အခန်း (၈၆၅-၈၆၇)
Vol. 58 Ch. 865-867
အခန်း(၈၆၅)
ပိုင်မင်မြို့ကို သွားသည့်ခရီးလမ်းတွင် ကျန်းချန်သည် မိုယောင်ဆီကနေ ပိုင်မင်မြို့နှင့် ပတ်သက်သည့် အကြောင်းအရာ အချက်အလက် အချို့ကို သိရှိထားခဲ့ပြီ ဖြစ်သည်။
ပိုင်မင်မြို့တွင် ကြယ်နှစ်ပွင့်အင်အားစု သုံးစု ရှိ၏။
အင်အားအကြီးဆုံးမှာ ပိုင်မင်မြို့၏ ထိပ်တန်းမိသားစု ဖြစ်သည့် ရှောင်မိသားစု ဖြစ်သည်။
ပိုင်မင်မြို့ရှိ ရှောင်မိသားစုသည် ယန်ဒီမြို့မှ ရှောင်မိသားစု၏ အဆက်အနွယ်ဖြစ်ပြီး နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူဆယ်ယောက်ထက် မနည်း ရှိသည်။
ကျန်မိသားစုနှစ်စုမှာ ကြယ်နှစ်ပွင့် မိသားစုကြီးနှစ်ခု ဖြစ်သည့် တုံမိသားစုနှင့် ရှမိသားစုတို့ ဖြစ်သည်။
သို့သော်လည်း ဤကြယ်နှစ်ပွင့် မိသားစုသည် ကျန်းချန်နေထိုင်ခဲ့ဖူးသည့် စန်းလန် အဖွဲ့အစည်းထက် များစွာ အင်အားကြီးမားသည်။
ဥပမာအားဖြင့် တုံမိသားစုကို ကြည့်မည်ဆိုလျှင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ သုံးယောက် ရှိ၏။
တုံမိသားစုတွင် မိသားစုခေါင်းဆောင်နှင့်အကြီးအကဲချုပ် နှစ်ဦးသည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အကြီးအကဲချုပ် နှစ်ဦးသည် တုံမိသားစုတွင် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး တုံမိသားစု ခေါင်းဆောင်ပင် ၎င်းတို့ကို ယဥ်ကျေးစွာ ဆက်ဆံရ၏။
မိုယောင်၏ အမေက တုံမိသားစုမှ နတ်ဝိညာဥ်ဘုရင်အဆင့်ကျင့်ကြံသူ၏ သမီး အမှန်တကယ် ဖြစ်နေလျှင် မိုယောင်သည် ထိုလူ၏ မြေးအရင်း ဖြစ်သည်။
သို့ဖြစ်ရာ မိုယောင်အနေဖြင့် တုံအိမ်ကို ဝင်ရောက်သွားပြီးနောက်တွင် ဤကဲ့သို့ ဆက်ဆံမခံရသင့်ပေ။
ကျန်းချန်ကို ပို၍ စိတ်ရှုပ်ထွေးစေသည်မှာ မိုမိသားစု၏ နောက်တွင် ဤမျှလောက် အင်အားကြီးမားသည့် ကျင့်ကြံသူတစ်ယောက် ရှိနေပါလျက်နှင့် ဟန်မိသားစုသည် မိုမိသားစုကိုအတင့်ရဲစွာ တိုက်ခိုက်ရဲသော အချက် ဖြစ်သည်။
ယင်းမှာ တုံမိသားစု၏ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကို ထည့်မတွက်ထားသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော..
