အခန်း (၃၂၆)
Vol. 22 Ch. 326
ဆယ်ရက်တာ ကြာမြင့်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့ဘက်တွင် လူပေါင်းများစွာတို့ သည် တဖြည်းဖြည်း လျော့ပါးခဲ့ပြီဖြစ်၏။ ထင်မှတ်ထားသည့် စွမ်းအားမြင့် ကျင့်ကြံသူများ၊ ဂိုဏ်းဂဏ အသီးသီး တို့သည် အစောကြီးကတည်းက ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး အထဲသို့ မရောက်ရှိသေးသည့် လူတော်တော်များများ တို့သည်လည်း အတားအဆီး အကန့်အသတ် တစ်ခုကြောင့်သာ တွန့်ဆုတ်နေကြခြင်းဖြစ်၏။ ၎င်းတို့အနေဖြင့် ထိုကဲ့သို့သော အမွေအနှစ်များကို ရရှိရန်အတွက် လုံလောက်သည့် ပမာဏ မရှိသောကြောင့်ပင်။
“အချိန် ရောက်တော့မှာပဲ”
မုန့်ရှင်းကျီသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက် နန်းဆောင် တည်ရှိရာသို့ လှမ်းလျှောက်လိုက်၏။ သူ၏ အနောက်ဘက်တွင်တော့ အောင်းရွှမ်နှင့် ဖန်းဟန်တို့သည် နီးနီးကပ်ကပ် လိုက်ပါလာ၏။ ၎င်းတို့ သုံးယောက်သည် နန်းဆောင်ထဲသို့ လှမ်းဝင်လိုက်ပြီးသည့်နောက် သူတို့ ပထမဦးဆုံး မြင်ရသည်မှာ နွေးထွေးသည့် အပြုံးကို ပြုံးလျက်ရှိနေသော လီယွင်ကိုပင်ဖြစ်သည်။
“ဂျူနီယာက စီနီယာ နန်းဆောင်သခင်ကို နှုတ်ဆက်ပါတယ်”
“ဒီအတောအတွင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာတဲ့သူတွေ အရမ်းကို များတယ်ဆိုတော့ ခင်ဗျားတို့ ဆီမှာ အကြံဉာဏ်ကောင်းတွေ ရှိနေပြီနဲ့ တူတယ်” လီယွင်သည် ရယ်မောလိုက်၏။
ဤသုံးယောက်ထဲတွင် နှစ်ယောက်သည် တော်ဝင်အင်ပါယာအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်၏။ မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့သည် လိမ်ညာ၍ မရနိုင်အောင်ပင် သူ့ဆီသို့ အမြဲတမ်းလိုလို ရောက်ရှိလာတတ်သည့် ဖောက်သည်များ ဖြစ်သည်။
လီယွင်သည် ဤလူများ၏ အားအင်အဆင့်နှင့်ပတ်သက်၍ သိပ်ပြီး များများစားစား တွေးတောနေလိမ့်မည် မဟုတ်ချေ။ သူ့အနေနှင့် သတင်းအချက်အလက်များကို ရောင်းချခြင်းနှင့် သူရောင်းချခဲ့သည့် သတင်းအချက် အလက်များ မပေါက်ကြား သွားစေရန်အတွက်သာ တာဝန်ကို ယူထားရ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ မဝင်ခင် ဖြစ်ခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ သူ ဂရုစိုက် လိမ့်မည် မဟုတ်ချေ။ ဖောက်သည်တစ်ယောက်ကို ထိန်းသိမ်းထားခြင်းဆိုသည်မှာ တကယ့်ကို ကြီးမားလှသည့် တာဝန်တစ်ခုပင် ဖြစ်သည်။
“စီနီယာ နန်းဆောင်သခင်... နောက်နေပြန်ပါပြီ။ ဒီကိုလာကြတဲ့ တချို့သော ကျင့်ကြံသူတွေက ဂျူနီယာတို့ အနေနဲ့ တခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ လူတွေရှိတယ်။ ဘယ်လိုလုပ် သူတို့နဲ့ ယှဉ်ပြိုင်နိုင်မှာလဲ” မုန့်ရှင်းကျီသည် ကြောင်အအဖြင့် ပြောလိုက်၏။
