အခန်း (၈၇၇-၈၇၉)
Vol. 59 Ch. 877-879
အခန်း(၈၇၇)
နဂါးပြာ သန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားက မည်မျှအင်အားကြီးမှန်း သူ မသိသော်လည်း အနည်းဆုံးတော့ နဂါးမီးတောက် အရှင်သခင်ခန္ဓာကိုယ်နှင့် အဆင့်တူတွင်မရှိပေ။
"သွေးစွမ်းအားကို ရုပ်ပိုင်းဆိုင်ရာအင်အားနဲ့ ပေါင်းစည်းပြီးပိုမိုကြီးမားတဲ့ ခွန်အားကို ထုတ်ဖော်ဖို့ဆိုရင် မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ကို မြှင့်တင်ဖို့ အချိန်တန်ပြီထင်တယ်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ကျန်းချန်သည် စန်းလန် အဖွဲ့အစည်းတွင် သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ကို စတုတ္ထအဆင့်အထိ မြှင့်တင်ခဲ့ပြီးပြီ ဖြစ်သည်။
ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းစနစ်သည် သိုင်းသခင်နယ်ပယ် ပထမအဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်၍ စတုတ္ထအဆင့်၏ အထွတ်အထိပ်ကိုသာ ရောက်ရှိသေးသော မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်သည် များစွာ နိမ့်ကျသွားခဲ့ချေပြီ။
သူသာ မပျက်စီးနိုင်သော ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ကို ပဉ္စမအဆင့်အထိ လေ့ကျင့်ပြီး နဂါးပြာသန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားနှင့် ပူးပေါင်းလိုက်လျှင် မယုံကြည်နိုင်လောက်သည့် စွမ်းအားကို ထုတ်ဖော်နိုင်မည်မှာ သေချာသလောက် ဖြစ်သည်။
ထို့အပြင် မပျက်စီးနိုင်သည့် ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ကို ပဉ္စမအဆင့်အထိ ထိုးဖောက်ပြီးပြီဆိုလျှင် ကျန်းချန်သည် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဉ်၏ တတိယတိုက်ကွက်ကို နားလည်နိုင်လိမ့်မည် ဖြစ်၏။
ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဉ်သည် မြောက်ပိုင်းတောရိုင်းဒေသရှိ ထိုက်ရှဂိုဏ်း၏ သိုင်းကျင့်စဉ် ဖြစ်သော်လည်း ထိုကျင့်စဉ်သည် သာမန်သိုင်းဂိုဏ်းများမှ သိုင်းကျင့်စဉ်များနှင့် များစွာ ကွာခြားသည်ဟု ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
ဆိုရလျှင် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဉ်၏ ပထမတိုက်ကွက်ကပင် ကောင်းကင်အဆင့် သိုင်းကျင့်စဉ် အများအပြားနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
ဒုတိယတိုက်ကွက်ဖြစ်သည့် ဟင်းလင်းပြင်ချေမှုန်း တိုက်ကွက်သည် ကောင်းကင်အဆင့်သိုင်းကျင့်စဉ် အများစုကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်၏ ခန့်မှန်းချက်အရ ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဉ်၏ တတိယတိုက်ကွက်သည် ဘုရင်အဆင့် ကျင့်စဉ် အောက်တွင် မရှိလောက်ပေ။
