မိုးကြိုးနတ်ဘုရားခန္ဓာကိုယ်
Vol. 19 Ch. 254
မကြာမီမှာပင် ဧရာမ လှေပျံကြီး တစ်ခုရှေ့သို့ လောထျန်း ရောက်သွားသည်။
ထိုသို့သော အရာမျိုးကို သူ ယခုမှသာ ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော်ယခင်တစ်ကြိမ် သူ လှေပျံနှင့် တွေ့ခဲ့စဥ်၌ ၎င်းကို သူကိုယ်တိုင် မတော်တဆ ဖျက်ဆီးမိခဲ့သောကြောင့်ပင်။
ထိုစဥ်က သူ နှင့် လှေပျံမှာ အလွန်ဝေးလွန်းနေသဖြင့် အနားသို့ ရောက်သွားသည့်အချိန်တွင် ၎င်းမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးကာ ကျိုးပဲ့နေခဲ့လေပြီ ။
သို့ဖြစ်ရာ ယခုမှသာ လှေပျံကြီးကို အကောင်းအတိုင်း သေချာမြင်ဖူးခြင်းဖြစ်ပါသည်။
လောထျန်းမှာ သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသားပင် ဖြစ်နေ၏။
ဤလှေပျံကြီးက သူ့ယခင်ဘဝမှ လေယာဥ်ပျံများထက် အဆများစွာ ပိုကြီးပြီး ပုံစံမှာလည်း လေယာဥ်တင် သင်္ဘောကြီးနှင့်ပင် တူနေသေးတော့သည်။
၎င်းလှေပျံ၏ ဘေးပတ်လည်တွင်မူ အစီအမံများ ၊ ထွင်းစာများဖြင့် လွှမ်းခြုံထား၏။
လောထျန်း သေချာကြည့်လိုက်သောအခါ အစီအမံများ၏ တစ်ဝက်မှာ အကာအကွယ် အစီအမံများဖြစ်ပြီး ကျန်တစ်ဝက်ကမူ လေထဲပျံစေသည့် အစီအမံများ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုအစီအမံများကြောင့်လည်း လှေကြီးက လေပေါ်ပျံနိုင်ခြင်းပင်။
" သိုင်းသမားလေး ၊ လက်မှတ် ပြပေးပါဦး "
ထိုစဥ် ယွိဖုန်းဂိုဏ်းမှ လူတစ်ယောက်က လောထျန်းအနား ရောက်လာကာ ပြော၏။
လောထျန်းက သူ့လက်ထဲမှ လက်မှတ်အား ထိုလူဆီသို့ ပစ်ပေးလိုက်သည်။
တဖက်လူမှာ လက်မှတ်ကို မြင်သည်နှင့် ခေတ္တမျှ အံ့သြမှင်သက်နေသေး၏။ ထို့နောက်မှသာ ချက်ချင်း ပြုံး၍ ဆိုလိုက်သည်။
" ဧည့်သည်လေး ၊ ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ပါ "
သူက ထိုသို့ပြောကာ လောထျန်းအား လှေပျံကြီး၏ အပေါ်ထပ်မှ အခန်းတစ်ခန်းဆီသို့ ခေါ်သွားလိုက်သည်။
" ဒီ အခန်း နံပါတ် ၃ က ဧည့်သည်လေးရဲ့ အခန်းပါ "
ထိုလူက အပြုံးဖြင့် ပြော၏။
လောထျန်းက အခန်းကို လှည့်ပတ်ကြည့်လိုက်ပြီး စိတ်ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်သည်။
အခန်း၏ စျေးမှာ မသေးလှသော်လည်း အခန်း၏ အပြင်အဆင်နှင့် အကျယ်အဝန်းမှာ စိတ်ကျေနပ်လောက်စရာပင် ။
" ဧည့်သည်လေးက ဘယ် ဂိုဏ်းကလဲဗျာ "
