← Chapters

မြောက်ပိုင်းနန်းတော် ဖွင့်ခြင်း

Vol. 19 Ch. 263

မြောက်ပိုင်းနန်းတော် ဖွင့်ခြင်း

Vol. 19 Ch. 263

လောထျန်းက ကျောက်စိမ်းအဆောင်ကို သေချာသိမ်းကာ မြို့စားသုံးယောက်အား ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထို့နောက်တွင်မူ စီမာထျန်းချန်က လောထျန်းအား မြို့စားအိမ်တော်တွင်ပင် နေရန် ပြောပြီး သူ့လူများအား မှာစရာ ရှိသည်များကို မှာကြား၏။ ပြီးနောက် မြောက်ပိုင်းနန်းတော် ဖွင့်ရန်အတွက် ပြင်ဆင်စရာ ရှိသည်များကို လုပ်ရန် သူ ထွက်သွားသည်။

ဟွမ်ယင်နှင့် ချီရှောင်တို့ကိုလည်း မြို့စားအိမ်တော်တွင်ပင် နေရန် စီစဥ်ပေးထားခဲ့သေး၏။

" လောထျန်း .. ရှင်က တကယ် လောထျန်းပေါ့ .. "

ဟွမ်ယင်က လောထျန်းအား မယုံနိုင်သေးဟန်ဖြင့် ကြည့်သည်။

ချီရှောင်မှာမူ အံ့သြတုန်လှုပ်နေသဖြင့် စကားမဆိုနိုင် ဖြစ်နေ၏။

အထူးသဖြင့် လောထျန်းနှင့် စတွေ့စဥ်က သူ့အပေါ် သူမ၏ ဆက်ဆံပုံများကို ပြန်တွေးမိကာ မည်သို့ လုပ်ရမည်မသိ ဖြစ်သွားသည်။

တဖက်မှ လောထျန်းကမူ စိတ်ဆိုး စိတ်တိုနေဟန် မလျဥ်းမရှိဘဲ ပုံမှန်အတိုင်းသာ ဆက်ရှိနေ၏။

" မင်းတို့ နှစ်ယောက်ကို မှာရဦးမယ် ။ ခု မြို့စားကြီး သုံးယောက်က ကျုပ်တို့ကို ကူညီဖို့ ရှိနေတယ်ဆိုပေမယ့် မြောက်ပိုင်းနန်းတော်ထဲ မဝင်ခင် ကျုပ် ဘယ်သူဆိုတာ အပြင်ကို ပေါက်ကြားလို့ မဖြစ်သေးဘူး "

လောထျန်းက ပြောလိုက်သည်။

" ကျွန်မတို့ နားလည်ပါတယ်။ ဒီအကြောင်း ဘယ်သူမှ မသိစေရဘူး ၊ စိတ်ချပါ "

ကျန်နှစ်ယောက်က ချက်ချင်း ခေါင်းညိတ်ကာ အလေးနက် ပြန်ပြော၏။

သူတို့ သုံးယောက်သား အချိန်အတန်ငယ်ကြာ စကားဆက်ပြောနေပြီး နောက်တွင်မူ ချီရှောင်က အကြောင်းပြချက် တစ်ခုရှာပြီး ဟွမ်ယင်ကို ခေါ်ကာ ထွက်ခွာသွားသည်။

သူမ အလွန် စိတ်လှုပ်ရှားနေရာ လောထျန်းရှေ့တွင် ကြာကြာဆက်မနေရဲပါချေ။

သူတို့ ထွက်ခွာသွားပြီးနောက် လောထျန်းက သူ့အခန်းသို့ ပြန်သွားလိုက်သည်။

သူ သိချင်နေခဲ့သည့် သူ့အစွမ်းအမှန်ကို သိခွင့်ရခဲ့လေပြီ ။

" ငါက မသေမျိုးအဆင့် မရောက်သေးဘူးတဲ့လား .. ။ ဘယ်တတ်နိုင်မလဲလေ ၊ ဒီတစ်ခါ ကောင်းကင်ထိန်းချုပ်အဆင့်ကို ရောက်ပြီးသွားရင်တော့ မသေမျိုးအဆင့်ရဲ့ အပေါ်တစ်ဆင့်ကို ရောက်နိုင်​ကောင်းပါရဲ့ "

ထို့နောက် တွင်မူ သူ တဝါးဝါး သန်းဝေကာ အိပ်မောကျသွားတော့သည်။

ထိုအချိန် လိုင်ထင်၏ အိမ်၌ ...