"အကြီးအကဲတုံဟဲ အတွက် ရှေးဟောင်း အသက်ရှည်ဆေးကို သန့်စင်ပေးပြီးရင် တုံမိသားစုမှာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ဖို့ သင့်တော်တဲ့နေရာ ရှိသလားလို့ မေးကြည့်ရမယ်"
ထိုသို့ တွေးလိုက်ပြီးနောက်တွင် ကျန်းချန်သည် ဆေးမီးဖိုနှင့်လိုအပ်သည့် ဆေးဖက်ဝင် ပစ္စည်းများကို တိုက်ရိုက် ထုတ်ယူကာ အကြီးအကဲတုံဟဲ အတွက် ရှေးဟောင်း အသက်ရှည်ဆေးကို စတင် သန့်စင်လိုက်သည်။
ဤတစ်ခေါက်တွင် ကျန်းချန် သန့်စင်မည့်ဆေးလုံးသည် ဝိညာဥ်လိပ် သက်တမ်းတိုးဆေးဟု ခေါ်သည့် ဆဋ္ဌမအဆင့်ဆေးလုံး ဖြစ်သည်။
သာမန် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ပင် ထိုဆေးလုံးကို သန့်စင်ရန် မလွယ်ကူပေ။
သို့သော်လည်း ကျန်းချန်တွင် အဆတစ်ရာစနစ်၏ အောင်မြင်မှုနှုန်း အဆတစ်ရာ ရှိနေ၍ သန့်စင်ရာတွင် အခက်အခဲ မကြုံတွေ့ခဲ့ချေ။
တစ်နာရီခန့် အကြာတွင် ကျန်းချန်သည် ဝိညာဥ်လိပ် သက်တမ်းတိုးဆေးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
ဝိညာဥ်လိပ် သက်တမ်းတိုးဆေးကို သန့်စင်ပြီးနောက်တွင် ကျန်းချန်သည် အတွင်းအား ခဏမျှ ကျင့်ကြံခဲ့ပြီး သူ၏ အသက်ရှုနှုန်းကို ချိန်ညှိလိုက်၏။
ထို့နောက်တွင် အခန်းထဲကနေ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
"သခင်လေးကျန်းချန် အကြီးအကဲက သခင်လေးကို ခန်းမဆီလာခိုင်းလိုက်တယ်"
ကျန်းချန် အခန်းထဲမှ ထွက်လာပြီးနောက်တွင် အခန်းတံခါးဝတွင် စောင့်နေသည့် တုံမင်သည် အလျင်အမြန် ပြောလိုက်သည်။
"ဘာအကြောင်းကိစ္စလဲ ဆိုတာမင်းသိလား.."
ကျန်းချန်က တုံမင်ကို မေးခွန်းထုတ်လိုက်သည်။
သူက အနည်းငယ် အံ့အားသင့်နေခဲ့၏။
ဤအဘိုးကြီးက သူ့ကို အဘယ်ကြောင့် ရှာဖွေရပါသနည်း။
"ပါရမီရှင်အမဲလိုက်ပြိုင်ပွဲရဲ့ လူစာရင်း ကိစ္စကြောင့်ပါ.. အကြီးအကဲက ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ အတွက် ကြိုတင်ရွေးချယ်ထားတဲ့ စာရင်းကို အစားထိုးလိုက်တာကြောင့် မကျေနပ်မှု တချို့ ဖြစ်ပေါ်ခဲ့တယ်.. ဒါကြောင့် အကြီးအကဲက သခင်လေးကို ခေါ်ခိုင်းလိုက်တာပဲ.."
"ငါ့ကိုရှေ့ကနေ လမ်းပြ.."
ကျန်းချန်က တွေဝေမနေဘဲ တိုက်ရိုက် ပြောလိုက်သည်။
ဤပါရမီရှင် အမဲလိုက်ပြိုင်ပွဲသည် သူ့အနေဖြင့် ရှောင်တုလီကိုရှာဖွေရန် ယန်ဒီမြို့ရှိ ရှောင်မိသားစုထဲ ဝင်ခွင့်ရမရ ဆိုသည့်ကိစ္စနှင့် ပတ်သက်နေသည်။
ထို့ကြောင့် မည်သို့သော အကြောင်းအရင်းပဲရှိရှိ လူစာရင်းထဲတွင် နေရာတစ်နေရာကို အရယူရပေမည်။
