အခန်း (၃၁၇)
Vol. 22 Ch. 317
"နတ်သားတော် …. ဖန်းဟန်ရဲ့ အမွေအနှစ်တွေက …. ဖြစ်နိုင်တာ …."
သတ်လတ်ပိုင်းလူသည် သဘောမတွေ့သလို ပြောလိုက်၏။ သူနှင့် နတ်သားတော်တို့သည် တူညီသည့် အကြောင်းအရာကို စဉ်းစားမိနေခြင်းသာ ဖြစ်နိုင်၏။
"သူက သူရဲ့အမွေအနှစ်တွေကို ဘယ်တော့မှကမ်းပေးမှာ မဟုတ်ဘူး။ ဒါတွေအားလုံးက သူ့အပိုင် ။ အမွေအနှစ်တွေကို ဆုံးရှုံးသွားတယ်ဆိုတာ အရာအားလုံးဆုံးရှံးသွားတာနဲ့ အတူတူပဲ"
အဖြူရောင်ဝတ်စုံနှင့် လူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် လေဟာနယ်ထဲသို့ လှမ်းကြည့်လိုက်သည်။ "အင်း …… ကျုပ်တို့ သတိမထားမိတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိလိမ့်မယ်။ "
"ဒါပေမဲ့"
သတ်လတ်ပိုင်း ကွာစီအင်ပါယာသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။
"ဒီကိစ္စမှာ တော်ဝင်အင်ပါယာနှစ်ယောက် ပါဝင် ပတ်သက်နေတယ်။ ကျုပ်စိုးရိမ်တာက ကျုပ်တို့ရဲ့ လက်ရှိ အဆင့်အနေနဲ့ ဒီလူတွေကို ခုခံနိုင်မှာ မဟုတ်ဘူး။ "
တည်နေရာလမ်းကြောင်း ရှိသည်ဆိုပါက တော်ဝင်အင်ပါယာနှစ်ဆယ် သူတို့ရှေ့တွင် လာရောက် မတ်တပ်ရပ်နေသည် ဆိုလျှင်တောင် ရင်ဆိုင်တိုက်ခိုက်ရဲ၏။ ထို့ပြင် သူတို့၌ နောက်ခံအနေဖြင့် ကျောက်စိမ်းလေဟာနယ် နန်းတော် တစ်ခုလုံး တည်ရှိနေသည် မဟုတ်ပါလား။
သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တည်နေရာလမ်းကြောင်း မရှိတော့ချေ။ ကျောက်စိမ်းလေဟာနယ်နန်းတော်သည် ပုံရိပ်ယောင် တစ်ခုမျှသာ ရှိတော့၏။ သူတို့အနေဖြင့် တော်ဝင်အင်ပါယာနှစ်ယောက်နှင့် တိုက်ခိုက်သည် ဆိုပါက ဆိုးရွားသည့် အဆုံးသတ်ကို ရောက်ရှိသွားမှာ သေချာ၏။ လွင့်မျောတိမ်တောင်၊ အင်မော်တယ်နန်းတော်နဲ့ ထိုက်ချူတောင်တန်းစသော အဓိကဂိုဏ်းကြီး သုံးခုမှ လူများကို ရင်ဆိုင် တိုက်ခိုက်ရဲသူများသည် ကျောက်စိမ်းလေဟာနယ် နန်းတော်ကို ဂရုစိုက်နေမည်လား။
"ဒီလောကကြီးထဲမှာ ကောင်းကင်လျို့ဝှက် နန်းဆောင် ရှိတယ်မလား"
အဖြူရောင်ဝတ်စုံနှင့်လူသည် လက်ထဲရှိ ကျောက်စိမ်းပြားကို အသာမြောက်ကာ ကြည့်ရှုနေ၏။ ထိုထဲတွင်တော့ မျိုးနွယ်စုအားလုံး၏ ပါရမီရှင်စာရင်း ဟူသော စာတမ်းက ထင်ပေါ်နေ၏။
"အင်း တကယ်ကို အနှိုင်းမဲ့ တည်ရှိမှုပဲ။ ဖန်းဟန် ဘယ်မှာရှိလဲ သူသိလိမ့်မယ်" အဖြူရောင်ဝတ်စုံနှင့်လူသည် တဆက်တည်း ပြောဆိုလိုက်သည်။ ဖန်းဟန် မည်သည့်နေရာတွင် ရှိမည်မှန်းကို သိရှိရန်အတွက် သူတို့အနေဖြင့် နည်းလမ်းပေါင်းများစွာကို အသုံးပြုရမှာဖြစ်၏။ သို့ပေမဲ့ အခွင့်အရေးတစ်ခုသည် သူတို့၏ တံခါးဝကို လာ ခေါက်လျက် ရှိ၏။ သူတို့သည် ထိုကိစ္စကို သေသေချာချာ တွေးတောပြီး ပြုမူမှ ဖြစ်ပေလိမ့်မည်။