" အဘိုး ၊ ဒီကိစ္စကို အဘိုးကိုယ်တိုင် ကိုင်တွယ်မှ ဖြစ်တော့မှာဗျ ။ ဟိုအဘိုးကြီး ချူကျင်းထောင်က ကျုပ်ကို ဘယ်လိုတောင် လုပ်လိုက်လဲ ကြည့်ပါဦးဗျာ "

လိုင်ထင်သည် ပုံရိပ်ဖော် အဆောင်တစ်ခုရှေ့တွင် ထိုင်ကာ ငိုကြွေး တိုင်တန်းနေ၏။

ပုံရိပ်ဖော်အဆောင်၏ အခြားတစ်ဖက်တွင်မူ မိုးကြိုးဘုရင် ရှိနေသည်။

ထိုအချိန်တွင် မိုးကြိုးဘုရင်သည် ​ရေခဲပြင်၌ တင်ပျင်ခွေထိုင်နေပြီး အလွန်သိမ်မွေ့နူးညံ့သည့် အရောင်အဝါတစ်ခုကလည်း သူ့ခန္ဓာကိုယ်အား လွှမ်းခြုံထား၏။

မသေမျိုးအဆင့်သို့ အောင်အောင်မြင်မြင် ရောက်သွားခဲ့ပြီ ဖြစ်သည့်အတွက် သူ့ပုံပန်းသွင်ပြင်မှာလည်း ရှိရင်းစွဲ အသက်ထက် များစွာပင် ပိုငယ်ရွယ်နုပျိုနေသည်။

" ချူကျင်းထောင်က အဲ့လောက်တောင် အတင့်ရဲနေတယ်ပေါ့လေ "

မိုးကြိူးဘုရင်က တစ်လုံးချင်း ပြောလိုက်သည်။

" ဟုတ်တယ် အဘိုးရဲ့ ။ သူက ကျုပ်ကို ရိုက်ခဲ့ရုံတင် မကဘူး ၊ မြို့စားအိမ်တော်မှာလဲ တစ်ခုခုကို လျှို့ဝှက် ကြံစည်နေသေးတယ်လို့ ကြားတယ် "

လိုင်ထင်က မီးကို လောင်စာထပ်ထည့်၏။

မိုးကြိုးဘုရင်က အပြုံးဖြင့် ပြန်ပြောသည်။

" သူတို့ ဘာတွေ စီစဥ်နေလဲ ငါ သိပါတယ်ကွာ ။ ဒီ​ကောင်တွေက မြောက်ပိုင်းနန်းတော် ဖွင့်တာကို အခွင့်ကောင်းယူပြီး အထဲက မသေမျိုးဓားနဲ့ ငါ့ကိုတိုက်ခိုက်ဖို့ ကြံစည်နေကြတာ '

လိုင်ထင်က ချက်ချင်း ပြန်မေး၏။

" ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ အဘိုး "

မိုးကြိုးဘုရင်က လက်ကာပြသည်။

" ဘာမှ လုပ်စရာ မလိုဘူး ။ အားလုံးက ငါကြိုတင် ခန့်မှန်းထားပြီးသားတွေ ။ တကယ်လို့ သူတို့ဘက်မှ ဘာမှ လုပ်မလာရင်တောင် ငါ ပို စိတ်ရှုပ်ရဦးမယ် "

ထို့နောက် သူ စကားဆက်၏။

" လိုင်ထင် ၊ ခုချိန်က စပြီးတော့ မင်း ဘာမှ မသိတဲ့ ပုံမျိုးနဲ့ နေပြီး သူတို့ စိတ်ကြိုက်သာ လုပ်ကြပါစေ။ မြောက်ပိုင်းနန်းတော် ဖွင့်ပြီးသွားမှ ငါ အားလုံးကို တစ်ချက်တည်းနဲ့ အမိဖမ်းပစ်မှာ "

" ဟုတ်ကဲ့ပါ အဘိုး "

လိုင်ထင်က အပြုံးဖြင့် ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။

ထို့နောက်တွင်မူ ပုံရိပ်ဖော်အဆောင်က ပြန်ပိတ်သွား၏။

ထိုစဥ် အာတိတ် ရေခဲပြင်တွင် ရှိနေသည့် မိုးကြိုးဘုရင်က ထိုင်နေရာမှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

" ကောင်းတယ် ၊ နောက်ထပ် ရက်နည်းနည်းလောက်ဆိုရင် ငါ မသေမျိုး ကောင်းကင်ဘုံ ပျက်စီးခြင်းရဲ့ နောက်ဆုံးအဆင့်ကို ကျော်လွှားနိုင်တော့မှာ ။ အဲ့ကျရင် အားလုံး ပြီးသွားပြီပေါ့ကွာ "

သူ လှောင်ပြုံးဖြင့် ဆိုသည်။

ဤသို့ဖြင့် သုံးရက် ကြာသွားပြီးနောက် ...