သိပ်မကြာခင်မှာပင် တုံမင်၏ လမ်းပြမှုဖြင့် အစည်းအဝေးခန်းမ တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
ခန်းမထဲတွင် တုံမိသားစု ခေါင်းဆောင်နှင့် အကြီးအကဲချုပ် နှစ်ဦး အပါအဝင် တုံမိသားစု၏ အဆင့်မြင့်အကြီးအကဲများ အားလုံး ရောက်ရှိနေခဲ့ကြသည်။
ထို့အပြင် ခန်းမ၏ တစ်ဖက်တစ်ချက်တွင် လူငယ် ကျင့်ကြံသူများ စီတန်း၍ ရပ်နေခဲ့ကြသည်။
ထိုကျင့်ကြံသူများထဲမှ အားအနည်းဆုံးသူပင် စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် သို့မဟုတ် ထိုအထက်ကို ရောက်ရှိနေခဲ့ကြပြီး အားလုံးသည် တုံမိသားစု၏ ပါရမီရှင် တပည့်များ ဖြစ်သည်မှာ ထင်ရှားနေသည်။
ဤအချိန်တွင် တုံမိသားစုမှ ပါရမီရှင်တပည့်များသည် ခန်းမရှေ့မြင့်မားသောထိုင်ခုံပေါ်မှ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ သုံးယောက်ကို အံ့သြတုန်လှုပ်သော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။
တုံမိသားစုတွင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ သုံးယောက် ရှိသော်လည်း ပုံမှန်အားဖြင့် အကြီးအကဲချုပ် နှစ်ယောက်သည် လူမြင်ကွင်းတွင် ထွက်ပေါ်လာရန် ခဲယဥ်း၏။
ယခုအခါတွင် တုံမိသားစု၏ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ သုံးယောက်လုံး စုဝေးနေသောကြောင့် အလွန် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်မည်မှာ သေချာသလောက်ပင် မဟုတ်ပါလော။
အခန်း(၈၇၇) ပြီး၏။
အခန်း(၈၇၈)
"အကြီးအကဲ လူစုံပြီ စလိုက်ရအောင်.."
ကျန်းချန် ရောက်လာသည်ကို မြင်သည်နှင့် တုံမိသားစုခေါင်းဆောင် တုံကျန့်၏ ဘေးတွင် ထိုင်နေသည့် တုံဟဲက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပြီ"
တုံကျန့်က ခေါင်းညိမ့်လိုက်၏။
သူက ထရပ်လိုက်ပြီး စူးရှသော အကြည့်များဖြင့် တုံမိသားစုမှတပည့်များကို အနည်းငယ် ဝေ့ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန့်ညားသောအသံသည် ခန်းမထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။
"မင်းတို့အားလုံးက ငါတို့ တုံမိသားစုရဲ့ ပါရမီရှင်တပည့်တွေပဲ.. ဒီနေ့ ဒီနေရာမှာ မင်းတို့ကို စုဝေးစေတဲ့ ရည်ရွယ်ချက်ကို မင်းတို့အားလုံး သိမယ်လို့ ငါထင်တယ်.. ပိုင်မင်မြို့မှာ နောက်ဆယ်ရက်အကြာကျရင် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲကို ကျင်းပတော့မယ်.. ဒီပြိုင်ပွဲမှာ ယှဥ်ပြိုင်ဖို့အတွက် နေရာဆယ်နေရာ ရှိတယ်.. ဒီနေ့ ငါနဲ့ အကြီးအကဲ နှစ်ယောက်က တည်နေရာ ဆယ်နေရာကို အတည်ပြုဖို့ အတွက် ဒီမှာ ရှိနေကြတာပဲ.."
