← Chapters

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း(၈၆၈)

တုံခိုင်က သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ ကြောက်လန့်တကြား ဖြစ်နေခံသည်။

ဤကောင်လေးက ဓားဆန္ဒတတိယအဆင့်နှင့် လေဆန္ဒတတိယအဆင့်ကို နားလည်နေမည်ဟု သူ မထင်ထားခဲ့ပေ။

သူ့လိုသိုင်းသခင်နယ်ပယ်သတ္တမအဆင့်ပင် ဤကောင်လေး၏ လက်အောက်တွင် တခဏအတွင်း ရှုံးနိမ့်ခဲ့ရသည်။

ကောင်လေးကသာ သူ့ကို တကယ် ဓားဖြင့် ထိုးလိုက်လျှင် မသေလျှင်ပင် ဒဏ်ရာ အပြင်းအထန် ရရှိသွားနိုင်ပေသည်။

အသက်နှစ်ဆယ်ကျော် အရွယ် ကောင်လေးသည် ဓားစိတ်ဆန္ဒ တတိယအဆင့်ကိုပင် တကယ်ပဲ နားလည်နေခဲ့၏။

ထိုကဲ့သို့ မွန်းစတားမျိုးသည် ယန်ဒီမြို့မှာပင် အလွန်ရှားပါးသည်။

ဤကောင်လေးက ယန်ဒီမြို့မှ မဟုတ်လျှင်ပင် ကြယ်လေးပွင့် အထွတ်အမြတ် နယ်မြေက လာသောသူ ဖြစ်နိုင်သည်ဟု တုံခိုင် သေချာပေါက် ယုံကြည်ခဲ့၏။

ဤကဲ့သို့သော ပုဂ္ဂိုလ်သည် သူတို့ တုံမိသားစု ရင်မဆိုင်နိုင်သော အဆင့်အတန်းဖြစ်သည်။

"သခင်လေးကျန်းက တကယ်ကို အင်အားကြီးမားတာပဲ"

မိုယောင်က သူမဘရှေ့မှအခြေအနေကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။

သူမ၏ လှပသော မျက်လုံးထဲတွင်လည်း လေးစားသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"ဓားစိတ်ဆန္ဒ တတိယအဆင့်ကို နားလည်ထားတဲ့ တကယ့် မွန်းစတားပဲ.. သခင်မလေးက တကယ်ကို အံ့သြဖို့ကောင်းတဲ့ လူတစ်ယောက်ကို ခေါ်လာခဲ့တာပဲ"

မိုချွမ်က ခါးသီးစွာ ပြုံးလိုက်သည်။

သူ့မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ဖုံးဖိမရစွာ ဖြစ်ပေါ်လာ၏။

တုံအိမ်တော်သို့ ရောက်လာသော်လည်း သူတို့သည် တုံမိသားစုဆီမှ အကူအညီကိုရရန် မျှော်လင့်ချက်မရှိခဲ့ပေ။

သို့သော် သူ့ရှေ့မှ ကျန်းချန်ဟု ခေါ်သည့် လူငယ်သည် အင်ပါယာအဆင့် ပါရမီရှင်ထက်တောင် ပိုမို ကြောက်စရာ ကောင်းသည့် ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင် ဖြစ်နေ၏။

ဤကဲ့သို့သော လူမျိုး၏ နောက်ကွယ်ရှိ အင်အားသည် တုံမိသားစုနှင့် တခြားသော ကြယ်နှစ်ပွင့် မိသားစုများထက် များစွာ ပို၍ အားကောင်းမည်မှာ သေချာသည်။

ကျန်းချန်သာ သူတို့ကို ကူညီလျှင် သူတို့ မိုမိသားစုသည် ကယ်တင်ခံရရန် မျှော်လင့်ချက် ရှိလာနိုင်၏။

"မင်းတို့ ဒီမှာ ငါ့ကို စောင့်နေ.. ငါ မင်းတို့ မိုမိသားစုရဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ ကြိုးစားပေးမယ်"

ကျန်းချန်က မိုယောင်နှင့် တခြားသူများကို ပြောပြီးနောက် ချက်ချင်းပင် သွေးနဂါးဓားကို သိမ်းလိုက်ကာ တုံခိုင်ကို ပြောလိုက်သည်။

ကျန်းချန် ဓားရှည် ပြန်သိမ်းလိုက်သည်ကို မြင်လျှင် တုံခိုင်က အနည်းငယ် စိတ်သက်သာရာရသွား၏။

