အခန်း (၃၁၄)
Vol. 22 Ch. 314
ခရမ်းရောင်နက်နဲလောက၊
လူသားမျိုးနွယ်များ၏ ဘိုးဘေးနယ်မြေ ......
ဘာမှန်းမသိသည့် တည်နေရာတစ်ခုတွင်တော့ တည်နေရာတစ်ခုလုံးသည် ခြောက်ကပ်လျက် ရှိနေပြီး အားလုံးသော အရာများသည် ပျက်စီးလျက်ရှိနေသည်။
“ဒီနယ်မြေရဲ့ အင်မော်တယ်မျိုးနွယ်တွေက တကယ့်ကို ဆင်းရဲကြတာပဲ” အဓိကဟောခန်းကြီး အတွင်းမှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် မှတ်ချက်ပြုလိုက်သည်။ အင်္ကျီလက်တွင် နဂါးပုံစံများ ရေးထိုး ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းသည် ခေါက်ယပ်တောင်တစ်ခုကို အသာကိုင်ကာဖြင့် ထိုင်ခုံ လက်ရန်းကို တတောက်တောက်ဖြင့် ခေါက်လျက် ရှိ၏။
သူသည် အစွန်းအထင်း တစ်ချက်ကလေးမှ မရှိသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး တစ်လောကလုံး၏ အသန့်စင်ဆုံးသောလူသားတစ်ယောက်ကဲ့သို့ပင်။ ကြည်လင်ရှင်းသန့်ပြီး ကြည့်ကောင်းလွန်းသည့် မျက်နှာသွင်ပြင်သည် အထင်းသား ပေါ်ပေါက်နေသည်။
“နတ်သားတော်.. ဒါ လူသားမျိုးနွယ်တွေ။ အင်မော်တယ် မျိုးနွယ်တွေ မဟုတ်ပါဘူး”
အဖြူရောင်ဝတ်စုံနှင့် လူ၏ အနောက်ဘက်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ခေါင်းကို အသာခါယမ်းလိုက်၏။ သူသည် ခရမ်းရောင်နက်နဲလောက၏ လူသားမျိုးနွယ် ဘိုးဘေးတည်နေရာတစ်ခုလုံးကို လှည့်ပတ်ကာ ကြည့်ရှု ပြီးသည့်နောက် သက်ပြင်းကို ချလိုက်မိ၏။
ဤမျိုးနွယ်စုများသည် မြေအင်မော်တယ်လောကဆီမှ မျိုးနွယ်စုများနှင့် ဆက်စပ်မှုတော့ရှိ၏။ တူညီသည့် မူလ ရင်းမြစ်မှ ဆင်းသက်လာခြင်းပင်။ မြေအင်မော်တယ်လောကကြီး၌ အင်မော်တယ် မျိုးနွယ်များသည် အရာအားလုံး ကို လွှမ်းခြုံနိုင်စွမ်းရှိပြီး တခြားသော သက်ရှိမျိုးနွယ်များသည် အင်မော်တယ် မျိုးနွယ်များကို ပြန်လည်ကာ ခွန်းတုံ့မပြန်ရဲကြချေ။
သို့ပေမဲ့ ခရမ်းရောင်နက်နဲလောကထဲတွင်တော့ လူသားမျိုးနွယ်များသည် တကယ့်ကို အဆိုးရွားဆုံး အခြေအနေနှင့် ကြုံတွေ့နေရသည်။ လူသားအရင်းအမြစ် တစ်ခုလုံးကို ကြည့်ရှုရမည်ဆိုလျှင် သူတော်စင် ထိပ်ဆုံးအဆင့်ကသာလျှင် အားအကောင်းဆုံးသော ကျင့်ကြံသူအဖြစ် တည်ရှိနေ၏။ သူတော်စင်ဘုရင်ပင် မရှိပေ။ သူတော်စင်ဟူ၍ တစ်ယောက်တည်းသာလျှင် ရှိ၏။ ထို့အပြင် ထိုသူတော်စင်သည် သက်တမ်းကုန်ဆုံးလုနီးပါး အခြေအနေဆီသို့ ရောက်ရှိနေပြီး မီးစာကုန်ဆီခမ်း အသက်အရွယ်မျိုးပင် ဖြစ်လေသည်။
