အခန်း (၅၃၇-၅၄၀)
Vol. 34 Ch. 537-540
အခန်း ၅၃၇ ပင်လယ်နက်ကျွန်း
အစင်းလေးသည် တစ်လလောက် အနားယူပြီးနောက် အပြည့်အ၀ ပြန်ကောင်းသွားခဲ့သည်။ သူသည် ပြန်ကောင်းသွားပြီးနောက် ကောင်းဖန်သည် နောက်ထပ်လအနည်းငယ်ခန့် ပင်လယ်ဘက်တွင် အမဲလိုက်နေခဲ့သည်။
ထိုနေရာသည် ပင်လယ်နှင့် နီးပြီး လွင်ပြန်များနှင့်လည်း နီးလေရာ သားရဲအမျိုးအစား ပေါင်းစုံလည်း ရှိကြသည်။ ထို့ကြောင့် ယဇ်ပလ္လင်အတွက် ဖြိုခွဲခြင်းအတွက်လည်း ကူညီပေးနိုင်ပြီး သားရဲအလောင်းများကို အပြည့်အ၀ အသုံးချနိုင်နေလေသည်။
ရေသားရဲများ၊ ပင်လယ်သားရဲများသည် ရေဒြပ်စင်ကိုတော့ ခံနိုင်ရည်ကောင်းကောင်း ရှိနေနိုင်သည်။ ထို့ကြောင့် ရေဒြပ်စင်အတော်များများကို ဖြိုခွဲထားခဲ့ပြီး ကောင်းဖန်သည် ဒြပ်စင်သီးများကို သူ့သားရဲများအား စားခိုင်းထားသည်။
လွန်ခဲ့သော လအနည်းငယ်က ကောင်းဖန်၏ ကိုယ်ပိုင်သားရဲများသည် အဆင့်အတော်မြှင့်ထားပြီး ကြပြီး ဖြစ်သည်။
ခွန်အားတွင် အသိသာဆုံး တိုးတက်လာသူကတော့ အစင်းလေးဖြစ်သည်။ သူသည် အဆင့် ၅၉ မှ ၆၁ သို့ တက်သွားခဲ့ပြီး ကောင်းဖန်၏ တတိယမြောက် ဧကရာဇ် အဆင့်သားရဲ ဖြစ်သည်။ သားရဲများသည် အဆင့်နည်းလေ ခွန်အားပိုကြီးနိုင်လေ ဖြစ်သည်။ သို့သော် တာ့ဇီကတော့ အဆင့် ၆၉ ပင် ရှိနေပြီဖြစ်သည်။
ကောင်းဖန်သည် လက်များကို နောက်ပစ်ထားသည်။ သူ့တွင် ပါးသိုင်းမွှေးများ ပေါက်နေပြီး မျက်ခုံးများကလည်း ထူထဲလှကာ ချွန်ထက်သော နှာတံရှိသည်။ သူ့ပုံစံသည် လွန်ခဲ့သော တစ်နှစ်က အနက်ရောင် မြူခိုးကမ္ဘာကို လာတုန်းကနှင့် အတော်လေး ကွာခြားလာသည်။
အချို့ကိုယ်ပိုင်သားရဲများကလည်း အနည်းငယ် ပြောင်းလဲမှုများ ဖြစ်နေကြသည်။ အရိုင်းဆန်သော မြေသည် သားရဲလေ့ကျင့်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။ သခင်များနှင့် သားရဲများနှင့် သွေးစာချုပ်ချုပ်မှသာ ကိုယ်ပိုင်သားရဲများ ဖြစ်ကြပြီး သွေးစာချုပ် မရှိလျှင်တော့ သူတို့သည်လည်း သားရိုင်းများသာ ဖြစ်ကြသည်ပင်။
ထို့ကြောင့် သူတို့ကုန်ဆုံးခဲ့ရသည့် အချိန်များသည် သူတို့အတွက် တောရိုင်းဆန်သော စရိုက်များကို ပြန်လည်နိုးထလာစေခဲ့သည်။
လှိုင်းများသည် တက်လိုက်ကျလိုက် ဖြစ်နေသည်နှင့်အညီ လှိုင်းပုတ်သံများကိုလည်း ကြားနေရသည်ယ အစင်းလေး၏ ကိုယ်ကြီးသည် လှိုင်းပုတ်ခြင်းကို ခံနေရသည်။ သူ၏ သန်မာသော လက်မောင်းကြီးကြားတွင် ကြီးမားသော ငါးကြီးတစ်ကောင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။ အစင်းလေးသည် ငါးကြီး၏ ခေါင်းကို သူ့လက်ကြားထဲ ညှပ်ဖမ်းထားခြင်းဖြစ်သည်။ ဂိုဒီက ငါးကြီး၏ ခေါင်းကို ရိုက်လိုက်သောအခါတွင်တော့ ငါးကြီး လှုပ်ရှားနေတာ ရပ်သွားသည်။
“ကောင်းဖန်.. ညစာရပြီ” ဂိုဒီက ပင်လယ်ငါးကြီးတစ်ကောင်ကို သူ၏ စိုရွှဲနေသော လက်ကြီးဖြင့် တရွတ်တိုက်ဆွဲလာသည်။
“မင်းတို့ကောင်တွေ စွမ်းအင်အသစ်တွေကို အရမ်းတွေ သုံးချင်နေကြတယ်ပေါ့ ဟုတ်လား” ကောင်းဖန်က စနောက်လိုက်သည်။ “ဟုတ်ပြီလေ.. ဒီညစားကြတာပေါ့.. ငါးကြီးကို သွားသန့်စင်ပြီး လှီးထားလိုက်ချေ”
ယမန်နေ့က အသစ်ဖမ်းမိထားသော သားရဲတစ်ကောင်ကို ဖြိုခွဲထားသည်။ ထိုသားရဲ၏ ကိုယ်မှတဆင့် အပြင်အသားမာကျောမှု အဆင့် ၄ ရှိသည့် အသီးကို ရရှိထားသည်။ ဂိုဒီသည် အမွှေးအမျှင် မရှိသောကြောင့် ထိုစွမ်းအင်က သူနှင့် သင့်တော်နိုင်သည်။ ဂိုဒီကို မနေ့ကပဲ ထိုအသီးကို ပေးထားခြင်း ဖြစ်သည်။ အခုတော့ ထိုဘဲသည် ရေထဲဆင်းပြီး သားကောင်များ လိုက်သတ်နေလေသည်။
လွန်ခဲ့သော ၆ လလုံးသည် သားရဲများကို သတ်လိုက်၊ ဖြိုခွဲလိုက်ဖြင့် အချိန်ကုန်နေခဲ့သည်။ ယဇ်ပလ္လင်ကတော့ သားရဲများ၏ ကြီးထွားမှုအတွက် အဓိကတာ၀န်ကို ယူထားရသည်။ ကောင်းဖန်ကတော့ ရေသားရဲတစ်ကောင်ကို အမြဲလိုချင်နေသည်။ သူသည် ဘုရင်အဆင့် ရေသားရဲကို မတွေ့သောကြောင့် မဟုတ်သလို ဧကရာဇ်အဆင့်ရေသားရဲကိုပင် တွေ့ဖူးပြီး ဖြစ်သည်။ သို့သော် ထိုဧကရာဇ်အဆင့်သားရဲသည် သာမာန်စွမ်းရည် အဆင့်သာရှိပြီး သိပ်အထင်ကြီးစရာ မကောင်းသောကြောင့် ကောင်းဖန်သည် ဖမ်းရမှာ ပျင်းနေခြင်း ဖြစ်သည်။ သူသည် အဝေးကသာ ကြည့်ကာ လွှတ်ပေးလိုက်သည်။
ကောင်းဖန်သည် ရေသားရဲကို အပင်ပန်းခံပြီး လေ့ကျင့်ပေးတာလည်း မလုပ်ချင်ချေ။ အချိန်ကုန်သက်သာအောင် ထိုရေသားရဲသည် သွေးစာချုပ်ချုပ်ပြီးသည်နှင့် တိုက်ရည်ခိုက်ရည် ကောင်းနေတာမျိုးသာ ဖြစ်စေချင်နေသည်။
ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲများကို အဆင့်များ စွမ်းရည်များ များစွာ မြင့်ထားသောကြောင့် သူ့တွင်ကျန်ရှိသော ဝိဉာဉ်စွမ်းအင်သည် နောက်ထပ် ဧကရာဇ်အဆင့်သားရဲ တစ်ေကာင်နှင့် သွေးစာချုပ်ချုပ်ဖို့ မလုံလောက်တော့ချေ။ အများဆုံး အဆင့် ၆၂၊ ၆၃ လောက်ရှိမှ ရနိုင်ပေမည်။
သို့သော် အခုက ကမ်းရိုးတန်းပိုင်းပဲ ရှိသေးသောကြောင့် ဘုရင်အဆင့်သားရဲကို တွေ့ဖို့ ခက်နိုင်သေးသည်။ အရည်အသွေးကောင်းသော ဧကရာဇ်အဆင့်သားရဲကို တွေ့ချင်ပါက ပင်လယ်နက်ထဲထိ ဆင်းတွေ့မှသာ ဖြစ်နိုင်လိမ့်မည်။
ကောင်းဖန်သည် အခုတော့ ထိုအရာကိုသာ အာရုံစိုက်ထားသည်။ ပင်လယ်ထဲကို သွားဖို့အတွက် ကိုယ်ပိုင်သားရဲ အတော်များများကို သိုလှောင်ခန်းထဲတော့ ထည့်ရလိမ့်မည်။ ထိုသို့လုပ်လျှင် သူတို့၏ အဆင့်မြှင့်မှုကတော့ နှေးသွားနိုင်သည်။ သို့သော် သူသည် ပင်လယ်ထဲ မသွားလျှင်လည်း ရေတိမ်ပိုင်းတွင် အဆင်ပြေသော သားရဲကို တွေ့ဖို့ ထိုင်စောင့်ဖို့သာ ရှိတော့သည်။
ကမ္ဘာကြယ်၏ ၇၀ ရာခိုင်နှုန်းသည် ရေဖြင့် ဖုံးလွှမ်းထားခြင်းဖြစ်ရာ အဆင့်မြငိ့ရေသားရဲတစ်ကောင်ကိုတော့ ရှိထားဖို့ လိုအပ်လှသည်။
ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ လုပ်ကြတာပေါ့..