ထိုနေ့ မနက်ခင်း စောစောမှာပင် ချူကျင်းထောင်က လောထျန်း၏ အခန်းသို့ လူကိုယ်တိုင် လာတွေ့၏။

" သခင်လေးလောထျန်း ၊ မြောက်ပိုင်းနန်းတော်က ဒီနေ့ မွန်းတည့်ချိန်မှာ ဖွင့်ပါမယ် "

သူ့အသံတွင် စိုးရိမ်နေသည့် အရိပ်အယောင် အနည်းငယ်စွက်နေသည်။

" အိုး . အဲ့လောက်မြန်တာလား "

လောထျန်းက တအံ့တသြ ပြန်မေး၏။

ချူကျင်းထောင်က ခေါင်းညိတ်ပြသည်။

" အရင်ဆုံး တခြားသူတွေကို ဖွင့်မပေးခင် သခင်လေးတို့ကိုပဲ အရင်ဝင်ခိုင်းပြီးတော့ လက်ဦးမှုယူဖို့ ကျုပ်တို့ စီစဥ်ထားတယ်ဗျ ။ ပြီးသွားမှပဲ မိုးကြိုးဘုရင်ကို အကြောင်းကြားလိုက်မယ် "

လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။

" ကောင်းပါပြီ ၊ ဒါဆို ဘယ်ချိန် သွားကြမှာလဲ "

" အခုပဲဗျ '

ချူကျင်းထောင်က ပြန်ပြော၏။

လောထျန်းကလည်း သဘောတူကာ ချူကျင်းထောင်နောက်မှ ချက်ချင်း လိုက်သွားသည်။ မကြာမီမှာပင် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံဆီသို့ သူတို့ ရောက်လာ၏။

ထိုအချိန်တွင်  တည်နေရာရွှေ့ပြောင်းခြင်း အစီအမံရှေ့၌ ကျန်မြို့စားကြီး ၂ယောက် ၊ ဟွမ်ယင် နှင့် ချီရှောင်တို့အပြင် အခြားလူငယ် သုံးယောက်လည်း ရောက်နှင့်နေကြပြီဖြစ်သည်။

ချူကျင်းထောင်က လောထျန်းအား ထိုလူငယ်များနှင့် မိတ်ဆက်ပေး၏။

" သခင်လေး လောထျန်း ၊ ဒီ လူငယ် သုံးယောက်က ကျုပ်တို့ နတ်ဘုရားမြို့တော်ရဲ့ နတ်ဘုရားသားတော်တွေပဲဗျ ။သူတို့ သုံးယောက်လုံးက အကျင့်စရိုက် ကောင်းသလို စိတ်ဓာတ်လဲကောင်းကြတယ် ။ပြီးတော့ အားလုံးကလဲ မိုးကြိုးဘုရင်နဲ့ ရန်ငြိုး ရှိထားကြတာမို့ ဘာပြဿနာမှ မရှိနိုင်ဘူး "

" မြောက်ပိုင်း နန်းတော်ထဲကို ဝင်သွားပြီးတာနဲ့ ဒီလူတွေက ကျုပ်တို့ဘိုးဘေးရဲ့ အမွေအနှစ်အတွက် ဆက်ခံသူ အလောင်းအလျာတွေပေါ့။

တဖက်မှ နတ်ဘုရားသားတော် သုံးယောက်ကလည်း လောထျန်းအား တစ်ပြိုင်နက်တည်း ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။

" တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး လောထျန်း "

သူတို့ကို ကြည့်ကာ လောထျန်း လန့်သွား၏။

" ဒီ .. နတ်ဘုရားသားတော်တွေက မာထန်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ပုံစံမျိုး ရှိနေရမှာ မဟုတ်ဘူးလား "