ယွိဖုန်းဂိုဏ်းမှ လူက လောထျန်းကို အပြုံးဖြင့် မေးလာ၏။
" ဘာဖြစ်လို့လဲ ၊ ကိစ္စ တစ်ခုခု ရှိလို့လား "
လောထျန်းက သူ့အား ပြန်ကြည့်လိုက်သည်။
" ဘာမှ မဖြစ်ပါဘူးဗျာ ၊ ဒီတိုင်း မေးကြည့်တာပါ "
တဖက်လူက အပြုံးမပျက် ပြန်ပြော၏။
လောထျန်း ပြုံးလိုက်သည်။
" ကျုပ်က တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပါ "
ထိုစကားကို ကြားသောအခါ တဖက်လူ၏ အပြုံးက ပို၍ပင် ကြီးသွား၏။
" ဒါဆို ဧည့်သည်လေးကို တစ်ခု သတိပေးထားရဦးမယ် "
" အမ် .. "
လောထျန်း သူ့အား ထပ်ကြည့်လိုက်သည်။
တဖက်လူက တီးတိုး ဆက်ပြော၏။
" ခုချိန်က လှေပျံပေါ်မှာ သိပ်ပြီး အန္တရာယ်မကင်းဘူးဗျ "
" ဟင် .. အဲ့ဒါ ဘာ အဓိပ္ပါယ်လဲ "
လောထျန်း အံ့အားသင့်သွားရသည်။
တဖက်လူက စကားဆက်၏။
" ဧည့်သည်လေးက နတ်ဘုရားမြို့တော်ကို မြောက်ပိုင်းနတ်နန်းတော်ကိစ္စကြောင့် သွားမှာ မဟုတ်လား "
လောထျန်း မည်သို့မှ ပြန်မပြောချေ။
ထိုလူက ဆက်ပြောသည်။
" ဒီတစ်ခေါက် နတ်ဘုရားမြို့တော်က အချိန်မကျသေးဘဲနဲ့ သူတို့ရဲ့ မြောက်ပိုင်းနန်းတော်ကို အပြင်လူတွေ ဝင်နိုင်အောင် ဖွင့်ပေးမယ်လို့ ကြေငြာထားတာဗျ ။ ပြီးတော့ ဝင်ခွင့်ပြိုင်ပွဲကို အောင်တဲ့ ဘယ်သူမဆို ဝင်နိုင်တယ်လို့လဲ ပြောထားသေးတယ်။ ဒါ့ကြောင့်မို့ အခု နတ်ဘုရားမြို့တော်မှာ အုန်းအုန်းကြွက်ကြွက် ဖြစ်နေကြတာ "
" နေရာစုံက အစွမ်းထက် ကျင့်ကြံသူတွေကလဲ နတ်ဘုရားမြို့တော်ကို အသည်းအသန် သွားနေကြတာပေါ့ဗျာ ။ အခု ကျုပ်တို့ လှေပေါ်မှာတောင် လူတွေ ထောင်ပေါင်းများစွာ ပါတယ်။ နေရာစုံက လူစုံဆိုတော့ အကျင့်စရိုက်လဲ ပေါင်းစုံပဲဗျ ။ တချို့ဆို အင်မတန်အန္တရာယ်များတဲ့ သူတွေမို့ တခြားသူတွေကို ပြဿနာ ရှာနိုင်တယ်။ ဆိုတော့ ဧည့်သည်လေး အနေနဲ့ နတ်ဘုရားမြို့တော်ကို မရောက်ခင် ကြားထဲမှာ အပြင်မထွက်ပဲ အခန်းထဲမှာပဲ နေဖို့ အကြံပေးချင်တယ် "
သူ့စကားကို ဆုံးအောင် နားထောင်ပြီးသွားသောအခါ လောထျန်း ခေါင်းညိတ်လိုက်သည်။
" အဲ့ဒီ အန္တရာယ်များတဲ့ သူတွေက ဘယ်သူတွေလဲ "
တဖက်လူ ခေါင်းကုတ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ရုတ်တရက် အရောင်လက်သွားကာ ပြတင်းပေါက်သို့ လက်ညိုးညွှန်၍ ပြော၏။
" ဟို မိန်းကလေးကို တွေ့လား "
