ကောင်းကင်ဘုံ တံခါးဝ မက ၊မသေမျိုး မကျ
Vol. 19 Ch. 262
တဖက်လူက ပွင့်ပွင့်လင်းလင်းပင် မေးလာသည့်အတွက် လောထျန်းကလည်း ဖုံးကွယ်မနေဘဲ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
" မြို့စားကြီး သုံးယောက်ကို ကျုပ် အမှန်တိုင်းပဲ ပြောပါမယ် ၊ ကျုပ် မြောက်ပိုင်းနန်းတော်က ဆေးပင်တစ်ပင် လိုလို့ပါ "
" ဆေးပင် .. "
သူ့အဖြေကြောင့် မြို့စားကြီး သုံးယောက် အနည်းငယ် အံ့အားသင့်သွားကြသည်။
" သခင်လေးက ဘယ်လို ဆေးပင်မျိုး လိုတာလဲ "
မြို့စားကြီး ရှန့်လင်ကျိုးက မေး၏။
" နှစ်တစ်ထောင် မသေမျိုး ကြာပွင့်ပါ "
လောထျန်း ပြန်ဖြေလိုက်သည်။
ဆေးပင်နာမည်ကို ကြားသည်နှင့် မြို့စားကြီး သုံးယောက်လုံး တစ်ပြိုင်နက်တည်း မျက်မှောင်ကြုံ့သွားကြသည်။
အကယ်၍ အခြားဆေးပင်များကို လိုအပ်လျှင်မူ လောထျန်းအနေဖြင့် မြောက်ပိုင်းနန်းတော်ထဲသို့ပင် ဝင်ရန်မလိုပါ။ သူတို့၏ မြို့စားအိမ်တော်တွင် ဆေးပင်အမျိုးအစားပေါင်း စုံလင်စွာ ရှိပါ၏။
သို့သော် နှစ်တစ်ထောင် ကြာပွင့်မှာမူ မသေမျိုး၏ အစွမ်းဖြင့်သာ ရှင်သန်နိုင်သဖြင့် မြောက်ပိုင်းနန်းတော်မှ ထွက်ခွာသည်နှင့် ချက်ချင်း ညိုးနွမ်းကာ သေဆုံးသွားမည်ဖြစ်သည်။
ထို့ကြောင့် ၎င်းက သူတို့ မြို့စားအိမ်တော်တွင် ရှိမနေချေ။
" တကယ်လို့ အဲ့ဆေးပင်ကို လိုချင်တာ ဆိုရင်တော့ သခင်လေး လောထျန်းအနေနဲ့ မြောက်ပိုင်းနန်းတော်ထဲကို သွားပြီး ခူးမှပဲ ရမှာဗျ ။ အဲ့မတိုင်ခင် .. မိုးကြိုဘုရင်ကို သခင်လေး ဘယ်လိုမြင်လဲဆိုတာ မေးလို့ရမလား "
စီမာထျန်းချန်က မေးလိုက်သည်။
လောထျန်းက သူ့ကို ကြည့်ကာ ပြန်ပြော၏။
" ဒုတိယ မြို့စားကြီး ၊ ကျုပ်ကို စမ်းသပ်နေဖို့ မလိုပါဘူးဗျာ ။ သူနဲ့ ကျုပ်နဲ့ ကြားမှာ ရန်ငြိုး ရှိထားပြီးသားဗျ ။ သူက ကျုပ်ကို သတ်ဖို့ကြိုးစားရင် ၊ ကျုပ်ကလဲ သူ့ကို ပြန်သတ်မှာပဲ "
" သူနဲ့ ရန်သူတွေ ဖြစ်ထားကြတာလား ။ ဘာဖြစ်လို့ သူနဲ့မှ ရန်သူလုပ်ထားရတာလဲ သခင်လေး "
စီမာထျန်းချန်က ဆက်မေးသည်။