တုံကျန့်၏ စကားဆုံးသည်နှင့် ခန်းမထဲရှိ တုံမိသားစုမှ တပည့်များသည် ချက်ချင်းပင် စိတ်ဓာတ်တက်ကြွလာကြသည်။
ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ ဆိုသည်မှာ ပိုင်မင်မြို့တွင် နှစ်အနည်းငယ်ကြာမှသာ တစ်ကြိမ် ကျင်းပသည့် ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲတစ်ခု ဖြစ်သည်။
ထိုပြိုင်ပွဲကျင်းပသည့် အချိန်တိုင်းတွင် ပိုင်မင်မြို့ရှိ ကြယ်နှစ်ပွင့်အင်အားစု သုံးခုစလုံးသည် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲအတွက် တပည့်ဆယ်ယောက်စီကို စေလွှတ်၍ ယှဥ်ပြိုင်စေခဲ့၏။
ထိုပြိုင်ပွဲကို ယန်ဒီမြို့ရှိ ပင်မ ရှောင်မိသားစုမှလည်း အကြီးအကဲ တစ်ယောက် စေလွှတ်ကာ လာရောက်ကြည့်ရှုစေမည် ဖြစ်သည်။
ပါရမီရှင်အမဲလိုက်ပြိုင်ပွဲတွင် ကောင်းစွာ လုပ်ဆောင်နိုင်လျှင် ဆုလာဘ်များစွာ ရရှိရုံတင်မက ယန်ဒီမြို့တွင် လေ့ကျင့်နိုင်မည့် အခွင့်အရေးများကိုလည်း ရရှိလိမ့်မည် ဖြစ်သည်။
ယန်ဒီမြို့သည် ကျုံးကျိုးကုန်းမြေ၏ မြို့တော်ကြီး ငါးခုထဲမှတစ်ခု ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသည့် ရှန်းဝူတိုက်ကြီး၏ ကြယ်လေးပွင့် အထွတ်အမြတ် နယ်မြေတစ်ခုဖြစ်သည်။
ထိုကဲ့သို့သော နေရာမျိုးတွင် လေ့ကျင့်ခွင့်ရခြင်းသည် ရှန်းဝူတိုက်ကြီးမှ ကျင့်ကြံသူတိုင်း အတွက် အိပ်မက်တစ်ခု ဆိုလည်းမမှားပေ။
"ကောင်းပြီလေ.. အပိုစကားတွေ မပြောတော့ဘူး.. အခုပါရမီရှင်အမဲလိုက် ပြိုင်ပွဲမှာ ပါဝင်ခွင့်ရမဲ့ လူစာရင်းကို ငါကြေညာမယ်.. ငါ နာမည်ခေါ်လိုက်တဲ့ လူတွေက အကုန်လုံး ရှေ့ထွက်ပြီး ရပ်ရမယ်"
တုံကျန့်က စကားဆုံးသည်နှင့် ပထမဆုံး နာမည်ကို တိုက်ရိုက် ပြောလိုက်သည်။
တုံကျန့် ပထမဆုံး ခေါ်လိုက်သည့်သူမှာ တုံမိသားစု၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သည့် တုံယွင်ထျန်း ဖြစ်သည်။
နောက်ထပ် ခေါ်လိုက်သည့်သူမှာ ကျန်းချန် ဒဏ်ရာရစေခဲ့သည့် တုံနင် ဖြစ်သည်။
ဤသို့ဖြင့် နာမည်များ ဆက်တိုက် ခေါ်လာပြီးနောက်တွင် နောက်ဆုံး ခေါ်လိုက်သည့် နာမည်သည် ကျန်းချန်၏ နာမည် ဖြစ်နေခဲ့၏။
ကျန်းချန်က လူတိုင်း၏ အကြည့်အောက်မှာပင် စီတန်းနေရာကနေ အပြင်သို့ ထွက်ကာ တုံကျန့်၏ အရှေ့တွင် ရပ်လိုက်သည်။
ထိုအချိန်တွင် တုံမိသားစုမှ တပည့်အားလုံး၏ မျက်ဝန်းထဲတွင် မယုံနိုင်လောက်သည့် အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၏ နောက်ဆုံးနေရာသည် သူတို့ရှေ့မှထူးဆန်းသော ကောင်လေး ဖြစ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။