“ထိုင်ပါအုံး” လီယွင်သည် ဘေးတစ်ဖက်ဆီသို့ လက်ကို အသာလှုပ်ရှားကာဖြင့် ပြောလိုက်၏။ ထိုင်ခုံ တစ်ခုချင်းစီတိုင်းက ပေါ်ပေါက်လာခဲ့သည်။
အားလုံးသည် ဦးညွတ်ကာဖြင့် ထိုင်ခုံတစ်လုံးစီ၌ ဝင်ရောက်ကာ ထိုင်လိုက်၏။
“စီနီယာ”
ဖန်းဟန်သည် မနေနိုင်တော့ချေ။ မေးမြန်းလိုက်သည်။ “ဘိုးဘေးချန်ထားခဲ့တဲ့ အမွေအနှစ်က ပေါ်လာတော့မှာလား”
ပြောပြီးသည့်နောက် ဖန်းဟန်သည် သူတော်စင်အဆင့် ပစ္စည်းတစ်ခုကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။ မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာခဲ့သည့် အဓိကဂိုဏ်းကြီး သုံးဂိုဏ်းမှ လူများနှင့် ရင်ဆိုင်ပြီးသည့်နောက် ဖန်းဟန်သည် တကယ့်ကို ချမ်းသာ ကြွယ်ဝလာခဲ့သည်ဟု ပြောရမည်။
“တစ်နာရီအတွင်း”
လီယွင်သည် တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။ သူ၏ နတ်ဘုရားသိစိတ်သည် ကောင်းကင်မူလ လောကကြီး တစ်ခုလုံး ဖြန့်ကျက်လျက် ရှိနေပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့တွင် ရောက်ရှိလာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားခဲ့သော သိုင်းကျင့်ကြံသူများ၏ အရေအတွက်ကို ကြည့်ရှုနေမိ၏။
လက်ရှိအချိန်မှာတော့ လုံလောက်သည့် ကောင်းကင်လျှို့ဝှက်အမှတ်များ ရရှိနေပြီ ဖြစ်သောကြောင့် သူ့အနေနှင့် အင်မော်တယ်ကျွန်းနှင့် တူညီလှသည့် အခွင့်အရေးသုံးခုကို ဝယ်ယူရန်ပင် တတ်နိုင်သည့် အခြေအနေဆီသို့ ရောက်ရှိလာပြီဖြစ်၏။ အနည်းငယ်လောက် စောင့်စားနေသည်ဆိုခြင်းမှာ ပိုမိုကောင်းမွန်သည့် အရင်းအမြစ်များကို ရရှိနိုင်မလားဆိုသည့် မျှော်လင့်ချက်နှင့်ပင်။
“တစ်နာရီအတွင်း ဟုတ်လား” ဖန်းဟန်၏ မျက်နှာသည် တုန်ယင်သွားမိ၏။ ဤမျှ မြန်ဆန်နေသည်လား။ အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ်သည် ခရမ်းရောင်နက်နဲလောကကြီးတွင် ပေါ်ပေါက်လာမည်ဆိုပါက သူတို့ ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“မင်းသာ မလုပ်နိုင်ရင် ဘယ်သူမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး” လီယွင်သည် တည့်တိုးပင် ပြောလိုက်၏။
လီယွင်သည် အသာပြုံးပြီးသည့်နောက် မုန့်ရှင်းကျီကို ကြည့်ရှုလိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “စောပြီးရောက်အောင် သွားမလား။ နောက်ကျမှ ရောက်အောင် သွားမလားဆိုတာကတော့ ကွာခြားချက် ရှိတာပေါ့”
“အင်း”
မုန့်ရှင်းကျီသည် အနည်းငယ် ရှက်ရွံ့သလို ခံစားနေမိ၏။ သူသည် များများစားစား မပြောခဲ့ချေ။ သို့ပေမဲ့ သူ၏အတွေးများကို စီနီယာ နန်းဆောင်သခင်က ကြိုတင်ကာ သိရှိနေပုံပင်။
“ပြီးတော့ ခင်ဗျားတို့ထဲမှာ လူတစ်ယောက်က အစစ်အမှန် အမွေအနှစ် တည်နေရာထဲကို ဝင်ဖို့ ဘယ်လိုမှ စိတ်မဝင်စားဘူး” လီယွင်သည် နောက်ပြောင်သလို ပြောလိုက်၏။
“ဒါက”
