← Chapters

အခန်း (၅၂၁-၅၂၄)

Vol. 33 Ch. 521-524

အခန်း (၅၂၁-၅၂၄)

Vol. 33 Ch. 521-524

အခန်း ၅၂၁ သံမဏိနဂါးမြီး

အလင်းလှိုင်းသည် သူ့ကျောကို တစ်ချက်ကုတ်လိုက်သောအခါ သူ၏ နံရိုးများကြားတွင် လေများတိုး၀င်သွားပြီး အောက်ကို ပြန်စိုက်ဆင်းသွားသည်။

နဂါးသတ်ခြင်းအခန်းသည် မမြင်ရသော စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုစွမ်းအင်သည် အောက်သို့စိုက်ဆင်းသွားသော သူ့ကို သေချာကာကွယ်ပေးထားသောကြောင့် အရှိန်နှုန်းသည် နှေးကျသွားသည်။

ဖလိန်မီကတော့ ရှောင်ကော၊ ဒန်ဘီနှင့် ကောင်းဖန်တို့ကို အောက်သို့ သယ်သွားပေးသည်။ သူပျံဆင်းလိုက်ပြီးနောက် ကောင်းဖန်သည် သေဆုံးခြင်း နဂါးတောင်ကြားထဲသို့ ဆင်းသက်လိုက်သည်။

ထိုအနီး၀န်းကျင်မှ သားရဲများသည် ထူးဆန်းသော ပုံစံရှိသည့် ကျောက်တုံးများ နောက်တွင် ပုန်းနေကြပြီး ထိုကျောက်တုံးများသည် ကောင်းဖန်တို့ထက် အဆပေါင်းများစွာ ကြီးမားလှသည်။ ထိုသားရဲများတွင် အဆူးများပါရှိကြပြီး တစ်ခုနှင့်တစ်ခု ထပ်နေသော အပြာရောင် ပေါင်းစပ်မျက်လုံးများသည် ကောင်းဖန်၏ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေကြသည်။

တောကို ကျွမ်းကျင်ပိုင်နိုင်သော မုဆိုးတစ်ယောက်သည် ရန်သူ၏ စွမ်းအင်ကို မသိရမချင်း သူတို့ကို သူတို့ ထင်သာမြင်သာ ရှိအောင် နေပြလေ့ မရှိပေ။ ရန်သူက အားနည်းမှန်း သေချာမှသာ ပုံစံအမှန်ကို ချပြတတ်ကြသည်။

အလင်းလှိုင်းသည် နဂါးကျောက်တုံး ပိတုန်းနောက်ကို ရုတ်တရတ် ရောက်သွားသည်။ သူသည် ခေါင်းကို လှည့်လိုက်ပြီး ဓားသွားပေါ်ရှိ အစိမ်းရောင် ကျောက်လေးကို ညင်သာစွာ လျက်လိုက်သည်။ သားရဲအမြုတေသည် သွေးစက်များပင် မခြောက်သေးချေ။

နဂါးကျောက်တုံးပိတုန်းသည် ပုံစံမပျက်ရပ်နေသော်လည်း သူသည် အလွန်အားနည်းနေပြီ ဖြစ်သည်။ ဆံချည်မျှင်လို သေးသွယ်သော အစိမ်းရင့်ရောင် အက်ကွဲရာတစ်ခုသည် သူ့နဖူးထက်မှနေ‌၍ ကျောဘက်ထိ အက်ကွဲသွားသည်။

ထို့နောက် ခွပ်ခနဲ အသံနှင့်အတူ နဂါးကျောက်တုံးပိတုန်းကောင်သည် အလယ်တည့်တည့်မှ ထက်ပိုင်းပြတ်သွားတော့သည်။ သူ့ခေါင်းဗဟိုချက်အတွင်းတွင်တော့ ဗလာဖြစ်နေပြီး သူ၏ သားရဲအမြုတေပင် မရှိတော့ချေ။

ထိုအခါ များပြားလှသော ခေါင်းများသည် ဟိုကြားသည်ကြားမှ စပ်စပ်စုစု ထွက်ပေါ်လာကြသည်။ ကျောက်တုံးများပေါ်တွင် ပေါက်နေသော အပင်များသည်ပင် အိကျသွားကြသည်။

ကောင်းဖန်ကတော့ ထိုအဆင်နိမ့်သားရဲများကို စိတ်မ၀င်စားချေ။ သူ့အတွက် အလွန်ပင် အဆင့်နိမ့်သော သားရဲများဖြစ်သည်။

“အင်း.. အခြေအနေမကောင်းဘူး” ကောင်းဖန်သည် တစ်ချက်ရပ်လိုက်ပြီးနောက် သူ့ဗိုက်ကို ပွတ်လိုက်ကာ အတွေးများနေသည်။

ဒန်ဘီသည် ဧကရာဇ်အဆင့်ကို တက်သွားချိန်တွင် ကောင်းဖန်ကတော့ အူကြောင်ကြောင် အခြေအနေ ဖြစ်နေရသည်။ သူ့ဗိုက်ထဲတွင် တစ်ခုခုက ရှိနေသလိုခံစားနေရပြီး တစ်လကျော်လောက်ပင် ရှိနေပြီဖြစ်သည်။

ကောင်းဖန်ကတော့ ထိုခံစားချက်သည် ဧကရာဇ်အဆင့် ကိုယ်ပိုင်သားရဲကို ပိုင်ဆိုင်ရပြီးနောက် ရရှိသည့် စွမ်းအင်ဟု ခံစားမိသည်။ ဒြပ်စင်အကာအရံ၊ ဝိဉာဉ်ချိန်းကြိုး၊ ထူးကဲသော အာရုံခံစွမ်းအင် စသည်တို့သည်လည်း သူနတ်ဘုရားအဆင့်၊ ဘုရင်အဆင့်သားရဲများ ရခဲ့စဉ်က ရထားသော စွမ်းအင်များဖြစ်သည်။

ကောင်းဖန်သည် အနည်းငယ်တော့ ကြောက်မိသော်လည်း ဒီအတောအတွင်းတော့ သူ၏ စွမ်းအင်သစ်ကို ဆန်းစစ်ရန် ဆုံးဖြတ်ထားသည်။ သို့သော် သူသည် သားရဲများ၏ သခင်တစ်ယောက် ဖြစ်ပြီး သူ့မာနကို ထိန်းသိမ်းသည့်အနေဖြင့် သူ့သားရဲများကိုတော့ ဘာမှမပြောထားချေ။ သူ့ဗိုက်ထဲတွင် တစ်ခုခုက ကြီးထွားနေသည်ဟူသော ခံစားချက်ကတော့ အနည်းငယ်ဆိုးသည်။

ကောင်းဖန်က ပြောလိုက်သည်။ “ငါ့ကို ခဏစောင့်နေကြဦး.. ဟိုနားခဏသွားလိုက်ဦးမယ်” ကောင်းဖန်သည် ဘယ်ကွေ့ညာကွေ့ပေါင်းများစွာ လုပ်ပြီးနောက် သူ့ကို ဘယ်သူမှမမြင်အောင် ကျောက်တုံးကြီးတစ်ခုနောက်သို့ သွားလိုက်သည်။

ကောင်းဖန်၏ ၀မ်းဗိုက်ထဲတွင် ပူနွေးသော အရာတစ်ခုစီးဆင်းနေသလို ခံစားနေရသည်။ သို့သော်သူ့တွင် X ray အမြင်စွမ်းအင်တော့ မရှိသည့်အတွက် သူ့အထဲတွင် ဘာတွေဖြစ်နေလဲတော့ မသိပေ။

ကောင်းဖန်သည် မျက်လုံးကို ပိတ်ပြီး ချင့်ချိန်စဉ်းစားလိုက်သည်။ သူသာ တစ်ခုခုကို မွေးထုတ်ရမည်ဆိုပါက ကျော်မကောင်း ကြားမကောင်း ဖြစ်တော့မည်ပင်။ နောက်တော့ သူအဖြေရှာတွေ့သွားသည်။

သူ့၀မ်းဗိုက်ထဲတွင် ရှိနေသောအရာသည် ရုတ်တရတ် ပွင့်ထွက်သွားရာ စည်းချုပ်ထားသော ကမ္ဘာသစ်တစ်ခု ပွင့်ထွက်သွားသလို ဖြစ်‌သည်။ ထိုအချိန်တွင် ကောင်းဖန်၏ အင်ပါယာအဆင့်သားရဲ လေ့ကျင့်သူ၏ စွမ်းအင်သည် နိုးထလာတော့သည်။ ကောင်းဖန်သည် မျက်လုံးများကို အံ့ဩစိတ်လှုပ်ရှားစွာ ပြန်ဖွင့်လိုက်သည်။ သူသည် မယုံနိုင်ဖြစ်နေသော်လည်း စိတ်ထဲတွင်တော့ ကျိတ်ပြီး စိတ်သက်သာရာ ရသွားမိသည်။

ကောင်းဖန်သည် ဒန်ဘီနားသို့ ပြန်ရောက်သွားသောအခါ စတုထ္တမြောက်ကလေးကို ကုန်းကြည့်လိုက်သည်။ သူသည် နဂါးပုရွက်ဆိတ်၏ ခေါင်းကို ပုတ်လိုက်ပြီး စိတ်ထဲမှနေ၍ “ပြန်သွားတော့” ဟု ပြောလိုက်သည်။

