← Chapters

အခန်း (၄၈၉-၄၉၂)

Vol. 31 Ch. 489-492

အခန်း (၄၈၉-၄၉၂)

Vol. 31 Ch. 489-492

အခန်း ၄၈၉ ပြင်းထန်သော ရေအား

ဒန်ဘီသည် နဂါးဆီသို့ စွမ်းအားကြီးသော ဝိဉာဉ်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ နဂါးသည် မိန်းမောသွားသောကြောင့် ခေါင်းကို ခါလိုက်ပြီး တစ်ချက် ဟိန်းဟောက်လိုက်ကာ ကောင်းဖန်ဆီသို့ ဦးတည်လိုက်သည်။

“နောက်ဆုတ်နေ” ကောင်းဖန်က တာ့ဇီကို အမိန့်ပေးလိုက်သည်။

တာ့ဇီသည် ၂ ခါပြောရန်ပင် မလိုချေ။ နဂါးကို မြင်ပြီးကတည်းက သူသည် အရိုးထဲစိမ့်အောင် ကြောက်နေပြီ ဖြစ်ရာ ကောင်းဖန်ကို ကျောမှာတင်ထားလို့သာ မပြေးရဲခြင်း ဖြစ်ပြီး အခုတော့ အမိန့်ရပြီ ဖြစ်သည်။

ထို့ကြောင့် ကောင်းဖန် အမိန့်ရရချင်းပင် တာ့ဇီသည် ချက်ချင်း လှည့်ပျံပြေးလိုက်သည်။ ကောင်းဖန်လည်း ငါ့လောက် သတ္တိကြောင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ.. တာ့ဇီသည် သူ့သခင်နှင့် တူညီမှုတစ်ခု ရှိသည်ဟု သိလိုက်ရသောကြောင့် အနည်းငယ် ပျော်ရွှင်သွားသည်။

နဂါးသည် သူတို့ထံသို့ ကြောက်မက်ဖွယ် အရှိန်နှင့် တစ်ဟုန်ထိုးလာနေသည်။ သူ၏ ကြီးမားသော ကိုယ်ကြီးသည် လေကိုခွင်းနေပြီး တိမ်များပင် ၂ ခြမ်းကွဲသွားသည်။ ကောင်းဖန်ရှိရာသို့ ကြောက်မယ်ဖွယ် စွမ်းအင်ကြီး လာနေသည်ကို ခံစားနေရသည်။ ဒန်ဘီသည် နဂါး၏ ဦးတည်ရာသို့ တစ်ဟုန်ထိုးသွားလိုက်သည်။

သူတို့ ၂ ကောင်လုံးသည် ပြင်းထန်စွာ တိုက်မိသွားပြီး နဂါး၏ အရှိန်သည် လျော့ကျသွားသည်။

နဂါးသည် အရှိန်တန့်နေစဉ်တွင် ခြင်္သေ့ဖြူက အနောက်က ရောက်လာပြီး သူ့ကျောကို လက်သည်းဖြင့် ရိုက်ချလိုက်သောအခါ သူ့ကျောတွင် ‌ခြစ်ရာကြီး ၃ ခု ပေါ်သွားသည်။ သွေးများသည် ပန်းထွက်လာပြီးနောက် ရေခဲမွှာများအဖြစ် ကွဲထွက်သွားသည်။

နဂါးသည် ထပ်မံဟိန်းဟောက်လိုက်ပြီး သူ့ပစ်မှတ် ကောင်းဖန်က ဝေးသထက် ဝေးသွားသည်ကို ကြည့်လိုက်သည်။

ကောင်းဖန်သည် ကျောရိုးထဲထိစိမ့်အောင် ကြက်သီးထသွားသည်။ သူသည် ရုတ်တရတ် အန္တရာယ်အငွေ့အသက်ကို ခံစားမိပြန်သည်။ မိုးသည် သူနှင့် တာ့ဇီပေါ်သို့ ပြင်းထန်စွာ ရွာသွန်းလာပြီး အောက်တွင် ရုတ်တရတ် ရေကြီးလာသည်။

သူသည် တစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေရကာ ခေါင်းမွှေးများပင် ထောင်လာသည်။ “ဂိုဒီရေ ငါတို့ ပတ်ပတ်လည်မှာ မှော်စွမ်းအင်အကာအရံ ထောင်ထားလိုက်တော့”

တစ်ချိန်တည်းမှာပင် သူတို့ဘေးပတ်ပတ်လည်ရှိရေများသည် ပြိုကွဲသွားပြီ အကာအရံ တစ်ခုပေါ်လာကာ သူတို့ပေါ်ကျနေသော စွမ်းအင်များကို တန်ပြန်လိုက်သည်။

ဂိုဒီ၏ အကာအရံကို အသက်သွင်းလိုက်ပြီ ဖြစ်သောကြောင့် အိမ်ငှားခ မပေးတော့သော ငှားသူကို အိမ်ရှင်က နှင်ချလိုက်သကဲ့သို့ ထိုအကာအရံအတွင်းရှိ ပြင်ပ စွမ်းအင်များအားလုံး ပျက်ပြယ်သွားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပေါက်ကွဲထွက်နေခြင်း ဖြစ်သည်။

လေထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။ ကောင်းဖန်သည် သူတို့ပေါ်ကျနေသော ရေစက်များသည် အပြာရောင် မြူခိုးများအဖြစ် ပေါက်ကွဲသွားသည်ကို မြင်နေရသည်။

ဂိုဒီ၏ အကာအရံသည် ဒြပ်စင်များကိုသာ တန်ပြန်နိုင်ပြီး အခြားသော အရာများကိုတော့ တုံ့ပြန်နိုင်စွမ်း မရှိပေ။

ကောင်းဖန်၏ ကိုယ်ပေါ်ကျနေသော ရေများသည် ပေါက်ကွဲနေပြီး ကောင်းဖန်သည် တုန်ယင်နေသည်။ သို့သော် အဖျက်စွမ်းအင်များသည် ဂိုဒီထံသို့သာ ကျရောက်နေသောကြောင့် တော်သေးသည်ဟု ဆိုရမည်။ ကောင်းဖန်သည် အ၀တ်အစားများကတော့ စုတ်ပြဲလာပြီ ဖြစ်သည်။

ထိုအခိုက်တွင် လေအဟုန်တစ်ခုဆီ သူ့ဆီတိုက်ခတ်လာသောကြောင့် ကောင်းဖန်သည် ကြက်သီးများပင် ထသွားသည်။

ထို့နောက် မြေပြင်ကြီးသည် ရုတ်တရတ် မြင့်တက်လာသည်။ ကောင်းဖန်သည် တောင်ကုန်းများ ထက်ခြမ်းကွဲသွားသည်ကို မြင်နေရပြီး ပေ ၃၀၀ လောက်မြင့်သော တောင်ကြီးများသည်ပင် ကွဲထွက်ပြိုကျသွားသည်ကို မြင်လိုက်ရသည်။

ရေလွှမ်းနေသည့် အခြေစိုက်မြို့လေးကတော့ အစအနပင် မကျန်အောင် ပျက်စီးသွားပြီ ဖြစ်သည်။ မြေပြင်တွင် အလောင်းအစအနပင် မတွေ့ရတော့ချေ။ ကျန်ရှိနေသော အဆောက်အအုံလေးများလည်း ပြိုပျက်လဲကျကုန်သည်။ အပျက်အစီးများအားလုံးသည် ရေ လေတို့၏ တိုက်စားမှုများကြောင့် ရှင်းပင် ရှင်းနေပြီ ဖြစ်သည်။

ကောင်းဖန်တို့ဘေးတွင် ၀န်းရံထားသော ဒြပ်စင်များသည် ရှုပ်ထွေးလာသည်။ သူတို့ပေါ်ကျဆင်းနေသော ရေစက်များသည် အခြားပုံစံတစ်မျိုးသို့ပြောင်းသွားကာ လွတ်နေသော ရေလှိုင်းများကြားသို့ ဖြည့်လိုက်သည်။

ထို့နောက် ရုတ်တရတ် တိတ်ဆိတ်သွားသည်။ ကောင်းဖန်သည် ညှီစို့စို့ မြစ်ပုပ်ရေနံ့ တစ်ခုကို ရနေသည်။

ခြင်္သေ့ဖြူနှင့် ဒန်ဘီတို့ကတော့ ရေပေါက်ကွဲမှုများက သူတို့ပေါ် သက်ရောက်ခြင်းမရှိချေ။ သူတို့၏ ကိုယ်ပတ်ပတ်လည်တွင် ဒြပ်စင်အကာအရံများ ရှိနေသောကြောင့် နဂါး၏ တိုက်ခိုက်မှုကို ဒိုင်းကာများသဖွယ် ကာကွယ်ထားကြသည်။ သို့သော် များပြားလှသောပေါက်ကွဲမှုများကြောင့် သူတို့၏ လှုပ်ရှားမှု အလျင်ကတော့ နှေးကွေးနေသလို ဖြစ်နေသည်။