သူက တုံမိသားစု တပည့်များကို တုံနင်၏ ဒဏ်ရာကို ကုသရန် ခေါ်သွားခိုင်းကာ သူကိုယ်တိုင်ကမူ ကျန်းချန်ကို ခြံဝင်း အပြင်ဘက်ဆီ ခေါ်သွားခဲ့သည်။

မကြာခင်မှာပင် တုံခိုင်သည် တုံမိသားစု အနောက်ဘက်ရှိ ခန့်ညားထည်ဝါသော ရွှေရောင်ခန်းမ တစ်ခုဆီ ကျန်းချန်ကို ခေါ်သွားခဲ့၏။

"အကြီးအကဲ.. တုံခိုင်ပါ.. ညီငယ်လေး တစ်ယောက်က အကြီးအကဲနဲ့ တွေ့ခွင့် တောင်းနေလို့ပါ"

ဒုံခိုင်က ခန်းမတံခါးဝတွင် ရပ်ပြီး ခန်းမအတွင်းပိုင်းကို ရိုသေစွာ ပြောလိုက်သည်။

သူ၏စကားဆုံးသည်နှင့် ပိတ်ထားသော ခန်းမတံခါးသည် ရုတ်တရက် ဘုန်းခနဲ ပွင့်သွားခဲ့၏။

"ညီလေး.. ဝင်ရအောင်"

ကျန်းချန် ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် တုံခိုင်နှင့်အတူ ခန်းမထဲသို့ လျှောက်သွားလိုက်သည်။

ခန်းမထဲကို ဝင်လာပြီးနောက်တွင် အသက်ရှူသံ အားနည်းနေသည့် အနက်ရောင် ဝတ်စုံဝတ် ဆံဖြူ အဘိုးအိုတစ်ယောက်သည် သူ၏ ရှေ့တည့်တည့်တွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။

ထိုအဘိုးအိုက တခြားသူ မဟုတ်ဘဲ တုံမိသားစု၏ နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူ နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည့် တုံဟဲ ဖြစ်သည်။

ခန်းမအလယ်ရှိ မြင့်မားသော ထိုင်ခုံတွင် ထိုင်နေသည့် တုံဟဲကို ကြည့်ရင်း ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။

"အသက်ရှူသံ အားနည်းနေပါလား.. ဒါက သက်တမ်းကုန်ဖို့ နီးကပ်လာတဲ့ လက္ခဏာပဲ"

သူ့အထင် တုံမိသားစု၏ နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူတွင် အချိန်သိပ်မကျန်တော့ပေ။

ကျန်းချန်က တုံဟဲကို ကြည့်နေစဥ်မှာပင် တုံဟဲက တင်းတင်း မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သည်။

သူက တောက်ပသော မျက်လုံးများဖြင့် ကျန်းချန်ကို ကြည့်လိုက်၏။

တစ်ချိန်တည်းမှာပင် အဆုံးမဲ့ ဖိအားများ ပါဝင်နေသည့် တုံဟဲ၏ အသံသည် ခန်းမထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့သည်။

"ကောင်လေး.. မင်းက ငါတို့ တုံမိသားစုဆီ ရောက်လာပြီး ငါတို့ တုံမိသားစုရဲ့ အိမ်တော်မှာ တုံမိသားစု တပည့်ကို ဒဏ်ရာရစေခဲ့တယ်.. မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

အခန်း(၈၆၈) ပြီး၏

အခန်း(၈၆၉)

တုံဟဲ၏ အိုမင်းသောအသံသည် ခန်းမထဲတွင် ဖြည်းညှင်းစွာ ပဲ့တင်ထပ်နေခဲ့၏။

ခန်းမထဲရှိ လေထုသည် ထိုအချိန်တွင် ရပ်တန့်သွားသလို ထင်ရပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

ဤကဲ့သို့ ​​​ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် တုံခိုင်ပင် အသက်ရှူနှုန်း အနည်းငယ် မြန်လာခဲ့၏။

ကျန်းချန်ကမူ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဘာမှ မခံစားရသလို ရှိနေခဲ့၏။

"အကြီးအကဲက နတ်ဝိညာဉ်ဘုရင် ဖြစ်ထိုက်ပါတယ်.. ဒီမှာ နေနေရင်းနဲ့တောင် တုံမိသားစုမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို သိနေတယ်"

