အခန်း (၃၁၅)
Vol. 22 Ch. 315
“သတင်းအချက်အလက် ဟုတ်လား”
အဖြူရောင်ဝတ်စုံနှင့်လူ၏ အမူအရာသည် မပြောင်းလဲချေ။ သူက ပြန်လည်ကာ မေးမြန်းလိုက်၏။ “ဘယ်လို သတင်းအချက်အလက်လဲ”
တစ်ဖက်လူသည် လျှို့ဝှက်ချက်ဟူသည့် စကားထက် သတင်းအချက်အလက်ဟူသည့် စကားကို သုံးစွဲခဲ့၏။ ထို့ကြောင့် သူသည် နားလည်ပြီးသား ဖြစ်လို့နေ၏။ ဤသတင်းအချက်အလက်သည် တန်ဖိုးရှိသည့် အရာမျိုး မဟုတ်ဘဲ ခရမ်းရောင်နက်နဲလောကတစ်ခုလုံး သိရှိပြီးသားအရာသာ ဖြစ်ပေလိမ့်မည်။
သူတို့အနေနှင့် မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာခဲ့သည် ဖြစ်သောကြောင့် ဤသတင်း အချက်အလက်ကို မသိရှိခြင်းသာလျှင်ဖြစ်မည်။ တခြားသောသူများဆီမှ စုံစမ်း၍ ရနိုင်သည်ဆိုသော်လည်း ကြိုတင် ပြောပြပေးမည့်သူ ရှိပါက သူတို့အတွက် အားအင်စိုက်ထုတ်မှု လျော့ပါးပေလိမ့်မည်။
“ခရမ်းရောင်နက်နဲလောကကြီးနဲ့ ကောင်းကင်မူလလောကတို့ကြားမှာ စစ်ပွဲဖြစ်နေပြီ” သူတော်စင်အိုကြီး သည် ရှေ့တွင်ရှိနေသည့်လူအား လှမ်းကြည့်၏။ အားလုံးသောသူတို့၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသည့် အမူအရာများ ဖြစ်တည်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူက ဆက်လက်ကာ ပြောဆိုလိုက်မိ၏။
ဤလူများသည် ယခုမှ တည်နေရာ ဖြတ်သန်းကာ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ခရမ်းရောင် နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးကြားတွင် ရှိနေသည့် စစ်ပွဲကြီးအကြောင်းကို မသိရှိချေ။
သူသည် သူ၏အတွေးများကို ပြန်လည်ရုတ်သိမ်းကာဖြင့် ခြောက်ကပ်ကပ်အသံဖြင့် ပြောဆိုလိုက်သည်။ “မကြာသေးခင်က ခရမ်းရောင်နက်နဲလောကကြီးရဲ့ တော်ဝင်အင်ပါယာမိုယွမ်က တည်နေရာလမ်းကြောင်း တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ကောင်းကင်မူလလောကကြီးကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက် ရှိခဲ့တယ်။ လောကကြီး နှစ်ခုကြား စစ်ပွဲဖြစ်ပွားခဲ့တယ်။ သန်းနှင့်ချီတဲ့ ကျင့်ကြံသူတွေက တိုက်ပွဲမှာ ဝင်ပြီးတော့ ပူးပေါင်းနေကြတယ်”
