← Chapters

ရှုံးပွဲ ၂ ခု ဆက်

Vol. 19 Ch. 265

ရှုံးပွဲ ၂ ခု ဆက်

Vol. 19 Ch. 265

နတ်ဘုရားသားတော်မှာ ခေတ္တမျှ အံ့သြမှင်သက်နေသေး၏။ ထို့နောက် သူ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဦးညွှတ်၍ ဆိုလိုက်သည်။

" ကျုပ်က နတ်ဘုရားမြို့တော်ရဲ့ နတ်ဘုရားသားတော်တစ်ပါးဖြစ်တဲ့  လီချွမ်ပါ ။။ ကျေးဇူးပြုပြီး ကျုပ်ကို သင်ကြားပြသပေးပါ သခင်ကြီး "

ထို ဓားဝိဥာဥ်များမှာ သူတို့၏ ဘိုးဘေးနှင့် ဆက်နွယ်နိုင်သည်ကို သိသဖြင့် သူ တရိုတသေ ပြောလိုက်သည်။

သို့သော် .. တဖက်မှ ဓားဝိဥာဥ်များကမူ သူ့အား အာရုံစိုက်ရမည်ကိုပင် အလွန်ပျင်းနေဟန်ဖြင့် အချင်းချင်းသာ စကားလက်ဆုံ ကျနေကြ၏။

" အမ ရှောက်ရက ဒီလောက် နှစ်တွေအများကြီး အေးခဲခံထားရတာတောင် အလှမပျက်ဘူးဗျာ "

အမျိုးသား ဓားဝိဥာဥ်တစ်ယောက်က မိန်းမပျိုတစ်ယောက်အသွင် ရှိသော ဓားဝိဥာဥ်အား ပြောလိုက်သည်။

" ထွက်သွားစမ်း "

ရှောက်ရ ဆိုသည့် အမျိုးသမီး ဓားဝိဥာဥ်က စိတ်မရှည်ဟန်ဖြင့် ပြန်အော်၏။

" ဟီး ဟီး .. ငါ မင်းကို သွားမဖားနဲ့လို့ ပြောသားပဲ ၊ ခုတော့ အအော်ခံရပြီမဟုတ်လား "

ဘေးမှ ခပ်ဝါးဝါး အမျိုးသား ဓားဝိဥာဥ်က ဝင်စသည်။

" ဟိုင်ရှ .. မျိုးမစစ်ကောင် ၊ မင်းက ချချင်တာလားပြော "

ပထမ ဓားဝိဥာဥ်က ဒေါသတကြီး ပြန်ရန်တွေ့၏။

ဟိုင်ရှ ဆိုသည့် ဓားဝိဥာဥ်ကလည်း အေးစက်စက် ပြန်ပြောသည်။

" ပိုင်လုံ ၊ ငါက မင်းကို ကြောက်မယ် ထင်နေတာလား "

ထို ဓားဝိဥာဥ် နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဓားများ ကိုယ်စီ ဆွဲထုတ်၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

ထိုမြင်ကွင်းကြောင့် လူများအားလုံး အံ့သြမှင်သက်သွားကုန်၏။

သူတို့ကို စမ်းသပ်ခွင့် ပေးထားသည့်အချိန်တွင် ထို ဓားဝိဥာဥ် နှစ်ယောက်က အဘယ့်ကြောင့် ထတိုက်ခိုက်နေရပါသနည်း။

ထိုစဥ် တဖက်မှ သဘာဝ စိတ်ဝိဥာဥ်မှာ ဒေါသထွက်လွန်း၍ နဖူးကြောကြီးများပင် ထောင်လာသည်။

ထို့နောက် ...

ဘုန်း ...

သဘာဝ စိတ်ဝိဥာဥ်က ရိုက်ချလိုက်ရာ ဓားဝိဥာဥ်နှစ်ယောက်လုံး နောက်သို့ လွင့်သွားပြီး ရေခဲနံရံနှင့် ရိုက်မိသွားကြ၏။

" မင်းတို့ နှစ်ကောင်က ဒီမှာပဲ သေတဲ့အထိ အေးခဲ ခံချင်ကြတာလား။ အဲ့လောက်တောင် တစ်ဘဝလုံး ဒီမှာ နေချင်ရင် မင်းတို့ ဆန္ဒကို ငါကိုယ်တိုင် ဖြည့်ဆည်းပေးမယ်၊ ဘယ်လိုလဲ "

သဘာဝ စိတ်ဝိဥာဥ်က ဒေါသတကြီး အော်လိုက်သည်။

တဖက်မှ ဓားဝိဥာဥ်နှစ်ယောက်မှာ မည်သို့မှ ပြန်မပြောရဲကြဘဲ ပါးစပ်များ ပိတ်သွားကြ၏။

နတ်ဘုရားမြို့တော်မှ လူအုပ်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။

အားလုံး၏ အတွေးကိုယ်စီတွင် ....

