အခန်း (၈၇၄-၈၇၆)
Vol. 59 Ch. 874-876
အခန်း(၈၇၄)
ကျန်းချန်၏ ဂါရဝ မရှိသည့် စကားများကြောင့် တုံယွင်ထျန်း၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
သူက တုံမိသားစု၏ မျိုးဆက်သစ်များထဲတွင် နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး အကြီးအကဲချုပ် တုံသဲ၏ တပည့်လည်းဖြစ်သည်။
သူ၏အဆင့်အတန်းသည် တုံမိသားစု၏ လူငယ်မျိုးဆက်ထဲတွင် အလွန်မြင့်မားပြီး တုံမိသားစုမှ သာမန် အကြီးအကဲများပင် သူ့ကို ယဥ်ကျေးစွာ ဆက်ဆံရသည်။
သူ့ရှေ့မှ ကောင်လေးကမူ တုံမိသားစုတွင် နာမည်တောင် မရှိသည့် သာမန် တပည့်တစ်ယောက်သာ ဖြစ်သည်။
ထိုအဆင့်အတန်းက သူနှင့် ယှဥ်ပြိုင်ရန် မည်ကဲ့သို့ အရည်အချင်း ရှိနိုင်ပါမည်နည်း။
"ကောင်လေး..မင်းက ဒီရေခဲတောင်ကြာပန်းကို လုံးဝ မပေးဖို့ ဆုံးဖြတ်ထားပုံပဲ"
တုံယွင်ထျန်းက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
ကျန်းချန်က မျက်ခုံးပင့်၍ ပြောလိုက်သည်။
"အဲဒီတော့ ဘာဖြစ်လဲ.."
"ကောင်းပြီလေ.. ဒါဆိုလည်း ငါတို့ တုံမိသားစုရဲ့ စည်းမျဥ်းစည်းကမ်းအတိုင်း လုပ်ကြတာပေါ့.. တုံမိသားစုရဲ့ တပည့်နှစ်ယောက်က တူညီတဲ့ ရတနာတစ်ခုထဲကို နှစ်သက်တယ်ဆိုရင် သိုင်းပြိုင်ပြီး ရတနာရဲ့ ပိုင်ရှင်ကို ဆုံးဖြတ်နိုင်တယ်.. ဘယ်လိုလဲ ငါတို့တွေ တုံမိသားစုရဲ့ စည်းမျဥ်းစည်းကမ်း အတိုင်း လိုက်နာကြမလား"
တုံယွင်ထျန်းက ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်၍ အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
"မင်းရဲ့သဘောပဲ"
ကျန်းချန်က ခပ်အေးအေးသာ ပြန်ဖြေလိုက်သည်။
မကြာခင်မှာပင် တုံယွင်ထျန်း၏ လက်ထဲမှ ဓားရှည်သည် လေထဲတွင် လျှပ်တပြက် ပေါ်ပေါက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိအသက်စွမ်းအင်များကို ဓားရိပ်များအဖြစ် ချက်ချင်း စုစည်းလိုက်သည်။
ထို့နောက်တွင် ဓားရိပ်များသည် ကျန်းချန်ဆီသို့ တိုးဝင်လာခဲ့သည်။
"ဒါက တုံမိသားစုရဲ့ကောင်းကင်အဆင့်ကျင့်စဥ်ဖြစ်တဲ့ ကောင်းကင်ခွဲဓားရိပ်သိုင်းပဲ.. ကောင်းကင်အဆင့် သိုင်းကွက်ကိုတောင် ထုတ်သုံးပုံထောက်ရင် တုံယွင်ထျန်းက တကယ်ကိုဒေါသထွက်နေပုံပဲ.. ဒီကောင်က ကိုယ့်အခြေအနေ ကိုယ်မသိဘဲ တုံယွင်ထျန်းနဲ့မှ သွားယှဥ်နေတယ်.. သူက တကယ်ပဲအသက်မရှင်ချင်တော့ဘူး ထင်ပါရဲ့"
"..........."
