အခန်း (၃၂၂)
Vol. 22 Ch. 322
“ကွာစီအင်ပါယာအဆင့် ပစ္စည်းဟုတ်လား”
ရန်ကျန့်သည် သူ၏ ခေါက်ယပ်တောင်ကို အသာဖွင့်ကာ ခပ်လျက် ရှိနေ၏။ ပြီးနောက် အနောက်ဘက်တွင် ရှိနေသည့် သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာကို ခေါင်းညိတ်ပြလိုက်၏။
ကွာစီ အင်ပါယာသည် အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် လီယွင်၏ အရှေ့ စားပွဲပေါ်သို့ ပုလင်းတစ်ခုကို တင်လိုက်သည်။
လီယွင်သည် ထိုဆေးပုလင်းကို အသာ သိမ်းဆည်းပြီးသည့်နောက် ပြောဆိုလိုက်၏။ “မင်း ခန့်မှန်းတာ အမှန်ပဲ။ ဒီကိစ္စအားလုံးကို ပြုလုပ်ခဲ့တဲ့လူက ငါပဲ။ ကောင်းကင်မူလလောကကြီးနဲ့ ခရမ်းရောင်နက်နဲ လောကကြီးကို ပေါင်းစပ်ခဲ့တာပေါ့”
“တကယ်လား”
ရန်ကျန့်၏ နှလုံးသားတစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ စီနီယာနန်းဆောင်သခင်သည် အစစ်အမှန် အင်မော်တယ်တစ်ယောက်ထက် ပိုမိုကာ အားကောင်းသည့် စွမ်းအင်ကို ပိုင်ဆိုင်မှာ သေချာ၏။ ၎င်းတို့၏ ဘိုးဘေးထက်ပင် ပိုမိုကာ အားကောင်းလှသည့် လူတစ်ယောက် အဖြစ် သတ်မှတ်နိုင်စွမ်းရှိ၏။ အဘယ်ကြောင့် ဆိုသော် ဤကဲ့သို့သော လောကကြီး နှစ်ခုကို ပေါင်းစပ်ဖို့ဆိုသည်မှာ ၎င်းတို့၏ ဘိုးဘေးပင်လျှင် ပြုလုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
“စီနီယာ... ဖန်းဟန်က”
ရန်ကျန့်သည် ပြောဆိုရာမှ ရပ်တန့်လိုက်၏။ ပြီးသည့်နောက် ခဏလောက် စဉ်းစားကာဖြင့် မေးခွန်းကို ပြောင်းလဲလိုက်၏။ “ဖန်းဟန်ရဲ့ ဘိုးဘေး ချန်ခဲ့တဲ့ အမွေအနှစ်တွေက ဘယ်နေရာမှာ ရှိလဲဆိုတာ စီနီယာသိလား။ ပြီးတော့ အဲဒီအမွေအနှစ်တွေကို ရယူဖို့ဆိုရင် ဖန်းကလန်ရဲ့ မျိုးဆက်သစ်တွေက ဖွင့်ဖို့ လိုအပ်နေသေးတာလား”
အစတုန်းက သူသည် ဖန်းဟန် မည်သည့်နေရာတွင် ရှိသည်ကို သိချင်မိ၏။ သို့ပေမဲ့ အချို့သော အမွေအနှစ်များ သည် ၎င်းတို့၏ သွေးမျိုးဆက်သာ ဖွင့်၍ရသည့် အရာများ ဖြစ်နေတတ်၏။ ထို့ကြောင့် အမွေအနှစ်၏ တည်နေရာကို အတည်ပြုပြီးသည့်နောက် ဖန်းဟန် မည်သည့်နေရာတွင် ရှိသည်ကိုပါ တစ်ခါတည်း သိရှိရန် လိုအပ်လာသည်။ သူတို့အနေနှင့် မသိရှိဘူးဆိုပါက ဤနေရာတွင် စောင့်စားနေခြင်းအားဖြင့် ဖန်းဟန်သည် ရောက်ရှိလာမှာ သေချာ၏။
“တော်ဝင်သူတော်စင်အဆင့် ပစ္စည်းနှစ်ခု” လီယွင်သည် လက်နှစ်ချောင်းကို ထောင်ပြလိုက်သည်။
“ပြဿနာ မရှိဘူး”
ရန်ကျန့်သည် ပြုံးလျက် ရှိနေတုန်းပင်။ တော်ဝင်သူတော်စင်အဆင့် ပစ္စည်းနှစ်ခုသည် သူ၏ မျက်လုံးထဲတွင် ဘာမှ မဟုတ်လှချေ။ ဤပစ္စည်းများသည် အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အမွေအနှစ်ကို လက်ခံရယူနိုင်မည့် သတင်းအချက်အလက်ကို ပေးနိုင်မည်ဆိုပါက တစ်ခါတည်း ထုတ်ပေးမှာ သေချာ၏။
သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် အနားသို့ ထပ်မံကာ ချဉ်းကပ်လာပြန်၏။ တော်ဝင်သူတော်စင်အဆင့် ပစ္စည်းနှစ်ခုကို ထုတ်ယူပြီးသည့်နောက် လီယွင်၏ ရှေ့သို့ ချပေးလိုက်သည်။
“အစစ်အမှန် အင်မော်တယ် တစ်ယောက်ရဲ့ အမွေအနှစ် တည်နေရာအတွက်ကတော့ .... ဖန်းကလန်ရဲ့ မျိုးဆက်သစ်တွေ ဖွင့်ဖို့ လိုလား၊ မလိုလားပဲ ပြောနိုင်လိမ့်မယ်”
“ဒါက”
ရန်ကျန့်၏ အမူအရာ တစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ ဘာကိုဆိုလိုသနည်း။ သူတော်စင်အဆင့် ပစ္စည်းနှစ်ခုသည် မေးခွန်းတစ်ခုစာအတွက်သာ တွက်ချက်ခဲ့လေသည်လား။
“မင်းအတွက် အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ အမွေအနှစ်တွေကို ချိုးဖြတ်ရယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ပေါ်လာတဲ့အရာကို စောင့်နေသင့်တယ်။ ဖန်းကလန်ရဲ့ မျိုးဆက်သစ်တွေ ဒါကိုဖွင့်ပြီး ပေါ်လာတဲ့ အချိန်မှသာ ဝင်ရောက် လှုပ်ရှားသင့်တယ်” လီယွင်က ရှင်းပြလိုက်၏။
မူလအချိန်ကာလ အတိုင်းအရဆိုလျှင် ဤအမွေအနှစ် ပေါ်ပေါက်လာရန် ဆယ်နှစ် ကြာပေလိမ့်မည်။ အားလုံးသော သူတို့၏ အမဲလိုက်ခြင်းကို ခံနေရသော ဖန်းဟန်သည် အမှတ်မထင် ဆိုသလိုဖြင့် ၎င်းတို့ဘိုးဘေး ချန်ခဲ့သည့် အမွေအနှစ်တည်နေရာကို ရောက်ရှိကာဖြင့် ထိုအရာကို ဖွင့်လှစ်မိခဲ့၏။ သို့ပေမဲ့ အရာအားလုံးသည် မြေအင်မော်တယ်လောကတွင် ရှိနေသည့် တည်နေရာလမ်းကြောင်း ပြိုလဲသွားပြီးသည့်နောက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အနာဂတ်အမွေအနှစ်များသည် မူလအချိန်ကာလအတိုင်း ပေါ်ပေါက်လာတော့မည် မဟုတ်ချေ။ မည်သည့်အချိန်တွင် ပေါ်ပေါက်လာမည်ဆိုသည်ကိုလည်း သေသေချာချာ မသိချေ။ သို့ပေမဲ့ သိပ်မကြာတော့ချေ။
ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကထဲမှ လူများသည် ထိုအရာ ပေါ်ပေါက်လာခြင်းကို စောင့်မျှော်ခြင်းငှာ တတ်နိုင်၏။ သို့ပေမဲ့ မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူများမှာတော့ မတတ်နိုင်လှချေ။
နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လျက် ရှိနေသည့် လီယွင်သည် ရေနွေးခွက်ကို အသာကောက်ယူကာဖြင့် ငုံလိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောလိုက်၏။