နဂါးသည် သူ့ရန်သူများ၏ သက်ရောက်ခံနေရမှုအပေါ် အခွင့်ကောင်းယူလိုက်ပြီး ပါးစပ်ကြီးကိုဟကာ လက်သည်းကြီးများ ထုတ်၍ တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည်။ သူသည် သူ့ကိုယ်ပိုင်တိုက်ခိုက်မှုများအပေါ်တော့ သက်ရောက်မှု ဖြစ်ဟန်မတူချေ။ သူသည် ခန္ဓာကိုယ်ကို လေထဲတွင် တွန့်လိမ်လိုက်ပြီး သူ့ကိုယ်သူ လည်အောင် လုပ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ဒုံးကျည်တစ်ခုလို လျင်မြန်စွာ တဟုန်ထိုး တိုက်ခိုက်လိုက်သည်။

ခြင်္သေ့ဖြူသည် လန့်ဖြပ်သွားသည်။ နဂါးက ကောင်းဖန်ဆီမဟုတ်ပဲ ငါ့ဆီလာတာဟ.. သူသည် မည်သို့ပင်ဆိုစေ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

နဂါးလက်သည်းများသည် ခြင်္သေ့ဖြူ၏ ၀မ်းဗိုက်ကို အလွယ်အကူပင် ကုတ်ခြစ်မိလိုက်သောအခါ ၁၆ ပေရှည်သော ခြစ်ရာကြီး ဖြစ်သွားသည်။

သွေးများသည် ဖြာခနဲ ပန်းထွက်လာသည်။

ခြင်္သေ့ဖြူသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူသည် ဒီလို နာကျင်မှုကို မခံစားရတာ ကြာပြီ ဖြစ်သည်။ အခုတော့ သူသည် နာကျင်မှုကြောင့် ဒေါသထွက်လာသည်။

ခြင်္သေ့ဖြူသည် သူ၏ အစွယ်ကို နဂါး၏ လည်ပင်းအား မြုပ်နေအောင် ကိုက်လိုက်သည်။ နဂါးကလည်း လှည့်လိုက်ကာ ခြင်္သေ့၏ လည်ပင်းကို ပြန်ခဲလိုက်သည်။ သူတို့ ၂ ကောင်လုံးသည် တစ်ကောင်နှင့် တစ်ကောင် အလွတ်မပေးပဲ တင်းကြပ်စွာ ချုပ်ထားကြသည်။

ခြင်္သေ့ဖြူထက် ပိုကြီးသော နဂါးကတော့ သူ၏ အစွယ်များကို ခြင်္သေ့ဖြူ၏ အသားထဲပိုပြီး နစ်၀င်အောင် စိုက်ခဲနိုင်နေသည်။ သွေးများသည် ခြင်္သေ့၏ ဖြူလွှနေသော သားမွေးများပေါ်သို့ အဆက်မပြတ် စီးကျနေသည်။

ခြင်္သေ့ဖြူ၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ် အငွေ့အသက်များ ပြည့်နှက်လာသည်။ ခြင်္သေ့ဖြူဘာလုပ်တော့မည်ကို သိလိုက်သောကောင်းဖန်သည် “စိတ်ကိုတည်ငြိမ်အောင်ထား” ဟု လှမ်းအော်ပြောလိုက်သည်။

ခြင်္သေ့ဖြူတွင် နောက်ဆုံးလက်နက်အဖြစ်သာ ထုတ်သုံးနိုင်သော ရေခဲနယ်ပယ်ဟူသည့် စွမ်းအင်တစ်မျိုးရှိသည်။ ထိုစွမ်းအင်သည် နယ်ပယ်တစ်ခုအတွင်းရှိ အရာများအားလုံးကို ကြောက်မက်ဖွယ် သက်ရောက်နိုင်သည့် အစွမ်းရှိသည်။ သို့သော် သူသည် ထိုစွမ်းအင်ကို သုံးလိုက်ပါက သူနှင့် ကောင်းဖန် ပထမဆုံး တွေ့တုန်းက အခြေအနေကို ပြန်ရောက်သွားမည် ဖြစ်သည်။

ခြင်္သေ့လေးသည် အလွန်ပင် ခေါင်းမာလှသည်။ သူသည် အစော်ကားခံရချိန်တွင် သူ၏ မကောင်းသော အကျင့်များ ပြန်လည် ပေါ်ထွက်လာသည်။ ကောင်းဖန်သည် သူ့ကို စတွေ့ကတည်းက အဲဒီလိုပါပဲဟု တွေးနေမိသည်။

ဒန်ဘီသည် နဂါးကို သူ့လက်ဖြင့် ဖိချလိုက်ပြီး ဝိဉာဉ်အဖျက်စွမ်းအင်များကို သူ့ခေါင်းထဲသို့ ပို့လွှတ်နေသည်။

နဂါးသည် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူသည် သူ၏စိတ်ဝိဉာဉ်ထံသို့ အပ်မိုးများ ရွာသွန်းနေသလို ခံစားနေရသည်။ သူသည် ထိုအခြေအနေတွင်ပင် ခြင်္သေ့ကို ကိုက်ထားခြင်းကို လုံး၀မလွှတ်ပေ။ ပို၍ပင် ပြင်းထန်စွာ ဖိကိုက်ထားလိုက်သေးသည်။

ထိုအချိန်တွင် မထင်မှတ်ထားတာ တစ်ခု ဖြစ်သွားသည်။ နဂါးသည် ခြင်္သေ့ဖြူ၏ လည်ပင်း အသားကို ကိုက်ဖြတ်ဆွဲထုတ်လိုက်သည်။ ခြင်္သေ့ဖြူ၏ စိတ်ဝိဉဉ်အပိုင်းအစလည်း ထိုကိုက်ဖြတ်မှုတွင် ပါသွားပုံရသည်။ ခြင်္သေဖြူသည် နာကျင်မှုကြောင့် ကိုက်ခဲထားမှုကို လွှတ်ချလိုက်သည်။ သူသည် အောက်မှ ရေများဆီသို့ ပြုတ်ကျသွားသည်။

နဂါးပါးစပ်တွင်းတွင်တော့ အဖြူရောင် ‌အမွှေးများနှင့် အသားအပိုင်းအစများ ကျန်နေခဲ့သည်။

လေထဲတွင် ကြောက်မက်ဖွယ် အော်သံတစ်ခု ထွက်ပေါ်လာသည်။

ဒန်ဘီသည် သူ၏ အရိုးစုပုံစံသို့ ပြန်ပြောင်းသွားသည်။ မီးခိုးရောင် အခိုးအငွေ့များသည် သူ၏ အရိုးများကြားမှ ထွက်ပေါ်လာပြီး သူ့နောက်တွင် အရိုးစုများ၊ ဖုတ်ကောင်များ ထွက်ပေါ်လာသည်။

ဒန်ဘီသည် ရွှေနက်ရောင်လှံတစ်ခုကို ကိုင်ထားသည်။ အနီးကပ်ကြည့်မည်ဆိုပါက ထိုလှံထိပ်သည် အနည်းငယ် ကောက်နေပြီး သူ၏ နံရိုးလှောင်အိမ်ထဲမှ နံရိုးတစ်ချောင်း ရှိနေသည်။

ထို့နောက် စူးရှသော အသံတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်တွင် ရွှေနက်ရောင် အလင်းတန်းတစ်ခု ပြေးသွားသည်ကို မြင်လိုက်ရသည်။

အရိုးစုလှံကြီးသည် နဂါး၏ လည်ပင်းကို ဖောက်သွားပြီး လက်ကိုင်သာ လေထဲတွင် ကျန်ခဲ့သည်။ နဂါး၏ ကိုယ်ဘေးတွင် ထူထဲသော ယင်စွမ်းအင် တိမ်တိုက်များ ၀န်းရံထားသည်။ မီးခိုးရောင် မြူများသည် လှံမှနေ၍ သူ့ကိုယ်ထဲသို့ စီး၀င်နေသည်။

နဂါးဖြူသည် သွေးပျက်ဖွယ်အော်လိုက်ပြီးနောက် ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားသည်။

ဒန်ဘီသည် သူ့နောက်ကို မလိုက်တော့ပဲ ရေထဲသို့ ဆင်းလိုက်ကာ ခြင်္သေ့ဖြူကို ရေထဲမှ ထုတ်လိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၉၀ နောက်က လိုက်ခြင်း

ကောင်းဖန်သည် သူ့ရှေ့တွင် အိပ်မောကျလှဲလျောင်းနေသော ခြင်္သေ့ဖြူလေး၏ ဒဏ်ရာကို ညင်သာစွယ ပွတ်ပေးလိုက်သည်။ ခြင်္သေ့ဖြူလေးသည် နဂါး၏ ထိုးစစ်ဆင်မှုကို တားဆီးပေးနိုင်လိုက်သော်လည်း အရင်တစ်ခါလို ပြန်လည် နှစ်ခြိုက်စွာ အိပ်မောကျသွားပြီ ဖြစ်သည်။ သူဒီအတောအတွင်း လုပ်ခဲ့သော လေ့ကျင့်မှုများလည်း သဲထဲရေသွန် ဖြစ်သွားပြီ ဖြစ်သည်။ အရေးကြီးဆုံးမှာ ကောင်းဖန်သည် ခြင်္သေ့ဖြူလေး အချိန်ဘယ်လောက်ထိ ထိုကဲ့သို့ အိပ်ပျော်နေတော့မည်ကို မသိနိုင်ခြင်း ဖြစ်သည်။

ကောင်းဖန်သည် ထိုကဲ့သို့ မဖြစ်စေချင်ပေ။ အခြေအနေများသည် ခြင်္သေ့ဖြူလေး ထိုမျှလောက်ထိ ရင်းရအောင် ဆိုးနေခဲ့သည် မဟုတ်ပေ။ နဂါးနှင့် ခြင်္သေဖြူတို့သည် စွမ်းရည်တူကြသော်လည်း အဆင့်ကတော့ ၄ ဆင့်တောင် ကွာနေသည် မဟုတ်ပါလား။

အခြေအနေသည် ခြင်္သေ့ဖြူလေးအတွက် အစကတည်းက အရေးနိမ့်နေခဲ့သည် ဖြစ်ရာ နဂါးကတော့ သူဖန်တီးထားသည့် ပတ်၀န်းကျင် အနေအထားတွင် ပို၍ စွမ်းအားကြီးနေနိုင်သည်ပင်။

ဒန်ဘီသည်လည်း သူတတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပြီး နဂါးကို တိုက်ခိုက်ခဲ့သည်။ ခြင်္သေ့ဖြူလေးလည်း အတူတူပဲ ဖြစ်သည်။ ဒန်ဘီသည် ခြင်္သေ့ဖြူလေးသည် တစ်ခါမှ အတူတူ တိုက်ပွဲမ၀င်ခဲ့ဖူးသော်လည်း အကောင်းဆုံး ညှိယူပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

ကောင်းဖန်သည် ယူကြုံးမရ ဖြစ်နေမိသည်။ သူသည် ခြင်္သေ့ဖြူလေးကို မကာကွယ်ပေးနိုင်ခဲ့သည့်အပေါ် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ ရုတ်တရတ် သူသည် အရင်က ကြားဖူးခဲ့သောစကား တစ်ခွန်းကို ပြန်လည် အမှတ်ရသွားသည်။ အားနည်းသူသည် သူ၏ အားနည်းချက်ကြောင့်ပင် အရှုံးနှင့် ရင်ဆိုင်ရသည် ဆိုသော စကားဖြစ်သည်။

သူသည်လည်း တိုက်ပွဲတွင် သူ၏ ကိုယ်ပိုင်သားရဲများနှင့်အတူ တိုက်ပွဲ၀င်ချင်မိခဲ့ပါသည်။ သို့သော် သူသည် ရပ်ကြည့်နေရုံမှ တစ်ပါး ဘာမှလုပ်၍ မရခဲ့ချေ။ သူ့အတွက် အလွန်ပင် ခက်ခဲလေသည်။ အစင်းလေးထံမှ ခွန်အားစွမ်းအင်များ ရရှိထားပြီးသော်လည်း သူသည် လူသားတစ်ယောက်သာ ဖြစ်ပြီး ပုံမှန်လူသားများထက် အနည်းငယ် ပိုသန်မာသည် ဆိုရုံလောက်သာ ဖြစ်သည်။

သူသည် ထိုတိုက်ပွဲတွင် သူ၏ အခြားနတ်ဘုရားအဆင့်သားရဲများ၏ အကူအညီကို ပေးခိုင်းနိုင်သော်လည်း ဘုရင်အဆင့် သားရဲ ၂ ကောင်၏ တိုက်ပွဲကြားတွင်တော့ ၀င်ပါလို့ ရနိုင်မည် မဟုတ်ပေ။ သူသည် ဘာမှမတတ်နိုင်ခဲ့ပါချေ။

ထိုတိုက်ပွဲသည် ဂိမ်းတစ်ခုမဟုတ်သလို သူ၏ ကိုယ်ပိုင်သားရဲများကိုလည်း သေသေကျေကျေ မတိုက်ခိုက်ခိုင်းရက်ပါချေ။

ကောင်းဖန်သည် လေ့ကျင့်သူတစ်ယောက်အနေဖြင့် သူ့ကိုယ်သူ အားမလို အားမရဖြစ်နေမိနေလေသည်။ ငါ့ရဲ့ ကိုယ်ပိုင်သားရဲတွေက ကောင်းကောင်းများ အဆင့်မမြင့်သေးတာလား.. ဒါမှမဟုတ် သူတို့အတွက် ငါကောင်းကောင်းများ မထောက်ပံ့ပေးနိုင်သေးတာလား.. သူသည် သူ၏ ကိုယ်ပိုင်သားရဲများနှင့် အတူတကွ တိုက်ခိုက်နိုင်မည့် အခွင့်အရေးတစ်ခုခုတော့ ရှိရမည်ဟု တွေးနေမိသည်။

ကောင်းဖန်နှင့် သူ၏ ကိုယ်ပိုင်သားရဲများသည် တောင်ထိပ်တစ်ခုတွင် ရှိနေကြခြင်း ဖြစ်သည်။ ခြင်္သေ့ဖြူလေး၏ ရင်ဘတ်သည် မြန်ဆန်စွာ နိမ့်ချည် မြင့်ချည် ဖြစ်နေသည်။ သူ၏ သွေးထွက်နှုန်းကတော့ နှေးလာပြီဖြစ်ပြီး အခြေအနေကတော့ တည်ငြိမ်လာပြီ ဖြစ်သည်။

သူတို့အောက်က ရေပြင်ကလည်း တည်ငြိမ်စပြုလာပြီ ဖြစ်သည်။ နဂါးဖြူ၏ အစွမ်းကြောင့် ရေများသည် အတော်ပင် လွှမ်းမိုးသွားခဲ့သည်။

မြို့သည် ယန်ကျဲ့မြစ်ပေါ်ရှိ ကုန်းမြေတစ်ခုပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အရင်က ပထဝီပညာရှင်များသည် မြို့၏ အခြေအနေကို လာရောက် အကဲခတ် လေ့လာခဲ့ဖူးသည်။ ထိုပညာရှင်များက မြို့ကို ရေလွှမ်းနိုင်ခြင်း မရှိဟု ခိုင်မာစွာ ပြောခဲ့ဖူးသည်။

သူတို့ မတွေးမိခဲ့ကြသည်က တစ်ချိန်ချိန်တွင် သေရာမှ ပြန်ရှင်လာသော နဂါးတစ်ကောင်ကြောင့် တစ်နေ့တွင် မြို့တစ်ခုလုံး ရေမြုပ်နိုင်သည်ဟူသော အချက်ကို ဖြစ်သည်။

မြို့သည် လုံး၀ပျက်စီး သွားပြီဖြစ်သည်။ ရေထဲတွင် အလောင်း ထောင်ချီပြီး မျောပါနေကြသည်။ လေထုထဲတွင် နဂါးသတ်ဖြတ်ထားသည် သွေးညှီနံ့များဖြင့် ပြည့်နေသည်။

ထိုစဉ် ရုတ်တရတ် ရေများသည် မည်းနက်သွားသည်။ လေထဲတွင် ပုပ်အဲ့အဲ့ အနံ့ကြီးတစ်ခု ထွက်ပေါ်လာသည်။ မြေကြီးသည်ပင် ပုပ်လာသလိုပင်။

“အဖိုး အဖိုး အဖိုး..” ရေထဲမှနေ၍ သားရဲလေးများ ရာချီ၍ ထွက်ပေါ်လာကြသည်။ သူတို့နောက်တွင် ‌ပုလဲဖြူရောင် တောက်ပနေသော ဦးနှောက်ကြီးက ပါလာသည်။

ဦးနှောက်ကြီးဘေးတွင် အဖြူရောင်ကွင်းလေး တစ်ခု ဖြစ်နေပြီး ကြည့်ရတာ ခံ့ညားနေသည်။

ကောင်းဖန်သည် သူ့ရှေ့တွင် ပေါ်လာသော သားရဲများကို စိုက်ကြည့်နေမိသည်။

ဦးနှောက်ကြီးသည် သူ့သခင် စိတ်အခြေအနေ မကောင်းမှန်း သိလိုက်ရသောကြောင့် ကလေးများကို တိတ်တိတ်နေရန် အမိန့်ပေးလိုက်သည်။ “သခင်..အမိန့်ရရချင်း လာခဲ့တာပါ” ဦးနှောက်က ပြောလိုက်သည်။

“ကျွန်တော်လည်း ရောက်ပါပြီ” တောင်ကြီးလို ကြီးမားသော ပင့်ကူကြီးသည် ရေထဲမှ ထွက်ပေါ်လာသည်။

“ကျေးဇူးတင်ပါတယ်” ကောင်းဖန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“ရှောင်ကော ဒီကိုလာပါဦး” သူက အစင်းလေးပေါ်တွင် ရှိနေသော ရှောင်ကောကို ခေါ်လိုက်သည်။

ရှောင်ကောသည် အစင်းလေးကျောပေါ်မှ ဆင်းလာသည်။ သူသည် နှေးကွေးသောကြောင့် အစင်းလေးသည် သူသခင်ဆီ ရှောင်ကော မြန်မြန်ရောက်သွားရန် သူ့ကိုယ်သူ တံတားသဖွယ်ထိုးပေးထားလိုက်သည်။ ရှောင်ကောင်းသည် ခြင်္သေဖြူလေး၏ အခြေအနေကို တွေ့လိုက်သောအခါ အလွန်သနား စိတ်ထိခိုက်သွားသည်။

