← Chapters

အခန်း (၈၅၉-၈၆၁)

Vol. 58 Ch. 859-861

အခန်း (၈၅၉-၈၆၁)

Vol. 58 Ch. 859-861

အခန်း(၈၅၉)

အကြီးအကဲထျန်းရွှယ်သည် ကျန်းချန်ကို ဤနေရာသို့ မပို့ခင် ယန်ဒီမြို့နှင့် ပတ်သက်သည့် အချက်အလက် အချို့ကို ပြောပြခဲ့သည်။

ယန်ဒီမြို့၏ ပတ်ပတ်လည်တွင် မြို့လေးမြို့ရှိပြီး ထိုမြို့လေးမြို့သည် ယန်ဒီမြို့ကို အကာအကွယ်ပေးထားသည်။

ဆိုရလျှင် ပိုင်မင်မြို့သည် ယန်ဒီမြို့၏ မြောက်ဘက်ကို အကာအကွယ်ပေးထားသော မြို့တစ်မြို့ ဖြစ်သည်။

သူက အခု ပိုင်မင်မြို့၏ နယ်မြေထဲသို့ ရောက်လာခဲ့ပြီ ဖြစ်၏။

ပိုင်မင်မြို့ထဲသို့ ဝင်ရောက်ပြီးသည်နှင့် ယန်ဒီမြို့မှ ရှောင်မိသားစု၏ လူများကို မေးစမ်းကာ သူ့ဆရာ ရှောင်တုလီ၏ ခြေရာကို ရှာဖွေနိုင်မည် ဖြစ်သည်။

"ပိုင်မင်မြို့ကို ဘယ်လိုသွားရမလဲ သိပါရစေ "

ကျန်းချန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို ဂါ၀ရပြု၍ မေးလိုက်သည်။

"ဒီနေရာက ပိုင်မင်မြို့ရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိတဲ့ သဲကန္တာရ လွင်ပြင်တစ်ခုပဲ.. အခု ကျွန်မတို့အဖွဲ့က ပိုင်မင်မြို့ကို ခရီးဆက်နေတယ်.. သခင်လေး မငြိုငြင်ဘူးဆိုရင် ကျွန်မတို့နဲ့ အတူလိုက်လာနိုင်ပါတယ်.. လမ်းခရီးမှာ အချင်းချင်းဂရုစိုက်ကြတာပေါ့ "

ထိုအချိန်တွင် ကျင့်ကြံသူများ၏ အကာအကွယ်အောက်တွင် ရှိနေသည့် မိန်းကလေးက ဝင်ရောက် ပြောဆ်ိုလိုက်သည်။

"သခင်မလေး ငါတို့ရဲ့ လက်ရှိအခြေအနေကို မင်းလည်း မသိတာမဟုတ်ဘူး.. ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် မနည်းရပ်တည်နေရတာ.. အခြားလူကို ကူညီဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မိန်းကလေးပြောစကားကိုကြားလျှင် လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားခဲ့ပြီး မိန်းကလေး၏လုပ်ရပ်ကို အလျင်အမြန် တားမြစ်လိုက်သည်။

သူတို့ရှေ့မှ ကောင်လေးသည် အသက်နှစ်ဆယ်ကျော်သာ ရှိသေးသော်လည်း ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်သည်။

ဤကဲ့သို့သော ပါရမီရှင်မျိုးသည် အနည်းဆုံး ဘုရင်အဆင့်အထက်မှ ပါရမီရှင်များ ဖြစ်မည်မှာ သေချာသလောက် ဖြစ်ပြီး သာမန်လူများ မဟုတ်နိုင်ပေ။

သူတို့၏ လက်ရှိအခြေအနေမှာ အလွန်တရာ ဆိုးရွားနေ၍ မလိုလားအပ်သည့် ဒုက္ခများကို မလ်ိုချင်တော့ပေ။

"ဦးလေးမို.. ဒီသခင်လေးက လူဆိုးနဲ့ မတူဘူးလို့ ကျွန်မထင်တယ်.. သူ့ကို ခေါ်သွားလိုက်တာက အပန်းမကြီးလောက်ပါဘူး"

မိန်းကလေးက ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။

"ဒါဆိုလဲ မိန်းကလေးကို ကျေးဇူးအများကြီးတင်ပါတယ် "

မိန်းကလေး၏ စကားကိုကြားသည်နှင့် ကျန်းချန်သည် အလျင်အမြန် ကျေးဇူးတင်လိုက် ပြီး အဖွဲ့ထဲ အတင်းဝင်ရောလိုက်သည်။