သူ့စိတ်ထဲက စကားအတိုင်း စတုထ္ထမြောက်ကလေး၏ ကိုယ်သည် အနီရောင်အလင်းများ တောက်ပသွားပြီးနောက် ပျောက်ကွယ်သွားသည်။

ဘယ်လ်ဒီနှင့်အတူ ဆူညံစွာ ဆော့နေသည့် ကျန်ကလေးများသည် ကောင်းဖန်ကို နားမလည်နိုင်စွာ လှည့်ကြည့်လိုက်ကြသည်။

“သခင်က မျက်လှည့်လုပ်ပြနေတာလား”

ကောင်းဖန်သည် မျက်လုံးကို မှိတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော နေရာလပ်‌တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။ ထိုနေရာသည် ကောင်းဖန်၏ အသိစိတ်ထဲတွင် ရှိနေသော နေရာဖြစ်သည်။ ထိုနေရာကို သေတ္တာငယ်ပေါင်းများစွာနှင့် ပိုင်းခြားထားပြီး သေတ္တာတစ်ခုထဲတွင် နဂါးပုရွက်ဆိတ်လေးတစ်ကောင် ငြိမ်သက်စွာ လှဲလျောင်းနေသည်။ ကောင်းဖန် ရေတွက်ကြည့်လိုက်သောအခါ စုစုပေါင်း သေတ္တာအလုံး ၁၀၀ ရှိနေသည်။

ထိုနေရာတွင် အချိန်ကန့်သတ်ချက်ရှိမနေပဲ ထူးခြားလှသည်။ သူသည် တစ်ချက် တွေးလိုက်ရုံဖြင့်ပင် စတုတ္ထမြောက်ကလေးသည် ထိုနေရာထဲမှ ပျောက်သွားပြီး ကောင်းဖန်ခြေထောက်နားသို့ ပြန်ရောက်လာသည်။

စတုထ္ထမြောက်ကလေးသည် အခြေအနေကို နားမလည်နိုင်စွာဖြင့် ကောင်းဖန်နားတွင် လှည့်ပတ်နေသည်။

ကောင်းဖန်က တစ်ချက်တွေးလိုက်သည်။ ထိုစွမ်းအင်နှင့်ဆိုလျှင် သူသည် သားရဲများကို သယ်ပို့ရသည့် ကိစ္စများအတွက် စိတ်ပူစရာ မလိုတော့ချေ။

သို့သော် ထိုနေရာထဲတွင် အထည့်ခံထားရသော သားရဲသည် အသိစိတ်သိပ်မရှိပဲ မိန်းမောသွားဟန်တူသည်။ သို့သော် ထိုနေရာသည် အပြင်ဘက်ကမ္ဘာရှိ မမြင်နိုင်သော နေရာတစ်ခု ဖြစ်နိုင်သည်။ သားရဲများသည် ပုံမှန်အားဖြင့်တော့ အဆင့်တက်ရန် ဒြပ်စင်များ စားသုံးလေ့ကျင့်ကာ သန်မာအောင် လုပ်ကြရသော်လည်း ထိုနေရာတွင်တော့ ကန့်သတ်ခံထားရပုံရသည်။ ထို့ကြောင့် ကြာကြာထည့်ထားလျှင်တော့ သူတို့၏ ကြီးထွားမှုကို ထိခိုက်စေနိုင်သည်။

မည်သို့ပင် ဖြစ်စေ ကိုယ်ပိုင်သားရဲများကို ထိုကဲ့သို့ အလိုရှိသလို ခေါ်ဆောင်နိုင်ခြင်းက အတော်လေးတော့ အဆင်ပြေနိုင်သည်။ ယခုတွင်တော့ ကောင်းဖန်သည် ထိုစွမ်းအင်၏ ကန့်သတ်ချက်များကိုရော မည်သည့်သားရဲ အရွယ်အစားထိ ထည့်လို့ ဆန့်လဲဆိုတာကိုရော သေချာတော့ မသိသေးချေ။

ကောင်းဖန်သည် ဖလိန်မီအားတောင်ကြားမှ ပျံထွက်ခိုင်းလိုက်စေပြီးနောက် အစင်းလေးကို ထိုသိုလှောင်ခန်းထဲ ထည့်ပြလိုက်ရာ ဂိုဒီသည် လွန်စွာ အံ့ဩနေတော့သည်။

အစင်းလေးသည်ပင် သေတ္တာတစ်ခုထဲတွင်ဆန့်သည် ဖြစ်ရာ ပုရွတ်ဆိတ်နဂါးနှင့် သိုလှောင်ပမာဏ အတူတူလောက် ဖြစ်နိုင်ပေသည်။

ဂိုဒီသည် မျက်လုံးကြီးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်နေလေရာ သူ့ပါးစပ်ထဲတွင် ဘဲတစ်ကောင်လောက်တောင် ဆန့်နိုင်လောက်သည်။ သူတစ်ချက်ဝှေ့လိုက်တာနဲ့ အစင်းလေးတောင် ပျောက်သွားတာလား..

“ကောင်းဖန်.. နင်ကတော်လိုက်တာ”

“ဒါပေါ့” ကောင်းဖန်ကလည်း ခေါင်းညိတ်လိုက်ပြီး ဂိုဒီကို သိုလှောင်ခန်းထဲထည့်ဖို့ ဟန်ပြင်လိုက်သည်။

အခုတော့ ရှောင်ဟွာ၊ နမ်ကျူးနှင့် ပဲ့ကျီတို့သာ ကောင်းဖန်ရှေ့တွင် ကျန်ပြီး တစ်ဖက်တောင်စွန်းတွင်တော့ ဘုရင်အဆင့်ဖုတ်ကောင်များ ကြောင်တောင်တောင်ဖြင့် ရပ်နေကြသည်။ သူသည် ကိုယ်ပိုင်သားရဲ ဖြစ်မှသာ သိုလှောင်ခန်းထဲ ထည့်လို့ရမည် ဖြစ်သည်။

သူသည် ထိုသားရဲများကို မဆင်မခြင်ဖြင့်တော့ သွေးစာချုပ်မချုပ်လိုပေ။ တစ်ကောင်က ဒန်ဘီ၏ သမီးဖြစ်ပြီး နောက်နှစ်ကောင်ကလည်း စာခြောက်ရုပ်သာသာ ဖြစ်သည်။ ကျန်သော ကောင်များကလည်း ဒန်ဘီအသက်သွင်းပေးထားသော ဖုတ်ကောင်များ ဖြစ်သည်။

ထားလိုက်ပါတော့..

ကောင်းဖန်သည် အစင်းလေးနှင့် ကျန်သော သားရဲများအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီး တောင်ထိပ်တွင် ခဏစောင့်ခိုင်းထားလိုက်သည်။

ထို့နောက် ဖလိန်မီကို တောင်ကြားထဲ ထပ်ပျံခိုင်းလိုက်ပြီး စာရွက်ဖြူ၊ ရှောင်ကောနှင့် ပုရွတ်ဆိတ်နဂါး ၇ ကောင်ကို သိုလှောင်ခန်းထဲ ထည့်ကြည့်လိုက်သည်။ အပြင်ဘက်တွင်တော့ အလင်းလှိုင်း၊ ဒန်ဘီနှင့် ဖလိန်မီတို့ ကျန်ခဲ့သည်။

တောင်ကြားထဲသို့ ပို၍ နက်နဲစွာလျှောက်သွားလိုက်သောအခါ အဆိပ်မြူခိုးများသည် ထူးဆန်းသော ကျောက်တုံးများဆီမှ ထွက်ပေါ်လာပြီး သူတို့ခြေထောက်အောက်မှ မြေကြီးသည် ပို၍ နူးညံ့လာသည်။ အရှေ့ဘက်တောအုပ်ဆီမှ ခပ်စူးစူးအသံတစ်ခု ထွက်ပေါ်လာသည်။

ကြီးမားသော သားရဲကြီးသည် ‌ဆင်ခြေလျှောတစ်ခုဘေးမှ ထွက်ပေါ်လာသည်။ ထိုအရာကြီးသည် သူ့ခြေထောက်နားမှ ကောင်းဖန်တို့ကို ငုံ့မကြည့်ပဲ တောင်ကြားအတွင်းပိုင်းဆီသို့ တဟုန်ထိုး ပြေးသွားကာ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

[သားရဲအမည်] - နဂါးပုရွတ်ဆိတ်

[သားရဲအဆင့်] - အဆင့် ၇၁ (အရှင်သခင်အဆင့်)

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲစွမ်းအင်] - မော်ကွန်းတင်

[ထူးခြားသော ဝိသေသ လက္ခဏာများ] - သံမဏိနဂါးမြီး (သံမဏိနဂါး၏ သွေးတစ်စိတ်တစ်ပိုင်း ပါ၀င်မှုရှိ)

သက်ရောက်မှု ၁ - သံမဏိနဂါးမြီး၏ အရွယ်ရောက်ပြီး အခြေအနေသည် အလွန်မာကျောပြီး လက်နက်သဖွယ် အသုံးပြုနိုင်သည်။ ထိုအမြီးတွင် ပြင်းထန်သော ခုခံအားရှိပြီး ဒြပ်စင်များဒဏ်ကို ခံနိုင်ရည် ရှိသည်။

