← Chapters

အခန်း (၈၈၀-၈၈၂)

Vol. 59 Ch. 880-882

အခန်း (၈၈၀-၈၈၂)

Vol. 59 Ch. 880-882

အခန်း(၈၈၀)

"အသက်စွမ်းအင်ကို အသုံးမပြုရင်တောင် အနိုင်ယူနိုင်တယ်"

ကျန်းချန်၏ မောက်မာသော စကားသည် ခန်းမထဲတွင်ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့ပြီး လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

တစ်ခဏအတွင်းမှာပင် တုံမိသားစု၏ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ သုံးယောက် အပါအဝင် လူတိုင်း၏ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။

"ဒီကောင်လေးက တကယ်ကို မောက်မာတာပဲ.."

တုံလျန့်သည် တုံယွင်ထျန်း ပြီးလျှင် နောက်ထပ် ထူးချွန်သည့်ဘုရင်အဆင့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။

အဆင့်တူအတွင်း ဘုရင်အဆင့် ပါရမီရှင်သာ မဟုတ်လျှင် တုံလျန့်ကို အလွယ်တကူ အနိုင်ယူနိုင်သည့်သူ မရှိသလောက်ပင်ဖြစ်၏။

ထို့အပြင် သူ့ရှေ့မှ ကျန်းချန်ဟုခေါ်သည့် ကောင်လေးသည် အသက်စွမ်းအင်ကို အသုံးမပြုဘဲ တုံလျန့်ကို အနိုင်ယူနိုင်သည်ဟု ဝင့်ကြွားနေခဲ့သည်။

"ဒါ.. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."

ဤကောင်လေးသည် အင်ပါယာအဆင့် ပါရမီရှင် ဖြစ်နေလျှင်ပင် အသက်စွမ်းအင်ကို အသုံးမပြုဘဲ တုံလျန့်ကို အနိုင်ယူဖို့ မဖြစ်နိုင်ပေ။

"ကောင်လေး.. ဒီစကားက မင်းကိုယ်တိုင်ပြောတာနော်"

တုံသဲ၏ အိုမင်းသော မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

အသက်နှစ်ဆယ်အတွင်း သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် ဤကောင်လေး၏ ပါရမီသည် တကယ်ကိုထူးခြားသည်ဟု ဆိုရမည်။

သို့သော် တုံလျန့်သည်လည်း သာမန်ပါရမီရှင်တစ်ဦး မဟုတ်ပေ။

ဤကောင်လေးက အသက်စွမ်းအင်ကို အသုံးမပြုဘဲ တုံလျန့်ကို အနိုင်ယူလိမ့်မည်ဟု တုံသဲ အမှန်တကယ် မယုံကြည်ခဲ့ပေ။

"ယောကျာ်းကောင်းမှန်ရင် ပြောပြီးတဲ့စကားကို ပြန်မရုတ်သိမ်းဘူး"

ကျန်းချန်က တုံလျန့်ကို ပေါ့ပါးစွာ လှမ်းကြည့်၍ ပြောလိုက်သည်။

"ကျွန်တော် အသက်စွမ်းအင်ကို လုံးဝ အသုံးမပြုဘူး.. ကျွန်တော့်ကို အနိုင်ယူနိုင်သ၍ ဒီဝင်ခွင့်နေရာက သူ့အတွက်ပဲ.."

"ကျန်းချန်.. မင်းသိပ်ပြီး မာန်တက်မနေနဲ့.. မင်း အသက်စွမ်းအင်ကို မသုံးဘဲ ငါ့ကို ဘယ်လို အနိုင်ယူမလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ကျန်းချန်၏ စကားကိုကြာလျှင် တုံသဲ စကားပြန်ပြောသည်ကိုပင် မစောင့်နိုင်တော့ဘဲ တုံလျန့်က ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

သူ၏ မျက်လုံးထဲတွင် ဒေါသ အရိပ်အယောင်များ ဖုံးဖိမရစွာထွက်ပေါ်လာခဲ့သည်။

တုံမိသားစု၏ အထူးချွန်ဆုံး ဘုရင်အဆင့် ပါရမီရှင်တစ်ယောက် အနေဖြင့် ကျန်းချန်က သူ့ကို စော်ကားနေခဲ့ရာ သူက အဘယ်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"အပိုစကားတွေ မပြောနဲ့တော့ စချင်ရင်စလို့ရပြီ.."

"ကောင်းပြီလေ.. မင်းဒီလောက်တောင် သေချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်.."