သူသည် သူ၏ ပွင့်ဖတ်လေးများကို ဆန့်တန်းလျက် စတင်ကုသပေးလိုက်သည်။ ခြင်္သေဖြူလေးသည် အနည်းငယ်တော့ ‌ပြန်ကောင်းလာသလို ဖြစ်သွားသည်။ သူ၏ နှာခေါင်းထဲမှ လေများ မှုတ်ထုတ်နေသည်။

“သခင်.. နဂါးက မြောက်ဘက်ကို ဦးတည်သွားနေပါတယ်” ဒန်ဘီက သွေးစာချုပ်မှ တဆင့် ပြောလိုက်သည်။

ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ နဂါးသည် သူ၏ ဒဏ်ရာများကို အခြားသော ဝိဉာဉ်များကို စားသုံးပြီး ကုသနိုင်သူ ဖြစ်သည်။ သူသည် နောက်ထပ် အခြေစိုက်မြို့တစ်ခုကိုသာ ထပ်ရောက်သွားခဲ့ပါက ထပ်ပြီး ဒုက္ခများကြဦးမည် ဖြစ်သည်။

“သွား‌ရအောင်” ကောင်းဖန်က ပြောလိုက်သည်။ ထို့နောက် သူသည် ငရဲသစ်ပင်ကို ပတ်၀န်းကျင်ရှိ မကောင်းသော အငွေ့အသက်များကို စုပ်ယူခိုင်းလိုက်သည်။

ဂိုဒီသည် ကောင်းဖန်က သူ၏ ကိုယ်ပိုင်သားရဲများနှင့် ထွက်သွားသည်ကို ကြည့်ရင်း လက်သီးတင်းတင်းဆုပ်ထားမိသည်။ သူသည် အလွန်ပင် ရှက်နေမိသည်။

ငါအားနည်းလွန်းသေးတယ်.. ငါသာ ဘုရင်အဆင့်ရောက်သွားရင် ဒီလိုမျိုး အားနည်းနေသလို ခံစားရတော့မှာ မဟုတ်ဘူး.. အားနည်းတယ်ဆိုတာ အပြစ်ပဲ.. ငါ ဂိုဒီက ဒီလို ထပ်မဖြစ်စေရဘူးလို့ ကိုယ့်ကိုကိုယ်ကျိန်ဆိုတယ်..

ခံစားချက်များကို ထုတ်မပြကြသော်လည်း ဖလိန်မီနှင့် တာ့ဇီတို့သည်လည်း ထိုကဲ့သို့ပင် ခံစားနေကြရသ ည်။ သူတို့ ၃ ကောင်သည် ဘာမှလုပ်စရာ မရှိတော့သော‌ကြောင့် တောင်ပိုင်းကောင်းကင်သို့ ပြန်သွားလိုက်ကြသည်။ တာ့ဇီသည် အိမ်ပြန်ရောက်သည်နှင့် ပိုပြီး လေ့ကျင့်တော့မည်ဟု ဆုံးဖြတ်မိလေသည်။

…

နဂါးသည် တောင်များကို ပျံသန်း‌ဖြတ်ကျော်နေသောကြောင့် မည်သည့်သားရဲမှ မထွက်ဝံ့ကြပေ။ သူ၏ စွမ်းအင် အငွေ့အသက်သည် ထိုနားတစ်ဝိုက်တွင် အကြီးမားဆုံး ဖြစ်နေသည်။

သားရဲလေး ၂ ကောင်သည် နဂါး၏ အငွေ့အသက်များ တဖြည်းဖြည်း ဝေးကွာ ပျောက်ကွယ်သွားမှ ခေါင်းပြူထွက်လာကြသည်။ သူတို့သည် အသက်တောင် မရှူရသေးခင်မှာပင် ဘုရင်အဆင့်သားရဲ အုပ်စုသည် သူတို့ပေါ်မှ ဖြတ်ပျံသွားကြပြန်သည်။

ဒန်ဘီသည် မိုးကြိုးသိမ်းငှက် အရိုးစုပေါ်တွင်ရပ်နေပြီး သူ့နောက်မှ ဖုတ်ကောင် အုပ်စုတစ်ခုက လိုက်ပါနေသည်။

ဖုတ်ကောင်သားရဲ ၄ ကောင်ရှိနေပြီး အားလုံးက ဘုရင်အဆင့် ဖြစ်ကြသည်။

ကောင်းဖန်သည် မျက်လုံးများကို မှိတ်ထားသည်။ အဲဒါကြောင့် နဂါးသတ်ခြင်း အခန်းနဲ့ နတ်ဘုရားမကျောက်တုံးတို့ ရှိနေခဲ့တာပဲ..ကောင်းဖန်သည် အစက နတ်ဘုရားမ ကျောက်တုံး၏ အစွမ်းကို နားမလည်ခဲ့ချေ။ ရာသီဥတု ထိန်းချုပ်တာလား.. သူ့အနေဖြင့် ကြီးကြီးမားမား စွမ်းအင်ရှိလိမ့်မည်ဟု မထင်ခဲ့ချေ။

သို့သော် ထိုနဂါးနှင့် တွေ့ပြီးနောက်မှ သူသည် နတ်ဘုရားမ ကျောက်တုံးအကြောင်း တွေးမိသွားသည်။ စွမ်းအင်တိုင်းတွင် ရည်ရွယ်ချက်ကိုယ်စီ ရှိကြသည်ပင်။ သူသည် ယခုမှပင် ချိတ်ဆက်နားလည် သဘောပေါက်လာမိသည်။

သားရဲစွမ်းအင်များအားလုံးတွင် အားနည်းချက်ဆိုတာ ရှိသည်။ အားနည်းချက် မရှိသည့် သားရဲဆိုတာ မရှိချေ။

ငါသွားနေတဲ့လမ်းကြောင်းက မှန်မယ်ထင်ပါတယ်.. ငါ့မှာသားရဲ အစုံအလင်သာ ဖွဲ့စည်းထားနိုင်မယ်ဆိုရင် နောက်ပိုင်းဘယ်လိုသားရဲကို မဆို ရင်ဆိုင်နိုင်တော့မှာပါ..

ငါသာ အဲဒီတုန်းက နတ်ဘုရားမကျောက်တုံးနဲ့ နဂါးသတ်ခြင်းအခန်းကို သွေးစာချုပ်ချုပ်နိုင်ခဲ့မယ်ဆိုရင်ဒီနဂါးကို သတ်ဖို့ ဒီလောက်ခက်ခဲနေမှာ မဟုတ်ဘူး.. ငါကတကယ်ကို အသုံးမကျတာပဲ..

ရုတ်တရတ် နဂါးသည် လည်ချောင်းယားလာသည်။ တစ်ခုခုက လည်ချောင်းတွင် တစ်ဆို့နေသလို ဖြစ်နေသည်။ တကယ်တော့ လှံမှ မြူခိုးများ တစ်လူလူ ၀င်ရောက်နေခြင်း ဖြစ်သည်။

နဂါးသည် ထိုမြူများ သူ့ကိုယ်တွင်း မပျံ့သွားအောင် စွမ်းအင်အမြောက်အများ ထုတ်သုံးထားရသည်။ သို့သော် သူသည် မည်သို့ပင် လုပ်လုပ် ထိုလှံကို နှုတ်မရ ဖြစ်နေသည်။ တဖြည်းဖြည်းနှင့် သူလည်ချောင်းသည် ပိုယားလာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၉၁ အဖြူရောင် အရိုးစု နတ်ဆိုး တစ္ဆေ

နဂါး၏ ခေါင်းပိုင်းသည် ဒန်ဘီ၏ စွမ်းအင်နှင့် တိုက်ခိုက်ခြင်း ခံနေရသောအခါ ပို၍ မှေးမှိန်လာသည်။

“အနောက်က စိတ်ပျက်စရာ အုပ်စုက ငါ့ကိုတောင် တဖြည်းဖြည်း မှီလာပြီပဲ” နဂါးသည် သူနောက်ကို တဖြည်းဖြည်း မှီလာသော ကောင်းဖန်တို့ကို မုန်းတီးစွာ လှည့်ကြည့်လိုက်သည်။

နဂါးသည် သူ့နောက်က အုပ်စုက ဖုတ်ကောင်များဆိုလျှင်တောင် အနည်းငယ် ချစ်နေမိဦးမည်ဖြစ်သည်။

နဂါးသည် နောက်ကို လှည့်လိုက်ကာ တစ်ချက်ဟိန်းဟောက်လိုက်သည်။

ကောင်းဖန်ကတော့ နဂါး၏ ကြောက်မက်ဖွယ် ဟိန်းဟောက်မှုကို ဘာမှမဖြစ်သလို ပုံစံဖြင့်ပင် တုံ့ပြန်လိုက်သည်။ နဂါးသည် တောင်းပန်တိုးလျှိုးပြီး သူ့ထံတွင် ကိုယ်ပိုင်သားရဲအဖြစ်နေမည်ဟု လာပြောလျှင်တောင် သူသည် လုံး၀သက်ညှာပေးတော့မည် မဟုတ်ပေ။ သူသည် လူများစွာကို သတ်ဖြတ်ခဲ့သောကြောင့် သေကို သေရမည် ဖြစ်သည်။

အောက်ရှိတောင်တန်းများကြားတွင် သားရဲလေ့ကျင့်သူများနှင့် သားရဲမုဆိုး အဖွဲ့လေးများသည် တောအုပ်တစ်ခွင် လှည့်လည်သွားလာနေကြသည်။ သူတို့သည် အပေါ်မှ ဖြတ်ပျံသွားသော နဂါးကို မော့ကြည့်လိုက်ကြသည်။

