အခန်း (၈၈၃-၈၈၅)
Vol. 59 Ch. 883-885
အခန်း(၈၈၃)
တုံသဲထံတွင် အငြင်းပွားစရာ မရှိသည်ကိုမြင်လျှင် တုံကျန့်က ကိစ္စကို တိုက်ရိုက်ပင် ဖြေရှင်းလိုက်သည်။
"နောက်သုံးရက်ကြာရင် ပြိုင်ပွဲစင်မြင့်ထက်မှာ တုံမိသားစုရဲ့ပါရမီရှင်အမဲလိုက် အဖွဲ့ခေါင်းဆောင်က ဘယ်သူ ဖြစ်လာမလဲဆိုတာ ဆုံးဖြတ်မယ်"
ဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက်တွင် တုံဟဲသည် ကျန်းချန်ကိုသူနေထိုင်သည့် အခန်းသို့ ခေါ်သွားခဲ့သည်။
"ကျန်းချန်.. မင်းခုနက အရမ်းစိတ်လောတာပဲ.. တုံသဲအကြောင်း ငါသိသလောက်ဆိုရင် မင်းရဲ့ ရည်မှန်းချက်ကိုတားဆီးဖို့ သူကြိုးစားလိမ့်မယ်.."
အခန်းထဲကို ရောက်သည်နှင့် တုံဟဲက ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်တော်သိပါတယ် အကြီးအကဲ"
ကျန်းချန်က စိတ်အေးလက်အေးဖြင့် ပြန်ပြောလိုက်၏။
"သူကြိုက်သလို ကြိုးစားပါစေ ကျွန်တော် လုံးဝဂရုစိုက်မှာမဟုတ်ဘူး"
"မင်းမှာ တုံယွင်ထျန်းကို သုံးကွက်တည်းနဲ့ အနိုင်ယူနိုင်တဲ့စွမ်းရည်ရှိတယ် ဆိုတာငါသိတယ်.. ဒါပေမဲ့ တုံသဲက သူ့ရဲ့ရည်မှန်းချက်ကို ရောက်ဖို့ဆိုရင် ဘာမဆို လုပ်ဆောင်တတ်တဲ့သူပဲ.. မင်းကို ပွဲပန်းအောင် လုပ်ဖို့အတွက် တုံယွင်ထျန်းကိုနောက်ဆုံးမှ ယှဥ်ပြိုင်ခိုင်းလိမ့်မယ်.. ဒါ့အပြင် တုံသဲက သုံးရက် အချိန်ယူလိုက်တာ အကြောင်းမဲ့ မဟုတ်လောက်ဘူး..ငါမှန်းတာ မမှားရင် ဒီသုံးရက်အတွင်းမှာ သူက တုံယွင်ထျန်းကို သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ထိုးဖောက်နိုင်ဖို့ အတွက် ကူညီပေးကောင်း ကူညီပေးလိမ့်မယ်.."
တုံဟဲက လေးနက်သော အမူအရာဖြင့် သူမှန်းဆထားသောအချက်များကို အမှန်အတိုင်း ပြောပြလိုက်သည်။
သိုင်းသခင်နယ်ပယ် တတိယအဆင့်နှင့် စတုတ္ထအဆင့်သည် လုံးဝ ကွဲပြားသောအဆင့် ဖြစ်သည်။
ဆိုရလျှင် သိုင်းသခင်နယ်ပယ် တတိယအဆင့်သည် အစောပိုင်းအဆင့် ဖြစ်ပြီး စတုတ္ထအဆင့်သည် သိုင်းသခင် နယ်ပယ်၏ အလယ်ပိုင်းအဆင့် ဖြစ်ရာ အတော်လေးကြီးမားသော ကွာဟချက် ဖြစ်သည်။
ကျန်းချန်ကို တုံမိသားစုမှ ပါရမီရှင်များနှင့် အရင်ဆုံး ရင်ဆိုင်ခိုင်းကာ ပင်ပန်းအောင် လုပ်ဆောင်ပြီးမှသာ အဆုံးသတ်တွင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို ထိုးဖောက်ထားသည့် တုံယွင်ထျန်းနှင့် ရင်ဆိုင်ခိုင်းမည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် ကျန်းချန် မည်မျှပင် အားကောင်းနေပါစေ၊ တုံယွင်ထျန်းကို သုံးကွက်တည်းဖြင့် အနိုင်ယူရန် မလွယ်ကူနိုင်တော့ပေ။
"အကြီးအကဲ ဘာမှ စိုးရိမ်နေစရာမလိုပါဘူး.. ပြီးပြည့်စုံတဲ့ အင်အားရှေ့မှာ ဘယ်လိုနည်းလမ်းပဲသုံးသုံး အလကားပါပဲ.."