" ဒီ သဘာဝ စိတ်ဝိဥာဥ်က တော်တော်အစွမ်းထက်တာပဲ ။ မြို့စားကြီးတွေထက်တောင် ပိုအစွမ်းထက်တယ် ထင်တယ် "

ထိုစဥ် တဖက်မှ ဓားဝိဥာဥ် ပိုင်လုံက ရေခဲနံရံမှ ထွက်လာပြီး အားလုံးရှေ့သို့ လျှောက်လာ၏။

" မင်းတို့က အမွေအနှစ်ကို ရဖို့အတွက် စမ်းသပ်ချင်ကြတာ မဟုတ်လား။  ကဲ .. ဒါဆို စလိုက်ကြစို့ ။ ငါ့ရဲ့  ကျင့်ကြံခြင်းအဆင့်ကို မင်းတို့နဲ့ အဆင့်တူ ဖြစ်အောင် လျှော့ချပေးမယ်။ ဒါပေမယ့် ကြိုပြီးတော့ သတိပေးထားမယ်နော်။ ငါက တော်တော်လေးတော့ အစွမ်းထက်တယ်။ ဒီတော့ မင်းတို့အားလုံး အတူတူ တိုက်ခိုက်ကြဖို့ ငါ အကြံပေးချင်တယ်  "

သူ့စကားကြောင့် အားလုံး၏ မျက်နှာထားများ အနည်းငယ် ပြောင်းသွားကြသည်။

သူတို့အားလုံးမှာ ပါရမီရှင်ဟု သတ်မှတ်ခံထားကြရသူများ ဖြစ်ပါသည်။

အထူးသဖြင့် ချီရှောင်နှင့် အခြား နတ်ဘုရားသားတော်များမှာ မြောက်ပိုင်းဒေသ တစ်ခုလုံးရှိ လူငယ်မျိုးဆက်ထဲတွင် အစွမ်းအထက်ဆုံးအဖြစ် သတ်မှတ်ခံထားကြရသူမျာ ဖြစ်၏။

သို့သော် .. ဓားဝိဥာဥ်တစ်ယောက်က သူတို့ကို အထင်သေးစွာ ဆက်ဆံနေသတဲ့လား။

၎င်းကို သူတို့ မည်သို့ ခံနိုင်ပါမည်နည်း။

" ရပါတယ် ၊ ကျုပ်တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ် "

လီချွမ်က အေးစက်စက် ပြန်ပြောလိုက်သည်။

" ကောင်းပြီလေ ၊ ဒါဆို မင်းကို အရင်စပြီး တိုက်ခိုက်ခွင့်ပေးမယ် "

ဓားဝိဥာဥ်က စိတ်မရှည်ဟန်ဖြင့် ပြော၏။

ထို့နောက်တွင်မူ .. လီချွမ် လှုပ်ရှားသွားသည်။

ဘုန်း ....

သူ့လက်ဝါးချက်ကြီး တစ်ခု ထွက်ပေါ်လာ၏။ သူ့လက်ဝါးမှ ထွက်လာသည့် အစွမ်းမှာ လှိုင်းလုံးကြီး တစ်ခုက ကမ်းစပ်ကို အရှိန်ပြင်းပြင်း ရိုက်ခတ်လာသည်နှင့် မခြားပေ။

ဘေးမှ ကြည့်နေသည့် လောထျန်းပင် မနေနိုင်ဘဲ ခေါင်းအသာ ညိတ်လိုက်သည်။

နတ်ဘုရားမြို့တော်၏ နတ်ဘုရားသားတော်တစ်ယောက် ပီသပါပေသည် ။ ထိုလူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထုံရွှယ် အဆင့် ၇ သာ ရှိသေးသော်လည်း .. လောထျန်း ခန့်မှန်းသည့်အတိုင်း ဆိုပါက ..