တကယ်တမ်းပြောရလျှင် ကြယ်တစ်ပွင့် မိသားစုအဆင့်သည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ဒေါသကို လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"သခင်လေးကျန်း မသိသေးလို့ပါ.. ကျွန်မရဲ့အမေက ကျွန်မရဲ့အဖေနဲ့ ချစ်ကြိုက်တာကို အဘိုးက သဘောမတူခဲ့ဘူး.. ဒါပေမဲ့ ကျွန်မအမေက ကျွန်မအဖေကိုပဲ အတင်းအကျပ် လက်ထပ်ခဲ့ပြီး တုံမိသားစုကနေ ထွက်လာခဲ့တယ်.. နှစ်ပေါင်းများစွာ ကြာတဲ့နောက်တော့ ကျွန်မတို့ မိုမိသားစုက တုံမိသားစုနဲ့ အဆက်အဆံ မရှိသလောက် ဖြစ်သွားခဲ့ပြီ.. ဒီတစ်ခေါက် မိုမိသားစုသာ အကြပ်အတည်း မရောက်ခဲ့ဘူးဆိုရင် အမေက ကျွန်မကို ဒီကိုလာခိုင်းမှာ မဟုတ်ဘူး"
မိုယောင်က ခါးသီးစွာပြုံး၍ ရှင်းပြလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
မိုယောင်ကို တုံမိသားစုက ဤမျှလောက် မကြိုဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
မိုယောင်နှင့် တုံမိသားစုတို့ ကြားတွင် ဤကဲ့သို့သော ကိစ္စများရှိနေသေးမှန်း သူသိခဲ့ရသည်။
မိုယောင်တို့လူစု ရောက်လာသည်ကို တုံမိသားစုမှ လူများသည် မိုယောင်၏ အဘိုးကို သတင်းပိုခဲ့မည်မှာ သေချာသလောက်ပင် ဖြစ်၏။
သို့သော်လည်း နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သည့် မိုယောင်၏ အဘိုးသည် ပေါ်ထွက်မလာရုံသာမက တုံမိသားစုမှ လက်အောက်ငယ်သားများကိုသာ မိုယောင်တို့ လူစုကို နေရာချခိုင်းခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် မိုယောင်၏ အဘိုးဆီမှ မိုယောင်တို့ အကူအညီတောင်းသော ကိစ္စသည် မလွယ်ကူဟု ခန့်မှန်းနိုင်ခဲ့သည်။
သို့သော်လည်း မိုယောင်အနေဖြင့် သူမ ယခင်က တစ်ခါမှမတွေ့ဖူးသည့် သူမ အဘိုးကို စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်မလား မသေချာသေးပေ။
ထို့နောက်တွင် ကျန်းချန်သည် မိုယောင်ကို စကား အနည်းငယ်ဖြင့် နှစ်သိမ့်လိုက်ပြီးနောက် ခြံဝန်းထဲရှိ အခန်းတစ်ခုကို ရှာဖွေကာ နေထိုင်ခဲ့သည်။
မူလတွင် သူသည် မိုယောင်တို့နှင့် အတူ တုံမိသားစုသို့ လိုက်လာပြီး ပိုင်မင်မြို့ရှိ ရှောင်မိသားစု၏ အခြေအနေကို စနည်းနာရန် စဥ်းစားခဲ့သည်။
သို့သော်လည်း နောက်ထပ် ရက်အနည်းငယ် အတွင်းကျန်း ချန်သည် မည်သည့်သတင်းကိုမှ စုံစမ်းခြင်း မပြုလုပ်တော့ဘဲ အခန်းအောင်းကာ ကျင့်ကြံခြင်းကိုသာ တစိုက်မတ်မတ် ပြုလုပ်နေခဲ့၏။
တုံမိသားစုသည် မိုယောင်တို့လူစုကို ခြံဝန်းထဲသို့ ခေါ်လာပြီးကတည်းကပင် နောက်ထပ် မပေါ်လာတော့ပေ။
၎င်းတို့က မိုယောင်တို့ လူစုကို လုံးဝ လျစ်လျူရှုထားသည်မှာ ထင်ရှား၏။
လက်ရှိအချိန်တွင် မိုယောင်တို့ လူစုသည် ခြံဝန်းထဲတွင် စုရုံး၍ ရှိနေကြသည်။
သူတို့၏ ရှေ့တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောသည့် လူငယ်တစ်ဦးသည် တုံမိသားစုမှ တပည့်ဆယ်ယောက်ကျော်နှင့် အတူ ဝင့်ကြွားစွာ ရပ်နေခဲ့၏။
"ဒီက သခင်လေး..ကျွန်တော်က မိုမိသားစုရဲ့ မိုချွမ်ပါ.. ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့ သခင်မလေးကို တုံမိသားစုက အကြီးအကဲနဲ့ လာရောက်တွေ့ဆုံပေးဖို့ ခေါ်လာခဲ့တာပါ.. သခင်လေးက ကျွန်တော်တို့ သခင်မလေးကို အကြီးအကဲနဲ့ မိတ်ဆက်ပေးဖို့ မျှော်လင့်ပါတယ်.."