ကျန်းချန်က တုံမိသားစု၏ နံပါတ်တစ် ပါရမီရှင် တုံယွင်ထျန်းနှင့် တုံနင် တို့ကို အနိုင်ရခဲ့သော်လည်း သူ၏ အကြောင်းကို တုံမိသားစုမှ လူတချို့သာ သိရှိခဲ့သည်။
ဆိုရလျှင် ခန်းမထဲရှိ တုံမိသားစု၏ ပါရမီရှင်များသည် ကျန်းချန်ကို မသိကြပေ။
အထူးသဖြင့် တုံလျန့်ဟု ခေါ်သည့် ပါရမီရှင် တစ်ယောက်၏ မျက်နှာသည် အလွန်ပင် ကြည့်ရဆိုးလာခဲ့သည်။
တုံလျန့်သည် တုံမိသားစု၏ အသက်အငယ်ဆုံး ဘုရင်အဆင့်ပါရမီရှင် ဖြစ်ပြီး သူ၏ပါရမီသည် တုံမိသားစု၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သည့် တုံယွင်ထျန်းနှင့်ပင် ယှဥ်နိုင်၏။
သူက အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်ခင်မှာပင် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်ကို ရောက်ရှိနေသူလည်း ဖြစ်သည်။
မူလက ဤနောက်ဆုံးနေရာသည် သူ့အတွက်ဟု ထင်ထားသော်လည်း ကျန်းချန်က သူ၏နေရာကို မထင်မှတ်ဘဲ လုယူသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"တုံဟဲ အရင်တုန်းက တုန်လျန့်ကို ပါရမီရှင် အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ ငါတောင်းဆိုခဲ့တာကို မင်းသဘောတူခဲ့တယ်.. အခုမှ ဘာဖြစ်လို့ လူစာရင်းကို ပြောင်းလိုက်ရတာလဲ"
ထိုအချိန်တွင် တုံကျန့်၏ ဘေးတွင် ထိုင်နေသည့် တခြားသောနတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ တုံသဲ၏ မကျေမနပ် အသံက ထွက်ပေါ်လာခဲ့သည်။
"တုံလျန့်က ငယ်သေးတဲ့အတွက် နောက်ထပ် ကျင်းပမဲ့ ပါရမီရှင် အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်ဖို့ အခွင့်အရေးတွေ ရှိပါသေးတယ်.. ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ တုံမိသားစု အောင်မြင်ဖို့အတွက် ဒီအဘိုးအိုက လူစာရင်းကို အပြောင်းအလဲ ပြုလုပ်လိုက်တာပဲ"
ထိုစကားကို ပြောပြီးနောက်တွင် တုံဟဲသည် တုံသဲကို အသာအယာ လှမ်းကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ငါလည်း မင်းလို အကြီးအကဲချုပ် တစ်ယောက်ပါ.. တုံမိသားစုရဲ့ အကြီးအကဲချုပ် တစ်ယောက်အနေနဲ့ လူစာရင်းအတွက် ဆုံးဖြတ်ပိုင်ခွင့်လေးတောင် မရှိဘူးလား.."
အခန်း(၈၇၈)ပြီး၏။
အခန်း(၈၇၉)
"တုံဟဲ မင်းစကားက ဘာကိုဆိုလိုတာလဲ.."
"နေရာဆယ်နေရာအတွက် မင်းက ငါးနေရာကို ဆုံးဖြတ်တယ်..ငါက ကျန်တဲ့ငါးနေရာကို ဆုံးဖြတ်တယ်..ငါဆုံးဖြတ်ထားတဲ့နေရာနဲ့ ပတ်သက်ပြီး မင်းစိတ်ကြိုက် ငါက အပြောင်းအလဲ လိုက်လုပ်ပေးရမှာလား.."
