အခန်း (၈၅၆-၈၅၈)
Vol. 58 Ch. 856-858
အခန်း(၈၅၆)
ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားသည့် အေးစက်စက် ရေရွတ်သံနှင့်အတူ ငွေရောင်ပုံရိပ်သည် သူ၏ရှေ့ရှိ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကို လက်ဝါးဖြင့် တိုက်ခိုက်လိုက်သည်။
"ဝုန်း"
နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ပတ်ဝန်းကျင် လေထုက ရုတ်တရက် ပြိုကျသွားခဲ့ပြီး ၎င်း၏ ပုံရိပ်သည် မီတာပေါင်းများစွာ အဝေးထိ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ ပြောင်းပြန် လွင့်စင်သွားခဲ့သည်။
"အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်း ယွင်ကျင့်ထျန်း"
နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူက ရုတ်တရက် သွေးအန်လိုက်သည်။
သူ့ရှေ့မှ ပုံရိပ်ကို လှမ်းကြည့်ရင်း သူ၏ မျက်နှာထက်တွင် ကြောက်ရွံ့သော အရိပ်ယောင် တစ်ခုသည် မကြုံစဖူး ပေါ်ပေါက်လာခဲ့၏။
ထိုမြင်ကွင်းကို မြင်လျှင် တခြားသော နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်သည် ကြောက်လန့်တကြားဖြင့် အစွမ်းကုန် ထွက်ပြေးသွားခဲ့သည်။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အကြီးအကဲ ထျန်းရွှယ်နှင့် ယွင်ဖိုရှန်တို့လည်း တုန်လှုပ်သွားခဲ့သည်။
သူတို့က မသိစိတ်ကနေ မီတာတစ်ရာအကွာအဝေးသို့ အလျိုအလျောက် ရွေ့သွားခဲ့ပြီး နောက်တွင် ကျန်းချန် အရှေ့ရှိ ငွေရောင်ပုံရိပ်ကို လှမ်းကြည့်လိုက်ကြသည်။
"ဂိုဏ်း.. ဂိုဏ်းချုပ် "
သူ၏ရှေ့မှ ရင်းနှီးသော ပုံရိပ်ကိုမြင်လျှင် အကြီးအကဲ ထျန်းရွှယ်သည် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။
လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က ယွင်ကျင့်ထျန်း ပျောက်ကွယ်သွားကတည်းကပင် အကြိိီးအကဲ ထျန်းရွှယ်သည် ယွင်ကျင့်ထျန်း၏ သဲလွန်စကို အမြဲတစေ လိုက်ရှာနေခဲ့သည်။
သူစိတ်ဓာတ်ကျကာ လက်လျှော့လိုက်သော အချိန်တွင် ကျန်းချန်သည် ယွင်ကျင့်ထျန်း၏ သတင်းကို သူဆီသို့ မမျှော်လင့်ဘဲ ယူဆောင်လာခဲ့သည်။
သူလုံးဝ မမျှော်လင့်ထားသည်မှာ သူနှင့် ကျန်းချန်တို့ လုံးဝအကြပ်အတည်းထဲ ကျရောက်နေသည့် အချိန်တွင် ယွင်ကျင့်ထျန်းက ပေါ်ထွက်လာခဲ့ခြင်းပင်။
"ယွင်ကျင့်ထျန်းပါလား"
ကောင်းကင်ပေါ်တွင် မာန်ပါပါရပ်နေသော ပုံရိပ်ကို ကြည့်ကာ ယွင်ဖိုရှန်၏ မျက်နှာသည် လေးနက်သွားခဲ့သည်။
ယွင်ကျင့်ထျန်းသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နှစ်ထောင်ပေါင်းများစွာ အတွင်း အထူးချွန်ဆုံး နံပါတ်တစ် ပြိုင်ဘက်ကင်းသူ ဖြစ်ပြီး ကျုံးကျိုးကုန်းမြေ တစ်ခုလုံးမှာပင် နာမည်ကျော် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
သူက သိုင်းပညာကို စတင်ထိတွေ့ကတည်းက စ၍ နှစ်ပေါင်းသုံးဆယ် မပြည့်ခင်မှာပင် နတ်သန္ဓေအင်ပါယာ အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီး အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ သမိုင်းတွင် အသက်အငယ်ဆုံး ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်ဆယ်က ယွင်ကျင့်လဲ့သည် ယွင်ဖိုရှန် နှင့် ပူးပေါင်းပြီး ယွင်ကျင့်ထျန်းကို အကောက်ကြံကာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ရယူခဲ့သည်။