မိုချွမ်က အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို အလွန်အမင်း ယဥ်ကျေးစွာ ပြောလိုက်သည်။
သို့သော်လည်း အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ အကြည့်သည် မိုချွမ်ဆီသို့ တစ်ချက်ပင် မရောက်ရှိခဲ့ပေ။
လူငယ်က မိုယောင်ကိုသာ တန်းတန်းမတ်မတ် စိုက်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြုံးကာ ပြောလိုက်သည်။
"မင်းက ငါ့ရဲ့ရှက်စရာကောင်းတဲ့ အဒေါ်က မိုမိသားစုမှာ မွေးခဲ့တဲ့ မျိုးမစစ်လေး မဟုတ်လား.. ငါ့ရဲ့ အရှက်မရှိတဲ့ အဒေါ်က မင်းကို တုံမိသားစုဆီ လာခိုင်းရတဲ့အထိ မျက်နှာပြောင် တိုက်လိုက်မယ်လို့ ငါလုံးဝ ထင်မထားခဲ့ဘူး.. မင်းရဲ့အဘိုးကို တွေ့ချင်ရင် မိုအိမ်ကို ပြန်သွားပြီး မင်းရဲ့အမေကို ဒူးထောက်ပြီး အပြစ်လာဝန်ခံခိုင်းလိုက်.. ဒီလိုမှ မဟုတ်ရင်တော့ လာရာလမ်းအတိုင်း ပြန်သွားလိုက်တာ အကောင်းဆုံးပဲ"
အခန်း(၈၆၅)ပြီး၏။
အခန်း(၈၆၆)
အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ စကားကြောင့် မိုယောင်၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။
သူမ နောက်မှ မိုမိသားစု ကျင့်ကြံသူ ဆယ်ယောက်ကျော်ကမူ အလွန်ရှက်ရွံ့ ဒေါသထွက်ကာ မျက်လုံးထဲတွင် မီးတောက်လုနီးပါး ဖြစ်နေခဲ့၏။
"ဒီက သခင်လေး.. မိုမိသားစုကို အခုချိန်မှာ ဟန်မိသားစုက တိုက်ခိုက်နေပြီ.. သခင်မက တုံမိသားစုဆီ လာနိုင်ဦးမှာ မဟုတ်ဘူး"
"သခင်လေးက အကြီးအကဲကို ပြောပြပြီး မိုမိသားစုရဲ့ အသက်တွေကို ကယ်တင်ပေးမယ်လို့ မျှော်လင့်ပါတယ်"
"ပြဿနာတွေ အားလုံးပြီးသွားရင် သခင်မနဲ့ သခင်ကြီးက အကြီးအကဲဆီ ကိုယ်တိုင် လာရောက် တောင်းပန်ပါ့မယ်"
မိုချွမ်က သက်ပြင်းချလိုက်ပြီး အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို ဂါရဝပြုကာ ပြောလိုက်သည်။
အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ စကားများကြောင့် သူက အလွန် ဒေါသထွက်နေသော်လည်း ဤနေရာသည် တုံမိသားစု၏ ပိုင်နက် ဖြစ်သည်။
ထို့အပြင် သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် အကြီးအကဲတုံဟဲ၏ မြေး တော်စပ်၏။
သို့ဖြစ်ရာ မိုချွမ်က ထိုလူငယ်ကို မည်ကဲ့သို့ ထိရဲပါမည်နည်း။
အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို အမှန်တကယ် စိတ်ဆိုးစေခဲ့လျှင် သူတို့အနေဖြင့် အကူအညီရရန် အခွင့်အရေး မရှိတော့မည်ကို သူ စိုးရိမ်မိသည်။