ဖန်းဟန်သည် ဝေခွဲမရ ဖြစ်သွား၏။ စီနီယာ နန်းဆောင်သခင်၊ သူနှင့် အောင်းရွှမ်မှလွဲလျှင် မည်သူ့ကို ရည်ညွှန်းနေသနည်း။ တွေးကြည့်ပြီးသည့်နောက် သူ၏ အကြည့်သည် မုန့်ရှင်းကျီဆီသို့ ရောက်ရှိသွားခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အောင်းရွှမ်သည်လည်း မုန့်ရှင်းကျီဆီသို့ လှမ်းကြည့်လိုက်၏။ သူ့အနေနှင့် အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာကြီး ပေါ်ပေါက်လာသည့် အချိန်တွင် ကလန် မှ တစ်စုံတစ်ယောက်ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပို့ထားပြီး အခွင့်အရေး အရယူရန် စီစဉ်ထား၏။ သူနှင့် ဖန်းဟန်မှလွဲလျှင် သံသယရှိစရာမလို ကျန်ရစ်သည့်လူမှာ မုန့်ရှင်းကျီပင် ဖြစ်လေ၏။
အောင်းရွှမ်နှင့် ဖန်းဟန်တို့၏ အကြည့်များသည် အနည်းငယ် ထူးဆန်းလို့နေ၏။ အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ် တည်နေရာထဲသို့ မဝင်ဘဲ ဘာလုပ်ချင်နေသနည်း။ တစ်စုံတစ်ယောက် အနေနှင့် အမွေအနှစ်များကို လာရောက်ကာ ကမ်းပေးရန် အပြင်၌ စောင့်နေချင်သည်လား။
“ခင်ဗျားတို့ ကျုပ်ကို ဘာလုပ်စေချင်တာလဲ”
မုန့်ရှင်းကျီသည် အနည်းငယ် ကြောင်အအ ခံစားနေမိသည်။ သူသည် လက်များကို အသာဖြန့်ကာဖြင့် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “အားလုံးက အစစ်အမှန် အင်မော်တယ် အမွေအနှစ် နယ်မြေထဲကို ဝင်ကြတယ်လေ။ အင်ပါယာတွေ အများကြီးလည်း ပေါ်လာလိမ့်မယ်။ ကျုပ်တို့ရဲ့ အားအင်အဆင့်ကို ကြည့်ရမယ်ဆိုရင် ဘယ်လိုလုပ် သူတို့လက်ထဲကနေ သွားလုရမှာလဲ။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ခရမ်းရောင်နက်နဲလောကဆီက တော်ဝင်အင်ပါယာ သုံးယောက်လည်း လူကိုယ်တိုင် ရောက်လာခဲ့ပြီးပြီ။ အဲလူတွေအပြင် တခြားအင်ပါယာတွေ အားလုံးကလည်း အချိန်ကိုက် စောင့်နေကြတယ်။ တားမြစ်တည်နေရာ အထဲမှာရှိတဲ့ ခန့်မှန်းလို့မရတဲ့ ကျင့်ကြံသူတွေကလည်း ပေါ်ပေါက်လာနိုင်သေးတယ်လေ”
ထိုစကားကို ကြားရသည့်အချိန်မှာတော့ ဖန်းဟန်နှင့် အောင်းရွှမ်တို့သည် မတူညီသည့် မျက်နှာသွင်ပြင်များ ဖြစ်တည်သွားခဲ့၏။ တစ်ယောက်သည် လေးနက်သွားခဲ့ပြီး တခြားတစ်ယောက်မှာတော့ နှောင့်နှေးသွားခဲ့၏။ မုန့်ရှင်းကျီ ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အမွေအနှစ်များ ရရှိရန်အတွက် သက်တမ်းရင့် အင်ပါယာများပင်လျှင် တခြား ဘာကိုမှ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
တခြား အရေးမကြီးသည့် အရင်းအမြစ်များအတွက်တောင်မှ ညီအစ်ကိုအရင်းများပင်လျှင် တိုက်ခိုက်သည့် လောကကြီးထဲတွင် အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အမွေအနှစ်များဆိုလျှင် အဆိုးဆုံး ဖြစ်ပေလိမ့်မည်။ လက်ရှိ အခြေအနေမှာတော့ တကယ်ကို ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးသည် ရှောင်လွှဲ၍ မရအောင် ဖြစ်ပေါ်လာမှာ သေချာသည်။