ထိုတိုက်ပွဲတွင် ယွင်ကျင့်ထျန်းသည် သိုင်းအားများ ပျက်စီးကာ သေလုနီးပါးဖြစ်သွား၍ အသက်ရှင်ဖို့ပင် မဖြစ်နိုင်သလောက် ဖြစ်သွားခဲ့၏။
နှစ်ပေါင်းများစွာ ကြာလာပြီးနောက်တွင် သူတို့သည် ဤကမ္ဘာပေါ်၌ ယွင်ကျင့်ထျန်း မရှိတော့ဟု ထင်လာခဲ့ကြသည်။
သို့သော်လည်း ဘုရားသခင်က သူတို့ကို ကြီးကြီးမားမားကျီစားမှုတစ်ခု လုပ်ခဲ့ပုံ ရသည်။
ယွင်ကျင့်ထျန်းသည် ဤကမ္ဘာပေါ်တွင် ရှိနေရုံသာမက အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နယ်မြေတွင်ပါ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
ယွင်ဖိုရှန်က အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်ပြီး ချက်ချင်းဆိုသလိုပင် အသက်စွမ်းအင်များကို လှုံ့ဆော်ကာ အာကာပြင်ကို တိုက်ရိုက် ဆွဲဖြဲ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ယခုအခါတွင် ယွင်ကျင့်ထျန်း ပြန်လည် ရောက်ရှိလာပြီ ဖြစ်၍ ကျန်းချန်ကို လိုက်လံဖမ်းဆီးခြင်းသည် အဓိပ္ပါယ်မရှိတော့ပေ။
ယခု အရေးကြီးဆုံးမှာ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းကို ပြန်သွားပြီး ဂိုဏ်းချုပ် ယွင်ကျင့်လဲ့နှင့် တိုင်ပင်ရန် ဖြစ်သည်။
"ယွင်ဖိုရှန်...အနှစ်နှစ်ဆယ်လောက် မတွေ့ရတော့ မင်းကို ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြမလို့လေ.. ဘာလို့ အလောကြီး ထွက်သွားချင်ရတာလဲ "
ယွင်ကျင့်ထျန်းက နှာခေါင်းရှုံ့ပြီး အေးစက်စက် ရေရွတ်လိုက်ရာ ယွင်ဖိုရှန် ဆုတ်ဖြဲထားသည့် အာကာပြင်ကို အဝေးကနေ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ထိုအခါ ယွင်ဖိုရှန် ယခုလေးတင် ဆုတ်ဖြဲထားသည့် အာကာပြင်သည် ချက်ချင်းဆိုသလို လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ယွင်ကျင့်ထျန်း၏ လုပ်ရပ်သည် ယွင်ဖိုရှန်ကို အတော်လေးဒေါသထွက်သွားစေခဲ့သည်။
"ယွင်ကျင့်ထျန်း မင်းဒါဘာလုပ်တာလဲ "
"လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်က အကြွေးကို မင်းဆီကနေ အကုန်ပြန်လိုချင်တယ်.. လွန်ခဲ့တဲ့နှစ် နှစ်ဆယ်က အတွေးအခေါ် မတူတဲ့သူတွေကို ဖယ်ရှားဖို့ ထျန်းရွှယ်က ပြောခဲ့ပေမဲ့ ငါ မင်းကိုလွှတ်ပေးပြီး နောက်ဆုံး အခွင့်အရေးတစ်ခု ပေးခဲ့တယ်.. ဒီတစ်ခေါက် ငါက အခွင့်အရေး ထပ်ပေးလိမ့်မယ်လို့ မင်းထင်နေလား"
ယွင်ကျင့်ထျန်းက ယွင်ဖိုရှန်ကို အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ပါဝင်နေသည့် အင်အားတစ်ခုသည် သူ့ထံနေ တဟုန်ထိုး ထွက်ပေါ်လာခဲ့၏။
အခန်း(၈၅၆)ပြီး၏။
အခန်း(၈၅၇)
ကြောက်မက်ဖွယ်ကောင်းသော အင်အားက လေနှင့် မိုးကြိုးများ တဟုန်းဟုန်း တိုက်ခိုက်နေသည့် လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်ခု အဖြစ်သို့ ချက်ချင်း စုစည်းသွားခဲ့ပြီး ယွင်ဖိုရှန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။
"အင်ပါယာ ပိုင်နက် စွမ်းအားပါလား.."