လောထျန်းက သူညွှန်ပြသည့်နေရာသို့ လှမ်းကြည့်လိုက်ရာ လှေပျံ၏ လှေဦးထိပ် ကုန်းပတ်တွင် မာထန်သည့် မျက်နှာထားဖြင့် ရပ်နေသော အဝါရောင် ဝတ်စုံနှင့် မိန်းကလေးကို တွေ့သွားသည်။
မိန်းမပျိုမှာ ချောမောလှပသော မျက်နှာရှိပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း ရင်ဖွံ့ထွား၊တင်ကားကာ အလွန်လှ၏။ သို့သော် သူမ၏ ပတ်ပတ်လည် သုံးပေခန့် အကွာတွင်မူ မည်သူမှ ရှိမနေပါ။
တဖက်လူက စကားဆက်သည်။
" အဲ့ဒီ မိန်းကလေးက ကောင်းကင်နဲ့ မြေကြီးကို အံတုနိုင်တဲ့ ပါရမီရှင်တစ်ယောက်ပဲဗျ ။ သူက အခုမှ အသက် ၁၇ နှစ်ပဲ ရှိသေးတာတောင် ထုံရွှယ်အဆင့်ကို ရောက်နေပြီ "
" ဘယ်လို .. ထုံရွှယ်အဆင့် "
ဤတစ်ကြိမ်တွင်မူ လောထျန်း အမှန်တကယ်ပင် အံ့အားသင့်သွားရ၏။
သူ အစွမ်းမထက်လာစဥ်က အသက်လေးဆယ်ကျော် ရှိနေပြီဖြစ်သည့် သူ့အဖေ လောဖုန်းသည်ပင် စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်၌သာရှိပါသေးသည်။
သို့သော် .. ယခု ထိုအမျိုးသမီးငယ်လေးက ထုံရွှယ်အဆင့်သို့ပင် ရောက်နေပြီတဲ့လား
ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းကိုသာ ကြည့်ပါက သူမသည် ပျောင်ပိုင်မြို့မှ ပါရမီရှင်များအားလုံးထက်ပင် ပိုကြောက်စရာ ကောင်းနေခဲ့လေပြီ ။
တဖက်လူက ပြန်ပြော၏။
" ဟုတ်တယ်ဗျ ၊ ဒါတောင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က သူ့ရဲ့ အစွမ်းအထက်ဆုံးအရာ မဟုတ်သေးဘူး "
" ဒါ ဘာအဓိပ္ပါယ်လဲ "
လောထျန်း မေးလိုက်သည်။
" သူ့ရဲ့ ထူးခြားတဲ့ စိတ်စွမ်းပင်ပင်လယ်ဗျ "
ယွိဖုန်းဂိုဏ်းမှ လူက ကြောက်ရွံ့နေဟန်ဖြင့် ပြန်ပြော၏။
" သူ့မှာ ဘယ်လို ထူးခြားတဲ့စိတ်စွမ်းအင် ပင်လယ်မျိုး ရှိလို့လဲ '"
လောထျန်း ပိုသိချင်သွားသည်။
" မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်ဗျ ၊ သူ့ရဲ့ စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းလိုက်တာနဲ့ အမြန်နှုန်းက လျှပ်စီးလိုကို မြန်သွားတယ်။ ပြီးတော့ တိုက်ခိုက်တဲ့အချိန်မှာလဲ လျှပ်စီးတွေ တဖျတ်ဖျတ် လက်သေးတယ်ဗျ ။ သူက လှေပျံပေါ်ကို မနေ့က ရောက်လာတာ ။ သူ ရောက်လာပြီးတော့ ဓားပြ တစ်ဖွဲ့နဲ့ ပြဿနာတက်သွားသေးတယ်။ တဖက်က အဖွဲ့မှာက လူပေါင်း ၂၀ ကျော်လောက် ပါပြီးတော့ ထုံရွှယ်အဆင့် ကျင့်ကြံသူ ၆ ယောက်တောင် ပါတာ။ ဒါပေမယ့် . ရလဒ်က ဘယ်လိုဖြစ်သွားတယ်ထင်လဲ ခန့်မှန်းကြည့်ပါဦး "
