← Chapters

အခန်း (၃၂၇)

Vol. 22 Ch. 327

အခန်း (၃၂၇)

Vol. 22 Ch. 327

“ထာဝရမြို့က ဟုန်ရွှမ် ဟုတ်လား” မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့သည် ဇဝေဇဝါ အမူအရာဖြင့် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်၏။ နှစ်ယောက်လုံးသည် တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသည့် အဓိပ္ပာယ် များကို ကောင်းကောင်း မြင်နိုင်စွမ်းရှိ၏။ သူတို့သည် ဤနာမည်နှင့် ပတ်သက်၍ မရင်းနှီးလှချေ။

“စီနီယာ... ခရမ်းရောင်နက်နဲလောကကြီးကလား။ ဒါမှမဟုတ် မြေအင်မော်တယ်လောကက စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ယောက်လား” မုန့်ရှင်းကျီက ဆက်လက်ကာ စုံစမ်းလိုက်၏။

“မြေအင်မော်တယ်လောကက အင်အားစုတစ်ခု မဟုတ်ဘူး” ဘေးတစ်ဖက်တွင် ရှိနေသည့် ဖန်းဟန်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူတို့၏ ဖန်းကလန်သည် မြေအင်မော်တယ်လောကထဲတွင် အနည်းနှင့်အများဆိုသလို လူသိများသည့် ကလန်တစ်ခု ဖြစ်၏။ သူသည် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ဂိုဏ်းတော်တော်များများကို ရင်းနှီးပြီး ဖြစ်သည်။ သို့ပေမဲ့ ထာဝရမြို့ဆိုသည်မှာ သူနှင့် မရင်းနှီးသည့်အရာ ဖြစ်လို့နေသည်။

“ကြည့်ရတာ ခရမ်းရောင်နက်နဲလောက ကနေပြီးတော့ နယ်မြေဖြတ်ကျော်လာတဲ့ အဖွဲ့အစည်းတွေ ဖြစ်ရမယ်” အောင်းရွှမ်က သုံးသပ်လိုက်မိ၏။

ဖန်းဟန်သည် ဖန်းကလန်၏ မျိုးဆက်ဖြစ်သောကြောင့် ပထမဆုံး ပြန်ထွက်လာနိုင်သည်မှာ အဓိပ္ပာယ် ရှိလွန်းလှ၏။ ဤအရာသည် သာမန်လူများနှင့် သွားရောက်ကာ နှိုင်းယှဉ်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ ထာဝရမြို့၏ ကာကွယ်စောင့်ရှောက်သူ မှာတော့ သာမန်ထက်ပိုသည့် မည်သည့် စွမ်းရည်ကို ပိုင်ဆိုင်သောကြောင့် ဒုတိယမြောက ထွက်လာနိုင်ရသနည်း။ ၎င်း၏ အားအင်အဆင့်သည် ရှေးမွန်းစတားများ ထက် ပိုမိုကာ အားကောင်းသည့်လူ ဖြစ်ပုံပေါ်သည်။

“မှားတယ်”

လီယွင်သည် ခေါင်းကို ခါယမ်းကာဖြင့် ယုံကြည်ချက်ရှိရှိ ပြောဆိုလိုက်၏။ “ထာဝရမြို့က ကောင်းကင် မူလလောကကြီးကပဲ”

“ကောင်းကင်မူလလောကကြီး ဟုတ်လား”

အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားခဲ့၏။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် မေးခွန်းထုတ်သလို ကြည့်လိုက်ကြသည်။

“စီနီယာ... အခုပြောနေတာ သေချာလို့လား”

“ကျုပ် ဘယ်တုန်းက ခင်ဗျားတို့ကို လိမ်ဖူးလို့လဲ” လီယွင်သည် ခွန်းတုံ့ပြန်လိုက်၏။ သူ၏ မျက်လုံးများသည် မှေးကျဉ်းသွားခဲ့၏။

“ကောင်းကင်မူလလောကကြီးထဲမှာ ထာဝရမြို့ဆိုတာ ဘယ်အချိန်က ပေါ်ပေါက်လာခဲ့တာလဲ။ တစ်ခါမှ မကြားဖူးပါဘူး” အောင်းရွှမ်သည် ဆက်လက်ကာ မေးမြန်းလိုက်သည်။

နဂါးကလန်၏ အမွေအနှစ်သည် ရှေးဆန်လွန်းလှ၏။ အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် ရေတွက်လို့ မရအောင် များပြားသည့် ကလန်နှင့်ဂိုဏ်းများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့ကြ၏။ သို့ပေမဲ့ နဂါးကလန်ကတော့ တည်ရှိနေတုန်းပင်။ သမိုင်း၏ မှတ်တမ်းထဲတွင် ရှိခဲ့သည့် ဂိုဏ်းတစ်ခုဆိုပါက သူတို့၏ မှတ်တမ်းထဲတွင် မရှိသည်မှာ မဖြစ်နိုင်ချေ။

