အခန်း (၃၁၉)
Vol. 22 Ch. 319
“တော်ဝင်အင်ပါယာလား။”
“စောဏက လူတွေက ဘယ်လိုဖြစ်ပြီး တော်ဝင်သဲကန္တာရမြို့ရဲ့ အပေါ်မှာ အဆင်ခြင်မဲ့ ပျံသန်းရဲရတာလဲ။ ဒီလူတွေအကုန် သေလမ်းရှာနေတာလား”
“သူတို့က ခရမ်းရောင်နက်နဲလောကက ဖြစ်လိမ့်မယ်”
“သိပ်မှန်တာပေါ့။ ကောင်းကင်မူလလောကက လူတွေဆိုရင် ဘယ်လိုဖြစ်ပြီး ဒီလောက် ဦးနှောက်မဲ့နေမှာလဲ”
“တော်ဝင်သဲကန္တာရမြို့ထဲမှာ နောက်ထပ် တော်ဝင်အင်ပါယာတစ်ယောက် တည်ရှိနေလိမ့်မယ်လို့ ငါမထင်မိဘူး”
........
ကောင်းကင်သဲကန္တာရမြို့၏ အတွင်းမှာတော့ များပြားလှသော ကျင့်ကြံသူများသည် ကောင်းကင်ယံထက်ဆီသို့ ကြည့်ရှု၍ ဆွေးနွေးလျက် ရှိနေကြ၏။ လောကကြီးနှစ်ခု ပေါင်းစပ်သည့် သတင်းသည် ကောင်းကင်မူလလောက ကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးဆီသို့ ပျံ့နှံ့ခဲ့ပြီးသားဖြစ်၏။ အစပိုင်း တုန်လှုပ်မိသည်ဆိုသော်လည်း လူပေါင်းများစွာတို့သည် ရွေးချယ်ခွင့် မရှိဘဲနှင့် အစစ်အမှန်တရားကို လက်ခံလိုက်ရပြီဖြစ်သည်။
ခရမ်းရောင်နက်နဲလောကနှင့် မတူဘဲ ကောင်းကင်မူလလောကတွင် ရှိနေသည့် လူများအားလုံးတို့သည် ဤကဲ့သို့ လောကကြီးနှစ်ခု ပေါင်းစပ်မှု၏ နောက်ကွယ်တွင် ရှိနေသောလူမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဖြစ်ရလိမ့်မည်ဟု တွက်ချက်ပြီးသားဖြစ်၏။
အဘယ်ကြောင့်ဆိုသော် နန်းဆောင်သခင်မှလွဲ၍ ဤကဲ့သို့ ကိစ္စရပ်များကို ပြုလုပ်နိုင်သည့် တခြားသောလူဟူ၍ သူတို့ စဉ်းစား၍ မရချေ။
စောဏတုန်းက ဝင်ရောက်ကာ တားဆီးလိုက်သည့် အင်ပါယာမှာတော့ သူတို့ကို အနည်းငယ် အံ့အားသင့်စေ ခဲ့သည်။ ထို့အပြင် တစ်ဖက်လူ ထုတ်ဖော်လိုက်သည့် အော်ရာများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ယခင်က တိုက်ခိုက်ခဲ့သည့် အော်ရာများနှင့် အလုံးစုံ ခြားနားလျက် ရှိနေသည်။ ပုန်းအောင်းလျက် ရှိနေသည့် မွန်းစတားအိုတချို့ ဖြစ်မည်လားပင် မသေချာပေ။
ထို့အပြင် တော်ဝင်သဲကန္တာရမြို့ကို သေသေချာချာ ကြည့်ရှုမည်ဆိုပါက နေရာအနှံ့တွင် တော်ဝင်သူတော်စင် များ တည်ရှိနေသည်ကို မြင်ရမှာဖြစ်၏။ ရံဖန်ရံခါဆိုသလို ကွာစီအင်ပါယာ တစ်ယောက် နှင့်လည်း တွေ့နိုင်၏။ တကယ်တမ်းသာ သေသေချာချာ ကြည့်ရှုမည်ဆိုပါက အင်ပါယာတစ်ယောက်ကိုပင် အမှတ်မထင် တွေ့ဆုံနိုင်စွမ်း ရှိသည်။
.........