တုံလျန့်က ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်၍ ရေရွတ်လိုက်သည်။

နောက်ထပ် တခဏမှာပင် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်၏ အရှိန်အဝါသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။

သူက လက်သီးကိုဆုပ်လိုက်ပြီး လက်သီးဆန္ဒ ဒုတိယအဆင့်၏ ခွန်အားကို ထုတ်သုံးကာ ကျန်းချန်ဆီသို့ တိုက်ရိုက်ပြေးဝင်လာခဲ့သည်။

တုံလျန့်၏ ပြင်းထန်သော ထိုးနှက်ချက်ကိုကြည့်ရင်း ကျန်းချန်သည် နေရာမှာပင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

တုံလျန့်၏ လက်သီးစွမ်းအားက ကျန်းချန်နှင့် သုံးပေအကွာသို့ ရောက်လာသည်နှင့် ကျန်းချန်သည် မပျက်စီးနိုင်သောခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်ကို အသုံးပြုကာ တုံလျန့်၏ လက်သီးချက်ကို သူ၏ လက်သီးဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

ကျန်းချန်၏လက်သီးထဲတွင် ပါဝင်သောကြောက်မက်ဖွယ်ကောင်းသောအင်အားသည် တုံလျန့်၏ လက်သီးချက်စွမ်းအားကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်သည်။

လက်သီးတစ်ချက်တည်းဖြင့် တုံလျန့်၏ တိုက်ခိုက်မှုကိုချေမှုန်းလိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာထက်တွင် ထူးဆန်းသောအပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

နောက်ထပ်တစ်ခဏမှာပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါတစ်ခုသည် ချက်ချင်းဆိုသလို ကျန်းချန်၏ ခန္ဓာကိုယ်ထဲကနေ ပျံ့နှံ့လာခဲ့သည်။

ထိုအားကောင်းသော သွေးအရှိန်အဝါသည် ခန်းမထဲရှိ တုံမိသားစုမှ တပည့်အားလုံးကို စိတ်ဓာတ်ကျဆင်းစေရုံတင်မကတုံမိသားစု၏ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ သုံးယောက်ကိုပင် အံ့သြတုန်လှုပ်စေခဲ့သည်။

"အရှုံးပေးလိုက်စမ်း.."

ကျန်းချန်က နဂါးပြာသန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားကို အသုံးပြုပြီး အေးစက်စက် အမူအရာဖြင့် တုံလျန့်ကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါ ဖိအားသည် လေးလံသောတူ ကဲ့သို့ တုံလျန့်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးနှက်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် တုံလျန့်သည် ရင်ဘတ်ထဲ၌ တင်းကြပ်သွားသလို ခံစားလိုက်ရပြီး လည်ချောင်းထဲကနေ သွေးများအန်ထွက်လာခဲ့၏။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါ ဖိအားအောက်တွင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့ပြီး နဖူးကနေ ‌ချွေးစေးများလည်း ဆက်တိုက်ဆိုသလို စီးကျလာခဲ့သည်။

"မင်း.. မင်း"

ထိုအချိန်တွင် တုံလျန့်သည် မျက်နှာဖြူဖျော့စွာဖြင့် သူ့ရှေတွင်ရပ်နေသော ကျန်းချန်ကို မော့ကြည့်လိုက်သည်။

သူ၏ အမူအရာက ကျန်းချန်ကို အလွန်အမင်း ကြောက်လန့်နေသည်မှာ သိသာနေသည်။

အခန်း(၈၈၀)ပြီး၏။

အခန်း(၈၈၁)

သူတို့ရှေ့မှမယုံနိုင်လောက်သောမြင်ကွင်းကိုမြင်လျှင် ခန်းမတစ်ခုလုံးသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။

ခန်းမ၏ အလယ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေသည့် ကျန်းချန်ကိုကြည့်ပြီး လူတိုင်းသည် မှင်တက်ရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ကျန်းချန်က အသက်စွမ်းအင်ကိုပင် အသုံးမပြုဘဲ တုံလျန့်ကိုအနိုင်ယူပြလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။

၎င်းက ရုပ်ပိုင်းဆိုင်ရာ အင်အားဖြင့်ပင် တုံလျန့်၏ တိုက်ခိုက်မှုကို အေးအေးဆေးဆေး ချေမှုန်းပစ်လိုက်သည်။

