ဒီလောက်ဆို နိုင်သွားပြီလား
Vol. 19 Ch. 266
ပိုင်လုံ နားရှုပ်သွားကာ တအံ့တသြ ပြန်မေးသည်။
" ဘယ်လို ..ဘာ လက်ဝါး .. "
ဟွမ်ယင်က ပြန်ပြော ၏။
" နှစ်ခါကြီးတော့ ထပ်မပြောချင်ဘူးရှင် ။ ဒီ လက်ဝါးသိုင်းက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာရှင် ခနနေ သိရမှာပါ "
ပိုင်လုံမှာ သူမကို ကြည့်ရင်း အနည်းငယ်ပင် စိုးရိမ်စိတ် ဝင်သွားရသည်။
" သူက ကိုယ့်ကိုကိုယ် တော်တော် ယုံကြည်ချက် ရှိတဲ့ပုံပါလား ။ ကြည့်ရတာ သူ့ရဲ့ ဘာဆိုလား ..လက်ဝါးသိုင်းက တော်တော်အစွမ်းထက်တယ်နဲ့တူတယ် ။ ငါ သေချာ သတိထားမှ ဖြစ်မယ် "
သူ တွေးလိုက်သည်။
ထိုအချိန်မှာပင် ဟွမ်ယင်က ရှေ့သို့ ခြေတစ်လှမ်း တိုးလာ၏။
ထို့နောက် ..
ဖြောင်း ..
သူမကိုယ်သူမ ပါးပြန်ချလိုက်တော့သည်။
ထိုအချိန်တွင် ထိုလက်ဝါးသိုင်းနှင့် ရင်းနှီးသည့် လောထျန်းနှင့် ချီရှောင်တို့ နှစ်ယောက်မှ လွဲ၍ ကျန်လူများအားလုံး အံ့သြမှင်သက်သွားကုန်၏။
ဘာတွေ ဖြစ်နေပါသနည်း။
တိုက်ပွဲပင် မစသေးဘဲ အဘယ့်ကြောင့် မိမိကိုယ်ကို ပြန်ရိုက်နေရပါသနည်း။
အားလုံး နာမလည်နိုင် ဖြစ်သွားကြသည်။
အထူးသဖြင့် ပိုင်လုံပင် .. သူသည် အစောက သတိကြီးကြီးထားနေခဲ့သော်လည်း ၎င်းကို မြင်သည်နှင့် ရုတ်တရက် ကြောင်သွားကာ ကြက်သေ သေသွား၏။
သို့သော် .. ထိုအချိိန်၌ ..
ဝီ ...
ဟွမ်ယင်က သူမ၏ မိုးကြိုးနတ်ဘုရားခန္ဓာကိုယ်ကို အသက်သွင်းကာ ပိုင်လုံရှေ့သို့ လျှပ်စီးအမြန်နှုန်းဖြင့် ရောက်လာသည်။
ပိုင်လုံ အံ့သြတုန်လှုပ်သွား၏။
ထို့နောက်တွင်မူ ..
ဖြောင်း ...
ဟွမ်ယင်က သူမ၏ လက်ဝါးသိုင်းဖြင့် ရိုက်ချလိုက်တော့သည်။ ပိုင်လုံမှာ မည်သို့မှပင် တုန့်ပြန်ချိန် မရလိုက်ဘဲ နောက်သို့ လွင့်ထွက်သွားတော့၏။
ဟွမ်ယင်က သူ့အား ပြန်ထရန် အခ္ငင့်အရေး မပေးဘဲ သူမ၏ မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်ကို သုံး၍ နေရာရွှေ့သွားကာ လက်ဝါးသိုင်းကွက် တစ်ကွက်ပြီး တစ်ကွက် သုံးပြီး ဆက်တိုက် ရိုက်လိုက်သည်။
လက်ဦးမှု ယူရန် ကျရှုံးသွားခဲ့သည့် ပိုင်လုံမှာ တုန့်ပြန်ရန် အချိန် မရလိုက်ဘဲ မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း လက်ဝါးချက် တစ်ရာကျော်ကို ခံလိုက်ရတော့၏။
" ငါ .. ငါ အရှုံးပေးပါပြီ "
ပိုင်လုံက ကူကယ်ရာမဲ့စွာဖြင့် အော်လိုက်သည်။
" ဟင် .. ဘာပြောလိုက်တယ် "
