← Chapters

ဟွမ်ယင်၏ အဖိုးတန်ဆုံးအရာ

Vol. 19 Ch. 257

ဟွမ်ယင်၏ အဖိုးတန်ဆုံးအရာ

Vol. 19 Ch. 257

" တော်လောက်ပြီနော် ၊ မင်း စိတ်ရော ကောင်းသေးရဲ့လား ။ကျုပ်ကို တိုက်ခိုက်ဖို့ မင်းပဲ စိန်ခေါ်ခဲ့တာနော် ။ ဒါပေမယ့် မင်းက ကျုပ်ကို အနိုင်မယူနိုင်ဘဲ ကျုပ်လက်ချက်နဲ့ သတိမေ့သွားခဲ့ရတယ်။ ဒါတောင် ကျုပ်က စိတ်ကောင်းထားပြီး မင်းကို ကယ်ခဲ့တာပါကွာ ။ ဒါကိုတောင် မင်းက ကျုပ်ကို ဆဲဆိုနေသေးတယ် "

လောထျန်းက မကျေမနပ် ပြောလိုက်သည်။

မိန်းမပျိုက အံကြိတ်ကာ ပြန်ပြော၏။

" ရှင် ကျွန်မကို ကယ်ခဲ့တယ် ဆိုရင်တောင် ကျွန်မကို လုပ်လို့ မရဘူးလေ .. အား ... "

လောထျန်း အံ့သြတကြီး ပြန်မေးလိုက်သည်။

" ကျုပ်က မင်းကို ဘာလုပ်လို့လဲ "

မိန်းမပျို၏ မျက်နှာလေး ရှက်သွေးဖြင့် ရဲသွား၏။

" ခုနတုန်းက ရှင် ကျွန်မကို ဘာလုပ်ခဲ့လဲ လို့ မေးတော့ ရှင် ဘယ်လို ပြန်ဖြေလိုက်တာလဲ "

လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြန်ပြောသည်။

" ကျုပ် ဘာမှ မဖြေဘဲ ဒီတိုင်း သက်ပြင်းပဲ ချလိုက်တာလေ "

" ဟင် .. "

မိန်းမပျို စိတ်ရှုပ်သွားဟန် တူ၏။

" ခုနက ရှင်ပြောလိုက်တဲ့  'အာ ..' ဆိုတာက သက်ပြင်းချလိုက်တာလား "

မိန်းမပျိုက မေးသည်။

လောထျန်းက မျက်လုံးကြီးပြူးကာ ခေါင်းညိတ်၏။

" ဒါပေါ့ ၊ မင်းက ဘာထင်လို့လဲ "

ချက်ချင်းပင် မိန်းမပျို၏ မျက်နှာတပြင်လုံး ရှက်သွေးကြောင့် နီရဲသွားတော့သည်။

ထို့နောက်တွင်မူ သူမ စောင်ပုံကြီးထဲတွင် ခေါင်းနှစ်ကာ မည်သို့ခေါ်ခေါ် ထွက်မလာတော့ပေ။

" ဟေ့ .. မင်း ဘာလို့ ဘာမှ ပြန်မပြောတော့တာလဲ "

" ကျုပ်ကို ဘာဖြစ်လို့ ဆဲဆိုနေရတာလဲ ပြောဦးလေ ၊ ခုထိ ဘာမှလဲ ပြန်မပြောသေးဘူး "

လောထျန်းက မိန်းမပျိုကို ကြည့်ကာ မေးလိုက်သည်။

ထိုအချိန်တွင် မိန်းမပျိုမှာကား မြေကြီးထဲတွင် တွင်းတစ်တွင်းတူးကာ ဝင်ပုန်းနေချင်စိတ်ပင် ပေါက်နေ၏။

မည်မျှ ရှက်စရာ ကောင်းလိုက်သည့် အဖြစ်ပျက်ကြီးပါနည်း ။

အချိန်အတန်ကြာသွားပြီး နောက်မှသာ .. မိန်းမပျို ပြန်တည်ငြိမ်သွားပြီး စောင်ပုံကြားထဲမှ ခေါင်းထောင်ထလာသည်။