“ဒီအဘိုးကြီး ကျေးဇူးရှင်ကို သတိပေးချင်တာကတော့ တော်ဝင်သူတော်စင် တချို့တောင်မှ ဝင်ပြီး လှုပ်ရှားနေတာကြောင့်မလို့ ပါဝင်မပတ်သက်ဖို့ပါ။ ပါဝင်ပတ်သက်မယ်ဆိုရင် ပြန်ထွက်ဖို့ ခက်ခဲလိမ့်မယ်။ ပြီးတော့ မကြာသေးခင်က ကောင်းကင်မူလလောကကြီးရဲ့ လူတစ်ယောက်က ခရမ်းရောင် နက်နဲလောက ဆီကိုလာပြီး ဉာဏ်အလင်းရခဲ့တယ်။ တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်ခဲ့တယ်လေ။ ဒါကြောင့် ကောင်းကင်မူလလောကကြီးရဲ့ အားအင်အဆင့်က ပိုပြီးတိုးသွားခဲ့တယ်။
ပြီးတော့ သူတို့ဆီမှာ ဆန်းကြယ်လွန်းလှတဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဆိုတာလည်း ရှိသေးတယ်။ တစ်ချက်ရိုက်လိုက်ရုံနဲ့ တော်ဝင်အင်ပါယာသုံးယောက်ကို ချက်ချင်း ဒဏ်ရာရအောင် ပြုလုပ်နိုင်စွမ်း ရှိတယ်။ ကြည့်ရမယ်ဆိုရင် ကောင်းကင်မူလလောကကြီးရဲ့ အခြေအနေက ထင်မှတ် ထားတဲ့ထက်ပိုပြီး အားကောင်းနေတယ်”
သူတော်စင်အိုကြီးသည် တုန်ယင်စွာဖြင့် ပြောဆိုလိုက်၏။ သူသည် အရှေ့တွင် ရှိနေသည့် အဖြူရောင် ဝတ်စုံနှင့်လူကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သူပြောခဲ့သည့် သတင်းအချက်အလက်ဆိုသည်မှာ လျှို့ဝှက်ချက် တစ်ခုမဟုတ်ပေ။ ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကို ပျံ့နှံ့ပြီးသား သတင်းအချက်အလက်သာလျှင် ဖြစ်၏။
ဂိုဏ်းကဏ္ဍ အသီးသီးတို့သည် ထိုအရာကိုသိရှိပြီးဖြစ်၏။ အထူးသဖြင့် ခရမ်းရောင်နက်နဲလောကဆီမှ တော်ဝင်အင်ပါယာများသည် ထိုအကြောင်းအရာကို ပိုမိုကာသိရှိ၏။ သို့ပေမဲ့ မည်သူမျှ ထုတ်ဖော်မပြောရဲကြချေ။ ယနေ့ အချိန်မှာတော့ သူသည် တစ်ဖက်သောသူများကို အဆင်အခြင်မဲ့ တိုက်ပွဲထဲသို့ မဝင်ရန်အတွက် ပြောဆိုသတိပေးနေခြင်းသာလျှင် ဖြစ်သည်။
ခရမ်းရောင်နက်နဲလောကကြီးကို ရန်ပြုသည်က တော်သေး၏။ ကောင်းကင်မူလလောကကြီးကို ရန်ပြုသည် ဆိုပါက ဖြစ်ပေါ်လာနိုင်သည့်ရလာဒ်သည် တကယ်ပင် သံသယရှိစရာ မလိုအောင် ဆိုးရွားလာပေလိမ့်မည်။ အနည်းဆုံး ခရမ်းရောင်နက်နဲလောကကြီး၏ လက်ရှိအချိန်တွင် တည်ရှိနေခြင်းသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ရောက်ရှိမလာသေးသောကြောင့် ဖြစ်၏။
“ကောင်းကင်မူလလောကကြီး ဟုတ်လား”