"ဟက်.. မင်းတို့ မိုမိသားစုရဲ့ သေရေးရှင်ရေး ကိစ္စက ငါတို့နဲ့ ဘာဆိုင်လို့လဲ"
"ငါ့အဒေါ် မသေခဲ့ရင်တောင် ငါ့အဖိုးက မင်းတို့ မိုမိသားစုကို ရှင်းပစ်မှာ"
"ဟားဟား ငါ့အဖိုးက ကယ်တင်စေချင်တာလား အိပ်မက်သာမက်နေလိုက်"
အဖြူရောင်ဝတ်စုံဝတ် လူငယ်က မထီမဲ့မြင် ပြုံးလိုက်ကာ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
"တကယ်တော့ အဖိုးတောင် လှုပ်ရှားဖို့ မလိုပါဘူး.. မင်း ငါ့ကို ကိစ္စတစ်ခု သဘောတူပေးရင် မင်းတို့ မိုမိသားစုရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ငါ ကူညီပေးနိုင်တယ်"
မိုချွမ်က ခဏမျှ အံ့အားသင့်သွားပြီးမှ မေးလိုက်သည်။
"ဘယ်လိုကိစ္စလဲ"
"ငါ့မှာ အစေခံ တစ်ယောက် လိုအပ်နေတယ်.. ငါ့ဝမ်းကွဲ ညီမလေးက ငါ့ရဲ့ အစေခံ လုပ်ဖို့ ဆန္ဒရှိသရွေ့ မင်းတို့ မိုမိသားစုကို ငါကူညီပေးမယ်"
အဖြူရောင်ဝတ်စုံဝတ် လူငယ်က မိုယောင်၏ ခန္ဓာကိုယ်ကို အားမနာစတမ်း မဆင်မခြင် ကြည့်ရင်း ပြောလိုက်သည်။
"သခင်လေး... ငါတို့ မမလေးက မင်းရဲ့ ဝမ်းကွဲညီမလေးပါ.. ဒါက အရမ်းများသွားပြီလို့ မထင်ဘူးလား"
မိုချွမ်၏ မျက်နှာက အေးစက်သွားပြီး မျက်လုံးထဲတွင် အေးစက်သော လူသတ်ငွေ့များ ပြည့်နှက်လာခဲ့၏။
"ဘာလဲ မင်းက ငါ့ကို တိုက်ချင်လို့လား.. ဟက် ဒီကောင့်ကို သင်ခန်းစာပေးလိုက်"
အဖြူရောင်ဝတ်စုံဝတ် လူငယ်က သိုင်းသခင်နယ်ပယ် ပထမအဆင့်၏ အခြေခံ အဆင့်သာ ရှိသော်လည်း မိုချွမ်လို သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကို မကြောက်ပေ။
သူတို့ တုံမိသားစုသည် ပိုင်မင်မြို့၏ နာမည်ကျော် ကြယ်နှစ်ပွင့် မိသားစု ဖြစ်သည်။
နတ်ဝိညာဉ်ဘုရင် အဆင့်ပင် သူတို့ တုံမိသားစုကို မလေးမခန့်မလုပ်ဝံ့ရာ သူ့ရှေ့မှ သိုင်းသခင်နယ်ပယ် သတ္တမအဆင့်လောက်ဆို ပြောနေစရာပင် မလိုအပ်ပေ။
အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ စကားသံ ဆုံးသည်နှင့် ခန္ဓာကိုယ် ထွားကျိုင်းသော ကျင့်ကြံသူ တစ်ယောက်သည် အဖြူရောင်ဝတ်စုံဝတ် လူငယ်ဘေးတွင် တိုက်ရိုက် ပေါ်လာခဲ့ပြီး လျှပ်ပြက်သလို မြန်ဆန်သော လက်သီးဖြင့် မိုချွမ်ကို ထိုးချလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်က မိုချွမ်ကို မီတာဆယ်ချီ အကွာအဝေးထိ ချက်ချင်း လွင့်စင်စေခဲ့သည်။
ခန္ဓာကိုယ် ထွားကျိုင်းသော ကျင့်ကြံသူက မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည့် မိုချွမ်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ငါတို့ တုံအိမ်တော်မှာ သခင်လေး တုံနင်ကို မလေးမခန့် လုပ်ရဲတယ်.. မင်း အသက်မရှည်ချင်တော့ဘူး ထင်တယ်"