တုံယွင်ထျန်း၏လှုပ်ရှားမှုကို မြင်လျှင် ပတ်ဝန်းကျင်မှ တုံမိသားစု တပည့် အများအပြားသည် ကျန်းချန်ကို ဂရုဏာသက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
တုံမိသားစု၏ မျိုးဆက်သစ် လူငယ်များထဲတွင် နံပါတ်တစ်ပါရမီရှင် ဖြစ်သည့် တုံယွင်ထျန်းသည် ကျင့်ကြံခြင်းတွင် သိုင်းသခင်နယ်ပယ် တတိယအဆင့်ကို ရောက်ရှိနေပြီး ၎င်း၏ တိုက်ပွဲဝင်စွမ်းအားသည် တုံမိသားစု၏ အတွေ့အကြုံရင့် အကြီးအကဲ တချို့ထက်ပင် မနိမ့်ပေ။
ထို့ကြောင့် သူတို့သည် သူတို့ရှေ့မှ ကောင်လေးက အခြေအနေမည်မျှ ဆိုးရွားမည်ကို ခန့်မှန်းနိုင်ခဲ့သည်။
တုံယွင်ထျန်း၏ တိုက်ခိုက်မှုကိုမြင်လျှင် ကျန်းချန်၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖျပ်ခနဲ လက်သွားခဲ့သည်။
သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်နှင့် သွေးနဂါးဓားသည် လေထဲမှတဆင့် သူ့လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာခဲ့သည်။
"မင်းရဲ့ဓားပညာက အများကြီး နုပါသေးတယ်.."
ကျန်းချန်က ညင်သာစွာ ပြုံးလိုက်ပြီး သူ၏ လက်ထဲမှ သွေးနဂါးဓားကို ဝှေ့ရမ်းလိုက်ရာ ဓားဆန္ဒ တတိယအဆင့်၏ ခွန်အားပါဝင်သော အနီရောင် ဓားအလင်းသည် ချက်ချင်းပင် ဓားကွန်ရက် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရာအားလုံးကို လွှမ်းမိုးနိုင်သော အရှိန်အဟုန်ဖြင့် တုံယွင်ထျန်း၏ ဓားရိပ်များကို ရင်ဆိုင်လိုက်သည်။
တစ်ခဏအတွင်းမှာပင် လေးလံပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် တုံယွင်ထျန်း၏ နှလုံးသားဆီရုတ်တရက်ကြီး ဖိအားပေးလာခဲ့၍ တုံယွင်ထျန်းသည်
သွေးဖိအားများ ကျဆင်းသွားပြီး အသက်ရှုရပင် ခက်ခဲလာခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကျန်းချန်၏ ဓားကွန်ရက်သည် လေထုကို ထိုးခွဲသွားပြီး သူ့ဆီသို့ တိုးဝင်လာသည့် ဓားအရိပ်ဆယ်ခုကျော်ကို အပိုင်းပိုင်း ဖြိုခွဲပစ်လိုက်သည်။
ထိုအခါ တုံယွင်ထျန်း၏ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ၏ ပါးစပ်ကနေလည်း သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။
"ဒီကောင်က ဘယ်သူလဲ..ဘာလို့ ဒီလောက်တောင် အင်အားကြီးမားနေရတာလဲ.."
တုံယွင်ထျန်းက စိတ်ထဲကနေ ထိတ်လန့်သွားခဲ့သည်။
သူက မှင်တက်ရာကနေ ပြန်လည် မသက်သာသေးခင်မှာပင် သွေးရောင်ဓားရှည် တစ်လက်သည် သူ၏ လည်ပင်းတွင် တိတ်တဆိတ် ပေါ်လာခဲ့ရာ သူ၏ တစ်ကိုယ်လုံးက ချက်ချင်းဆိုသလို တောင့်တင်းသွားခဲ့သည်။
"မင်း.. မင်း.."