ကျန်းချန်က ရယ်မော၍ ပြောလိုက်ပြီး ကျောက်စိမ်းပုလင်းကိုထုတ်ယူကာ တုံဟဲကို ပေးလိုက်သည်။
တုံဟဲက ကျောက်စိမ်းပုလင်းကို ယူပြီးနောက်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒါ.. ဒါက.."
"ဒါက အကြီးအကဲ လိုအပ်နေတဲ့ ဆဋ္ဌမအဆင့် အသက်ရှည်ဆေးလုံးဖြစ်တဲ့ ဝိညာဥ်လိပ် သက်တမ်းတိုးဆေးပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"အကြီးအကဲ အခု စိတ်ချမ်းသာ သွားပြီ မဟုတ်လား"
"ဒါက တကယ်ပဲ ဆဋ္ဌမအဆင့် ရှေးဟောင်း အသက်ရှည်ဆေးလား"
တုံဟဲက လက်ထဲမှ ကျောက်စိမ်းပုလင်းကို တုန်တုန်ယင်ယင်ဖြင့် ကိုင်ရင်း အလွန်တရာ စိတ်လှုပ်ရှားနေခဲ့၏။
"ကျန်းချန်.. ငါ့အတွက် ဆေးလုံးကို သန့်စင်ပေးတဲ့အတွက် မင်းကို အရမ်းပဲ ကျေးဇူးတင်ပါတယ်.. မင်းဘာမှမစိုးရိမ်ပါနဲ့ နောက်သုံးရက်အကြာမှာ ဘယ်လိုပြဿနာပဲရှိရှိ ဒီအဘိုးအိုက ပြိုင်ပွဲမှာ ပါဝင်မဲ့ မင်းရဲ့ နေရာအတွက် ထိန်းသိမ်းပေးပါမယ်"
တုံဟဲက သက်ပြင်းချလိုက်ပြီး ကျန်းချန်ကို ပြတ်သားစွာပြောလိုက်သည်။
ဤဆဋ္ဌမအဆင့် ရှေးဟောင်း အသက်ရှည်ဆေးသည် သူ၏ သက်တမ်းကုန်ဆုံးတော့မည် ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ရာ တုံမိသားစုတွင် သူ၏ ပြောရေးဆိုခွင့်သည်လည်း ပို၍ ကြီးမားလာလိမ့်မည် ဖြစ်၏။
ထို့ကြောင့် ပြိုင်ပွဲတွင် ကျန်းချန် ရှုံးနိမ့်ခဲ့လျှင်ပင် ကျန်းချန်၏ နေရာအတွက် ဆက်လက် ထိန်းသိမ်းပေးနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိနေခဲ့သည်။
"ဒါဆိုလည်း ကျွန်တော်က အကြီးအကဲကို ထပ်ပြီး ကျေးဇူးတင်ပါတယ်"
ကျန်းချန်က ပြုံးလိုက်ပြီး တုံဟဲကို နှုတ်ဆက်ကာ ထွက်သွားလိုက်သည်။
တုံဟဲ၏ အခန်းမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် မပျက်စီးနိုင်သော ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ကို အဆင့်မြှင့်တင်ရန် ပြင်ဆင်ခဲ့သည်။
သို့သော်လည်း တုံမင်ကို မေးမြန်းပြီးနောက်တွင် တုံမိသားစု၌ ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အထူးလေ့ကျင့်သော နေရာမရှိဟု တုံမင်က ပြောဆိုခဲ့သည်။
ကူကယ်ရာမဲ့သော အခြေအနေတွင် ကျန်းချန်သည် သူသုံးနေကျ နည်းလမ်းကို ဆက်လက် အသုံးပြုရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ယင်းမှာ တစ်စုံတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံယူရန် ဖြစ်၏။
ထို့နောက်တွင် ကျန်းချန်သည် တုံမင်ကို အင်ပြည့်အားပြည့်စိတ်ကြိုက် တိုက်ခိုက်ခိုင်းတော့သည်။
စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် ကျင့်ကြံသူတစ်ယောက်၏ အင်အားအပြည့် တိုက်ခိုက်မှုအောက်တွင် ကျန်းချန်သည် အတွေ့အကြုံရမှတ် အများအပြားကို သဘာဝကျစွာပင် ရရှိခဲ့သည်။
ဤသုံးရက်အတွင်း ကျန်းချန်သည် ခြံဝင်းထဲတွင် ဘုန်းကြီးအိုတစ်ပါးလို ငြိမ်သက်စွာ ထိုင်နေခဲ့ပြီး တုံမင်ကို စိတ်ကြိုက်တိုက်ခိုက်ခွင့် ပေးထားခဲ့သည်။
အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက်တွင် တုံမင်သည် အတော်လေး မောပန်းသွားခဲ့ပြီး သူ၏ အသက်စွမ်းအင်ကိုပြန်လည် ရရှိရန်အတွက် အတွင်းအား ခဏကျင့်လိုက်၏။
ထို့နောက်တွင် ကျန်းချန်၏ အမိန့်အတိုင်း နောက်တစ်ကြိမ်တိုက်ခိုက်ရပြန်သည်။
ဤအခြေအနေသည် နှစ်ရက်နှင့်တစ်ည ကြာမြင့်သွားခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်၏ မပျက်စီးနိုင်သော ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်သည် စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး အဆုံးသတ်တွင် အတွေ့အကြုံ ရမှတ်သည် ပြီးပြည့်စုံသွားခဲ့သည်။
ကျန်းချန်၏ စိတ်ထဲတွင် ရင်းနှီးသော သတိပေးသံသည် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။
"ဒင်.. သင်က မပျက်စီးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းနည်းစနစ်မှာ ပဉ္စမအဆင့်ကို ရောက်ရှိသွားပါပြီ"
အခန်း(၈၈၃)ပြီး၏။
အခန်း(၈၈၄)
"ဒင်.. သင့်ရဲ့ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်က ပဉ္စမအဆင့်ကို ထိုးဖောက်သွားပါပြီ.."
"ဒင်..သင်က ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ရဲ့ တတိယတိုက်ကွက် ဖြစ်တဲ့ မိုးမြေတိတ်ဆိတ်ခြင်း တိုက်ကွက်ကို နားလည်သွားပါပြီ.."
မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်က ပဉ္စမအဆင့်ကို ချိုးဖောက်သွားသည်နှင့် တပြိုင်နက် ကျန်းချန်သည် ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဉ်၏
တတိယတိုက်ကွက်ကို နားလည်သွားခဲ့သည်။
မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်၏ ပဉ္စမအဆင့်သည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အင်အားကိုပင် နှိုင်းယှဥ်နိုင်သည်။
ထို့အပြင် အားကောင်းသော နဂါးပြာသန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားနှင့် ပြီးပြည့်စုံသော ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဉ်ကိုသာ ပေါင်းစပ်လိုက်လျှင် သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် အလွန်ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
သူသာ အင်အားအပြည့်ဖြင့် တိုက်ခိုက်မည်ဆိုလျှင် သိုင်းသခင်နယ်ပယ် သတ္တမအဆင့်အောက်ရှိ လူအနည်းငယ်လောက်သာ သူ၏ လက်သီးကို ပိတ်ဆို့နိုင်ပေလိမ့်မည်။
"အခုအချိန်မှာ ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အင်အားက အများကြီးတိုးတက်လာပြီ ဆိုတော့ တိမ်တိုက်ဝါးမျိုနည်းစနစ်နဲ့ အချိန်နဲ့အာကာသ ဓားနယ်မြေကို အားကိုးစရာ မလိုအပ်တော့ဘူး"
မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်နှင့် ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်တို့ မြှင့်တင်ခံလိုက်ရသောကြောင့် ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။
အဆုံးသတ်တွင် တိမ်တိုက်ဝါးမျို နည်းစနစ်နှင့် အချိန်နှင့်အာကာသ ဓားနယ်မြေ ကျင့်စဉ်များတွင် သိသာထင်ရှားသော အားနည်းချက်များ ကိုယ်စီ ရှိကြသည်။