ကောင်းဖန်သည် ဆုံးဖြတ်ချက်ပြတ်သားလှသည်။ ညစာစားပြီးနောက်တွင် သူသည် သားရဲများကို သိုလှောင်ခန်းထဲထည့်လိုက်ပြီး တာ့ဇီပေါ်ထိုင်ကာ ပင်လယ်နက်ပိုင်းကို ပျံသန်းလိုက်သည်။
ကောင်းဖန်သည် လွန်ခဲ့သည် လများအထိ ရေခြားမြေခြားတွင် အသားမကျခဲ့သေးပေ။ နောက်တော့ သူတဖြည်းဖြည်း အသားကျလာခဲ့သော်လည်း ပင်လယ်နက်ပိုင်းကိုတော့ တစ်ခါမှ မရောက်ဖူးပေ။ သူသည် မနည်းမှတ်သားနေရသည်။
ကောင်းဖန်သည် တစ်ခါက တာ့ဇီနှင့် ပျံသန်းနေရင်း အဝေးမှ အမည်းရောင် အစက်တစ်စက်ကို မြင်ဖူးခဲ့ကြောင်း သတိထားမိလိုက်သည်။ ထိုအရာသည် ကျွန်းနှင့်တူသော်လည်း သူပြန်သွားရှာကြည့်တော့ ဘာကျွန်းမှ မတွေ့တော့ချေ။ ထို့ကြောင့် သူအမှတ်မှားတာဟု ထင်ခဲ့မိသည်။
သူတို့ပျံသန်းမှုသည် နေ့တစ်၀က်လောက် ကြာခဲ့သည်။ သူတို့သည် တစ်ခါမှ ဒီလောက် မပျံသန်းဖူးပေ။ သူတို့သည် ပျံသန်းထွက်ခွာပြီး ၁၀ မိနစ်လောက်အထိသာ ကုန်းမြေကို မြင်နေရပြီး အခုတော့ ပတ်ပတ်လည်တွင် အဆုံးမရှိသော ပင်လယ်ကြီးသာ ရှိတော့သည်။ တစ်ခါတစ်ရံတွင် သားရဲအချို့က ရေထဲမှ ခုန်ထွက်လာသောအါ လှိုင်းအနည်းငယ် ထသွားသည်ကို မြင်နေရသည်။
ကောင်းဖန်သည် အရှေ့ဘက်တွင် အမည်းရောင် အစက်လေး တစ်ခုကို မြင်လိုက်ရသည်။ ကောင်းဖန်သည် တာ့ဇီ၏ ခေါင်းကို ပုတ်လိုက်သည်။ “သွယးကြည့်ရအောင်”
ကောင်းဖန် နီးလာသောအခါ ပင်လယ်၏ အလည်ဗဟိုတွင် တည်ရှိနေသော ကျောက်ကျွန်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုနားတစ်ဝိုက်တွင် ရေသည် အတော်တိမ်သည်။ အပေါ်စီးမှ ကြည့်လျှင် ပင်လယ်ကြမ်းပြင်နှင့် ကြီးမားသော သန္တာကျောက်တန်းကြီးများကို မြင်နေရသည်။ အနောက်ဘက်တွင်တော့ ကျွန်းတစ်ခုရှိနေပြီး ပေ ၁၀၀၀ စတုရန်းပတ်လည်လောက် ရှိသည်။ ထိုကျွန်းပေါ်တွင် အပင်သိပ်မရှိပဲ ကျောက်တုံး ကျောက်သားများကသာ တစ်ခုလုံးနီးပါး ပြည့်နှက်နေသည်။
ကျွန်းပေါ်တွင် ငှက်အချို့လည်းရှိသည်။ ကောင်းကင်တွင် အဖြူရောင်ငှက်တစ်ကောင်က ဝဲပျံနေသည်။ ထို့နောက် ငှက်သည် ပင်လယ်ထဲထိုးဆင်းသွားပြီး ငါးတစ်ကောင်ကို ဖမ်းလိုက်သည်။
ကောင်းဖန်သည် အလွန်ဂရုစိုက်နေနေသည်။ သူသည် ထိုကျွန်းကို သာမာန် ကျောက်ကျွန်းတစ်ခုမှန်း သေချာသွားတော့မှ တာ့ဇီကို ဆင်းသက်ခိုင်းလိုက်သည်။ တာ့ဇီဆင်းသက်လိုက်သောအခါ ကျွန်းပေါ်မှ ငှက်ဖြူများသည် အသံမျိုးစုံဖြင့် ခြောက်လှန့်နေကြကာ အကြောက်အလန့် မရှိစွာပင် တာ့ဇီကို တိုက်ခိုက်လိုက်ကြသည်။
နှုတ်သီးတွင် အပြာရောင်အလင်းလေးရှိသော အဖြူရောင်ငှက်ကြီး တစ်ကောင်သည် အမြှောက်ဆံတစ်ခုလို တာ့ဇီထံ တဟုန်ထိုး လာနေသည်။ တာ့ဇီသည် ထိုငှက်ကို အလွယ်တကူပင် သူ၏ ခရမ်းရောင် အမြီးကြီးဖြင့် ဖယ်ထုတ်လိုက်သော်လည်း နောက်ထပ်ငှက်များက အကြောက်အလန့်မရှိ ရှေ့တိုးလာကြပြန်သည်။
“သေရမှာ မကြောက်ကြဘူးလားဟ” တာ့ဇီက ပြောလိုက်သည်။
ကောင်းဖန်က ကျောက်ဆောင်များပေါ်မှ အသိုက်များရှိ ဥများကို တစ်ချက်တွေ့သွားပြီး ခဏစဉ်းစားကာ ပြောလိုက်သည်။ “သူတို့ သေရမှာ ကြောက်ကြပါတယ်.. လာပါ.. တောင်ဘက်ကို သွားလိုက်ရအောင်”
ကျွန်းပေါ်တွင် ဆင်းသက်ပြီးနောက် တစ်ဖက်ခြမ်းတွင်ရှိနေသော ငှက်ဖြူကြီးများသည် ခြိမ်းခြောက်အော်မြည်နေကြပြန်သည်။ သို့သော် ကောင်းဖန်က သူတို့ဖက်သို့မသွားသောကြောင့် သူတို့ အသံများသည် တစ်စတစ်စ တိတ်သွားသည်။
တာ့ဇီသည် သူ့အောက်မီ ကျောက်သား၏ မာကျောမှုကို စမ်းသပ်ရန် ခြေထောက်ကို တစ်ချက် နှစ်ချက် ဆောင့်လိုက်သည်။ ကျောက်သားသည် မာသလို ရှိသော်လည်း ကျွတ်ဆတ်နေသည်။ ထို့ကြောင့် ကောင်းဖန်သည် အစင်းလေးကိုတော့ လွှတ်လိုက်လို့ မဖြစ်ပေ။
ကောင်းဖန်သည် ငှက်ဖြူကြီးများထံသို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရတ် တစ်စုံတစ်ခုကို တွေ့သွားသည်။ သူသည် မော်ကွန်းတင်စွမ်းရည်အဆင့် ရှိသော ငှက်ဖြူတစ်ကောင်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။
[သားရဲအမည်] - ကျင်းပိုင်လေငှက်
[သားရဲစွမ်းရည်] - မော်ကွန်းတင်
[သားရဲအဆင့်] - အဆင့် ၄၅
[သားရဲလက္ခဏာများ] - လေစွမ်းအင် (သူသည် လေကို မျိုချကာ၊ လှိုင်းများကို ခွင်းနိုင်ပြီး ပြင်းထန်သောလေ၊ မာကျောသော မြက်တို့ကို ဖြစ်ပေါ်ဖန်တီးနိုင်သည်။)
သက်ရောက်မှု ၁ - လေဒြပ်စင်ကို တစ်ခါအသုံးပြုတိုင်း အရှိန်နှုန်းက တိုးလာကာ လေဒြပ်စင်၏ အရှိန်ကလည်း မြင့်တက်လာသည်။ အဆင့် ၉ ဆင့်အထိ တိုးမြှင့်နိုင်သည်။
သက်ရောက်မှု ၂ - လေဒြပ်စင်ကို သုံးနေစဉ်တွင် လေမျက်နှာပြင်ကို ထိုးခွင်းရတာ ပိုလွယ်ကူသည်။
သူသည် လမ်းတစ်လျှောက်လုံး မော်ကွန်းတင် စွမ်းရည်အဆင့်သားရဲ တစ်ကောင်မှ မတွေ့ခဲ့ရပဲ ယခုမှ မော်ကွန်းတင် စွမ်းရည် အဆင့် ငှက်ဖြူတစ်ကောင်နှင့် လာတွေ့ရတော့သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၃၈ ရေအောက် လှိုဏ်ဂူ