တုံယွင်ထျန်းက ရုတ်တရက် ခေါင်းမော့ပြီး ဘယ်အချိန်ကတည်းက သူ့ဘေးတွင် ပေါ်လာမှန်း မသိရသည့် ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် ကြောက်လန့်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့၏။
"တုံမိသားစုရဲ့ နံပါတ်တစ်ပါရမီရှင်က ဒီလောက်ပဲလား"
ကျန်းချန်က တုံယွင်ထျန်းကို မထီမဲ့မြင် စိုက်ကြည့်ကာ ပြောလိုက်သည်။
"အခု မင်း ရှုံးနိမ့်သွားပြီ ဆိုတော့ ဒီရေခဲတောင်ကြာပန်းက ငါ့အတွက်ပဲ"
အခန်း(၈၇၄)ပြီး၏။
အခန်း(၈၇၅)
"တုံယွင်ထျန်းက ဒီကောင့်ကို အပြတ်အသတ် ရှုံးနိမ့်သွားတာပဲ.. ငါများ မျက်စိမှောက်သွားတာလား.. ဒီကောင်က အရမ်းကြမ်းတာပဲ.."
သူတို့ လုံးဝ မမျှော်လင့်ထားသည့် မြင်ကွင်းကို မြင်လိုက်ရသောကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် မှင်တက်သွားခဲ့ကြပြီး မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
သူတို့ တုံမိသားစု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် တုံယွင်ထျန်းသည် သူတို့ရှေ့မှ လူငယ်၏ လက်ထဲတွင် ဤမျှအထိ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။
တုံမိသားစု၏ နံပါတ်တစ်ပါရမီရှင်သည် ထိုလူငယ်၏ ဓားကွက် တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပေ။
ဤကဲ့သို့ ကြောက်မက်ဖွယ် ပါရမီရှင်သည် ပိုင်မင်မြို့ တစ်မြို့လုံးမှာပင် ရှားပါးသည်။
ယင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် မွန်းစတားက သူတို့တုံမိသားစုတွင် ဘယ်အချိန်ကတည်းက ရှိနေပါသနည်း။
ပတ်ဝန်းကျင်မှ တုံမိသားစု တပည့်များ၏ ရေရွတ်သံများကိုကြားလျှင် တုံယွင်ထျန်းသည် ရှက်ရွံ့ဒေါသထွက်ကာ မျက်နှာနီရဲလာခဲ့သည်။
သူ့လို တုံမိသားစု၏ နံပါတ်တစ် ပါရမီရှင်ကို နာမည်ပင် မရှိသည့် ကောင်လေး တစ်ယောက်က အပြတ်အသတ် အနိုင်ယူလိုက်သည် မဟုတ်ပါလား။
"ကောင်လေး.. ဒီအကြွေးကို ငါမှတ်ထားမယ်.."
တုံယွင်ထျန်းသည် ဤနေရာတွင် ဆက်နေရန် မျက်နှာမရှိတော့ပေ။
သူက ကျန်းချန်ကို စူးရှစွာ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် မည်သည့်စကားမှ မပြောတော့ဘဲ ချာခနဲ လှည့်ထွက်သွားခဲ့သည်။
တုံယွင်ထျန်း လှည့်ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် သွေးနဂါးဓားကို ပြန်သိမ်းလိုက်ပြီး တုံမိသားစု တပည့်များ၏ တုန်လှုပ်ခြောက်ခြားနေသော အကြည့်များ အောက်မှာပင် တုံမိသားစု ရတနာခန်းမကနေ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားခဲ့သည်။
တုံမိသားစု ရတနာခန်းမမှ ထွက်လာပြီးနောက် ကျန်းချန်သည်မိုမိသားစုအဖွဲ့ နေထိုင်ရာသို့ ပြန်သွားခဲ့၏။
"သခင်လေးကျန်း"
ခြံဝင်းထဲ ကျန်းချန် လျှောက်ဝင်လာသည်ကို မြင်လျှင် ခြံဝင်းထဲတွင် ရှိနေသည့် မိုချွမ်က ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
"မိုမိသားစုဆီ မိုယောင် ပြန်သွားပြီလား.."