ကျန်းချန် ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော်က မိုမိသားစုနဲ့အတူ တုံအိမ်ကို အမှတ်မထင် ရောက်လာတာပါ.. ဒီတစ်ခါ အကြီးအကဲကို လာတွေ့တာက ကိစ္စနှစ်ခုကို အကူအညီ တောင်းချင်လို့ပါ"

တုံဟဲ၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ လင်းလက်သွားသည်။

"ပြောစမ်းပါ.. ဒီအဘိုးအိုက မင်းကို ကူညီနိုင်မလား မသိဘူး"

တုံခိုင်နှင့် ကျန်းချန်တို့၏ တိုက်ပွဲသည် တုံဟဲ၏ အာရုံကို သဘာဝကျစွာပင် ဆွဲဆောင်နိုင်ခဲ့၏။

ကျန်းချန်က ဓားစိတ်ဆန္ဒ တတိယအဆင့် အင်အားကို သုံးပြီး တုံခိုင်ကို ထိန်းချုပ်ခဲ့သည့် အခြေအနေကို တုံဟဲက အလွန်ရှင်းလင်းစွာ သိထားခဲ့သည်။

သူ့ရှေ့မှ ကောင်လေး၏ ဇစ်မြစ်က အလွန်ထူးခြားလိမ့်မည်ဆိုသည်ကိုလည်း သူ သိ၏။

ထို့ကြောင့် တတ်နိုင်သ၍ ဤကောင်လေးနှင့် ပြဿနာမဖြစ်ချင်ပေ။

"အကြီးအကဲရဲ့ မြေးနဲ့ ကျွန်တော်က ဆက်ဆံရေးကောင်းတွေ ရှိတဲ့ မိတ်ဆွေတွေပါ"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"ပထမအချက်အနေနဲ့ အရင်က အကြောင်းတွေကို အကြီးအကဲ မေ့ထားပြီး မိုမိသားစုကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"တောင်းပန်ပါတယ်.. ဒီကိစ္စတော့ ငါမင်း ကူညီနိုင်မှာ မဟုတ်ဘူး.. မိုမိသားစုကို ငါ မကယ်တင်နိုင်ဘူး"

တုံဟဲ၏ မျက်နှာက အနည်းငယ် သုန်မှုန်သွားခဲ့သည်။

"မိုမိသားစုက ကောင်လေးအတွက် ငါနဲ့ ဆက်ဆံရေး ဖြတ်ခဲ့တဲ့အချိန်ကတည်းက ဒီအဘိုးအိုက အသက်ရှင်နေသ၍ ဒီအမိုက်မနဲ့ ဘယ်တော့မှ မပတ်သက်တော့ဘူးလို့ ကျိန်ဆိုထားတယ်"

"ဒါဆိုလည်း အပေးအယူတစ်ခု လုပ်ကြစို့"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွား၏။

တုံဟဲက အံ့အားသင့်သွားပြီး ချက်ချင်းဆိုသလို စိတ်ဝင်စားသော အကြည့်ဖြင့် ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။

"ဘယ်လို အပေးအယူလဲ"

"အကြီးအကဲရဲ့ အသက်ရှူသံက အားနည်းနေသလို ဝိညာဉ်လည်း ပြိုကွဲစပြုနေပြီ.. ဒါဟာ သက်တမ်း အဆုံးသတ်ဖို့ နီးကပ်လာတဲ့ လက္ခဏာပဲ"

ကျန်းချန်က တုံဟဲကို စေ့စေ့ စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် ခန့်မှန်းတာ မမှားရင် အကြီးအကဲမှာ အချိန် တစ်လ နှစ်လပဲ ကျန်တော့တယ်"

ထိုစကားကို ကြားလျှင် တုံဟဲ၏ မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့သည်။.

သူက ခဏမျှ ကျန်းချန်ကို စိုက်ကြည့်ပြီးမှ ဖြည်းညင်းစွာ ပြောလိုက်၏။

"အင်ပါယာအဆင့် ပါရမီရှင်ထက် သာလွန်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီလို့မပြောရဘူး.. တကယ်ကို မြင်နိုင်စွမ်းရှိတာပဲ.. ပြောစမ်းပါဦး.. ဒီအဘိုးအိုက မင်းရဲ့ အပေးအယူကို နည်းနည်းတော့ စိတ်ဝင်စားလာပြီ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"အပေးအယူက အရမ်းရိုးရှင်းပါတယ်.. အကြီးအကဲက ကျွန်တော့်ကို ကိစ္စနှစ်ခု ကတိပေးသရွေ့ အကြီးအကဲရဲ့ အသက်ကို သုံးနှစ် ကျွန်တော် တိုးမြှင့်ပေးနိုင်တယ်"