"တုံအိမ်ကို တကယ်ပဲ မလာသင့်ဘူးထင်တယ်.. သခင်မလေး ကျွန်တော်တို့ သွားကြစို့"
မိုချွမ်က ထွားကျိုင်းသော ကျင့်ကြံသူကို လှမ်းကြည့်ရင်း မိုယောင်ကို ပြောလိုက်၏။
အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် မိုမိသားစုကို ကူညီရန် ရည်ရွယ်ချက် မရှိရုံတင်မက စိတ်ရင်းကောင်းလည်း ရှိပုံမရပေ။
ဤအတိုင်းဆို သူတို့အနေဖြင့် တုံမိသားစုတွင် ဆက်နေလည်း အကျိုးမရှိနိုင်တော့ပေ။
"ဟက်.. တုံအိမ်ကို ဘာမှတ်နေလဲ.. မင်းတို့ လာချင်သလိုလာ သွားချင်သလို သွားလို့ရတဲ့ နေရာမှတ်နေလား"
"အခုလေးတင် မင်းက သခင်လေး တုံနင်ကို မထီမဲ့မြင် လုပ်ခဲ့တယ်.. ဒီနေ့ ငါ့ကို ကျေနပ်လောက်တဲ့ ဖြေရှင်းချက် မပေးရင် မင်းတို့ထဲက ဘယ်သူမှ ထွက်သွားဖို့ မစဥ်းစားနဲ့"
ထိုမေးခွန်းကို မေးရင်း ခန္ဓာကိုယ် ထွားကျိုင်းသော လူငယ်က လက်သီးဆုပ်လိုက်ရာ လေထဲတွင် လေနှင့် မိုးကြိုးများ တဟုန်းဟုန်း တိုက်ခတ်နေသည့် မိုးကြိုးရောင် လင်းလက်နေသော ဧရာမ လက်သီးအရိပ်တစ်ခုသည် ချက်ချင်း ဖြစ်ပေါ်လာခဲ့၏။
ထိုမြင်ကွင်းကြောင့် မိုချွမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ပြန်လည် တိုက်ခိုက်တော့မည့် အချိန်တွင် ဖော်မပြနိုင်သော အရှိန်အဝါ တစ်ခုသည် ခြံဝင်းတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားသည်။
မကြာခင်မှာပင် လေဟာနယ်ထဲတွင် မိုးကြိုးတိမ်တိုက်များ တဟုန်းဟုန်း တိုက်ခတ်နေသည်ကို တွေ့လိုက်ရ၏။
ထို့နောက်တွင် မိုးကြိုးတိမ်တိုက်များ၏ စွမ်းအင်များက ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့ပြီး ခန္ဓာကိုယ် ထွားကျိုင်းသောလူ၏ မိုးကြိုးလက်သီးအရိပ်ကို အပိုင်းပိုင်း ချေမှုန်းပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံသည် ခြံဝင်းထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။
"ငါကျင့်ကြံနေတာကို ဘယ်သူ လာနှောင့်ယှက်ရဲတာလဲ"
အခန်း(၈၆၆) ပြီး၏
အခန်း(၈၆၇)
"ဓားဆန္ဒ တတိယအဆင့် အင်အားပါလား"
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ထွားကျိုင်းသောလူက တုန်လှုပ်သွားခဲ့သည်။
သူက ရုတ်တရက် ခေါင်းမော့ပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် အေးစက်စက် မျက်နှာထားဖြင့် ခြံဝင်းထဲကနေ ဖြည်းညင်းစွာ လျှောက်ထွက်လာသည်ကို တွေ့လိုက်ရ၏။
