ခွဲခွာခြင်းလက်ဆောင် အကြံပေးခြင်း
Vol. 19 Ch. 253
စိတ်စွမ်းအင်ဆေးပင်ကို ယူပြီးနောက် လောထျန်းတို့လူစု ထိုနေရာမှ ထွက်လာခဲ့ကြသည်။
ပြန်လာသည့် လမ်းတွင်မူ သူတို့ကြားမှ ဆက်ဆံရေးက လာစဥ်ကနှင့် မတူတော့ပေ။
အလာလမ်းတလျှောက်တွင် အားလုံးက ရယ်ရယ်မောမော ပြောပြောဆိုဆို ရှိနေခဲ့ကြသော်လည်း .. လက်ရှိ အချိန်တွင်မူ ကျောက်ရှုံးနှင့် ကျန်လူများက မည်သည့်စကားမှ မဆိုရဲကြဘဲ အသံတိတ်နေကြ၏။
သူတို့ထဲမှ အငယ်ဆုံး မိန်းကလေး ကျန်းယွမ်တစ်ယောက်သာ လောထျန်းဘေးတွင်နေ၍ ဟိုဟိုဒီဒီ ပြောပြီး လိုက်လာသည်။
လောထျန်းကလည်း အပြုံးဖြင့် တန်ပြန်စကားပြော၏။
နောက်ဆုံး .. အချိန်အတန်ကြာ လျှောက်လာပြီးမှသာ ကျောက်ရှုံးက စကားစသည်။
" အကိုထျန်း ၊ ကျုပ် တစ်ခုလောက် မေးလို့ရမလား "
" ရတာပေါ့ ၊ မေးပါ "
လောထျန်းက ပြန်ဖြေ၏။
" အကိုထျန်းက ဘယ်ကျင့်ကြံခြင်းအဆင့်မှာလဲ "
သူ ဆက်မေးလိုက်သည်။
" ကျုပ်လား .. ကျုပ်က စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၉ မှာလေ ။ အစောပိုင်းတုန်းကလဲ ပြောထားသေးတယ်မလား "
လောထျန်းက အပြုံးဖြင့်သာ ပြန်ဖြေသည်။
ကျောက်ရှုံး ပို၍ပင် အံ့အားသင့်သွားရ၏။
စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်၉ မှ လူတစ်ယောက်က ဤမျှ အစွမ်းထက်နိုင်သတဲ့လား ။
လောထျန်းက သူ့ကို တစ်ချက်လှည့်ကြည့်ကာ ပြောသည်။
" လူတစ်ယောက်ရဲ့ အစွမ်းကို သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ပဲ တိုင်းတာက ပုံမှန် ဆိုပေမယ့် အဲ့ဒါက အမြဲတမ်းတော့ မှန်မနေဘူး။ အပြင်ကအစွမ်းက ကျင့်ကြံခြင်းအဆင့်ထက် ပိုအစွမ်းထက်နေတဲ့သူတွေ အများကြီး ရှိကြတယ်ဗျ ။ ဒီတော့ နောက်တစ်ခါ တိုက်ပွဲတွေကျရင် တဖက်လူက ဘယ်လို ကျင့်ကြံခြင်းအဆင့် မျိုးမှာပဲရှိရှိ ၊ အစွမ်းကုန်ထုတ်ပြီး တိုက်ခိုက်သင့်တယ် "
ကျောက်ရှုံးတို့အားလုံး သူ့စကားကို လက်ခံကာ ခေါင်းညိတ်လိုက်ကြသည်။
ပြီးခဲ့သည့်တိုက်ပွဲက သူတို့ကို သင်ခန်းစာတစ်ခု သင်ပေးလိုက်သလိုပင် ။