ကျန်းချန်သည် ခြံဝင်းထဲကို ဝင်လာသော အခိုက်တွင် ခြံဝင်းထဲ၌ မိုချွမ် တစ်ယောက်တည်းသာ ရှိနေသည်ကို တွေ့လိုက်ရ၍ ပြုံးကာ မေးလိုက်သည်။
"ဟုတ်ပါတယ် သခင်လေးကျန်း.. သခင်မလေးကအလောတကြီး မိုအိမ်ကို ပြန်သွားတာပါ.. သခင်လေးကျန်းရဲ့ကြီးမားတဲ့ ကျေးဇူးကို ကျွန်တော်တို့ မိုမိသားစုက ဘယ်လို ဆက်ရမလဲတောင် မသိတော့ပါဘူး.. သခင်မလေးက ကျွန်တော့်ကို ဒီနေရာမှာ စောင့်ခိုင်းပြီး ဒီပစ္စည်းကို သခင်လေးကျန်းဆီ ပေးခိုင်းလိုက်ပါတယ်.."
ထိုစကားကို ပြောပြီးနောက်တွင် မိုချွမ်သည် မီးခိုးရောင်တောက်ပနေသည့် ရှေးဟောင်းကျောက်စိမ်း လက်ဝတ်ရတနာ တစ်ခုကို တိုက်ရိုက် ထုတ်ယူကာ ကျန်းချန်ကို ပေးလိုက်သည်။
ကျန်းချန်က ထိုကျောက်စိမ်းလက်ဝတ် ရတနာကို အနည်းငယ်လှည့်ပတ်ပြီး ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်း ဆိုသလို အံ့အားသင့်သော အရိပ်အယောင်တစ်ခုသည် သူ၏ မျက်လုံးထဲတွင် လင်းလက်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူက ကျောက်စိမ်းလက်ဝတ် ရတနာတစ်ခုကို လေ့လာနေချိန်တွင် သူ၏ အဆတစ်ရာစနစ်က ဤကျောက်စိမ်း လက်ဝတ်ရတနာပေါ်၌ ရှေးဟောင်း စည်းတံဆိပ်တစ်ခု ရှိနေသည်ကို သတိပေးခဲ့၍ ဖြစ်၏။
"ငါဒီပစ္စည်းကို လက်ခံလိုက်ပြီ.. မင်းတို့ သခင်မလေးကို ကျေးဇူးတင်ပါတယ်လို့ စကားပါးပေးပါဦး"
ကျန်းချန်က ကျောက်စိမ်းလက်ဝတ် ရတနာကို လက်ခံလိုက်ပြီးနောက်တွင် မိုချွမ်ကို ပြုံးကာ ပြောလိုက်သည်။
"ဒါဆိုလည်း ကျွန်တော်သွားမယ် သခင်လေးကျန်း.. နောက်အခွင့်အရေးရရင် မိုမိသားစုဆီ လာလည်ပါ.. ကျွန်တော်တို့ မိုမိသားစုက သခင်လေးကျန်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါ့မယ်"
မိုချွမ်က ကျန်းချန်ကို ဂါဝရပြု၍ ပြောလိုက်ပြီး ခြံဝန်းအပြင်ဘက်ဆီသို့ အလျင်အမြန် လှည့်ထွက်သွားခဲ့သည်။
မိုချွမ်ထွက်သွားသည်ကို ကြည့်နေပြီးနောက်တွင် ကျန်းချန်သည် သူ၏ အခန်းသို့ ပြန်လာခဲ့၏။
မူလတွင် တုံမင်သည် ကျန်းချန်အတွက် ပိုမို ကောင်းမွန်သည့် ခြံဝန်းတစ်ခုကို စီစဉ်ပေးချင်သော်လည်း ကျန်းချန်ကအလုပ်ရှုပ်သည်ဟု ဆိုကာ ဤခြံဝန်းထဲမှာပင် ဆက်လက် အခြေချခဲ့သည်။
အခန်းထဲကို ရောက်ပြီးနောက်တွင် ကျန်းချန်သည် မိုချွမ်မှ တဆင့် မိုယောင် သူ့ကို ပေးခဲ့သည့် ကျောက်စိမ်းလက်ဝတ်ရတနာကို လေ့လာရန် မအောင့်အီးနိုင်တော့ပေ။
"ဒီကျောက်စိမ်းလက်ဝတ် ရတနာထဲမှာ ဘာကို တံဆိပ်ခတ်ထားလဲဆိုတာ ငါကြည့်ချင်တယ်.."