တဖက်မှဟွမ်ယင်မှာ မျှော်လင့်မထားသည့် စကားကြောင့် အံ့သြမှင်သက်သွား၏။
" ငါ အရှုံးပေးပါတယ်လို့ ပြောတာ "
ပိုင်လုံက ဒေါသတကြီး ပြန်ပြောသည်။
ဟွမ်ယင်၏ မျက်လုံးများ အရောင်လက်သွား၏။
" ရှင် တကယ်ကြီး အရှုံးပေးလိုက်တာပေါ့ ။ ဒါဆို .. ကျွန်မ နိုင်သွားပြီပေါ့ ၊ ဟား ဟား .. ကျွန်မ နိုင်ပြီ "
" ချီရှောင် ၊ လောထျန်း .. တွေ့လိုက်လား ။ နတ်ဘုရားမြို့တော်က နတ်ဘုရားသားတော်တွေတောင် အနိုင်မယူနိုင်တဲ့ သူကို ကျွန်မ အနိုင်ယူလိုက်နိုင်ပြီ "
" ကျွန်မရဲ့ ဘယ်ခေတ်မှာမဆို အတုမဲ့တဲ့ အကောင်းတကာ့ အကောင်းဆုံး မိုးကြိုးနတ်ဘုရားလက်ဝါးသိုင်း က နောက်ဆုံးတော့ ပြိုင်ဘက်ကို အနိုင်ယူလိုက်နိုင်ပြီ "
" ကျွန်မက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ "
ဟွမ်ယင်က ထိုသို့ ပြောကာ ခေါင်းမော့ပြီး ထပ်ရယ်လိုက်ပြန်သည်။ သူမ အလွန်ပျော်လွန်းသဖြင့် လေထဲသို့ပင် လွင့်မတတ် ဖြစ်နေ၏။
ဤသိုင်းကွက်ဖြင့် ရန်သူအား အနိုင်ယူဖူးသည်မှာ ယခုက ပထမဆုံးအကြိမ် မဟုတ်ပါလား။
ထို့အပြင် သူမရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်မှာလည်း အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်နေပါသေးသည်။
ထိုစဥ် ဘေးမှ ကြည့်နေသည့် လီချွမ်ကမူ ယင်ကောင်ကို စားထားမိသည့်အလား မျက်နှာကြီး ရှုံ့မဲ့နေ၏။
ထိုသို့ အရိုက်ခံလိုက်ရသည့် ပြိုင်ဘက်တစ်ယောက်ကို သူ မည်သို့ရှုံးနိမ့်ခဲ့ရပါသနည်း။
" နောက်တစ်ကြိမ် ဒီအကွက်နဲ့ ထပ်တိုက်ခိုက်ရင်တော့ သူ မနိုင်လောက်တော့ဘူး "
ချီရှောင်က ပွဲကိုကြည့်ကာ သုံးသပ်လိုက်သည်။
" ဟုတ်တယ် ၊ မိန်းကလေး သူ့ကိုယ်သူ ပြန်ရိုက်လိုက်တဲ့အကွက်က တကယ့်ကို မမျှော်လင့်ထားတဲ့ အရာမျိုးမို့ တဖက်လူက အံ့သြပြီး ရုတ်တရက် ကြောင်သွားတာ။ ပြီးတော့ သူ့ရဲ့ မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်ကလဲ တော်တော်ကို မြန်တယ်လေ ။ အဲ့တော့ သူသာ နည်းနည်းလက်ဦးမှု ရတာနဲ့ အဲ့အခွင့်ကောင်းကို ဆက်တိုက် အသုံးချလို့ ရသွားတာပေါ့ "
" ပိုင်လုံက အကြောင်း မသိထားလို့ ရှုံးသွားခဲ့ရတာ "
နတ်ဘုရားမြို့တော်လူများ လေသံတိုးတိုးဖြင့် တစ်ယောက်တစ်ခွန်း ပြောလိုက်ကြသည်။
" ဒီအကွက်က တကယ်ကြီး အလုပ်ဖြစ်သွားခဲ့တာလား "
လောထျန်းကမူ အံ့သြလွန်း၍ စကားပင် မဆိုနိုင် ပါချေ။