ကောင်းကင်မူလလောကကြီး၊ တော်ဝင်သဲကန္တာရမြို့၏ အခန်းတစ်ခုအတွင်းမှာတော့ လူနှစ်ယောက်တို့သည် ထိုင်လျက် ရှိနေ၏။ ၎င်းတို့၏ ဘေးတစ်ဖက်တွင် အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့က မတ်တပ် ရပ်လျက် ရှိနေ၏။
“ခုတလော ခင်ဗျား တော်တော် မွှေခဲ့တာပဲ” မုန့်ရှင်းကျီက ပြောဆိုလိုက်၏။ ပြီးသည့်နောက် သူသည် စစ်တုရင်ခုံပေါ်သို့ စစ်တုရင်ရုပ်ကို အသာချလိုက်၏။ ဘုတ်ဟူသော အသံသည် တစ်ခါတည်း ထွက်ပေါ်လာခဲ့သည်။
“အင်း... ခင်ဗျား မွှေခဲ့တာ ပိုတောင်ဆိုးသေးတယ်လေ” နဂါးအင်ပါယာ အောင်းရွှမ်သည် ၎င်း၏ နဂါးပုံစံများ ရေးထိုးထားသည့် ခရမ်းရောင်အင်္ကျီလက်ကို အသာယမ်းခါကာဖြင့် ပြောဆိုလိုက်၏။ လှုပ်ရှားမှု တစ်ခုချင်းစီ တိုင်းသည် ကြီးကျယ်မြင့်မြတ်လှသည့် အရှိန်အဝါမျိုး ထွက်ပေါ်လျက် ရှိနေ၏။ ၎င်းသည် လက်ထဲ၌ စစ်တုရင်ရုပ် ကို ကိုင်ဆောင်ထား၏။
“ကျုပ် အထင်မမှားဘူးဆိုရင် ခရမ်းရောင်နက်နဲလောကကြီးထဲမှာ လှုပ်ရှားတိုက်ခိုက်ခဲ့တာ ခင်ဗျားပဲ ဖြစ်ရမယ်” အောင်းရွှမ်က မှတ်ချက်ပေးလိုက်သည်။
“မဟုတ်ဘူး”
မုန့်ရှင်းကျီသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးသည့်နောက် သူသည် ဖန်းဟန်ဆီသို့ မျက်လုံး စွေစောင်းကာ ကြည့်ရှုလိုက်၏။
ဖန်းဟန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိလို့နေ၏။ အင်ပါယာနှစ်ယောက် ထိုင်လျက် ရှိနေသည် ဖြစ်သောကြောင့် ဖန်းဟန်သည် ဝင်မထိုင်ရဲချေ။ ၎င်းသည် အချိန်အတိုင်းတာတိုအတွင်း တော်ဝင်အင်ပါယာ တစ်ယောက်၏ အားအင်ကို ပိုင်ဆိုင်သည် ဆိုသော်လည်း တကယ်တမ်း အစစ်အမှန် တော်ဝင်အင်ပါယာ နှစ်ယောက်နှင့် ယှဉ်ပြိုင်၍ ရနိုင်သည့် အရာမျိုး မဟုတ်သည်ကို သူ က ကောင်းကောင်းသိသည်။
“ဪ”
အောင်းရွှမ်သည် မုန့်ရှင်းကျီ၏ အမူအရာကို သတိပြုမိသွား၏။ ပြီးနောက် ဖန်းဟန်ကို အသာလှည့်ကာ ကြည့်ရှုလိုက်သည်။ သူ၏ မျက်လုံးထဲတွင် သံသယများနှင့် ပြည့်နှက်နေ၏။ “ပြောတာက အခု လှုပ်ရှား တိုက်ခိုက်ခဲ့တာ သူလို့ ပြောချင်တာလား”
မုန့်ရှင်းကျီသည် ဤလူငယ်နှင့်အတူ ပြန်လည် ရောက်ရှိလာခဲ့၏။ ထို့ကြောင့် သူသည် အစောကြီးကတည်းက သတိပြုမိပြီးသားဖြစ်၏။ တစ်ဖက်လူသည် မုန့်ရှင်းကျီနှင့် လိုက်ပါလာခဲ့သည်ဖြစ်ပြီး အားအင်အဆင့်မှာလည်း အားမနည်းလှချေ။ ကောင်းကင်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့်ဆီသို့ ရောက်ရှိနေခဲ့၏။ တကယ့်ကို ခိုင်မာလှသည့် အခြေခံကိုလည်း ပိုင်ဆိုင်လို့ နေခဲ့၏။ မကြာခင်အချိန်အတွင်း နောက်ဆုံးအဆင့်ဆီသို့ တက်ရောက်နိုင်တော့မည့်ပုံ ပေါ်သည်။