သက်ရောက်မှု ၂- ထိုအမြီးကို အသက်သွင်းပါက သံမဏိနဂါးမြီး၏ မာကျောမှုအဆင့်ကို အချိန်တိုအတွင်း မြှင့်ပေးနိုင်ပြီး လျင်မြန်သွက်လက်မှုကို တိုးမြှင့်ပေးနိုင်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၂၂ မီးခိုးနဂါး

အရှင်သခင်အဆင့် နဂါးပုရွက်ဆိတ်သည် ကောင်းဖန်တို့ကို ကျော်သွားသည်။ သူသည် ကောင်းဖန်တို့ကို တွေ့လိုက်တာ ဖြစ်နိုင်သလို မတွေ့လိုက်တာလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ကို စိတ်ထဲထားမနေတာတော့ သေချာသည်။

“လာကြ သူ့နောက်လိုက်ရအောင်” ကောင်းဖန်က သိုလှောင်ခန်းထဲ ဒန်ဘီကို ထည့်၍ ပြောလိုက်သည်။

ဒန်ဘီရဲ့ ဧကရာဇ်အဆင့် စွမ်းအင်အငွေ့အသက်က သိသာနေတယ် မဟုတ်ဘူးလား.. အလင်းလှိုင်းရဲ့ ဖလိန်မီရဲ့ ဘုရင်အဆင့် စွမ်းအင် အငွေ့အသက်က ဒီလောက်တောင် ဥပေက္ခာပြုချင်စရာ ကောင်းနေတာလား..

နဂါးပုရွက်ဆိတ်က ဘာတွေများ ဒီလောက် အလျင်လိုနေတာလဲ.. ဘာများရှိနေလို့လဲ..

ကောင်းဖန်သည် နားမလည်နိုင် ဖြစ်နေတော့သည်။ ထိုနဂါးပုရွက်ဆိတ်သည် နဂါးအလောင်းဆီကို ဦးတည်နေတာတော့ သေချာသည်။ နဂါးပုရွက်ဆိတ်က သူနဲ့ မျိုးတူကို ဒီလောက်တောင် စိတ်၀င်စားနိုင်တာလား.. ဒါမှမဟုတ် ဝံပုလွေတွေလိုပဲ ခေါင်းဆောင်မရှိတော့လို့ ဗျာများနေတာလား..

ကောင်းဖန်သည် သာမာန်ပုရွက်ဆိတ်များလို ဂေဟချိန်းကြိုးဆက်နွယ်မှုတော့ ရှိလိမ့်မည်ဟု မထင်မိပေ။

အကယ်၍ ဧကရာဇ်အဆင့်နှင့် အရှင်သခင်အဆင့် နဂါးပုရွက်ဆိတ်များသာ ပုရွက်ဆိတ်အသိုက်လုပ်ထားပါက အတော်ကြောက်စရာ ကောင်းပေလိမ့်မည်။ ကောင်းဖန်သည် ထိုပုရွက်ဆိတ်သိုက်ကို စိတ်ပင် မကူးရဲတော့ချေ။

မည်သို့ပင်ဖြစ်စေ နဂါးပုရွက်ဆိတ်ကြီး သွားရာ လမ်းတစ်လျှောက်တွင် အလွန်တိတ်ဆိတ်ငြိမ်သက်သွားသောကြောင့် ကောင်းဖန်အတွက်တော့ ဒုက္ခနည်းသွားသည်ဟု ဆိုရမည်။ လမ်းတစ်လျှောက်တွင် သူသည် မည်သည့်သားရဲကိုမှ မတွေ့မိချေ။ အကယ်၍ ဘုရင်အဆင့်နှင့် ဧကရာဇ်အဆင့်သားရဲများ ရှိနေလျှင်တောင် ကောင်းဖန်တို့ကို ထွက်ရင်ဆိုင်ကြမည် မဟုတ်ချေ။

ရုတ်တရတ် တောင်ကြားထဲတွင် တေးသံတစ်ခုလို အော်မြည်သံအချို့ ထွက်ပေါ်လာသည်။ ကြီးမားသော သဏ္ဍာန်ကြီးသည် သူ၏ ချွန်ထက်သော လက်သည်းကြီးဖြင့် အဖြူရောင် မြူခိုးများကြားမှ ဝိုးတဝါးထွက်ပေါ်လာသည်။

ကောင်းဖန်သည် ထိုတောင်ကြားထဲမှ မြူခိုးများသည်နှစ်ပေါင်းများစွာ နဂါးအလောင်းများမှ ထွက်ပေါ်လာသည့် အခိုးအငွေ့များ ဖြစ်ပြီး ရံဖန်ရံခါ ထိုသို့ ပုံရိပ်ယောင်များ ထွက်ပေါ်လေ့ ရှိသည်ကို သတိပြုမိလိုက်သည်။

ထိုမြူခိုးများကြားထဲတွင် တစ်ချက်တစ်ချက် သားရဲသံများ ထွက်လာသောကြောင့် ကောင်းဖန်သည် မည်သည့်ဦးတည်ချက်ဆီသို့ သွားရမည်ကို သိနိုင်လေသည်။ နားထောင်ရင်းဖြင့်ပင် တောင်ကြားထဲတွင် နဂါးပုရွက်ဆိတ် တစ်ကောင်ထက်မနည်း ရှိတာကတော့ သေချာသိနိုင်သည်။ သို့သော် တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်ခံကိုတော့ မကြားမိပေ။

ကောင်းဖန်သည် တစ်ချက်တွေဝေသွားသည်။ နဂါးပုရွက်ဆိတ်က တစ်ကောင်ထက်မနည်း ရှိနေတာလား.. ဒါဆိုရင် သူတို့ရဲ့ မူလရင်းမြစ် သဘာ၀ကို မစွန့်ပယ်ပဲ အုပ်စုလိုက်ရှိနေတတ်တာ ဖြစ်နိုင်သည်။

ထိုအချိန်တွင် အရှေ့ဖက်မှ သားရဲများ တိုက်ခိုက်နေကြသည့် အသံကို ကြားလိုက်ရသည်။ ကောင်းဖန်သည် သတိကြီးစွာဖြင့် အရှေ့ကို တွားသွားလိုက်သည်။ သူသည် တစ်ကိုယ်လုံးကို မြေကြီးနှင့် ကပ်ထားပြီး တံတောင်ဆစ်ကို ထောက်ထားကာ ၀မ်းဗိုက်ဖြင့် မြေကြီးကို ပွတ်တိုက်ပြီး သွားလိုက်သည်။

တိုက်ခိုက်နေကြသည့် နေရာကို ရောက်သောအခါ ကောင်းဖန်ခေါင်းပေါ်မှ မြေစိုင်ခဲများပင် လွင့်ပျံနေကြသည်ကို ခံစားနေရသည်။ သူကတော့ ငြိမ်ငြိမ်ပင် နေနေသည်။

ကောင်းဖန်သည် ထိုနေရာက သူ့အတွက် အန္တရာယ်များမှန်း ကောင်းကောင်း သိထားသည်။ ထိုသားရဲများသည် သူ၏ တည်ရှိမှုကိုလည်း သိနေနိုင်သည်။ သို့သော် သူသည် သူတို့နှင့်ယှဉ်လျှင် အားနည်းသူဖြစ်သောကြောင့် လျစ်လျူရှုထားကြတာ ဖြစ်နိုင်သည်။ သို့သော် သူဒန်ဘီကို ထုတ်လိုက်လျှင်တော့ အခြေအနေက ကွဲပြားသွားနိုင်သည်။

ထိုသို့မဟုတ်လျှင်တောင် တိုက်ခိုက်နေကြသည့် သားရဲများ၏ အာရုံက သူ့ဖက်လှည့်လာနိုင်သည်။ သူသည် ယခုတော့ အန္တရာယ်ကင်းနေသေးသည် ဆိုသော်လည်း စိတ်ချလက်ချ နေလို့တော့ မရပေ။

ထိုအချိန်တွင် သူ့ဘေးသို့ တွားလာသော သားရဲတစ်ကောင်၏ အသံကို ကြားလိုက်ရသည်။ ကောင်းဖန်လှည့်ကြည့်လိုက်သောအခါ တိုက်ပွဲနေရာသို့ နီးကပ်စွာ သွားရန်ဟန်ပြင်နေသော ကားတစ်စီးအရွယ်အစားလောက်ရှိသည့် မီးခိုးရောင် အင်းဆက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုသားရဲသည် ကြောက်နေပြီး အနီးသို့ တိုးမသွားရဲသည့် ပုံဖြစ်နေသည်။

ထိုသားရဲသည် နတ်ဘုရားအဆင့် နဂါးကျောက်တုံးပိတုန်း ဖြစ်သည်။ အလင်းလှိုင်းသည် ထိုပိတုန်းတစ်ကောင်ကို သတ်ဖူးသည်ကို ကောင်းဖန် မှတ်မိလိုက်သည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေပြီး ပိတုန်းကောင်သည် ကောင်းဖန်ကို မြင်သော်လည်း အဖက်မလုပ်ပေ။ သူသည် ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အရသာမရှိလောက်ဘူးဟု တွေးမိသည့်အလား တစ်ဖက်သို့ ပြန်လှည့်သွားပြီး တိုက်ပွဲနေရာသို့သာ တိုးသွားရန် အာရုံစိုက်ထားသည်။