သူက ဤနေရာကို ယခုမှ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ဖြင့် ရောက်ရှိလာသည် ဖြစ်ရာ ဦးတည်ရာမဲ့ ပျံသန်းနေသည့် ယင်ကောင် တစ်ကောင်နှင့် ဆင်တူနေ၏။

ထို့ကြောင့် သူ့ရှေ့မှ ခရီးသွားအုပ်စုနှင့် အတူ ပိုင်မင်မြို့သို့ လိုက်သွားခြင်းသည် အကောင်းဆုံးပင် ဖြစ်သည် မဟုတ်ပါလား။

လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းချန်ကို မကျေမနပ် အမူအရာဖြင့် တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက်တွင် စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်သည်။

သူ၏ သခင်မလေးသည် အလွန် သနားကြင်နာတတ်၏။

ဤကမ္ဘာတွင် ခန့်မှန်းရအခက်ဆုံးမှာ လူ့စိတ် ဖြစ်သည်။

လူကောင်းဟုတ်မဟုတ်ကို တစ်ချက် ကြည့်ရုံဖြင့် မည်ကဲ့သို့ သိမြင်နိုင်ပါအံ့နည်း။

ယခုအချိန်တွင်မူ ဤကောင်လေးက သူတို့ကို မည်သည့် ဒုက္ခမှမပေးပါစေနဲ့ဟု စိတ်ထဲတွင် ကြိတ်၍ ဆုတောင်းနေရုံသာ တတ်နိုင်တော့သည်။

"ဆက်သွားကြစို့.."

လူလတ်ပိုင်းအရွယ် အမျိုးသားက မိန်းကလေး၏ စကားကို အလွန်အမင်း နားထောင်ပုံရသည်။

သူက ကျန်းချန်ကို သဘောမကျသော်လည်း မောင်းမထုတ်ဘဲ အဖွဲ့ကို ဦးဆောင်ကာ ခရီးကို ဆက်ခဲ့သည်။

လမ်းခရီးတစ်လျောက်လုံးတွင် လူလတ်ပိုင်းအရွယ် အမျိုးသား အပါအဝင် တစ်ဖွဲ့လုံးသည် ကျန်းချန်ကို သတိဝီရိယဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

အဖွဲ့တစ်ဖွဲ့လုံးတွင် မိန်းကလေး တစ်ယောက်ထဲကသာ ကျန်းချန်နှင့် စကားပြောခဲ့သည်။

စကားပြောဆိုရင်း ကျန်းချန်သည် သူ့ရှေ့မှ လူအုပ်ကြီးအကြောင်းကို အလျင်အမြန် နားလည်သွားခဲ့၏။

မိန်းကလေး၏ နာမည်မှာ မိုယောင်ဖြစ်ပြီး ပိုင်မင်မြို့၏ အုပ်ချုပ်မှုအောက်ရှိ ကြယ်တစ်ပွင့်မိသားစုမှ သခင်မလေးဖြစ်သည်။

ပြိုင်ဘက် မိသားစုနှင့် စစ်ပွဲတွင် မိုမိသားစု ရှုံးနိမ့်သွားခဲ့သည့်အတွက် မိုယောင်သည် သူ့အမေ၏ မိသားစုဖြစ်သည့် တုံမိသားစု ထံတွင် အကူအညီတောင်းရန် အစောင့်အရှောက်အုပ်စုတစ်စုနှင့် အတူ ပိုင်မင်မြို့ကို သွားရောက်နေခြင်းပင်။

ကျန်းချန်က မိုယောင်နှင့် စကားပြောရင်း မည်မျှ အချိန်ကြာမြင့်သွားသည်ကို မသိတော့ပေ။

ရုတ်တရက် သူက တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး လေထုထဲကို စူးစိုက်၍ ကြည့်လိုက်သည်။

မကြာခင်မှာပင် အားကောင်းပြီး ကြမ်းတမ်းသော အရှိန်အဝါတစ်ခုသည် လေထဲဲကနေ ဖြေးညင်းစွာ ပျံ့နှံ့လာခဲ့သည်။

ထိုခဏတွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာသည် အပြင်းအထန် ပြောင်းလဲသွားခဲ့၏။

"သူတို့တွေ လိုက်လာကြပြီ သခင်မလေးကို အစွမ်းကုန်ကာကွယ်ထားကြ"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားသံ ဆုံးသည်နှင့် အဖွဲ့တစ်ခုလုံး၏ အရှိန်အဝါသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

