အခန်း (၃၂၁)
Vol. 22 Ch. 321
ဦးဆောင်လာသည့်လူသည် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက် ဖြစ်ပြီး ကြည့်ကောင်းလွန်းလှသည့် ဟန်ပန်အမူအရာကို ထုတ်ဖော်လျက်ရှိသည်။ ထို့အပြင် ခေါက်ယပ်တောင်တစ်ခုကို ကိုင်ထား၏။ လီယွင်ကို မြင်လိုက်သည့် အချိန်မှာတော့ လက်သီးကို အသာဆုပ်ကာ ပြောလိုက်သည်။ “ကျောက်စိမ်းလေဟာနယ်နန်းတော် ရဲ့ ရန်ကျန့် စီနီယာနန်းဆောင်သခင်ကို လာရောက် တွေ့ဆုံပါတယ်”
“ဪ”
ထိုစကားကို ကြားသည့်အချိန်မှာတော့ လီယွင်သည် ခေါင်းကိုမော့ကာဖြင့် တစ်ဖက်လူကို ကြည့်ရှုလိုက်၏။ သူ၏ရှေ့တွင် အလင်းမြင်ကွင်းတစ်ခုအဖြစ် ရန်ကျန့်၏ ကိုယ်ရေးအကျဉ်းက ပေါ်ပေါက်လာ၏။
“ကဲ... ထိုင်ပါအုံး” လီယွင်သည် ဘေးတစ်ဖက်တွင် ရှိနေသည့် ထိုင်ခုံကို လက်ညှိုးညွှန်ကာဖြင့် ပြောလိုက်သည်။
“ကျေးဇူးပါပဲ စီနီယာ” ရန်ကျန့်က ဦးညွတ်လိုက်၏။ ၎င်းသည် ထိုင်ချပြီးသည့်နောက် အနောက်ဘက်တွင် ရှိနေသည့် ကွာစီအင်ပါယာကို အသာလှမ်းကြည့်လိုက်၏။
တစ်ဖက်လူသည် ခေါင်းကို အသာခါယမ်းကာဖြင့် အကူအညီမဲ့သလို ဟန်ပန်အမူအရာမျိုး ဖြစ်လို့နေသည်။
“ကြည့်မနေနဲ့။ သူက ကွာစီအင်ပါယာလေး တစ်ယောက်ပဲလေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှာ ရှိနေတဲ့ ထူးခြားချက်တွေကို သူမြင်နိုင်မှာ မဟုတ်ဘူး” လီယွင်သည် အမှတ်မထင်ဖြင့် မှတ်ချက်ပြုလိုက်၏။
“ဟမ်”
သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် ကြောင်အအဖြင့် ခံစားမိသွား၏။ သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ကျုပ် စီနီယာကို အပြစ်ပြုမိပါပြီ။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့”
မြေအင်မော်တယ်လောကမှ လာသော တစ်စုံတစ်ယောက် အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပထမဆုံး ပြောဆိုလိုက်သည်ကို ကြားရသည့်အချိန်မှာတော့ တကယ်ပဲ ရှက်ရွံ့သလို ခံစားနေမိ၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သည် အပြင်မှလူများ ပြောဆိုနေသကဲ့သို့ပင် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရာတစ်ခု ဖြစ်နေသည်လား။
သူ့အနေနှင့် အထဲသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် နတ်ဘုရားအသိအမြင်ကို အသုံးပြုကာ စုံစမ်း ကြည့်ရှုခဲ့၏။ သို့ပေမဲ့ ဘာတစ်ခုမှ ရှာဖွေ မတွေ့ရှိခဲ့သည့်အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်က သူ စစ်ဆေး ကြည့်ရှု နေသည်ကိုပင် သိရှိသွားခဲ့၏။ လက်ရှိ အခြေအနေမှာတော့ သူသည် ရှက်ရွံ့လွန်းသောကြောင့် မြေကြီးကိုတူးကာ ပုန်းချင်စိတ်ပင် ပေါက်လို့နေ၏။
“ကျုပ် စည်းကမ်းပိုင်း ပေါ့လျော့သွားမိတာပါ စီနီယာ။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့”