တခြားသောသူများအတွက် ဤအရာသည် စိန်ခေါ်မှုတစ်ခု ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူတို့ အတွက်တော့ မဟုတ်ချေ။ မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့သည် ယခုမှ အင်ပါယာတစ်ယောက် ဖြစ်လာကြသည့် လူတစ်ယောက် ဖြစ်သောကြောင့် ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် အင်ပါယာသုံးယောက်တို့ကို မည်သို့မှ ရင်ဆိုင် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
“စီနီယာ... အမွေအနှစ်တွေကို ရရှိပြီးတဲ့အချိန်မှာ အသက်ရှင်ကျန်ရစ်ဖို့ နည်းလမ်းတစ်ခုခု ရှိနေသေးလား” အောင်းရွှမ်က မေးမြန်းလိုက်သည်။
“ရှိတာပေါ့”
လီယွင်က ခေါင်းညိတ်လိုက်၏။ သို့ပေမဲ့ ဈေးနှုန်းသည် အောင်းရွှမ်တစ်ယောက် တတ်နိုင်သည့် အရာမျိုး ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။
“စိတ်ထားသေးငယ်လိုက်တာ” မုန့်ရှင်းကျီသည် ခေါင်းကို အသာခါယမ်းလိုက်သည်။ အောင်းရွှမ်သည့် သူ့အတွက်ပင် နည်းနည်းလေး ထည့်မမေးခဲ့ချေ။ ပြီးနောက် လီယွင်ကို ဦးညွတ်ပြီး သူ၏ အတွေးများကို ထုတ်ဖော် ပြောဆိုလိုက်၏။ “စီနီယာ... ကျုပ်သိချင်တာက အစစ်အမှန် အင်မော်တယ်ရဲ့ အမွေအနှစ် တည်နေရာထဲကို ဝင်ပြီးတဲ့အချိန်မှာ နောက်ဆုံးထွက်လာမယ့်လူက ဘယ်သူလဲ။ အဲဒီအတွက် သတင်း အချက်အလက် ကုန်ကျမှုက ဘယ်လောက်ကျမလဲ”
“ဟမ်” အောင်းရွှမ်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွား၏။
မုန့်ရှင်းကျီ ဘာကို ဆိုလိုသနည်း။ မုန့်ရှင်းကျီ၏ ရည်ရွယ်ချက်သည် တခြားသောသူများနှင့် ခြားနားလျက် ရှိနေသည်ကို သူက အလိုလို သိရှိပြီးဖြစ်၏။ ကျိန်းသေပေါက် ကြီးမားလှသည့် လုပ်ကွက်ကြီးကို ဖန်တီးပြုလုပ်ချင်သည်မှာ သေချာသည်။
မုန့်ရှင်းကျီသည် ဖန်းဟန်နှင့် အောင်းရွှမ်တို့၏ မျက်လုံးအကြည့်များကို ဂရုမစိုက်လှချေ။ ထပ်မံကာ မေးမြန်းလိုက်၏။ “ဟုတ်တာပေါ့ စီနီယာ။ ကျုပ်တို့ကို ပြောပါအုံး။ တော်ဝင်သူတော်စင်အဆင့်အထက် လူ ဘယ်နှစ်ယောက်လောက်က အမွေအနှစ် တည်နေရာထဲက အခွင့်အရေးတွေကို ရရှိနိုင်မလဲ။ သူတို့ ထွက်လာတဲ့ အချိန်မှာ ဒဏ်ရာ ဘယ်လောက်လောက် ရမလဲဆိုတာသိရင် ပိုတောင်ကောင်းသေးတယ်။ သူတို့ရဲ့ အားအကောင်းဆုံး စွမ်းဆောင်ရည်က ဘာတွေလဲ။ အဲတာတွေကောပေါ့”
မုန့်ရှင်းကျီ၏ အသံသည် ပိုမိုကာ ကျယ်လောင်လာခဲ့သည်။
“အင်း... ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက လူတွေက တကယ့်ကို ကောင်းမွန်တဲ့ ကိုယ်ပိုင် အကြံအစည်တွေ ရှိနေကြတာကိုး” လီယွင်သည် အဓိပ္ပာယ်ပါပါဖြင့် မုန့်ရှင်းကျီကို လှမ်းကာ ပြောဆိုလိုက်၏။ တစ်ဖက်လူ၏ စိတ်ထဲတွင် ဘာတွေရှိနေသည်ကို သူ အဘယ်သို့ မသိဘဲ နေမည်နည်း။