“တော်ဝင်အင်ပါယာလား”
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားသည့် လူငယ်သည် လေဟာနယ်ထဲကို လှမ်းကြည့်ပြီးနောက် မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွား၏။ သူ၏ နှလုံးသားထဲတွင် ကြောက်လန့်သည့်စိတ်များ ဖြစ်တည်လာခဲ့၏။
စောဏကလေးတင် သူသည် တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်မှ တိုက်ရိုက်ဆိုသလိုပဲ ပျံသန်းကာ ဝင်ရောက်ချင်သည့်စိတ် ဖြစ်ခဲ့သည်။
မြေအင်မော်တယ်လောကကြီးထဲတွင် ၎င်းတို့၏ ကျောက်စိမ်း လေဟာနယ်နန်းတော်သည် ရှေးဆန်လှပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် အားအင်အဆင့် မဟုတ်သည် ဆိုလျှင်တောင်မှ အစစ်အမှန် အင်မော်တယ်တစ်ယောက် တည်ရှိနေသည် ဖြစ်သောကြောင့် ကောင်းမွန်လှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည်ဖြစ်၏။ သူတို့သွားသည့် နေရာတိုင်းတွင် များပြားသည့် အင်အားစုများသည် ဂုဏ်ပြုခံဧည့်သည်များအဖြစ် ခေါ်ယူကာ ဧည့်ခံတတ်ကြ၏။ များပြားလှသည့် အင်အားစု အသီးသီးမှ ခေါင်းဆောင်များသည် မိုင်ပေါင်းသုံးသောင်း အကွာအဝေးသို့ ရောက်ရှိသည်နှင့်တပြိုင်နက် ကိုယ်တိုင်ကိုယ်ကျ ပင့်ဖိတ်ဧည့်ခံရလေ၏။ ဤအရာသည် အခြေခံ ဧည့်ဝတ္တရားပင် ဖြစ်လေ၏။
သို့ပေမဲ့ တော်ဝင်သဲကန္တာရမြို့အတွင်းမှာတော့ ၎င်းတို့သည် ဤကဲ့သို့သော ဆက်ဆံခံရမှုများကို မျှော်လင့်နေ၍ မဖြစ်ချေ။ သူ့အနေနှင့် သူ၏ နောက်လိုက်များကို တိုက်ရိုက်ဆိုသလိုပဲ မြို့၏အပေါ်မှ ပျံသန်းဝင်ရောက်ရန် ပြောဆိုဖို့ ပြင်လိုက်သည့်အချိန်မှာပဲ နှလုံးသားထဲတွင် မကောင်းသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။
ထို့ကြောင့်ပင် အားလုံးသောသူများကို ဦးဆောင်ကာဖြင့် မြို့၏ ဂိတ်တံခါးဆီမှ သေသေချာချာ လှမ်းလျှောက်ဝင်ခဲ့ခြင်း ဖြစ်၏။ မကောင်းသည့် ခံစားချက်များ ရရှိခဲ့ခြင်းကြောင့် အားလုံးသောသူတို့၏ အသက်သည် ချမ်းသာရာ ရရှိခဲ့၏။
“အဆင့်နိမ့်နယ်မြေက ကျုပ်တို့ ထင်ထားတာထက် ပိုပြီး အားကောင်းတာပဲ” အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ နောက်ဘက်တွင် ရှိနေသည့် သက်လတ်ပိုင်းလူသည် သက်ပြင်းချလိုက်၏။ သူတို့ ဤနေရာသို့ ရောက်သည်မှာ တစ်လကျော်၊ နှစ်လပင် မပြည့်သေးချေ။ လွင့်မျောတိမ်တောင်ကဲ့သို့သော အင်အားစုကြီးဆီမှ တော်ဝင် အင်ပါယာသည် သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။
