← Chapters

အခန်း (၈၇၁-၈၇၃)

Vol. 59 Ch. 871-873

အခန်း (၈၇၁-၈၇၃)

Vol. 59 Ch. 871-873

အခန်း(၈၇၁)

"အကြီးအကဲမှာ ကျွန်တော့်ကို ယန်ဒီမြို့က ရှောင်မျိုးနွယ်စုဆီဝင်ခွင့်ရအောင် လုပ်ပေးနိုင်မဲ့ နည်းလမ်း ရှိတယ်လား.."

ကျန်းချန်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

သူက ရှောင်တုလီ၏ သတင်းကို စုံစမ်းခဲ့သော်လည်း မည်သည့်သတင်းမှ မရရှိသဖြင့် ယန်ဒီမြို့ထဲဝင်၍ စုံစမ်းရန်သာ တတ်နိုင်တော့၏။

"ပိုင်မင်မြို့မှာ နောက်ဆယ်ရက်ကြာရင် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ ကျင်းပတော့မယ်.. ဒီပြိုင်ပွဲကို ယန်ဒီမြို့က ရှောင်မျိုးနွယ်စုရဲ့ အကြီးအကဲ လာရောက်ကြည့်ရှုလိမ့်မယ်.. ငါက မင်းကို ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ ရှောင်မိသားစုရဲ့ တပည့်တစ်ယောက်အနေနဲ့ ပါဝင်ခွင့် ပေးနိုင်တယ်.. မင်းသာကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မယ်ဆိုရင် ရှောင်မိသားစုရဲ့ အကြီးအကဲရဲ့ မျက်စိကျခြင်းကို ခံရပြီး ရှောင်မိသားစုထဲ ဝင်ခွင့်ရလိမ့်မယ်.."

တုံဟဲက သူသိထားသမျှကို ကျန်းချန်အား ပြောပြလိုက်သည်။

ကျန်းချန်က ခေါင်းညိမ့်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ..အကြီးအကဲသာ ကျွန်တော့်ကို ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်ခွင့်ပေးသ၍ ကျွန်တော် အကြီးအကဲအတွက် ဆဋ္ဌမအဆင့် ရှေးဟောင်းအသက်ရှည်ဆေးကို သန့်စင်ပေးပါမယ်.."

ပိုင်မင်မြို့တွင် ကျင်းပမည့် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲသည် စန်းဟိုင်မြို့မှ ကျင်းပသည့် စန်းလန်အဖွဲ့အစည်း၏ စမ်းသပ်မှုနှင့် သိပ်မကွာပေ။

ဆိုရလျှင် ယန်ဒီမြို့ရှိ ရှောင်မိသားစုသည် သူတို့၏ ပိုင်နက်ထဲမှအင်အားစုများ၏ ပါရမီရှင်တပည့်များကို ရွေးချယ်ကာ ရှောင်မျိုးနွယ်စု ပိုမိုအားကောင်းအောင် လုပ်ဆောင်လိုခြင်း ဖြစ်သည်။

ကျန်းချန်သည် ဤပါရမီရှင်အမဲလိုက် ပြိုင်ပွဲအပေါ်တွင် ယုံကြည်မှု အပြည့်အဝ ရှိနေခဲ့၏။

သူ၏ လက်ရှိအင်အားဖြင့်ဆိုလျှင် ထိုပြိုင်ပွဲ၌ ပထမနေရာ မရလျှင်ပင် ထိပ်ဆုံးသုံးနေရာထဲ ဝင်ရန် မည်သည့် ပြဿနာမှ မရှိပေ။

"မင်းဘာမှ မစိုးရိမ်ပါနဲ့.. ဒီအဘိုးအိုက အသုံးမကျပေမဲ့လည်း ပါရမီရှင် အမဲလိုက်ပြိုင်ပွဲမှာ မင်းအတွက် နေရာတစ်နေရာတော့ ပေးပိုင်ခွင့် ရှိပါသေးတယ်.."