ယွင်ဖိုရှန်၏ အမူအရာက အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။
သူက အနည်းငယ်မျှပင် မတုန့်ဆိုင်းဝံ့ဘဲ သူ၏ အင်အားကို အစွမ်းကုန်အထိ မြှင့်တင်ကာ လျှို့ဝှက်နည်းစနစ်ဖြင့် တိမ်တိုက်ဝါးမျို နည်းစနစ်ကို တိုက်ရိုက် အသုံးပြုပြီး ယွင်ကျင့်ထျန်း၏ အင်ပါယာပိုင်နက် စွမ်းအားအောက်ကနေ အတင်းအကြပ် ရုန်းကန်လိုက်သည်။
သို့ရာတွင် အင်ပါယာပိုင်နက် စွမ်းအားကို မည်ကဲ့သို့ လွယ်လွယ်ကူကူ ချိုးဖျက်နိုင်ပါမည်နည်း။
သူက အစွမ်းကုန် တိုက်ခိုက်သည့်တိုင် ယွင်ကျင့်ထျန်း၏ အင်ပါယာ ပိုင်နက် စွမ်းအားကို လှုပ်ခတ်အောင် မလုပ်နိုင်ခဲ့ပေ။
"ဂိုဏ်း.. ဂိုဏ်းချုပ် ကျွန်တော်မှားသွားပါတယ်.. ကျွန်တော် ယွင်ကျင့်လဲ့နဲ့ ပူးပေါင်းပြီး ဂိုဏ်းချုပ်ကို မလုပ်ကြံသင့်ပါဘူး.. အံ့ဖွယ်တိမ်တိုက်ဂိုဏ်း အတွက် ကျွန်တော်အစွမ်းကုန် တာဝန်ထမ်းဆောင်ခဲ့တာတွေကို ထောက်ထားပြီး ဂိုဏ်းချုပ်က ကျွန်တော့်အသက်ကို ချမ်းသာပေးမယ်လို့ မျှော်လင့်ပါတယ်.. ဒီနေ့ကစပြီး ဂိုဏ်းချုပ်ကို ဘယ်တော့မှ သစ္စာမဖောက်တော့ဘူးလို့ ကတိပေးပါတယ်"
ယွင်ကျင့်ထျန်း၏ အင်ပါယာပိုင်နက် စွမ်းအားနှင့် ရင်ဆိုင်ရသောအခါတွင် ယွင်ဖိုရှန်သည် ကြောက်လန့်တကြားဖြင့် တောင်းပန်လိုက်သည်။
"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ငါမင်းကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ.. ဒါကို မင်းက တန်ဖိုးမထားခဲ့ဘူး.. မင်းငါ့ကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တဲ့ အချိန်ကစပြီး အချိန်လွန်သွားခဲ့ပြီ.. ငါယွင်ကျင့်ထျန်းက ပိုင်ရှင်ကို အချိန်မရွေး ကိုက်ဖြတ်နိုင်တဲ့ ခွေးတစ်ကောင်ကို မွေးမြူဖို့ စိတ်မဝင်စားဘူး "
စကားဆုံးသည်နှင့် အင်ပါယာပိုင်နက် နယ်မြေထဲမှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများသည် ဘုံကိုးဆင့်ကပ်ဘေး မိုးကြိုးများကဲ့သို့ ယွင်ဖိုရှန်ဆီ ကျရောက်လာခဲ့သည်။
ယွင်ဖိုရှန်က ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတိုက်ခိုက်မှုကို တစ်ခဏလေးသာ ခံနိုင်ရည်ရှိခဲ့၏။
သိပ်မကြာခင်မှာပင် သူ၏ပုံရိပ်သည် မိုးကြိုးစွမ်းအင်၏ ဆက်တိုက် ဖိနှိပ်မှုအောက်၌ လုံးဝ လွှမ်းမိုးခံလိုက်ရသည်။
သူက အော်ဟစ်ဖို့ပင် အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ် ကောင်းသော မိုးကြိုးစွမ်းအားအောက်တွင် ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့သည်။