ကွေ့ရှအဆင့် အစွမ်းထက် ကျင့်ကြံသူများသည်ပင် သူ့အား ယှဥ်တိုက်နိုင်မည်မဟုတ်ပါချေ။

သို့သော် .. ဓားဝိဥာဥ် ပိုင်လုံကမူ အေးအေးဆေးဆေး ရှိနေပြီး တဖက်လူ၏ သိုင်းကွက်များကို အလွယ်တကူပင် ဖျက်ဆီးလိုက်နိုင်၏။

ဤသို့ဖြင့် သိုင်းကွက် ဆယ်ကွက်ကျော် ကြာသွားသည့် အချိန်တွင်မူ ပိုင်လုံက မျက်မှောင်အနည်းငယ် ကြုံ့၍ ပြောလိုက်သည်။

" ဒီလောက်ပဲလား ၊ ဒါဆို ငါ စပြီး တိုက်ခိုက်ပြီနော် "

စကားဆုံးသည်နှင့် သူ့လက်ထဲမှ ဓားက ဖျတ်ခနဲ လှုပ်ရှားသွားကာ ချက်ချင်း တန်ပြန်တိုက်ခိုက်လာသည်။

လီချွမ်မှာ ထိုသိုင်းကွက်များကို ခုခံနိုင်ဟန် မတူပါချေ ...

သိုင်းကွက် ငါးကွက် ကြာပြီးနောက်တွင်မူ ...

ဘုန်း ..

လီချွမ်တစ်ယောက် နောက်သို့ လွင့်ထွက်သွားတော့၏။

" မင်း ရှုံးသွားပြီ "

ပိုင်လုံက ပြောလိုက်သည်။

လီချွမ်၏ မျက်နှာ သွေးဆူတ်ဖြူရော်သွားကာ ခေါင်းငုံ့သွားတော့သည်။

တဖက်မှ ပိုင်လုံက အခြားဘက် လှည့်၍ ပြော၏။

" အမ ရှောက်ရ ၊ ကျုပ် ခုနက ဘယ်လောက် သူရဲကောင်းဆန်လဲဆိုတာ မြင်လိုက်တယ်မဟုတ်လား။ အောင်ပွဲခံတဲ့အနေနဲ့ ကျုပ်ကို တစ်ခါလောက် ဖက်ပါဦးဗျာ "

သူက ပြောပြောဆိုဆိုပင် ရှောက်ရဆီသို့ ပျံသန်းသွားလိုက်သည်။

သို့သော် .. ရှောက်ရက အေးစက်စက် မျက်နှာဖြင့် သူ့အား ပြန်ကန်ထုတ်၏။

" နှာဘူးကောင် .. ထွက်သွားစမ်း "

သူမ ဒေါသတကြီး ပြောလိုက်သည်။

ဘုန်း ...

ပိုင်လုံမှာ ရေခဲနံရံကြီးနှင့် ရိုက်မိသွားသည့်တိုင် အပြုံးမပျက်ပါချေ။

" ဟီးဟီး .. ကောင်းလိုက်တာ ၊ ရှောက်ရနဲ့ အသားချင်း ထိခွင့် ရပြီ "

သူ အပြုံးဖြင့် ဆိုသည်။

အားလုံး   :   " ..... "

သဘာဝ စိတ်ဝိဥာဥ်သည်ပင် ရှက်လွန်း၍ ဆက်မကြည့်နိုင်တော့ဟန်ဖြင့် မျက်နှာလွှဲလာပြီး နတ်ဘုရားမြို့တော်မှ လူအုပ်ဘက်ကြည့်ကာ ပြော၏။

" ကဲ .. ပထမတစ်ယောက်တော့ ကျရှုံးသွားပြီ ။ နောက်တစ်ယောက် ဘယ်သူ လာမလဲ "

" နတ်ဘုရားမြို့တော်ရဲ့ နတ်ဘုရားသားတော် တစ်ယောက်ဖြစ်တဲ့ ဝမ်ချင်းလီ ပါ ။ ကျေးဇူးပြုပြီး သင်ကြားပြသပေးပါ သခင်ကြီး "

နတ်ဘုရားသားတော် နောက်တစ်ဦးက ရှေ့ထွက်လိုက်သည်။

" ဟီးဟီး .. ဒီတစ်ခါတော့ ကျုပ် တာဝန်ထားဗျာ "

ဓားဝိဥာဥ် ဟိုင်ရှ က ပြောပြောဆိုဆို ထွက်လာ၏။

သူတို့ နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့သည်နှင့် တစ်ပြိုင်နက်  တိုက်ပွဲစသွားသည်။

ဝမ်ချင်းလီသည် ဓားသမားတစ်ယောက်ဖြစ်ပြီး ဓားသိုင်းကွက်များကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသဖြင့် အလွန်လည်း အစွမ်းထက်ပေသည်။

သူ့လို အရွယ်လေးနှင့် ထိုသို့သော အောင်မြင်မှုမျိုး ရနိုင်သူမှာ များစွာ မရှိပါချေ။

သို့သော် ..တဖက်မှ ဟိုင်ရှက ပိုကောင်းနေသဖြင့် .. သိုင်းကွက် ၃၀ ကျော် အကြာတွင်မူ ..