အတိအကျဆိုရလျှင် ဘာမှပင် လုပ်စရာမလိုလိုက်ဘဲ အားကောင်းသော သွေးအရှိန်အဝါဖိအားကို ထုတ်ဖော်ကာ တုံလျန့်ကို မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားစေခဲ့ခြင်း ဖြစ်၏။

"ကျန်းချန်လို့ခေါ်တဲ့ ကောင်လေးက တကယ်ကို အစွမ်းထက်တာပဲ.. ဟားဟား.. တုံသဲ.. ပါရမီရှင်အမဲလိုက်ပြိုင်ပွဲဝင် တုံမိသားစုရဲ့ လက်ကျန်နေရာက အခုအချိန်မှာ ကျန်းချန်အတွက် ဖြစ်သွားပြီ.. မင်းအဆင်ပြေတယ် မဟုတ်လား.."

ကျန်းချန်က အသက်စွမ်းအင်ကိုပင် အသုံးမပြုဘဲ တုံလျန့်ကို တစ်စက္ကန့်အတွင်း အလွယ်တကူ အနိုင်ယူလိုက်သည်ကို မြင်လျှင် တုံဟဲသည် ဝင့်ကြွားစွာ ရယ်မော၍ ပြောလိုက်သည်။

ဒဏ်ရာကြောင့်ကျင့်ကြံခြင်းအဆင့် ရပ်တန့်သွားကတည်းကပင် တုံဟဲသည် တုံအိမ်တော်ထဲတွင် တုံသဲ၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။

ယခု ကျန်းချန်၏ လုပ်ဆောင်ချက်သည် အဆုံးသတ်တွင် သူ့ကို များစွာ စိတ်လက်ပြေပျောက်စေခဲ့သည်။

"တုံဟဲ.. ငါတို့ဘက်က အရှုံးကိုဝန်ခံတယ်..ဒီလို အသေးအဖွားကိစ္စလောက်နဲ့ ငါ့ရှေ့မှာ ဝင့်ကြွားမနေနဲ့"

တုံသဲက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။

ဤတိုက်ပွဲတွင် တုံသဲသည် ကျန်းချန်ကို တုံလျန့်နှင့် အဆင့်တူအထိ ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ကာ တိုက်ခိုက်စေခဲ့သော်လည်း ကျန်းချန်သည် အသက်စွမ်းအင်ကိုပင် အသုံးမပြုဘဲ တုံလျန့်ကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူ အနိုင်ယူလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤကဲ့သို့ အပြတ်အသတ် ရှုံးနိမ့်သည်ကိုပင် လက်မခံခဲ့လျှင် သူ၏ အိုမင်းသောမျက်နှာကို ဘယ်နေရာတွင် ထားရပါမည်နည်း။

"အားလုံးလည်း သဘောမတူတာ မရှိတော့ဘူး ဆိုတော့ ပါရမီရှင်အမဲလိုက်ပြိုင်ပွဲကို ယှဥ်ပြိုင်ကျမယ့် တုံမိသားစုရဲ့နောက်ဆုံးလက်ကျန် နေရာက ကျန်းချန်ရဲ့ နေရာလို့ ငါအတည်ပြုလိုက်ပြီ"

အဘိုးအိုနှစ်ဦး၏ ဖြစ်အင်ကိုမြင်လျှင် တုံကျန့်က ပြုံးလိုက်ပြီး ရလဒ်ကို ကြေညာလိုက်သည်။

ဤကဲ့သို့သော ရလဒ်အတွက် တုံမိသားစု ခေါင်းဆောင်အနေဖြင့် တုံကျန့်သည် အလွန်ပင် ပျော်ရွှင်ခဲ့သည်။

အကြောင်းအရင်းမှာ ကျန်းချန်၏ အင်အားသည် သူ စိတ်ကူးထားသည်ထက်ပင် ပိုမိုကျော်လွန်နေခဲ့၍ ဖြစ်၏။

အထူးသဖြင့် ကျန်းချန်အစောပိုင်းက ထုတ်ဖော်ခဲ့သည့် သွေးစွမ်းအားသည် အလွန်အမင်း အားကောင်းပြီး ပိုင်မင်မြို့ရှိရှောင်မိသားစုမှ အဓိကတပည့်၏ အင်ပါယာသွေးကြောထက် လုံးဝမနိမ့်ပေ။

ကျန်းချန်ကဲ့သို့ ကြောက်မက်ဖွယ်ပါရမီရှင်၏ အကူအညီဖြင့်ဆိုလျှင် သူတို့ တုံမိသားစုသည် ဤပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ကောင်းမွန်သော ရလဒ်များကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလား။

ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၏ အဖွဲ့လိုက် ပထမနေရာကိုပင် ရှောင်မိသားစုကို အနိုင်ယူပြီး ရယူနိုင်စွမ်း ရှိကောင်းရှိလာနိင်လိမ့်မည် ဖြစ်သည်။

"‌ကောင်းပြီ.. တုံမိသားစု ပါရမီရှင်အမဲလိုက်အဖွဲ့ အတွက် လူစာရင်းကို အတည်ပြုပြီးပြီဆိုတော့ ဒီဆယ်ယောက်ထဲကနေ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်မယ်"

တုံကျန့်က ထိုစကားကို ပြောပြီးနောက်တွင် တုံဟဲနှင့် တုံသဲကို တဖန် လှမ်းကြည့်လိုက်ကာ မေးခွန်းထုတ်လိုက်သည်။

"အကြီးအကဲတို့..ခေါင်းဆောင်နေရာနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ချက်တွေရှိလဲ သိပါရစေ"

"မေးစရာလိုသေးလား.. ခေါင်းဆောင်နေရာက တုံမိသားစုရဲ့နံပါတ်တစ် ပါရမီရှင် တုံယွင်ထျန်းပဲ ဖြစ်သင့်တာပေါ့"

တုံသဲက ခပ်သွက်သွက်ပင် ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် တုံဟဲသည် တုံသဲနှင့် ဆက်လက် အငြင်းအခုံလုပ်ရန် မရွေးချယ်တော့ပေ။

ယခုအခါတွင် ကျန်းချန်သည် တုံမိသားစု၏ အမဲလိုက်အဖွဲ့တွင် ပါဝင်သွားပြီဖြစ်၍ သူ၏ ရည်မှန်းချက်သည် ပြည့်စုံသွားခဲ့ပြီ ဖြစ်ရာ ကျန်းချန်အတွက် ခေါင်းဆောင် နေရာကို ရယူရန် မလိုအပ်တော့ပေ။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် သူတို့အတွက် သူစိမ်းတစ်ယောက်သာ ဖြစ်သည်။

သူက ကျန်းချန်အတွက် ခေါင်းဆောင်နေရာကို တုံသဲနှင့် ငြင်းခုံရန် ပြုလုပ်ခဲ့လျှင်ပင် တုံကျန့်သည် အဖွဲ့၏ခေါင်း ဆောင် နေရာအား သူစိမ်းတစ်ယောက်ကို လက်လွှဲပေးနိုင်မည်မဟုတ်ပေ။

တုံဟဲက ခေါင်းဆောင်နေရာ အတွက် အငြင်းအခုံလုပ်ရန်ရည်ရွယ်ချက် မရှိသည်ကို မြင်လျှင် တုံကျန့်သည် အနည်းငယ်စိ တ်သက်သာရာရသွားခဲ့သည်။

သို့သော်လည်း သူက တုံယွင်ထျန်းကို အဖွဲ့ခေါင်းဆောင်အဖြစ် ကြေညာတော့မည့်အချိန်တွင် ခန်းမထဲ၌ အသံတစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

"ကျွန်တော် သဘောမတူဘူး.."

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် တုံကျန့်တို့ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ သုံးယောက်သည် အံ့သြ တုန်လှုပ်သွားခဲ့သည်။

တုံသဲက စူးရှသော မျက်ဝန်းများဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ကောင်လေး.. မင်းက ဘာလို့ သဘောမတူရတာလဲ.."

"အကြောင်းပြချက်က ရိုးရိုးလေးပဲ.."

ကျန်းချန်က တုံယွင်ထျန်းကို တစ်ချက်လှမ်းကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။

"သူ့ဆီမှာ ကျွန်တော့်ကို အမိန့်ပေးဖို့ အရည်အချင်းမရှိဘူး"

အခန်း(၈၈၁)ပြီး၏။

အခန်း(၈၈၂)

"ကျန်းချန်.. မင်းသိပ်ပြီးလူပါးမဝနဲ့.. မင်းက တုံမိသားစုရဲ့တပည့်တစ်ယောက် အနေနဲ့ ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်မယ် ဆိုမှတော့ တုံမိသားစု အစီအစဉ်တွေကို နာခံရမယ်.. တုံယွင်ထျန်းကို ခေါင်းဆောင်အဖြစ် သတ်မှတ်တာက ငါတို့ တုံမိသားစုရဲ့ ဆုံးဖြတ်ချက်ပဲ.. အဲဒါကို သဘောတူရမှာက မင်းရဲ့တာဝန်ပဲ.."