"ဒါက နတ်သန္ဓေအင်ပါယာရဲ့ အင်ပါယာပိုင်နက် စွမ်းအားလား"
သူ့ရှေ့မှမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အချိန်အတော်ကြာ မှင်တက်သွားခဲ့သည်။
ယွင်ကျင့်ထျန်း၏ အင်ပါယာပိုင်နက် စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
နတ်ဝိညာဥ်ဘုရင်အဆင့် ယွင်ဖိုရှန်လို ကျင့်ကြံသူပင် ချက်ချင်း ပေါက်ကွဲ သေဆုံးသွားခဲ့သည် မဟုတ်ပါလော။
"ဂိုဏ်း.. ဂိုဏ်းချုပ်.. ကျွန်တော်တို့ အားလုံးက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ယွင်ကျင့်လဲ့နဲ့ ယွင်ဖိုရှန်ရဲ့ အတင်းအကြပ် ဖိအားပေးမှုကြောင့် သစ္စာဖောက်မိတာပါ.. ဂိုဏ်းချုပ်က ကျွန်တော်တို့အသက်ကို ချမ်းသာပေးမယ်လို့ မျှော်လင့်ပါတယ်"
ယွင်ဖိုရှန်က ယွင်ကျင့်ထျန်း၏ အင်ပါယာပိုင်နက် စွမ်းအားအောက်တွင် သေဆုံးသွားသည်ကို မြင်လျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ယောက်၏ အမူအရာသည် အလွန်တရာ ဖြူဖျော့သွားခဲ့သည်။
သူတို့က ယွင်ကျင့်ထျန်း၏ ရှေ့တွင် ချက်ချင်းဆိုသလို ဒူးထောက်လိုက်ကြပြီး ကြောက်လန့်တကြား တောင်းပန်လိုက်ကြ၏။
ယွင်ကျင့်ထျန်းက ထိုနှစ်ယောက်ကို လှမ်းကြည့်ကာ အသာအယာ ပြုံးလိုက်သည်။
"အရင်ဆုံး မင်တို့တွေ လုပ်ထားတဲ့ အစီအရင်ကို ဖယ်ရှားလိုက်ပါ"
ထိုစကားကိုကြားလျှင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက်သည် အသက်ချမ်းသာခွင့်ရသကဲ့သို့ ပျော်ရွှင်သွားခဲ့ပြီး ယွင်ကျင့်ထျန်း ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
"ဂိုဏ်းချုပ် နှစ်နှစ်ဆယ်ကြာပြီးမှပဲ ကျွန်တော် ဂိုဏ်းချုပ်ကို ရှာတွေ့ခဲ့တယ် "
ယွင်ကျင့်ထျန်းက ယွင်ဖိုရှန်တို့ လူစုကို ဖြေရှင်းပြီးနောက်တွင် အကြီးအကဲ ထျန်းရွှယ်သည် စိတ်လှုပ်ရှားစွာဖြင့် ယွင်ကျင့်ထျန်း ဆီသို့ ချဥ်းကပ်လာခဲ့သည်။
"ထျန်းရွှယ် မင်းဒီနှစ်တွေ အတောအတွင်းမှာ အတော်လေး ပင်ပန်းခဲ့ပုံရတယ်"
ယွင်ကျင့်ထျန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီး
ချက်ချင်းပင် ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
"ကောင်လေး မင်းရော အဆင်ပြေရဲ့လား "
ကျန်းချန်က ဂါ၀ရပြု၍ ပြန်ဖြေလိုက်သည်။
"အကြီးအကဲရဲ့ကျေးဇူးကြောင့် ဒီဂျူနိီယာ အဆင်ပြေပါတယ်"
"ငါက မင်းကို ကျေးဇူးတင်ရမှာပါ.. စန်းဟိုင်ကျွန်းမှာ မင်းနဲ့သာ ကျိယန် မတွေ့ခဲ့ဘူးဆိုရင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီ ငါပြန်ရောက်လာမှာ မဟုတ်ဘူး "
ယွင်ကျင့်ထျန်းက ပြုံး၍ ပြောလိုက်သည်။