ရန်ကျန့်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးသည့်နောက် သူ၏ လက်ကို အသာဖြန့်ကာဖြင့် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ဖော်လိုက်၏။ ထိုကျောက်စိမ်းပြားသည် တောက်ပသည့် အလင်းတန်းများကို ထုတ်ဖော်လျက် ရှိနေ၏။ သူသည် လီယွင်ကို အသာကမ်းပေးကာဖြင့် ပြုံးလိုက်သည်။ “ဒါက စီနီယာအတွက် လက်ဆောင်ပါပဲ။ စည်းကမ်းပိုင်း ပေါ့လျော့လွန်းတဲ့ ကျုပ်ရဲ့နောက်လိုက် ကိုယ်စား တောင်းပန်တဲ့ သဘောလို့ မှတ်ယူထားလို့ ရပါတယ်။ ကျေးဇူးပြုပြီး လက်ခံပါ စီနီယာ”
“ဟားဟား” လီယွင်သည် အသာရယ်မောကာဖြင့် ကျောက်စိမ်းပြားကို လှမ်းယူလိုက်၏။ အင်ပါယာပစ္စည်းတစ်ခုကို အလကားအနေဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူက ပျော်ရွှင်သွားမိ၏။
ကျောက်စိမ်းပြားကို သိမ်းဆည်းပြီး သည့်နောက် သူသည် ရန်ကျန့်ကို အသာလှမ်းကြည့်လိုက်၏။ အံ့အားသင့်စရာ ကောင်းလောက်အောင်ပဲ ကွာစီအင်ပါယာတစ်ယောက်သည် ၎င်းအား ကာကွယ်စောင့်ရှောက်သူ တစ်ယောက် မဟုတ်ခဲ့ချေ။ ၎င်း၏ နောက်လိုက်တစ်ယောက် ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်လျက် ရှိနေသည်။
ကြည့်ရသည်မှာ ကျောက်စိမ်းလေဟာနယ်နန်းတော်၏ နောက်ခံသည် တကယ့်ကို နက်နဲလှသည့်ပုံပင်။ ထို့အပြင် ၎င်း၏ ကာကွယ်စောင့်ရှောက်သူများအား စည်းကမ်းပိုင်း ပေါ့လျော့သည်ဟူ၍ ဆူငေါက်ရဲသည့် နတ်သားတော် ဟူ၍ သူတစ်ခါမှ မတွေ့ခဲ့ဖူးချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ လှည့်ကွက်တချို့ကို သုံးချင်တယ်ဆိုရင် အဲစိတ်ကို ထိန်းသိမ်း ထားပါ။ မင်းတို့ ကျောက်စိမ်းလေဟာနယ်နန်းတော်က တာအိုပညာရှင် ကျိရှုကိုယ်တိုင် ရောက်လာမယ် ဆိုရင်တောင်မှ ဒီနေရာမှာ အဆင်အခြင်မဲ့ ပြုလုပ်ရဲမှာ မဟုတ်ဘူး”
“တာအိုပညာရှင် ကျိရှု”
ရန်ကျန့်၏ နှလုံးသား တစ်ခုလုံးသည် တုန်ယင်သွားခဲ့မိ၏။ ဤအရာသည် သူတို့ ဂိုဏ်းချုပ်၏ နာမည်သာလျှင်ဖြစ်၏။ သူတို့ဂိုဏ်းချုပ်၏ နာမည်သည် မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကိုပင် လှုပ်ခါစေခဲ့သည့် နာမည်ဖြစ်၏။
ကျောက်စိမ်းလေဟာနယ်နန်းတော်သည် စတင် တည်ထောင်ထားသည်မှာ နှစ်ပေါင်းသောင်းချီလောက် ရှိပြီး မျိုးဆက်သုံးခုသာ ရှိနေသေးသည် ဆိုသော်လည်း အထင်အမြင်သေး၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ တပည့်အရေအတွက် နည်းပါးလွန်းလှပြီး စုစုပေါင်း တပည့် ရာကျော်လောက်သာလျှင် ရှိ၏။ သို့ပေမဲ့ သူတို့အား မည်သူမှ အထင်မသေးရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းလေဟာနယ်နန်းတော်အနေဖြင့် တခြားသော ဂိုဏ်းများနှင့် မတူညီသည့် လမ်းစဉ်ကို လျှောက်လှမ်းနေသောကြောင့်ပင်။
ယေဘူယျအားဖြင့် ၎င်းတို့သည် တပည့် ခေါ်ယူသည့် လုပ်ငန်းစဉ်ကို မပြုလုပ်တတ်ကြပေ။ တပည့် လက်ခံသည် ဆိုသည်မှာ နှစ်ပေါင်းထောင်ချီ အတောအတွင်းတွင် အနည်းငယ်သာလျှင် ရှိ၏။ သို့ပေမဲ့ ကျောက်စိမ်းလေဟာနယ် နန်းတော်သို့ ရောက်ရှိခဲ့သည့် တပည့် အားလုံးသည် သာမန်ထက်ပိုကာ ထူးချွန်သည့်လူများဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းသည် အနည်းဆုံး တော်ဝင်သူတော်စင်အဆင့် ကျင့်ကြံခြင်ကို ပိုင်ဆိုင်ကြ၏။
အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ နောက်ခံကို ပိုင်ဆိုင်ထားသည် ဖြစ်သောကြောင့် ကျောက်စိမ်း လေဟာနယ်နန်းတော် တစ်ခုလုံးသည် လွှမ်းမိုးနိုင်စွမ်းရှိသည့် ဂိုဏ်းအဖြစ် မကြာခင် ဖြစ်တည်လာမှာ သေချာ၏။ ဤကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုအရဆိုလျှင် နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ကျောက်စိမ်းလေဟာနယ် နန်းတော်သည် ကျိန်းသေပေါက် မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် ဂိုဏ်းဂဏ တစ်ခုအဖြစ် ဖြစ်တည်လာမှာ သေချာသည်။
“စီနီယာက အရင်တုန်းက မြေအင်မော်တယ်လောကကို ရောက်ခဲ့ဖူးလို့လား” ရန်ကျန့်သည် အဓိပ္ပာယ်ပါပါဖြင့် မေးမြန်းလိုက်၏။
“မရောက်ဖူးပါဘူး”
လီယွင်သည် ခေါင်းကို ခါယမ်းကာ အမှတ်မထင် ပြောဆိုလိုက်သည်။ “ကျုပ်အတွက် မြေအင်မော်တယ်လောကနဲ့ ကောင်းကင်မူလလောကကြီးဆိုတာ ဘာမှ ကွာခြားတာ မဟုတ်ဘူး။ ဘာကိစ္စ အလုပ်ရှုပ်ခံပြီး သွားနေရမှာလဲ”
“ဘာမှ မကွာခြားဘူး ဟုတ်လား” ရန်ကျန့်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူသည် လက်ထဲတွင် ရှိနေသည့် ခေါက်ယပ်တောင်ကို ခပ်ကာဖြင့် အတွေးနက်နေမိ၏။ ပြောရမည်ဆိုလျှင် မြေအင်မော်တယ် လောကကြီးသည် ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကကြီးထက် ပိုမိုကာ သာလွန်လွန်းလှ၏။ ကွာခြားချက်သည် အစစ်အမှန် အင်မော်တယ်များ နေထိုင်ရာ လောကအဖြစ် ဖြစ်တည်ခဲ့ခြင်းပင်။
အစစ်အမှန် အင်မော်တယ်များ ရောက်ရှိလာသည်ဆိုပါက တစ်ဖက်လောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာ တို့ကို လက်တစ်ချက် ဝှေ့ယမ်းကာဖြင့် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေ၏။ တကယ်တမ်း မြေအင်မော်တယ် လောကကြီး၏ မျက်လုံးထဲတွင်တော့ ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတို့ ဆိုသည်မှာ ညီငယ်လေးများ ကဲ့သို့ပင် သေးကွေးလွန်းလှချေ၏။
သို့ပေမဲ့ စီနီယာ၏ မျက်လုံးထဲမှာတော့ အားလုံးသောသူတို့သည် ခြားနားချက်မရှိသလိုပင်။ ဤအရာသည် စဉ်းစားရခက်သည့် အရာမျိုးပင် ဖြစ်လေ၏။ ဤကဲ့သို့သော စကားမျိုးကို ပြောဆိုခဲ့သည့် လူတစ်ယောက် အနေနှင့် မြေအင်မော်တယ်လောကကြီးကို လက်ဝါးရိုက်ချက် တစ်ခုတည်းနှင့် ဖျက်ဆီးပစ်လို့ ရနိုင်သည့် အားအင် အဆင့်ကို ပိုင်ဆိုင်ထားပေလိမ့်မည်။ ထို့ကြောင့်သာလျှင် တူညီသည့် အကြောင်းအရာဟု ပြောဆိုနေခြင်း ဖြစ်ပေမည်။