ကျင့်ယွင်တောင်တန်းတွင် ရှမိသားစုမှ ကျင့်ကြံသူများ၏ လိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်ရသောအခါတွင် ကျန်းချန်သည် တိမ်တိုက်ဝါးမျို နည်းစနစ်နှင့် အချိန်နှင့်အာကာသဓားနယ်မြေကို အသုံးပြုခဲ့ရာ ကြီးမားသော အဖိုးအခကို ပြန်လည်ပေးဆပ်ခဲ့ရသည်။
ဆိုရလျှင် သူသည် တစ်ကြိမ် အသုံးပြုပြီးတိုင်းတွင် လဝက်ကြာ အနားယူပြီးမှသာ ပြန်လည် ကောင်းမွန်လာခဲ့သည်။
လက်ရှိတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာသည် များစွာ တိုးတက်လာပြီဖြစ်ရာ သိုင်းသခင်နယ်ပယ် အထက်ရှိ ကျင့်ကြံသူနှင့် မတွေ့မချင်း ထိုကျင့်စဥ်များကို ထုတ်သုံးရန် မလိုအပ်တော့ပေ။
မပျက်စီးနိုင်သော ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ကို ပဉ္စမအဆင့်ထိ မြှင့်တင်ပြီးနောက်တွင် ကျန်းချန်သည် အတွေ့အကြုံ ရမှတ်များကို ဆက်လက် ရယူရန် မရည်ရွယ်တော့ပေ။
သူက ထရပ်လိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်တော့မည့် တုံမင်ကို ပြုံးကာ ပြောလိုက်သည်။
"ရပြီ တုံမင်.. ဒီနှစ်ရက်မှာ ငါ့ကို လေ့ကျင်ဖော်အဖြစ် ပြုလုပ်ပေးတဲ့ အတွက် မင်းကို ကျေးဇူးတင်ပါတယ်.."
ကျန်းချန်၏ စကားကိုကြားလျှင် တုံမင်သည် အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့သည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် ကျန်းချန်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ရသည်။
အသက်စွမ်းအင် ကုန်ခန်းသွားသောအချိန်မှာပင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် အတွက် အတွင်းအားကို ကျင့်ကြံခဲ့ရ၏။
တုံမင်၏ ကူညီမှုကို အလဟဿ မဖြစ်စေရန် အတွက် ကျန်းချန်သည် ဟွာယွမ်ဆေးလုံး တစ်လုံးကို လက်ဆောင် ပေးလိုက်သည်။
တုံမင်က ကျန်းချန်ဆီမှ ဟွာယွမ်ဆေးလုံးကို လက်ခံရရှိလျှင် စိတ်လှုပ်ရှားသွားခဲ့သည်။
ဟွာယွမ်ဆေးလုံး ဆိုသည်မှာ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့်မှ ကျင့်ကြံသူကို သိုင်းသခင်နယ်ပယ် အဆင့်သို့ ထိုးဖောက်ရာတွင် အကူအညီ ပေးနိုင်သည့် အကောင်းဆုံးဆေးလုံး ဖြစ်ပြီး ရှောင်မိသားစုမှာပင် ရရှိရန်ခက်ခဲ၏။
သူက ကျန်းချန်အတွက် ပင်ပင်ပန်းပန်း နှစ်ရက်သာလုပ်ဆောင်ခဲ့ရပြီး ဟွာယွမ်ဆေးလုံးတစ်လုံးကို ရရှိခဲ့သည်မှာ တကယ်ပင် ထိုက်တန်သည်ဟု ဆိုရပေမည်။
သိပ်မကြာခင်မှာပင် တတိယနေ့၏ မနက်သို့ ရောက်ရှိလာခဲ့သည်။
ဤနေ့သည် တုံမိသားစုမှ တပည့်များနှင့် တိုက်ပွဲကွင်းပြင်တွင် တိုက်ခိုက်ရန် ကျန်းချန် သဘောတူထားသည့်နေ့ ဖြစ်သည်။
တုံမင်၏ လမ်းပြမှုဖြင့် ကျန်းချန်က တုံမိသားစု၏ သိုင်းပြိုင်ကွင်းဆီသို့ ရောက်ရှိလာသောအခါတွင် ထိုနေရာ၌ တုံမိသားစု၏ တပည့်ရာချီ စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။
တုံမိသားစုမှ တပည့်များသည် ကွင်းပြင်ထဲတွင် ပေါ်လာသည့်ကျန်းချန်ကို မြင်လျှင် တီးတိုး ပြောဆိုခဲ့ကြ၏။
"ကြည့်စမ်း.. ဟိုမှာ ကျန်းချန် ရောက်လာခဲ့ပြီ"
"သူက တုံမိသားစုရဲ့ ပါရမီရှင်အားလုံးကို စိန်ခေါ်မဲ့ ကျန်းချန်လား.."