ထို ကျင်းပိုင်လေငှက်သည် သူတို့ငှက်အုပ်ထဲတွင် အကြီးအကဲ အနေအထား ဖြစ်ပုံရပြီး ငှက်အတော်များများကလည်း ကြောက်ကြပုံပင်။
ကောင်းဖန်သည် ထိုကျွန်းပေါ်တွင် ရက်အနည်းငယ် နေထိုင်လိုက်ပြီး ငှက်ဖြူအုပ်နှင့် အိမ်နီးချင်း ဖြစ်လာသည်။ ငှက်များသည် အစကတော့ ကောင်းဖန်နှင့် သူ့ကိုယ်ပိုင်သားရဲများကို ကြောက်ကြပြီး သူတို့ကို သေချာစောင့်ကြည့်ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့် အမျှ သူတို့သည် ကျင့်သား ရလာကြသည်။ ကောင်းဖန်က သူတို့အနီးအနားသို့ မလာသရွေ့ ကောင်းဖန်ကို ဂရုမစိုက်ကြတော့ပေ။
ကောင်းဖန်သည် မော်ကွန်းတင်အဆင့် ကျင်းပိုင်လေငှက်ကြီးမှာ မြင်းတစ်ကောင်လို အလုပ်လုပ်ကြောင်း တဖြည်းဖြည်း သိလာခဲ့သည်။ ထိုငှက်သည် မနက်ကနေ ညအထိ လုံး၀မနားပေ။ စားချိန်နှင့် အိပ်ချိန်မှလွဲ၍ တောက်လျှောက် အလုပ်လုပ်နေသည်။
ထိုငှက်သည် အစာရှာဖို့တော့ မလိုပေ။ နေ့စဉ်နေ့တိုင်း ငှက်ဖြူများသည် ပင်လယ်ထဲမှ ငါးများကို ဖမ်းပြီး ထိုငှက်ကြီးကို လာရောက်ဆက်သလေ့ရှိကြသည်။
ညဘက်တွင်တော့ ငှက်အများစုစည် အိပ်စက်ကြပြီး သန္တာကျောက်တန်းများတွင်တော့ အစောင့်များကို ဖြန့်ကျက်ချထားသည်။
ကောင်းဖန်ကတော့ မော်ကွန်းတင်အဆင့်ငှက်ကြီးကို ကျောက်ဆောင်ပေါ်တွင် မတ်တပ်ရပ်ရင်း ပင်လယ်ဘက်ကို ငေးမျှော်ကြည့်နေသည်ကို သတိပြုမိသည်။
“အဲဒီကောင်က သူ့ကိုယ်သူ အတွေးထဲ နစ်မျောနေသလို ဟန်ဆောင်နေတာ ဖြစ်မှာပေါ့” ဂိုဒီက မဲ့ရွဲ့ပြောလိုက်သည်။
ခဏကြာသောအခါ ထိုငှက်ကြီးသည် ပြန်ဆင်းလာကာ ခဏမျှ ပတ်၍ ပျံသန်းလိုက်ပြီး ဂူထဲသို့ ၀င်သွားသည်။
နောက်တစ်နေ့တွင် အလင်းလှိုင်းက ကောင်းဖန်ဆီရောက်လာပြီး သတင်းတစ်ခုကို ပေးသည်။ ငှက်ကြီးသည် ညဘက်တွင် ဂူထဲ၀င်သွားပြီး မနက်စောစော ပျံထွက်သွားကြောင်း၊ သူသည် အထဲကို အိပ်ဖို့ ၀င်သွားတာ မဖြစ်နိုင်ကြောင်း၊ ထိုငှက်၏ အသိုက်မှာ အပုင်ဘက်တွင် ဖြစ်ကြောင်း၊ သူမနက်စောစော အပြင်ထွက်လာချိန်တွင် သူ့ပုံစံက ပင်ပန်းနေပုံ ပေါက်နေပြီး အိပ်စက်ရန် သူ့အသိုက်ဆီကို ပျံသွားကြောင်းများ ဖြစ်သည်။
အချိန်ကြာလာသည်နှင့် အမျှ ထိုငှက်သည် ဂူထဲတွင် တစ်စုံတစ်ခုကို ဖွက်ထားကြောင်း ကောင်းဖန် သံသယ၀င်လာမိသည်။ သူ့ရတနာသိုက်များ ဖြစ်နိုင်မလား..
နောက်တစ်နေ့တွင်တော့ ကျွန်းပေါ်မှ ကျင်းပိုင်ငှက်မများသည် ငှက်ထီးဖြစ်သော ထိုငှက်ကြီးနှင့် မိတ်လိုက်ခွင့် ရရန် ပြိုင်ဆိုင်နေကြတော့သည်။ ဂိုဒီက ထိုအခြင်းအရာကို ကြည့်ကာ အနည်းငယ် မနာလို ဖြစ်နေပုံပေါက်နေသောကြောင့် ကောင်းဖန်က ပြောလိုက်သည်။ “မင်းလည်း အသက်သိပ်မငယ်တော့ဘူး.. ဘဲမတစ်ကောင်လောက် ရှာပေးရမလား”
ဂိုဒီသည် ရှက်သွေးဖြာသွားသည်။ သို့သော် သူ့မျက်နှာ အရေပြားသည် ထူလွန်းသောကြောင့် နီရဲမသွားပေ။ “ငါ--ငါ မလိုပါဘူး” ဂိုဒီက ထစ်ငေါ့စွာ ပြောလိုက်သည်။ “အဲဒါတွေက ဘာမှ အဓိပ္ပါယ်မရှိဘူး”
“အဲဒီ အရှက်မရှိတဲ့ ငှက်တွေက ငါတို့ ငှက်မျိုးနွယ်ကို အရှက်ရအောင် လုပ်နေကြတာပဲ”
ဂိုဒီဧယ် စကားကို ကြားပြီးနောက် ဖလိန်မီက အငေါ်တူးလိုက်သည်။ “မင်းကြည့်ရတာ မနာလို ဖြစ်နေတဲ့ပုံပဲ.. မင်းရဲ့ မျက်လုံးတွေကတော့ အဲဒီငှက်ကြီးကို ကျိတ်အားကျနေတယ်ဆိုတာကို ဖော်ပြနေသလိုပဲ”
ဖလိန်မီသည် ဒီရက်ပိုင်း စိတ်မကြည်ဖြစ်နေသည်။ ဂိုဒီကို ထိုငှက်ကြီးနှင့် ယှဉ်၍ အကြိမ်ကြိမ်လှောင်ပြောင်ပြီးတာတောင် သူ့စိတ်က ပြေမသွားပေ။ သူသည် ထိုငှက်များကို အမြင်ကတ်ကတ်ဖြင့် ပါးစပ်ကြီးကို ဟလိုက်ကာ မီးလုံးများ အဆက်မပြတ် ပစ်သွင်းလိုက်သည်။
ငှက်များသည် ကြောက်လန့်တကြား ထွက်ပြေးသွယးကြသည်။ မော်ကွန်းတင်အဆင့် ငှက်ကြီးသည်ပင် သန္တာကျောက်တန်းများဆီ အလျင်အမြန်ပျံသန်းသွားသည်။
ဖလိန်မီအဝေးသို့ လိုက်ပြီး ပျံသွားသောအခါ ဂိုဒီက ကောင်းဖန်ဆီ ပြန်လာပြီး တိုးတိုး ပြောလိုက်သည်။ “သခင်.. အဲဒီငှက်ဖက်တီးက ဘာတွေ ဒီလောက် ဒေါသထွက်နေတာလဲ”
ကောင်းဖန်က ဂိုဒီကို တအံ့တဩကြည့်ပြီး ပြောလိုက်သည်။ “မင်းမသိဘူးလား”
ဂိုဒီတစ်ချက်ကြောင်သွားပြီး ခေါင်းကုတ်လိုက်သည်။ “ငါကလား.. ဘာကိုသိရမှာလဲ.. ငါကသူ့ထက် ပိုပိန်တာကို မနာလို ဖြစ်နေတာလား” ဂိုဒိကတော့ ဖြစ်နိုင်ချေရှိသည့် အတွေးကို တွေးလိုက်သည်။ ထို့နောက် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။ “သူ့ကိုယ်ကိုက အသက်ရှုတာနဲ့တောင် ၀နေတဲ့ ကိုယ်ဖြစ်နေတာဆိုရင်တော့ ငါသူ့ကို ဖက်တီးလို့ ခေါ်နေတာ ရပ်လိုက်ပါတော့မယ်”
ကောင်းဖန်ကတော့ ဂိုဒီကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒီအရူးကောင်ဟာ တစ်ကောင်တည်း လူပျိုသိုး ဖြစ်နေတာလည်း မဆန်းဘူး.. တော်တော်ဝေးတဲ့ ဘဲပါလား..