“စီနီယာ.. ထာဝရမြို့ရဲ့ ကာကွယ်စောင့်ရှောက်သူက ဘယ်လောက်အားကောင်းလဲ”

မုန့်ရှင်းကျီသည် လေးလေးနက်နက် အမူအရာဖြင့် မေးမြန်းလိုက်၏။ သူ့အနေနှင့် အောင်းရွှမ်နှင့် အတူတူပင်။ ထာဝရမြို့ကို တစ်ခါမှ မကြားဖူးချေ။ ခေါင်းဆောင်သည် အားမကောင်းဘူး ဆိုပါက ၎င်း၏ နောက်လိုက် နောက်ပါများသည်လည်း အားကောင်းလိမ့်မည် မဟုတ်ချေ။

သူ၏ အမြင်အရဆိုလျှင် ထာဝရမြို့၏ ကာကွယ်စောင့်ရှောက်သူသည် ထူးခြားလွန်းလှသည့် ကံကောင်းခြင်းကို ပိုင်ဆိုင်ခဲ့သောကြောင့် ဖန်းဟန်ကဲ့သို့ပင် အရင်ဆုံး ထွက်လာနိုင်သည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဒုတိယမြောက် ထွက်လာနိုင်သည် ဆိုသော်လည်း ထိုကာကွယ်စောင့်ရှောက်သူသည် ဘာတစ်ခုမှ မရရှိခဲ့သည့် အကြောင်းအရာမျိုးလည်း ဖြစ်နိုင်သေး၏။

စီနီယာဆီမှ ရရှိသည့် သတင်းအချက်အလက်သာ မဟုတ်ပါက သူတို့၏ လောကထဲတွင် ခန့်မှန်း၍ မရနိုင်သည့် ကျင့်ကြံသူတစ်ယောက် ရှိနေလိမ့်မည်ဟုပင် သူတို့က မယုံကြည်နိုင်ပေ။

“ထာဝရမြို့ရဲ့ ကာကွယ်စောင့်ရှောက်သူ ဟုန်ရွှမ် - သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်သောင်း ကိုးထောင်လောက်တုန်းက အင်ပါယာဖြစ်လာခဲ့တဲ့ လူတစ်ယောက်ပဲ။ သူရဲ့ အားအင်အဆင့်က တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်မှာ ရှိတယ်။ ကောင်းကင်မူလလောကကြီးမှာ သူနဲ့အတူ ယှဉ်ပြိုင်နိုင်တဲ့လူဆိုတာ အနည်းငယ်ပဲ ရှိမယ်” လီယွင်သည် ယုံကြည်ချက်ရှိစွာဖြင့် ပြောဆိုလိုက်၏။

“တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် ဟုတ်လား” မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့သည် တိတ်ဆိတ်ငြိမ်သက် သွားမိ၏။ ထာဝရမြို့၏ ကာကွယ်စောင့်ရှောက်သူ သည် ခရမ်းရောင်နက်နဲလောကဆီမှ ကျူးကျော်လာသည့် အချိန်တွင် အဘယ်ကြောင့် ဝင်ရောက်ကာ မတိုက်ခိုက်ရသနည်း။ ဟုန်ရွှမ်သည်သာ မျက်နှာထွက်ပြမည် ဆိုပါက ခရမ်းရောင်နက်နဲလောကဆီမှ အင်ပါယာသုံးယောက်တို့သည် ရောက်ရှိလာရဲလိမ့်မည် မဟုတ်ချေ။ သူတို့ပင်လျှင် ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး ရရှိပေလိမ့်မည်။

တကယ်တမ်း ပြောရမည်ဆိုလျှင် ဟုန်ရွှမ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်၏။ သို့ပေမဲ့ ကာကွယ်စောင့်ရှောက်သူတစ်ယောက်မျှသာလျှင် ဖြစ်သည်။ အားလုံးသောသူတို့သည် ၎င်းတို့၏ အကန့်အသတ်၌ တည်ရှိ၏။ ၎င်း၏ အထက်တွင် မြို့တော်ဝန်တစ်ယောက် တည်ရှိလို့နေသေး၏။ ထာဝရမြို့သည် မည်ကဲ့သို့သော အားအင်အဆင့်ကို ပိုင်ဆိုင်နေသနည်း။ အင်ပါယာ မည်မျှရှိသနည်း။ ၎င်း၏ မြို့ကြီးသည် တားမြစ်တည်နေရာထဲတွင် တည်ရှိနေသည်လား။

“တွေးကြည့်စရာတောင် မလိုဘူး”

