← Chapters

နှာဘူးကြီး

Vol. 19 Ch. 256

နှာဘူးကြီး

Vol. 19 Ch. 256

" ပြောချင်တာ တစ်ခုခု ရှိလို့လား "

လောထျန်းက တဖက် မိန်းကလေးကို ကြည့်ကာ မေးလိုက်သည်။

မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်က လောထျန်းကို ကြည့်ကာ ပြန်ပြော၏။

" ကျွန်မနဲ့ တိုက်ခိုက်ပါ "

" အမ် ... "

လောထျန်း အံ့သြမှင်သက်သွားရသည်။

တဖက်လူက မည်သို့ စဥ်းစားနေပါသနည်း။

မည်သို့သော အကြောင်းရင်းမှ ထွေထွေထူးထူး မရှိပါဘဲ သူနှင့် တိုက်ခိုက်ချင်သည်တဲ့လား ။

" ကျွန်မ ရှင့်ကို အနိုင်မကျင့်ပါဘူး ။ ကျွန်မရဲ့ ကျင့်ကြံခြင်းကို စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၉ ကို ဖိနှိပ်ထားပြီးမှ တိုက်ခိုက်မှာပါ "

မိန်းမပျိုက ဆက်ပြော၏။ စကားဆုံးသည်နှင့် သူမ၏ ကိုယ်အရောင်အဝါမှာလည်း တဖြည်းဖြည်း အစွမ်းလျော့လာသည်။

" ဒါ ... "

လောထျန်း ပို၍ နားမလည်နိုင် ဖြစ်သွားရ၏။

" မင်းက ဘာဖြစ်လို့ ကျုပ်နဲ့ တိုက်ခိုက်ချင်ရတာလဲ "

သူ မေးလိုက်သည်။

" ညနေတုန်းက သားရဲကို မြင်လိုက်ရတဲ့အချိန်မှာ မကြောက်ဘဲ ကျန်ခဲ့တာဆိုလို့ ရှင်နဲ့ ကျွန်မပဲ ရှိတာလေ ။ ဆိုတော့ ရှင်က အစွမ်းထက်တဲ့ သူတစ်ယောက်ပဲ ဖြစ်ရမယ် ။ ကျွန်မက အစွမ်းထက်တဲ့ သူတွေနဲ့ တိုက်ခိုက်ချင်နေတာ "

မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်က ပြန်ပြောသည်။

" တစ်ခုတော့ ကြိုပြီး သတိပေးထားမယ်နော် ။  ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားတယ် ဆိုပေမယ့် ကျွန်မရဲ့ အမြန်နှုန်းကတော့ သိပ်ပြီး လျော့သွားမှာ မဟုတ်ဘူး "

မိန်းမပျိုက ထိုသို့ပြောပြီးသည်နှင့် သူမ၏ မိုးကြိုးနတ်ဘုရားခန္ဓာကိုယ်ကို အသက်သွင်းကာ လောထျန်းဆီသို့ ဝုန်းခနဲ တိုးဝင်လာ၏။

သို့သော် သူမ လောထျန်းရှေ့သို့ ရောက်ခါနီးမှာပင် သူမကိုယ်ပေါ်၌ လျှပ်စီးတန်းများ ဖျတ်ခနဲ လက်သွားပြီး အခြားတဖက်ဆီသို့ လှစ်ခနဲ ရောက်သွားပြန်သည်။

ထို့နောက် လောထျန်းက လှည့်မကြည့်နိုင်သေးခင်မှာပင် .. အခြားတဖက်သို့ ရောက်သွားပြန်၏။

" ဟားဟား .. ဘယ်လိုလဲ ၊ ကျွန်မရဲ့ အမြန်နှုန်းကို လိုက်မမှီနိုင်တော့ဘူး မဟုတ်လား ။ ကျွန်မနဲ့ အဆင့်တူတဲ့ ကျင့်ကြံသူ မိတ်ဆွေတွေထဲမှာတော့ ကျွန်မက အမြန်ဆုံးပဲရှင့်။ တကယ်လို့ ကျွန်မထက် ကျင့်ကြံခြင်း အဆင့် ၂ ဆင့်လောက် မြင့်တဲ့သူနဲ့ တိုက်ခိုက်ရင်တောင် ကျွန်မရဲ့ အမြန်နှုန်းကိုတော့ အထင်သေးလို့ ရမှာမဟုတ်ဘူး။ ဘယ်လိုလဲ  ..အခု ကျွန်မကို သေချာတောင် မမြင်ရဘူးမဟုတ်လား "