ကျန်းချန်၏ သဘောတူညီမှုကို မြင်လျှင် တုံဟဲ၏ အိုမင်းသောမျက်ဝန်းထဲတွင် အဆုံးသတ်၌ အပြုံးရိပ်လေးများ ရှားရှားပါးပါး ပေါ်ပေါက်လာခဲ့သည်။

ကျန်းချန်သည် တုံဟဲ၏ စကားအပေါ်တွင် အနည်းငယ်မျှပင် သံသယမရှိခဲ့ပေ။

သူ့ရှေ့မှ အဘိုးအိုသည် မိသားစုခေါင်းဆောင် မဟုတ်သော်လည်း အကြီးအကဲချုပ်နှစ်ဦးထဲမှ တစ်ဦးဖြစ်၍ ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ အတွက် နေရာတစ်နေရာကို တောင်းဆိုရန် မခက်ခဲလောက်ချေ။

သူက တုံဟဲကို တိုက်ရိုက် ပြောလိုက်သည်။

"အကြီးအကဲ..ကျွန်တော် အကြီးအကဲအတွက် ဆဋ္ဌမအဆင့်ရှေးဟောင်း အသက်ရှည်ဆေးကို သန့်စင်နိုင်ပေမဲ့ လိုအပ်တဲ့ဆေးဖက်ဝင် ပစ္စည်းတွေတော့ ကျွန်တော့်မှာ မရှိဘူး"

"ဒါကြောင့် ကျွန်တော့်ကို..."

ကျန်းချန်၏ စကားမဆုံးခင်မှာပင် တုံဟဲသည် တံဆိပ်ပြားကိုတစ်ခုကို ထုတ်ယူလိုက်ပြီး ကျန်းချန်ကို ပစ်ပေးလိုက်သည်။

"ဒီတံဆိပ်ပြားနဲ့ဆိုရင် တုံမိသားစုရဲ့ ရတနာခန်းမထဲက ဘယ်လိုရတနာကို မဆို လွတ်လပ်စွာ ရွေးချယ်နိုင်ပြီး ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုလည်း လွတ်လပ်စွာ ခံစားနိုင်တယ်"

တုံဟဲသည် သူ၏ အသက် ဆက်လက် ရှင်သန်စေရန် အတွက် သူ့တွင် ရှိသမျှ အရာအားလုံးကို သုံးစွဲခဲ့သည်မှာ ထင်ရှားသည်။

သူက သူ့ကို ကိုယ်စားပြုသည့် တံဆိပ်ပြားကိုပင် ကျန်းချန်အား တွန့်တိုခြင်းမရှိဘဲ ပေးလိုက်သည် မဟုတ်ပါလော။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ.. ကျန်းချန် ဆယ်ရက်အတွင်း အကြီးအကဲ အတွက် ဆဋ္ဌမအဆင့် ရှေးဟောင်း အသက်ရှည်ဆေးကို လာပို့ပေးပါမယ်"

ကျန်းချန်က တံဆိပ်ပြားကို လက်ခံလိုက်ပြီးနောက် တုံဟဲကိုအာမခံလိုက်သည်။

"သွားတော့ ကောင်လေး.. မင်းရဲ့သတင်းကောင်းကို ငါစောင့်နေမယ်"

တုံဟဲက ခေါင်းညိမ့်၍ ပြောလိုက်ပြီးနောက် မျက်လုံးများကိုပြန်မှိတ်လိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် မနှောင့်ယှက်တော့ဘဲ ခန်းမထဲကနေ ပြန်လည် ထွက်ခွာသွားခဲ့၏။

"သခင်‌လေးကျန်းချန်.. ကျွန်တော်က တုံမင်ပါ.. အကြီးအကဲရဲ့အမိန့်နဲ့ သခင်လေးကျန်းချန်ကို ပြုစုဖို့ ရောက်လာခဲ့တာပါ"

ကျန်းချန် ခန်းမထဲက ထွက်လာသည်နှင့် အသက်နှစ်ဆယ်အရွယ်ရှိ တုံမိသားစုမှ တပည့်တစ်ယောက်သည် ကျန်းချန်၏ အနားသို့ ရိုကျိုးစွာ လျှောက်လာ၍ ပြောလိုက်သည်။

"ဒါဆိုလည်း ငါ့ကို တုံမိသားစုရဲ့ ရတနာခန်းမဆီ ခေါ်သွားပေးပါ"