" ဟားဟား .. ရယ်ရလွန်းလို့ သေတော့မယ်ကွာ။ တကယ်ရယ်ရတာပဲ။ ပိုင်လုံ ၊ မင်းက အဲ့လိုကြီး ရှုံးသွားခဲ့တာပေါ့ "
ဟိုင်ရှက ကြမ်းပြင်တွင် လိမ့်ကာ ရယ်နေ၏။
" မင်း ... "
ပိုင်လုံက စိတ်ဆိုးမာန်ဆိုးဖြင့် သူ့ဓားကို မြှောက်ကာ ဟိုင်ရှအား တိုက်ခိုက်ရန် သွားလိုက်သည်။
ထိုစဥ် တဖက်မှ ချီရှောင်က ရှေ့တိုးလာပြီး ပြော၏။
" ယင်လေး ၊ နောက်တစ်ပွဲကို ငါ့တာဝန် ထားလိုက်ပါ "
" ဟင် .. ငါ ဆက်ပြီး တိုက်ခိုက်နိုင်ပါသေးတယ် "
ဟွမ်ယင်က ပြန်ပြောသည်။
ချီရှောင်က သူမမျက်နှာပေါ်မှ လက်ဝါးရာကြီးကို ကြည့်ကာ ခေါင်းယမ်း၏။
" နင် ခဏလောက် အနားယူသင့်တယ် "
သူမက ထိုသို့ပြောကာ ရှေ့သို့ ဆက်လျှောက်သွားပြီး ရှောက်ရအား ကြည့်လိုက်သည်။ သို့သော် သူမအကြည့်က ဟိုင်ရှ အပေါ်တွင်သာ နောက်ဆုံး ကျသွား၏။
" သခင်ကြီး ၊ ကျေးဇူးပြုပြီး အကြံအဉာဏ် ပေးပါရှင် "
သူမ ဆိုလိုက်သည်။
" ဟင် .. ငါ့ကို စိန်ခေါ်တယ်ပေါ့ ။ ငါက တချို့လူတွေလိုတော့ မတုံးဘူးနော် ။ ကိုယ့်ကိုကိုယ် ပါးပြန်ချတဲ့အကွက်က ငါနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး "
ချီရှောင်က သူ့စကားကို လျစ်လျူရှုကာ နတ်မီးငှက် မီးတောက်ကိုသာ တန်းပြီး သုံးလိုက်သည်။
ဝုန်း .
ကြောက်မက်ဖွယ် မီးတောက်များက ဟိုင်ရှတစ်ကိုယ်လုံးကို တမဟုတ်ချင်း လွှမ်းခြုံလာ၏။
" ဘာတွေလဲ .. "
ဟိုင်ရှတစ်ယောက် အလွန်အံ့သြ မှင်သက်သွားသည်။
ထိုအချိန်မှာပင် ချီရှောင်က လက်ကို ဝေ့ယမ်းလိုက်ရာ မီးတောက်ကြာပွတ်တစ်ခု ပေါ်လာ၏။
ဟိုင်ရှက သူ့ဓားဖြင့် ချက်ချင်း ပြန်ခုတ်လိုက်သဖြင့် မီးတောက်ကြာပွတ်ကြီး ပြိုကွဲသွားသည်။
သို့သော် .. ထိုစဥ်မှာပင် ထောင်ပေါင်းများစွာသော မီးတောက်ဓားများ အခြားတဖက်မှ ပေါ်လာပြီး သူ့အပေါ်သို့ မုန်တိုင်းကြီး တစ်ခုသဖွယ် ကျလာတော့၏။
" ဒါ .. "
ဟိုင်ရှ၏ မျက်နှာထား ချက်ချင်း ပြောင်းသွားကာ သူ့လက်ထဲမှ ဓားကလည်း ရုတ်တရက် အရောင်တလက်လက် တောက်လာသည်။
ထို့နောက်..
ဝုန်း ....
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ချီရှောင်၏ မီးတောက်ဓားများအားလုံး ဖျက်ဆီးခံလိုက်ရတော့၏။
" ဟင် ... "
၎င်းကို မြင်သောအခါ တဖက်မှ ဟွမ်ယင်နှင့် အခြားသုများ အံ့သြတုန်လှုပ်သွားကြကုန်သည်။
သူတို့၏ ပြိုင်ဘက် ဓားဝိဥာဥ်၏ အစွမ်းက အလွန်ကြောက်စရာ ကောင်းလှပေသည်။
သို့သော် .. ထိုအချိန်မှာပင်..