ရေခဲလို အေးစက်သည့် သတ်ဖြတ်လိုစိတ်နှင့် အတူ တိုက် ပွဲဝင် စိတ်ဓာတ်သည် လူတိုင်း၏ ကိုယ်ပေါ်တွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

အခန်း(၈၅၉)ပြီး၏။

အခန်း(၈၆၀)

"ဟားဟား မိုချွမ်.. မိုယောင်ကို ပိုင်မင်မြို့မှာ အကူအညီသွားတောင်းဖို့ ခေါ်သွားချင်တာလား.. အိပ်မက်မက်မနေနဲ့ ဒီနေ့ ဒီသဲကန္တာရက မင်းတို့ရဲ့ သချိုင်းပဲ "

လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် သူ့အဖွဲ့က လေးနက်စွာ စောင့်ဆိုင်းနေသော အချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော အရိပ် အနည်းငယ်သည် လေထုထဲကနေ ဖြေးညင်းစွာ လှမ်းထွက်လာခဲ့သည်။

"ဟန်လီ မင်းတို့သုံးယောက် ဖြစ်နေတာကိုး "

လေထဲကနေ လှမ်းထွက်လာသည့် ပုံရိပ်သုံးခုကို ကြည့်ရင်း မိုချွမ်က မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဒီအထိတောင် လိုက်လာတယ်ဆိုတော့ မင်းတို့ မိသားစုက တကယ်ကို ဇွဲကောင်းတာပဲ"

ထိုသုံးယောက်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဟန်မိသားစုမှ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ သုံးယောက် ဖြစ်သည်။

ဟန်လီ၏ အင်အားသည် သိုင်းသခင်နယ််ပယ် သတ္တမအဆင့်ကို ရောက်ရှိနေပြီး ကျန်နှစ်ယာက်ဖြစ်သည့် ဟန်ယင်နှင့် ဟန်ပမ်တို့သည် သိုင်းသခင်နယ််ပယ် စတုတ္ထအဆင့်မှ အင်အားကြီးမားသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ဖက်မှ သိုင်းသခင်နယ်ပယ် အဆင့်ကျင့်ကြံသူ သုံးယောက်တွင်မူ သူတစ်ယောက်သာ သိုင်းသခင်နယ်ပယ် သတ္တမအဆင့်သာဖြစ်ပြီး ကျန်နှစ်ယောက်မှာ သိုင်းသခင်နယ်ပယ် ပထမအဆင့်သာ ဖြစ်ကြသည်။

ထို့အပြင် မကြာသေးခင်က သူတို့အဖွဲ့ကို သတ္တမအဆင့်နှောင်းပိုင်းမှ ကျင့်ကြံသူတစ်ယောက်က တိုက်ခိုက်ခဲ့ရာ ထိုသူ၏ လက်ချက်ဖြင့် မိုချွမ်သည် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သည်။

သူ၏ လက်ရှိအခြေအနေဖြင့် ဆိုလျှင် ဟန်လီ တစ်ယောက်ထဲကိုပင် ရင်ဆိုင်ရန် အလွန်တရာ ခက်ခဲလိမ့်မည် ဖြစ်၏။

ယခုအခါတွင် ဟန်လီနှင့်အတူ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူနှစ်ယောက်ဖြစ်သည့် ဟန်ယင်နှင့် ဟန်ပမ်တို့ လိုက်ပါလာခဲ့ရာ ပြောနေစရာပင် မလိုတော့ပေ။

"အကြီးအကဲမို အခုကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"

ရုတ်တရက် ထွက်ပေါ်လာသည့် ဟန်လီတို့ သုံးယောက်ကို မြင်လျှင် မိုမိသားစုမှ ကျင့်ကြံသူ အများအပြားသည် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

"မမလေးကိုပဲ အစွမ်းကုန် ကာကွယ်ထားကြ "

မိုချွမ်၏ မျက်လုံးထဲတွင် ပြတ်သားသော အရိပ်အယောင် တစ်ခု လင်းလက်သွားခဲ့သည်။

သူက ခဏမျှ တုန့်ဆိုင်းနေပြီးမှ အဆုံးသတ်တွင် အံကြိတ်၍ လက်သီးဆုပ်ကာ ကျန်းချန်ကို ဂါ၀ရပြု၍ ပြောလိုက်သည်။