ကောင်းဖန်တွင် သားရဲများစွာရှိသော်လည်း ဖလိန်မီသည် တခြားဘယ်သူနှင့်မှ သိပ်စကားမပြောချေ။ အချိန်ရှိတိုင်း ဖလိန်မီသည် ဂိုဒီနှင့်သာ စကားပြောသည်။ “ကတုံးကောင်လေး” “ငတုံးကတုံး” “ဂိုဒီဘယ်ရောက်နေလဲ”
“အေးပေါ့လေ.. မင်းရဲ့ တုံးအမှုကို တခြားတစ်ကောင်ကောင်ကတော့ ကြိုက်ချင်ကြိုက်မှာပေါ့.. ငါတော့ ၀င်မပါတော့ဘူး” ကောင်းဖန်က ပြောလိုက်သည်။ “ဂိုဒီရေ.. ဒီကို လာဦး.. ကျင်းပိုင်လေငှက်က ဂူထဲမှာ ဘာကိုဖွက်ထားလို့ ညညခိုးထွက်နေတာလဲဆိုတာ သွားကြည့်ရအောင်”
ဂူကသိပ်မကြီးပေ။ အနည်းငယ်လည်း နိမ့်သည်။ ဂိုဒီသည်ပင် ကုန်းပြီး၀င်ရသည်။ အတွင်းနက်နက်သို့ ၀င်သွားပြီးနောက် ဂူသည် အောက်သို့ နိမ့်ဆင်းသွားသည်။ အထဲတွင် ရေတော့မရှိနေပေ။ ကောင်းဖန်လည်း အထဲကို ကုန်းပြီး လိုက်၀င်နေသည်။
ဂူသည် အတွင်းထဲ၀င်လေလေ ပိုကျယ်လာလေဖြစ်သည်။ သူတို့သည် ကျယ်၀န်း သန့်ရှင်းသော အောက်ခြေကို မြန်မြန်ပင် ရောက်သွားကြသည်။ ကျောက်သားနံရံတွင် ရေပူဖောင်းများကို မြင်နေရသည်။
ရေပူဖောင်းများသည် ကြီးမားပြီး ပျမ်းမျှ ၃ ပေအကျယ်လောက်ရှိသည်။ ထိုရေပူဖောင်းများထဲတွင် ထူးဆန်းသော အရာများရှိနေသည်။ ရေဘဝဲလက်၊ ဂဏန်းလက်မ၊ ငါးကြေးခွံ စသည်ဖြင့် ရေနေသတ္တဝါ အစိတ်အပိုင်းများ ဖြစ်ကြသည်။
ဂိုဒီသည် စပ်စပ်စုစုဖြင့် လက်တစ်ချောင်းဖြင့် သူ့နားမှ ရေပူဖောင်းတစ်ခုကို ဖောက်ဖို့လုပ်နေသောကြောင့် ကောင်းဖန်က တားလိုက်သည်။ ကိုယ်နှင့် မရင်းနှီးသော အရာများကို မထိတာက ကောင်းသည်။ ဂိုဒီကလည်း သဘောတူလိုက်ပြီး ကောင်းဖန်နောက်တွင် မလှုပ်မယှက် ရပ်နေလိုက်သည်။ သူ့မျက်လုံးများကတော့ အရပ်ရှစ်မျက်နှာကို အငြိမ်မနေစွာ ပတ်ကြည့်နေသည်။
ထိုအချိန်တွင် ဂူထဲမှ ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံသည် တစ်စုံတစ်ခုက လေပူဖောင်းများ မှုတ်ထုတ်နေသလို အသံမျိုး ဖြစ်သည်။
ကောင်းဖန်သည် သူ့ပတ်ပတ်လည်ကို စူးစမ်းလိုက်သည်။ သို့သော် ရေပူဖောင်းများမှ လွဲ၍ ဘာမှ ရှိမနေချေ။ အမှောင်ထဲတွင် သူသည် ဂိုဒီအား တစ်ခုခု တွေ့မိလား မေးလိုက်သော်လည်း ဂိုဒီကလည်း ဘာမှ မတွေ့ပေ။
ဂိုဒီသည်ပင် ရှာမရဘူးဆိုသောကြောင့် အမှောင်ထဲမှ တစ်စုံတစ်ရာသည် အပုန်းတော်ပုံရသည်။ ကောင်းဖန်သည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။ ဂိုဒီသာ် အဆင့်အရမ်းမမြင့်သော်လည်း စွမ်းရည်တော့ မြင့်သည်ပင်။ ဂိုဒီသည် ဉာဏ်ကောင်းသူ မဟုတ်သော်လည်း အာရုံခံနိုင်စွမ်းကောင်းသည်။
ကောင်းဖန်ကတော့ ပြန်ထွက်ချင်နေသည်။ ပင်လယ်သည် မာယာများလှသည် မဟုတ်ပါလား။ သူသည် သူ၏ သိချင်စိတ်ကို ချိုးနှိမ်ပြီး လှည့်ပြန်တော့မည် အပြုတွင် သူ့နောက်မှ ဖောင်းခနဲ ပေါက်သံတစ်ခုကို ကြားလိုက်ရသည်။
ရေပူဖောင်းတစ်ခု ပေါက်သွားခြင်း ဖြစ်သည်။
ကောင်းဖန်လှည့်ကြည့်လိုက်သောအခါ ရေပူဖောင်းတစ်ခုက ဟောင်းလောင်းပေါက်နေသည်။ အထဲတွင် အမည်းရောင် ရေညှိတစ်ခု ရှိနေသည်။ ရေပူဖောင်းပေါက်သွားသောအခါ ရေညှိကလည်း ရုတ်တရတ် လေပေါ်ပျံတက်လာသည်။ လေထုထဲတွင် ဆားနံ့တစ်ခုက ပြည့်နှက်နေသည်။ ကောင်းဖန်သည် ရုတ်တရတ် လန့်သွားသည်။ ထိုရေညှိသည် လေထဲတွင် ပျံတက်နေသည်။
ထိုရေညှိသည် ဝဲပျံနေပုံမှာ ဆံပင်များလို ဖြစ်နေပြီး ရုတ်တရတ် ကျယ်ပြန့်ကြီးမားလာသည်။ တဖြည်းဖြည်းနှင့် ထုထည်က ကြီးမားလာသည်။ ထိုအရာသည် တခြား ရေပူဖောင်းများနှင့် တိုက်မိမလို ဖြစ်နေသောကြောင့် ရှောင်ရှားနေလျက် ကောင်းဖန်တို့နား ရောက်လာသည်။
[သားရဲအမည်] - အသွင်ပြောင်းရေညှိသားရဲ
[သားရဲအဆင့်] - အဆင့် ၅၆ (ဘုရင်အဆင့်)
[သားရဲစွမ်းရည်] - ပြီးပြည့်စုံ
[သားရဲအမျိုးအစား] - ရေ
[သားရဲစွမ်းအင်] - ကြမ်းတမ်းသော ရစ်ပတ်မှု အဆင့် ၄၊ မီးတောက်ခံနိုင်စွမ်း အဆင့် ၃
[သားရဲအားနည်းချက်] - မီး
[သားရဲဖော်ပြချက်] - အသွင်ပြောင်းရေညှိသည် အားကောင်းသော အသက်ဓာတ်ရှိပြီး ရန်သူများကို ညှစ်သတ်ရာတွင် တော်ကာ သူ၏ အမြစ်များကို ရန်သူကိုယ်ထဲသို့ ထိုးသွင်းသတ်ဖြတ်နိုင်သည်။ အစပိုင်းတွင် မီးကို ကြောက်သော်လည်း အသွင်ပြောင်းစဉ်တွင် မီးခံနိုင်ရည်ကောင်းလာနိုင်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၃၉ လောင်ကျွမ်းနေသော လှိုဏ်ဂူ