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဤကောင်လေးကို တုံဟဲက လွှတ်လိုက်သော်လည်း သူ့ကိုစောင့်ကြည့်နေသည်ဟု သူက သံသယရှိသည်။

သို့သော်လည်း သူက တုံမိသားစုနှင့် လုံးဝ မရင်းနှီးသေးပေ။

သူ့ဘေးတွင် တုံမိသားစုမှ တပည့်တစ်ယောက်ကို အစေခံအဖြစ် ထားရှိပေးခြင်းသည် သူ့အတွက် အချိန်များစွာ သက်သာစေနိုင်သည် မဟုတ်ပါလား။

"သခင်လေး ကျန်းချန်..ကျေးဇူးပြုပြီး ကျွန်တော့် နောက်ကိုလိုက်ခဲ့ပါ"

တုံမင်က ပြုံး၍ ပြောလိုက်ပြီး ကျန်းချန်ကို တုံမိသားစု၏ ရတနာခန်းမ ဆီသို့ ဦးဆောင်၍ ခေါ်သွားလိုက်သည်။

သိပ်မကြာခင်မှာပင် ကျန်းချန်သည် တုံမိသားစု၏ ရတနာခန်းမဆီသို့ တုံမင်နှင့်အတူ ရောက်လာခဲ့၏။

တုံမိသားစု၏ ရတနာခန်းမ‌ရှေ့တွင် တုံမိသားစုမှ တပည့်အများအပြားသည် ဆေးလုံးများကို လက်ခံရန် သို့မဟုတ် လဲလှယ်ရန် အတွက် တန်းစီ၍ ရှိနေခဲ့ကြသည်။

ခဏမျှ ဝင်ရောက်၍ တန်းစီပြီးနောက်တွင် မကြာခင်၌ ကျန်းချန်၏ အလှည့်သို့ ရောက်လာခဲ့သည်။

ထိုအခါ ရတနာခန်းမ၏ ကြီးကြပ်ရေးမှူးသည် ကျန်းချန်ကိုမော့ကြည့်လိုက်ပြီး အသာအယာ မေးလိုက်သည်။

"ကောင်လေး.. မင်းဘာပစ္စည်း လဲလှယ်ချင်တာလဲ."

အခန်း(၈၇၁)ပြီး၏။

အခန်း(၈၇၂)

"အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ ရေခဲတောင်ကြာပန်း"

"သက်ရှည်သစ်သီး"

"မှော်လိပ်ရဲ့လိပ်ခွံ"

ကျန်းချန်က ဆဋ္ဌမအဆင့် ရှေးဟောင်းအသက်ရှည်ဆေးကို သန့်စင်ရန်အတွက် အဓိက လိုအပ်သည့် ပစ္စည်းသုံးမျိုးကို တစ်ခါတည်း ပြောလိုက်သည်။

"ဒီပစ္စည်းသုံးမျိုးကို ရနိုင်မလား.."

"ကောင်လေး..မင်းလိုချင်တဲ့ ပစ္စည်းသုံးမျိုးလုံးက အဆင့်မြင့်ရတနာတွေပဲ"

ရတနာခန်းမ၏ ကြီးကြပ်ရေးမှူး အဘိုးအိုက မျက်မှောင် ကြုတ်ကာ မကျေမနပ် အမူအရာဖြင့် ပြောလိုက်သည်။

"ဒီလိုအဆင့်မြင့်တဲ့ အဖိုးတန်ရတနာတွေကို လဲလှယ်မယ်ဆိုရင် အကြီးအကဲရဲ့ ခွင့်ပြုချက် လိုတယ်ဆိုတာ မင်းမသိဘူးလား"

"ဒီကောင်က ဘယ်သူလဲ..ငါတို့ တုံမိသားစုရဲ့ အခြေခံစည်းမျဥ်းကိုတောင် နားမလည်ဘူးလား"

"သူက ဘယ်လိုလုပ်ပြီး သိမှာလဲ..တုံမိသားစုထဲကို ဝင်လာတဲ့ ရှစ်ဆယ် ရာခိုင်နှုန်းလောက်က မျိုးရိုးမတူတဲ့ တပည့်အသစ်တွေပဲလေ.. တုံမိသားစုရဲ့ အဓိက တပည့်တွေတောင် ဒီလိုမျိုး အဖိုးတန်ရတနာတွေကို လဲလှယ်မယ်ဆိုရင် အကြီးအကဲရဲ့ ခွင့်ပြုချက်ကို လျောက်ထားရတယ်"

"ဒီကောင့်လို မျိုးရိုးမတူတဲ့ တပည့်အသစ်ကများ လဲလှယ်ချင်နေသေးတယ်.. ဒီလိုမျိုးက အိပ်မက်ထဲမှာပဲ ဖြစ်နိုင်လိမ့်မယ်.."