“ဒါပေမဲ့ အမွေအနှစ်က ကျိန်းသေပေါက် တားမြစ်ထားနိုင်တာ မဟုတ်ဘူးလေ။ အစစ်အမှန် အင်မော်တယ် တစ်ယောက်ရဲ့ အထက်မှာ ရှိနေတဲ့ တစ်စုံတစ်ယောက်က ဝင်ပြီး လှုပ်ရှားတာမျိုးဆိုရင် ဖန်းကလန်ရဲ့ မျိုးဆက်သစ်တွေ မရှိဘူးဆိုရင်တောင်မှ ဒီအမွေအနှစ်တည်နေရာကို အတင်းဖွင့်လို့ရတယ်လေ”
အစစ်အမှန် အင်မော်တယ်တစ်ယောက်အတွက် အမွေအနှစ်များကို ချိုးဖြတ်ရယူခြင်းဆိုသည်မှာ တကယ်ပင် လွယ်ကူလွန်းလှ၏။ သို့ပေမဲ့ အစစ်အမှန် အင်မော်တယ်များသည် ဤကဲ့သို့ အဓိပ္ပာယ်မဲ့လှသည့် ကိစ္စရပ်များကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ အင်မော်တယ်တစ်ယောက်၏ သင်္ချိုင်းကို တူးဖော်တတ်သည့် နောက်ထပ် အင်မော်တယ်ဆိုသည်မှာ လောကကြီးတွင် မရှိချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူများသည် မရှာဖွေချင်၍ မဟုတ်ချေ။ ထိုကဲ့သို့သော အရာများကို ပြုလုပ်ရန် စိတ်အခြေအနေက တားဆီးထားခဲ့သောကြောင့် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ သေဆုံးသွားသည်ဆိုပါက ၎င်းတို့၏ သင်္ချိုင်းကို တစ်စုံတစ်ယောက်က လာရောက်ကာ တူးနှက်နေသည်ကို မည်သူက ခံနိုင်ရည် ရှိမည်နည်း။
“စီနီယာ... စီနီယာဆိုလိုတာက စီနီယာ ဝင်ပြီးလှုပ်ရှားချင်တာလား” ရန်ကျန့်သည် မသေချာ၊ မရေရာသလို မေးမြန်းလိုက်၏။ စီနီယာကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက် ဝင်ရောက်လှုပ်ရှားသည် ဆိုပါက သူတို့ အနေနှင့် မည်သည့် အခွင့်အလမ်းမှ ရလိမ့်မည် မဟုတ်ချေ။
“ငါက ဘာလို့ ဝင်ပြီး လှုပ်ရှားရမှာလဲ” လီယွင်သည် ခေါင်းကို ခါယမ်းလိုက်၏။ လက်ရှိအခြေအနေမှာတော့ အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အမွေအနှစ် မည်သည့်နေရာတွင် ရှိသည်ဆိုသည်ကို သူပင် သေချာ မသိချေ။ ထို့ကြောင့် မသိသည့် တည်နေရာတစ်ခုကို သွားရောက်ကာ ဝင်ရောက်လှုပ်ရှားဖို့ ဆိုသည်မှာ အဓိပ္ပာယ် မရှိလှချေ။
လီယွင်၏ ပြန်ဖြေမှုကို ကြားရသည့် အချိန်မှာတော့ ရန်ကျန့်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ သူက အသာပင် မေးမြန်းလိုက်၏။ “အစစ်အမှန် အင်မော်တယ်ရဲ့ အမွေအနှစ်တွေက ဘယ်နေရာမှာ ရှိသလဲဆိုတာ စီနီယာ ပြောပြနိုင်မလား”
“အင်း... မင်း တတ်နိုင်မှာ မဟုတ်ဘူး” လီယွင်သည် တည့်တိုးပင် ပြောဆိုလိုက်သည်။
အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အမွေအနှစ် မည်သည့်နေရာတွင် ရှိနေသည်ဆိုသော အကြောင်းအရာသည် တကယ်ပင် ဈေးကြီးလွန်းလှသည့် အရာဖြစ်၏။ တစ်ယောက်တည်းကို ရောင်းချသည်ဆိုပါက ကျိန်းသေပေါက် နည်းနည်း ပါပါးသာ ရရှိပေလိမ့်မည်။ ထို့ကြောင့် စုပေါင်းကာ ရောင်းချမှသာလျှင် ကြီးမားသော အမြတ်အစွန်းကို ရရှိမှာ ဖြစ်၏။