ရေညှိသည် အမည်းရောင်ကျောက်ဆောင်ပေါ်တွင် ဆင်းသက်လိုက်ကာ သူ၏ ရေညှိလက်တံများအား မရေတွက်နိုင်သော မြွေများလို တွန့်လိမ်ဖြန့်ကျက်ထားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေညှိကြီးသည် လျင်မြန်စွာ ကြီးထွားလာလေသည်။
ရာပေါင်းများစွာသော ရေညှိမျှင်များသည် ဂိုဒီလက်ကို ရစ်ပတ်ထားပြီး အသက်ဝင်နေသော အညိုရောင် ဆံပင်များလို ဖြစ်နေသည်။ ဂိုဒီက ဖြတ်တောက်ဖို့ ကြိုးစားသော်လည်း ရေညှိသည် အလွန်မာကျောလှသည်။ ဂိုဒီက ရုန်းလေ ပိုတင်းကြပ်စွာ ရစ်ပတ်ထားလေ ဖြစ်နေသည်။
ရေညှိသည် တင်းကြပ်စွာ ချည်နှောင်ခြင်းဖြင့် တိုက်ခိုက်နေသောကြောင့် ဂိုဒီ၏ တန်ပြန်သက်ရောက်မှုစွမ်းအင်က မနိုးထလာချေ။ အချိန်ကြာလာသည်နှင့်အမျှ ရေညှိ၏ စွမ်းအင်သည် ကြီးမာလာပြီး ပိုပြီး တင်းကြပ်စွာ ရစ်ပတ်ထားမှုများကြောင့် ဂိုဒီ၏ အရေပြားပေါ်တွင်ပင် အရာများထင်လာသည်။
ဂိုဒီသည် တအစ်အစ်အသံများပါထွက်ပေါ်လာပြီး ရုန်းကန်နေသော်လည်း အကျိုးမထူး ဖြစ်နေသည်။ ရေညှိကလည်း တင်းကြပ်စွာ ရစ်ပတ်ထားဆဲဖြစ်သည်။
အခြေအနေက ကျဉ်းထဲကြပ်ထဲ ရောက်နေသည်။ ဂိုဒီတွင် စွမ်းအင်ရှိသော်လည်း ထုတ်မရဖြစ်နေခြင်း ဖြစ်သည်။ ရေညှိသည် အရမ်းမာကျောနေခြင်းမဟုတ်ပဲ ရုန်းပြန်အားကောင်းနေခြင်း ဖြစ်သည်။ ဂိုဒီသည် ဘယ်လိုမှ ရုန်းမရ ဖြတ်မရ ဖြစ်နေသည်။
ဂိုဒီ၏ တန်ပြန်စွမ်းအင်သည် နိုးထမလာသောကြောင့် သူ၏ သန်မာမှုကလည်း တိုးမလာ ဖြစ်နေသည်။ ဂိုဒီသည် သူ့ခြေထောက်နားမှ ရေညှိမျှင်အချို့ ကောင်းဖန်နားတိုးသွားဖို့ ကြိုးစားနေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် ညာခြေထောက်နှင့် ဆောင့်ချကာ ထောက်ထားလိုက်သည်။ ထိုအခါ ထိုရေညှိမျှင်များသည် ဂိုဒီခြေထောက်ကို ပြန်လည်ရစ်ပတ်နေတော့သည်။ “ကောင်းဖန်.. ပြေးတော့ မြန်မြန်.. ငါရေညှိတွေကိုတားထားလိုက်မယ်” ဂိုဒီက ကောင်းဖန်ကို အော်ပြောလိုက်သည်။
ကောင်းဖန်ကတော့ မျက်မှောင်ကြုတ်ပြီး အကြိတ်အနယ်စဉ်းစားနေသည်။
ထိုကဲ့သို့ သားရဲအမျိုးအစားသည် ဂိုဒီကို ချုပ်နှောင်ထားရန် အသုံးဝင်နိုင်သော သားရဲမျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဒီသည် ဒဏ်ရာတစ်ခုခု ရသွားမှ သူ၏ တန်ပြန်သက်ရောက်မှုစွမ်းအင်က နိုးထသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယခုလို ဒဏ်ရာလည်းမရစေပဲ ချုပ်ထားတာမျိုးဆိုပါက ဂိုဒီသည် တိုက်ပွဲတွင် ဘာမှမလုပ်နိုင်ပဲ ထိုင်ကြည့်နေဖို့သာ ရှိတော့သည်။ ဂိုဒီ၏ အားနည်းတစ်ခုဖြစ်နေသည်။
“မင်းလို ကတုံးကောင်က အရင်ထွက်ပြေးသင့်တာ မဟုတ်ဘူးလား” ကောင်းဖန် အနောက်ဖက်မှ ဖလိန်မီ၏ အသံရုတ်တရတ် ထွက်ပေါ်လာသည်။ ဖလိန်မီသည် ဂူထဲကို ကုန်းကွပြီး ဝင်လာသည်။
ဖလိန်မီသည် ကောင်းဖန်ဆီတိုးလာနေသော ရေညှိကို မီးတောက်များ ပစ်သွင်းလိုက်သည်။ မီးတောက်များသည် မြေပြင်တွင် လောင်ကျွမ်းနေပြီး ရေညှိကလည်း မီးတောက်ထဲတွင် ထွန့်ထွန်လူးနေသည်။
ကောင်းဖန်ကတော့ မအံ့ဩမိချေ။ အသွင်ပြောင်းရေညှိတွင် မီးတောက်ခံနိုင်ရည်ရှိသော်လည်း သူ၏ ခံနိုင်ရည်အဆင့်မှာ အဆင့် ၃ သာ ရှိသေးသည်။ သူသည် သာမာန်မီးတောက်လောက်ကိုတော့ ခံနိုင်ရည်ရှိကောင်းရှိနိုင်သော်လည်း မီးတောက်က အလွန်ပြင်းထန်နေလျှင်တော့ ထိခိုက်ဒဏ်ရာရမည် ဖြစ်သည်။
မီးတောက်များသည် ရေညှိကို အနောက်သို့ ပြန်လည် တွန်းပို့နေပြီး ရေညှိပင်တစ်ခုလုံး မီးတောက်များဖြင့် ဖုံးလွှမ်းနေသည်။ ရေညှိများသည် ဂိုဒီကိုလည်း ရစ်ပတ်ထားသောကြောင့် ဂိုဒီတစ်ကိုယ်လုံးတွင်လည်း မီးတောက်များဖြင့် ဖုံးလွှမ်းနေသည်။
ဂိုဒီသည် ဘာတစ်လုံးမှ မပြောပဲ ဆောင့်ကြောင့်ကြီးထိုင်နေသည်။ သူသည် သူ့ကို ပတ်ထားသော ရေညှိများအားလုံးပြာဖြစ်သွားတော့မှ မကြည်မလင် မျက်နှာနှင့် ထလိုက်သည်။
ကောင်းဖန်သည် ဂိုဒီတစ်ကောင် ဖလိန်မီရှေ့တွင် ဘာမှမလုပ်နိုင်သည့်ပုံကို မြင်လိုက်ရသည့်အတွက် မကြည်မလင် ဖြစ်နေကြောင်းနားလည်လိုက်သည်။
မီးတောက်များသည် ဆက်လက်ပြန့်ပွားနေသောကြောင့် ကောင်းဖန်သည် တစ်ခုခုကို စဉ်းစားမိပြီး ထိတ်လန့်သွားသည်။
“တော်တော့ ဖလိန်မီ.. မီးကို ငြှိမ်းလိုက်တော့.. အထဲတစ်ခုလုံး မီးလောင်သွားလို့ မဖြစ်ဘူး”