အဖြူရောင်ဝတ်စုံနှင့် လူက တီးတိုးရေရွတ်လိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုသည့် စကားလုံးအား စိတ်ထဲမှ ရေရွတ်နေမိ၏။ ထိုနာမည်ကို သူသေသေချာချာ မှတ်ထားလိုက်၏။ အနောက်ဘက်တွင် ရှိနေသည့် တည်နေရာလမ်းကြောင်းကြီး တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့၏။ ပြီးသည့်နောက် သူတို့သည် ဤသတင်းအချက်အလက်ကို ပထမဦးဆုံး ရရှိခြင်းဖြစ်သည်။
ကျောက်စိမ်းလေဟာနယ်နန်းတော်၏ လွှမ်းမိုးမှုသည် လက်ရှိအချိန်၌ မရှိတော့ချေ။ ခရမ်းရောင်နက်နဲ လောကကြီးထဲ၌ ၎င်းတို့သည် အမိမဲ့သော ဘဲများကဲ့သို့ပင် ရေအိုင်ထဲတွင် တဝဲလည်လည် ဖြစ်လို့နေခဲ့၏။ ယခု တိကျသည့် တည်နေရာတစ်ခုကို သွားရောက်ခြင်းသည် ကောင်းမွန်သော ဖြေရှင်းနည်းဖြစ်ကြောင်း သူတို့က သိရှိနားလည်လိုက်သည်။
လောကကြီးနှစ်ခု စစ်ပွဲဖြစ်ပွားသည့်အချိန်၌ ကျောက်စိမ်းလေဟာနယ်နန်းတော်တွင် ရှိနေသည့် လူပေါင်း များစွာတို့သည် သတိအပြည့်ဖြင့် ရှိရမည်မှာတော့ သေချာ၏။ မြေအင်မော်တယ်လောက၏ သမိုင်းတွင် ဤကဲ့သို့သော တိုက်ပွဲများသည် တူညီစွာ ဖြစ်တည်ခဲ့ပြီးသား ဖြစ်၏။
သူတို့ ကျူးကျော်ဝင်ရောက်သည့် လောကကြီးများသည် သူတို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ တချို့သော လောကကြီးများသည် ပြန်လည်ကာ သန့်စင်ခြင်းကိုပင် ခံခဲ့ရပြီး တချို့သောလောကကြီးသည် စကြဝဠာထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကကြား တိုက်ပွဲဆိုသည်မှာ ၎င်းတို့မျက်လုံးထဲတွင်တော့ ကလေးကစားစရာကဲ့သို့ပင်ဖြစ်၏။ သို့ပေမဲ့ နက်နဲကြယ်တည်နေရာဆိုသည့် စကားစုသည် အားလုံးသော သူတို့၏ နှလုံးသားများကို လှုပ်သွားစေခဲ့၏။
အမှတ်မမှားဘူးဆိုရင် ဖန်းကလန်မှ ဘိုးဘေးသည် နက်နဲကြယ်ရှင်းအင်ပါယာဟူ အမည်ခေါ်တွင်ခဲ့သည် မဟုတ်ပါလား။ ၎င်းသည် ခရမ်းရောင်နက်နဲလောကဆီမှ လာခဲ့ခြင်းလည်း ဖြစ်၏။ ခရမ်းရောင်နက်နဲကြယ် တည်နေရာနှင့် အစစ်အမှန် ရွှမ်မိုတို့၏ကြား ပတ်သက်မှုမရှိဆိုသည်မှာ ယုံကြည်စရာမရှိပေ။
“နတ်သားတော်”
အနောက်ဖက်တွင် ရှိနေသည့် ကွာစီအင်ပါယာသည် စိတ်လှုပ်ရှားစွာဖြင့် မြန်မြန်ဆန်ဆန် ပြောဆိုလိုက်သည်။ အဆင့်နိမ့်နယ်မြေထဲသို့ ဆင်းသက်လာရချင်းချင်း အစစ်အမှန်အင်မော်တယ် တစ်ယောက်၏ အမွေအနှစ်များကို ရှာဖွေတွေ့ရှိကောင်း တွေ့ရှိသွားနိုင်၏။ ထို့ကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ချေ။ အားအင်စိုက်ထုတ်မှုကင်းစွာဖြင့် ထိုနေရာကို ရှာဖွေတွေ့ရှိမည်ဆိုပါက ကျိန်းသေပေါက် ကံကောင်းခြင်းတရားပင်။