"ကောင်လေး.. မင်းကိုကြည့်ရတာ မိုမိသားစုက မဟုတ်ဘူးထင်တယ်.. မင်းက ဘယ်သူလဲ"
ထွားကျိုင်းသောလူ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။
လူငယ်က အသက်နှစ်ဆယ် မပြည့်ခင်မှာပင် သိုင်းသခင်နယ်ပယ် ပထမအဆင့်ကို ရောက်နေပြီး ဓားဆန္ဒ တတိယအဆင့်ကိုလည်း နားလည်ထားခဲ့သည်။
ဤကဲ့သို့ အားကောင်းသော သိုင်းပါရမီသည် အင်ပါယာအဆင့်ပါရမီရှင်ဖြင့်ပင် ယှဉ်နိုင်ပြီး သူတို့ တုံမိသားစု၏ အထူးချွန်ဆုံး ပါရမီရှင်တပည့်ကိုပင် လုံးဝ ဖိနှိပ်ရန် လုံလောက်၏။
လင်ချန်မှ မိုမိသားစုသည် ကြယ်တစ်ပွင့် မိသားစုထက် မပိုပေ။
သို့ဖြစ်ရာ ဤကဲ့သို့သော ပါရမီရှင်ကို မည်ကဲ့သို့ မွေးထုတ်ပေးနိုင်ပါမည်နည်း။
"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. အရေးကြီးတာ မင်းက ငါ့ရဲ့ လေ့ကျင့်မှုကို နှောင့်ယှက်လိုက်တာပဲ"
ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။
"မင်းတို့ တုံမိသားစုရဲ့ အကြီးအကဲချုပ် တုံသဲနဲ့ ငါ တွေ့ချင်တယ်.. မင်းက ငါ့ရဲ့လေ့ကျင့်မှုကို အနှောင့်အယှက်ပေးခဲ့တဲ့အတွက် ငါ့ကို သူ့ဆီ ခေါ်သွားပေးရမယ်"
"ကောင်လေး.. ငါတို့တုံအိမ်တော်မှာ မာန်တက်နေရအောင် မင်းကိုယ်မင်း ဘာထင်နေလဲ.. ငါ့အဖိုးလို လူမျိုးက မင်း တွေ့ချင်တိုင်း တွေ့လို့ရမယ်များ မှတ်နေလား.. တုံအိမ်တော်မှာ ဒီလောက်တောင် ရမ်းကားရဲမှတော့ မင်းကို သင်ခန်းစာပေးမှ ဖြစ်တော့မယ်"
အဖြူရောင်ဝတ်စုံဝတ် လူငယ် တုံနင်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
ထိုခဏတွင် ကျန်းချန်၏ မျက်လုံးထဲတွင် မိုးကြိုးကဲ့သို့ အလင်းရောင်တစ်ခု လင်းလက်သွား၏။
သူက ဓားစိတ်ဆန္ဒ၏ တတိယအဆင့်ခွန်အားဖြင့် တုံနင်ကို တိုက်ရိုက် ထိန်းချုပ်လိုက်ပြီး လုံးဝ မချွင်းမချန် ဖိနှိပ်လိုက်သည်။
တုံမိသားစုတွင် တုံနင်သည် ထိပ်တန်း ပါရမီရှင် တစ်ယောက်ဟု သတ်မှတ်ခံရသော်လည်း စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် ပါရမီရှင်အဆင့်သာ ရှိ၏။
ဤကဲ့သို့ ဘုရင်အဆင့် ပါရမီရှင်ကို လေပင်လယ် လျှို့ဝှက်နယ်မြေထဲတွင် သူက နှစ်ယောက်ပင် သတ်ခဲ့ပြီးပြီ မဟုတ်ပါလော။
သိုင်းသခင်နယ်ပယ် အဆင့်ကို ချိုးဖျက်ပြီးကတည်းကပင် သူ၏အင်အားက မည်မျှအထိ အဆပေါင်းများစွာ ပိုမို အားကောင်းလာသလဲ ဆိုသည်ကို ကျန်းချန် မသိပေ။