မုန့်ရှင်းကျီသည် အတွေးအတိုင်းပင် ထုတ်ဖော် ပြောဆိုလျက် ရှိနေ၏။ ထို့အပြင် အင်ပါယာတိုင်းသည် မှန်မှန်ကန်ကန် နေထိုင်ပြောဆိုတတ်သည့် လူများဖြစ်၏။ သူတို့၏ နောက်ကွယ်၌ အကောက်ကြံနေသည့် တစ်စုံတစ်ယောက် ရှိနေမည်ဟု မည်သူက ထင်မှတ်နေမည်နည်း။ အင်ပါယာများသည် အသက်ခံရရန်အတွက် တကယ်ပင် ခက်ခဲလှသည့် လူများဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူကို သတ်ဖြတ်ရန် မအောင်မြင်ခဲ့ပါက အဆုံးအစမဲ့သော ကလဲ့စားချေမှုကို ခံရမှာ သေချာ၏။
“စီနီယာ... ဂျူနီယာမေးတဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး”
မုန့်ရှင်းကျီသည် သူ၏လက်ကို ပွတ်ကာဖြင့် အင်ပါရီယာ လက်နက်တစ်ခုကို ထုတ်ယူကာ လီယွင်၏ အရှေ့ဆီသို့ ချလိုက်၏။ သူသည် ဤသတင်းအချက်အလက်အတွက် တကယ့်ကို ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့ခြင်းပင်။
“ကောင်းပြီ”
လီယွင်သည် အင်ပါရီယာ လက်နက်ကို အသာသိမ်းဆည်း ပြီးသည့်နောက် စနစ်ကို သေသေချာချာ စစ်ဆေးလိုက်၏။ ပြီးနောက် အနီးအနားတွင် တည်ရှိနေသည့် ဖန်းဟန်ကို ကြည့်ရှုလိုက်၏။ “အစစ်အမှန် အင်မော်တယ် အမွေအနှစ်ကြီး ပွင့်လာတဲ့အချိန်မှာ ပထမဦးဆုံး ထွက်လာမဲ့လူက ဖန်းဟန်”
ထိုစကားကို ကြားရသည့် အချိန်မှာတော့ အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် ဖန်းဟန်ကို ထူးဆန်းသလို လှမ်းကာ ကြည့်ရှုလိုက်၏။ အထူးသဖြင့် မုန့်ရှင်းကျီပင် ဖြစ်လေသည်။
တော်ဝင်သူတော်စင် အဆင့်အထက် လူဘယ်နှစ်ယောက်ရှိပြီး မည်မျှကောင်းမွန်လှသည့် အခွင့်အရေးများကို ရရှိမည်ဆိုသည်ကို သူက မေးမြန်းခဲ့ခြင်း ဖြစ်သည်။ စီနီယာ ဆိုလိုသည်မှာ ဖန်းဟန်သည် တကယ့်ကို ကျိန်းသေပေါက် ကြီးမားသည့် အခွင့်အရေးကို ရရှိမည့် သဘောပင်။
လက်ရှိအခြေအနေမှာတော့ ဖန်းဟန်ကိုယ်တိုင်ပင် မူးနောက်နောက် ခံစားနေမိ၏။ စီနီယာ နန်းဆောင်သခင် ဆိုလိုသည်မှာ သူသည် သူတို့၏ ဘိုးဘေးချန်ခဲ့သည့် အမွေအနှစ်များကို အောင်မြင်စွာ ရယူနိုင်မည်ဟု ဆိုလိုနေလေသည်လား။
တခြားသူများ ပြောသည်ဆိုပါက သူ့အနေနှင့် ယုံကြည်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ စီနီယာ နန်းဆောင်သခင် ပြောဆိုခဲ့သည် ဖြစ်သောကြောင့် ထိုအရာကို ယုံကြည်ရပေမည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူ၏ အနာဂတ်မှ လူကိုပင် ဆင့်ခေါ်နိုင်သည့် ဖြစ်သောကြောင့်ပင်။
“စီနီယာ”
ဖန်းဟန်ကို လှမ်းကြည့်ပြီးသည့်နောက် မုန့်ရှင်းကျီသည် လီယွင်ဘက်သို့ လှည့်ကာ နှမျောတသစွာဖြင့် မေးမြန်းလိုက်၏။ “ဒုတိယ လူကကော”
“ထာဝရမြို့ရဲ့ ကာကွယ်စောင့်ရှောက်သူ ဟုန်ရွှမ်” လီယွင်၏ နှုတ်ခမ်းများသည် ဖွင့်ဟသွားပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။