အခန်း (၃၂၅)
Vol. 22 Ch. 325
“ကျုပ်တို့ဆီမှာ အခွင့်အရေး ရှိသေးလား” အောင်းရွှမ်က တီးတိုးရေရွတ်လိုက်၏။ သူသည် အဝေးတွင် ရှိနေသည့် လူနှစ်ယောက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုလူများသည် ခန္ဓာကိုယ် တစ်ခုလုံး၌ မြူများ ဖုံးလွှမ်းလျက် ရှိနေပြီး အလွန်အားကောင်းလှပါသည်ဆိုသော ဟိတ်ဟန်မျိုးကို ထုတ်ဖော်လျက် ရှိနေ၏။
ဤအရာသည် အစပိုင်းသာ ရှိသေး၏။ မကြာခင်တွင် တော်ဝင်အင်ပါယာ တော်တော်များများ ထပ်မံကာ ရောက်ရှိလာကောင်း ရောက်ရှိလာပေလိမ့်မည်။ အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အမွေအနှစ် ဆိုသည်မှာ ကြာရှည် ဖုံးကွယ်ထားနိုင်သည့် အရာမျိုး မဟုတ်ချေ။ အချိန်ရောက်ရှိလာသည် ဆိုသည်နှင့် တော်ဝင်အင်ပါယာ အဆင့်သို့ ရောက်ရှိသည့် လူများအားလုံးပင်လျှင် အဆင်ခြင်မဲ့ ဤနေရာသို့ ရောက်ရှိလာမှာ သေချာ၏။ ၎င်းတို့သည် သံသယရှိစရာ မလိုဘဲ ထိုအရာကို လိုချင်လောဘရှိမှာ သေချာသည်။
ကန့်သတ်ထားသော တည်နေရာဆီမှ အင်ပါယာနှစ်ယောက်တို့ ပါဝင်ပတ်သက်လာပြီ ဖြစ်သောကြောင့် အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် အထင်အမြင်သေး၍ ရသည့်အရာမျိုး မဟုတ်ကြောင်း နားလည်လိုက်မိ ကြသည်။ သူတို့သည် ယခုမှ အင်ပါယာတစ်ယောက် ဖြစ်လာသူများဖြစ်၏။ ကျင့်ကြံခြင်းအဆင့် ကို တည်ငြိမ်အောင် ကြိုးစားလျက် ရှိနေတုန်းပင်။ တော်ဝင်အင်ပါယာများထဲတွင် ၎င်းတို့သည် တကယ့်ကို အားနည်းလှသည့် လူများအဖြစ် သတ်မှတ်၍ ရ၏။
ထိုအရာကို အောင်းရွှမ်သည် သတိပြုမိသည်ဆိုသော်လည်း အားလုံးသော လူများ၏ရှေ့တွင် ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ချေ။
မုန့်ရှင်းကျီမှာတော့ အင်ပါရီယာလက်နက်တစ်ခုကိုပင် ပိုင်ဆိုင်သူတစ်ယောက် မဟုတ်ပေ။ သူသည် အစီအရင်၌ ကျွမ်းကျင်လွန်းလှ၏။ အစီအရင် မရှိသည်ဆိုပါက ပြိုင်ဘက်များကို ရင်ဆိုင်ယှဉ်ပြိုင်ရန် ဆိုသည်မှာ ခက်ခဲလှပေမည်။
သူ့အနေနှင့် လင်းရှောင်ကို သွားရောက်ခေါ်ဆောင်နိုင်သည်ဆိုပါက ခရမ်းရောင်နက်နဲလောကဆီမှ အင်ပါယာ သုံးယောက်ကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။ သို့ပေမဲ့ ဤအရာသည် အကြံအစည် တစ်ခုသာလျှင် ဖြစ်၏။ လင်းရှောင်နှင့် မုန့်ရှင်းကျီတို့သည် လူသားမျိုးနွယ်ဆီမှ ဖြစ်သည်ဆိုသော်လည်း တစ်ဖက်နှင့် တစ်ဖက် ရန်ငြိုးများ တည်ရှိနေကြသည်။ ၎င်းတို့နှစ်ယောက် တွေ့ဆုံသည်နှင့်တပြိုင်နက် ထသတ်ကြမှာ သေချာ၏။ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုသည်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် မုန့်ရှင်းကျီသည် သူ၏ ကိုယ်ပိုင် အင်ပါရီယာလက်နက်ပင် မရှိသေးချေ။ လင်းရှောင် အတွက်မှာတော့ သနားဖို့အကောင်းဆုံး သူဆင်းရဲ တော်ဝင်အင်ပါယာထဲမှ တစ်ယောက်ဟု ပြောဆိုမည် ဆိုလျှင်တောင် လွန်လိမ့်မည် မဟုတ်ချေ။ အင်ပါရီယာလက်နက် လိုအပ်သည်သာမက သူ၏ အမိန့်ပေးမှုအောက်တွင် မည်သည့် အင်အားစုမှ မရှိချေ။ တိုက်ခိုက်မှုစွမ်းရည်တွင် ပြိုင်ဘက်ကင်းလည်း ဖြစ်လှသည် မဟုတ်သောကြောင့် နှစ်ပေါင်းသန်းချီ ကြာရှည်ခဲ့သည့် အမွေအနှစ်တစ်ခုကို ရယူဖို့ဆိုသည်မှာ ကျိန်းသေပေါက် မဖြစ်နိုင်ချေ။
“အခွင့်အရေး”
မုန့်ရှင်းကျီက နှာခေါင်းရှုံ့လိုက်၏။ ၎င်းသည် အောင်းရွှမ်ကို လှမ်းကြည့်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ “သေချာတာပေါ့။ အခုကိစ္စက ကျုပ်တို့အနေနဲ့ လုံလောက်တဲ့ တန်ဖိုးကို ပေးအပ်နိုင်မလား ဆိုတဲ့အပေါ်ပဲ မူတည်သွားပြီ”
“လုံလောက်တဲ့တန်ဖိုး ဟုတ်လား” အောင်းရွှမ်သည် တွန့်ခနဲ ဖြစ်သွား၏။ သူသည် မယုံကြည်နိုင်စွာဖြင့် မုန့်ရှင်းကျီကို လှမ်းကြည့်လိုက်၏။ မုန့်ရှင်းကျီသည် စီနီယာ နန်းဆောင်သခင်ဆီသို့ သွားရောက်ကာ အကူအညီ တောင်းရန် စဉ်းစားနေလေသည်လား။ ဤအရာသည်သာလျှင် ဖြစ်နိုင်ချေရှိ၏။
အောင်းရွှမ်သည် စီနီယာ နန်းဆောင်သခင်အား ကွာစီအင်ပါယာအဆင့် ပစ္စည်းတစ်ခုပေးရန် အကြွေးကျန်ရှိလို့ နေ၏။ စီနီယာ နန်းဆောင်သခင်အား ထပ်မံကာ အကူအညီတောင်းမည် ဆိုပါက အကူအညီ ပေးမလား မသေချာလှချေ။
စီနီယာ နန်းဆောင်သခင်၏ ကိုယ်ရေးကိုယ်သွေးကို သုံးသပ်ကြည့်မည်ဆိုလျှင် စီနီယာ နန်းဆောင်သခင်သည် သူတို့၏ အသက်များကို ကယ်တင်ကောင်း ကယ်တင်နိုင်ပေလိမ့်မည်ဟု အောင်းရွှမ်က သုံးသပ်မိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့အား တော်ဝင်အင်ပါယာ တစ်ယောက်ဖြစ်အောင် ကူညီပေးခဲ့သည် မဟုတ်ပါလား။
“စောင့်ကြည့်ကြတာပေါ့” မုန့်ရှင်းကျီသည် ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ချေ။ အမှတ်တမဲ့ဖြင့် လှမ်းကာ ပြောဆိုလိုက်၏။