ထိုသို့ဖြင့် နာရီ၀က်လောက် ပိတုန်းကောင်၏ တင်ပါးကြီး အကာအကွယ်ကို ယူသွားပြီးနောက် ကောင်းဖန်သည် တိုက်ခိုက်နေကြသည့် သားရဲများကို မြင်လိုက်ရသည်။ တိုက်ပွဲမြေပြင်အလယ်တွင် ကြီးမားသော သဏ္ဍာန်ကြီးသည် လဲကျနေပြီး ထိုသားရဲကြီးသည် မီးခိုးရောင်လည်ပင်း၊ တွန့်ထပ်နေသော အရေပြား၊ ထိပ်ပိုင်းတွင် မီးခိုးတိမ်တိုက်ရှိနေသည့် ရှည်သွယ်သောအမြီးတို့ကို ပိုင်ဆိုင်ထားသည်။ သူ၏ အဖြူရောင် ကိုယ်လုံးကြီးသည် တလိမ့်လိမ့် ဖြစ်နေပြီး အနောက်တိုင်း နဂါးနှင့် ပုံစံဆင်တူသည်။

လေထုသည် သိပ်သည်းနေပြီး သားရဲအလောင်းမှနေ၍ မြောက်မြားစွာသော အငွေ့များထွက်နေသည်။ မြူခိုးများသည် ထိုအလောင်းကောင်ဆီမှ ထွက်လာနေခြင်း ဖြစ်သည်။

ကောင်းဖန်သည် အလွန်အံ့ဩသွားသည်။ ထိုကြီးမားသော အလောင်းကြီးသည် သေဆုံးထားတာ မကြာသေးပေ။

[ပစ္စည်းအမည်] - မီးခိုးနဂါး၏ အလောင်း

အလောင်းကောင်ကြီးသည် လောလောလတ်လတ် သေထားခြင်း ဖြစ်သည်။ သူ၏ ကြီးမားသော ကိုယ်ကြီးသည် ကွေးနေပြီး ဆန့်လိုက်လျှင်တော့ အနည်းဆုံး ပေတစ်ထောင်လောက် ရှိနိုင်သည်။ ကောင်းဖန်သည် ထိုသားရဲမျိုး၏ အလောင်းကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ဒီနဂါးက ခုနက တောင်ကြားထဲအော်နေတဲ့ နဂါးများလား..

ထိုနဂါးအလောင်းကြီး၏ ဘေးတွင် များစွာသော သားရဲများသည် တစ်ကောင်နှင့်တစ်ကောင် ရန်လိုနေကြသည်။ သူတို့ထဲတွင် နဂါးပုရွက်ဆိတ်လေးကောင်က တစ်ဖွဲ့လုပ်ထားသည်။ သူတို့သည် ဧကရာဇ်အဆင့်နှင့် အရှင်သခင်အဆင့် နဂါးပုရွက်ဆိတ်များဖြစ်ပြီး စူးရှသော အသံများ ထွက်ပေါ်နေသည်။

နဂါးပုရွက်ဆိတ်လေးကောင်သည် စက်ဝိုင်းသဏ္ဍာန် စုစည်းထားကြပြီး မီးခိုးနဂါး၏ ၀မ်းဗိုက်နားတွင် ရှိနေကြသည်။ သူတို့သည် အခြားသားရဲများကို လျစ်လျူရှုပြီး အစားကိုသာ အာရုံစိုက်ထားကြသည်။ အခြားသားရဲက သူတို့နားရောက်လာမှသာ စားတာကို ရပ်ကာ လှည့်ကြည့်ကြပြီး သတိပေးဟန် ရန်လိုပြကြသည်။

ဒီလိုအကျင့်စရိုက်မျိုးနှင့်ဆိုရင် နဂါးပုရွက်ဆိတ်များသည် မျိုးတူရာ စုနိုင်သည့် သဘောရှိနိုင်လေသည်။

ကောင်းဖန်သည် ခဏစဉ်းစားလိုက်ပြီး သူတို့သတိမထားမိနိုင်လောက်သည့် အချိန်တွင် ပဉ္ဓမမြောက်ကလေး နဂါးပုရွက်ဆိတ်လေးတစ်ကောင်ကို တိတ်တဆိတ် လွှတ်ပေးလိုက်သည်။

သူသည် အတွေးထဲတွင် ထိုကလေးကို ညွှန်ကြားချက်ပေးလိုက်သည်။ “မှတ်ထားနော်.. အဲဒီကို အတတ်နိုင်ဆုံး ရိုရိုကျိုးကျိုးသွား.. မင်းကမျိုးနွယ်တူဆိုတော့ ဒီကောင်တွေမင်းကို အနိုင်ကျင့်မှာ မဟုတ်ဘူး.. ချိုချိုသာသာလေးနေပြီး ဦးလေးတို့ အန်တီတို့လို့သာ ခေါ်ချလိုက်”

ကောင်းဖန်၏ ညွှန်ကြားချက်ဖြင့် မိန်းမောနေသော ကလေးလေးသည် ထိုနေရာသို့ ရောက်သွားသည်။ နဂါးပုရွက်ဆိတ်ကြီးများသည် အသားစကို ဝါးနေရင်း ခြေသံကြားသောအခါ လှည့်ကြည့်လိုက်သည်။ ဟမ်.. ဒီကလေးက ဘယ်ကရောက်လာတာလဲ.. သူ့အရွယ်အစားအရ အသိုက်ထဲက ထွက်လာတာတောင် မကြာသေးပုံပဲ.. သူမိသားစုက ဘယ်မှာလဲ..

နဂါးပုရွက်ဆိတ်များသည် နားမလည်နိုင် ဖြစ်သွားကြသည်။ ဒီလောက် အကောင်ပိစိလေးကို ဘယ်လိုမိသားစုကများ လက်လွတ်စပယ်နဲ့ လွှတ်ထားကြတာလဲ.. ဒီလောက်သေးသေးလေးကို မစောင့်ရှောက်နိုင်ကြပဲ ဒီနားထိရောက်လာအောင် လွှတ်ထားနိုင်ကြသလား..

နဂါးပုရွက်ဆိတ်များသည် အရွယ်ရောက်သွားပြီဆိုမှသာ အသိုက်ကထွက်ပြီး သူတို့ရဲ့ ကိုယ်ပိုင်အသိုက်များကို တည်ဆောက်ကြလေ့ရှိပြီး နဂါးသင်္ချိုင်းများနှင့် နီးသော နေရာမှာတွင် နေရသည်ကို ကြိုက်တတ်ကြသည်။ သူတို့သည် နဂါးအလောင်းတွေ့သည်နှင့် အတူတကွ စုပေါင်းကာ မဟာမိတ်ဖွဲ့လိုက်ကြပြီး ရန်သူများကို တိုက်ခိုက်လေ့ရှိကြသည်။

ပဉ္စမမြောက်ကလေးသည် ပြေးလာပြီးနောက် သူ့ရှေ့က နဂါးအလောင်းကြီးကို သွားရေတမြားမြားနှင့် ကြည့်နေလေသည်။ ထိုအကောင်လေးသည် သူတို့ ခြေထောက်လောက်ပင် မကြီးသောကြောင့် ပုရွက်ဆိတ်ကြီးများသည် သူ့ကို မောင်းမထုတ်ကြပဲ ဘာသိဘာသာ နေလိုက်ကြသည်။

ထိုသို့ဖြင့် ပဉ္စမမြောက်ကလေးသည် အတူတကွ ဝင်ရောက်စားသောက်နေတော့သည်။

နာရီဝက်ခန့်ကြာသောအခါ ပုရွက်ဆိတ်ကြီးများက မီးခိုးနဂါးကို စားသောက်နေကြဆဲတွင် ပဉ္စမမြောက်ကလေးသည် လှိမ့်လျက် တွားသွားလိုက်ဖြင့် ပြန်ခိုးထွက်လာသည်။ သူ့ဝမ်းဗိုက်သည် လုံးဝန်းကြီးမားနေပြီး ကိုယ်ဝန်ဆောင် တစ်ယောက်လို ဖြစ်နေသည်။

နဂါးအလောင်းကို နဂါးပုရွက်ဆိတ်က ပြန်စားသုံးခြင်းသည် ဖြစ်လေ့ဖြစ်ထ ရှိသည့် အချင်းအရာတော့ မဟုတ်ပေ။ သူတို့သည် ထိုသို့စားသုံးခြင်းဖြင့်လည်း နဂါးအစွမ်းများ ရသွားသည်လည်း မဟုတ်ချေ။ နဂါးတစ်ကောင်လုံးစားပြီးလျှင်လည်း နဂါးအစွမ်းများ ရချင်မှ ရသလို တစ်လုတ်လောက်စားလိုက်ရုံဖြင့် ရသွားသည်လည်း ရှိသည်။

ထို့ကြောင့် နဂါးပုရွက်ဆိတ်များအဖို့ နဂါးအလောင်းများကို လောဘတကြီး စားသုံးနေကြတာ ထိုအချင်းအရာကြောင့် ဖြစ်နိုင်ပေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၂၃ ဆဌမမြောက်ကလေး