" အဟမ်း .. ကျွန်မ တောင်းပန်ပါတယ် ။ ခုနက နားလည်မှု လွဲသွားလို့ပါ "

' ဘာတွေ နားလည်မှု လွဲသွားတာလဲ "

လောထျန်းကမူ နားမလည်နိုင် ဖြစ်နေဆဲပင် ။

မိန်းမပျိုမှာ ထိုကိစ္စကို ဆက်မပြောချင်တော့သဖြင့် လည်ချောင်းရှင်းလိုက်ပြီး စကားလမ်းလွှဲကာ ပြော၏။

" ကျွန်မကိုယ်ကျွန်မ အရင် မိတ်ဆက်ပေးပါရစေ ။ ကျွန်မ နာမည်က ဟွမ်ယင် လို့ ခေါ်ပါတယ် ၊  မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက် ပေါ့ရှင် "

" ပါရမီရှင် .. "

လောထျန်းက ထိုစကားကို ထပ်ရွတ်လိုက်ရင်း မိန်းမပျို၏ ခေါင်းမှ ဘုလုံးများကို ကြည့်လိုက်သည်။

ဟွမ်ယင်က စိတ်ဆိုးမာန်ဆိုး ပြန်ရန်တွေ့၏။

" ရှင်က ဘာကြည့်နေတာလဲ "

အခြားသူတစ်ယောက်၏ အရိုက်ကို ဆိုးဆိုးရွားရွား ခံထားရပြီး မိမိကိုယ်ကို ပါရမီရှင်က ညွှန်းနေခြင်းက အနည်းငယ် ကမောက်ကမ နိုင်ရာ ကျသည်မှာ အမှန်ပင် ။

" ဟမ့် .. ရှင်က ဘယ်လို ဘီလူးမျိုး ဖြစ်နေလဲဆိုတာ ကျွန်မ မသိပေမယ့် ၊ အရင်က ကျွန်မနဲ့ တွေ့တဲ့သူ ဘယ်သူကမှ ကျွန်မကို ခုလိုမရိုက်နိုင်ဘူးရှင့် "

ဟွမ်ယင်က ဒေါသတကြီး ဆက်ပြောသည်။

" အင်း .. "

လောထျန်း၏ မထူးခြားဟန် တုန့်ပြန်မှုကြောင့်  ဟွမ်ယင်တစ်ယောက် ပို၍ပင် ဒေါသထွက်သွားရ၏။

" အခု ရှင့်အလှည့် ၊ ရှင့်နာမည် ဘယ်လိုခေါ်လဲ ပြောဦးလေ "

ဟွမ်ယင်က မေးလိုက်သည်။

" ကျုပ်နာမည်က ထျန်းပိုင် "

လောထျန်းက အမည်လွှဲကိုသာ ဆက်သုံးလိုက်၏။

" ထျန်းပိုင်တဲ့လား ၊ ရှင့်အကြောင်းကို တစ်ခါမှလဲ မကြားဖူးဘူး ။ ဒါနဲ့ ရှင့်လို ပါရမီရှင်တစ်ယောက်က မြောက်ပိုင်းဒေသမှာ ဘယ်တုန်းက ပေါ်လာတာလဲ ။ ရှင်ကရော ​နတ်ဘုရားမြို့တော်က နတ်ဘုရားသားတော် နေရာအတွက် လာခဲ့တာပဲလား "

ဟွမ်ယင် ဆက်မေးလိုက်သည်။

လောထျန်းက ခေါင်းယမ်းပြ၏။

" ကျုပ်က အဲ့ဒီ နတ်ဘုရားသားတော်တွေ ဘာတွေ စိတ်မဝင်စားပါဘူး ။  မြောက်ပိုင်းနန်းတော်ကိုပဲ ဝင်ခွင့် ရချင်တာ "

