← Chapters

ပဋိပက္ခ

Vol. 19 Ch. 260

ပဋိပက္ခ

Vol. 19 Ch. 260

ဟွမ်ယင်က ခေါင်းအသာ ညိတ်လိုက်သည်။

" အင်း ၊ နင်ပြောတာကို နားထောင်ရတာတော့ ဒီလူက တကယ့်ကို သူရဲကောင်းဆန်တဲ့ သူပဲ "

ထိုစဥ် နံဘေးမှ နားထောင်နေသည့် လောထျန်းမှာ စိတ်မသက်မသာ ခံစားသွားရ၏။

" ဝူး .. အပြင်လူတွေက ငါ့ကို အဲ့လို ပြောကြတာလား "

အခြားသူများရှေ့တွင် ထိုသို့ ချီးကျူး ခံနေရသည့်အတွက်လည်း သူ အနည်းငယ် မနေတတ် မထိုင်တတ် ဖြစ်နေသည်။

ထိုစဥ် သူ ဖြစ်ပျက်နေသည့်ပုံကို ချီရှောင်တစ်ယောက် တွေ့သွား၏။

သူမ မျက်မှောင်ကြုံ့ပြီး ပြောလာသည်။

" ဘာဖြစ်လို့လဲ ၊ အကိုထျန်းပိုင်က ဘယ်လို မြင်လို့လဲ "

လောထျန်း အမြန်လက်ကာပြလိုက်ရ၏။

" မဟုတ်ပါဘူးဗျာ ၊ ကျုပ်လဲ မင်းပြောတာ မှန်တယ်လို့ပဲ  တွေးနေတာပါ "

ချီရှောင် နှာခေါင်းတစ်ချက် ရှုံ့သွားပြီး မည်သို့မှ ထပ်မပြောတော့ချေ။

သို့သော် .. သူမ စိတ်ထဲတွင်မူ လောထျန်းအား အထင်သေးသထက် ပိုသေးသွားသည်။

" ဒါဆို .. အခု လောထျန်းက ဘယ်မှာလဲ "

ဟွမ်ယင်က သူတို့ကြားမှ ပြဿနာကို ထပ်မကြီးစေလိုဟန်ဖြင့် စကားဝင်ထောက်၏။

ချီရှောင်က သက်ပြင်းချ၍ ဆိုသည်။

" ငါလဲ မသိဘူး ။ လွန်ခဲ့တဲ့ သုံးရက်ကတော့ နတ်ဆိုးဝိဥာဥ်နန်းတော်က လောထျန်းရဲ့ မွေးရပ်မြေ ၊ ပျောင်ပိုင်မြို့ကို သွားပြီး တိုက်ခိုက်ကြသေးတယ်လို့ ကြားတယ်။

လောထျန်း အနည်းငယ် အံ့အားသင့်သွားပြီး ဝင်မေး၏။

" အဲ့တော့ ဘယ်လို ဖြစ်သွားသတဲ့လဲ "

ချီရှောင်က လောထျန်းအား တစ်ချက်လှည့်ကြည့်ကာ  ဆက်ပြောသည်။

" တိုက်ခိုက်ဖို့ သွားတဲ့ နတ်ဆိုးဝိဥာဥ်နန်းတော်က လူတွေအကုန် အသတ်ခံလိုက်ရတယ်တဲ့ "

" ဟင် .. လောထျန်းက အဲ့လောက်တောင် အစွမ်းထက်တာလား "

ဟွမ်ယင်ကလည်း တအံ့တသြ ဝင်မေးသည်။

ချီရှောင်က ခေါင်းယမ်းပြကာ ပြန်ပြော၏။

" အဲ့လို မဟုတ်ဘူး ၊ သွားတဲ့သူတွေက မြို့ထဲကလူ တစ်ယောက်နဲ့မှတောင် မတွေ့ခဲ့ကြဘူးတဲ့။  မြို့ကို အစီအမံတွေနဲ့ ကာရံထားတော့ သူတို့က အစီအမံကိုပဲ တိုက်ခိုက်ခဲ့ကြတာ။ ဒါပေမယ့် အစီအမံကို မကျော်နိုင်ဘဲ အားလုံး သေသွားခဲ့ကြတာတဲ့ "