"ဘယ်လို"

တုံဟဲ၏ နှလုံးသားက တုန်လှုပ်သွားပြီး သူ၏ အိုမင်းသော မျက်လုံးထဲတွင် ပြတ်သားသော အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားခဲ့၏။

သူက ကျန်းချန်ကို စိတိလှုပ်ရှားစွာ စိုက်ကြည့်၍ မေးလိုက်သည်။

"မင်း တကယ်ပဲ ငါ့ကို သုံးနှစ် ဆက်လက် ရှင်သန်စေနိုင်မှာလား"

ကျန်းချန်က ခပ်အေးအေး ပြန်ဖြေလိုက်သည်။

"ကျွန်တော်က သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတွေကို ဆယ်နှစ် အသက်ရှည်စေနိုင်တဲ့ ဆဋ္ဌမအဆင့် ရှေးဟောင်း အသက်ရှည်ဆေးကို သန့်စင်နိုင်တယ်.. နတ်ဝိညာဉ်ဘုရင်အဆင့် သောက်ရင်တောင် သုံးနှစ် အသက်ရှည်ဖို့က ဘာပြဿနာမှ မရှိဘူး"

"ဘာသက်သေမှ မရှိဘဲ မင်းစကားကို ငါ ဘယ်လို ယုံရမှာလဲ"

တုံဟဲက ကျန်းချန်ကို ဖောက်ထွက်မတတ် စိုက်ကြည့်ကာ ပြောလိုက်သည်။

"အကြီးအကဲမှာ ကျွန်တော့်ကို ယုံကြည်ဖို့ပဲ ရွေးချယ်စရာ ရှိတယ်"

ကျန်းချန်က အောင်နိုင်သူ အမူအရာဖြင့် ပြောလိုက်သည်။

"အကြီးအကဲ ကျွန်တော့ကို မယုံကြည်ရင် အချိန်ကန့်သတ်ချက်က တစ်ခဏအတွင်း ရောက်လာလိမ့်မယ်.. ယုံကြည်ရင်တော့ သုံးနှစ် အသက်ရှည်ဖို့ အခွင့်အရေး ရှိနိုင်တယ်.. သုံးနှစ်ဆိုတဲ့ အတိုင်းအတာက အကြီးအကဲ နောက်ထပ် အဆင့်တွေတက်ပြီး အကြီးအကဲရဲ့ အသက်ကို ထပ်ဆွဲဆန့်ဖို့ လုံလောက်တဲ့ ကာလပဲ"

"ကောင်းပြီ.. ဒီအပေးအယူကို ငါ လက်ခံတယ်"

"မင်း တကယ်ပဲ ဆဋ္ဌမအဆင့် အသက်ရှည်ဆေးကို သန့်စင်ပြီး ငါ့အသက်ကို သုံးနှစ် ဆက်ရှင်သန်စေနိုင်ရင် မင်း ဘယ်လို အခြေအနေတွေပဲ တောင်းဆိုပါစေ.. ဒီအဘိုးအို မင်းကို သဘောတူနိုင်တယ်"

တုံဟဲက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြတ်သားစွာ ပြောလိုက်သည်။

ကျန်းချန် ပြောသလိုပင်၊ ယခုအခါ၌ သူက အချိန်ကန့်သတ်ချက် နီးကပ်လာပြီဖြစ်၍ တခြား ရွေးချယ်စရာ မရှိတော့ပေ။

သူ့ရှေ့မှ ကောင်လေးက ဆဋ္ဌမအဆင့် ရှေးဟောင်း အသက်ရှည်ဆေးကို သန့်စင်နိုင်သ၍ မည်သို့သော အကြောင်းပဲရှိရှိ အသက်ရှင်ခွင့်ရအောင် သူ ကြိုးစားရပေမည် မဟုတ်ပါလား။

အခန်း(၈၆၉) ပြီး၏

အခန်း(၈၇၀)

"တုံခိုင်...မင်း လူတချို့ကို မိုမိသားစုဆီ ခေါ်သွားပြီး မိုမိသားစုဝင် အားလုံးကို စောင့်ရှောက်လိုက်"

တုံဟဲက တုံ့ဆိုင်းမနေဘဲ တုံခိုင်ကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က တိုက်ပွဲတစ်ခုကြောင့် တုံဟဲ၏ ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရာ တစ်ခု ကျန်ရစ်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည်လည်း နတ်ဝိညာဉ်ဘုရင် တတိယအဆင့်မှာပင် ရပ်တန့်သွားခဲ့သည်။