"............."

ပတ်ဝန်းကျင်ရှိ တုံမိသားစုမှ တပည့်များသည် ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်ကို မထီမဲ့မြင် လှောင်ပြောင်လိုက်ကြသည်။

"မင်းတို့ တုံမိသားစုရဲ့ ရတနာပစ္စည်း လဲလှယ်တဲ့ စည်းမျဥ်းတွေကို ငါအမှန်တကယ် မသိဘူး"

ကျန်းချန်က ပတ်ဝန်းကျင်မှ သူ့ကို လှောင်ပြောင်နေသည့် တုံမိသားစု တပည့်များကို လျစ်လျူရှုလိုက်သည်။

သူက အကြီးအကဲချုပ် တုံဟဲ သူ့ကို ပေးခဲ့သည့် တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး ရတနာတိုက်၏ ကြီးကြပ်ရေးမှုး အဘိုးအိုကို ပစ်ပေးကာ အေးစက်စက် ပြောလိုက်သည်။

"ဒါနဲ့ဆို ငါ့မှာလဲလှယ်ဖို့ အရည်အချင်း ပြည့်မီတယ် မဟုတ်လား"

"အကြီးအကဲချုပ်ရဲ့ တံဆိပ်ပြားပါလား..မင်းက အကြီးအကဲချုပ်တုံဟဲရဲ့ တံဆိပ်ပြားကို ဘယ်လိုလုပ်ပြီး ရထားတာလဲ"

ရတနာခန်းမ၏ ကြီးကြပ်ရေးမှူး အဘိုးအိုသည် မျက်လုံးများရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး သူ၏ မျက်နှာထက်တွင် ကြောက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

"အကြီးအကဲချုပ် တုံဟဲရဲ့ တံဆိပ်ပြားလား"

ရတနာတိုက် ကြီးကြပ်ရေးမှူး အဘိုးအို၏ ပြောစကားကိုကြားလျှင် ထိုနေရာမှာရှိနေသည့် တုံမိသားစုမှ တပည့်အားလုံးသည် တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး ယိုင်လဲကျတော့ မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

ထိုတံဆိပ်ပြားသည် တုံမိသားစု၏ အကြီးအကဲချုပ် တုံဟဲကို ကိုယ်စားပြုသည့် တံဆိပ်ပြား ဖြစ်သည်။

တုံမိသားစုတွင် နတ်ဝိညာဥ်ဘုရင်အဆင့်ကို ရောက်ရှိနေသည့်အကြီးအကဲချုပ် နှစ်ယောက်ရှိသည်။

၎င်းတို့သည် တုံမိသားစုတွင် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး တုံမိသားစုခေါင်းဆောင်ကပင် ၎င်းတို့ကိုလေးစားရသည်။

သို့သော်လည်း ဤနတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ အဘိုးအိုနှစ်ယောက်သည် နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့ကြပြီး တုံမိသားစုတွင် ကြီးမားသောကိစ္စ မပေါ်ပေါက်မခြင်း ဝင်ပါလေ့ မရှိခဲ့ကြပေ။

သူတို့ရှေ့မှ ထူးဆန်းသောလူငယ်က အကြီးအကဲချုပ် တုံဟဲ၏ တံဆိပ်ပြားကို ရရှိထားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

ထိုအခိုက်တွင် ကျန်းချန်နှင့်အတူ လိုက်လာသည့် တုံမင်၏ မျက်လုံးသည် အနည်းငယ် တောက်ပသွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် အံ့သြတုန်လှုပ်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

တုံဟဲက ကျန်းချန်ကို အလေးထားမှန်း သူသိသော်လည်း ဤမျှအထိ အလေးထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန်က သူ့ပတ်ဝန်းကျင်ရှိ တုံမိသားစု တပည့်များ၏ အံ့ဩတုန်လှုပ်နေပုံကို လျစ်လျူရှုလိုက်သည်။

သူက ရတနာတိုက် ကြီးကြပ်ရေးမှူး အဘိုးအိုကို စိတ်မရှည်စွာကြည့်၍ပြောလိုက်သည်။

"အကြီးအကဲချုပ် တုံဟဲရဲ့ တံဆိပ်ပြားမှန်းသိရင်လည်း ငါ့ကိုမြန်မြန်ထုတ်ပေးတော့လေ"

"ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ.."