ထိုစကားကို ကြားမှသာ လောထျန်း စိတ်သက်သာရာ ရသွားတော့သည်။

ကြည့်ရသည်မှာ ပျောင်ပိုင်မြို့၏ အစီအမံက အားကိုး၍ ရဟန်ပင် ။

သို့သော် .. ချီရှောင်က စိုးရိမ်ဟန်ဖြင့် စကားဆက်လာ၏။

" ဒါပေမယ့် သူတို့ရဲ့ အကာအကွယ် အစီအမံက ဘယ်လောက်ပဲ အစွမ်းထက်ထက် .. အဆင်ပြေမှာ မဟုတ်ဘူး။ မိုးကြိုးဘုရင်ကသာ မသေမျိုးအစွမ်းနဲ့ တိုက်ခိုက်လိုက်ရင် .... ဟူး ... "

သူမက  ပြောနေရင်း သက်ပြင်းချသည်။

လက်ရှိ နတ်ဘုရားနန်းတော်သည်ပင် မိုးကြိုးဘုရင်  စိတ်တိုင်းကျ လုပ်၍ရသည့် နေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ရာ .. ပျောင်ပိုင်မြို့၏ ကံကြမ္မာသည်လည်း  ကြာကြာ ကောင်းနိုင်မည် မဟုတ်ပါချေ။

ဤကမ္ဘာကြီးတွင် မသေမျိုးတစ်ယောက်ကို တားနိုင်သည့်သူ ရှိပါမည်လား ။

ထို့နောက်တွင်မူ နတ်ဆိုးဝိဥာဥ်နန်းတော်၏ သေမင်းစာရင်းထဲတွင် ပါသည့် အခြားသူများအကြောင်းကို သူမ ဆက်ရှင်းပြ၏။

သို့သော် လောထျန်းနှင့် ဟွမ်ယင်တို့က သိပ် စိတ်ဝင်စားဟန် မပြကြသဖြင့် ချီရှောင် ခေါင်းအသာညိတ်ပြီး ပြောလိုက်သည်။

" ကဲ .. စကားတွေလဲ အများကြီး ပြောပြီးသွားပြီဆိုတော့ ဆက်သွားကြရအောင်လေ "

ချီရှောင်က ထိုသို့ပြောကာ လောထျန်းတို့ နှစ်ယောက်အား ကျောက်ပြားမှ ဝေးရာသို့ ခေါ်လာပြီး စားသောက်ဆိုင် တစ်ဆိုင်သို့ ဦးတည် ခေါ်သွားလိုက်သည်။

ထို့နောက် စားသောက်ဆိုင်အတွင်းမှ ကြိုတင်ပြင်ဆင်ထားသော သီးသန့်ခန်း တစ်ခုထဲသို့ ဝင်လိုက်ကြ၏။

ချီရှောင်က အစောကတည်းက ကြိုတင်မှာယူထားသည့်အတွက်လည်း စားပွဲပေါ်တွင် စားသောက်ဖွယ်ရာများဖြင့် အပြည့်ဖြစ်နေသည်။

" စားလိုက်ဦး ၊ နင် အကြိုက်ဆုံးတွေကိုပဲ သေချာရွေးပြီး မှာထားတာ "

ချီရှောင်က ဟွမ်ယင်ကို ကြည့်ကာ ပြောလိုက်သည်။

" ဒါဆိုလဲ ငါ အားမနာတော့ဘူးနော် "

ဟွမ်ယင်၏ မျက်နှာလေး ဝင်းလက်သွားကာ ချက်ချင်း စ စားလိုက်သည်။

လောထျန်းမှာလည်း ဗိုက်ဆာနေသဖြင့် တုန့်ဆိုင်းမနေဘဲ ချက်ချင်းပင် စားလိုက်၏။

တဖက်မှ ချီရှောင်မှာမူ သူမလက်ထဲမှ တူကို မရွှေ့ဘဲ စိုးရိမ်မကင်းသည့် မျက်နှာဖြင့် ရှိနေသည်။

ထိုအချိန်မှာပင် ...

" သခင်လေး ၊ နတ်ဘုရားမလေးက ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးနေတာမို့ ခနစောင့် .. "

" ငါ့ကို တားရဲတယ်ပေါ့လေ ၊ မင်း သေချင်နေပြီနဲ့ တူတယ် "

ဘုန်း ..

ကျယ်လောင်သော အသံတစ်သံနှင့်အတူ စားသောက်ဆိုင်မှ စားပွဲထိုးလေးမှာ အစွမ်းထက်သော အားတစ်ခု၏ ဒဏ်ကို ခံလိုက်ရ၏။

အု ..