"ကျန်းချန်.. စန်းဟိုင်ကျွန်းကနေ မင်းထွက်ခွာသွားပြီးကတည်းက ကျိရန်က မင်းကို လွမ်းဆွတ်နေတယ်.. ငါအခု မင်းကို ကျိရန်ဆီ ပို့ပေးမယ်.. ငါ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ပြဿနာကို ဖြေရှင်းပြီးမှပဲ မင်းကို ကောင်းကောင်းကြီး ကျေးဇူးဆပ်တော့မယ်"
"အကြီးအကဲရဲ့ကျေးဇူးကို ကျန်းချန် စိတ်ရင်းကနေ လက်ခံပါတယ်.. ဒါပေမယ့် အကြီးအကဲ ထျန်းရွှယ်က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ထားပြီးပြီ ဆိုတော့ ယန်ဒီမြို့ကိုပဲ သွားလိုက်ပါတော့မယ်"
ကျန်းချန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
ယွင်ကျင့်ထျန်းက ပြုံး၍ ခေါင်းညိမ့်လိုက်သည်။
"ကောင်းပြီလေ မင်းမှာ ကိုယ်ပိုင် အစီအစဥ်ရှိနေမှတော့ ငါအတင်းအကြပ် မလုပ်တော့ပါဘူး.. အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက ယန်ဒီမြို့နဲ့ သိပ်မဝေးဘူးဆိုတော့ ငါတို့တွေ ပြန်တွေ့ဖို့ အနာဂတ်မှာ အခွင့်အရေးတွေ ရှိလာဦးမှာပါ"
ထို့နောက်တွင် ကျန်းချန်သည် ယွင်ကျင့်ထျန်းနှင့် အကြီးအကဲထျန်းရွှယ် တို့ကို နှုတ်ဆက်ကာ ချက်ချင်းဆိုသလို တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
အစီအရင်ကို အသက်သွင်းပြီးနောက်တွင် သူ၏နှလုံးသားသည် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။
"ယန်ဒီမြို့ ငါ ကျန်းချန်လာပြီဟေ့"
အခန်း(၈၅၇)ပြီး၏။
အခန်း(၈၅၈)
ယန်ဒီမြို့။
ကျုံးကျိုးကုန်းမြေ၏ မြို့တော်ငါးခုထဲမှ တစ်ခု ဖြစ်ပြီး ကျုံးကျိုးကုန်းမြေတွင် ရှားပါးသည့် ကြယ်လေးပွင့် အထွတ်အထိပ်နယ်မြေ များထဲမှ တစ်ခုဖြစ်သည့်အပြင် ထိပ်တန်း အင်အားစုများထဲမှ တစ်ခုလည်း ဖြစ်သည်။
ယန်ဒိီမြို့သည် ကျုံးကျိုးကုန်းမြေတွင် သမိုင်း အစဥ်အလာ ရှည်လျားသောမြို့ ဖြစ်သည်။
ဒဏ္ဍာရီအရ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ကျုံးကျိုးကုန်းမြေကို တစ်ခေတ်တခါက ပြိုင်ဘက်ကင်းကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် ယန်ဒီရှောင်ကျင်းက တည်ထောင်ခဲ့သည်ဟု ဆိုကြသည်။
ဆိုရလျှင် ယန်ဒီမြို့မှ ရှောင်မိသားစုသည် ရှောင်ကျင်း၏ အဆက်အနွယ်များ ဖြစ်ကြသည်။
အင်ပါယာသွေးကြော တည်ရှိမှုကြောင့် ရှောင်မိသားစုမှ တပည့်တိုင်းသည် ပါရမီ အလွန်ထူးချွန်ပြီး သာမာန်လူများထက် အဆများစွာ သာလွန်ကြ၏။
ထို့ကြောင့်လည်း ရှောင်မိသားစုရှိသည့် ယန်ဒီမြို့သည် ကျုံးကျိုးကုန်းမြေတွင် နှစ်ပေါင်းထောင်ချီ ရပ်တည်နိုင်ခဲ့ပြီး ယခုအချိန်ထိ ဆက်လက် တိုးတက်နေဆဲပင်။