“စီနီယာတွေရဲ့ အမြင်အရဆိုရင် ကျုပ်တို့ ဘယ်လောက်လောက် စောင့်ဖို့လိုလဲ” ဖန်းဟန်က မေးမြန်းလိုက်၏။ သူ၏ ဘိုးဘေးအမွေအနှစ်များသည် တခြားသူများ၏ လက်ထဲသို့ ရောက်ရှိလုမတတ် ဖြစ်နေ၏။ သူသည် ဤမွန်းစတားအိုကြီး နှစ်ယောက်ကဲ့သို့ စိတ်ရှည်လှသူ မဟုတ်ချေ။
သူ၏ အထင်အရဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ စောစောစီးစီး သွားရောက်ပြီး အခွင့်အရေးကို ရယူချင်မိ၏။ သူတို့၏ ရှေ့တွင် ရှိနေသော လူများသည်သာ သတင်းအချက်အလက် တချို့ကို ကြိုတင်ကာ ရရှိသွားမည်ဆိုပါက အစီအမံများကို ကြိုတင်ကာ ဖန်တီးနိုင်ပေလိမ့်မည်။ ထို့ကြောင့် သူတို့ နောက်ကျကောင်း နောက်ကျသွားပေလိမ့်မည်။
“မင်းက အရမ်းကြီး ငယ်သေးတယ်”
မုန့်ရှင်းကျီသည် ဆန်းကြယ်စွာ ပြောလိုက်၏။ ပြီးနောက် သူ၏ မုတ်ဆိတ်မွှေး များကို အသာပွတ်သပ်ကာဖြင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။ “ဒီနေ့မှာ မင်းကို ငါ သင်ခန်းစာတစ်ခု သင်ပေးမယ်။ နောက်ဆုံး ရယ်နိုင်တဲ့လူက အနိုင်ရသူပဲလို့ ဆိုရိုးစကားရှိတယ်။ နောက်ဆုံးတုတ်ချက်ကို ရိုက်နိုင်တဲ့ လူကတော့ အသန်မာဆုံးလူလို့ ပြောရမယ်။ ဒီစကားကို မြေအင်မော်တယ်လောက က မင်းတို့ ကြားဖူးလား”
ဖန်းဟန်က ပြောလိုက်သည်။ “ကျုပ်တို့ မြေအင်မော်တယ်လောကမှာ ဆိုရိုးစကား တစ်ခုတော့ရှိတယ်။ ပထမဆုံး ရိုက်တဲ့လူက အားအကောင်းဆုံးပဲတဲ့”
မုန့်ရှင်းကျီသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ အပြုံးများ အေးခဲသွားခဲ့၏။
“တော်ပြီ။ တော်ပြီ”
အောင်းရွှမ်သည် လက်ကို ယမ်းခါပြီးသည့်နောက် တစ်ဖက်လူများ၏ စကားများကို တားဆီး လိုက်၏။ သူသည် လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်သည်။ “ခင်ဗျားရဲ့တပည့် ယန်ရှို အသုံးပြုခဲ့တဲ့ နည်းလမ်းအတိုင်း လုပ်ဖို့ စီစဉ်နေတာလား”
ယန်ရှိုသည် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာစဉ်က တကယ့်ကို ကောင်းမွန်လှသော လှည့်ကွက်တစ်ခုကို ထုတ်ဖော်အသုံးပြုခဲ့၏။ အားနည်းနည်း စိုက်ထုတ်ပြီးသည့်နောက် အကျိုးအမြတ်များများကို ရရှိခဲ့လေ၏။ ၎င်းတို့၏ အကျိုးအမြတ်သည် ရီကလန်နှင့် ရွှေကျီးကန်းကလန်တို့နှင့်ပင် ယှဉ်ပြိုင်နိုင်သည့် အခြေအနေမျိုးသို့ပင် ရောက်ရှိခဲ့သေး၏။
ဤအကြောင်းအရာသည် အင်အားစု တော်တော်များများ သိရှိပြီးသော ကိစ္စဖြစ်၏။ တခြားသော လောကဆီမှ လူများ မသိရှိဘူး ဆိုလျှင်တောင်မှ ကောင်းကင်မူလလောကကြီးရှိ သန္ဓေသတ္တဝါများမှာတော့ စိတ်ထဲတွင် ကဗ္ဗည်း ရေးထိုးထားသလို သိရှိပြီးဖြစ်သည်။