ထိုလူက မေးခွန်းထုတ်ကာ အဖြေကို စောင့်နေဟန်ဖြင့် ခနရပ်လိုက်သည်။
သို့သော် လောထျန်းက မည်သည့်စကားမှ မဆိုဘဲ သူ့ကိုသာ ကြည့်နေ၏။
တဖက်လူမှာ သူလိုချင်သည့် တုန့်ပြန်မှုမျိုးမရသဖြင့် အိုးတို့အမ်းတမ်း စကားဆက်သည်။
" မိန်းကလေးက ဆယ်စက္ကန့်လောက် အချိန်အတွင်းမှာ ဓားပြတစ်ဖွဲ့လုံးကို အပြောင်ရှင်းပစ်ခဲ့တာဗျ ။ သူကိုယ်တိုင်တော့ ဘာဒဏ်ရာမှ ရမသွားခဲ့ဘူး ။ ဘယ်လောက်ကြောက်စရာ ကောင်းလိုက်သလဲဗျာ "
ထိုစကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။
တစ်ယောက်တည်းဖြင့် လူ ၂၀ ကျော်ကို တိုက်ခိုက်ကာ ထိုရလဒ်မျိုး ရခဲ့ခြင်းက အထင်ကြီးစရာပင် ။
ထိုမိန်းမပျိုက အမှန်တကယ် အစွမ်းထက်ပေသည်။
" ကဲ .. ဧည့်သည်လေး ၊ တခြား အန္တရာယ်ရှိတဲ့သူတွေ အကြောင်းကိုတော့ ကျုပ် ဆက်မပြောတော့ပါဘူးဗျာ ။ ဒါပေမယ့် အခန်းပြင်ကို လွယ်လွယ်တော့ မထွက်နဲ့နော် ။ ကျုပ် သွားလိုက်ဦးမယ် "
ယွိဖုန်းဂိုဏ်းမှ လူက ထိုသို့ နှုတ်ဆက်စကားဆိုကာ နောက်လှည့်၍ ထွက်ခွာသွား၏။
လောထျန်းမှာ သူ့စကားကို ဤမျှ အရေးမထားလှပါချေ ။
သို့သော် သူ ယမန်နေ့ညက ကောင်းကောင်း မအိပ်ခဲ့ရသဖြင့် ယခု သူ့ရှေ့တွင် ရှိနေသည့် အိအိစက်စက် မွေ့ယာကို ကြည့်ကာ ချက်ချင်း လှဲချလိုက်သည်။
" ငါးရက်တောင် ဆိုတော့ အရင်အိပ်လိုက်ဦးမယ်ကွာ "
သူ တဝါးဝါး သန်းဝေကာ မကြာမီမှာပင် အိပ်မောကျသွားတော့သည်။
မကြာမီမှာပင် ..
ဘုန်း ..
လှေပျံကြီးက စတင်လှုပ်ရှားလာကာ လေထဲသို့ ပျံတက်လိုက်သဖြင့် လောထျန်း နှိုးသွားသည်။
သူ ပြတင်းပေါက်မှ ကြည့်ပြီး အံ့အားသင့်သွား၏။
" ဝိုး ..လှေကြီးက ဒီလောက်ကြီးတာတောင် တော်တော်မြန်တာပဲ "
သူ တအံ့တသြ ရေရွတ်လိုက်သည်။
သို့သော် အချိန်အတန်ငယ်ကြာ ကြည့်ပြီးနောက်တွင်မူ သူ ပျင်းလာကာ ပြန်အိပ်ပျော်သွား၏။
ဤတစ်ကြိမ်တွင်မူ သူ မည်မျှကြာအောင် အိပ်လိုက်မိမှန် မသိပါချေ။
သူ နိုးလာသည့်အချိန်တွင် နေပင် အတော်စောင်းနေခဲ့လေပြီ ။
" အားလုံးကို အသိပေးပါတယ် ၊ ရှေ့နားကျရင် ကျုပ်တို့လှေကြီး ရွှံ့အိုင်ပေါ်ကို ဖြတ်ရပါတော့မယ်။ အဲ့ကျရင် သားရဲတွေရဲ့ တိုက်ခိုက်တာကို ခံကောင်း ခံရနိုင်တာမို့ ကိုယ့်ရဲ့အစွမ်းကို ယုံကြည်ချက် မရှိဘူးဆိုရင် ကုန်းပတ်ပေါ်မှာ မနေကြဖို့ အကြံပေးချင်ပါတယ် "