ကြည့်ရသည်မှာ လူသားမျိုးနွယ်များ၏ အမွေအနှစ်သည် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်ပြီး မည်သည့်တိုးတက်မှုမှ မရှိတော့ သကဲ့သို့ပင်။ အင်မော်တယ်မျိုးနွယ်များနှင့် တူညီသည့် အရင်းအမြစ်ဆီမှ ဖြစ်တည်လာခဲ့သည့် လူသားများသည် ဤမျှ အားနည်းနေသည်ကို မြင်ရသည့် အချိန်မှာတော့ မယုံကြည်နိုင်သကဲ့သို့ပင် ခံစားနေမိ၏။
“ဒါပေမဲ့”
အဖြူရောင်ဝတ်စုံနှင့်လူ၏ အနောက်ဘက်တွင် ရှိနေသော လူသည် အသာပြောဆိုလိုက်သည်။ “ရှေးတုန်းက ခရမ်းရောင်နက်နဲလောကကြီးရဲ့ လူသားမျိုးနွယ်တွေက တကယ့်ကို ကြမ်းတမ်းခဲ့ဖူးတယ်။ ဥပမာအားဖြင့် အစစ်အမှန် အင်မော်တယ်ရွှမ်မို - သူက မြေအင်မော်တယ်လောကထဲကို ဝင်ရောက်လာခဲ့တယ်လေ။ ကံဆိုးစွာနဲ့ နောက်ပိုင်း မျိုးဆက်သစ်တွေကတော့ သူ့ရဲ့ အားအင်အဆင့်နဲ့ ပတ်သက်ပြီး ဂုဏ်မောက်ခဲ့ကြတယ်။ သူတို့က ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကို လွှမ်းခြုံနိုင်ဖို့ ရည်ရွယ်ချက် ရှိခဲ့တယ်လေ။ ဒါကြောင့် မျိုးနွယ်စု အသီးသီးတို့က ပူးပေါင်းပြီး ခုခံခဲ့တယ်။ အားလုံးဝိုင်းဝန်း တိုက်ခိုက်မှုကို မခံနိုင်တော့တဲ့ အဆုံးမှာ အခု လက်ရှိအခြေအနေ အတိုင်း ဖြစ်တည်နေတာပဲ”
“အဆုံးသတ်မှာတော့ သူတို့ရဲ့ အပြစ်ပဲပေါ့” ပြောဆိုလိုက်သည့် အသံသည် အေးစက်ပြီး ထူးမခြားနား သကဲ့သို့ပင်။ အကြင်နာတရားလည်း ကင်းမဲ့လို့ နေခဲ့၏။ သူသည် သူ့ကိုယ်သူ အင်မော်တယ်မျိုးနွယ်အဖြစ်လည်း သုံးသပ်ခဲ့ပြီး ဖြစ်သည်။ အဆင့်နိမ့်မျိုးနွယ်များ၏ အကြောင်း မည်သည့် ခံစားချက်မှ မပါဘဲ ပြောဆိုနေခြင်းလည်း ဖြစ်၏။
လူသားမျိုးနွယ်များသည် သူတို့နှင့် တူညီသည့် မျိုးနွယ်များထဲတွင် တည်ရှိသည် ဆိုလျှင်တောင်မှ ကွဲပြား ခြားနားမှုရှိ၏။ မည်သူမှသည် ဤကဲ့သို့ အားနည်းလှသည့် မျိုးနွယ်စုများနှင့် တန်းတူ တူညီသည်ဟု အထင်မခံနိုင်ချေ။ ၎င်းတို့၏ ဘိုးဘေးကြီးသည် တစ်ချိန်တုန်းက ဂုဏ်သိက္ခာတရားနှင့် ထွန်းပြောင်လင်းလက် ခဲ့ဖူးသည် ဆိုလျှင်တောင်မှ ဘိုးဘေး၏ အောင်မြင်မှုသည် နောက်ပိုင်းမျိုးဆက်သစ်များနှင့် ဘာမှ မသက်ဆိုင်တော့ချေ။
“နတ်သားတော်.. ဒီတစ်ကြိမ် ကျုပ်တို့ ဖန်းကလန်ရဲ့ အမွေအနှစ်အတွက် အဆင့်နိမ့် နယ်မြေထဲကို ဆင်းသက် လာခဲ့ကြတာလေ။ ဒီတော့ သတင်းအချက်အလက်တွေကို စုစည်းတာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်တယ်။ အခု ဒီလူသားမျိုးနွယ်”
ပြောဆိုလိုက်သူသည် ဟောခန်း၏ အပြင်ဘက်တွင် တည်ရှိနေသည့် လူတစ်စုကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် အထင်အမြင် သေးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့၏။ “ဒီလူသားမျိုးနွယ်တွေက တန်ဖိုး မရှိဘူး”