ဖလိန်မီသည် ပါးစပ်ကြီးကိုဟပြီး မီးများကို ပြန်လည်မျိုချလိုက်သောအခါ မီးတောက်အတန်းလေးများသည် သူ့ပါးစပ်နားတွင် ငြိမ်းသွားကြသည်။ သို့သော် အချိန်သည် နောက်ကျသွားပြီ ဖြစ်သည်။ ကောင်းဖန်သည် ရေပူဖောင်းပေါက်သံများကို ကြားနေရသည်။
ဂူ၏အတွင်းဘက်ပိုင်းတွင်လည်း ထူးခြားသည့်အသံများကို ကြားနေရသည်။
မီးရောင်သဲ့သဲ့၏ အလင်းရောင်ကို အားကိုးကြည့်လျှင် ဂူအတွင်းပိုင်း ကျောက်ဆောင်များပေါ်တွင် အရိပ်မည်းများကို မြင်နေရသည်။ ဂူအတွင်းထဲမှ ကြီးမားသော အရာများသည် နိုးထလာပြီ ဖြစ်သည်။
“ဖလိန်မီ ဂူအတွင်းပိုင်းကို စွမ်းအင်အပြည့်သုံးပြီး တိုက်ခိုက်တော့” ကောင်းဖန်က အမိန့်ပေးလိုက်သည်။
ဖလိန်မီကလည်း သတိအနေအထားဖြင့် ခေါင်းညိတ်လိုက်သည်။ အထဲတွင် သားရဲအများကြီးရှိနေသည်။ ဖလိန်မီသည် အသက်ကို ဝဝရှူလိုက်ပြီး ဖလိန်မီ၏ ပါး ၂ ဖက်သည် လှုပ်ခါသွားသည်။ သူ့ကိုယ်ပေါ်မှ အနီရောင် အမွှေးအတောင်များသည် ပြင်းထန်စွာ လှုပ်ခါနေပြီး အပူလှိုင်းများကြွလာသည်။
ထို့နောက် ကြီးမားသော မီးတောက်ကြီးများကို မှုတ်ထုတ်လိုက်သောအခါ ကြောက်မက်ဖွယ် အပူမီးသည် ဂူထဲတွင် ပြည့်နှက်သွားသည်။ မြေကြီးပေါ်မှ ရေအိုင်အချို့သည်ပင် ရေခိုးရေငွေ့များအဖြစ် ပြောင်းလဲကုန်သည်။
ထို့နောက် ဖလိန်မီသည် မီးနဂါးတစ်ကောင်လို ဂူထဲတွင် မီးများကို ပျံသန်းဖြန့်ကြက်လိုက်သည်။ အနီရောင်မီးတောက်များသည် ကျောက်ဆောင်များကိုပဲ မီးကျီခဲများလို လောင်ကျွမ်းနေစေသည်။ ဂူအတွင်းပိုင်းတွင် မီးတောက်များဖြင့် လောင်ကျွမ်းခံနေရသော သားရဲများ၏ အသံကို ကြားနေရသည်။
အစိမ်းရောင်ဆိုင်ကယ်ဦးထုပ်ပုံစံရှိသော အခွံမာဖြင့် ဂဏန်းတစ်ကောင်သည် သူ၏ လက်မကြီးများကို ထောင်လျက် အတွင်းထဲမှ ပြေးထွက်လာသည်။ သူ့ကိုယ်၏ မျက်နှာပြင်ပေါ်တွင် အပြာရောင်ဖျော့ဖျော့ အလင်းလေးတစ်ခုရှိနေပြီးခဏတွင်းချင်းမှာပင် သူ့အခွံသည် အပေါက်များဖြစ်သွားပြီး သူ့အခွံသည် အနီရောင်တောက်လာသည်။
အရှင်လတ်လတ် အကင်ခံနေရသော ဂဏန်းသည် သွေးရူးသွေးတန်း ဖြစ်နေသည်။ သူသည် အရှေ့ကို ခုန်ပေါက်နေပြီး ပူပြင်းလှသော အနီရောင်ကျောက်ဆောင်တစ်ခုနှင့် သွားတိုက်မိသည်။ ထိုကျောက်ဆောင်နှင့် သူ့လက်မကြီးနှင့် ခြစ်မိသောအခါ မီးပွားများပင် ထွက်လာသည်။
ဂိုဒီက တစ်ချက်မဲ့ရွဲ့လိုက်သည်။ ငါရေညှိအပေါ်မှာတော့ ငါ့အစွမ်းကို သုံးမရပေမယ့် တစ်ဝက်ကျက်နေတဲ့ ဂဏန်းကိုတော့ ကြောက်မယ်ထင်လို့လား..
ဂဏန်းသည် သူ့မျက်နှာနားသို့ တစ်စုံတစ်ယောက်က ကန်နေသည်ကို မြင်လိုက်ရသောအခါ သူ့လက်မကိုသုံးပြီး ကာကွယ်လိုက်သည်။ သို့သော် ကြီးမားသော ခြေထောက်ကြီးက သူ့ကို နင်းထားပြီး သူသည် နောက်ပြန်လန်ကျသွားကာ မချိမဆန့် အဖိခံလိုက်ရသည်။ ထို့နောက် သူသည် မတတ်သာပဲ နောက်ပြန်ဆုတ်ပြေးလိုက်ရသည်။
ဂဏန်းနောက်တွင် နောက်ထပ်သားရဲ အုပ်စုများက ပြေးထွက်လာကြသော်လည်း ဖောင်းကားနေသော ဂဏန်းက လမ်းပိတ်ထားသလို ဖြစ်နေသောကြောင့် ဆက်ထွက်မရ ဖြစ်နေကြသည်။ အခြေအနေကတော့ ပြန်ကောင်းလာပြီ ဖြစ်သည်။
မီးတောက်များဒဏ်ကြောင့် ထိုသားရဲများသည် ဒုက္ခရောက်နေကြသည်။ မီးတောက်များနှင့် အပူချိန်လွန်ကဲမှုများကြောင့် ထိုနေရာကြီးတွင် အငွေ့များဖြင့် ပြည့်နေသည်။ ဂိုဒီကတော့ အထဲက သားရဲတစ်ကောင်ထွက်လာတိုင်း တက်ကြွစွာ လိုက်ပိတ်ပင်တားဆီးနေသည်။
ဂိုဒီသည် ဖလိန်မီ၏ မီးတောက်ဒဏ်ကို အသားကျနေပြီဖြစ်ရာ အလောင်ခံရမှာ မကြောက်တော့ပေ။
ထိုသို့ဖြင့် နာရီဝက်လောက် လောက်ကျွမ်းပြီးနောက် အထဲမှ ငါး၊ ပုစွန်၊ ရေညှိစသည့် ပင်လယ်သားရဲများအားလုံး လောင်ကျွမ်းသွားကြတော့သည်။ လေထုထဲတွင် ထူးဆန်းသည့် ပင်လယ်စာနံ့များဖြင့် ပြည့်နှက်နေသည်။
“ကောင်းဖန်..နင်က ငါမသိပဲ အစားကောင်းတွေ စားနေတယ်ပေါ့လေ” တာ့ဇီက ဂူထဲဝင်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။
တာ့ဇီသည် သူ့ခေါင်းကို အတွင်းထဲ တိုးလာနေသည်။ ထိုအခါ သူ့ခေါင်းနားမှ ကျောက်တုံးများက ပြုတ်ကျကုန်သည်။ ကောင်းဖန်က မြင်လိုက်သောအခါ အော်ဟစ်လိုက်သည်။ “ဟဲ့ကောင် မြန်မြန်ထွက်သွားစမ်း”
“မသွားနိုင်ဘူး.. နင်က ငါမသိအောင် အစားကောင်းတွေလည်း စားနေသေး.. ငါ့လည်း နှင်ထုတ်သေး” တာ့ဇီ၏ မျက်လုံးများက ဒေါသဖြင့် နီရဲနေသည်။
ကောင်းဖန်သည် အတော်ဘူသွားသည်။ “မင်းမသိအောင် မစားပါဘူးကွာ.. မင်းအတွက် ယူလာခဲ့ပေးမယ် ဟုတ်ပြီလား”