စားပွဲထိုးလေးမှာ ​ကြမ်းပြင်ပေါ်သို့ ကျကျချင်းပင် သွေးအန်သွားပြီး သေလုမျောပါး ဖြစ်သွားရသည်။

ထိုအသံများကို ကြားသည်နှင့် ချီရှောင် ချက်ချင်း မတ်တတ် ထရပ်၏။

လောထျန်းနှင့် ဟွမ်ယင်တို့လည်း မျက်မှောင်အနည်းငယ် ကြုံ့လိုက်ကြသည်။

ထိုအချိန်မှာပင် အပြင်တွင် ပြဿနာရှာနေခဲ့သူက သူတို့ရှိနေသည့် အခန်းထဲသို့ တစ်လှမ်းချင်း လျှောက်ပြီး ဝင်လာသည်။

" ချီရှောင် ၊ ငါ့ ညစာစားပွဲကို လာဖို့ မင်းကို သေချာ ဖိတ်စာပို့ပြီး ဖိတ်ထားခဲ့တာလေ ။ ဒါတောင် မင်းက ငါ့ကို မျက်နှာသာမပေးဘဲ ဒီကို လာခဲ့တယ်ပေါ့ "

ဝင်လာသည့် လူငယ်က အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။

" လိုင်ထင် ၊ ရှင် လွန်နေပြီနော် "

ချီရှောင်မှာ ကြမ်းပြင်ပေါ်မှ စားပွဲထိုးလေးကို ကြည့်ရင်း မျက်လုံးထဲ၌ ဒေါသအရိပ်ငွေ့များ တဖြည်းဖြည်း တက်လာ၏။

လိုင်ထင်က လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" လွန်တယ် .. ဟုတ်လား ၊ငါ့အမိန့်ကို မနာခံတာနဲ့တင် ကြီးလေးတဲ့ ပြစ်မှု မြောက်နေပြီကို ငါက လွန်တယ်တဲ့လား ။ ချီရှောင် ၊ ငါ ပြောတဲ့အတိုင်း လိူက်မလုပ်ရင် မင်းနားမှာ ရှိကြတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ဒုက္ခတွေ့သွားမယ်နော် "

" ရှင် ... "

ချီရှောင်မှာ ဒေါသကို ပေါက်ကွဲထွက်လိုက်ချင်သော်လည်း အံကြိတ်၍ စိတ်ကိုသာ ပြန်ထိန်းလိုက်ရ၏။

လိုင်ထင်က သူမကို အပြုံးဖြင့် ကြ ည့်ရင်း စကားဆက်ပြောရန် ပြင်လိုက်သည်။

သို့သော် .. ထိုစဥ် စားပွဲတွင် ထိုင်နေသည့် လောထျန်းအား တွေ့သွားကာ သူ့မျက်နှာထား ချက်ချင်း ပြောင်းသွား၏။

" ဟမ် .. ချီရှောင် ၊ မင်းက ငါ ခေါ်တာကိုကျ ငြင်းပြီးတော့ ဒီလိုကောင်နဲ့ ညစာ လာစားနေတယ်ပေါ့လေ ။ ဟား ဟား .. သိပ်ကောင်းတယ်ကွာ "

ထို့နောက် သူက လောထျန်းအနီးသို့ ခြေလှမ်းအနည်းငယ် တိုးသွားကာ ဆက်ပြောသည်။

" ကောင်လေး ၊ မင်း ဘယ်သူဆိုတာ ငါ စိတ်မဝင်စားဘူး ။ အခုချက်ချင်း ဒူးထောက်ပြီးတော့ ငါ့ခြေထောက်နှစ်ချောင်းကြားကနေ  လေးဘက်ထောက်ပြီး သွားစမ်း ။ မဟုတ်လို့ကတော့ ဖြစ်လာမယ့် နောက်ဆက်တွဲကို မင်း ခံရမယ်သာမှတ် "

သူ လောထျန်းအား ချီရှောင်ရှေ့တွင် အရှက်ခွဲချင်နေ၏။

သို့မှသာလည်း သူ့ရင်ထဲမှ အမုန်းက ပြေလျော့ပေမည်။

" လိုင်ထင် ၊ ရပ်လိုက်ပါတော့ ။ ဒီကိစ္စက သူနဲ့ ဘယ်လိုမှ မပတ်သက်ဘူး "

ချီရှောင်မှာ သူမ၏ ပြဿနာထဲတွင်ဟွမ်ယင်၏ သူငယ်ချင်းကို ဆွဲမထည့်လိုသဖြင့် ဝင်တားလိုက်သည်။