၂ မိနစ်ခန့်ကြာပြီးနောက် နောက်ထပ် နဂါးပုရွက်ဆိတ်လေးတစ်ကောင်က ထပ်ရောက်လာပြီး သူ့ခေါင်းမှ ဦးမျှင်လေးကို ပျော်ရွှင်စွာ ယမ်းလျက် ရိုးသားသော မျက်လုံးကြီးများဖြင့် ကြည့်နေပြန်သည်။

နဂါးပုရွက်ဆိတ်ကြီးတစ်ကောင်က သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး နောက်တစ်ကောင်လည်း ကြောင်တောင်တောင် ဖြစ်နေသည်။

လူသားများအတွက် သားရဲမျိုးစုံကို ခွဲခြမ်းစိတ်ဖြာရသည်က ခက်ခဲသော်လည်း နဂါးပုရွက်ဆိတ်တစ်ကောင်အတွက်ကတော့ ၂ နှစ် ၃ နှစ်အရွယ် နဂါးပုရွတ်ဆိတ်ပေါက်လေးကို ခွဲခြားရသည်မှာ လွယ်ကူလှသည်။

ဒီကောင်လေးက ဘယ်က ရောက်လာပြန်တာတုန်း... နဂါးပုရွက်ဆိတ်တစ်ကောင်သည် စတုတ္ထမြောက်ကလေးကို လှည့်ကြည့်ပြီး အနံ့ခံလိုက်သည်။ ထိုပုရွက်ဆိတ်လေးသည် အခြားသော အနံ့များရောပါမနေပဲ သာမာန် နဂါးပုရွက်ဆိတ်လေးသာ ဖြစ်နေသောကြောင့် သူသည် စိတ်ရှုပ်ထွေးသွားပြန်သည်။

စတုတ္ထမြောက်ကလေးကတော့ အရှေ့ကို တိုးပြီး သူ၏လက်လေးများကို သုံးကာ ခေါင်းလေးငဲ့စောင်းလျက် စတင်စားသောက်လိုက်သည်။

အခြားသော နဂါးပုရွက်ဆိတ်များကတော့ တစ်ချက်လောက်သာ လှည့်ကြည့်ပြီး ဘာမှဂရုမစိုက်ကြပါချေ။ ဒီကောင်လေးက ဘယ်လောက်တောင်စားနိုင်မှာ မို့လို့လဲ.. သူကံကောင်းလို့ အသွင်ပြောင်းသွားလည်း ကောင်းတာပဲ ဟုသာ တွေးနေကြသည်။ နဂါးပုရွက်ဆိတ်များသည် မျိုးနွယ်တူချင်း စည်းလုံးသော သားရဲများ ဖြစ်ကြသည်။ အချင်းချင်း ရိုင်းပင်းကြပြီး စေတနာလည်း ရှိကြသည်။

ထိုအချိန်တွင် သံမဏိနဂါး၏ အမြီးကြီးက ရုတ်တရတ် မြောက်တက်လာကာ လေပြင်းကြီးပင် တိုက်ခတ်သွားပြီး အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအခါ အဆင့် ၇၁ ရှိသော စစ်သည်တော် မျောက်ဝံကြီးတစ်ကောင်သည် သွေးများစီးကျလာတော့သည်။

မျောက်ဝံကြီးသည် အနောက်ကို ခြေ ၂ လှမ်းလောက်ဆုတ်ကာ မျက်မှောင်ကြုတ်လျက်ရှိနေသည်။ သူသည် သူ့ပုခုံးပေါ်မှ သွေးများကို သုတ်လိုက်သည်။

မီးခိုးနဂါးကြီးသည် ပေ ၁၀၀၀ လောက် ရှည်သည်ဖြစ်ရာ သူသည် နဂါး၏ အနောက်ဖက်ပိုင်းကို သွားလိုက်ပြီး အသားစ အနည်းငယ်ကို ဖဲ့ယူလိုက်ကာ ပြန်ခုန်ပေါက် ထွက်ပြေးသွားသည်။

နဂါးပုရွက်ဆိတ်များကလည်း သူ့ကို ဘာမှမလုပ်ကြချေ။ သူတို့ရှိသည့် နဂါးဝမ်းဗိုက်နားသို့ ရောက်လာမှသာ ပြန်လည်တိုက်ခိုက်ကြတာ ဖြစ်သည်။

ကောင်းဖန်သည် နဂါးပုရွက်ဆိတ်များအပြင် စိတ်ဝင်စားနေတာ နောက်တစ်ခုလည်းရှိသည်။ မီးခိုးနဂါး၏ အရေးကြီးဆုံး အပိုင်း နဂါးအမြုတေဖြစ်သည်။ အမြုတေသည် သူ၏ ဦးနှောက်ထဲတွင်ရှိပြီး ဘယ်သားရဲမှ ထိုနားကို မသွားရဲကြချေ။

ကောင်းဖန်က နားမလည်နိုင်ဖြစ်နေသည်။ ဘာလို့ ဘယ်သားရဲမှ နဂါးအမြုတေကို မစားကြတာလဲ.. ကောင်းဖန်သည် အသည်းယားနေသော်လည်း သူသည် ငတုံးတစ်ယောက်တော့ မဟုတ်ပေ။ တခြားသားရဲများက ထိုနေရာကို မသွားကြခြင်းသည် အကြောင်းတစ်ခုခုတော့ရှိရပေမည်။ ဂရုမစိုက်ပဲ သွားမိလျှင် ဒုက္ခများသွားနိုင်သည်။

နဂါးပုရွက်ဆိတ်များ၏ မြန်ဆန်စွာ စားသောက်နေပုံအရ အခြား နဂါးပုရွက်ဆိတ်လေးများကို ဆက်လွှတ်ဖို့ စတုတ္ထကလေး ပြန်အလာကို စောင့်ရန် အချိန်သိပ်မရှိတော့ချေ။

သို့သော် ကောင်းမွန်သော အရာများသည် စွန့်စားမှသာ ဖြစ်လာနိုင်သည်။ သူသည် မီးခိုးနဂါး၏ စွမ်းရည်ကို မမြင်နိုင်တော့သော်လည်း ထိုနဂါးသည် သူတွေ့ဖူးသမျှထဲတွင် အင်အားကြီးဆုံး သားရဲ ဖြစ်နိုင်သည်။

ထိုအရာကို လက်လွတ်ဆုံးရှုံးရမည်ဆိုလျှင် နှမြောစရာ ကောင်းလှသည်။

ကောင်းဖန်သည် ဘယ်လက်ကို ဖြန့်လိုက်သောအခါ ဆဌမမြောက်ကလေးက သူ့ဘေးတွင် ပေါ်လာသည်။ သူသည် အပြင်ထွက်လာသောအခါ သူ၏ ဦးမျှင်များသည် စိတ်လှုပ်ရှားစွာ ယမ်းခါနေပြီး ကောင်းဖန်ပြောတာကိုပင် မစောင့်ပဲ ပြေးထွက်သွားတော့သည်။

နဂါးအသားကို စားနေသော နဂါးပုရွက်ဆိတ်ကြီးများသည် လှည့်ကြည့်လိုက်သောအခါ ပျော်ရွှင်စွာ ပြေးလာနေသော နဂါးပုရွက်ဆိတ်လေးကို တွေ့လိုက်ရပြန်သည်။

ထိုအခါ နဂါးပုရွက်ဆိတ်ကြီးများသည် တစ်ခုခုတော့ မှားနေပြီ ဖြစ်ကြောင်း သံသယစဝင်လာသည်။

နဂါးပုရွက်ဆိတ်လေးကတော့ ခေါင်းကို ငုံ့ကာ အသားကို ပျော်ရွှင်စွာ စားနေပြီး သူ့တွင် အမြီးသာရှိပါက ခွေးပေါက်လေးတစ်ကောင်လို အမြီးကို ယမ်းခါနေမည် ထင်ရသည်။

ထို့နောက် သူ့အနောက်တွက်လည်း နောက်ထပ် နဂါးပုရွက်ဆိတ်ပေါက်လေးက ပျော်ရွှင်စွာ အသံပြုရင်း ပြေးလာပြန်သည်။

“သူတို့က ဘယ်မိသားစုကပါလိမ့်”

“ဘေးတောင်က နဂါးပုရွက်ဆိတ်များလား”

“မဟုတ်ဘူး အဲဒီ ပုရွက်ဆိတ်တွေက ဒီထက်နည်းနည်းကြီးတယ်.. အခုလောက်ဆို ပိုတောင်ကြီးနေလောက်ပြီ”

“အရှေ့ပိုင်းက ဂူမှာနေတဲ့ မိသားစုကများလား.. သူတို့တွေ မကြာခင်ကမှ ကလေးမွေးထားကြတာလားမသိဘူး”

“မဟုတ်ဘူး အဲဒီကလေးတွေနဲ့လည်း ဒီကောင်တွေက သိပ်မတူပြန်ဘူး”

“ရှင်က ဘယ်လိုလုပ်သိတာလဲ” နဂါးပုရွက်ဆိတ်မကြီးက သူမ လက်သည်းများကို လျက်နေရင်း ပုရွက်ဆိတ်အထီးကို မျက်လုံးထောင့်ကပ်ကာ မေးလိုက်သည်။

နဂါးပုရွက်ဆိတ်အထီး ကြက်သေသေသွားသည်။ သူ့တွင် ချွေးရည်ဂလင်းများမရှိသော်လည်း ချွေးစေးပြန်သလို ဖြစ်လာသည်။