" ဟား ဟား ..  မတိုက်ခိုက်သေးဘူးလား .. ၊ ကျွန်မကို တိုက်ခိုက်လေ  ၊ တိုက်ခိုက်ချင်ပေမယ့်လဲ တိုက်ခိုက်လို့ မရဘူး ဖြစ်နေတယ်မလား "

မိန်းမပျိုက လောထျန်းဘေးတွင် စက်ဝိုင်းပုံ ပတ်နေရင်း အပြုံးဖြင့် ပြောနေ၏။

လောထျန်း၏ နှုတ်ခမ်းထောင့် အနည်းငယ် လှုပ်ရှားသွားသည်။

သူ ထိုအမျိုးသမီးကို ညနေခင်းတွင် တွေ့ခဲ့စဥ်က ဟိတ်ဟန်ကြီးလှသည့် သူမအသွင်ကြောင့် ခပ်မိုက်မိုက် နတ်ဘုရားမ တစ်ပါးဟုပင် တွေးနေခဲ့ပါသေး၏။

သို့သော် .. ယခုတွင်မူ ရယ်စရာ ငပေါကြီး တစ်ယောက်လိုပင် ။

မိန်းမပျိုကမူ လောထျန်းအား ပတ်သွားကာ ပြုံးနေသည်။

လောထျန်းမှာမူ သူမကို ကြည့်ကာ ပြောစရာစကားမရှိဘဲ ဆွံ့အနေ၏။ ထို့နောက် သူ့လက် လှုပ်ရှားသွားကာ ဟင်းလင်းပြင် လက်စွပ်ထဲမှ တုတ်ချောင်းတစ်ချောင်း ထုတ်ယူလိုက်သည်။

" အိုး..ကြည့်ရတာ ဒေါသထွက်နေတဲ့ ပုံပါလား ။ သနားစရာ ကောင်းလိုက်တာ ၊ ဒေါသထွက်ပြီး ကူကယ်ရာ မဲ့နေသလို ခံစားရုံကလွဲရင် ဘယ်တတ်နိုင်မလဲလေနော် "

မိန်းမပျိုက ဆက်လှောင်၏။

လောထျန်းက အေးစက်စက် မျက်နှာထားဖြင့် တုတ်ကို ကိုင်ကာ လွှဲရိုက်လိုက်တော့သည်။

ဖြောင်း ..

မိန်းမပျိုမှု အရိုက်ခံရပြီးသည်နှင့် ချက်ချင်းပင် မေ့လဲကျသွား၏။

" အိုး .. ငါ ဒီအစွမ်းကို တော်တော်တောင် ကျင့်သားရနေပြီပဲ ။ ဒီလိုပုံမျိုးပဲ ဆက်တိုက်ခိုက်ရင် ဘယ်သူကမှ ငါ့ကို သံသယ ဝင်တော့မှာ မဟုတ်ဘူး "

လောထျန်းစိတ်ထဲမှ တွေးကာ ကြိတ်ပျော်သွားသည်။

ထို့နောက် သူ့အခန်းဆီသို ပြန်ကာ ဆက်အိပ်နေလိုက်၏။

နောက်နေ့ မနက်ခင်း၌ ...

" အား . ငါ့ခေါင်း .. နာလိုက်တာ "

ကုန်းပတ်ပေါ်တွင် လဲကျနေသည့် မိန်းမပျို နိုးလာကာ သူ့ခေါင်းကို ပွတ်လိုက်သည်။

" ဘာတွေ ဖြစ်နေတာလဲ ၊ ငါ့ခေါင်းက ဘာဖြစ်သွားတာလဲ "

" ဒါနဲ့ .. ငါ မနေ့ညက ဟိုလူနဲ့ တိုက်ခိုက်ခဲ့သေးတယ်လေ ။ ဒီဒဏ်ရာက သူ့လက်ချက်ကြောင့်များလား "

" %$$ ... ဒီလူက တော်တော်ကံကောင်းတာပဲ ။  ဒီတိုင်း ရောက်တတ်ရာရာ လွှဲရိုက်လိုက်တာတောင် ငါ့ခေါင်းကိုမှ ရိုက်မိသွားတယ် "

" မဖြစ်ဘူး ၊ နောက်တစ်ကြိမ်ကျရင် ခုကိစ္စအတွက် ပြန်ပြီး လက်တုန့်ပြန်ရမယ် "

" အား .. နာလိုက်တာ ၊ ခု လောလောဆယ်တော့ ဆေးပဲ အရင်သွားလိမ်းရမယ် "