"စိန်ခေါ်တာထက်တောင် ပိုတယ်ဟ.. တုံမိသားစုရဲ့ တပည့်တစ်ယောက်ယောက်က သုံးကွက်အတွင်း သူ့ကို မရှုံးနိမ့်ဘူးဆိုရင် အရှုံးပေးမယ်လို့တောင် သူက ကြွေးကြော်ထားသေးတယ်"
"လခွမ်း.. ဒီကောင်က အတော်လေး လေလုံးကြီးတာပဲ.."
"........."
တုံမိသားစုမှ တပည့်များ စကားပြောဆိုနေသည့် အချိန်တွင် ရုတ်တရက် ကွင်းပြင်ပေါ်၌ ပြင်းထန်သော အာကာပြင်လှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် တုံမိသားစု၏ နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူ သုံးယောက်သည် ကွင်းပြင်တွင် တစ်ပြိုင်နက်နီးပါး ပေါ်လာခဲ့သည်။
တုံကျန့်တို့ သုံးယောက် ပေါ်လာသည်နှင့် မူလက ဆူညံနေသော ကွင်းပြင်သည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
"ကျန်းချန်.. ငါတို့တွေ သဘောတူထားတဲ့အတိုင်း တိုက်ခိုက်ဖို့ မင်းအဆင်သင့် ဖြစ်ပြီလား.."
တုံမိသားစု၏ ခေါင်းဆောင် တုံကျန့်က ပရိသတ် အားလုံးကို မျက်လုံးဖြင့် ဝေ့ကြည့်လိုက်ပြီးနောက်တွင် သူ၏အ ကြည့်သည် ကျန်းချန်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
ကျန်းချန်က ဘာမှပြန်မပြောဘဲ လျှပ်တပြက် လှုပ်ရှားလိုက်ရာ သူ၏ ပုံရိပ်သည် ကွင်းပြင်အလယ်ရှိ ပြိုင်ပွဲစင်မြင့် ပေါ်၌ တိုက်ရိုက် ပေါ်လာခဲ့သည်။
ထို့နောက်တွင် သူ၏ ယုံကြည်မှုအပြည့်ရှိသော အသံသည် ကွင်းပြင်တစ်ခုလုံးကို ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။
"အပိုစကားတွေ မပြောတော့ဘူး စလိုက်ကြစို့.. ငါအရင်က ပြောခဲ့တဲ့အတိုင်းပဲ.. ဘယ်သူမဆို ငါ့ရဲ့တိုက်ကွက် သုံးကွက်ကို ခံနိုင်ရည်ရှိရင် ငါတစ်ခါတည်း အရှုံးပေးလိုက်မယ်"
အခန်း(၈၈၄)ပြီး၏။
အခန်း(၈၈၅)
ကျန်းချန်၏ မောက်မာသော စကားသည် တုံယွင်ထျန်းနှင့် တခြားသောသူများကို လုံးဝ ဒေါသထွက်သွားစေခဲ့သည်။
သူတို့က တုံမိသားစု ပါရမီရှင်အမဲလိုက်အဖွဲ့ကို ကိုယ်စားပြုသောကြောင့် သဘာဝကျစွာပင် တုံမိသားစု၏ အင်အားအကောင်းဆုံး ပါရမီရှင်ကိုးယောက် ဖြစ်သည်။
ယခုအခါတွင် သူတို့ရှေ့မှ ကောင်လေးသည် သူတို့အားလုံးကို စိန်ခေါ်နေရုံတင်မကဘဲ သုံးကွက်တည်းဖြင့် အနိုင်ယူပြမည်ဟု လေကြီးမိုးကြီး ပြောဆိုနေခဲ့သည်။
ဤသည်က သူတို့ကို လုံးဝ မလေးမစား ပြုခြင်းပင် မဟုတ်ပါလော။
အချိန်တိုင်းတွင် သူတို့သည် တုံမိသားစုမှ မရေမတွက်နိုင်သော တပည့်များ၏ လေးစားမှုများနှင့် ချီးမွမ်းမှုများကို ခံခဲ့ရသည်။
သို့ဖြစ်ရာ ဤကဲ့သို့ မထီမဲ့မြင်ပြုခြင်းကို မည်ကဲ့သို့ ခံနိုင်ရည် ရှိနိုင်ပါမည်နည်း။
"ကျန်းချန်.. မင်းသိပ်ပြီး မောက်မာမနေနဲ့.. မင်းမှာ အစွမ်းရှိရင် ငါ တုံရှောကို သုံးကွက်အတွင်း အနိုင်ယူပြစမ်းပါ"