၎င်းမှာ သူ နားမလည်နိုင်ဆုံး အချက်ပင်။
သူတို့ ရထားသည့် သတင်းများအရ ဆိုလျှင်လည်း လောထျန်းအသက်နှင့် မိုးကြိုးဘုရင်၏ အသက်မှာ အလွန်ကွာလှပြီး သူတို့နှစ်ယောက်ရန်ဘက်များ ဖြစ်လာနိုင်ချေ အလွန်နည်းပါသည်။
သို့သော် မိုးကြိုးဘုရင်က လောထျန်းအား သူ သတ်ချင်သည့် စာရင်းတွင် နံပါတ် ၃ နေရာ၌ ထည့်ထား၏။
၎င်းမှာ သူတို့အတွက် ထူးဆန်းနေပါသည်။
လောထျန်းက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
" ဘာရယ်တော့ မဟုတ်ပါဘူးဗျာ ။ မိုးကြိုးဘုရင်ရဲ့ ကိုယ်ပွားပုံရိပ်က ကျုပ်ကို သတ်ဖို့ ကြိုးစားနေတာကို ကျုပ်က မိသွားလို့ အကြိမ် လေး ၊ ငါး ရာလောက် ပါးချပြီး၊ တံတွေးနဲ့ ထွေး ပြီးတော့ အဲ့ကိုယ်ပွားပုံရိပ်ကိုပါ အပျောက် ရှင်းလိုက်လို့ပါ "
သူ့စကားကို ကြားသည်နှင့် မြို့စားကြီး သုံးယောက်လုံး မျက်နှာမသာမယာ ဖြစ်သွားကြသည်။
မိုးကြိုးဘုရင်၏ ဒေါသကို သူတို့ သိထားပေရာ လောထျန်း ပြောသွားခဲ့သည့်အတိုင်း ဆိုလျှင် မိုးကြိုးဘုရင်က သူ့တစ်ယောက်တည်းတင်မက သူတို့ မိသားစု အားလုံးကိုပါ မသေမချင်း လိုက်သတ်နေမည် မလွဲပေ။
သို့သော် လောထျန်းက ဘာရယ်မဟုတ် ဟု ပြောနေ၏။
ရှန့်လင်ကျိုး သက်ပြင်းချလိုက်သည်။
" ဒါဆို ဒီမိုးကြိုးဘုရင်က ကျုပ်တို့အားလုံးရဲ့ ဘုံရန်သူပေါ့ "
" မြို့စားကြီး ... "
ထိုစကားကြောင့် ဘေးတွင် ရပ်နေသော ချီရှောင် စိတ်လှုပ်ရှားဝမ်းသာသွား၏။
လွန်ခဲ့သာ ရက်များအတွင်း မိုးကြိုးဘုရင်၏ နောက်လိုက် အပေါင်းအပါများက နတ်ဘုရားမြို့တော်၏ တစ်ဝက်ကို ထိန်းချုပ်ကာ စိတ်ထင်တိုင်း ကြဲနေခဲ့ကြပါသည်။ သို့သော် မြို့စားအိမ်တော်ကိုမူ လုံးဝ မထိဘဲ လွှတ်ထားသဖြင့် သူမ အနည်းငယ် စိတ်ပျက်နေခဲ့ရ၏။
မြို့စားအိမ်တော်မှာလည်း မိုးကြိုးဘုရင်၏ လက်အောက်ခံ ဖြစ်သွားပြီဟုသာ သူမ ထင်နေခဲ့သည်။
သို့သော် .. မြို့စားကြီး သုံးယောက်က လက်မလျှော့သေးသည်ကို ယခု သိလိုက်ရလေပြီ။
ထိုစဥ် စီမာထျန်းချန်က ဝင်ပြော၏။