“ငါ… ငါကြားမိလို့ပါ…”

“ရှင် မှန်မှန်ပြောစမ်းပါ.. အဲဒီပုရွက်ဆိတ်မရဲ့ ကလေး ဘယ်နှယောက်က ရှင့်ကလေးတွေလဲ”

“မဟုတ်ပါဘူးကွာ.. ငါရှင်းပြမယ်”

ထိုပုရွက်ဆိတ် ၂ ကောင်ကတော့ ဆဌမမြောက်ကလေးကို အာရုံမရကြတော့ချေ။ သူတို့ ၂ ကောင် စကားများနေတာကြားပြီးနောက် ဘေးမှဧကရာဇ်အဆင့် ပုရွက်ဆိတ် ၂ ကောင်သည် ဝင်မပါဖို့ ပညာရှိဆန်ဆန် တွေးလိုက်ကာ အစားကိုသာ အာရုံစိုက်လိုက်ကြသည်။

ကလေး ၂ ကောင်လုံးသည် ပျော်ရွှင်စွာ စားသောက်ပြီးသွားပြီးနောက် တောင်ကြားဆီသို့ တက်သွားကြသည်။

မြူခိုးများ ဖုံးလွှမ်းနေသောကြောင့် အာရုံခံစနစ်များသည် လျော့ကျနေကြသည် ဖြစ်သောကြောင့် ဆင်ခြေလျှော အနောက်တွင် ပုန်းနေသော ကောင်းဖန်ကို မမြင်နေကြခြင်း ဖြစ်နိုင်သည်။

စတုတ္ထနှင့် ဆဌမမြောက်ကလေးကို သိုလှောင်ခန်းထဲပြန်ထည့်ပြီးနောက် ကောင်းဖန်သည်က ထွက်သွားလိုက်ပြီး တိတ်ဆိတ်သော နေရာရောက်တော့မှ စတုတ္ထနှင့် ဆဌမမြောက်ကလေးကို ပြန်လွှတ်ပေးလိုက်သည်။

သူတို့သည် တမအေတည်းမှ ထွက်လာကြမှန်း ပြောစရာတောင်မလိုပေ။ သူတို့ဗိုက်များသည် လုံးဝန်းကြီးမားလှသည်။

ထိုညတွင် အဝါရောင်အမြီးကျားဝံပုလွေသည် သူ၏ ခိုလှုံရာနေရာသို့ ပြန်ရောက်လာသည်။ သူသည် အပေါက်ထဲကို ခေါင်းကိုဝင်လိုက်သောအခါ ဂူထဲမှ အဖြူရောင်လက်သည်းကြီး ထွက်လာပြီး သူ့ခေါင်းကို ဆွဲယူလိုက်သည်။ ထိုလက်သည်းကြီးသည် ခေါင်းကို ညှစ်လိုက်သောအခါ ဦးနှောက်ထဲမှ ရေများက ပန်းထွက်လာသည်။ နောက်ဆုံးတော့ ထိုဝံပုလွေသည် ကောင်းဖန်နှင့်သူ၏ ကိုယ်ပိုင်သားရဲများအတွက် ညစာဖြစ်လာတော့သည်။

ကောင်းဖန်သည် ဂူထဲတွင် ရက်အနည်းငယ် နေခဲ့သည်။

နဂါးပုရွက်ဆိတ်လေး ၃ ကောင်ကတော့ နဂါးအသားကို စားထားသည့် အစာများကို ကြေဖို့ အချိန်ယူရဦးမည်ဖြစ်သည်။ သိုလှောင်ခန်းထဲတွင်ဆိုလျှင် အစာခြေတာအပါအဝင် အရာအားလုံးက ရပ်တန့်လျက်ရှိသည်။ ထို့ကြောင့် အစာကြေဖို့ သူတို့ကို အပြင်ထုတ်ထားရခြင်း ဖြစ်သည်။

၃ ရက်ကြာသောအခါ နဂါးပုရွက်ဆိတ်လေး ၃ ကောင်သည် နဂါးအသားကို အစာကြေသွားပြီ ဖြစ်ပြီး သူတို့အဆင့်များကလည်း အသီးသီး မတူညီစွာ တိုးသွားကြသည်။ သူတို့အတွက် နဂါးအသားသည် အလွန်ပင် အာဟာရဖြစ်စေသည်။

စတုတ္ထနှင့် ပဉ္စမမြောက်ကလေးတို့ကတော့ ဘာမှမပြောင်းလဲသွားပဲ အရွယ်အစားသာ ကြီးလာကြသည်။

ဆဌမမြောက်ကလေးကတော့ အစက အဖြူဖျော့ဖျော့ပုံစံ သေးသေးလေး ဖြစ်နေရာမှ သူ၏ မောင်နှမများနှင့်အတူ အရွယ်အစားအနည်းငယ်ကြီးလာသည်။ သူ၏ ခပ်ဖျော့ဖျော့ အရိုးခွံလေးတွင် အပေါက်လေးအချို့ ဖြစ်လာကြသည်။ ထိုအပေါက်များမှတဆင့် ခပ်ဖျော့ဖျော့ အဖြူရောင် အငွေ့များထွက်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။

[သားရဲအမည်] - နဂါးပုရွက်ဆိတ် (ကလေးငယ်အရွယ်)

[သားရဲအဆင့်] - အဆင့် ၃၁ (ကွန်မန်ဒါအဆင့်)

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ/ မော်ကွန်းတင်

[သားရဲအမျိုးအစား] - ရေ

[သားရဲစွမ်းအင်] - အခွံမာအဆင့် ၁၊ တိမ်ထိန်းချုပ်ခြင်း

[သားရဲဝိသေသလက္ခဏာများ] - မီးခိုးနဂါး၏ အသည်းနှလုံး (မီးခိုးနဂါး၏ ကိုယ်တွင်း အင်္ဂါများကို စားပြီးနောက် အသွင်ပြောင်းလာခြင်း ဖြစ်သည်။ သူ၏ နဂိုမူလပုံစံအပြင် အသည်းနှလုံး အသစ်တစ်ခု ထပ်မံပေါ်ပေါက်လာသည်။)

သက်ရောက်မှု ၁ - ရေဒြပ်စင်များနှင့် တိမ်တိုက်များကို စုပ်ယူကာ နဂါးမြူခိုးအဖြစ် ပြောင်းလဲနိုင်ပြီး မီးခိုးနဂါး၏ နှလုံးသားထဲတွင် သိုလှောင်ထားနိုင်သည်။ ထိုနှလုံးသား၏ နှလုံးခုန်နှုန်းကို ပြင်းထန်စွာ တိုးမြှင့်နိုင်သည်။

သက်ရောက်မှု ၂ - နဂါးမြူခိုးကို များပြားစွာ ထုတ်လွတ်ခြင်း။ ထိုနဂါးမြူခိုးသည် ဝိဉာဉ်စုပ်ယူမှုစွမ်းအင် အချို့လည်း ပါ၀င်ပြီး အတန်အသင့် ကြီးမားပါက အာရုံ ၆ ပါးကိုလည်း ဒိုင်းကာတစ်ခုအဖြစ် ကာကွယ်ပေးနိုင်သည်။ နဂါးမြူခိုးအတွင်းတွင် ရှိနေသော နဂါးပုရွက်ဆိတ်သည် အရှိန်နှုန်းလည်း မြန်ဆန်ပြီး ထိုနဂါးမြူခိုး၏ အဖျက်စွမ်းအင်များသည် ထုတ်လွှတ်စူအပေါ် သက်ရောက်မှု မရှိနိုင်ချေ။

[စွမ်းရည်အဆင့် မြှင့်တင်ရန် လိုအပ်ချက်များ] - စွမ်းရည်အမျိုးမျိုးရှိသော နဂါးအလောင်းများကို စားသုံးခြင်း။ သူတို့အတွက် အဆင့်မြှင့်တင်ခြင်းသည် စားသုံးသော နဂါးအလောင်း၏ စွမ်းရည်၊ ရှားပါးမှုနှင့် အဆင့်တို့ပေါ်တွင် မူတည်သည်။

ဆဌမမြောက်ကလေးသည် မမျှော်လင့်ပဲ အဆင့်မြှင့်သွားခဲ့သည်။ အရင်အဆင့်မြင့်သွားသော စတုတ္ထမြောက်နှင့် ပဉ္မမြောက်ကလေးတို့သည် သူ့လောက်တော့ ကံမကောင်းကြသော်လည်း နဂါး၏ ကိုယ်တွင်းအင်္ဂါများကို စားသုံးထားသောကြောင့် အသွင်ပြောင်းသွားခဲ့ကြသည်ပင်။

ကောင်းဖန်သည် သေချာမသိသော်လည်း အကြမ်းဖျင်းသာ ဖြစ်နိုင်ချေကို တွက်ဆလိုက်သည်။

မီးခိုးနဂါး၏ စွမ်းအင်ကို ရသွားသော ဆဌမမြောက်ကလေးကတော့ ကံကောင်းသွားသည်ဟု ဆိုရမည်။ သူသည် အဆင့်မြင့်သွားပြီးနောက် မြူခိုးစွမ်းရည်များကိုသာ ထုတ်နိုင်သွားပါက တိုက်ပွဲအတွင်း အားသာချက်ရရှိနိုင်မည် ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၂၄ ရှေးဟောင်းသွေးနဂါး