သတင်းအချက်အလက်များကို စုဆောင်းခဲ့ပြီးပြီ ဖြစ်သောကြောင့် အားအင်အဆင့် ပိုမိုကောင်းမွန်လေ သူတို့ အနေနှင့် မြန်မြန်ဆန်ဆန် အလုပ်လုပ်ရ လွယ်ကူလေပင် ဖြစ်၏။ လက်ရှိ လူသားမျိုးနွယ်များကြားတွင် သူတော်စင် တစ်ယောက်တည်းသာလျှင် ရှိပြီး နတ်အဆင့် ကျင့်ကြံသူများပင် များများစားစား မရှိချေ။ ထိုသူတို့ကို အားကိုးပြီး သတင်းအချက်အလက်များကို စုဆောင်းသည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကို မပြောနှင့် တည်နေရာတစ်ခုဆီမှ သတင်းအချက်အလက်များကို စုဆောင်းရန်ပင် မသေချာလှချေ။ တကယ့်ကို ဆိုးရွားလွန်း လှချေ၏။ ထိုသူများကို အားကိုးသည်ဆိုပါက သူတို့အနေနှင့် မျက်စိကန်း၊ နားကန်းနေသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
ထိုသူတို့ကို အားကိုး၍ ဖန်းဟန်၏ သတင်းအချက်အလက်ကို စုံစမ်းစစ်ဆေးသည်ဆိုပါက အစစ်အမှန် အင်မော်တယ်၏ သတင်းအချက်အလက် အားလုံးသည် ပိုင်ရှင်အသစ်၏ လက်ထဲသို့ပင် ရောက်သွားမှာ သေချာ၏။ ဤစကားစုသည် အေးစက်ပြီး ကြမ်းတမ်းလွန်းလှချေ၏။ သို့ပေမဲ့ ကွာစီအင်ပါယာ တစ်ယောက် အတွက် တစ်ဖက်လူများသည် နင်းလျှောက် ဖြတ်ကျော်သွားရမည့် ပုရွက်ဆိတ် အကောင်လေး များထက် မပိုလှချေ။
ဟောခန်း၏ အပြင်ဘက်တွင်တော့ သူတော်စင်အိုကြီးတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းသည် လက်တစ်ဖက်နှင့် ကျိုင်းတုတ် တစ်ခုကို ကိုင်ဆောင် ထား၏။ ၎င်းသည် အိုမင်းရင့်ရော်နေသည့် မျက်လုံးအစုံဖြင့် အရှေ့တွင် ရှိနေသော အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို ကြည့်ရှုနေ၏။
သူသည် ဘာတစ်ခုကိုမှ မဆိုချေ။ သက်ပြင်းကိုသာ ချလိုက်၏။ ဤလူများသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ကောင်းကင်မှ ဆင်းသက်လာသည့် လူများဖြစ်၏။ လူသားမျိုးနွယ်များ၏ ကြားထဲသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် အစဉ်အမြဲ ဖိနှိပ်ခံထားသည့် လူသားမျိုးနွယ်များ၏ ဟန်ပန်နှင့် မတူညီစွာဘဲ တကယ့်ကို ကြီးကျယ်မြင့်မြတ်လှသည့် ဟန်ပန်မျိုးကို ထုတ်ဖော်ခဲ့သည်။
အစပိုင်းတုန်းက ကောင်းကင်မူလလောကကြီးမှ သက်ရှိများ ရောက်ရှိလာခဲ့သည်ဟု ထင်မှတ်ခဲ့၏။ ထို့အပြင် ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတို့သည် တိုက်ခိုက်လျက် ရှိနေသည်ကို အားလုံးက သိရှိပြီးဖြစ်၏။ သို့ပေမဲ့ သူတို့၏ လူသားမျိုးနွယ်များသည် အားနည်းလှသည် ဆိုလျှင်တောင်မှ ကောင်းကင်မူလလောကကြီး ဆီမှ လူသားမျိုးနွယ်များသည် အားကောင်းလှသည်ဖြစ်ကြောင်း သူတို့က သိရှိ၏။ ကောင်းကင်မူလလောကကြီး ဆီမှ သက်ရှိများ ဖြစ်သည်ဆိုပါက ၎င်းတို့ အနေဖြင့် အခွင့်အရေးကောင်းကြီးပင်။