လီယွင်သည် လက်ကို ယမ်းခါပြီးသည့်နောက် တစ်ဖက်လူများ၏ အတွေးကို တားဆီးလိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ထာဝရမြို့ဆိုတာ ကောင်းကင်မူလလောကကြီး ထဲမှာ တည်ရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ မူရင်းတည်ရှိခဲ့တဲ့အရာ မဟုတ်ဘူး။ ကောင်းကင်မူလလောကကြီးထက် ပိုပြီး အားကောင်းတဲ့ တခြားလောကကြီးဆီကနေ ရောက်ရှိလာတဲ့ လူတွေပဲလေ။ ထာဝရမြို့မှာရှိတဲ့ သက်ရှိတွေက သူတို့ကိုသူတို့ ကောင်းကင်မူလလောကကြီးရဲ့ သက်ရှိတွေလို့ မသတ်မှတ်ထားဘူး။ ဒါကြောင့် သူတို့က ကောင်းကင်မူလလောကကြီး ကို ကာကွယ်ဖို့အတွေး ဘယ်တော့မှရှိမှာ မဟုတ်ဘူး”

“မြေအင်မော်တယ်လောက ကလား” မုန့်ရှင်းကျီသည် အားပြတ်သလို မေးမြန်းလိုက်မိသည်။

“မဟုတ်ဘူး။ အဲထက် အားကောင်းတယ်” လီယွင်သည် ပြုံးကာ ဖြေလိုက်၏။

သူ၏ စကားစုများသည် တည်ငြိမ်လျက် ရှိနေသည် ဆိုသော်လည်း မုန့်ရှင်းကျီ၊ ဖန်းဟန်နှင့် အောင်းရွှမ်တို့၏ နားထဲတွင်တော့ မိုးကြိုးပစ်သံများကဲ့သို့ ဖြစ်တည်လျက် ရှိနေသည်။ လက်ရှိ မြေအင်မော်တယ်လောကကြီးသည် သူတို့ကို အသက်ရှူ၍ မရနိုင်သည်အထိ ဖိနှိပ်လျက် ရှိနေ၏။ ကံကောင်းစွာဖြင့် တည်နေရာ လမ်းကြောင်းကြီးက ပျက်စီးသွားခဲ့၏။ မဟုတ်ပါက သူတို့ကဲ့သို့ အင်ပါယာများသည် မြေအင်မော်တယ်လောကဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ယှဉ်ပြိုင်နိုင်ရန်အတွက် ယုံကြည်ချက် ရှိလိမ့်မည် မဟုတ်ချေ။

မထင်မှတ်ထားစွာဘဲ ပိုမိုကာ အားကောင်းသည့် လောကကြီးဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသော ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာသည်ကို မြင်ရသည့် အချိန်မှာတော့ သူတို့သည် တကယ့်ပင် ဆွံ့အလျက် ရှိနေမိ၏။

သို့ပေမဲ့ စီနီယာနန်းဆောင်သခင် တည်ရှိနေသည် ဖြစ်သောကြောင့် လောကကြီးသည် တည်ငြိမ်အေးချမ်းလျက် ရှိနေတုန်းပင်။ မြေအင်မော်တယ်လောကမှ လူများပင်လျှင် စီနီယာနန်းဆောင်သခင်၏ ရှေ့တွင် ပုရွက်ဆိတ်များ ကဲ့သို့ပင် အားနည်းလွန်းလှ၏။ ထိုသို့ဆိုလျှင် သူတို့ကကော။ သူတို့သည် ပုရွက်ဆိတ်ထက်ပင် ပိုမိုကာ သေးငယ်လှသည့် ပုရွက်ဆိတ် ပိစိကွေးလေးများပင် ဖြစ်ပေလိမ့်မည်။

“စီနီယာ... ထာဝရမြို့ရဲ့ နောက်ကွယ်မှာရှိတဲ့ လောကကြီးက တည်နေရာ ဖြတ်သန်းပြီးတော့ ရောက်ရှိမလာသေးဘူး မဟုတ်လား” အောင်းရွှမ်က တီးတိုးမေးမြန်းလိုက်၏။ သူသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲနှင့် ခရမ်းရောင် နက်နဲလောကကြီးကို ရင်ဆိုင်နိုင်ခဲ့၏။ သို့ပေမဲ့ မြေအင်မော်တယ်လောကနှင့် ရင်ဆိုင်ရမည် ဆိုလျှင်တော့ ခြားနားသည့် ဇာတ်ကြောင်းများ ဖြစ်သွားပေလိမ့်မည်။ ထာဝရမြို့၏ နောက်ဘက်တွင် ရှိနေသည့် လောကကြီးအတွက်တော့ သူသည် သေမတတ်ပင် စိတ်ပူပန်လျက် ရှိနေ၏။