ကျင်းချန်၏ ကျင့်ကြံခြငါးအဆင့်က လောထျန်းထက် ပိုမြင့်သော်လည်း သူက လောထျန်းကြောင့် စက္ကန့်ပိုင်းလေးအတွင်း သေခဲ့ရသည် မဟုတ်ပါလား။
သို့သော် ..လောထျန်းက ကောင်းကင်ဘုံ တံခါးဝ အဆင့်မှ ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်နိုင်ကြောင်းကိုသာ သူတို့ သိသွားခဲ့ပါက နေရာတွင်ပင် မေ့လဲကျသွားနိုင်၏။
" ကျေးဇူးအများကြီးတင်ပါတယ် အကိုထျန်း "
ကျောက်ရှုံးက အလေးနက် ဆိုလိုက်သည်။
" ဘာဖြစ်လို့ ကျေးဇူးတင်နေတာလဲ "
လောထျန်းက တအံ့တသြ ပြန်မေး၏။
" အကိုထျန်း ကျုပ်တို့ကို ကယ်တာ နှစ်ကြိမ်တောင် ရှိသွားပြီလေ ။ မနေ့က သားရဲနဲ့ တွေ့တုန်းက တစ်ကြိမ် ၊ ဒီနေ့ ကျင်းချန် နဲ့ တွေ့တော့ တစ်ကြိမ် ။ ပြီးတော့ အကိုထျန်းက ကျုပ်အတွက်လဲ လက်တုန့်ပြန်ခဲ့သေးတယ်ဗျ "
ကျောက်ရှုံးမှာ အစောပိုင်းက ကျင်းချန်၏ စကားများကို ပြန်တွေးမိကာ တိတ်တဆိတ် အံကြိတ်လိုက်သည်။
လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" ကျုပ်က ခင်ဗျားအတွက် တမင်လက်တုန့်ပြန်ဖို့ ရည်ရွယ်ခဲ့တာတော့ မဟုတ်ဘူးဗျ ။ ဒီကောင်က သေချင်ပြီးတော့ ကျုပ်ကို လာခြိမ်းခြောက်လို့ ဖြစ်သွားခဲ့တာ "
လောထျန်းပြောသည်မှာ မှန်ပါသည်။
အကယ်၍ ကျင်းချန်ကသာ သူ ကျောက်ရှုံးအား လှမ်းထိန်းလိုက်သည့် အချိန်တွင် အေးအေးဆေးဆေး ထွက်သွားခဲ့ပါက သူ ဘာမှ လုပ်မိမည် မဟုတ်ပါချေ။
ကျင်းချန်နှင့် ကျောက်ရှုံးတို့ကြားမှ ရန်ပွဲက သူနှင့် မည်သို့မှ မပတ်သက်ရာ သူ အေးအေးလူလူသာ ဆက်နေမိမည်ဖြစ်သည်။
ကျောက်ရှုံးက ခေါင်းယမ်း၍ ပြော၏။
" ဘယ်လိုအကြောင်းရင်းကြောင့် ဆိုတာကို ကျုပ် စိတ်မဝင်စားပါဘူးဗျာ ၊ အကိုထျန်းက ကျုပ်အတွက် လက်တုန့်ပြန်ပေးခဲ့တယ် ဆိုတာတော့ ငြင်းမရတဲ့ အချက်ပဲ။ ခုချိန်က စပြီးတော့ အကိုထျန်း အကူအညီလိုရင် တစ်ခွန်းတည်းသာ ပြောလိုက်ပါ ၊ ကျောက်ရှုံးဆိုတဲ့ ကျုပ်က အကိုထျန်းအတွက်ဆိုရင် မီးတောင်ရော ၊ ပင်လယ်ကိုပါ ဖြတ်နိုင်တယ်။ အသက်ကိုပါ စတေးရမယ်ဆိုရင်တောင် အသင့်ပါပဲဗျာ "
လောထျန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