ကံဆိုးစွာဖြင့် ရောက်ရှိလာသည့် လူများသည် ကောင်းကင်မူလလောကကြီးဆီမှ မဟုတ်ဘဲ မြေအင်မော်တယ် လောကမှ ဖြစ်လို့နေခဲ့၏။ ၎င်းတို့၏ ပြုမူဆက်ဆံပုံနှင့် လုပ်ပုံကိုင်ပုံများသည် တကယ်ပင် ခြားနားပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ထိုသူများ အားလုံးသည် ၎င်းတို့ကို တူညီသည့် မျိုးနွယ်များဟု မသတ်မှတ် ခဲ့ချေ။
ဤနေရာသို့ ရောက်ရှိလာခြင်း ဆိုသည်မှာ စုံစမ်းစစ်ဆေးရန်သာဖြစ်ပြီး တစ်ဖက်လူများသည် စုံစမ်းစစ်ဆေးပြီးသည်နှင့် ထွက်ခွာသွားမှာ သေချာ၏။
“အင်း... သိုင်းနည်းစနစ် တစ်ခုနဲ့ ဆေးလုံးတချို့ကို ပေးခဲ့လိုက်” အဖြူရောင်ဆံပင်နှင့် လူငယ်က ပြောလိုက်သည်။
“ဒါက”
အနောက်ဘက်တွင် ရှိနေသည့် သက်လတ်ပိုင်းလူ၏ အမူအရာသည် ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။ ပြီးနောက် ပြောလိုက်၏။ “နတ်သားတော်.. စည်းမျဉ်းက စည်းမျဉ်းပဲလေ။ ကျုပ်တို့ ကျောက်စိမ်းလေဟာနယ် နန်းတော်ရဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေကို အပြင်လူကို ဘယ်တော့မှ မပေးဘူး။ တကယ်လို့ နန်းတော်အရှင်ကသာ စုံစမ်းသိရှိသွားမယ် ဆိုရင် ...”
“ကျုပ် တာဝန်ယူမယ်”
အဖြူရောင်ဝတ်စုံနှင့်လူသည် အပြင်ဘက်တွင် ရှိနေသော လူသားမျိုးနွယ်ကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများသည် တည်ငြိမ်လျက် ရှိနေ၏။ သူ၏ အထင်အရဆိုလျှင် လက်ရှိလူသား မျိုးနွယ်များသည် အလွန်ပင် အားနည်းလှ၏။ ၎င်းတို့အား နည်းစနစ် တစ်ခုပေးအပ်လိုက်ခြင်းအားဖြင့် အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။
၎င်းတို့၌ လူတစ်သောင်းနီးပါးသာလျှင် ရှိ၏။ တစ်ဖက် အဖွဲ့ဝင် သန်းထောင်နှင့်ချီကို နှိုင်းယှဉ်ကြည့်ရမည်ဆိုပါက ပင်လယ်ထဲသို့ သဲမှုန်တစ်ခု ကျဆင်းသွားသကဲ့သို့ပင်။ တခြားသော လောကဆီသို့ ထွက်ပြေးခြင်းကသာ ၎င်းတို့အတွက် အသက်ရင်သန်နိုင်မှု ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ဘယ်တော့မှ ထွန်းတောက်လာမည် မဟုတ်ပေ။
ထို့အပြင် သူသည် ခရမ်းရောင်နက်နဲလောကဆီမှ သက်ရှိသတ္တဝါတစ်ယောက် မဟုတ်သည်ဆိုသော်လည်း ခရမ်းရောင်နက်နဲလောကကြီးတွင် တည်ရှိနေသည့် လူသားမျိုးနွယ်များ၏ ဆုတ်ယုတ်နေမှုကို မြင်ရသည့် အချိန်မှာတော့ အနည်းငယ်တော့ စာနာသနားစိတ် ဖြစ်မိနေ၏။
လူသားမျိုးနွယ်များသည် လူတစ်သောင်းနီးပါးခန့်သာ ရှိပြီး သူတော်စင်ကလည်း တစ်ယောက်တည်းသာလျှင် ရှိ၏။ ကြည့်ရှုရမည်ဆိုလျှင် လူသားမျိုးနွယ်များ၏ ဂုဏ်ကို ညှိုးလျော် စေသည်။