"သခင်လေးကျန်း.. ကျွန်တော် မိုမိသားစုက ကျင့်ကြံသူတွေကို ဦးဆောင်ပြီး အရှေ့က သုံးယောက်ကို ခဏလောက် အချိန်ဆွဲထားမယ်.. သခင်လေးကျန်းက ကျွန် တော်တို့ သခင်မလေးကို ပိုင်မင်မြို့က တုန်မိသားစုဆီ ခေါ်သွားပေးမယ်လို့ မျှော်လင့်ပါတယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ သခင်မလေး မိုယောင် လုံခြုံရေးကို ကျွန်တော် အာမခံပါတယ် "

မိုယောင်က စိတ်ကောင်းနှလုံးကောင်း ရှိပြီး ကိုယ်တိုင်အခြေအနေ မဟန်သည့် အချိန်မှာပင် သူစိမ်းတစ်ယောက်ကိုကူညီရန် ဆန္ဒရှိသူ ဖြစ်သည်။

ကျန်းချန်က ထိုမိန်းကလေး၏ စိတ်ဓာတ်ကို သဘောကျသည့်အတွက် မည်သည့်အန္တရာယ်မှ မဖြစ်စေချင်ခဲ့ပေ။

"ကျေးဇူးတင်ပါတယ်"

မိုချွမ်က ကျန်းချန်ကို ကျေးဇူးတင်စကား ပြောပြီးနောက်တွင် ကြုံးဝါးလိုက်သည်။

"တိုက်.."

သူ၏ စကားသံ ဆုံးသည်နှင့် မိုချွမ်သည် မိုမိသားစုမှ ကျင့်ကြံသူအုပ်စုကို ဦးဆောင်ကာ လေထဲမှ သုံးယောက်ကို တိုက်ခိုက်ရန် ပြေးဝင်သွားခဲ့သည်။

"သခင်လေးကျန်း ကျွန်မ တောင်းပန်ပါတယ်.. ကျွန်မကြောင့် သခင်လေးပါ ဒုက္ခ ရောက်ရပြီ "

မိုယောင်က ကျန်းချန်ကို အားနာသောအကြည့်ဖြင့် လှမ်းကြည့်ကာ ချက်ချင်းဆိုသလို ပြောလိုက်၏။

"သခင်လေးကျန်း ဒီအခွင့်အရေးကိုယူပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားလိုက်ပါ "

"ဟားဟား.. မင်းတို့အဖွဲ့ထဲကို ဝင်ရောက်ပြီးတဲ့ အချိန်ကစပြီး ငါက ဒီအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့ပြီ.. မင်းတို့ဒုက္ခရောက်နေချိန်မှာ ငါက ကိုယ်လွတ်ရုန်းဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့.. ငါရှိနေသရွေ့ မင်းကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး "

"မိုချွမ် မင်း လက်လျှော့လိုက်တာ အကောင်းဆုံးပဲ.. ဒီနေ့ မင်းကို ဘယ်သူမှ ကယ်တင်နိုင်မှာမဟုတ်ဘူး "

သူတို့ကို တိုက်ခိုက်ရန် ပြေးဝင်လာခဲ့သော မိုချွမ်တို့ အုပ်စုကိုကြည့်ကာ ဟန်လီ၏ မျက်နှာထက်တွင် သတ်ဖြတ်လိုသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

မကြာခင်မှာပင် အားကောင်းသော အရှိန်အဝါ သုံးခုသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး မိုချွမ်တို့ လူစု ဆီသို့ မုန်တိုင်းထန်သလို တိုက်ခတ်သွားခဲ့သည်။

တစ်ခဏ အတွင်းမှာပင် မိုချွမ်ကလွဲ၍ မိုမိသားစုမှ ကျင့်ကြံသူ အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ဖိအားအောက်တွင် တုန်လှုပ်သွားခဲ့ပြီး သွေးအန်ကာ လေထဲကနေ ပြုတ်ကျသွားခဲ့သည်။

"အချိန်မဖြုန်းနဲ့တော့.. မိုချွမ်ကို ငါ့တာဝန်သာထားလိုက်.. ကျန်တဲ့ လူတွေကတော့ မင်းတို့နှစ်ယောက် ရှင်းလိုက်တော့"

ဟန်လီက မိုချွမ်ကို စူးစိုက်ကြည့်နေရင်း သူ့နံဘေးမှ ဟန်ယင်နှင့် ဟန်ပမ်ကို ပေါ့ပါးစွာ ပြောလိုက်သည်။

