စမ်းသပ်ခြင်း
Vol. 19 Ch. 264
" အင် ... "
ထိုတခဏတွင် အားလုံး အံ့သြမှင်သက်ကာ လောထျန်း လက်ထဲမှ ကျောက်ဓားအား တွေတွေကြီး ငေးကြည့်နေကြ၏။
ဘာတွေ ဖြစ်နေပါသနည်း။
" ချီရှောင် ၊ နင်ပြောတော့ ခက်တယ်ဆို ။ ခု ကြည့်ရတာ လွယ်လွယ်လေးလိုပါလား "
ဟွမ်ယင်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် ချီရှောင်အား ကြည့်လိုက်သည်။
ချီရှောင်မှာ မည်သို့မှ ပြန်မပြောနိုင်ဘဲ မျက်နှာလေး ရဲနေ၏။
ထိုအချိန်မှာပင် ...
ဝုန်း ..
သူတို့အနီး မြေပြင်မှ ဆူညံသံများ ထွက်လာသည်။
မြေပြင်မှ နှင်းထုကြီးလည်း အက်ကွဲသွားကာ လေထဲသိူ့ လွင့်မျောတက်လာ၏။ ထို့နောက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ထိုနှင်းခဲများ တဖြည်းဖြည်း စုစည်းသွားသည်။
နောက်ဆုံးတွင်မူ ... ရေခဲနှင့် နှင်းများဖြင့် ပြုလုပ်ထားသည့် တံခါးကြီးတစ်ခု ပေါ်လာသည်။
" ဒါ .. မသေမျိုးနန်းတော် ဆိုတာလား "
ဟွမ်ယင်က ချီရှောင်နှင့် အခြားသူများဘက် လှည့်ကြည့်ကာ မေးလိုက်သည်။
ကျန်လူများက ခပ်ရှက်ရှက် ပြန်ဖြေ၏။
" ကျုပ်တို့လဲ ခုမှ ပထမဆုံး တွေ့ဖူးတာ "
သူတို့ ပြောနေကြစဥ်မှာပင် ရေခဲတံခါးကြီးထံမှ ပွတ်တိုက်သံကျယ်တစ်ခု ထွက်လာပြီး တံခါးကြီး ဖြည်းဖြည်းချင်း ပွင့်သွားကာ ရေခဲလျှောက်လမ်းတစ်ခု ပေါ်လာသည်။
အားလုံးမှာ ၎င်းကို ကြည့်ကာ အံ့သြမှင်သက်နေကြကုန်၏။
" အထဲ ဝင်ကြမှာလား "
ဟွမ်ယင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
" သွားကြစို့ "
လောထျန်းက ရှေ့ဆုံးမှ ဦးဆောင်၍ ရေခဲလမ်းပေါ် ခြေချလိုက်သည်။
ကျန်လူများမှာ ခေတ္တမျှ တုန့်ဆိုင်းနေကြသေးသော်လည်း လောထျန်းနောက်မှ လိုက်သွားကြ၏။
ထိုရေခဲပြင် လျှောက်လမ်းမှာ ပေပေါင်း ရာချီ ရှည်လျားပေသည်။ ထို့နောက် လမ်းဆုံးတွင်မူ အမည်းရောင် ရေခဲချပ်များဖြင့် ပြုလုပ်ထားသော ခန်းမကြီးတစ်ခုဆီသို့ ရောက်သွားကြ၏။
သူတို့ လူစု ခန်းမကြီးထဲ လှည့်ပတ်ကြည့်လိုက်ကြသည်။
ထိုစဥ် .. ရုတ်တရက် တအံ့တသြ ရေရွတ်သံတစ်သံ ပေါ်လာ၏။
" ဒါ ..မဟုတ်မှလွဲရော .. "
" ဘာဖြစ်လို့လဲ "
ဟွမ်ယင်က အသံလာရာဘက် လှမ်းကြည့်လိုက်သည်။
နတ်ဘုရားသားတော် တစ်ယောက်က နံရံပေါ်သို့ လက်ညိုးညွှန်ပြကာ တုန်တုန်ယင်ယင် ပြော၏။
" မှော်ရေခဲဓား ကိုးချောင်း .. ၊ ဒါ .. မှော်ရေခဲဓား ကိုးချောင်းရဲ့ သိုင်းကျမ်းအသေးစိတ်ပဲ ။ ဒီ ဓားသိုင်းပညာရပ်က နတ်ဘုရားမြို့တော်မှာ ပျောက်နေတာ တော်တော်ကြာပြီ ။ တစ်ပိုင်းတစ ဓားသိုင်း ၃ မျိုးပဲ ရှိတာ ။ အခုတော့ .. ဒီမှာ ဓားသိုင်း ၉ မျိုးလုံး အပြည့်အစုံ ရှိနေတာပဲ "
သူ့စကားကြောင့် ချီရှောင်နှင့် ကျန်လူများအားလုံး စိတ်ဝင်တစား သွားကြည့်လိုက်ကြသည်။
