး ကောင်းဖန်မျက်နှာကို ပစ်ပေါက် လိုက်သည် “ရော့ ဒီမှာ”
ကောင်းဖန်က စောင်ကို သူ့ခြေထောက်ပေါ်တွင် ခြုံလိုက်ပြီး ရေခဲတမျှအေးစက်သော လေတိုက်ခတ်မှုကို ကာရန် လေကာကို မြှင့်လိုက်သည်။ လေနဲ့ ကြည်လင်သော ကောင်းကင်တို့က သူတို့ခရီးစဥ်တလျှောက်ကို အဖော်ပြုပေးခဲ့သည်။ ပင်ပန်းလာလျှင် မြေပေါ်သို့ ဆင်း၍ ခဏနားကြသည်။ သို့သော် ဖုတ်ကောင်များက ပင်ပန်းခြင်းမရှိကြပေ။ ထို့ကြောင့် အချိန်အများစုတွင်တော့ သူတို့ ဖုတ်ကောင်များ၏ ကျောပေါ်တွင်သာ နေကြသည်။
ပျံသန်းနိုင်သော ဖုတ်ကောင်က ၈ ကောင်ရှိသည်။ နတ်ဘုရားအဆင့် ပျံသန်းနိုင်သော ဖုတ်ကောင်ဖြစ်လာကြသူများက သူတို့အသက်ရှိခဲ့စဥ်က ကြီးမားခဲ့ကြသည်။ ထို့ကြောင့် သူတို့က ဒီဖုတ်ကောင်အုပ်စုကို ခေါ်တင်ပြီး ပျံသန်းနိုင်သည်။
သူတို့ရဲ့ အရှေ့အရပ်ခရီးစဥ်ကို ဆက်သွားခဲ့ကြသည်။ ၂ ပတ် ပျံသန်းပြီးသည့်နောက် ကောင်းဖန် သမုဒ္ဓရာအား တွေ့လိုက်ရသည်။ သမုဒ္ဓရာကိုဖြတ်ဖို့ နောက် ၄ ရက်ကြာသည်။ ထို့နောက် သူတို့ ကမ္ဘာတိုက်အသစ်တစ်ခုဆီသို့ ရောက်သွားခဲ့သည်။ အဲဒါက နိဟွန်းဒေသဖြစ်သည်။
ကမ်းခြေများက သန္တာကျောက်တန်း အတန်းလိုက်များဖြစ်နေပြီး အနက်ရောင် ပင်လယ်က ကြောက်စရာဖြစ်နေသည်။ ချွန်ထက်သော ကျောက်ဆောင်များက အဖြူရောင် ခရုသားရဲများဖြင့် ဖုံးလွှမ်းနေသည်။
“သခင် အောက်မှာ လူတွေရှိနေတယ်… ၂ ယောက်လောက်ကို ဖမ်းပြီး လမ်းပြခိုင်းလိုက်မလား” ဒန်ဘီက အမှတ်မထင် ပြောလာသည်။
ဒန်ဘီ၏ သတိပေးချက်ကို ဂရုစိုက်ပြီး ကောင်းဖန် မျက်လုံးကာကို ချွတ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ ကျေက်ဆောင်၏ အကွဲကြောင်းပေါ်တွင် တံငါးသည်ပုံ ဝတ်စားထားသော လူ ၂ ယောက်က မြင်ကွင်းအရှင်းကြီးတွင် ပုန်းအောင်း နေကြသည်။ သူတို့သည် သူတို့ဆီကို ပျံသန်းလာနေသော ဖုတ်ကောင်အုပ်ကိုကြည့်ပြီး ကြောက်လန့်နေသည်။
ကောင်းဖန် အတွေးနက်နေမိသည်။ သူဟာသူ လမ်းရှာဖို့ ရုန်းကန်နေရတာထက် နိဟွန်းက ဒေသခံတစ်ယောက်လောက်ကို သူတို့အားလမ်းပြပေးဖို့ ရနိုင်ရင် လုပ်ရတာပို တိုးတက်မှုရှိလိမ့်မည်။ ဒ့ါအပြင် သူတို့တည်နေရာကို ဖော်ပြမိသွားတာမျိူ မဖြစ်အောင် အရင်ဆုံး ဒီလူတွေကို ထိန်းချုပ်ထားတာ ပိုကောင်းသည်။
ခဏတွင်းချင်းပင် သူတို့ မြေပေါ်သို့ ဆင်းလာသည်။ နက်မှောင်သော အယောင်အဝါနဲ့ ဝန်းရံနေသော အရိုးစုသားရဲ အုပ်စု ဆင်းသက်လာခြင်းက ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်စေသည်။ ပုန်းနေသော ဒေသခံ တံငါသည်များက ကြောက်၍ တုန်နေကြသည်။
“ထွက်လာကြ” ဒန်ဘီက ဝိဝိဉာဉ်လှိုင်းကတဆင့် သူ့အသံကို တံငါသည်များ၏ စိတ်ထဲသို့ ထုတ်လွှင့်လိုက်သည်။
တံငါသည်များ ခဏတော့ ကြောင်သွားကြသည်။ အသံ၏ဇစ်မြစ်ကို လိုက်ရှာဖို့ ဟိုဟို ဒီဒီကို လိုက်ကြည့်ကြသည်။ သို့သော် အပြင်တွင်ရပ်နေသော အရိုးစုများကလွဲ၍ ဘယ်သူမှရှိပေ။ နောက်တစ်ခေါက် ထပ်အတည်ပြုလိုက်ပြီးနောက် တံငါသည်များ တုန်တုန်ယင်ယင်နဲ့ ထွက်လာကြသည်။
“အမိန့်အတိုင်းပါပဲ သခင်” တံငါသည်များက မြေကြီးပေါ်တွင် ဒူထောက်ချရင်းပြောလိုက်ကြသည်။