ထိုတော့မှသာ တာ့ဇီသည် ခေါင်းကို နောက်ပြန်ဆုတ်ပြီး ပြန်ထွက်သွားတော့သည်။
ငါတို့ သားရဲတွေကို အသည်းအသန် တိုက်ခိုက်သတ်ဖြတ်နေတုန်းကကျတော့ ဘယ်ရောက်နေမှန်းမသိဘူး.. အခု အစားအစာ နံ့ရတော့မှ အမြန်ရောက်လာတယ်ဟုတ်လား... ကောင်းဖန်သည် ဂူထဲမှ သားရဲအလောင်းများကို ဂိုဒီအား ဆွဲထုတ်ခိုင်းလိုက်သည်။ အချို့သားရဲများသည် ကြီးမားသောကြောင့် အပေါက်ဝတွင် တစ်နေကြသည်။ ထို့ကြောင့် ကောင်းဖန်သည် ထိုသားရဲများကို ထုတ်လို့ရအောင် ဝင်ပေါက်ကိုပင် ချဲ့လိုက်ရသည်။
ကောင်းဖန်သည် ဖလိန်မီလက်ချက်ဖြင့် သေသွားသောသားရဲများအားလုံး ဘုရင်အဆင့်ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။
ဂိုဒီသည် အခွံပါသော သားရဲတစ်ကောင်ကို ဆွဲထုတ်နေချိန်တွင် အထဲမှ အသံတစ်ခု ကြားလိုက်ရသည်။ ဂိုဒီရပ်လိုက်သောအခါ ထိုအသံကလည်း ပျောက်သွားသည်။
ကောင်းဖန်နှင့် ဂိုဒီသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ဂိုဒီသည် အခွံကို အပေါ်အောက်ကိုင်ပြီး အားသုံးကာ ဆွဲခွာလိုက်သည်။
ထိုအခါ အခွံသည် အက်ကွဲသံများထွက်ပေါ်လာပြီး အခွံသည် လောင်ကျွမ်းထားသောကြောင့် ကျွတ်ဆပ်နေကာ အက်ရာများ ပေါ်လာသည်။
ထို့နောက် အသံကျယ်ပြီး ထွက်ပေါ်လာပြီး အခွံသည် တစ်စစီ ကွဲထွက်သွားသည်။ အထဲမှ အပြာရောင် သဏ္ဍာန်တစ်ခု ထွက်လာပြီး ထွက်ပြေးသွားသည်။
ကောင်းဖန်ရှေ့သို့ ရောက်သောအခါ ကောင်းဖန်က ခြေထိုးခံလိုက်သည်။ ထိုအခါ မြေပြင်တွင် တစ်ပတ်ပြီး တစ်ပတ်လိမ့်သွားပြီး နောက်ဆုံးတွင် အလင်းလုံးတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၄၀ ပင်လယ်ဝတုတ်
ကောင်းဖန်လှည့်ကြည့်လိုက်သောအခါ ဝတုတ်နေသော ငါးပြာတစ်ကောင်က မြေပြင်တွင် လူးလိမ့်နေသည်ကို တွေ့လိုက်ရသည်။ ထိုငါးသည် အဖြူရောင်ခေါင်းရှိပြီး အပြာရောင် ကိုယ်ရှိကာ ပုလဲလုံးအရွယ် သေးငယ်သော မျက်လုံး ၂ လုံးရှိပြီး ပါးဖောင်းဖောင်းရှိသည်။
ထိုငါးသည်မြေကြီးပေါ်တွင် ထိုင်နေပြီး မူးဝေနေပုံရသည်။ သူသည်ခေါင်းကို အောက်စိုက်ထားပြီး ထူးဆန်းသောအသံများထွက်ပေါ်နေသည်။
“ဟေး ၅၀၀ တန်ကောင်” ဂိုဒီက သူ့နားရောက်လာပြီး အမြီးမှ ဆွဲကာ မလိုက်သည်။ ငါးကတော့ ရုန်းကန်လှုပ်ရှားနေသည်။
ထို့နောက် ငါးသည် ရုန်းကန်နေတာ ရပ်သွားပြီး ဂိုဒီကို မျက်လုံးသေကြီးများဖြင့် စိုက်ကြည့်လိုက်သည်။ ငါးမျက်လုံးကို ကြည့်ပြီး ဂိုဒီပင် ကြက်သီးများထသွားသည်။
“ဒီငါးက ၅၀၀ မက တန်မယ်ထင်ရတယ်”
“အရူးကောင်.. ဦးနှောက်မရှိတဲ့ ဘဲစုတ်ဘဲနာ.. ငါ့ကို ပြန်ချပေးပြီး ပင်လယ်ထဲ ပြန်ပို့စမ်း.. မဟုတ်ရင် နောင်တ ရသွားမယ် ကတုံးဘဲစုတ်” ငါက အော်ဟစ် ကျိန်ဆဲနေသည်။
ကောင်းဖန်သည် တစ်ဖက်မှနေပြီး တိတ်ဆိတ်စွာ နားထောင်နေသည်။ ထိုငါးသည် ဂိုဒီကို ပြောနေတာ ဆိုလျှင် ဂိုဒီနားလည်သော စကားလုံးဖြင့် ပြောရမည်။ သို့သော် ငါးသည် တရုတ်လို ပြောနေခြင်း ဖြစ်သည်။
ဂိုဒီက မျက်နှာပျက်သွားပြီး ငါးကို ရိုက်ချလိုက်သည်။ ငါးကတော့ သူ့လက်ထဲတွင် ရုန်းကန်နေတုန်း ဖြစ်သည်။ “မင်က ငါ့ကို ဆူရဲတာလား”
ငါးဝတုတ်က ဂိုဒီကို အေးစက်စွာ ကြည့်လိုက်ပြီး သူ့ရိုက်ချက်က နာသွားပုံတော့ရသည်။ စကားဆက်မပြောတော့ပေ။
ဂိုဒီက ကောင်းဖန်နားကို ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ “ကောင်းဖန်.. ဒီငါးက စကားပြောတတ်တယ်.. ၅၀၀ မကတော့ တန်လောက်တယ်”
ဂိုဒီပြောတာ ကြားပြီးနောက် ငါးက ခွက်ထိုးခွက်လန်ရယ်မောလိုက်သည်။ “မင်းက ငါ့ကို ဘာမှတ်နေလဲ.. ငါ့ကို ဒီလိုတောင် ဆက်ဆံရဲသေးတယ်.. မင်းကတော့ ပင်လယ်မုန်တိုင်းတွေရဲ့ အပြစ်ပေးခြင်းကို ခံရတော့မယ် ငတုံးကောင်တွေရဲ့”
ကောင်းဖန်သည် ငါးကို ကြည့်နေရင်း စိတ်ဝင်စားနေသည်။
[သားရဲအမည်] - ပင်လယ်…
[သားရဲအဆင့်] - အဆင့် ၅၀
[သားရဲစွမ်းရည်] - အလွန်ကောင်း
[သားရဲအမျိုးအစား]: ရေ
[သားရဲစွမ်းအင်] - ဒဏ္ဍာရီကိုယ်ထည် အဆင့် ၄၊ ပင်လယ်၏သားတော် အဆင့် ၄
[အထူးဝိသေသ လက္ခဏာများ] - ပုံမှန်မဟုတ်သော စွမ်းအင် (ပင်လယ်တွင် အထူးအသက်ဓာတ်ခိုင်မာသော ကြီးမားသည့်စွမ်းအင် ဖြစ်ပြီး ရေနေသတ္တဝါများကို အသွင်ပြောင်းလဲနိုင်စွမ်းရှိသည်)
သက်ရောက်မှု ၁ - စွမ်းအားမြင့် အသက်ဓာတ်ဖြင့် ရေနေသတ္တဝါများကို အသွင်ပြောင်းနိုင်ခြင်း
သက်ရောက်မှု ၂ - ???