တွေးကြည့်ပြီးသည့်နောက် ရန်ကျန့်၏ အမူအရာသည် ပိုမိုကာ လေးစားသမှု ရှိလာခဲ့၏။ သူ့ထက် ပိုမိုကာ အားကောင်းလှသည့် လူတစ်ယောက်အနေနှင့် သူ့ကို လှည့်စားကြွားဝါနေစရာ မလိုအပ်ချေ။ သူကဲ့သို့သော ဂျူနီယာတစ်ယောက်၏ အရှေ့တွင် ကြွားဝါခြင်းအားဖြင့် ဘာတစ်ခုမှ ထူးခြားသည့် အကျိုးအမြတ်ကို ရရှိလိမ့်မည် မဟုတ်ချေ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာအရဆိုလျှင် စီနီယာသည် အဆင်ခြင်မဲ့ ပေါက်ပန်းလေးဆယ်များကို ပြောဆိုတတ်သည့် လူတစ်ယောက် မဟုတ်သည်မှာ သေချာ၏။
“အင်း... စီနီယာဆီကနေ ဘာကိုမှ ဖုံးကွယ်ထားလို့ မရပါဘူး”
ရန်ကျန့်သည် သူ၏အတွေးများကို ရုတ်သိမ်းပြီးနောက် လေးလေးစားစား ပြောလိုက်သည်။ “အခု ကျုပ်လာခဲ့တာ စီနီယာဆီက အကြံဉာဏ်တစ်ခု တောင်းဖို့ပါ”
“အင်း.. တည်နေရာ လမ်းကြောင်းတွေ အကြောင်းမလား။ ဒါတွေ အားလုံးက ကျုပ်ရဲ့လုပ်ရပ်ကြောင့်လို့ ထင်နေတယ် မဟုတ်လား” လီယွင်သည် ရန်ကျန့်၏ ရည်ရွယ်ချက်ကို မြင်၏။ ထို့ကြောင့်ပင်လျှင် ပြောဆိုလိုက်၏။
“အမှန်ပါပဲ” ရန်ကျန့်က ခေါင်းညိတ်လိုက်သည်။
ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် ဤကိစ္စ၏ နောက်ကွယ်တွင် ရှိနေသော အကြောင်းအရာမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဖြစ်ကြောင်း သိရှိပြီးဖြစ်၏။ ထို့ကြောင့် ဤသတင်း အချက်အလက်သည် လျှို့ဝှက်ချက် မဟုတ်တော့ချေ။ သို့ပေမဲ့ ရန်ကျန့်မှာတော့ မေးမြန်းချင်နေမိ၏။
“ကွာစီအင်ပါယာအဆင့် ပစ္စည်းတစ်ခု” လီယွင်သည် အသာရယ်မောကာ ပြောဆိုလိုက်၏။ လျှို့ဝှက်ချက် မဟုတ်သော သတင်းအချက်အလက် တစ်ခုကို စုံစမ်းစစ်ဆေးရန် လိုအပ်နေလေသည်လား။ ကောင်းကင်မူလ လောကထဲတွင် ရှိနေသည့် လူပေါင်းများစွာသည် ထိုအရာကို သိရှိပြီးသား ဖြစ်လျှင်တောင်မှ မြေအင်မော်တယ် လောကမှာရှိနေသည့် လူများမှာတော့ သတင်းအချက်အလက်များကို ဝယ်ယူရန်အတွက် ငွေကြေးများကို လိုလိုချင်ချင်နှင့် သုံးစွဲချင်နေကြသည်။
ကောင်းကင်မူလလောကထဲတွင် ရှိနေသည့် လူများသည်သာ ထိုအကြောင်းအရာကို သိရှိသည်ဆိုပါက တစ်ဖက်လူများအား အရူးများဟူသည့် အကြည့်ဖြင့် ဝိုင်းကြည့်နေမှာ သေချာသည်။ မူလအားဖြင့် လီယွင်သည် တော်ဝင်သူတော်စင်အဆင့် ပစ္စည်းဟု ပြောဆိုချင်မိ၏။ သို့ပေမဲ့ ရန်ကျန့်သည် တကယ်ပင် ချမ်းသာလှသည့် ပုံပန်းသွင်ပြင်မျိုး ရှိသည်ကို မြင်ရသည့် အချိန်မှာတော့ သူသည် ဈေးနှုန်းကို တိုးမြင့်လိုက်ခြင်းဖြစ်၏။
ထို့အပြင် လောကကြီးနှစ်ခုကို ပေါင်းစပ်သည့်နေရာ၌ သူသည် တော်တော့်ကို အားစိုက်ခဲ့ရ၏။ ကောင်းကင်မူလ လောကကြီးထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် ဤကိစ္စမှာ မည်သူ့လက်ချက်ဖြစ်ကြောင်း တွက်ချက်ပြီးသား ဖြစ်သည်ဆိုလျှင်တောင်မှ သတင်းအချက်အလက်သည် တိကျခိုင်မာသည့် အကြောင်းအရာ မဟုတ်သေးချေ။ အားလုံးသော သူတို့က စိတ်ပိုင်းဆိုင်ရာအရ တွေးထင်ထားသည့် အရာသာဖြစ်၏။ ထို့ကြောင့် တိကျသေချာစွာ ပြောဆိုရမည့် သတင်းအချက်အလက်အား နိမ့်ပါးသည့် ဈေးနှုန်းဖြင့် မရောင်းချနိုင်ပေ။