စီမာထျန်းချန်က ပြောသည်။

" စိတ်မပူပါနဲ့ သခင်လေးလောထျန်း ၊ သူတို့အားလုံးက သခင်လေးရဲ့ အစွမ်းကို သိထားပြီးသားပါ ။ ပြီးတော့ ခုချိန်ကစပြီး သခင်လေးကို မလေးမစားလုပ်တာနဲ့ အသတ်ခံရမယ်လို့လဲ ကျုပ် မှာထားသေးတယ် "

လောထျန်း လျှာတစ်လစ် ဖြစ်သွားသည်။

စီမှာထျန်းချန်မှာ အလုပ်လုပ်ရာတွင် ဆုံးဖြတ်ချက် ပြတ်သားလှပေသည်။ သူသည် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ရန်အတွက် သူ့လူများကို ထိုသို့ပင် မှာထားသေး၏။

" သခင်လေး လောထျန်း ၊ အခု သခင်လေးတို့ကို လျှို့ဝှက်နည်းလမ်းနဲ့ မြောက်ပိုင်းနန်းတော်ထဲ ပို့ဖို့ စီစဥ်ထားတယ်ဗျ ။ သခင်လေးတို့ လက်ဦးမှု ရဖို့အတွက် ပြင်ဆင်ချိန် တစ်နာရီလောက်ပဲ ရမှာ။ တစ်နာရီ ကျော်သွားရင်တော့ မိုးကြိုးဘုရင်က သခင်လေးတို့ အထဲရောက်နေမှန်း သေချာပေါက် သိသွားကြလိမ့်မယ်။ အဲ့တော့ ဖြစ်နိုင်ရင် ဒီ တစ်နာရီအတွင်းမှာ ဘိုးဘေးရဲ့ အကြွင်းအကျန် ဓားဝိဥာဥ်ကို လှုပ်နိုးပေးပါဗျာ "

ရှန့်လင်ကျိုးက ပြောလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြ၏။

" စိတ်မပူပါနဲ့ဗျာ "

မြို့စားကြီး သုံးယောက်က အသက်ပြင်းပြင်း ရှိုက်ကာ အစီအမံများ တစ်ပြိုင်နက်တည်း ဖော်ဆောင်လိုက်ကြသည်။

ဝီ ..

ချက်ချင်း ဆိုသလိုပင် လောထျန်းတို့ရှေ့၌ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံတစ်ခု ပေါ်လာ၏။

" သခင်လေး လောထျန်း ၊ ကျေးဇူးပြုပြီး ကူညီပါဗျာ "

ရှန့်လင်ကျိုးက  လောထျန်းအား မျှော်လင့်ချက်အပြည့်ပါသည့် မျက်လုံးများဖြင့် ကြည့်၍ ဆိုသည်။

နတ်ဘုရားမြို့တော်၏ အနာဂါတ်က လောထျန်းအပေါ်တွင်သာ လုံးလုံး မူတည်နေမှန်း သူ သိနေသည် မဟုတ်ပါလား ။

" စိတ်မပူပါနဲ့ဗျာ "

လောထျန်းက ထိုသို့ ပြောကာ အားလုံးရှေ့မှ ဦးဆောင်၍ အစီအမံထဲ ဝင်သွားလိုက်သည်။

ဝှစ် ..

ထို့နောက်တွင်မူ လောထျန်းတို့လူစု နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားကြ၏။

သူတို့ ဘေးမှ လေထုတစ်ခုလုံး လှုပ်ရှားသွားပြီး မကြာခင်မှာပင် လောထျန်းတို့လူစု နေရာသစ်တစ်ခုဆီ ရောက်သွားကြတော့သည်။

" လောထျန်း ၊ ဒါ မြောက်ပိုင်းနန်းတော်ပဲ "

ချီရှောင်က လေသံတိုးတိုးဖြင့် ပြော၏။

" တော်တော်ကြောက်စရာကောင်းတဲ့ ဖိနှိပ်အစွမ်းပါလား "

ဟွမ်ယင်မှာ ကောင်းကင်နှင့် မြေကြီးတို့၏ ဖိနှိပ်အားကို ခံစားမိပြီး ပုခုံးတွန့်သွားသည်။

ထိုစဥ် လောထျန်းက ရှေ့သို့ မျှော်ကြည့်လိုက်ရာ  အရာအားလုံး အေးခဲနေသည့် ကမ္ဘာငယ်တစ်ခုကို တွေ့သွား၏။