ထိုလူ ပြောခဲ့သလိုပင် မှော်ရေခဲဓား ၉ ချောင်း၏ ဓားသိုင်းကျမ်း ၉ ခုက ရေခဲနံရံပေါ်တွင် ရေးထွင်းထား၏။
" ဒါ .. နတ်ဘုရားမြို့တော်ရဲ့ အစွမ်းအထက်ဆုံး ဓားသိုင်းကျမ်း သုံးခုထဲက တစ်ခုဖြစ်တဲ့ မှော်ရေခဲဓားသိုင်းပဲ ။ ဒါဆို .. ဒီနေရာက တကယ်ကြီး မသေမျိုးနန်းတော်ပေါ့ "
ချီရှောင် တအံ့တသြ ပြောလိုက်သည်။
ဟွမ်ယင်ကမူ နှုတ်ခမ်းမဲ့ပြီး ဆို၏။
" တော်တော်ရှုပ်တဲ့ ဓားသိုင်းပါလား ။ ကျွန်မသာ ကိုယ်ပိုင်ဖန်တီးရင် ခုထက်ကောင်းမှာ သေချာတယ် "
သို့သော် .. ထိုအချိန်တွင် သူမ စကားကို မည်သူမှ ဂရုမစိုက်နိုင်ကြပါချေ။
ထိုဓားသိုင်းကိုသာ အပြင်သို့ ပြန်ယူထုတ်သွားနိုင်ပါက အားလုံးအတွက် ကြီးစွာသော အကျိုးအမြတ်များ ရမည်ဖြစ်ရာ သူတို့ ၎င်းအပေါ်တွင်သာ အာရုံစိုက်နေကြပါသည်။
" လောထျန်း ၊ ရှင်ရော လာမကြည့်ချင်ဘူးလား "
နံရံပေါ်မှ ဓားသိုင်းကွက်များကို လိုက်ကူးရေးနေသော ချီရှောင်က လောထျန်းဘက် လှည့်၍ မေးလိုက်သည်။
သို့သော် .. လောထျန်းက အနည်းငယ် ရှက်သွားဟန်ဖြင့် ပြန်ပြော၏။
" အမ် .. ကျုပ် .. မလိုဘူးဗျ "
အမှန်တွင်မူ သူ ထိုဓားသိုင်းကို မလိုအပ်၍ မဟုတ်ဘဲ အစောက တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အားလုံးကို နားလည် တတ်မြောက်သွားသောကြောင့် ဖြစ်ပါသည်။
သူ၏ သိုင်းပညာရပ်အပေါ် နားလည်နိုင်စွမ်းက ကြောက်စရောကောင်းလောက်အောင် မြင့်နေသည် မဟုတ်ပါလား ။
ထိုစဥ် ...
" ဟူး .. တော်တော် မောက်မာကြတဲ့ လူငယ်လေးတွေပါလား "
အားလုံးနောက်မှ အသံတစ်သံ ထွက်လာ၏။
" ဟင် .. ဘယ်သူလဲ "
အားလုံး အံ့အားသင့်သွားကာ နောက်လှည့်ကြည့်လိုက်ကြသည်။
သူတို့လူအုပ်၏ နောက်တွင် ... ရေခဲတုံး တစ်ခုပေါ်၌ တင်ပျင်ခွေထိုင်ကာ အားလုံးကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်နေသော အရပ် တစ်ပေပင် မပြည့်သည့် လူတစ်ယောက် ရှိနေ၏။
" မင်းတို့က ဘာကြည့်နေကြတာလဲ။ မင်းတို့ မျက်လုံးတွေ ဘယ်လောင်ကြီးတယ်ဆိုတာကို ကြွားချင်လို့လား "
ထိုလူက နှာခေါင်းရှုံ့၍ ပြောလာသည်။
အားလုံးမှာ သူ့ကို ကြည့်ကာ အံ့သြမှင်သက်နေပြီး မည်သည့်စကားမှ မဆိုနိုင် ဖြစ်နေကြသည်။
လောထျန်းကသာ ချက်ချင်း ရိပ်မိသွားဟန်ဖြင့် ဆို၏။
" သဘာဝ စိတ်ဝိဥာဥ်လား "
လူပုလေးက လောထျန်းကို ကြည့်ကာ ပြန်ပြောသည်။
" ဝိုး .. မင်းက ဗဟုသုတ နည်းနည်း ရှိသားပဲ "
တဖက်မှ နတ်ဘုရားသားတော် တစ်ယောက်ကလည်း ရုတ်တရက် သတိရသွားဟန်ဖြင့် ဝင်ပြော၏။
" သဘာဝ စိတ်ဝိဥာဥ် ... ဟုတ်သားပဲ ၊ ကျုပ် ကြားဖူးတာတော့ ဘိုးဘေးက သဘာဝ စိတ်ဝိဥာဥ် တစ်ယောက်ကို လက်အောက်ခံအဖြစ် တစ်ခါ သိမ်းသွင်း ... "
သို့သော် .. သူ့စကား မဆုံးခင်မှာပင် လူပုလေး၏ မျက်နှာထား ပြောင်းသွားပြီး လူငယ်ဆီသို့ လက်ညိုး ညွှန်လိုက်သည်။
ဝုန်း ..