သူမက ထိုသို့ပြောပြီးနောက် ခေါင်းမှ ဘုလုံးကြီးကို လက်ဖြင့် အုပ်ကာ အခန်းသို့ ပြန်သွားလိုက်သည်။

ထိုနေ့ တစ်နေ့လုံးတွင်မူ မည်သို့သော ထူးဆန်းသည့် အကြောင်းရာမှ ထပ်မဖြစ်တော့ချေ ။

ယွိဖုန်းဂိုဏ်းမှာလည်း သူတို့ ဂိုဏ်းဝင်နှစ်ယောက် ပျောက်သည့်ကိစ္စကို အကျယ်မချဲ့ဘဲ အနည်းငယ်သာ စုံစမ်းပြီး လွှတ်ထားလိုက်ကြ၏။ လောထျန်း၏ ဝေရာဝစ္စကို လုပ်ပေးရန်လည်း အခြားလူသစ် နှစ်ယောက် အစားထိုးပေးလိုက်သည်။

ဤတစ်ကြိမ်တွင်မူ လူသစ်နှစ်ယောက်ကို လောထျန်း သေသေချာချာပင် ဂရုတစိုက် စောင့်ကြည့်လိုက်သေး၏။ သို့သော် ထိုနှစ်ယောက်လုံးမှာ သူ့အပေါ် မကောင်းကြံလိုစိတ် လုံးဝ မရှိကြောင်း သေချာသွားသည့်အတွက် သူ စိတ်သက်သာရာ ရသွားခဲ့ရသည်။

ဤသို့ဖြင့် နေဝင်သွားခဲ့ပြီး  ညဘက် ရောက်သည့်အချိန်တွင်မူ လောထျန်းက လေကောင်းသေသန့် ရှူရန် ကုန်းပတ်သို့ ထွက်လာ၏။

သို့သော် .. ထိုအချိန်မှာပင် ..

" ဟား ဟား .. ရှင် နောက်ဆုံးတော့ ထွက်လာပြီပေါ့လေ ။ ကျွန်မက ရှင့်ကို စောင့်နေတာ ကြာလှပြီ "

ကုန်းပတ်၏ အခြားတဖက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

လောထျန်း အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်နှင့် ရင်သားအယ်စတုံ၊ တင်ပါးတောင်လောက်ရှိသည့် မိန်းမပျိုပင် ဖြစ်နေသည်ကို မြင်လိုက်ရ၏။

" မင်း ဘာလိုချင်လို့လဲ "

လောထျန်းက မိန်းမပျိုအား မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။

မိန်းမပျိုက ခေါင်းမော့၍ ပြန်ပြော၏။

" မနေ့က ကျွန်မရဲ့ အမှားကြောင့်မို့  ရှင်ရိုက်တာကို ခံခဲ့ရတာ ။ ဒါပေမယ့် ဒီနေ့တော့ ကျွန်မ တကယ်ကြီးကို သေချာအလေးနက်ထားပြီး တိုက်ခိုက်မှာရှင့် ။ ရှင် အခွင့်အရေး လုံးဝ ရမှာ မဟုတ်ဘူး "

သူမက ပြောနေရင်းမှာပင် ကျင့်ကြံခြင်းအဆင့်အား စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၉ သို့ လျှော့ချလိုက်ပြန်သည်။

" ကဲ .. ကျွန်မ သေချာတိုက်ခိုက်မှာနော် "

" ရှင် သတ္တိရှိရင် .. မနေ့ကလိုပဲ ထပ်ရိုက်ကြည့်လေ "

" ဘာဖြစ်လို့လဲ ၊ ကြောက်လို့ မတိုက်ခိုက်တော့တာလား  "

မိန်းမပျိုမှာ ယခင်ညကအတိုင်းပင် လောထျန်းအား လှည့်ပတ်၍ လှောင်ပြောင်သည့်စကားများ ပြောလာပြန်၏။

လောထျန်းက သက်ပြင်းချကာ တုတ်ချောင်းကို ထပ်ထုတ်လိုက်ပြန်သည်။

ဖြောင်း ...

ဘုတ် ..

မိန်းမပျို မေ့လဲကျသွားပြန်၏။

" အင်း .. ငါ အစွမ်းကို ထိန်းချုပ်တဲ့နေရာမှာ ပိုပြီး ဆရာကျလာပြီပဲ "

လောထျန်း အလွန်စိတ်ကျေနပ်သွားကာ အခြားဘက် လှည့်လိုက်သည်။

နောက်တစ်နေ့ မနက်တွင် ...