ထိုစကားကိုကြားလျှင် တုံသဲ၏မျက်နှာသည် အနည်းငယ် သုန်မှုန်သွားခဲ့သည်။
"ဒီကောင်လေးက ငါတို့ တုံမိသားစုကို ပြိုင်ပွဲမှာ အကူအညီပေးနိုင်လိမ့်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား"
တုံဟဲနှင့် တုံသဲတို့သည် တုံမိသားစု၏ အကြီးအကဲချုပ်များ ဖြစ်ကြသော်လည်း အမြဲတစေ မတည့်ကြဘဲ တစ်ယောက်ကိုတစ်ယောက် ပြိုင်ဆိုင်နေခဲ့ကြသည်။
မကြာသေးခင်ကလည်း တုံဟဲသည် တုံသဲ၏ ရေခဲတောင်ကြာပန်းကို ကြားဖြတ်ယူသွားခဲ့သည်။
ယခု တစ်ခေါက်တွင်လည်း သူနှင့် ဆွေမျိုးပိုမိုနီးစပ်သည့် တုံလျန့်၏ နေရာတွင် တုံဟဲသည် သူ၏ လူနှင့် အစားထိုးလိုက်ပြန်သည်။
ဤကဲ့သို့ လုပ်ရပ်သည် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် မခြားပေ။
သို့ဖြစ်ရာ သူက အဘယ်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
ထိုအချိန်တွင် တုံမိသားစု၏ ခေါင်းဆောင် တုံကျန့်က ဝင်ပြောလိုက်သည်။
"အကြီးအကဲတုံသဲ.. ဒီကိစ္စကို ငါအတည်ပြုပြီးပါပြီ.. တုံလျန့်က အခုအချိန်မှာ ငယ်ရွယ်သေးတဲ့အတွက် နောက်လာမဲ့ ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ ဝင်ပါတာက ပိုပြီး သင့်တော်မယ်လို့ ငါထင်တယ်.. ဒါ့အပြင် သူ့နေရာမှာ အစားထိုးထားတဲ့ မိတ်ဆွေလေးကျန်းချန်က သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး ရှားပါး ပါရမီရှင် တစ်ယောက်လည်းဖြစ်တယ်.. သူက ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ ငါတို့ တုံမိသားစုအဖွဲ့ အတွက် တကယ်ကို ကြီးမားတဲ့ အထောက်အပံ့ ဖြစ်လာလိမ့်မယ်"
တုံမိသားစုခေါင်းဆောင် တုံကျန့်က ပြုံး၍ ရှင်းပြလိုက်သည်။
"သိုင်းသခင်နယ်ပယ်အဆင့်က ဘာမို့လို့လဲ.."
တုံသဲက နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။
"ဒီကောင်လေးရဲ့ ဇစ်မြစ် အစစ်အမှန်ကို ဘယ်သူမှမသိဘူး ပါရမီရှင် အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်ချင်တဲ့ သူ့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ဘယ်သူသိနိုင်မှာလဲ"
"ဒီအတွက် မစိုးရိမ်ပါနဲ့ ငါက သူ့ကို အစားထိုးလိုက်တဲ့ အတွက် ဖြစ်ပျက်ခဲ့တာတွေ ရှိရင် ငါတာဝန်ယူပါ့မယ်.."
တုံဟဲက ကျန်းချန် ဘက်ကနေ အာမခံပေးလိုက်သည်။
"တုံသဲ.. အပိုစကားတွေ မပြောနဲ့တော့.. ငါတို့ရဲ့ ထင်မြင်ချက်က မတူညီကြတဲ့အတွက် အင်အားနဲ့ပဲ စကားပြောကြစို့.. ဘယ်သူက ပိုပြီးအင်အားကောင်းလဲ.. ပိုပြီး အင်အားကောင်းတဲ့သူက ပါရမီရှင်အမဲလိုက် ပြိုင်ပွဲမှာ ပါဝင်ခွင့်ရှိတယ်"
တုံဟဲ၏ စကားကိုကြာလျှင် တုံသဲ၏ မျက်နှာသည် အကြည့်ရဆိုးသွားခဲ့သည်။
မကြာသေးခင်ကပင် သူသည် တုံယွင်ထျန်းကို ရေခဲတောင်ကြာပန်း ယူရန် တုံမိသားစု၏ ရတနာခန်းမကို စေလွှတ်ခဲ့သော်လည်း တုံယွင်ထျန်းသည် ကျန်းချန်၏ လက်ထဲတွင် အပြတ်အသတ် ရှုံးနိမ့်ပြီး ရေခဲတောင်ကြာပန်းကို ယူလာပေးရန် ပျက်ကွက်ခဲ့သည်။
တုံမိသားစု၏ နံပါတ်တစ် ပါရမီရှင်ပင် မယှဥ်နိုင်သည့် ကျန်းချန်ကို တုံလျန့်က မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
"တုံဟဲ.. ဒီကောင်လေးက ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်မဲ့ ငါတို့ တုံမိသားစုကို အောင်မြင်မှုရဖို့ အတွက် အကူအညီပေးမယ် ဆိုရင် သူ့ဆီမှာ ကျင့်ကြံခြင်းအဆင့်ထက် သာလွန်တဲ့ အင်အားရှိမှ ဖြစ်လိမ့်မယ်.."