သူ့စကားကို ကြားသည်နှင့် ဟွမ်ယင်က စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချသည်။

" ရှင့်လို ဘီလူးမျိုုးက နတ်ဘုရားသားတော် နေရာကို ဝင်မပြိုင်လို့ တော်သေးတာပေါ့ရှင် ။ အဲ့လိုဆို ကျွန်မအတွက် အခွင့်အရေး အများကြီး ပိုတိုးသွားပြီ "

သူမ ဆိုသည်။

" မင်းက နတ်ဘုရားသားတော် နေရာကို တကယ်ကြီး ရချင်တာလား "

လောထျန်းက မေး၏။

ဟွမ်ယင် :  " အတိအကျ ပြောရရင်တော့ ကျွန်မ အောင်မြင်သွားရင် နတ်ဘုရားမ လို့ အခေါ်ခံရမှာရှင့် "

" နတ်ဘုရားမ .. ဟုတ်လား "

လောထျန်း အနည်းငယ် အံ့အားသင့်သွားသည်။

ဟွမ်ယင်က ခေါင်းညိတ်ပြကာ စကားဆက်၏။

" အမှန်ပဲ ၊ အခု နတ်ဘုရားမြို့တော်ရဲ့ လက်ရှိ မျိုးဆက်ထဲမှာ နတ်ဘုရားမ တစ်ပါး ရှိတယ် ။ သူက ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းပဲ ။ သူက နတ်ဘုရားမြို့တော်ဆီကနေ နှစ်တိုင်း အဖိုးတန်ရတနာတွေ ၊ အရင်းအမြစ်တွေ အများကြီးရတာ ။ ကျွန်မမှာ အဲ့ဒါတွေကို ငေးကြည့်ရုံပဲ တတ်နိုင်ခဲ့တာပေါ့ရှင် ။ ဒါ့ကြောင့်မို့လို့ လွန်ခဲ့တဲ့ နှစ်တွေကတော့ ကျွန်မလဲ နတ်ဘုရားမ တစ်ပါး ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချခဲ့တာပဲ ။ အဲ့ကတည်းက မြောက်ပိုင်းဒေသ တခွင်ကို ခရီးတွေ လှည့်ပတ်သွားပြီးတော့ တိုက်ခိုက်ဖို့ ပါရမီရှင်တွေ လိုက်ရှာနေခဲ့တာ "

ထိုအချိန်မှသာ သူမက သူ့အား အသည်းအသန် တိုက်ခိုက်ချင်နေရသည့် အကြောင်းရင်းကို လောထျန်း နားလည်သွားတော့သည်။

" ဒါနဲ့ .. မင်း ကျုပ်ကို မနိုင်နိုင်မှန်း သိသွားတာတောင် ဘာဖြစ်လို့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဆက် ဖိနှိပ်ထားပြီး တိုက်ခိုက်ရတာလဲ "

လောထျန်းက သူမကို ကြည့်ကာ မေးခွန်းထုတ်၏။

ဟွမ်ယင်က သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်လာသည်။

" ကျွန်မက ကျွန်မရဲ့ သိုင်းပညာအရည်အချင်း ကိုပဲ လက်ရည်သွေးချင်တာလေ ၊ ရှင့်ကို အသေသတ်ချင်တာမှ မဟုတ်တာ ။ အဲ့တော့ ရှင့်ကို တိုက်ခိုက်ဖို့ဆို မျှတတဲ့ တိုက်ပွဲပဲ ဖြစ်သင့်တာပေါ့ "

သူမက ပြောလက်စကို ခနရပ်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

" ဒါပေမယ့် .. ခုတော့ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်ကို မဖိနှိပ်ထားရင်တောင် ရှင့်ကို အနိုင်မယူနိုင်မှန်း သိလိုက်ပါပြီ "