[သားရဲဖော်ပြချက်] - သန်မာပြီး စွမ်းအားကြီးသည့် သက်ဝင်စွမ်းရည်ရှိသော အမည်မသိသားရဲ ဖြစ်ပြီး အခြားသော သက်ရှိများကို ကူးစက်အသွင်ပြောင်းနိုင်စွမ်းရှိသည်။
ထိုသားရဲ၏ အချက်အလက်များအားလုံးကိုတော့ မမြင်ရပေ။
ကောင်းဖန်သည် နားမလည်နိုင်ဖြစ်နေသည်။ သူ၏ ဒေတာဖရိန်ထဲတွင် ??? များပေါ်နေတာကို မြင်ရသည့်သားရဲမျိုးက အလွန်ရှားသည်။ ထိုအမှတ်အသားများသည် လျှို့ဝှက်ထားသော အချက်အလက်များပါနေတာကို ညွှန်ပြနေတာ ဖြစ်နိုင်သည်။
ကောင်းဖန်လို စွမ်းအင်မရှိသော သာမာန်လူတစ်ယောက်ဆိုပါက ထိုငါးဝတုတ်ကိုမြင်လျှင် တိုက်ရည်ခိုက်ရည်မရှိသော သာမာန်ငါးတစ်ကောင်ဟုသာ မြင်မိကြလိမ့်မည်။
ကောင်းဖန်၏ အကြည့်ကြောင့် ငါးဝတုတ်သည် မနေတတ်ဖြစ်နေသည်။ ထို့နောက် ထပ်အော်ပြောလိုက်ပြန်သည်။ “အဆင့်နိမ့်တဲ့ လူသားကောင်.. ငါ့ကိုအဲလို ထပ်ကြည့်ရဲကြည့်ကြည့် ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်”
ဂိုဒီက နောက်တစ်ခေါက် ထပ်ရိုက်လိုက်ပြန်သည်။ ငါးသည် ဂိုဒီ၏လက်ထဲတွင် ၈ ပတ်လောက် လည်သွားသည်။
“ငါ့သခင်ကို အဲလိုလေသံနဲ့ မပြောနဲ့” ဂိုဒီက ပြောလိုက်သည်။ ထို့နောက် ငါးကို ထပ်ထပ်ရိုက်နေပြန်သည်။ ငါးသည် ဂိုဒီ၏ လက်ထဲတွင် သဲအိတ်တစ်ခုလို ကန်ကန်ထွက်နေသည်။
ငါးသည် အကြောတင်းသောကြောင့် ဂိုဒီရိုက်တိုင်းလည်း မရပ်သွားပဲ ထပ်ထပ် ကြိမ်းဝါးနေပြန်သည်။ သူသည် တစ်ခါကြိမ်းဝါးတိုင်းလည်း စကားလုံးများကို မထပ်သွားအောင် ပြောနေကာ ဂိုဒီ၏ သေမတတ်ရိုက်နှက်ခြင်းကိုလည်း ခံနေရသည်။
ကောင်းဖန်က ဂိုဒီကို တားလိုက်သည်။ “သူ့ကိုမသတ်နဲ့”
ကောင်းဖန်က ငါးကို ငုံ့ကြည့်လိုက်သောအခါ ငါးကလည်း ခပ်တည်တည်ပင် မကြောက်မလန့် ပြန်ကြည့်နေသည်။
ကောင်းဖန်က သူ့မုတ်ဆိတ်ကို ပွတ်ကာ ပြောလိုက်သည်။ “ငါထင်တာတော့ သူမင်းကို ရိုက်နေရင်းနဲ့ သတိမမူမိပဲ လွတ်ထွက်သွားအောင် ရည်ရွယ်ချက်ရှိရှိ ထိုင်ပြောနေပုံရတယ်”
သူသည် ထိုင်ချလိုက်ပြီး ငါး၏ မျက်လုံးထဲ ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်သည်။ “ငါပင်လယ်ကိုလာတာက ရေသားရဲတွေနဲ့ သွေးစာချုပ်ချုပ်ချင်လို့ပဲ.. ဒါပေမယ့် ဒီငါးဝတုတ်ကတော့ ကြည့်ရတာ အားနည်းလွန်းပြီး တိုက်ရည်ခိုက်ရည်လည်း ရှိပုံမရဘူး.. အသုံးမဝင်ဘူး”
ငါးကတော့ မျက်လုံးများကို လည်ကာ ခေါင်းကို အောက်စိုက်ထားသည်။
“ဒါပေမယ့် ဒီငါးဝတုတ်က ချစ်စရာတော့ ကောင်းသား.. ကိုယ်ပိုင်သားရဲအဖြစ် မွေးထားလည်း မဆိုးဘူးထင်တာပဲ”
“ချီးကို ချစ်ဖို့ကောင်းရမှာလား… ငှက်ပျောသီးခွံကောင်ရဲ့.. မင်းအဖေ ငါက တကယ်ကြောက်စရာကောင်းတဲ့ နတ်ဆိုးကွ.. လူတွေကို အေးဆေးသတ်နိုင်တယ်” ငါးက ကျယ်လောင်စွာ ထအော်ပြန်သည်။
“ကောင်းသားပဲ.. ငါကလည်း ကြောက်စရာကောင်းတဲ့ နတ်ဆိုးလို ကိုယ်ပိုင်သားရဲကို လိုချင်နေတာ” ကောင်းဖန်သည် မရယ်မိအောင် ထိန်းပြီး ပြောလိုက်သည်။
ငါးဝတုတ်သည် တစ်ချက်ကြောင်သွားသည်။ ဒီလူသားက အကြောက်အလန့် မရှိပါလား..
ကောင်းဖန်သည် ဂိုဒီကို ငါးနှင့်ခဏ လွှတ်ထားလိုက်ပြီး မသတ်မိအောင် ထိန်းဖို့တော့ ညွှန်ကြားလိုက်သည်။
ထိုအရာသည် အခြားသားရဲဖြစ်ပါက ကောင်းဖန်သည် ထိုနည်းလမ်းကို သုံးရဲမည် မဟုတ်ပေ။ သို့သော် ထိုငါးသည် အနည်းငယ် ဉာဏ်ရည်မြင့်ပုံရပြီး သူသည် သူ့ကိုယ်သူ စွမ်းအားကြီးချင်ယောင်ဆောင်နေလေ သူ၏ အားနည်းချက်ကို ပိုမိုပြသသလို ဖြစ်နေလေသည်။
ထိုညတွင် ထွက်ပြေးသွားကြသော ကျင်းပိုင်ငှက်များ ပြန်ရောက်လာသည်။ သူတို့သည် သန္တာကျောက်တန်းများပေါ်တွင် သတိကြီးစွာထားကာ ပျံသန်းရင်း ကျွန်းပေါ်မှ ဥများကို စစ်ဆေးလိုက်ကြသည်။ ဥများ လုံခြုံတာသေချာတော့မှ သူတို့သည် စိတ်သက်သာရာ ရသွားကြသည်။
တိတ်ဆိတ်သောညတွင် ငှက်များအားလုံးအိပ်နေစဉ်တွင် အားလုံးထက် ကြီးမားသော ငှက်ကြီးတစ်ကောင်သည် တိတ်တဆိတ် ထလိုက်ကာ ဂူထဲသို့ ဝင်သွားသည်။ သူသည် ပျက်စီးနေသော ဂူအဝင်ဝကို တွေ့သောအခါ သွေးပျက်ထိတ်လန့်သွားပြီး အထဲသို့ အလျင်အမြန်ဝင်သွားသည်။
၁၀ မိနစ်ကြာသောအခါ ငှက်ကြီးသည် ဂူထဲမှ ပြန်ထွက်လာသည်။ သူသည် ကောင်းဖန်တို့ အုပ်စုကို လူများကဲ့သို့ ခံစားချက်များ ရောပြွန်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို ငုံ့လိုက်ကာ ညှိုးငယ်စွာ ငိုကြွေးလိုက်သည်။ သူသည် အရေးကြီးသော တစ်စုံတစ်ရာကို ဆုံးရှုံးသွားသလို ဖြစ်နေသည်။ သူသည် ဒေါသထွက်နေသော်လည်း ကောင်းဖန်တို့နားကို မသွားရဲပါချေ။
သူသည် စိတ်ဓာတ်ကျစွာဖြင့် ငှက်အုပ်ဆီသို့ ဖြည်းညင်းစွာ ပြန်သွားလိုက်သည်။ ထို့နောက် သူ့အသိုက်တွင် နားလျက် ကောင်းကင်သို့ မျှော်ကြည့်နေသည်။
သုံးရက်ကြာသွားပြီးနောက် ကောင်းဖန်သည် ငါးဝတုတ်က အလွန်ခေါင်းမာတာကို သိလိုက်ရသည်။ သူသည် ကောင်းဖန်၏ ကိုယ်ပိုင်သားရဲ ဖြစ်ဖို့ကို တောက်လျှောက်ငြင်းဆန်နေသည်။ ကောင်းဖန်ကတော့ သူ၏ ခေါင်းမာမှုကို ချီးကျူးသောအားဖြင့် “ပင်လယ်ဝတုတ်” ဟု ချစ်စနိုး နာမည်ပေးထားသည်။
သူ့နာမည်တွင် ပင်လယ်ဆိုတာပါပြီး ဝလည်းဝနေသောကြောင့် ထိုသို့နာမည်ပေးထားသော်လည်း သူကတော့ သိပ်ကြိုက်ပုံမပေါ်ချေ။
“မင်းဘာလို့ ငါ့လို ငါးဝတုတ်ကိုမှ လိုချင်နေရတာလဲ.. မင်းစွမ်းရည်မြင့်တဲ့ တခြားသားရဲလိုချင်တယ်ဆို ငါကူရှာပေးမယ်လေ” ငါးဝတုတ်သည် ကောင်းဖန်လို တွယ်ကပ်နေသူမျိုးကို တစ်ခါမှ မတွေ့ဖူးသောကြောင့် စိတ်အညစ်ကြီး ညစ်နေသည်။း
“ငါမင်းကိုပဲ လိုချင်တာပါ ပင်လယ်ဝတုတ်ရဲ့”
“မင်းငါ့ကို ဘယ်လိုမြင်နေလို့လဲ” ငါးက ဒေါသတကြီးမေးလိုက်သည်။
“မင်းကို ငါးလို့ မြင်တာပေါ့ကွ” ကောင်းဖန်ကလည်း မျက်ခုံးပင့်ပြီး ပြန်ဖြေလိုက်သည်။
ပင်လယ်ဝတုတ်သည် ဘာပြန်ပြောရမှန်းပင် မသိတော့ပါချေ။