ယခု တခြားသော ဂုဏ်သိက္ခာကြီးကျယ် ခမ်းနားလှပါသည်ဆိုသော အင်အားစုတစ်ခု၏ သိုင်းကျင့်ကြံသူ တစ်ယောက်သည် တစ်ခါတည်း သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ သေသေချာချာ ရေတွက်ရမည်ဆိုလျှင် ထိုအင်အားစုများပင်မကဘဲ တခြားသော ဘုမသိ ဘမသိနှင့် သေဆုံးပျောက်ကွယ်သွားခဲ့ကြသည့် မြေအင်မော်တယ်လောကဆီမှ သိုင်းကျင့်ကြံသူများသည် ရေတွက်လို့ မရအောင်ပင် ရှိနေမှာ သေချာ၏။
ဤနေရာသို့ ရောက်ရှိလာသည့် အချိန်တွင် သေသေချာချာ ရိုရိုကျိုးကျိုးနှင့် ပြောဆိုဆက်ဆံမှ ဖြစ်ပေမည်။ တည်နေရာ လမ်းကြောင်းကြီးသာ တည်ရှိနေသည်ဆိုပါက ၎င်းတို့အနေနှင့် ဤကဲ့သို့ မောက်မောက်မာမာ နေထိုင်ခြင်းသည် ပုံမှန်ပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ယခု တည်နေရာ လမ်းကြောင်းကြီးက မရှိတော့ချေ။ အဘယ်ကြောင့် မောက်မာနေကြသနည်း။
“ဘိုးဘေးအနေနဲ့ အမြန်ဆုံး တည်နေရာ လမ်းကြောင်းကို ပြန်ပြီးတော့ ကောင်းမွန်အောင် လုပ်ပေးဖို့ မျှော်လင့်မိတယ်” အဖြူရောင်ဝတ်စုံနှင့် လူငယ်က သက်ပြင်းချလိုက်၏။ နောက်ကွယ်တွင် ရှိနေသည့် အင်အားစု၏ ထောက်ပံ့မှုသာ မရှိပါက သူသည် အသက်ရှင်သန်နိုင်ရန်အတွက် ရုန်းကန်ရပေမည်။ မည်မျှကြာကြာ ခုခံထားနိုင်မည် ဆိုသည်က မသေချာလှချေ။
အချိန်အနည်းငယ်အတွင်း များပြားလှသည့် အင်ပါယာများ ပေါ်ထွက်လာခဲ့၏။ လောကကြီးနှစ်ခုဆီမှ အင်အားစုများ ပေါင်းစပ်ပြီးသည့်နောက် အင်ပါယာ အရေအတွက်သည် ဆယ်ယောက်ကျော်ပင် ရှိလာခဲ့ပြီဖြစ်၏။ ဤခန့်မှန်း၍ မရနိုင်သည့် အားအင်စုသည် မြေအင်မော်တယ်လောကထဲတွင်ပင်လျှင် အထင်အမြင်သေး၍ ရနိုင်သည့် အရာမျိုး မဟုတ်တော့ချေ။
“နတ်သားတော်... ကောင်းကင်လျှို့ဝှက်နန်းဆောင်က ဒီမှာပဲ” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာက သတိပေးလိုက်၏။
“အင်း”
အဖြူရောင်ဝတ်စုံနှင့် လူငယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါဆိုလည်း အထဲဝင်ပြီး ကြည့်ကြတာပေါ့”
ပြီးသည့်နောက် သူသည် အသာဦးဆောင်ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်လိုက်၏။
.........