“အလျင်လိုစရာ မလိုဘူး”
အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် လက်ကို အသာမြှောက်လိုက်၏။ ၎င်းသည် တည်ငြိမ်အေးချမ်းသည့် ပုံပန်းသွင်ပြင်မျိုးနှင့် ပြောဆိုလိုက်၏။ “အစစ်အမှန် အင်မော်တယ်ရဲ့ အမွေအနှစ်တွေ ရှိတယ်ဆိုရင်တောင်မှ ခရမ်းရောင်နက်နဲလောကကြီးရဲ့ အင်ပါယာ ဆက်ခံသူတွေ ယူသွားလောက်ပြီ။ ကျုပ်အထင်မမှားဘူးဆိုရင် နက်နဲကြယ်တည်နေရာဆိုတာက အတိတ်တုန်းက အဲဒီ အင်မော်တယ် ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်လိမ့်မယ်”
“ဒါဆိုရင် ကျုပ်တို့ အခု ဘယ်လိုလုပ်မလဲ” ကွာစီအင်ပါယာသည် မျက်မှောင်ကုတ်ကာဖြင့် မေးမြန်းလိုက်၏။ ရှေ့တွင်ရှိနေသည့် အဖြူရောင်နှင့်သူသည် သူ၏ ဂျူနီယာတစ်ယောက်ဖြစ်သည် ဆိုသော်လည်း ပါရမီမှာ ကြောက်ခမန်းလိလိပင် ဖြစ်၏။ ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဘိုးဘေးတည်ထောင်သူပင်လျှင် ၎င်းသည် အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာမည့်သူဟု ပြောဆိုခဲ့၏။ ထို့ကြောင့်ပင်လျှင် နတ်သားတော်သည်သာ မသေဆုံးသည်ဆိုပါက ကျိန်းသေပေါက် အင်မော်တယ်တစ်ယောက်ဖြစ်မှာ သေချာသည်။
“နေအုံး”
အဖြူရောင်ဝတ်စုံနှင့်လူသည် တီးတိုးရေရွတ်လိုက်၏။ သူသည် လေဟာနယ်ကို တစ်ချက် လှမ်းကြည့်ပြီးနောက် သူတော်စင်အိုကြီးကို ပြန်ကြည့်လိုက်ပြန်၏။ “ခင်ဗျားပြောတဲ့ တော်ဝင်အင်ပါယာက နက်နဲကြယ်တည်နေရာထဲမှာ ဉာဏ်အလင်းရခဲ့တာ မဟုတ်လား။ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ”
“အင်း လွန်ခဲ့တဲ့ ကိုးရက်လောက်ကပါ” သူတော်စင်အိုကြီးသည် ခဏလောက်စဉ်းစားကာ ပြောလိုက်၏။
“လွန်ခဲ့တဲ့ ကိုးရက်က ဟုတ်လား” အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာခဲ့၏။ သူ၏မျက်နှာပေါ်တွင် ယုံကြည်ချက်ရှိသည့် အပြုံးမျိုးကလည်း ဖြစ်တည်လာခဲ့၏။ အချိန်သည် တကယ့်ပင် အချိန်ကိုက်ပင်။
ရက်များကို တွက်ချက်ရမည်ဆိုလျှင် လွန်ခဲ့သည့် ကိုးရက်တွင် ဖန်းဟန်တစ်ယောက် မြေအင်မော်တယ် လောကဆီသို့ ချိုးဖြတ်ရောက်ရှိလာသည့် အချိန်ပင်ဖြစ်၏။ ဖန်းဟန်သည် ဉာဏ်အလင်း ရရှိခဲ့ပြီဖြစ်သော တော်ဝင်အင်ပါယာ၏လက်ထဲသို့ ကျရောက်ကောင်း ကျရောက်သွားပေလိမ့်မည်။