" သခင်လေး လောထျန်း ၊ ကျုပ်တို့တွေ တကယ်ကို သိချင်နေတဲ့ အရာတစ်ခု ရှိတယ်ဗျ ။ အဲ့ဒါကတော့ သခင်လေးရဲ့ အစွမ်းက ဘယ်လာက်ရှိတယ်ဆိုတာပဲ "
သူသည် လူပေါင်းများစွာ စေလွှတ်၍ လောထျန်းအကြောင်းကို ဂရုတစိုက် လေ့လာစုံစမ်းခိုင်းခဲ့ဖူးပါသည်။
သို့သော် ပြန်ကြားရသည့် သတင်းများမှာ တစ်ယောက်တစ်မျိုး ဖြစ်နေသဖြင့် လောထျန်း၏ အစွမ်းအစစ်အမှန်က မည်သို့ ရှိသည်ကို သူ မသိပါချေ။
လောထျန်းက ခေါင်းကုတ်ကာ ပြန်ပြော၏။
" အမှန်တိုင်း ပြောရရင် ကျုပ်လဲ သိချင်နေတာဗျ ။ အခု မြို့စားကြီးတို့ သုံးယောက်အနေနဲ့ ကျုပ်ကို စမ်းပြီး တိုက်ခိုက်ကြည့်လိုက်ရင်ရော .. ။ ကျုပ် ကောင်းကင်ဘုံ တံခါးဝအဆင့်က လူနဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးသေးဘူးဗျ "
မြို့စားကြီး သုံးယောက်က တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ကာ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
ဝီ ..
ချက်ချင်း ဆိုသလိုပင် သူတို့က အစီအမံများ ဖော်ဆောင်၍ မြို့စားအိမ်တော်၏ လေထုတစ်ခုလုံးအား အပြင်ကမ္ဘာနှင့် သီးသန့်ခွဲထားလိုက်၏။
" သခင်လေး လောထျန်း ၊ ကျေးဇူးပြုပြီး အစွမ်းကုန်သာ သုံးပါ "
ချူကျင်းထောင်က ပြောသည်။
လောထျန်းကလည်း တုန့်ဆိုင်းမနေဘဲ လက်ဝေ့ယမ်း၍ ကောင်းကင်ဘုံ လက်ဝါးသိုင်းကွက်အား အစွမ်းပြည့်သုံးကာ ထုတ်လွှတ်လိုက်၏။
ဝီ ..
သူ့နောက်တွင် မှုန်ဝါးဝါး ဧရာမ အရိပ်ကြီးတစ်ခု စုစည်းလာသည်။
ထိုအရိပ်ကြီး ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် ဖိအားတစ်ခုလည်း ထွက်ပေါ်လာ၏။
မြို့စားအိမ်တော်ရှိသည့် လေထုတစ်ခုလုံးကို သီးသန့် ပိတ်လှောင်ထားသည့်တိုင် ထိုဖိအားကြောင့် လေထုတစ်ခုလုံး မတည်မငြိမ် ဖြစ်သွားရသည်။
" အတူတူ တိုက်ခိုက်ကြမယ် "
မြို့စားကြီး ရှန့်လင်ကျိုးသည် သတိလက်လွတ် ပြုမူ၍ မရကြောင်းကို နားလည်သဖြင့် သူတို့ သုံးယောက်လုံး တစ်ပြိုင်တည်း တိုက်ခိုက်ကြရန် ပြောလိုက်၏။
ဘုန်း .. ဘုန်း .. ဘုန်း ..