ကျန်းချန်က သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းလက်ဝတ် ရတနာပေါ်တွင် အာရုံစိုက်လိုက်ပြီး တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
"ဒင်.. သင်က ရှေးဟောင်း သုံးထပ် စည်းတံဆိပ် အစီအရင်ကိုလေ့လာပြီး အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါတယ်.."
"ဒင်.. သင်က ရှေးဟောင်းသုံးထပ် စည်းတံဆိပ် အစီအရင်ရဲ့ အနှစ်သာရကို တစ်စိတ်တစ်ပိုင်း နားလည်လိုက်ပါပြီ"
"......."
ကျန်းချန်က လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းလက်ဝတ်ရတနာကို ဆက်လက် လေ့လာနေချိန်တွင် စနစ်၏ သတိပေးချက်များသည် ကျန်းချန်၏ စိတ်ထဲတွင် ဆက်တိုက် မြည်လာခဲ့သည်။
နာရီဝက်ကြာ လေ့လာပြီးနောက်တွင် ကျန်းချန်သည် ရှေးဟောင်း သုံးထပ်အစီအရင်ကို အပြည့်အဝ နားလည်သွားခဲ့သည်။
ဆိုရလျှင် သူသည် ရှေးဟောင်းသုံးထပ် အစီအရင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားခဲ့ပြီ ဖြစ်၏။
ထို့နောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ကာ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းလက်ဝတ် ရတနာ၏ စည်းတံဆိပ်ကို အလျင်အမြန် ချိုးဖျက်လိုက်တော့သည်။
အခန်း(၈၇၅)ပြီး၏။
အခန်း(၈၇၆)
ကျန်းချန်က သူ့လက်ဖြင့် ကျောက်စိမ်းလက်ဝတ် ရတနာကို ဆယ်မိနစ်ကျော်ကြာအောင် ပွတ်သပ်လိုက်ရာ အဆုံးသတ်တွင် လက်ဝတ်ရတနာ၏ မျက်နှာပြင်ကနေ ကလစ် ဟူသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်၏ အသက်ရှုနှုန်းကိုပင် ရပ်တန့်သွားစေလောက်သည့် သွေးအရှိန်အဝါ တစ်ခုသည် ချက်ချင်းဆိုသလို အခန်းတစ်ခုလုံး၌ လွှမ်းမိုးသွားခဲ့သည်။
"ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ သွေးအရှိန်အဝါလဲ"
ကျန်းချန်က ရုတ်တရက် အံ့ဩတုန်လှုပ်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သည့် ကျောက်စိမ်းလက်ဝတ် ရတနာ၏ စည်းတံဆိပ်ကို ဖွင့်လိုက်ပြီးနောက်တွင် ဤမျှ အားကောင်းသော သွေးအရှိန်အဝါ ထွက်ပေါ်လာလိမ့်မည်ဟု သူ အမှန်တကယ် ထင်မထားခဲ့ပေ။
ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ နဂါးမီးတောက် အရှင်သခင်ခန္ဓာကိုယ်၏ သွေးစွမ်းအားပင် ကျောက်စိမ်းလက်ဝတ် ရတနာထဲမှ လျှို့ဝှက်ဆန်းကြယ်သော သွေးအရှိန်အဝါ ဖိအားကြောင့် လုံးဝ ဖိနှိပ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။
ကျန်းချန်က အံ့အားသင့်မှုကို ထိန်းချုပ်လိုက်ကာ သူ၏ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းလက်ဝတ်ရတနာကို မျက်လုံးအပြူးသားဖြင့် စူးစိုက်ကြည့်နေခဲ့၏။