လက်ရှိ အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အမွေအနှစ်များ ပေါ်ပေါက်လာသည့် အချိန်မှာတော့ ယန်ရှို၏ ချဉ်းကပ်နည်းအတိုင်း ပြုလုပ်ရန် တော်တော်များများက စဉ်းစားနေကြ၏။
ထို့အပြင် တစ်စုံတစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်သွားသည် ဆိုပါက နန်းဆောင်၏ အဝင်ဝတွင် ကန့်သတ်ချက် တစ်ခု ပေါ်ပေါက်လာ၏။ တခြားသောသူများ ထပ်မံ ဝင်ရောက်၍ မရခြင်းပင်။ ထို့ကြောင့် အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အမွေအနှစ်များ ပေါ်ပေါက်လာသည့် အချိန်တွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး စွန့်စားမှု နည်းနည်းနှင့် အခွင့်အရေးများ အရယူရန် ကြိုးစားနိုင်စွမ်း ရှိနေသည်။
အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ် ဆိုသည်မှာ တကယ့်ကို သတ်ဖြတ်ခြင်းအိမ် တစ်ခုကဲ့သို့ပင်။ ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး များပြားလှသည့် အင်ပါယာများ ဝင်ရောက် တိုက်ခိုက်သည့် အခြေအနေမျိုး ကြုံလာနိုင်သည်။ စီနီယာနန်းဆောင်သခင်ဆီမှ တွက်ချက်မှုကို ပိုင်ဆိုင်သည်ဆိုပါက ထိုတိုက်ပွဲများထဲတွင် အသက်အန္တရာယ် စိုးရိမ်စရာ မလိုအပ်တော့ချေ။ ထို့အပြင် အခွင့်အရေးသည် သူများထက် ပိုမိုကာ ရရှိမှာ သေချာ၏။
“အင်း”
ယန်ရှိုဆိုသည့် နာမည်ကို ကြားရသည့်အချိန်မှာတော့ မုန့်ရှင်းကျီ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်များ ဖြစ်တည်လာ၏။ ၎င်းသည် ပြုံးကာ ပြောလိုက်သည်။ “ကျုပ်ရဲ့ တပည့်က အရမ်းကြီး အားကောင်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ အမြင်အာရုံနဲ့ စိတ်ထားက တကယ်ပဲ ထက်ရှလွန်းတယ်။ ယန်ရှိုရဲ့ ဘိုးဘေးတစ်ယောက် အနေနဲ့တော့ ဘယ်လိုဖြစ်ပြီး တပည့်ရဲ့ နည်းလမ်းကို အသုံးပြုစရာ လိုမှာလဲ”
“ဒါဆိုရင် ခင်ဗျားဆီမှာ ပိုပြီးကောင်းတဲ့ အကြံအစည် ရှိနေတာလား” အောင်းရွှမ်၏ မျက်လုံးများသည် လင်းလက် သွားခဲ့၏။ သံသယရှိစရာ မလိုပေ။ လူသားမျိုးနွယ်များသည် တကယ့်ကို ပြိုင်စံရှား လူများသာဖြစ်၏။ မယုံကြည် နိုင်လောက်စရာ ကောင်းသည့် အကြံအစည်များကိုလည်း ပိုင်ဆိုင်ကြသည်။ အမှောင်ထဲမှ လှည့်ကွက်များကို အသုံးပြုနိုင်စွမ်းရှိသည့် ဉာဏ်ရည်ကို ပိုင်ဆိုင်သူများအား လက်ညှိုးထိုးပြပါဆိုပါက လူသားမျိုးနွယ်များကိုသာလျှင် လက်ညှိုးထိုးပြ ရပေလိမ့်မည်။