" ငါ အရှုံးပေးတယ် "
ဟိုင်ရှက ဒေါသတကြီး အော်ပြောလာ၏။
" ဟမ် .. ဘာဖြစ်လို့လဲ "
ချီရှောင် နားမလည်နိုင် ဖြစ်သွားသည်။
ဟိုင်ရှက ခေါင်းကုတ်ကာ ပြန်ဖြေ၏။
" ငါ ခုနက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ထက် ပိုတဲ့အစွမ်းကို သုံးလိုက်တာ။ သဘောကတော့ မင်းနဲ့ ကျင့်ကြံခြင်း တူတဲ့အခြေအနေမှာ ငါ မင်းကို မနိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒီတော့ မင်း နိုင်သွားပြီ "
သူက ထိုသို့ပြောပြီးသည်နှင့် ချက်ချင်း နောက်လှည့်၍ ထွက်သွားသည်။
ချီရှောင်မှာ ထိုအဖြစ်ကို မမျှော်လင့်ထားသဖြင့် အံ့သြမှင်သက်နေ၏။
" ကောင်းတယ် ၊ အခု မင်းတို့က ဓားဝိဥာဥ် နှစ်ယောက်ကို အနိုင်ယူလိုက်နိုင်ပြီဆိုတော့ တစ်ယောက်ပဲ ကျန်တော့တယ် "
သဘာဝ စိတ်ဝိဥာဥ်က ဆိုလိုက်သည်။
" ကောင်းပါပြီ ၊ ဒါဆို ဆက်ပြီး တိုက်ခိုက်လိုက်ကြတာပေါ့ "
ချီရှောင်က ပြောကာ နောက်ဆုံးဓားဝိဥာဥ် ရှောက်ရဘက် လှည့်လိုက်သည်။
ရှောက်ရက ခေါင်းလေးစောင်းကြည့်ကာ ပြန်ပြော၏။
" ငါကတော့ အဲ့လိုမလုပ်ဖို့ အကြံပေးချင်တယ်။ မင်းရဲ့ မျက်နှာ လှလှလေးကို ငါ့ကန်ချက်ကြောင့် မပျက်စီးစေချင်ဘူး "
" ရှင်က ... "
ချီရှောင်၏ မျက်နှာထား အနည်းငယ် ပြောင်းသွားသည်။
သို့သော် .. ထိုအချိန်တွင် လောထျန်းက ရုတ်တရက် ဝင်ပြောလာ၏။
" ဒီ နောက်ဆုံးပွဲကို ကျုပ်အတွက် ထားလိုက်ပါ "
သူ့စကားကြောင့် ချီရှောင် အံ့အားသင့်သွားပြီး လှည့်ကြည့်သည်။ ထို့နောက် ခေါင်းညိတ်၍ ပြော၏။
" သတိထားပါရှင် "
လောထျန်းက အပြုံးဖြင့် ရှေ့တိုးလိုက်သည်။
" ကဲ ..လာလေ ၊ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားဖို့ မလိုပါဘူး ။ ရှိသမျှ အစွမ်းကုန် သုံးပြီးတော့သာ တိုက်ခိုက်ပါ "
" မင်း ..ဘာပြောလိုက်တာ "
ရှောက်ရ မျက်ခုံးပင့်သွားသည်။
သူမ ရှေ့မှ လူငယ်က မောက်မာလွန်းလှပေသည်။
ကျင့်ကြံခြင်းအဆင့်ကိုပင် ဖိနှိပ်ထားစရာ မလိုဘူးတဲ့လား ။
" ကောင်လေး ၊ မင်း သေချာရဲ့လား "
ရှောက်ရက အေးစက်စက် မေးလိုက်သည်။
လောထျန်းက ခေါင်းညိတ်၍ ပြန်ပြော၏။
" ဒါပေါ့ဗျ "
ရှောက်ရက လောထျန်းအား အချိန်အတန်ငယ် ကြာ စိုက်ကြည့်နေပြီးမှသာ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ မင်းက သေချင်နေမှတော့လဲ မင်း ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ "
ဝုန်း ..
ချက်ချင်းပင် သူမကိုယ်မှ ကိုယ်အရောင်အဝါ ထိုးတက်လာ၏။
ဘုန်း ...