သူ၏ အမိန့်ကိုရသည်နှင့် ထိုနှစ်ယောက်သည် တုန့်ဆိုင်းမနေတော့ဘဲ အောက်ဘက်ရှိ မိုမိသားစုမှ ကျင့်ကြံသူများ ဆီသို့ပြေးဝင်သွားခဲ့ကြသည်။

အခန်း(၈၆၀)ပြီး၏။

အခန်း(၈၆၁)

ရှေ့ကို အလျင်မြန် ပြေးထွက်လာသည့် ဟန်ယင်နှင့် ဟန်ပမ်ကို ကြည့်ရင်း မိုယောင် အပါအဝင် မိုမိသားစုမှ ကျင့် ကြံသူအားလုံး၏ မျက်နှာများသည် ဖြူဖျော့သွားခဲ့ကြသည်။

လေထုထဲမှ မိုချွမ်သည် အပြင်းအထန် ဒဏ်ရာရရှိထား၍

ဟန်လီ လက်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပင် မလွယ်ကူတော့သည် ဖြစ်ရာ ဟန်ယင်နှင့် ဟန်ပမ်တို့က မိုမိသားစုအား သတ်ဖြတ်နေသည်ကို ကြည့်နေရုံသာ တက်နိုင်တော့သည်။

အထူးသဖြင့် သူက အခုအချိန်ထိ ထွက်မပြေးရသေးသည့် မိုယောင်ကို မြင်လျှင် ရုတ်တရက် စိုးရိမ်သွားခဲ့သည်။

"သခင်မလေး အမြန်ဆုံးထွက်ပြေးတော့"

ဟန်မိသားစု၏ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ သုံးယောက်၏ အင်အားသည် အလွန်တရာ အားကောင်း၍ သူတို့အကြာကြီး တောင့်ခံနိုင်မည်မဟုတ်ပေ။

ထပ်ပြီး နောက်ကျနေရင်လည်း သူတို့လူစုအားလုံးသည် ဤနေရာ၌ သင်္ဂြိုလ်ခံရလိမ့်မည် ဖြစ်သည်။

"ဟားဟား မိုချွမ်.. မင်းက ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘဲ တစ်ခြားသူကို စိတ်ပူပန်ပေးနေသေးတယ်လား.. မစိုးရိမ်ပါနဲ့.. ဒီနေ့မင်းတို့တွေ ဘယ်သူမှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"

ဟန်လီက ပြုံး၍ ပြောလိုက်ပြီးနောက် မိုချွမ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

ယခင်ကတည်းက အားနည်းနေသည့် မိုချွမ်သည် မိုယောင်အပေါ်တွင် စိတ်ရောက်နေသောကြောင့် ဟန်လီက ထို အခွင့်အရေးကို ချက်ချင်းယူလိုက်ပြီး လက်သီးဖြင့် ထိုးချလိုက်ရာ သွေးအန်သွားခဲ့သည်။

တစ်ချိန်ထဲမှာပင် ဟန်ယင် နှင့် ဟန်ပမ် တို့သည်လည်း မိုမိသားစုမှကျင့်ကြံသူများကို ရက်စက်စွာ သတ်ဖြတ်ရန် စတင်ခဲ့သည်။

မိုမိသားစုမှ ကျင့်ကြံသူနှစ်ယောက်က ဟန်ယင်နှင့်ဟန်ပမ်တို့၏ လက်ထဲတွင် သေတော့မည် အချိန်မှာပင် ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခုသည် ရုတ်တရက် လေထဲကနေ ထွက်ပေါ်လာခဲ့သည်။

မမြင်နိုင်သော ဓားစိတ်ဆန္ဒ၏ အင်အားသည် လေးလံသောတူကဲ့သို့ ဟန်ယင်နှင့် ဟန်ပမ်တို့ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်၏။

တခဏ အတွင်းမှာပင် အလျင်အမြန် ပြေးဝင်လာသည့် ဟန်ယင်နှင့် ဟန်ပမ်တို့၏ ခန္ဓာကိုယ်များသည် လေထဲတွင်တိုက်ရိုက် ရပ်တန့်သွားခဲ့ပြီး ချက်ချင်း ဆိုသလို သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူတို့က ဖြူဖျော့သော မျက်နှာများဖြင့် တစ်နေရာသို့ လှမ်းကြည့်လိုက်၏။

သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်က မကြုံစဖူး ပေါ်ပေါက်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် မိုမိသားစုမှ ကျင့်ကြံသူများကလည်း အံ့ဩ မှင်တက်သွားခဲ့ကြသည်။