ထိုအချိန်မှာပင် ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်လေးတစ်ယောက်သည် ဒေါသတကြီး ကြွေးကြော်လိုက်ပြီး ချက်ချင်းဆိုသလို ခြေထောက်ကို မြေပြင်ပေါ် တစ်ချက်ဆောင့်ကာ ပြိုင်ပွဲစင်မြင့်ထက်ဆီသို့ ပျံသန်း၍ ရောက်လာခဲ့သည်။
"တုံရှော တက်လာပြီဟေ့.. တုံရှောက တုံမိသားစု တပည့်တွေထဲမှာ အဆင့်ရှစ်နေရာမှာပဲ ရှိပေမဲ့ ခုခံကာကွယ်ရေး အပိုင်းမှာတော့ တုံမိသားစုရဲ့ မျိုးဆက်သစ်တွေထဲမှာ အင်အားအကောင်းဆုံးတွေထဲက တစ်ယောက်ပဲ.. ဒီကောင်က တုံရှောကို သုံးကွက်အတွင်း အနိုင်ယူဖို့ဆိုတာ စိတ်ကူးယဉ်နေတာပဲဖြစ်လိမ့်မယ်"
"..............."
ပထမဦးဆုံးစင်မြင့်ပေါ်သို့ တက်သွားသည့်သူက တုံရှော ဖြစ်နေသည်ကို မြင်လျှင် လူတိုင်းသည် မထီမဲ့မြင် အမူအရာဖြင့် ကျန်းချန်ကို လှောင်ပြောင်လိုက်ကြသည်။
တုံရှောက စင်မြင့်ပေါ်သို့ ရောက်လာသည်နှင့် ရုတ်တရက်လက်ဝါးနှစ်ဖက်ကို ဝေ့ရမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်များသည် သူ၏ ရင်ဘတ်ဆီသို့ အရူးအမူး စုစည်းလာခဲ့သည်။
"ရွှေရောင်အလင်း အကာအကွယ် စုစည်းစမ်း"
တုံရှောက ကြွေးကြော်လိုက်ရာ သူ၏ ရင်ဘတ်တွင် စုစည်းလာသည့် ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်များသည် ချက်ချင်းဆိုသလိုပင် ကြီးမားသော ရွှေရောင်အလင်း အကာအကွယ် အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် တုံရှောသည် ကျန်းချန်ကို မဲ့ပြုံးပြုံး၍ စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျန်းချန်..မင်းက ငါ့ကို သုံးကွက်အတွင်း အနိုင်ယူပြမယ် ဟုတ်လား.. စမ်းကြည့်လိုက်လေ.."
သူက ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် ရွှေရောင်အလင်းအကာအကွယ် ကျင့်စဉ်ကို အပြည့်အဝ လေ့ကျင့်ထားခဲ့သည်။
တိုက်ပွဲဝင်စွမ်းရည်တွင် သူသည် တုံမိသားစုထဲတွင် အင်အားအကောင်းဆုံးဟု မသတ်မှတ်နိုင်သော်လည်း ကာကွယ်ရေးအပိုင်းနှင့် ပတ်သက်လျှင်မူ တုံမိသားစု၏ နံပါတ်တစ်ပါရမီရှင် တုံယွင်ထျန်းပင် သူ့ကို ယှဥ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် တုံရှောသည် ကျန်းချန်က သူ၏ ရွှေရောင်အလင်း အကာအကွယ်ကို သုံးကွက်အတွင်း ထိုးဖောက်နိုင်လိမ့်မည်ဟု အမှန်တကယ် မယုံကြည်ခဲ့ပေ။
"ဟားဟား.. ဒါက သာမန်အကာအကွယ်လေးပဲ မဟုတ်လား..ဘာလဲ ဒီအကာအကွယ်လောက်က ငါ့ရဲ့ တိုက်ကွက် သုံးကွက်ကို ပိတ်ဆို့နိုင်မယ်လို့ မင်းထင်နေတာလား.. ငါ့အနေနဲ့ မင်းရဲ့အကာအကွယ်ကို ချိုးဖျက်ချင်ရင် လက်သီး တစ်ချက်တည်းနဲ့တောင် ချိုးဖျက်လိုက်လို့ရတယ်.."
