← Chapters

အခန်း (၃၁၈)

Vol. 22 Ch. 318

အခန်း (၃၁၈)

Vol. 22 Ch. 318

“ပြီးတော့”

အောင်းရွှမ်က ဆက်ပြောလိုက်၏။ “မုန့်ရှင်းကျီ... ခင်ဗျား ဘယ်တုန်းက ဒီလောက်ထိ ကြင်နာ သနားတတ်သွားရတာလဲ။ ဒီလောကထဲက မဟုတ်တဲ့ တစ်စုံတစ်ယောက်ကို လက်စားချေဖို့အတွက် ကူညီနေတယ် ဟုတ်လား”

“ခင်ဗျား သိချင်လို့လား” မုန့်ရှင်းကျီက စနောက်လိုက်သည်။

“ခင်ဗျား မပြောဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကျုပ်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို အခုပဲ သွားလို့ရတယ်” အောင်းရွှမ်သည် ပခုံးကို တွန့်ကာဖြင့်‌ ပြောဆိုလိုက်၏။

နဂါးကလန်၏ ချမ်းသာလွန်းလှသော လူတစ်ယောက်ဖြစ်သည်နှင့်အညီ လောကကြီးထဲတွင် သူမတတ်နိုင်သည့် သတင်းအချက်အလက်ဆိုသည်မှာ အနည်းငယ်သာ ရှိပေလိမ့်မည်။

“ဒါပေမဲ့ နန်းဆောင်သခင်ဆီက သတင်း အချက်အလက်တွေကို ကျုပ်ဝယ်ယူပြီးပြီ ဆိုရင်တော့ ခင်ဗျား လှုပ်ရှားဖို့အတွက် ခက်ခဲသွားလိမ့်မယ် ထင်တယ်။ ကောင်းကင်လောကကြီးထဲမှာ ခင်ဗျား မုန့်ရှင်းကျီဆိုတဲ့ တော်ဝင်အင်ပါယာ တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ။ အများကြီး ရှိတယ်လေ” အောင်းရွှမ်သည် သရော်သလိုပင် ပြောဆိုလိုက်သည်။

လက်ထဲတွင် ရှိနေသည့် စစ်တုရင်ရုပ်ကို အသာချပြီးသည့်နောက် အောင်းရွှမ်သည် ထပ်မံကာ ပြောဆိုလိုက်၏။ “မကြာသေးခင်က ကျုပ် လင်းရှောင်နဲ့ ပူးပေါင်းထားခဲ့တယ်။ တကယ်လို့ ဒီဖန်းဟန်အနေနဲ့ အကျိုးကျေးဇူး တစ်ခုခု ရဖို့ရှိတယ်ဆိုရင်တောင် ခင်ဗျား မပါဘဲ ဖြစ်သွားမယ်နော်”

အောင်းရွှမ်သည် အရူး မဟုတ်ချေ။ မုန့်ရှင်းကျီ တစ်ယောက် ဖန်းဟန်ကို အမြဲတမ်း အနားတွင် ထားနေသည်ကို မြင်ရသည့် အချိန်မှာတော့ ဤဖန်းဟန်သည် လျှို့ဝှက်ချက် တစ်ခုခုကို သယ်ဆောင်ထားသည့်လူဖြစ်ကြောင်း သူ လွယ်လွယ်ကူကူ ခန့်မှန်းနိုင်၏။ ထို့အပြင် ဤလျှို့ဝှက်ချက်သည် သာမန်ထက်ပိုသည့်အရာဖြစ်ကြောင်း သူက ခံစားမိ၏။ မုန့်ရှင်းကျီသည် ဖန်းဟန်ကို မသတ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သတ်၍မဖြစ်သော အကြောင်းအရာ တည်ရှိနေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။

“အဟမ့် အဟမ့်”

မုန့်ရှင်းကျီသည် လည်ချောင်းကို ဟမ့်ကာဖြင့် အသာရယ်မောလိုက်၏။ “တာအိုရောင်းရင်း... ခင်ဗျားက နောက်နေပြီနဲ့တူတယ်။ ဖန်းဟန်ဆီမှာ သိသာထင်ရှားတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ သူက အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ အမွေအနှစ်တွေကို ယူထားရုံပါပဲ”