" ကောင်းပါပြီဗျာ ၊ ကျုပ် မှတ်ထားပါ့မယ် "
သို့သော် ကျောက်ရှုံးအနေဖြင့် သူ့အပေါ် ကျေးဇူးပြန်ဆပ်ရန် မည်သို့သော အခွင့်အရေးမှ ရနိုင်မည် မဟုတ်ကြောင်းကို သူ သိထားပြီး ဖြစ်ပါသည်။
ဤသို့ဖြင့် မကြာမီမှာပင် သူတို့လူစု တောအုပ်အပြင်ဘက်သို့ ရောက်လာကြသည်။
သူတို့ ထွက်သွားပြီး မကြာခင်မှာပင် .. သားရဲတစ်ကောင်က ခိုးကြောင်ခိုးဝှက် ရောက်လာ၏။
" ဟိုကြောက်စရာ လူကြီးကတော့ ထွက်သွားပြီ ။ တော်သေးတာပေါ့ကွာ ... ငါတို့ကို အမဲလိုက်ဖို့ လာတဲ့သူလို့ ထင်နေတာ ။ ကြည့်ရတာ ဒီတိုင်း ဖြတ်သွားဖြတ်လာပဲနဲ့ တူပါတယ် '
သားရဲက သက်ပြင်းရှည်ကြီးချကာ စိတ်စွမ်းအင် ရေတံခွန်ဆီသို့ လျှောက်သွားလိုက်သည်။
ထိုနေရာသို့ ရောက်သည့်အချိန်တွင်မူ သူ့မျက်နှာ ကြက်သေ သေသွား၏။
" ငါ့ဆေးပင် ..ဘယ်ရောက်သွားပြီလဲ ၊ %##%# ငါ့ဆေးပင်ကို ဘယ်ကောင် ခိုးသွားတာလဲကွ "
သားရဲက ဒေါသတကြီးအော်ဟစ်ကာ ငိုကြွေးလိုက်တော့သည်။
အခြားတဖက်၌ ...
လောထျန်းတို့ လူစု ဖုန်းမိုတောင်မှ ထွက်လာပြီး မကြာခင်မှာပင် မြို့ငယ်လေး တစ်မြို့ဆီသို့ ရောက်သွားကြသည်။
ထိုနေရာ၌ ကျောက်ရှုံးတို့လူစု တောထဲမဝင်ခင် ချန်ထားခဲ့သည့် မြင်းများ ရှိ၏။
ထို့နောက်တွင်မူ အားလုံးက မြင်းများကို အသီးသီး စီးနင်းကာ ယွိဖုန်းဂိုဏ်းသို့ တဟုန်ထိုး ထွက်ခွာသွားကြတော့သည်။
ဤသို့ဖြင့် လမ်းခရီးတွင်ပင် နောက်ထပ်တစ်ရက် အချိန်ကုန်သွားခဲ့သည်။
သို့သော် မြောက်ပိုင်းနန်းတော် ဖွင့်ရန်မှာ ရက်အနည်းငယ် လိုသေးသည်ဖြစ်ရာ လောထျန်း ဤမျှ မစိုးရိမ်လှပါချေ။
ယခုခရီးကိုလည်း စိတ်အပန်းဖြေ ထွက်လာသည့် ခရီးဟုသာ သူ့စိတ်ထဲ သဘောထားထား၏။
နောက်တစ်နေ့မနက် အာရုဏ်ဦး အချိန်တွင်မူ သူတို့လူစု ယွိဖုန်းဂိုဏ်းသို့ ရောက်သွားကြသည်။
" ဝင်ခွင့်လက်ခံတဲ့ နောက်ဆုံးရက်မှာမှ ရောက်လာတာ တော်သေးတာပေါ့ "
ကျောက်ရှုံးနှင့် အခြားသူများမှာ ယွိဖုန်းဂိုဏ်း၏ အဝင်ဝ တံခါးကို မြင်လိုက်ရသည်နှင့် အလွန်စိတ်လှုပ်ရှား ပျော်ရွှင်သွားကြ၏။