နတ်ဘုရားသားတော်မှာ နောက်သို့ လွင့်စင်သွားကာ ရေခဲနံရံနှင့် တိုက်မိသွားတော့သည်။
" မျိုးမစစ်ကောင်လေး ၊ မဟုတ်မမှန်သတင်းတွေ လျှောက်လွင့်မနေနဲ့ ။ ငါက ဘယ်တုန်းက တခြားသူတစ်ယောက်ရဲ့ လက်အောက်ခံ ဖြစ်ဖူးလို့လဲ ။ မင်းတို့ရဲ့ ဘိုးဘေးကသာ ငါ့ကို အကိုကြီးတစ်ယောက်လို သဘောထားပြီး ကိုးကွယ်လို့ ငါက သူနဲ့ လိုက်ဖို့ သဘောတူခဲ့တာ "
လူပုလေးက ဒေါသတကြီး ပြော၏။
ကြားလိုက်ရသည့် စကားကြောင့် အားလုံး အံ့သြမှင်သက်သွားကြရပြန်သည်။
သူတို့၏ ဘိုးဘေးက ထိုသဘာဝ စိတ်ဝိဥာဥ်ကို အကိုကြီး တစ်ယောက်အဖြစ် တရိုတသေ ကိုးကွယ်ခဲ့သတဲ့လား ။
ထိုသတင်းမှာ သူတို့အတွက် ဗုံးကြီးတစ်လုံး ပေါက်ကွဲသွားသလိုပင် ။
သို့သော် သဘာဝ စိတ်ဝိဥာဥ်က သူတို့ကို အမှန်တကယ် ဒုက္ခပေးလိုဟန် မရှိဘဲ လက်တစ်ဖက် ဝေ့ယမ်းလိုက်ရာ အစောင ရေခဲနံရံနှင့် ရိုက်မိပြီး နံရံတွင် ကပ်နေသည့် နတ်ဘုရားသားတော်က အောက်သို့ ပြန်ကျလာသည်။
" သခင်ကြီးက ဒီလွန်ခဲ့တဲ့ နှစ်တွေ တလျှောက်လုံး ဒီ မသေမျိုးနန်းတော်ထဲမှာပဲ နေနေခဲ့တာလား "
ချီရှောင်က လေသံတိုးတိုးဖြင့် မေး၏။
သဘာဝ စိတ်ဝိဥာဥ်က ခေါင်းညိတ်ပြသည်။
" ဟုတ်တယ် ။ မင်းတို့ရဲ့ ဘိုးဘေး မသေခင်က ငါ့ကို ဒီမသေမျိုးနန်းတော်ကို စောင့်ရှောက်ပေးဖို့အတွက် အကူအညီ တောင်းခဲ့တာ။ ပြီးတော့ နတ်ဘုရားမြို့တော်က သူ့ရဲ့ အမွေဆက်ခံသူကို ရွေးပြီးတဲ့အချိန်ထိ စောင့်ဖို့ပေါ့လေ '
" ငါကလဲ ဘာမှ ခက်ခဲတာ မဟုတ်ဘူးဆိုပြီး လက်ခံခဲ့တာပဲ ။ ဒါပေမယ့် ... "
သူက ထိုသို့ ပြောနေရင်း ရုတ်တရက် သူ့ခံစားချက်များကို မထိန်းနိုင်တော့ဟန်ဖြင့် ဒေါသတကြီး အော်၏။
" ဒါပေမယ့် မင်းတို့ နတ်ဘုရားမြို့တော်က နတ်ဘုရား သားတော်တွေ ၊ နတ်ဘုရားမတွေက အဲ့လောက် သုံးစားမရ ဖြစ်နေမယ်လို့ ငါ ဘယ်ထင်ထားခဲ့မလဲ ။ ဒီလောက် နှစ်တွေ ကြာခဲ့တာတောင် အမွေအနှစ်ကို ရဖို့ မပြောနဲ့ ၊ မသေမျိုးနန်းတော်ထဲကိုတောင် ဘယ်သူမှ မဝင်နိုင်ခဲ့ကြဘူး "