“ဘာ” အောင်းရွှမ်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ အသက်ရှူနှုန်းများပင်လျှင် မြန်ဆန်လာခဲ့ လေသည်။ သူသည် ဖန်းဟန်ကို အသာလှည့်ကြည့်ပြီးသည့်နောက် မုန့်ရှင်းကျီကို ပြန်လည်ကာ ကြည့်ရှုလိုက်၏။ ပြီးနောက် လေးလေးနက်နက် အမူအရာဖြင့် ပြောဆိုလိုက်သည်။ “ဖန်းဟန်ဆီမှာ အစစ်အမှန် အင်မော်တယ် တစ်ယောက်ရဲ့ အမွေအနှစ်တွေ ရှိနေတယ်ဆိုတာ တကယ်လား”

“နန်းဆောင်သခင်က ဒီကိစ္စကို အတည်ပြုပြီးသားလေ။ ပြီးတော့ မြေအင်မော်တယ်လောကက လာတဲ့ လူတိုင်း လူတိုင်းက ဒီကိစ္စကို သိရှိပြီးသား။ ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ” မုန့်ရှင်းကျီသည် သာမန်ကာလျှံကာဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။

“နန်းဆောင်သခင်က အတည်ပြုပြီးပြီ ဟုတ်လား” အောင်းရွှမ်သည် ဖန်းဟန်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူ၏ နှလုံးသားထဲတွင် သေချာ အတည်ပြုပြီးပြီဖြစ်၏။ မုန့်ရှင်းကျီ သူ့ကို ပြောဆိုခြင်းအား သူ ယုံကြည်လိမ့်မည် မဟုတ်ချေ။ မုန့်ရှင်းကျီ၏ ဂုဏ်သိက္ခာတရား အရဆိုလျှင် ဘာတစ်ခုမှ ယုံကြည်စရာလည်း ကောင်းမနေချေ။ သို့ပေမဲ့ နန်းဆောင်သခင် ပြောဆိုခဲ့သည်ဖြစ်သောကြောင့် ဤအရာသည် အမှား တစ်ခု မဟုတ်နိုင်တော့ပေ။

မုန့်ရှင်းကျီ၏ စိတ်တစ်ခုလုံးသည် ဆိုးရွားစုတ်ပြတ်စွာဖြင့် ရူးသွပ်သွားခဲ့သည် ဆိုလျှင်တောင်မှ နန်းဆောင်သခင်၏ နာမည်ကို အသုံးပြုကာ လိမ်ညာလှည့်ဖျားခြင်းကို ပြုလုပ်ရဲလိမ့်မည် မဟုတ်ကြောင်း သူက ကောင်းကောင်းသိ၏။

“အင်း... ခင်ဗျား သိသွားပြီ မဟုတ်လား”

မုန့်ရှင်းကျီသည် လက်ကို အသာမြှောက်ပြီးသည့်နောက် အဝေးတနေရာ ရှိ လေဟာနယ်ထဲမှ ကျောက်စိမ်းရထားလုံးကို လက်ညှိုးထိုးပြလိုက်၏။ ပြီးသည့်နောက် ရယ်မောလိုက်သည်။ “ဒါ မြေအင်မော်တယ်လောက ဆီက ရောက်လာတဲ့ တစ်စုံတစ်ယောက် မဟုတ်လား”

တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက် ကျယ်ပြောလှသော တည်နေရာတစ်ခုတွင် ကျောက်စိမ်းရထားလုံး တစ်ခုသည် ရုတ်တရက် ရောက်ရှိလာကာ ရပ်တန့်လိုက်၏။ အသက်တစ်ရှိုက်စာ ကြာမြင့်ပြီးသည့်နောက် အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် ထွက်ပေါ်လာခဲ့၏။ ၎င်းသည် ကြည့်ကောင်း ချောမောလွန်း လှသည့် မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ပြီး ဓားသွားတစ်ခုကဲ့သို့ ထက်ရှလွန်းလှသည့် မျက်ခုံးများကို ပိုင်ဆိုင်လျက် ရှိ၏။ ခေါက်ယပ်တောင်တစ်ခုကို ကိုင်ကာဖြင့် ဇိမ်ကျကျ လှမ်းလျှောက်လာ၏။