ဖန်းဟန် သေဆုံးခြင်းအတွက် သူသည် စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ပေ။ ဖန်းကလန် တစ်ခုလုံး၏ မျှော်လင့်ချက် လူသားသည် အဓိကဂိုဏ်းကြီးသုံးခုတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှု၏အောက်တွင် ထွက်ပြေးလွတ်မြောက် ပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကဆီသို့ ရောက်ရှိလာခဲ့၏။
ဘယ်လိုဖြစ်ပြီး လွယ်လွယ်ကူကူ သေဆုံးသွားရသနည်း။
“ကောင်းကင်မူလလောကကြီးကို သွားကြရအောင်” အဖြူရောင်ဝတ်စုံနှင့်လူက အသာပြောလိုက်၏။ ယခုမှ အင်ပါယာ ဖြစ်လာခဲ့သည့်လူသည် ကောင်းကင်မူလလောကကြီး၏ တော်ဝင်အင်ပါယာဖြစ်၏၊။ သူ့အနေနှင့် ဖန်းဟန်ကို ရှာမည်ဆိုပါက ကောင်းကင်မူလလောကကြီးထဲသို့ သွားရန် လိုအပ်သည်။
“ကောင်းပါပြီ” ကွာစီအင်ပါယာသည် လက်သီးကိုဆုပ်လိုက်၏။ သူသည် စစ်ရထားကို ပြင်ဆင်ရန်အတွက် အမိန့်လိုက်၏။
နောက်ခဏအတွင်းမှာပဲ ကြမ်းတမ်းလှသော အော်ရာလှိုင်းများ ဖြစ်တည်လာခဲ့ပြီး တော်ဝင်အင်ပါယာ နှစ်ယောက်တို့၏ တိုက်ခိုက်မှုများသည် ကောင်းကင်ယံတွင် ဖြစ်တည်လာခဲ့သည်။
“လွင့်မျောတိမ်တောင်ရဲ့ တော်ဝင်အင်ပါယာပဲ” သက်လတ်ပိုင်းလူက ပြောဆိုလိုက်၏။
သူသည် တိုက်ခိုက်လျက် ရှိနေသည့် တော်ဝင်အင်ပါယာနှစ်ယောက်ကို လှမ်းကာကြည့်ရှုရင်း မျက်လုံးထဲ ဇဝေဇဝါ ဖြစ်လာမိ၏။ “သူနဲ့တိုက်ခိုက်နေတဲ့လူက ဖန်းကလန်ရဲ့ နည်းစနစ်တွေကို သုံးနေတာပဲ”
“ဖန်းကလန် ဟုတ်လား” အဖြူရောင်ဝတ်စုံနှင့်လူသည် စဉ်းစဉ်းစားစား တွေးတွေးတောတော အမူအယာမျိုးဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ မြေအင်မော်တယ်လောကကြီးတွင် ဖန်းကလန်၏ အဖွဲ့ဝင်များ အားလုံးတို့သည် သေဆုံးလုနီးပါး ဖြစ်ခဲ့ပြီး ဖန်းဟန်နှင့် ၎င်း၏ကာကွယ်စောင့်ရှောက်သူသာလျှင် ထွက်ပြေးလွတ်မြောက်ခဲ့၏။ အဘယ်သို့ တော်ဝင်အင်ပါယာ တစ်ယောက်က ရုတ်တရက် ပေါ်ပေါက် လာရသနည်း။ တော်ဝင်အင်ပါယာသည် မည်သည့်နေရာက ရောက်ရှိလာရသနည်း။