“အလုပ်လုပ်ဖို့ အစီအမံအတွက်ကတော့ စီနီယာ နန်းဆောင်သခင်ရဲ့ တုံ့ပြန်မှုအပေါ်ပဲ မူတည်လိမ့်မယ်” မုန့်ရှင်းကျီက ခေါင်းကို ခါယမ်းလိုက်သည်။
“အင်း”
အောင်းရွှမ်၏ မျက်နှာအမူအရာသည် မပြောင်းလဲချေ။ သူသည် မုန့်ရှင်းကျီကို လှမ်းကြည့်ပြီးသည့် နောက် သူ၏စိတ်ထဲတွင် သူ့ဘာသာသူ တွက်ချက်မှုများကို ပြုလုပ်လျက်ရှိ၏။
အရိုးရှင်းဆုံး ပြောရမည်ဆိုလျှင် ယန်ရှို၏ ချဉ်းကပ်မှုသည် သူ့ကို အနည်းငယ် သဘောကျစေခဲ့၏။ အနာဂတ် အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ်များ ပေါ်ပေါက်လာသည့် အချိန်တွင် နဂါးကလန်၏ ခေါင်းဆောင်အား ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်နေစေရန် သူ ခိုင်းစေရပေမည်။ ပြီးနောက် မုန့်ရှင်းကျီ၏ နည်းဗျူဟာများ နှင့် ပေါင်းစပ်လိုက်သည် ဆိုပါက နဂါးကလန်သည် ကျိန်းသေပေါက် ကြီးမားလှသည့် အမြတ်အစွန်းကို ရရှိမှာ သေချာသည်။
“ဒါဆိုရင် အတည်ပြုပြီးပြီ”
အောင်းရွှမ်က တွေးတောလိုက်မိသည်။ နဂါးကလန်သည် တခြားအရာများသာ လစ်ဟင်းကောင်း လစ်ဟင်းပေလိမ့်မည်။ သို့ပေမဲ့ ချမ်းသာကြွယ်ဝမှုမှာတော့ ကြီးမားလွန်းလှ၏။ သူတို့သည် ဈေးဆစ်ရန် တစ်ချက်ကလေးမှ စိတ်ကူးမရှိချေ။
အနီးအနားတွင် ရှိနေသည့် ဖန်းဟန်မှာတော့ တော်ဝင်အင်ပါယာ နှစ်ယောက်ကို လှမ်းကြည့်ပြီး သူ့ဘာသာသူ တွေးတောနေမိ၏။ တော်ဝင်အင်ပါယာ နှစ်ယောက်တို့သည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းနှင့် ပြုလုပ်မည် ဖြစ်ကြောင်း သူက နားလည်နေ၏။ သူ၏ ဘိုးဘေးအမွေအနှစ်များနှင့် ပတ်သက်၍ တစ်ဖက်လူများမှာ တန်ဖိုးထားလိမ့်မည် မထင်ချေ။ ထို့အပြင် တစ်ဖက်လူများသည် ဖန်းကလန်မှ မဟုတ်ချေ။ ထို့ကြောင့် အကျိုးအမြတ် တချို့တလေကို ရရှိဖို့သာ စိတ်ဝင်စားပေလိမ့်မည်။
“ကြည့်ရတာ ငါ စီနီယာဆီကနေ သတင်းအချက်အလက် တချို့ကို တိတ်တဆိတ် ကြိတ်ပြီးတော့ ဝယ်ယူဖို့ လိုအပ်နေပြီနဲ့ တူတယ်”
ဖန်းဟန်သည် စိတ်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်၏။ သူ့အနေနှင့် တော်ဝင်အင်ပါယာ နှစ်ယောက်ကို အားကိုး၍ မရနိုင်သည် ဆိုမှတော့ တစ်ဖက်လူများနှင့် မပူးပေါင်းခြင်းအတွက် သူ့ကို အပြစ်မတင်သင့်တော့ပေ။