“နဂါးတစ်ကောင်ပါလား..” တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

နောက်တစ်ယောက်က ၀င်ပြောလိုက်သည်။ “ယွိကျိုးရဲ့ နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ပိုင်သားရဲများလား.. သူ့ကိုယ်ပိုင်သားရဲက နဂါးလို့ ကြားဖူးတယ်”

“မဟုတ်ဘူး” ပထမတစ်ယောက်က ခေါင်းကို ခါရမ်းပြီး ပြန်ပြောလိုက်သည်။ “အဲဒီလူရဲ့ ကိုယ်ပိုင်သားရဲက နဂါးဖြူကြီး.. ဒီကောင်ကတော့ အနက်ကြီး”

“ငါလည်း နဂါးတစ်ကောင်လောက် ပိုင်ဆိုင်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ” ထိုသူသည် လေးစား အထင်ကြီးစွာ ရေရွတ်လိုက်သည်။

ဟွာရှားဒေသမှ သူများ၏ စိတ်နှလုံးထဲတွင် နဂါးများကို ထူးခြားသော တည်ရှိမှုတစ်ခုအဖြစ် မှတ်ယူထားကြသည်။

နဂါးသည် ရပ်သွားပြီး အနောက်မှ ဖုတ်ကောင်များကို လှည့်ကြည့်လိုက်သည်။ “ငါ့ကို လာမရှုပ်နဲ့.. မင်းတို့အကုန်လုံးကို စားပစ်လိုက်မယ်”

ကောင်းဖန်ကတော့ မတုန်မလှုပ်ပင် ရှိနေသေးသည်။ သူ့အောက်တွင် သိမ်းငှက်ကြီးသည် လျှပ်စစ်များကို ထုတ်လွှတ်ရန် ပြင်ဆင်နေသည်။

အစကတော့ သေးသွယ်သော လျှပ်စီးကြောင်းလေး ၂ ခု ပေါ်လာသည်။ နောက်တော့ ထို လျှပ်စီးကြောင်းလေး ၂ ခုသည် ပေါင်းစပ်သွားပြီး ကြီးမားသော လျှပ်စစ်ကွန်ယက်ကြီး တစ်ခု ဖြစ်လာကာ နဂါးကို ချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် နဂါးသည် အတွေးတစ်ချက်ဖြင့်ပင် သူ့ကိုယ်ဘေးတွင် ကြီးမားသော ရေထုထည်ကြီးများ ပေါ်လာသည်။ လျှပ်စစ်ကွန်ယက်သည် ထိုရေများနှင့် ထိသောအခါ ခရမ်းရောင် အလင်းကြောင်းများ ထွက်ပေါ်လာသည်။ အလင်းသည် အလွန်မြန်ဆန်သော ရှိန်နှုန်းဖြင့် သွားနေပြီး နဂါးကို ၀န်းရံလိုက်သည်။

ဒန်ဘီသည် သိမ်းငှက်ခေါင်းပေါ်မှ ခုန်ချလိုက်ပြီး နဂါးကို ပတ်ထားသော အလင်းကွင်းထဲ၀င်လိုက်ကာ နဂါးခေါင်းဆီ ဦးတည်လိုက်သည်။ နဂါးသည် ခေါင်းကို လှည့်လိုက်ကာ ချဉ်းကပ်လာသော ဒန်ဘီကို စားဖို့ လုပ်လိုက်သည်။ သို့သော် သူ့နောက်တွင် နှာမောင်း ၆ ခုဆင်ကြီး လိုက်ပါလာကာ ဝိဉာဉ်တိုက်ခိုက်မှု လုပ်လိုက်ရာ နဂါးခေါင်းကို တည့်တည့်ထိသွားသည်။

ထိုအခါ နဂါးကြီး၏ ကြီးမားသော ခေါင်းကြီးသည် ဘေးသို့ယိုင်ထွက်သွားသည်။ ဒန်ဘီသည် နဂါးခေါင်းပေါ်သို့ ဆင်းသက်လိုက်သည်။

ဒန်ဘီသည် ခြေထောက်များကို ကွေးလိုက်သောအခါ သူ့ခြေထောက်သည် မျက်နှာထဲကို စိမ့်၀င်သွားပြီး မျက်နှာသည် ချိုင့်သွားသည်။ ထို့နောက်သူသည် ရှေ့ကို ခြေလှမ်း အနည်းငယ်တိုးလိုက်ပြီး သူ၏ ညာလက်ကို ဆန့်ထုတ်ကာ နဂါးခေါင်းပေါ်မှ အမည်းရောင် ချိုကို ကိုင်လိုက်သည်။

နဂါးသည် သူ့ခေါင်းပေါ်တွင် တစ်ခုခု ရောက်နေသည်ကို ခံစားမိလိုက်သောကြောင့် ဒန်ဘီကို ပြုတ်ကျအောင် ခေါင်းကို ခါရမ်းနေလိုက်သည်။ သို့သော် သူမည်မျှပင် ကြိုးစားပါစေ ဒန်ဘီသည် သူ့ဂျိုကို ကိုင်ထားပြီး တုပ်တုပ်မျှ မလှုပ်ပေ။

နဂါးသည် သူ့လက်သည်းဖြင့်လည်း ခေါင်းကို ခါနေသည်။ နဂါးသည် သူ့ခေါင်းထိပ်ကို သူမမြင်ရသော်လည်း သူ၏ ကြီးမားသောစွမ်းအင်က ဒန်ဘီ၏ တည်နေရာ အတိအကျကို ညွှန်ပြပေးနေသည်။ သူသည် တိကျစွာဖြင့် ဒန်ဘီကို လက်သည်းဖြင့် တိုက်ခိုက်လိုက်သည်။

ဒန်ဘီကတော့ မှုပင်မမှုပေ။ နဂါး၏ လက်သည်းတိုက်ခိုက်မှု လာသည့် အချိန်နှင့် ကွက်တိမှာပင် ဒန်ဘီသည် ယင်စွမ်းအင် တိုက်ခိုက်သူအဖြစ် အသွင်ပြောင်းလိုက်ကာ သူ့ဆီတည့်တည့်လာနေသော တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ ဒန်ဘီသည် နဂါးလက်သည်းက သူ့ရင်ဘတ်ကို ခြစ်သွားသည်ကို ငုံ့ကြည့်လိုက်ပြီး နာကျင်မှု အနည်းငယ်ကိုပင် ခံစားနေရသည်။

သူ့လက်သည်းတွေက ငါ့ရဲ့စိတ်ဝိဉာဉ်ကို တကယ်ထိခိုက်စေနိုင်တာပဲ..

ထိုထိခိုက်မှုသည် သိပ်မပြင်းထန်ပေ။ ယင်‌ဝိဉာဉ်တိုက်ခိုက်သူအသွင် ပြောင်းထားသော အချိန်တွင် ‌ဒန်ဘီ၏ ကိုယ်အပြင်ဘက်သည် သူစုပ်ယူထားသော ဝိဉာဉ်များနှင့် ဖွဲ့စည်းထားပြီး အတွင်းဖက်ကသာ အဓိက ဖြစ်သည်။

ဒန်ဘီ၏ ရင်ဘတ်သည် နဂါးလက်သည်းဒဏ်ကြောင့် စုတ်ပြဲသွားပြီး မီးခိုးမြူများထွက်လာသည်။ ထိုမြူများသည် နဂါးလက်သည်း လားရာအတိုင်း လိုက်ပါနေသည်။

ထိုအချိန်တွင် ဝိဉာဉ်စွမ်းအင်များသည် နဂါးလက်သည်းအတွင်းသို့ ၀င်ရောက်လာသည်။ နဂါးသည် အပ်နှင့် အထိုးခံလိုက်ရသလို နာကျင်သွားသောကြောင့် လက်ကို မြန်မြန်ရုပ်လိုက်သည်။

ဒန်ဘီသည် အရိုးစုပုံစံသို့ ပြန်ပြောင်းလိုက်ပြီး နဂါးလည်ပင်းတွင် စိုက်၀င်နေဆဲဖြစ်သော လှံကို ဆွဲကိုင်လိုက်သည်။

သိပ်သည်းထူထပ်သော စွမ်းအင်များသည် လှံထဲသို့ ၀င်ရောက်နေသောကြောင့် လှံသည် တုန်ခါလာသည်။ ထိုစွမ်းအင်များသည် လှံမှတဆင့် နဂါး၏ ကိုယ်တွင်းသို့ မြစ်တစ်ခုလို စီးဆင်းနေပြီး အတွင်းဖက်မှ ဖျက်ဆီးနေသည်။

သားရဲအများစုတွင် သေခြင်းစွမ်းအင်သည် မကောင်းသော နိမိတ်ဖြစ်သည်။ သို့သော် သေခြင်းစွမ်းအင် အမြောက်အများ ပိုင်ဆိုင်ထားသော အမှောင်၊ ယင်စွမ်းအင်၊ ဖုတ်ကောင် အမျိုးအစား သားရဲများကတော့ ခြွင်းချက်ဖြစ်သည်။

နဂါးသည် အေးစက်‌ကြောက်မက်ဖွယ် စွမ်းအင်များ လည်ချောင်းတွင်းမှ ခန္ဓာကိုယ်တွင်းသို့ ပျံ့နှံ့လာသည်ကို ခံစားမိလိုက်သည်။ သူသည် လေထဲတွင် ထွန့်ထွန့်လူနေပြီး သူ့အမြီးကြီးသည် တောင်ထိပ်တစ်ခုကို ရိုက်ချမိလိုက်သောအခါ တောင်ထိပ်သည် ပဲ့ကွာသွားသည်။

ရုတ်တရတ် နဂါးသည် ကောင်းဖန်ကို ကြည့်လိုက်သည်။ သူသည် နာကျင်မှုကြားထဲမှ ပါးစပ်ကြီးကိုဟကာ မီးခိုးငွေရောင် အလင်းလုံးတစ်ခုကို စုစည်းလိုက်သည်။ ငါသေရင်တောင် တစ်ယောက်တည်းတော့ အသေမခံနိုင်ဘူးကွ..