တစ်ဖက်လူများသည် ဤလူသားမျိုးနွယ်များကို မသတ်ဖြတ်ခဲ့သည် ဆိုခြင်းမှာ ကျေးကျွန်ပြုလုပ်ချင်စိတ် ရှိနေသောကြောင့်ပင် ဖြစ်နေသည်လား မသိနိုင်ပေ။
“ကောင်းပြီ” သက်လတ်ပိုင်းလူသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ သူသည် လက်ကို အသာဖြန့်ပြီး သည့်နောက် သိုင်းကျင့်ကြံခြင်း နည်းစနစ် တစ်ခုနှင့် ဆေးလုံးတချို့က လက်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ လက်ကို အသာလှုပ်ယမ်းလိုက်ပြီးသည့်နောက် တစ်ဖက်မှ ဦးဆောင်လျက် ရှိနေသည့် သူတော်စင်၏ လက်ထဲသို့ ထိုအရာများကို ပေးပို့လိုက်၏။
“ဒါက အရမ်းတန်ဖိုးရှိတယ်။ ဒီအဘိုးကြီး လက်မခံနိုင်ပါဘူး” သူတော်စင်အိုကြီး၏ အသံသည် တုန်ယင်လျက် ရှိနေ၏။ သူသည် အရှေ့တွင် ရှိနေသည့် သိုင်းနည်းစနစ်ကို လှမ်းကြည့်လိုက်၏။ မျက်လုံးထဲတွင် လိုချင် တပ်မက်သည့် စိတ်များ ရှိနေသည်ဆိုလျှင်တောင်မှ သူ သေသေချာချာ စဉ်းစားပြီးသည့်နောက် တွန့်ဆုတ် တွန့်ဆုတ်နှင့် ပြန်လည်ကာ ပြောကြားလိုက်သည်။
ဤအရာသည် တော်ဝင်သူတော်စင်အဆင့် နည်းစနစ် တစ်ခုဖြစ်၏။ လူသားမျိုးနွယ်များ တိုးတက်လာစေရန် ပြုလုပ်နိုင်စွမ်းရှိသည့်အရာ မဟုတ်သော်လည်း တော်ဝင်သူတော်စင် တစ်ယောက်သာ ပေါ်ပေါက်လာသည် ဆိုပါက လူသားမျိုးနွယ်များ၏ အခြေအနေကို ဟန်ချက်ညီအောင် ပြုလုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ လူသားမျိုးနွယ် များအနေနှင့် အင်ပါရီယာလက်နက်တစ်ခုကို ရရှိရန် ကြိုးစားကောင်း ကြိုးစားနိုင်ပေလိမ့်မည်။
“ခင်ဗျားကို ပေးတာမဟုတ်ဘူး။ ခင်ဗျားနောက်မှာ ရှိနေတဲ့ လူသားမျိုးနွယ်တွေကို ပေးတာ” အဖြူရောင်ဝတ်စုံနှင့် လူငယ်က ပြောလိုက်၏။
“ဒါက”
သူတော်စင်အိုကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့၏။ သူသည် နောက်တွင် ရှိနေသည့် လူများကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် တုန်ယင်စွာဖြင့် ဦးညွတ်ကာ ကျေးဇူးတင်စကားကို ပြောဆိုလိုက်သည်။ “လူသားမျိုးနွယ် ၅၆၁၇ ယောက် ကိုယ်စား ကျုပ်က ကျေးဇူးတင်ပါတယ်”
“အင်း..”
အဖြူရောင်ဝတ်စုံနှင့်လူက ခေါင်းညိတ်လိုက်၏။ ပြီးနောက် ကျေးဇူးတင်သည်ကို လက်ခံသည့် ဟန်ပန်မျိုးကို ပြုလုပ်လိုက်၏။
“ကျေးဇူးရှင်တို့က မြေအင်မော်တယ်လောကဆီက လာခဲ့တာဆိုတော့ ခရမ်းရောင်နက်နဲလောကကြီး အကြောင်းကို သိပ်ပြီး နားလည်မှာ မဟုတ်ဘူး။ ဒီအဘိုးကြီးက ကျေးဇူးရှင်တို့ကို သတင်းအချက်အလက်တချို့ ပြောပြချင်ပါတယ်” သူတော်စင်အိုကြီးသည် တီးတိုး ပြောဆိုလိုက်သည်။