" အကိုထျန်း ၊ လှေပျံ စီးဖို့ဆိုရင် ဟိုဘက်က တောင်ကို သွားရမှာဗျ ။ ကျုပ်တို့က အခု စာရင်းသွင်းရတော့မှာမို့ လိုက်မပို့နိုင်တော့လို့ပါ "
ကျောက်ရှုံးက အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။
လောထျန်းက ခေါင်းညိတ်ပြ၏။
" လိုက်ပို့ပေးဖို့ မလိုပါဘူးဗျာ ၊ ဒီအထိ ခေါ်လာပေးတာတောင် တော်လှပါပြီ "
ကျောက်ရှုံးက ခပ်ရှက်ရှက်ဖြင့် ခေါင်းကုတ်သည်။
" အကိုထျန်း ၊ ကျွန်မတို့တွေ နောက်ကျရင် ထပ်ဆုံဖြစ်ကြဦးမှာလား "
ထိုစဥ် ကျန်းယွမ်က လာထျန်းကို ကြည့်ကာ တွန့်ဆုတ်ဆုတ် မေးလာ၏။
လောထျန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
" တွေ့ဖို့ ကံကြမ္မာ ပါလာခဲ့ရင်တော့ သေချာပေါက် ထပ်တွေ့ကြမှာပါကွာ "
ထိုစကားကို ကြားသည်နှင့် ကျန်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။
" ကျွန်မကတော့ တွေ့ဖို့ ကံကြမ္မာ ပါလာတယ်လို့ ထင်တယ် "
လောထျန်းက နှုတ်ခမ်းတွန့်ရုံ ပြုံး၏။
ထို့နောက် သူ ကျန်းချင်ဘက် အကြည့်လွှဲလိုက်သည်။
" ကျန်းချင် ၊ ခင်ဗျားရဲ့ ဓားမုန်တိုင်း သိုင်းကွက်ကို လေ့ကျင့်တဲ့ပုံက မှားနေတယ် "
သူ ဆိုလိုက်သည်။
" ဟင် .. "
ဖြေဆိုရတော့မည့် ဝင်ခွင့်စာမေးပွဲကြောင့် အတွေးများနေသော ကျန်းချင်မှာ သူ့စကားကြောင့် အံ့သြမှင်သက်သွား၏။
" ဒီ မုန်တိုင်း ဓားသိုင်းကွက်က အမြန်နှုန်းကို အထူးပြုထားတာ မဟုတ်ဘဲ အင်အားကိုပဲ အထူးပြုထားတာ ။ နောက်တစ်ခါ ဒီသိုင်းကွက်ကို လေ့ကျင့်ရင် ဓားကို ဖြည်းဖြည်းလေးပဲ ဆွဲထုတ်ပြီးတော့ အားပိုထည့် လိုက်ပါ '
လောထျန်းက ပြောလိုကါသည်။
ယမန်နေ့ညက ကျန်းချင်တစ်ယောက် ဓားလေ့ကျင့်နေသည်ကို သူ သတိထား ကြည့်မိခဲ့ပါသည်။
သူမ လေ့ကျင့်နေခဲ့သည့် မုန်တိုင်း ဓားသိုင်းကွက်ကို သူကိုယ်တိုင် တတ်မြောက်ထားခဲ့ပြီ ဖြစ်သဖြင့် သူမ၏ အားနည်းချက်များကို သူ သတိထားမိခဲ့၏။
" အားသုံးရမှာတဲ့လား .. "
ကျန်းချင်မှာ ခေတ္တမျှ အံ့အားသင့်နေပြီးနောက် ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။
ဝုန်း ..