တုံဟဲက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ အတွင်းဒဏ်ရာကို နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့၏။

သို့သော် ကံမကောင်းစွာဖြင့် ထို​ဒဏ်ရာသည် တုံဟဲ၏ သက်တမ်းကို များစွာ ဆုံးရှုံးစေခဲ့သည်။

သူက အတွင်းဒဏ်ရာကို ဖြေရှင်းပြီးချိန်တွင် သူ၏ သက်တမ်းက ကုန်ဆုံးရန် နီးကပ်လာပြီဟု ခံစားလိုက်ရ၏။

ဤအတွက်​ကြောင့် တုံဟဲသည် စိတ်ဓာတ်ကျမလိုပင် ဖြစ်နေခဲ့ပြီး သူ့အသက်ကို ဆက်လက် ရှင်သန်စေမည့် နည်းလမ်းကို အမြဲရှာဖွေနေခဲ့သည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီက ရှန်းဝူတိုက်ကြီး၏ ကြီးမားသော အပြောင်းအလဲများကြောင့် ကမ္ဘာကြီးတွင် အသက်ရှည်ဆေးကဲ့သို့ အဖိုးတန်ဆေးလုံးသည် ရရှိရန် အလွန် ခက်ခဲသွားခဲ့သည်။

တုံဟဲက လုံးဝ မျှော်လင့်ချက်မဲ့နေသော အချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ယောက်က သူ့ရှေ့တွင် ပေါ်လာပြီး သူ့အသက်ကို သုံးနှစ် ဆက်လက် ရှင်သန်စေရန် ဆဋ္ဌမအဆင့် ရှေးဟောင်း အသက်ရှည်ဆေးကို သန့်စင်ပေးမည်ဟု အပေးအယူ လုပ်ခဲ့၏။

သူသာ အသက် သုံးနှစ် တိုးမြှင့်နိုင်ခဲ့လျှင် ထိုသုံးနှစ်အတွင်း အဆင့်တက်ကာ အသက်ကို ပို၍ ဆွဲဆန့်နိုင်မည်မှာ သေချာသည်။

သို့ဖြစ်ရာ တုံဟဲသည် ဤကဲ့သို့ ကမ်းလှမ်းမှုကို မည်ကဲ့သို့ ငြင်းဆန်နိုင်ပါအံ့နည်း။

"ဟုတ်ကဲ့ အကြီးအကဲ"

တုံဟဲ၏ ညွှန်ကြားချက်ကို ကြားလျှင် တုံခိုင်က တုံဟဲကို ဦးညွှတ်လိုက်ပြီး ခန်းမထဲကနေ ထွက်သွားခဲ့သည်။

"ကောင်လေး.. ဒုတိယတောင်းဆိုချင်တာက ဘာလဲ"

တုံခိုင် ထွက်သွားပြီးနောက်တွင် တုံဟဲက ကျန်းချန်ကို တစ်ဖန် အာရုံစိုက်၍ မေးလိုက်သည်။

"ကျွန်တော် တောင်းဆိုချင်တဲ့ ဒုတိယအချက်က အကြီးအကဲဆီမှာ လူတစ်ယောက် အကြောင်းကို မေးချင်လို့ပါ"

ကျန်းချန်က သက်ပြင်းချလိုက်ပြီး တုံဟဲကို လေးနက်စွာ ကြည့်၍ မေးလိုက်သည်။

"အကြီးအကဲ.. နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီရဲ့ သတင်းကို သိချင်တာပါ"

"မင်းက နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီကို ရှာနေတာလား"

ကျန်းချန်က ရှောင်တုလီ၏ အကြောင်းကို မေးလိုက်သည်နှင့် တုံဟဲ၏ မျက်နှာထက်တွင် အံ့သြတုန်လှုပ်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

သူက ခဏမျှ ကျန်းချန်ကို စိုက်ကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်၏။

"နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီက ကျုံးကျိုးကုန်းမြေကနေ ပျောက်ကွယ်သွားတာ နှစ်ပေါင်းများစွာ ရှိပြီ.. မင်းရဲ့ မေးခွန်းကို ငါ မဖြေနိုင်ဘူးထင်တယ်"