အဝေးတစ်နေရာရှိ အခန်းတစ်ခု အတွင်းမှာတော့ မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့သည် မျက်နှာချင်းဆိုင်ထိုင်လျက် ရှိနေ၏။ ၎င်းတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ တည်ငြိမ်အေးချမ်းသည့် အသွင်အပြင်ဖြင့် ဝင်ရောက်သွားခဲ့သော အဖြူရောင်ဝတ်စုံနှင့်လူငယ်ကို လှမ်းကာကြည့်ရှုနေ၏။ ဤလူငယ်သည် နန်းဆောင်သခင် ကို လာရောက် တွေ့ဆုံခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
“မထင်မှတ်ထားလောက်ပဲ မြေအင်မော်တယ်လောကမှာရှိတဲ့ လူတွေက မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားလာခဲ့တာကိုး” မုန့်ရှင်းကျီက သက်ပြင်းချလိုက်မိ၏။ သူသည် စစ်တုရင်ကစားပွဲကို စိတ်မဝင်စားတော့ချေ။ စစ်တုရင်ပစ္စည်းများ အားလုံးကို အနောက်ဘက်သို့ အသာပစ်လွှတ်လိုက်သည်။
“ဒါ ကျောက်စိမ်းလေဟာနယ်နန်းတော်ကပဲ” ဖန်းဟန်က ထကာ ပြောဆိုလိုက်၏။
“ကျောက်စိမ်းလေဟာနယ်နန်းတော် ဟုတ်လား”
အောင်းရွှမ်သည် မျက်ခုံးကို ပင့်ကာဖြင့် ဖန်းဟန်ကို လှမ်းကြည့်လိုက်၏။ ပြီးနောက် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “ကောင်းကင်ကြီးက ဒီအင်ပါယာကို အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်အဖြစ် နေထိုင်နိုင်ဖို့ အခွင့်အရေး ပေးခဲ့တယ်။ ဒီအင်ပါယာရဲ့ လက်တစ်ချက် လှုပ်လိုက်တာနဲ့ ကျောက်စိမ်းလေဟာနယ်နန်းတော် လို့ခေါ်တဲ့ တည်နေရာသေးသေးလေးက တစ်ခါတည်း ပျက်စီးသွားလိမ့်မယ်”
“ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ ဘိုးဘေးက အစစ်အမှန် အင်မော်တယ်တစ်ယောက်နော်”
ဖန်းဟန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူသည် တစ်ဖက်လူကို ခွန်းတုံ့ပြန်လိုက်၏။
“အမ်”
အောင်းရွှမ်၏ အမူအရာက အေးခဲသွားခဲ့၏။ သူသည် လည်ချောင်းကို ဟမ့်ကာဖြင့် ပြောလိုက်သည်။ “ဒီအင်ပါယာက ကောင်းကင်မူလလောကထဲမှာ ပြိုင်ဘက်ကင်းတယ်။ ကျောက်စိမ်းလေဟာနယ်နန်းတော်က ဒီအင်ပါယာကို လာပြီး ပြဿနာမရှာဘူးဆိုရင် အဆင်ပြေပါတယ်။ သူတို့သာ ဒီအင်ပါယာရဲ့လမ်းကို လာပြီး တားဆီးရဲမယ်ဆိုရင် ကျောက်စိမ်းလေဟာနယ်နန်းတော် တစ်ခုလုံးမှာ ကျုပ်ရဲ့ ကောင်းကင်အရိပ်ဓားတွေ ပြည့်သွားစေရမယ်”
“အဟမ့်.. အဟမ့်”
မုန့်ရှင်းကျီက အသာချောင်းဟမ့်ကာ ဝင်ပြောလိုက်၏။ “ခင်ဗျားတို့ နဂါးကလန်က ဘယ်တုန်းက ဓားကိုင်လို့လဲ”
“အမ်... ဒီအင်ပါယာက စကားအဖြစ် ပြောတာပါ။ မရဘူးလား” အောင်းရွှမ်သည် ဆူအောင့်အောင့် ဖြင့် မေးခွန်း ထုတ်လိုက်သည်။
“ကောင်းပြီ။ ကောင်းပြီ”