ထိုအခါ ကျောက်စိမ်းလက်ဝတ်ရတနာ၏ အလယ်တွင် လက်မအရွယ်ရှိ အနီရောင် အရည်တစ်စက်သည် ကျန်းချန်၏ မြင်ကွင်း၌ ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။
"ဒီထဲမှာ ချိတ်ပိတ်ထားတာက သွေးတစ်စက်လား"
ကျန်းချန်က ကျောက်စိမ်း လက်ဝတ်ရတနာထဲမှ အနီရောင် အရည်တစ်စက်ကို စူးစိုက်ကြည့်နေရင်း အံ့ဩတုန်လှုပ်သွားခဲ့သည်။
"ရှေးဟောင်းစည်းတံဆိပ် အစီအရင်တွေနဲ့ ချိတ်ပိတ်ထားတဲ့ အဆီအနှစ် သွေးတစ်စက် ဖြစ်တဲ့အပြင် ကြောက်မက်ဖွယ်ကောင်းတဲ့ သွေးအရှိန်အဝါလည်း ရှိနေတော့ ဒီသွေးတစ်စက်က လုံးဝ မရိုးရှင်းလောက်ဘူး"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သိထားရမည်မှာ သူ၏ နဂါးမီးတောက် အရှင်သခင် ခန္ဓာကိုယ်သည် သွေးစွမ်းအားများဖြင့် ပေါင်းစပ်ကာ မွေးဖွားလာသည့်အားကောင်းသော သွေးစွမ်းအားတစ်ခု ဖြစ်သည်။
ဆိုရလျှင် မီးလျှံသားရဲကဲ့သို့ အထွတ်အမြတ်သားရဲ၏ သွေးပါဝင်သော ရှေးဟောင်းသားရဲများပင် သူ၏ နဂါးမီးတောက် အရှင်သခင် ခန္ဓာကိုယ်၏ သွေးစွမ်းအားကို မဖိနှိပ်နိုင်ပေ။
သို့ရာတွင် သူ့ရှေ့မှ သွေးတစ်စက်ကမူ သူ့ကို လုံးဝ ဖိနှိပ်နိုင်သည် အထိ အလွန်အမင်း အားကောင်းနေခဲ့သည်။
ကျန်းချန်၏ ခန့်မှန်းချက်အရ ဤသွေးတစ်စက်၏ မူလဇစ်မြစ်သည် ဖြစ်နိုင်ချေနှစ်ခုသာ ရှိသည်။
ပထမဖြစ်နိုင်ချေမှာ အင်ပါယာ၏သွေး ဖြစ်သည်။
ရှန်းဝူတိုက်ကြီးတွင် ကျင့်ကြံသူ တစ်ယောက်သည် အင်ပါယာကပ်ဘေးကို ကျော်လွှားပြီး အင်ပါယာ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ခန္ဓာကိုယ်သည် နတ်စွမ်းအင်မပါဘဲ စုစည်းကာ ပြန်လည်မွေးဖွားလာမည် ဖြစ်သည်။
အင်ပါယာ စွမ်းအားသည် ခန့်မှန်း၍မရဟုပင် ကောလဟာလ ရှိ၏။
အင်ပါယာအဆင့် ကျင့်ကြံသူက သေဆုံးသွားလျှင်ပင် သူ၏ခန္ဓာကိုယ်ထဲရှိ သွေးထဲတွင် ပါဝင်နေသည့် အင်ပါယာ စွမ်းအားသည် နှစ်ပေါင်းထောင်ချီသည် အထိ အာနိသင် ဆက်လက် ရှိနေဦးမည် ဖြစ်သည်။
သို့ဖြစ်ရာ သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော သွေးတစ်စက်သည် အင်ပါယာ၏ သွေးတစ်စက် ဖြစ်နိုင်ပေသည်။
ဟုတ်ပါသည်၊ အင်ပါယာသွေးအပြင် နောက်ထပ် ဖြစ်နိုင်ချေတစ်ခုလည်း ရှိပါသေးသည်။
ထိုဖြစ်နိုင်ချေမှာ ရှေးဟောင်း အထွတ်အမြတ် သားရဲ၏ သွေးဖြစ်သည်။
ရှေးဟောင်း ဒဏ္ဍာရီလာ သားရဲများသည် ကမ္ဘာပေါ်တွင် အားအကောင်းဆုံး သွေးစွမ်းအားများဖြင့် မွေးဖွားလာခဲ့ကြသည်။