" ကြည့်လိုက်ပါဦး ၊ ဒီ မသေမျိုးနန်းတော်မှာက ရေခဲနဲ့ နှင်းကလွဲပြီး တခြားဘာမှ ရှိတာမဟုတ်ဘူး။ နံရိုးပေါင်းတို့ ၊ ပေါက်စီတို့ ကြက်ကင် ၊ ဘဲကင် ၊ ငုံးကင် .. ဘာဆို ဘာမှ မရှိဘူးကွ "
" တခြား စိတ်ဝိဥာဥ်တွေကရော ဒီလိုနေရာမျိုးမှာပဲ နေကြတာလား။ ငါ့မှာ ဒီထဲမှာပဲ နေတာကြာလာတော့ ဘာမှတောင် မမှတ်မိတော့ဘူး ။ ငါ ဒီထဲမှာ တစ်ရက်တစ်ရက် ဘယ်လိုကုန်ဆုံးရလဲ မင်းတို့ သိကြရဲ့လား "
ထိုလူမှာ ပြောနေရင်း ပိုပိုပြီး ဒေါသထွက်လာဟန် ရှိ၏။ အားလုံးမှာ သူ့ကို ကြည့်ကာ အံ့သြမှင်သက်နေကြသည်။
၎င်းက ဒဏ္ဍာရီကျော် သဘာဝ စိတ်ဝိဥာဥ်ပေလား ..
ထို့နောက် အချိန်အတန်ငယ်ကြာသွားပြီး လူပုလေးက စိတ်ပြေသွားဟန် ပြမှသာ ချီရှောင် သတ္တိမွေး၍ စကားစလိုက်သည်။
" ပြီးခဲ့တဲ့ နှစ်တွေမှာ သခင်ကြီး ဒုက္ခတွေ အများကြီး ခံခဲ့ရတာကို သိပါတယ်ရှင် ။ ဒါတွေအားလုံးကလည်း ကျွန်မတို့ နောက်မျိုးဆက်တွေရဲ့ အသုံးမကျမှုကြောင့်ပါ ။ ဒါပေမယ့် အခု .. နတ်ဘုရားမြို့တော်က မျှော်လင့်မထားတဲ့ ဒုက္ခကြီးတစ်ခုနဲ့ ကြုံနေရတယ်ရှင့် ။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး သခင်ကြီးများ ကူညီပေးနိုင်မလားရှင် "
အကယ်၍ သဘာဝ စိတ်ဝိဥာဥ်ကသာ မိုးကြိုးဘုရင်ကို ခုခံရာတွင် အကူညီ ပေးနိုင်မည် ဆိုပါက နတ်ဘုရားမြို့တော် ကြုံတွေ့နေရသည့် ဒုက္ခကြီးက ပြေလည်သွားနိုင်ပါသည်။
သို့သော် .. သဘာဝစိတ်ဝိဥာဥ်က အေးစက်စက် ပြန်ပြော၏။
" ငါတို့ သဘာဝစိတ်ဝိဥာဥ်တွေက လူသားတွေရဲ့ အရေးကိစ္စမှာ လွယ်လွယ်နဲ့ ဝင်ပါလေ့ မရှိဘူးကွ ။ အခု ငါ နှစ်တွေအများကြီး ကြာတဲ့အထိ ငါ့ကတိကို တည်ထားပေးတယ်လေ ။ ဒါ ငါ လုပ်နိုင်တာ အကုန်ပဲ ။ ကျန်တဲ့ ကိစ္စကိုတော့ မင်းတို့ လူသားတွေပဲ ဖြေရှင်းရမှာ "
အခြား နတ်ဘုရားသားတော် တစ်ယောက်က ရုတ်တရက် ဝင်ပြောသည်။
" ဒါပေမယ့် သခင်ကြီးရယ် ၊ ခုကြုံနေရတဲ့ ဒုက္ခကြီးက နတ်ဘုရားမြို့တော်ရဲ့ ပျက်စီးခြင်းကို ဦးတည်သွားနိုင် .. "
သို့သော် .. သူ့စကား မဆုံးခင်မှာပင် သဘာဝစိတ်ဝိဥာဥ်က ဒေါသတကြီး ပြန်အော်သည်။
" ဒါတွေက မင်းတို့တွေ အသုံးမကျလို့ ဖြစ်ကြရတာလေ ။ ငါနဲ့ ဘာဆိုင်လို့လဲ '