သူတို့ သုံးယောက်ထံမှ လက်ဝါးချက်များ အသီးသီး ထွက်ပေါ်လာကြသည်။ သို့သော် .. သူတို့သုံးယောက်လုံးပင် နောက်သို့ လွင့်ထွက်သွားကြကုန်၏။
" ရပါပြီဗျာ ၊ သခင်လေးလောထျန်း ၊ ရပါပြီ "
ချူကျင်းထောင်က အသက်ကို အနိုင်နိုင် ရှူရင်း ပြောလိုက်သည်။
လောထျန်းကလည်း သူ့အစွမ်းကို ချက်ချင်း ပြန်သိမ်း၏။
ထိုအခြင်းအရာများကို နံဘေးမှ ကြည့်နေသည့် ဟွမ်ယင်တစ်ယောက် အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။
" တော်တော် .. အစွမ်းထက်တဲ့ လက်ဝါးသိုင်းပါလား "
သူမ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ပါချေ။
တဖက်မှ မြို့စားကြီး သုံးယောက်တို့က သူတို့၏ မူလနေရာများတွင် ပြန်ထိုင်လိုက်ကြသည်။
အစောက လက်ဝါးချက်ကြောင့် သူတို့အားလုံးပင် အတွင်းဒဏ်ရာများ ရသွားခဲ့ကြရ၏။
" အကိုကြီး ၊ သခင်လေးလောထျန်းရဲ့ လက်ရှိအစွမ်းက ဘယ်လောက်ရှိတယ်လို့ ထင်လဲ "
ချူကျင်းထောင်က မေးလိုက်သည်။
" ကောင်းကင်ဘုံ တံခါးဝအဆင့်ရဲ့ အထက်မှာ ရှိတယ် ၊ ဒါပေမယ့် မသေမျိုး အဆင့်လဲ မရောက်သေးဘူး "
ရှန့်လင်ကျိုးက အချိန်အတန်ငယ်ကြာ စဥ်းစားပြီးမှ ပြန်ဖြေ၏။
စီမာထျန်းချန်ကလည်း သက်ပြင်းချ၍ ပြောသည်။
" ကျုပ်လဲ အဲ့လိုပဲ တွေးတာ ။ ဒီအစွမ်းနဲ့တောင် .. မိုးကြိုးဘုရင်ကို အနိုင်ယူဖို့ မလုံလောက်သေးဘူး "
ချူကျင်းထောင်က သူ့အကိုကြီး နှစ်ယောက်ကို ကြည့်ကာ ပြော၏။
" အကိုကြီးတို့က ဘာလို့ စိတ်ပျက်သွားကြတာလဲဗျ ။ ဒီလို ရလဒ်မျိုးကို မျှော်လင့်ထားပြီးသား မဟုတ်ဘူးလား "
ထိုစကားကို ကြားသောအခါ စီမာထျန်းချန် ရုတ်တရက် မှင်သက်နေပြီးမှ အပြုံးဖြင့် ပြန်ပြောသည်။
" မင်းပြောတာ အမှန်ပဲ "
ထို့နောက် သူက လောထျန်းဘက် လှည့်ကြည့်ကာ စကားဆက်သည်။
" သခင်လေး လောထျန်း ၊ လက်ရှိမှာ မိုးကြိုးဘုရင်က ကျုပ်တို့ရဲ့ ဘုံရန်သူပဲဗျ ။ ဒီ သူခိုးက အစွမ်းထက်လွန်းနေတော့ ကျုပ်တို့ သူ့ကို ဘယ်လိုမှ မကိုင်တွယ်နိုင်ဘူး ဖြစ်နေတာ ။ ဒါ့ကြောင့်မို့ ကျုပ်တို့ အစီစဥ်တစ်ခု လုပ်ထားတယ် ။ ဒီ အစီအစဥ်ထဲမှာ ဝင်ပါဖို့ သခင်လေး လောထျန်းကို ဖိတ်ခေါ်ချင်ပါတယ်။ သခင်လေးရဲ့ သဘောကရော ဘယ်လိုရှိလဲ "