ကျုံးကျိုးကုန်းမြေ၏ ထိပ်တန်းကြယ်လေးပွင့် အင်အားစုအနေဖြင့် ယန်ဒီမြို့၏ လွှမ်းမိုးမှုနယ်မြေသည် အလွန်ကျယ်ဝန်း၏။
ယန်ဒီမြို့၏ ပတ်ဝန်းကျင် အရပ်လေးမျက်နှာတွင် မြို့ကြီးလေးမြို့ကို တည်ထောင်ထားပြီး အလယ်ရှိ ယန်ဒီမြို့ကို ကာကွယ်ထားသည်။
------------
ယန်ဒီမြို့၏ မြောက်ဘက်အစွန်အဖျားရှိ ပိုင်မင်မြို့ကနေ မိုင်ထောင်ချီဝေးသော ရွှယ်ယန်တောင်တန်းနှင့် တောအုပ်များ အထက်တွင် အာကာပြင်သည် ရုတ်တရက် တွန့်လိမ်သွားခဲ့သည်။
ထို့နောက် ပုံရိပ်တစ်ခုသည် ထိုအထဲမှ ထွက်ပေါ်လာပြီး တောင်တန်းနှင့်သစ်တောများ အထက်၌ ဖြည်းညင်းစွာ ပေါ်လာခဲ့၏။
သစ်တောအပေါ်၌ ရုတ်တရက်ပေါ်လာသည့် ပုံရိပ်သည် တခြားသူ မဟုတ်ဘဲ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကနေ ယန်ဒီမြို့ကိုခရီးထွက်လာသည့် ကျန်းချန် ဖြစ်သည်။
"ဒါက ယန်ဒီမြို့ရဲ့ နယ်မြေလား"
ကျန်းချန်က တစ်ကိုယ်ထဲ တီးတိုးရေရွတ်လိုက်ပြီး ချက်ချင်းပင် ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ်လိုက်သည်။
ယန်ဒီမြို့သည် ကျုံးကျိုးကုန်းမြေ၏ မြို့တော်ငါးခုထဲမှ တစ်ခုဖြစ်၍ လေထုထဲမှ ယန်ဒီမြို့ ဆီသို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းခြင်း ပြုလုပ်ရန် မဖြစ်နိုင်ပေ။
ဤနေရာသို့ မပို့မီ အကြီးအကဲ ထျန်းရွှယ်သည် သူ၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က ယန်ဒီမြို့၏ နယ်မြေကိုသာ ပို့နိုင်သည်ဟု ပြောဆိုခဲ့သည်။
ယခုအခါတွင် သူက ယန်ဒီမြို့၏ နယ်မြေဆီ ရောက်ရှိလာပြီဖြစ်၍ ယန်ဒီမြို့ဆီသို့ သူကိုယ်တိုင် သွားရောက်ရပေတော့မည်။
"ဒါက လူသူကင်းမဲ့တဲ့ နေရာတစ်ခုနဲ့ တူတယ်.. ဒါက ဘယ်နေရာလဲဆိုတာ ဖြတ်သွားဖြတ်လာတွေ တွေ့ရင် မေးစမ်းကြည့်ရမယ် "
ကျန်းချန်က စဥ်းစားလိုက်ပြီးနောက် ချက်ချင်းဆိုသလို အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သစ်တောကနေ အပြင်ဘက်သို့ ထွက်လာခဲ့သည်။
နာရီဝက်ခန့်အကြာတွင် ကျန်းချန်သည် တောအုပ်ထဲကနေ ထွက်လာခဲ့ရာ ကျယ်ပြောသော လွင်ပြင်တစ်ခုသည် သူ၏ မြင်ကွင်းထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
"ရှေ့နားမှာ လူတွေရှိပုံရတယ် "
ကျန်းချန်၏ အကြည့်သည် ကီလိုမီတာများစွာ အကွာအဝေးရှိ အဖွဲ့တစ်ဖွဲ့ဆီသို့ ရောက်ရှိသွားခဲ့သည်။
ကျန်းချန်က တုန့်ဆိုင်းမနေဘဲ လျှပ်တပြက် လှုပ်ရှားလိုက်ကာ ထိုအဖွဲ့ဆီသို့ သွားလိုက်သည်။