တော်ဝင်သဲကန္တာရမြို့သို့ ရောက်ရှိပြီးသည့်နောက် တစ်ချက်လှမ်းကြည့်လိုက်ပြီး သူသည် မြို့ထဲသို့ လှမ်းလျှောက် ဝင်လိုက်၏။ သူ၏ နောက်ဘက်တွင်တော့ အလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုအရာသည် သားရဲများပင် ဖြစ်၏။ ပေတစ်ထောင်နီးပါးခန့် ရှည်လျားပြီး မြင့်မားလွန်းလှသည့် သားရဲများသည် သူတော်စင် ဘုရင်တစ်ယောက်၏ အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ထိုသားရဲများ၏ အပေါ်တွင် ကျင့်ကြံသူများ မတ်မတ်ရပ်နေ၏။ ထိုသူများ အားလုံးသည်လည်း မြေအင်မော်တယ်လောကမှ ရောက်ရှိလာသည့်လူများဖြစ်ပြီး ၎င်းတို့၏ ပုံပန်းသွင်ပြင်နှင့် အမူအရာများသည် အမှန်တကယ်ပင် မောက်မာလွန်းလှ၏။

တည်နေရာအက်ကွဲကြောင်းကြီးသည် ဆိုးဆိုးရွားရွား စုတ်ပြတ်သွားသည် ဆိုလျှင်တောင်မှ ပြန်လည်ကာ ပွင့်လာ လိမ့်မည်ဟု သူတို့က ယုံကြည်မိ၏။ မြေအင်မော်တယ်လောကနှင့် ခရမ်းရောင်နက်နဲလောကတို့ ပြန်လည်ကာ ချိတ်ဆက်မိသည်ဆိုပါက သူတို့သည် ဤလောကနှစ်ခုထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများကို တစ်ချက်ကလေးမှ မျက်လုံးထဲတွင် ထည့်လိမ့်မည် မဟုတ်ချေ။ သူတို့ သွားရောက်ရာလမ်းကို လာရောက်ကာ ပိတ်ပင်ထားဆီးလျက် ရှိနေသည့် လူများအားလုံးကို သုတ်သင်ပစ်ရမည်မှာ သူတို့၏ စိတ်ဆန္ဒပင်ဖြစ်သည်။

ဘယ်နေရာကိုပဲသွားသွား သူတို့သည် အဆင်ခြင်မဲ့ ပြုလုပ်တတ်၏။ ထို့အပြင် မြေအင်မော်တယ်လောကတွင် ၎င်းတို့ အားလုံးသည် ဂုဏ်သိက္ခာကြီးမားစွာဖြင့် နေထိုင်ကြသူများ ဖြစ်သည်။ ရေတွက်လို့ မရအောင် များပြားလှသည့် လူများသည် သူတို့ကို မြှောက်ပင့်ကာ ပြောဆိုခဲ့၏။ သာမန် ကောင်းကင်မူလလောကက လူများကို သူတို့ အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။

တော်ဝင်သဲကန္တာရမြို့၏ အစပ်ဆီသို့ ရောက်ရှိလာသည့် အချိန်မှာတော့ ၎င်းတို့သည် အမြန်နှုန်းကို ပိုမိုကာ တိုးလိုက်၏။ ၎င်းတို့အားလုံး ဤနေရာသို့ ရောက်ရှိလာရသည့် ရည်ရွယ်ချက်သည် ဆန်းကြယ်လွန်း လှပါသည်ဆိုသော ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် တွေ့ဆုံရန်ပင် ဖြစ်၏။ တော်ဝင်သဲကန္တာရမြို့ထဲ တစ်ချက်ကြည့်ပြီးနောက် ၎င်းတို့သည် ၎င်းတို့၏ သားရဲကြီးများကို မြန်မြန်ဆန်ဆန်ဖြင့် ပျံသန်းစေရန် အမိန့်ပေးလိုက်လေ၏။