လောထျန်းက မြို့စားကြီး သုံးယောက်ကို ဝေ့ဝဲကြည့်ကာ မေး၏။
" အစီအစဥ်က ဘာလဲဗျ '
စီမာထျန်းချန်က ပြန်ပြောသည်။
" ဒီလိုဗျ .. မြောက်ပိုင်းနန်းတော်ထဲမှာ အရင် နတ်ဘုရားမြို့တော်ရဲ့ တည်ထောင်သူ ချန်ထားခဲ့တဲ့ ဓားနဲ့ ဓားဝိဥာဥ် အကြွင်းအကျန် ရှိတယ် "
" တကယ်လို့ ကျုပ်တို့ ဘိုးဘေးရဲ့ အကြွင်းအကျန် ဓားဝိဥာဥ်ကိုသာ လှုပ်နိုးပြီး မသေမျိုးဓားကို ထိန်းချုပ်ခိုင်းလိုက်လို့ ရှိရင် မိုးကြိုးဘုရင်ကို သေချာပေါက် သတ်နိုင်သွားမှာပဲ။ အဲ့ကျရင် နတ်ဘုရားမြို့တော်ကြီးလဲ ပြန်ငြိမ်းချမ်းသွားမှာဗျ "
လောထျန်းက သူ့ကို ကြည့်ကာ ထပ်မေး၏။
" ဒါဆို ကျုပ်ကို ဘယ်လို လုပ်စေချင်တာလဲ "
ရှန့်လင်ကျိုးက အပြုံးဖြင့် ဝင်ပြောသည်။
" ကျုပ်တို့က သခင်လေးအနေနဲ့ ကျုပ်တို့ဘိုးဘေးရဲ့ အကြွင်းအကျန် ဓားဝိဥာဥ်ကို လှုပ်နိုးစေချင်တာ ။ သခင်လေးရဲ့ အစွမ်းနဲ့သာဆို သေချာပေါက် လုပ်နိုင်မှာပဲ "
သူတို့ စိတ်ထဲတွင်လည်း လောထျန်းအနေဖြင့် ဓားဝိဥာဥ်ကိုသာ လှုပ်နိုးနိုင်ပါက မသေမျိုး၏ အမွေအနှစ်ကို ရမည်ဖြစ်ရာ သူတို့၏ကမ်းလှမ်းချက်က အပြစ်ဆိုစရာ မရှိဟု ထင်နေ၏။ လောထျန်းအနေဖြင့်လည်း ငြင်းစရာ အကြောင်း ရှိမည် မဟုတ်ပေ။
သို့သော် ...
လောထျန်းက တုန့်ဆိုင်းမနေဘဲ ပြန်ပြောသည်။
" စိတ်မရှိပါနဲ့ဗျာ ၊ ကျုပ် စိတ်မဝင်စားဘူးဗျ "
" ဘယ်လို .. "
မြို့စားကြီး သုံးယောက်လုံး အံ့သြမှင်သက်သွားကုန်၏။
" သခင်လေး လောထျန်း ၊ ဒီဓားက ကျုပ်တို့ ဘိုးဘေးရဲ့ အမွအနှစ်နော် ။ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ရဲ့ အမွေအနှစ်ဗျ "
ချူကျင်းထောင်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
လောထျန်းက ခေါင်းယမ်း၍သာ ပြန်ပြော၏။
" သိတယ်ဗျ ၊ ဒါပေမယ့် .. ကျုပ် စိတ်မဝင်စားလို့ပါ "
ထို မသေမျိုး၏ အမွေအနှစ်က သူ့ကိုယ်ပိုင် ကောင်းကင်ဘုံ သိုင်းကျမ်းထက် ပို အစွမ်းထက်နိုင်ပါမည်လား ။
မြို့စားကြီး သုံးယောက်မှာမူ မျှော်လင့်မထားသည့် အခြေအနေကြောင့် အံ့သြမှင်သက်ပြီး မည်သို့ ဆက်လုပ်ရမည်မသိ ဖြစ်ကုန်ကြသည်။
ထိုအချိန်တွင် လောထျန်းက ပြောလာ၏။