နဂါး၏ ရည်ရွယ်ချက်ကို အာရုံခံမိသော ဒန်ဘီသည် တစ်ချက်ဟိန်းဟောက်လိုက်သည်။ သူသည် လက်မောင်းကို ဆန့်တန်းလိုက်ပြီး သူ့နောက်တွင်အဖြူရောင် အရိုးစု နတ်ဆိုး တစ္ဆေ ပေါ်လာသည်။ သူ၏ လက်မောင်း ၂ ဖက်တွင် အနီရင့်ရောင် နတ်ဆိုးမီးတောက်များက ရစ်ပတ်နေသည်။ သူတို့သည် အသေး အကြီး ထပ်နေသော သားရဲကြီးများလို ဖြစ်နေသည်။ အနီးကပ်ကြည့်လျှင် အဖြူရောင် အရိုးစု နတ်ဆိုး တစ္ဆေသည် ဒန်ဘီနှင့်ပင် တူနေသေးသည်။

အဲဒါက ဘာစွမ်းရည်ကြီးလဲဟ.. ဒန်ဘီဘေးတွင် ရပ်နေသော ကောင်းဖန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး အံ့ဩသွားသည်။ သူသည် ဒန်ဘီ၏ ထိုပုံစံကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

ထိုအခြေအနေတွင် ဒန်ဘီသည် တခြားပုံစံတစ်ခုအဖြစ် ထပ်ပြီး ပြောင်းလဲသွားသလို ဖြစ်နေသည်။ သူ၏ စွမ်းအင် အငွေ့အသက်သည် သူ့အောက်က နဂါးကို ကြည့်နေရင်း ကြောက်မက်ဖွယ် ထွက်ပေါ်နေသည်။ ထို့နောက် ရွှေနက်ရောင် အရိုးလက်သည်းများ ထွက်ပေါ်လာပြီး နဂါး၏ ဦးနှောက်ကို ထိုးစိုက်ချလိုက်သည်။

နဂါး၏ ခေါင်းသည် အသင့်အတင့်ပုံပေါ်လောက်ရုံ အခြေအနေပဲ ရှိသေးသည်။ ထိုအဆင့်တွင် သူ့ခေါင်းသည် ဂျယ်လီတုံးနှင့် တူနေပြီး ဒန်ဘီ၏ လက်သည်းက ဇွန်းတစ်ချောင်းနှင့် တူနေသည်။

နဂါးသည် စပြီး အကြောဆွဲလာသည်။ အနက်ရောင် မီးတောက်များသည် နဂါး၏ ခေါင်းကို ဖုံးလွှမ်းလာသည်။ နဂါး၏ ရုန်းကန်နေမှုသည် တဖြည်းဖြည်း အားလျော့လာသည်။ သူထုတ်လွှတ်တော့မည့်ဆဲဆဲ ငွေရောင်အလင်းလုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သူသည် ပျံပင် မပျံသန်းနိုင်တော့ပဲ တောင်ပေါ်ကို လေယာဉ်ပျက်ကျသလို ပြုတ်ကျသွားပြီး ကျောက်တုံးများပင် ကွဲအက်သွားသည်။

ဒန်ဘီသည် ထိုအခြေအနေကို ၁၀ စက္ကန့်လောက်သာ ထိန်းသိမ်းထားနိုင်သည်။ ၁၀ စက္ကန့် ပြည့်သောအခါ ဒန်ဘီနောက်မှ အဖြူရောင် အရိုးစု နတ်ဆိုး တစ္ဆေသည် ပျောက်ကွယ်သွားပြီး ဒန်ဘီ၏ စွမ်းအင် အငွေ့အသက်ကလည်း အလွန်အားပျော့သွားသည်။

နဂါး၏ အလောင်းသည် တောင်ထိပ် တစ်ခုကို ခွဲထွက်ပြီး ရှိနေသည်။ သူ၏ အကြေးခွံများသည် သတ္တုရောင် တောက်ပနေသည်။ သူသေသွားသောကြောင့် ရုပ်လုံးပင် မပေါ်သေးသော ခေါင်းသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သွေးများသည် ခေါင်းမရှိသော နဂါး၏ လည်ပင်းမှ စီးကျနေကြသည်။ အနီရင့်ရောင် နဂါးသွေးများသည် ဘေးပတ်ပတ်လည်တွင် စီးဆင်းနေပြီး အစိမ်းရောင် သစ်ရွက်များသည် ပို၍ အရောင်ရင့်လာကာ အစိမ်း‌ရင့်ရောင်များ ဖြစ်သွားကြသည်။

သစ်ရွက်ပေါ်ရှိ ‌အကြောများသည် ပို၍ ပြတ်သားလာပြီး ထိုအကြောများသည် အဖြူရောင် အရိုးများနှင့်ပင် တူသေးသည်။ အချို့အပင်များတွင် အစိမ်းရင့်ရောင် ကြေးခွံများ ပေါ်လာပြီး အမြစ်များမှာပါ ပေါ်လာသည်။

သို့သော် ရုတ်တရတ် ထိုသို့ပြောင်းလဲသွားသော အပင်တော်တော်များများသည် ၁၀ မိနစ်အကြာတွင် သေဆုံးသွားကြသည်။ အသွင်ပြောင်းလဲခြင်းအတွက် စွမ်းအင်လိုအပ်သည်။ နဂါးသွေးသည် ထိုစွမ်းအင်ပမာဏထက်ပို၍ များပြားနေသောအခါ အပင်များသည် ခံနိုင်ရည်မရှိပဲ သေဆုံးသွားကြခြင်း ဖြစ်သည်။

အချို့သော ကံကောင်းသည် ရှားပါးအပင်များကသာ နဂါးသွေးနှင့် ထိပြီးနောက်တွင်လည်း အသက်ဆက်ရှင်ကြခြင်း ဖြစ်သည်။ သူတို့သည် အသွင်ပြောင်းခြင်း အနည်းငယ်သာ ဖြစ်ကြသောကြောင့် ဖြစ်သည်။

ကောင်းဖန်သည် သိမ်းငှက် အရိုးစုပေါ်မှ ဆင်းပြီး ဒန်ဘီ၏ အခြေအနေကို ကြည့်လိုက်သည်။ ဒန်ဘီသည် အနည်းငယ် အားနည်းသော အခြေအနေသာ ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါမှ ကောင်းဖန်သည် စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၉၂ အိမ်ပြေးတာ့ဇီ

“ဒန်ဘီ.. မင်းခုနက ဖြစ်သွားတဲ့ အခြေအနေကို မှတ်မိသေးလား” ကောင်းဖန်က ဒန်ဘီကို မေးလိုက်သည်။

ကောင်းဖန်သည် ထိုအခြေအနေကို အလွန်ရှားပါးပြီး အင်အားကြီးမားလွန်းသည်ဟု တွေးမိသည်။ ထိုအခြေအနေတွင် ဒန်ဘီ၏ စွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းအောင် မြင့်တက်နေသည်။

ခွန်အား၊ မာကျောမှု အကုန်လုံးသည် ထိပ်ဆုံးကို မြင့်တက်နေခဲ့သည်။

ဒန်ဘီသည် ထိုအခြေအနေကို မပြောင်းလိုက်ခင်က နဂါး၏ အကာအရံများကို ထိုးဖောက်ရန် မလွယ်ကူခဲ့ချေ။

အခုတော့ သဲထဲကို ပေါက်တူးဖြင့် တူးဆွလိုက်သလို လွယ်ကူလွန်းသွားသည်။

ဒန်ဘီအတွက်တိုက်ခိုက်မှုတွင် အလွန်လွယ်ကူသွားခြင်း ဖြစ်သည်။

ဒန်ဘီသည် ခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းကို ခါလိုက်သည်။

သူသည် ညာလက်ကို ဆန့်တန်းကာ ဘေးမှ နဂါးပေါ်ကို တင်လိုက်သောအခါ ဝိဉာဉ်စွမ်းအင်ကြီးများသည် ဒန်ဘီ၏ ကိုယ်ထဲသို့ စိမ့်၀င်သွားသည်။

ဒန်ဘီ၏ ကိုယ်တွင်းမှ စွမ်းအင် အငွေ့အသက်သည် တဖြည်းဖြည်း ကြီးမားသထက် ကြီးမားလာသည်။

နောက်ဆုံးတော့ စုပ်ယူမှုပြီးသွားသည်။

တိုးနေသော စွမ်းအင်အငွေ့အသက်များလည်း ရပ်တန့်သွားသည်။ သူ့စိတ်ဝိဉာဉ်ထဲမှ စွမ်းအင် အငွေ့အသက်သည် ဘုရင်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