ရတနာတိုက် ကြီးကြပ်ရေးမှူး အဘိုးအိုက အဆုံးသတ်တွင် မှင်တက်ရာကနေ ပြန်လည် အသိဝင်လာခဲ့ပြီး ရတနာခန်းမထဲသို့ အလျင်အမြန် ဝင်ရောက်သွားခဲ့သည်။

ဤကောင်လေးသည် အကြီးအကဲချုပ် တုံဟဲ၏ တံဆိပ်ပြားကို ကိုင်ဆောင်ထားသည် ဖြစ်၍ အကြီးအကဲချုပ် တုံဟဲကို ကိုယ်စားပြုသည် ဖြစ်ရာ သူက အနည်းငယ်မျှပင် မည်ကဲ့သို့ လျစ်လျူရှုရဲပါမည်နည်း။

ပတ်ဝန်းကျင်မှ တုံမိသားစု တပည့်များ၏ တုန်လှုပ်ခြောက်ခြားသော အကြည့်အောက်မှာပင် ရတနာတိုက် ကြီးကြပ်ရေးမှူး အဘိုးအိုသည် ကျန်းချန် လိုအပ်သည့် အဖိုးတန်ရတနာသုံးမျိုးကို အလျင်အမြန် ထုတ်ယူလိုက်သည်။

"ဒါက သက်ရှည်သစ်သီး၊မှော်လိပ်ရဲ့လိပ်ခွံနဲ့ ရေခဲတောင်ကြာပန်းပါ.. ဒါပေမဲ့ တုံမိသားစုရဲ့ ရတနာခန်းမမှာ အနှစ်တစ်ထောင် သက်တမ်းရှိတဲ့ ရေခဲတောင်ကြာပန်းက လောလောဆယ် မရှိသေးဘူး.. အနှစ်ကိုးရာ သက်တမ်းရှိတဲ့ ရေခဲတောင်ကြာပန်းပဲ ရှိတယ်.. အကယ်၍နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ရေခဲတောင်ကြာပန်းကို လိုအပ်ရင်တော့ အချိန်အနည်းငယ် စောင့်ရလိမ့်မယ် ထင်တယ်"

ရတနာတိုက် ကြီးကြပ်ရေးမှူး အဘိုးအိုက အဖိုးတန်ရတနာ သုံးမျိုးကို ကျန်းချန်၏ ရှေ့တွင် ချလိုက်ပြီးနောက် ကျန်းချန်ကို ရှင်းပြလိုက်သည်။

"အဆင်ပြေပါတယ်.. နှစ်ကိုးရာသက်တမ်း ဆိုရင်လည်း မဆိုးပါဘူး"

ဆိုရလျှင် နှစ်ကိုးရာသက်တမ်းရှိသည့် ရေခဲတောင်ကြာပန်းသည် နှစ်တစ်ထောင်သက်တမ်း ရှိသည့် ရေခဲတောင်ကြာပန်းနှင့် သိပ်မကွာပေ။

သို့သော်လည်း သူက အဖိုးတန်ရတနာ ပစ္စည်းသုံးမျိုးကို လက်ခံတော့မည့် အချိန်တွင် မထီမဲ့မြင် အသံတစ်သံသည် လေထဲကနေ လွင့်ပျံလာခဲ့သည်။

"ခဏလေးနေပါဦး.. ဒီရေခဲတောင်ကြာပန်းကို ငါလိုချင်တယ်.."