အု ..

ဟိုင်ရှ၏ ဓားချက်က  ဝမ်ချင်းလီ၏ ပုခုံးကို ထိုးမိသွားပြီး သွေးများ ပန်းထွက်လာ၏။

" မင်း ရှုံးသွားပြီ '

ဟိုင်ရှက အပြုံးဖြင့် ပြောကာ နောက်ဆုတ်လိုက်သည်။

" ဘယ်လိုဖြစ်ပြီး ... "

အချိန် တခဏလေးအတွင်း လူနှစ်ယောက်ဆက်တိုက် ရှုံးနိမ့်သွားသဖြင့် ကျန်လူများ မျက်နှာ အနည်းငယ် ပျက်သွားကြသည်။

" မင်းရော ဝင်မတိုက်ဘူးလား "

သဘာဝ စိတ်ဝိဥာဥ်က လောထျန်းကို ကြည့်ကာ မေး၏။

လောထျန်း၏ အစွမ်းကို သူ တွေ့ထားသည် မဟုတ်ပါလား။

သို့သော် လောထျန်းက ခေါင်းသာ ယမ်းပြလိုက်သည်။

သူ့အတွက် ဤခရီးစဥ်၏ အဓိက ရည်ရွယ်ချက်မှာ နှစ်တစ်ထောင် ကြာပွင့်ကို ယူရန်သာ ဖြစ်ပါသည်။

ထို့အပြင် မြောက်ပိုင်းနန်းတော်သို့ ဝင်နိုင်ခြင်းမှာလည်း နတ်ဘုရားမြို့တောိမှ မြို့စားကြီးများ၏ ကျေးဇူးကြောင့်ဟု ဆိုရမည် ဖြစ်ပါသည်။

သို့ဖြစ်ရာ မသေမျိုး၏ အမွေအနှစ်ကို နတ်ဘုရားနန်းတော်မှ လူများကိုသာ သူ ပေးချင်ပါသည်။

ထို့အပြင် ၎င်းက သူ့အတွက်လည်း အသုံးမဝင်ပါချေ။

သို့ဖြစ်ရာ  လုံးဝ မဖြစ်မနေ မလိုအပ်ပါဘဲ သူ့အနေဖြင့် လက်ဦးမှုယူကာ မတိုက်ခိုက်လိုပါ။

" နောက်ပွဲကို ကျုပ် တိုက်မယ် "

ထိုစဥ် နောက်ဆုံးကျန်သည့် နတ်ဘုရားသားတော် တစ်ယောက်က ရှေ့ထွက်လာပြီး ပြော၏။

သူက ဓားဝိဥာဥ်သုံးယောက်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ရှောက်ရ ဆီသို့ အကြည့်ရောက်သွားသည်။

" ကျုပ်က နတ်ဘုရားမြို့တော်ရဲ့ နတ်ဘုရားသားတော် ၊ လင်းချန်ပါ ။ ရှေ့က သခင်ကြီး နှစ်ယောက်က တိုက်ပွဲကိုယ်စီ တိုက်ခိုက်ထားပြီးသားမို့ ပုံမှန်မခြေအနေကို ပြန်မရောက်ကြသေးတဲ့အတွက် ကျုပ် သူတို့အပေါ် အခွင့်ကောင်း မယူချင်ပါဘူး။ ဒါ့ကြောင့် ကျုပ် သခင်မကြီးနဲ့ပဲ တိုက်ခိုက်ပါရစေ "

လင်းချန်က ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှောက်ရက သူ့ကို ပြန်ကြည့်ပြီး ပြော၏။

" မင်း သေချာရဲ့လား "

လင်းချန်က ခေါင်းညိတ်ပြသည်။

" ကျေးဇူးပြုပြီး ကျုပ်ကို သင်ကြားပြသပေးပါ သခင်မကြီး "

ရှောက်ရက နှာခေါင်းရှုံ့ကာ ဓားကို ဆွဲကိုင်လိုက်သည်။

ပိုင်လုံနှင့် ဟိုင်ရှ တို့ နှစ်ယောက်ကမူ လင်းချန်အား သနားစရာ သတ္တဝါလေးသဖွယ် ကြည့်နေကြ၏။

" ဘာဖြစ်လို့လဲဗျ "

သူတို့၏ အကြည့်ကြောင့် လင်းချန် အံ့သြမှင်သက်သွားရသည်။

ထိုအချိန်မှာပင် ..

ဝုန်း ..