ဖန်းဟန် - အသက် (၂၂၇)နှစ်ရှိပြီဖြစ်သော ဖန်းဟန်သည် သူ့လောက် အားမကောင်းလှချေ။ ဖန်းဟန်၏ ကာကွယ်စောင့်ရှောက်သူသည်လည်း တော်ဝင်သူတော်စင် အဆင့်သာလျှင်ရှိ၏။ အဆင့်နိမ့် နယ်မြေသို့ ဆင်းသက်မလာခင်တွင် သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့၏။ ထို့ကြောင့် အချိန်အတိုင်းအတာတို အတွင်း အင်ပါယာတစ်ယောက်ဖြစ် လာရန်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
“အင်း... ခရမ်းရောင်နက်နဲလောကမှာ ဖန်းကလန်ရဲ့ ဂိုဏ်းခွဲတွေ ရှိနေသေးတာလား” အဖြူရောင်ဝတ်စုံနှင့် လူသည် ဇဝေဇဝါဖြစ်သွားမိ၏။ သူသည် မနီးမဝေးတွင်ရှိနေသည့် လူများကိုလှမ်းကာ ကြည့်ရှုလိုက်၏။
ဖန်းဟန်၏ ဘိုးဘေးသည် လူသားမျိုးနွယ်များ၏ အဖွဲ့ဝင်ဖြစ်ခဲ့ဖူး၏။ လူသားမျိုးနွယ်များသည်သာ အားကောင်းသည်ဆိုပါက အစစ်အမှန် အင်မော်တယ်ရွှမ်မိုကို ချန်ခဲ့သည့် အမွေအနှစ်များသည် မျိုးဆက် သစ်များကို အားကောင်းအောင် ဖန်တီးပေးပေလိမ့်မည်။ သို့ပေမဲ့ လူသားမျိုးနွယ်များသည် လက်ရှိ အခြေအနေမှာ ကျရှုံးလျက် ရှိနေ၏။ တော်ဝင်အင်ပါယာရွှမ်မို၏ မျိုးဆက်သစ်များ ကျန်ရှိသည်ဆိုခြင်းမှာ မဖြစ်နိုင်တော့ချေ။ ရှိမည်ဆိုပါက လူသားမျိုးနွယ်များအားလုံး ကျရှုံးနေသည်ကို အဘယ်သို့ အတိုင်းသား ထိုင်ကြည့်နေမည်နည်း။
“ဒါက နည်းနည်း ထူးဆန်းတယ်”
အဖြူရောင်ဝတ်စုံနှင့်လူက အနည်းငယ် စဉ်းစားလိုက်မိ၏။ သူသည် ခေါင်းကို ခါယမ်းလိုက်ပြီးသည့်နောက် တိုက်ခိုက်ရေး တည်နေရာဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ မကြာခင်မှာပဲ လွင့်မျောတိမ်တောင်၏ တော်ဝင်အင်ပါယာကို သူကမြင်လိုက်ရ၏။ ၎င်း၏ စိတ်ခံစားချက် တစ်ခုလုံးသည် လေးပင်သွားခဲ့၏။
တော်ဝင်အင်ပါယာတစ်ယောက် သေဆုံးသွားခဲ့ခြင်း - ဤအရာသည် ခရမ်းရောင်နက်နဲလောကကြီးကို မသက်ရောက်သည်ဆိုလျှင်တောင်မှ မြေအင်မော်တယ်လောကကြီးတစ်ခုလုံးကို သက်ရောက်စေခဲ့၏။ တည်နေရာလမ်းကြောင်း တစ်ခုလုံး ပျက်စီးပြီး လွင့်မျောတိမ်တောင်၏ တော်ဝင်အင်ပါယာသည် ဤနေရာတွင် သေဆုံးခဲ့သည်။ ဆိုးရွားလှသည့် ကိစ္စရပ်မျိုးပင်။
“ကျုပ်တို့ မြန်မြန်ဆန်ဆန် အစစ်အမှန်အင်မော်တယ်ရဲ့ အမွေအနှစ်တွေကို ရှာဖို့လိုနေပြီနဲ့တူတယ်။ ပြီးတော့ ပြန်ဖို့ နည်းလမ်းကို ရှာရလိမ့်မယ်”
အဖြူရောင်ဝတ်စုံနှင့်လူသည် တီးတိုးပြောဆိုလိုက်၏။ သူသည် ခြေထောက်ကို မြှောက်ပြီးသည့်နောက် စစ်ရထားပေါ်သို့ လှမ်းတက်လိုက်၏။ “ကောင်းကင်မူလလောကကို သွားကြရအောင်”