လီယွင်ကို တုံ့ပြန်မှုကို ကြားရသည့်အချိန်မှာတော့ ရန်ကျန့်သည် စိတ်သက်သာရာ ရသွားမိ၏။ သူက ပြောလိုက်မိသည် “စီနီယာ... အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ အမွေအနှစ် တည်နေရာက အဲလောက်တောင် တန်ဖိုးကြီးတာလား”
သူသည် အောက်နယ်မြေသို့ ရောက်ရှိလာသည့်အချိန်တွင် များပြားလှသည့် ပစ္စည်းများကို ယူဆောင်လာခဲ့၏။ သူ့ကိုသူ ချမ်းသာလှသူတစ်ယောက်ဟု သုံးသပ်ထားပြီးသား ဖြစ်၏။ ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် တချို့သော အင်ပါယာများပင်လျှင် သူ့လောက်ချမ်းသာ ကြွယ်ဝမှု ရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ စီနီယာသည် သူမတတ်နိုင်ဟု ပြောဆိုလျက် ရှိနေ၏။
“အမှန်ပဲ”
လီယွင်သည် ခေါင်းကို အသာညိတ်လိုက်၏။ ပြီးနောက် လက်ကိုမြှောက်ကာ ပြောလိုက်သည်။ “အစစ်အမှန် အင်မော်တယ် တစ်ယောက်ရဲ့ အမွေအနှစ်တွေကို ရှာဖို့ဆိုရင် မင်းအနေနဲ့ အနည်းဆုံး အစစ်အမှန် အင်မော်တယ် အဆင့် ပစ္စည်းနှစ်ခုကို လိုအပ်လိမ့်မယ်။ ရှိလို့လား”
“အစစ်အမှန် အင်မော်တယ် အဆင့် ပစ္စည်းနှစ်ခု ဟုတ်လား”
ရန်ကျန့်၏ အသက်ရှူနှုန်းများပင်လျှင် ရပ်တန့်မလို ဖြစ်သွားခဲ့၏။ ဤတန်ဖိုးသည် သူ့ကိုမဆိုနှင့် သူ၏ ဘိုးဘေးအတွက်ဆိုလျှင်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ဖန်းမိသားစု၏ ဘိုးဘေး ချန်ထားခဲ့သည့် အမွေအနှစ် ပစ္စည်းသည် အစစ်အမှန် အင်မော်တယ်အဆင့် နည်းစနစ် တစ်ခုမျှသာဖြစ်၏။ တခြားတန်ဖိုးကြီးသည့် အရာများ ချန်ထားခဲ့မည် ဆိုလျှင်တောင်မှ အရမ်းကြီး တန်ဖိုးကြီးမား လိမ့်မည် မဟုတ်ချေ။ ထိုအရာများ အားလုံးသည် အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းနှစ်ခု ပေါင်းစပ်သည့် တန်ဖိုးထက် ပိုမိုကာ ကြီးမားနေလေသည်လား။ ဤနေရာတွင် တွေးစရာတစ်ခု ရှိနေ၏။ ထိုက်တန်သည်ဆိုပါက သူတို့ အမြတ်အစွန်းရမှာ သေချာ၏။ သို့ပေမဲ့ မထိုက်တန်ဘူးဆိုပါက တကယ့်ကို ကြီးမားသည့် ဆုံးရှုံးမှုပင်။
“စီနီယာ... ကျုပ်တို့ ညှိနှိုင်းလို့ ရနိုင်သေးလား”
ရန်ကျန့်သည် လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်၏။ ကျောက်စိမ်းလေဟာနယ်နန်းတော်မှ နတ်သားတော်သည် လက်ရှိအချိန်မှာတော့ မျက်နှာပျက်ခံပြီး ဈေးဆစ်မှုကိုပင် ပြုလုပ်နေရသည်။
“သိပ်ရတာပေါ့” လီယွင်က ခေါင်းညိတ်လိုက်၏။ ကျောက်စိမ်းလေဟာနယ်နန်းတော်အနေနှင့် အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အမွေအနှစ်တစ်ခုလုံးကို ရယူသွားလိမ့်မည်ဟု သူ မထင်ချေ။