နောက်တစ်ဆင့်သည် ဧကရာဇ်အဆင့်သာ ရှိတော့သည်။ သားရဲစွမ်းရည်ကို ကြည့်လျှင် ဒန်ဘီသည် ဧကရာဇ်အဆင့်သို့ရောက်ရန် အတော်ပင် နီးကပ်နေပြီ ဖြစ်သည်။ သို့သော် ယခု‌နယ်မြေတွင် ဒန်ဘီကို ထိုအဆင့်သို့ရောက်ရန် တစ်စုံတစ်ခုက ပိတ်ဆို့ထားသလို ဖြစ်နေသည်။

သူသည် မျက်နှာကြက်ကို ရောက်နေသောကြောင့် အပေါ်ကို ဆက်ပြီး ထိုးဖောက်လို့ မရနိုင်သည့် သဘောမျိုး ဖြစ်သည်။ ထိုမျက်နှာကြက်ကို ခွဲထွက်၍ ဖြစ်စေ သို့မဟုတ် အပေါက်သေးသေးလေး ဖောက်၍ ဖြစ်စေ ကြိုးစားကြည့်လို့တော့ရသည်။ သို့သော် ဒန်ဘီ၏ လက်ရှိ အခြေအနေနှင့်တော့ မဖြစ်နိုင်သေးချေ။

ထိုမျက်နှာကြက်ကို တစ်ကမ္ဘာလုံးတွငိ ထိုးဖောက်နိုင်သူလည်း မရှိသေးချေ။ အပေါက်သေးသေးလေး ဖောက်လိုက်တာက တစ်ခုလုံးကို ဖွင့်ထုတ်လိုက်တာထက် ပိုပြီးဖြစ်နိုင်ချေ ရှိသော်လည်း လွယ်တော့ မလွယ်ကူသည့် ကိစ္စဖြစ်သည်။

ဒန်ဘီသည် နဂါးအလောင်းပေါ်ကို လက်တင်လိုက်ပြန်သည်။ အေးစက်နေသော အလောင်းသည် ရုတ်တရတ် တုန်ခါသွားကာ အသွေးအသားများ ပျောက်ကွယ်ကုန်ပြီး အရိုးများသာ ကျန်တော့သည်။

မကြာခင်အချိန်အတွင်းမှာပင် ကြောက်မက်ဖွယ် တုန်ခါမှုကြီးသည် ထိုနားတစ်ဝိုက်တွင် ပျံ့နှံ့သွားသည်။

တောင်ထိပ်များသည် ပြင်းထန်စွာ တုန်ခါနေကြသည်။

နဂါးလက်သည်းကြီးသည် တောင်ထိပ်မှနေ၍ မီတာပေါင်းများစွာထိ ရှည်လျားသော ခြစ်ရာကြီးဖြင့် ဆွဲကုတ်လိုက်သည်။

ခေါင်းမရှိသော နဂါးဖုတ်ကောင်ကြီးသည် တောင်ထိပ်တွင် ဒယီးဒယိုင် မတ်တပ်ရပ်လိုက်သည်။ သူသည် ခေါင်းကိုမော့ကာ တစ်ကိုယ်လုံး ဆန့်တန်းလိုက်သည်။ ထို့နောက်သူသည် ဘုန်းခနဲ ပြန်လဲကျသွားပြန်သည်။

သူသည် အလောင်းကောင်ကြီး ပြန်ဖြစ်သွားပြန်သည်။

ဒန်ဘီသည် ခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်။ “သခင်.. သူ့ခေါင်းက မရှိတော့ အသက်သွင်းလို့ မရဘူး ဖြစ်နေတယ်”

“ကိစ္စမရှိဘူး” ကောင်းဖန်က ခေါင်းကို ခါ၍ ဘာမှမဖြစ်ကြောင်း ပြောလိုက်သည်။

သူ့အတွက် နဂါးကို အသက်မသွင်းရလည်း ကိစ္စမရှိပေ။ ထိုနဂါးသည် ဘုရင်အဆင့်ရှိသော ကြီးမားသည့် သားရဲတစ်ကောင်သာ ဖြစ်သည်။

နဂါး၏ ဝိဉာဉ်ကို တစ်စမကျန် စုပ်ယူပြီးသည့် တိုင်အောင် ဒန်ဘီသည် အဆင်တော့ပြေလာပြီ ဖြစ်သော်လည်း အနည်းငယ် အားနည်းနေတုန်း ဖြစ်သည်။ “သခင်.. ကျွန်တော်ကတော့ ခုနက အခြေအနေကို ကျွန်တော်စိတ်ရှိရင် ရှိသလို ပြောင်းလို့ရမယ်လို့” ခံစား‌မိနေတယ်”

ကောင်းဖန်၏ ရင်သည် ပျော်ရွှင်မှုဖြင့် တစ်ချက်ခုန်သွားသည်။ သူသည် ထိုအခြေအနေ၏ အသေးစိတ်ကို သေချာမသိသေးသော်လည်း သူ့အတွက်တော့ ဂုဏ်ယူစရာ ဖြစ်နေသည်။

“ဒန်ဘီ.. အဲဒီအခြေအနေ ဖြစ်သွားအောင် ဘယ်လို လုပ်လိုက်တာလဲ” ကောင်းဖန်က သိချင်စွာ မေးလိုက်သည်။

ဒန်ဘီသည် ရှုပ်ထွေးသလို ဖြစ်နေပြီး ဘာပြန်ပြောရမှန်း မသိချေ။

“ဒါဆိုရင် နောက်ဆက်တွဲရော ဘယ်လိုခံစားရလဲ ငိလား” ဒန်ဘီသည် ဝိဉာဉ်ထိန်းချုပ်မှု စွမ်းအင်ကိုတော့ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူသည် သူ့ထံတွင် တစ်ခုခု ထိခိုက်မှုဖြစ်ပါက ချက်ချင်း သိနိုင်မည် ဖြစ်သည်။

“အဲဒီအခြေအနေပြီးနောက်မှာ နည်းနည်းတော့ အားနည်းသလို ခံစားရတယ်.. အဲဒါထက်တော့ ဘာမှ ထွေထွေထူးထူး မဖြစ်ဘူး”

“ကောင်းတယ်”

ကောင်းဖန်သည် အခြေအနေကို စေ့ငုပြီးနောက် ဘာမှထပ်မမေးတော့ချေ။ သူသည် ဒန်ဘီကိုသာ ထိုစွမ်းအင်ကို သင့်တင့်စွာ အသုံးချနိုင်ရန် လေ့ကျင့်ပေးရမည် ဖြစ်သည်။

“သွားရအောင်.. နဂါးအလောင်းကိုတော့ ပြန်သယ်ခဲ့မယ်”

သို့သော် နဂါးအလောင်းကြီးသည် ကြီးလွန်းသောကြောင့် သယ်ရတာ လွယ်တော့မလွယ်ပေ။ သို့သော် အစင်းလေးက အချိန်ကိုက်ရောက်လာသောကြောင့် အဆင်ပြေသွားသည်။

ကောင်းဖန်တို့ ထွက်သွားသောအခါမှ လေ့ကျင့်သူ အဖွဲ့များသည် ဟိုမှသည်မှ အလျှိုလျှိုထွက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ကင်မရာကို လည်ပင်းဆွဲထားပြီး ဓာတ်ပုံများ ဗီဒီယိုများကို ပြန်ကြည့်နေသည်။ သူ့ဘေးတွင်လည်း အခြားသူများက အံ့ဩသည့်မျက်နှာများဖြင့် ကြည့်နေကြသည်။

“ငါတို့ တကယ်ပဲ နဂါးသတ်ပွဲကြီးကို မြင်လိုက်ရတာလား”

“ကြောက်စရာကြီး.. နဂါးတောင် အသတ်ခံရတယ်ဆိုတော့..”

…

ကောင်းဖန်က တောင်ပိုင်းကောင်းကင်သို့ ပြန်ရောက်သွားသောအခါ စရစ်ကျောပေါ်မှ နဂါးအလောင်းကြီးကို လမ်းတစ်လျှောက်မှ လူများသည် ထိတ်လန့်အံ့ဩစွာ ကြည့်နေကြသည်။

ရှုဟဲ့ထိသည် တောင်ကြီးသဖွယ်ကြီးမားသော သားရဲကြီး ဖြတ်သွားသည်ကို တွေ့လိုက်ရသောကြောင့် လုပ်လက်စကို ခဏနားကာ အပြင်ထွက်ကြည့်လိုက်သည်။ သူသည် ထိုသားရဲကြီးကို သခင်လေးကောင်းဖန်၏ ကိုယ်ပိုင်သားရဲ ဖြစ်မှန်းတော့ သိထားပြီး ဖြစ်သည်။

သို့သော် သူသည် သွေးများစီးကျနေသည့် နဂါးအလောင်းကြီးကို တွေ့လိုက်ရသောအခါတွင်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ နဂါးခေါင်းနေရာတွင်တော့ လည်ပင်းမှ သွေးများစီးကျနေမှုကို ကာကွယ်ရန် မြေကြီးဖြင့် ထူထူအုပ်ထားသည်ကို တွေ့လိုက်ရသည်။

တကယ်ပဲ နဂါးလား..