အခန်း(၈၇၂)ပြီး၏။

အခန်း(၈၇၃)

ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် ကျန်းချန်မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ခေါင်းလှည့်၍ ကြည့်လိုက်ရာ ချောမောပြီး အရပ်ရှည်သော လူငယ် တစ်ယောက်သည် တုံမိသားစု၏ ရတနာခန်းမဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

"တုံယွင်ထျန်းလည်း ရောက်လာမယ်လို့ ထင်မထားမိဘူး.. အခြေအနေကို ကြည့်ရတာ တုံယွင်ထျန်းကလည်း ဒီရေခဲတောင်ကြာပန်းအတွက် ရောက်လာတဲ့ပုံပဲ.. ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ထင်တယ်.."

"........"

တုံမိသားစု ရတနာခန်းမ ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည့် အရပ်ရှည်ရှည် လူငယ်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ တုံမိသားစုမှ တပည့်အများအပြားသည် တီးတိုး ပြောဆိုခဲ့ကြသည်။

"သခင်လေးကျန်းချန်.. တုံယွင်ထျန်းက ကျွန်တော်တို့ တုံမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ.. ဒါ့အပြင် သူက တခြားသော အကြီးအကဲချုပ်ရဲ့ တိုက်ရိုက်တပည့်လည်း ဖြစ်တယ်.. သူ့ကို သခင်လေး သတိထားမှရမယ်.."

ကျန်းချန်က တုံယွင်ထျန်းကို လှမ်းကြည့်နေသည့် အချိန်တွင် တုံမင်၏ အသံက ကျန်းချန်၏နားသို့ တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့သည်။

တုံမင်၏ သတိပေးလိုက်သော စကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် ကျဥ်းမြောင်းသွားခဲ့သည်။

တုံယွင်ထျန်းသည် ရေခဲတောင်ကြာပန်း အတွက် ရောက်လာခဲ့ပုံရသည်။

"ရေခဲတောင်ကြာပန်းကို ငါအရေးပေါ် လိုအပ်နေတယ်.. မင်းငါ့ကို ပေးနိုင်မလား.."

တုံယွင်ထျန်းက ကျန်းချန်၏ ရှေ့ကို ရောက်လာပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

သူ၏လေသံက တစ်ဖက်လူကို ငြင်းဆန်၍မရသော ခံစားချက်အား ပေးစွမ်းနေခဲ့၏။

ကျန်းချန်က တုံယွင်ထျန်းကို မမြင်ချင်ယောင်ဆောင်ပြီး ရေခဲတောင်ကြာပန်း အပါအဝင် အဖိုးတန် ဆေးသုံးမျိုးစလုံးကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

"ကောင်လေး..မင်းနားပင်းနေတာလား.. ငါပြောတာမကြားဘူးလား"

ကျန်းချန်က သူ့ကို လုံးဝ လျစ်လျူရှုလိုက်သည်ကို မြင်လျှင် တုံယွင်ထျန်း၏ မျက်နှာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

"မင်းဒီလောက်တောင် အော်ပြောနေမှတော့ ငါမကြားဘဲနေမလား.."

ကျန်းချန်က တုံယွင်ထျန်းကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

"ဒီရေခဲတောင်ကြာပန်းကို ငါအရင်ရခဲ့တာပဲ.. ငါက ဘာအကြောင်းနဲ့ မင်းကို ပေးရမှာလဲ"

"ကောင်လေး.. မင်းမိုက်ရိုင်းလှချည်လား"

တုံယွင်ထျန်း၏ မျက်နှာက ခပ်တင်းတင်း ဖြစ်သွားခဲ့သည်။

"ငါက ဆရာ့ရဲ့ အမိန့်နဲ့ တုံမိသားစု ရတနာတိုက်ထဲက ရေခဲတောင် ကြာပန်းကို လာယူတာပဲ.. မင်းက ငါ့ဆရာနဲ့ပြဿနာတက်ချင်လို့လား.."