မြင်ကွင်းတလျှောက်လုံးတွင် ရေခဲနှင့် နှင်းများမှ အပ အခြား မည်သည့်အရာမှ ရှိမနေပါချေ။

" ​မြောက်ပိုင်း နန်းတော်ဆိုတာ ဒါလား .. မသေမျိုးနန်းတော်ကရော ဘယ်မှာလဲ "

လောထျန်း တအံ့တသြ မေးလိုက်သည်။

" မသေမျိုးနန်းတော်က ဒီ ကမ္ဘာငယ်ထဲက အမွေအနှစ်တစ်ခုပဲရှင့် ။ ဒါပေမယ့် ဒီ နန်းတော်က ကမ္ဘာငယ်ထဲမှာ ပေါ်မလာတာ တော်တော်ကြာပြီ "

ဘေးမှ ချီရှောင်က ဝင်ရှင်းပြသည်။

" အင် .. "

လောထျန်း အံ့အားသင့်သွားရ၏။

ထို့နောက် သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ စစ်ဆေးကြည့်လိုက်သောအခါ သူ ရောက်နေသည့် ကမ္ဘာငယ်က အံ့သြစရာ ကောင်းလောက်အောင်ပင် ကျယ်ပြောလှသည်ကို သိလိုက်ရသည်။

သူ့ စိတ်ဝိဥာဥ် အစွမ်းသည်ပင် ကမ္ဘာငယ်၏ အဆုံးသတ်ကို ရှာမတွေ့သလို မသေမျိုး နန်းတော်၏ အစအနကိုလည်း ရှာမတွေ့ပါချေ။

" ဒါ မသေမျိုးက ဖန်တီးခဲ့တဲ့ လျှို့ဝှက်ဒေသလား .. "

သူ မနေနိုင်ဘဲ သက်ပြင်းပင် ချမိသွား၏။

" သခင်လေးလောထျန်း ၊ ကျေးဇူးပြုပြီး ဒီကို လာခဲ့ပါဗျ "

ထိုစဥ် နတ်ဘုရားမြို့တော်၏ နတ်ဘုရားသားတော် တစ်ယောက်က တလေးတစား ပြောလာသည်။

" ဟင် ..ဘာဖြစ်လို့လဲ "

လောထျန်း ထိုလူဘက် လှည့်ကြည့်လိုက်သည်။

နတ်ဘုရားသားတော်က တလေးတစား ပြန်ပြော၏။

" ဒီ  ကျောက်ဓားက ဘိုးဘေးကိုယ်တိုင် ချန်ထားခဲ့တဲ့ စမ်းသပ်မှု တစ်ခုပဲဗျ ။ ကျုပ် ကြားတာတော့ ဒီ ဓားကို ဆွဲထုတ်နိုင်တာနဲ့ အကြွင်းအကျန် ဓားဝိဥာဥ်ကို လှုပ်နိုးနိုင်တယ်လို့ ပြောတယ် "

" အဲ့လောက် ရိုးရှင်းတာလား "

လောထျန်း အံ့အားသင့်သွားရပြန်သည်။

မသေမျိုး၏ အမွေအနှစ်ဖြစ်သည့် အကြွင်းအကျန် ဓားဝိဥာဥ်ကို လှုပ်နိုးရန်မှာ အလွန်ရှုပ်ထွေးလိမ့်မည်ဟုသာ သူ ထင်ထားမိခဲ့ပါသည်။

တဖက်မှ လူငယ်က အံ့အားသင့်သွားပြီး ပြန်ပြော၏။

" အဲ့လောက် မရိုးရှင်းဘူး သခင်လေးရဲ့ ။ ဒီဓားက အပြင်ပန်းအရ သာမာန်ပဲလို့ ထင်ရပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဘယ်သူမှ ဒီဓားကို ဆွဲမထုတ်နိုင်ခဲ့ကြဘူး ။ မြို့စားကြီး ၃ ယောက်တောင် အဲ့လိုအစွမ်း မရှိ ..  "

သူ ပြောနေစဥ်မှာပင် လောထျန်းက လက်ဆန့်၍ ဓားနှောင့်အား သေချာဆုပ်ကိုင်လိုက်သည်။

ထို့နောက် ...

ချွှင် ...

တစ်ချက်တည်း ဆွဲလိုက်ရုံဖြင့်ပင် ‌ေကျာက်ဓားက ထွက်လာ၏။

All Chapters