ရန်သူများသည် ပိုမိုကာ အားကောင်းလာသည် ဆိုပါက သူတို့ လုပ်နိုင်စွမ်း၏ အထက်တွင် တည်ရှိနေမှာ သေချာ၏။ သူတို့အနေနှင့် ဘာလုပ်ရမည်နည်း။ ကောင်းကင်မူလလောကကြီးသည် ခုခံရန်အတွက် ဘာတစ်ခုမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သည် အသက်ရှင်သန်နိုင်ရန်အတွက် မနည်းပင် ရုန်းကန်ရပေလိမ့်မည်။

“စိတ်ချထားပါ”

လီယွင်သည် တစ်ဖက်လူများကို တည်ငြိမ်အေးဆေးစွာနေရန် ပြောဆိုလိုက်၏။ “ထာဝရမြို့က သူတို့ကိုယ်ပိုင် လောကကြီးဆီကို မပြန်နိုင်သေးဘူး။ ဒီတော့ အဲလောက ကလည်း ဒီကို ရောက်မလာနိုင်သေးဘူး”

“အင်း... ကျုပ်သိပြီ”

မုန့်ရှင်းကျီသည် မျက်မှောင်ကုတ်လိုက်မိသည်။ တစ်ဖက်လူ၏ ရှင်းပြချက်ကို ကြားရသည့် အချိန်မှာတော့ သူသည် စိတ်သက်သာရာရသလို ခံစားနေမိသည်။

ထာဝရမြို့သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကျင့်ကြံသူများ အခြေချရာနေရာ ဖြစ်သည်ဆိုလျှင်တောင်မှ အိမ်ခြေယာမဲ့များ ကဲ့သို့ပင် ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် ကြောက်စရာ မရှိတော့ချေ။ တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်တွင် ရှိသည့် လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ အစစ်အမှန် အင်မော်တယ်တစ်ယောက် လာရောက်ကာ တိုက်ခိုက်မည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။

“စီနီယာ”

မုန့်ရှင်းကျီသည် အသိဝင်သွားမိ၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “ဒါဆိုရင် အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာထဲကနေ ထွက်လာနိုင်တဲ့ တတိယမြောက်လူက ဘယ်သူလဲ”

လီယွင်သည် တိုက်ရိုက်ဆိုသလိုပဲ မဖြေဆိုခဲ့ချေ။ ထိုအစား လက်ဝါးကို ဖြန့်လိုက်၏။

မုန့်ရှင်ကျီသည် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။ “အင်ပါရီယာလက်နက်တစ်ခုက ကုန်သွားပြီလား။ လူနှစ်ယောက်ပဲ ကျုပ်သိသေးတယ်လေ”

“ဟုန်ရွှမ်အကြောင်း ခင်ဗျားသိသွားပြီ မဟုတ်လား”

လီယွင်သည် ပြုံးလိုက်မိ၏။ “ထာဝရမြို့ နောက်ကွယ်မှာ ရှိနေတဲ့ လောကကြီးရဲ့ သတင်းအချက်အလက်တွေ။ အဲအကြောင်းက တကယ့်ကို တန်ဖိုးဖြတ် မရဘူးလေ။ သတင်းအချက်အလက် တစ်ခုချင်းစီတိုင်းက တကယ့်ကို ကံကြမ္မာကောင်းချီးနဲ့ ထိုက်တန်တဲ့ အရာတွေကြီးပဲ။ အပြင်လောကမှာဆို ဒီသတင်းအချက်အလက်တွေက တကယ့်ကို ထိပ်တန်းလျှို့ဝှက်ချက်တွေပဲ။ တလောကလုံးကို ဗြောင်းဆန်သွားစေနိုင်တဲ့ အရာမျိုးပေါ့။ ဒီလိုအရာမျိုးကို အင်ပါရီယာလက်နက်တစ်ခုနဲ့ လဲလှယ်ပြီးတော့ ရယူနိုင်တယ်ဆိုတာ ထိုက်တန်ပါတယ်”

မုန့်ရှင်းကျီသည် တွေဝေငေးငိုင်စွာဖြင့် ကြည့်ရှုနေမိသည်။ “...........”

ထာဝရမြို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဝယ်ယူရန် သူ တစ်ခါမှ သူမတွေးတောခဲ့ဖူးချေ။ ကြောက်မက်ဖွယ်ရာကောင်းသည့် အင်အားစု ဖြစ်ကြောင်း သိရှိပြီးသည့်နောက် သူသည် သွားရောက် ရန်ပြုလိမ့်မည် မဟုတ်ချေ။

“ခင်ဗျား မေးခဲ့တဲ့ သတင်းအချက်အလက် တစ်ခုချင်းစီတိုင်းက ထိုက်တန်တဲ့ ဈေးနှုန်းပေးရတယ်” လီယွင်သည် ပခုံးတွန့်ကာဖြင့် ထူးမခြားနားသလို ပြောဆိုလိုက်၏။

All Chapters