သို့သော် သူမ ပြောလိုက်သည့် စကားကြောင့် လိုင်ထင်တစ်ယောက် ပို၍ပင် ဒေါသထွက်သွား၏။

" ဟား ဟား .. ချီရှောင် ၊ မင်းက အဲ့လို ဘာမဟုတ်တဲ့ကောင်ကို ကာကွယ်ဖို့အတွက် ငါ့ကို ပြန်ပြောရဲတယ်ပေါ့လေ ။ ကောင်းပြီလေ ၊ အဲ့တော့လဲ ဒီကောင့်ကို ငါ့ ခြေထောက်ကြားက မဖြစ်မနေ ဖြတ်သွားခိုင်းရမှာပေါ့ "

လိုင်ထင်က ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် အနောက်ဘက်တွင် ရှိနေသော သူ့နောက်လိုက် အပေါင်းအပါများကလည်း တဟားဟား ရယ်မောလိုက်ကြ၏။

" ရှင် သိပ်လွန်နေပြီနော် "

ဟွမ်ယင် ဒေါသထွက်သွားသည်။

" ယင်လေး ၊ စိတ်လျှော့ပါ ။ ဘာမှ လျှောက်မလုပ်နဲ့ "

ချီရှောင်က ချက်ချင်း ဝင်တား၏။

ထိုအချိန်တွင် လောထျန်းက သူ့လက်မှ အစားအသောက်ပန်းကန်ကို ချကာ လိုင်ထင်အား ကြည့်လိုက်သည်။ ထို့နောက် ချီရှောင်ဘက်လှည့်၍ မေး၏။

" ဒီအရူးက ဘယ်သူလဲ "

ထိုစကားကို ကြားသည်နှင့် အစောက ဒေါသထွက်နေသည့် ဟွမ်ယင်က ဝါးလုံးကွဲ ထရယ်လိုက်သည်။

အခန်းထဲမှ ကျန်လူများအားလုံးမှာ အံ့သြမှင်သက်သွားကုန်၏။

ယခုလက်ရှိ ​နတ်ဘုရားမြို့တော်တွင် လိုင်ထင်အား မသိသူ ရှိလိမ့်မည် မဟုတ်ဟုသာ သူတို့ ထင်ထားခဲ့ကြပါသည်။

လောထျန်း၏ စကားကို ကြားပြီးနောက် ချီရှောင်၏ မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်သွား၏။

လိုင်ထင်က မည်သို့သော လူမှန်း သူမ သိထားပြီးဖြစ်ရာ လောထျန်း၏ စကားက ကောင်းမွန်စွာ အဆုံးသတ်လိမ့်မည် မဟုတ်မှန်း သူမ သိပေသည်။

" ထျန်းပိုင် ၊ သူ့နာမည်က လိုင်ထင်လို့ ခေါ်တယ် ။ သူက မိုးကြိုးဘုရင်ကြီးရဲ့ မြေးပဲ "

ချီရှောင်က လေသံတိုးတိုးဖြင့် ပြောပြလိုက်သည်။

" ဘယ်လို .. "

နံဘေးမှ ဟွမ်ယင်မှာ ခေတ္တမျှ အံ့သြမှင်သက်သွား၏။

အစောကလေးတင် သူတို့ မိုးကြိုးဘုရင်အကြောင်း ဆွေးနွေးနေခဲ့ကြပါသေးသည်။ သို့သော် ယခုကဲ့သို့ မိုးကြိုးဘုရင်၏ မြေးနှင့် တွေ့ရလိမ့်မည်ဟုမူ ထင်မထားခဲ့ပါချေ။

မသေမျိုးတစ်ယောက်၏ မြေးက ဤမျှ မောက်မာရိုင်းစိုင်းနေသည်မှာ မဆန်းတော့ပေ။

တဖက်မှ လောထျန်းမှာလည်း အံ့အားသင့်သွားပြီး လိုင်ထင်အား သေချာလှည့်ကြည့်လိုက်သည်။

" မင်းက မိုးကြိုးဘုရင်ရဲ့ မြေးဆိုတာ တကယ် သေချာရဲ့လား "

အားလုံး ဖြစ်ပျက်သွားကြသည့် မျက်နှာကို ကြည့်ကာ လိုင်ထင်၏ မျက်လုံးထဲတွင် ကျေနပ်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။

" ဟား ဟား ၊ ကောင်လေး .. အခုတော့ ကြောက်သွားပြီလား ။ ဒါပေမယ့် နောက်ကျသွားပြီကွ ။ မင်းက ငါ့ကိုတောင် အရူးလို့ ခေါ်ရဲတာဆိုတော့ နောက်ဆက်တွဲ အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာ မင်း သိလောက်ပါပြီ "

သူက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

လောထျန်းက ပါစပ်သုတ်ကာ ပြန်ပြော၏။

" အကျိုးဆက်တွေ ဘာတွေ နောက်မှ ပြောကြတာပေါ့ ။ အခု ငါ မင်းကို မေးချင်တာ တစ်ခုရှိလို့ "