တံခါးအပြင်ဘက်တွင် ယွိဖုန်းဂိုဏ်းမှ လူတစ်ယောက်၏ အော်နေသံကိုလည်း ကြားလိုက်ရသည်။
" ရွှံ့အိုင်ကြီး ဆိုပါလား ၊ သားရဲတွေလဲ တိုက်ခိုက်နိုင်တယ်တဲ့ "
ထိုစကားကို ကြားကြားချင်းပင် လောထျန်း အလွန်စိတ်ဝင်စားသွား၏။
ထို့နောက် သူ ချက်ချင်းပင် အခန်းတံခါးဖွင့်၍ ကုန်းပတ်ပေါ်သို့ သွားလိုက်သည်။
ထိုအချိန်တွင် ကုန်းပတ်ပေါ်၌ သူကဲ့သို့ စပ်စုလိုသူများ ရာနှင့်ချီ ရှိနေပြီး ရွံ့အိုင်ထဲမှ သားရဲက မည်သို့ရှိသည်ကို ကြည့်ရန် စိတ်ဝင်တစား စောင့်နေကြ၏။
လူအုပ်ထဲတွင် အစောက ယွိဖုန်းဂိုဏ်းမှ လူ မိတ်ဆက်ပေးထားသည့် မိုးကြိုးနတ်ဘုရားခန္ဓာကိုယ်နှင့် မိန်းမပျိုကိုလည်း သူ တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူမသည် အနီးနားရှိ မည်သူ့ကိုမှ ဂရုမစိုက်ဟန်ဖြင့် မျက်နှာမာထန်စွာ ရပ်နေ၏။
လောထျန်းက သူမကို တစ်ချက်သာ ကြည့်ပြီး အခြားဘက်သို့ အကြည့်လွှဲလိုက်သည်။
သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ လှေပျံကြီး၏ အောက်တွင် မြုမှုန်များက သိပ်သည်းစွာ ရှိနေသဖြင့် ဘာကိုမှ မမြင်နိုင်သည်ကို တွေ့လိုက်ရသည်။
လောထျန်းမှာ သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ စစ်ဆေးကြည့်ချင်စိတ်အား မနည်းပင် ချိုးနှိမ်ထားလိုက်ရ၏။ လက်ရှိ လှေပျံပေါ်တွင် မြောက်များစွာသော လူများ ရှိနေပေရာ သူ့ စိတ်ဝိဥာဥ်အစွမ်းကိုသာ ထုတ်သုံးမိလိုက်ပါက သူ မည်သူဆိုသည်ကို သိသွားကြပေလိမ့်မည်။
သို့သော် ..ထိုအချိန်မှာပင် ..
" ဝူး ... "
မြူထု၏ အောက်ဘက်မှ အော်ညည်းသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက်တွင်မူ ...
ဘုန်း ...
မြူမှုန်များ ပြိုကွဲသွားကာ ကြားထဲမှ ဧရာမ အရိပ်ကြီးတစ်ခု တိုးထွက်လာ၏။ ၎င်းက ကြီးမားသော ပါးစပ်ကြီးကို ဖွင့်၍ လှေပျံကြီးအား တိုက်ခိုက်ရန် ပြင်လိုက်သည်။
" အဲ့ဒါ ဘာကြီးလဲ "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်သွားကြကုန်၏။
အချို့သူများ ဆိုလျှင် ခြေခိုင်ခိုင်ပင် မရပ်နိုင်ကြဘဲ ကြမ်းပြင်သို့ လဲကျသွားကြသည်။
ထို့နောက် ရှိသမျှ လူများ အားလုံးနီးပါးပင် နောက်လှည့်၍ ထွက်ပြေးသွားလိုက်ကြသည်။
ကုန်းပတ်တစ်ခုလုံးပေါ်တွင် လူနှစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။