မီးခိုးနဂါး၏ စွမ်းအင်ကို ရရှိထားသောကြောင့် ဆဌမကလေးသည် စွမ်းရည်တက်သွားသည်နှင့် အကျိုးသက်ရောက်မှုက ပိုများနိုင်မည် ဖြစ်သည်။ ကောင်းဖန်တို့အားလုံးကို တိုက်ခိုက်ရေးတွင်လည်းကောင်း၊ ကာကွယ်ရေးတွင်လည်းကောင်း မီးခိုးထဲတွင် ဖွက်ထားပေးနိုင်မှာ အမှန်ပင်။ သို့သော် ဆဌမမြောက်ကလေး၏ အဆင့်သည် အလွန်နိမ့်နေသေးသောကြောင့် သူသည် အကောင်းဆုံး ကြိုးစားမည်ဆိုလျှင်တောင် ၆၅ စတုရန်းပေလောက်သာ ရောက်နီုင်ဦးမည် ဖြစ်သည်။

နဂါးပုရွက်ဆိတ် ၃ ကောင်လုံးသည် နဂါးအသားကို စားထားသော်လည်း

တစ်ကောင်တည်းကသာ မီးခိုးနဂါး၏ အစွမ်းကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရရှိနိုင်သော အခွင့်အရေးသည် သုံးပုံတစ်ပုံသာရှိသည်ဟု လက်ရှိအနေအထားအရ ခန့်မှန်းနိုင်သည်။ အကယ်၍ နဂါးပုရွက်ဆိတ် ၇ ကောင်လုံးက နဂါးအသားကို စားခဲ့ပါက သီအိုရီအရ နဂါးပုရွက်ဆိတ် ၂ ကောင်က မီးခိုးနဂါး၏ အစွမ်းကို ရနိုင်မည်ဖြစ်သည်။

သို့သော် ကောင်းဖန်သည် အရွယ်ရောက်ပြီးသော နဂါးပုရွက်ဆိတ်များက နဂါးပုရွက်ဆိတ်ငယ်လေးများကို ဘယ်လိုတုံ့ပြန်မလဲ မသေချာချေ။ အကယ်၍ သူတို့က သတ်ပစ်မည်ဆိုလျှင်လည်း ပုရွက်ဆိတ်ငယ်လေး ၇ ကောင်လုံး သေသွားပါက ရင်ကွဲရဦးမည်။ ထို့ကြောင့်လည်း ကောင်းဖန်က သူ့သီအိုရီကို ဖြည်းဖြည်းချင်းစမ်းသပ်လိုခြင်း ဖြစ်သည်။

သူသည် အရွယ်ရောက်ပြီး နဂါးပုရွက်ဆိတ်များ၏ တုံ့ပြန်မှုကို ‌ဖြည်းဖြည်းချင်း စမ်းသပ်လိုသော်လည်း ရပ်လိုက်ရခြင်း ဖြစ်သည်။ အန္တရာယ်လည်း များသောကြောင့် ဖြစ်သည်။ အကယ်၍ အရေအတွက်များ များလာပါက အရွယ်ရောက်ပြီး နဂါးပုရွက်ဆိတ်များက တစ်ခုခု လုပ်မှာ သို့မဟုတ် သူ့ဆီစပ်စုပြီး လျှောက်လာမှာကို စိုးရသည်။

သူသည် လုပ်နိုင်စွမ်းထက် ကျော်လွန်ပြီး မစွန့်စားသင့်ချေ။ လုံခြုံရေးက အဓိက ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ့တွင် အချိန်တော့ လုံလောက်စွာ ရှိသည်။ သူသည် ပြန်ဖို့တော့ အလျင်မလိုချေ။ ဒီနဂါးမရဏတောင်ကြားတွင် နဂါးပုရွက်ဆိတ်လေးများကို မွမ်းမံနိုင်လည်း မဆိုးဘူးဖြစ်သည်ပင်။

ညီအစ်ကိုလေး ၂ ကောင်သည် နဂါးပုရွက်ဆိတ်ကြီးများ ပြောသည့်စကားများကို ကောင်းဖန်ကို ပြန်ပြောပြလိုက်သည်။ သူတို့ပြောပုံအရ နဂါးမရဏတောင်ကြားတွင် နဂါးပုရွက်ဆိတ်အရေအတွက်က များပြားနိုင်သည်။ ထိုသို့သာ ဆိုရင်တော့ ရွှေထုပ်ကို ပိုက်မိပြီ ဖြစ်သည်။ ကောင်းဖန်က သေချာစဉ်းစားလိုက်သည်။

နဂါးပုရွက်ဆိတ်လေးများ၏ အဆင့်က နိမ့်နေသေးတာ နှမြောစရာတော့ ကောင်းလှသည်။ သူတို့ကို အဆင့်မြှင့်ပြီးနောက်တွင်တော့ ရန်သူစခန်းများကို ၀င်ပြီး အတွင်းမှ ချုံခိုတိုက်ခိုက်နိုင်မည် ဖြစ်သည်။

ထိုနဂါးပုရွက်ဆိတ်ကြီးများက ပုရွက်ဆိတ်လေးများကို တကယ်မွေးစားပါ့မလားတော့ မသေချာချေ။ အကယ်၍ မွေးစားနိုင်မည်ဆိုရင်တော့ အဆင်ပြေနိုင်သည်။ သူတို့အတွက် မွေးစားမိဘများလည်း ရှာပေးသင့်သည် မဟုတ်ပါလား။

ကောင်းဖန်သည် နောက်တစ်နေ့တွင်တော့ နဂါးမရဏတောင်ကြားတွင် နဂါးအသားဘယ်လို ကျွေးရမလဲ အကြံအိုက်နေသည်။ ထိုနေရာသည် နဂါးမရဏတောင်ကြားဟုဆိုသော်လည်း နဂါးအလောင်းများလည်း သိပ်မတွေ့မိချေ။ အလောင်းများအားလုံး စားပြီးတာကြောင့်တော့ ဖြစ်နိုင်သည်။

သို့သော် အလွန်ထူးဆန်းတာ တစ်ခုတော့ ရှိသည်။ ဘာလို့ နဂါးတွေက ဒီမှာ လာသေကြတာလဲဆိုသည့် အချက်ဖြစ်သည်။ ထိုနေရာသည် သူတို့အတွက် သင်္ချိုင်းတစ်ခုလို ဖြစ်နိုင်သော်လည်း ထိုနေရာတွင် နဂါးများကို စားသည့် သားရဲများကလည်း ရှိနေပြန်သည်။

သူတို့သည် မြက်ခင်းပြင်များတွင် နေလေ့ရှိသည့် ခွေးအများနှင့် တူကြသည်။ ထိုနေရာကို စောင့်ကြပ်ကြပြီး အသက်ကြီးပြီး သေဆုံးတော့မည့် ခြင်္သေ့များကို တိတ်တဆိတ်စောင့်ကြည့်နေကြသည့် ပုံမျိုး ဖြစ်သည်။ ထူးတော့ ထူးဆန်းသည်။

ကောင်းဖန်သည် ဒီထပ်ပိုပြီးလည်း မတူးဖော်လိုပော ထိုနေရာသည် နဂါးမရဏတောင်ကြား၏ အလယ်ဗဟို ဖြစ်သောကြောင့် သားရဲအများအပြား ရှိနေနိုင်သည်။ နေရာတိုင်းတွင် ဘုရင်အဆင့် သားရဲများရှိနေပြီး ဧကရာဇ်အဆင့်နှင့် အရှင်သခင်အဆင့် သားရဲများလည်း မကင်းပေ။ ကောင်းဖန်သည် အသားကုန် မျက်စိဖွင့် နားစွင့်ထားရသည်။

အပြင်ဘက်ကမ္ဘာကတော့ မယုံနိုင်စရာ ဖြစ်သည်။ သူလာခဲ့သည့် ကမ္ဘာမှာ ဆိုရင်တော့ ဧကရာဇ်အဆင့်သားရဲတစ်ကောင်ဆိုရင်တောင် မိုင်ထောင်ပေါင်းများစွာ နယ်ပယ်ကို အုပ်စိုး မင်းပြုနိုင်သည်။ အခု နဂါးမရဏတောင်ကြားတွင်တော့ ထိုသားရဲကြီးများသည် သူတို့၏ မာနများကို ချိုးနှိမ်ကာ ကျက်စားနေကြသည်။

နဂါးအသား၏ ဆွဲဆောင်မှုကြောင့်လည်း ဖြစ်နိုင်သည်။

ညီအစ်ကို ၆ ကောင်ကို ၂ ဖွဲ့ခွဲကာ ခပ်ဝေးဝေးရပ်ခိုင်းလိုက်သည်။ တစ်ဖွဲ့က ငါးကောင် ဖြစ်ပြီး နောက်တစ်ဖွဲ့က တစ်ကောင်တည်းဖြစ်သည်။

သတ္တမမြောက်ကလေး ဘယ်လ်ဒီကတော့ ဖလန်မီ နောက်ကိုသာ တန်းတန်းစွဲလိုက်သူဖြစ်သည်။ သူသည် တခြားကလေး ၆ ကောင်နဲ့လည်း သိပ်ရင်းရင်းနှီးနှီး မရှိပေ။ သို့သော် သူတို့သည် အခုတော့ မနာလိုဖြစ်နေသည့် ပုံစံများ တူညီစွာ ဖြစ်ပေါ်နေကြသည်။