သို့ဖြစ်ရာ သူ၏ လက်ရှိအင်အားဖြင့် အသုံးပြုလိုက်သည့် ဓားစိတ်ဆန္ဒ တတိယအဆင့် အင်အားကို တုံနင်က မည်ကဲ့သို့ ခံနိုင်ရည် ရှိနိုင်ပါမည်နည်း။
"ဘန်း"
ဓားစိတ်ဆန္ဒ၏ စွမ်းအားက လေးလံသော တူတစ်လက် ကဲ့သို့ တုံနင်၏ ရင်ဘတ်ကို ရိုက်ခတ်သွားခဲ့သည်။
ထို့နောက်တွင် တုံနင်၏ ပုံရိပ်က တုန်ယင်သွားပြီး တစ်ကိုယ်လုံးသည် မီတာအနည်းငယ် အကွာသို့ အရှက်တကွဲ လွင့်စင်သွားခဲ့၏။
"ကောင်လေး မင်း အတင့်ရဲလှချည်လား"
ကျန်းချန်၏ ရက်စက်သော လှုပ်ရှားမှုက တုံနင်ကို ပြင်းထန်စွာ ထိမှန်စေသည်ကို မြင်လျှင် တုံခိုင် ဒေါသထွက်သွားခဲ့သည်။
သူက မြေပြင်ကို ခြေဖဝါးဖြင့် တစ်ချက် ဆောင့်နင်းလိုက်ပြီး ကျန်းချန်၏ ဦးခေါင်း အထက်တွင် လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာခဲ့သည်။
ယင်းနောက်တွင် သူက လက်သီးချက်ကို ထုတ်ဖော်လိုက်ရာ လေထုကိုပင် တုန်ခါစေသည့် ကြောက်မက်ဖွယ်လက်သီးချက်သည် ကျန်းချန်၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ကျရောက်လာခဲ့၏။
သို့သော်လည်း သူ၏လက်သီးချက်ကို ဖော်မပြနိုင်သည့် အင်အားတစ်ခုက ဖိနှိပ်လာသောကြောင့် သူက ခဏမျှ မှင်တက်သွားခဲ့သည်။
တုံခိုင် အသိစိတ်ပြန်ဝင်လာချိန်တွင် အောက်ဘက်ရှိ ကျန်းချန်သည် သူ့ရှေ့မှာပင် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားပြီ ဖြစ်၏။
"လေဆန္ဒ တတိယအဆင့် အင်အားပါလား"
"ဒီကောင်လေးက လေဆန္ဒ တတိယအဆင့်ကို တကယ်နားလည်ထားတာပဲ"
အသက် ၂၀ အရွယ် နို့နံ့ပင်မစင်သေးသည့် ကောင်လေးသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်ထားခဲ့၏။
တုံခိုင်က တုန်လှုပ်ခြောက်ခြားပြီး မှင်တက်ရာကနေ ပြန်လည် အသိဝင်လာသော အချိန်မှာပင် သူ့နှလုံးသားကို တုန်လှုပ်စေသည့် ဓားဆန္ဒတစ်ခုသည် ထွက်ပေါ်လာပြန်သည်။
နောက်ထပ် တခဏတွင် တုံခိုင်သည် သူ၏ ခန္ဓာကိုယ်က အသက်စွမ်းအင်ဖြင့် ထိုးဖောက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
တုံခိုင်က ဆံပင်များပင် ချက်ချင်း ထောင်သွားခဲ့သည်။
သူက ရုတ်တရက် ခေါင်းကို ငုံ့၍ ရင်ဘတ်ကို ကြည့်လိုက်ရာ ထူးဆန်းသော သွေးရောင်ဓားရှည် တစ်လက်၏ ဓားဦးသည် သူ့ နှလုံးသားနှင့် သုံးလက်မပင် မဝေးတော့သည်ကို တွေ့လိုက်ရ၏။
"ဒီက ညီလေး.. ငါ.. ငါ မင်းကို အကြီးအကဲ တုံဟဲဆီ ခေါ်သွားပေးပါ့မယ်"
သူ၏ ရင်ဘတ်နားမှ သွေးရောင်ဓားရှည်ကို ကြည့်ရင်း တုံခိုင်က ကြောက်လန့်တကြားဖြင့် နဖူးကနေ ချွေးစေးများပင် စီးကျလာခဲ့သည်။
အခန်း(၈၆၇) ပြီး၏