သူမ လောထျန်း၏ ညွှန်ကြားချက်အတိုင်း တသွေမတိမ်း လိုက်လုပ်လိုက်ရာ .. ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်းက တဝဝီမြည်သံပေး၍ ထွက်လာတော့၏။
" ဒီ .. သိုင်းကွက်က အရင်ကထက် အများကြီး ပိုပြီး အစွမ်းထက်လာတာပဲ "
သူမ အလွန်အံ့သြဝမ်းသာ သွားသည်။
ထို့နောက် သူမ လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ လောထျန်းက အခြားဘက်သို့ လမ်းလျှောက်ထွက်ခွာသွားနှင့်နေပြီကို တွေ့လိုက်ရသည်။
" အကိုထျန်း ၊ ကျေးဇူးတင်ပါတယ် "
ကျန်းချင်က အဝေးမှ လှမ်းအော်ပြောလိုက်သည်။
လောထျန်းမှာ နောက်လှည့်မကြည့်ဘဲ လက်တစ်ဖက်မြှောက်၍ ယမ်းပြပြီးသာ ရှေ့ဆက်လျှောက်သွား၏။
ဤသို့ဖြင့် ကျောက်ရှုံး လမ်းညွှန်သည့်အတိုင်း ဆက်လျှောက်သွားပြီး မကြာခင်မှာပင် လှေပျံရှိသည့် နေရာသို့ လောထျန်း ရောက်သွားသည်။
" သိုင်းပညာရှင်လေး ၊ လှေပျံစီးဖို့ လာခဲ့တာလားဗျ "
ယွိဖုန်းဂိုဏ်းသား တစ်ယောက်က အပြုံးဖြင့် မေးလာ၏။
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ကျုပ် မြောက်ပိုင်းဒေသက နတ်ဘုရားမြို့တော်ကို သွားချင်လို့ "
တဖက်လူက ချက်ချင်းပင် ရယ်ရယ်မောမော ပြန်ပြော၏။
" သိုင်းသမားလေးက တော်တော် ကံကောင်းတာပဲဗျာ ။ နောက်ထပ် နာရီဝက်နေရင် နတ်ဘုရားနန်းတော်ကို သွားမယ့် လှေပျံ ထွက်တော့မှာဗျ ။ အဲ့ထက် နောက်ကျမှ ရောက်လာရင် ဆယ်ရက်တောင် စောင့်ရမှာ "
" ဆယ်ရက်တောင် "
လောထျန်း အံ့အားသင့်သွားရသည်။
တဖက်လူက ခေါင်းညိတ်ကာ ပြန်ပြော၏။
" ဟုတ်တယ်ဗျ ၊ နတ်ဘုရားမြို့တော်ကို သွားနိုင်တဲ့ လှေက တစ်စင်ပဲ ရှိတာ ။ ကြားမှာ ဧရာမ ရွှံ့အိုင်ကြီးကို ဖြတ်ရတော့ သာမာန်လှေမျိုးနဲ့လဲ သွားလို့က မရဘူးလေ ။ ပြီးတော့ နတ်ဘုရားမြို့တော်ကို အသွားအပြန်ခရီးက ဆယ်ရက်တောင် ကြာတာဗျ "
လောထျန်း မျက်မှောင်ကြုံ့သွားရသည်။
" ဒါဆို ဒီကနေ နတ်ဘုရားမြို့တော်ကို ရောက်ဖို့ ငါးရက်တောင် သွားရတာပေါ့ "
တဖက်လူက အပြုံးဖြင့် ပြန်ပြော၏။
" ဟုတ်တယ်ဗျ ၊ ဒါတောင် တော်တော်မြန်လို့ "
လောထျန်းက ခေတ္တမျှ တုန့်ဆိုင်းနေပြိးမှသာ ပြန်ပြောလိုက်သည်။
" ဘယ်တတ်နိုင်မလဲလေ ၊ ငါးရက် ဆိုတော့လဲ ငါးရက်ပေါ့ ။ ကျုပ် လိုက်မယ် "
တဖက်လူက ချက်ချင်း ပြန်ပြော၏။