သူတို့သေတော့မည်ဟု တထစ်ချ ထင်မှတ်ထားသော အချိန်တွင် လေထဲကနေ ဓားစိတ်ဆန္ဒတစ်ခုက ဆင်းသက်လာခဲ့ပြီး ဟန်ယင်နှင့်ဟန်ပမ်တို့ကို ထိခိုက်စေလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ‌။

ရုတ်တရက် ထွက်ပေါ်လာသည့် ဓားစိတ်ဆန္ဒသည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် နှောင်းပိုင်းမှ ကျင့်ကြံသူ နှစ်ယောက်ကို အလွယ်တကူပင် ဒဏ်ရာရစေခဲ့သည်။

ဤကဲ့သို့ အင်အားကြီးမားသော ကျင့်ကြံသူသည် မိုမိသားစု မှာပင် ရှားပါးသည်။

ပိုင်မင်မြို့၏ တုံမိသားစုမှ ကျင့်ကြံသူများက သူတို့ကို လာရောက် ကူညီနေခြင်း ဖြစ်နိုင်ပါသလော။

တခဏမျှ မှင်တက်နေပြီးနောက်တွင် အဆုံးသတ်၌ သူတို့သည် အနောက်ကို လှည့်ကြည့်လိုက်ကြသည်။

ထိုအခါ သူတို့နောက်၌ ကျန်းချန်နှင့် မိုယောင်သာ ရှိနေသည်ကို မြင်လျှင် သူတို့၏ မျက်လုံးများသည် ကျွတ်ကျလုမတက် ဖြစ်သွားခဲ့ကြ၏။

ဟန်ယင်နှင့်ဟန်ပမ်တို့ကို ယခုလေးတင် အပြင်းအထန် ထိခိုက်စေခဲ့သောသူသည် သူတို့သခင်မလေး အနားမှ ကျန်းချန် ဖြစ်နိုင်ပါသလော။

သူတို့က ကျန်းချန်ကို ကြည့်နေရင်း အေးစက်သော လေထုကို ရှုရှိုက်မိလိုက်ကြသည်။

သူတို့ရှေ့မှ လျှိုဝှက်ဆန်းကြယ်သော လူငယ်သည် သိုင်းသခင်နယ်ပယ် ပထမအဆင့် အင်အားထက် မပိုသော်လည်း သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်မှ ကျင့်ကြံသူ နှစ်ယောက်ကို အလွယ်တကူ ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခဲ့သည်။

"ကြောက်ဖို့ကောင်းလိုက်တဲ့ ဓားစိတ်ဆန္ဒ တတိယအဆင့်အင်အားပါလား"

" ဒီကောင်လေးရဲ ဓားစိတ်ဆန္ဒက တော်တော်လေး မြင့်မားတဲ့အဆင့်ကို ရောက်နေခဲ့ပြီ.. ဒီကောင်လေးက အင်ပါယာ အဆင့်ပါရမီရှင် ဖြစ်နိုင်တယ်"

လေထဲတွင် ဟန်လီ၏ တိုက်ခိုက်မှုကြောင့် ထပ်မံ ဒဏ်ရာရခဲ့သည့် မိုချွမ်သည် ခဏမျှ မှင်တက်သွားခဲ့ပြီး သူ၏ မျက်လုံးထဲတွင် အဲ့အားသင့်သော အရိပ်အယောင် တစ်ခု လင်းလတ်သွားခဲ့သည်။

ထိုကောင်လေးသည် တစ်ကွက်ထဲဖြင့် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် နှောင်းပိုင်းမှ ကျင့်ကြံသူ နှစ်ဦး ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခဲ့သည်။

သူ၏ အကောင်းဆုံး အခြေအနေမှာပင် ဤကဲ့သို့ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

ဤအတိုင်းဆိုလျှင် ကျန်းချန်ဟု ခေါ်သည့် လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေး၏ ခွန်အားသည် သူ၏ အောက်တွင် မရှိလောက်ပေ။

ထိုကောင်လေးသာ ကူညီမည်ဆိုလျှင် သူတို့၏ လက်ရှိ အကျပ်အတည်းကို အမှန်တကယ် ကျော်လွှားနိုင်ဖို့ များ၏။

"လခွမ်း.. မိုချွမ် ရဲ့အဖွဲ့ထဲမှာ ဒီလို မွန်းစတားမျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ "

တစ်ခြားတစ်ဖက်တွင်မူ ဟန်လီ၏ မျက်နှာသည် ချက်ချင်းပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။

အခန်း(၈၆၁)ပြီး၏။

All Chapters