သူက ထိုအဖွဲ့နှင့် နီးကပ်လာသည်နှင့်အမျှ ထိုအဖွဲ့သည် သူ၏ မြင်ကွင်းထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့သည်။
ဤသည်က လူဆယ်ယောက်ကျော်လောက် ပါသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ထိုလူစုထဲမှ နှစ်ယောက် သုံးယောက်သည် သိုင်းသခင်နယ်ပယ် အဆင့်ကို ရောက်ရှိနေပြီး ကျန်ရှိသည့်သူများသည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့နောက်မှ ကျန်းချန် လိုက်လာသည်ကို ခံစားမိလျှင် အလျင်အမြန် ပျံသန်းနေသည့် ထိုအဖွဲ့သည် ချက်ချင်းဆိုသလို ရပ်တန့်လိုက်ကြသည်။
အဖွဲ့မှ သိုင်းသခင်နယ်ပယ်အဆင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် ဦးခေါင်းကို လှည့်ကာ ကျန်းချန်ကို ကြည့်လိုက်၏။
သူ၏ ဖြူဖျော့နေသော မျက်နှာထက်တွင် အလွန်အမင်း သတိထားနေသော အရိပ်အယောင်များ ပေါ်နေခဲ့၏။
"မင်းက ဘယ်သူလဲ "
ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် သိုင်းသခင်နယ်ပယ်တတိယအဆင့် ကျင့်ကြံသူဖြစ်ပြီး အဖွဲ့တစ်ဖွဲ့လုံးတွင် အင်အားအကြီးဆုံး ဖြစ်သည်။
၎င်း၏ မျက်နှာက ဖြူဖျော့နေပြီး အသက်ရှူနှုန်း မမှန်မကန် ဖြစ်နေသည့် အတွက် အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားနေရမှန်း သိသာနေ၏။
လူလတ်ပိုင်းအရွယ် အမျိုးသား စကားပြောနေချိန်တွင် တခြား ကျင့်ကြံသူများသည် လက်နက်များကို ကိုင်ဆောင်ကာ အလယ်ရှိ အမျိုးသမီးငယ် တစ်ဦးကို သတိဝီရိယ အပြည့်ဖြင့် ကာကွယ်ထားခဲ့သည်။
"မစိုးရိမ်ပါနဲ့ ငါက မင်းတို့ကို ဒုက္ခပေးဖို့ နောက်ကနေ လိုက်လာတာ မဟုတ်ဘူး "
ကျန်းချန်က ခပ်သွက်သွက်ပြန်ဖြေလိုက်သည်။
"ငါ့နာမည်က ကျန်းချန်ပါ.. ငါက အခုမှ ဒီကို ရောက်လာလို့ ဒီနယ်မြေအကြောင်း မင်းတို့ဆီမှာ စုံစမ်းမေးမြန်းချင်ရုံပါပဲ.. ဒီနေရာက ဘယ်နေရာလဲ "
"ဒီနေရာက ယန်ဒီမြို့ရဲ့ မြောက်ပိုင်းမှာရှိတဲ့ ပိုင်မင်မြို့ရဲ့နယ်မြေပဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းချန်ကို ဖြေကြားနေစဥ်တွင် သူ့မျက်နှာပေါ်မှ သတိထားနေသော အရိပ်အယောင်သည် လုံးဝ ပျောက်ကွယ်မသွားခဲ့ပေ။
"ယန်ဒီမြို့ရဲ့ မြောက်ပိုင်းက ပိုင်မင်မြို့ "
လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားလျှင် ကျန်းချန်သည် အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် အလွဲလွဲ အမှားမှား မဖြစ်တော့ဘဲ ယန်ဒီမြို့၏ နယ်မြေဆီသို့ အမှန်တကယ် ရောက်ရှိလာခဲ့ပုံရသည် မဟုတ်ပါလား။
အခန်း(၈၅၈)ပြီး၏။