ထိုစကား တစ်ခွန်းဖြင့်ပင် တဖက်လူ မည်သို့မှ ဆက်မပြောနိုင်ဘဲ ပါးစပ်ပိတ်သွားရ၏။
သို့သော် .. သဘာဝစိတ်ဝိဥာဥ်က စကားဆက်သည်။
" မင်းတို့ ဘိုးဘေးရဲ့ အမွေအနှစ်ထဲမှာတော့ အကြွင်းအကျန် စိတ်ဝိဥာဥ် ရှိတယ်။ မင်းတို့ထဲက အဲ့ အမွေအနှစ်ကို လှုပ်နှိုးနိုင်တဲ့ ဘယ်သူဖြစ်ဖြစ် သူနဲ့ စကားပြောကြည့်ပေါ့ကွာ "
သူ့စကားကြောင့် နတ်ဘုရားမြို့တော်မှ လူများ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အလင်းရောင်များ လက်သွားကြသည်။ သူတို့အားလုံးက သဘာဝစိတ်ဝိဥာဥ်အား ပြိုင်တူ ဦးညွှတ် အရိုအသေပေးလိုက်ကြ၏။
" ကျေးဇူးတင်ပါတယ် သခင်ကြီး "
သဘာဝ စိတ်ဝိဥာဥ်ကမူ သူတို့ကို လျစ်လျူရှုကာ လက်တစ်ဖက် ယမ်းလိုက်သည်။
ဘုန်း ... ဘုန်း ... ဘုန်း ...
ချက်ချင်း ဆိုသလိုပင် သူတို့နောက်မှ ရေခဲချွန် သုံးခု ပေါက်ကွဲထွက်သွားပြီး ၎င်းအတွင်းမှ ဓားသုံးလက် လွင့်ပျံထွက်လာ၏။
" ဒါ .. ဘိုးဘေးရဲ့ မသေမျိုး ဓားလား .. "
ချီရှောင်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။
သဘာဝစိတ်ဝိဥာဥ်က နှုတ်ခမ်းမဲ့၍ပြန်ပြော၏။
" ဘာ .. မသေမျိုးဓား ဟုတ်လား .. ဟားဟား ။ မင်းတို့က မသေမျိုး ဓားကို တော်တော် အထင်သေးကြတာပဲ ။ ဒါက မင်းတို့ကို စမ်းသပ်ဖို့ကွ "
" စမ်းသပ်ဖို့ .. "
အားလုံး အံ့သြမှင်သက်သွားကြရပြန်သည်။
ထိုအချိန်တွင် သဘာဝစိတ်ဝိဥာဥ်က လက်ကို ထပ်ယမ်းလိုက်ရာ ဓားသုံးလက်ထဲမှ လူရိပ်သုံးခု ထွက်လာသည်။
" အသွင်ပြောင်း ဓားဝိဥာဥ်တွေပါလား .. "
အားလုံး အံ့သြတုန်လှုပ်သွားကြပြန်၏။
သဘာဝစိတ်ဝိဥာဥ်က ခေါင်းညိတ်ပြသည်။
" ဟုတ်တယ် ၊ ဒါတွေက အသွင်ပြောင်း ဓားဝိဥာဥ်တွေပဲကွ ။ မင်းတို့လုပ်ရမှာက ရှင်းပါတယ် ၊ ဒါတွေကို အနိုင်ယူဖို့ပဲ "
၎င်းကို ကြားသောအခါ နတ်ဘုရားသားတော် တစ်ယောက်က တအံ့တသြ မေးလာသည်။
" အဲ့လောက် ရိုးရှင်းတာလား "
သဘာဝစိတ်ဝိဥာဥ်က သူ့ကို ကြည့်ကာ လှောင်ပြုံး ပြုံး၏။
" ရိုးရှင်းတယ် .. ဟုတ်လား ၊ လုပ်လေ .. စမ်းကြည့်လိုက် "