မျိုးနွယ်စုအားလုံး၏ ကောင်းကင်ပါရမီရှင်စာရင်းတွင် နေရာထားရှိမည်ဆိုပါက ထိပ်ဆုံးဆယ်ယောက်စာရင်းသို့ ဝင်ရောက်နိုင်လောက်၏။ ထိပ်ဆုံးသုံးယောက်စာရင်းကို သူ မပြောသည်မှာ အကြောင်းအရာ တစ်ခုတော့ ရှိ၏။ အားအင်စုများ အားလုံးတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ကာဖြင့် သတင်း အချက်အလက်များ အားလုံးကို ဆက်တိုက်ဆိုသလို ဝယ်ယူခဲ့၏။
ရီချန်နှင့် မွန်းစတားကလန် အသီးသီးမှ သခင်လေး တော်တော်များများတို့သည် မြန်မြန်ဆန်ဆန်ပဲ တိုးတက် လာခဲ့တော့၏။ နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သတင်း သွားရောက် ဝယ်ယူသည့် လူအရေအတွက်သည် ရေတွက်လို့ မရနိုင်အောင်ပင် များပြားလွန်းလှချေသည်။
အထူးသဖြင့် ရီချန်ပင် ဖြစ်၏။ ရီချန်သည် မျိုးနွယ်စုအားလုံး၏ ကောင်းကင်ပါရမီရှင်စာရင်းတွင် ဒုတိယနေရာဆီသို့ ရောက်ရှိလာ၏။ ၎င်းသည် ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်၏ နောက်ဆုံးအဆင့်ဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး မယုံကြည်နိုင်ဖွယ်ရာပင်။
ယုတိ္တဗေဒအရ ပြောရမည်ဆိုလျှင် သန်မာအားကောင်းသည့် လူတစ်ယောက်သည် ပိုမိုတိုးတက်လာရန် အချိန် နှေးကွေးရပေမည်။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီးထဲတွင် တည်ရှိနေသည့် ပါရမီရှင်များအတွက်မူ ဤကိစ္စသည် ပြောင်းပြန်သက်ရောက်လျက် ရှိနေ၏။
အဆင့်မြင့်မားလေ ၎င်း၏အားအင်အဆင့် တိုးတက်ခြင်းက ပိုမိုမြန်ဆန်လေ ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိနေသောကြောင့်ပင်။
တစ်စုံတစ်ယောက်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူ၍ ရနိုင်၏။ တစ်စုံတစ်ယောက်၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အဆင့်တွင် ပြဿနာတစ်ခုခု တည်ရှိနေသည်ဆိုလျှင် ကွာစီအင်ပါယာ တစ်ယောက်ပင်လျှင် လမ်းညွှန်ပြသခြင်း မလုပ်နိုင်သည့် ကိစ္စဖြစ်နေလျှင်တောင်မှ နန်းဆောင်သခင်သည် လွယ်လွယ်ကူကူဖြင့် လမ်းညွှန်ပြသခြင်းကို ပြုလုပ်နိုင်၏။
နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုကို ရရှိခြင်း၊ များပြားလှသည့် အခွင့်အရေးများကို ရရှိခြင်း .... ထိုအခြင်းအရာများကြောင့် ၎င်းတို့၏ တိုးတက်မှုသည် မနှေးကွေးတော့ချေ။ ထို့ကြောင့်ပင်လျှင် အောင်းရွှမ်သည် ဖန်းဟန်အား ထိပ်တန်းဆယ်ယောက် စာရင်းထဲသို့ ဝင်ရောက်ရန် ဖြစ်နိုင်ချေရှိသည်ဟု ပြောဆိုခဲ့ခြင်းသာဖြစ်သည်။ ထိပ်ဆုံးသုံးယောက်စာရင်းသို့ ဝင်ရောက်ရန် ဆိုသည်မှာ တစ်ဖက်လူအတွက် ခက်ခဲလိမ့်မည ်ဖြစ်ကြောင်း သူက သိရှိနားလည်ထား၏။ ဖန်းဟန်သည် ဤလောကကြီးထဲတွင် လက်ရှိအခြေအနေဖြင့် နေထိုင်မည်ဆိုပါက ကြာလျှင် အားလုံးသော သူတို့ မေ့ပျောက် သွားရမည့် သိုင်းကျင့်ကြံသူအဖြစ်ပင် ပြောင်းလဲသွားရပေမည်။
“ဟား ဟား ဟား”
မုန့်ရှင်းကျီသည် အသာရယ်ပြီးသည့်နောက် စစ်တုရင်ရုပ်ကို ရွေ့လိုက်၏။ ပြီးနောက် ပြောဆိုလိုက်သည်။ “ကျုပ် အများကြီး မပြောတော့ဘူး။ ဒါပေမဲ့ ကျုပ်ပြောချင်တာ တစ်ခုရှိတယ်။ သူ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်ခဲ့ဖူးတယ်”
“ဪ”
အောင်းရွှမ်သည် မျက်ခုံးကို ပင့်လိုက်၏။ သူ၏အကြည့်သည် ဖန်းဟန် ဆီသို့ ရောက်ရှိသွား၏။ သေသေချာချာ စမ်းသပ်စစ်ဆေးပြီးသည့်နောက် သူသည် ပိုမိုကာ သေချာလာတော့၏။ ခရမ်းရောင်နက်နဲ လောကကြီးတွင် လှုပ်ရှားတိုက်ခိုက်ခဲ့သည့် တော်ဝင်အင်ပါယာသည် ဤလူငယ်လေးပင် ဖြစ်ရပေလိမ့်မည်။
တစ်စုံတစ်ယောက် အနေနှင့် တော်ဝင်အင်ပါယာအဆင့်၏ အားအင်ကို ရရှိရန် ဆိုသည်မှာ ခက်ခဲလွန်းလှချေ၏။ သို့ပေမဲ့ သူ၏ အမြင်အရဆိုလျှင် ဤအရာမှာ ဖြစ်နိုင်ဖွယ်ရာရှိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၌ မဖြစ်နိုင်ဘူး ဆိုသည်မှာ မရှိချေ။ ထို့အပြင် ကံကြမ္မာကောင်းချီးနည်းစနစ်သည် နန်းဆောင်သခင် ပေးခဲ့သည့်အရာ တစ်ခု တစ်ခုဖြစ်သည်။ ပိုမိုအားကောင်းလှသည့် နည်းစနစ်နှင့် အတတ်ပညာများ ပေါ်ပေါက်လာသည် ဆိုခြင်းမှာ ကျိုးကြောင်း ဆီလျော်လွန်းလှချေ၏။
အင်ပါယာနှစ်ယောက်တို့၏ စူးစိုက်ကြည့်ရှုသည့် အကြည့်များကို ရင်ဆိုင်ရသည့် အချိန်မှာတော့ ဖန်းဟန်သည် မနေတတ်၊ မထိုင်တတ်သလိုပင် ဖြစ်မိနေ၏။ တစ်ဖက်လူများ ပြောဆိုသည့်အရာကို မကြားရသည်ဆိုသော်လည်း တစ်ဖက်လူများသည် သူ၏အကြောင်း ပြောဆိုနေသည်ဖြစ်ကြောင်း အကြည့်များနှင့်ပင် သိရှိနေပြီးဖြစ်သည်။
“စိတ်ဝင်စားစရာပဲ”
အောင်းရွှမ်သည် တီးတိုးရေရွတ်လိုက်၏။ ထို့နောက် ခေါင်းကို အသာလှည့်ပြီး သူ၏ နက်ရွှေရောင် မျက်လုံးများနှင့် မုန့်ရှင်းကျီအား စူးစိုက်ကြည့်ရှုလိုက်၏။ ပြီးနောက် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ဒီလူက အကန့်အသတ်မဲ့တဲ့ အလားအလာကို ပိုင်ဆိုင်တယ်ဆိုပေမဲ့ ခင်ဗျား သူ့ကို ဘေးနားမှာ တောက်လျှောက် ထားရလောက်တဲ့အထိတော့ မဟုတ်သေးဘူးလေ။ ဟုတ်တယ်မလား”