၎င်းတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အသာပင် ပျံသန်းလိုက်၏။ သို့ပေမဲ့ မြို့၏အစီအရင် အရှေ့သို့ မရောက်ခင်မှာပဲ ရုတ်တရက် မဲနက်သော လက်ကြီးတစ်ဖက်သည် တည်နေရာကောင်းကင်ကို ဖြတ်သန်းကာဖြင့် ရောက်ရှိလာခဲ့သည်။ ထိုလက်ကြီးသည် ကြီးမားပြင်းထန်လွန်းလှသည့် အရှိန်အဟုန်ကို ထုတ်ဖော်ပြသလျက် ရှိနေပြီး ရေတွက်လို့ မရအောင် များပြားလှသည့် လူများအားလုံးကို ကြောက်ဒူးတုန်စေခဲ့သည်။

“ဘယ်သူလဲ”

သားရဲကြီး၏ အထက်တွင် ရှိနေသည့် တစ်စုံတစ်ယောက်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ သို့ပေမဲ့ သူသည် စကားကိုပင် ဆုံးအောင် မပြောလိုက်ရသေး‌ချေ။ သွေးမြူများ အဖြစ်သို့ ပြောင်းလဲကာဖြင့် သေဆုံးသွားလေ၏။ ကြီးမားသည့် လက်ကြီးသည် သူ့ကို တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့သောကြောင့်ပင်။

“မောက်မာတဲ့ လူတွေပါလား” အခန်းထဲတွင် တည်ရှိနေသည့် မုန့်ရှင်းကျီသည် သူ၏လက်ကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ သူ၏ အမူအရာသည် အေးစက်လျက် ရှိနေ၏။

တော်ဝင်သဲကန္တာရမြို့ထဲသို့ ပျံသန်း ဝင်ရောက်လာသည့်လူဟူ၍ မည်သူရှိသနည်း။ သူတို့ပင်လျှင် မြို့၏ ဂိတ်တံခါးဆီမှ အသာ လှမ်းလျှောက်ကာ ဝင်ရ၏။ လေးလေးစားစား ပြုမူရသည်။ ဤအရာအားလုံးသည် နန်းဆောင်သခင်မှ ချမှတ်ထားသည့်အရာ မဟုတ်ဘူး ဆိုလျှင်တောင်မှ ရေတွက်လို့ မရအောင် များပြားလှသော လူများသည် ဤစည်းကမ်းကို လိုက်နာကြပြီးသား ဖြစ်သည်။

မုန့်ရှင်းကျီသည် သူ၏ အင်္ကျီလက်ထဲသို့ လက်ကို အသာပြန်သိမ်းပြီးသည့်နောက် လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ် အနည်းငယ်ကို ရေတွက်လိုက်၏။ ပြီးနောက် သဘောတကျလည်း ဖြစ်လို့သွား၏။

ဤတစ်ချက် လှုပ်ရှားမှုသည် သူ့အတွက် တကယ်ပင် အကျိုးအမြတ် ဖြစ်စေခဲ့၏။ သူသည် နန်းဆောင်သခင်ကို ကူညီ၍ ပုရွက်ဆိတ်လေးများကို သတ်ဖြတ်ပစ်ခဲ့၏။ ဤအရာသည် နန်းဆောင်သခင်ဆီမှ မျက်နှာသာရရန် အခွင့်အရေးပင် ဖြစ်လေ၏။ ပြီးနောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ဤအခွင့်အရေးကို အသုံးပြုပြီး တချို့သော လျှို့ဝှက် အကြောင်းအရာများကို သူက ဝယ်ယူနိုင်သည်။

မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူများသည် ခန့်မှန်း၍ မရနိုင်သည့် နောက်ခံကို ပိုင်ဆိုင်သောလူများ ဖြစ်၏။ ၎င်းတို့၏ သိုလှောင်လက်စွပ်ထဲတွင် ကောင်းမွန်လှသည့် ပစ္စည်း တော်တော်များများ ရှိမှာ သေချာ၏။ ထိုသူများ ကို သတ်ဖြတ်၍ အရင်းအမြစ်များ လုယူလိုက်ခြင်းသည် တကယ့်ကို ကောင်းမွန်မြန်ဆန်လှသည့် ပိုက်ဆံရှာခြင်း နည်းလမ်း ဖြစ်ပေလိမ့်မည်။

All Chapters