ရှောက်ရက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လင်းချန်ရှေ့သို့ ရောက်လာသည်။ ထို့နောက် သူ့မျက်နှာတည့်တည့်ကို ကန်လိုက်တော့၏။

ဘုန်း ..

လင်းချန်တစ်ယောက် နောက်သို့ လွင့်သွားကာ ရေခဲနံရံကြီးနှင့် ရိုက်မိသွားတော့သည်။ သူ့မျက်နှာတွင်လည်း ခြေရာကြီးတစ်ခု အထင်းသား ပေါ်နေ၏။

" ဟင် .. သူက ဓားကိုတောင် မသုံးသွားပါလား "

လင်းချန် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ပိုင်လုံကမူ လင်းချန်၏ မျက်နှာပေါ်မှ ခြေရာကြီးကို ကြည့်ကာ မနာလို ဝန်တို ဖြစ်နေ၏။

ထိုစဥ် သဘာဝ စိတ်ဝိဥာဥ်က နတ်ဘုရားနန်းတော်မှ လူများဘက် ကြည့်ကာ ပြောလိုက်သည်။

" ဟေ့ .. မင်းတို့ထဲက သုံးယောက်ဆက်တိုက်တောင် ရှုံးသွားပြီနော် ။ အမွေအနှစ်ကို ဆက်လိုချင်သေးလား "

ဟွမ်ယင်က ဝင်ပြော၏။

" သခင်ကြီး .. သခင်ကြီးပြောတော့ အမွေအနှစ်ဆက်ခံသူကို ရှာဖို့ မစောင့်နိုင်တော့ဘူးဆို ။ အဲ့တော့ ဒီတိုင်းပဲ ထုတ်ပေးလိုက်လို့ မရဘူးလား "

သဘာဝ စိတ်ဝိဥာဥ်က ဟွမ်ယင်အား မျက်စောင်းဖြင့် ပြန်ကြည့်လာသည်။

" ငါတို့ သဘာဝ စိတ်ဝိဥာဥ်တွေကို မင်းတို့လို လူသားတွေလို့များ ထင်နေတာလား။ ငါတို့ မျိုးနွယ်စု တစ်ခုလုံးက ကိုယ်ပေးထားတဲ့ ကတိကို လုံးဝ ဖျက်တဲ့သူ မဟုတ်ဘူး။ အဲ့တော့ မင်းတို့ အနိုင်ရဖို့ကို ငါ တကယ်လဲ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီတိုင်း အနိုင်ပေးလိုက်ဖို့ကတော့ .. လုံးဝပဲဟေ့ "

ဟွမ်ယင်က စိတ်ဆိုးဟန်ဖြင့် နှာခေါင်းရှုံ့သည်။

" အဘိုးကြီးကလဲ .. ကောင်းပါပြီ ၊ ဒါဆို ဒီတစ်ခါ ကျွန်မ တိုက်ခိုက်မယ် "

၎င်းကို မြင်သောအခါ ချီရှောင်က ချက်ချင်း စိုးရိမ်တကြီး ဝင်ပြောသည်။

" ယင်လေး ... "

ဟွမ်ယင်က အပြုံးဖြင့် ပြန်ပြော၏။

" စိတ်မပူပါနဲ့ ၊ ငါ လုပ်နိုင်ပါတယ် "

သူမက ထိုသို့ ပြောပြီးသည်နှင့် ပိုင်လင်အား လက်ညိုးထိုးပြလိုက်သည်။

" ဟို နှာဘူးကြီး ၊ကျွန်မ ရှင့်ကို စိန်ခေါ်တယ် "

ပိုင်လင်က ဆံပင်သပ်ကာ ပြန်ပြော၏။

" အိုး .. မိန်းမချောလေး တစ်ယောက်က ငါ့ကို စိန်ခေါ်နေတာပါလား။ ဒါပေမယ့် .. ငါကတော့ သနားညှာတာပေးမှာ မဟုတ်ဘူးနော် "

ဟွမ်ယင်က လှောင်ပြုံးဖြင့် ပြန်ပြော၏။

" ဘယ်သူကရော ရှင် သနားညှာတာ တာကို လိုချင်လို့လဲ ။ရှင့်မှာ ရှိသမျှ အစွမ်းကုန် ထုတ်သုံးဖို့ ကျွန်မ အကြံပေးလိုက်မယ် ။ အဲ့လိုမှ မဟုတ်ရင် ကျွန်မရဲ့ ' ရှေးခေတ်မှ ယနေ့ထိတိုင် အတုမဲ့ အကောင်းတကာ့ အကောင်းဆုံး မိုးကြိုးနတ်ဘုရား လက်ဝါး ' ကို ခံနိုင်မှာ မဟုတ်ဘူး "

All Chapters