ထိုစကားကို ပြောရင်း တုံသဲ၏ အိုမင်းသော မျက်လုံးများသည် ကျဥ်းမြောင်းသွားခဲ့သည်။
"သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို နှိမ့်ချပြီး တုံလျန့်နဲ့ ယှဥ်ပြိုင်ခိုင်းမယ်.. သူသာ အဆင့်တူအတွင်းမှာ တုံလျန့်ကို အနိုင်မရရင် တုံလျန့်ကို အစားထိုးပြီး ပါရမီရှင် အမဲလိုက် ပြိုင်ပွဲဝင်ဖို့ အတွက် ငါ လုံးဝသဘောတူမှာ မဟုတ်ဘူး.."
ကျန်းချန်ဟုခေါ်သည့် ကောင်လေးသည် အလွန်အမင်း ပါရမီ ထူးချွန်သည်။
သို့သော် တုံလျန့်သည်လည်း တုံမိသားစု၏ အထူးချွန်ဆုံးဘုရင်အဆင့် ပါရမီရှင် ဖြစ်သည်။
အချိန်အလုံအလောက်သာ ပေးခဲ့လျှင် တုံမိသားစု၏ နံပါတ်တစ် ပါရမီရှင် တုံယွင်ထျန်းကို ကျော်လွန်ဖို့ပင် မဖြစ်နိုင်ဟု ဆို၍မရပေ။
အဆင့်တူ အတွင်းဆိုလျှင် တုံလျန့်၏ တိုက်ပွဲဝင်စွမ်းရည်ကို ကျန်းချန်သည် အနိုင်ယူရန် မဖြစ်နိုင်ဟု သူတွေးမိခဲ့သည်။
"အကြီးအကဲတို့.. တုံလျန့်က တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်.. အဆင့်တူအတွင်းမှာ သူ့ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲအတွက် နေရာကို သူ့အတွက်ပေးဖို့ ဆန္ဒရှိပါတယ် ဘာမှ အထွန့်တတ်နေမှာ မဟုတ်ပါဘူး"
တုံသဲက သူ၏ရှေ့ကနေ လမ်းခင်းပေးနေသည်ကို မြင်လျှင် တုံလျန့်သည် ချက်ချင်းပင် ဝင်ပြောလိုက်သည်။
သိုင်းသခင်နယ်ပယ်အဆင့် ကျန်းချန်နှင့် ရင်ဆိုင်ရလျှင် တုံလျန့်သည် အနည်းငယ် ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်၏။
သို့သော်လည်း ယခုအခါတွင် အကြီးအကဲချုပ် တုံသဲသည် ကျန်းချန်ကို သူနှင့်အဆင့်တူ အထိ ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ပေးရန် တောင်းဆိုထားခဲ့သည်။
အဆင့်တူအတွင်း ရင်ဆိုင်ရပြီဆိုလျှင် သူ့အနေဖြင့် တုံမိသားစု၏ နံပါတ်တစ် ပါရမီရှင် တုံယွင်ထျန်းနှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်နိုင်မည်ဟု ယုံကြည်မှုရှိသည်။
တုံသဲနှင့် တုံလျန့်၏ အဆိုပြုချက်ကြောင့် တုံဟဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏အကြည့်က ကျန်းချန် ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့ပြီး ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။
"ကျန်းချန်.. မင်းရော ဘယ်လို သဘောရလဲ"
"ဟားဟား.. ဒီကိစ္စက ဒီလောက်ထိ အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး.."
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
သူ၏ မောက်မာသောအသံသည် ခန်းမထဲရှိ လူတိုင်း၏နားထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။
"ကျွန်တော့်အနေနဲ့ သူနဲ့ အဆင့်တူအထိ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ပေးဖို့ မလိုအပ်ပါဘူး.. သူ့လောက်ကတော့ အသက်စွမ်းအင်ကို အသုံးမပြုရင်တောင် အနိုင်ယူနိုင်ပါသေးတယ်"
အခန်း(၈၇၉)ပြီး၏။