" မြို့စားကြီးတို့ ၊ ကျုပ်က ခင်ဗျားတို့ ဘိုးဘေးရဲ့ အမွေဆက်ခံသူတစ်ယောက် မဖြစ်လာချင်ပေမယ့် အကြွင်းအကျန် ဓားဝိဥာဥ်ကို လှုပ်နှိုးတဲ့နေရာမှာတော့ ကူညီကောင်း ကူညီနိုင်ပါလိမ့်မယ်။ ဒီ ဓားဝိဥာဥ်ကို လှုပ်နိုးလိုက်ရင် အမွေဆက်ခံသူကို ခင်ဗျားတို့ဘာသာပဲ ရှာဖို့ အချိန် လုံလောက်တယ်မလား "
သူ့စကားကြောင့် မြို့စားကြီးသုံးယောက်၏ မျက်နှာများ မျှော်လင့်ချက်ဖြင့် အရောင်ပြန်လက်သွားကြသည်။
" သခင်လေး လောထျန်း ၊ တကယ်ကြီး ပြောနေတာလားဗျ "
ရှန့်လင်ကျိုးမှာ သူ့နားသူပင် မယုံနိုင်ဘဲ ဖြစ်နေ၏။
ရခဲလှသော အခွင့်အရေးကောင်းကြီး တစ်ခုဖြစ်သည့် မသေမျိုး၏ အမွေအနှစ်ကို လောထျန်းက အမှန်တကယ် လက်လွတ် ခံနေသည်လား ။
" ဒါပေါ့ဗျ "
လောထျန်းက ပြန်ပြောသည်။
မြို့စားကြီး သုံးယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး လောထျန်းအား တစ်ပြိုင်နက်တည်း ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။
" သခင်လေး လောထျန်းသာ အဲ့လို လုပ်ပေးမယ်ဆိုရင် ခုချိန်ကစပြီးတော့ သခင်လေးက ကျုပ်တို့ နတ်ဘုရားမြို့တော်ရဲ့ ကျေးဇူးရှင်ကြီး ဖြစ်သွားပါပြီဗျာ "
ရှန့်လင်ကျိုး၏ အသံမှာ ဝမ်းသာလွန်း၍ အနည်းငယ်ပင် တုန်နေ၏။
လောထျန်းက လက်ကာပြကာ ပြန်ပြောသည်။
" မြို့စားကြီးတို့က အရမ်း ယဥ်ကျေးလွန်းနေပါပြီဗျာ။ ဒါနဲ့ မြောက်ပိုင်းနန်းတော်က ဘယ်အချိန် ဖွင့်မှာလဲဗျ ။ ဝင်ဖွင့်စာမေးပွဲကရော ဘယ်မှာ လုပ်မှာလဲ "
စီမာထျန်းချန်က အပြုံးဖြင့် ပြောသည်။
" မြာက်ပိုင်းနန်းတော် ဖွင့်ဖို့ကတော့ ကျုပ်တို့ဘက်က ပြင်ဆင်စရာလေးတွေ နည်းနည်း ရှိနေသေးတယ် သခင်လေးရဲ့ ။ အစောဆုံးဆိုရင်တောင် .. နောက် သုံးရက်နေမှပဲ ဖွင့်နိုင်မှာ ။ ဝင်ခွင့်အကြောင်းတော့ စကားထဲကို ထည့်ပြောနေစရာ မလိုပါဘူးဗျာ ။ သခင်လေးလို နတ်ဘုရားမြို့တော်ရဲ့ ကျေးဇူးရှင်တစ်ယောက်က ဘယ်ဝင်ခွင့်မျိုး လိုဦးမှာလဲ "
သူက ပြောပြောဆိုဆိုပင် သူ့အင်္ကျီလက်ထဲမှ ကျောက်စိမ်း အဆောင်တစ်ခုကို ထုတ်၍ လောထျန်းအား ပေးလိုက်သည်။
" ဒီဟာနဲ့ဆို မြောက်ပိုင်းနန်းတော်ထဲ ဝင်လို့ ရပြီဗျ "
သူ အပြုံးဖြင့် ဆို၏။