တုံသဲက အေးစက်စက် ပြောလိုက်သည်။

ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ ဝင်ခွင့်နေရာကို ကျန်းချန်က ခိုးယူခြင်းသည် သူခွင့်လွှတ်နိုင်သည့် အကန့်အသတ် ဖြစ်သည်။

ဤကောင်လေးကို အဖွဲ့ခေါင်းဆောင်နေရာကိုပါ ထပ်မံ ယူခွင့်ပေးလိုက်လျှင် သူ၏မျက်နှာကို ဘယ်နေရာတွင် ထားရပါမည်နည်း။

"ကျန်းချန်.. မင်းအဖွဲ့ခေါင်းဆောင် ရာထူးအတွက် ယှဥ်ပြိုင်ချင်တာလား.."

ကျန်းချန်က တုံယွင်ထျန်းကို ခေါင်းဆောင်အဖြစ် လက်မခံသည်ကို မြင်လျှင် တုံဟဲ၏ မျက်ခုံးများသည် တွန့်ကွေးသွားခဲ့သည်။

"မဟုတ်ဘူး အကြီးအကဲ.. အဖွဲ့ခေါင်းဆောင် ရာထူးကို ကျွန်တော် စိတ်မဝင်စားဘူး.. ဒါပေမဲ့ အကြီးအကဲတို့ ရွေးချယ်လိုက်တဲ့ အဖွဲ့ခေါင်းဆောင်က အရမ်းအားနည်းလွန်းနေတယ်.. သူက ကျွန်တော့်ကို အမိန့်ပေးဖို့ အရည်အချင်း မရှိဘူး.. အကြီးအကဲတို့ သူ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်နိုင်တယ်.. ဒါပေမဲ့ ကျွန်တော် သူ့အမိန့်တွေကို နာခံမှာ မဟုတ်ဘူးလို့ ကြိုတင် ပြောထားပါရစေ"

ကျန်းချန်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

"ကျန်းချန်.. ပါရမီရှင်အမဲလိုက်ပြိုင်ပွဲက တုံမိသားစု တစ်ခုလုံးရဲ့အနာဂတ်နဲ့ ပတ်သက်နေတဲ့ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုပဲ.. မင်း ငါတို့ရဲ့အစီအရင်ကို နာခံဖို့ ဆန္ဒမရှိရင် တုံမိသားစု.အမဲလိုက်အဖွဲ့မှာ ပါဝင်ဖို့ မလိုတော့ဘူး.."

ထိုစကားကို ပြောလိုက်သည့် တုံသဲ၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက တုံမိသားစု၏ ဂုဏ်သရေရှိ နတ်ဝိညာဥ်ဘုရင် အဆင့် အကြီးအကဲတစ်ဦး ဖြစ်သော်လည်း လူငယ် တစ်ယောက်ကသူ၏ သြဇာအာဏာကို အထပ်ထပ်အခါခါ စိန်ခေါ်ခြင်းအား ခံခဲ့ရသည်။

သို့ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

"တုံသဲ.. ငါတို့ အခုလေးတင် ပါရမီရှင် အမဲလိုက်အဖွဲ့ရဲ့ ဝင်ခွင့်အ‌ရေအတွက် နေရာကို မင်းရဲ့စကားအတိုင်း အင်အားနဲ့ဆုံးဖြတ်ခဲ့ကြတယ်.. ရှန်းဝူတိုက်ကြီးက အင်အားကိုပဲ အမြဲတမ်းလေးစားခဲ့တယ်.. သူ့နေရာမှာ မင်းဆိုရင်လည်း မင်းထက် အင်အားနည်းတဲ့သူရဲ့ အမိန့်ကို နာခံမှာ မဟုတ်လောက်ဘူးလို့ ငါထင်တယ်.. ဘယ်လိုလဲ စည်းမျဥ်းအတိုင်း အင်အားနဲ့ပဲ စကားပြောတာ ပိုမကောင်းဘူးလား"

တုံဟဲက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်ကာ ကျန်းချန်ဘက်ကနေ ထပ်မံ ရပ်တည်လိုက်သည်။

ဆိုရလျှင် သူ၏သက်တမ်းသည် ကုန်ဆုံးတော့မည် ဖြစ်ရာ ကျန်းချန်သည် သူ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။