သခင်လေး ကောင်းဖန်က ဘယ်တုန်းက နဂါးကိုတောင် ခေါင်းဖြတ်သတ်နိုင်သွားတာလဲ..

ရှုဟဲ့ထိသည်ပင် အလွန်ထိတ်လန့်သွားသည်။ သူသည်ပင် ထိုကဲ့သို့ ထိတ်လန့်သောကြောင့် အခြားသူများဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့ချေ။

ကောင်းဖန်သည် တောင်ပိုင်းကောင်းကင်တွင် နဂအလောင်းကို စီစဉ်စရာရှိတာတွေ စီစဉ်ဖို့ လူများကို စုလိုက်သည်။ ထိုအလောင်းကို မြန်မြန်လက်စသတ်မှ ဖြစ်ပေမည်။

ရှုဟဲ့ထိအပါအ၀င် အထက်ပိုင်းအရာရှိများသည် သတင်းကြားကြားချင်း အမြန်ရောက်လာကြသည်။ သူတို့သည် နဂါးအရှင်ကိုသာ မြင်ဖူးကြပြီး အသေကောင်ကိုတော့ မမြင်ဖူးကြပေ။

အနည်းဆုံး မီတာ တစ်ရာကျော်ရှည်သော အမည်းရောင်နဂါးကြီးသည် သေဆုံးပြီးနောက်တွင်တောင် ခံ့ညားလှသည်။ သူတို့၏ ကိုယ်ပိုင်သားရဲများသည် ‌အဝေးတွင် ရပ်နေကြပြီး အနားသို့တစ်ကောင်မှ မကပ်ဝံ့ကြပေ။

မကြာမီ ထရပ်ကားကြီးများ ရောက်လာကြသည်။ ထို့နောက် နဂါးလည်ပင်းကို ကာထားသော မြေကြီးများကို ဖယ်လိုက်ကြသည်။ ထို့နောက် ‌ဒဏ်ရာမှထွက်လာသော သွေးများကို ထရပ်ကားနောက်မှ အထူးစီမံထားသော ကွန်တိန်နာထဲသို့ ထည့်လိုက်ကြသည်။ နဂါးသွေးများသည် ထရပ်ကားကြီး ၁၀ စီးစာပင် ပြည့်သွားသည်။

ထိုနဂါးသွေးများသည် အလွန်တန်ဖိုးရှိသော ရှားပါးပစ္စည်း ဖြစ်သည်။ ကောင်းဖန်သည် အချို့သားရဲများကတော့ သူတို့ကို အဆင့်မြှင့်ရန် နဂါးသွေးလိုသည်ကို သတိရသွားသည်။

နဂါးသွေးကို အဆင့်မြှင့်တင်ရာတွင် အသုံးပြုပါက သူတို့သည် နဂါးသွေးသားရဲများအဖြစ် အဆင့်မြှင့်သွားကြသည်။ နဂါးသွေးသည် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုနိုင်သလို နဂါးသွေး ပူတင်းလည်း လုပ်စားလို့ရသည်။

နောက်ထပ်ဆက်လုပ်ဖို့က နဂါးကို ခွဲခြမ်းရန် ဖြစ်သည်။ ကောင်းဖန်သည် နဂါးအသားကို လှီးရန် အလင်းစီးဆင်းမှု ၏ အကူအညီကိုတော့ ယူရမည် ဖြစ်သည်။

ထိုမြင်ကွင်းသည် ကြည့်ရတာ အူကြောင်ကြောင်တော့ နိုင်လှသည်။ ကိုယ်ပိုင်သားရဲ အုပ်စုများသည် အတန်းလိုက်စီကာ နဂါးအသားအပိုင်းအစလေးများ ဖြစ်ဖြစ် စားရရန် ခွေးပေါက်မျက်လုံးလေးများဖြင့် ထိုင်မျှော်နေကြသည်။

တောင်ပိုင်းကောင်းကင်၏ သုတေသန ခေါင်းဆောင်များကလည်း သတင်းရရချင်း ထိုနေရာသို့ အပြေးအလွှားလာကြကာ သုတေသန လုပ်ရန် နဂါးအသားအပိုင်းအစ တစ်ခုခု ရလိုရငြား ရောက်လာကြသည်။

ထို့နောက် ထောက်ပံ့ရေးဌာန.. လက်နက်ဌာန..

လူများသည် ဝေစုကိုယ်စီရရန် တဖြည်းဖြည်း စုရုံးလာကြသောကြောင့် ကောင်းဖန်သည် စိတ်ညစ်လာသည်။ ထို့နောက် ဟွမ်းယာနှင့် လွှဲထားခဲ့လိုက်သည်။

“အရေးကြီးတဲ့ အတွင်းအင်္ဂါတွေ၊ အရိုးတွေကိုတော့ ချန်ထားပေး.. တခြား အရိုးအပိုင်းအစလေးတွေ၊ သွေးတွေ၊ အသားတွေ၊ အကြေးခွံတွေကိုတော့ လိုသလိုသာ ခွဲပေးလိုက်” ကောင်းဖန်က ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေး”

“ဪ ဟုတ်သားပဲ. နဂါးအသည်းကိုလည်း ထုတ်ပေးထား.. ပြီးရင် စားဖိုမှူးဆီပို့လိုက်” ကောင်းဖန်က အကြံတစ်ခုရသွားသည်။

သူသည် နဂါးအသည်းနှင့် မီးငှက်ခြင်ဆီဆိုသည့် အသုံးအနှုန်းကို ကြားဖူးခဲ့သည်။ ထိုဘန်းစကားသည် အလွန်ရှားပါးပြီး အလွန်အရသာရှိသော အစားအစာတွဲဖက်များဟု ဆိုလိုခြင်းဖြစ်သည်။ ယခုသူ့တွင် နဂါးအသည်း လက်၀ယ်ရှိနေပြီဖြစ်သောကြောင့် အခွင့်အရေးကောင်းကို အဆုံးရှုံးခံလို့ မဖြစ်ပေ။

“တာ့ဇီ ဘယ်မှာလဲ” ကောင်းဖန်က ဖလိန်မီကို မေးလိုက်သည်။ သူသည် ယခုချိန်ထိ တာ့ဇီသူ့နားရောက် မလာသေးသည်ကို သတိထားမိလိုက်သည်။ ထိုအကောင်သည် အလွန်တွယ်ကပ်သူ ဖြစ်လေရာ ယခုကဲ့သို့ ပေါ်မလာခြင်းသည် ထူးဆန်းနေသည်။

“တာ့ဇီက စာချန်ခဲ့တယ်” ဖလိန်မီက တာ့ဇီလက်သည်းများဖြင့် ရေးခြစ်ခဲ့သော နေရာဆီသို့ ကောင်းဖန်အား ခေါ်သွားလိုက်သည်။

ကောင်းဖန်သည် တုန်ယင်စွာ ရေးထားသော လက်ရေး စုတ်စုတ်လေးများကို ‌မြင်လိုက်ရသည်။

...”ငါထွက်သွားပြီ.. ငါသန်မာတဲ့ သားရဲဖြစ်ချင်တယ်.. ငါသန်မာတဲ့ တစ်နေ့ ပြန်လာခဲ့ပါ့မယ်”

“…”

ဒီကောင်ကတော့ အိမ်အပြန်လမ်းတောင် မှတ်မိပါ့မလား..

ကောင်းဖန်သည် စိတ်ပူမိသွားသည်။

သို့သော်တာ့ဇီ၏ စွမ်းအင်နှင့်ဆိုလျှင် ကောင်းဖန်သည် သိပ်တော့ စိတ်ပူစရာ မလိုပေ။ တာ့ဇီသည် အဆင့် ၅၀ ရှိနေပြီ ဖြစ်ကာ ဘုရင်အဆင့်ရောက်ဖို့ အနည်းငယ်သာ လိုတော့သည်။ သူ့အနေဖြင့် အနိုင်ယူဖို့ ခက်ခဲသည့် သားရဲသည် ရှားပါးနိုင်ပေမည်။ ထို့အပြင် တာ့ဇီသည် ပျံသန်းနိုင်သောကြောင့် သိပ်တော့ စိတ်ပူစရာ မလိုပေ။ ထိုအကောင်သည် ဉာဏ်သိပ်မကောင်းခြင်းကိုသာ စိတ်ပူရမည် ဖြစ်သည်။ ကောင်းဖန်သည် တာ့ဇီအား သူ့ကို ကျေးကျွန်အဖြစ် ရောင်းစားခံရရင်တောင် ပိုက်ဆံကူရေပေးနေဦးမည့် ကောင်မျိုးဟု တွေးနေမိသည်။

“ကောင်းဖန်.. ငါတာ့ဇီနောက်ကို လိုက်ဖို့ ကိုယ်ပိုင်သားရဲတစ်ကောင်ကို လွှတ်ထားတယ်.. တာ့ဇီကို ပျောက်မှာ မဟုတ်ပါဘူး” ဖလိန်မီသည် ကောင်းဖန်၏ စိတ်ပူနေသော မျက်နှာကို တွေ့လိုက်ရသောအခါ ပြုံးချင်စိတ်ကို မနည်းထိန်းထားရသည်။

All Chapters