မျှော်လင့်မထားသည့် စကားကြောင့် လိုင်ထင် အံ့အားသင့်သွားသည်။

" မင်းက ဘာ မေးချင်လို့လဲ "

လောထျန်းက ပြော၏။

" ငါ ကြားတာတော့ မင်းအဖွားက တခြားသူတစ်ယောက်နဲ့ နှစ်ပေါင်း ၅၀၀ ကျော်တောင် အတူအိပ်ခဲ့တာဆို ။ ဆိုတော့ မင်းက အဲ့လူရဲ့ မြေးမဟုတ်ဘဲနဲ့ မိုးကြိုးဘုရင်ရဲ့ မြေးဆိုတာ သေချာရဲ့လား "

လောထျန်း၏ စကားဆုံးသည်နှင့် အခန်းတစ်ခုလုံး အပ်ကျသံပင် ကြားရသည်အထိ တိတ်ဆိတ်သွားတော့သည်။

မိုးကြိုးဘုရင် ငယ်စဥ်က ပိုအစွမ်းထက်လာရန်အတွက် သူ့အမျိုးသမီးကို အခြားသူတစ်ယောက်၏ ပျော်တော်ဆက်အဖြစ် ပေးထားခဲ့ဖူးပါသည်။

၎င်းမှာ မိုးကြိုးဘုရင်က မပြောရဟု တားမြစ်ထားသည့် အကြောင်းတစ်ခု ဖြစ်သည့်အတွက်လည်း ထိုကိစ္စနှင့် ပတ်သက်၍ မည်သူမှ မဟရဲကြပါချေ။

သို့သော် .. ယခု လောထျန်းက လိုင်ထင်ရှေ့တွင် ထိုမေးခွန်းမျိုး အမှန်တကယ် မေးလိုက်သည်လား။

တဖက်မှ လောထျန်းကမူ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ လိုင်ထင်အား ကြည့်ကာ ထပ်မေး၏။

" တကယ့် မြေး အဖိုး စစ် မစစ် ဆိုတာကို သွေးနဲ့ စစ်ကြည့်ချင်လား "

ထိုစကားကြောင့် လိုင်ထင်၏ ဒေါသ လုံးဝ ပေါက်ကွဲသွားတော့သည်။

" မအေ &%#$ မင်းက သေချင်နေတာပဲ ၊ ဒီကောင့်ကို သတ်လိုက်ကြစမ်းကွာ "

သူ့စကား ဆုံးသည်နှင့် လိုင်ထင်နောက်မှ လူတစ်ယောက်က လောထျန်းဆီသို့ ပြေးဝင်လာ၏။

" နေဦး "

၎င်းကို မြင်သောအခါ ချီရှောင်က ရှေ့ထွက်၍ တားရန် ပြင်လိုက်သည်။

သို့သော် .. သူမ လှုပ်ရှားလိုက်သည်နှင့် လူတစ်ယောက်က သူမရှေ့တွင် ပိတ်ရပ်လာ၏။

" နတ်ဘုရားသားတော် .. ဟန်မင်ပါလား ၊ ရှင်ကရော သူ့ရဲ့ နောက်လိုက် ဖြစ်သွားပြီပေါ့လေ "

ချီရှောင်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားရသည်။

သူမရှေ့မှ လူမှာ နတ်ဘုရားမြို့တော်၏ နတ်ဘုရားသားတော် တစ်ယောက် ဖြစ်ပါသည်။ သို့သော် ကံဆိုးစွာပင် သူက မိုးကြိုးဘုရင် လက်အောက်သို့ ရောက်နေခဲ့လေပြီ။

" ဉာဏ်ပညာရှိတဲ့ ငှက်ဟာ အသိုက်ဆောက်ဖို့အတွက် မှန်ကန်တဲ့ သစ်ပင်ကိုပဲ ရွေးလေ့ရှိတယ် ။ ညီမလေး ချီရှောင်လဲ ရုန်းကန်မနေဘဲ ကိုယ်ရှေ့မှာ ရောက်လာတဲ့ ကံကြမ္ဘာကောင်းကို အသာတကြည် လက်ခံလိုက်ဖို့ ကျုပ် အကြံပေးချင်တယ်။ သခင်ကြီး လိုင်ထင်နဲ့ လက်ထပ်ခွင့် ရတာကိုက မင်းအတွက် ကံကောင်းမှုကြီးပဲ "

ဟန်မင်က ပြောလိုက်သည်။

All Chapters