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ကျုံးကျိုးကုန်းမြေကနေ သူ့ဆရာ ပျောက်ကွယ်သွားခဲ့သည့် နှစ်အနည်းငယ်သည် မြောက်ပိုင်းတောရိုင်း ဒေသတွင် ရှိသောကာလ ဖြစ်နိုင်၏။

သို့သော် ယခုအခါတွင် သူ့ဆရာက ကျုံးကျိုးကုန်းမြေကို ပြန်ရောက်သည်မှာ ခြောက်လရှိပြီ ဖြစ်သည်။

အဘယ်ကြောင့် သူ့ဆရာနှင့် ပတ်သက်၍ ကျုံးကျိုးကုန်းမြေတွင် မည်သည့် သတင်းမှ မကြားရပါသနည်း။

"အကြီးအကဲ.. ပိုင်မင်းမြို့က ရှောင်မိသားစုရဲ့ အခြေအနေကို ပြောပြလို့ရမလား"

ကျန်းချန်က ခဏမျှ စဉ်းစားပြီးမှ မေးလိုက်သည်။

သူ့ဆရာ ကျုံးကျိုးကုန်းမြေဆီ ပြန်ရောက်လာသည်ကို လူအများအပြား သိပုံမရပေ။

ရှောင်မိသားစုက လူများနှင့် ဆက်သွယ်မှသာ သူ့ဆရာ အကြောင်းကို သတင်းရနိုင်မည်ဟု သူတွေးမိခဲ့သည်။

"ပိုင်မင်မြို့က ရှောင်မိသားစုဆီကနေ ရှောင်တုလီ အကြောင်းကို စုံစမ်းချင်ရင်တော့ ဒီစိတ်ကူးကို လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်"

တုံဟဲက ကျန်းချန်၏ အတွေးများကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ပြောလိုက်သည်။

ထိုစကားက ကျန်းချန်၏ နှလုံးသားထဲကို ရေအေးတစ်ခွက်ဖြင့် လောင်းချလိုက်သလိုပင်။

ကျန်းချန်က အံ့အားသင့်ကာ ပြန်မေးလိုက်သည်။

"ဘာလို့လဲ

"ယန်ဒီမြို့မှာ ရှိတဲ့ ပင်မ ရှောင်မိသားစုက အင်အားကြီးပေမဲ့ အတွင်းရေး အခြေအနေ အရမ်း ရှုပ်ထွေးတယ်"

"မင်းက နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီနဲ့ ဘယ်လို ဆက်ဆံရေးရှိလဲ ငါ မသိပေမဲ့ ရှောင်တုလီရဲ့ သဲလွန်စကို စုံစမ်းဖို့ ပိုင်မင်မြို့က ရှောင်မိသားစုဆီ မသွားတာ အကောင်းဆုံးပဲ"

"အဲဒီအချိန်က ကျုံးကျိုးကုန်းမြေကနေ ရှောင်တုလီ ပျောက်သွားတဲ့ကိစ္စက ငါ့အထင် မရိုးရှင်းလောက်ဘူး"

တုံဟဲက လေးနက်စွာ ပြောလိုက်၏။

ကျန်းချန်၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။

ရှောင်တုလီလို လူမျိုးက မြောက်ပိုင်းတောရိုင်း ဒေသတွင် ရောက်ရှိနေသည်မှာ လုံးဝ ရိုးရှင်းပုံမရပေ။

ကံကောင်းစွာဖြင့် သူက သူ့ဆရာ၏ သတင်းကို စုံစမ်းရန် ပိုင်မင်မြို့မှ ရှောင်မိသားစုဆီ မသွားမိခဲ့ပေ။

သို့မဟုတ်ရင် သူ့အတွက် အန္တရာယ်များပေလိမ့်မည်။

"ကောင်လေး.. မင်း ရှောင်တုလီရဲ့ သတင်းကို ရချင်ရင် ယန်ဒီမြို့က ရှောင်မိသားစု ခေါင်းဆောင်ဆီ တိုက်ရိုက် သွားမှပဲ ရလိမ့်မယ်"

"ယန်ဒီမြို့က ရှောင်မိသားစုထဲကို တိုက်ရိုက် ဝင်ခွင့်ရမယ့် အခွင့်အရေး တစ်ခု ငါ မင်းကို ပေးနိုင်တယ်"

ကျန်းချန် မှင်တက်နေသော အချိန်မှာပင် တုံဟဲ၏ အသံက ထပ်မံ ပဲ့တင်ထပ်လာခဲ၏။

အခန်း(၈၇၀) ပြီး၏

All Chapters