" အား .. ဒီလူ .. ဒါ တိုက်ဆိုင်တာ မဟုတ်ဘူးနဲ့တူတယ် "

မိုးကြိုးနတ်ဘုရားခန္ဓာကိုယ်နှင့် မိန်းမပျို နိုးလာပြီး သူမ ခေါင်းထိပ်မှ ဘုလုံးအသစ်ကြီးကို စမ်းရင်း တုန်လှုပ်စွာ ပြောလိုက်သည်။

သို့သော် .. ချက်ချင်းဆိုသလိုပင် သူမ မျက်နှာတပြင်လုံး စိတ်လှုပ်ရှားမှုဖြင့် ပြည့်သွား၏။

" ဘုရားရေ .. ဒီလို ပြိုင်ဘက်မျိုးနဲ့ တွေ့ရတာ ခုက ပထမဆုံးအကြိမ်ပါလား ။ ငါ သူ့ကို အနိုင်ယူရမှကို ဖြစ်မယ် "

ထိုနေ့ညတွင်လည်း မိန်းမပျိုက ကုန်းပတ်ပေါ်၌ လောထျန်းအား တစ်ညလုံး စောင့်နေခဲ့သေး၏။ သို့သော လောထျန်း၏ အရပ်အယောင်ကိုပင် မတွေ့ခဲ့ရပါချေ။

‌ေနာက်တစ်နေ့ မနက်မှသာ အပြင်ထွက်လာသည့် လောထျန်းအား သူမ တွေ့သွားသည်။

" ရှင် နောက်ဆုံးတော့ ထွက်လာပြီကိုး "

မျက်လုံးပတ်ပတ်လည်တွင် အမည်းရောင် အကွင်းကြီး ဖြစ်နေကာ ပန်ဒါနဲ့ တူနေသည့် မိန်းမပျိုက လောထျန်းအား ကြည့်လိုက်သည်။

" အမ် .. မင်း ဘာလုပ်နေတာလဲ "

လောထျန်းက တအံ့တသြ ပြန်မေး၏။

ဝီ ...

တဖက်မှ မိန်းမပျိုက သူမ၏ ကျင့်ကြံခြင်းအား စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၉ သို့ စဆင် ဖိနှိပ်လိုက်ပြန်သည်။

" လာ တိုက်ခိုက်ပါ "

သူမက ဆိုသည်။

" မင်း ... "

လောထျန်းမှာ သူမကို ကြည့်ကာ ဆွံ့အသွားရ၏။

ထို့နောက် ..

ဖြောင်း ...

ဘုတ် ...

အဆုံးသတ်က ယခင်နေ့များအတိုင်းပင် ...

" ဟင်  ... "

ခပ်လှမ်းလှမ်းမှ နေကာ ထိုမြင်ကွင်းကို အစအဆုံး မြင်လိုက်ကြရသည့် ယွိဖုန်းဂိုဏ်းမှ တပည့်များ အံ့သြမှင်သက်ကုန်ကြသည်။

" အိုး .. သူ့ကို လာကူသယ်ပြီး အခန်း ပြန်ပို့ပေးလိုက်ကြပါဦး "

လောထျန်းက ထိုသို့ ပြောကာ လှည့်ထွက်သွား၏။

ညနေခင်း နေဝင်ရီတရော အချိန်တွင် ...

" အား ...  ဒီလူ့ကို ဒေါသထွက်လိုက်တာ "

မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်နှင့် မိန်းမပျို နိုးလာသည့် အချိန်တွင် သူမခေါင်းထိပ်၌ ဘုလုံးကြီးတစ်ခု ထပ်တိုးနေလေပြီ ။

" နောက်တစ်ကြိမ်ကျရင် ငါ သေချာပေါက်ကို နိုင်ရမယ် "

သူမ စိတ်မလျှော့သေးပါချေ။

ညအချိန်၌ ...

" ဟို ကောင်မလေး .. ထပ်မရှိနေလောက်ပါဘူးနော် "

လောထျန်းမှာ မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်နှင့် မိန်းမပျိုအကြောင်း တွေးမိသွားသည်။

အနည်းငယ်မျှ တုန့်ဆိုင်းနေပြီး နောက်တွင်မူ .. သူ အပြင်ထွက်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

သူ ကုန်းပတ်သို့ ရောက်သည့် အချိန်တွင်ကား .. မျှော်လင့်ထားသလိုပင် မိန်းမပျိုက ရောက်နေနှင့်လေပြီ ။