ဆိုရဲလျှင် ရှေးဟောင်း အထွတ်အမြတ် သားရဲတိုင်းသည် အင်ပါယာနှင့် ယှဥ်ပြိုင်နိုင်သည့် အင်အားကြီးမားသော သားရဲများ ဖြစ်ကြသည်။
ကျန်းချန်က ကျောက်စိမ်းလက်ဝတ် ရတနာမှ ရရှိသည့် လျှို့ဝှက်ဆန်းကြယ်သော အဆီအနှစ် သွေးတစ်စက်ကို စေ့စေ့ စိုက်ကြည့်နေခဲ့ပြီး မျက်ဝန်းထဲတွင် အလင်းရောင်
များ ပြည့်နှက်လာခဲ့သည်။
ရှန်းဝူတိုက်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကတည်းက ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။
အင်ပါယာဖြစ်စေ၊ ရှေးဟောင်း အထွတ်အမြတ်သားရဲ ဖြစ်စေ ရှန်းဝူတိုက်ကြီးကနေ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
သို့ဖြစ်ရာ ကျောက်စိမ်းလက်ဝတ် ရတနာထဲမှ အဆီအနှစ်သွေးတစ်စက်သည် အင်ပါယာ၏ သွေးဖြစ်စေ၊ အထွတ်အမြတ်သားရဲ၏ သွေးဖြစ်စေ ကမ္ဘာပေါ်တွင် မရှိနိုင်တော့သည့် ပြိုင်ဘက်ကင်း ရတနာတစ်ခုပင် ဖြစ်သည်။
ထို့အပြင် ကျန်းချန်တွင် အဆတစ်ရာစနစ်ဟူသော ပြိုင်ဘက်ကင်းစနစ်တစ်ခု ရှိ၏။
အင်ပါယာ၏ သွေးဖြစ်စေ၊ သားရဲ၏သွေးဖြစ်စေ မည်မျှပင်စွမ်းအား ပြင်းထန်နေပါစေ သူက တိုက်ရိုက်မျိုချနိုင်ပြီး နဂါးမီးတောက် အရှင်သခင် ခန္ဓာကိုယ်ကို တဖန် မြှင့်တင်နိုင်မည် ဖြစ်သည်။
သူ၏ သွေးစွမ်းအား တဖန် တိုးတက်လာသည်နှင့်အမျှ ယန်ဒီမြို့ရှိ အင်ပါယာသွေးပါသည့် ရှောင်မိသားစုမှ တပည့်များထက် လုံးဝ မနိမ့်ကျတော့ဟု ကျန်းချန် ယုံကြည်မှုရှိသည်။
စိတ်လှုပ်ရှားမှုနှင့်အတူ ကျန်းချန်သည် ကျောက်စိမ်းလက်ဝတ်ရတနာထဲမှ ရရှိသည့် လျှို့ဝှက် ဆန်းကြယ်သော အဆီအနှစ် သွေးတစ်စက်ကို မျိုချလိုက်တော့သည်။
နောက်ထပ် တခဏမှာပင် စနစ်၏ သာယာကြည်နူးဖွယ်ကောင်းသော အသံသည် ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ဒင်.. သင်က နဂါးနတ်ဘုရားရဲ့ သွေးတစ်စက်ကို ပေါင်းစည်းပြီး သွေးစွမ်းအားကို အဆတစ်ရာ တိုးပွားအောင် လှုံ့ဆော်လိုက်ပါတယ်"
"ဒင်.. သင်က နဂါးမီးတောက် အရှင်သခင် ခန္ဓာကိုယ်ကနေ နဂါးပြာသန္ဓေ ခန္ဓာကိုယ်အဖြစ် အောင်မြင်စွာ ပြောင်းလဲသွားပါပြီ"
သူ၏စိတ်ထဲမှ စနစ်၏ သတိပေးသံကိုကြားလျှင် ကျန်းချန်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။
အဆုံးသတ်တွင် ဤလျှို့ဝှက်ဆန်းကြယ် ကျောက်စိမ်းလက်ဝတ်ရတနာထဲတွင် စည်းတံဆိပ် ခတ်ထားသည်မှာ နဂါးနတ်ဘုရား၏ သွေးတစ်စက် ဖြစ်နေခဲ့သည်။
နဂါးနတ်ဘုရား၏ သွေးတစ်စက်နှင့် ပေါင်းစည်းပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် ပိုမို အားကောင်းသည့် နဂါးပြာသန္ဓေ ခန္ဓာကိုယ်အဖြစ် မြှင့်တင်ခံလိုက်ရ၏။
အခန်း(၈၇၆)ပြီး၏။