ထို့ကြောင့် ကျန်းချန် မည်သို့သောအရာကို ဆုံးဖြတ်ပါစေ သူက တွန့်ဆုတ်ခြင်းမရှိဘဲ ကျန်းချန် ဘက်ကနေ ရပ်တည်လိမ့်မည်သာ ဖြစ်သည်။

"ကျန်းချန်.. ပါရမီရှင်အမဲလိုက် အဖွဲ့ရဲ့ အဖွဲ့လိုက် လုပ်ဆောင်မှုတွေက တုံမိသားစု အတွက် အရမ်း အရေးကြီးတယ်..မင်းအနေနဲ့ တခြားသူတွေရဲ့ အမိန့်ကို မလိုက်နာချင်ရင် ခေါင်းဆောင်နေရာကို ရမှပဲဖြစ်လိမ့်မယ်.. ကျန်းချန် မင်းမှာအင်အား အလုံအလောက်ရှိသ၍ ခေါင်းဆောင်နေရာကို ငါပေးနိုင်တယ်"

တုံကျန့်က ဝင်ရောက် ပြောဆိုလိုက်သည်။

"ကောင်းပါပြီ ခေါင်းဆောင်.. ပါရမီရှင်အမဲလိုက်အဖွဲ့မှာ ပါဝင်တဲ့ တုံမိသားစု တပည့်အားလုံးရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ ကျွန်တော်ဆန္ဒရှိတယ်.. ဘယ်သူမဆို ကျွန်တော့်လက်ထဲမှာ သုံးကွက်အတွင်း မရှုံးနိမ့်ရင် အဲဒီလူရဲ့အမိန့်ကို ခြွင်းချက်မရှိနာခံမယ်.."

ကျန်းချန်က တုံမိသားစု တပည့်များကို ဝေ့ကြည့်လိုက်ပြီး ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။

တုံကျန့်က ကျန်းချန်၏ စကားကိုကြားလျှင် မျက်လုံးထဲ၌ သိမ်မွေ့သည့် အလင်းရောင်တစ်ခု ဖျပ်ခနဲ လင်းလက်သွားခဲ့သည်။

တုံမိသားစု ပါရမီရှင်အမဲလိုက်အဖွဲ့တွင် ပါဝင်သော တုံမိသားစုမှ တပည့်ဆယ်ယောက်စလုံးသည် တုံမိသားစုကနေ ဂရုတစိုက်လေ့ကျင့်ပေးထားသည့် ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသည်။

အထူးသဖြင့် တုံယွင်ထျန်းသည် ပိုင်မင်မြို့ တစ်မြို့လုံးမှာပင် ထိပ်တန်းပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်သည်။

ပိုင်မင်မြို့ရှိ ရှောင်မိသားစုမှ အသန်မာဆုံးပါရမီရှင်ပင် တုံယွင်ထျန်းကို သုံးကွက်အတွင်း အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။

ကျန်းချန်သာ တုံယွင်ထျန်းကို သုံးကွက်ဖြင့် အမှန်တကယ်အနိုင်ယူနိုင်ခဲ့လျှင် အနည်းဆုံးတော့ သူသည် ရှောင်မိသားစု၏ ပါရမီရှင်တပည့်နှင့် ယှဥ်ပြိုင်နိုင်မည်ဖြစ်ပြီး တုံမိသားစုကို ဦးဆောင်ကာ ပထမနေရာအတွက် ရရှိအောင် လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါလား။

"ဟားဟား.. တကယ့်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ကောင်လေးပဲ..မင်း သူတို့အားလုံးကို သုံးကွက်တည်းနဲ့ တကယ်ပဲ အနိုင်ယူနိုင်ရင် တုံမိသားစု ပါရမီရှင်အမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာက မင်းအတွက်ပဲ"

တုံကျန့်က ရယ်မောလိုက်ပြီး တုံသဲကို လှမ်းကြည့်ကာ မေးလိုက်သည်။

"အကြီးအကဲရော ဘယ်လိုထင်ပါသလဲ.."

"ငါသဘောတူတယ်.. နောက်သုံးရက်ကြာရင် ပြိုင်ပွဲကျင်းပမယ်.. ဒီကောင်လေးက ပြောတဲ့အတိုင်း အမှန်တကယ် လုပ်ဆောင်နိုင်ရင်တော့ ငါဘာမှပြောစရာ မရှိတော့ဘူး.."

တုံသဲက ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ပြောလိုက်သော်လည်း သူ၏အိုမင်းသော မျက်ဝန်းထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

အခန်း(၈၈၂)ပြီး၏။

All Chapters