" ကောင်းပါပြီ ၊ သိုင်းသမားလေး ဘယ်လိုအခန်းမျိုး လိုချင်လဲဗျ ။ ဒီက အခန်းတွေကတော့ အဆင့် ၃ ဆင့် ရှိတယ် ။ ကောင်းကင်ဘုံအဆင့် ၊ ကမ္ဘာမြေ အဆင့် နဲ့ လူသား အဆင့် တို့ပေါ့ဗျာ ။ အဲ့ထဲမှာ ကောင်းကင်ဘုံအဆင့် အခန်းကတော့ အကောင်းဆုံးပဲ။ လူသားအဆင့် ကတော့ နည်းနည်း ပိုဆိုးတယ် ။ အဲ့ သုံးမျိုး အပြင်ကို ခန်းမကြီးထဲမှာ ကွပ်ပျစ်နဲ့ အိပ်ရာအကြီးကြီးလဲ ရှိသေးတယ်ဗျ ။ အဲ့မှာတော့ လူတွေ ရာချီပြီး နေလို့ရတယ် "
လောထျန်းက တုန့်ဆိုင်းမနေဘဲ ချက်ချင်းပင် ပြန်ပြောသည်။
" ကောင်းကင်ဘုံအဆင့် အခန်း "
တဖက်လူက ပြော၏။
" ကောင်းပါပြီ ၊ ကောင်းကင်ဘုံအဆင့် အခန်းကအဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သန်း ပါ "
" ဟင် . အဲ့လောက် စျေးကြီးတာလား"
လောထျန်း အံ့သြတကြီး ပြန်မေးလိုက်သည်။
တဖက်လူက အပြုံးဖြင့် ပြန်ပြော၏။
" သိုင်းသမားလေး ၊ ကျုပ်တို့ရဲ့ ကောင်းကင်ဘုံအဆင့် အခန်းက သန့်ရှင်းပြီး ခမ်းနားရုံတင်မကဘူး ၊ တော်တော်လဲ ကျယ်တယ်ဗျ ။ ဒီ့ထက်ပိုပြီး အရေးကြီးတာက အခန်းကို အသံလုံတဲ့ စနစ်ပါ ထည့်ပေးထားတာ ၊ ပြီးတော့ စိတ်ဝိဥာဥ်တွေကိုလဲ စုဆောင်းလို့ရတယ် ။ ဒီ အချက်နှစ်ခုနဲ့တင် ပေးရတဲ့စျေးနဲ့ တန်နေပါပြီဗျာ "
လောထျန်း သူ့ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ ၊ ဒါဆိုလဲ ကျုပ်ကို တစ်ခန်းပေးဗျာ "
လောထျန်းက ထိုသို့ပြောပြီးသည်နှင့် သူ့ဟင်းလင်းပြင် လက်စွပ်ကို မထူးခြားဟန်ဖြင့် ထုတ်လိူက်သည်။ ထို့နောက် အထဲမှ အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး တစ်သန်းကို ယူကာ တဖက်လူဆီသို့ လှမ်းပေးလိုက်၏။
တဖက်လူမှာ သူ့ရှေ့မှ စိတ်စွမ်းအင် ကျောက်တုံးများကို တလှည့် ၊ လောထျန်း၏ ဟင်းလင်းပြင်လက်စွပ်ကို တလှည့် ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" ကောင်းပါပြီ သိုင်းသမားလေး ၊ ကျုပ် ချက်ချင်း စီစဥ် ပေးပါ့မယ် "
သူက ပြောပြောဆိုဆိုပင် လက်မှတ်တစ်စောင်ကို ထုတ်ကာ လောထျန်းအား ကမ်းပေးလိုက်သည်။
" ဒါက အခန်းအတွက် လက်မှတ်ပါ သိုင်းသမားလေး ၊ လှေပေါ်ကို တက်သွားတာနဲ့ တစ်ယောက်ယောက်က သိုင်းသမားလေးကို နေရာချပေးပြီး လိုတာတွေ စီစဥ်ပေးပါလိမ့်မယ် "
သူ အပြုံးဖြင့် ဆို၏။
လောထျန်းက ခေါင်းညိတ်ကာ လက်မှတ်ကို ယူပြီး လှေပျံဆီသို့ လျှာက်သွားလိုက်သည်။