"တောင်းပန်ပါတယ်.. ငါကလည်း အကြီးအကဲချုပ် တုံဟဲရဲ့အမိန့်နဲ့ ရေခဲတောင်ကြာပန်းကို လာယူတာပဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အကြီးအချုပ်တုံဟဲ၏ တံဆိပ်ပြားကို တုံယွင်ထျန်းအား ပြသလိုက်သည်။

ကျန်းချန်၏ လက်ထဲမှ တံဆိပ်ပြားကို မြင်လျှင် တုံယွင်ထျန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

တုံမိသားစုတွင် အကြီးအကဲနှစ်ယောက်သာ ရှိပြီး သူ့ဆရာသည် ဤကောင်လေးကို တံဆိပ်ပြားပေးမည် မဟုတ်ပေ။

သံသယဖြစ်စရာ မရှိလောက်အောင်ပင် ဤကောင်လေး လက်ထဲမှ တံဆိပ်ပြားသည် အကြီးအကဲချုပ် တုံဟဲ၏ လက်ထဲမှတံဆိပ်ပြားမှန်း သေချာနေ၏။

"ငါတို့ တုံမိသားစုမှာ ဒီလိုထူးဆန်းတဲ့ လူငယ်တစ်ယောက် ဘယ်ကတည်းက ပေါ်လာတာလဲ.. တိုက်ဆိုင်လိုက်တာ အကြီးအကဲချုပ် တုံဟဲလည်း ရေခဲတောင်ကြာပန်းကို လိုအပ်နေမယ်လို့ ထင်မထားမိဘူး.. ဒါပေမဲ့ ဒီ‌ရေခဲတောင်ကြာပန်းက ငါ့ဆရာအတွက် အရမ်းအရေးကြီးနေတယ်.. မင်းငါ့ကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ငါ့ကို ရေခဲတောင် ကြာပန်းသာ အရင်ပေးလိုက်ပါ.. ငါ့ဆရာက အကြီးအကဲချုပ် တုံဟဲကို ကိုယ်တိုင် ရှင်းပြပေးပါလိမ့်မယ်"

တုံယွင်ထျန်းက နောက်တစ်ကြိမ် ဖျောင်းဖြ ကြည့်လိုက်သည်။

သူ့ရှေ့မှ ကောင်လေးသည် အကြီးအကဲချုပ် တုံဟဲ၏ လူ ဖြစ်သော်လည်း တုံယွင်ထျန်းသည် သူ၏ ဆရာဆီကနေ အကြီးအကဲချုပ် တုံဟဲ၏ သက်တမ်းက ကုန်ခါနီးပြီး အသက်မရှည်တော့ဟု ကြားခဲ့သည်။

မကြာမီ သေတော့မည့်သူသည် သူ့ဆရာနှင့် ယှဥ်ပြိုင်ရန် မည်ကဲ့သို့အရည်အချင်း ရှိနိုင်ပါမည်နည်း။

"တောင်းပန်ပါတယ်.. ဒီရေခဲတောင်ကြာပန်းက အကြီးအကဲချုပ် တုံဟဲ အတွက်လည်း အရမ်းအရေးပါတယ်.. ဒီနေ့ ဘယ်သူက ငါ့ဆီကနေ ငါဘယ်သူ့ကိုမှ ပေးမှာမဟုတ်ဘူး.."

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

တုံယွင်ထျန်းက သူ့ဆရာ၏ ဂုဏ်ပုဒ်ဖြင့် ခြိမ်း‌ခြောက်ခဲ့သော်လည်း ကျန်းချန်က စိုးရိမ်မနေခဲ့ပေ။

အဆုံးသတ်တွင် ဤရေခဲတောင်ကြာပန်းသည် အကြီးအကဲချုပ်တုံဟဲ၏ အသက်နှင့် ပတ်သက်နေသည် မဟုတ်ပါလော..

တုံယွင်ထျန်း၏ ဆရာက ရေခဲတောင်ကြာပန်းကို လုယူဖို့လာသည်ဆိုလျှင် အကြီးအကဲချုပ် တုံဟဲ၏ အသက် ဆက်လက်ရှင်သန်ဖို့ကို တားဆီးနေခြင်းနှင့် မခြားပေ။

သို့ဖြစ်ရာ ရေခဲတောင်ကြာပန်း အတွက် ပြဿနာလာရှာလျှင် အကြီးအကဲချုပ် တုံဟဲသည် သူ့ဘက်ကနေ အဘယ်ကြောင့်ပြင်းပြင်းထန်ထန် မတိုက်ခိုက်ဘဲ နေပါမည်နည်း။

အခန်း(၈၇၃)ပြီး၏။

All Chapters