သို့သော် ဤတစ်ကြိမ်တွင်မူ ယခင်အကြိမ်များနှင့် ကွဲနေသည့် အရာတစ်ခုရှိ၏။

၎င်းမှာ သူမ၏ ခေါင်းပေါ်တွင် ဆောင်းထားသည့် ရွှေရောင် ခေါင်းဆောင်းတစ်ခုပင် ။

" ဟား ဟား .. ရှင့်ကို ကိုင်တွယ်လို့ရမယ့် နည်းလမ်းကို ကျွန်မ ရှာတွေ့သွားပြီ ။ကျွန်မ ရှင့်ကို အနိုင်ယူမှာ "

သူမက ထိုသို့ပြောကာ အရောင်အဝါအား ဖိနှိပ်လိုက်ပြန်သည်။

" တိုက်ခိုက်မယ် "

ထို့နောက် အသံကျယ်ဖြင့်အော်ကာ လောထျန်းဆီသို့ ပြေးဝင်သွား၏။

" ဟူး ... "

လောထျန်း သက်ပြင်းချလိုက်ပြီး လက်ဆန့်၍ မိန်းမပျို၏ ခေါင်းဆောင်းအား ဆွဲချွတ်လိုက်သည်။

" ဟင် .. ရှင် .. "

မိန်းမပျို အံ့သြမှင်သက်သွား၏။

ထို့နောက် ...

ဖြောင်း ...

ဘုတ် ..

မိန်းမပျို မေ့လဲကျသွားပြန်တော့သည်။။

လောထျန်းမှာ မိန်းမပျို၏ ခေါင်းပေါ်မှ ဘုလုံးကြီးများကို ကြည့်ကာ မည်သည့်စကားမှ မဆိုနိုင်ဘဲ ဆွံ့အနေ၏။

ဤတစ်ကြိမ်တွင် သူ အားအနည်းငယ် ပိုသုံးလိုက်သည့်အတွက်ကြောင့်လည်း သူမခေါင်းပေါ်မှ ဘုလုံးက ယခင်နေ့များကထက် ပိုကြီးနေပါသည်။

လောထျန်းသည် ခဏကြာ တုန့်ဆိုင်းနေပြီး နောက်တွင်မူ မိန်းမပျိုအား ပွေ့ချီသယ်လာကာ သူ့အခန်းထဲသို့ ခေါ်လာ၏။ ထို့နောက် သူ့အခန်းထဲမှ ကုတင်ပေါ်သို့ ပစ်ချကာ သူမ နှဖူးမှ ဒဏ်ရာအား ဆေးလိမ်းပေးလိုက်သည်။

ဤသို့ဖြင့် မကြာမီ အချိန်မှာပင် နောက်တစ်နေ့ မနက် မိုးသောက်ချိန်သို့ ရောက်လာခဲ့တော့သည်။

" ဟင် .. ဒါ ဘယ်နေရာလဲ "

မိန်းမပျိုမှာ နိုးလာလာချင်း  ခေတ္တမျှ အံ့သြမှင်သက်နေသေး၏။ ထို့နောက်မှသာ အခန်းထဲမှ လောထျန်းအား တွေ့သွားတော့သည်။

" ဟင် .. ရှင်ပါလား "

သူမ တအံ့တသြ ဖြစ်သွားကာ ချက်ချင်း မျက်နှာလေး ဖြူရော်သွားသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူမ အဝတ်စားများကို စမ်းကာ စစ်ဆေးကြည့်၏။ စစ်နေရင်းလည်း မေးသည်။

" ကျွန်မ ဘာလို့ ဒီကို ရောက်နေရတာလဲ ။ ရှင် မနေ့ညက ကျွန်မကို ဘာလုပ်လိုက်သေးလဲ "

လောထျန်း  :   "  အာ ... "

" ဘာ ...ရှင်က တကယ်ကို ...  နှာဘူးကြီးပဲ ။ အရှက်အရှိ ၊ မျိုးမစစ်တဲ့ တိရိစ္ဆာန် နှာဘူးကြီး။ ရှင် ရှင် ကျွန်မကို တာဝန်ယူ "

သူ့စကားကို ကြားသည်နှင့် မိန်းမပျို၏ မျက်လုံးများ ချက်ချင်း နီရဲသွားကာ လောထျန်းအား စကားလုံးပေါင်းစုံသုံး၍ ပြောဆိုလိုက်သည်။

လောထျန်းတစ်ယောက် အံ့သြမှင်သက်သွား၏။

သူ ဘာများ ပြောလိုက်မိပါသနည်း ။

မိန်းမပျိုက သူ့ကို အဘယ့်ကြောင့် ဆဲဆိုနေရပါသနည်း ။

All Chapters