ဆဌမမြောက်ကလေးသည် မြေကွက်လပ်တစ်ခုတွင် ရပ်နေပြီး သူ့နောက်ကျောမှ အပေါက်လေးများမှ များပြားလှသော မီးခိုးများ ထွက်ပေါ်နေသည်။ ထိုမီးခိုးများသည် ဆဌမမြောက်ကလေးကို ဖုံးလွှမ်းထားပြီး အပြင်ဘက်ကို ပြန်ထွက်သွားကြသည်။ မီးခိုးများက လေထုထဲတွင် ရှိနေစဉ်တွင် မီးခိုးများသည် ပုံသဏ္ဍာန်မျိုးစုံကို ဖန်တီးနိုင်သည်။ တစ်ခါတွင် ဂိုဒီရဲ့ ပုံစံကို ဖန်တီးနိုင်ပြီး တစ်ခါတွင်တော့ ကောင်းဖန်ရဲ့ ပုံစံကို ဖန်တီးနိုင်သည်။

“ငါနင့်ကို မနာလို မဖြစ်ပါဘူး.. မီးခိုးမှာ တိုက်ခိုက်တဲ့ စွမ်းရည်ရှိတာလည်း မဟုတ်ဘူး” ပဉ္စမြောက်ကလေးက ရေရွတ်လိုက်သည်။

“ပြီးတော့ မင်းနောက်ကျောမှာ အပေါက် ၉ ပေါက်ကလည်း ရှိသေးတယ်.. ထူးဆန်းတဲ့ပုံကြီး” စတုတ္ထမြောက်ကလေးကလည်း လိုက်ထောက်ခံလိုက်သည်။

ထို ၂ ကောင်သည် တကယ်တော့ အကြီးအကျယ် မနာလို ဖြစ်နေကြခြင်း ဖြစ်သည်။ သူတို့ ၂ ကောင်လုံးသည်လည်း နဂါးအသားများကို စားခဲ့ကြသော်လည်း ဘာစွမ်းရည်မှ မရခဲ့ချေ။

ထိုအချိန်တွင် နဂါးတစ်ကောင်၏ အော်သံတစ်ခု ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။

‌ဒီအသံ‌ကတော့ အတော်လေးနီးသည်။ ကောင်းဖန်တို့သည် ကြီးကြီးမားမားတစ်ခုခုကို အာရုံခံမိနေကြသည်။ သူတို့အထက် ကောင်းကင်ယံတွင် အနီရောင်လျှပ်စီးကြောင်းကြီးပေါ်လာပြီး အနီရောင် အလင်းတန်းများသည် တောင်ကြားထဲတွင် ပျံ့နှံ့သွားသည်။ ရုတ်တရတ် တောင်ကြားထဲတွင် ခြောက်ချားစရာ ကောင်းလာသည်။

ကောင်းဖန်သည် ကောင်းကင်မှ ဆင်းသက်လာသော နဂါးကြီးကို မော့ကြည့်လိုက်သည်။ သူ၏ သွေးနီရောင် အတောင်ပံကြီးက နေကိုပင် ပိတ်ထားသည်။ သူ့တောင်ပံကြီးကို ဖြန့်လိုက်လျှင် ဘောလုံးကွင်းတစ်ကွင်းစာလောက်ပင် ရှိမည် ထင်သည်။ အဲဒီထက်တောင် ပိုကျယ်နိုင်သည်။ သူ့ကိုယ်လုံးကြီးသည် လေပေါ်ပျံနေသည့် အားကစားရုံကြီးလို ဖြစ်နေသည်။

သူ၏ ကြီးမားသော အရိပ်ကြီးကြောင့် မြေပြင်တွင် မှောင်ပဲနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးကြီးသည် ကောင်းဖန်တို့ ရှေ့မှ ပျောက်ကွယ်သွားကာ တောင်ကြား၏ အတွင်းဆုံးနေရာတွင် ဆင်းသက်လိုက်သည်။ ကောင်းဖန်ကတော့ နဂါးကြီး၏ ကြီးမားခမ်းနားသော သဏ္ဍာန်ကြီးကို မျက်စိထဲက မထွက်နိုင်ဖြစ်နေသည်။

သူ၏ အနီရင့်ရောင် မျက်လုံးကြီးများသည် တောက်လောင်နေသော နေလုံးကြီးများလို ဖြစ်နေသည်။ နဂါးကြီးတွင် ထူထဲသိပ်သည်းသော အဖြူရောင်သွားများ ရှိပြီး သူ၏ နဂါးလက်ကြီးများသည် ကြွက်သားအပြည့် အားအင်အပြည့် ဖြစ်နေသည်။ ကြီးမားသောနဂါးကြီး၏ ၀မ်းဗိုက်တွင်တော့ ကြီးမားသည့် ပြတ်ရှရာကြီးတစ်ခု ရှိနေသည်။ ထိုနေရာမှ သွေးများလည်း စီးကျနေသည်။ သို့သော် ခရမ်းရောင် အလင်းတန်းလေးတစ်ခုက ထိုအနာပေါ်တွင် ရှိနေပြီး ဒဏ်ရာကို ကုပေးနေသလို ဖြစ်နေသည်။

သို့သော် အနာမှ သွေးများစွာတော့ ကျဆင်းနေသည်။ ကောင်း‌ဖန်သည် သွေးစက်တစ်စက်က အနားမှ အပင်တစ်ပင်ပေါ်သို့ ကျသွားသည်ကို မြင်လိုက်ရပြီး ထိုအပင်မှ အရွက်များ သစ်ကိုင်းများသည် ချက်ချင်းပင် ပျက်စီးဆွေးမြေ့သွားသည်။

[သားရဲအမည်] - ရှေးဟောင်းသွေးနဂါး

[သားရဲအဆင့်] - အဆင့် ၉၁ (နတ်ဘုရားတစ်ပိုင်း)

[နတ်အဖြစ် တိုးတက်ခြင်း] - နှလုံးနတ်အသွင်ပြောင်းခြင်း

[သားရဲစွမ်းရည်] - ဒဏ္ဍာရီစွမ်းရည်ဆင့်

[သားရဲအခြေအနေ] - ကြီးမားသော ထိခိုက်မှု ဖြစ်ထား

[သားရဲအမျိုးအစား] - သွေး

[သားရဲစွမ်းအင်] - နဂါးအစွမ်း အဆင့် ၉၊ နဂါးသွေးနှလုံး အဆင့် ၉၊ သန်မာခွန်အား အဆင့် ၇၊ ကုစားနိုင်စွမ်း အရှိန် အဆင့် ၈၊ သွေးအစွမ်း အဆင့် ၈၊ သွေးစက်၀န်း အဆင့် ၇

[အထူးဝိသေသ လက္ခဏာများ] - သွေးဝိဉာဉ် (သွေးကို ထိန်းချုပ်နိုင်သည်။ သွေးအနံ့ကို ကောင်းကောင်းသိပြီး သွေးနံ့ရရင် ထိုစွမ်းအင် နိုးထလာသည်။)

သက်ရောက်မှု ၁ - ဒဏ်ရာက ပိုပြီး ပြင်းထန်လေ ခွန်အားက ပိုကြီးလာပြီး ကုစားနိုင်စွမ်းလည်း ပိုကောင်းလာသည်။

သက်ရောက်မှု ၂ - သားရဲတစ်ကောင်ကို သတ်ပြီးတိုင်း အချိန်ခဏ ရုပ်ပိုင်းဆိုင်ရာ အားကောင်းသွားသည်။

မှတ်ချက် - သွေးဝိဉာဉ်အစွမ်း တိုးလာလေ သတ်ဖြတ်နိုင်စွမ်း ပိုကောင်းလေဖြစ်သည်။

သွေးအစာအိမ် - သွေးများဖြင့် ပြည့်နေသော အစာအိမ်သည် ရန်သူများ၏ သွေးကို အမြဲဆာလောင်နေတတ်သည်။

သက်ရောက်မှု ၁ - နဂါးက ရန်သူတစ်ယောက်ကို သတ်ပြီးလျှင် ရန်သူ၏ သွေးက သွေးအစာအိမ်ကို လှုံ့ဆော်ပေးပြီး သွေးထိန်းချုပ်အစွမ်းကို ရစေသည်။

သက်ရောက်မှု ၂ - နဂါးက ရန်သူကို သတ်ပြီးလျှင် ‌ရန်သူကို စားပြီးနောက် သွေးအစာအိမ်ကနေတဆင့် ရရှိခဲ့သော ဒဏ်ရာများကို ကုသပေးနိုင်သည်။

[သားရဲဖော်ပြချက်] နဂါးပြိုင်ပွဲတွင် ရှေးဟောင်းသွေးနဂါးက သွေးဆူတတ်သည်ဟု နာမည်ကြီးသည်။ သူသည် ရန်လိုမှု၊ ရက်စက်မှုတို့ကို နှစ်ခြိုက်ပြီး အစားစားရတာကိုလည်း ကြိုက်သည်။ နဂါးပြိုင်ပွဲကတော့ တိုက်ခိုက်ရတာ ကြိုက်သော နဂါးများအတွက် ပြုလုပ်ခြင်း ဖြစ်သည်။

All Chapters