သို့ပေမဲ့ ဤကဲ့သို့သော တန်ဖိုးသည် ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကတွင် ရှိနေသည့် လူများ တတ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ မြေအင်မော်တယ်လောကမှ လူဆိုလျှင်တောင်မှ ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူများသာလျှင် တတ်နိုင်သည့်အရာဖြစ်၏။ ထိုသို့ တတ်နိုင်သည် ဆိုလျှင်တောင်မှ နှမျောတသဖြင့် ဝယ်ယူရမည့် ကိစ္စရပ်မျိုးပင်။
လီယွင်သည် လက်ကို အသာဖြန့်ကာဖြင့် ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးလိုက်၏။ ထိုကျောက်စိမ်းပြားသည် ရန်ကျန့်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
ရန်ကျန့်သည် ထိုကျောက်စိမ်းပြားကို ကိုင်ကာဖြင့် ဇဝေဇဝါ ဖြစ်လို့နေ၏။ အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို သူက လှမ်းကြည့်လိုက်၏။ သို့ပေမဲ့ သူ၏ နတ်ဘုရား အသိအမြင်သည် ထိုအထဲကို ဝင်ရောက်ရန် ကြိုးစားလိုက်ချိန်မှာပဲ ချက်ချင်း အနောက်သို့ ပြန်ကန်လာခဲ့၏။
“စီနီယာ... ဒါ ဘာကြီးလဲ” ရန်ကျန့်က မေးမြန်းလိုက်သည်။
“အစစ်အမှန် အင်မော်တယ် အမွေအနှစ် ရှိတဲ့နေရာပေါ့။ ဒီပေါ်မှာ ရှိနေတဲ့ အစီအရင်တွေကို ဖယ်ရှားဖို့ နည်းလမ်းတော့ လိုအပ်သေးတယ်” လီယွင်သည် ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်၏။
“စီနီယာ.. တကယ်လား” ရန်ကျန့်သည် ပျော်ရွှင်သွားမိ၏။ သူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သို့ပေမဲ့ နားမလည်နိုင်သလိုပင် ခံစားနေမိ၏။ စီနီယာသည် အစစ်အမှန် အင်မော်တယ်အဆင့် ပစ္စည်းနှစ်ခုကို တောင်းဆို ခဲ့၏။ အခု အဘယ်ကြောင့် ရုတ်တရက် သတင်းအချက်အလက်ကို ပေးရသနည်း။ စီနီယာသည် သူ့အား မျက်နှာသာ ပေးချင်သောကြောင့် တကူးတကဖြင့် ဤကဲ့သို့ အခွင့်အရေး ပေးလိုက်သည်လား။ သို့ပေမဲ့ အခွင့်အရေး ပေးသည်ဆိုလျှင် အဘယ်ကြောင့် ကျောက်စိမ်းပြားပေါ်တွင် တားဆီးချက်များကို ထားရှိထားရ သနည်း။
တားဆီးချက်များ တည်ရှိနေသည်ဖြစ်သောကြောင့် သူသည် အထဲတွင် ရှိနေသည့် အကြောင်းအရာများကို မမြင်ရချေ။ အထဲတွင် ရှိနေသည့် အကြောင်းအရာများကို မမြင်ရသောကြောင့် ကျောက်စိမ်းပြားသည် သူ့အတွက် အသုံးမဝင်လှပေ။
သို့ပေမဲ့ စီနီယာသည် ကျောက်စိမ်းပြားတွင် ပါဝင်သည့် အကြောင်းအရာများမှာ အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ် တည်ရှိရာနေရာဖြစ်ကြောင်း သေသေချာချာ ပြောဆိုထားခဲ့၏။ ဤကိစ္စသည် သူ့အား တကယ်ပင် စိတ်ဝင်တစားနှင့် ဖြစ်လို့လာစေခဲ့သည်။