စကားဆုံးသည်နှင့် ကျန်းချန်သည် နဂါးပြာသန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားပါဝင်သော ပြင်းထန်သော လက်သီးတစ်ချက်ကို ထုတ်ဖော်ကာ တုံရှော၏ ရွှေရောင်အလင်း အကာအကွယ်ကို တည့်မတ်စွာ တန်းတန်းမတ်မတ် ထိုးနှက်လိုက်သည်။
"ဝုန်း.."
ပြင်းထန်သော ပေါက်ကွဲသံသည် ချက်ချင်းဆိုသလိုပင် ကွင်းပြင်ပေါ်၌ ပဲ့တင်ထပ်သွားခဲ့၏။
တုံရှော၏ ရှေ့မှ ရွှေရောင်အလင်း အကာအကွယ်သည် ကျန်းချန်၏ လက်သီးချက် စွမ်းအင်အောက်တွင် တစ်လက်မချင်းစီ ကွဲအက်သွားသည်ကို အားလုံးက တွေ့လိုက်ရသည်။
အဆုံးသတ်တွင် ရွှေရောင်အလင်း အကာအကွယ်က ကြေမွသွားခဲ့ပြီး တုံရှော၏ ပုံရိပ်သည် တုန်ယင်သွားကာ ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ကြိုးပျက်သွားသည့် စွန်တစ်ကောင်နှယ် ပြိုင်ပွဲစင်မြင့်၏ အပြင်ဘက်သို့ လွင့်စင်သွားခဲ့သည်။
"............"
ထိုအချိန်မှာပင် ကွင်းပြင် တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းသည် စင်မြင့်ထက်မှ ကျန်းချန်ကို စူးစိုက်၍ ကြည့်နေခဲ့ကြပြီး သူတို့၏ အမူအရာများသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြား သွားခဲ့ကြသည်။
တုံရှော ဆိုသည်မှာ ကောင်းကင်အဆင့် ကျင့်စဥ် ဖြစ်သည့်ရွှေရောင်အလင်း အကာအကွယ်ကျင့်စဥ်ကို လေ့ကျင့်ထားသည့် တုံမိသားစု၏ ပါရမီရှင်တစ်ယောက် ဖြစ်သည်။
သူ၏ ကာကွယ်ရေးစွမ်းအားသည် တုံမိသားစု၏ ပါရမီရှင်များထဲတွင် အားအကောင်းဆုံး စာရင်း၌ ပါဝင်၏။
သူတို့ ဘယ်လိုမှ ထင်မထားသည်မှာ ခုခံကာကွယ်ရေးတွင် အလွန်တစ်ရာ အားကောင်းသည့် တုံရှောပင် ကျန်းချန်၏ လက်သီးတစ်ချက်ကို မတားဆီးနိုင် ဟူသောအချက်ပင်။
ထို့အပြင် ကျန်းချန် အစောပိုင်းက ထုတ်သုံးလိုက်သော လက်သီးတွင် အသက်စွမ်းအင်ပင် မပါဝင်ခဲ့ပေ။
ထို့ကြောင့် အသက်စွမ်းအင်၏ ရိုက်ခတ်မှုလည်း လုံးဝမရှိခဲ့ပေ။
ထို့ကြောင့် သူတို့ရှေ့မှ ကောင်လေးသည် အလွန်တရာ အားကောင်းသည်ဟုသာ ဆိုရပေတော့မည်။
ကျန်းချန်က တုံရှောကို ပေါ့ပေါ့ပါးပါး အနိုင်ယူပြီးနောက်တွင် တုံယွင်ထျန်းနှင့် တုံမိသားစုမှ တခြားသော ပါရမီရှင်များကို လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ မောက်မာသောအသံသည် လူတိုင်း၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။
"ကဲ.. နောက်တစ်ယောက် ဘယ်သူတက်လာမလဲ.."
အခန်း(၈၈၅)ပြီး၏။