အနာဂတ်မှ သူပေးထားသည့် ကျောက်စိမ်းဆွဲပြားကို အသက်သွင်းလိုက်လျှင် သူသည် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ ခဏတာ ရောက်ရှိနိုင်၏။ ထိုသို့ဆိုလျှင် တားမြစ်တည်နေရာထဲတွင် တည်ရှိနေသည့် အင်ပါယာများကို ကောင်းကောင်း ရင်ဆိုင်ယှဉ်ပြိုင်နိုင်မှာ သေချာ၏။ ထိုနည်းလမ်းနှင့် ဖန်းဟန်သည် တိုက်ခိုက်မှု စွမ်းရည်တွင် မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့ထက် ပိုမိုကာ သာလွန်သွားမှာ သေချာလေ၏။
၎င်းတို့ သုံးယောက်အနေနှင့် ကိုယ်ပိုင် အကြံအစည်များကို တွေးတောလျက် ရှိနေတုန်းမှာပဲ ကောင်းကင်မူလ လောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့သည် သက်ဝင်လှုပ်ရှားလျက် ရှိနေ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အရှေ့တွင် များပြားလှသည့် အင်အားစုများ စုစည်းနေခဲ့ကြပြီး အချိန်တိုင်းဆိုသလိုပဲ တစ်ယောက်ပြီး တစ်ယောက် နန်းဆောင်ထဲ ဝင်ထွက်နေကြသည်။
မကြာခင်မှာပဲ ထိုသူတို့သည် ခံစားမှု ကင်းမဲ့သည့် မျက်နှာသွင်ပြင်များဖြင့် ထွက်ခွာလာကြသည်။ မဝင်ခင်၌ ၎င်းတို့၏ လက်တွင် သိုလှောင်လက်စွပ်များ တည်ရှိနေပြီး ပြန်ထွက်လာသည့် အချိန်မှာတော့ လက်ဗလာများနှင့်ပင် ဖြစ်လေ၏။
“စီနီယာ နန်းဆောင်သခင်အနေနဲ့ သတင်းအချက်အလက်တွေ ရောင်းချတဲ့နှုန်းက ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အခြေအနေကို ရောက်နေပါလား” မုန့်ရှင်းကျီသည် အခြေအနေကို စောင့်ကြည့်ပြီး သည့်နောက် မျက်နှာပေါ်ရှိ ကြွက်သားများ တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိနေသည်။
လူပေါင်းများစွာတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် သတင်းအချက်အလက် များကို ဝယ်ယူလျက် ရှိနေ၏။ ထို့အပြင် ထိုသူအားလုံး၏ အားအင်အဆင့်သည် သာမန်ထက် ပိုလွန်းလှ၏။ ၎င်းတို့အားလုံးသည် လူတစ်ယောက်ချင်းစီ အနေဖြင့် တော်ဝင်အင်ပါယာအဆင့် ပစ္စည်းများကို ပေးအပ်မည် ဆိုခြင်းမှာ ယုံမှားသံသယရှိစရာ မလိုပေ။
လက်ရှိ အခြေအနေတွင် သူတို့သည် တော်ဝင်သူတော်စင်အဆင့် ပစ္စည်းတစ်ခုကို သွားရောက်ကာ ကမ်းပေး၍ မဖြစ်နိုင်တော့ချေ။ တခြားသော တစ်စုံတစ်ယောက်သည် အင်ပါရီယာကျမ်းစာ သို့မဟုတ် အင်ပါရီယာလက်နက်များကို ထုတ်ပေးနိုင်မှာ သေချာသောကြောင့်ပင်။