မုန့်ရှင်းကျီသည် တစ်ဖက်လူကို စာနာသနားသလို ကြည့်ကာဖြင့် ခေါင်းညိတ်လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို သွားယူသည့်အချိန်တွင် သူသည် အောင်းရွှမ် ကို အားကိုးရပေဦးမည်။ များပြားလှသည့် ပိုက်ဆံများကို မည်သူပိုင်ဆိုင်သနည်းဟု မေးရမည်ဆိုလျှင် အောင်းရွှမ်ကို သာ လက်ညှိုးထိုးပြရပေမည်။
အောင်းရွှမ်သာ မရှိဘူးဆိုပါက မုန့်ရှင်းကျီသည် တကယ့်ကို သနားစရာ ဆင်းရဲသားတစ်ယောက်ပင်ဖြစ်၏။ လင်းရှောင်ကို အားကိုးဖို့ဆိုသည်မှာ သူတွေးပင် မတွေးရဲချေ။ ၎င်းတို့နှစ်ယောက် တွေ့ဆုံသည်နှင့်တပြိုင်နက် စတင်ကာ တိုက်ခိုက်ရမှာဖြစ်၏။ အတူတူထိုင်ကာဖြင့် သတင်းအချက်အလက်များကို ဝယ်ယူဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စရပ်ပင်။
ထို့အပြင် သူသာ အထင်မမှားသည်ဆိုပါက လင်းရှောင်သည် သူ့ထက်ပင် ပိုမိုကာ ဆင်းရဲသေး၏။ ရောင်စဉ်အလင်း နတ်နယ်မြေသည် မရှိတော့ချေ။ လင်းရှောင် တစ်ယောက်တည်းသာရှိပြီး လင်းရှောင်၏ အပြုအမူအရဆိုလျှင် တခြားသောသူများ၏ ကောင်းမွန်လှသည့် ပစ္စည်းများကို လုယက်သည့်အလုပ်မျိုး ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ချေ။ လင်းရှောင်သည်သာ ချမ်းသာနေသည်ဆိုပါက မကောင်းသည့်ကိစ္စရပ်တစ်ခုခု ဖြစ်နေနိုင်၏။
“အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ အမွေအနှစ်တွေက သာမန်ထက်ပိုတဲ့ တန်ကြေးရှိမှာပဲ။ ကျုပ်ရဲ့ တွက်ချက်မှုအရဆိုရင် အနည်းဆုံး သူနဲ့တူညီတဲ့ တန်ကြေးရှိရမှာ ဖြစ်လိမ့်မယ်။ ခင်ဗျားတို့ နဂါးကလန်က ဒီကိစ္စကို တတ်နိုင်လို့လား”
“ခင်ဗျား ဘာကို ဆိုလိုတာလဲ”
အောင်းရွှမ်၏ အမူအရာသည် နဝေတိမ်တောင် ဖြစ်သွား၏။ သူသည် မုန့်ရှင်းကျီကို ဇဝေဇဝါဖြင့် လှမ်းကြည့်ကာ မေးလိုက်၏။ “ကျုပ်တို့ နဂါးကလန်က တတ်နိုင်ရဲ့လားဆိုတော့ ခင်ဗျားကကော၊ ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ကြေးတစ်ပြားတောင် ထုတ်ဖို့အစီအစဉ် မရှိဘူးလား”
“တာအိုရောင်းရင်း အောင်းရွှမ်... ခင်ဗျား ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဘယ်လောက်ထိ ဆင်းရဲသလဲ ဆိုတာကို သိပြီး ဖြစ်လိမ့်မယ်လေ။ ကျုပ်ဆီမှာ ဒီခန္ဓာကိုယ်ကြီး တစ်ခုပဲရှိတယ်။ အစစ်အမှန် အင်မော်တယ် တစ်ယောက်ရဲ့ အမွေအနှစ်တွေကို လိုချင်တယ်ဆိုရင် ကျုပ်စိုးရိမ်ရတာက”
မုန့်ရှင်းကျီသည် မချိပြုံး တစ်ခုကို ပြုံးလိုက်၏။ ပြီးသည့်နောက် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ “ခင်ဗျား ကျုပ် ခန္ဓာကိုယ်ကိုပဲ ယူရမယ်”
“ထွီ” အောင်းရွှမ်သည် တံတွေးပင် ထထွေးလိုက်မိ၏။