ထို့နောက် ရုတ်တရက် မတ်တပ်ထရပ်ကာ ဆက်ပြော၏။

" ကဲ .. ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ကျွန်မနဲ့ တိုက်ခိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်မရဲ့ ဒဏ်ရာတွေကို သက်သာလာအောင် လုပ်ပေးတဲ့ အတွက်ရော ၊ နတ်ဘုရားမ နေရာကို ကျွန်မနဲ့ မယှဥ်ပြိုင်တဲ့ အတွက်ရော အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူတင်တဲ့ အနေနဲ့ ကျွန်မရဲ့ အဖိုးအတန်ဆုံး ပစ္စည်းကို ပေးပါရစေ "

ကြားလိုက်ရသည့် စကားကြောင့် လောထျန်း အံ့သြမှင်သက်သွားသည်။

" မင်း ..ဘာလုပ်မလို့လဲ "

ဟွမ်ယင်က ပြုံးလိုက်ပြီး သူမအင်္ကျီကို ကြယ်သီးစဖြုတ်၏။ ထို့နောက် သူမလက်ကို အင်္ကျီထဲထည့်ပြီး စာအုပ်တစ်အုပ် ဆွဲထုတ်လိုက်သည်။

" ဒီမှာကြည့် .. ဒါ ကျွန်မရဲ့ အဖိုးအတန်ဆုံး ပစ္စည်းလေးပဲ "

သုမက ပြောပြောဆိုဆိုပင် လောထျန်းအား စာအုပ်ကို ကမ်းပေးလိုက်သည်။

လောထျန်းက စာအုပ်ကို ယူပြီး ကြည့်လိုက်ရာ စာအုပ်အဖုံးပေါ်တွင် ခပ်စောင်းစောင်းရေးထားသည့် စာကြောင်းအား တွေ့သွား၏။

" ရှေးခေတ်မှ ယနေ့ထက်တိုင် အတုမဲ့ ကောင်းမွန်သော မိုးကြိုးနတ်ဘုရား လက်ဝါး "

" ဟင် .. ဘာကြီးလဲ "

စာအုပ်၏ ခေါင်းစဥ်ကြောင့် လောထျန်း ချက်ချင်း စိတ်ရှုပ်သွားရသည်။

၎င်းက မည်သို့သော လက်ဝါးသိုင်းပါနည်း။

စာအုပ်၏ နာမည်က မည်သည့်အတွက်ကြောင့် ဤမျှ ရှည်လွန်းနေရပါသနည်း။

၎င်းမှာ သူ၏ ကောင်းကင်ဘုံ လက်ဝါးသိုင်း ထက်ပင် ပိုမောက်မာ အစွမ်းထက်နေသယောင် ...

" ရော့ .. အရင်ဆုံး ကြည့်လိုက်ဦး "

ဟွမ်ယင်က ပြောလာ၏။

လောထျန်းက ခေတ္တမျှ စဥ်းစားပြီးနောက် စာအုပ်ကို ဖွင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူ၏ လျှင်မြန်လှသော စာအုပ်ဖတ်နှုန်းကြောင့် စာအုပ်တစ်အုပ်လုံးကို ခဏအတွင်းပင် ဖတ်၍ ပြီးသွား၏။

ပြီးနောက်တွင်မူ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" ကောင်းတယ်ကွာ .. သိပ်ကောင်းတယ် ။ ကျုပ် ဒီလို သိုင်းပညာမျိုးကို လိုချင်နေတာ "

စာအုပ်ကို ဖတ်ပြီးသွားသည်နှင့် စာအုပ်ထဲမှ လက်ဝါးသိုင်းကို သူ လုံးဝ ကျွမ်းကျင်သွားခဲ့လေပြီ ။

သို့သော် .. ထိုလက်ဝါးသိုင်းမှာ အတုမဲ့သည်ဟု ပြော၍မရပါ ။

လုံးဝ သုံးစားမရ ဟုသာ ပြောရမည် ဖြစ်ပါသည်။

စာအုပ် တစ်အုပ်လုံးတွင် ပါသည့် အစမှအဆုံး ၊ ဘယ်မှညာ သိုင်းကွက်များ အားလုံးမှာ အမှန်တကယ် အသုံးမကျပါချေ။

အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သာ ထိုလက်ဝါးသိုင်းကို သုံးပြီး တိုက်ခိုက်ပါက မည်သူ့ကိုမှ အနိုင်ယူနိုင်မည် မထင်ပါ။

၎င်းမှာ လူတစ်ယောက်၏ ကိုယ်ပိုင် ရှိထားပြီး အစွမ်းကိုပင် ပိုလျော့သွားစေသည့် သိုင်းကွက်ဟု ပြော၍ ရပေသည်။

လောထျန်းအတွက်မှာကား လက်ရှိတွင် ထိုသိုင်းကွက်မျိုးကို လိုအပ်နေခြင်း ဖြစ်ပါသည်။

လောထျန်း၏ ချီးကျူးစကားကို ကြားလိုက်ရသည်နှင့် ဟွမ်ယင်တစ်ယောက် မိုးကြိုးအပစ်ခံလိုက်ရသည့်အလား တစ်ကိုယ်လုံး  တုန်ယင်သွား၏။

သူမ၏ ပါးပြင်ထက်တွင်လည်း မျက်ရည်စီးကြောင်းနှစ်ခု ကျလာသည်။

" ဟင် .. ဘာဖြစ်လို့လဲ "

လောထျန်းက သူမအား အံဘသြတကြီး ကြည့်လိုက်သည်။

ဟွမ်ယင်က သူ့လက်ကို ဆုပ်ကိုင်လာကာ ငိုသံကြီးဖြင့် ပြော၏။

" ထျန်းပိုင် ၊ ကျေးဇူးအများကြီး တင်ပါတယ်။  ဒီလောက် နှစ်တွေအကြာကြီးအတွင်းမှာ ကျွန်မကို ချီးကျူးဖူးတဲ့သူက ရှင် ပထမဆုံးပဲ ။ အခုချိန်က စပြီးတော့ ရှင့်ကို ကျွန်မရဲ့ ဒုတိယအချစ်ဆုံး သူငယ်ချင်း အနေနဲ့ သတ်မှတ်လိုက်ပြီ "

" ဟင် ..မဟုတ်မှလွဲရော .. ဒီလက်ဝါးသိုင်းကွက်က ... "

လောထျန်းမှာ သူမကို ကြည့်ကာ ဖြစ်နိုင်ချေကို စဥ်းစားမိသွားတော့သည်။

ဟွမ်ယင်က မျက်ရည်များကို သုတ်ကာ ပြော၏။

" ဟုတ်တယ် ၊ ဒီ လက်ဝါးသိုင်းစာအုပ်ကို ကျွန်မကိုယ်တိုင် ရေးခဲ့တာ။ ကျွန်မရဲ့ အိမ်မက်က သိုင်းပညာ သင်ပေးတဲ့ ဆရာတစ်ယောက် ဖြစ်လာဖို့ပဲရှင့် ။ ကျွန်မကလေ .. နှစ်တွေအများကြီး မျိုးရိုးအစဥ်ဆက်အလိုက် လက်ဆင့်ကမ်းပေးသွားရမယ့် သိုင်းပညာ စာအုပ်မျိုး ဖန်တီးချင်တာ "

" ဒါပေမယ့် ကျွန်မရဲ့ မိဘတွေရော ၊ ကျွန်မ ဆရာရော ၊ အချစ်ဆုံး သူငယ်ချင်းရောက ကျွန်မ မှာ အဲ့ဒါနဲ့ ပတ်သက်တဲ့ ပါရမီ မပါဘူး ဆိုပြီးပဲ ပြောခဲ့ကြတာ ။ပြီးတော့ သူတို့က ကျွန်မကို စောစောစီးစီး လက်လျှော့လိုက်ဖို့ပါ ပြောခဲ့ကြသေးတယ်ရှင့် ။ သူတို့က ကျွန်မကို နားမလည်ကြဘူး "