ခန်းမကြီး တစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ခါလာသည်။
" ဒါ ... တော်တော်အစွမ်းထက်တဲ့ အရောင်အဝါပါလား ။ ဒါ ..အဆုံးအစမဲ့ အဆင့် ၉ ရဲ့ ထိပ်ဆုံး ဖြင်နိုင်တယ်နော် "
" ဟုတ်တယ် ၊ ကောင်းကင်ဘုံ တံခါးဝအဆင့်ကို ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တာ "
" ဓားဝိဥာဥ်ကတောင် ဒီလောက်အစွမ်းထက်နေရင် .. သူ့သခင်သာဆို .. "
ချီရှောင်နှင့် ကျန်လူများအားလုံး အံ့သြတုန်လှုပ်သွားကြသည်။
ထိုစဥ် တဖက်မှ ရှောက်ရက လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ကာ လောထျန်းဆီသို့ လှောင်ပြုံးဖြင့် လျှောက်လာနေ၏။
" ကောင်လေး ၊ မင်း အခုတော့ နောင်တရနေပြီမလား။ ဘာဖြစ်လို့ ဒီလောက်တောင် အစွမ်းထက်ချင်ယောင်ဆောင်ပြီး မောက်မာနေရတာလဲကွယ် "
" ငါ အမုန်းဆုံးကလဲ မင်းတို့လို ယောကျ်ားတွေပဲ ။ အနားမှာ မိန်းမချောလေးတွေ ရှိတာနဲ့ မင်းတို့ကိုယ်မင်းတို့တောင် ဘာမှန်း မသိကြတော့ဘူး။ အတင်းတွေ ဟန်ဆောင်ပြီး ကြွားဖို့ပဲ ကြိုးစားနေကြတာ။ အခု ဘယ်လိုလဲ ၊ ကူကယ်ရာမဲ့ ဖြစ်သွားပြီလား။ ကြောက်နေပြီလား "
သူမက ပြောနေရင်းမှာပင် လောထျန်းရှေ့သို့ ရောက်လာသည်။
သူမ၏ ခြေထောက်များမှာလည်း ကြမ်းပြင်အထက် လေထဲတွင် ရောက်နေပြီး လောထျန်း၏ အပေါ်ဘက် ပေဝက်ခန့်အကွာတွင်ရပ်၍ လောထျန်းအား ငုံ့ကြည့်နေ၏။
သူမ၏ မျက်လုံးများကလည်း အထင်သေး ရွံရှာဟန် နှင့် လှောင်ပြောင်လိုဟန် အပြည့်ပင်။
သို့သော် လောထျန်းက မည်သို့မှ ပြန်မပြောဘဲ သူမကို ခေါင်းမော့ကြည့်ကာ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
' ဟင် .. "
ရှောက်ရ အံ့သြမှင်သက်သွား၏။
သူမ မည်သို့ဖြစ်နေသည်ကို နားမလည်နိုင်ခင်မှာပင် ....
သူမခေါင်းက လောထျန်းလက်ထဲ ရောက်သွားကာ အားပြင်းပြင်းဖြင့် ဆွဲချခြင်း ခံလိုက်ရတော့သည်။
ဘုန်း ..
ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံးက ကြမ်းပြင်ထဲ ကျွံဝင်သွားပြီး ခြေထောက်နှစ်ချောင်းသာ လေထဲတွင် တန်းလန်း ထောင်လျက်သား ဖြစ်သွား၏။
" ကျုပ် နိုင်သွားပြီလား "
လောထျန်းက သဘာဝ စိတ်ဝိဥာဥ်ဘက် လှည့်ကြည့်ကာ မေးလိုက်သည်။
" အမ် ... နိုင်သွားပြီ "
သဘာဝ စိတ်ဝိဥာဥ်မှာ လောထျန်းအား မျက်လုံးကြီး ပြူး၍ကြည့်နေ၏။
လောထျန်းသည် အခြားသူများနှင့် ကွဲပြားမှန်း သူ အစောကတည်းက သတိထားမိပြီး ဖြစ်ပါသည်။
သို့သော် .. ဤမျှ အစွမ်းထက်လိမ့်မည်ဟုမူ မထင်ထားခဲ့ပါချေ။
" ရှောက်ရ .. "
ပိုင်လုံက အော်ဟစ်ငိုကြွေးရင်း ရှောက်ရနားသို့ အပြေးသွားလိုက်သည်။
စာစဉ်ပြီး၏