ထို့နောက် သူမက လောထျန်း၏ လက်ကို စိတ်လှုပ်ရှားစွာဖြင့် ပြန်ဆုပ်ကိုင်ကာ ဆက်ပြောသည်။

" ထျန်းပိုင် ၊ ရှင်က တကယ် အကောင်းဆုံးပဲ။ ဒီလောက်နှစ်တွေအများကြီး ကြာပြီးမှ ကျွန်မနဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့ သူတွေ ရှာတွေ့ခဲ့ရပြီ ။ ရှင့်ရဲ့ အကူအညီနဲ့သာ ဆိုရင် ကျွန်မ ဒီလမ်းကို ဆက်လျှောက်နိုင်မှာ သေချာတယ် "

သူမ၏ စိတ်လှုပ်ရှား ပျော်ရွှင်နေသော အမူအရာကို ကြည့်ကာ လောထျန်း တစ်ယောက် ကြက်သေသေပြီး မလှုပ်နိုင် ဖြစ်နေ၏။

ယခု ထို သိုင်းကျမ်းအား သူ မည်သည့်အတွက်ကြောင့် ကြိုက်ရသည်ကို မည်သို့ ပြောရပါတော့မည်နည်း ။

တဖက်လူက အလွန်ပျော်ရွှင်နေစဥ်တွင် သူ အမှန်အတိုင်း သွားပြောလိုက်ပါလျှင်လည်း သူ့ကိုယ်သူ လူဟု ခေါ်ရန်ပင် ထိုက်တန်တော့မည် မဟုတ်ပါချေ။

" အမ် .. မင်း သေချာပေါက် အောင်မြင်မှာပါကွာ "

လောထျန်းမှာ အပြစ်မကင်းစွာ ခံစားရင်း ပြောလိုက်ရသည်။

" ဟုတ်တယ် ၊ ကျွန်မ အောင်မြင်မှာ "

ဟွမ်ယင်က ပြန်ပြော၏။

သူမ၏ စိတ်အားထက်သန်မှုကို ကြည့်ကာ လောထျန်း အနည်းငယ်ပင် နောင်တရလာသည်။

သူ ယခုလို လုပ်လိုက်ခြင်းက ထိုမိန်းကလေးအား လမ်းမှားသို့ ခေါ်ဆောင်ရာ ကျနေမည်လား။

" ထျန်းပိုင် . .. လုပ်ပါ .. ကျွန်မရဲ့ လက်ဝါးသိုင်းက ဘာတွေကောင်းတာလဲ ပြောပြပါဦး "

ဟွမ်ယင်က စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

" အင်း .. ပထမဆုံး ပြောရရင်တော့ မင်းရဲ့ စာအုပ် နာမည်က အင်မတန်ကို လွှမ်းမိုးနိုင်တယ် "

လောထျန်းက မျက်နှာတည်ကြီးဖြင့် ပြန်ပြော၏။

" ဟုတ်တာပေါ့ ၊ ရှင်က ကျွန်မကို တကယ် နားလည်တာပဲ ။ နောက်ထပ် ဘာတွေရှိသေးလဲ ပြောပါဦး "

ဟွမ်ယင်က အရောင်လက်နေသော မျက်လုံးများဖြင့် လောထျန်း၏ အဖြေကို စောင့်နေသည်။

" နောက်ထပ် ပြောရရင်တော့ ... မင်းရဲ့ လက်ဝါးသိုင်းထဲက ပထမအကွက်က တခြားသူကို မရိုက်ပဲနဲ့ ကိုယ့်ကိုကိုယ်ပဲ ပြန်ရိုက်တဲ့ အကွက်လေ ။ ဒီအကွက်ကိုသာ သုံးလိုက်ရင် တဖက်လူက အံ့သြပြီး ကြောင်သွားမှာ သေချာတယ် ။ ပြိုင်ဘက်ကို အငိုက်မိအောင်  လုပ်နိုင်တာပေါ့ကွာ "

လောထျန်းက မျက်နှာတည်ဖြင့်ပင် ဆက်ပြော၏။

All Chapters